အခန်း (၇၈၉-၇၉၀)
Vol. 79 Ch. 789-790
အခန်း (၇၈၉) အခွင့်အရေး
“ဆရာကြီး ဝူသျှင်းက ကျွန်တော်တို့ကို ပြန်ပြီး ဦးဆောင် တိုက်နေတာပါ။ အမြန်ပြေးပါတော့ အရှင်မင်းကြီး”
အစောင့်၏ စကားကြောင့် ဘုရင်ကြီးမှာ မှင်တက်သွားရ၏။ ထိုသတင်းအား ကြားလိုက်ရချိန်တွင် ဘုရင်ကြီး၏ လက်များမှာ တုန်ယင်နေသည်ကိုပင် မထိန်းနိုင်တော့ချေ။
“မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ဝူသျှင်းက ငါတို့ကို ဘာလို့ သစ္စာဖောက်ရမှာလဲ။ အက်ရှာနိုင်ငံက ခွေးတွေက သူ့ကို ခြောက်လှန့်နိုင်စရာ အကြောင်းမရှိဘူး။ သူ့ရဲ့ သစ္စာဖောက်မှုဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပဲ။ သူက အစကတည်းက ငါတို့အပေါ် သစ္စာရှိခဲ့တာ။ အနိုင်ရဖို့ အခွင့်အရေး အများဆုံးရှိတဲ့ နိုင်ငံကို သူက ဘာလို့ သစ္စာဖောက်ရမှာလဲ” ဝန်ကြီးတစ်ဦးက မတ်တပ်ရပ်ကာ အစောင့်ကို လက်ညှိုးငေါ့ငေါ့ထိုးပြီး အော်ဟစ်လိုက်၏။ သူသည် ထိုစကားကို လုံးဝ မယုံကြည်နိုင် ဖြစ်နေပေသည်။
“သူ လိမ်ပြောနေတာ မဟုတ်ဘူးဆိုတာ မင်း မြင်ရမှာပါ”
အစောင့် ပြန်မပြောမီမှာပင် ခန်းမအနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ ဖြူဖျော့နေသော မျက်နှာဖြင့် အစောင့်သည် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ဆံပင်အနက်ရောင်နှင့် ဘုရင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦး ခန့်ညားထည်ဝါစွာ လမ်းလျှောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်၏ ဘယ်ဘက်တွင် နဂါးအဖွဲ့ခေါင်းဆောင် ဝူရွှမ်း ရှိနေပြီး ညာဘက်တွင်မူ ဖီးနစ်အဖွဲ့ခေါင်းဆောင် ဗာမီလီယံ ရှိနေပေသည်။ သူတို့၏ အနောက်တွင်လည်း လူအများအပြား လိုက်ပါလာကြ၏။
“ဝူသျှင်းက အခု ငါ့ဘက်တော်သား ဖြစ်သွားပြီ။ အမှန်အတိုင်း ပြောရရင် ငါက ဒီနိုင်ငံနှစ်နိုင်ငံကို ခေါင်းဆောင်တစ်ယောက်တည်းရဲ့ အောက်မှာ ပေါင်းစည်းချင်တာ။ အဲဒီအတွက် မင်း သေပေးဖို့ လိုတယ်။ စိတ်မကောင်းပေမဲ့ ဒီစတေးမှုကတော့ လိုအပ်တယ်လေ” လုံချန်းက ဆိုရင်း ဘုရင်ကြီးထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွား၏။
“မိုက်ရူးရဲလေး။ အရှင်မင်းကြီးဆီ ရောက်ဖို့ဆိုရင် ငါ့အလောင်းကို အရင်ကျော်သွားရလိမ့်မယ်” အစောင့်က ဟိန်းဟောက်ရင်း လုံချန်းထံသို့ ပြေးဝင်ကာ သူ၏ ဓားဖြင့် လုံချန်း၏ ရင်ဘတ်ကို ထိုးစိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် ဓားမှာ လုံချန်းနှင့် မနီးကပ်မီမှာပင် ရပ်တန့်သွား၏။
