အခန်း (၇၇၉-၇၈၀)
Vol. 78 Ch. 779-780
အခန်း (၇၇၉) နန်းတက်ခြင်း
“ဒါပေမဲ့ အရှင်မင်းကြီး... သူက တော်ဝင်မျိုးနွယ် မဟုတ်ဘူးလေ။ ဒါဟာ ဒီနိုင်ငံကို အုပ်ချုပ်နေတဲ့ အရှင်မင်းကြီးရဲ့ သွေးမျိုးဆက် နိဂုံးချုပ်သွားတာမျိုး မဖြစ်နိုင်ဘူးလား။ အကြီးဆုံး မင်းသားက အရှင်မင်းကြီးရဲ့ သွေးမျိုးဆက်ကို ဆက်ခံပြီး အုပ်ချုပ်လို့ ရနိုင်ပါသေးတယ်” ဝန်ကြီးတစ်ဦးက အကြံပြုလိုက်၏။
“မှန်လှပါ အရှင်မင်းကြီး။ တကယ်လို့ သူ့ကို နန်းမအပ်ချင်ဘူးဆိုရင်လည်း နောက်ထပ် နန်းလျာတစ်ယောက် ထပ်မံ မွေးဖွားလို့ ရပါသေးတယ်။ အရှင်မင်းကြီးမှာ သားသမီး ထပ်ရနိုင်တဲ့ စွမ်းဆောင်ရည် ရှိပါသေးတယ်” နောက်ထပ် ဝန်ကြီးတစ်ဦးကလည်း ထောက်ခံပြောဆိုသည်။
“သွေးမျိုးဆက်ဆိုတာ ခဏတာပဲ၊ တိုင်းပြည်ကသာ ထာဝရ တည်တံ့မှာ။ ငါ့ရဲ့ တိုင်းပြည်ကို အကြီးဆုံးမင်းသား လက်ထဲ မအပ်နိုင်ဘူး။ နောက်ထပ် သားတစ်ယောက် ရဖို့ဆိုတာကလည်း ငါ့ရဲ့ အရည်အချင်းကို ငါ သိပါတယ်။ ငါ့အတွက် မဖြစ်နိုင်တော့ဘူး။ ပြီးတော့ ငါ့ရဲ့ ကျန်းမာရေး အခြေအနေအရလည်း ဒီတိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးကို ဆက်ပြီး မထမ်းဆောင်နိုင်တော့ဘူးလို့ ခံစားနေရတယ်” လုံချန်းက ဘုရင်ကြီးအသွင်ဖြင့် သက်ပြင်းချရင်း ဆို၏။
“ငါ့ရဲ့ လူပျိုဘဝတုန်းကလိုမျိုး ရှေ့တန်းစစ်မျက်နှာမှာ နောက်ဆုံးတစ်ကြိမ် တိုက်ပွဲဝင်ချင်သေးတယ်။ ဒါဟာ ငါ့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ။ လုံချန်းက ဘုရင်သစ် ဖြစ်လာလိမ့်မယ်” လုံချန်းက ကြေညာလိုက်သည်။
“အခုက အခြေအနေ မကောင်းတာမို့ ငါကိုယ်တိုင် သူ့ဆီသွားပြီး နန်းအပ်ပွဲ လုပ်ပေးလိုက်မယ်။ အဲဒီနောက်မှာတော့ ငါ တိုင်းပြည်ကနေ ထွက်သွားတော့မယ်။ ငါ ရှေ့တန်းကို သွားဖို့အတွက် ရထားလုံးတစ်စီး ပြင်ဆင်ထားကြ။ နောက်နှစ်နာရီအတွင်းမှာ ငါ ထွက်ခွာတော့မယ်” သူက ဆက်လက် မိန့်ကြားလိုက်၏။
“အရှင်မင်းကြီး... တကယ်ပဲ အသေအချာ ဆုံးဖြတ်ပြီးပြီလား။ နောက်တစ်ကြိမ်လောက် ထပ်ပြီး စဉ်းစားပါဦး” မူးမတ်ဝန်ကြီးများက အသည်းအသန် တောင်းပန်ကြပြန်သည်။
“ထပ်စဉ်းစားနေစရာ မလိုတော့ဘူး။ ဒါ ငါ့ရဲ့ အပြီးသတ် ဆုံးဖြတ်ချက်ပဲ” လုံချန်းက ခေါင်းခါရင်း ဆို၏။
