အခန်း (၉၀၄-၉၀၅)
Vol. 52 Ch. 904-905
Chapter 904
ဓားကိုင်ဆောင်သူ ၃
လင်းရှန်၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ရှောင်ယွမ်၏ ခြင်းတောင်းထဲမှ သခွားသီးတစ်လုံးကို မနေနိုင်ဘဲ ကောက်ယူကာ အင်္ကျီဖြင့် ပွတ်တိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။ လတ်ဆတ်ပြီး ချိုမြိန်သော အရသာက ပါးစပ်ထဲတွင် စိမ့်ထွက်သွားသည်။
“ဒီရက်ပိုင်း နေရောင်ကောင်းတော့ သူတို့ မြန်မြန် ကြီးလာကြတာ”
ရှောင်ယွမ်က သိမ်မွေ့စွာ ပြုံးလိုက်သည်၊၊
“ပင်လယ်ထဲမှာ အကြာကြီး နေရရင် ဗီတာမင်တွေ အပိုဖြည့်တင်းဖို့ လိုတယ်လို့ ကြားလို့ ဒါရိုက်တာတင်းက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ အများကြီးစိုက်ထားတာပါ”
“ဟုတ်တယ်၊၊ ဒါရိုက်တာတင်းရဲ့ စွမ်းအားက အခုဆို အပင်တွေကို အရမ်းမြန်မြန် ကြီးထွားအောင် လုပ်နိုင်နေပြီ”
မြောင်လုကလည်း ဘေးမှနေ၍ ထောက်ခံသည်။
“ဒီသခွားသီးတွေကို မနေ့ကမှ စိုက်တာလေ… အခု အသီးတောင် သီးနေပြီ”
“အရေအတွက်ရော အထွက်နှုန်းကိုပါ မြှင့်တင်ပေးနိုင်တာပဲ၊၊ ဒါကတော့ တကယ့်ကို နတ်ဘုရားအဆင့် စွမ်းအားပဲ”
လင်းရှန်က သခွားသီးကို နောက်တစ်ကိုက် ထပ်ကိုက်လိုက်ပြီး
“ဖီးနစ်မှာတောင် ဒီလိုစွမ်းအားမျိုးက မှတ်တမ်းမရှိသေးဘူး၊၊ ငါတို့ ရထားပေါ်မှာပဲ ရှိတာ”
“တစ်ခုတည်းသော ယန္တရားစွမ်းအားရှင်ကလည်း ကျွန်မတို့ ရထားပေါ်မှာပဲ ရှိတာလေ”
မြောင်လုက ကျီစယ်သလို ပြုံးကာ ပြောလိုက်သည်။
လင်းရှန်က ပြုံးလျက် ရှေ့သို့ ဆက်လျှောက်လှမ်းသွားသည်။
ရှောင်ယွမ်၏ မျက်လုံးများသည် နောက်မှ ငေးကြည့်ကျန်ခဲ့ရာ မြောင်လုက သူမကို စနောက်ပြီး ဆွဲခေါ်သွားသည်၊၊
“မကြည့်နဲ့တော့၊ မျက်လုံးတွေ ကျွတ်ထွက်ပြီး သူ့နောက် ပါသွားတော့မယ်”
ရှောင်ယွမ် မျက်နှာလေး နီမြန်းသွားသည်၊၊
“ကပ္ပတိန်လင်းက ငါ့ကို ဒီခရီးမှာ တကယ် ခေါ်လာပေးလို့ ဝမ်းသာလို့ပါ”
မြောင်လုက အံ့သြသွားပြီး “အဲ့ဒါက ထူးဆန်းတာမှ မဟုတ်တာ။ အရေးကြီးတဲ့ အချိန်မှာ နင်နဲ့ ဒါရိုက်တာ တင်းက ငွေနဂါးဆယ်ဆပန်းကို သုံးပြီး ကပ္ပတိန်လင်းကို မကယ်ခဲ့ရင် သူ ရှိတော့မှာ မဟုတ်ဘူး။ နင်က တကယ် တော်တယ်လေ… ကပ္ပတိန်လင်းက နင့်ကို မခေါ်ချင်ပဲနေမလား”
ရှောင်ယွမ်က မျက်မှောင်လေး ကြုတ်ကာ တည်ငြိမ်စွာ ပြောသည်၊၊
