အခန်း (၉၀၈-၉၀၉)
Vol. 52 Ch. 908-909
Chapter 908
ဂြိုလ်အဆင့်တိုက်တန် ၃
ပြန်လှည့်ရိုက်ချက်သည် လင်းရှန်အတွက် ယခင်ရထားပေါ်တွင် ရှင်သန်ရန် ကြိုးပမ်းခဲ့ရစဉ်က အရေးပါသော စွမ်းရည်တစ်ခုဖြစ်ခဲ့ပြီး အန္တရာယ်များစွာကို ရှောင်ရှားနိုင်ရန် ကူညီပေးခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ကြုံတွေ့ရသည့် အတိုင်းအတာကြီးမားသော မွန်းစတားလှိုင်းလုံးကြီးများနှင့် ရင်ဆိုင်ရချိန်တွင် ဤစွမ်းရည်မှာ အားနည်းပုံပေါ်နေခဲ့သည်။ သို့သော်လည်း လင်းရှန်အနေဖြင့် လျှင်မြန်စွာ ရွေ့လျားရန်နှင့် အန္တရာယ်မှ ရှောင်တိမ်းရန် စွမ်းရည်တစ်ခု အရေးတကြီး လိုအပ်နေသေးသည်။
အထူးသဖြင့် ငွေကျည်ဆန်က သူ၏လက်ထဲတွင် မရှိပဲ ဂရေ့စ်ကို ပေးထားရသောကြောင့် ဖြစ်သည်။ သူသာ တောင်ဘက်ကောင်းကင်ဂိတ်သို့ ဟင်းလင်းပြင်ခုန်ကူးခြင်းဖြင့် သွားခဲ့ပါက ပြန်လာရန် လမ်းကြောင်း ရှိတော့မည် မဟုတ်ပေ။
[ဂုဏ်ယူပါသည်။ သင်သည် ကြယ်တာရာစီးနင်းသူ XR01 မီကာ (ပုံကြမ်း) ကို ရရှိခဲ့သည်]
သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာရှိ မီးရောင်များ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီးနောက် လင်းရှန်က ဖွင့်ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်၊၊
“ထင်တဲ့အတိုင်းပါပဲ...’’
သူ စောင့်မျှော်နေခဲ့သည့် မီးနတ်ဘုရားမီကာ အဆင့်မြှင့်တင်ရေး ပုံကြမ်းပင် ဖြစ်သည်။ အကယ်၍ ၎င်းကို အာရုဏ်ဦးမြို့တော် တိုက်ပွဲမတိုင်မီ ရရှိခဲ့ပါက သူ အလွန်ပင် ဝမ်းသာမိမည် ဖြစ်သော်လည်း ယခုမူ အင်ပါယာပရောဂျက်၏ စူပါအကြီးစား မီကာဝတ်စုံနှင့် အနီရောင်ကမ္ဘာမှ ဇီဝပေါင်းစပ်သံချပ်ကာတို့ကို ရရှိထားပြီးဖြစ်ရာ ဤပုံကြမ်းမှာ သူ့အတွက် အပိုဆောင်းတစ်ခုမျှသာ ဖြစ်တော့သည်။
“ကြယ်တာရာအဆင့် နာနို-စွမ်းအားဝတ်စုံနဲ့ အခုရှိနေတဲ့ စူပါအကြီးစား အင်ပါယာဝတ်စုံတွေအပြင် ရှင်းဂျီနဲ့ ပရော်ဖက်ဆာယဲ့တို့ရဲ့ အကူအညီနဲ့ ငါ့မှာ လူသားတွေ ရနိုင်သမျှ အကောင်းဆုံး နည်းပညာပုံကြမ်းတွေ ရှိနေပြီ။ ဖီးနစ်ကသာ နောက်ထပ် မွမ်းမံမှုတွေ ထပ်လုပ်နိုင်ရင် အင်ပါယာအဆင့် ယန္တရားစက်ရုပ်ကြီးတွေက S-Classအဆင့်နဲ့ ယှဉ်နိုင်ဖို့ နီးစပ်လာလိမ့်မယ်။ တစ်ခုတည်းသော ပြဿနာက ကာကွယ်ရေးစွမ်းအင်နယ်ပယ်ပဲ၊၊ အဲဒီထက် ပိုပြီးတော့ တိုးတက်ဖို့ကတော့ ခက်ခဲလိမ့်ဦးမယ်’’
ကြယ်နက်ပန်းပဲဖိုအတွင်း၌ လင်းရှန်က ဧရာမ အာကာသရထားကြီး ချိတ်ဆွဲထားသည့် ကြီးမားလှသော အဆောက်အအုံကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ထုတ်လုပ်မှု အစီအစဉ် ၆ခုစလုံးမှာ အပြည့်အဝလည်ပတ်နေပြီး ရှင်းဂျီက တိုက်သင်္ဘောအတွက် မွမ်းမံထားသော ပုံကြမ်းကို ကူညီဒီဇိုင်းဆွဲပေးနေသည်။ လင်းရှန်သည် ရှိရင်းစွဲ အရင်းအမြစ်များကို အသုံးပြု၍ ထုတ်လုပ်နေခြင်း ဖြစ်သည်။ ၎င်းအပြင် သူသည် ကြိုတင်ကာကွယ်မှုအနေဖြင့် ဇီဝပေါင်းစပ်သံချပ်ကာကို ထိန်းချုပ်ရန် ကိရိယာတစ်ခုကိုလည်း တည်ဆောက်ရန် ပြင်ဆင်နေသည်။
