← Chapters

အခန်း (၉၀၆-၉၀၇)

Vol. 52 Ch. 906-907

အခန်း (၉၀၆-၉၀၇)

Vol. 52 Ch. 906-907

Chapter 906

ဂြိုလ်အဆင့်တိုက်တန် ၁

ချင်းပိုမြောက်ဘက်ရှိ အာရုဏ်ဦးမြို့တော်မှ အသက်ရှင်ကျန်ရစ်သူ ယာဉ်တန်းကြီးသည် လမ်းမများနှင့် ရထားလမ်းများအတိုင်း ကျင်းဟိုင်နှင့် ထျန်းကျိဆီသို့ ဦးတည်ချီတက်နေကြသည်။

နေရောင်အောက်တွင် သန်းနှင့်ချီသော လူအုပ်ကြီးနှင့် ယာဉ်တန်းသည် မြေကြီးတစ်ခုလုံး တုန်ဟီးကာ ရွေ့လျားနေပြီး ဖုန်လုံးကြီးများ တက်နေသကဲ့သို့ မိုးကုပ်စက်ဝိုင်းဆီသို့ စနစ်တကျ စီးဆင်းသွားနေသည်။ ဤသည်မှာ ထွက်ပြေးတိမ်းရှောင်ခြင်း မဟုတ်ဘဲ ကောင်းမွန်စွာ ပြင်ဆင်ထားသော ပြောင်းရွှေ့အခြေချမှုသာ ဖြစ်သည်။

အမျိုးအစားစုံလင်သော ယာဉ်များပေါ်တွင် လူများ ပြည့်နှက်နေပြီး ထရပ်ကား နောက်တွဲများပေါ်တွင်လည်း ရွက်ဖျင်တဲများ၊ ရေပုံးများ၊ ဆိုလာပြားများနှင့် အခြားရိက္ခာများကို တင်ဆောင်ထားကြသည်။ ကားအတွင်းခန်းထဲတွင် မိသားစုလေးယောက်မှာ ကျပ်ညပ်နေသော်လည်း အမျိုးသားဖြစ်သူက လက်တစ်ဖက်ဖြင့် စတီယာတိုင်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က တစ်ဝက်ခန့်သောက်ရသေးသည့် စီးကရက်ကို ကိုင်ထားသည်။ စီးကရက်ပြာများသည် နှင်းပွင့်လေးများနှင့်အလား သဏ္ဌာန်တူစွာ လေထဲတွင် လွင့်ပါးနေသည်။

ပြုပြင်မွမ်းမံထားသော ကားတစ်စီး၏ နောက်ဘက်တွင် သံပြားနှင့် အဝတ်ဟောင်းများဖြင့် ပြုလုပ်ထားသည့် ခြင်းတောင်းတစ်ခု ချိတ်ဆွဲထားပြီး ထိုထဲတွင် ဂိုးလ်ဒန်းရက်ထရီးဗားခွေးတစ်ကောင်က နိုးကြားစွာ လဲလျောင်းနေသည်။ ၎င်းမှာ ဖုန်မှုန်များကြား ခရီးနှင်ရသည်ကို ကျင့်သားရနေပြီဖြစ်ကာ လျှာထုတ်၍ လမ်းတစ်လျှောက်ရှိ ထူးဆန်းသော ယာဉ်တန်းကြီးကို ကြည့်ရှုနေသည်။

အချို့သော ထရပ်ကားကြီးများကို မြေမျက်နှာပြင်မရွေး သွားလာနိုင်သည့် ဘီးများတပ်ဆင်ကာ မွမ်းမံထားပြီး မြေပြင်ပေါ်တွင် ဘီးရာကြီးများ ချန်ရစ်ကာ ကျယ်လောင်စွာ မောင်းနှင်နေကြသည်။ လမ်းတစ်လျှောက်တွင် ဖီးနစ်၏ ဟိုလိုဂရမ်မီးများ တပ်ဆင်ထားသည့် ရိက္ခာတင်ယာဉ်များနှင့် ဒရုန်းများက ယာဉ်တန်းနှင့်အတူ လိုက်ပါလာပြီး ဆက်သွယ်ရေး လိုင်းခွဲများမှတစ်ဆင့် အထက်က ဝန်ထမ်းများနှင့် ဆက်သွယ်ကာ ဆေးဝါး သို့မဟုတ် အရေးပေါ် ကယ်ဆယ်ရေးအတွက် အကူအညီတောင်းခံနိုင်သည်။ ရရှိလာသော သွေးပဲစေ့အားလုံးကို ဖီးနစ်တွင် သွေးပဲစေ့ဒင်္ဂါးအသစ်များနှင့် လဲလှယ်နိုင်သကဲ့သို့ ရိက္ခာများ ဝယ်ယူရန်အတွက် အထူးမှတ်ပုံတင်ကတ်များထဲတွင်လည်း ထည့်သွင်းသိမ်းဆည်းထားနိုင်သည်။

ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် သံမဏိအစောင့်တပ်ရင်း ၈၃ သည် ယန္တရားတပ်ရင်းအဖြစ် ချီတက်လာကာ ယာဉ်တန်း၏ နောက်ဆုံးမှ ကီလိုမီတာ အတော်များများ ရှည်လျားသော စစ်ကြောင်းဖြင့် လိုက်ပါလာသည်။ ကောင်းကင်ယံတွင်လည်း အနိမ့်ပျံသန်းနေသော လေယာဉ်အုပ်စုများနှင့် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောတို့သည် နေရောင်ကို ဖုံးကွယ်စေသည့် အရိပ်မည်းကြီးများ ချန်ရစ်ကာ ယာဉ်တန်းအပေါ်မှ ဖြည်းညင်းစွာ ဖြတ်ကျော်သွားကြသည်။

အထူးဆေးကုသဆောင်အတွင်း၌ ချူယန်သည် မှိန်ဖျော့သော အလင်းရောင်အောက်တွင် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူမ၏ ဦးခေါင်းနှင့် ရင်ဘတ်တို့တွင် ဆေးဘက်ဆိုင်ရာ ကြိုးများစွာ ချိတ်ဆက်ထားသည်ကို မြင်လိုက်ရပြီး ခုတင်ဘေးရှိ စက်ပစ္စည်းများမှ နှလုံးခုန်နှုန်းကို ပြသသည့် အသံခပ်တိုးတိုး ထွက်ပေါ်နေသည်။

သေလုမြောပါး အခြေအနေဖြင့် ဆယ်ရက်ကြာ သတိလစ်နေရာမှ ချူယန်သည် နောက်ဆုံးတွင် နိုးလာခဲ့ပြီ ဖြစ်သည်။ ယခုတစ်ခေါက်တွင် သူမသည် လင်းရှန်၏ အသိစိတ်အတွင်း၌ ပေါ်လာခဲ့ခြင်း ဖြစ်သော်လည်း ဤသည်မှာ မကြာသေးမီရက်ပိုင်းအတွင်း ဖြစ်ပျက်နေကျ ကိစ္စပင် ဖြစ်သည်။ လင်းရှန်ဘက်မှ အခြေအနေကို နားလည်သွားသောကြောင့်သာ ရှုကျန်းယွဲ့နှင့် ယဲ့လန်တို့ စိတ်အေးသွားခဲ့ရခြင်း ဖြစ်သည်။

နိုးလာသည့်အခါ လင်းရှန်ပြောခဲ့သကဲ့သို့ပင် သူမ ပတ်ဝန်းကျင်၌ သိသိသာသာ ပြောင်းလဲသွားသည်ကို ချူယန် တွေ့လိုက်ရသည်။ သူမ၏ မူလအဖွဲ့ကို မတွေ့ရတော့ဘဲ သူမ၏ လုံခြုံရေးအတွက် ညလမ်းလျှောက်သူအဖွဲ့တစ်ခုကို တာဝန်ပေးထားသည်။

“ချူယန်’’

ရုံးခန်းအတွင်း၌ မီးခိုးဖျော့ရောင်ဆံပင်နှင့် စာဖတ်မျက်မှန် တပ်ထားသော ယဲ့လန်က စာရွက်စာတမ်းအချို့ကို အာရုံစိုက် ကြည့်ရှုနေရင်း ရုံးခန်းထဲသို့ ဝင်လာသော ချူယန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“အဖွဲ့ထဲကို ပြန်လာတာ ကြိုဆိုပါတယ်’’

“အခု ကျွန်မ ဘာတာဝန်မှ ထမ်းဆောင်ဖို့ မလိုတော့ဘူးလား’’

ချူယန်က မေးလိုက်သည်။

ယဲ့လန်က ခေါင်းခါပြလိုက်သည်၊၊

“အမှောင်စွမ်းအင် ပြောင်းလဲခြင်း နည်းပညာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီးကတည်းက ညလမ်းလျှောက်သူအဖွဲ့အစည်းရဲ့ ဌာနအားလုံးက တွင်းနက်စူးစမ်းလေ့လာရေး တာဝန်တွေကို ထမ်းဆောင်နိုင်ပြီ။ ဆက်သွယ်ရေးနဲ့ အေးခဲ-အမှောင် အမှုန်တွေနဲ့ ပတ်သက်တဲ့ မသိသေးတဲ့ အချက်အလက်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေသေးပေမဲ့ ရှင်သန်နိုင်စွမ်းကတော့ အများကြီး မြင့်တက်လာခဲ့တယ်’’

