← Chapters

အခန်း (၇၇၁-၇၇၂)

Vol. 78 Ch. 771-772

အခန်း (၇၇၁-၇၇၂)

Vol. 78 Ch. 771-772

အခန်း (၇၇၁) ရောက်ရှိလာခြင်း

လုံချန်းသည် အခန်းအပြင်သို့ပင် မထွက်ဘဲ နေ့ရောညပါ ကျင့်ကြံအားထုတ်နေသည်မှာ နောက်ထပ် နှစ်ရက်မျှ ကြာမြင့်သွားခဲ့ပြန်ပြီ ဖြစ်သည်။

​ထိုအချိန်အတွင်း သူသည် ကျင့်ကြံခြင်း၌သာ အာရုံစိုက်ထားသဖြင့် ရွှမ်းနှင့်ပင် စကားမပြောဖြစ်ချေ။ ရွှမ်းကမူ အခန်းတံခါးဝ၌ စောင့်ကြပ်ကြည့်ရှုပေးနေပြီး လုံချန်း၏ အသက်အန္တရာယ်ကို ထိခိုက်စေမည့် မည်သူမျှ အခန်းတွင်းသို့ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိစေရန် ဂရုစိုက်ပေးနေပေသည်။

​ကျင့်ကြံဆင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် လုံချန်းသည် ကျေနပ်အားရသော အပြုံးဖြင့် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

​“ငါတော့ ဒီခန္ဓာကိုယ်ကို တကယ်ပဲ မနာလိုဖြစ်မိတယ်။ ငါ့ရဲ့ တကယ့်ခန္ဓာကိုယ်မှာသာ ဒီလို ပါရမီမျိုးနဲ့ စွမ်းရည်မျိုး ရှိနေရင် ဘယ်လောက်ကောင်းမလဲ။ ဒီလောက် မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်တဲ့ ကျင့်ကြံမှုတွေက ဒီမှာပဲ အချည်းနှီး ဖြစ်ကျန်ရစ်ခဲ့တော့မှာပဲ” လုံချန်းက ရွှင်းကို ကြည့်ကာ ညည်းတွားလိုက်၏။

​“နင် မနာလိုဖြစ်နေစရာ မလိုပါဘူး။ တကယ့်ကမ္ဘာက နင့်ရဲ့ ခန္ဓာကိုယ်ကလည်း မဆိုးပါဘူး။ နင့်ရဲ့ နတ်ဘုရား သွေးမျိုးဆက်တွေ ပိုပြီး နိုးထလာတာနဲ့အမျှ အခြေအနေတွေက ပိုပြီး ကောင်းလာမှာပါ” ရွှင်းက ခေါင်းခါယမ်းရင်း ပြန်ပြောလိုက်သည်။

​“ဒီခန္ဓာကိုယ်ရဲ့ အဆင့်ကို ရောက်ဖို့ဆိုရင် ငါ့ရဲ့ နတ်ဘုရား သွေးမျိုးဆက်က ဘယ်လောက်အထိ ပြင်းအား ရှိနေဖို့ လိုမလဲ” လုံချန်းက မေးလိုက်၏။

​“အများကြီး မလိုပါဘူး။ ဒီခန္ဓာကိုယ်က ကောင်းတယ်ဆိုပေမဲ့ အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး။ နင့်မှာ အခုရှိတဲ့ အတွေ့အကြုံမျိုး၊ ပညာရပ်မျိုး ရှိနေပြီး အစကတည်းက သွေးမျိုးဆက် ၅၀ ရာခိုင်နှုန်းလောက်ပဲ နိုးထနေမယ်ဆိုရင်တောင် နင့်ရဲ့ ကျင့်ကြံမှုက အခုလိုပဲ မြန်ဆန်နေမှာပါ” ရွှင်းက သူ၏ ပါရမီနဲ့ သွေးမျိုးဆက်အကြောင်း ရှင်းပြနေ၏။

​“၅၀ ရာခိုင်နှုန်းတောင်လား။ ငါ့ရဲ့ တကယ့်ခန္ဓာကိုယ်က ဒီခန္ဓာကိုယ်အဆင့်ကို ရောက်ဖို့ဆိုရင် စမ်းသပ်ပွဲတွေ အများကြီးကို ဖြတ်ကျော်ရဦးမှာပေါ့” လုံချန်းက မချိပြုံးလေး ပြုံးကာ ရေရွတ်လိုက်၏။

