← Chapters

အခန်း (၂၆၀၃-၂၆၀၄)

Vol. 201 Ch. 2603-2604

အခန်း (၂၆၀၃-၂၆၀၄)

Vol. 201 Ch. 2603-2604

အခန်း(၂၆၀၃)

“ငါက နတ်ဘုရားနယ်မြေက လူသားဧကရာဇ်ကျန်းချန်ပဲ”

ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားကြသည်။

ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ရှိနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ဤနေရာကို ရောက်ရှိနေကြသူများသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းတွင် အရေးပါ အရာရောက်သူများ ဖြစ်နေကြ၍ပင်။

သူတို့အားလုံးသည် အင်‌မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့သည့် ကိစ္စအား ကောင်းစွာ သိရှိထားကြသည်။

ထို့အပြင် ဤတစ်ကြိမ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် ဟွမ်ယွမ်ဓားဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ရန်အတွက် အစည်းအဝေး လုပ်ရန် ပြင်ဆင်ထားကြောင်း သူတို့ သတင်းရထားခဲ့သည်။

အကြောင်းရင်းမှာ အင်မော်တယ် ဖြစ်လာနိုင်သော အခွင့်အရေးများ ပါဝင်သည့် အင်မော်တယ် ကျောက်တိုင်ကို ပြန်လည် သိမ်းပိုက်ရန် အတွက် ဖြစ်သည်။

သို့သော်လည်း သူတို့က နတ်ဘုရားနယ်မြေကို မကျူးကျော်ရသေးခင်မှာပင် နတ်ဘုရားနယ်မြေမှ လူတစ်ယောက်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရောနှောဝင်ရောက်လာခဲ့ပြီး အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ဖျက်ဆီးလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ထို့အပြင် ထိုလူသည် သူ့ကိုယ်သူ နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်ဟုပင် ကြေညာခဲ့သည်။

“သခင်ကြီးက နတ်ဘုရားနယ်မြေက လူသားဧကရာဇ် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ကျန်းချန်က နတ်ဘုရားနယ်မြေမှ ဖြစ်မှန်း ရွှယ်ချန်ကျဲ ကြိုသိနေခဲ့သည့်တိုင် ဤအချိန်တွင် အလွန်အမင်း အံ့အားသင့်နေခဲ့သည်။

သွေးနတ်ဆိုးဂိုဏ်းသည် နတ်ဘုရားနယ်မြေသို့ ကျူးကျော်ခဲ့သည့် အဓိက အင်အားစုထဲမှ တစ်စု ဖြစ်သည်။

သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် တပည့်တစ်ယောက် အနေဖြင့် ရွှယ်ချန်ကျဲသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့သည့် သမိုင်းကြောင်းကို အတိုင်းအတာ တစ်ခုအထိ နားလည်ထားခဲ့သည်။

သူ သိထားသလောက် နတ်ဘုရားနယ်မြေ၏ စကြဝဠာတွင် အင်အားအကောင်းဆုံး အဖွဲ့အစည်းမှာလ လူသားဧကရာဇ်နန်းတော်ဟု ခေါ်သည့် အဖွဲ့အစည်း ဖြစ်ပြီး လူသားဧကရာဇ်သည် ထိုအဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ရာတွင် ရှုံးနိမ့်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ လူသားဧကရာဇ် နန်းတော်က ဦးဆောင်သည့် နတ်ဘုရားနယ်မြေ၏ ခုခံမှုကြောင့်ပင်။

အထူးသဖြင့် လူသားဧကရာဇ်နန်းတော်မှ လူသားဧကရာဇ်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ကြီးကြီးမားမား ပေးဆပ်စေခဲ့သည်။

ဆိုရလျှင် နတ်ဘုရားနယ်မြေ စကြဝဠာတွင် လူသားဧကရာဇ်နန်းတော်၏ အရေးပါမှုသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ အရေးပါမှုထက်ပင် ပို၍ အ‌ရေးပါနေသေး၏။

ကျန်းချန်က နတ်ဘုရားနယ်မြေ စကြဝဠာရှိ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ် ဖြစ်နေလိမ့်မည်ဟု ရွှယ်ချန်ကျဲ လုံးဝ ထင်မထားခဲ့ပေ။