အစောင့်သည် သူ၏ ညာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဝူသျှင်းကို တွေ့လိုက်ရသည်။
“ဆ... ဆရာကြီးဝူ... မလုပ်ပါနဲ့...” အစောင့်က ဝူသျှင်းကို တားဆီးရန် တိုးညှင်းစွာ ဆိုလိုက်သော်လည်း သူ၏ စကားမဆုံးမီမှာပင် မျက်မြင်မရသော လေဓားတစ်ခုက သူ၏ လည်ပင်းကို ပိုင်းဖြတ်သွားတော့သည်။
အစောင့်သည် လက်ထဲမှ ဓားကို လွှတ်ချလိုက်ရာ မြေပြင်ပေါ်သို့ တောက်ခနဲ ကျသွား၏။ ဝူသျှင်းကလည်း ထိုနည်းတူပင် အစောင့်၏ လက်ကို လွှတ်ပေးလိုက်သည်။ အစောင့်သည် သွေးထွက်နေသော သူ၏ လည်ပင်းကို ဖိထားရင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူ၏ မျက်လုံးများမှာ နီရဲလာပြီး မျက်ရည်များ ဝဲတက်လာတော့သည်။
ဝူသျှင်းက ထိုသူကို ငုံ့ကြည့်ကာ အေးစက်စွာ ဆိုလိုက်သည်။ “ငါ ဘက်ရွေးပြီးပြီ။ ဒီတစ်ကြိမ်မှာတော့ ငါ သစ္စာမဖောက်တော့ဘူး”
လုံချန်းက ပြုံးရင်း ဘုရင်ကြီးထံသို့ ဆက်လက် လျှောက်သွား၏။
‘ဝူသျှင်းကို လေ့ကျင့်ပေးခဲ့တာ တန်သွားပြီပဲ။ လမ်းတစ်လျှောက်မှာ မြို့တော်ဝန်တွေကို သူ့လက်နဲ့ကိုယ်တိုင် သတ်ခိုင်းခဲ့လို့ သူ ဆူနိုင်းနိုင်ငံဘက်ကို ပြန်လှည့်ဖို့ မဖြစ်နိုင်တော့ဘူး။ ကိုယ့်လူမျိုးကို ကိုယ်တိုင် သတ်ခဲ့ပြီးတဲ့နောက်မှာတော့ နောက်ထပ် လူနည်းနည်း သတ်ရတာက သူ့အတွက် ဘာမှ မဟုတ်တော့ဘူး။ ကောင်းတာတစ်ခုက ဒီကောင်က လူတိုင်းကို အသက်ချမ်းသာပေးဖို့ ငါ့ကို မတောင်းဆိုခဲ့တာပဲ။ သူ့အတွက်က နဂါးအဖွဲ့ဝင်တွေနဲ့ သူ့သားလေးကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး ထင်တယ်’ လုံချန်းက ထိုသို့ တွေးရင်း ဝူသျှင်း၏ ပခုံးကို တစ်ချက်ပုတ်ကာ ရှေ့သို့ ဆက်တက်ခဲ့သည်။
လုံချန်းသည် ခန်းမအတွင်းသို့ တစ်လှမ်းချင်း တက်လာသော်လည်း ဝန်ကြီးများမှာ တစ်ယောက်မှ မလှုပ်ရှားရဲကြချေ။ သူတို့သည် ဘုရင်ကြီးအတွက်နှင့် သူတို့၏ အသက်ကို အန္တရာယ်မပြုလိုကြပေ။
“ငါက အတင်းအဓမ္မ သိမ်းပိုက်ချင်တာ မဟုတ်ဘူး။ ပြည်သူတွေရဲ့ ရန်ငြိုးကိုလည်း မခံချင်ဘူး။ မင်းကိုယ်တိုင် ငါ့ကို ဘုရင်အဖြစ် တင်မြှောက်ပေးရင်ကော။ ဒါဆိုရင် နိုင်ငံပေါင်းစည်းရေးက ပိုပြီး လွယ်ကူသွားမှာပေါ့” လုံချန်းက ဘုရင်ကြီးနှင့် ငါးပေအကွာတွင် ရပ်တန့်ကာ မေးလိုက်၏။
