အခန်း (၉၀၀-၉၀၁)
Vol. 52 Ch. 900-901
Chapter 900
အမှောင်ဆုံးချိန်ကို ကျော်လွန်၍ ၃
အမြွှာကြယ်မျှော်စင်၏ ကွပ်ကဲရေးမျက်နှာပြင်တွင် ယဲ့လန်သည် ဖုတ်ကောင်သိုးထိန်းနှင့် လင်းရှန်တို့ရှိရာ ပြိုကျတော့မည့် အဆောက်အအုံဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။
“ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ လူသားယဉ်ကျေးမှုဆိုတာ အတောက်ပဆုံး မီးလျှံဖြစ်သလို အန္တရာယ်အရှိဆုံး အရိပ်လည်း ဖြစ်တယ်၊၊ ငါတို့က အမဲလိုက်သူဖြစ်သလို အမဲလိုက်ခံရတဲ့ သားကောင်လည်း ဖြစ်နိုင်တာပဲ”
“တိုက်ခိုက်မှုတွေနဲ့အတူ သူတို့က ငါတို့ကို စမ်းသပ်နေတာပဲ၊၊ အဆင့်မြင့် သက်ရှိတွေကို သုံးပြီး လူသားတွေရဲ့ တိုက်ခိုက်မှုအကွာအဝေးနဲ့ စွမ်းအားကို တစ်ဆင့်ချင်း စမ်းသပ်နေကြတာ… ဒီလိုလုပ်ရပ်က သူတို့ကိုယ်တိုင်လည်း မသိနိုင်တဲ့ စွမ်းအားကို ကြောက်နေတယ်ဆိုတဲ့ သဘောပဲ”
လင်းရှန်က ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။
“ခင်ဗျား ပြောဖူးသလိုပေါ့၊၊ ပိုးကောင်အကိုက်ခံရတာလား ဒါမှမဟုတ် အဆိပ်ရှိတဲ့...”
“အဆိပ်မြှားဖားလား”
ဝူးးး
အပျက်အစီးများကြားမှ မီးခိုးများထဲတွင် နီရဲသော အလင်းတန်းလေးခု တဖြည်းဖြည်း ပေါ်လာပြီး လင်းရှန်နှင့် သူရှိရာ ဧရိယာတစ်ခုလုံးကို ပစ်မှတ်ထားလိုက်သည်။ လင်းရှန်က တစ်ခုခုပြောရန် မော့ကြည့်လိုက်သော်လည်း အားအင်ကုန်ခမ်းနေပြီ ဖြစ်သည်။ သူ၏ အမြင်အာရုံများက ဝေဝါးနေပြီး ထိုနီရဲသော အလင်းတန်းများမှာ နောက်ဆုံးအချိန်မှ နေဝင်ဆည်းဆာအလား ထင်မှတ်ရသည်။
ဗိုင်အိုလာက လင်းရှန်၏ ရှေ့တွင် ရပ်လိုက်သည်။
[ကျွန်မ ရှင့်ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်၊၊ ရှင်နဲ့ အတူတူ အလုပ်လုပ်ရတာ ဝမ်းသာပါတယ်… မစ္စတာလင်း]
ဆွီးးး
တောက်ပသော အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီး နောက်ဘက်တွင် တိုးညင်းသော AED စက်နှိုးသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် လင်းရှန်သည် သူ၏ လေးလံနေသော ဦးနှောက်ကို နူးညံ့သော လက်တစ်ဖက်ကဲ့သို့သော စိတ်ဝိညာဉ်စွမ်းအားတစ်ခုက မတင်ပေးလိုက်သလို ခံစားလိုက်ရသည်။ လင်းရှန်သည် နှုတ်ခမ်းကို ဟလိုက်ပြီး ဖုတ်ကောင်သိုးထိန်းရှိရာဘက်သို့ လှည့်ကြည့်ကာ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