“ကောင်းတယ် သိပ်ကောင်းတယ်.. လက်စသတ်တော့ မင်းက နတ်ဘုရားနယ်မြေက လူသားဧကရာဇ် ဖြစ်နေတာကိုး.. မင်းက ငါတို့ဆီကို တစ်ယောက်တည်း လာရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီလိုဆိုမှတော့ ငါတို့ အင်‌မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို မကျူးကျော်ခင် နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ဖြစ်တဲ့ မင်းကို အရင် သုတ်သင်ပစ်ရသေးတာပေါ့”

ဝူထျန်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာကောင်းသော လူသတ်ငွေ့များ ချက်ချင်းပင် ပျံ့နှံ့လာခဲ့၏။

“နတ်ဘုရားနယ်မြေကို ကျူးကျော်မယ်.. ဟုတ်လား”

ကျန်းချန်က မဲ့ပြုံးပြုံးကာ ဝူထျန်းကို အေးစက်စက်ကြည့်လိုက်သည်။

“ငါ ဒီမှာရှိနေသရွေ့ မင်းတို့တွေ အဲဒီ အခွင့်အရေး လုံးဝမရစေရဘူး”

လက်ရှိတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် အုပ်စိုးသူအထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ဤစကြဝဠာရှိ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် သူ့ကို အလွယ်တကူ ရင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ဖို့ ကြံစည်နေသည် ဆိုလျှင် ၎င်းတို့ ကြောက်လန့်သွားသည် အထိ သတ်ဖြတ်ပစ်ရန် သူ ဝန်လေးနေမည် မဟုတ်ချေ။

“ကောင်လေး သေဖို့သာ ပြင်ထားလိုက်တော့”

ဝူထျန်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး စတင် တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

ပေပေါင်းထောင်ချီ ရှည်လျားသော ရွှေရောင်နဂါးလက်သည်းကြီးတစ်ခုသည် ကောင်းကင်ယံကနေ နဂါးနတ်ဘုရား၏ လက်သည်း ကဲ့သို့ ကျန်းချန်ဆီ တိုက်ရိုက် ကျဆင်းလာခဲ့သည်။

ရွှေရောင်နဂါးလက်သည်း ရောက်မလာခင်မှာပင် ကြောက်မက်ဖွယ် အရှိန်အဝါများက အရင် ရောက်ရှိလာခဲ့သည်။

ထိုအရှိန်အဝါသည် တစ်ခဏအတွင်း ဟွမ်ယွမ် သူတော်စင်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။

ဟွမ်ယွမ်သူတော်စင် မြို့တော်မှ ကျင့်ကြံခြင်း အဆင့် နိမ့်ကျသော ကျင့်ကြံသူ တချို့သည် ထိုကြောက်မက်ဖွယ် အရှိန်အဝါကြောင့် မြေပြင်ပေါ်တွင် ပြားပြားဝပ်သွားကြသည်။

“ဘာတွေဖြစ်နေတာလဲ.. မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်က မြို့စားစံအိမ် အထက်မှာ စတင် တိုက်ခိုက်နေခဲ့ပြီ.. အရှိန်အဝါကို ကြည့်ရသလောက် သာမန် မဟာယာနအဆင့် ကျင့်ကြံသူ မဟုတ်တာ သေချာသလောက်ပဲ”

ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ဆံဖြူအဘိုးအို တစ်ယောက်ကလည်း လေးနက်စွာ သုံးသပ်ပြောဆိုလိုက်သည်။

“င့ါအထင် မမှားဘူးဆိုရင် ဒီအရှိန်အဝါက ဝူထျန်းရဲ့ အရှိန်အဝါပဲ ဖြစ်မယ်”

ထိုစကားကို ကြားလျှင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူ အများအပြား မှင်တက်သွားခဲ့ကြသည်။

ဝူထျန်းဆိုသည်မှာ ထိပ်တန်းအင်‌မော်တယ် ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သည့် ဝူကျိအင်မော်တယ်ဂိုဏ်း၏ နာမည်ကျော် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က မဟာယာန နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေပြီး ဤစကြဝဠာ၏ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ငါးယောက် ပြီးလျှင် အစွမ်းထက်ဆုံး ကျင့်ကြံသူလည်း ဖြစ်သည်။

