← Chapters

အခန်း (၂၆၀၅-၂၆၀၆)

Vol. 201 Ch. 2605-2606

အခန်း (၂၆၀၅-၂၆၀၆)

Vol. 201 Ch. 2605-2606

အခန်း(၂၆၀၅)

“ဝုန်း..”

ကြယ်ဓားအလင်းသည် တားဆီး၍ မရနိုင်သော ဂလက်ဆီရေတံခွန် တစ်ခုနှယ် သက်ဆင်းလာခဲ့သည်။

မဟာယာန အလယ်အလတ် အဆင့် ကျင့်ကြံသူက ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ၏ စွမ်းအားများကို အစွမ်းကုန်ထုတ်ဖော်ကာ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အကာအကွယ်အလွှာပေါင်း များစွာကို ဖွဲ့စည်းလိုက်သည်။

သို့သော်လည်း မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖွဲ့စည်းထားသည့် အကာအကွယ် အလွှာအားလုံးသည် ကျန်းချန်၏ ဓားအလင်းအောက်တွင် စက္ကူစုတ်များနှယ် ထိလိုက်သည်နှင့် ပြိုလဲသွားခဲ့သည်။

ယင်းနောက်တွင်မူ ထိုမဟာယာန အလယ်အလတ်အဆင့်ကျင့်ကြံသူသည် သွေးမြူအဖြစ် ပြောင်းလဲသွားခဲ့ပြီး အစအနပင် မကျန်ရှိတော့ပေ။

မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက် ထပ်မံ ကျဆုံးသွားခဲ့ချေပြီ။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်ရှိနေသော ဝူထျန်းတို့လေးယောက်၏ ရင်ထဲတွင် အေးစိမ့်သွားခဲ့ကြ၏။

ထိုကောင်လေးအတွက် မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းသည် ကြက်သတ်သကဲ့သို့ပင် လွယ်ကူနေခဲ့သည်။

ဤကဲ့သို့သော စွမ်းအားမျိုးသည် သူတို့ ယှဥ်ပြိုင်နိုင်သော အရာ မဟုတ်ပေ။

“ထွက်ပြေးမှဖြစ်မယ်”

နောက်ဆုံးကျန်ရှိသော မဟာယာန အလယ်အလတ် အဆင့် ကျင့်ကြံသူသည် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ချာခနဲနောက်လှည့်ကာ ထွက်ပြေးတော့သည်။

သူ့‌ရှေ့ရှိ နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်၏ စွမ်းအားသည် နှိုင်းဆ၍ မရလောက်အောင် နက်ရှိုင်းပြီး သူတို့ထက် အပြတ်အသတ် ကျော်လွန်နေကာ မယုံကြည်နိုင်စရာကောင်းသော အဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုကောင်လေးနှင့် ယှဥ်နိုင်ရန် မသေချာပေ။

သူ၏ စွမ်းအားဖြင့်သာ ထိုကောင်လေးကို ဆက်လက်တိုက်ခိုက်နေမည် ဆိုလျှင် ရလဒ်မှာ ကျဆုံးမှုသာ ရှိ၏။

ထိုခဏဝယ် ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့သည်။

ကောင်းကင်ယံမှ ကြယ်ဓားအလင်းသည် အချိန်နှင့်ဟင်းလင်းပြင်ကို ကျော်ဖြတ်သွားသကဲ့သို့ မဟာယာနအလယ်အလတ်အဆင့် ကျင့်ကြံသူ၏ ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာခဲ့၏။

“မသတ်ပါနဲ့”

မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ထိတ်လန့်နေခဲ့သော်လည်း သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြယ်ဓားအလင်းအောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံး မဟာယာန အလယ်အလတ်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ပြီး‌နောက်တွင် ကျန်းချန်သည် ဝူထျန်းတို့နှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သူက ခုနစ်စဥ်ကြယ် ဓားသိုင်းထဲမှ သူအားကိုးရဆုံး တိုက်ကွက်ကို ချက်ချင်းပင် ထုတ်ဖော်လိုက်သည်။

