← Chapters

အခန်း (၂၆၀၇-၂၆၀၈)

Vol. 201 Ch. 2607-2608

အခန်း (၂၆၀၇-၂၆၀၈)

Vol. 201 Ch. 2607-2608

အခန်း(၂၆၀၇)

“လူသားဧကရာဇ်.. သူနဲ့အချိန်မဖြုန်းနဲ့တော့.. ငါတို့ဒီက အမြန်ဆုံးထွက်ခွာမှဖြစ်မယ်.. ဟွမ်ယွမ်ဓားဂိုဏ်းမှာ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ယောက် ရှိသေးတယ်.. သူတို့သာ ဟွမ်ယွမ်သူတော်စင် မြို့တော်ကို ရောက်လာခဲ့ရင် ငါတို့ ဒီကထွက်ဖို့ ခက်ခဲသွားလိမ့်မယ်”

ရွှယ်ယွင်ထျန်းက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ထံ အလျင်အမြန် အသံ လှမ်းပို့လိုက်သည်။

ကျန်းချန်၏ စွမ်းရည်သည် မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူများထက် မနိမ့်သော်လည်း နှစ်ယောက်တစ်ယောက် သို့မဟုတ် သုံးယောက်တစ်ယောက် ရင်ဆိုင်နိုင်ရန်မှာ မသေချာပေ။

ရွှယ်ယွင်ထျန်း၏ သတိပေးသံကိုကြားလျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ တတိယမြောက် ဓားကွက်ကို ထုတ်ဖော်ကာ ယွမ်ထျန်းဟွာကို တိုက်ခိုက်လိုက်သည်။

“ဟွမ်ယွမ်ဓားကိုယ်ယောင်ဖျောက်ခြင်းပညာရပ်”

ယွမ်ထျန်းဟွာသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်၍ ကျန်းချန်၏ ဓားကွက်ကို ရင်ဆိုင်ရစဥ်တွင် ထိတ်လန့်ခြင်း မရှိခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ကနေ ဓားအရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားအရှိန်အဝါများနှင့်အတူ ကောင်းကင်နှင့်မြေကြီး ကြားတွင် ရောနှောသွားခဲ့ကာ ဤလောကထဲတွင် မရှိတော့သကဲ့သို့ ဖြစ်သွားခဲ့သည်။

အင်မော်တယ် ဖျက်ဆီးခြင်း ဓားသိုင်း၏ ကြောက်မက်ဖွယ်ဓားအလင်းသည် ဓားအရှိန်အဝါများကို ဖြတ်သန်းသွားသော်လည်း ယွမ်ထျန်းဟွာကို အနည်းငယ်မျှပင် မထိခိုက်စေခဲ့ပေ။

ဟွမ်ယွမ်ဓားကိုယ်ယောင်ဖျောက်ခြင်း ပညာရပ်သည် အသက်ဘေးမှ လွတ်မြောက်ရန် အတွက် အထူးတီထွင်ထားသည့် ဟွမ်ယွမ်ဓားဂိုဏ်း၏ အထွတ်အထိပ်ပညာရပ် ဖြစ်ပြီး ကျင့်ကြံရန် အလွန်တရာ ခက်ခဲသည်။

ဟွမ်ယွမ်ဓားဂိုဏ်း တစ်ဂိုဏ်းလုံးတွင်ပင် ထိုပညာရပ်ကို တတ်မြောက်ထားသူ သုံးယောက်ထက် မပိုပေ။

မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးသည် ဟွမ်ယွမ်ဓားကိုယ်ယောင်ဖျောက်ခြင်း ပညာရပ်ကို တတ်မြောက်သွားလျှင် မရှုံးနိမ့်နိုင်တော့ပေ။

မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ဟွမ်ယွမ်ဓားကိုယ်ယောင်‌ဖျောက်ခြင်း ပညာရပ်အား အသုံးပြုထားသည့် ကျင့်ကြံသူကို သတ်ဖြတ်ရန် မလွယ်ကူပေ။

ဤအသက်ကယ် ပညာရပ်သည် အင်မော်တယ် ကျင့်စဥ်နှင့်ပင် နှိုင်းယှဥ်နိုင်စွမ်း ရှိသည်။

“လူသားဧကရာဇ်ကျန်းချန်.. မင်းက ငါ့ကို အသာစီးရနေရင်တောင် ငါ့ကို သတ်ဖြတ်ဖို့တော့ အရည်အချင်း မရှိသေးဘူး.. မကြာခင် ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရောက်လာတော့မယ်.. အဲဒီအချိန်ကျရင် မင်း ဘယ်လိုမှ မလွတ်မြောက်နိုင်တော့ဘူး”

