အခန်း (၉၀၂-၉၀၃)
Vol. 52 Ch. 902-903
Chapter 902
ဓားကိုင်ဆောင်သူ ၁
ကလန် ကလန် ဂျုံး ဂျုံး
အနန္တရထား၏ သံမဏိဘီးများသည် ယုံကျန်းဆိပ်ကမ်း၏ သယ်ယူပို့ဆောင်ရေးလမ်းဟောင်းကို ဖြတ်ကျော်ကာ ပတ်လမ်းမကြီးသို့ ဝင်ရောက်လာသည်နှင့် သံလိုက်စွမ်းအားသုံး အလိုအလျောက်ထိန်းညှိစနစ်က စတင်လည်ပတ်လာသည်။ ရထားလမ်းပေါ်တွင် ဘီးများကြိတ်သံ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ရထားသည် ငြိမ်သက်စွာဖြင့် အရှိန်မြှင့်လာတော့သည်။
လင်းရှန်အနေဖြင့် နေရောင်ခြည် ဤမျှတောက်ပစွာ သာသည်ကို နောက်ဆုံးတွေ့ခဲ့ရသည့်အချိန်က မည်သည့်အချိန်ဖြစ်သည်ကိုပင် မေ့လျော့နေခဲ့ပြီဖြစ်သည်။ ရထားသည် လူသူကင်းမဲ့သော လွင်ပြင်ကျယ်ကြီးကို ဖြတ်ကျော်မောင်းနှင်နေစဉ် သံချပ်ကာကိုယ်ထည်ပေါ်တွင် ရွှေရောင်အလွှာပါးလေး တင်ကျန်နေပြီး မှန်ပြတင်းပေါက်များတွင်လည်း ကြည်လင်နေသော ကောင်းကင်ပြာကြီး ထင်ဟပ်နေသည်။ ရံဖန်ရံခါ တိမ်တိုက်အရိပ်များက တိတ်ဆိတ်သော တစ္ဆေများကဲ့သို့ ဖြတ်သန်းသွားတတ်သည်။
တွဲအတွင်းရှိ အသံလွှင့်စနစ်မှ သာယာသောတေးဂီတများ ပျံ့လွင့်နေသည်။ အလင်းတန်းများထဲတွင် ဖုန်မှုန့်များက ဖြည်းညှင်းစွာ လည်ပတ်နေသည်။ တွဲအမှတ် ၂ တွင် လို့ရှားရှားသည် ပြတင်းပေါက်တွင် မှီရင်း အိပ်ပျော်နေပြီး သူမ၏ ကော့ညွှတ်သော မျက်တောင်လေးများက ပါးပြင်ပေါ်သို့ ကျရောက်နေသည်။ ဘောင်းဘီတိုနှင့် ဟူဒီဝတ်ဆင်ထားသည့် ပေါ့ပေါ့ပါးပါးဟန်ဖြင့် ကီကီကမူ စိတ်စွမ်းအားကို သုံးကာ အရောင်စုံ လိုလီပေါ့များကို လည်ပတ်စေရင်း ကမ္ဘာပျက်ကပ်မတိုင်မီက ဖျော်ဖြေရေးအစီအစဉ်တစ်ခုကို ပျော်ရွှင်စွာ ကြည့်ရှုနေသည်။
သုတေသနတွဲမှာမူ စိမ်းစိုနေသော အပင်များဖြင့် တောအုပ်တစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့ပြီး ဝင်လိုက်သည်နှင့် အေးမြသောခံစားချက်ကို ပေးစွမ်းနေသည်။ မြောင်လုနှင့် ရှောင်ယွမ်တို့သည် ဒါရိုက်တာတင်း၏ လမ်းညွှန်မှုအောက်တွင် နေရောင်ခြည်အောက်၌ အပင်များ ရှင်သန်ကြီးထွားမှုကို သေချာစွာ မှတ်တမ်းတင်နေကြသည်။ ဗိုင်အိုလာသည် ဂရေ့စ်၏ တာဝန်များကို လွှဲပြောင်းယူကာ အနန္တရထား၏ Ai စနစ် ထိန်းချုပ်သူအသစ် ဖြစ်လာခဲ့သည်။