ထိုအခိုက်တန့်တွင် ကောင်းကင်ယံရှိ ခုနစ်စဥ်ကြယ်သည် တစုတစည်းတည်း ပေါင်းစည်းသွားခဲ့ပြီး ဧရာ မဂလက်ဆီ ဓားကြီးအဖြစ်သို့ ပြောင်းလဲကာ ကျဆင်းလာခဲ့၏။

ထိုဓားချက်သည် ကြယ်ကောင်းကင်ယံကိုပင် ဖောက်ထွက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများသည် ဟွမ်ယွမ်သူတော်စင်မြို့တော် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ကာ မြို့တော်တစ်ခုလုံးကို အပျက်အစီးပုံအဖြစ် ပြောင်းလဲပစ်တော့မည့်နှယ် ဖြစ်နေခဲ့၏။

ဤအချင်းအရာကို မြင်လျှင် ဝူထျန်းတို့ သုံးယေက်သည် မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

သူတို့က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲဘဲ သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်သုံးကာ ဟင်းလင်းပြင်ထဲမှ ဧရာမ ဂလက်ဆီ ဓားကြီးကို ရင်ဆိုင်လိုက်ကြသည်။

“ဝုန်း..”

ကျိုလီ အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ခဲ့ဘဲ ဧရာမ ဂလက်ဆီ ဓားကြီး၏ အောက်တွင် ပေါက်ကွဲထွက်သွားခဲ့သည်။

ယင်းနောက်တွင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းမှ ချင်းဟယ်၏ အပြာရောင်မီးလျှံသည် တစ်ခဏအတွင်း ကြေမွသွားခဲ့ပြီး သူသည်လည်း ဧရာမဂလက်ဆီဓားကြီး အောက်တွင် ချေမှုန်းခံလိုက်ရသည်။

မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ယောက်ထဲတွင် ဝူကျိအင်မော်တယ်ဂိုဏ်းမှ ဝူထျန်း တစ်ဦးသာလျှင် ကျန်ရှိတော့၏။

သူက ထိုက်ကျိကားချပ်ကို ထုတ်ဖော်ကာ ဧရာမ ဂလက်ဆီဓားကြီးကို ရင်ဆိုင်လိုက်သည်။

အဆုံးသတ်တွင် သူက အဆီအနှစ်သွေးများကိုပါ လောင်ကျွမ်းစေခဲ့ပြီး စွမ်းအားများကို အစွမ်းကုန် မြှင့်တင်ခဲ့သော်လည်း ဘာမှ အရာမထင်ခဲ့ပေ။

ကျန်းချန်၏ လက်ရှိစွမ်းအားဖြင့်သာ ခုနစ်စဥ်ကြယ်ဓားသိုင်းကို အသုံးပြုလျှင် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်ရန် လုံလောက်နေပြီ ဖြစ်ရာ မဟာယာနနှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် ဝူထျန်းသည် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

“ဝုန်း..”

အဆုံးသတ်တွင် ဝူထျန်းသည် ခံနိုင်ရည် မရှိတော့ဘဲ ထိုက်ကျိကားချပ်နှင့် အတူ သွေးမြူအဖြစ် ပေါက်ကွဲသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။

လူတိုင်းက ထိုမြင်ကွင်းကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး ကိုယ့်မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ဦးက ကျန်းချန်ကို ဝိုင်းဝန်း တိုက်ခိုက်ကြသော်လည်း ကျန်းချန်သည် တစ်ခဏအတွင်းမှာပင် ၎င်းတို့အားလုံးကို သတ်ဖြတ်ပစ်လိုက်သည်။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင် ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး မရှိလောက်ဘူး"

"သွားကြစို့"

ဝူထျန်းတို့ လူစုကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်းပင် ရွှယ်ချန်ကျဲကို ပြောလိုက်သည်။

ဤဟွမ်ယွမ်သူတော်စင်မြို့တော်သည် အဆုံးသတ်တွင် ဟွမ်ယွမ်ဓားဂိုဏ်း၏ နယ်မြေသာ ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် အင်မော်တယ်ဂိုဏ်းကြီး အနေဖြင့် ဟွမ်ယွမ်ဓားဂိုဏ်း၏ စွမ်းအားသည် အနှိုင်းမဲ့ ဖြစ်ပြီး မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်ထက်မက ရှိသည်။

