အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁) သေရမယ်ဆိုရင်တောင်မှ တာအို ကို လိုက်နာဖို့ ငါ့ရဲ့ ဆုံးဖြတ်ချက်က ယိမ်းယိုင်မှာ မဟုတ်ဘူး
ချီးကျူးသံများကြားတွင် အချိန်များ တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့လေသည်။
မသိလိုက်ဘဲနဲ့ ငါးနာရီတောင် ကုန်လွန်သွားခဲ့ပြီ ဖြစ်ချေသည်။
လူတိုင်းက ဝင်ရိုးစွန်းနှစ်ခုတောင်ထိပ် ပေါ်ရှိ တိတ်ဆိတ်နေဆဲဖြစ်သော စမ်းရေကန်ကို ကြည့်ကာ အချင်းချင်း အကဲခတ်လိုက်ကြလေသည်။
သူတို့၏ အမူအရာများသည် အစပိုင်းတွင် လေးစားအားကျမှုမှ သံသယဖြစ်မှုသို့ ပြောင်းလဲသွားခဲ့ပေ သည်။
"မှောင်တောင် မှောင်နေပြီ...၊ ဘာလို့ တပည့်ခေါင်းဆောင် နင်း က ရေပေါ် မပေါ်လာသေးတာလဲ...။"
"သူ့ရဲ့ စိတ်ဆန္ဒက ခိုင်မာလွန်းလို့ သာမန်လူတွေ မခံနိုင်တာကို သူ ခံနိုင်ရည်ရှိနေတာ ဖြစ်မယ်...။"
"ဒါပေမယ့် သူ့ရဲ့ စိတ်ဆန္ဒက ဘယ်လောက်ပဲ ခိုင်မာပါစေ၊ သူ့မှာ သေမျိုးအရိုး ပဲ ရှိတာလေ...။"
"နင်းဖန်က ရေစိမ်ရင်းနဲ့ သေသွားပြီလို့ မင်း ထင်လား...။"
"ခဏနေရင် သူ့အလောင်း ရေပေါ် ပေါ်လာလောက်တယ်...။"
အစစ်အမှန်တပည့် တစ်စုက သူတို့အချင်းချင်း တိုးတိုးလေး ပြောဆိုနေကြလေ သည်။
သူတို့အားလုံးသည် အေးစက်ရေအရိုးသန့်စင်ခြင်း နည်းစနစ် ကို အသုံးပြု၍ ကျင့်ကြံခဲ့ဖူးသဖြင့် ခန္ဓာကိုယ် တစ်ခုလုံး ရေအောက်ရောက်သွားသောအခါ မည်မျှ နာကျင်ရကြောင်းကို သူတို့ ကောင်း ကောင်း သိကြပေသည်။
အထူးသဖြင့် နင်းဖန်က စမ်းရေကန်၏ အလယ်ဗဟိုသို့ တိုက်ရိုက် ငုပ်ဆင်းသွားသောကြောင့် ဖြစ်သည်။
ဆိုလိုသည်မှာ သူသည် အချိန်တိုင်း အရိုးထဲအထိ စိမ့်ဝင်နေသော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရခြင်း ဖြစ်လေသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ သူသည် ငါးနာရီကြာသည်အထိ ရေပေါ်သို့ ပေါ်မလာခဲ့ခြင်းပင် ဖြစ် သည်။
ဤမျှ ကြာမြင့်သော အချိန်က လူများကို ကြောက်ရွံ့လာစေခဲ့လေသည်။
တပည့်များစွာက တိတ်တဆိတ် ညည်းညူနေကြသည့်အထိပင် ဖြစ်ချေသည်။
ဒီ တပည့်ခေါင်းဆောင် နင်း က တကယ်ပဲ ရေစိမ်ရင်း သေသွားတာများေလားဟု သူတိုနေတွေးမိကြ လေသည်။
မည်သို့ပင်ဆိုစေ ဘယ်လို ပုံမှန်လူမျိုးက ရွှမ်မင် အစစ်အမှန်ရေ ထဲမှာ ဒီလောက် အကြာကြီး နေနိုင်မှာ လဲဟု တွေးမိကြခြင်း ဖြစ်ပေသည်။
