အခန်း (၈၉၆-၈၉၇)
Vol. 52 Ch. 896-897
Chapter 896
စိတ်ဝိညာဉ်ဝန်ပိမှု ၄
တိမ်တိုက်မြူထုများကြားတွင် နတ်ဆိုးနတ်ဘုရားတစ်ပါးအလား ကြီးမားလှသော အရိပ်မည်းကြီး ပေါ်ထွက်လာသည်။ ရုတ်တရက်ဆိုသလို နီရဲသော မျက်လုံးလေးလုံးမှ လေဆာတန်းများ ပစ်လွှတ်လိုက်ရာ တိတ်ဆိတ်မြို့တော်ကို ဖြတ်သွားပြီး ကုန်းပတ်အတော်များများကို အပိုင်းပိုင်းအပြတ်ပြတ်သွားစေသည်။ ထိုစဉ် တိတ်ဆိတ်မြို့တော်ဘက်မှလည်း ပြန်လည်ခုခံပစ်ခတ်ရာ ကျည်ဆန်များမှာ ထိုထူးဆန်းသော သတ္တဝါ၏ ကာကွယ်ရေးစွမ်းအင် အကာအကွယ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီးနောက် ၎င်းမှာ ပြန်လည်ပျောက်ကွယ်သွားပြန်သည်။
လူသားပုံစံ ဖုတ်ကောင်သိုးထိန်းသည် ကောင်းကင်တွင် ပျံသန်းနိုင်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။ မကြာမီမှာပင် ဖုတ်ကောင်သိုးထိန်းသည် အလယ်ပိုင်းဇုန်အနီးတွင် တစ်ဖန်ပြန်ပေါ်လာပြီးနောက် အမှတ် (၂) မြို့ရိုးဘက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
“သေစမ်း”
လင်းရှန်က ဒေါသတကြီး ဆဲရေးလိုက်သည်။ ဤအကောင်၏ ပစ်မှတ်မှာ ပေါင်းစည်းမျှော်စင်သာဖြစ်ပြီး အခြားတိုက်ခိုက်မှုများကို လုံးဝဂရုမစိုက်ပေ။ ထို့ကြောင့် သူသည် မြူမီးခိုးကို ဖုတ်ကောင်သိုးထိန်းဆီသို့ ချက်ချင်း ဦးတည်စေလိုက်သည်။
“ဒီကောင်ရဲ့ ကိုယ်ပျောက်တာရော၊ တိုက်ခိုက်တာရော၊ ကာကွယ်တာရော အားလုံးက စွမ်းအင်သုံးနေရတယ်။ ငါတို့သာ သူ့ကို ဆက်တိုက်တိုက်ခိုက်နေရင် ဟန့်တားထားလို့ရတယ်” လင်းရှန်က ပြောလိုက်သည်။
ထိုစဉ် ချူယန်က ပြန်ပြောသည်။
“မဟုတ်ဘူး၊ သူက အမှတ် (၂) မြို့ရိုးနဲ့ အရမ်းနီးနေပြီ။ သူ ဘယ်လောက်ထိ ခံနိုင်ရည်ရှိဦးမလဲဆိုတာ ငါတို့မသိဘူး၊၊ ပြီးတော့ မြူမီးခိုးရဲ့ အာရုံကြောထိန်းချုပ်မှုကလည်း အကန့်အသတ်ကို ရောက်နေပြီ”
“ဒါဆိုရင် ပိုမြန်မြန်လုပ်ကြရအောင်”
“လင်းရှန်၊ ငါပြောတာကို နားထောင်ဦး”
ချူယန်သည် လင်းရှန်နှင့်အတူ ဖုတ်ကောင်သိုးထိန်းနောက်ကို လိုက်ရင်း ပြောလိုက်သည်။
“ငါတို့ရဲ့ လက်ရှိ စိတ်ဝိညာဉ်စွမ်းအားအရ ဆွဲငင်အားမှန်ဘီလူးကို တစ်ကြိမ်ပဲ သုံးလို့ရတော့မယ်။ ဒါကြောင့် တိုက်ခိုက်မယ်ဆိုရင် သေချာပေါက် အသေသတ်နိုင်ဖို့ လိုတယ်။ စောစောက ငါတို့ သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တယ်လေ၊၊ အဲ့ဒါကြောင့် ငါ့မှာ အကြံတစ်ခုရှိတယ်...”