“ဒါက ဒါရိုက်တာတင်းရဲ့ အစီအစဉ်ပါ။ ငါက ကူညီပေးရုံတင်ပါ”
“ခစ်ခစ်…. ကပ္ပတိန်လင်းက နင့်ကို တကယ် သဘောကျလို့ ခေါ်လာတာမျိုးရော မမျှော်လင့်ဘူးလား”
မြောင်လုက မျက်စိမှိတ်ပြကာ မေးလိုက်သည်။
“နင်နော်… ပေါက်ကရတွေ”
…
တွဲအမှတ် ၃။
“ကြီးထွားမှု အချက်အလက်တွေကို စုဆောင်းပါ၊ ဟင်းသီးဟင်းရွက်တွေ၊ နေရောင်ခြည်နဲ့ အေးခဲ-အမှောင်ဆေးရည်တွေက ရထားပေါ်က စွမ်းအားရှင်တွေရဲ့ ကြီးထွားမှုအပေါ် ဘယ်လို သက်ရောက်မှုရှိလဲဆိုတာကို သီးခြားစီ စစ်ဆေးဖို့ ဖိုင်တစ်ခု လုပ်ပေးပါ...”
[ဒီအပေါ်မှာ သက်ရောက်နိုင်တဲ့ အဓိက အချက်တွေထဲမှာ တစ်ဦးချင်းစီရဲ့ အခြေခံ ဂုဏ်သတ္တိများ၊ ကြီးထွားနိုင်စွမ်း၊ ကျားမ၊ အသက်၊ စွမ်းအင်ပြောင်းလဲမှုနှုန်း စတာတွေ ပါဝင်နိုင်ပါတယ်။ ဒါကို အတည်ပြုနိုင်ဖို့အတွက် နှိုင်းယှဉ်စမ်းသပ်မှု ပေါင်း ၃၆၁၅ ကြိမ်ထက်မနည်း လိုအပ်ပါလိမ့်မယ်]
“ငါ သိတယ်… အရင်ဆုံး အဓိကအချက်တွေကို တွက်ချက်ပါ… ပြီးမှ အသေးစိတ်တွေကို စစ်ထုတ်ပြီး လင်းရှန်အတွက် ရည်ညွှန်းနိုင်မယ့် အချက်အလက်တွေကို ထုတ်ယူလိုက်မယ်”
လင်းရှန် တွဲအမှတ် ၃ သို့ ရောက်ရှိသွားချိန်တွင် တင်းကျန်းရီသည် ဗိုင်အိုလာနှင့်အတူ သုတေသနလုပ်ငန်းများတွင် အာရုံစိုက်နေသည်ကို မြင်လိုက်ရသည်။
“လင်းရှန်”
ခြေသံကြားရသောအခါ တင်းကျန်းရီက ခေါင်းမဖော်ဘဲ နှုတ်ဆက်လိုက်သည်။
“မင်းရဲ့ စွမ်းအားက သိသိသာသာ တိုးတက်လာတယ်လို့ ကြားတယ်”
လင်းရှန်က အနားသို့ လျှောက်သွားရင်း ပြောသည်။
တင်းကျန်းရီက ခဏရပ်ကာ လက်ချောင်းလေးတစ်ချောင်း မြှောက်လိုက်ရာ စားပွဲပေါ်ရှိ အပင်အိုးအချို့မှ အပင်များက ရုတ်တရက် အရှိန်အဟုန်ဖြင့် ကြီးထွားလာပြီး လင်းရှန်ထံသို့ ဦးတည်လာကြသည်။ ထိုအပင်များသည် ရေဘဝဲလက်တံများကဲ့သို့ သူ့ကို ဝန်းရံသွားပြီး ခဏအတွင်းမှာပင် အပင်လှောင်အိမ်တစ်ခုကို ဖန်တီးလိုက်သည်။
လင်းရှန်က သူ့ပတ်ပတ်လည်ရှိ လှုပ်ရှားနေသော အပင်များကို ကြည့်ကာ အံ့သြသွားသည်၊၊
“ဘာလို့ သက်ရှိသတ္တဝါတွေလို ဖြစ်နေတာလဲ”
“အတိအကျပြောရရင် အပင်တွေကလည်း သက်ရှိသတ္တဝါ တစ်မျိုးပဲလေ”
တင်းကျန်းရီက ခေါင်းမော့ကာ လင်းရှန်ဘက်သို့ လှည့်လိုက်သည်၊၊