သူ အားအင်အနည်းငယ် ပြန်ရလာသဖြင့် ခေါ်လိုက်သည်။
“ဂရေ့စ်”
၎င်းသည် ဆက်သွယ်ရေးစက်ကို ပြောခြင်းမဟုတ်ဘဲ ဟင်းလင်းပြင်နက်ကြီးဆီသို့ လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ရင်းနှီးသော အသံတစ်ခု လင်းရှန်၏ နားထဲတွင် မြည်ဟည်းသွားသည်။
[ကျွန်မ ရှိပါတယ်]
ထိုအချိန်တွင် ကီလိုမီတာ ၅၂,၆၆၀ အမြင့်ရှိ အပြာရောင်ဂြိုဟ်၏ ဂြိုဟ်ပတ်လမ်းပေါ်တွင် ၁၂ ကီလိုမီတာ အချင်းရှိသော ကမ္ဘာ့အနီး ကာကွယ်ရေးပလက်ဖောင်းကြီးသည် မှောင်မည်းသော ဟင်းလင်းပြင်ထဲ၌ တိတ်ဆိတ်စွာ လည်ပတ်နေသည်။ ရှင်းဂျီ တီထွင်ထားသည့် ဦးနှောက်နှင့် ယန္တရားဆက်သွယ်မှု ကိရိယာသည် ဂရေ့စ်၏ ဆက်သွယ်ရေးစနစ်နှင့် ချိတ်ဆက်ထားရာ ကောင်းကင်ယံမှ စွမ်းအင်အတားအဆီးကို ဖြတ်ကျော်ကာ လင်းရှန်အား ဂရေ့စ်နှင့် အောင်မြင်စွာ ဆက်သွယ်နိုင်စေခဲ့သည်။ ထို့ကြောင့် လင်းရှန်သည် မြေပြင်မှနေ၍ ဤကမ္ဘာအနီး ကာကွယ်ရေးပလက်ဖောင်းကို ထိန်းချုပ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် ဂရေ့စ်သည် ကာကွယ်ရေး၏ စနစ်တစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်ကာ စနစ်ခွဲအားလုံးကို ပြန်လည်နှိုးဆော်လျက် လင်းရှန်၏ အမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။
“ကမ္ဘာပျက်ကပ် စတင်ကတည်းက လူသားတွေရဲ့ အာကာသစွမ်းအားတွေ ငြိမ်သက်သွားခဲ့တယ်”
အာရုဏ်ဦးမြို့တော်ရှိ အပျက်အစီးများထဲမှ အထပ်မြင့်အဆောက်အအုံ ခေါင်မိုးပေါ်တွင် လင်းရှန်သည် အေးခဲခန်းကို အမှီပြု၍ မတ်တပ်ရပ်ရန် ကြိုးစားနေသည်။ သူ၏ အကြည့်များက ဖုတ်ကောင်သိုးထိန်း၏ နီရဲသော မျက်လုံးလေးလုံးကို ကြောက်ရွံ့ခြင်းကင်းမဲ့စွာ စိုက်ကြည့်နေသည်။
“ဒါကြောင့် လူသားတွေရဲ့ စက်မှုယဉ်ကျေးမှုကနေ ထွက်ပေါ်လာတဲ့ အားအကောင်းဆုံး ဖျက်ဆီးရေးစွမ်းအားကို မင်းတို့ စမ်းမကြည့်ရသေးတာ သေချာတယ်”
ဝူးးး
ဖုတ်ကောင်သိုးထိန်း၏ နီရဲသော မျက်လုံးများက ပြင်းထန်စွာ တောက်လောင်လာပြီး လင်းရှန်ကို အဆုံးသတ်ရန် အေးစက်စွာ ပြင်ဆင်လိုက်သည်။ ထိုခဏ၌ပင် လင်းရှန်၏ အကြည့်များက ပြတ်သားသွားပြီး လည်ချောင်းထဲမှ အားအကုန်သုံးကာ အကျယ်ကြီး အော်ဟစ်လိုက်သည်။
“တောင်ဘက် ကောင်းကင်ဂိတ်... ပစ်”