"အဲဒီ စမ်းရေကန်ထဲက ရေတွေ နည်းနည်း လျော့သွားသလို ဘာလို့ ထင်ရတာလဲ...။"
တစ်စုံတစ်ယောက်က အောက်ဘက်ကို စူးစိုက်ကြည့်ရင်း ရုတ်တရက် ပြောလိုက်ခြင်းဖြစ်သည်။
ဤသည်ကို ကြားသောအခါ အခြားသူများကလည်း သေချာစွာ စတင်လေ့လာကြည့်လိုက်ကြလေ သည်။
ထို့နောက် သူတို့အားလုံး အံ့အားသင့်ပြီး သံသယဖြစ်သွားခဲ့ကြသည်။
တကယ်ပင် ထိုကဲ့သို့ ဖြစ်နေပုံရပေသည်။
ဝင်ရိုးစွန်းနှစ်ခုတောင်ထိပ် ၏ အနောက်ဘက်တောင်ပေါ်တွင် နှစ်သန်းပေါင်းများစွာ သိမ်းဆည်းထား သော ရွှမ်မင် အစစ်အမှန်ရေ သည် စမ်းရေကန်အတွင်း၌ ၎င်း၏ အမြင့် ဘယ်သောအခါမှ ပြောင်းလဲ ခြင်း မရှိခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်နှင့် မြေကြီး နတ်ဘုရားရေ သည် သဘာဝအတိုင်း အငွေ့ပျံသွား မည် မဟုတ်သလို အခြား သာမန်ရေများနှင့်လည်း ရောနှောမည် မဟုတ်သောကြောင့် ဖြစ်ပေသည်။
ဥပမာအားဖြင့် မိုးရွာသောအခါ သာမန်မိုးရေများသည် ရွှမ်မင် အစစ်အမှန်ရေ ထဲသို့ လုံးဝ ကျရောက် နိုင်ခြင်း မရှိပေ၊ မိုးပေါက်များသည် ရေမျက်နှာပြင်ကို ထိလိုက်သည်နှင့် တွန်းထုတ်ခံရမည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဘယ်သောအခါမှ မပြောင်းလဲခဲ့သော ရေမျက်နှာပြင်သည် အနည်းငယ် နိမ့်ဆင်း သွားခဲ့လေသည်။
ဤသည်က လူတိုင်းကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့လေ၏။
နင်းဖန်က အထဲမှာ ရွှမ်မင် အစစ်အမှန်ရေ ကို ဘယ်လောက်တောင် စုပ်ယူထားတာလဲဟု တွေးမိကြ သည်။
ငါးနာရီတိတိ သူသာ အချိန်တစ်လျှောက်လုံး နာကျင်မှုကို မကြောက်ဘဲ အေးစက်ရေအရိုးသန့်စင်ခြင်း နည်းစနစ် ကို အပြည့်အဝ လည်ပတ်နိုင်ခဲ့မည်ဆိုလျှင် နင်းဖန်၏ ဤတစ်ကြိမ် တိုးတက်မှုသည် လုံးဝ ကြီးမားလှပေလိမ့်မည်။
ထိုနေရာတွင်ရှိသော ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများသည်လည်း ဤအရာကြောင့် တိတ်တဆိတ် အံ့အားသင့်သွားကြပြီး တစ်ယောက်စီတိုင်းက အောက်ဘက်ရှိ မြင်ကွင်းကို စိုးရိမ်တကြီးဖြင့် ကြည့် နေခဲ့ကြသည်။
နင်းဖန် ဘယ်အချိန်မှာ အတိအကျ ပြီးဆုံးမလဲဆိုတာကို သူတို့ သိချင်နေကြသည်၊ တစ်ချိန်တည်းမှာပင် အောက်ဘက် ဝါးတောထဲ၌။