“ဒါဟာ ငါ့ရဲ့ အမိန့်တော်ပဲ။ တစ်ပြည်လုံးကို ကြေညာလိုက်ကြ။ ငါ ရှေ့တန်းကို သွားတော့မယ်၊ ဒီနေ့ကစပြီး လုံချန်းဟာ မင်းတို့ရဲ့ ဘုရင်သစ် ဖြစ်လိမ့်မယ်၊ တစ်နိုင်ငံလုံး သိအောင် ကြေညာခိုင်းလိုက်” သူက အားလုံးကို ပြတ်သားစွာ အမိန့်ပေးလိုက်တော့သည်။
“မှန်လှပါ အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပါ့မယ်” ဘုရင်ကြီးက အလွန် ဇွဲသန်နေသဖြင့် ဝန်ကြီးများမှာလည်း နောက်ဆုံးတွင် သဘောတူလိုက်ကြရ၏။
“အရှင်မင်းကြီး ထွက်ခွာမှာဆိုတော့ လိုက်ပါစောင့်ရှောက်ဖို့အတွက် စစ်သည်နည်းနည်းလောက် စီစဉ်ပေးပါ့မယ်။ အခု တိုင်းပြည်မှာ လူအင်အား သိပ်မရှိပေမဲ့လို့ပေါ့” လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက တင်ပြသည်။
“မလိုပါဘူး။ ငါ့အတွက် မြင်းတစ်ကောင်ပဲ လိုတယ်။ တခြား ဘာမှ မလိုဘူး။ ငါ့ရဲ့ တိုင်းပြည်အတွင်းမှာ ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါတယ်။ စစ်တပ်ဆိုတာကတော့ တောင်ဘက်နယ်စပ်မှာ အများကြီး ရှိနေတာပဲ” လုံချန်းက ခေါင်းခါကာ ငြင်းဆိုလိုက်၏။
ဝန်ကြီးများမှာ မလိုလားသော်လည်း ဘုရင်ကြီး၏ အကြံပြုချက်ကို လက်ခံလိုက်ကြရပြီး ပြင်ဆင်မှုများ စတင်တော့သည်။
ဘုရင်ကြီးက လုံချန်းကို နန်းအပ်လိုက်ပြီ ဖြစ်သဖြင့် လုံချန်းမှာ ဘုရင်သစ် ဖြစ်လာကြောင်း တစ်နိုင်ငံလုံးသို့ အမိန့်တော် ပြန်တမ်း ထုတ်ပြန်လိုက်ရာ ကြားရသူတိုင်း မှင်တက်သွားကြတော့၏။
အရာအားလုံး စီစဉ်ပြီးသွားသောအခါ လုံချန်းသည် ဝန်ကြီးများနှင့်အတူ ညီလာခံခန်းမမှ ထွက်လာပြီး မိမိအတွက် သတ်မှတ်ထားသော အခန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။
“မင်းတို့ အပြင်မှာ ခဏစောင့်နေ။ ငါ အထဲဝင်ပြီး သူ့ကို သရဖူ ဆောင်းပေးလိုက်မယ်” လုံချန်းက ဝန်ကြီးများကို ပြောလိုက်၏။ ထို့နောက် သူသည် အခန်းထဲသို့ ဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။
သူသည် သူ၏ ဦးခေါင်းပေါ်မှ သရဖူကို ချွတ်လိုက်ပြီး ဘုရင်စစ်စစ်ကို သတ်စဉ်က သိမ်းဆည်းထားခဲ့သော ဓားများ၏ ဘေး ကုတင်ပေါ်သို့ တင်လိုက်၏။ ထို့နောက် သူသည် သရဖူမပါဘဲ အခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
“ပြီးပြီ။ သူကတော့ ပင်ပန်းနေပုံရသေးတယ်။ သူ့ကို ထပ်ပြီး မနှောင့်ယှက်ကြနဲ့တော့” ဝန်ကြီးများကို ပြောကာ သူသည် ထွက်ခွာရန် ပြင်လိုက်၏။ ဝန်ကြီးများမှာလည်း သူ၏ နောက်မှ လိုက်ပါလာကြသည်။
“မြင်းတွေ ပြင်ဆင်ပြီးပြီလား” လုံချန်းက အပြင်ဘက်သို့ လျှောက်သွားရင်း မေးလိုက်၏။
“ဟုတ်ကဲ့... အဆင်သင့်ပါပဲ အရှင်မင်းကြီး” ဝန်ကြီးများက ပြန်ဖြေသည်။
“အခု ငါ့ကို အရှင်မင်းကြီးလို့ မခေါ်ကြနဲ့တော့။ ငါ အခု ဘုရင်မဟုတ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကနေ လွတ်မြောက်သွားရတာ တကယ်ကို စိတ်ပေါ့ပါးသွားတာပဲ။ အခုတော့ ငါ့ကိုယ်ငါ လူငယ်စစ်သည်တော်တစ်ယောက်လို ပြန်ပြီး ခံစားနေရပြီ” လုံချန်းက ပြုံးရင်း ဂုဏ်ယူစွာ ဆို၏။
သူသည် နန်းတော်အပြင်သို့ ထွက်ကာ မြင်းပေါ်သို့ တက်စီးပြီး ထွက်ခွာလာခဲ့တော့သည်။ မြို့တော်၏ တောင်ဘက်ထွက်ပေါက်ဆီသို့ လျှောက်လှမ်းလာစဉ် လမ်းဘေးတစ်ဖက်တစ်ချက်ရှိ မြို့သူမြို့သားများမှာ သူ့ကို အားပါးတရ အော်ဟစ် နှုတ်ဆက်နေကြ၏။
“ငါတို့ အရှင်မင်းကြီးက တကယ်ကို ကြီးမြတ်တာပဲ။ တိုင်းပြည်အတွက် သူကိုယ်တိုင် တိုက်ပွဲဝင်ဖို့ သွားနေပြီ။ ဒါတင်မကသေးဘူး၊ သူ့ရဲ့ သွေးမျိုးဆက်ကို မငဲ့ဘဲ သာမန်လူတစ်ယောက်ကိုတောင် နန်းအပ်ခဲ့သေးတယ်”
“ဟုတ်တယ်။ ဒါမှ တကယ့် ဘုရင်စစ်စစ်ပဲ။ သူ့လို ဘုရင်မျိုး ရခဲ့တာ ငါတို့ တကယ် ကံကောင်းတာပဲ”
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
“အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
မြို့သူမြို့သားများ၏ ကြွေးကြော်သံများကြားမှာပင် လုံချန်းသည် မြို့တော်မှ ထွက်ခွာလာခဲ့၏။ မြို့နှင့် အတော်ဝေးဝေးသို့ ရောက်သောအခါ သူသည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ မည်သူမျှ မရှိသည်ကို အသေအချာ သိလိုက်ရသောအခါမှ သူသည် ဟင်းလင်းပြင် နိယာမကို အသုံးပြုကာ တံခါးသဏ္ဌာန် ဟင်းလင်းပြင်ဝင်ပေါက် တစ်ပေါက်ကို ဖန်တီးလိုက်တော့သည်။
နန်းတွင်း အဝတ်တံဆိပ်တော်ဆောင်သည် ဘုရင်သစ်ဖြစ်သော လုံချန်းအား ညစာအတွက် မေးမြန်းရန် လုံချန်း၏ အခန်းဆီသို့ လျှောက်လှမ်းလာခဲ့၏။ သူသည် တံခါးကို ခေါက်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရချေ။