အထက်ရှိ လူသူကင်းမဲ့သော အာကာသဟင်းလင်းပြင်ထဲတွင် ၁၂ ကီလိုမီတာ အချင်းရှိသော စွမ်းအင်သိုလှောင်ကွင်းကြီးသည် တောက်ပသော အပြာရောင် လျှပ်စစ်အလင်းတန်းများဖြင့် ရုတ်တရက် လင်းထိန်သွားသည်။ Candle Dragon အဆင့်ရှိ အမှုန်တန်း ၂၄ ခုသည် တရားစီရင်သူ နတ်ဘုရားတောင်ပံများကဲ့သို့ ပွင့်ထွက်လာပြီး အာကာသထဲတွင် အမြောက်ပြောင်းများကို တိတ်ဆိတ်စွာ လှည့်လိုက်သည်။ မူလက ကြယ်တံခွန်များကို ဖျက်ဆီးရန် ရည်ရွယ်ထားသော စွမ်းအားမြင့် ဒြပ်မှုန်အမြောက်ကြီးသည် အပြာရောင်ဂြိုဟ်ရှိ အာရှ-ပစိဖိတ် ကုန်းမြေတိုက်ကြီးဆီသို့ ဦးတည်သွားသည်။ အာကာသရေဒါက ပစ်မှတ်ကို အတိအကျချိန်ရွယ်လိုက်ပြီးနောက် အရှိန်မြှင့်ကွင်းအတွင်း၌ ကြယ်တစ်စင်း မွေးဖွားလာသကဲ့သို့ ဖြူဖွေးသော အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ခဏချင်းတွင်ပင် တောင်ဘက်ကောင်းကင်ဂိတ်၏ စွမ်းအင်မြင့် ဒြပ်မှုန်အမြောက်၏ ဗဟိုချက်မှ မျက်စိကျိန်းမတတ် တောက်ပလွန်းသော အလင်းတန်းများ ပွင့်ထွက်လာသည်။ မီတာငါးရာကျော် အကျယ်ရှိသော ပလာစမာစီးကြောင်းကြီးသည် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းမည့် နတ်ဘုရား၏ လှံတံကြီးကဲ့သို့ အာကာသထဲတွင် စုစည်းသွားသည်။ လေထုနှင့် ထိတွေ့မိသည်နှင့် လေထုအတွင်းရှိ အမှုန်များ ကွဲထွက်ကုန်ပြီး ကီလိုမီတာများစွာ ကျယ်ဝန်းသော နီရဲသည့် ဝဲဂယက်ကြီးကို ဖန်တီးလိုက်သည်။ လမ်းကြောင်းပေါ်ရှိ မိုးတိမ်တောင်တန်းကြီးများသည် ပေါက်ကွဲထွက်သွားရုံသာမက ဧရာမ လက်မည်းကြီးတစ်ခု၏ ဆွဲဖြဲခြင်းကို ခံလိုက်ရသည့် ဝါဂွမ်းများအလား လွင့်စင်ပျောက်ကွယ်သွားခဲ့ရသည်။
အာရုဏ်ဦးမြို့တော်၏ မြေပြင်ပေါ်သို့ စုစည်းထားသော စွမ်းအင်လှိုင်းကြီးများ ကျရောက်သွားသည့် ခဏ၌ အချိန်ကာလမှာ တစ်စက္ကန့်မျှ ရပ်တန့်သွားသယောင် ထင်မှတ်ရသည်။
အာရုဏ်ဦးမြို့တော်တစ်ခုလုံးသည် အရုဏ်တက်ချိန်ကဲ့သို့ လင်းထိန်သွားခဲ့ပြီး ကောင်းကင်နှင့် မြေပြင်အနှံ့ လွှမ်းမိုးထားသော မွန်းစတားအုပ်ကြီးများ၊ သေနတ်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အသေအလဲ တိုက်ပွဲဝင်နေကြသည့် စစ်သည်တော်များ၊ စစ်ပွဲအတွင်းသို့ အတူတကွ စီးဝင်လာကြသော အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာများ အားလုံးသည် ဖြူဖွေးတောက်လောင်သော အလင်းတန်းကြီးအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ မြို့တစ်ခုလုံးကို ဖုံးလွှမ်းထားသည့် အရိပ်မည်းကြီးမှာလည်း ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ရသည်။