ကောင်းကင်ယံ မှောင်မိုက်လာသည်နှင့်အမျှ ကျန်းထန်သည် သူမ၏ တရားထိုင်ခြင်းကို အဆုံးသတ်လို က်ပြီး မော့ကြည့်လိုက်ရာ ရေမျက်နှာပြင်မှာ တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသည်။
သူမသည် သနားစရာကောင်းသော အမူအရာဖြင့် မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်ကာ ရေရွတ် လိုက်သည်။
"စီနီယာအစ်ကို၊ ရှင် အသက်ရှင်နေသေးလား...၊ အသံလေး ဘာလေး ထွက်ပါဦးလား...။"
ခဏတာ စောင့်ပြီးနောက် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူမက သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေသည်။
"ပြီးသွားပြီ...၊ စီနီယာအစ်ကို တကယ်ပဲ သေသွားတာတော့ မဟုတ်ပါဘူးနော်...။"
သို့ရာတွင် ကောင်မလေး၏ ဝမ်းနည်းဖွယ် အသံလေး ပျောက်ကွယ်သွားချိန်မှာပင် စမ်းရေထဲတွင် ပူဖောင်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
ထို့နောက် ကြည်လင်သော ရေထဲတွင် မှောင်မိုက်သော အရိပ်တစ်ခု ပိုမို ထင်ရှားလာခဲ့လေသည်။
နောက်တစ်စက္ကန့်တွင် ကျယ်လောင်သော ရေပွက်သံနှင့်အတူ သွက်လက်သော ပုံရိပ်တစ်ခုက ကန်ထဲမှ အမြင့်သို့ ခုန်တက်လာခဲ့လေသည်။
နင်းဖန်သည် ကန်ဘေးတွင် ကျက်သရေရှိစွာ ဆင်းသက်လိုက်ပြီး သူ၏ ဆံပင်များကို ခါယမ်းလိုက် လေသည်။
သူ၏ အကြည့်များ ရှေ့သို့ ကျရောက်သွားသောအခါ သူသည် ခဏတာ မှင်တက်သွားခဲ့သည်။
"ဟင်၊ ဂျူနီယာညီမလေး၊ မင်း ဒီမှာ ရှိနေတုန်းပဲလား...။"
ကျန်းထန်က ဤမြင်ကွင်းကို ကြည့်နေစဉ် သူမက သူမ၏ လက်သေးသေးလေးများကို ဝှေ့ယမ်းကာ အံ့သြတကြီးဖြင့် ပြောလိုက်လေသည်။
"စီနီယာအစ်ကို၊ ရှင် မသေသေးဘူးပဲ...။"
"ဒါက ဘယ်လို စကားမျိုးလဲ...။"
နင်းဖန်၏ အမူအရာမှာ တင်းမာသွားခဲ့လေသည်။
"မင်းက မင်းရဲ့ စီနီယာအစ်ကို ရေနစ်သေပါစေလို့ တကယ် မျှော်လင့်နေတာလား...။"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး...၊ ကျွန်မ မှားပြောမိတာပါ၊ ဟီးဟီး...။"
ကျန်းထန်က သူမ၏ လက်များကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီးနောက် အရူးမလေးလို ရယ်မောလိုက် လေသည်။
သူမ၏ မျက်လုံးသေးသေးလေးများက နင်းဖန်ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