​သူသည် ဤခန္ဓာကိုယ်၏ ပါရမီကို အံ့ဩနေမိသော်လည်း အချိန်တိုအတွင်း သူ ရရှိခဲ့သည့် တိုးတက်မှုများကို ကြည့်ခြင်းအားဖြင့် ဤသို့ ဖြစ်လာမည်ကို ကြိုတင် ခန့်မှန်းထားပြီးသားလည်း ဖြစ်သည်။

​“ထားပါတော့လေ... ဒီသွေးမျိုးဆက်ကလည်း အတော်လေး ကောင်းပါတယ်။ အသက်ရှင်နေမှန်းတောင် မသိခဲ့ရတဲ့ ငါ့အဖေကို ကယ်တင်နိုင်ဖို့ ငါ အစွမ်းထက်လာခဲ့တာ ဒါကြောင့်ပဲလေ” လုံချန်းက သက်ပြင်းချရင်း ဆို၏။ ရွှင်းသာ သူ၏ ဘဝထဲသို့ ရောက်မလာခဲ့လျှင် ရွှင်း၏ စကားကို နားထောင်ကာ အစွမ်းထက်လာအောင် မကြိုးစားခဲ့လျှင် သူသည် ယခုကဲ့သို့သော နေရာမျိုးသို့ ရောက်ရှိလာလိမ့်မည် မဟုတ်ကြောင်း သူ နားလည်ထားပေသည်။

​ထိုလက်စွပ်နှင့် ရွှင်းသာ မရှိလျှင် လုံချန်းသည် ကမ်းပါးအောက်ခြေ၌ပင် ပိတ်မိနေပြီး နောက်ဆုံးတွင် အသက်ပျောက်သွားရပေလိမ့်မည်။ ကမ်းပါးပေါ်သို့ ပြန်တက်နိုင်ခဲ့လျှင်ပင် နဂါးမြို့တော် အတွင်းရှိ လုံမျိုးနွယ်စု၌ သာမန်ဘဝဖြင့်သာ နေထိုင်သွားရမည် ဖြစ်၏။ မင်ယု၊ ကျီချင်း သို့မဟုတ် သူ၏ ချစ်လှစွာသော အမျိုးသမီးများနှင့်လည်း မည်သည့်အခါမျှ ဆုံတွေ့ခွင့် ရလိမ့်မည် မဟုတ်ချေ။ အကျဉ်းကျနေသော ဖခင်ဖြစ်သူကိုလည်း ရှာဖွေနိုင်မည် မဟုတ်သလို ကယ်တင်နိုင်မည်လည်း မဟုတ်ပေ။ လမ်းခရီးတစ်လျှောက်တွင် ဆုံတွေ့ခဲ့ရသော မိတ်ဆွေကောင်းများကိုလည်း ရရှိလိမ့်မည် မဟုတ်ချေ။

​သူ၏ ဘဝထဲသို့ ရောက်ရှိလာသော ကောင်းမြတ်သည့် အရာမှန်သမျှမှာ ထိုလက်စွပ်နှင့် ရွှင်းတို့ကြောင့်ပင် ဖြစ်ပေသည်။ လမ်းခရီးတစ်လျှောက်တွင် ဆိုးရွားသော အဖြစ်အပျက်များစွာ ရှိခဲ့သော်လည်း သူနှင့် သူ၏ မိသားစုဝင်များ အသက်ရှင်နေသရွေ့ ထိုအဆိုးများကို သူ ဂရုမစိုက်ပေ။ သူ ဖြစ်ချင်ခဲ့သည့် လူစားမျိုးမှ ပြောင်းလဲသွားခဲ့ရလျှင်ပင် သူ၏ စိတ်ထဲ၌ ကောင်းမြတ်ခြင်းများက ဆိုးယုတ်ခြင်းများထက် ပိုမို အလေးသာနေပေသည်။