“မင်း... မင်းက ဘယ်သူလဲ” ဘုရင်ကြီးက မတ်တပ်ရပ်ကာ လုံချန်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ဩော်... ဟုတ်သားပဲ။ မိတ်ဆက်ဖို့ မေ့သွားတယ်” လုံချန်းက အရေးကြီးသောအရာကို မေ့သွားသည့်အလား ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်ဟန်ဖြင့် ဆိုလိုက်၏။
“ငါက အက်ရှာနိုင်ငံရဲ့ ဘုရင်သစ်ပဲ” သူက ကြေညာလိုက်ပြီးနောက် မီးလျှံရေခဲဓားကို ထုတ်ကာ ဘုရင်ကြီးထံ ဦးတည်လိုက်သည်။
“အခု... မင်း နိုင်ငံကို လွှဲပေးမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို သတ်ရမလား” သူက တည်ငြိမ်လှသော်လည်း ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ဆိုလိုက်၏။
ဘုရင်ကြီးသည် ဘာကြောင့်မှန်းမသိ လုံချန်း စကားပြောနေချိန်တွင် လုံချန်း၏ ပတ်ပတ်လည်၌ သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
“ငါ မင်းကို နောက်ထပ် ရွေးချယ်စရာတစ်ခု ပေးနိုင်သေးတယ်။ မင်းရဲ့ ပြည်သူတွေ မင်းအပေါ် ဘယ်လောက် သစ္စာရှိလဲဆိုတာ သက်သေပြစမ်း။ တကယ်လို့ သူတို့က တကယ် သစ္စာရှိတယ်ဆိုရင် နိုင်ငံပေါင်းစည်းပြီးတဲ့နောက် ငါ့အတွက် အခက်အခဲတွေ ရှိလာနိုင်တယ်။ အဲဒီလို သစ္စာရှိမှုကို မင်း သက်သေပြနိုင်ရင် ငါတို့ အသစ်ပြန်ပြီး သဘောတူညီချက် ယူကြမယ်။ မင်းပဲ ဘုရင်အဖြစ် ဆက်ရှိနေပြီး ငါက အက်ရှာနိုင်ငံကို ပြန်သွားမယ်။ ဒါဆိုရင် ငါတို့ကြားမှာ ရန်ငြိုးတွေ ရှိမှာ မဟုတ်တော့ဘူး” လုံချန်းက သက်ပြင်းချရင်း ဆို၏။
ဝူသျှင်းသည် ထိုစကားကို ကြားသောအခါ အံ့ဩသွားရသည်။ နိုင်ငံကို သိမ်းပိုက်ခြင်း မပြုဘဲ ပြန်လှည့်သွားမည့် အစီအစဉ်မျိုးကို သူ တစ်ခါမှ မကြားခဲ့ဖူးချေ။ လုံချန်း မည်သို့ ဖြစ်သွားသနည်း။ သူ မှားနေကြောင်း ခံစားမိသဖြင့် နဂိုအတိုင်း ပြန်ထားလိုခြင်းလား။ ဝူရွှမ်း လုံးဝ နားမလည်နိုင် ဖြစ်နေ၏။
ဘုရင်ကြီးသည်လည်း အံ့ဩသွားသော်လည်း လုံချန်း၏ စကားက ကျိုးကြောင်းဆီလျော်သည်ဟု သူ ထင်မြင်မိသည်။ လုံချန်းက ဘုရင်သစ်ဖြစ်သောကြောင့် တာဝန် အများကြီး မယူလိုခြင်း ဖြစ်နိုင်သလို သူ့ကို ချစ်သော ပြည်သူများ ရှိသည့် နိုင်ငံကို သိမ်းပိုက်ဖို့ ဝန်လေးနေခြင်းလည်း ဖြစ်နိုင်သည်ဟု သူ ယူဆလိုက်သည်။ ၎င်းမှာ အခွင့်အရေးကောင်းတစ်ခုဟု သူ ထင်လိုက်၏။
“ဒါပေါ့... ငါ့ရဲ့ ပြည်သူတွေက ငါ့အပေါ် သစ္စာရှိကြပါတယ်။ သူတို့ ငါ့ကို အရမ်း လေးစားကြတာ” ဘုရင်ကြီးက ကြွားလုံးထုတ်လိုက်သည်။