“ဒါပေမဲ့ ရှင်က အဲ့ဒီအဖြေကို သဘောမကျဘူးဆိုတာ ကျွန်မ သိပါတယ်။ အမှန်တကယ်ကတော့ အပင်ရဲ့ တစ်သျှူးတွေကို အရှိန်မြှင့်ကြီးထွားစေပြီး ဆဲလ်တွေကို အမြန်ပွားစေတာကြောင့် လှုပ်ရှားနေတဲ့ အခြေအနေကို ဖြစ်စေတာပါ။ အပင်ကြီးထွားမှုကို အရှိန်မြှင့်ပြလိုက်သလိုမျိုးပေါ့၊၊ အဲ့ဒါကြောင့် လှုပ်နေသလို မြင်ရတာပါ”
လင်းရှန်က ခေါင်းညိတ်လိုက်သည်၊၊
“ဒါဆို ဒါက ဒီအတိုင်းပဲ ကြီးထွားလာတာလား… ငါက မင်း သူတို့ကို လက်တံတွေလို ထိန်းချုပ်နိုင်တယ် ထင်နေတာ”
“အဲ့လောက် ပြောင်းလဲရမလွယ်ဘူး… အပင်ရဲ့ တစ်သျှူးတွေနဲ့ ကြွက်သားတွေက အခြေခံချင်း မတူဘူးလေ”
တင်းကျန်းရီ၏ တည်ကြည်သော မျက်နှာကို မြင်သောအခါ လင်းရှန်က ပြုံးလျက် မေးလိုက်သည်၊၊
“ငါ့ကို ကယ်ဖို့ ငွေနဂါးဆယ်ဆပန်းက ကူညီနိုင်လိမ့်မယ်လို့ မင်း ဘယ်လိုတွေးခဲ့တာလဲ”
“ငါ အဲ့လို မတွေးခဲ့ပါဘူး”
တင်းကျန်းရီက သူမ၏ အလုပ်များကို ခဏချထားပြီး လင်းရှန်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်၊၊
“အဲ့ဒီ လက်နက်ကို ဖုတ်ကောင်သိုးထိန်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကျွန်မလည်း မသိဘူး၊၊ တစ်စက္ကန့်လား၊ တစ်ခဏလားပေါ့။ ကျွန်မအတွက်တော့ ဒါက ရှင့်အတွက် ကျွန်မလုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာမို့လို့ လုပ်ခဲ့တာပါ”
လင်းရှန်၏ မျက်နှာတွင် ခံစားချက်မျိုးစုံဖြစ်ပေါ်သွားပြီး တစ်ခုခုပြောရန် ပြင်သော်လည်း ခဏမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင်မှ “ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
“ရပါတယ်”
ထိုအချိန်က တောင်ဘက်ကောင်းကင်ဂိတ်က အမြောက် ပစ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် ကီလိုမီတာ ပေါင်းများစွာ ဝေးသောနေရာမှ ချန်ဆီရွှမ်က သူ၏ တည်နေရာကို ဖမ်းယူနိုင်ခဲ့ပြီး တင်းကျန်းရီနှင့် ရှောင်ယွမ်တို့က ငွေနဂါးဆယ်ဆပန်းနှင့်အတူ ရောက်ရှိလာခဲ့သည်ကို လင်းရှန် မသိခဲ့ပေ။ ချီလီနှင့် ကီကီတို့ကလည်း သူ့ကို ကယ်တင်ရန် အမြန်လာခဲ့ကြပြီး အရေးကြီးသော အချိန်တွင် ဟင်းလင်းပြင်ပူဖောင်း စွမ်းအားပွင့်သွားသည်နှင့် ချီလီက အမြန်နှုန်းကို သုံးပြီး ကီကီနှင့်အတူ သူ့ကို ဆွဲထုတ်သွားခဲ့သဖြင့် တောင်ဘက်ကောင်းကင်ဂိတ်၏ ဖျက်အားပြင်း အလင်းတန်းမှ ပွတ်ကာသီကာလေး လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။ ဤအရာအားလုံးမှာ လင်းရှန် မမျှော်လင့်ထားခဲ့သော အရာများပင်။