အာရုဏ်ဦးမြို့တော် တိုက်ပွဲတွင် ဖီးနစ်နှင့် အသက်ရှင်ကျန်ရစ်သူအားလုံးသည် သွေးပဲစေ့ အမြောက်အမြားကို ရရှိခဲ့ကြသည်။ မြို့အပြင်ဘက်ရှိ အလောင်းပုံကြီးများမှ သွေးပဲစေ့များသည် တောင်ကြီးများသဖွယ် ဖြစ်နေပြီး စွမ်းအားရှင်များစွာမှာလည်း သိသိသာသာ အားကောင်းလာခဲ့ကြသည်။
လင်းရှန်ကိုယ်တိုငလည်း သွေးကပ်ဘေးပန်း၏ အသွင်ပြောင်းလဲမှုမှတစ်ဆင့် ယန္တရားရင်းမြစ်အမှတ် ၅,၀၀၀ ရရှိခဲ့သည်။ ဤသည်မှာ တိုက်ခိုက်မှုသက်သက်မှ ရရှိခြင်း ဖြစ်သည်။ ယခုအခါ လင်းရှန်၏ ကြယ်နက်ပန်းပဲဖိုထဲတွင် ယဲ့လန်ထံမှ ရရှိထားသည့် ပျက်ကျနေသော ဒရက်နော့အဆင့် သင်္ဘောအစိတ်အပိုင်းတစ်ခု ရှိနေသေးပြီး ၎င်းကို ဝါးမျိုခြင်းဖြင့် အဆင့်မြှင့်တင်ရန် ကုန်ကြမ်းများ ရယူနိုင်မည် ဖြစ်သည်။
“ဟမ်...’’
လင်းရှန်သည် ကြယ်နက်ပန်းပဲဖို အတွင်းမှ ထွက်ခွာတော့မည့် ဆဲဆဲတွင် ကြယ်တာရာစီးနင်းသူ XR01 မီကာ ပုံကြမ်းမှာ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာတွင် ချိတ်ဆွဲထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
“နေပါဦး... ဒီပုံကြမ်းက မပြီးသေးတာလား’’
အဆုံးစွန်အထိ ဖွံ့ဖြိုးပြီးသား ပုံကြမ်းများကို သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာထဲ၌ ပြန်လည်ထားရှိ၍ မရနိုင်ပေ။ ထိုအချိန်တွင် လင်းရှန်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားပြီး သေချာစွာ ဖွင့်ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်တွင် လင်းရှန်ကို အံ့အားသင့်သွားစေသည့် စနစ်မြင်ကွင်းတစ်ခု ပေါ်လာသည်။
[ဤပုံကြမ်းအဆင့်မှာ [ကောင်းကင်နတ်ဘုရားအဆင့်] သို့ ရောက်ရှိသွားပြီဖြစ်ကာ [ဂြိုဟ်အဆင့်] ဖွံ့ဖြိုးမှုအတွက် ယန္တရားနှလုံးသားနှင့် ယန္တရားထုတ်လုပ်မှု အဆင့် ၇ သို့ ရောက်ရှိရန် လိုအပ်သည်]
[(ဂြိုဟ်အဆင့်) တိုက်တန် မီကာ (ပုံကြမ်း) ဖွံ့ဖြိုးမှု ကြာမြင့်ချိန် - ]
[လိုအပ်သော တွက်ချက်မှုစွမ်းအား - ကွမ်တမ်ဘစ် ၆,၀၀၀ ထည့်သွင်းရန်]
“ငါ... မျက်စိမှားတာများလား’’
လင်းရှန်က သူ၏မျက်လုံးများကို ပွတ်လိုက်မိသည်။ အဆင့် ၆ သို့ နိုးထလာကတည်းက သူသည် မီးနတ်ဘုရားမီကာ၏ မပြီးပြတ်သေးသော ဖွံ့ဖြိုးမှုအဆင့်ကို သတိမထားမိခဲ့ပေ။ သုတေသနကြာချိန်မှာ သိသိသာသာလျော့နည်းသွားသည်ကိုသာ သူ သိခဲ့သော်လည်း ယခုမူ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာတစ်ခုလုံးမှာ ကြီးမားသော အသွင်ကူးပြောင်းမှုဖြစ်ပေါ်နေပြီကို သူ ရုတ်တရက် သတိပြုမိသွားသည်။ စွမ်းအားဝတ်စုံနှင့် မီကာများ၏ အဆင့်အတန်းများကို ရှင်းလင်းစွာ ခွဲခြားထားရုံသာမက တွက်ချက်မှုစွမ်းအားများကိုပါ လိုအပ်နေခြင်းက လင်းရှန်ကို အံ့အားသင့်သွားစေသည်။
“[ဂြိုဟ်အဆင့်] တဲ့လား...’’