စွမ်းအင်တွဲများမှအပ ကျန်ရှိသော ရထားတွဲအားလုံးကို လင်းရှန်က ဘုရင်မ မိုနီကာထံမှ မြင့်မားသော အလိုအလျောက်စနစ်သုံး တွဲများဖြင့် အစားထိုးလိုက်ပြီး တိတ်ဆိတ်မြို့တော်နှင့် အင်ပါယာပရောဂျက်မှ လက်နက်အချို့ကိုလည်း ပေါင်းစပ်တပ်ဆင်ထားသည်။ ယခုအခါ လင်းရှန် ချန်ထားခဲ့သည့် ထာဝရအဆင့် စကိုင်းစတား 5C နူကလီးယားစွမ်းအင်တွဲနှင့် နဂါးအဆင့် ဆွဲအားတွဲတို့မှလွဲ၍ ကျန်ရှိသော ရထားတွဲအားလုံးကို ပြန်လည်ပြင်ဆင်ထားပြီး ဖြစ်သည်။
တွဲအမှတ် ၅ တွင် လုရှင်းချန်နှင့် တာလို့တို့အပြင် အခြားနှစ်ဦးလည်း ပြောင်းရွှေ့လာကြသည်။ ထိုသူများမှာ လုရှင်းချန်၏ တပည့်ဖြစ်သူ စွန်းယုကျန်း၏သား မာရှောင်ထန်းနှင့် တိတ်ဆိတ်မြို့တော်မှ အိန်ဂျယ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် ဒြပ်စင်ထိန်းချုပ်စွမ်းအားရှင် ရူဂျီတို့ ဖြစ်ကြသည်။
ဤအစီအစဉ်မှာ လင်းရှန် စီစဉ်ခြင်းမဟုတ်ဘဲ ဖီးနစ်၏ စတားဖိုင်းယားစီမံကိန်းအောက်တွင် ရှင်းဂျီက အထူးတောင်းဆိုထားခြင်း ဖြစ်သည်။ အာရုဏ်ဦးမြို့တော် တိုက်ပွဲပြီးနောက် တိတ်ဆိတ်မြို့တော်သည် ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သည်။ ယခုအခါ အဓိက တွင်းနက် ၃ ခုက တည်ငြိမ်သွားပြီဖြစ်ရာ ရှင်းဂျီသည် အင်ပါယာပရောဂျက်မှ နည်းပညာ၊ အနီရောင်ကမ္ဘာ၏ ဇီဝသံချပ်ကာနှင့် အာရုဏ်ဦးမြို့တော်၏ အမှောင်စွမ်းအင် အချက်အလက်များကို ပေါင်းစပ်၍ ယုံကျန်းဆိပ်ကမ်းတွင် တိတ်ဆိတ်မြို့တော်ကို ပြန်လည်တည်ဆောက်ရေး စတင်ခဲ့သည်။ ထို့အပြင် အာရုဏ်ဦးမြို့တော် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ကူညီပံ့ပိုးပေးနေသည်။ ပစိဖိတ်သမုဒ္ဒရာနှင့် ရီပက်ဘလစ်ကန် ဘေးမဲ့ကျွန်းစုများကို ဖြတ်ကျော်ကာ တောင်အမေရိကရှိ ယူရှူးယာသို့ သွားမည့် လင်းရှန်၏ အစီအစဉ်ကို ကြားသိရသောအခါ ရှင်းဂျီက တိတ်ဆိတ်မြို့တော်မှ အလားအလာအရှိဆုံး စွမ်းအားရှင်နှစ်ဦးဖြစ်သည့် ရူဂျီနှင့် ရှီဇီတို့ကို လင်းရှန်၏ သမုဒ္ဒရာဖြတ်ကျော် ရထားခရီးစဉ်တွင် လိုက်ပါရန် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
ရည်ရွယ်ချက်မှာ ရိုးရှင်းပေသည်။ လင်းရှန်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး ရှင်းဂျီအနေဖြင့် ဤနှစ်ဦးစလုံး သူတို့၏ စွမ်းအားများ ပိုမိုတိုးတက်လာကာ နောင်တွင် ကြီးမားသောအထောက်အပံ့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားသည်။