သူ့အဖွဲ့သားများက တကယ်ကို အစွမ်းထက်ကြသည်ဟုသာ ဆိုရမည်။
ယခုအခါ လင်းရှန်သည် အနန္တရထား၏ ထာဝရအဆင့် မောင်းနှင်ခန်းအသစ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ရှေ့မှ သာယာနေသော လွင်ပြင်ကြီးကို ကြည့်ကာ သက်ပြင်းရှည်ကြီး တစ်ချက်ချပြီး ပိုင်းလော့ခုံတွင် ထိုင်လိုက်သည်။ ထိုစဉ် သူ့နားထဲသို့ အသံတစ်ခု ကြားလိုက်ရသည်။
“တွင်းနက် ၁၃ က သမုဒ္ဒရာထဲမှာ ရှိတဲ့ တစ်ခုတည်းသော တွင်းနက်ဖြစ်ပေမဲ့ အကြီးဆုံး တစ်ခုလည်း ဖြစ်တယ်။ သူက ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်နဲ့ အမှောင်သမုဒ္ဒရာ ဆုံရာမှာ ကီလိုမီတာ သောင်းနဲ့ချီတဲ့ အလွန်ကြီးမားတဲ့ မုန်တိုင်းဇုန်ကြီးကို ဖန်တီးထားတယ်။ အဲ့ဒီနေရာကို ဂြိုဟ်ပတ်ရထားလမ်းကနေ ဖြတ်ဖို့ ကြိုးစားတာတောင် အရမ်း အန္တရာယ်များပါတယ်”
“ငါတို့ နှစ်ယောက်အတွက်တော့ ဘယ်သွားသွား အန္တရာယ်ရှိနေတာချည်းပါပဲ”
လင်းရှန်က ချူယန်ကို ကြည့်ကာ ပြောလိုက်သည်၊၊
“ဖုတ်ကောင်သိုးထိန်းက သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး ငါတို့ နှစ်ယောက်လုံးကို ထောက်လှမ်းခဲ့တယ်။ ဒါကြောင့် အမှောင်ထုက ငါတို့ကို ပစ်မှတ်ထားနေနိုင်တယ်လို့ ပရော်ဖက်ဆာယဲ့ကို ပြောခဲ့တာပဲ”
“ဒါကို ငါ နားလည်ပါတယ်”
ချူယန်က သူ့ကို ကြည့်လိုက်သည်၊၊
“ငါ သိချင်တာက အခု နင်က တောင်ဘက်ကောင်းကင်ဂိတ်ရဲ့ ထိန်းချုပ်သူဖြစ်နေပြီပဲ၊၊ ဘာလို့ ပရောဖက်ဆာယဲ့က နင့်ကို အထူးအဖွဲ့ပုံစံနဲ့ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ခိုင်းတာလဲ”
Chapter 905
ဓားကိုင်ဆောင်သူ ၄
လင်းရှန်က သူ့ဘေးရှိ ချူယန်၏ တစ်ဝက်တစ်ပျက် ပေါ်လွင်နေသော အသိစိတ်ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်၊၊
“ဒါကြောင့်လည်း ငါတို့ သီးခြားစီ လှုပ်ရှားရမယ်လို့ ပရော်ဖက်ဆာယဲ့ကို ပြောခဲ့တာပေါ့။ အခု မင်းက အာရုဏ်ဦးဗဟိုစင်တာကို သွားနေပြီ၊၊ မင်းရဲ့ လုံခြုံရေးကို ဖီးနစ်က တာဝန်ယူပေးပါလိမ့်မယ်”
ချူးယန်က မျက်မှောင်ကြုတ်လိုက်သည်၊၊
“ငါက ဂရေ့စ်နဲ့ ဆက်သွယ်လို့ ရနိုင်မှန်း မသိခဲ့ဘူး”
“နိုးလာရင် သိရမှာပါ”
လင်းရှန်က ပြုံးလိုက်သည်၊၊
