← Chapters

အခန်း (၈၉၈-၈၉၉)

Vol. 52 Ch. 898-899

အခန်း (၈၉၈-၈၉၉)

Vol. 52 Ch. 898-899

Chapter 898

အမှောင်ဆုံးချိန်ကို ကျော်လွန်၍ ၁

“ကီကီ… ဒီနေရာက အမြန်ထွက်သွား”

“လင်းရှန်” ကီကီက အံ့အားသင့်စွာ အော်လိုက်သည်။

“ရှင်ဘယ်မှာလဲ”

“ငါ ရှိသင့်တဲ့ နေရာမှာ ရှိနေတယ်”

ချင်းလွမ်၏ ဦးခေါင်းရှိ ထိန်းချုပ်ရေးကိရိယာ၏ ပင်မအခန်းထဲတွင် လင်းရှန်သည် ရှင်သန်ရေးတောင့်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ အာရုံကြောချိတ်ဆက်မှုများကို မဖြတ်တောက်မီ သူသည် နောက်ဆုံးအမိန့်တစ်ခု ပေးပို့ခဲ့သည်။

“သောင်းကျန်းပစ်လိုက်စမ်း”

မြူမီးခိုးထံမှ ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်လာပြီး ၎င်း၏ ဦးနှောက်မှာ တိုက်ခိုက်လိုစိတ်များဖြင့်သာ ပြည့်နှက်နေတော့သည်။ ၎င်း၏ အကြည့်များသည် အနီးနားရှိ တိုက်ခိုက်နေသော အဖွဲ့များနှင့် ဖုတ်ကောင်သိုးထိန်း‌ဆီသို့ ဖြည်းညှင်းစွာ ဦးတည်သွားသည်။

အူးးး

ရုတ်တရက်ဆိုသလို ထိုကြီးမားလှသော S-Class အဆင့် သတ္တဝါကြီးသည် ယန္တရားထိန်းချုပ်မှုများကို ချိုးဖျက်ကာ ဖုတ်ကောင်သိုးထိန်းရှိရာသို့ မိုးခြိမ်းသံကဲ့သို့ ခြေလှမ်းများဖြင့် ပြေးဝင်သွားတော့သည်။ ဟွာကျင်း၏ သံမဏိအစောင့်တပ်ရင်းကို လေဆာတန်းများဖြင့် ပစ်ခတ်နေသော ဖုတ်ကောင်သိုးထိန်းသည် ပုံမှန်မဟုတ်သည့် အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် ထောက်လှမ်းရန်အတွက် အမှောင်အမှတ်အသားကို သုံးရန် ပြင်လိုက်ချိန်တွင် တောင်ပြိုသကဲ့သို့ ပြင်းထန်လှသော အရိုးဆူးချွန် လက်သီးကြီးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။

အုန်းးး

ထိုလက်သီးချက်မှာ အလွန်ပြင်းထန်ပြီး အားပါလှသည်။ ကြီးမားလှသော သတ္တဝါကြီး နှစ်ကောင်၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အဖြူရောင်တုန်ခါမှုလှိုင်းများပင် ရိုက်ခတ်သွားသည်။

ထူးဆန်းသည်မှာ မြူမီးခိုး၏ လက်သီးချက် ကျရောက်ချိန်တွင် ဖုတ်ကောင်သိုးထိန်းသည် ကာကွယ်ရေးစွမ်းအင် သို့မဟုတ် အနီရောင်မြူများကို အသုံးမပြုနိုင်ခဲ့ခြင်းပင်။ ၎င်း၏ မျက်နှာတစ်ခြမ်းမှာ ပျက်စီးသွားပြီး ဦးခေါင်းမှ အသားစများနှင့် သွေးများပန်းထွက်ကုန်သည်။

မြူမီးခိုးသည် ထိုလက်သီးချက်နှင့် ရပ်မနေဘဲ ဖြောင့်ကန်ချက်တစ်ချက်ထုတ်လိုက်ရာ ဖုတ်ကောင်သိုးထိန်းသည် မြင့်မားသော အဆောက်အဦးများကို တိုက်မိကာ နောက်သို့ လွင့်သွားသည်။ ထို့နောက် မြူမီးခိုးသည် ထပ်မံ တိုးဝင်သွားပြီး ဒူးပျံတစ်ချက်ဖြင့် တိုက်ခိုက်လိုက်ရာ ၎င်း၏ ချွန်ထက်သော အရိုးဆူးချွန်များက ဖုတ်ကောင်သိုးထိန်း၏ ရင်ဘတ်အတွင်းသို့ စိုက်ဝင်သွားပြီး ၎င်းကို မှောက်လျက်လဲကျသွားစေသည်။