ထိုအခိုက်အတန့်တွင် ယွမ်ထျန်းဟွာ၏ အေးစက်စက် စကားသံက ကောင်းကင်နှင့်မြေကြီးကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူက တကယ်ကို ရင်ဆိုင်ရခက်ခဲတာပဲ”

ဤမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် စိတ်ထဲကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူ၏ လက်ရှိစွမ်းအားဖြင့် မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူများကို အသာစီးကနေ တိုက်ခိုက်နိုင်သော်လည်း ၎င်းတို့ကို သတ်ဖြတ်ချင်လျှင်မူ ဝှက်ဖဲအချို့ကို ထုတ်သုံးမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ခပ်မြန်မြန် လက်စသတ်ရန် ဆုံးဖြတ်လိုက်သည်။

ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ့ရှေ့ရှိ အဘိုးအိုထက်ပင် ပို၍ အစွမ်းထက်နိုင်ခြေ ရှိသည်။

ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သာ ရောက်လာခဲ့လျှင် သူ့အနေဖြင့် နှစ်ယောက်တစ်ယောက် တိုက်ရမည် ဖြစ်ရာ ယင်းသည် လွယ်ကူသော ကိစ္စ မဟုတ်ပေ။

သူက ထိုနှစ်ယောက်ကို အနိုင်ယူနိုင်လျှင်ပင် ပေးဆပ်မှုအချို့ ရှိလာနိုင်၏။

ဤအခြေအနေတွင် ဟွမ်ယွမ်သူတော်စင်မြို့တော်ထဲတွင် ပိတ်မိသွားလျှင် သူ့အတွက် အနည်းငယ် အကျပ်အတည်း ဖြစ်လာနိုင်သည်။

“ယွမ်ထျန်းဟွာ.. ဒီဧကရာဇ်က မင်းကို ဘာမှမတတ်နိုင်တော့ဘူးလို့ ထင်နေတာလား”

ကျန်းချန်က ကောင်းကင်နှင့်မြေကြီး ကြားတွင် ရောနှောနေသော ဟွမ်ယွမ်ဓားအရှိန်အဝါကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်သည်။

ကြောက်မက်ဖွယ်ရာကောင်းသော အုပ်စိုးသူအဆင့် စွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့သည်။

“အပြာရောင်ဧကရာဇ်ဓားသိုင်း”

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် လူသားဧကရာဇ်ဓားကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်းသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့ပြီး အလင်းတံခါးတစ်ခုကို ထွက်ပေါ်လာစေခဲ့သည်။

“ဝုန်း..”

ကျန်းချန်နှင့် အလွန်ရင်းနှီးသော အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားသည် ထိုအလင်းတံခါးထဲကနေ ထွက်ပေါ်လာခဲ့သည်။

သူက အောက်ဘက်ရှိ ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“ဘယ်ဆိုးလို့လဲ ကောင်လေး.. မတွေ့ရတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်.. မင်းက ဒီအဆင့်အထိ တိုးတက်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ထိုစကားကို ပြောပြီးသည်နှင့် အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရား၏ အကြည့်သည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ရောနှောနေသော ဟွမ်ယွမ်ဓားအရှိန်အဝါ ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

“ဒီအရှိန်အဝါက ရင်းနှီးနေသလိုပဲ”

အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားက ဟွမ်ယွမ်ဓားအရှိန်အဝါကို တအံ့တဩ ကြည့်လိုက်ပြီးနောက်တွင် လက်ညှိုးတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်သည်။

“ဝုန်း..”

ကျန်းချန် မည်သို့မျှ တိုက်ခိုက်၍ မရခဲ့သော ဟွမ်ယွမ်ဓားအရှိန်အဝါသည် တစ်ခဏအတွင်း ပြိုကွဲသွားခဲ့ပြီး ယွမ်ထျန်းဟွာ၏ ပုံရိပ်သည် ထွက်ပေါ်လာခဲ့၏။

ယွမ်ထျန်းဟွာ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ သူ၏အရှိန်အဝါသည်လည်း တစ်ခဏအတွင်း အားနည်းသွားခဲ့သည်။

သူက ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားကို ကြည့်ကာ အထိတ်တလန့်ဖြစ်နေခဲ့သည်။

“အင်မော်တယ်ဆက်သွယ်ခြင်းပညာရပ်.. ဒီစကြဝဠာထဲမှာ အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေခဲ့တာ ကြာပြီ.. မင်းက ဘယ်လိုလုပ်ပြီး အင်မော်တယ်နဲ့ ဆက်သွယ်နိုင်ရတာလဲ”