သူသည် စာရွက်စာတမ်းများကို ချလိုက်ပြီး ချူယန်ကို ကြည့်ကာ ဆက်ပြောသည်။

“မင်းနဲ့ လင်းရှန်ပဲ အပြာရောင်ဂြိုဟ်ပေါ်မှာ တောင်ဘက်ကောင်းကင်ဂိတ်နဲ့ ဆက်သွယ်နိုင်တဲ့ လူသားနှစ်ယောက်ပဲ။ ဒီကာကွယ်ရေး ပလက်ဖောင်းက အမှောင်စွမ်းအင် နျူကလီးယားပေါင်းစပ်ခြင်း နည်းပညာကို အောင်မြင်အောင် မလုပ်နိုင်ခင်အထိ ငါတို့အတွက် အရေးအကြီးဆုံး လက်နက်ပဲ။ ပြီးတော့...’’

“ငါ လင်းရှန်ကိုလည်း ပြောထားပြီးသား။ တအားအရေးကြီးတဲ့ အခြေအနေမျိုး မဟုတ်ရင် တောင်ဘက်ကောင်းကင်ဂိတ်ရဲ့ တိုက်ခိုက်မှုကို အလွယ်တကူ အသုံးမပြုဖို့ ငါ မျှော်လင့်တယ်’’

ချူယန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်၊၊

“ကျွန်မ နားလည်ပါတယ်၊၊ ဖုတ်ကောင်သိုးထိန်းကို သတ်နိုင်တာကလည်း မြူမီးခိုးနဲ့ စစ်အင်အား အမြောက်အမြားသုံးထိန်းချုပ်ထားပြီး ပေါင်းစည်းမျှော်စင်က သူ့ရဲ့ အမှောင်စွမ်းအင် ပြန်လည်ရရှိမှုကို ကန့်သတ်လိုက်ပြီးနောက်မှာမှ တောင်ဘက်ကောင်းကင်ဂိတ်က ပြတ်သားတဲ့ တိုက်ခိုက်မှုကြောင့်ပါပဲ’’

ယဲ့လန်က ခေါင်းညိတ်လိုက်သည်၊၊

“လင်းရှန်က အတော်လေး ထက်မြက်တဲ့လူပါ သူလည်း ဒါကို သိပါတယ်။ အခုလောလောဆယ် လူသားတွေမှာရှိတဲ့ အဖျက်စွမ်းအား အကြီးဆုံးလက်နက်က ဇီဝလက်နက်တွေကလွဲရင် သာမိုနျူကလီးယားနဲ့ စွမ်းအင်မြင့် လက်နက်တွေပဲ ရှိသေးတယ်။ ဒါပေမဲ့ ကိုင်ဒယ်ရဲ့ လှုပ်ရှားမှုတွေအရ တီအန်တီ မဂ္ဂါတန် ၆၀ နဲ့ ညီမျှတဲ့ သာမိုနျူကလီးယား လက်နက်တောင်မှ တွင်းနက်ထဲက မွန်းစတားတွေကို အမြစ်ပြတ်အောင် မချေမှုန်းနိုင်ဘူးဆိုတာ တွေ့ခဲ့ရပြီးပြီ။ ဒါက လက်နက်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုတည်း မဟုတ်လောက်ဘူး’’

ချူယန် တိတ်ဆိတ်နေမိသည်။ လင်းရှန်၏ အတွေးနှင့် သူမ၏ အတွေးမှာ ထပ်တူကျနေပြီး လက်ရှိ လူသားတို့၏ နည်းပညာထက် သာလွန်သည့် နည်းလမ်းဖြင့် ရင်ဆိုင်ရန် ရည်မှန်းထားကြသည်။ ဤသည်မှာ ဖြစ်နိုင်ခြေရှိသော ကိစ္စပင် ဖြစ်သည်။ သို့သော် ချူယန်၏ အမြင်အရဆိုလျှင် ယန္တရားစွမ်းအားရှင်တစ်ဦး၏ ကြီးထွားလာနိုင်သော အလားအလာကို လင်းရှန်ကသာ ထုတ်မပြောခဲ့ပါက လူသားများသည် ရူပဗေဒဆိုင်ရာ အတားအဆီးများကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ရန် စိတ်ကူးယဉ်ဖို့ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။

ယဲ့လန်က ချူယန်၏ စိုးရိမ်ပူပန်မှုကို သတိပြုမိပုံရပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။