ထို့နောက်တွင်မူ တိတ်ဆိတ်သော ပျက်သုဉ်းခြင်းက လိုက်ပါလာသည်။ ဖုတ်ကောင်းသိုးထိန်းကို ဗဟိုပြု၍ သုံးကီလိုမီတာပတ်လည်အတွင်းရှိ ဒြပ်ဝတ္ထုအားလုံးသည် အမှုန်အမွှားများအဖြစ်သို့ ချက်ချင်း အငွေ့ပျံသွားခဲ့သည်။ တုန်ခါလှိုင်းများသည် စက်လုံးပုံစံ အရှိန်အဟုန်ဖြင့် ပြန့်ကားသွားပြီး အထပ်မြင့်အဆောက်အအုံများမှာ သဲဖြင့် တည်ဆောက်ထားသော ရဲတိုက်များအလား ပြိုကျပျက်စီးကုန်သည်။ ရာနှင့်ချီသော မီတာများစွာ ရှည်လျားသည့် ဧရာမ သန္ဓေပြောင်းမွန်းစတားကြီးများသည်လည်း အဆင့်မရွေး၊ အမျိုးအစားမရွေး မီးကျွမ်းနေသည့် အပိုင်းအစများအဖြစ်သို့ ကြေမွသွားခဲ့ရသည်။ မြေပြင်မှာလည်း သန်းနှင့်ချီသော အပူချိန်အောက်တွင် ဖန်ကဲ့သို့ အရည်ပျော်သွားပြီး ပွက်ပွက်ဆူနေသော ချော်ရည်လှိုင်းကြီးများသည် တုန်ခါလှိုင်းများကြောင့် မီတာရာနှင့်ချီ အမြင့်သို့ တက်လာခဲ့သည်။
စွမ်းအင်နောက်ဆက်တွဲ သက်ရောက်မှုမှာ ၁၇ စက္ကန့်တိုင်တိုင် ကြာမြင့်ခဲ့သည်။
မြို့တစ်ခုလုံးရှိ ဆက်သွယ်ရေးလိုင်းများအားလုံး လုံးဝပြတ်တောက်သွားပြီး ပြင်းထန်သော တုန်ခါလှိုင်းကြောင့် လူပေါင်းများစွာမှာ ခဏတာ အမြင်အာရုံနှင့် အကြားအာရုံများ ကွယ်ပျောက်သွားခဲ့ရသည်။
အလင်းတန်းကြီး ပျောက်ကွယ်သွားချိန်တွင် မြေပြင်ပေါ်၌ ငါးကီလိုမီတာ အချင်းရှိသော ဥက္ကာခဲကျထားသလို ကျင်းကြီးတစ်ခုသာ ကျန်ရစ်တော့သည်။ အဆုံးမဲ့ ပြန်လည်ရှင်သန်နိုင်စွမ်းရှိသည့် ဖုတ်ကောင်သိုးထိန်းသည် သူ၏ ကျန်ရှိသမျှ အနီရောင်မြူနှင့် ကာကွယ်ရေးစွမ်းအင်များအားလုံးကို စုစည်းခဲ့သော်လည်း ယခုအခါတွင်မူ ပြာပင်မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ပျက်စီးနေသော အဆောက်အအုံနှင့် ရှင်သန်ရေးတောင့်နှစ်ခုစလုံးလည်း ပါသွားခဲ့ပြီဖြစ်သည်။
မြို့အတွင်း၌ အနီရောင် ပလာစမာမီးတောက်များသည် ကောင်းကင်ယံမှ အော်ရိုရာအလင်းတန်းများအလား တောက်လောင်နေပြီး အဆုံးမဲ့ အမှောင်ထုကို လင်းထိန်စေခဲ့သည်။
ကွပ်ကဲရေးသင်္ဘောပေါ်ရှိ လုတျန်းယဲ့သည် တောက်ပသော အလင်းတန်းများကြားမှ ကုန်းပတ်သို့ အပြေးအလွှား သွားကြည့်လိုက်ချိန်တွင် မြေပြင်နှင့် ကောင်းကင်ကြားရှိ အမြောက်သံများ အားလုံး ငြိမ်းသက်သွားခဲ့ပြီ ဖြစ်သည်။