မြို့စားစံအိမ် အထက်မှ တိုက်ပွဲတွင် ဝူထျန်း ကိုယ်တိုင် ပါဝင်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။

“ဝူထျန်းနဲ့ ရင်ဆိုင်နေတဲ့သူက ဘယ်သူလဲ မသိဘူး”

ဟွမ်ယွမ် သူတော်စင်မြို့တော်တွင် ရှိနေသည့် လူတိုင်းသည် ဝူထျန်းကြောင့် အံ့အားသင့်နေစဥ်မှာပင် ကျန်းချန်သည် သူ့ဆီသို့ ကျဆင်းလာသည့် နဂါးလက်သည်းကို တည်ငြိမ်စွာ မော့ကြည့်လိုက်သည်။

ဝူကျိ အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူသည် အမှန်တကယ်ပင် အစွမ်းထက်၏။

ထိုလူက သူ ယခင်က ရင်ဆိုင်ဖူးသည့် သွေးနတ်ဆိုးဂိုဏ်း၏ ဂိုဏ်းချုပ် သွေးနတ်ဘုရားထက်ပင် ပို၍ အစွမ်းထက်သည်။

အကယ်၍ သူ၏ စွမ်းအားသာ သွေးနတ်ဆိုးဂိုဏ်းကို သွားသည့် အချိန်က အတိုင်းသာ ရှိနေသေးလျှင် ဤကဲ့သို့သော ကျင့်ကြံသူကို ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ယခုအခါတွင်မူ ကျန်းချန်သည် ယခင် ကျန်းချန် မဟုတ်တော့ပေ။

ဤမျှလောက် အစွမ်းထက်သူသည် သူ့အတွက် စာဖွဲ့လောက်စရာ မရှိတော့ပေ။

“ပျက်စီးစမ်း”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းကနေ တောက်ပသော ရွှေရောင် အလင်းတန်းထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံကို ထိုးတက်သွားခဲ့သည်။

“ဝုန်း..”

ရွှေရောင်နဂါးလက်သည်းနှင့် ရွှေရောင်အလင်းတန်း တို့သည် ကောင်းကင်ယံတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ကြပြီး ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့၏။

ကြောက်မက်ဖွယ်ရာကောင်းသော အဖျက်စွမ်းအင်မုန်တိုင်းတစ်ခုသည် အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားခဲ့ပြီး ဟွမ်ယွမ်သူတော်စင်မြို့တော်၏ ကောင်းကင်ယံကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ချင်းဟယ်ကဲ့သို့ မဟာယာနနှောင်းပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် ဟင်းလင်းပြင်ထဲတွင် ခြေလှမ်းများစွာ နောက်သို့ ဆုတ်လိုက်ရ၏။

အဖျက်စွမ်းအင်မုန်တိုင်း၏ အလယ်ဗဟိုရှိ ဝူထျန်း၏ ခန္ဓာကိုယ်ကမူ ရုတ်တရက် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ဟင်းလင်းပြင်ထဲတွင် မီတာထောင်ချီ လွင့်ထက်သွားခဲ့ကာ ဟင်းလင်းပြင်ကိုပင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။

ဝူထျန်း၏ မျက်နှာက ဖြူဖျော့သွားခဲ့ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသေ စွမ်းအားများကို ထိန်းချုပ်လိုက်သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင်ထိတ်လန့်သော အမူအရာများ ပြည့်နှက်နေခဲ့သည်။

ဤအခိုက်အတန့်တွင် ဝူထျန်းသည် အဘယ်ကြောင့် ထိုလူငယ်လေးက ဟွမ်ယွမ်ဓားဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်နိုင်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာနအဆင့် ပါရမီရှင်သုံးယောက်ကို တစ်ခဏအတွင်း သတ်ဖြတ်နိုင်ခဲ့မှန်း နားလည်သွားခဲ့သည်။

ဝူကျိအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲချုပ် အနေဖြင့် ဝူထျန်း၏ ကျင့်ကြံခြင်းအဆင့်သည် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီ ကတည်းကပင် မဟာယာနနှောင်းပိုင်းအဆင့်ကို ရောက်ရှိနေခဲ့ပြီး မဟာယာန အထွတ်အထိပ် အဆင့်ကို ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