​“အေးပါ... အကောင်းဘက်ကပဲ ကြည့်ပြီး အများကြီး မတွေးပါနဲ့။ နောက်နောင်မှာလည်း နင့်ရဲ့ တိုးတက်မှုကို ဒီအတိုင်း ထိန်းထားနိုင်သရွေ့ အရာအားလုံး အဆင်ပြေသွားမှာပါ။ အနာဂတ်ကလည်း ဆိုးမှာ မဟုတ်ပါဘူး။ နင် လိုအပ်တာက အင်အားပဲ။ ငါကိုယ်တိုင်က နင့်ကို ရန်ပြုချင်ရင်တောင် မလုပ်နိုင်လောက်တဲ့အထိ အစွမ်းထက်အောင် လုပ်ပါ။ အဲဒီလို အင်အားမျိုးကို ရအောင် ယူပါ။ အဲဒီအဆင့်ကို ရောက်သွားရင် တစ်ကမ္ဘာလုံးက နင့်ရဲ့ လက်ခုပ်ထဲက ရေ ဖြစ်သွားလိမ့်မယ်” ရွှင်းက လုံချန်းကို မကြည့်ဘဲ လှမ်းပြောလိုက်၏။

​“ဟားဟား... ယောက်ျားတစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သူ့ရဲ့ အမျိုးသမီးကတော့ သူ့အပေါ်မှာ အမြဲတမ်း အသာစီး ရနေမှာပါပဲ” လုံချန်းက နောက်ပြောင်ရင်း မတ်တပ်ရပ်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

​“ဒီတစ်ခါ ငါ ကျင့်ကြံနေတာ ဘယ်နှရက် ရှိသွားပြီလဲ” သူက ပြတင်းပေါက်မှတစ်ဆင့် လှပသော လမ်းမထက်သို့ ကြည့်ကာ မေးလိုက်၏။

​“နင် ဒီမှာ ကျင့်ကြံနေတာ သုံးရက် ရှိပြီ။ ငါတော့ အဲဒီတံခါးကြီးကိုပဲ ထိုင်ကြည့်နေရတာ ပျင်းတောင် ပျင်းလာပြီ။ ငါ နားမလည်တာ တစ်ခုက... ငါက ဘာလို့ ဒီမှာ အစောင့်နေပေးရတာလဲ။ နင်က ဒီမှာ နဂါးစစ်သည်တော်အနေနဲ့ ရှိနေတာမှ မဟုတ်တာ၊ အက်ရှာရဲ့ ဖူချန်း အနေနဲ့ပဲ ရှိနေတာလေ။ ဘယ်သူက နင့်ကို လာပြီး အန္တရာယ်ပြုမှာလဲ” ရွှင်းက သမ်းဝေရင်း မေးလိုက်၏။

​“ဟားဟား... အဲဒါက ငါ့အပေါ်မှာ အလုပ်မဖြစ်ပါဘူး။ လက်စွပ်ရဲ့ ဝိညာဉ်တစ်ခုအနေနဲ့ နင် အိပ်လို့ မရဘူးဆိုတာ ငါ သိတယ်။ အဲဒီ အတုအယောင် သမ်းဝေပြတာက ငါ့ကို လှည့်စားလို့ မရဘူးနော်” လုံချန်းက ရယ်မောကာ ဆိုလိုက်သည်။

​“တောက်...” ရွှင်းက သူမ၏ အကွက်ကို လူမိသွားသဖြင့် မျက်လုံးဝဲလိုက်၏။ သူမသည် တကယ် အိပ်ချင်နေခြင်း မဟုတ်ဘဲ လုံချန်း နေ့ရောညပါ ကျင့်ကြံနေသဖြင့် ပျင်းရိနေခြင်း ဖြစ်ပေသည်။ သူမသည် သူ၏ ဘေးတွင် ထိုင်ကာ တစ်ခါတရံ စကားပြောချင်မိသည်။ သူမ ကိုယ်တိုင် ထုတ်မပြောသော်လည်း လုံချန်းနှင့် ရက်ပေါင်းများစွာ စကားမပြောရသောအခါ သူ့ကို သတိရနေမိခြင်းပင်။

​သူမ ကိုယ်တိုင်လည်း နားမလည်နိုင်သော်လည်း သူနှင့် တစ်ရက်ထက်မက စကားမပြောရလျှင် သူမ၏ နှလုံးသားထဲ၌ ထူးဆန်းသော တောင့်တမှုနှင့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာတတ်၏။