မီတာ ရာချီမြင့်သော ဖုတ်ကောင်သိုးထိန်းပြိုလဲသွားသဖြင့် ပြင်းထန်သော မြေငလျင်တစ်ခု ဖြစ်ပေါ်ပြီး ဖုန်မှုန့်များ ထောင်းထောင်းထသွားတော့သည်။ ဤအချိန်တွင် မြို့တစ်ဝန်းရှိ စစ်သားများနှင့် အသက်ရှင်ကျန်ရစ်သူများမှာ ဆွံ့အကုန်ကြသည်။ ဤထူးဆန်းသော မြင်ကွင်းမှာ S-Cass အဆင့် အချင်းချင်း ပြန်လည်တိုက်ခိုက်နေခြင်းကြောင့်သာ မဟုတ်ဘဲ အရိုးဆူးချွန်များ ဖုံးလွှမ်းနေသော မြူမီးခိုးသည် စစ်တပ်လက်ဝှေ့ဗျူဟာများကို အသုံးပြုနေခြင်းကြောင့် ဖြစ်သည်။

အမြွှာကြယ်မျှော်စင်မှ ဖီးနစ်အဖွဲ့၏ ခေါင်းဆောင်ပိုင်းများမှာလည်း မှင်သက်နေကြသည်။ ဟွာကျန်းနှင့် လုထျန်းယဲ့တို့သည် ထိုမွန်းစတားကြီးနှစ်ကောင်လုံးကို ပစ်ခတ်ရန် ပြင်လိုက်ချိန်တွင် ယဲ့လန်ကရုတ်တရက် တားမြစ်လိုက်သည်။

“ပစ်အားကို တခြားသတ္တဝါအုပ်စုတွေဘက်ပဲ လှည့်ထားလိုက်ပါ။ မြူမီးခိုးကို လင်းရှန် ထိန်းချုပ်ထားတာ သေချာတယ်”

“နားလည်ပါပြီ”

တိတ်ဆိတ်မြို့တော်၏ အမြင့်တွင် ရှိနေသော ရှင်းဂျီသည် ဤမြင်ကွင်းကို ချက်ချင်း သတိထားမိလိုက်သည်။ သူသည် ဆက်သွယ်ရေးစက်မှတစ်ဆင့် လင်းရှန်ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း လင်းရှန်၏ အသံမှာ ပြင်းထန်သော လက်သီးချက်သံများကြားတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ ပျက်စီးနေသော နေရာတွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ ရူးသွပ်နေသော မြူမီးခိုးသည် ၎င်းထက် ပိုအရွယ်စားကြီးသော ဖုတ်ကောင်သိုးထိန်း တရစပ်ထိုးနှက်နေပြီး လက်သီးချက်တိုင်းမှာ မြေကြီးကို တုန်ခါစေကာ ဖုန်မှုန့်များကို တလိပ်လိပ်တက်လာစေသည်။

ထိုစဉ်မှာပင် ကိုယ်ထည်တစ်ခုလုံးနီးပါး ပျက်စီးနေသော ဖုတ်ကောင်သိုးထိန်းသည် နောက်ဆုံးတွင် ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လေဆာတန်း လေးခုသည် မြူမီးခိုး၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ကြီးမားလှသော သွေးပေါက်ကြီး လေးခု ဖြစ်ပေါ်လာသည်။ သို့သော် မြူမီးခိုးသည် နာကျင်မှုကို မသိတော့ဘဲ စိတ်ဝိညာဉ်စွမ်းအားများလည်း မရှိတော့ဘဲ သွေးဆာနေသော အမဲလိုက်လိုစိတ်ဖြင့်သာ ရူးသွပ်နေတော့သည်။ လက်သီးချက်တိုင်းက ဖုတ်ကောင်သိုးထိန်း၏ မျက်နှာကို ကြေမွစေသလို ၎င်း၏ ကိုယ်ထည်မှာလည်း ပြန်လည်ကောင်းမွန်လာနေသည်။