သူ၏ လက်ရှိစွမ်းအားဖြင့် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို မကြောက်ရွံ့သော်လည်း ဤဟွမ်ယွမ်သူတော်စင်မြို့တော်ထဲတွင် ဟွမ်ယွမ်ဓားဂိုဏ်းနှင့် တိုက်ခိုက်ရန် မလိုလားခဲ့ပေ။

ယခု သူက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို ဆက်တိုက်ဆိုသလို သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်း၏ အင်အားသည် အကြီးအကျယ် ထိခိုက်သွားခဲ့ချေပြီ။

သို့ဖြစ်ရာ ၎င်းတို့ အနေဖြင့် နတ်ဘုရားနယ်မြေကို အချိန်တိုအတွင်း ကျူးကျော်ရန် မဖြစ်နိုင်တော့ပေ။

သူက ဟွမ်ယွမ်သူတော်စင်မြို့တော်ကနေ အရင်ထွက်သွားပြီးမှ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ မဟာယာနအဆင့်ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်ရန် စဥ်းစားထားခဲ့သည်။

သို့သော်လည်း ကျန်းချန်က ရွှယ်ယွင်ထျန်းနှင့် ရွှယ်ချန်ကျဲတို့နှင့်အတူ ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင် ကောင်းကင်ယံကိုပင် တုန်ခါသွားစေသည့် ကျယ်လောင်သော ကြုံးဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

“နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က တကယ်ကို အတင့်ရဲလှချည်လား.. မင်းက ငါတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို လာပြီး ရမ်းကားရဲမှတော့ ဒီနေ့ ငါ ယွမ်ထျန်းဟွာက မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်”

“ဝုန်း..”

ကြုံးဝါးသံနှင့်အတူ ကြောက်မက်ဖွယ်ရာကောင်းသော ဓားအလင်း တစ်ခုသည် ဟွမ်ယွမ်မြို့တော်၏ မြို့စားစံအိမ်ကနေ ရုတ်တရက် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့ပြီး ဆံဖြူအဘိုးအိုတစ်ဦး အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုဆံဖြူအဘိုးအိုမှာ တခြားသူ မဟုတ်ပေ။

ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ယွမ်ထျန်းဟွာ ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် မဟာယာန အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

သူက ကျန်းချန်နှင့် ပေထောင်ချီ အကွာရှိ ဟင်းလင်းပြင်တွင် တည်ငြိမ်စွာ ရပ်နေခဲ့၏။

သူ၏ ခန္ဓာကိုယ်က အနည်းငယ် ခါးကိုင်းနေသော်လည်း အရှိန်အဝါကမူ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းပြီး ပတ်ဝန်းကျင်ကမ္ဘာကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။

“သတိထားပါ.. သူက ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ အကြီးအကဲချုပ် ယွမ်ထျန်းဟွာပဲ.. အင်‌မော်တယ်ကျင့်ကြံခြင်းစကြဝဠာရဲ့ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူငါးဦးထဲက တစ်ဦးပဲ”

ရွှယ်ယွင်ထျန်းက ဟင်းလင်းပြင်မှ ပုံရိပ်ကိုကြည့်ကာ အလေးအနက် သတိပေးလိုက်သည်။

မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်၏။

ဇာတ်မြှုပ်နေထိုင်ကြသည့် မွန်းစတားအိုကြီးများကို ဖယ်လိုက်လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မဟာယာနအထွတ်အထိပ်အဆင့် ကျင့်ကြံသူ ငါးယောက်သာ ရှိသည်။

သူ့ရှေ့မှ ယွမ်ထျန်းဟွာသည် ထိုအထဲမှ တစ်ယောက် ဖြစ်၏။

“လူသားဧကရာဇ်.. မင်းက တကယ်ကို သတ္တိကောင်းတာပဲ.. ငါတို့အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက မင်းတို့ နတ်ဘုရားနယ်မြေကို မကျူးကျော်ရသေးခင်မှာ မင်းက ဒီကို အရင်လာပြီး ရမ်းကားရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ယွမ်ထျန်းဟွာက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပေါ်လာသည်က နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ် ဖြစ်လိမ့်မည်ဟု ယွမ်ထျန်းဟွာ မထင်ထားခဲ့သလို မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူထက်ပင် မနိမ့်ကျသည့် ကြောက်မက်ဖွယ်စွမ်းအားမျိုး ရှိနေလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။