ထိုလူငယ်က သူ့ကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်ပုံထောက်လျှင် မဟာယာန အထွတ်အထိပ် အဆင့်ထက် မနိမ့်သည့် ခွန်အားမျိုးရှိနေသည်မှာ သေချာသလောက်ပင်။

“နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က တကယ်ကို အစွမ်းထက်သားပဲ.. ငါ့ရဲ့ တိုက်ခိုက်မှုကိုလည်း တစ်ချက်လောက် မြည်းကြည့်လိုက်ပါဦး”

ချင်းဟယ်၏ မျက်ဝန်းထဲတွင် အပြာရောင် မီးလျှံများ လက်ခနဲ ဖြစ်သွားခဲ့ပြီး မဟာယာန နှောင်းပိုင်းအဆင့်၏ အရှိန်အဝါများသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် စူးရှသော ငှက်အော်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ချင်းဟယ်၏ ဦးခေါင်းအထက်တွင် ဧရာမအပြာရောင်ငှက်ကြီး တစ်ကောင် ပေါ်လာခဲ့ကာ ကျန်းချန်ကို တိုက်ခိုက်ရန် ပျံသန်းလာခဲ့သည်။

ထိုအပြာရောင် မီးလျှံငှက်သည် မီးလျှံများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း ပူပြင်းသော အရှိန်အဝါ လုံးဝမရှိပေ။

ထိုအစား အေးစက်သည့် အရှိန်အဝါများ ထွက်ပေါ်နေပြီး ဟွမ်ယွမ်သူတော်စင် မြို့တော် တစ်ခုလုံး၏ အပူချိန်သည် ဤအခိုက်အတန့်တွင် ကျဆင်းသွားသလိုပင် ဖြစ်သွားခဲ့သည်။

“ဒါက ထိုက်ယီ အင်မော်တယ်ဂိုဏ်းက အကြီးအကဲ ချင်းဟယ်ရဲ့ အပြာရောင်ဝိညာဥ်နတ်မီးလျှံ တိုက်ကွက်ပဲ”

ဟွမ်ယွမ်သူတော်စင်မြို့တော်ထဲမှ ဗဟုသုတကြွယ်ဝသူ တချို့သည် တအံ့တဩ ရေရွတ်လိုက်ကြသည်။

ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ ချင်းဟယ်သည် ဝူကျိအင်မော်တယ်ဂိုဏ်းမှ ဝူထျန်းနှင့် နှိုင်းယှဥ်နိုင်သည့် အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

သို့ဆိုလျှင် ဝူကျိ အင်‌မော်တယ်ဂိုဏ်းနှင့် ထိုက်ယီ အင်မော်တယ်ဂိုဏ်းတို့ ကြားတွင် ပဋိပက္ခ ဖြစ်ပွားနေပါသလော။

“လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်.. ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်”

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

သူ၏ လက်ဖဝါးပေါ်တွင် အနက်ရောင် စည်းတံဆိပ် တစ်ခု ထွက်ပေါ်လာခဲ့ပြီး လေထဲမှာပင် မြန်မြန်ဆန်ဆန် ကြီးထွားလာခဲ့သည်။

ထို့နောက်တွင်မူ ထိုစည်းတံဆိပ်သည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် အနက်ရောင် စည်းတံဆိပ်တုံးကြီး အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ဆီသို့ တိုက်ခိုက်ရန် ပျံသန်းလာသည့် အပြာရောင်မီးလျှံငှက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

အခန်း(၂၆၀၃)ပြီး၏။

အခန်း(၂၆၀၄)

အနက်ရောင်စည်းတံဆိပ်က အပြာရောင်မီးလျှံငှက်နှင့် ထိပ်တိုက် ဆုံတွေ့ပြီးနောက် မျက်စိတစ်မှိတ် အတွင်းမှာပင် အပြာရောင်မီးလျှံငှက်သည် အနက်ရောင်စည်းတံဆိပ်၏ ဝါးမျို ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။