တိုက်ပွဲကြီးမှ ပြင်းထန်သော စွမ်းအင်များဖြင့် ပေါက်ကွဲနေပြီး အသားစများ နေရာအနှံ့ လွင့်စင်နေသည်။ ဖုတ်ကောင်သိုးထိန်းသည် အဖြူရောင်တုန်ခါလှိုင်းတစ်ခု ထုတ်လွှတ်လိုက်ရာ မြူမီးခိုး၏ ခန္ဓာကိုယ်မှ အသားများ အလွှာလိုက် ကွာကျကုန်သည်။ ထိန်းချုပ်ရေးအခန်းထဲတွင် ဗိုင်အိုလာသည် အခြေအနေ မဟန်တော့သည်ကို သိလိုက်သဖြင့် ချိတ်ဆက်မှုအားလုံးကို ချက်ချင်း ဖြတ်တောက်လိုက်သည်။ မြူမီးခိုး၏ ကိုယ်ထည်ကြီးတစ်ခုလုံး မပျက်စီးမီမှာပင် ၎င်း၏ ဦးခေါင်းရှိ ထိန်းချုပ်ရေးစက် ပွင့်ထွက်သွားပြီး ကချေသည်စက်ရုပ်တစ်ခုက ရှင်သန်ရေးတောင့် ၂ခုကို အရှိန်မြှင့်တင်စနစ်ဖြင့် ပစ်လွှတ်လိုက်တော့သည်။

ထိုအချိန်တွင် မြူမီးခိုးသည် လက်သီးထိုးလက်စအနေအထားဖြင့် ရုတ်တရက် ရပ်တန့်သွားသည်။

ဝုန်း ဝုန်း

တုန်ခါမှုလှိုင်းများက မြူမီးခိုး၏ အရေပြားကို ဖျက်ဆီးကာ အသားများကို လောင်ကျွမ်းစေပြီး ခြေလက်များကို အပိုင်းပိုင်းပြတ်ထွက်သွားစေသည်။ နောက်ဆုံးတွင် မြူမီးခိုးသည် ဖုတ်ကောင်သိုးထိန်း၏ တုန်ခါလှိုင်းများကြောင့် အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။ ကျိုးပဲ့နေသော မျှော်စင်တစ်ခုပေါ်တွင် ဗိုင်အိုလာသည် ရှင်သန်ရေးတောင့် ၂ခုကို သယ်ဆောင်လာသည်။

သွေးများ ပေကျံနေသော ရှင်သန်ရေးတောင့်တစ်ခု ပွင့်လာပြီး လင်းရှန်သည် အပြင်သို့ အသည်းအသန်တိုးထွက်လာကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူသည် အသက်ကို ပြင်းပြင်းရှူနေရပြီး တစ်ကိုယ်လုံး တုန်ရီနေသည်။ ပြင်းထန်လှသော စိတ်ဝိညာဉ်ဝန်ပိမှုကြောင့် သူ၏ အမြင်အာရုံများမှာ ဝေဝါးကာ အသိစိတ်များ ဝေလွင့်နေပြီ ဖြစ်သည်။

“ဗိုင်အိုလာ” လင်းရှန်က အားနည်းစွာဖြင့် တိုးတိုးလေး မေးလိုက်သည်၊၊

“သူ သူ အသက်ရှင်သေးရဲ့လား”

[သက်ရှိလက္ခဏာ မတွေ့ရှိရပါ]

[ဒုတိယအကြိမ် နှလုံးနှိုးစက် စတင်အသုံးပြုနေသည်]

ဝင်းခနဲ အလင်းတန်းများ လက်လာသည်။ အခြား အေးခဲခန်းတစ်ခုအတွင်းတွင် ဂျူးလိစ်ယပ်[ချူယန်]၏ မျက်နှာမှာ ဖြူလျော်နေပြီး နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျနေဆဲ ဖြစ်ကာ သေဆုံးနေသည့်အလား မည်သည့်သက်ရှိလက္ခဏာမျှ မရှိပေ။

လင်းရှန်သည် သက်ပြင်းတိုးတိုးကို ချလိုက်သည်။ သူသည် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်မှာ သူ၏စကားကို နားမထောင်တော့ဘဲ ဦးခေါင်းတစ်ခုလုံး ကွဲအက်မတတ် ခံစားနေရသည်။ သူသည် ဗိုင်အိုလာ၏ ကူညီမှုဖြင့် မြေပြင်မှ ထရပ်ကာ အေးခဲခန်းကို မှီထားရင်း ပျက်စီးနေသော အာရုဏ်ဦးမြို့တော်ကို ကြည့်နေမိသည်။

“ဒါက အနောက်လမ်းမက တပ်ခွဲ ၇ ပါ။ ငါတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် စွမ်းအင်ပြတ်တောက်သွားပြီ။ ခဲယမ်းမီးကျောက်လည်း ကုန်ပြီ။ ထပ်ပြောမယ် ခဲယမ်းမီးကျောက်တွေ ကုန်သွားပြီ”