“ဒါကို မင်း သက်သေပြဖို့ လိုလိမ့်မယ်။ မင်းရဲ့ စကားတစ်ခွန်းတည်းနဲ့တော့ ငါ မယုံနိုင်ဘူး။ သစ္စာရှိမှုဆိုတာ စကားလုံးနဲ့ ပြရတာမဟုတ်ဘူး၊ လုပ်ရပ်နဲ့ ပြရတာ” လုံချန်းက ခေါင်းခါရင်း ပြန်ပြောလိုက်၏။
“သက်သေပြဖို့ ငါ ဘာလုပ်ပေးရမလဲ” ဘုရင်ကြီးက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ရိုးရိုးလေးပဲ။ ဒီအခန်းထဲမှာ ဝန်ကြီး ခြောက်ယောက် ရှိတယ်။ သူတို့ထဲက သုံးယောက်က မင်းအတွက် အသက်ပေးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေပြမယ်ဆိုရင် မင်းအပေါ် ပြည်သူတွေရဲ့ သစ္စာရှိမှုက မြင့်မားတယ်လို့ ငါ ယုံကြည်ပေးမယ်” လုံချန်းက ကြေညာလိုက်၏။
ဝန်ကြီးများသည် လုံချန်း၏ စကားကို ကြားလိုက်ရချိန်တွင် မျက်နှာများ ပြာနှမ်းကုန်ကြတော့သည်။ ၎င်းမှာ နိုင်ငံလွတ်မြောက်ဖို့အတွက် သူတို့ထဲက တစ်ဝက် သေပေးရမည်ဟု ဆိုလိုခြင်းပင်။
“မင်း သူတို့ကို အတင်းအကျပ် မလုပ်ရဘူး၊ ထိလည်း မထိရဘူး။ သူတို့ဘာသာ သူတို့ စိတ်လိုလက်ရ လုပ်မယ်ဆိုရင် ငါ ဒီကနေ ထွက်သွားမယ်” လုံချန်းက ဆက်ပြောသည်။
“ကဲ... သွားပြီး လုပ်လိုက်တော့။ တကယ်လို့ မင်း ရှုံးနိမ့်ခဲ့ရင်တော့ ငါ မင်းကို သတ်မယ်”
ဘုရင်ကြီးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရာဇပလ္လင်ပေါ်မှ ဆင်းလာပြီး ပထမဆုံး ဝန်ကြီးရှိရာသို့ လျှောက်သွား၏။
ဝန်ကြီးသည် ဘုရင်ကြီး မိမိထံ လာနေသည်ကို မြင်သောအခါ ခေါင်းကို ငုံ့ထားလိုက်တော့သည်။
ဘုရင်ကြီး ပလ္လင်ပေါ်မှ ဆင်းသွားသောအခါ လုံချန်းက ထိုပလ္လင်ပေါ်တွင် အေးအေးဆေးဆေး ဝင်ထိုင်လိုက်၏။ သူသည် သူ့ရှေ့တွင် ဖြစ်ပျက်လာတော့မည့် အဖြစ်အပျက်များကို စောင့်ကြည့်ရန် အသင့်ပြင်လိုက်တော့သည်။
ဗာမီလီယံသည် လုံချန်း၏ အနားသို့ လျှောက်လာကာ သစ္စာရှိသော အစောင့်အရှောက်တစ်ဦးကဲ့သို့ ရပ်နေ၏။ ဝူသျှင်းကမူ သူ ရပ်နေမြဲနေရာတွင်ပင် ရပ်ကာ တစ်ဖက်လူများ တစ်ခုခု ကြံစည်လာပါက ချက်ချင်း အရေးယူရန် အသင့်ပြင်ထားလေသည်။
အခန်း (၇၉၀) သစ္စာတရား
“ဝန်ကြီးဝေ... မင်း သိတဲ့အတိုင်း ငါတို့နိုင်ငံက အခု အန္တရာယ်အကြီးအကျယ် ကြုံနေရပြီ။ မင်းရဲ့ လုပ်ရပ်က ငါတို့နိုင်ငံ ပျက်သုဉ်းမယ့်ဘေးကနေ ကယ်တင်နိုင်လိမ့်မယ်။ ကျေးဇူးပြုပြီး နိုင်ငံအတွက် မင်းရဲ့အသက်ကို စတေးပေးပါ” ဘုရင်ကြီးက ပထမဆုံးဝန်ကြီးကို တောင်းဆိုလိုက်၏။