လင်းရှန်သည် ထိုလူ၏ ရည်ရွယ်ချက်ကို သိသော်လည်း ဤသမုဒ္ဒရာဖြတ်ကျော် ရထားခရီးစဉ်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာဖြစ်သဖြင့် လူအများအပြား မခေါ်ဆောင်သွားနိုင်ပေ။ ဘေးကင်းလုံခြုံရေးအတွက် အနန္တမဟာမိတ်အဖွဲ့သည် ဖီးနစ် အာရုဏ်ဦးဗဟိုစင်တာနှင့် ပူးပေါင်းခဲ့ပြီး ကျန်းရှု့ဝေ၊ ကျန်းယွမ်နှင့် ရှီတိယွမ်တို့သည် ငွေကြယ်၊ ပေါင်းစည်းယာဉ်တန်းနှင့် အခြားယာဉ်တန်းများကို ဦးဆောင်ကာ ချုံးကူရေလက်ကြားသို့ ဦးတည်သွားကြသည်။ ထိုအတောအတွင်း လင်းရှန်သည် ယဲ့လန်၏ စတားဖိုင်းယား စီမံကိန်းတွင် ပါဝင်ခဲ့သည်။
စတားဖိုင်းယားစီမံကိန်းဆိုသည်မှာ ဟန့်တားခြင်းခေတ် စတင်ပြီးနောက် ဖီးနစ်၏ တပ်မှူးယဲ့လန်က ကြေညာခဲ့သည့် တက်ကြွစွာ ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ၎င်းမှာ အာရုဏ်ဦးမြို့တော် တိုက်ပွဲပြီးနောက် ကမ္ဘာတစ်ဝန်းရှိ တွင်းနက် ၁၃ ခု စလုံး မထင်မှတ်ဘဲ ရပ်တန့်နေသည့် အခြေအနေကို ကိုင်တွယ်ရန် ဖြစ်သည်။ အာရုဏ်ဦးမြို့တော် တိုက်ပွဲပြီးနောက် အမှောင်ထုအကျပ်အတည်းသည် သိသာစွာ ပြောင်းလဲသွားသည်။ တွင်းနက်အမှတ် ၅၊ ၇ နှင့် ၈ တို့သည် မူလအရွယ်အစားသို့ ပြန်ရောက်သွားပြီးနောက် မထင်မှတ်ဘဲ တဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာခဲ့ရာ ၎င်းမှာ ဖီးနစ်၏ ကနဦးခန့်မှန်းချက်များထက် ကျော်လွန်နေသည်။ လင်းရှန်နှင့် ချူယန်တို့ ဖုတ်ကောင်သိုးထိန်းထံမှ ရရှိခဲ့သော အမြင်များနှင့် ပူးပေါင်းကာ လခြမ်းကွေးစစ်ဆင်ရေးမှ ရရှိသည့် အချက်အလက်များအရ ဖီးနစ်တပ်မှူး ယဲ့လန်က လူသားတို့သည် အမှောင်စွမ်းအင် ပြောင်းလဲခြင်းနည်းပညာကို အရယူနိုင်ခဲ့ပြီး အာကာသကာကွယ်ရေးစနစ်ကို ပြန်လည်ရယူကာ နံပါတ် ၅ တွင်းနက်မှ ဖုတ်ကောင်သိုးထိန်းကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ထိုမခန့်မှန်းနိုင်သော ခြိမ်းခြောက်မှုက အမှောင်ယဉ်ကျေးမှုကို လူသားယဉ်ကျေးမှုအပေါ် ၎င်းတို့၏ ဗျူဟာကို ပြောင်းလဲရန်နှင့် သတိထားရန် တွန်းအားပေးခဲ့သည်ဟု ယူဆခဲ့သည်။
အလွယ်တကူ ပြောရလျှင် လူသားတို့သည် အမှောင်ထုထဲတွင် တိတ်ဆိတ်စွာ နေထိုင်ရင်း အမှောင်ကျူးကျော်မှုများကို ကာကွယ်ရုံသာမက ခြိမ်းခြောက်မှုတစ်ခုအဖြစ်သို့ ပြောင်းလဲလာခြင်း ဖြစ်သည်။ ဤအချက်ကြောင့် ယခင်က ပုရွက်ဆိတ်ကဲ့သို့ ဖြစ်ခဲ့သော လူသားတို့သည် ယဉ်ကျေးမှုဆိုင်ရာ သတင်းအချက်အလက်များ မှောင်အတိကျနေသည့် ကမ္ဘာတွင် တန်ပြန်တိုက်ခိုက်ရန် သို့မဟုတ် ရှင်သန်ရန်အတွက် ရွေးချယ်ခွင့်များကို ပြန်လည်ရရှိခဲ့သည်။