“ချန်းဝေကော်၊ ကျိူးဂန်း… မင်းတို့ရဲ့ တပ်ခွဲ ၄ နဲ့ ၁၁ ကို အမှတ် ၂ မြို့ရိုးရှေ့က မြစ်ကမ်းနားကို အခုချက်ချင်း ရွှေ့ကြ”

“အထူးစစ်ဆင်ရေးအဖွဲ့တွေ အားလုံး ကြယ်ဆိပ်ကမ်းနဲ့ ဗဟိုမျှော်စင်မှာ စုရုံးကြပါ။ မြို့ပတ်လမ်းကြောင်းကို ကာကွယ်ကြ”

“ဗဟိုလမ်းမကြီးမှာ ဆေးအဖွဲ့တွေ အရေးတကြီး လိုအပ်နေပါတယ်။ ဒီမှာ ဒဏ်ရာရတဲ့သူတွေ အရမ်းများနေတယ်”

“အာရုဏ်ဦးစောင့်ကြည့်သူမဟာမိတ်နဲ့ သံမဏိအတားအဆီးက ယာဉ်တန်းတွေ တောင်ပိုင်းခရိုင်အထက်ပိုင်းမှာ လူစုကွဲသွားပြီ။ အားလုံး အရှေ့ပိုင်းခရိုင်ကို ဆုတ်ခွာကြ”

“အရှုံးမပေးကြနဲ့… အာရုဏ်ဦးမြို့တော်ရဲ့ မြို့ပတ်လမ်းကြောင်းက အလင်းရောင်တွေ လင်းနေတုန်းပဲ”

“လင်းရှန် လင်းရှန် ကြားရလား။ ငါတို့ရထား ဝိုင်းထားခံနေရပြီ။ ငါတို့...”

“လင်းရှန် မင်း ဘယ်မှာလဲ”

“ကပ္ပတိန်လင်း”

နားကြပ်ထဲတွင် ရှုပ်ထွေးလှသော အသံများဖြင့် ပြည့်နှက်နေသည်။ အမိန့်ပေးသံများ၊ အော်ဟစ်သံများ၊ ဟိန်းဟောက်သံများ၊ ငိုယိုသံများနှင့် အကူအညီတောင်းခံသံများမှာ ရေဒီယိုလှိုင်းနှုန်းများကြားတွင် စုဆုံနေပြီး ပျက်စီးလုနီးပါးဖြစ်နေသော လူသားယဉ်ကျေးမှု၏ နောက်ဆုံးသံစုံတီးဝိုင်းသဖွယ် ဖြစ်နေတော့သည်။

ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကောင်းကင်မှာ မှောင်မိုက်နေဆဲ ဖြစ်သည်။

အမှောင်ဒီရေများသည် အာရုဏ်ဦးမြို့တော်အပေါ်တွင် အရိပ်မည်းကြီးသဖွယ် ထာဝရ ဖုံးလွှမ်းနေသည်။

တစ်ချိန်က စည်ကားပြီး အဆင့်မြင့်မြို့ပြကြီးဖြစ်သည့် ညမြို့တော်မှာ ငရဲခန်းတစ်ခု ဖြစ်နေခဲ့ပြီ။ တောက်ပလှသော ဟိုလိုဂရမ် ကောင်းကင်ယံများမှာ မီးငြိမ်းသွားသည်မှာ ကြာပြီဖြစ်ပြီး ၎င်းတို့နေရာတွင် ပွက်ပွက်ဆူနေသော ကတ္တရာစေးများကဲ့သို့ ထူထပ်မည်းမှောင်ကာ အသက်ရှူရကျပ်လှသော မီးခိုးလုံးကြီးများက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ မိုးသည် နှစ်ရက်နှင့် နှစ်ည ဆက်တိုက်ရွာသွန်းနေပြီး လေပြင်းက မီးခိုးများကို ခဏတာ ဖယ်ရှားလိုက်ချိန်တွင် မြင်လိုက်ရသည်မှာ ပြာလွင်သော ကောင်းကင်မဟုတ်ဘဲ အဝေးမှ ငြိမ်းသတ်၍မရသော မီးတောက်များ၏ ရောင်ပြန်ဟပ်မှုကြောင့် သွေးကဲ့သို့ နီရဲနေသည့် မုန်တိုင်းတိမ်တိုက်များသာ…။