လင်းရှန်၏ အမူအရာမှာ ငေးငိုင်သွားသည်။
“လူသားတွေက ဒီအဆင့်အထိ ရှိတဲ့ မီကာကို တီထွင်နိုင်နေပြီလား’’
“အဆင့် ၇ ကို ရောက်ဖို့က သိပ်မခက်ခဲနိုင်ပါဘူး၊၊ ဒီပုံကြမ်းတွေက တကယ်တမ်း ဘာကိုဆိုလိုတာလဲဆိုတာ မကြာခင်မှာ ငါသိလာရမှာပဲ”
လင်းရှန်သည် သက်ပြင်းတစ်ချက်ကို ခပ်လေးလေးချလိုက်သည်၊၊ ယခုအခါ သူ့တွင် ထုတ်လုပ်မှုအစီအစဥ် ၆ခု ရှိနေပြီဖြစ်ရာ ကောင်းကင်အမိုးခုံးရထားကို အပြီးသတ်တည်ဆောက်ခြင်းနှင့် ယန္တရားနှလုံးသားကို ဝါးမျိုမှုဖြင့် အဆင့်မြှင့်တင်ခြင်းတို့ကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်ပြီဖြစ်သည်၊၊ အာရုဏ်ဦးမြို့တော် တိုက်ပွဲတွင် အနန္တရထားပေါ်ရှိ သွေးကပ်ဘေးပန်းသည် အမှောင်စွမ်းအင် အမြောက်အမြားကို ဝါးမျိုခဲ့သည်၊၊ ယခင်က ဖြစ်ပွားခဲ့သော မွန်းစတားလှိုင်းများတွင် လင်းရှန်သည် ထူးဆန်းသောကုဗတုံးမှတစ်ဆင့် ပြောင်းလဲရရှိလာသော ယန္တရားရင်းမြစ်အမှတ်များသည် အခြားစွမ်းအားရှင်များနှင့် နှိုင်းယှဉ်ပါက သူ့အတွက် များစွာအကျိုးရှိကြောင်း တွေ့ရှိခဲ့သည်၊၊
သို့သော် ယခုအကြိမ်တွင် မြို့အတွင်းရှိ အမှောင်စွမ်းအင်ပေါင်းစည်းမျှော်စင်ကို စတင်ပြီးနောက် S-Class အဆင့်နှင့် ဖုတ်ကောင်သိုးထိန်းထံမှ ထွက်ပေါ်လာသော အမှောင်စွမ်းအင် ပျံ့နှံ့မှုများသည် လုံးဝဥဿုံ ချေဖျက်ခြင်းခံလိုက်ရသည်၊၊ ယင်း၏ အကျိုးကျေးဇူးမှာ အမှောင်စွမ်းအင်များ စုစည်းမှုကြောင့် လူသားများကြားတွင် သန္ဓေပြောင်းမှုများ ထပ်မံမဖြစ်ပွားတော့ခြင်းပင် ဖြစ်သည်၊၊ သို့သော် ဆိုးကျိုးမှာမူ ထိပ်တန်းစွမ်းအားရှင်များသည် သိသာထင်ရှားသော ဆင့်ကဲဖြစ်စဉ် အရှိန်အဟုန်ကို မရရှိခဲ့ခြင်းပင် ဖြစ်သည်၊၊
သို့သော် အခြားရွေးချယ်စရာမရှိပေ၊၊ အမှောင်စွမ်းအင်သည် လူသားများအတွက် အကျိုးထက် အဆိုးကိုသာ အမြဲပိုပေးလေ့ရှိသည်၊၊ လင်းရှန်၏ သွေးကပ်ဘေးပန်းနှင့် ထူးဆန်းသောကုဗတုံးတို့မှာ ထူးခြားခမ်းနားလှသည့် နတ်ဘုရားလက်နက်များ ဖြစ်နေနှင့်ပြီဖြစ်သည်၊၊ မည်သို့ပင်ဆိုစေကာမူ ဤတိုက်ပွဲအပြီးတွင် ဖီးနစ်နှင့် တိတ်ဆိတ်မြို့တော်တို့၏ အကူအညီကြောင့် သူ၏ ပုံကြမ်းတိုက်သည် လက်ရှိလူသားတို့၏ နည်းပညာစွမ်းအားများကို ပြည့်စုံလုနီးပါး စုဆောင်းနိုင်ခဲ့ပြီဖြစ်သည်၊၊ ယခုအခါ သူသည် ယန္တရားနှလုံးသားကို မြှင့်တင်ရန်အတွက် စက်ပစ္စည်းကိရိယာများကို ဝါးမျိုခြင်းအပေါ်တွင်သာ အာရုံစိုက်နိုင်တော့မည်ဖြစ်ရာ ယင်းမှာ ကောင်းသောအချက်ပင် ဖြစ်သည်၊၊
ကြယ်နက်ပန်းပဲဖိုအတွင်း လွင့်မျောနေသော ဧရာမကြယ်ကို ကြည့်ရင်း လင်းရှန် အနည်းငယ် သက်ပြင်းချမိသည်၊၊ ယန္တရားနှလုံးသားကို မြှင့်တင်ရန်အတွက် သူသည် ကြယ်သင်္ဘောများ၊ သင်္ဘောများနှင့် စွမ်းအားမြင့်ရထားများကဲ့သို့သော အရာများကိုသာ ဝါးမျိုနိုင်သည်၊၊ ကံကောင်းထောက်မစွာဖြင့် သူသည် အာရုဏ်ဦးမြို့တော်တွင် ဒရက်နော့အဆင့်အစိတ်အပိုင်းတစ်ခုကို ရရှိခဲ့ရာ အနည်းဆုံး ရင်းမြစ်အမှတ် တစ်သောင်းခန့် ရရှိမည်ဟု ခန့်မှန်းရပြီး စွမ်းရည်အသစ်အချို့ပင် ရရှိနိုင်ချေရှိသည်၊၊