“မလုပ်နဲ့”
လင်းရှန်နှင့် ချူယန်တို့သည် အတွေးချင်း ဆက်နွှယ်နေသဖြင့် သူမ ဘာလုပ်မည်ကို သူ ချက်ချင်း သိလိုက်သည်။
“နားထောင်ပါဦး၊၊ ဖုတ်ကောင်သိုးထိန်းက မြူမီးခိုးနဲ့ ချိတ်ဆက်နိုင်တယ်ဆိုရင် ငါလည်း သူ့ကို ပြန်ချိတ်ဆက်လို့ ရတယ်၊၊ ငါသာ စိတ်ဝိညာဉ်စွမ်းအားကို အစွမ်းကုန်သုံးပြီး ဝန်ပိအောင် လုပ်လိုက်ရင် အခွင့်အရေးတစ်ခုတော့ ရလာနိုင်တယ်...”
“ဒါဆိုရင် မင်း အသက်အန္တရာယ်ရှိသွားလိမ့်မယ်”
“အဲ့ဒါက အရေးမကြီးပါဘူး”
ချူယန်က တုံ့ဆိုင်းခြင်းမရှိပဲ ပြန်ဖြေလိုက်သည်၊၊
“နင်လည်း ကြာကြာမတောင့်ခံနိုင်တော့ဘူး။ ငါတို့မှာ အခွင့်အရေးတစ်ကြိမ်ပဲ ရှိတော့တယ်၊၊ လူတွေ အများကြီးအသက်ပေးခဲ့ရပြီးပြီ”
လင်းရှန်၏ မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားသည်။ သူသည် သွားကို တင်းတင်းကြိတ်ကာ ရှေ့သို့ တိုးဝင်သွားပြီး ယန္တရားစွမ်းအင်အမြောက်ဖြင့် နှစ်ချက် ပစ်ခတ်လိုက်သည်။ ဖုတ်ကောင်သိုးထိန်းသည် ကာကွယ်ရေးစွမ်းအင် အကာအကွယ်ဖြင့် လုံးဝကာကွယ်လိုက်ပြီးနောက် လေဆာတန်း လေးခုဖြင့် ပြန်လည်ပစ်ခတ်လိုက်ပြန်သည်။
“အား”
လင်းရှန်က အော်ဟစ်လိုက်ရင်း ရင်ဘတ်ချပ်ကာနှင့် ယန္တရားလက်မောင်းကို ဖောက်ထွက်သွားသည့် လေဆာတန်းများကို အန်တုကာ ရှေ့သို့ ဓားဖြင့် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။
ဝုန်း
ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး ဖုတ်ကောင်သိုးထိန်းလည်း နောက်သို့ တစ်ဖန် ပြန်လွင့်သွားသည်။ ဤတစ်ကြိမ်တွင် သင်္ဘောဖျက်တုန်ခါလှိုင်းဓားကြီးသည် ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားပြီး ဓားသွားမှာ အရှိန်ပြင်းစွာ လွင့်စင်သွားကာ အပေါ်ကူးတံတားတစ်ခုတွင် စိုက်ဝင်သွားပြီး တံတားကြီးတစ်ခုလုံး ချက်ချင်း ပြိုကျသွားလေသည်။
“မပြေးနဲ့”
မြူမီးခိုးက လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ဖုတ်ကောင်သိုးထိန်းသည် ခုခံရန်အတွက် ၎င်း၏ ကိုယ်ပေါ်တွင် အနီရောင်မြူများကို လျင်မြန်စွာ စုစည်းလိုက်သည်။ ထိုအချိန်မှာပင် ၎င်းသည် ပါးစပ်ကို ဟလိုက်ပြီး အားပြင်းလှသော မီးတောက်များဖြင့် လင်းရှန်တို့ကို တစ်ခဏချင်း အမှုန့်လုပ်ရန် ပြင်လိုက်သည်။ သို့သော် ထိုလက်သီးချက်မှာ အယောင်ပြသာဖြစ်ပြီး ဖုတ်ကောင်သိုးထိန်း၏ နောက်ကျောဘက်တွင် ယန္တရားတံခါးတစ်ခု ရုတ်တရက် ပွင့်လာကာ ထောင်ပေါင်းများစွာသော ဒရုန်းများ ထွက်ပေါ်လာပြီး ၎င်း၏ ဦးခေါင်းနောက်ဘက်တွင် အုံခဲကာ ပေါက်ကွဲသွားတော့သည်။