Chapter 899

အမှောင်ဆုံးချိန်ကို ကျော်လွန်၍ ၂

ကောင်းကင်ထက်တွင် ပျက်ကျနေသော လေသင်္ဘောအချို့၏ အပျက်အစီးများမှာ မိုးမျှော်တိုက်များကြားတွင် ချိတ်ဆွဲနေပြီး သံမဏိကြိုးများ ပြတ်တောက်ကာ ကိုယ်ထည်များမှာ လက်ဝါးကပ်တိုင်တွင် ရိုက်နှက်ခံထားရသော သတ္တဝါကြီးများအလား စောင်းကျလျက်ရှိနေသည်။

အမှတ် ၂ မြို့ရိုးအနီးရှိ မြို့တွင်းခရိုင်ဘက်တွင် မီးများ ဆက်လက်လောင်ကျွမ်းနေပြီး လက်နက်ကြီးများ၏ ပစ်ခတ်မှုက ကောင်းကင်ယံကို လင်းထိန်စေသည်။ အာရုဏ်ဦးမြို့တော်၏ ခံစစ်လိုင်းမှာ နှစ်ပိုင်းကွဲသွားပြီး လူသားများ၏ ခုခံမှုမှာလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာနေသည်။

ပျက်စီးနေသော ကျောက်ခဲပုံများအောက်တွင် လူငယ်များ၏ အလောင်းများ ပြန့်ကျဲနေပြီး မီးတောက်များကြားတွင် မပျက်စီးနိုင်သော ပြာများ လောင်ကျွမ်းနေသည်။

အုံ့မှိုင်းနေသော တိမ်တိုက်များအထက်တွင် လျှပ်စီးများ လက်နေပြီး ကောင်းကင်တစ်ခုလုံး မီးတောက်များဖြင့် ပြည့်နှက်နေကာ တိမ်တိုက်များကြားရှိ ကြောက်မက်ဖွယ်ရာ မြွေကြီး၏ ပုံရိပ်မှာ လျှပ်စီးလက်ချိန်တွင် ခဏတာ ပေါ်လာတတ်သည်။ ၎င်း၏ အရွယ်အစားမှာ တိတ်ဆိတ်မြို့တော်ထက်ပင် ကြီးမားနေသည်။ သန္ဓေပြောင်းမွန်းစတားအားလုံး ပို၍ရူးသွပ်လာကြသည်။ အမှောင်ထုထဲတွင် တွင်းနက် သုံးခုမှ ဆက်တိုက်ထွက်ပေါ်လာသော အဆုံးမဲ့ သတ္တဝါများဖြင့် ပြည့်နှက်နေပြီး လူသားမျိုးနွယ်နှင့် အာရုဏ်ဦးမြို့တော်ကို ဝါးမျိုရန် ပြင်နေကြသည်။

အဝေးတွင် မြူမီးခိုး၏ တိုက်ခိုက်မှုကြောင့် ကိုယ်ထည်တစ်ပိုင်း ပျက်စီးသွားသော ဖုတ်ကောင်သိုးထိန်းသည် ယခုအခါ အမည်းရောင်မြူထုများဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် ၎င်းသည် အမှတ် ၂ မြို့ရိုးဘက်သို့ ဦးမတည်ဘဲ လက်နက်ကြီးများ၏ ပစ်ခတ်မှုကို အန်တုကာ လင်းရှန်ရှိရာ ပျက်စီးနေသော အဆောက်အဦးဆီသို့ ဦးတည်လျှောက်လှမ်းလာသည်။

ဒုန်း.ဒုန်း... ခြေလှမ်းတိုင်းက မြေကြီးကို တုန်ခါစေပြီး ပျက်စီးခြင်း အငွေ့အသက်များကို သယ်ဆောင်လာသည်။

“ပါမောက္ခယဲ့”

အမြွှာကြယ်မျှော်စင်၏ ကွပ်ကဲမှုစင်တာတွင် တစ်ရက်နှင့် တစ်ညလုံး မတ်တပ်ရပ်နေခဲ့သော ယဲ့လန်၏ နားကြပ်ထဲသို့ အားနည်းသောအသံတစ်ခု ရောက်ရှိလာသည်။

“လင်းရှန်… မင်း ဘယ်မှာလဲ”

ယဲ့လန်၏ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမ၏ ရင့်ကျက်သောအသံထဲတွင် မည်သူမဆို ခံစားနိုင်သည့် မယိမ်းယိုင်သော စွမ်းအားတစ်ခု ကိန်းအောင်းနေသည်။

“ပါမောက္ခယဲ့… အမှောင်ထုက ကြောက်ရွံ့မှုကို ခံစားရလား”