ခံစစ်ဇုန်များနှင့် မြို့ရိုးများပေါ်တွင် အသေအလဲ တိုက်ပွဲဝင်နေခဲ့ကြသော စစ်သည်တော်များသည်လည်း အလင်းဒဏ်ကို ကာကွယ်ရန် မြှောက်ထားသည့် လက်မောင်းများကို ဖြည်းဖြည်းချင်း ချလိုက်ကြပြီး အားယူကာ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ နားထဲတွင် ဒီရေကျသံကဲ့သို့သော ရှဲရှဲမြည်သံများကို ကြားနေရသည်။ သူတို့ မီးမောင်းများဖြင့် ပြန်လည်ထိုးကြည့်လိုက်ချိန်တွင် သန္ဓေပြောင်းမွန်းစတားအားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မွန်းစတားများသည် အမှောင်ထုထဲသို့ ထွက်ပြေးသွားကြပြီး မြို့အတွင်းနှင့် မြို့ပြင်၌ သန်းပေါင်းများစွာသော အလောင်းများသာ ကျန်ရစ်ခဲ့သည်။
အမြွှာကြယ်မျှော်စင်တွင် ယဲ့လန်သည် မြို့ပတ်လမ်းပြင်ပရှိ ရှုခင်းကြည့်ပလက်ဖောင်းသို့ ထွက်လာခဲ့သည်။ ကောင်းကင်မှ မိုးတိမ်များ ကင်းစင်သွားပြီး မီးခိုးများလည်း ပြေလျော့သွားခဲ့ပြီ ဖြစ်သည်။ ဖုံးလွှမ်းနေသော အမှောင်ဒီရေများ၏ မြူထုကြီးမှာလည်း လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
Chapter 901
အမှောင်ဆုံးချိန်ကို ကျော်လွန်၍ ၄
အာရုဏ်ဦးမြို့တော်၏ ပြင်းထန်လှသော အနောက်ဘက်ခြမ်းတွင် ဓားသွားကဲ့သို့ ထက်ရှသော ရွှေရောင်ဆည်းဆာ အလင်းတန်းများသည် တစ်ညလုံး ဖုံးလွှမ်းထားသည့် မီးခိုးမြူများကို ဖောက်ထွက်လာခဲ့သည်။ ထိုအလင်းမှာ စူးရှခြင်းမရှိသော်လည်း အာရုဏ်ဦးမြို့တော်၏ အပျက်အစီးများကို ပယင်းရောင် လွှမ်းသွားစေသည့် နူးညံ့သော ရက်စက်မှုတစ်ခု ကိန်းအောင်းနေသည်။ ပျက်စီးနေသော မှန်စီရွှေချနံရံများမှ ပြန်ဟပ်နေသည့် အလင်းစက်ငယ်များမှာ ကြီးကျယ်ခမ်းနားသော လွမ်းချင်းတစ်ပုဒ်၏ အမွမ်းအမံများအလား ဖြစ်နေခဲ့သည်။
မြို့ရိုးခံစစ်လိုင်းတွင် သံမဏိအစောင့်တပ်ရင်းမှ စစ်သည်တော်တစ်ဦးသည် သေနတ်မောင်းကွင်းထဲမှ လက်ကို လွှတ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှ သွေးစွန်းကွက်များမှာ ခြောက်သွေ့သွားပြီး မြေပုံတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သူသည် ဆည်းဆာအလင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။ လူတိုင်းသည် မိမိတို့နေရာ၌ ငြိမ်သက်စွာ ရပ်နေကြသည်။ မြေအောက်ခိုလှုံရေးစခန်းများအတွင်းမှ ဖုန်မှုန့်များ ပေကျံနေသည့် ဒုက္ခသည်များသည်လည်း လမ်းကြောင်းများမှတစ်ဆင့် အပြင်သို့ ထွက်လာကြသည်။ လမ်းမများ၊ အပျက်အစီးများ၊ မြို့ရိုးအောက်များနှင့် ဖုန်မှုန့်များကြားရှိ အေးစက်နေသော ရုပ်အလောင်းများစွာကို နွေးထွေးသော ဆည်းဆာအလင်းက ညင်သာစွာ ပွတ်သပ်ပေးနေသကဲ့သို့ ရှိပြီး လွင့်ပါးသွားသော ဝိညာဉ်များအတွက် နှစ်သိမ့်မှုတစ်ခုအလားပင်…။
ညနေ ၅ နာရီ ၂ မိနစ်။
ထျန်းကျီချုံးကူ ရေလက်ကြားရှိ အာရုဏ်ဦးဗဟိုစင်တာ၊ ရေဂျာဗစ် ဥရောပမုန်တိုင်းမဟာမိတ်၊ တောင်အမေရိကရှိ ဖီးနစ်မြို့တော်၊ မြောက်အမေရိက အလက်စကာ ပူးပေါင်းတပ်ဦး၊ သမုဒ္ဒရာဒေသ နောဧနှင့် ရီပက်ဘလစ်ကန် ကျွန်းစုများ... ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ အသက်ရှင်ရန် ရုန်းကန်နေရသော ခိုလှုံရေးစခန်းများနှင့် အာရုဏ်ဦးဆီသို့ ဦးတည်မောင်းနှင်နေသော ယာဉ်တန်းများ အားလုံးရှိ ရေဒီယိုလှိုင်းများမှ အသံတစ်ခု ပြိုင်တူထွက်ပေါ်လာခဲ့သည်။
“ရှဲ... ရှဲ...ဂျစ်”
“ဒါကတော့ အာရုဏ်ဦးမြို့တော်ရဲ့ အမြင့်ဆုံး ကွပ်ကဲရေးဌာနပါ၊၊ ကျွန်မက ယဲ့လန် ဖြစ်ပါတယ်”
“ဖီးနစ်အဖွဲ့အစည်းကို ကိုယ်စားပြုပြီး လူသားယဉ်ကျေးမှု တစ်ရပ်လုံးကို တရားဝင် ထုတ်လွှင့်ကြေညာလိုက်ပါတယ်၊၊ ၂၅ နာရီကြာ ပြင်းထန်တဲ့ တိုက်ပွဲတွေကို ဖြတ်ကျော်ပြီးနောက် အာရုဏ်ဦးမြို့တော်ရဲ့ ခံစစ်တိုက်ပွဲဟာ ဒီနေ့ ညနေ ၄ နာရီ ၅၇ မိနစ်မှာ ပြီးဆုံးသွားခဲ့ပါပြီ၊၊ အစောင့်တပ်၊ သံမဏိအစောင့်တပ်ရင်း၊ မြောက်အမေရိက ပူးပေါင်းတပ်ဦး၊ အနန္တမဟာမိတ်၊ အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်၊ ဘုံမဟာမိတ်၊ သံမဏိအတားအဆီးတပ်ဖွဲ့နဲ့ အသက်ရှင်ကျန်ရစ်သူငါးသိန်းကျော်တို့ဟာ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့ကြပါတယ်၊၊ ကျွန်မတို့ဟာ တွင်းနက် အမှတ် ၅၊ ၇ နဲ့ ၈ တို့ရဲ့ စမ်းသပ်တိုက်ခိုက်မှုတွေကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ပြီး ဖုတ်ကောင်သိုးထိန်းအပါအဝင် တွင်းနက် အမှတ် ၅ - ဇီဝအမှတ် ၁၁ မြေကမ္ဘာ၊ အမှတ် ၁၆ Sky Touch၊ အမှတ် ၁၈ လေလွင့်သူတို့ကို သုတ်သင်နိုင်ခဲ့ပါတယ်၊၊ ဒါ့အပြင် အထူးအဆင့်နဲ့ A-အဆင့် သန္ဓေပြောင်းသတ္တဝါ အမြောက်အမြားကိုလည်း သုတ်သင်နိုင်ခဲ့ပြီး တွင်းနက်ရဲ့ နယ်မြေချဲ့ထွင်မှုကို မူလနေရာအထိ ပြန်လည်တွန်းပို့နိုင်ခဲ့ပါတယ်...”