​သူမသည် သူ့အား သူမကို သတိရစေချင်သည်။ သူမနှင့် စကားပြောစေချင်သည်။ သူ သူမ၏ အနားတွင် ရှိနေစေချင်သည်။ ဤခံစားချက်မှာ မည်သည်ဖြစ်ကြောင်း သူမ မသိချေ။ သူမ ဖော်ပြနိုင်သည်မှာ ဖော်ပြ၍ မရသော ခံစားချက် ဟူ၍သာ ဖြစ်ပေသည်။

​“အနည်းဆုံးတော့ ဘာလို့ တစ်ယောက်ယောက်က တိုက်ခိုက်လာမယ်လို့ စိုးရိမ်နေရတာလဲဆိုတာ ပြောပြပါဦး” ရွှင်းက မေးလိုက်၏။

​“နင် မေ့သွားပြီလား။ ဗာမီလီယံက အသက်ရှင်နေတုန်းပဲလေ။ ငါ မြို့ထဲက ထွက်သွားမယ်ဆိုတာ သူတစ်ယောက်ပဲ သိတာဆိုတော့... ငါ့ကို ကူညီချင်ဟန်ဆောင်ပြီး သတ်ဖို့ လူလွှတ်လိုက်တာ သူပဲ ဖြစ်မယ်လို့ ငါ သံသယရှိနေတုန်းပဲ”

​“ပြီးတော့ အဲဒီအကြောင်းကို သိပြီး ငါ့ကို သတ်ချင်နေတဲ့ လူတွေ အများကြီး ရှိနိုင်သေးတယ်။ ဗာမီလီယံက ငါ့ကို သတ်ချင်နေမှန်း သိတဲ့ ဖီးနစ်အဖွဲ့ထဲက လူတွေလည်း ပါနိုင်တာပေါ့။ ဗာမီလီယံ ဒီမှာ ရှိနေဖို့ အခွင့်အလမ်း နည်းပေမဲ့လည်း ငါကတော့ ပေါ့ပေါ့ဆဆ မနေချင်ဘူး။ နင်က အရာအားလုံးကို စောင့်ကြည့်ပေးနေမှ ငါက ပိုပြီး ဘေးကင်းတယ်လို့ ခံစားရတာ” လုံချန်းက သူ၏ စိုးရိမ်မှုများကို ရှင်းပြလိုက်၏။

​“ဩော်... အဲဒါကို ငါ ထည့်မစဉ်းစားမိဘူး” ရွှင်းက တိုးတိုးလေး ရေရွတ်ရင်း သူ၏ အနားသို့ လျှောက်လာကာ ပြတင်းပေါက်မှ အပြင်သို့ အတူတူ လှမ်းကြည့်လိုက်သည်။

​“အေး... ဆူနိုင်းစစ်တပ် ဘယ်ရောက်နေပြီလဲလို့ ငါ တွေးနေတာ။ နင်ပြောသလို သုံးရက်ရှိပြီဆိုရင် သူတို့ တအား နောက်ကျနေပြီ။ အချိန်မှန်ရင် လွန်ခဲ့တဲ့ တစ်ရက်ခွဲလောက်ကတည်းက ဒီကို ရောက်နေရမှာ။ သူတို့ လမ်းမှာ အချိန်ဖြုန်းနေကြတာလား” လုံချန်းက တွေးတောနေစဉ်မှာပင် အစောင့်တစ်ဦးသည် လမ်းတစ်လျှောက် ပြေးလွှားကာ မြို့ခံများကို တစ်စုံတစ်ခု ကြေညာနေသည်အား မြင်လိုက်ရ၏။ ထိုကြေညာချက်ကို ကြားရသော သူများသည် ထိတ်လန့်တကြားဖြင့် မိမိတို့၏ အိမ်များအတွင်းသို့ ပြေးဝင်ကုန်ကြတော့သည်။

​“ဒီလို အုတ်အော်သောင်းနင်း ဖြစ်ကုန်တာလား” လုံချန်းက လမ်းမထက်မှ ရှုပ်ထွေးမှုများကို ကြည့်ကာ ရေရွတ်လိုက်သည်။ “ဆူနိုင်းစစ်တပ် ရောက်လာပြီ ထင်တယ်” ထိုသို့ ဆိုကာ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