ဝူထျန်း အပါအဝင် ထိပ်တန်း မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ယောက်သည်ပင် ထိုကောင်လေး၏ လက်ထဲတွင် အလွယ်တကူ သတ်ဖြတ်ခံလိုက်ရ၏။

သူက ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် ဖြစ်သလို ယခုတစ်ကြိမ် ကျင်းပသည့် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို တာဝန်ခံ ကြီးကြပ်သူလည်း ဖြစ်သည်။

သို့ဖြစ်၍ သူ၏ မျက်စိရှေ့မှာပင် မဟာယာနအဆင့် ကျင့်ကြံသူ ခြောက်ဦး ကျဆုံးသွားခဲ့ရာ ယွမ်ထျန်းဟွာ မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

“အဘိုးကြီး.. ခင်ဗျားတို့ နတ်ဘုရားနယ်မြေကို ကျူးကျော်ချင်တယ် ဆိုရင် ဒီဧကရာဇ်က သဘောတူ မတူဆိုတာ အရင်မေးရလိမ့်မယ်”

ကျန်းချန်က ယွမ်ထျန်းဟွာကို အေးစက်စက် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

သူက မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ယွမ်ထျန်းဟွာကို အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။

“သေဖို့သာ ပြင်ထားလိုက်တော့”

ယွမ်ထျန်းဟွာက နတ်ဓားများကဲ့သို့ စူးရှသော အကြည့်ဖြင့် ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။

သူ၏ အကြည့်ကြောင့် ဟင်းလင်းပြင်သည်ပင် ပဲ့တင်သံများ ထွက်‌ပေါ်လာပြီး ကွဲအက်သွားခဲ့၏။

ယွမ်ထျန်းဟွာက စွမ်းအင်များကို တစ်စက်မှ အသုံးမပြုရသေးသော်လည်း ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဓားအရှိန်အဝါကပင် ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ဟွမ်ယွမ်သူ‌တော်စင်မြို့တော်ထဲရှိ ကျင့်ကြံသူ အားလုံးကို တုန်လှုပ်သွားစေခဲ့ကာ ဦးညွှတ်ချင်စိတ်ပေါ်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။

“ဒီနေ့ ငါယွမ်ထျန်းဟွာက ဘိုးဘေးတွေရဲ့ ဆန္ဒကို ကိုယ်စားပြုပြီး နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ဖြစ်တဲ့ မင်းကို သတ်ဖြတ်ပစ်မယ်”

အခန်း(၂၆၀၅)ပြီး၏။

အခန်း(၂၆၀၆)

ယွမ်ထျန်းဟွာ၏ ဆံပင်ဖြူများသည် လေထဲတွင် လွင့်ပျံနေပြီး သူ၏ အကြည့်သည် ပို၍ပင် စူးရှလာခဲ့သည်။

သူ၏ လွှမ်းမိုး ချုပ်ကိုင်နိုင်သော အရှိန်အဝါသည် ကမ္ဘာလောက တစ်ခုလုံးကို လျင်မြန်စွာ ပြည့်နှက်သွားခဲ့သည်။

ဟွမ်ယွမ်သူတော်စင်မြို့တော်တစ်ခုလုံး၏ ကောင်းကင်ယံရှိ လေထုသည်ပင် ထိုအရှိန်အဝါကြောင့် အေးခဲသွားသလို ဖြစ်သွားခဲ့သည်။

ကောင်းကင်နှင့်မြေကြီး ကြားရှိ ဝိညာဥ်စွမ်းအားများသည်လည်း စီးဆင်းရန် လမ်းစ မရှိတော့သကဲ့သို့ပင်။

ဤအခိုက်အတန့်တွင် ယွမ်ထျန်းဟွာသည် အရာအားလုံးကို အုပ်စိုးသော နတ်ဘုရားတစ်ပါး ကဲ့သို့ ဝင့်ကြွားစွာဖြင့် ရပ်နေခဲ့သည်။