ထိုခဏ၌ ဖုတ်ကောင်သိုးထိန်း၏ ဦးခေါင်းနောက်ဘက်မှ သွေးများ ပန်းထွက်လာပြီး ရှေ့ရင်ဘတ်ရှိ အနီရောင်မြူများကိုလည်း မြူမီးခိုးထပ်မံရိုက်ခတ်လိုက်ရာ နောက်ထပ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး မြူမီးခိုးသည် လွင့်ထွက်သွားတော့သည်။ ယန္တရားလက်မောင်းပေါ်ရှိ ချပ်ကာများနှင့် စွမ်းအားမြှင့်ဂျက်စနစ်မှာ တစ်စစီပျက်စီးသွားပြီး မြူမီးခိုး၏ မီးခိုးဖြူရောင် S-Class အဆင့် ခန္ဓာကိုယ်ကြီးမှာ အရိုးအဆစ်များနှင့် ထူးဆန်းသော ဆူးချွန်များဖြင့် ကြောက်မက်ဖွယ်ရာပေါ်ထွက်လာသည်။
ဤအချိန်တွင် ဖုတ်ကောင်သိုးထိန်းသည် အကြီးအကျယ် ဒေါသထွက်သွားပြီး ကိုယ်ပျောက်စနစ်ဖြင့် ရုတ်တရက် ပျောက်ကွယ်သွားသည်။ နောက်တစ်စက္ကန့်တွင် ၎င်းသည် မြူမီးခိုးရှေ့တည့်တည့်၌ ပေါ်လာပြီး ပါးစပ်ကြီးကို ဟကာ အဖြူရောင်အလင်းတန်းတစ်ခု မှုတ်ထုတ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
အရှိန်ပြင်းလှသော အမှုန်တန်း သုံးချက်သည် မြူမီးခိုး၏ ရှေ့ဘက်ချပ်ကာများကို တစ်ခဏချင်းအတွင်း ရစရာမရှိအောင် ဖျက်ဆီးပစ်လိုက်သည်။ ၎င်း၏ ကိုယ်ပေါ်ရှိ ပျက်စီးနေသော အသားစများနှင့် သွေးခဲများမှာ ရေတံခွန်ကဲ့သို့ ပန်းထွက်လာပြီး ပတ်ဝန်းကျင်ရှိ အပျက်အစီးများနှင့် လမ်းမများကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ မြင့်မားလှသော အပူရှိန်က နျူကလီးယားပေါက်ကွဲမှုကဲ့သို့ တစ်ဆက်တည်း ပဲ့တင်ထပ်နေတော့သည်။
“လင်းရှန်”
ကီကီက အော်ဟစ်လိုက်ရင်း ကယ်တင်ရန် ပျံသန်းလာသော်လည်း ပြင်းထန်လှသော တုန်ခါမှုလှိုင်းများကြောင့် လွင့်ထွက်သွားရသည်။
တိုက်ပွဲ၏ ဗဟိုဧရိယာ ကီလိုမီတာ အနည်းငယ်အတွင်းရှိ သင်္ဘောများ၊ ခံစစ်လိုင်းများနှင့် စွမ်းအားရှင်များ အားလုံးသည် ပြာအဖြစ် ပြောင်းလဲသွားကြသည်။ မည်သူမျှ ဤတုန်ခါမှုလှိုင်းဒဏ်ကို မခံနိုင်ကြဘဲ မြူမီးခိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ တစ်ခုချင်းစီ ဆွဲဖြတ်ခံနေရသည်ကိုသာ ဘာမှမတတ်နိုင်ပဲ ကြည့်နေကြရသည်။
ပြင်းထန်သော အမှုန်တန်း သုံးချက်အပြီးတွင် ဖုတ်ကောင်သိုးထိန်း၏ ဦးခေါင်း၌ အနီရောင်အလင်းများ လက်လာသည်။ နောက်တစ်ခဏတွင် မြူမီးခိုး၏ စိတ်ဝိညာဉ်နယ်ပယ်အတွင်းရှိ ကြီးမားလှသော အနီရောင်အရိပ်ကြီးက တစ်ဖန်ပြန်ပေါ်လာပြန်သည်။
၎င်းသည် မြူမီးခိုးကို အမြစ်ပြတ် ချေမှုန်းပစ်ချင်နေခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်၌ပင် ၎င်း၏ရှေ့တွင် ရှိနေသော ချူယန်နှင့် လင်းရှန်တို့သည် ရုတ်တရက် မျက်လုံးများ ပွင့်လာကြသည်။