“အင်မော်တယ်ဆက်သွယ်ခြင်းပညာရပ်လား”

ယွမ်ထျန်းဟွာ၏ ထိတ်လန့်တကြား ရေရွတ်သံသည် ဟွမ်ယွမ်သူတော်စင်မြို့၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားရာ ဗဟုသုတ ကြွယ်ဝသော ကျင့်ကြံသူများသည် မျက်နှာအကြီးအကျယ် ပျက်သွားခဲ့ကြသည်။

အင်မော်တယ်ဆက်သွယ်ခြင်း ပညာရပ် ဆိုသည်မှာ အင်မော်တယ်များထံမှ အကူအညီ‌တောင်းခံသော ပညာရပ် ဖြစ်သည်။

အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အင်မော်တယ်လမ်းစဥ် မပြတ်တောက်မီက ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးများတွင် အင်မော်တယ်လောကသို့ ရောက်ရှိသွားသည့် အင်မော်တယ်များ ရှိခဲ့ကြသည်။

အင်မော်တယ်ဂိုဏ်းကြီးများသည် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ဖြင့် အင်မော်တယ်များကို ပင့်ဖိတ်နိုင်ပြီး ယင်းသည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးများ၏ အားအကောင်းဆုံး ဝှက်ဖဲလည်း ဖြစ်ခဲ့သည်။

သို့သော်လည်း အင်‌မော်တယ်လမ်းစဥ် ပြတ်တောက်သွားကတည်းကစ၍ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် အင်မော်တယ်များနှင့် မဆက်သွယ်နိုင်တော့ပေ။

ဟွမ်ယွမ်ဓားဂိုဏ်းသည် ရှည်လျားသော သမိုင်းကြောင်းရှိ၍ အင်မော်တယ်‌လောကသို့ ရောက်ရှိသွားသော ဘိုးဘေးများသည် လက်တစ်ဖက်စာမက ရှိပြီး အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကိုလည်း ပိုင်ဆိုင်ထား၏။

ဟွမ်ယွမ်ဓားဂိုဏ်း၏ အကြီးအကဲချုပ် အနေဖြင့် ယွမ်ထျန်းဟွာသည် အခါအားလျော်စွာ ဘိုးဘေးများကို ပင့်ဖိတ်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ အရာမထင်ခဲ့ပေ။

ယခု ကျန်းချန်က အင်မော်တယ်များကို ပင့်ဖိတ်နိုင်သည့် အင်မော်တယ် ဆက်သွယ်ခြင်းပညာရပ်ကို အသုံးပြုလိုက်သည်ဖြစ်ရာ ယွမ်ထျန်းဟွာသည် မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

“ဒီစကြဝဠာက အင်‌မော်တယ်လောကနှင့် အတင်းအကျပ် အဆက်ဖြတ်ခံထားရပေမဲ့ ငါ့လိုလူကို ဘယ်လိုလုပ်ပြီး သက်ရောက်မှု ရှိနိုင်မှာလဲ”

အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားက ယွမ်ထျန်းဟွာကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“မင်းက မိတ်ဆွေဟောင်းနဲ့ ပတ်သက်နေတာကြောင့် ငါ ဒီနေ့မင်းကို မသတ်တော့ဘူး.. တကယ်လို့ ငါ့လူကို တစ်ခုခု လုပ်ရဲရင် မင်းတို့ ဘိုးဘေး ကိုယ်တိုင် ဆင်းသက်လာရင်တောင် မင်းကို မကယ်နိုင်စေရဘူး”

အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားက ထိုစကားကိုပြောပြီးသည်နှင့် ကျန်းချန်ကို လှည့်ကြည့်လိုက်သည်။

သူ၏စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ကောင်လေး ဒီနေ့ပြီးရင် ငါ ဒီစကြဝဠာထဲကို ထပ်ပြီးဆင်းလာနိုင်တော့မှာ မဟုတ်ဘူး.. ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ.. ငါ အင်မော်တယ် လောက ကနေ မင်းကို စောင့်နေမယ်”

ကျန်းချန်ကို မှာကြားပြီးနောက်တွင် အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားသည် အလင်းတံခါး ထဲသို့ လှမ်းဝင်သွားခဲ့ကာ ကောင်းကင်နှင့်မြေကြီး ကြားတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ဓားနတ်ဘုရား၏ စကားကို ကြားလျှင် ကျန်းချန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

“ဒီစကြဝဠာထဲကို ထပ်ပြီး မဆင်းသက်လာတော့ဘူး ဆိုပါလား”