လင်းရှန်သည် ကြယ်နက်ပန်းပဲဖို၏ အသိစိတ်နယ်ပယ်မှ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ဧရာမကြယ်၏ အနက်ရှိုင်းဆုံးနေရာမှ ရှင်းပြ၍မရသော အေးစိမ့်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်၊၊ ထို့ကြောင့် လင်းရှန်သည် သူ၏အသိစိတ်ကို ထိန်းချုပ်ကာ အတွင်းဘက်သို့ လှမ်းဝင်ကြည့်ရာ စကြဝဠာအနက်ပိုင်းကဲ့သို့ မှောင်မည်းနေသော တွင်းနက်ကဲ့သို့ ဟာလာဟင်းလင်းနေရာကြီးတစ်ခုကို တွေ့ရှိလိုက်ရသည်၊၊ ဤနေရာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် လင်းရှန်သည် တစ်စုံတစ်ခု၏ စောင့်ကြည့်ခြင်းကို ခံနေရသည်ဟု ခံစားလိုက်ရသဖြင့် ကြက်သီးမွေးညင်းများပင် ထသွားရသည်၊၊
“ဂရေ့စ်”
[ကျွန်မ ဒီမှာ ရှိပါတယ်]
“တောင်ဘက်ကောင်းကင်ဂိတ်မှာ ထူးခြားတာတစ်ခုခု ရှိနေလား”
လင်းရှန်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်၊၊ သူ၏အသိစိတ်သည် ဂရေ့စ်နှင့် ငွေကျည်ဆန်မှတဆင့် ဆက်နွှယ်နေကြောင်း သူ သဘောပေါက်လိုက်သည်၊၊ ဤခံစားချက်မှာ တောင်ဘက်ကောင်းကင်ဂိတ်၏ အနက်ရှိုင်းဆုံးနေရာမှ ပေးပို့လာခြင်းဖြစ်ပုံရသည်၊၊
အပြာရောင်ဂြိုလ်၏ တည်ငြိမ်သော အာကာသနက်ပတ်လမ်း၊ တောင်ဘက်ကောင်းကင်ဂိတ်၊၊
ပင်မဗဟိုမော်ဂျူး၊ ထိန်းချုပ်ခန်း၊၊
ရှုပ်ပွနေသော ထိန်းချုပ်ခန်းအတွင်းတွင် အာကာသဝတ်စုံဝတ်ဆင်ထားသည့် အာကာသယာဥ်မှူးအလောင်း ဒါဇင်ပေါင်းများစွာသည် ငြိမ်သက်စွာ လွင့်မျောနေကြသည်၊၊ ဂရေ့စ်သည် လင်းရှန်ကို ပြန်ဖြေရင်း ဆက်စပ်ပတ်လမ်းကြောင်းများကို ပြုပြင်ရေးကိရိယာများဖြင့် ပြန်လည်ပြုပြင်နေသည်၊၊
[ဒီနေရာမှာ အမည်မသိ သံလိုက်အားတွေနဲ့ အမှောင်ဒြပ်မှုန် လှိုင်းအမျိုးမျိုး ရှိနေပါတယ်၊၊ PandaX-4T အရည်ပြန်စီနွန် စက်ကိရိယာကနေ ကမ္ဘာပျက်ကပ်နေ့အတွင်း ထုတ်လွှတ်ခဲ့တဲ့ အလွန်နိမ့်တဲ့ စွမ်းအင်ဇုန်ထဲက ထူးဆန်းတဲ့ အမှောင်ဒြပ်ဝတ္ထုအချက်ပြမှုကို ဖမ်းယူရရှိခဲ့ပါတယ်၊၊ အရင်က အခြေစိုက်ခဲ့တဲ့ သုတေသနအဖွဲ့ဟာ ဆွဲငင်အားလှိုင်းတွေကို အသုံးပြုပြီး အရေးကြီးတဲ့ အချက်အလက်အချို့ကို ဘာသာပြန်ခဲ့ပုံရပါတယ်၊၊ ကျွန်မ အဲဒါတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေပါတယ်]
[ဒါ့အပြင် ဒီမော်ဂျူးထဲမှာ အပြာရောင်ဂြိုလ်က မဟုတ်တဲ့ အဏုဇီဝပိုးမွှားတွေ အများကြီးရှိနေတာကို တွေ့ရသလို ဝိညာဉ်လှိုင်းတန်ဖိုး တုံ့ပြန်မှုရှိတဲ့ သက်ရှိအချို့ကိုလည်း တွေ့ရပါတယ်၊၊ လောလောဆယ်တော့ ကျွန်မအတွက် ခြိမ်းခြောက်မှု မရှိပါဘူး၊၊ ကျွန်မကို သီးခြားလုပ်ခိုင်းစေချင်တဲ့ အလုပ်ရှိပါသေးလား]
Chapter 909
သင်္ဘောသား ၁
လင်းရှန်သည် ယခင်က ဖီးနစ်နှင့် ချူယန်တို့သည် ကာကွယ်ရေးပလက်ဖောင်းနှင့် ဆက်သွယ်ရန် ကြိုးပမ်းနိုင်ဖို့ ဂရေ့စ်နှင့် ချိတ်ဆက်ရန် လိုအပ်ကြောင်း ပြောထားခဲ့ဖူးသည်၊၊ သို့သော် ယခု လင်းရှန် မေးမြန်းခြင်းက အခြားရည်ရွယ်ချက်ကြောင့် ဖြစ်သည်၊၊