ဇစ် ဇစ် ဇစ်
စူပါစထရင်း နူဓာတ်ပြုအဆင့် သက်တန့်ကွင်းမှ ဝန်ပိနေသော အနီရောင်အလင်းများ ထွက်ပေါ်လာပြီး မြူမီးခိုးထံမှ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအား လှိုင်းလုံးကြီးတစ်ခု ထိုးထွက်လာသည်။ ချူယန်သည် ထိုကြောက်မက်ဖွယ် အမှောင်သတ္တဝါကြီးကို ကြည့်ကာ လင်းရှန်၏ လက်ကို လွှတ်လိုက်သည်။ သူမ၏ မျက်နှာမှာ ပြတ်သားနေပြီး စိတ်ဝိညဉ်စွမ်းအားများက ပြင်းထန်နေသည်။
“စိတ်ဆန္ဒ ဝန်ပိခြင်း”
ဝုန်း
မမြင်ရသော စိတ်ဝိညာဉ်စွမ်းအားများ တစ်ခဏချင်းအတွင်း ပေါက်ကွဲထွက်သွားသည်။ တိုက်ပွဲမြေပြင်ရှိ မြူမီးခိုး၏ ရှေ့တွင် ရပ်နေသော ဖုတ်ကောင်သိုးထိန်း၏ နီရဲသော မျက်လုံးလေးလုံးသည် အလင်းတန်းများ ပစ်လွှတ်မည့်အစား မှိန်ကျသွားတော့သည်။
ထိုခဏချင်းမှာပင် နောက်ကျော၌ ဝန်ပိနေသော အနီရောင် သက်တန့်ကွင်း သုံးကွင်း၏ စွမ်းအင်နှင့်အတူ မြူမီးခိုးသည် ပြန်လည်မတ်တပ်ရပ်လာသည်။ လင်းရှန်သည် ချူယန်၏ နာကျင်မှုကို ထပ်တူခံစားလိုက်ရပြီးနောက် သူ၏ ဘယ်ဘက်လက်ဖြင့် ကြယ်နက်ပန်းပဲဖိုကို ဆင့်ခေါ်လိုက်ကာ မြူမီးခိုး၏ ပြင်းထန်လှသော စိတ်ဝိညာဉ်အဖျက်စွမ်းအားမှတစ်ဆင့် ဆွဲငင်အားမှန်ဘီလူးကို တစ်ဖန်အသုံးပြုလိုက်သည်။
ဟင်းလင်းပြင်မှ တုန်ခါသံတစ်ခု ထွက်ပေါ်လာပြီး တိုက်ပွဲမြေပြင်ရှိ အသံအားလုံး ရုတ်တရက် ရပ်တန့်သွားကာ အရာအားလုံးမှာ ယခင်ကကဲ့သို့ ပြန်လည် တိတ်ဆိတ်သွားသည်။
တိုက်ပွဲမြေပြင်ရှိ လူတိုင်းသည် အပျက်အစီးများ ပတ်ဝန်းကျင်ရှိ မှိန်ဖျော့နေသော အလင်းရောင်များမှာ ချက်ချင်းဆိုသလို ပို၍မှောင်အတိ ကျသွားသည်ကို ခံစားလိုက်ရသည်။ မြူမီးခိုး၏ ညာလက်သီးရှေ့တွင် ပုံပျက်နေသော ဟင်းလင်းပြင်တစ်ခုဖြစ်ပေါ်လာပြီး လေထုထဲရှိ ရေဝဲဂယက်အမည်းကြီးကဲ့သို့ပင် ဖုတ်ကောင်သိုးထိန်း၏ နီရဲသော မျက်လုံးလေးလုံးမှ အလင်းရောင်များပင် တစ်ပြိုင်နက်တည်း ပုံပျက်သွားတော့သည်။
တစ်ခဏချင်းအတွင်းမှာပင် ပုံပျက်နေသော ထိုအမှောင်ထုသည် လှုပ်ရှားလာပြီး နီရဲသော အလင်းတန်းများနှင့် ကြယ်အလင်းတန်းအားလုံးကို ဝါးမျိုသွားတော့သည်။ ၎င်းသည် ကြီးမားလှသော အနီရောင်-အမည်းရောင် တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဖုတ်ကောင်သိုးထိန်း၏ ရင်ဘတ်နှင့် ဦးခေါင်းကို ထိုးဖောက်သွားခဲ့သည်။
“ယား”