ယင်းနောက်တွင် အနက်ရောင် စည်းတံဆိပ်၏ လက်ကျန်စွမ်းအားများသည် လျှပ်စီးလက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ချင်းဟယ်၏ ခန္ဓာကိုယ်ပေါ်သို့ သက်‌ရောက်သွားခဲ့သည်။

ချင်းဟယ်က ညည်းညူလိုက်ရပြီး ဟင်းလင်းပြင်ထဲတွင် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ခွာလိုက်ရသည်။

သူ၏ မျက်နှာက အလွန်အမင်း ဖြူဖျော့သွားခဲ့၏။

“ဒီကောင်လေးက အတော် ရမ်းကားလွန်းတာပဲ.. ငါ လီထျန်းကျုံးရဲ့ တိုက်ကွက်ကို မြည်းကြည့်စမ်း”

ထိုအချိန်တွင် ကျိုလီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် လီထျန်းကျုံးသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး အနက်ရောင်လျှပ်စီးများ ပတ်ပတ်လည်တွင် ဝန်းရံနေသည့် ဧရာမ တူတစ်လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုဧရာမတူကြီးသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားကို သယ်ဆောင်ကာ မိုးကြိုးနတ်ဘုရား၏ တူတစ်လက် ကဲ့သို့ ကျန်းချန်ထံ ကျဆင်းလာခဲ့သည်။

“ဒါက ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ ရတနာဖြစ်တဲ့ ဘုံကိုးပါးကောင်းကင်ဖျက်ဆီးတူပဲ.. ကျိုလီ အင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကိုယ်တိုင် တိုက်ခိုက်နေတာ ဖြစ်ဖို့များတယ်”

ဟွမ်ယွမ်သူတော်စင် မြို့တော်ထဲမှ ကျင့်ကြံသူ အများအပြား အံ့ဩ ထိတ်လန့်သွားကြသည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းအင်‌မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ အထင်ကရ ပုဂ္ဂိုလ်များသည် အဘယ်ကြောင့် တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်နေကြပါသနည်း။

ယင်းနောက်တွင်မူ ကျင့်ကြံသူများသည် သိချင်စိတ် ပြင်းပြလာခဲ့ပြီး တုံ့ဆိုင်းမနေတော့ဘဲ ဟွမ်ယွမ်သူတော်စင်မြို့တော်၏ မြို့စားစံအိမ်ရှိရာ မြို့လယ်ဆီသို့ ဦးတည်၍ ပျံသန်းခဲ့ကြသည်။

“လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်.. ရှေးဟောင်းကျူးရှန်းစည်းတံဆိပ်”

ကျန်းချန်က လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ တောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်ပေါ်နေသည့် နတ်စည်းတံဆိပ် တစ်ခုသည် ကောင်းကင်ယံကနေ သက်ဆင်းလာသည့် ဘုံကိုးပါးကောင်းကင်ဖျက်ဆီးတူ ဆီသို့ တိုက်ရိုက်ပင် တိုးဝင်သွားခဲ့သည်။

“ဝုန်း..”

ခေါင်းလောင်းကြီး တီးလိုက်သကဲ့သို့ ကျယ်လောင်သော အသံကြီးသည် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွားစေခဲ့သည်။

ကြယ်တံခွန်နှစ်ခု ထိပ်တိုက် ဆုံတွေ့သလိုမျိုး ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် အရပ်မျက်နှာ အနှံကို ပျံ့နှံ့သွားခဲ့သည်။

လီထျန်းကျုံးက ညည်းညူလိုက်ရပြီး ထိုကြောက်မက်ဖွယ်ရာ စွမ်းအင် ရိုက်ခတ်မှုအောက်တွင် ခန္ဓာကိုယ် တစ်ခုလုံး လွင့်ထွက်သွားခဲ့သည်။

ကျန်းချန်က မဟာယာနနှောင်းပိုင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ဆက်တိုက်ဆိုသလိုပင် အေးအေး‌ဆေးဆေး အနိုင်ယူလိုက်၏။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဟင်းလင်းပြင်ထဲရှိ မဟာယာနအဆင့် ကျင့်ကြံသူများနှင့် အောက်ဘက်ရှိ ရွှယ်ချန်ကျဲတို့ ဆရာတပည့် နှစ်ယောက်၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ထိုလူငယ်၏တိုက်ခိုက်မှုကို မဟာယာန နှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင် ခုခံနိုင်စွမ်း မရှိကြပေ။

ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားဖြင့်သာ ဆိုလျှင် မဟာယာန အထွတ်အထိပ် အဆင့်ရှိ ကျင့်ကြံသူများနှင့် နှိုင်းယှဥ်လျှင်ပင် ပို၍ အစွမ်းထက်နေမည်မှာ သေချာသလောက်ပင်။

“ဒီကောင်လေးက အရမ်းကို အစွမ်းထက်လွန်းတယ်.. အားလုံးပဲ အတူတူ ပူးပေါင်းပြီး တိုက်ခိုက်ကြစို့”

ဝူထျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. ငါကူတိုက်ပေးမယ်”

ရွှယ်ယွင်ထျန်းက အံကြိတ်၍ ပြောလိုက်ပြီး ကျန်းချန်နှင့် ပူးပေါင်းကာ ဝူထျန်းတို့ ခြောက်ယောက်ကို ရင်ဆိုင်ရန် ပြင်လိုက်သည်။

ယနေ့ပြီးလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် သွေးနတ်ဆိုးဂိုဏ်းအတွက် နေရာရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းသည် ကျန်းချန်နှင့် အတူ တစ်ခရီးတည်းသွားဖို့က လွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။

ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ် ဖြစ်သောကြောင့် ဤစကြဝဠာသို့ လာရောက်သောအခါတွင် ကြိုတင်ပြင်ဆင်မှုများ ရှိနေမည်မှာ သေချာ၏။

လက်ရှိအချိန်တွင် ကျန်းချန်ကို အစွမ်းကုန် ကူညီပေးမှသာ သွေးနတ်ဆိုးဂိုဏ်း အတွက် ရှင်သန်စရာ လမ်းစကို ရှာဖွေနိုင်လိမ့်မည် မဟုတ်ပါလား။

“ရွှယ်ယွင်ထျန်း.. နတ်ဘုရားနယ်မြေက ငါတို့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာရဲ့ ကမ္ဘာမကြေရန်သူပဲ.. မင်းတို့ သွေးနတ်ဆိုးဂိုဏ်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို သစ္စာဖောက်ပြီး နတ်ဘုရားနယ်မြေက လူတွေနဲ့ ပူးပေါင်းရဲတယ်လား”

ဝူထျန်းက အေးစက်စက် ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ရွှယ်ယွင်ထျန်း.. မင်းချက်ချင်း နောက်မဆုတ်ဘဲ အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းရဲ့ စစ်ဆေးမှုကို မခံယူဘူးဆိုရင် မင်းတို့ သွေးနတ်ဆိုးဂိုဏ်းကို အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကနေ အပြီးတိုင် ဖယ်ရှားပစ်တာကို စောင့်နေလိုက်တော့”

ဝူထျန်း၏ ခြိမ်းခြောက်မှုကို ကြားသော်လည်း ရွှယ်ယွင်ထျန်းသည် ဂရုစိုက်မနေဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို အကုန်အစင် ထုတ်ဖော်လိုက်သည်။

ကျန်းချန်က ရွှယ်ယွင်ထျန်းကို တစ်ချက်ပင် လှည့်မကြည့်ဘဲ အေးစက်စက် ပြောလိုက်သည်။

“ဒီအမှိုက်ခြောက်ခုလောက်ကို ငါ လက်ညှိုးတစ်ချောင်းတည်းနဲ့တောင် ဖျက်ဆီးပစ်လိုက်လို့ရတယ်.. ခင်ဗျား အကူအညီပေးစရာ မလိုဘူး”

ထိုစကားကို ကြားလျှင် ရွှယ်ယွင်ထျန်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဒီကောင်က တကယ်ပဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အထင်ကရ ပုဂ္ဂိုလ်ခြောက်ယောက်ကို ယှဥ်နိုင်ပါ့မလား”

သို့သော်လည်း ထိုလူငယ်သည် လူသားဧကရာဇ် ဖြစ်သောကြောင့် အံ့ဖွယ်နည်းလမ်းများ ရှိလောက်မည်ဟု တွေးမိကာ ရွှယ်ယွင်ထျန်းသည် ပေတစ်ထောင်ခန့် ဆုတ်ပေးလိုက်သည်။