ယင်းမှာ နောင်အခါများတွင် အပြာရောင်ဧကရာဇ် ဓားကွက်ဖြင့် ဓားနတ်ဘုရားကို ပင့်ဖိတ်၍ ရတော့မည် မဟုတ်ဟု ဆိုလိုနေသည် မဟုတ်ပါလော။

ကျန်းချန်က ခေါင်းကိုခါရမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်လက် မတွေးတော့ပေ။

သူက ယွမ်ထျန်းဟွာကို လျစ်လျူရှုလိုက်ပြီး ရွှယ်ယွင်ထျန်းတို့နှစ်ဦးကို ခေါ်ကာ အလင်းတန်းသုံးခု အဖြစ် ပြောင်းလဲ၍ ကောင်းကင်ယံသို့ တိုးဝင်ကာ ထွက်ခွာသွားခဲ့သည်။

ယွမ်ထျန်းဟွာက ကျန်းချန်တို့ သုံးယောက် ထွက်သွားသည့်ဘက်ကို ကြည့်နေခဲ့သော်လည်း ဘာမျှ မလုပ်ဆောင်နိုင်ခဲ့ပေ။

အစောပိုင်းက ကျန်းချန် အသုံးပြုခဲ့သော အင်မော်တယ်ဆက်သွယ်ခြင်းပညာရပ်သည် သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်။

ယခုအခါတွင် သူ၏ စွမ်းအားက အထွတ်အထိပ်အခြေအနေ၏ ဆယ်ပုံတစ်ပုံမျှပင် မကျန်ရှိတော့သဖြင့် ကျန်းချန်ကို တားဆီးနိုင်စွမ်း မရှိတော့ချေ။

အကယ်၍ အထွတ်အထိပ် အခြေအနေတွင် ရှိနေလျှင်ပင် ယွမ်ထျန်းဟွာသည် ကျန်းချန်ကို တားဆီးရန် မဝံ့ရဲတော့ပေ။

အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်သည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်းပြီး သူ့အနေဖြင့် လုံးဝ ခုခံနိုင်စွမ်းမရှိပေ။

အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားသာ ညှာတာမှု မရှိခဲ့လျှင် သူက အသက်ပျောက်သွားလောက်ပြီ ဖြစ်သည်။

ထို့အပြင် ကျန်းချန် ပင့်ဖိတ်လိုက်သော ဓားနတ်ဘုရားသည် သူတို့ ဘိုးဘေးနှင့် အသိအကျွမ်း ဖြစ်ပုံရ၏။

​

အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားက အင်မော်တယ်လောကကို တက်လှမ်းသွားသော သူတို့ဘိုးဘေး၏ အသိအကျွမ်းတစ်ယောက် ဖြစ်မှန်း သိလိုက်ရသဖြင့် ယွမ်ထျန်းဟွာသည် ကျန်းချန်ကို မဆင်မခြင် မလုပ်ရဲတော့ပေ။

“ဝုန်း..”

ယွမ်ထျန်းဟွာ တစ်ယောက်တည်း အတွေးနက်နေစဥ်မှာပင် ကမ္ဘာကြီးကိုပင် ထိုးဖောက်နိုင်လောက်သည့် ဓားအလင်းတန်းတစ်ခုသည် ကြယ်တံခွန် တစ်ခုနှယ် ယွမ်ထျန်းဟွာ၏ ရှေ့သို့ ကျဆင်းလာခဲ့သည်။

အခန်း(၂၆၀၇)ပြီး၏။

အခန်း(၂၆၀၈)

ယွမ်ထျန်းဟွာ၏ ရှေ့မှ ဓားအလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက်တွင် ဓားကဲ့သို့သော မျက်ခုံးအစုံ၊ ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများနှင့် အတူ အနှိုင်းမဲ့ အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် ရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး အဖြစ် ပြောင်းလဲသွားခဲ့သည်။

ယွမ်ထျန်းဟွာက သူ၏ ရှေ့မှ ရွှေရောင်ဝတ်ရုံဝတ် အမျိုးသားကို ကြည့်ကာ လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် ရောက်လာပြီပဲ"

ဤရွှေရောင်ဝတ်ရုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တခြားသူ မဟုတ်ဘဲ ဟွမ်ယွမ်ဓားဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ယွမ်ဝမ်ကျန့်ပင် ဖြစ်သည်။

"အကြီးအကဲ ထျန်းဟွာ.. ဟွမ်ယွမ် သူတော်စင်မြို့တော်မှာ ဘာတွေဖြစ်ခဲ့တာလဲ.. ဘာလို့ ဒီလောက်အထိ ဖြစ်သွားရတာလဲ"