“ကျွန်တော်... ကျွန်တော် တောင်းပန်ပါတယ် အရှင်မင်းကြီး။ လွန်ခဲ့တဲ့နှစ်ကပဲ ကျွန်တော်ရဲ့ ဇနီးသည် ဆုံးပါးသွားခဲ့ပြီး အခု သားငယ်လေးတစ်ယောက် ကျန်ခဲ့တာ အရှင်သိပါတယ်။ ကျွန်တော် သေသွားရင် သားလေးက မိဘမဲ့ ဖြစ်သွားပါလိမ့်မယ်။ ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး။ တကယ်လို့သာ ကျွန်တော့်မှာ ပြုစုစောင့်ရှောက်ရမယ့် သားလေးမရှိရင် အခုချက်ချင်းပဲ အသက်ပေးလိုက်မှာပါ” ဝန်ကြီးက ခေါင်းခါရင်း ငြင်းဆန်လိုက်၏။ သူသည် ဘုရင်ကြီးအတွက် အသက်မပေးနိုင်ချေ။
ဘုရင်ကြီး၏ မျက်နှာမှာ ဖြူဖျော့သွားသော်လည်း မည်သို့မျှ မလုပ်နိုင်ခဲ့ချေ။ လုံချန်း၏ စည်းကမ်းချက်အရ သူသည် မည်သူ့ကိုမျှ အတင်းအကျပ် မလုပ်ရပေ။ သူ တောင်းဆိုရန် ကျန်သေးသောလူများ ရှိသေးသဖြင့် ဒုတိယဝန်ကြီးထံသို့ လျှောက်သွား၏။
“ဝန်ကြီးကု... မင်းမှာ ဇနီးလည်းမရှိ၊ သားသမီးလည်း မရှိဘူး။ မင်း သေသွားရင်လည်း ဘယ်သူ့ကိုမှ ပစ်ထားခဲ့ရမှာ မဟုတ်ဘူး။ ဒါကို နိုင်ငံအတွက် မင်း လုပ်ပေးနိုင်ပါတယ်။ ငါတို့နိုင်ငံရဲ့ သာယာဝပြောရေးအတွက် မင်းရဲ့အသက်ကို ပေးလှူပေးပါ” ဘုရင်ကြီးက ဒုတိယဝန်ကြီးကို တောင်းဆိုပြန်သည်။
“အာ... အဲဒါတော့ မှန်ပါတယ် အရှင်မင်းကြီး။ ကျွန်တော့်မှာ မိသားစုမရှိဘူး၊ ဒါပေမဲ့ အဲဒါကပဲ ကျွန်တော့်ရဲ့ သွေးမျိုးဆက်ကို ဆက်ခံမယ့်သူ မရှိသေးဘူးလို့ ဆိုလိုတာပါ။ ကျွန်တော့်ရဲ့ မျိုးဆက်ကို မချန်ထားခဲ့နိုင်ခင်မှာတော့ အသေမခံနိုင်ပါဘူး။ ကျွန်တော် အိမ်ထောင်ပြုပြီး သားသမီးတွေ ရချင်သေးတယ်။ ကျွန်တော် သေသွားရင် ဒါတွေ ဘယ်လိုလုပ်နိုင်တော့မလဲ။ ကျေးဇူးပြုပြီး ကျွန်တော်ကို အတင်းမခိုင်းပါနဲ့။ အရှင်မင်းကြီးအတွက် အသက်မပေးနိုင်တာကို ခွင့်လွှတ်ပါ။ ဝန်ကြီးယုကို မေးကြည့်ပါ... သူဆိုရင် သေချာပေါက် သဘောတူပါလိမ့်မယ်” ဒုတိယဝန်ကြီးကလည်း ထိုနည်းတူပင် ငြင်းဆန်လိုက်ပြန်၏။
“ဟား... မင်းအပေါ် ထားတဲ့ သစ္စာတရားဆိုတာ ဒါပဲလား။ မင်းကို ဖမ်းဆီးပြီးတဲ့နောက်မှာ ငါ့အတွက် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူးလို့ ငါ စပြီး ခံစားနေရပြီ” လုံချန်းက သူ့ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။
ထိုသည်က သူ မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်သည်။
“မင်း... မင်းတို့ သစ္စာဖောက်တွေ။ မင်းတို့ကို နောက်မှ ငါ ရှင်းမယ်” ဘုရင်ကြီးသည် လုံချန်းအပေါ် ဒေါသ မပုံရဲသဖြင့် သူ့ကို ကူညီရန် ငြင်းဆန်ခဲ့သည့် ဒုတိယဝန်ကြီး အပေါ်သို့သာ ဒေါသအားလုံးကို ပုံချလိုက်၏။