“မင်း ဘာတွေ စိုးရိမ်နေလဲဆိုတာ ငါ သိပါတယ်… ချူယန် မင်းရဲ့ အတွေးက မှန်ပါတယ်။ အင်ပါယာပရောဂျက်က အချိန်တိုအတွင်းမှာတော့ အမြင့်ဆုံးနည်းပညာပဲ။ ဒါပေမဲ့ အနီရောင်ကမ္ဘာထဲက ဇီဝပေါင်းစပ်သံချပ်ကာတွေအကြောင်း သုတေသနပြုချက်တွေက ငါတို့ကို အမြင်သစ်တွေ အများကြီးပေးခဲ့တယ်။ အဲဒီထဲမှာ တွင်းနက်ထဲက စွမ်းအင်အရင်းအမြစ်ကိစ္စနဲ့ သန္ဓေပြောင်း မွန်းစတားတွေရဲ့ အထူးကာကွယ်ရေး စွမ်းအင်နယ်ပယ်တွေအကြောင်းလည်း ပါတယ်။ ဒါတွေက ငါတို့ လေ့လာပြီး ဖြေရှင်းရမယ့် အဓိကလမ်းကြောင်းတွေပဲ...’’

“ကျွန်မတို့က တွင်းနက် သတ္တဝါတွေရဲ့ စွမ်းရည်တွေကိုပါ လေ့လာဖို့ လိုအပ်တာလား’’ ချူယန်က မေးလိုက်သည်။

“ဒါတင် မကသေးဘူး’’

ယဲ့လန်က သူ၏ မျက်မှန်ကို ချွတ်၍ သုတ်လိုက်ရင်း “S-Classအဆင့်၊ ဖုတ်ကောင်သိုးထိန်း၊ တွင်းနက်မိစ္ဆာနဲ့ အခုတွေ့ရှိထားတဲ့ နံပါတ် ၁ ကနေ ၇ အထိရှိတဲ့ ကမ္ဘာ့အဆင့် ကပ်ဘေးတွေကို ငါတို့ စမ်းသပ်လေ့လာဖို့ ပြင်ဆင်ရမယ်။ ဥပမာအားဖြင့် ဆိုက်ဘေးရီးယား အမှတ် ၁ တွင်းနက်က နံပါတ် ၀၁ ဧရာမ ကပ်ပါးသတ္တဝါ ဂြိုလ်ဝါးမျိုသူနဲ့ မင်းအရင်က ကျိအန်းမြို့မှာ လိုက်ပြီး စုံစမ်းခဲ့တဲ့ နံပါတ် ၀၃ တို့လိုမျိုးပေါ့...’’

“လွင့်မျောနေတဲ့ ဧရာမအလောင်းကြီး”

ချူယန်က မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြောသည်။

“ဧရာမအလောင်းကြီးကို စတွေ့ကတည်းက သူ့ဆီကနေ ဇီဝလှုပ်ရှားမှု ဒါမှမဟုတ် နိုးထလာမယ့် အရိပ်အယောင် ဘာမှမတွေ့ရသေးဘူး။ အဲဒီအရာက မီတာ ၃,၀၀၀ ဝန်းကျင် အမြင့်မှာ အရှေ့ဘက်ကိုပဲ အမြဲတမ်း ပျံသန်းနေတယ်။ သူ့ပတ်ဝန်းကျင်မှာ အားကောင်းတဲ့ အမှောင်စွမ်းအင် ရောင်ခြည်ဖြာထွက်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ အာကာသ စွမ်းအားစက်ကွင်းတွေ ရှိနေတယ်။ အတော်ဆုံး စွမ်းအားရှင်တွေတောင်မှ ကင်းထောက်ဖို့အတွက် သူ့အနားကို ချဉ်းကပ်ဖို့ ခက်ခဲနေတုန်းပဲ’’

“ဒါကြောင့် ဧရာမအလောင်းကြီးကို ဘက်ပေါင်းစုံစစ်ဆေးဖို့ ညလမ်းလျှောက်သူအဖွဲ့ နှစ်ဖွဲ့ကို ငါ စေလွှတ်ထားတယ်။ ဇီဝသက်ရှိ အမှတ် ၀၁ နဲ့ ၀၃ က ကမ္ဘာပျက်ကပ် အမှောင်ကျူးကျော်မှုကလွဲလို့ အခုထိတော့ ရန်လိုတဲ့ အရိပ်အယောင် မပြသေးဘူး။ ဒါ့အပြင်...’’

