အခန်း (၇၈၁-၇၈၂)
Vol. 78 Ch. 781-782
အခန်း (၇၈၁) ပိတ်သိမ်းခြင်း
“ငါ စစ်ပွဲထဲကို ဝင်ပါဖို့ လိုတယ်။ ဒါပေမဲ့ အရင်ဘုရင်ကြီးလို တာဝန်တွေကို တခြားလူတွေဆီ လွှဲပေးပြီး ထွက်သွားမှာ မဟုတ်ဘူး။ ငါဟာ ဘုရင်တစ်ပါးအနေနဲ့ သွားမှာဖြစ်ပြီး ဆူနိုင်းနိုင်ငံကို ငါကိုယ်တိုင် သိမ်းပိုက်မယ်” လုံချန်းက ဂုဏ်ယူဝံ့ကြွားစွာ ကြေညာလိုက်၏။
“ဒါဟာ နိုင်ငံနှစ်နိုင်ငံ ပေါင်းစည်းဖို့အတွက် နောက်ဆုံးတိုက်ပွဲ ဖြစ်လာလိမ့်မယ်။ မြို့တော်မှာ ငါတို့ စစ်သည်အင်အား ဘယ်လောက်ရှိသလဲ” သူက မူးမတ်ဝန်ကြီးများကို မေးလိုက်သည်။
“အရှင်မင်းကြီး ကိုယ်တိုင် တိုက်ခိုက်ချင်တာလား။ အရင်ဘုရင်ကြီးက ကျွန်တော်တို့ရဲ့ အတော်ဆုံး ပညာရှင်တွေနဲ့အတူ အဲဒီမှာ ရှိနေတာပဲလေ။ ကျွန်တော်တို့ အထင်တော့ အရှင်မင်းကြီး ဒီမှာပဲနေပြီး ဘာအန္တရာယ်မှ မယူသင့်ဘူးလို့ ထင်ပါတယ်” ဝန်ကြီးများက မတ်တပ်ရပ်ကာ လုံချန်းကို ဝိုင်းဝန်းဖျောင်းဖျကြ၏။
“အဲဒါက ငါ့မေးခွန်းရဲ့ အဖြေ မဟုတ်ဘူး ထင်တယ်နော်” လုံချန်းက နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ဆင်မြန်းရင်း မေးလိုက်သည်။
ဝန်ကြီးများမှာ ခဏမျှ မှင်တက်သွားပြီးမှ အခြေအနေကို နားလည်သွားကြ၏။
“ကျွန်တော်တို့ မြို့တော်ထဲမှာ အစောင့်အင်အား တစ်ရာဝန်းကျင်လောက် ရှိပါတယ်” ဝန်ကြီးတစ်ဦးက ပြန်လည်ဖြေကြားသည်။
“ကောင်းပြီ... မင်းတို့ ငါနဲ့အတူ လိုက်ခဲ့ရမယ်။ အစောင့်တွေကတော့ ဒီမှာပဲနေပြီး မြို့တော်ရဲ့ စည်းကမ်းတွေကို ထိန်းသိမ်းရလိမ့်မယ်” လုံချန်းက ပြတ်သားစွာ အမိန့်ပေးလိုက်၏။
“ဒါကို ပြည်သူတွေကို ကြေညာလိုက်ပါ။ ငါတို့ မနက်ဖြန် ထွက်ခွာပြီး အရင်ဘုရင်ကြီးနဲ့ တိုက်ပွဲမှာ သွားရောက် ပူးပေါင်းမယ်။ အခုတော့ ငါ မြို့ထဲကို လှည့်လည်ကြည့်ရှုဖို့ အပြင်ထွက်မလို့” ထိုသို့ ဆိုကာ သူသည် ညီလာခံခန်းမမှ ထွက်လာခဲ့တော့သည်။
“အရှင်မင်းကြီး... ကျွန်တော်တို့ လိုက်ပါအစောင့်အရှောက် ပေးပါရစေ” ထိုသို့ ဆိုကာ ဝန်ကြီးများမှာ လုံချန်း၏ နောက်မှ ကပ်လျက် လိုက်ပါလာကြ၏။
လုံချန်းသည် စစ်သည်အချို့နှင့် ဝန်ကြီးများကို ခြံရံလျက် မြို့တော်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ့ကို “အရှင်မင်းကြီး” ဟု ရိုသေစွာ နှုတ်ဆက်နေကြသော ပြည်သူများကို ကြည့်ရင်း သူ သဘောကျနေမိ၏။ သူသည် သူဌေးသူကြွယ်များ နေထိုင်ရာ မြို့မြောက်ပိုင်းမှ ထွက်ခွာလာပြီး သာမန်ပြည်သူများ နေထိုင်ရာ အရပ်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် သူ ယခင်က ရောက်ခဲ့ဖူးသော နေရာတစ်နေရာရှေ့တွင် ရပ်လိုက်၏။