ထို့နောက် သူသည် တတိယမြောက်လူထံသို့ လျှောက်သွားသည်။
“ဝန်ကြီးယု။ မင်းက ဒီနိုင်ငံမှာ သစ္စာအရှိဆုံးလူပါ။ ကျေးဇူးပြု...” ဘုရင်ကြီးက တောင်းပန်ရန် ပြင်လိုက်သော်လည်း ဝန်ကြီးယုက သူ့ကို တားလိုက်၏။
“အရှင်မင်းကြီး... ကျွန်တော့်ကို တောင်းပန်နေဖို့ မလိုပါဘူး။ တကယ်လို့ ကျွန်တော့်ရဲ့ အသက်က ဒီနိုင်ငံကို ကယ်တင်နိုင်မယ်ဆိုရင် ကျွန်တော် အသေခံဖို့ အသင့်ပါပဲ”
တတိယဝန်ကြီးက သဘောတူလိုက်သဖြင့် ဘုရင်ကြီး၏ မျက်နှာတွင် နောက်ဆုံးတော့ မျှော်လင့်ချက်အရိပ်အယောင် ပေါ်လာ၏။ ဘုရင်ကြီးသည် လုံချန်းဘက်သို့ လှည့်ကြည့်ကာ မိမိအပေါ် သစ္စာရှိသူရှိကြောင်း သက်သေပြလိုက်သည်။
သူသည် လုံချန်းဘက်သို့ လှည့်လိုက်သော်လည်း ထိုအချိန်တွင် လုံချန်း ပစ်လွှတ်လိုက်သော ဓားမြှောင်တစ်စင်းမှာ တတိယဝန်ကြီး၏ အနားတွင် လာ၍ စိုက်သွား၏။ ဘုရင်ကြီးသည် လုံချန်း၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ သူသည် ထိုဓားကို ကောက်ယူကာ တတိယဝန်ကြီးထံသို့ ပေးလိုက်၏။
“မင်းရဲ့ စတေးမှုက အချည်းနှီး မဖြစ်စေရဘူး” ဘုရင်ကြီးက တတိယဝန်ကြီး၏ ပခုံးကို အသာအယာ ပုတ်ရင်း ဆိုလိုက်သည်။
တတိယဝန်ကြီးသည် ဓားကို သူ၏ လည်ပင်းတွင် တေ့လိုက်၏။
“အရှင်မင်းကြီး... ကျွန်တော် သေသွားရင် ကျွန်တော့်ရဲ့ မိသားစုကို စောင့်ရှောက်ပေးပါဦး” ဝန်ကြီးယုက တိုးညှင်းသော အသံဖြင့် ဆို၏။ သူ၏ အသံမှာ တိုးညှင်းလှသော်လည်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်မှာ ထင်ရှားလှပေသည်။
“ဆူနိုင်းနိုင်ငံတော်ကြီး ထာဝရ တည်တံ့ပါစေ... အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ” သူသည် ထိုစကားကို ဆိုပြီးနောက် ဓားဖြင့် သူ၏ လည်ပင်းအား ထိုးစိုက်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတော့သည်။
ဝန်ကြီးယု၏ အလောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
“တစ်ယောက် ရှိသွားပြီ။ နောက်ထပ် နှစ်ယောက် ရဖို့ လိုသေးတယ်နော်” လုံချန်းက ဘုရင်ကြီး ဆက်လုပ်ရမည့်အရာကို သတိပေးလိုက်သည်။
ဘုရင်ကြီးသည် ဒေါသနှင့် စိတ်ပျက်မှုများကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။ အရာအားလုံးက လုံချန်း၏ ထိန်းချုပ်မှုအောက်တွင်သာ မရှိခဲ့လျှင် သူသည် လုံချန်းကို အခုချက်ချင်း သတ်ပစ်လိုက်မိမှာ အမှန်ပင်။