လင်းရှန်၏ မေးခွန်းကို ယဲ့လန်က ပြန်ဖြေလိုက်သည်။

“ငါတို့က လူသားတွေရဲ့ အတွေးအခေါ်နဲ့ ယဉ်ကျေးမှုတစ်ခုကို နားလည်အောင် လုပ်လို့မရဘူး။ စကြဝဠာရဲ့ အမြင်ကကြည့်ရင် ပုရွက်ဆိတ်ပဲဖြစ်ဖြစ် အစာကွင်းဆက်ရဲ့ အထိပ်ဆုံးက သတ္တဝါပဲဖြစ်ဖြစ် ရှင်သန်မှုအတွက် အန္တရာယ်ကတော့ လူတိုင်းမှာ ရှိနေတာပဲ။ ဒါက အဆင့်မြင့်တဲ့ ယဉ်ကျေးမှုပဲဖြစ်ဖြစ်

အဆင့်နိမ့်တဲ့ ယဉ်ကျေးမှုပဲဖြစ်ဖြစ် အတူတူပဲ”

“ဒါပေမဲ့ ကျုပ်တို့ရဲ့ ခုခံမှုက အဲ့ဒီယဉ်ကျေးမှုရှေ့မှာ ဘာမှမဟုတ်သလို ဖြစ်နေတာပဲ။ အဲ့ဒါက ကျုပ်တို့မှာ ခုခံနိုင်စွမ်း မရှိဘူးလို့ ဆိုလိုတာလား”

လင်းရှန်က မေးလိုက်သည်။

ယဲ့လန်က စိတ်ရှည်စွာဖြင့် ပြန်ဖြေသည်။

“ယဉ်ကျေးမှုတွေကြားက သံသယကွင်းဆက်က ချိုးဖျက်လို့မရဘူး။ ဒါက စကြဝဠာလူမှုဗေဒရဲ့ အခြေခံမူပဲ။ အမှောင်တောအုပ်ထဲမှာ ပုန်းအောင်းနေတဲ့ မုဆိုးတွေလိုပဲ ယဉ်ကျေးမှုတိုင်းက အခြားယဉ်ကျေးမှုကို ခြိမ်းခြောက်မှုတစ်ခုလို့ပဲ သတ်မှတ်ကြတယ်။ ဘာလို့လဲဆိုတော့ ရှင်သန်မှုက ယဉ်ကျေးမှုတစ်ခုရဲ့ ပထမဆုံး လိုအပ်ချက်ဖြစ်ပြီး စကြဝဠာထဲက ဒြပ်ဝတ္ထုပမာဏက အမြဲတမ်း အတူတူပဲ ရှိနေလို့ပဲ။ အဆင့်မြင့်တာနဲ့ အဆင့်နိမ့်တာရဲ့ ခြားနားချက်က သန်မာမှုမှာ ရှိနေတယ်။ ပုရွက်ဆိတ်တွေက လူသားတွေ ဘာလို့ သူတို့အသိုက်ကို ဖျက်ဆီးလဲဆိုတာ နားမလည်နိုင်သလိုပဲ… ငါတို့လည်း အမှောင်သတ္တဝါတွေ ဘာလို့ လူသားယဉ်ကျေးမှုကို ဖျက်ဆီးလဲဆိုတာ နားမလည်နိုင်ဘူး။ ဒါပေမဲ့ တစ်ခုတော့ သေချာတယ်”

“ဘာလဲ”

“သူတို့က ငါတို့ကို တစ်ခါထဲ အပြီးသတ် မဖျက်ဆီးနိုင်သေးဘူး။ အနည်းဆုံးတော့ အချိန်တိုအတွင်းမှာပေါ့။ ဒါမှမဟုတ် သူတို့မှာ တခြား ရည်ရွယ်ချက်တစ်ခုခု ရှိနေနိုင်တယ်။ ဒါက ဘာကိုပြလဲဆိုတော့ သူတို့က ငါတို့အပေါ်မှာ နတ်ဘုရားတစ်ပါးလို အရာရာကို သိနားလည်နေတာမျိုး မဟုတ်ဘူးဆိုတာပဲ”

ယဲ့လန်၏ စကားကို နားထောင်ရင်း လင်းရှန်သည် ချဉ်းကပ်လာသော ဖုတ်ကောင်သိုးထိန်းကို ကြည့်ကာ ဂျူးလိစ်ယပ်၏ အေးခဲခန်းကို အားနည်းစွာ မှီထားရင်း ပြန်ပြောလိုက်သည်။