လင်းရှန်သည် သူ၏ခွန်အားကို အဆုံးစွန်ထိ ထုတ်သုံးကာ ဆွဲငင်အားမှန်ဘီလူးကို ချဲ့ထွင်ရင်း ဟိန်းဟောက်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ဖုတ်ကောင်သိုးထိန်းသည် ကာကွယ်ရေးစွမ်းအင် သို့မဟုတ် အနီရောင်မြူများကို မထုတ်သုံးနိုင်တော့ပေ။ ၎င်း၏ရင်ဘတ်သည် တွင်းနက်၏ စွမ်းအားကြောင့် ပြင်းထန်စွာ ဆွဲဖြဲခံလိုက်ရပြီး ဦးခေါင်းတစ်ခုလုံးလည်း ကြေမွပျက်စီးသွားကာ ကိုယ်ထည်ကြီးသာ မတ်တပ်ကျန်ရစ်တော့သည်။
Chapter 897
စိတ်ဝိညာဉ်ဝန်ပိမှု ၅
ဤတိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင် တိုက်ပွဲမြေပြင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွားသည်။ ခွန်အားအကုန်သုံးလိုက်ရသော လင်းရှန်သည် လုံးဝကို ချိနဲ့သွားပြီး သူ၏နားထဲတွင် ဗိုင်အိုလာ၏ တိုးညင်သော အသံကို ကြားလိုက်ရသည်။
[သတိပေးချက် မြူမီးခိုး၏ အာရုံကြောထိန်းချုပ်မှုနှုန်း ကျဆင်းနေသည်၊၊ လှုပ်ရှားမှု ၈၈ ရာခိုင်နှုန်းသို့ မြင့်တက်လာသည် ဇီဝပေါင်းစပ်သံချပ်ကာထိန်းချုပ်မှု ၉၂.၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်]
“လင်းရှန် လင်းရှန်”
မှောင်မိုက်နေသော အသိစိတ်နယ်ပယ်ထဲတွင် ချူယန်၏ အသိစိတ်က တဖြည်းဖြည်း ကြည်လင်လာကာ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။ သူမသည် လင်းရှန်ကို စိုးရိမ်တကြီး ကြည့်ကာ ပြောလိုက်သည်။
“ငါပြောတာ…နားထောင်…. ငါ အခုလေးတင် ဖုတ်ကောင်သိုးထိန်းရဲ့ အသိစိတ်ထဲကနေ မြင်လိုက်ရတာ အမှတ် ၅ တွင်းနက်က တွင်းနက်မိစ္ဆာလာနေပြီ”
“မင်း ဘာပြောလိုက်တယ်”
ဤအချိန်တွင် လင်းရှန်နှင့် ချူယန်တို့၏ အသိစိတ်ချိတ်ဆက်မှုမှာ ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး သူမပြောသည့် စကားအတော်များများကို မကြားရသော်လည်း သူမမြင်ခဲ့သည့် မြင်ကွင်းအချို့မှာ လင်းရှန်၏ စိတ်ထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိလာသည်။
တိမ်တိုက်များကြားတွင် လှိုင်းထနေသော ကြီးမားလှသော ကောင်းကင်မြွေကြီးများကို သူ မြင်လိုက်ရသည်။ ရေအောက်တွင်လည်း အာရုံကြောလက်တံများ လှုပ်ရှားနေသည်။
မြူထုများကြားမှ ကြောက်မက်ဖွယ်ရာ ဘီလူးကြီးများကို သူ မြင်လိုက်ရသလို ပင်လယ်နက်အောက်တွင်လည်း လူသားဦးနှောက်နှင့် တူသော ထူးဆန်းသည့် သက်ရှိတစ်ခု မျောလွင့်နေသည်ကို မြင်လိုက်ရသည်။
ချူယန်၏ အသိစိတ်မှတစ်ဆင့် လင်းရှန်သည် ဖုတ်ကောင်သိုးထိန်း၏ အမြင်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ထူးဆန်းသော သတ္တဝါများကို မြင်လိုက်ရခြင်း ဖြစ်သည်။ အံ့သြစရာအကောင်းဆုံးမှာ ပင်လယ်နက်အောက်ခြေရှိ မြင်ကွင်းပင်။ သူသည် လူသားပုံသဏ္ဌာန်များကို အမှန်တကယ် မြင်လိုက်ရသည်။
“ငါတို့ သူ့ကို မသတ်နိုင်သေးဘူး လင်းရှန်”