ယခု နင်းဖန်တွင် တိုးဖျော့ပြီး လောကီနှင့် မသက်ဆိုင်သော တာအိုစည်းချက် တစ်ခု ရှိနေကြောင်း သူမ ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
ဤစည်းချက်မျိုးသည် ဖော်ပြရန် သို့မဟုတ် ရှင်းပြရန် ခက်ခဲလှသည်။
သို့သော် ၎င်းသည် အလွန် တည်ငြိမ်ပြီး နင်းဖန်၏ အရိုးအနက်ရှိုင်းဆုံးနေရာအထိ ထွင်းထုထားသကဲ့သို့ ရှိနေသည်။
ဤသည်မှာ ရွှမ်မင် အစစ်အမှန်ရေ ဖြင့် အရိုးများကို သန့်စင်ခြင်း၏ အထူးအကျိုးသက်ရောက်မှု ဖြစ် သည်။
"စီနီယာအစ်ကို၊ အခု မိုးချုပ်နေပြီ...။ ကျွန်မတို့ သူတော်စင်မိန်းမပျိုနန်းတော် ကို ပြန်သွားရအောင် လား...။"
နင်းဖန်၏ အပြစ်အနာအဆာကင်းလုနီးပါး ခန္ဓာကိုယ်၊ အထူးသဖြင့် ထိုသေသပ်လှသော ဝမ်းဗိုက်ကြွက် သားများကို ကြည့်ရင်း ကျန်းထန်၏ မျက်နှာမှာ ရုတ်တရက် နီရဲသွားလေသည်။
သူမ ဘာတွေတွေးနေမှန်းမသိဘဲ ရှက်ရွံ့စွာဖြင့် တိုးတိုးလေး မေးလိုက်လေသည်။
"မင်း အရင်ပြန်နှင့်လေ...၊ ငါ မပြီးသေးဘူး...။"
နင်းဖန်သည် ကောင်မလေး၏ ထူးဆန်းသော အပြုအမူကို သိပ်ဂရုမစိုက်ဘဲ သူ၏ လက်ကိုသာ ဝှေ့ယမ်း လိုက်လေသည်။
ဤသည်က ကျန်းထန်ကို မှင်တက်သွားစေပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကို၊ ရှင်က ဆက်လုပ်ဦးမလို့လား...။"
"ဒါပေါ့...။"
နင်းဖန်၏ မျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
"အရိုးသန့်စင်ခြင်း တစ်ကြိမ်လုပ်တိုင်း မတူညီတဲ့ တိုးတက်မှုတွေ ရနိုင်တယ်ဆိုတော့ ငါက သဘာဝကျ ကျပဲ တတ်နိုင်သမျှ များများ ရချင်တာပေါ့...။"
"ဒါပေမယ့်...၊ စီနီယာအစ်ကို၊ အဲဒါက အရမ်းနာတယ်လေ...။ ပြီးတော့ အရမ်းလည်း အန္တရာယ်များ တယ်...။"
ကျန်းထန်၏ မျက်နှာမှာ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သို့ရာတွင် သူမ၏ စကားများ ဆုံးသွားချိန်တွင် သူမ၏ မျက်လုံးထဲတွင် နင်းဖန်သည် သေရမည်ကိုပင် မကြောက်သော အမူအရာကိုသာ ပြသခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ဂျူနီယာညီမလေး၊ မဟာတာအို ကို ရှာဖွေတဲ့ လမ်းကြောင်းက ရှေးခေတ်ကတည်းက ဘယ်တုန်းကမှ မချောမွေ့ခဲ့ဘူး...။"
"ငါတို့ ကျင့်ကြံသူ တွေက မွေးရာပါ ကောင်းကင်ကြီးကို ဆန့်ကျင်တိုက်ပွဲဝင်နေရတာပဲ...။"