“ဖြစ်နိုင်ပါတယ်”

လင်းရှန်၏ အသိစိတ်များ ဝေဝါးလာသည်။ သူသည် မျက်လုံးများကို အားတင်းဖွင့်ထားရင်း ကောင်းကင်ထက်တွင် လောင်ကျွမ်းနေသော တိတ်ဆိတ်မြို့တော်နှင့် ပျက်ကျလာသော သံမဏိအစောင့်တပ်ရင်း၏ ကောင်းကင်စစ်သင်္ဘောကြီးကို ကြည့်နေမိသည်။

အမြွှာကြယ်မျှော်စင်တွင် သံမဏိအစောင့်တပ်ရင်းနှင့် အစောင့်တပ်၏ ကျန်ရှိနေသော လေတပ်များနှင့် စစ်သားများက တောက်ပနေသော မြို့ပတ်လမ်းကြောင်းကို အဆက်မပြတ်ကာကွယ်နေကြသည်ကို သူ မြင်လိုက်ရသည်။

သူသည် ချူကျောက်နန်နှင့် လမ်းခွဲစဉ်က ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရနေမိသည်။

“ငါ ငယ်ငယ်တုန်းက ယန္တရားအင်ဂျင်နီယာဖြစ်ခဲ့တယ်”

“ငါ ကြယ်မြို့တော်ကို ပထမဆုံးအကြိမ် ရောက်သွားတုန်းက မြို့ပတ်လမ်းကြောင်းကြီးကို မြင်ပြီး လူသားတွေရဲ့ ကြီးကျယ်မှုကို အံ့သြခဲ့မိတယ်။ တောက်ပတဲ့ ယန္တရားတည်ဆောက်မှုကြီး… အဲ့ဒါက လေကြောင်းသွားလာမှုကို အထောက်အကူပြုရုံတင်မကဘဲ အာကာသလမ်းကြောင်းအတွက် ဂြိုဟ်စက်ပစ္စည်းတွေဆီကို အချက်ပြမှုတွေလည်း ပို့ပေးနိုင်တဲ့ လှပတဲ့ အမှတ်အသားတစ်ခုပဲ။ ဝမ်းနည်းစရာကောင်းတာကတော့ ငါတို့ အဲ့ဒီလို ယဉ်ကျေးမှုရဲ့ အံ့ဖွယ်အရာမျိုးကို ဘယ်တော့မှ ထပ်မြင်ရမှာ မဟုတ်တော့ဘူး”

လင်းရှန်သည် လူသားခေါင်းဆောင်၏ ထိုစကားများထဲတွင် လွမ်းဆွတ်တမ်းတမှုများသာမက တောက်လောင်နေသည့် မျှော်လင့်ချက် ရည်မှန်းချက်များပါ ကိန်းအောင်းနေသည်ကို မှတ်မိနေခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ မြို့အတွင်း၌ သောင်းကျန်းသတ်ဖြတ်နေသော သန္ဓေပြောင်း သတ္တဝါအုပ်ကြီး၊ ပျက်စီးယိုယွင်းသွားသော ကြယ်မြို့တော် ဂြိုဟ်ပတ်ဘူတာ၊ လုံးဝပြိုလဲသွားသော ကောင်းကင်ရထားလမ်းများနှင့် ထိုသတ္တဝါများရှေ့တွင် ပုရွက်ဆိတ်ငယ်များကဲ့သို့ ဖြစ်နေသည့် လူသားများကိုသာ သူမြင်တွေ့နေရသည်။

ခရိုင်ဟောင်းဗဟိုချက်ရှိ မြေပြင်ပေါ်မှ ဧရာမမြေကျင်းကြီးအတွင်း၌ ပိုင်ရွှမ်းနှင့် စုရွှေတို့သည် ဗာမီလီယံ စစ်ယန္တရားကြီးပေါ်တွင် ရှိနေစဉ် ပေါင်းစပ်ထားသည် S-Class အဆင့် မွန်းစတားကြီးနှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို သူမြင်လိုက်ရသည်။ မီးလျှံများ ဟုန်းဟုန်းတောက်ကာ မြေပြင်သည် တုန်ဟည်းနေပြီး ဗာမီလီယံ၏ ပလာစမာဓား ကျိုးသွားသည်အထိ တိုက်ပွဲက ပြင်းထန်ခဲ့သည်။ ထိုစုံတွဲသည် သူတို့၏ ယန္တရားစက်ရုပ်ကြီးကို အားကုန်သုံး၍ မွန်းစတားကြီးပေါ်ခုန်အုပ်ကာ အမြင့်ဆုံးဖိအားဖြင့် လောင်ကျွမ်းစေခဲ့သည်။ နောက်ဆုံးတွင် မွန်းစတားကြီး၊ ဗာမီလီယံနှင့်အတူ သူတို့ဇနီးမောင်နှံပါ ပြာအဖြစ်သို့ အတူတကွ လောင်ကျွမ်းပျောက်ကွယ်သွားခဲ့ကြသည်။