ထိုအဆောက်အအုံသည် သူ မိလျာယီကို ပထမဆုံး စတွေ့ခဲ့သော နေရာပင် ဖြစ်သည်။ သူမသည် ထိုနေရာတွင် ငွေကြေးတတ်နိုင်သူများ၏ အမျက်ဖြေ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ဒဏ်ရာဗရပွဖြင့် ထွက်လာခဲ့ရသည်အား လုံချန်း မမေ့သေးချေ။
“အရှင်မင်းကြီး... ဒီနေရာက...” နန်းတွင်းဝန်ကြီးက လုံချန်း ထိုအဆောက်အအုံကို စိုက်ကြည့်နေသည်အား မြင်သောအခါ ဇဝေဇဝါ ဖြစ်နေမိ၏။
“ဒီနေရာကို အခုချက်ချင်း ပိတ်ပစ်လိုက်စမ်း။ ဒီနေရာကို ဦးစီးနေတဲ့ လူတွေနဲ့ ဆင်းရဲသားတွေကို နှိပ်စက်ပြီး ပိုက်ဆံရှာနေတဲ့ လူတွေအားလုံးကို ဖမ်းဆီးလိုက်” လုံချန်းက အမိန့်ပေးလိုက်သည်။
“ဒါပေမဲ့ အရှင်မင်းကြီး... အရင်ဘုရင်ကြီးရဲ့ အမိန့်အရဆိုရင် ဒီလုပ်ငန်းက တရားဝင် ဖြစ်နေပါတယ် ဘုရား” ဝန်ကြီးများက သတိပေးကြ၏။
“အရင်ဘုရင်ကြီး ဘာပြောခဲ့သလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ အခု ငါက ဘုရင်ပဲ၊ ဒါ ငါ့ရဲ့ တိုင်းပြည်။ ငါ လက်ခံရရှိထားတဲ့ အခြေအနေထက် ပိုကောင်းအောင် ငါ လုပ်မယ်” လုံချန်းက တင်းမာစွာ ဆိုလိုက်သည်။
“အရှင်မင်းကြီးရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပါ့မယ်။ ဒီနေရာကို ဝင်စီးဖို့အတွက် အစောင့်တွေ ထပ်ခေါ်လိုက်ပါဦးမယ်” ဝန်ကြီးက လက်လျှော့ကာ ဆို၏။
“လူအင်အား မလုံလောက်ဘူး ဟုတ်လား။ ကောင်းပြီလေ... မင်းတို့အတွက် ပိုလွယ်သွားအောင် ငါ လုပ်ပေးမယ်” လုံချန်းက ပြုံးလိုက်ရင်း ထိုအဆောက်အအုံအတွင်းသို့ ကိုယ်တိုင် ဝင်သွားတော့သည်။
“အရှင်မင်းကြီး” ဝန်ကြီးများနှင့် အစောင့်များမှာ လုံချန်းနောက်သို့ လိုက်ပါသွားကြ၏။
အတွင်းသို့ ရောက်သောအခါ လုံချန်းသည် ဓားနှစ်လက်ကို ဆွဲထုတ်လိုက်သည်။ ညာလက်တွင် ဟောင်းနွမ်းနေသော ဓားမည်းကြီးကို ကိုင်ထားပြီး ဘယ်လက်တွင်မူ အနီရောင်ဓားရိုးနှင့် အပြာရောင်ဓားသွားရှိသော ဓားတစ်လက်ကို ကိုင်ထားပေသည်။
“အစောင့်တွေ၊ ဒီနေရာကို သိမ်းပိုက်လိုက်ကြစမ်း။ လက်မခံတဲ့ လူရှိရင် သတ်ပစ်လို့ ရတယ်” လုံချန်းက အနောက်သို့ လှည့်မကြည့်ဘဲ အမိန့်ပေးလိုက်၏။
သူသည် အနီးဆုံး အခန်းတစ်ခန်းအတွင်းသို့ ဝင်လိုက်ရာ လူငယ်တစ်ဦးက စုတ်ပြတ်နေသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦးအား ရိုက်နှက်နေသည်ကို တွေ့လိုက်ရ၏။