အကြောင်းမှာ ထိုငွေကျည်ဆန်မှတစ်ဆင့် မျက်လုံးတစ်စုံက သူ့ကို စောင့်ကြည့်နေသည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်သည်၊၊
“ပလက်ဖောင်းရဲ့ အပြင်ဘက်မှာကော တခြားအာကာသနက်ပိုင်း အရပ်မျက်နှာတွေမှာ ဘာတွေများ တွေ့သေးလဲ”
[ကျွန်မ ကာကွယ်ရေးပလက်ဖောင်းရဲ့ အပြင်ဘက် စောင့်ကြည့်ရေးစနစ် အစိတ်အပိုင်းအချို့ကို ဖွင့်ထားပါတယ်၊၊ နောက်ဆုံးအကြိမ် စွမ်းအင်သိပ်သည်းမှု မြင့်မားစွာ ထုတ်လွှတ်ပြီးနောက်မှာ တောင်ဘက်ကောင်းကင်ဂိတ်ရဲ့ ပတ်လမ်းဟာ အလွန်အမင်း မတည်မငြိမ်ဖြစ်သွားခဲ့ပါတယ်၊၊ လောလောဆယ်မှာတော့ တွန်းကန်စနစ်ကနေတစ်ဆင့်ပဲ ချိန်ညှိနိုင်ပါသေးတယ်၊၊ ဒါဟာ အပြာရောင်ဂြိုလ်ရဲ့ ဆွဲငင်အား တည်ဆောက်ပုံ ပြောင်းလဲသွားတာကြောင့်လား ဒါမှမဟုတ် တောင်ဘက်ကောင်းကင်ဂိတ်တစ်ခုလုံးက ပြင်းထန်တဲ့ ဆွဲငင်အားအရင်းအမြစ်တစ်ခုရဲ့ ဆွဲငင်ခြင်းကို ခံနေရတာလားဆိုတာ ကျွန်မ မဝေခွဲနိုင်သေးပါဘူး]
လင်းရှန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်၊၊
“ငါ့အထင်တော့ နောက်ဆုံးပြောတဲ့အချက် ဖြစ်နိုင်ခြေ ပိုများတယ်၊၊ အဲဒါကို ချက်ချင်း စစ်ဆေးကြည့်ပါ၊၊ အော်… ပြီးတော့ အရန် နူကလီးယားဓာတ်ပေါင်းဖိုကို ပိတ်လိုက်…. နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကို ဖြန့်ကျက်ပြီး အမှောင်စွမ်းအင် မုန်တိုင်းဇုန်ကနေ ထွက်ခွာပြီး အသင့်အနေအထားမှာ နေပါ”
[ဂရေ့စ် နားလည်ပါပြီ]
အာကာသနက်ပတ်လမ်းပေါ်တွင် ဧရာမ တောင်ဘက်ကောင်းကင်ဂိတ်၏ ကာကွယ်ရေးပလက်ဖောင်းသည် ၎င်း၏ စွမ်းအင်မော်ဂျူးများမှ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို စတင်ဖြန့်ကျက်လိုက်သည်၊၊ ခေါက်ထားသော အခြေအနေမှ ပွင့်ထွက်လာသည့် ထိုအပြားများသည် ကြီးမားသော အလင်းတောင်ပံလေးခုအသွင်ဖြင့် နေမင်းဆီသို့ ဖြည်းညှင်းစွာ ပြန့်ကားသွားသည်၊၊
တစ်ချိန်တည်းမှာပင် အာကာသနက်ပိုင်း၏ မှောင်မည်းသော အရပ်မျက်နှာ၌ တွင်းနက်ကြီးတစ်ခုကဲ့သို့ နှစ်ဘက်မြင် အမှောင်ဟင်းလင်းပြင်ကြီးတစ်ခုသည် ကြယ်အလင်းတန်းအားလုံးကို ဖုံးလွှမ်းသွားသည်၊၊ ယင်းမှာ ဟင်းလင်းပြင်ကြီး၏ ဧရာမပါးစပ်ကြီးတစ်ခု ဖြည်းညှင်းစွာ ပွင့်လာသည့်နှယ် ဖြစ်သည်၊၊
“လင်းရှန်”
ထိုစဉ်မှာပင် အခန်းတံခါး ပွင့်လာပြီး ချန်ဆီရွှမ်က တံခါးဝတွင် ရပ်ကာ လင်းရှန်ကို လှမ်းပြောလိုက်သည်၊၊
“အပြင်မှာ မှောင်နေပြီ”
လင်းရှန်သည် မျက်လုံးကို ဖွင့်ကာ ရထားပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်၊၊ ဂြိုဟ်ပတ်ရထားလမ်း၏ ဆိုက်ကပ်ဆိပ်ကမ်းတစ်ခုလုံးမှာ ယခုအခါ လုံးဝ မှောင်အတိကျနေပြီဖြစ်သည်၊၊ ဝေးကွာသောနေရာမှ ဒီရေတက်သံများကိုသာ ကြားနေရပြီး ရထားအပြင်ဘက်တွင် ဖုတ်ကောင်များ၏ အရိပ်များ လှုပ်ရှားနေကာ ကြက်သီးထဖွယ် အော်ဟစ်သံများ ထွက်ပေါ်နေသည်၊၊
လင်းရှန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အချိန်ကို စစ်ဆေးလိုက်ရာ ၁၉:၄၆ နာရီ ဖြစ်နေသည်၊၊