“ကောင်လေး မင်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ.. ဒီနေ့ နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ဖြစ်တဲ့ မင်းကို ငါ အဆုံးသတ်မယ်.. ပြီးရင် မင်းတို့ နတ်ဘုရားနယ်မြေကို အပြီးတိုင် မြေလှန်ပစ်မယ်”

ကျန်းချန်က သူတို့ ခြောက်ယောက်ကို မျက်စိထဲ မထည့်သည်အား မြင်လျှင် ဝူထျန်းတို့ ခြောက်ယောက်စလုံး ဒေါသထွက်သွားခဲ့ကြသည်။

ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် အရှိန်အဝါ ခြောက်ခုသည် ဟင်းလင်းပြင်ကနေ ကျဆင်းလာခဲ့၏။

ဓားအရှိန်အဝါများသည် မိုင်ပေါင်းထောင်ချီအထိ သက်ရောက်နေပြီး အပြာရောင်မီးလျှံများသည် ကောင်းကင်ယံကို လွှမ်းခြုံကာ လေထုကိုပင် အေးခဲသွားစေခဲ့သည်။

မိုးခြိမ်းသံများကမူ ကမ္ဘာကြီးကိုပင် တုန်ခါစေပြီး ‌ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်သွားစေခဲ့၏။

မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ယောက်ထဲတွင် သုံးယောက်သည် မဟာယာနနှောင်းပိုင်းအဆင့် ဖြစ်ပြီး ကျန်သုံးယောက်မှာ မဟာယာန အလယ်အလတ်အဆင့် ဖြစ်သည်။

ထိုခြောက်ယောက် တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သောအခါတွင် ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားသည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူပင်လျှင် ရှောင်တိမ်းရမည့် အနေအထားမျိုး ဖြစ်၏။

မဟာယာနအဆင့် ကျင့်ကြံသူခြောက်ယောက် တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ချိန်တွင် ဟွမ်ယွမ်မြို့တော်၏ မြို့လယ်သို့ ရောက်ရှိလာကြသည့် ကျင့်ကြံသူများသည် ကောင်းကင်ယံမှ ထိုမြင်ကွင်းကို မြင်လိုက်ကြသည်။

ဝူထျန်း အပါအဝင် မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ယောက်က အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်ကို အတူတကွ ပူးပေါင်း၍ တိုက်ခိုက်နေသည်ကို မြင်လျှင် သူတို့အားလုံး မျက်ဝန်းများ ပြူးကျယ်သွားခဲ့ပြီး အချိန်အတော်ကြာ မှင်တက်သွားခဲ့ကြသည်။

ဝူကျိ အင်မော်တယ်ဂိုဏ်းမှ ဝူထျန်း၊ ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ချင်းဟယ်နှင့် ကျိုလီ အင်မော်တယ်ဂိုဏ်းချုပ် လီထျန်းကျုံး တို့သည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်ဆုံးတွင် ရပ်တည်နေကြသည့် အထင်ကရ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည်။

သူတို့ထဲမှ တစ်ယောက်ချင်းစီသည် ခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့်ပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးကို သုံးကြိမ်ခန့် တုန်ခါသွားစေရန် လုံလောက်သော တည်ရှိမှုများ ဖြစ်ကြသည်။

ကျန်သုံးယောက်သည်လည်း ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် နာမည်ကျော်ကြားသည့် မဟာယာနအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

ဤကဲ့သို့ ပုဂ္ဂိုလ်ကြီး ခြောက်ယောက်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်ကို တိုက်ခိုက်ရန် ပူးပေါင်းနေကြသည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာ ကောင်းလွန်းနေခဲ့၏။

ဝူထျန်းတို့ ခြောက်ယောာက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်က တည်ငြိမ်စွာပင် ရှိနေခဲ့သည်။

သူထံသို့ ဦးတည်လာသည့် ကြောက်မက်ဖွယ် တိုက်ခိုက်မှုများသည် သူ့အတွက်မူ မျက်နှာကို လာရောက်တိုက်ခတ်သည့် လေပြည်‌လေး ကဲ့သို့သာ သူ သဘောထားခဲ့သည်။