“အခုတော့ စိတ်အေးအေးထားပါ။ တောင်ဘက်ကောင်းကင်ဂိတ်နဲ့ ဆက်သွယ်မှု တည်ဆောက်တဲ့နေရာမှာ မင်းက ကူညီပေးနိုင်တယ်လို့ ပရော်ဖက်ဆာယဲ့ကို ပြောထားတယ်။ ဒါပေမဲ့ လောလောဆယ် ကောင်းကင်အကာအကွယ်က မတည်ငြိမ်သေးဘူး။ ဘေးကင်းဖို့အတွက် ဓားကိုင်ဆောင်သူ (ထိန်းချုပ်သူ) နှစ်ယောက်က ခွဲနေမှ ဖြစ်မယ်။ မင်းက အန္တရာယ်အကင်းဆုံးဖြစ်အောင် ကုန်းကြောင်းလမ်းက သွား…. ငါကတော့ ခွန်းလွန်ဗဟိုချက်ကို အမြန်ဆုံးရောက်အောင် သမုဒ္ဒရာလမ်းကြောင်းက သွားမယ်။ ဒါက မတူညီတဲ့ အစီအစဥ်နှစ်ခုပဲ”
“ဒါဆို နင်ရဲ့ အနန္တမဟာမိတ်အဖွဲ့ တစ်ခုလုံးကို လူစုခွဲလိုက်ပြီး အထူးအဖွဲ့တစ်ဖွဲ့တည်းနဲ့ ဝင်ရိုးစွန်းဒေသကို အမြန်ရောက်ဖို့ သမုဒ္ဒရာလမ်းကြောင်းကနေ သွားမယ်ပေါ့၊၊ ဟုတ်လား”
ချူယန်က မေးသည်။
“ဒါက ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူးလား” လင်းရှန်က ပြုံးလျက် ပြန်ဖြေသည်၊၊
“ဝင်ရိုးစွန်းဒေသကို အမြန်ရောက်ရင် ဖီးနစ်ရဲ့ အရင်းအမြစ်တွေကို သက်သောင့်သက်သာ သုံးနိုင်ပြီး ငါ့ရဲ့ စွမ်းအားကိုလည်း မြှင့်တင်နိုင်တာပေါ့။ နောက်ပြီး ငါလည်း ပင်ပန်းနေပြီ။ လူသောင်းနဲ့ချီရဲ့ ရှင်သန်ရေးကို တာဝန်မယူရတော့တာက ကောင်းချီးတစ်ခုပဲ မဟုတ်လား”
“လင်းရှန်”
ချူယန်က သူ့ကို ပြုံးကြည့်ရင်း ပြောသည်၊၊
“နင့်ရဲ့ အတွေးတွေအားလုံးကို ငါ မြင်ခဲ့တာ မေ့နေတာလား။ နင့်ရဲ့ ယန္တရားစွမ်းအားက တခြားစွမ်းအားရှင်တွေနဲ့ လုံးဝ မတူဘူး။ နင်က နင့်ကိုယ်နင် အတ္တသမားလို့ ပြောရတာ ဝါသနာပါပေမဲ့ တကယ်တမ်းကျတော့ တာဝန်သိစိတ်တွေနဲ့ ပိတ်မိနေတယ်။ ဒါကြောင့် ဒါက နင်ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ဆိုတာကို ငါ ယုံလိမ့်မယ် ထင်လို့လား”
လင်းရှန်မှာ သူမ၏ စကားကြောင့် ခဏမျှ အံ့အားသင့်သွားပြီးနောက် သက်ပြင်းချကာ လက်လျှော့သလို ပြုံးလိုက်သည်။
“ကောင်းပြီလေ… မင်းရှေ့မှာတော့ ငါက လျှို့ဝှက်ချက် ထားလို့ မရတော့ဘူးပဲ”
“ဖုတ်ကောင်သိုးထိန်းဆီကနေ ငါတို့ မြင်ခဲ့ရတာ မှတ်မိလား”
လင်းရှန်က တည်ငြိမ်စွာ ပြောသည်၊၊
“တွင်းနက် ၁၃ ရဲ့ အောက်ခြေမှာ လူသားတွေ ရှိနေတယ်”
ချူယန်က ခေါင်းညိတ်ပြသည်၊၊
“ဟုတ်တယ်၊၊ အဲ့ဒါက သာမန်အသိနဲ့ လုံးဝ ဆန့်ကျင်နေတာ။ သမုဒ္ဒရာရဲ့ အနက်ဆုံး၊ ချောက်နက်ကြီးတွေရဲ့ အောက်ခြေမှာ လူသားတွေ ရှိနေတယ်ဆိုတာ...”