တွင်းနက် အမှတ် ၈ ၏ အတိုင်းအတာအရဆိုလျှင် ယခုအချိန်မှာ အတော်နောက်ကျနေပြီ ဖြစ်သည်၊၊ မကြာသေးမီရက်ပိုင်းအတွင်း ဖီးနစ်၏ လေ့လာချက်များအရ တွင်းနက် အမှတ် ၈ ၏ နယ်မြေချဲ့ထွင်မှုမှာ သိသိသာသာ နှေးကွေးသွားခဲ့သည်၊၊ ယင်းမှာ အသက်ရှင်ကျန်ရစ်သူများအတွက် သတင်းကောင်းပင် ဖြစ်သည်၊၊ မည်သို့ပင်ဆိုစေကာမူ အပြာရောင်ဂြိုလ်ပေါ်တွင် တွင်းနက် ၁၃ ခု ကျန်ရှိနေသေးသဖြင့် လူသားတို့၏ အခြေချရာနေရာများမှာ ကမ္ဘာပျက်ကပ်ပြီးနောက်ကဲ့သို့ ဆိတ်သုဉ်းပျက်စီးနေဆဲဖြစ်ရာ ဖီးနစ်သည် သတိအပြည့်ရှိနေဆဲပင် ဖြစ်သည်၊၊
ဖျတ် ဖျတ် ဂယားးး
အပြင်ဘက်တွင် ဖုတ်ကောင်များ ချဉ်းကပ်လာသည်ကို မြင်သောအခါ လင်းရှန်သည် လိုက်ကာများကို ချက်ချင်းချလိုက်ပြီး ချန်ဆီရွှမ် ကို မေးလိုက်သည်၊၊
“ဖီးနစ်ဆီက သတင်းအသစ်ရှိသေးလား”
“မရှိပါဘူး”
ချန်ဆီရွှမ် လင်းရှန်ကို ကြည့်ကာ သူ၏ မျက်နှာအမူအရာမှာ တစ်ခုခုထူးဆန်းနေသည်ကို သတိပြုမိသဖြင့် ချက်ချင်းပင် မေးလိုက်သည်၊၊
“ဘာဖြစ်လို့လဲ”
လင်းရှန်က ခေါင်းခါလိုက်သည်၊၊ “ဘာမှမဖြစ်ပါဘူး”
ချန်ဆီရွှမ် ပင်ပန်းနွမ်းနယ်နေဟန်ရှိသော လင်းရှန်ကို စိုးရိမ်တကြီးကြည့်ရင်း ပြောလိုက်သည်၊၊
“တကယ်လို့ ကျွန်မတို့ မနက်ဖြန် မိုးလင်းတာနဲ့ ထွက်မယ်ဆိုရင် လေးနာရီအတွင်း တာ့ကူး ရေနက်ပိုင်းရေပေါ်ဆိပ်ကမ်းကို ရောက်နိုင်တယ်၊၊ နောက် ခုနစ်နာရီဆိုရင်တော့ ပင်လယ်ကျောက်ဆောင်ကျွန်းကို ရောက်မှာပါ၊၊ နေမဝင်ခင်တော့ ရောက်သွားနိုင်ပါတယ်”
လင်းရှန်က သူ၏နဖူးကို ဖိရင်း စဥ်းစားဟန်ဖြင့် မေးလိုက်သည်၊၊
“မင်းရော ဘယ်လိုထင်လဲ၊၊ သမုဒ္ဒရာလမ်းကြောင်းကို သုံးတာက အကြံကောင်းလို့ ထင်လား”
ချန်ဆီရွှမ်က သူ၏မေးခွန်းကို နားထောင်ပြီးနောက် အခန်းထဲသို့ လှမ်းဝင်ကာ တံခါးပိတ်လိုက်သည်၊၊ ထို့နောက် သူမ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်၊၊
“တကယ်တော့ ဒါက သိပ်ကောင်းတဲ့အကြံတော့ မဟုတ်ပါဘူး၊၊ သမုဒ္ဒရာထဲမှာ တွင်းနက်တစ်ခုပဲ ရှိတယ်ဆိုပေမယ့် မိုးပျံဂျယ်လီဖစ်တွေနဲ့ Sky Touch မွန်းစတားကို ပြန်စဉ်းစားကြည့်ရင် ဒီလိုထူးဆန်းတဲ့ သတ္တဝါတွေက ကျွန်မကို ပင်လယ်နက်ကြီးအကြောင်း မဖြစ်မနေ တွေးမိစေတယ်၊၊ ဒါ့အပြင် ရထားက သမုဒ္ဒရာကို ဖြတ်ကျော်ရမှာဆိုတော့ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်တွေနဲ့ ကြုံလာရင် ကျွန်မတို့မှာ ရွေးချယ်စရာမရှိတော့ဘူး၊၊ ဒါက ကုန်းပေါ်မှာထက် ပိုပြီး အန္တရာယ်များတယ်၊၊ ပြီးတော့ ရှင် ဖုတ်ကောင်သိုးထိန်းကတစ်ဆင့် တွေ့ခဲ့ရတာတွေကို ပြန်ကြည့်ရင် သမုဒ္ဒရာနဲ့ ၁၃ ခုမြောက် တွင်းနက်ထဲမှာ ခန့်မှန်းရခက်တဲ့ တည်ရှိမှုတွေ ရှိနေမှာ သေချာတယ်၊၊ ဒါတွေအားလုံးကို ခြုံကြည့်ရင် ကျွန်မတို့ခရီးစဉ်က တော်တော်လေး အန္တရာယ်ကြီးတယ်လို့ ပြောရမှာပဲ”
လင်းရှန်က သူမ၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ရင်း မျက်မှောင်ကြုတ်လိုက်သည်၊၊
“ဒါပေမဲ့...”