“ခင်ဗျားတို့လို ပုရွက်ဆိတ်လေးတွေကများ လူသားဧကရာဇ်ကို သတ်ပြီး နတ်ဘုရားနယ်မြေကို မြေလှန်ချင်သေးတယ်လား...ဒီလိုဆိုမှတော့ ခင်ဗျားတို့ အားလုံးကို သုတ်သင်ပစ်လိုက်တာ အကောင်းဆုံးပဲ.. ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်”

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး လူသားဧကရာဇ် ရှေးဟောင်း စည်းတံဆိပ်၏ နောက်ဆုံး စည်းတံဆိပ်ကို ထုတ်ဖော်ကာ ဝူထျန်းတို့ ခြောက်ယောက်ထံ ပစ်လွှတ်လိုက်သည်။

ထိုစည်းတံဆိပ်သည် ရှေးခေတ်ကာလက ရွှေရောင်နတ်တောင်ကြီး တစ်တောင် ကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုရွှေရောင်နတ်တောင်ကြီး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကမ္ဘာ့အဆုံးသတ်ကို ဆိုက်ရောက်သွားသကဲ့သို့ ကောင်းကင်နှင့် မြေကြီးက ပြိုပျက်သွားခဲ့သည်။

အရပ်မျက်နှာအနှံ့မှ ဓားအရှိန်အဝါများ၊ အပြာရောင်မီးလျှံများနှင့် ကမ္ဘာဖျက်မိုးကြိုးအလင်း အားလုံးသည် ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်အောက်တွင် အလုံးစုံ ပြိုပျက်သွားခဲ့သည်။

ဤကဲ့သို့ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာကောင်းသည့် စည်းတံဆိပ်ကို ရင်ဆိုင်လိုက်ရလျှင် ဝူထျန်းတို့ မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ယောက်စလုံးသည် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ဖြစ်သွားခဲ့ပြီး မိုင်ပေါင်းရာချီ အကွာအ‌ဝေးအထိ ချက်ချင်းဆိုသလို လွင့်ထွက်သွားခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်သည် လူသားဧကရာဇ်ဓားကို ထုတ်ယူကာ ခုနစ်စဥ်ကြယ်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

သူ၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်တွင် ခုနစ်စဥ်ကြယ်ထွက်ပေါ်လာခဲ့ပြီး မိုင်ပေါင်းထောင်ချီ ဧရိယာရှိ ကြယ်တာရာကောင်းကင်ယံ တစ်ခုလုံး တောက်ပသွားခဲ့သည်။

ကျန်းချန်က ဝူထျန်းတို့ကို အသက်ရှူဖို့ပင် အခွင့်အရေး မပေးခဲ့ပေ။

ကြယ်တာရာ ဓားအလင်း တစ်ခုသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးထံ သက်ရောက်လာခဲ့သည်။

ထိုကျင့်ကြံသူသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားခဲ့ပြီး ဝိညာဥ်ပင်လျှင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။

ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းဖြင့်သာ ဆိုလျှင် ခုနစ်စဥ်ကြယ်ဓားသိုင်းသည် မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူကို ချေမှုန်းရန် ကောင်းစွာ လုံလောက်၏။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ဝူထျန်းတို့သည် ရင်ထဲတွင် အေးစိမ့်သွားခဲ့ကြ၏။

မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ယောက် ပူးပေါင်းတိုက်ခိုက်သည့်တိုင် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်သည် အသာစီးရယူခဲ့ပြီး သူတို့ထဲမှ တစ်ယောက်ကို တစ်ခဏအတွင်း သတ်ပစ်လိုက်သည်။

ဤအခိုက်အတန့်တွင် ကျန်းချန်၏ မျက်နှာထားက အေးစက်နေခဲ့သည်။

သူက အကြီးအကျယ် ထိတ်လန့်နေသော ဝူထျန်းတို့ကို ဂရုစိုက်မနေဘဲ နောက်ထပ် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို ပစ်မှတ်ထားလိုက်သည်။

အခန်း(၂၆၀၄)ပြီး၏။

All Chapters