“အဲဒါက တကယ်ပဲ ကောင်းတယ် မဟုတ်လား” လုံချန်းက ထိုလူငယ်အနားသို့ လျှောက်သွားရင်း မေးလိုက်သည်။
လူငယ်က လှည့်ကြည့်လိုက်သောအခါ လုံချန်း၏ ဦးခေါင်းပေါ်မှ သရဖူကို မြင်ပြီး ဘုရင်သစ်ဖြစ်ကြောင်း မှတ်မိသွား၏။
“အာ... အရှင်မင်းကြီး။ မင်္ဂလာပါ ခင်ဗျာ့။ ကျွန်တော် ဒီနေ့ စိတ်ညစ်စရာတွေ ကြုံနေရလို့ ဒီမှာ လာပြီး စိတ်ထွက်ပေါက် ရှာနေတာပါ။ အရှင်မင်းကြီးလည်း အဲဒီအတွက် လာတာလား။ ရပါတယ်... ကျွန်တော့်နေရာကို သုံးနိုင်ပါတယ်။ အရှင်မင်းကြီးမှာ စိတ်ဖိစီးစရာတွေ အများကြီး ရှိမှာပဲလေ။ ဒီလို လုပ်လိုက်ရင် တကယ်ပဲ အံ့ဩစရာကောင်းလောက်အောင် စိတ်ပေါ့ပါးသွားတာဗျ” ထိုသို့ ဆိုကာ ထိုလူငယ်က သူကိုင်ထားသော ကြာပွတ်ကို လုံချန်းထံသို့ ကမ်းပေးလိုက်၏။
လုံချန်းသည် သူ၏ မီးလျှံရေခဲဓားကို ကျောပေါ်က ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး အချိန်ဓားအား ညာလက်သို့ ပြောင်းကိုင်လိုက်သည်။ ထို့နောက် လူငယ်ကမ်းပေးသော ကြာပွတ်ကို လှမ်းယူလိုက်၏။
“မင်း တကယ်ပဲ သေချာလား။ ကိုယ့်ထက် ဆင်းရဲတဲ့လူတွေကို နှိပ်စက်ရတာ တကယ်ပဲ စိတ်ချမ်းသာဖို့ ကောင်းရဲ့လား” လုံချန်းက ပြုံးရင်း မေးလိုက်သည်။
“သေချာတာပေါ့ အရှင်မင်းကြီး။ တကယ်ကို ကောင်းတာဗျ။ ကျွန်တော် ဒီကို ခဏခဏ လာဖြစ်တယ်” လူငယ်က သွားဖြဲရင်း ပြန်ဖြေသည်။
“ငါက ဒီတိုင်းပြည်မှာ အချမ်းသာဆုံး လူပဲ မဟုတ်လား”
“မှန်လှပါ... အရှင်မင်းကြီးက ဘုရင်ပဲလေ။ အချမ်းသာဆုံးပေါ့။ ဒီနေရာမှာ ရှိသမျှ အရာအားလုံးကလည်း အရှင်မင်းကြီးရဲ့ ပိုင်ဆိုင်မှုတွေပဲပေါ့” လူငယ်က လုံချန်း အဘယ်ကြောင့် ဤသို့ မေးနေသည်ကို ဇဝေဇဝါ ဖြစ်နေ၏။
“ဒါဆိုရင် မင်းက ငါ့ထက် ဆင်းရဲတာပေါ့။ မင်းရဲ့ စိတ်ကူးက မှန် မမှန် ငါ မင်းအပေါ်မှာပဲ စမ်းသပ်ကြည့်မယ်။ ငါ စိတ်သက်သာရာ ရမရ သိရတာပေါ့” လုံချန်းက ဆိုရင်း ကြာပွတ်ကို မြေပြင်ပေါ်သို့ တစ်ချက် ရိုက်လိုက်ကာ လူငယ်ထံသို့ လျှောက်သွားလိုက်သည်။
ကြာပွတ်၏ အသံမှာ လေထုကို ခွင်း၍ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ လူငယ်မှာ ထိတ်လန့်သွားပြီး နောက်သို့ ဆုတ်လိုက်ရသည်။
“အာ... အရှင်မင်းကြီး။ ကျေးဇူးပြုပြီး နောက်မပြောင်ပါနဲ့။ ကျွန်တော်က ကြောက်တတ်တယ်ဗျ။ ဟို အဖိုးကြီး အပေါ်မှာပဲ စမ်းသပ်ပါ ခင်ဗျာ့”
“အား...”