“ဒါက ကမ္ဘာပျက်ကပ်ပဲလေ”
ချန်ဆီရွှမ်က လေသံပြောင်းကာ လင်းရှန်ကို ပြုံးပြလိုက်သည်၊၊
“ကျွန်မတို့မှာ ရွေးချယ်စရာ သိပ်မရှိဘူး မဟုတ်လား”
“အာရုဏ်ဦးဗဟိုစင်တာနောက်ကို လိုက်ပြီး ကုန်းလမ်းကနေ သွားတာက ပိုပြီး စိတ်ချရတာတော့ အမှန်ပဲ၊၊ ဒါပေမဲ့ ဖီးနစ်ရဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်က အနည်းဆုံး နှစ်လလောက် ကြာဦးမယ်၊၊ ပြီးတော့ ဒီလောက်ကြီးမားတဲ့ ယာဥ်တန်းကြီးထဲမှာဆိုရင် ရှင့်ရဲ့ ယန္တရားစွမ်းအားကို မြှင့်တင်ဖို့ အခွင့်အရေးက သိပ်မရှိဘူး၊၊ ကျွန်မတို့က ‘ဓားကိုင်ဆောင်သူ’ ဆိုတဲ့ အဆင့်အတန်းကို ခဏဖယ်ထားဦးတော့၊၊ ဝင်ရိုးစွန်းဒေသကို ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ လူသားတွေရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်နေတဲ့ ဘေးအန္တရာယ်က ရှိနေဦးမှာပဲ၊၊ ဒါကြောင့် ရှင်စဉ်းစားနေတာက ရှင်သန်ရေး ရိက္ခာတွေနဲ့ ရထားရဲ့ ကာကွယ်ရေးတွေအကြောင်းတင် မဟုတ်ဘူး မဟုတ်လား”
လင်းရှန်၏ မျက်မှောင်များ ပြေလျော့သွားပြီး ပြောသည်၊၊
“လူသားတွေနဲ့ အမှောင်ယဉ်ကျေးမှုတို့ကြားက ဒီတိုက်ပွဲက ဒီလောက်မရိုးရှင်းဘူးလို့ ငါအမြဲခံစားရနေတယ်၊၊ ဒါက စစ်ရေးအင်အား သီးသန့် ဒါမှမဟုတ် အရေးကြီးတဲ့ အချက်အလက်တစ်ခုတည်းနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်လောက်ဘူး”
“ပရော်ဖက်ဆာယဲ့က တစ်ခါပြောဖူးတယ်၊၊ ယဉ်ကျေးမှုတွေကြားက သံသယကွင်းဆက်ကို ဖျက်ဆီးလို့မရဘူးတဲ့၊၊ ဒါက စကြဝဠာ လူမှုဗေဒရဲ့ အခြေခံနိယာမပဲ၊၊ အမှောင်တောအုပ်ထဲမှာ မုဆိုးတွေ ပုန်းအောင်းနေသလိုပဲ၊၊ ယဉ်ကျေးမှုတိုင်းက အခြားသူတွေကို ခြိမ်းခြောက်မှုလို့ပဲ သတ်မှတ်ရမယ်၊၊ ဘာလို့လဲဆိုတော့ ရှင်သန်မှုက ယဉ်ကျေးမှုတစ်ခုရဲ့ ပထမဆုံး လိုအပ်ချက်ဖြစ်ပြီး စကြဝဠာထဲက ရုပ်ဝတ္ထုပမာဏကလည်း ကန့်သတ်ချက် ရှိနေလို့ပဲ၊၊ အဆင့်မြင့်ယဉ်ကျေးမှုနဲ့ အဆင့်နိမ့်ယဉ်ကျေးမှုကြားက ကွာခြားချက်က သူတို့ရဲ့ သန်မာမှုကနေ တိုက်ခိုက်နိုင်တဲ့ အကွာအဝေးပဲ၊၊ လူသားတွေက ဘာကြောင့် သူတို့ရဲ့ အသိုက်ကို ဘာလို့ဖျက်ဆီးလဲဆိုတာကို ပုရွက်ဆိတ်တွေ နားမလည်နိုင်သလိုပဲ… ငါတို့ကလည်း အမှောင်သတ္တဝါတွေက လူသားယဉ်ကျေးမှုကို ဘာကြောင့် ဒီလိုဖျက်ဆီးနေလဲဆိုတာကို နားမလည်နိုင်ကြဘူး...”