ထို့ကြောင့်ပင် စတားဖိုင်းယား စီမံကိန်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ နှစ်မျိုးရှိသည်။ ပထမမှာ အမှောင်စွမ်းအင် ကာကွယ်ရေးစနစ်ကို အသုံးချ၍ အမှောင်ထုထဲရှိ လူသားတို့၏ အားနည်းချက်ကို ပြောင်းလဲရန်နှင့် တွင်းနက်များအားလုံးကို အသေးစိတ် စုံစမ်းစစ်ဆေးရန် ဖြစ်သည်။ ထို့အပြင် ထိုနည်းပညာကို အသုံးချ၍ လူသားတို့၏ အဓိကလက်နက်ဖြစ်သော နူကလီးယားလက်နက်များကို ပြန်လည်အသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းဖြင့် စစ်ရေးအရ တားဆီးနိုင်စွမ်းကို တည်ဆောက်ရန် ဖြစ်သည်။ ဒုတိယမှာ S-Class အဆင့် ပေါင်းစပ်ယန္တရားနည်းပညာကို အသုံးပြု၍ ကောင်းကင်အကာအကွယ်ကို ဒုတိယအကြိမ် ဖြတ်ကျော်ရန်နှင့် ဝင်ရိုးစွန်းခွန်းလွန်ဗဟိုချက်သို့ ဝင်ရောက်ကာ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းကို ပြန်လည်စတင်နိုင်မည့် အလားအလာကို ရှာဖွေရန် ဖြစ်သည်။
အာရုဏ်ဦးမြို့တော်တွင် အောင်မြင်စွာ တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်းနှင့် စတားဖိုင်းယား စီမံကိန်းကို တည်ထောင်နိုင်ခြင်းတို့က ကမ္ဘာတစ်ဝန်း၌ ကျန်ရှိနေသော လူသားများအတွက် ယုံကြည်မှုကို များစွာ မြှင့်တင်ပေးခဲ့သည်။ အရေးကြီးဆုံးမှာ လူသားများသည် အမှောင်ကျူးကျော်မှုများကို ကြံ့ကြံ့ခံနိုင်ပြီး ညစ်ညမ်းမှုများကို ကာကွယ်ထားနိုင်ပါက ရေအရင်းအမြစ်များကို ပြန်လည်ရယူနိုင်မည်ဖြစ်ကြောင်း လူတိုင်း သိရှိသွားကြခြင်း ဖြစ်သည်။
တွဲအမှတ် ၅ တွင် လင်းရှန်သည် တာလို့အတွက် သူကိုယ်တိုင် ထုတ်လုပ်ပေးထားသော တိုက်ပွဲဝင်ဝတ်စုံသစ်ကို စမ်းသပ်ပေးနေသည်။ လုရှင်းချန်၊ ရူဂျီနှင့် မာရှောင်ထန်းတို့သည် ဘေးမှနေ၍ အအေးခံထားသော လက်ဖက်ရည်သောက်ရင်း တာလို့က အမြင့် ၂ မီတာနီးပါးရှိသော ယန္တရားဝတ်စုံကို ပြသနေသည်ကို စိတ်ဝင်တစား ကြည့်နေကြသည်။
ဝူး~
လင်းရှန်၏ ယန္တရားစွမ်းအား ထိန်းချုပ်မှုအောက်တွင် တာလို့ ယန္တရားအစိတ်အပိုင်းများက အလိုအလျောက် တပ်ဆင်သွားသည်။ အထူးပြုလုပ်ထားသော ချီလင်ယန္တရားလက်မောင်းများသည် တိုက်ခိုက်ရေးစွမ်းရည်အပြင် ရေအောက်နှင့် အာကာသနက်ပိုင်းတွင် အသုံးပြုနိုင်သည့် တွန်းကန်စနစ်များ၊ အသက်ရှူစနစ်များလည်း ပါဝင်သောကြောင့် လုံးဝ အစွမ်းထက်သော လက်နက်တစ်ခုပင်၊၊