မဟာယာန အထွတ်အထိပ်အဆင့်သည် မဟာယာနအဆင့်၏ အဆုံးသတ်ဖြစ်ပြီး နောက်ထပ် ခြေတစ်လှမ်းတိုးနိုင်လျှင် အင်မော်တယ်အဆင့်ကို ရောက်ရှိမည် ဖြစ်သည်။

ဒဏ္ဍာရီလာ အင်မော်တယ်များသည် အင်‌မော်တယ်ဥပဒေသများကို ဖမ်းဆုပ်ထားနိုင်ကြသည်။

မဟာယာန အထွတ်အထိပ် အဆင့်သည် အင်မော်တယ်ဖြစ်လာရန် ခြေတစ်လှမ်းမျှသာ လိုသော အဆင့် ဖြစ်၏။

မဟာယာန အထွတ်အဆင့်၏ အကန့်အသတ်ကို ရောက်ရှိနေသော ကျင့်ကြံသူ တချို့သည် အင်မော်တယ်လမ်းစဥ်ကို တစ်စွန်းတစ မြင်တွေ့နိုင်ပြီး အင်မော်တယ် ဥပဒေသများကို အနည်းငယ် ဖမ်းဆုပ်နိုင်ကြပြီ ဖြစ်သည်။

သူ၏ရှေ့မှ ယွမ်ထျန်းဟွာသည် ထိုအဆင့်သို့ ရောက်ရှိနေသည်မှာ သိသာနေခဲ့၏။

သို့သော်လည်း ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အသုံးပြုထားသဖြင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ယွမ်ထျန်းဟွာ၏ အင်မော်တယ်ဥပဒေသ သက်ရောက်မှုကို အနည်းငယ်မျှပင် မခံစားခဲ့ရပေ။

သူက ယွမ်ထျန်းဟွာကို မထီမဲ့မြင် ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။

“အဘိုးကြီး.. မင်းရဲ့ ဒီလှည့်ကွက်လေးလောက်နဲ့တော့ ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”

“မင်းက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ဖြစ်ထိုက်ပါတယ်.. မင်းမှာ စွမ်းရည်တချို့ ရှိသားပဲ”

ယွမ်ထျန်းဟွာက မျက်လုံးများကို အနှေးငယ် မှေးကျဥ်းလိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

“ဝုန်း..”

ထိုခဏဝယ် ယွမ်ထျန်းဟွာ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည် ကြောက်မက်ဖွယ်ရာကောင်းသော ဓားအရှိန်အဝါအဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုဓားအရှိန်အဝါသည် အလွန်အမင်း ပြင်းထန်ပြီး ပေတစ်သောင်း အမြင့်ရှိသော နတ်တောင်ကြီး တစ်ခုက ဖိနှိပ်ထားသကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

မဟာယာနနှောင်းပိုင်းအဆင့် ကျင့်ကြံသူများပင်လျှင် ထိုကြောက်မက်ဖွယ် ဓားအရှိန်အဝါအောက်တွင် ကြေမွသွားနိုင်၏။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့်ပင် သူ၏ လက်ထဲမှ လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းလိုက်သည်။

“ဝုန်း..”

သူ့ထံသို့ သက်ရောက်လာသည့် ကြောက်မက်ဖွယ် ဓားအရှိန်အဝါသည် ကျန်းချန်၏ ဓားချက်အောက်တွင် နှစ်ပိုင်းပြတ်သွားခဲ့သည်။

ယွမ်ထျန်းဟွာက တည်ငြိမ်စွာပင် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း ငွေရောင် ဓားတစ်လက်သည် သူ၏ အင်္ကျီလက်စထဲကနေ ပျံထွက်လာခဲ့၏။

ထိုရှေးဟောင်း‌ ငွေရောင်ဓားသည် ကောင်းကင်ယံကို ထိုးတက်သွားခဲ့ပြီး ပေတစ်ထောင်ခန့် ရှည်လျားသော ဧရာမ ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ယွမ်ထျန်းဟွာ၏ ဦးခေါင်းထက်တွင် ဂလက်ဆီမြစ်ကြီး သဖွယ် ကန့်လန့်ဖြတ် တည်ရှိနေခဲ့သည်။

ထိုအခိုက်အတန့်တွင် ယွမ်ထျန်းဟွာ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အရှိန်အဝါများက ပြောင်းလဲသွားခဲ့သည်။