အနောက်ဘက် မြို့ရိုးအမှတ် ၁ ၏ ပွင့်ထွက်နေသော နေရာတွင် လက်တစ်ဖက်ပြတ်နေသည့် ရွှမ်းဝူသည် ကြိမ်နှုန်းမြင့်ချိန်းဓားရှည်ကို ကိုင်စွဲကာ ဒူးတစ်ဖက်ထောက်လျက် မြို့ရိုးပေါက်ကို ပိတ်ဆို့ထားသည်ကိုလည်း မြင်တွေ့ရသည်။ ထိုဧရာမ ယန္တရားစက်ရုပ်ကြီး၏ ရှေ့တွင် အဆင့်မြင့် သန္ဓေပြောင်း မွန်းစတားအလောင်းများစွာ ပုံနေသည်။ ရွှမ်းဝူ၏ ရင်ဘတ်ရှိ နူကလီးယား အင်ဂျင်နှစ်လုံးမှာ ငြိမ်းသက်သွားခဲ့သည်မှာ အတော်ကြာပြီဖြစ်ပြီး ရင်ဘတ်ချပ်ကာ၏ သတ္တုဘောင်များကြားမှ ရွှေရောင်အအေးခံရည်များသည် ကျဆုံးသွားသော စစ်သည်တော်များ၏ သွေးများနှင့်ရောနှောကာ တစ်စက်ချင်း စီးကျနေသည်။ ၎င်းသည် မပြိုလဲနိုင်သော သံမဏိမဟာတံတိုင်းကြီးနှင့်ပင် တူလှသည်။

လင်းရှန်၏ နီမြန်းနေသော မျက်လုံးများက တဖြည်းဖြည်း အာရုံစိုက်လိုက်သည်။ ဖုတ်ကောင်သိုးထိန်းသည် အထပ်မြင့် အဆောက်အအုံရှေ့ရှိ အပျက်အစီးများကြားသို့ အမှောင်နတ်ဆိုးနတ်ဘုရားကြီးကဲ့သို့ ရောက်ရှိလာပြီး ၎င်း၏ တွင်းနက်ကဲ့သို့ ဟာလာဟင်းလင်းဖြစ်နေသော အကြည့်များက သူ့ထံသို့ စိုက်ကြည့်နေသည်။

ထိုအချိန်တွင် အဆုံးမဲ့အမှောင်ထုက လှိုင်းလုံးကြီးများကဲ့သို့ တက်လာပြီး လင်းရှန်၏ စိတ်ဝိညာဉ်စွမ်းအားမှာ တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားသော အမှောင်သတ္တဝါကြီးရှေ့တွင် လေတိုးခံနေရသည့် မီးစာကုန်ခါနီး ဖယောင်းတိုင်မီးအိမ်ငယ်လေးအလား ဖြစ်နေခဲ့သည်။

အဟွတ်... အဟွတ်...

မြို့တော်ကို ဗြောင်းဆန်စေခဲ့သည့် ဖုတ်ကောင်သိုးထိန်းကို လင်းရှန်သည် တည်ငြိမ်စွာ စိုက်ကြည့်နေပြီး သူ၏ ပါးစပ်ထောင့်မှ သွေးစများ စီးကျနေသည်။ မြူမီးခိုးနှင့် ချူယန်တို့မှတစ်ဆင့် ဆက်သွယ်ပြီးနောက် ထိုစူးရှသော အကြည့်ကို သူတိုက်ရိုက်ခံစားလိုက်ရသည်။

အာရုံကြောဆက်သွယ်မှု ပြုလုပ်ပြီးသည့်တိုင် အမှောင်ထု၏ အတွေးများကို သူ ဖောက်ထွင်းမကြည့်နိုင်သော်လည်း လင်းရှန်ကတော့ ထိုအကြည့်၏ အဓိပ္ပာယ်ကို ခံစားမိနေသည်။

ထိုအကြည့်ထဲတွင် ပြင်းထန်သော ရှုပ်ထွေးမှုများ ကိန်းအောင်းနေသည်။

All Chapters