ယွမ်ထျန်းချီ၏ သနားစဖွယ် အခြေအနေကို ကြည့်ရင်း ယွမ်ဝမ်ကျန့်၏ နက်ရှိုင်းသော မျက်ဝန်းထဲတွင် အံ့သြ တုန်လှုပ်သော အမူအရာများ ပေါ်လာခဲ့သည်။

ယွမ်ထျန်းဟွာ ထံမှ အရေးပေါ် သတင်းရရှိပြီး ဟွမ်ယွမ်သူတော်စင် မြို့တော်သို့ ကူညီရန် လာခဲ့သော်လည်း မြို့တော်၏ တိကျသော အခြေအနေကို ယွမ်ဝမ်ကျန့် ကောင်းစွာ မသိသေးပေ။

သို့သော်လည်း ယွမ်ထျန်းဟွာ၏ စွမ်းအားနှင့် ပတ်သက်၍မူ ယွမ်ဝမ်ကျန့်သည် သဘာဝကျစွာပင် အလွန်ရှင်းလင်းစွာ သိရှိထားသည်။

ယွမ်ထျန်းဟွာသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အလွန်စီနီယာကျသော မဟာယာန အထွတ်အထိပ်အဆင့် ဓားကျင့်ကြံသူ ဖြစ်ပြီး မဟာယာန အထွတ်အထိပ် အဆင့်ကို ဂိုဏ်းချုပ်ဖြစ်သည့် သူ့ထက်ပင် အရင်ရောက်ခဲ့သူ ဖြစ်သည်။

ဂိုဏ်းချုပ်တစ်ဦး ပိုင်ဆိုင်ထားသည့် ဝှက်ဖဲအချို့၏ အကူအညီ မပါဘဲ ယွမ်ဝမ်ကျန့်သည်ပင် ယွမ်ထျန်းချီကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။

အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံတွင် မည်သူက ဤမျှအထိ ရမ်းကားရဲပြီး ယွမ်ထျန်းဟွာကို ဤကဲ့သို့ သနားစဖွယ် အခြေအနေမျိုး ရောက်အောင် လုပ်ခဲ့သည်ကို သူ အမှန်တကယ် နားမလည်နိုင် ဖြစ်နေခဲ့သည်။

"ဂိုဏ်းချုပ်.. နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရောက်နေတယ်"

ယွမ်ထျန်းဟွာက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ဟွမ်ယွမ်သူတော်စင် မြို့တော်တွင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။

"နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က တကယ်ကို အတင့်ရဲတာပဲ.. ငါက ဒဏ္ဍာရီလာ အင်မော်တယ် ကျောက်တိုင်ကို ရှာဖို့အတွက် နတ်ဘုရားနယ်မြေကို တစ်ကျော့ပြန် ကျူးကျော်ဖို့ ပြင်နေစဥ်မှာ နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဆီကို အရင် ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး"

ယွမ်ဝမ်ကျန့်၏ တစ်ကိုယ်လုံးသည် တစ်ခဏအတွင်း သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။

"ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းကို ချက်ချင်း ဆင့်ခေါ်လိုက်.. သွေးနတ်ဆိုးဂိုဏ်းကို မြေလှန်ပြီး နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ဖမ်းဆီးရမယ်"

ထိုစကားကို ကြားလျှင် ယွမ်ထျန်းဟွာက အလျင်အမြန် တားဆီးလိုက်သည်။

"မဖြစ်ဘူး ဂိုဏ်းချုပ်"

"ဘာလို့လဲ"

ယွမ်ဝမ်ကျန့်၏ မျက်ဝန်းများက မှေးကျဥ်းသွားခဲ့ပြီး မျက်နှာထက်တွင် မကျေမနပ် အမူအရာ ပေါ်လာခဲ့သည်။

ယွမ်ထျန်းဟွာက ခါးသီးစွာ ပြုံးလိုက်သည်။

"နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က ငါ့ကို ဘယ်လို အနိုင်ယူခဲ့တယ် ဆိုတာ ဂိုဏ်းချုပ် သိလား"

ယွမ်ဝမ်ကျန့် တခဏမျှ မှင်တက်သွားခဲ့သည်။

ယွမ်ထျန်းဟွာသည် ဟွမ်ယွမ်ဓားဂိုဏ်း၏ အထွတ်အထိပ် ပညာရပ် တစ်ခု ဖြစ်သည့် ဟွန်ယွမ်ဓားကိုယ်ယောင်ဖျောက်ခြင်း ပညာရပ်ကို တတ်မြောက်ထား၍ မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် အရှုံးမရှိနိုင်ပေ။