“ကမ္ဘာပျက်ကပ် စကတည်းက အခုထိ လူသားတွေက ရှင်သန်ဖို့အတွက် ရုန်းကန်နေရတယ်၊၊ အသည်းအသန် ထွက်ပြေးနေရတယ်၊၊ အမှန်တရားကို တဖြည်းဖြည်း ဖော်ထုတ်နိုင်ပြီလို့ ခံစားလာရပြီး အမှောင်ထုထဲမှာ ရှင်သန်နိုင်မယ့် စွမ်းအားကို ရှာတွေ့လာတဲ့အထိပဲ၊၊ ဒါပေမဲ့ ငါတို့ ကျော်လွှားလို့မရတဲ့ မေးခွန်းတစ်ခု ရှိနေသေးတယ်၊၊ အမှောင်ယဉ်ကျေးမှုက ဘာကြောင့် အပြာရောင်ဂြိုလ်ပေါ်ကို ဆင်းသက်လာတာလဲ၊၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ...”
ချန်ဆီရွှမ်က လေးနက်စွာ မေးလိုက်သည်၊၊
“ဒီမျှခြေက ကြာရှည်မခံဘူးလို့ ရှင်ထင်နေတာလား”
“ဒီလို ခံစားရတာ ငါတစ်ယောက်တည်း မဟုတ်ပါဘူး၊၊ ဖီးနစ်အဖွဲ့အစည်းတစ်ခုလုံးနဲ့ ပရော်ဖက်ဆာယဲ့ရော အားလုံး နားလည်ကြတယ်၊၊ ဒါကြောင့်လည်း စတားဖိုင်းယားစီမံကိန်း ရှိနေတာပေါ့”
လင်းရှန်က ပုခုံးတွန့်ပြလိုက်သည်၊၊
“အာကာသကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ယဉ်ကျေးမှုတစ်ခုက သွေးဆာနေတဲ့ တိရစ္ဆာန်ရိုင်းတစ်ကောင်လိုပဲ ပြုမူနေမယ်လို့ ငါမယုံဘူး၊၊ ငါတို့ မြင်ခဲ့ရတာတွေ၊ အနိုင်ယူခဲ့တာတွေက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိဦးမှာ၊၊ ငါတို့က ဒီယဉ်ကျေးမှုရဲ့ ဖြစ်တည်မှုကို တကယ်တမ်း မမြင်ဖူးသေးသလို အစစ်အမှန် ဆွေးနွေးမှုမျိုးလည်း မလုပ်ရသေးဘူး”
လင်းရှန်က ချန်ဆီရွှမ် ကို ကြည့်လိုက်သည်၊၊
“ဥပမာ အမှောင်ယဉ်ကျေးမှုနေရာမှာ ငါတို့သာဆိုရင် ငါတို့မှာ ဘာရည်ရွယ်ချက်တွေ ရှိနိုင်မလဲ”
ချန်ဆီရွှမ်က ခေါင်းခါလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်၊၊
“လူသားတွေက အဲဒီရှုထောင့်ကနေ ရပ်တည်လို့မရဘူး၊၊ ကျွန်မတို့ တွေးနိုင်တာက ‘နယ်ချဲ့တာ’ တို့ ‘သိမ်းပိုက်တာ’ တို့လို ကျွန်မတို့သိထားတဲ့ စေ့ဆော်မှုမျိုးတွေပဲ ရှိမယ်၊၊ ဒါပေမဲ့ တခြားယဉ်ကျေးမှုတစ်ခုကလည်း အဲဒီလိုပဲ တွေးမယ်လို့ မဆိုလိုနိုင်ဘူး”
“မင်းပြောတာ မှန်တယ်”
လင်းရှန်က ပြုံးလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က မှောင်မည်းနေသည့် ကမ်းခြေကို လှည့်ကြည့်လိုက်သည်၊၊
“ဒါကြောင့် ငါ့အမြင်မှာတော့ ငါတို့က အဖြေကို ရှာရမယ်၊၊ ဒါမှမဟုတ်ရင် ရှေ့ပြေးစီမံကိန်းအတိုင်း S-Class အဆင့် အလောင်းကို ယူပြီး အာကာသထဲကို ထွက်ပြေးရမယ်၊၊ ဒါက ဖြစ်နိုင်တဲ့ ရွေးချယ်မှုတစ်ခုပဲ၊၊ ဘာပဲဖြစ်ဖြစ် ငါတို့မှာ ကောင်းကင်အမိုးခုံးရထား ရှိနေပြီပဲ၊၊ ပြီးတော့ ဇီဝပေါင်းစပ်ချပ်ကာလည်း ရှိတယ်...”