ယဲ့လန်က ချူယန်ကို ကြည့်ကာ ဆက်ပြောသည်။

“ငါတို့ရဲ့ ရှေ့တန်းကင်းထောက်အဖွဲ့ရဲ့ တွေ့ရှိချက်အရ ဧရာမအလောင်းကြီးက လွန်ခဲ့တဲ့ သုံးရက်က လုံကျန်းမြို့ ကောင်းကင်ယံကို ရောက်ရှိနေပြီ။ ဒီနှုန်းအတိုင်းဆိုရင် နောက်နှစ်ပတ်လောက်မှာ အာရုဏ်ဦးမြို့တော်ပေါ်ကို ဖြတ်သန်းသွားနိုင်တယ်။ ဒါဟာ ငါတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ’’

Chapter 907

ဂြိုလ်အဆင့်တိုက်တန် ၂

ချူယန်က ချက်ချင်းပင် မေးလိုက်သည်၊၊

“ပရော်ဖက်ဆာယဲ့... ကျွန်မအဖွဲ့ကိုရော ဒီစုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခွင့်ပေးလို့ ရမလား’’

“မရဘူး’’

ယဲ့လန်က ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။

“လင်းရှန်က မင်းကို ပြောပြထားပြီးသား ဖြစ်မှာပါ။ သူက သမုဒ္ဒရာရထားလမ်းကနေတစ်ဆင့် ဝန်ရိုးစွန်းဒေသကို သွားနေပြီ။ ငါတို့အနေနဲ့ မင်းရဲ့လုံခြုံရေးကို အာမခံချက် ပေးထားရမယ်။ ဒါကြောင့် ဗိုလ်ချုပ်ရှုနဲ့ တိုင်ပင်ပြီးနောက်မှာ မင်းကို လောလောဆယ် ဘယ်လို ကွင်းဆင်းတာဝန်မှ မပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒါ့အပြင် မင်းရဲ့ခန္ဓာကိုယ်ကလည်း မကြာသေးခင်က ကြုံခဲ့ရတဲ့ အခြေအနေကြောင့် အတော်လေး ထိခိုက်ထားတော့ နားနားနေနေနဲ့ ပြန်ကောင်းလာအောင် လုပ်ဖို့ လိုအပ်တယ်’’

ချူယန်က တစ်ခုခု ဆက်ပြောချင်သေးသော်လည်း ယဲ့လန်၏ တည်ငြိမ်သည့် အမူအရာကြောင့် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

“ကောင်းပါပြီ... အဖွဲ့အစည်းရဲ့ အစီအစဉ်အတိုင်းပဲ လိုက်နာပါ့မယ်’’

…

ယုံကျန်းဆိပ်ကမ်း၊ ဂြိုဟ်ပတ်လမ်း သမုဒ္ဒရာကမ်းခြေ အခြေစိုက်စခန်းဆိပ်ကမ်း၊၊

တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော ဤသမုဒ္ဒရာ ရထားလမ်းဆိပ်ကမ်းကြီးမှာ ယခုအခါ ပစ်ပယ်ခြင်း ခံထားရသည်။ ဖုတ်ကောင်များသည် ကုန်တင်ကုန်ချဧရိယာနှင့် ဆိပ်ကမ်းတစ်ဝိုက်တွင် ဟိုတစ်စု၊ ဒီတစ်စု ရှိနေကြပြီး တစ်ခါတစ်ရံ တိုက်ခတ်လာသော လေပြင်းကြောင့် ဆူညံသံများ ထွက်ပေါ်နေတတ်သည်။

နီရဲနေသော နေဝင်ဆည်းဆာသည် ငြိမ်းလုဆဲဆဲ မီးခဲကြီးနှင့် တူလှပြီး မိုးကုပ်စက်ဝိုင်း တစ်လျှောက်ရှိ တိမ်တိုက်များကို တောက်လောင်နေစေသည်။

အနန္တရထားကြီးသည် ကမ်းခြေအနီးရှိ ကုန်တင်ပလက်ဖောင်းတစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ဆိုက်ကပ်ထားသည်။ ပြတင်းပေါက်များ၏ အပြင်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၏ တောက်ပနေသော ဆည်းဆာအလှမှာ ဆိပ်ကမ်းပလက်ဖောင်းပေါ်တွင် စွန့်ပစ်ထားသော အခြားကုန်တင်ရထားဟောင်းများ၊ သမုဒ္ဒရာဆွဲငင်ပလက်ဖောင်းများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုရထားများ၏ သံမဏိမျက်နှာပြင်များမှာ ပင်လယ်လေကြောင့် ဆွေးမြည့်နေပြီး သောင်တင်နေသော ဧရာမ သတ္တဝါကြီးများ၏ အရိုးစုများနှင့်ပင် တူလှသည်။ ကြီးမားလှသော သမုဒ္ဒရာရထားလမ်းမှာ ဧရာမ တိုင်လုံးကြီးများဖြင့် ထောက်ကန်ထားကာ ဆိပ်ကမ်းမှသည် သမုဒ္ဒရာ၏ အနက်ရှိုင်းဆုံးသို့ ဆန့်ထွက်သွားသည်။