ချူယန်၏ တုန်ရီနေသော အော်ဟစ်သံများမှာ ပဲ့တင်ထပ်နေသည်။
ထိုအချိန်မှာပင် မြူမီးခိုး၏ ကျန်ရှိနေသော အမြင်အာရုံထဲတွင် ဖုတ်ကောင်သိုးထိန်းသည် မူလနေရာ၌ပင် မတ်တပ်ရပ်နေသည်ကို လင်းရှန် မြင်လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အမည်းရောင် အငွေ့များ ထွက်ပေါ်နေပြီး ဝါးမျိုခံလိုက်ရသော ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သည့် အရိုးများ အသားစများ သွေးများနှင့် အာရုံကြောမျှင်များမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်မျိုးဖြင့် လျင်မြန်စွာ ပြန်လည်ဖြစ်ပေါ်လာသည်။
ထို့နောက်တွင် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသော ဖုတ်ကောင်သိုးထိန်းသည် လှည့်ထွက်သွားပြီး လက်နက်ကြီးများ ပစ်ခတ်နေသည့် ကြားမှ အမှတ် ၂ မြို့ရိုးဘက်သို့ တစ်ဖန် ဦးတည်သွားပြန်သည်။
မြို့တော်တစ်ခုလုံး အသည်းအသန် တိုက်ပွဲဝင်နေရသည်ကို သူ ကြည့်နေမိသည်။ အစောင့်တပ်နှင့် သံမဏိအစောင့်တပ်ရင်းအပါအဝင် အသက်ရှင်ကျန်ရစ်သူ အများအပြားသည် တဖြည်းဖြည်း သေဆုံးနေကြသည်။ ယန္တရားတပ်ဖွဲ့သည်လည်း အမှတ် ၂ မြို့ရိုးရှေ့တွင် ဖုတ်ကောင်သိုးထိန်းကြောင့် တစ်ခုပြီးတစ်ခု ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားကြရသည်။ မရေမတွက်နိုင်သော စွမ်းအားရှင်များမှာလည်း ခုခံရန် ပြေးတက်သွားကြသော်လည်း မျှော်လင့်ချက်မဲ့စွာ သေဆုံးကုန်ကြသည်။
ဤမြင်ကွင်းကြောင့် လင်းရှန်၏ စိတ်ထဲတွင် ခဏတာ ဗလာဖြစ်သွားရသည်။
“ငါတို့ မေ့သွားတာ အနီရောင်ကမ္ဘာက ဇီဝမျိုးစပ်သတ္တဝါကို ထုတ်လုပ်လိုက်တဲ့အခါ အမှောင်ထုက ငါတို့ရဲ့ လှုပ်ရှားမှုတွေကို သိနိုင်တယ်၊၊ အဲ့ဒါကြောင့် ငါတို့ မြူမီးခိုးကို သုံးတာက တွင်းနက်အတွက် ဘာမှခြိမ်းခြောက်မှုမရှိတာက ဘာလို့လဲဆိုတော့…”
ချူယန်၏ အားနည်းလှသော အသံက ပဲ့တင်ထပ်နေသည်။
“ဘာလို့လဲဆိုတော့ တွင်းနက်က လူသားတွေရဲ့ ခွန်အားကို စမ်းသပ်နေရုံတင်မို့လို့ပဲ”
လင်းရှန်က ခံပြင်းစွာဖြင့် ပြန်ပြောလိုက်သည်၊၊
“လူသားတွေရဲ့ ခွန်အားက ဘာမှ ခြိမ်းခြောက်မှု မရှိဘူးဆိုတာကို တွင်းနက်က သိသွားတဲ့အခါ တွင်းနက်မိစ္ဆာက ချက်ချင်း ရောက်လာလိမ့်မယ်၊၊ သန္ဓေပြောင်းသတ္တဝါတွေနဲ့ S-Class မွန်းစတားတွေ အားလုံးက နယ်ရုပ်တွေပဲ… ဖုတ်ကောင်သိုးထိန်းနဲ့ တွင်းနက်မိစ္ဆာကမှ တွင်းနက်ရဲ့ နယ်မြေချဲ့ထွင်ဖို့အတွက် ကိရိယာတွေပဲ”
“လင်းရှန်”
ချူယန်က လင်းရှန်ကို တစ်ချက်ကြည့်ပြီးနောက် ပျောက်ကွယ်သွားသည်၊၊
“ငါ တောင်းပန်ပါတယ်”
ဘစ်ဇ်