“ဂျူးလိယပ်စ်ရဲ့ အသိစိတ်ထဲကို ဝင်တုန်းက SIID ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများကြီးရခဲ့တာ မှတ်မိသေးလား”
“မှတ်မိတယ်”
လင်းရှန်သည် အဝေးမှ တဖြည်းဖြည်း နီးကပ်လာသော ကမ်းရိုးတန်းကို ကြည့်ကာ ပြောလိုက်သည်၊၊
“အရင်ကတော့ SIID ဖောင်ဒေးရှင်းဆိုတာ အနီရောင်ကမ္ဘာရဲ့ နောက်ကွယ်က အဖွဲ့အစည်းတစ်ခုလို့ပဲ ငါတို့ ထင်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒီ အချက်အလက်တွေကို ပြန်ကြည့်တော့ ငါ့ရဲ့ အရင်က ယူဆချက်တွေ အများကြီး မှန်ကန်နေတာ တွေ့ရတယ်”
“နင် ပြောချင်တာက SIID ဖောင်ဒေးရှင်းမှာ ကမ္ဘာပျက်ကပ်ကို ဟောကိန်းထုတ်နိုင်သူတွေ ရှိနေနိုင်တယ်၊၊ ဒါမှမဟုတ် လက်ရှိ ယဉ်ကျေးမှုထက် သာလွန်တဲ့ လူသားအင်အားစုတွေ ရှိနေနိုင်တယ် ဆိုတာလား”
“ဟုတ်တယ်”
“ပရော်ဖက်ဆာယဲ့ကရော… အဲ့လိုပဲ ထင်တာလား”
လင်းရှန်က ဆက်ပြောသည်၊၊
“သူမလည်း အရမ်း စိတ်ဝင်စားနေတယ်။ တချို့အချက်အလက်တွေကိုတော့ ငါ မျှဝေထားပြီးပြီ။ မင်း နိုးလာရင်တော့ ပိုပြီး ပြည့်စုံတဲ့ ပုံရိပ်တစ်ခုကို ဖော်ထုတ်နိုင်လိမ့်မယ်။ အဲ့ဒီအခါကျရင် ဖီးနစ်က အနီရောင်ကမ္ဘာကို အမြစ်ပြတ်ချေမှုန်းဖို့ မင်းက ကူညီပေးနိုင်လိမ့်မယ်။ တွင်းနက် ၁၃ အောက်က လူသားတွေနဲ့ ပတ်သက်လို့တော့ ငါရော၊ ပရော်ဖက်ဆာယဲ့ပါ ဒါက ထူးခြားနေမယ်လို့ ထင်တယ်။ အဲ့ဒါက ဖုတ်ကောင်သိုးထိန်းရဲ့ အမြင်ကနေ ရခဲ့တာဆိုတော့ ဖီးနစ်နဲ့ ဖီးနစ်မြို့တော်က လူတွေ စုံစမ်းဖို့ လွှတ်ထားပြီးပြီ။ မကြာခင် တစ်ခုခု သိရမှာပါ”
“နင်ကလည်း အဲ့ဒါကို စုံစမ်းဖို့ အထူးအဖွဲ့ကို ဦးဆောင်လာတာလား”
ချူယန်က သူ့ကို ကြည့်လိုက်သည်။