"အကယ်၍ တစ်ယောက်ယောက်က အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးချင်တယ်၊ နတ်ဘုရားဖြတ် သန်းခြင်းနယ်ပယ် ကို ရောက်ရှိချင်တယ်၊ ပြီးတော့ အမှန်တရားကို ရရှိခြင်း ကို လိုလားတယ်ဆိုရင် ရုပ်ပိုင်း ဆိုင်ရာ နာကျင်မှုလေးကို ဘယ်လိုလုပ် ဂရုစိုက်နေလို့ ရမှာလဲ...။"
"ဒီတစ်ကြိမ် ငါ ဆုံးဖြတ်ချက်ချပြီးပြီ၊ မင်း ငါ့ကို ဆက်ပြီး ဖျောင်းဖျနေစရာ မလိုပါဘူး...။"
"အဲဒီကန်ထဲမှာ ငါ နာကျင်လွန်းလို့ သေသွားရင်တောင်မှ ငါ လက်ခံတယ်...။"
နင်းဖန်၏ အသံ ထွက်ပေါ်လာသည်နှင့် သူသည် လှည့်ကာ ဝါးတောထဲသို့ လွတ်လပ်စွာ လျှောက်သွား ခဲ့လေတော့သည်။
ကျန်းထန်ကို ထိုနေရာတွင် မှင်တက်စွာ ရပ်ကျန်ခဲ့စေပြီး သူမ၏ မျက်လုံးထဲမှ အလင်းရောင်များမှာ ပိုမို ရှင်းလင်းလာခဲ့လေသည်။
သူမသည် သူမ၏ လက်များကို အသံချဲ့စက်တစ်ခုကဲ့သို့ ပါးစပ်နားတွင် စုဝိုင်းလိုက်ပြီး အသံကျယ် ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
"စီနီယာအစ်ကို၊ ဒါဆို ကျွန်မ ဒီမှာ ရှင့်အပြန်ကို စောင့်နေမယ်နော်...။ ရှင် သေချာပေါက် အောင်မြင် ရမယ်...။"
ကောင်မလေး၏ ကြည်လင်သော အသံကို ကြားရသောအခါ နင်းဖန်သည် နောက်သို့ လှည့်မကြည့်ဘဲ သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်လေသည်။
သူ၏ ပုံရိပ်သည် သိပ်သည်းသော ဝါးရိပ်များကြားတွင် မကြာမီ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ တပည့်များစွာသည် ဤမြင်ကွင်းကို ကြည့်နေကြပြီး သူတို့၏ နှလုံးသားများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
"နင်းဖန်က ရွှမ်မင် အစစ်အမှန်ရေ ထဲမှာ ငါးနာရီ တောင့်ခံနိုင်ခဲ့ပြီး ဆက်လုပ်ချင်နေသေးတာလား...။"
"သွေးခဲစနစ် လုပ်တုန်းကလိုပဲ အရိုးသန့်စင်ခြင်း အာနိသင်ကို မြှင့်တင်ဖို့ နတ်ဘုရားရေ အမျိုးအစားများ စွာကို သူ သုံးချင်နေတာလား...။"
"ဒါက အရမ်း အန္တရာယ်များလွန်းတယ်...၊ အဲဒီလို ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမျိုးက စိတ်ကူးကြည့် လို့တောင် မရဘူး...။"
"ပုံမှန်အားဖြင့် ယုံကြည်စိတ်ချရမှုမရှိပုံရတဲ့ တပည့်ခေါင်းဆောင် နင်း က ကျင့်ကြံခြင်းနဲ့ ပတ်သက် လာရင် ဒီလို တာအိုနှလုံးသား မျိုး ရှိနေမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး...။"