“အင်း၊ မဆိုးဘူး”
လင်းရှန်သည် သူ၏လက်ရာကို ကြည့်ကာ ကျေနပ်အားရမှုများ ပြည့်နှက်နေသည်။
“တာလို့… တစ်ချက်လောက် စမ်းကြည့်လိုက်ဦး”
တာလို့သည် ယန္တရားလက်မောင်းနှစ်ဖက်ကို စိတ်ဝင်တစား ကြည့်နေရင်း တစ်ခုခုကို မတော်တဆ ထိမိသွားသည်။ ထိုအခါ လက်မောင်းပေါ်ရှိ ယန္တရားအဖုံးများ ပွင့်ထွက်သွားပြီး လက်ဖက်ရည်သောက်နေသည့် မီးတောက်နှင့် အခြားသူများဘက်သို့ ဖျက်အားပြင်း ဒုံးကျည်ငယ်အချို့က တည့်တည့်မတ်မတ် ချိန်ရွယ်လျက် ထွက်ပေါ်လာသည်။
“ဟေး ဟေး ဟေး... အကိုကြီး”
“အစ်ကိုကြီး နေ…နေဦးလေ”
လုရှင်းချန်နှင့် မာရှောင်ထန်းတို့သည် သောက်လက်စ လက်ဖက်ရည်များပင် သီးမလိုဖြစ်သွားပြီး ချက်ချင်းပင် ကာကွယ်ရေးအနေထားယူလိုက်ကြသည်၊၊
Chapter 903
ဓားကိုင်ဆောင်သူ ၂
တာလို့လည်း ချက်ချင်းပင် ထိတ်လန့်သွားပြီး ပျာပျာသလဲဖြစ်နေစဉ်အတွင်း တွန်းကန်စနစ်က ရုတ်တရက် အလုပ်လုပ်ကာ ခြေထောက်ရှိ အအေးခံစနစ်များ စတင်လည်ပတ်လာတော့သည်။
“အစ်ကိုရှန်”
တာလို့ ဘာလုပ်ရမှန်းမသိဘဲ ဂယောင်ခြောက်ခြား ဖြစ်နေသည်။ အနီးတွင် ရပ်နေသည့် လင်းရှန်ကမူ လက်ဖျစ်တစ်ချက် တီးလိုက်ရုံဖြင့် တာလို့၏ စွမ်းအားဝတ်စုံရှိ လက်နက်စနစ်ကို ချက်ချင်း ပိတ်ပစ်လိုက်သည်။
“အစ်ကိုကြီးရှန်... ကျွန်တော်က စွမ်းအားဝတ်စုံ တစ်ခါမှ မသုံးဖူးဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ စွမ်းအားက ဒီဝတ်စုံနဲ့ဆို အဆင်မပြေလောက်ဘူး ထင်တယ်...”
တာလို့က အားတုံ့အားနာဟန်ဖြင့် ပြောသည်။
သို့သော် လင်းရှန်က ခေါင်းခါယမ်းလိုက်ပြီး လေးနက်စွာ ပြန်ပြောလိုက်သည်။
“မင်းနဲ့ အကိုက်ညီဆုံးပဲ။ မင်းအတွက် တစ်စုံ လုပ်ပေးချင်နေတာ ကြာပြီ။ မင်းရဲ့ စွမ်းအားက သွေးစွမ်းအင်ဖြစ်ပေမဲ့ သန္ဓေပြောင်း မွန်းစတားတွေကို အမြဲတမ်း အနီးကပ် တိုက်ခိုက်နေလို့ မရဘူးလေ။ ဒါ့အပြင် ပစိဖိတ်သမုဒ္ဒရာထဲ ဝင်သွားရင် ရေအောက်ရော၊ ကောင်းကင်မှာပါ လှုပ်ရှားနိုင်စွမ်း လိုအပ်လာလိမ့်မယ်။ မင်းက သံမဏိဓားကြီးကို ကိုင်ပြီး သမုဒ္ဒရာထဲမှာ ရေကူးနေလို့မှ မရတာ”
“အစ်ကိုကြီးလင်း ပြောတာ မှန်တယ်” လုရှင်းချန်ကလည်း ထောက်ခံလိုက်သည်။