“သူ့ကို နှောင့်ယှက်ရတော့မှာပဲ။ အထဲဝင်သွားရင်တော့ ရလောက်မှာပါ” ထိုသို့ ရေရွတ်ရင်း သူသည် တံခါးကို ဖွင့်ကာ အထဲသို့ ဝင်လိုက်၏။
“ဟင်... သူ ဘယ်ရောက်သွားတာလဲ” အခန်းထဲမှာ မည်သူမျှ မရှိသဖြင့် သူ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် သူ၏ ရှေ့၌ အဖြူရောင် ဟင်းလင်းပြင်ဝင်ပေါက်တစ်ခု ပေါ်လာပြီး ဘုရင်ကြီးအသွင်နှင့် လုံချန်း ထွက်လာခဲ့သည်။
“အ... အရှင်မင်းကြီး” အဝတ်တံဆိပ်တော်ဆောင်မှာ လုံချန်းကို မြင်သောအခါ အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိ၏။
ဟင်းလင်းပြင်ကူးပြောင်းခြင်း တံခါးသည် လုံချန်းကို သူ၏ အခန်းအတွင်းသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သော်လည်း သူ အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် တစ်စုံတစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“အရှင်မင်းကြီးလား”
အသံလာရာသို့ ကြည့်လိုက်ရာ အဝတ်တံဆိပ်တော်ဆောင် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရ၏။
“အာ... မင်း ဒီမှာ ဘာလုပ်နေတာလဲ” လုံချန်းက အံ့အားသင့်စွာ မေးလိုက်စဉ် သူ၏ အနောက်က ဟင်းလင်းပြင်ဝင်ပေါက်မှာ ပျောက်ကွယ်သွားတော့သည်။
အဝတ်တံဆိပ်တော်ဆောင်မှာ သံသယဝင်လာသဖြင့် ဖြည်းဖြည်းချင်း နောက်ဆုတ်သွား၏။
“ဟင်း... မင်း အထဲကို မဝင်လာသင့်ဘူး။ ငါ အားလုံးကို အပြင်မှာ နေခိုင်းထားတယ် မဟုတ်လား” လုံချန်းက ရေရွတ်ရင်း အဝတ်တံဆိပ်တော်ဆောင်၏ အနောက်သို့ ချက်ချင်း ကူးပြောင်းသွားတော့သည်။
သူသည် ထိုသူ၏ လည်ပင်းကို ညာလက်ဖြင့် ဖမ်းဆွဲကာ ညှစ်ခြေလိုက်ရာ ထိုသူမှာ ချက်ချင်းပင် အသက်ပျောက်သွားရရှာသည်။
လုံချန်းသည် အလောင်းကို မြေပေါ်သို့ လွှတ်ချလိုက်ပြီးနောက် သူ၏ အဝတ်အစားများအား မူလအတိုင်း ပြန်လဲလိုက်၏။ ရုပ်ရည်ကိုလည်း ဤတိုင်းပြည်က လူများ သိထားသည့် လုံချန်းအသွင်သို့ ပြန်လည် ပြောင်းလဲလိုက်သည်။
ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ မြေပေါ်က အလောင်းကို ကြည့်ရင်း သူက အော်ဟစ်လိုက်၏။
“အစောင့်တွေ”