သူက ဧရာမဓားကို ထိန်းချုပ်ကာ ဓားချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ပေတစ်ထောင်ခန့် ရှည်လျားသော ဓားအလင်းသည် ကောင်းကင်ယံကနေ ကျန်းချန်ထံ ဦးတည်လာခဲ့သည်။

ကျန်းချန်က အနည်းငယ်မျှပင် ကြောက်ရွံ့မနေဘဲ ခန္ဓာကိုယ်မှ ဓားစွမ်းအားကို ထုတ်ဖော်ကာ ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအား နှစ်ခုသည် ဟင်းလင်းပြင်ထဲတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့ပြီး ဟင်းလင်းပြင် ပေါက်ကွဲသံများသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထိုခဏဝယ် အလွန်တရာ ပြင်းထန်သော အဖျက်စွမ်းအင်ဓားမုန်တိုင်းသည် ဟွမ်ယွမ်သူတော်စင်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဟွမ်ယွမ်သူတော်စင်မြို့၏ မြို့ကာကွယ်ရေး အစီအရင်သည်ပင် ထိုကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအင်မုန်တိုင်းအောက်တွင် ယိုင်နဲ့သွားခဲ့၏။

အဖျက်စွမ်းအင်ဓားမုန်တိုင်း၏ အလယ်ဗဟိုရှိ ပေတစ်ထောင်ခန့် ရှည်လျားသော ဓားအလင်းသည် ကျန်းချန်၏ ဓားစွမ်းအောက်တွင် တစ်လက်မချင်းစီ ပေါက်ကွဲထွက်သွားခဲ့သည်။

သူ၏ ပေတစ်ထောင်ခန့် ရှည်လျားသော ဓားအလင်းတန်းကြေမွသွားသော်လည်း ယွမ်ထျန်းဟွာသည် အနည်းငယ်မျှပင် ထိတ်လန့်မနေခဲ့ပေ။

သူက ဆန်းကြယ်သော လက်ဟန်များကို လျင်မြန်စွာပြုလုပ်လိုက်ရာ ကျန်းချန် ချေမှုန်းလိုက်သော ပေတစ်ထောင်ခန့်ရှည်လျားသည့် ဓားအလင်းသည် ချက်ချင်းပင် ဓားအလင်းကိုးခု အဖြစ် ကွဲထွက်သွားခဲ့ပြီး ကျန်းချန်ဆီသို့ ထပ်မံ၍ သက်ရောက်လာခဲ့၏။

“ကောင်းကင်ဓားကိုးလက်”

ဓားအလင်းကိုးခုက ဓားကိုးလက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဓားတစ်လက်ချင်းစီ၏ အရှိန်အဝါသည် တစ်လက်ထက်တစ်လက် ပို၍ အစွမ်းထက်သည်။

သူ၏ ရှေ့ရှိ နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်နှင့် ရင်ဆိုင်ရာတွင် ယွမ်ထျန်းဟွာသည် သူ၏ စွမ်းရည်ကို ထိန်ချန်မထားဘဲ ဟွမ်ယွမ်ဓားဂိုဏ်း၏ ထိပ်တန်း တိုက်ကွက်များကို အသုံးပြုခဲ့သည်။

“အင်မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကို ခုတ်ပိုင်းခြင်း”

ကျန်းချန်က ယွမ်ထျန်းဟွာ၏ အံ့မခန်း ဓားကိုးလက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်းကို ထုတ်ဖော်လိုက်ရာ လူသားဧကရာဇ်ဓား ပေါ်တွင် ရွှေရောင် ဓားအလင်းတန်း တစ်ခု တောက်ပလာခဲ့သည်။

ထို့နောက်တွင် ကျန်းချန် ထုတ်ဖော်လိုက်သည့် အင်မော်တယ်များကို ခုတ်ပိုင်းခြင်း ဓားချက်သည် ကြောက်မက်ဖွယ်အရှိန်အဝါများနှင့် ဦးတည်လာသော ဓားကိုးလက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဓားကိုးလက်စလုံးသည် ကျန်းချန်၏ ဓားချက်အောက်တွင် တစ်လက်ပြီး တစ်လက် ပေါက်ကွဲထွက်သွားခဲ့သည်။