လင်းရှန်က ခေါင်းခါယမ်းလိုက်သည်၊၊
“လုံးဝတော့ မဟုတ်ဘူး။ ငါ့မှာ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိသေးတယ်၊၊ အဲ့ဒါကိုတော့ ပရော်ဖက်ဆာယဲ့ကို မပြောရသေးဘူး”
“ဘာရည်ရွယ်ချက်လဲ”
“ယန္တရားစွမ်းအားပဲ”
လင်းရှန်က ချူးယန်ကို ကြည့်ကာ ပြောသည်၊၊
“မင်းက ငါ့အသိစိတ်ထဲ ဝင်ခဲ့ဖူးတော့ ငါ့ရဲ့ ယန္တရားစွမ်းအားက ဘယ်လိုတိုးတက်လာတယ်၊၊ ဘယ်လို နယ်ပယ်ချဲ့ထွင်တယ်၊၊ ကြယ်နက်ပန်းပဲဖို အကြောင်းတွေကို သိတာပဲ။ အခု ငါက ကောင်းကင်အမိုးခုံးရထားတစ်စင်းလုံးကို လက်နက်တပ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်။ အလားတူပဲ ရှင်းဂျီနဲ့ ပူးပေါင်းပြီး အင်ပါယာပရောဂျက်နှင့် ယန္တရားပေါင်းစပ်နည်းပညာတွေကို သုံးပြီး ဖိနှိမ်ရေးစနစ်သစ်တွေ၊ ပေါင်းစပ်သံချပ်ကာလက်နက်တွေနဲ့ ငါ့ရဲ့ ယန္တရားစစ်တပ်ကို တည်ဆောက်နေတာ...”
“ငါ သိပါတယ်...”
ချူယန်က ရှုခင်းကို ငေးကြည့်ရင်း ပြုံးကာ ပြောသည်၊၊
“နင့်ရဲ့ လျှို့ဝှက်ချက်တွေက ဂျူးလိယပ်စ်ထက်တောင် များနေသေးတယ်”
လင်းရှန်က တည်ငြိမ်စွာ ပြန်ပြောသည်၊၊
“ဟုတ်တယ်၊ သွေးကပ်ဘေးပန်း၊ ထူးဆန်းသောကုဗတုံး၊ ငွေနဂါးဆယ်ဆပန်း၊ သွေးနွယ်ပင် စတာတွေ ရှိပေမဲ့ ပြဿနာတစ်ခုတော့ ရှိတယ်၊၊ အဲ့ဒါကို ရှင်းဂျီကလည်း ငါ့ကို သတိပေးခဲ့ဖူးတယ်”
ချူယန်က ခေါင်းလှည့်ကြည့်လာသည်၊၊
“နင့်ရဲ့ ယန္တရားစွမ်းအားက အဆင့်မြင့် ယဉ်ကျေးမှုတစ်ခုနဲ့ လက်ရှိ လူသားယန္တရားယဉ်ကျေးမှု ပေါင်းစပ်ထားတာလို့ နင်ယုံကြည်နေတာလား။ ဒါမှမဟုတ် နင့်ရဲ့ လက်ရှိ စွမ်းရည်နဲ့ဆိုရင် ပုံကြမ်းတွေ၊ ကုန်ကြမ်းတွေ ရှိရင်တောင် အများဆုံးကတော့...”