တံခါးပွင့်လာပြီး အစောင့်နှစ်ဦး ပြေးဝင်လာကြသည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ။ ဒီသစ္စာဖောက် အဝတ်တံဆိပ်တော်ဆောင်က ငါ ဘုရင်ဖြစ်တာကို မကျေနပ်လို့ ငါ့ကို လုပ်ကြံဖို့ ကြိုးစားနေတာ။ မင်းတို့ တာဝန်ကို ဒီလိုပဲ ထမ်းဆောင်ကြတာလား။ ငါသာ သတိမရှိရင် အခုလောက်ဆို သေနေပြီ။ ဒီကောင်ကို အပြင်ကို ဆွဲထုတ်သွားကြစမ်း၊ ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ အထဲပေးမဝင်နဲ့” လုံချန်းက အစောင့်များကို ဟောက်ငေါက်ကာ အကြောင်းပြချက် ပေးလိုက်ပြီး ကုတင်ပေါ်သို့ ပြန်တက်လိုက်၏။
အစောင့်များမှာလည်း လုံချန်းကို အကြီးအကျယ် တောင်းပန်ကြပြီးနောက် အလောင်းအား အပြင်သို့ ဆွဲထုတ်သွားကာ တံခါးကိုလည်း အသေအချာ ပြန်ပိတ်သွားကြလေတော့သည်။
အခန်း (၇၈၀) သွေးမျိုးဆက် ကျောင်းတော်၏ တဘောင်စကား
လုံချန်းသည် ကုတင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်ရင်း ကျေနပ်အားရစွာ ပြုံးလိုက်၏။
“အခုဆိုရင် စမ်းသပ်ပွဲက ပြီးသွားပြီ မဟုတ်လား” သူက သွေးမျိုးဆက် ကျောင်းတော်အတွင်း၌ ရှိနေဆဲဖြစ်သော ရွှင်းကို မေးလိုက်သည်။
ရွှင်းသည် ထိုခဏ၌ ထိန်ထိန်လင်းနေသော သွေးမျိုးဆက် ကျောင်းတော်အတွင်း၌ ရပ်နေ၏။
“သူ စမ်းသပ်ပွဲကို အောင်မြင်သွားပြီပဲ။ တော်တော်လေး မြန်တာပဲ။ ဒီကို စရောက်တုန်းကဆိုရင် သူ နှစ်နဲ့ချီပြီး ကြာလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ သူက ငါ့ရဲ့ မျှော်လင့်ချက်တွေကို ကျော်လွန်သွားခဲ့ပြီ။ သူ ဘာတွေ လုပ်ခဲ့သလဲဆိုတာကိုတော့ ငါ ဒီနေရာက ထွက်မှပဲ ကြည့်ရတော့မယ်” ရွှင်းက ရေရွတ်လိုက်ရင်း ဝိညာဉ်နန်းတော်၏ နံရံထက်၌ ပေါ်လာသော စာသားများကို ကြည့်လိုက်၏။
“သူ တတိယမြောက် စမ်းသပ်ပွဲကို အောင်မြင်သွားပြီဆိုတော့ တဘောင်စကားရဲ့ ဒုတိယအပိုင်းက ပေါ်လာပြီပေါ့။ ကောင်းတယ်။ နောက်ထပ် အပိုင်းနည်းနည်းဆိုရင်တော့ အားလုံး ပြည့်စုံသွားပြီ” ထိုသို့ ဆိုကာ သူမသည် နံရံဆီသို့ လျှောက်သွားလိုက်သည်။
ပထမပိုင်းကိုတော့ သူတို့ ရရှိထားပြီး ဖြစ်၏။ ဒုတိယပိုင်းမှာ မည်သို့ ဖြစ်လိမ့်မည်နည်း။ သူမ မမှားလျှင် တဘောင်စကားမှာ အနည်းဆုံး သုံးပိုင်း သို့မဟုတ် ထိုထက်မက ရှိနိုင်ပေသည်။ သူတို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသော သွေးမျိုးဆက်နှင့် တဘောင်စကားမှာ ယခုအခါ ပြည့်စုံရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။