သူသည် လုံချန်းက အဖိုးကြီးကို ရိုက်လိမ့်မည်ဟု ထင်ထားသော်လည်း ကြာပွတ်ချက်မှာ သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာသဖြင့် နာကျင်စွာ အော်ဟစ်လိုက်ရ၏။
“အရှင်မင်းကြီး၊ ဘာလို့ ကျွန်တော့်ကို ရိုက်တာလဲ” လုံချန်းမှာမူ မည်သို့မျှ ပြန်မပြောဘဲ ထိုလူငယ်၏ ကျောပေါ်သို့ နောက်ထပ် ကြာပွတ်တစ်ချက် ထပ်မံ လွှဲရိုက်လိုက်ပြန်သည်။
လူငယ်မှာ နာကျင်လွန်းသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ၏ ကိုယ်ပေါ်တွင် နီရဲသော အရာများ ထင်ကျန်ရစ်ခဲ့၏။
“မင်း ပြောတာ မှန်တယ်ဟ။ တကယ်ကို စိတ်ချမ်းသာဖို့ ကောင်းတာပဲ” လုံချန်းက အားပါးတရ ရယ်မောရင်း ထိုလူငယ်ကို ထပ်ခါတလဲလဲ ရိုက်နှက်နေတော့သည်။
ငါးချက်ခန့် ရိုက်ပြီးသောအခါ လူငယ်မှာ သတိမေ့သွားတော့၏။
“အရူးကောင်” လုံချန်းက လူငယ်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်ကာ ကြာပွတ်ကို ထိုသူ့အပေါ်သို့ ပစ်ချလိုက်သည်။
“ခင်ဗျား... မြန်မြန် ထွက်သွားတော့။ ဒီနေရာကို ကျုပ်တို့ ဖျက်ဆီးပစ်တော့မယ်” သူက အဖိုးအိုကို ကြည့်ကာ ဟိန်းဟောက်လိုက်ရာ အဖိုးအိုသည်လည်း တစ်စက္ကန့်မျှ မဆိုင်းမတွဘဲ ထိုနေရာမှ ထွက်ပြေးသွားတော့သည်။
လုံချန်းသည် အခန်းထဲမှ ထွက်ကာ အတွင်းဘက်သို့ ထပ်မံ ဝင်ရောက်သွား၏။ ဝန်ကြီးများနှင့် အစောင့်အချို့မှာ သူနှင့်အတူ လိုက်ပါလာကြသော်လည်း ကျန်သောအစောင့်များမှာမူ တခြားလူများကို ဖမ်းဆီးရန် နေရာအနှံ့ ပျံ့နှံ့သွားကြပြီ ဖြစ်သည်။
လုံချန်းသည် နောက်ဆုံး အခန်းတစ်ခန်းရှေ့သို့ ရောက်သောအခါ အစောင့်တစ်ဦးမှာ ဒူးထောက်နေသည်ကို မြင်လိုက်ရ၏။
“ဒီကောင်စုတ်၊ ငါ့မှာ လိုအပ်တဲ့ ခွင့်ပြုချက်တွေ အကုန်ရှိတယ်ကွ။ ငါ့လုပ်ငန်းကို လာဖမ်းရအောင် မင်းက ဘာကောင်လဲ” အဖိုးအိုတစ်ဦးက အစောင့်ကို ငုံ့ကြည့်ရင်း ဟောက်နေပေသည်။
“နန်းတွင်းအစောင့်ကို တိုက်ခိုက်တာလား... ဒါ သေဒဏ်ထိုက်တဲ့ အပြစ်ပဲ” လုံချန်းက ဆိုရင်း သူ၏ လျင်မြန်သော လှုပ်ရှားမှုဖြင့် ထိုအဖိုးအို၏ အနောက်သို့ ချက်ချင်း ရောက်သွားတော့သည်။
ထိုသူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် လုံချန်းသည် သူ၏ ဓားမည်းကြီးကို လွှဲပိုင်းလိုက်ရာ အဖိုးအို၏ ခေါင်းမှာ ကိုယ်မှ ပြတ်ထွက်သွားတော့၏။
“ဒီလောက်ဆိုရင် ကုန်လောက်ပြီ ထင်တယ်။ သူတို့ကို ထောင်ထဲကို ပို့လိုက်ကြ။ တစ်ပတ်ကြာမှ ငါ သူတို့ရဲ့ အယူခံကို နားထောင်မယ်” ထိုသို့ ဆိုကာ လုံချန်းသည် ထိုနေရာမှ ထွက်ခွာခဲ့သည်။
သူသည် မြို့ထဲတွင် ခဏမျှ လှည့်လည်သွားလာပြီးနောက် နန်းတော်သို့ ပြန်လာခဲ့၏။ သူသည် အခန်းထဲသို့ ဝင်ကာ မနက်ဖြန် ထွက်ခွာရန် ပြင်ဆင်မှုများ ပြီးဆုံးသည်အထိ ကျင့်ကြံနေခဲ့သည်။