“အများဆုံးကတော့ တိတ်ဆိတ်မြို့တော်ထက် နည်းနည်းလေး ပိုသေးတဲ့ ထုတ်လုပ်ရေးလိုင်းတစ်ခုပဲ ဖြစ်မှာပေါ့”
လင်းရှန်က တည့်တိုးပင် ပြောလိုက်သည်၊၊
“အာရုဏ်ဦးမြို့တော် တိုက်ပွဲမှာ အနီရောင်ကမ္ဘာက အသွေးသားပေါင်းစပ်ဇီဝသံချပ်ကာတွေ၊ ဖီးနစ်ရဲ့ အင်ပါယာပရောဂျက်က ထိပ်တန်းစက်ရုပ်တွေ၊ ပြီးတော့ တောင်ဘက်ကောင်းကင်ဂိတ်... ဒါတွေကို သုံးပြီးတော့မှ အမှောင်ထုရဲ့ စမ်းသပ်တိုက်ခိုက်မှုကို ငါတို့ တွန်းလှန်နိုင်ခဲ့တယ်။ ပရော်ဖက်ဆာယဲ့ ပြောသလိုပဲ၊၊ ဒါက မြူခိုးတွေကြားမှာ ယာယီ ဟန်ချက်ညီနေတာပဲ ရှိဦးမယ်၊၊ အမှောင်ထုရဲ့ တန်ပြန်တိုက်ခိုက်မှုတွေက ပြန်လာဦးမှာပဲ”
ချူယန် ခေတ္တ တိတ်ဆိတ်သွားသည်။
“ယန္တရားစွမ်းအားက ဒီအကျပ်အတည်းကို ဘယ်လို ကျော်ဖြတ်နိုင်မလဲဆိုတာ ငါ အမြဲတွေးနေခဲ့တယ်။ ဖီးနစ်၊ အင်ပါယာပရောဂျက်နဲ့ ရှင်းဟွာအကြီးစားစက်မှုလုပ်ငန်းတွေ ထုတ်နိုင်တဲ့ ပစ္စည်းမျိုးပဲ ငါက ထုတ်နိုင်မယ်ဆိုရင် အနှစ်သာရအားဖြင့် ငါ့ရဲ့ ယန္တရားစွမ်းအားက ဘာမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။ အမှောင်ထုက အင်အားအလုံးအရင်းနဲ့ ပြန်လာတဲ့အခါ ငါ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
လင်းရှန်က ရှေ့သို့ ငေးကြည့်ကာ ပြောလိုက်သည်၊၊
“ဒါကြောင့် ငါ တွေးနေတာက ငါ့ရဲ့ ယန္တရားစွမ်းအားက အဆင့် ၇၊ ၈ ဒါမှမဟုတ် အဆင့် ၉ အထိ မြင့်တက်လာပြီး အပြည့်အဝ နိုးထလာရင် ဘာဖြစ်မလဲ။ SIID ဖောင်ဒေးရှင်းမှာ လက်ရှိယဉ်ကျေးမှုကို ကျော်လွန်တဲ့ လူသားစွမ်းအားသာ တကယ်ရှိနေရင်… ငါ့ရဲ့ ယန္တရားစွမ်းအားက အဆင့်မြင့်ယဉ်ကျေးမှုက လာတာ တကယ်ဆိုရင်… ဒါမှမဟုတ် ငါ့ရဲ့ သုတေသနဗဟိုစင်တာက ပုံကြမ်းတွေက လက်ရှိယဉ်ကျေးမှုရဲ့ အကန့်အသတ်တွေကို ကျော်လွန်ပြီး တိုးတက်လာနိုင်ရင်...”
သူသည် ဤသို့ပြောရင်း ချူယန်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကာ တည်ငြိမ်သော်လည်း မျှော်လင့်ချက်အပြည့်ရှိသော လေသံဖြင့် ဆက်ပြောသည်၊၊
“အဲ့ဒီအခါကျမှသာ အမှောင်ထုကို တိုက်ခိုက်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ဖို့၊ စစ်မှန်တဲ့ ယဉ်ကျေးမှုဆိုင်ရာ တားဆီးနိုင်စွမ်းကို ရရှိဖို့နဲ့ တကယ့်ကို စစ်မှန်တဲ့...”
“ဓားကိုင်ဆောင်သူ ဖြစ်လာဖို့ အခွင့်အရေး ရှိမှာပါ”
(မှတ်ချက်- “Sword Holder- ဓားကိုင်ဆောင်သူ” ဆိုတာက အခြေနေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ စွမ်းအားရှိတဲ့သူကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်)