ဆိပ်ကမ်းပေါ်တွင် ကွန်တိန်နာများသည် တစောင်း စီရီထားပြီး ဆေးသားများ ကွာကျကာ အတွင်းရှိ ပုပ်သိုးနေသော ကုန်စည်များကို မြင်တွေ့နေရသည်။ ဖုတ်ကောင်အချို့သည် အရိပ်များကြားတွင် ဖြည်းဖြည်းချင်း လျှောက်သွားနေကြသည်။ သူတို့၏ ခြေလှမ်းများမှာ လေးလံနေပြီး တစ်ခါတစ်ရံ တိမ်းမှောက်နေသော ဝန်တင်ယဉ်များနှင့် တိုက်မိကာ ထွက်ပေါ်လာသည့် သံချောင်းချင်း ထိခိုက်သံမှာ တိတ်ဆိတ်မှုကြားတွင် အလွန်ပင် နားကလောဖွယ် ကောင်းလှသည်။

[မြေပြင်နဲ့ အနိမ့်ပိုင်း ဒေသတွေကို ဒုတိယအကြိမ် စကင်ဖတ်တာ ပြီးပါပြီ။ အန္တရာယ်ရှိတဲ့ သတ္တဝါ ဒါမှမဟုတ် လူသားရှိနေတဲ့ လက္ခဏာ မတွေ့ရပါဘူး]

ဗိုင်အိုလာသည် ဆိပ်ကမ်းတစ်လျှောက် ရှာဖွေရန် စက်ရုပ်နှင့် ဒရုန်းအချို့ကို စေလွှတ်ထားသည်။ ချန်ဆီရွှမ်သည် နန်ကျင်းနှင့် အခြားသူများနှင့်အတူ ညအချိန် ရထားလည်ပတ်မှုအတွက် ပြင်ဆင်နေကြသည်။ အမှတ် ၂ တွဲတွင် ရှားရှားသည် ပြတင်းပေါက်အပြင်ဘက်မှ အဆုံးမဲ့ ပစိဖိတ်သမုဒ္ဒရာကြီးကို ငေးကြည့်ရင်း မျက်လုံးများ တောက်ပလာကာ ပြောလိုက်သည်။

“သမုဒ္ဒရာရထားလမ်းအပိုင်းကို ရထားနဲ့ သွားရမှာ ဒါပထမဆုံးပဲ၊၊ ကြည့်ရတာ ကြောက်စရာကြီးနော်။ ဂြိုဟ်ပတ်လမ်းကို ပင်လယ်နက်ထဲမှာ ဘယ်လိုများ တည်ဆောက်ထားတာပါလိမ့်’’

“နင်က လူမှန်ကို မေးမိတာပဲ’’

ကီကီက စားပွဲပေါ် ခြေထောက်တင်ကာ ဆုံလည်ကုလားထိုင်ပေါ်တွင် ပက်လက်လှန်ရင်း လက်ထဲမှ အမည်းရောင်ဘောပင်ကို ကျွမ်းကျင်စွာ လှည့်ကစားလျက် ရှားရှားကို ပြောလိုက်သည်။

“ဂြိုဟ်ပတ်လမ်းရဲ့ မူလဒီဇိုင်းအယူအဆကို နင်သိလား’’

လို့ရှားရှားက ခေါင်းခါပြသည်။

ကီကီက လက်ညှိုးကို မြှောက်ကာ လေထဲတွင် ခရုပတ်ပုံစံ ဆွဲပြလိုက်ပြီး ပို၍ ပို၍ ကြီးမားအောင် ဆက်ဆွဲပြသည်။

“ရိုးရိုးလေးပြောရရင်တော့ အီကွေတာတစ်လျှောက်မှာ အပြာရောင်ဂြိုဟ်ကို ပတ်ထားတဲ့ လမ်းကြောင်းတစ်ခု တည်ဆောက်တာပဲ။ အဲဒီကနေ အပေါ်ဘက်ကို တဖြည်းဖြည်း တက်သွားတဲ့ လမ်းကြောင်းကို သုံးပြီး ကမ္ဘာ့ပတ်လမ်းနားအထိ ရောက်အောင် သွားတာပေါ့။ yo-yo ကစားစရာမှာပါတဲ့ ခရုပတ်ကြိုးလို့ပဲ နင်မြင်ယောင်ကြည့်လိုက်။ အဆုံးသတ်ရည်မှန်းချက်ကတော့ ဂြိုဟ်ပတ်ကွင်းဆီ ရောက်ဖို့ပဲ။ ဒါက ကမ္ဘာနဲ့ လကြားမှာ စက်မှုကုန်စည် ပို့ဆောင်ရေးတွေကို လွယ်ကူစေမယ့် ဝေဟင်လမ်းကြောင်းကြီးပေါ့’’