​အခန်း (၇၇၂) ဗာမီလီယံ ဝိညာဉ်

လမ်းမထက်မှ အုတ်အော်သောင်းနင်း ဖြစ်နေသည့် မြင်ကွင်းကို ကြည့်ရင်း လုံချန်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။

​“နောက်ဆုံးတော့ ငါလည်း ပွဲဝင်ရမယ့်အချိန် ရောက်ပြီပေါ့။ သိပ်မကြာခင်မှာပဲ... ငါဟာ ဒီမြေနဲ့ ဆူနိုင်း တိုင်းပြည်ရဲ့ ဘုရင် ဖြစ်လာတော့မယ်” လုံချန်းက ရေရွတ်ရင်း အနောက်သို့ လှည့်လိုက်သည်။

​သူသည် ကုတင်နားသို့ လျှောက်သွားကာ ဓားအိမ်အတွင်း ရှိနေဆဲဖြစ်သော မီးလျှံရေခဲဓားကို ကောက်ယူ၍ ကျောတွင် လွယ်လိုက်၏။ ထို့နောက် ဓားအိမ်အတွင်း၌ပင် ရှိနေသော ဓားနက်ကိုပါ ထပ်မံ ကောက်ယူ၍ ကျောတွင် ပိုးလိုက်ပြန်သည်။

​“ဆူနိုင်းစစ်တပ်က ဒီဓားတွေကို မြင်ရင် ငါ့ကို မှတ်မိသွားနိုင်တယ်။ ဆူနိုင်းဘုရင်ကို လှည့်စားခဲ့တဲ့ လုံချန်းအတုကတော့ သေသွားပြီလို့ သူတို့ ထင်ရမယ့်အချိန်ပဲ။ တကယ့် လူစစ်စစ်ကတော့ အခုမှ တိုက်ပွဲထဲ ဝင်မှာ” လုံချန်းသည် မိမိကိုယ်ကို ရေရွတ်ရင်း အခန်းတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့၏။

​သူသည် လှေကားထစ်များအတိုင်း ဆင်းလာပြီး တည်းခိုခန်းအတွင်းမှ ထွက်ခွာခဲ့သည်။ ဧည့်ကြိုစာရေးမှာ ကျောပေါ်တွင် ကြီးမားလှသော ဓားနှစ်လက်ကို လွယ်ပိုးထားသည့် လုံချန်းအား ကြည့်ကာ အံ့ဩနေမိ၏။ ကလေးတစ်ယောက်က အဘယ်ကြောင့် ဤမျှ ကြီးမားသော ဓားများကို သယ်ထားနေကြောင်း သူ နားမလည်သော်လည်း ဝင်ရောက် မစွက်ဖက်ရဲချေ။ ထိုပြဿနာကောင်ကြီး တည်းခိုခန်းအတွင်းမှ ဘေးကင်းကင်းနှင့် ထွက်သွားသည်မှာပင် သူ၏အဖို့ ကောင်းလှပြီ မဟုတ်လော။

​မြို့တော်ကြီး အတိုက်ခိုက်ခံနေရသည်ကို သူ သိထားပြီး ဖြစ်သည်။ လုံချန်းက ယခုအချိန်တွင် ထွက်သွားချင်သည်ဆိုလျှင်လည်း သူ တားဆီးလိမ့်မည် မဟုတ်ပေ။ လုံချန်း သေသွားလျှင်ပင် သူနှင့် မည်သို့မျှ မဆိုင်ချေ။

​သူသည် ကျန်ရှိနေသော ဧည့်သည်များ အမြန်ပြန်လာရန် စောင့်ဆိုင်းနေပြီး တည်းခိုခန်းကို ကာကွယ်ရန် တံခါးများအား ပိတ်ပစ်ရန်သာ ပြင်ဆင်နေတော့သည်။