“တစ်ချိန်တည်းမှာပဲ ဒီတိုက်ပွဲအတွင်းမှာ ကျွန်မတို့ဟာ အမှောင်ကျုးကျော်မှုရဲ့ သန္ဓေပြောင်းခြင်းကို လုံးဝကာကွယ်နိုင်တဲ့ အမှောင်စွမ်းအင် အသွင်ပြောင်းနည်းပညာကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပါပြီ၊၊ ဒါဟာ လူသားတွေ အမှောင်ထုထဲမှာ ဆက်လက်ရှင်သန်နိုင်ဖို့ အသက်ရှူပေါက်တစ်ခုပါပဲ၊၊ ကျွန်မတို့ စိုက်ပျိုးရေးနဲ့ ရေပေးဝေရေး စတဲ့ အရင်းအမြစ်တွေကို ပြန်လည်ထူထောင်သွားမှာ ဖြစ်ပါတယ်၊၊ ဒီအတွက် ဖီးနစ်အဖွဲ့အစည်းအနေနဲ့ ကမ္ဘာတစ်ဝန်းက အသက်ရှင်ကျန်ရစ်သူ အားလုံးကို ကိုယ်စားပြုပြီး [ယဉ်ကျေးမှုရှေ့ဆောင်] ဗိုလ်မှူးကြီး ချူကျင်း၊ အနန္တမဟာမိတ်မှ လင်းရှန်၊ မြောက်အမေရိက ပူးပေါင်းတပ်ဦးမှ ချူယန်တို့ကို သူတို့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေအတွက် အထူးကျေးဇူးတင်ရှိပါတယ်”
“ဒီစစ်ပွဲဟာ ကမ္ဘာပျက်ကပ်နောက်ပိုင်း လူသားတွေအတွက် မှတ်ကျောက်တင်ရမယ့် အောင်ပွဲတစ်ခုပါ၊၊ ဒါဟာ ကျွန်မတို့ အမှောင်ထုကို ခုခံရာမှာ အရှုံးကနေ အနိုင်ဘက်ကို ပြန်လှည့်နိုင်ဖို့ ပထမဆုံးရရှိတဲ့ အခွင့်အရေးဖြစ်သလို လူသားထုတစ်ရပ်လုံး အမှောင်ထုကို ရင်ဆိုင်ဖို့ အဖိုးတန်တဲ့ အချိန်တွေကိုလည်း ရရှိစေခဲ့ပါတယ်...”
“ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ လူသားယဉ်ကျေးမှုဆိုတာ အတောက်ပဆုံး အလင်းဖြစ်သလို အန္တရာယ်အရှိဆုံး အရိပ်လည်း ဖြစ်တယ်၊၊ ကျွန်မတို့က အမဲလိုက်သူဖြစ်သလို သားကောင်လည်း ဖြစ်နိုင်တယ်၊၊ ဒါပေမဲ့ ငြိမ်းချမ်းရေးဆိုတာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပျက်သုဉ်းစေနိုင်တဲ့ စွမ်းအားပေါ်မှာပဲ အခြေခံ တည်ဆောက်ထားတာပါ”
“ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ ကျွန်မတို့ဟာ အရုဏ်ဦးကို ဖြတ်ကျော်ပြီး အမှောင်ထုထဲမှာ တိတ်ဆိတ်စွာနေရင်း မီးလျှံတွေကို စုစည်းကြပါမယ်၊၊ လူသားယဉ်ကျေးမှုရဲ့ အကန့်အသတ်မဲ့ စွမ်းအားတွေကို ရှာဖွေပြီး ဒီပျက်သုဉ်းခြင်း ကပ်ဘေးကို တော်လှန်ဖို့ အခုပဲစတင်လိုက်ကြရအောင်...”