“သွေးမျိုးဆက်၏ သစ္စာဖောက်သည်၊ ထာဝရ မီးလျှံများအတွင်း ပိတ်မိနေ၏။ လကွယ်ချိန်၏ အဆုံးသတ်၌ ဖီးနစ်ငှက်တစ်ကောင် နိုးထလာလိမ့်မည်” သူမက နံရံပေါ်က စာသားများကို ဖတ်လိုက်၏။
“သွေးမျိုးဆက်ရဲ့ သစ္စာဖောက် ဟုတ်လား။ ဒါက ထျန်းရှန်ကို ပြောတာလား။ ဒါမှမဟုတ် သွေးမျိုးဆက်ရဲ့ သမိုင်းကြောင်းကို ပြောတာလား။ ထာဝရ မီးလျှံထဲမှာ ပိတ်မိနေတယ်... ဖီးနစ်ငှက် နိုးထလာမယ်...။ ဒါက လုံချန်းရဲ့ အနားမှာ ရှေးဟောင်း အသင်္ချေသားရဲ ပေါ်လာခဲ့တာကြောင့် သက်တန့်ဖီးနစ်ကို ပြောတာလည်း ဖြစ်နိုင်တယ်။ ပထမပိုင်း တဘောင်စကားနဲ့တော့ တကယ့်ကို ကွာခြားလှပါလား” ရွှင်းက မျက်မှောင်ကြုတ်ရင်း ဆို၏။
တဘောင်စကား၏ ပထမပိုင်းကို အဓိပ္ပာယ် ဖော်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းမှာမူ လျှို့ဝှက်ချက်များဖြင့် ဖုံးလွှမ်းနေဆဲပင်။ ၎င်းကို နားလည်ရန်အတွက် သူမတွင် သတင်းအချက်အလက်များ ပိုမို လိုအပ်နေပေသေးသည်။ နံရံပေါ်က ရွှေရောင်စာသားများသည် ဆယ်မိနစ်ခန့် ကြာသောအခါ ဝေဝါးသွားပြီး ပျောက်ကွယ်သွားတော့သည်။
ရွှင်းသည် နံရံမှ အကြည့်ကို လွှဲလိုက်ပြီးနောက် လုံချန်း၏ အနားသို့ ကိုယ်ထင်ပြလိုက်၏။ လုံချန်းမှာမူ ရွှင်းကို ဆယ်မိနစ်ကျော်ကြာ ခေါ်နေခဲ့ရသဖြင့် ပင်ပန်းကာ ကုတင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းနေပေသည်။
“တတိယမြောက် စမ်းသပ်ပွဲကို အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်နော်။ နင် တကယ်ကို တော်ပါတယ်” ရွှင်းက လုံချန်းကို ချီးကျူးလိုက်၏။
“အာ... နင်ကတော့ ငါ့ကို ပင်ပန်းအောင် လုပ်တာပဲ။ ငါ နင့်ကို ဘယ်လောက်တောင် ခေါ်နေရသလဲ၊ အခုမှ ပေါ်လာတယ်” လုံချန်းက မချိပြုံးလေးဖြင့် ပြန်ပြောလိုက်၏။
“နင့်အတွက် ဆုလာဘ်တွေကို သွားယူနေလို့ပါ၊ အချိန်နည်းနည်း ကြာသွားတယ်” ရွှင်းက ပြုံးပြလိုက်သည်။
“ဆုလာဘ် ဟုတ်လား။ သွေးမျိုးဆက် ကျောင်းတော်ထဲမှာ မရဘူးလား။ အရင်တစ်ခါလိုမျိုး ရွေးချယ်စရာတွေထဲကနေ မရွေးရဘူးလား” လုံချန်းက အံ့အားသင့်စွာ မေးလိုက်၏။