“ဟင်... ဒါဆို ဘာလို့ အာကာသဓာတ်လှေကားတွေ ဒါမှမဟုတ် ပျံသန်းတဲ့ ကိရိယာတွေကို သုံးပြီး မသယ်ကြတာလဲ’’

ရှားရှား က မေးလိုက်သည်။

“မင်း နားမလည်ပါဘူး၊၊ ဒါကို ရာစုနှစ်စီမံကိန်းလို့ ခေါ်တယ်’’

ကီကီ က အနည်းငယ် ပြုံးလိုက်သည်၊၊

“ဒိုင်ဆန်စဖီးယား စီမံကိန်းအကြောင်း ကြားဖူးလား’’

ရှားရှား က ခေါင်းညိတ်လိုက်သည်၊၊

“ကြယ်တစ်လုံးကို ပတ်ပြီး ဧရာမ လူလုပ်အဆောက်အအုံကြီး တည်ဆောက်ပြီးတော့ အမြဲတမ်း စွမ်းအင်တွေ ရယူတာ မဟုတ်လား’’

“မှန်တယ်၊၊ ဒါပေမဲ့ အပြာရောင်ဂြိုဟ်က ရည်မှန်းချက်က အဲဒီလောက်တင်မကဘူး။ အရင်ဆုံး ကမ္ဘာ့ပတ်လမ်းနားမှာ စွမ်းအင်ကွင်းကြီးတစ်ခု တည်ဆောက်မယ်၊၊ အဲဒီကနေ စွမ်းအင်တွေကို ဖမ်းယူဖို့ အာကာသ ယန္တရားကွင်းကြီး ဖြစ်လာမှာပေါ့။ ဒါပေမဲ့ ဒီစီမံကိန်းက ရာစုနှစ်ပေါင်းများစွာ ကြာနိုင်တဲ့အထိ အကောင်အထည်ဖော်ဖို့ ခက်ခဲတယ်။ ဒါကြောင့် အကြိုအဆင့်တွေ ခွဲထားရတယ်။ ပထမအဆင့်က ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းကို တည်ဆောက်ဖို့ပဲ။ ပြီးရင်တော့ ယူပေမြို့လိုမျိုး အမြင့်ပိုင်းလမ်းကြောင်းတွေ ဖြစ်လာအောင် လွင့်မျောနေတဲ့ လမ်းကြောင်းတစ်ခုကို တည်ဆောက်ရမှာ’’

“မီတာ ၄,၈၀၀ လောက်လား’’

ရှားရှားက စဉ်းစားလိုက်ပြီး

“ဒါပေမဲ့ လမ်းကြောင်း အမြင့်မှာ ကန့်သတ်ချက်တွေ ရှိတယ်လေ၊၊ ကုန်ကြမ်းပိုင်းမှာ အာကာသဓာတ်လှေကားတွေထက်တောင် ပိုခက်ခဲလိမ့်မယ်’’

“သိပ်တော့ မခက်ပါဘူး၊၊ ကုန်ကြမ်းက တစ်ပိုင်း၊ ကုန်ကျစရိတ်က တစ်ပိုင်းပေါ့’’

ကီကီက ဘောပင်ကို ဆက်လှည့်ရင်း “မီတာ ၅,၀၀၀ ကျော်တဲ့ လမ်းကြောင်း တည်ဆောက်ဖို့အတွက် အောက်ခြေတိုင်တွေ မဆောက်သင့်တော့ဘူး။ ဒါကြောင့် ဒီလမ်းကြောင်းကို ကမ္ဘာမြေပြင်ကနေ ပတ်လမ်းအထိ ဆန့်တန်းထားတဲ့ ကြိုးတစ်ခုလို့ပဲ သဘောထားလိုက်။ သူ့ရဲ့ ကိုယ်ပိုင်အလေးချိန်အပြင် ဆွဲဆန့်နိုင်စွမ်းကလည်း အရမ်းအရေးကြီးတယ်။ ဒါဟာ ဗဟိုခွာအားနဲ့ ဆွဲငင်အား ညီမျှမှုကနေ ထွက်ပေါ်လာတဲ့ ခရုပတ်ကြိုးကြီးဖြစ်သွားပြီး ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းက အဲဒီကြိုးရဲ့ အဖျားက စွန်ကြီးလိုမျိုး ဖြစ်နေမှာ’’