မြူမီးခိုး၏ ဦးနှောက်ထိန်းချုပ်ရေးခန်းထဲတွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး လင်းရှန်၏ အသိစိတ်က စတင်ဆုတ်ခွာလာသည်။ ဇီဝသံချပ်ကာကို ထိန်းချုပ်နိုင်စွမ်းမှာလည်း ဆက်တိုက်ကျဆင်းသွားတော့သည်။ မှောင်မိုက်နေသော အာကာသထဲတွင် လင်းရှန်၏ ပုံရိပ်တစ်ခုတည်းသာ ကျန်ရစ်တော့သည်။ မြူမီးခိုး၏ ဦးနှောက်လှုပ်ရှားမှုမှ ငရဲကဲ့သို့ ပြင်းထန်သော မိုးခြိမ်းသံများ ပတ်ဝန်းကျင်၌ ပဲ့တင်ထပ်လာပြီး လင်းရှန်၏ အသိစိတ်မှာလည်း တဖြည်းဖြည်း ကင်းကွာလာလေသည်။
[သတိပေးချက်၊၊ မြူမီးခိုး၏ အာရုံကြောထိန်းချုပ်မှုနှုန်း ကျဆင်းနေသည်၊၊ လှုပ်ရှားမှု ၈၉ ရာခိုင်နှုန်းသို့ မြင့်တက်လာသည် ဇီဝသံချပ်ကာထိန်းချုပ်မှု ၉၀ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်]
[သတိပေးချက်၊၊ မြူမီးခိုး၏ အာရုံကြောထိန်းချုပ်မှုနှုန်း ကျဆင်းနေသည်၊၊ လှုပ်ရှားမှု ၉၀ ရာခိုင်နှုန်းသို့ မြင့်တက်လာသည်၊၊ မြူမီးခိုး ထိန်းချုပ်မှု ၀ သို့ ရောက်ရှိသွားသည်]
အု
အပျက်အစီးများကြားတွင် တိုးညင်းသော ညည်းတွားသံတစ်ခု ပေါ်ထွက်လာပြီး ကျောက်ခဲပုံများ တုန်ခါလာသည်။ တစ်ချိန်တည်းမှာပင် အဝေးရှိ အစောင့်တပ်နှင့် သံမဏိအစောင့်တပ်ရင်း၏ ယာဉ်တန်းများနှင့် စက်ပစ္စည်းများမှ ပြင်းထန်သော သတိပေးသံများ ရုတ်တရက် မြည်ဟည်းလာတော့သည်။
တီ တီ တီ တီ
[အကြီးစား ဇီဝသက်ရှိလှုပ်ရှားမှုများကို တွေ့ရှိရသည်၊၊ စိတ်ဝိညာဉ်လှိုင်းတုန်ခါမှု တန်ဖိုး S-Class အဆင့် စံနှုန်းများကို ကျော်လွန်နေသည်]
“ဘာတွေ ဖြစ်နေတာလဲ” လုတျန်းယဲ့က အော်ဟစ်လိုက်သည်။
“နောက်ထပ် S-Class အဆင့် တစ်ကောင် ထပ်ပေါ်လာတာလား”
အမြွှာကြယ်မျှော်စင်၏ ကွပ်ကဲမှုစင်တာတွင် ယဲ့လန်၏ မျက်နှာခက်ထန်နေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ…. S-Class အဆင့်က ဘယ်ကနေ ရောက်လာတာလဲ… မြို့ထဲမှာ တိုက်ရိုက် ဘယ်လိုပေါ်လာရတာလဲ”
ရှုယန်က အံ့သြတကြီး ပြောလိုက်သည်။
“မြေကမ္ဘာလို မြေအောက်သတ္တဝါများလား” စုကျင်းက စိုးရိမ်တကြီး မေးလိုက်သည်။
ဤအချိန်တွင် မြို့တော်အတွင်းရှိ အလယ်ပိုင်းဇုန် ပတ်ဝန်းကျင်မှ ခုခံရေးတပ်ဖွဲ့များ၏ သတိပေးသံများမှာ ဆူညံစွာ မြည်နေပြီး အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းများပင် ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
“သောက်ကျိုးနည်း… နောက်ထပ် S-Class အဆင့် တစ်ကောင်လား”
“လာနောက်နေတာလား”
“ဘယ်မှာလဲ”
“ခုခံဖို့ ပြင်ကြ”
“ယာဉ်တန်းတွေ အကုန်လုံး အမှတ် ၂ မြို့ရိုးဆီ ဆုတ်ခွာကြ”