​လုံချန်းသည် တည်းခိုခန်းမှ ထွက်လာပြီး လမ်းမထက်တွင် ရပ်ကာ မိမိတို့၏ အိမ်များဆီသို့ ထိတ်လန့်တကြား ပြေးလွှားနေကြသော လူအုပ်ကြီးကို စောင့်ကြည့်နေ၏။ မြို့စောင့်တပ်များမှာ မြို့၏ မြောက်ဘက်ဝင်ပေါက်ဆီသို့ ပြေးလွှားနေကြသည်ကို မြင်ရသဖြင့် မြောက်ဘက်မှ ချဉ်းကပ်လာသော ဆူနိုင်းစစ်တပ် ရောက်လာပြီဖြစ်ကြောင်း သူ အသေအချာ သိလိုက်ရသည်။

​တိုက်ဆိုင်စွာပင် ဘုရင့်နန်းတော်မှာလည်း တောင်ဘက်ထက် မြောက်ဘက်နှင့် ပို၍ နီးကပ်နေပေရာ ၎င်းမှာ လုံချန်းက မြောက်ဘက်မှ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်၏။

​မြို့တော်ကို ကာကွယ်ရန် တိုက်ပွဲဝင်ဖို့ မြောက်ဘက်ဆီသို့ ပြေးလွှားနေကြသော ဧည့်သည်တော်များကိုလည်း သူ မြင်နေရသည်။ သူသည်လည်း မြောက်ဘက်ဆီသို့ပင် ဦးတည်ကာ လျှောက်လှမ်းလာခဲ့၏။ သို့သော် သူသည် အလျင်စလို ရှိမနေချေ။

​လုံချန်းသည် မြို့၏ မြောက်ဘက်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ ယခင်က အစောင့်အကြပ် ထူထပ်လှသော ထိုနေရာ၌ ယခုမူ အစောင့်နှစ်ဦးသာ ကျန်ရှိတော့သည်။

​“ဟုတ်တာပေါ့... မြောက်ဘက်ပိုင်းက အတိုက်ခိုက်ခံနေရချိန်မှာ မြို့စားနယ်မြေနဲ့ သာမန်လူနေရပ်ကွက်ကြားမှာ အစောင့်တွေ အများကြီး ထားမှာမဟုတ်ဘူး။ ဒါက မျှော်လင့်ထားပြီးသားပဲ။ ဒါပေမဲ့ နန်းတော်အဝင်ဝမှာရော အစောင့်တွေ ရှိနေဦးမလားဆိုတာ စိတ်ဝင်စားစရာပဲ” လုံချန်းက မိမိကိုယ်ကို ရေရွတ်လိုက်၏။

​“မင်း ဘယ်သွားမလို့လဲ။ အဲဒီဘက်ကို သွားလို့မရဘူး။ မြို့တော်က အတိုက်ခိုက်ခံနေရတယ်။ အိမ်ပြန်တော့။ ဘုရင့်နယ်မြေထဲကို ဘယ်သူမှ ဝင်ခွင့်မရှိဘူး” အစောင့်များက လုံချန်းကို ရှေ့ဆက်မတက်ရန် တားဆီးကာ သတိပေးလိုက်ကြ၏။

​“မြို့တော်က အတိုက်ခိုက်ခံနေရတယ်ဆိုတာ ငါ သိပါတယ်။ အဲဒါကြောင့်ပဲ မင်းတို့ဘုရင်နဲ့ တွေ့ချင်တာပေါ့။ ငါ့မှာ လူတိုင်းကို ကာကွယ်ပြီး ကယ်တင်နိုင်မယ့် နည်းလမ်း ရှိတယ်” လုံချန်းက အစောင့်ကို ပြန်ပြောလိုက်၏။

​“ဟင်း... မင်းကတော့ ကိုယ့်ကိုယ်ကိုယ် တအား အထင်ကြီးနေတာပဲ။ ငါတို့ရဲ့ ထိပ်တန်းစစ်သည်တော်တွေ အကုန်လုံး အဲဒီမှာ ငါတို့ကို ကာကွယ်နေကြတာ။ မင်းလို ကောင်လေးတစ်ယောက်က ဒီစစ်ပွဲရဲ့ ရလဒ်ကို နည်းနည်းလောက်တောင် ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား။ ကျောပေါ်မှာ ဓားနှစ်လက် ပိုးထားရုံနဲ့ မင်းကိုယ်မင်း လူစွမ်းကောင်းကြီး ထင်နေတာလား။ ဟား... ကလေး၊ ပြန်သွားတော့။ ဒါက မင်း ကစားရမယ့် နေရာမဟုတ်ဘူး” အစောင့်များက လုံချန်းကို လှောင်ပြောင်လိုက်ကြသည်။