“အဲဒီလိုတော့ မဟုတ်ပါဘူး။ နင် ထပ်ပြီး ရွေးရဦးမှာပါ။ နင့်ရဲ့ ဆုလာဘ် အများစုကတော့ ကျောင်းတော်ထဲမှာ ရှိနေတုန်းပဲ။ ဒါပေမဲ့ ဒီနေရာကနေ မထွက်ခွာခင် နင့်အတွက် အမှန်တကယ် လိုအပ်လိမ့်မယ်လို့ ငါ ထင်တာလေး တစ်ခုကိုတော့ ငါ ယူလာခဲ့တယ်” ရွှင်းက ဆို၏။
“အဲဒါ ဘာလဲ”
“နင် ဒီမှာ ခက်ခက်ခဲခဲ ကျင့်ကြံထားတဲ့ ဒီခန္ဓာကိုယ်ကို ထားခဲ့ရမှာကို နင် စိတ်ပူနေတယ် မဟုတ်လား။ အခု ဒီဆုလာဘ်က နင့်ကို အဲဒီကိစ္စမှာ ကူညီပေးလိမ့်မယ်”
“ဒါဆို ဒီခန္ဓာကိုယ်ကို အပြင်ကို သယ်သွားဖို့ သိုလှောင်လက်စွပ်လား။ ဒါဆိုရင်လည်း ခန္ဓာကိုယ် နှစ်ခုကို တစ်ပြိုင်တည်း သုံးလို့မှ မရတာ။ ငါကတော့ ငါ့ရဲ့ မူလခန္ဓာကိုယ်ကိုပဲ ပိုကြိုက်တယ်။ ဒါမှမဟုတ် ဒါက အလောင်းကို ရုပ်သေးအဖြစ် သုံးနိုင်တဲ့ ရုပ်သေးအတတ်လား။ အဲဒါဆိုရင်လည်း ဒီခန္ဓာကိုယ်ရဲ့ စွမ်းရည်တွေက နှမြောစရာကြီး။ ငါ့ရဲ့ မူလခန္ဓာကိုယ်ကို မစွန့်လွှတ်ဘဲနဲ့ ကူညီနိုင်မယ့် နည်းလမ်းမျိုး ငါ မမြင်မိဘူး”
“နည်းလမ်း ရှိပါတယ်” ရွှင်းက ပြုံးရင်း ဆိုလိုက်၏။
သူမသည် လေထဲမှ စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူကာ လုံချန်းကို ပေးလိုက်၏။ လုံချန်းက စာအုပ်ကို ကိုင်ကာ ဖတ်လိုက်သည်။
“ထာဝရဝိညာဉ် ကူးပြောင်းခြင်းအတတ်” လုံချန်းက ရေရွတ်ရင်း စာအုပ်ကို လှန်ဖတ်လိုက်၏။
“မဖြစ်နိုင်တာ။ ဒါ... ဒါကို ဆိုလိုတာလား။ ဒါပေမဲ့ ငါသာ ဒါကို လုပ်လိုက်ရင်...” စာအုပ်ဖတ်ပြီးနောက် လုံချန်းမှာ မှင်တက်သွားရသည်။
“ဒါက ဘာမှ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ပြီးတော့ နင့်ရဲ့ ပြဿနာတစ်ခုကိုလည်း ဖြေရှင်းပေးနိုင်လိမ့်မယ်။ ဒါကို သုံးလိုက်ရင် ရမယ့် အကျိုးကျေးဇူးတွေက အများကြီးပဲလေ” ရွှင်းက ဆို၏။
“ကောင်းပြီလေ။ ငါ စဉ်းစားကြည့်ပါဦးမယ်။ တကယ်လို့ ထိုက်တန်တယ်လို့ ခံစားရရင် ငါ ဒီကနေ မထွက်ခွာခင်မှာ အဲဒါကို လုပ်လိုက်မယ်” လုံချန်းက သက်ပြင်းချရင်း ဆို၏။
“နင် လုပ်မှာပါ။ ဒါဟာ တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ဆိုတာ နင်လည်း သိပါတယ်” ထိုသို့ ဆိုကာ ရွှင်း ပျောက်ကွယ်သွားပြန်သည်။
“ထာဝရဝိညာဉ် ကူးပြောင်းခြင်းအတတ်...” လုံချန်းက ရေရွတ်ရင်း ကုတင်ပေါ်တွင် ပြန်လှဲလိုက်၏။