“မြန်မြန် သွားကြစို့”
ဤဘက်တွင် ကီကီသည် တင်းကျန်းရီနှင့် အနန္တအဖွဲ့ဝင် အချို့ကို ချက်ချင်းခေါ်ဆောင်ကာ သူမ၏ ပျံသန်းနိုင်စွမ်းကို သုံး၍ လျင်မြန်စွာ ဆုတ်ခွာသွားသည်။
ကီကီ ပျံတက်သွားချိန်တွင် တင်းကျန်းရီသည် အဝေးရှိ အပျက်အစီးများဆီသို့ မျက်မှောင်ကြုတ်၍ တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်၊၊
“ငါတို့ တစ်ခုခုကို မေ့နေတာလား”
“ဘာကိုလဲ”
“မြူမီးခိုးလေ”
“သူ့ကိုယ်တိုင်က S-Class အဆင့်ပဲ မဟုတ်လား”
ဝုန်း ဝုန်း
ကောင်းကင်တစ်ခုလုံး မိုးတိမ်များ ဖုံးလွှမ်းကာ မိုးခြိမ်းသံများ ဟိန်းဟောက်နေသည်။ ဗဟိုမြို့တော် ပျက်စီးရာနေရာ၏ မှောင်မိုက်မှုအောက်တွင် ပြင်းထန်သော တုန်ခါမှုများ စတင်လာတော့သည်။ ရှာဖွေရေးမီးမောင်းများက ထိုနေရာသို့ ထိုးလိုက်ချိန်တွင် ထိတ်လန့်တုန်လှုပ်နေသော အကြည့်ပေါင်းများစွာအောက်၌ တစ်ကိုယ်လုံးတွင် မီးခိုးဖြူရောင် အရိုးဆူးချွန်များ ဖုံးလွှမ်းနေပြီး ဦးခေါင်းတွင် ထိန်းချုပ်ရေးယန္တရား အစိတ်အပိုင်းအချို့သာ ကျန်ရှိတော့သည့် ကြီးမားလှသော S-Class အဆင့် သတ္တဝါကြီးတစ်ကောင်က ဖြည်းညှင်းစွာ ထရပ်လာသည်။ ၎င်း၏ ပတ်ဝန်းကျင်တွင် အသားနှင့် သွေးများမှ အငွေ့များ တထောင်းထောင်း ထွက်နေပြီး နောက်ကျောရှိ EVA ထိန်းချုပ်သော့ ၂၄ ခုစလုံးမှာလည်း အကုန်လုံးပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။
ယခု ထရပ်လာသည်မှာ ယန္တရားစနစ်ထိန်းချုပ်ထားသည့် မြူမီးခိုးမဟုတ်တော့ပေ။ ၎င်းမှာ မူလမြူမီးခိုးပင်။
ကောင်းကင်ထက်တွင် ကီကီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေမိပြီး တီးတိုးရေရွတ်လိုက်သည်၊၊
“လင်းရှန်”
ထို့နောက် သူမသည် အပျက်အစီးများရှိရာသို့ မဆိုင်းမတွ အတင်းတိုးဝင်သွားတော့သည်။ ထိုနေရာတွင် ယန္တရားအပိုင်းအစများစွာ ပြန့်ကျဲနေပြီး မြေပြင်မှာလည်း သွေးမြူများဖြင့် ဖုံးလွှမ်းနေသည်။ ဤကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသဖြင့် ကီကီသည် စိတ်စွမ်းအားကို သုံး၍ ဖုန်မှုန့်နှင့် မီးခိုးများကို ဖယ်ရှားကာ လင်းရှန်ကို အသည်းအသန် ရှာဖွေနေသည်။
“လင်းရှန် လင်းရှန်”
ထိုအချိန်မှာပင် ရှေ့ရှိ ကြီးမားလှသော မြူမီးခိုးက ဟိန်းဟောက်သံ တစ်ချက် ပြုလုပ်လိုက်ရာ ကီကီသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခုခံရန် ပြင်လိုက်သည်။ သို့သော် ထိုစဉ်မှာပင် လင်းရှန်၏ အသံက သူမ၏ နားကြပ်ထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။