‘ကျန်တဲ့ ဝန်ကြီးသုံးယောက်ထဲက နှစ်ယောက် သေပေးဖို့ လိုတယ်။ အဲဒီသုံးယောက်က ငါနဲ့ အနီးကပ်ဆုံး လူတွေဆိုတော့ မခက်ခဲလောက်ပါဘူး။ ဒီမိစ္ဆာကောင် ငါ့နိုင်ငံက ထွက်သွားပြီးတာနဲ့ ငါ့အတွက် အသေမခံရဲတဲ့ ဟိုနှစ်ယောက်ကို တကယ့် ထိတ်လန့်စရာဆိုတာ ဘာလဲဆိုတာ ငါ ပြပေးမယ်။ သူတို့ရဲ့ သစ္စာဖောက်မှုအတွက် အဆိုးရွားဆုံး သေဒဏ်ကို ပေးရမယ်’ ဘုရင်ကြီးက ကြုံးဝါးနေမိသည်။ သူသည် ပထမဆုံး ဝန်ကြီးနှစ်ယောက်ကို တစ်ချက် လှည့်ကြည့်ကာ စတုတ္ထမြောက် ဝန်ကြီးထံသို့ လျှောက်သွား၏။
“ဝန်ကြီးချင်း... မင်းက ငါ အယုံကြည်ရဆုံး လူတွေထဲက တစ်ယောက်ပါ။ ပြီးတော့ မင်းက ငါ့မိဖုရားရဲ့ မောင်လည်း ဖြစ်တယ်။ ဒီနိုင်ငံနဲ့ မင်းရဲ့ အစ်မအတွက်ကြောင့်မို့လို့ ကျေးဇူးပြုပြီး သေပေးပါ” ဘုရင်ကြီးက တောင်းဆိုလိုက်သည်။
“ဟင်... အရှင်မင်းကြီး... ကျွန်တော်က ကျွန်တော့်အစ်မကို အချစ်ဆုံးပါ၊ သူ ပျော်ဖို့ဆိုရင် ဘာမဆို လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ဆိုတာကတော့ နည်းနည်း များလွန်းသလိုပဲ။ ပြီးတော့ ကျွန်တော့်အစ်မကလည်း သူ့မောင်ကို ချစ်တာပဲလေ။ ကျွန်တော် သေသွားရင် သူ ဝမ်းနည်းနေမှာပေါ့။ အရှင်မင်းကြီးအနေနဲ့လည်း ဒီနိုင်ငံကို ဟိုလူ့လက်ထဲ လွှဲပေးလိုက်ရင် ပြီးတာပဲ မဟုတ်လား။ ဒါဆို ကျွန်တော်တို့ နှစ်ယောက်လုံး အသက်ရှင်ရမှာပေါ့။ နိုင်ငံတော်ဆိုတာ ကျွန်တော့်ရဲ့ အသက်ထက်တော့ ပိုပြီး တန်ဖိုးမရှိနိုင်ပါဘူး... ဟုတ်တယ်မလား” ဝန်ကြီးချင်းက ခေါင်းခါရင်း ပြန်ပြောလိုက်၏။
“ဒါပေမဲ့...” ဘုရင်ကြီးက ဝန်ကြီး၏ စိတ်ကို ပြောင်းလဲရန် ကြိုးစားသော်လည်း စကားပင် မဆုံးလိုက်ချေ။
“ဒါပေမဲ့တွေ ဘာတွေ မရှိဘူး။ ကျွန်တော် အသေမခံနိုင်ဘူး... ဒါ အပြီးသတ် ဆုံးဖြတ်ချက်ပဲ” ဝန်ကြီးချင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။
“မင်း... သစ္စာမရှိတဲ့ အကောင်။ ငါ ထင်တာ မှန်တာပဲ။ မင်းက ဒီနိုင်ငံအပေါ် ဘယ်တော့မှ သစ္စာရှိမှာ မဟုတ်ဘူး။ မင်းက နိုင်ငံထက် မင်းအသက်ကို ပိုပြီး တပ်မက်နေတာပဲ” ဘုရင်ကြီးက ဒေါသတကြီးဖြင့် ထိုသူ၏ လည်ပင်းကို ဆွဲညှစ်လိုက်တော့သည်။
“အာ... တစ်ဖက်လူကို မထိရဘူးလေ။ နောက်တစ်ယောက်ဆီ သွားလိုက်တော့။ ငါ့မှာ တစ်နေ့လုံး စောင့်နေဖို့ အချိန်မရှိဘူး” လုံချန်းက ကြားဖြတ်ပြောဆိုရင်း ဘုရင်ကြီးကို တားလိုက်၏။