လုံချန်းသည် တစ်နေ့လုံး အခန်းထဲ၌ပင် ရှိနေခဲ့ပြီး သူ ဘုရင်ဖြစ်လာသည့် သတင်းများ ရှေ့တန်းအထိ ပျံ့နှံ့သွားမည့်အချိန်ကို စောင့်နေခဲ့သည်။ ထိုအတောအတွင်းမှာလည်း အချိန်မဖြုန်းဘဲ မိမိကိုယ်ကို ပိုမို အစွမ်းထက်လာအောင် ကျင့်ကြံနေခဲ့၏။
နောက်တစ်နေ့ မနက်တွင် သူ ကုတင်ပေါ်မှ ထကာ အပြင်သို့ ထွက်လာခဲ့သည်။
“အရှင်မင်းကြီး... မင်္ဂလာရှိသော နံနက်ခင်းပါ”
နန်းတော်စင်္ကြံလမ်းတစ်လျှောက် ရှိနေသော အစောင့်များက သူ့ကို ဘုရင်တစ်ပါးကဲ့သို့ ရိုသေစွာ နှုတ်ဆက်ကြ၏။ သူ၏ ဦးခေါင်းထက်တွင်တော့ ရွှေရောင်သရဖူမှာ တလက်လက် တောက်ပနေပေသည်။ သူသည် ဝန်ကြီးများ စုဝေးနေမည့် ညီလာခံခန်းမဆီသို့ လျှောက်လှမ်းလာခဲ့၏။
‘ဩော်... ဟုတ်သားပဲ။ ငါ ပြန်သွားတဲ့အခါ မိလျာယီကိုလည်း ဒီကို ခေါ်လာရမယ်။ သူ့သားက ဘုရင်ဖြစ်နေတာကို မြင်ရင် သူ တော်တော်လေး အံ့ဩသွားမှာပဲ။ သူက တစ်ဘဝလုံးကို ဆင်းဆင်းရဲရဲနဲ့ အနှိပ်စက်ခံပြီး ဖြတ်သန်းခဲ့ရတာလေ။ ဒီတိုင်းပြည်ရဲ့ စည်းစိမ်ဥစ္စာ အားလုံးရဲ့ ပိုင်ရှင် ဖြစ်လာတဲ့အခါ သူ ဘယ်လို ခံစားရမလဲဆိုတာ ငါ သိချင်မိတယ်’ လုံချန်းက တွေးနေမိသည်။
သူ ခန်းမအတွင်းသို့ ဝင်လိုက်သောအခါ ဝန်ကြီးများအားလုံး မတ်တပ်ရပ်ကာ အရိုအသေ ပေးကြ၏။ လုံချန်းသည် ခေါင်းကို မော့ကာ ခန်းမ၏ အဆုံးတွင်ရှိသော ရာဇပလ္လင်ဆီသို့ လျှောက်သွားလိုက်ပြီး ခံ့ညားစွာ ထိုင်လိုက်၏။
“ထိုင်ကြပါ”
“အရှင်မင်းကြီး... ကျွန်တော်တို့ကို ခေါ်လိုက်တာ ဘာကိစ္စများ ရှိလို့ပါလဲ” ဝန်ကြီးများက မေးမြန်းကြသည်။
“ဟုတ်တယ်... ငါ မင်းတို့နဲ့ ဆွေးနွေးစရာလည်း ရှိသလို မင်းတို့ကို တွေ့ချင်လို့လည်း ခေါ်လိုက်တာပါ။ မင်းတို့ သိကြတဲ့အတိုင်း ငါက ဘုရင်သစ် ဖြစ်လာပြီလေ။ အဲဒါကြောင့် မင်းတို့ကို ပြောစရာ တစ်ခု ရှိတယ်”
“ဘာများ မိန့်ကြားချင်လို့ပါလဲ အရှင်မင်းကြီး”
လုံချန်းက ဝန်ကြီးများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို ဟလိုက်၏။
“မင်းတို့ သိထားတဲ့အတိုင်း ငါက ဝိညာဉ်စစ်သည်တော် တစ်ယောက်ပဲ။ ပြီးတော့ ငါက အင်မတန်မှလည်း အစွမ်းထက်တယ်။ ဒီနေရာမှာပဲ ဒီအတိုင်း ထိုင်နေရတာက တကယ့်ကို အချိန်ဖြုန်းတာပဲလို့ ငါ ခံစားရတယ်...”