“ငါက မီးကို ထိန်းချုပ်နိုင်ပြီး ပျံသန်းနိုင်ပေမဲ့ စွမ်းအားဝတ်စုံရဲ့ အကူအညီက လိုအပ်နေတုန်းပဲ။ ဒီ နဂါးနက် တိုက်ပွဲဝင်ဝတ်စုံက အစ်ကိုလင်းက မင်းအတွက် သီးသန့် ထုတ်လုပ်ပေးထားတာပဲ။ မင်း အပြည့်အဝ အသုံးချနိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ် တာလို့”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ကြည့်ရတာ အရမ်းမိုက်တယ်”
မာရှောင်ထန်းကလည်း အားကျနေသော မျက်လုံးများဖြင့် ပြောသည်။
လင်းရှန်က တိတ်ဆိတ်စွာ လက်ဖက်ရည်သောက်နေသည့် ရူဂျီကို ညွှန်ပြကာ ပြုံးလိုက်သည်၊၊
“သူ့ကိုကြည့်၊ သူက ဘက်စုံစွမ်းအားရှင် ဖြစ်တာတောင် စွမ်းအားဝတ်စုံ ဝတ်ထားသေးတာပဲ။ တိုက်ခိုက်ရေးစွမ်းရည်၊ လှုပ်ရှားနိုင်စွမ်းနဲ့ ကာကွယ်ရေးစွမ်းအားတွေကို မြှင့်တင်ထားတာက ဉာဏ်ကောင်းတဲ့ ကြိုတင်ပြင်ဆင်မှုပဲ”
“ကောင်းပါပြီ အစ်ကိုရှန်… ကျွန်တော် သေချာ လေ့လာပါ့မယ်”
လင်းရှန်၏ ထိုစကားကို ကြားသောအခါ တာလို့ လက်ခံလိုက်သည်၊၊ သူ လှည့်လိုက်သည့်အခါ နဂါးနက်စွမ်းအားဝတ်စုံမှ ဟိုက်ဒရောလစ် အသံများ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ လေးလံပုံရသော်လည်း အမှန်တကယ်တွင်မူ တာလို့အား ပိုမိုကြီးမားသော စွမ်းအားများ ထုတ်ပေးနိုင်သည့် အစွမ်းထက် စွမ်းအင်ဗဟိုချက် ပါရှိသည်။
တွဲအမှတ် ၆ မှာမူ ယခုအခါ ရထား၏ ပစ္စည်းသိုလှောင်ရာနှင့် စားသောက်တွဲအဖြစ် အသုံးပြုနေပြီး ရိက္ခာများစွာ ပြည့်နှက်နေသည်။ တွဲအလယ်တွင် လူ ၂၀ ကျော် စားသောက် နားနေနိုင်သည့်အပြင် အစည်းအဝေးများပါ ပြုလုပ်နိုင်သော ဆိုဖာတန်းကြီးများ ရှိသည်။
ထိုအချိန်တွင် စားသောက်တွဲအတွင်း၌ အလုပ်များနေကြသည်။ ချန်ဆီရွှမ်၊ နန်ကျင်း၊ ရှုချင်းနှင့် စွန်းယုကျန်းတို့သည် ရိက္ခာများကို စစ်ဆေးကာ စာရင်းပြုစုနေကြသည်။ ဆိုဖာပေါ်တွင်မူ ချီလီ၊ လော့ယန်နှင့် လုချန်တို့ ဖဲကစားနေကြပြီး မလှမ်းမကမ်းတွင် အားဖေးနှင့် ရှောင်ချင်းတို့ တိတ်ဆိတ်စွာ ထိုင်နေကြသည်။ မိုနီကာကမူ ထောင့်အကျဆုံးနေရာတွင် ဝိုင်နီတစ်ခွက်ကို ကိုင်ကာ ခြေထောက်ချိတ်ထိုင်နေသည်။ လင်းရှန် ဝင်လာသည်ကို မြင်သောအခါ သူမက ပြုံးကာ နှုတ်ဆက်ပြီး ပြင်ပရှုခင်းများကို ဆက်လက်ကြည့်ရှုနေသည်။
အနန္တမဟာမိတ်အဖွဲ့၏ အဓိကအဖွဲ့ဝင်အားလုံး ဤနေရာတွင် ရှိနေကြသည်ဟု ဆိုနိုင်သည်။ တစ်ဖက်တွင်မူ လျန်လေးနှင့် လီယီတို့သည် ကလေးမွေးဖွားရန် ပြင်ဆင်နေကြပြီး တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော လူအိုကြီးမိုနှင့် ကလေးငယ်များ၊ အခြားအဖွဲ့ဝင်များသည် အနန္တမဟာမိတ်အဖွဲ့၏ ကြည်းတပ်နှင့်အတူ ပို၍ဘေးကင်းသော လမ်းကြောင်းမှ လိုက်ပါသွားကြသည်။