​လုံချန်းသည် မျက်နှာဖုံး တပ်မထားသော်လည်း လှည့်စားခြင်း မျက်နှာဖုံးကို သုံးကာ ဖူချန်း၏ ပုံစံအတိုင်း ရှိနေခြင်း ဖြစ်၏။ အစောင့်များက သူ့ကို ဖူချန်းမှန်း မမှတ်မိကြဘဲ လူစွမ်းကောင်း လုပ်ချင်နေသည့် သာမန်ကလေးတစ်ယောက်ဟုသာ ထင်နေကြခြင်းပင်။ အကယ်၍သာ လုံချန်းမှန်း သိခဲ့လျှင် သူတို့၏ ကဲ့ရဲ့သံများမှာ ယခုထက် ပို၍ ဆိုးရွားနေမည်မှာ အသေအချာပင်။

​“ဟင်း... ဒီလို ဖြစ်လာမယ်လို့ ငါ ထင်သားပဲ။ ထားပါတော့လေ... ဘယ်လိုပဲဖြစ်ဖြစ် ငါ ဘုရင်နဲ့ တွေ့အောင် တွေ့ရမယ်” လုံချန်းက သက်ပြင်းချရင်း ဆို၏။

​သူသည် လက်ကို ကျောနောက်သို့ ဆန့်ထုတ်ကာ ဓားနက်၏ လက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်ပြီးနောက် သူသည် ရှေ့သို့ လှမ်းလျှောက်လာခဲ့၏။

​“ဒီကောင်စုတ်၊ ငါတို့ကို တိုက်ခိုက်ဖို့ ကြံနေတာလား။ ဒီကလေးကို သတ်ပစ်ကြ” အစောင့်တစ်ဦးက လုံချန်းထံသို့ ပြေးဝင်လာရင်း အော်ဟစ်လိုက်သည်။ နောက်တစ်ဦးကလည်း ထပ်ချပ်မကွာ လိုက်ပါလာ၏။

​ပထမအစောင့်သည် လုံချန်းထံသို့ အရင်ရောက်ရှိလာပြီး သူ၏ ဓားဖြင့် ခုတ်ချလိုက်သည်။

​လုံချန်းသည် မည်သည့် စွမ်းရည်ကိုမျှ အသုံးမပြုဘဲ သူ၏ ဓားအား အသာအယာ ဝှေ့ယမ်းလိုက်၏။ သူ၏ ဓားမှာ အစောင့်၏ ဓားနှင့် ထိတွေ့သွားသည်။ သူသည် စွမ်းရည်မသုံးသော်လည်း သူ၏ ခန္ဓာကိုယ် ခွန်အားမှာ ထိုအစောင့် တစ်သက်နှင့်တစ်ကိုယ် မယှဉ်နိုင်လောက်အောင် ကြီးမားလှပေသည်။ အစောင့်မှာ ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ လွင့်ထွက်သွားပြီး အနီးနားရှိ အိမ်နံရံနှင့် ဆောင့်မိသွားတော့၏။ သူ၏ လက်ထဲမှ ဓားမှာလည်း လွင့်စဉ်သွားသော်လည်း လုံချန်းကမူ သူ့ကို အသက်ချမ်းသာပေးခဲ့သည်။

​ဒုတိယအစောင့်မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့်တကြား ရပ်တန့်သွား၏။