ညဉ့်အချိန် ကုန်လွန်သွားပြီး မိုးလင်းလာသောအခါ လုံချန်းသည် ဝန်ကြီးများနှင့် တွေ့ဆုံကာ သူ၏ ဝိညာဉ်လင်းယုန်ကို ခေါ်ယူ၍ စစ်မြေပြင်ဆီသို့ ထွက်ခွာလာခဲ့လေတော့သည်။
အခန်း (၇၈၂) သေဆုံးခြင်း
လုံချန်းသည် သူ၏ ဝိညာဉ်လင်းယုန်ပေါ်တွင် နန်းတွင်းဝန်ကြီးကို တင်ဆောင်၍ ခရီးနှင်လာခဲ့၏။
ဝန်ကြီးမှာမူ ဤခရီးစဉ်အပေါ် စိုးရိမ်စိတ်များ ရှိနေသော်လည်း ဘုရင်ကြီးကိုယ်တိုင် လူအများရှေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ဖြစ်သဖြင့် မည်သို့မျှ မတတ်နိုင်ခဲ့ချေ။ အကယ်၍သာ ဘုရင်ဟောင်းနှင့်ဆိုလျှင် သူ ကန့်ကွက်မိကောင်း ကန့်ကွက်မိလိမ့်မည်။ သို့သော် လုံချန်း၏ ရှေ့တွင်မူ သူ မဟဝံ့ချေ။ လုံချန်းသည် သူ၏ လမ်းတွင် ပိတ်ဆို့နေသူမှန်သမျှကို မည်သို့ ရှင်းလင်းပစ်ခဲ့သည်အား သူ မြင်တွေ့ခဲ့ပြီးပြီ မဟုတ်လော။ ဆူနိုင်းနိုင်ငံ၏ စစ်တပ်ကြီးတစ်ခုလုံးကိုပင် တစ်ယောက်တည်း ရှင်းပစ်နိုင်သည့် လူစားမျိုးအား ဆန့်ကျင်ရန် ကြိုးစားခြင်းမှာ မိုက်မဲရာကျပေလိမ့်မည်။
အကယ်၍ သူသာ ငြင်းဆန်မိပါက လုံချန်းသည် သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သတ်ပစ်ရန် ဝန်လေးလိမ့်မည်မဟုတ်ကြောင်း သူ အသေအချာ သိနေပေသည်။ ထို့ကြောင့် သူသည် သက်ပြင်းချရင်း လုံချန်းနှင့်အတူ လိုက်ပါလာခဲ့ရုံသာ ရှိတော့၏။
“ကျွန်တော် သတင်းကြားတာတော့ ဘုရင်သစ်တစ်ပါး နန်းတက်ပြီတဲ့။ မင်းသားတွေ အကုန်ဆုံးပါးသွားပြီးတဲ့နောက်မှာ အရှင်မင်းကြီးက တော်ဝင်သွေးမျိုးဆက် မဟုတ်တဲ့ တခြားတစ်ယောက်ကို ထီးနန်းလွှဲပေးလိုက်တယ်လို့ ဆိုပါတယ်။ မင်းသားကြီး... မြို့တော်ကို ပြန်ရောက်တဲ့အခါ ဒါကို ကန့်ကွက်သင့်တာပေါ့။ တခြားမင်းသားတွေလည်း မရှိတော့ဘူးဆိုတော့ ထီးနန်းက မင်းသားကြီးနဲ့ပဲ ထိုက်တန်တာလေ။ ဘယ်လိုလုပ်ပြီး အပြင်လူတစ်ယောက်ကို အလွယ်တကူ ပေးလိုက်ရတာလဲ”
အက်ရှာနိုင်ငံ၏ ဝိညာဉ်စစ်သည်တော်တစ်ဦးက မင်းသားကြီးအပေါ် သူ၏ ထောက်ခံမှုကို ပြသသည့်အနေဖြင့် ပြောဆိုလိုက်၏။
တောင်ဘက်နယ်စပ်မှာတော့ တိုက်ပွဲများမှာ အရှိန်အဟုန်ပြင်းနေဆဲပင်။ တော်ဝင်စစ်တပ်တင်မကဘဲ ဖီးနစ်အဖွဲ့အစည်းကပါ ဆူနိုင်းနိုင်ငံနှင့် နဂါးအဖွဲ့ကို ခုခံတိုက်ခိုက်နေကြရသည်။ သူတို့သည် ဘုရင်သစ် နန်းတက်သည့်အကြောင်း စာကို ယခုတင် လက်ခံရရှိထားခြင်း ဖြစ်သည်။
“ငါက ဘယ်တုန်းကမှ ထီးနန်းကို မမက်မောခဲ့ပါဘူး။ ခမည်းတော်က လုံချန်းဆိုတဲ့ လူငယ်ကို ရွေးချယ်ခဲ့တယ်ဆိုရင် သူ့မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေလို့ပဲ ဖြစ်မှာပါ” မင်းသားကြီးက အဝေးက မိုးကုတ်စက်ဝိုင်းကို ကြည့်ရင်း ဆို၏။