"နတ်ဘုရားရေ အမျိုးအစားများစွာထဲကို တိုက်ရိုက် ရေစိမ်တာက သေမျိုး တစ်ယောက် ခံနိုင်ရည်ရှိတဲ့ အရာမျိုး မဟုတ်ဘူး...၊ ရေစိမ်ရင်းနဲ့ သေသွားနိုင်ခြေတောင် ရှိတယ်...။"
"ဒီတစ်ကြိမ်တော့ နင်းဖန် တကယ်ကို အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီ...။"
"အရင်တုန်းက ငါတို့က သူ သူတော်စင်မိန်းမပျို အရှင်သူမြတ်ကို အနိုင်ကျင့်ပြီး လိမ်ညာမှုတွေနဲ့ ပြည့် နှက်နေလို့ သူ့ကိုပဲ တိုက်ခိုက်နေခဲ့တာ...၊ ဒါပေမယ့် ဒီမြင်ကွင်းကို ကြည့်ပြီး သူ ခံစားရမယ့် နာကျင်မှုကို တွေးကြည့်လိုက်တော့ ငါ ပိုပြီး စိတ်အေးသွားသလို ခံစားရတယ်...။"
"ဟုတ်တယ်...၊ နင်းဖန်က ဒီတစ်ကြိမ် တကယ်ပဲ အသက်ရှင်နိုင်မယ်ဆိုရင် ငါ့နှလုံးသားထဲမှာတော့ သူက ကမ္ဘာပေါ်မှာ ရဲရင့်မှုအရှိဆုံး ပါရမီရှင် ဖြစ်လာလိမ့်မယ်...။"
"ဒီလို ညှဉ်းပန်းနှိပ်စက်မှုအောက်မှာ သူ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ၊ နတ်ဘုရားရေ အမျိုး အစား ဘယ်နှစ်ခုကို သူ ခံနိုင်ရည်ရှိမလဲဆိုတာကိုပဲ ငါ သိချင်နေမိတယ်...။"
အတွင်းစည်းနှင့် အပြင်စည်းတို့မှာ ဆူညံနေခဲ့ကြလေသည်။
နင်းဖန်၏ ဆုံးဖြတ်ချက်ကြောင့် လူတိုင်း အံ့အားသင့်သွားကြခြင်းဖြစ်လေသည်။
မဟာတာအို ကို ရှာဖွေရန် သူ၏ နှလုံးသားမှာ ပြင်းပြလွန်းလှသည်။ သာမန်လူများ မခံနိုင်သော နာကျင်မှု ကို အကြိမ်များစွာ စမ်းသပ်ရန် သူ တုံ့ဆိုင်းမနေခဲ့ချေ။
အသန်မာဆုံးအရိုးများ ကို ဖန်တီးရန်အတွက်သာ ဖြစ်လေသည်။
သေဆုံးရမည်ကို ကြောက်ရွံ့ခြင်းပင်လျှင် ဤယုံကြည်ချက်ရှေ့တွင် ဖယ်ပေးလိုက်ရသည်။
တကယ်ကို သေရမယ်ဆိုရင်တောင်မှ တာအိုနှလုံးသား က နောင်တရမှာ မဟုတ်ဘူးဟု သူတို့ တွေးမိကြ သည်။
ကမ္ဘာပေါ်ရှိ သူရဲကောင်းများထဲတွင် မည်မျှလောက်က ဤသို့ လုပ်ဆောင်နိုင်မည်နည်း။
ဂိုဏ်း၏ အဆင့်မြင့်အရာရှိများသည်လည်း လေးစားအားကျသော အမူအရာများကို ပြသနေကြသည်။
သူတို့၏ နှလုံးသားများတွင် နင်းဖန်၏ ပြတ်သားသော စရိုက်လက္ခဏာအတွက် ချီးကျူးမှုများနှင့် မျှော်လင့်ချက်များ နှစ်ခုလုံး ရှိနေခဲ့သည်။
တစ်ချိန်က မီးကိုးမျိုး သွေးသစ္စာနည်းစနစ် ကို လုပ်ဆောင်ခဲ့ဖူးသော နင်းဖန်သည် ဤတစ်ကြိမ်တွင် မတူ ညီသော နတ်ဘုရားရေ အမျိုးအစား မည်မျှကို ခံနိုင်ရည်ရှိမည်ကို သူတို့အားလုံး သိချင်နေကြသည်။