“နောက်ဆုံးမှာ ဂြိုဟ်ပတ်ကွင်းကြီး ဖြစ်လာမှာပေါ့နော်’’

“အတိအကျပဲ၊၊ ကြိုးကနေ လမ်းကြောင်းဖြစ်လာမယ်၊ နောက်ဆုံးမှာ အာကာသမြို့တော်ကြီး တည်ဆောက်နိုင်တဲ့အထိပေါ့။ ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းရဲ့ သဘောတရားကလည်း အတူတူပဲ။ ဒါကြောင့် ဂြိုဟ်ပတ်လမ်းက သယ်ယူပို့ဆောင်ရေးပြဿနာကို ဖြေရှင်းပေးတာပေါ့။ ဒီလောက်ကြီးမားတဲ့ အာကာသ အဆောက်အအုံကြီးကို တည်ဆောက်ဖို့ဆိုတာ အာကာသဓာတ်လှေကားတွေ ပေးနိုင်တာထက် ပိုတဲ့ သယ်ယူပို့ဆောင်ရေး အင်အားကို အများကြီး အားကိုးရမယ်’’

ကီကီက သူမ၏ လက်မောင်းများကို ဆန့်ထုတ်လိုက်သည်၊၊

“ငါတို့က ကမ္ဘာ့ပတ်လမ်းအထိ သွားနိုင်မယ့် အရှိန်မြင့် လမ်းကြောင်းတစ်ခု လိုအပ်တယ်၊၊ အဲဒါက ဒီလမ်းကြောင်းပဲ’’

အမှတ် ၁ တွဲတွင် လင်းရှန်သည် မျက်လုံးများကို မှိတ်ကာ စဉ်းစားနေသည်။ သူ၏ အသိစိတ်မှာ ကြယ်နက်ပန်းပဲဖိုအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

[လက်ရှိ ယန္တရားနှလုံးသားအဆင့် - LV.6 (5520/50000)]

[ယန္တရား နိုးထမှု] - ယန္တရားအရှင်သခင်

ယန္တရားဝါးမျိုမှု - အဆင့် ၆ (၃၀၀/၅၀၀၀) ဝါးမျိုမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။

ယန္တရားထုတ်လုပ်မှု - အဆင့် ၆ (၁၅၆၀/၅၀၀၀) ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသည်။

[ထူးခြားသော စွမ်းရည်]

ယန္တရား စွမ်းအင်အမြောက် [မြှင့်တင်ပြီး]

AT စွမ်းအင်ဒိုင်း [မြှင့်တင်ပြီး]

စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်း [မြှင့်တင်ပြီး]

ပြန်လှည့်ရိုက်ချက် (ရှားပါး) (အဆင့် ၃)

သံလိုက်မုန်တိုင်း ရိုက်ခတ်မှု (ရှားပါး) (အဆင့် ၁- ၆၀%)

ဆွဲငင်အားမှန်ဘီလူး (ဒဏ္ဍာရီလာ) (အဆင့် ၂- ၅၀%)

[လက်ရှိ မြှင့်တင်နိုင်သော စွမ်းရည်များ]

ပြန်လှည့်ရိုက်ချက် (ရှားပါး) (အဆင့် ၃၊ အမြင့်ဆုံး): မြှင့်တင်မည့်အဆင့် - [စွမ်းအင်ကူးပြောင်းခြင်း]

မြှင့်တင်ရန် လိုအပ်သော ပစ္စည်းများ - တိုက်တေနီယမ် အလွိုင်း ၁၀၀၊ အပူခံသံမဏိ ၁၀၀၊ စူပါကာဗွန် အလွိုင်း ၁၀၀

မြှင့်တင်ရန် ကြာမြင့်ချိန် - ၂၉ နာရီ။

“စွမ်းအင်ကူးပြောင်းခြင်းလား’’

လင်းရှန်က မျက်မှောင်အနည်းငယ် ကြုတ်သွားသည်၊၊

“နားထောင်လို့တော့ ကောင်းသားပဲ’’

လင်းရှန်ကို အနည်းငယ် အံ့အားသင့်စေသည်မှာ ယခုတစ်ကြိမ် မြှင့်တင်မှုတွင် ကြီးမားခက်ခဲသော ကုန်ကြမ်းများ မလိုအပ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူသည် မြှင့်တင်ရန် တိုက်ရိုက် ရွေးချယ်လိုက်သည်။

[ပြန်လှည့်ရိုက်ချက်—ယန္တရားမြှင့်တင်မှု စတင်နေသည်]

[ယန္တရားမြှင့်တင်မှု စတင်ချိန် - ပြန်လှည့်ရိုက်ချက် ၂၈:၅၉:၅၉]

All Chapters