“ငါ စိုးရိမ်တာက ခမည်းတော်အတွက်ပဲ။ သူ ချစ်ရတဲ့ သားတွေကို ဆုံးရှုံးလိုက်ရတော့ စိတ်တအား ထိခိုက်နေမှာပဲ” သူက ဆက်ပြောသည်။
“သူ ဒီကို လာနေတယ် မဟုတ်လား။ မကြာခင် ရောက်လာတော့မှာပါ။ အရှင်မင်းကြီးနဲ့အတူ တိုက်ပွဲဝင်ရင်းနဲ့ မင်းသားကြီးတို့ သားအဖကြားက ဆက်ဆံရေးကို ပြန်လည် ပြုပြင်ဖို့ အချိန်ကောင်းပဲလေ” ဝိညာဉ်စစ်သည်တော်က တည်ငြိမ်စွာ ဆို၏။
ထိုဝိညာဉ်စစ်သည်တော်မှာ ဖီးနစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သဖြင့် နယ်စပ်မြို့လေးတွင် ဆေးကုသမှု ခံယူနေခြင်း ဖြစ်သည်။ မင်းသားကြီးသည် ဒဏ်ရာရစစ်သည်များကို လာရောက်ကြည့်ရှုစဉ် ထိုသူမှာ သူ မင်းသားဘဝကတည်းက သိကျွမ်းခဲ့သော သူငယ်ချင်းဟောင်း ဖြစ်နေသည်အား သိလိုက်ရခြင်းပင်။
“အေး... စာထဲမှာတော့ အဲဒီအတိုင်းပဲ။ သူ ထီးနန်းကို တခြားတစ်ယောက်ဆီ လွှဲပေးပြီး တိုက်ပွဲမှာ ပါဝင်ဖို့ လာနေတယ်လို့ ဆိုတယ်” မင်းသားကြီးက ရေရွတ်လိုက်၏။
“ဒါပေမဲ့ အခုလောက်ဆို ရောက်သင့်နေပြီ။ တစ်ခုခုတော့ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ” မင်းသားကြီး၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းလာခဲ့သည်။
ထိုစဉ်မှာပင် လူတစ်ဦး ပြေးဝင်လာကာ အော်ဟစ်လိုက်၏။ “အရှင်မင်းကြီး ကြွလာပါပြီ”
“ခမည်းတော် ရောက်လာပြီလား” မင်းသားကြီးသည် ဝမ်းသာအားရဖြင့် ခမည်းတော်ကို တွေ့ရန် အပြင်သို့ ပြေးထွက်သွားတော့သည်။
သူသည် တခြားလူများနှင့်အတူ ထွက်လာသောအခါ လူအုပ်ကြီးက တစ်စုံတစ်ဦးကို ဝိုင်းအုံကြည့်နေကြသည်ကို တွေ့လိုက်ရ၏။ လူအုပ်ကြီးမှာ မင်းသားကြီး ဝင်လာနိုင်ရန် လမ်းဖယ်ပေးကြသည်။
မင်းသားကြီးသည် ခမည်းတော်ကို တွေ့ရန် ရှေ့သို့ တိုးသွားလိုက်၏။ သို့သော် သူ ရှေ့ဆုံးသို့ ရောက်သွားသောအခါ တွေ့လိုက်ရသည်မှာ နန်းတွင်းဝန်ကြီး ဖြစ်သည်။ ထိုဝန်ကြီး၏ ဘေးတွင် ရပ်နေသူမှာ တော်ဝင်သရဖူကို ဆောင်းထားသော လူငယ်လေးတစ်ဦးပင်။
“လုံချန်းလား။ ဘုရင်သစ်လား” မင်းသားကြီးသည် လုံချန်းကို ယခင်က တွေ့ဖူးသဖြင့် မှတ်မိနေ၏။
မင်းသားကြီး၏ မျက်စိထဲတွင် လုံချန်းမှာ သူ၏ မိခင်နှင့်အတူ အပန်းဖြေခရီး လာခဲ့သော လူငယ်လေးသာ ဖြစ်သည်။ လုံချန်းနှင့် သူ တစ်ကြိမ်သာ စကားပြောဖူးသော်လည်း လုံချန်းနှင့် သူ၏ မိခင်ဖြစ်သူတို့ အခန်းထဲတွင်သာ အချိန်အတော်များများ ရှိနေခဲ့သည်ကို သူ သတိထားမိခဲ့သည်။
အခု လုံချန်းကို သူ့ရှေ့မှာ ပြန်မြင်လိုက်ရသောအခါ ‘သူက ဘယ်တုန်းက မြို့တော်ကို ပြန်သွားတာလဲ’ မင်းသားကြီး တွေးနေမိသည်။
“ခမည်းတော် ရောက်မလာသေးဘူးလား” သူက အနားရှိ စစ်သားတစ်ဦးကို မေးလိုက်၏။
“မရောက်သေးပါဘူး မင်းသားကြီး။ အခု ဘုရင်သစ်ပဲ ရောက်လာသေးတာပါ” စစ်သားက ပြန်ဖြေသည်။