“ကပ္ပတိန်လင်း”
လင်းရှန် ဝင်လာသည်ကို မြင်သောအခါ နန်ကျင်းက အရင်ဆုံး နှုတ်ဆက်ပြီး မေးလိုက်သည်၊၊
“ကျွန်မတို့ မနက်ဖြန် သမုဒ္ဒရာ ပတ်လမ်းထဲ ဝင်မှာလား”
လင်းရှန်က ခေါင်းညိတ်ပြသည်၊၊
“ဒီနေ့ ရာသီဥတု သာယာတယ်၊၊ ကမ်းရိုးတန်းမှာပဲ တစ်ည နားကြတာပေါ့”
“ဟုတ်တယ်၊၊ ရာသီဥတုက တကယ်ကောင်းတယ်”
နေကာမျက်မှန်တပ်ထားသော ချီလီက ပျင်းရိစွာ မှီရင်း ပြောလိုက်သည်၊၊
“ရထားနဲ့ ခရီးသွားရတာက တိုက်ပွဲဝင်နေရတာထက် အများကြီး သက်သောင့်သက်သာ ရှိတယ်”
“ဒါက အပန်းဖြေခရီး မဟုတ်ဘူးနော်”
လော့ယန်က လေးလေးနက်နက် ပြောလိုက်သည်။
“ကျွန်တော်တို့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ရမယ်၊၊ နောဧ ပင်လယ်မြို့တော်နဲ့ တွေ့ဆုံရမယ်၊၊ ပြီးရင် ရီပက်ဘလစ်ကန် ကျွန်းစုတွေဆီ သွားရမယ်။ သမုဒ္ဒရာထဲမှာ ဘာတွေဖြစ်လာမလဲ မသိနိုင်ဘူး”
“ပြီးတော့ ကျွန်မတို့ တွင်းနက် ၁၃ ကိုလည်း ဖြတ်ရဦးမယ်”
နန်ကျင်းက ချီလီကို ပြုံးပြလိုက်သည်။
“ဒီတစ်ခါတော့ ပတ်သွားဖို့ မလွယ်ဘူးနော်”
“ကိစ္စမရှိပါဘူး”
ချီလီက မတုန်လှုပ်သွားပေ၊၊
“ပင်လယ်ရေအောက် သတ္တဝါကြီးတွေပဲဖြစ်ဖြစ်၊ ဖုတ်ကောင်လှိုင်းလုံးကြီးတွေပဲဖြစ်ဖြစ်၊ ငါက ရှုခင်းကြည့်နေတယ်လို့ သဘောထားလိုက်ရင် ခရီးသွားနေရသလို ဖြစ်သွားတာပဲ”
“ရှင်က အကောင်းမြင်တတ်လွန်းတယ်”
ချန်ဆီရွှမ်က ပြုံးလျက် ပြောသည်။
“သမုဒ္ဒရာပတ်လမ်းက သမုဒ္ဒရာကြောတွေအတိုင်း သွားရမှာ။ ဆိုလိုတာက ပစိဖိတ်သမုဒ္ဒရာရဲ့ အနက်ဆုံး ချောက်ကြီးတွေရဲ့ အစွန်းအတိုင်း သွားရမှာလေ။ ရှင် အရင်က ရေနက်ပိုင်းကို ကြောက်တတ်တယ်လို့ ပြောဖူးတယ် မဟုတ်လား”
ချီလီ၏ အပြုံးများ ပျောက်ကွယ်သွားပြီး နေကာမျက်မှန်ကို ပင့်တင်ကာ ချန်ဆီရွှမ်နှင့် လင်းရှန်ကို ကြည့်လိုက်သည်၊၊
“အခု အဲ့ဒါကို သတိပေးလိုက်တော့မှ စိတ်ဝင်စားဖို့ သိပ်မကောင်းတော့သလိုပဲ”
“စိတ်ပြောင်းဖို့ အချိန်ရှိသေးတယ်နော်”
လင်းရှန်က ရှေ့သို့ လှမ်းလာရင်း ပြောလိုက်သည်။
“ထားလိုက်ပါတော့” ချီလီက လင်းရှန်ကို ကြည့်ကာ နေကာမျက်မှန် ပြန်တပ်လိုက်သည်၊၊