“ဟန့်တားခြင်းခေတ်”
အာရုဏ်ဦးမြို့တော်၏ အပျက်အစီးများကြားမှ မီးလျှံများသည် ညပေါင်းများစွာ ဆက်လက် တောက်လောင်နေခဲ့သည်။ ညလမ်းလျှောက်သူများ၏ စောင့်ကြည့်မှုအောက်တွင် တွင်းနက်၏ နယ်မြေချဲ့ထွင်မှုမှာ သိသိသာသာ နှေးကွေးသွားပြီး ကမ္ဘာပျက်ကပ် စတင်ချိန်က အရှိန်အထိ ပြန်လည် လျော့ကျသွားခဲ့သည်။ ဗဟိုမြို့တော်အနေဖြင့် ဖီးနစ်အဖွဲ့အစည်းသည် အာရုဏ်ဦးမြို့တော်ကို စွန့်ခွာမသွားခဲ့ဘဲ လုထျန်းယဲ့က စစ်တပ်ကို ဦးဆောင်ကာ ကိုယ်တိုင်စောင့်ကြပ်နေခဲ့သည်။
နောက်ပိုင်းရက်များတွင် အသက်ရှင်ကျန်ရစ်သူများသည် မြောက်ဘက်နှင့် အရှေ့ဘက်တို့ဆီသို့ တဖြည်းဖြည်း ပြောင်းရွှေ့သွားကြသလို အချို့ကမူ မြို့ထဲ၌ပင် ကျန်ရစ်ခဲ့ပြီး မြို့စောင့်တပ်ထဲသို့ ဝင်ရောက်ခြင်း သို့မဟုတ် မြို့တော်ပြန်လည်ထူထောင်ရေးတွင် ကူညီခြင်းများ ပြုလုပ်ခဲ့ကြသည်။
အင်ဂျင်နီယာယာဉ် ထောင်ပေါင်းများစွာသည် အပျက်အစီးများပေါ်တွင် အလုပ်လုပ်နေကြပြီး ဖုန်မှုန့်များသည် အေးစက်နေသော ရုပ်အလောင်းများပေါ်တွင် လွင့်ပျံနေခဲ့သည်။ မြောက်ဘက် တောရိုင်းမြေပြင်သို့ ဦးတည်နေသော အာရုဏ်ဦးစောင့်ကြည့်သူ မဟာမိတ်၏ အဖွဲ့ဝင်အရေအတွက်မှာ နှစ်ဆနီးပါး တိုးလာခဲ့သည်။ အမျိုးသမီးများနှင့် ကလေးငယ်များစွာ ပါဝင်လာသလို သံမဏိအတားအဆီးတပ်ဖွဲ့မှ အဖွဲ့ဝင် အများစုလည်း ပါဝင်လာခဲ့သည်။ အခြေအနေကြည့်ပြီး ဘက်ပြောင်းတတ်သူဟု သတ်မှတ်ခံရသည့် ရှုယွီဖေးသည် အာရုဏ်ဦးမြို့တော်မှ ပထမဆုံး ထွက်ပြေးသွားသူ ဖြစ်သော်လည်း ကူညီရန်အတွက် ပထမဆုံးပြန်ရောက်လာသူ ဖြစ်ခဲ့ပြီး နေမထွက်မီ အချိန်ကလေးမှာပင် ကျဆုံးသွားခဲ့ရသည်။
ထို့အပြင် ဒေါသကြီးပြီး ဆဲဆိုတတ်သည့် ဘုံမဟာမိတ် ခေါင်းဆောင် လဲ့ကျန်း၊ ပေါ့ပါးသွက်လက်သော တိုက်ခိုက်ရေးကို နှစ်သက်သည့် Wind Taker အဖွဲ့မှ လောင်ဟန်၊ မာနကြီးလှသည့် ကျန်းဇီယန်နှင့်အတူ မြို့ပြင်ရပ်ကွက်မှ ဒုက္ခသည်များဖြင့် ဖွဲ့စည်းထားသော သံမဏိနေမင်း အဖွဲ့ဝင်များ အားလုံးသည်လည်း မြို့ရိုးအောက်တွင်ပင် မြှုပ်နှံခြင်း ခံခဲ့ရသည်။
ဆယ်ရက်ကြာပြီးနောက်။
ယုံကျန်းရထားဘူတာတွင် ပြန်လည် ပြုပြင်မွမ်းမံထားသော အနန္တရထားကြီးသည် ရေနက်ပိုင်းတွင် သွားလာနိုင်ရန် မြှင့်တင်ထားသော တွဲ ၁၀ တွဲကို ချိတ်ဆွဲထားသည်။ တိတ်ဆိတ်မြို့တော်မှ ထုတ်လုပ်ထားပေးသော ဆွဲငင်အားကိရိယာများနှင့် မုန်တိုင်းတိုင်းတာရေး ကိရိယာများ တပ်ဆင်ထားပြီး ထိပ်တန်းအဖွဲ့ဝင် အယောက် ၂၀ ကျော်ကို တင်ဆောင်လျက် သမုဒ္ဒရာဂြိုဟ်ပတ်လမ်းအတိုင်း ကျယ်လောင်စွာ ခုတ်မောင်းသွားခဲ့သည်၊၊
ပစိဖိတ်သမုဒ္ဒရာဆီသို့ ဦးတည်နေသော ခရီးစတင်ခဲ့လေပြီ။