“ဘုရင်ဟောင်း ဘယ်မှာလဲ။ ငါ သူ့ကို တောင်းပန်ချင်လို့ပါ။ သူက ဒီတိုင်းပြည်ကို ငါ့လက်ထဲ အပ်ခဲ့ပြီး ရန်သူတွေကို တိုက်ဖို့ ထွက်လာခဲ့တာလေ။ ငါ့ကို မြို့တော်မှာပဲ နေခဲ့ဖို့ မှာထားပေမဲ့ ငါက ဘုရင်တစ်ပါးအနေနဲ့ တိုက်ပွဲမှာ ပါဝင်ဖို့ လိုက်လာခဲ့တာ။ သူ ဘယ်မှာလဲ” လုံချန်းက ဟန်ပါပါဖြင့် မေးလိုက်၏။
“အ... အရှင်မင်းကြီး။ အရင်ဘုရင်ကြီး အခုထိ ရောက်မလာသေးပါဘူး ခင်ဗျာ့” စစ်သားများက ပြန်ဖြေကြသည်။
“ဩော်... ရောက်မလာသေးဘူးလား။ လမ်းမှာ တစ်နေရာရာမှာ နားနေတာ ဖြစ်မှာပါ။ ငါ နယ်စပ်အခြေအနေကို သိချင်တယ်။ မင်း... ငါနဲ့ လိုက်ခဲ့” လုံချန်းက မင်းသားကြီးကို လက်ညှိုးညွှန်ကာ ခေါ်လိုက်ပြီး တောင်ဘက်နယ်စပ်ဆီသို့ လျှောက်သွားလိုက်၏။
မင်းသားကြီးသည် လုံချန်း၏အနားသို့ လျှောက်သွားကာ အရိုအသေ ပေးလိုက်သည်။
“အရမ်းကြီး အလေးအမြတ် လုပ်နေစရာ မလိုပါဘူး။ ငါတို့ အရင်က တွေ့ဖူးတာပဲလေ။ ငါ ဘုရင်ဖြစ်နေပေမဲ့ မင်းက ငါ့ကို သူငယ်ချင်းတစ်ယောက်လိုပဲ ဆက်ဆံနိုင်ပါတယ်။ ဒါနဲ့... ဗာမီလီယံတို့ရော ဘယ်မှာလဲ” လုံချန်းက မေးလိုက်၏။
“ဆရာကြီး ဗာမီလီယံတို့ကတော့ နယ်စပ်မှာ ရန်သူတွေကို ခုခံရင်း ချေမှုန်းဖို့ ကြိုးစားနေကြပါတယ်။ အခုလောလောဆယ်တော့ အခြေအနေက တစ်ဖက်နဲ့တစ်ဖက် အသာမရဘဲ တန့်နေတယ်လို့ ပြောရမှာပါပဲ” မင်းသားကြီးက လုံချန်းကို ရှင်းပြသည်။
“တန့်နေမှာပေါ့။ သူတို့က မင်းတို့ကို အချိန်ဆွဲထားတာလေ။ သူတို့ရဲ့ ဒုတိယမြောက် စစ်တပ်ကြီးက သူတို့ရဲ့ တကယ့် အဓိက အစီအစဉ်ပဲ။ ဒါပေမဲ့ မြို့တော်ကို တိုက်တဲ့ သူတို့ရဲ့ အဲဒီစစ်တပ်ကြီးကို ငါ အပြတ်ရှင်းလိုက်ပြီဆိုတာကိုတော့ သူတို့ သိဦးမှာ မဟုတ်ဘူး” လုံချန်းက ပြုံးရင်း ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။
“အဲဒါကြောင့် ဖြစ်မှာပါ။ သူတို့ရဲ့ ကာကွယ်ရေးက တော်တော်လေး ခိုင်မာတယ်ဗျ။ ကျွန်တော်တို့ အခုထိ အောင်မြင်မှု မရသေးဘူး။ ဆရာကြီး ဗာမီလီယံတောင် ဘာမှ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်” မင်းသားကြီးက သက်ပြင်းချရင်း ဆို၏။
“မပူပါနဲ့။ အခု ငါ ရောက်လာပြီဆိုတော့ စစ်ပွဲက မကြာခင် ပြီးသွားမှာပါ။ ငါ့မှာလည်း အချိန်အများကြီး မရှိဘူးလေ” လုံချန်းက ရေရွတ်ရင်း ပြုံးလိုက်၏။
“ဝန်ကြီး ဝမ်... မင်း ဒီမှာပဲ စောင့်နေခဲ့။ ငါ တိုက်ပွဲကို အပြီးသတ်ဖို့ ရှေ့ကို သွားလိုက်ဦးမယ်” နန်းတွင်းဝန်ကြီးကို မှာကြားပြီးနောက် လုံချန်းသည် သူ၏ ဝိညာဉ်လင်းယုန်ကို ခေါ်လိုက်သည်။
“လာ... တက်ခဲ့” လုံချန်းက မင်းသားကြီးကို လက်ကမ်းပေးလိုက်၏။ မင်းသားကြီးသည် လုံချန်း၏ လက်ကို ဆွဲကာ လင်းယုန်ပေါ်သို့ တက်လိုက်သည်။