​“ငါ မင်းတို့ကို ရန်မူဖို့ လာတာ မဟုတ်ဘူး။ မဟုတ်ရင် ဟိုတစ်ယောက်ကို ငါ အလွယ်တကူ သတ်လိုက်လို့ ရတယ်။ သူတင်မကဘူး၊ မင်းလည်း အခုဆို သူ့ဘေးမှာ အလောင်း ဖြစ်နေလောက်ပြီ။ အကျိုးမဲ့ အသက်တွေ မဆုံးရှုံးချင်ဘူးဆိုရင် ငါ့ကို မင်းတို့ဘုရင်ဆီ ခေါ်သွားပါ။ ငါ သူ့ကို ကူညီချင်လို့။ မင်း ငါ့ကို ခေါ်မသွားဘူးဆိုရင်လည်း ငါကတော့ အတင်းဝင်သွားမှာပဲ။ အဲဒီလိုဆိုရင်တော့ မင်းတို့နဲ့ မင်းတို့ရဲ့ အပေါင်းအဖော်တွေအတွက် မကောင်းဘူးနော်” လုံချန်းက ထိုသူ၏ မျက်ဝန်းထဲသို့ စိုက်ကြည့်ကာ ဆိုလိုက်သည်။

​ထိုစဉ်မှာပင် သူသည် ပုံရိပ်ယောင် အနည်းငယ်ကို ဖန်တီးလိုက်ရာ လုံချန်း၏ အနောက်တွင် ဗာမီလီယံ ငှက်၏ ဝိညာဉ်ပုံရိပ်ကြီး ရှိနေသည်အား အစောင့်က မြင်လိုက်ရ၏။

​“မင်း... မင်းမှာ ဆရာကြီး ဗာမီလီယံရဲ့ ဝိညာဉ်မျိုး ရှိနေတာလား။ ဒါဆိုရင်တော့ မင်း ငါတို့ကို တကယ် ကူညီနိုင်မှာပဲ။ ကြွပါ... ကျွန်တော် မင်းကြီးဆီ လိုက်ပို့ပေးပါ့မယ်။ ပြီးတော့... ကျွန်တော်တို့ကို ပြာဖြစ်အောင် မလုပ်ခဲ့လို့လည်း ကျေးဇူးတင်ပါတယ်” ဒုတိယအစောင့်မှာ လုံချန်းကို ရိုသေစွာ ဦးညွှတ်လိုက်တော့သည်။

​“ရပါတယ်။ ငါ့ကို ဘုရင်ဆီသာ မြန်မြန်ခေါ်သွား။ မင်း ဖြုန်းလိုက်တဲ့ စက္ကန့်တိုင်းဟာ ဒီတိုင်းပြည်ရဲ့ တည်ရှိမှုအတွက် အန္တရာယ်ရှိတယ်” လုံချန်းက ဆို၏။

​“ကျွန်တော့်နောက်က လိုက်ခဲ့ပါ” အစောင့်က ဆိုကာ ဘုရင့်နန်းတော်ဆီသို့ ဦးဆောင်သွားတော့သည်။

​“မင်း ဒီမှာပဲ စောင့်နေဦး။ ငါ ချက်ချင်း ပြန်လာခဲ့မယ်” ထိုသို့ ဆိုကာ မတ်တပ်ရပ်ရန် ကြိုးစားနေသည့် အခြားအစောင့်ကို ပြောခဲ့ပြီးနောက် သူ ထွက်ခွာခဲ့သည်။

​လုံချန်းသည် အစောင့်နောက်သို့ လိုက်ပါကာ ဘုရင့်နန်းတော်သို့ ရောက်ရှိလာ၏။ နန်းတော်အဝင်ဝတွင် အစောင့်ငါးဦးက အစောင့်အကြပ် ချထားပေသည်။

​“ဟိုကလေးလား။ ဟိုသစ္စာဖောက်ရဲ့ သား မဟုတ်လား။ ငါတို့လူက ဘာလို့ အဲဒီကောင်စုတ်ကို ဒီကို ခေါ်လာတာလဲ”

​“အဲဒါထက် ပိုအံ့ဩဖို့ကောင်းတာက အစောင့်က အဲဒီကောင်ကို ဘယ်လောက်တောင် ရိုရိုသေသေ ဆက်ဆံနေသလဲဆိုတာ ကြည့်ဦး။ သူက ငါတို့အစောင့်တွေရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာပဲ။ အဲဒီကောင်စုတ်”

​အစောင့်ငါးဦးမှာ လုံချန်းအား နန်းတွင်းစစ်တပ်မှ အစောင့်တစ်ဦးက ရိုရိုသေသေ ခေါ်ဆောင်လာသည်ကို ကြည့်ကာ အချင်းချင်း တီးတိုး ပြောဆိုနေကြလေသည်။

All Chapters