သူက ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သော်လည်း ဂိုဏ်း၏ ဝှက်ဖဲများကို အသုံးမပြုလျှင် ဟွမ်ယွမ်ဓားကိုယ်ယောင်ဖျောက်ခြင်း ပညာရပ်ကို ဖျက်ဆီးပြီး ယွမ်ထျန်းဟွာကို အနိုင်ယူရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်သည် အုပ်စိုးသူ အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ဖြစ်နေစေကာမူ ဤမျှ တိုတောင်းသော အချိန်အတွင်း ယွမ်ထျန်းဟွာကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

"နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်က အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုပြီး အဆင့်နိမ့်လောကကို အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားတစ်ပါး ဆင်းသက်လာအောင် လုပ်နိုင်ခဲ့တယ်... အဲဒီ ဓားနတ်ဘုရားက ငါတို့ ဟွန်ယွမ်ဓားဂိုဏ်းရဲ့ ဘိုးဘေးနဲ့ အသိအကျွမ်းတွေသာ ဖြစ်မနေခဲ့ရင် ငါ အခုလောက်ဆို အပိုင်းပိုင်း ဖြစ်နေလောက်ပြီ"

ယွမ်ထျန်းဟွာက လေးနက်စွာ ပြောလိုက်သည်။

"ဒါ.. ဒါ မဖြစ်နိုင်ဘူးထင်တယ်"

ယွမ်ထျန်းဟွာ၏ စကားကြောင့် ယွမ်ဝမ်ကျန့်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ဟွမ်ယွမ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာကတည်းကပင် ယွမ်ဝမ်ကျန့်သည် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို ဆယ်ကြိမ်ထက် မနည်း ကြိုးစားခဲ့သော်လည်း တစ်ကြိမ်မျှ မအောင်မြင်ခဲ့ပေ။

ဆိုရလျှင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်နေသော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို လုံးဝ အသုံးပြု၍ မရနိုင်ချေ။

နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်က အင်မော်တယ် တစ်ပါးကို အဆင့်နိမ့် လောကဆီ ဆင်းသက်လာအောင် မည်ကဲ့သို့ လုပ်နိုင်ရပါသနည်း။

ထို့အပြင် သူသိထားသလောက် နတ်ဘုရားနယ်မြေ ဆိုသည်မှာ အင်မော်တယ် တစ်ပါးပင် မွေးဖွားရန် ခက်ခဲသော စကြဝဠာ အသေးလေး တစ်ခုသာ ဖြစ်သည်။

ထိုစကြဝဠာတွင် အင်မော်တယ် ဟူ၍ မရှိသလောက် ဖြစ်ရာ အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ် လုံးဝ ရှိမည် မဟုတ်ပေ။

အကယ်၍ နတ်ဘုရားနယ်မြေသာ အင်မော်တယ်ကို ပင့်ဖိတ်နိုင်သည်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို မည်ကဲ့သို့ တိုက်ခိုက်ရပါမည်နည်း။

"ငါလည်း မယုံချင်ပါဘူး.. ဒါပေမဲ့ ဟွမ်ယွမ်သူတော်စင်မြို့တော်ထဲက ကျင့်ကြံသူအားလုံး အသေအချာ မြင်လိုက်ကြတာပဲ.. အဲဒါက ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ"

ယွမ်ထျန်းဟွာက ခါးသီးစွာ ပြုံးလိုက်သည်။

"အဲဒီ အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားက ငါတို့ကို သတိပေးသွားသေးတယ်.. တကယ်လို့ ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းက နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်ကို ထပ်ပြီး ထိခိုက်အောင် လုပ်ရဲရင် သူက ဘိုးဘေးရဲ့ မျက်နှာကို ထောက်ထားတော့မှာ မဟုတ်ဘူးတဲ့"

ဤစကားကို ကြားလျှင် ယွမ်ဝမ်ကျန့်၏ မျက်နှာအမူအရာက တစ်ခဏအတွင်း သုန်မှုန်သွားခဲ့သည်။

အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ဖြင့် ပင့်ဖိတ်လိုက်သော အင်မော်တယ်သည် မူလခန္ဓာကိုယ်ဖြင့် ရောက်ရှိလာခြင်း မဟုတ်စေကာမူ မဟာယာန အဆင့် ကျင့်ကြံသူများ ရင်ဆိုင်နိုင်သော အရာမျိုး မဟုတ်သည်မှာ သေချာ၏။