ဝိညာဉ်လင်းယုန်ကြီးသည် နယ်စပ်ဆီသို့ ပျံသန်းသွားတော့၏။ အကွာအဝေး အနည်းငယ်မျှ ပျံသန်းပြီးနောက် ဗာမီလီယံနှင့် ဖီးနစ်အဖွဲ့သားများ ရှိရာသို့ ဆင်းသက်လိုက်သည်။
ဗာမီလီယံသည် လုံချန်းကို မြင်သောအခါ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။
“ဟားဟားဟား... ကြိုဆိုပါတယ် လူငယ်လေး။ မင်း ဒီကို ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ မင်း ငါတို့ရဲ့ ဘုရင်သစ် ဖြစ်လာပြီဆိုတာ ကြားတယ်... ဂုဏ်ယူပါတယ်နော်” ဗာမီလီယံက လုံချန်းထံ လျှောက်လာရင်း ဆို၏။ “ဒါနဲ့... မင်း ဒီမှာ ဘာလာလုပ်တာလဲ”
“အဲဒါကို နောက်မှ ပြောတာပေါ့။ အခုတော့ အရေးကြီးတဲ့ ကိစ္စတွေကို အရင်ပြောရအောင်။ ကျွန်တော်တို့ ဒီစစ်ပွဲကို အနိုင်ယူဖို့ လာတာ။ ခဏလောက် ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါဦး” ထိုသို့ ဆိုကာ လုံချန်းသည် လူအုပ်နှင့် ဝေးရာသို့ လျှောက်သွားလိုက်၏။
"ငါ အခု ပြန်လာခဲ့မယ်" ဗာမီလီယံသည်လည်း သူ၏ အဖွဲ့သားများကို မှာကြားကာ လုံချန်းနောက်သို့ လိုက်ပါသွားတော့သည်။
လုံချန်းနှင့် ဗာမီလီယံတို့သည် အတူတူ လမ်းလျှောက်နေကြသော်လည်း မည်သူမျှ စကားမပြောကြချေ။ လူသူနှင့် အတော်ဝေးဝေးသို့ ရောက်သောအခါမှ လုံချန်းက စတင် မေးလိုက်၏။
“ခင်ဗျား ကျွန်တော်အဖေနဲ့ ပတ်သက်တဲ့ အမှန်တရားကို ကျွန်တော့်ကို ပြောပြမှာလား၊ မပြောဘူးလား။ သူများတွေ ပြောနေတဲ့ လုပ်ကြံစကားတွေ မဟုတ်ဘဲ တကယ့် အမှန်တရားကို ကျွန်တော် သိချင်တယ်” လုံချန်းက သက်ပြင်းချရင်း ဆို၏။
“အခုတော့ အရာအားလုံး ပြီးဆုံးသွားပြီဆိုတော့ ငါ ပြောပြပါ့မယ်။ မင်းအဖေက သေသွားပါပြီ။ နန်းတွင်းဆရာကြီးက လုပ်လိုက်တာပါ။ သူက မင်းအဖေနဲ့ စကားများခဲ့ဖူးသလို မင်းအဖေကို ဘယ်တုန်းကမှ မကြည်ဖြူခဲ့ဘူး။ သူက ဘယ်သူမှ ရိပ်မိလို့ မရနိုင်လောက်အောင် အကွက်စိပ်စိပ်နဲ့ စီစဉ်ခဲ့တာ”
“မင်းအဖေဟာ ငါတို့ မျက်စိရှေ့တင် အသတ်ခံလိုက်ရတာ ဆိုပေမဲ့ ငါတို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူ့အစီအစဉ်က တကယ့်ကို ပါးနပ်လွန်းတယ်။ အခုထိလည်း ငါ အကုန်လုံးကို နားမလည်နိုင်သေးဘူး။ ငါ သိတာကတော့ ငါတို့မှာ သူခိုင်းတာကို နားထောင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူးဆိုတာပဲ။ ငါတို့ အမှန်တရားကို ပြောပြတဲ့အခါမှာတောင် ဘုရင်ကြီးက ငါတို့ကို မယုံခဲ့ဘူး။ ဇာတ်လမ်းကတော့ တစ်ပြည်လုံးကို ပျံ့နှံ့သွားခဲ့ပြီး၊ မင်းအဖေက လူဆိုးအဖြစ် သတ်မှတ်ခံရပြီး မင်းရဲ့ မိသားစုလည်း အပြစ်ပေးခံခဲ့ရတာပေါ့”
“ငါ မင်းတို့ မိသားစုကို တတ်နိုင်သလောက် ကူညီပြီး အသက်ရှင်အောင် စောင့်ရှောက်ခဲ့ပေမဲ့၊ အဲဒါက ငါ အတတ်နိုင်ဆုံး လုပ်ပေးနိုင်ခဲ့တဲ့ အရာပါပဲ” ဗာမီလီယံက နောင်တရစွာဖြင့် ဖွင့်ဟလိုက်လေတော့သည်။