ဟင်းလင်းပြင်ထဲရှိ ယွမ်ထျန်းဟွာသည်ပင် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရပြီး သူ၏ အိုမင်းသောမျက်နှာထက်တွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“မင်းရဲ့ဓားကွက်က သာမန်မဟုတ်ဘူးပဲ.. မင်းက ဘယ်လိုလုပ်ပြီး အင်မော်တယ် ဓားကွက်ကို တတ်မြောက်နေရတာလဲ”

ကောင်းကင်ဓားကိုးလက် တိုက်ကွက်သည် သူတို့ ဟွမ်ယွမ်ဓားဂိုဏ်း၏ ထိပ်တန်းဓားကျင့်စဥ်တစ်ခု ဖြစ်သည်။

သို့သော်လည်း ယခု နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်ထုတ်ဖော်လိုက်သော ဓားချက်သည် သူ၏ ကောင်းကင်ဓားကိုးလက် ဓားကွက်ကို လုံးဝ ချေမှုန်းပစ်လိုက်သည်။

ဤအဆင့်ရှိ ဓားသိုင်းသည် မည်သည့်နည်းနှင့်မျှ သာမန် ဓားသိုင်း မဖြစ်နိုင်ပေ။

ယင်းမှာ စစ်မှန်သော အင်မော်တယ်ဓားသိုင်းပင် ဖြစ်ရပေမည်။

ယွမ်ထျန်းဟွာသည် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်က စစ်မှန်သော အင်မော်တယ် ဓားသိုင်းကို တတ်မြောက်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သိထားရမည့်အချက်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားကတည်းက စ၍ သူတို့ ဟွမ်ယွမ်ဓားဂိုဏ်းတွင်ပင် ပြီးပြည့်စုံသော အင်မော်တယ်ဓားသိုင်း ရှိမနေခြင်းပင်။

နတ်ဘုရားနယ်မြေသည် အင်မော်တယ်လမ်းစဥ်နှင့် အဆက်အသွယ် ပြတ်တောက်နေသော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထက်ပင် အင်အားများစွာ ပိုမိုအားနည်းသည့် သိုင်းပညာ ယဥ်ကျေးမှု ထွန်းကားသော စကြဝဠာ တစ်ခုမျှသာ ဖြစ်ရာ စစ်မှန်သော အင်မော်တယ်ဓားသိုင်း မည်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။

ကျန်းချန်က ယွမ်ထျန်းဟွာနှင့် အပိုစကားများ ပြောမနေတော့ဘဲ အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်း၏ ဒုတိယမြောက်ဓားချက်ဖြစ်သည့် အင်မော်တယ်များကို သုတ်သင်ခြင်း ဓားကွက်ကို ထုတ်‌ဖော်လိုက်ရာ ယခင်ထက် ပို၍ အဆများစွာ ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားအလင်းသည် ယွမ်ထျန်းဟွာ ထံသို့ ထပ်မံ၍ သက်ရောက်လာခဲ့သည်။

ယွမ်ထျန်းဟွာက မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ၏ အဆီအနှစ် စွမ်းအားများကို တစ်ခဏ အတွင်းမှာပင် အထွတ်အထိပ် အဆင့်အထိ ထုတ်ဖော်လိုက်သည်။

“အရပ်ဆယ်မျက်နှာ ကောင်းကင်ဓားသိုင်း”

ယွမ်ထျန်းဟွာက ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ မိုင်ပေါင်းတစ်သိန်း ဧရိယာ ပတ်ပတ်လည်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဥ်စွမ်းအားများသည် သူ့ကို ဗဟိုပြု၍ ရူးသွပ်စွာ စုစည်းလာခဲ့သည်။