ယင်းအပြင် နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ် ပင့်ဖိတ်လိုက်သော အပြာရောင်ဝတ်စုံဝတ် ဓားနတ်ဘုရားက သူတို့ ဟွမ်ယွမ်ဓားဂိုဏ်းကနေ အင်မော်တယ် ဖြစ်သွားသော ဘိုးဘေးနှင့် အသိအကျွမ်း ဖြစ်နေခဲ့သည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူတို့အနေဖြင့် ယခုအခါတွင် နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်ကို ရင်ဆိုင်ရန် နည်းလမ်း မရှိတော့သလို နတ်ဘုရားနယ်မြေကို ကျူးကျော်ပြီး ဒဏ္ဍာရီလာ အင်မော်တယ် ကျောက်တိုင်ကို ရှာဖွေရန်မှာလည်း မဖြစ်နိုင်တော့ပေ။

"အကြီးအကဲ ထျန်းဟွာ...အခု ငါတို့ ဘာဆက်လုပ်သင့်တယ်လို့ မင်းထင်လဲ"

နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်၏ အခြေအနေကို တွေးမိလျှင် ယွမ်ဝမ်ကျန့် ခေါင်းကိုက်သွားခဲ့သည်။

နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်သည် မဟာယာန အထွတ်အထိပ် အဆင့်နှင့် ယှဉ်နိုင်ရုံသာမက အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကိုပါ အသုံးပြုပြီး အင်မော်တယ် တစ်ပါးကို ပင့်ဖိတ်နိုင်သည် ဖြစ်၍ လက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ပြိုင်ဘက်ကင်း ဖြစ်နေခဲ့ချေပြီ။

လူသားဧကရာဇ် ယခုတစ်ကြိမ် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရောက်လာခြင်းတွင် ရည်ရွယ်ချက်ကောင်း မရှိသည်မှာ သိသာနေခဲ့သည်။

လူသားဧကရာဇ်သည် ယခုတစ်ကြိမ် ကျင်းပသည့် အင်မော်တယ် ဂိုဏ်းပေါင်းစုံ ညီလာခံကို ဖျက်ဆီးလိုက်ရုံသာမက မဟာယာန အဆင့် ကျင့်ကြံသူ ခြောက်ယောက်ကိုလည်း သတ်ဖြတ်သွားခဲ့သည်။

ထိုသူများမှာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ အစွမ်းထက် ကျင့်ကြံသူများ ဖြစ်သည်။

အကယ်၍သာ နတ်ဘုရားနယ်မြေမှ လူသားဧကရာဇ်ကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲတွင် ဤအတိုင်း လွှတ်ထားမည် ဆိုလျှင် နောက်ဆက်တွဲ အကျိုးဆက်များမှာ ခန့်မှန်း၍ မရနိုင်လောက်အောင် ဖြစ်လာပေလိမ့်မည်။

"အခြေအနေကို အရင်ကြည့်ရအောင်.. နတ်ဘုရားနယ်မြေရဲ့ လူသားဧကရာဇ်နဲ့ ငြိမ်းချမ်းရေးယူလို့ ရမလား ဆိုတာကိုပေါ့"

ယွမ်ထျန်းဟွာ၏ အကြည့်က အနည်းငယ် လေးနက်သွားခဲ့၏။

"ငါ စဉ်းစားနေတာက နတ်ဘုရားနယ်မြေက လူသားဧကရာဇ်တောင် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို သုံးပြီး အင်မော်တယ်ကို ပင့်ဖိတ်နိုင်တယ်ဆိုရင် ငါတို့ ဟွမ်ယွမ်ဓားဂိုဏ်းကလည်း အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို သုံးပြီး အင်မော်တယ်လောကကို ရောက်နေတဲ့ ဘိုးဘေးတွေနဲ့ ဆက်သွယ်လို့ မရနိုင်ဘူးလား"

ထိုစကားကို ကြားလျှင် ယွမ်ဝမ်ကျန့်၏ မျက်ဝန်းများက ရုတ်တရက် လင်းလက်သွားခဲ့သည်။

နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်သည် အင်မော်တယ် ဆက်သွယ်ခြင်း ပညာရပ်ကို သုံးပြီး အင်မော်တယ်တစ်ပါးကို ပင့်ဖိတ်နိုင်ခဲ့သည်။

ယင်းမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲတွင် တစ်ခုခု အပြောင်းအလဲ ဖြစ်သွားပြီး ပြတ်တောက်နေသော အင်မော်တယ်လမ်းစဥ် ပြန်လည် ဆက်သွယ်သွားခြင်းလည်း ဖြစ်နိုင်သည်။