ဘုရင်ကြီးသည် ဝန်ကြီးချင်းကို လွှတ်ပေးလိုက်သော်လည်း သူ၏ စူးရှသော အကြည့်များကတော့ ဖယ်ခွာမသွားချေ။ ခဏအကြာတွင် သူသည် နောက်ထပ် ဝန်ကြီးများထံသို့ လျှောက်သွား၏။
“ဝန်ကြီးစုနဲ့ ဝန်ကြီးအော်ချင်... အရာအားလုံးက မင်းတို့နှစ်ယောက်အပေါ်မှာပဲ မူတည်နေပြီ။ မင်းတို့နှစ်ယောက်လုံး သေပေးမယ်ဆိုရင် ဒီနိုင်ငံကြီး အသက်ဆက်နိုင်လိမ့်မယ်။ ငါ့အတွက် ဒါလေးတော့ လုပ်ပေးကြပါဦး။ မင်းတို့ရဲ့ မိသားစုတွေကို ငါ့မိသားစုလိုမျိုး ငါ စောင့်ရှောက်ပေးပါ့မယ်” ဘုရင်ကြီးက တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ဆိုလိုက်၏။
“ဒီနိုင်ငံအတွက် အသက်ပေးနိုင်ပါတယ်လို့ မင်းတို့ ပြောခဲ့တဲ့နေ့ကို မှတ်မိသေးလား။ အခု အခွင့်အရေး ရောက်လာပြီ။ လုပ်လိုက်ကြပါ။ ဒီနိုင်ငံရဲ့ နောင်လာနောက်သားတွေက မင်းတို့နှစ်ယောက်ကို ကယ်တင်ရှင် သူရဲကောင်းတွေအဖြစ် သိကြလိမ့်မယ်။ ကျေးဇူးပြုပြီး... ငါ ဘယ်သူ့ရှေ့မှာမှ ဒူးမထောက်ခဲ့ဖူးဘူး။ ဒါပေမဲ့ အခု မင်းတို့ရှေ့မှာ ငါ ဒူးထောက်တောင်းပန်နေပြီ။ ကျေးဇူးပြုပြီး... အရာအားလုံးက မင်းတို့ရဲ့ ရွေးချယ်မှုအပေါ်မှာပဲ မူတည်နေတာပါ” သူက ဆက်ပြောသည်။
ဝန်ကြီးနှစ်ဦးမှာ ဘုရင်ကြီးကို ကြည့်ကာ အရှက်ရစွာဖြင့် ခေါင်းငုံ့ထားကြ၏။ ဘုရင်ကြီး၏ မျက်လုံးများကို ရင်ဆိုင်ရန် သူတို့ မစွမ်းသာကြချေ။
“မင်းတို့၊ မလုပ်နိုင်ဘူးလို့တော့ မပြောကြနဲ့လေ။ မင်းတို့က ငါ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ” ဘုရင်ကြီးက ဒူးထောက်လျက် တောင်းပန်နေသော်လည်း ဝန်ကြီးများက စကားတစ်ခွန်းမျှ ပြန်မပြောကြချေ။ သူတို့သည် နောက်သို့သာ ခြေတစ်လှမ်း ဆုတ်လိုက်ကြ၏။
“တော်လောက်ပြီ” လုံချန်းက ဆိုကာ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်၏။
သူသည် ဘုရင်ကြီးထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။
“မြင်ပြီလား၊ ဒါဟာ ဒီလောကရဲ့ သဘာဝပဲ။ မင်းမှာ အာဏာနဲ့ လုပ်ပိုင်ခွင့် မရှိတော့တဲ့အခါ မင်းကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်တော့ဘူး။ ဒါဟာ ဘုရင်တစ်ပါးရဲ့ ဘဝပဲလေ” သူက ဆို၏။ “ဒါပေမဲ့ စိတ်မကောင်း မဖြစ်ပါနဲ့။ တကယ်လို့ မင်းသာ သုံးယောက် သေပေးဖို့ စည်းရုံးနိုင်ခဲ့ရင်တောင်... ငါ မင်းကို အသက်ရှင်လျက် ထားခဲ့မှာ မဟုတ်ဘူး” လုံချန်းက အေးစက်စက် ဆိုလိုက်လေသည်။