ကောင်းကင်နှင့်မြေကြီး၏ ဝိညာဥ်စွမ်းအားများ အဆက်မပြတ် စုဝေးလာပြီးနောက်တွင် အဆုံးသတ်၌ ကမ္ဘာလောကကြီးကို လွှမ်းခြုံထားသော ဓားအရှိန်အဝါ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဟွမ်ယွမ်သူတော်စင်မြို့တော် တစ်ခုလုံးသည် အဆုံးမဲ့ဓားအရှိန်အဝါများဖြင့် လွှမ်းခြုံသွားခဲ့ပြီး ကြောက်မက်ဖွယ်ဓားအရှိန်အဝါများသည် အဆုံးသတ်တွင် ကောင်းကင်နှင့် မြေကြီးကို ထောက်ကန်ထားသော ဓားတိုင်လုံးကြီး ဆယ်တိုင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ကို တိုက်ခိုက်လာခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားမျိုးသည် ကောင်းကင်နှင့်မြေကြီးကို မှေးမှိန်သွားစေပြီး နေနှင့်လကိုပင် ဗြောင်းဆန်သွားစေရန် လုံလောက်၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဟင်းလင်းပြင်များက ဆက်တိုက်ဆိုသလို ကြေမွသွားခဲ့သည်။

ဟွမ်ယွမ် သူတော်စင်မြို့တော်၏ မြို့ကာကွယ်ရေး အစီအရင်သည်ပင် ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ခံနိုင်ရည် မရှိတော့ဘဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။

ယွမ်ထျန်းဟွာ၏ အရပ်ဆယ်မျက်နှာ ဓားသိုင်းကြောင့် ဖြစ်ပေါ်လာသော ဧရာမ ဓားတိုင်လုံးကြီး ဆယ်တိုင်စလုံးသည် ကျန်းချန်၏ အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်းအောက်တွင် အဆက်မပြတ် ကြေမွသွားခဲ့ပြီး ဓားအလင်း အစအနများ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျောက်ကွယ်သွားခဲ့သည်။

ယွမ်ထျန်းဟွာက ဟင်းလင်းပြင်ထဲတွင် နောက်သို့ ပေရာပေါင်း များစွာ ဆုတ်ခွာသွားခဲ့ရ၏။

ဤအခိုက်အတန့်တွင် လူသားဧကရာဇ်ဓားနှင့် အတူ ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်၏ ကျယ်လောင်စွာ ရယ်မောသံသည် ဟွမ်ယွမ်မြို့တော်၏ အထက်တွင် ပဲ့တင်ထပ်နေခဲ့သည်။

“ဟားဟား ယွမ်ထျန်းဟွာ.. မင်းတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေရဲ့ အစွမ်းအစက ဒီလောက်ပဲလား”

ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ထိုအခိုက်အတန့်တွင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့ပြီး ကျန်းချန်၏ ရယ်မောသံသာလျှင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။

ဟွမ်ယွမ်မြို့တော် အတွင်းရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရင်ထဲတွင် အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေခဲ့ကြသည်။

ယွမ်ထျန်းဟွာသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်သော ဟွမ်ယွမ်ဓားဂိုဏ်းမှ အကြီးအကဲချုပ် ဖြစ်ပြီး မဟာယာန အထွတ်အထိပ် အဆင့်ရှိ အနှိုင်းမဲ့ ဓားကျင့်ကြံသူ တစ်ဦးလည်း ဖြစ်ကာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်သည်။

ဤမျှအစွမ်းထက်သော ကျင့်ကြံသူပင်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ပြိုင်ဘက်မဖြစ်နိုင်ခဲ့ပေ။

“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ဒါက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် စွမ်းအားလား”

ရွှယ်ယွင်ထျန်းက ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါး ကဲ့သို့ ဟင်းလင်းပြင်တွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကျန်းချန်က အလွန်အမင်း အစွမ်းထက်ပြီး သူ့ထက်ပင် များစွာ သာလွန်မှန်း သိထားသော်လည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ယွမ်ထျန်းဟွာ ကဲ့သို့ မဟာယာန အထွတ်အထိပ်အဆင့် အနှိုင်းမဲ့ ဓားကျင့်ကြံသူ ပင်လျှင် ကျန်းချန်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည် မဟုတ်ပါလော။

အကယ်၍ တစ်ဦးချင်းသာ တိုက်ခိုက်မည် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးတွင် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်ကို ယှဥ်နိုင်မည့်သူ ရှိနိုင်မည်ဟု သူ မထင်ပေ။

အခန်း(၂၆၀၆)ပြီး၏။

All Chapters