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် အင်မော်တယ် ဖြစ်လာနိုင်မည့် အခွင့်အရေးပါသော အင်မော်တယ် ကျောက်တိုင်လေး တစ်ခု အတွက်ဖြင့် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသည် နတ်ဘုရားနယ်မြေကို အဘယ်ကြောင့် ကျူးကျော်ရပါမည်နည်း။

"အကြီးအကဲ ထျန်းဟွာ.. ဟွမ်ယွမ် သူတော်စင်မြို့တော်က ကိစ္စတွေကို ကြည့်စီစဥ်ထားလိုက်ပါ.. ငါ အရင် ပြန်သွားလိုက်ဦးမယ်"

ယွမ်ဝမ်ကျန့်က စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

ယွမ်ဝမ်ကျန့် အလျင်အမြန်လာပြီး အလျင်အမြန် ပြန်သွားသည်ကို ကြည့်ကာ ယွမ်ထျန်းဟွာ၏ မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့သော အမူအရာများ ပေါ်လာခဲ့သည်။

ယနေ့ တိုက်ပွဲတွင် နတ်ဘုရားနယ်မြေ၏ လူသားဧကရာဇ်သည် မဟာယာန အဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို သတ်ဖြတ်သွားခဲ့သည်။

ခြောက်ယောက်စလုံးသည် မဟာယာန အဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ဖြစ်ကြသည်။

ထိုသူများထဲတွင် ဝူကျိအင်မော်တယ်ဂိုဏ်းမှ ဝူထျန်းနှင့် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ချင်းဟယ် တို့လည်း ပါဝင်၏။

ယင်းကြောင့် ၎င်းတို့ နောက်ကွယ်ရှိ ဂိုဏ်းများက ဤကိစ္စကို အလွယ်တကူ လွှတ်ထားမည် မဟုတ်သည်မှာ သေချာသလောက်ပင်။

ယွမ်ထျန်းချီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။

သူ၏ ပုံရိပ်သည် အောက်ဘက်ရှိ ဟွမ်ယွမ်သူတော်စင်မြို့တော် ဆီသို့ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။

-------------------------

​ဟွမ်ယွမ် ကောင်းကင်နယ်မြေ အတွင်းရှိ တိမ်ကင်းစင်သော ကောင်းကင်ယံထက်တွင် ပုံရိပ်သုံးခုသည် အလင်းတန်းများသဖွယ် ကောင်းကင်ကို ဖြတ်သန်းသွားနေကြသည်။

ဤပုံရိပ် သုံးခုမှာ ဟွမ်ယွမ်သူတော်စင်မြို့တော်မှ ထွက်ခွာလာကြသည့် ကျန်းချန်တို့ သုံးယောက်ပင် ဖြစ်သည်။

"လူသားဧကရာဇ် ကျန်းချန်.. အခု မင်းရဲ့ အထောက်အထားက ပေါ်သွားခဲ့ပြီ ဆိုတော့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းက မင်းကို အလွယ်တကူ အလွှတ်ပေးမှာ မဟုတ်ဘူး.. မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"

ရွှယ်ယွင်ထျန်းက ကျန်းချန်ကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။

သူတို့က ဟွမ်ယွမ် သူတော်စင်မြို့တော်ကနေ လွတ်မြောက်လာခဲ့သော်လည်း အခြေအနေမှာ အလွန် စိုးရိမ်စရာ ကောင်းနေဆဲ ဖြစ်သည်။

သူတို့ နောက်ထပ် ရင်ဆိုင်ရမည့် အရာမှာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးပင် ဖြစ်လာနိုင်၏။

ကျန်းချန်၏ စွမ်းအားမှာ ထိတ်လန့်စရာ ကောင်းပြီး ယွမ်ထျန်းဟွာ နှင့် တခြား မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူများကိုပင် အနိုင်ယူနိုင်သော်လည်း အဆုံးသတ်တွင် လက်နှစ်ဖက်သည် လက်လေးဖက်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

သိထားရမည့်အချက်မှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် မဟာယာန အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ငါးယောက် အထိ ရှိနေပြီး အဓိက ဂိုဏ်းကြီးများတွင် သိုသိုသိပ်သိပ် နေထိုင်နေသော မွန်းစတားအို အချို့လည်း ရှိနေသေးသည်။

အကယ်၍ ကျန်းချန်တွင် တခြား ပြင်ဆင်မှုများ မရှိခဲ့လျှင် သူ တစ်ယောက်တည်းဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ကျန်းချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။

"အရင်ဆုံး သွေးနတ်ဆိုးဂိုဏ်းကို ပြန်ပြီးမှပဲ အဲဒီအကြောင်းကို ဆွေးနွေးကြတာပေါ့"

အခန်း(၂၆၀၈) ပြီး၏

All Chapters