“ငါ ကပ္ပတိန်လင်းနောက်ပဲ လိုက်တော့မယ်။ မိုနီကာ ပြောတာ မှန်တယ်… ကပ္ပတိန်လင်းနဲ့အတူ ရှိနေမှ အသက်ရှင်နိုင်မှာ။ အာရုဏ်ဦးမြို့တော်ရဲ့ မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကိုတောင် တောင်ဘက် ကောင်းကင်ဂိတ်နဲ့ မင်းက ပြောင်းလဲပစ်နိုင်ခဲ့တာပဲ။ ငါလည်း ကမ္ဘာကြီးကို ကယ်တင်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာက ပါဝင်သင့်တာပေါ့”
လင်းရှန်က ရယ်မောလိုက်ပြီး မိုနီကာဘက်သို့ လှည့်ကာ
“ရထားအတွက် ကျေးဇူးတင်ပါတယ် မိုနီကာ။ အခုဆို အနန္တရထားက ပျံသန်းဖို့ကလွဲရင် ကျန်တာ အကုန်လုပ်နိုင်တဲ့ အကောင်းဆုံး အခြေအနေ ရောက်နေပြီ”
မိုနီကာက သူ့ကို တောက်ပစွာ ပြုံးပြလိုက်သည်၊၊
“ရပါတယ်… ကျွန်မက ရှင့်ရဲ့ ကောင်းကင်အမိုးခုံး ကြယ်သင်္ဘောပေါ် တက်ဖို့ကိုပဲ စောင့်နေတာပါ”
“မကြာခင် ဖြစ်လာမှာပါ”
လင်းရှန် စကားဆုံးသည်နှင့် တွဲအမှတ် ၁ ဘက်သို့ ထွက်လာခဲ့သည်။ တွဲအမှတ် ၆ ၏ နောက်တွင် အဓိက အဖွဲ့ဝင်များအတွက် အိပ်ဆောင်များ ရှိပြီး မိုနီကာတစ်ဦးတည်းသာ တွဲအမှတ် ၉ တွင် သီးသန့် နေထိုင်သည်။ ချီလီ၊ လော့ယန်၊ လုချန်နှင့် အားဖေးတို့က တွဲအမှတ် ၈ တွင် နေကြပြီး ရှုချင်း၊ ရှောင်ချင်း၊ မြောင်လု၊ နန်ကျင်းနှင့် ရှီဇီတို့က တွဲအမှတ် ၇ တွင် နေကြသည်။ နောက်ဆုံး တွဲအမှတ် ၁၀ မှာမူ အရေးပေါ် အခြေအနေများအတွက် လင်းရှန် ပြင်ဆင်ထားသည့် ဝေးလ် 03E အကြီးစား ဂတ်စ်တာဘိုင်တွဲ ဖြစ်သည်။
လင်းရှန်နှင့်အတူ ခရီးတစ်လျှောက် အမြဲလိုက်ပါခဲ့သည့် မီးနတ်ဘုရားမီကာကိုလည်း သူ ယူဆောင်လာခဲ့သည်။ တစ်ချိန်ချိန်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည် မဟုတ်ပါလား။
လင်းရှန်သည် နောက်တွဲများမှ ရှေ့သို့ တစ်တွဲပြီးတစ်တွဲ ဖြတ်သန်းလာရာ တွဲအမှတ် ၄ သို့ ရောက်ရှိလာသည်။ အတွင်းသို့ ဝင်လိုက်သည်နှင့် စိမ်းစိုနေသော အပင်များကို မြင်တွေ့ရသည်။ သစ်ပင်မျိုးစုံသာမက ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစုံလည်း ရှိနေသည်။ အပေါ်ဘက်ရှိ ကြည်လင်သော ခေါင်မိုးပွင့်နေသဖြင့် တစ်တွဲလုံးသည် တောအုပ်တစ်ခုထဲ ရောက်နေသကဲ့သို့ စိတ်ကြည်လင် အေးချမ်းဖွယ် ကောင်းလှသည်။
“ကပ္ပတိန်လင်း”
မြောင်လုနှင့်အတူ သစ်သီးခူးနေသော ရှောင်ယွမ်က လင်းရှန် လျှောက်လာသည်ကို မြင်သောအခါ အမြန်ထရပ်ပြီး ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
“ဝိုး... ဒီနေ့ ခရမ်းချဉ်သီးနဲ့ သခွားသီးတွေ ရနေပြီပဲ”