အခန်း (၁၀၂) ထူးဆန်းသောရေ ဆယ့်နှစ်မျိုးလုံးကို အသုံးပြုပြီးနောက် မပျက်စီးနိုင်သော နတ်ဘုရား အရိုး တစ်ခု ဖြစ်တည်လာတယ်
အောက်ဘက်ရှိ ဝါးတောထဲတွင်။
နင်းဖန်သည် ဒုတိယမြောက် စမ်းရေကန်ကို လျင်မြန်စွာ ရှာတွေ့ခဲ့လေသည်။
ဤစမ်းရေကန်သည် ယခင်တစ်ခုနှင့် မတူဘဲ တည်ဆောက်ထားသည်။ ၎င်း၏အောက်တွင် ထွင်းထုထား သော ဝင်္ကပါများ ရှိပြီး မီးတောက်ပုံစံတစ်ခုကို ခပ်ရေးရေး မြင်တွေ့နေရပေသည်။
ကန်ထဲရှိ ရေမှာ ပို၍ပင် ထူးဆန်းနေသည်။ တစ်ချက်ကြည့်လိုက်လျှင် ၎င်းသည် ဖောက်ထွင်းမြင်ရသော အရည်တစ်မျိုးနှင့် တူနေသည်။
သို့သော် သေချာစွာ ကြည့်ရှုမည်ဆိုပါက ၎င်းသည် အစစ်အမှန်ရေ မဟုတ်ကြောင်း တွေ့ရှိရပေမည်။ ယင်းအစား ၎င်းသည် အစိုင်အခဲဖြစ်နေသော အပြာရောင်အအေးဓာတ် တစ်မျိုး ဖြစ်ပေသည်။
"နှစ်သောင်းချီ အပြာရောင်ဟင်းလင်းပြင်၊ ကောင်းကင်နှင့် မြေကြီး ထူးဆန်းသောရေများ ထဲမှ တစ်ခု...၊ အသုံးပြုဖို့အတွက် အစစ်အမှန် နေမင်းမီးတောက် နဲ့ အရည်ပျော်ရမယ်...။ အရိုးသန့်စင်ချိန်မှာ အအေး ဓာတ်က အလွန် နှေးကွေးစွာ စိမ့်ဝင်တဲ့အတွက် လုပ်ငန်းစဉ်ကို ကြာရှည်စေပေမယ့် အခိုင်မာဆုံးသော အခြေခံ အုတ်မြစ် ကို ချပေးတယ်...။"
အနီးအနားရှိ ကျောက်စာတိုင်တစ်ခုပေါ်တွင် အသေးစိတ် မိတ်ဆက်စကားတစ်ခု ရေးသားထားဆဲ ဖြစ် သည်။
၎င်းကို တစ်ကြိမ်ဖတ်ပြီးနောက် နင်းဖန်သည် အတွင်းစိတ်ဖြင့် အံ့အားသင့်စွာ မချီးကျူးဘဲ မနေနိုင်ခဲ့ ချေ။
ကောင်းကင်နှင့် မြေကြီး ထူးဆန်းသောရေများ ကြားတွင် ထိုသို့သော အထူးတည်ရှိမှုမျိုး ရှိနေလိမ့် မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အသုံးမပြုသည့်အခါ ၎င်းသည် မြူနှင်းများကဲ့သို့ ထိုနေရာတွင် လွင့်မျောနေသော အစိုင်အခဲဖြစ်နေ သည့် အအေးဓာတ် အစုအဝေးတစ်ခု ဖြစ်လေသည်။
၎င်းကို အရည်ပျော်ပြီး အသုံးမပြုမီ အစစ်အမှန်မီးတောက် ဖြင့် အပူပေးရမည် ဖြစ်ပေသည်။
အောက်ဘက်ရှိ ခပ်ရေးရေး မီးတောက်ပုံစံပါသော ဝင်္ကပါသည် ဤရည်ရွယ်ချက်အတွက် ပုံစံထုတ်ထား ခြင်း ဖြစ်ပုံရလေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဂိုဏ်းသည် မူလက စမ်းရေကန်များကို တည်ဆောက်စဉ်က မည်မျှ သေချာစေ့စပ်ခဲ့ကြောင်းကို မြင်တွေ့နိုင်ပေသည်။
ဤသို့ တွေးတောနေစဉ် နင်းဖန်၏ လက်များမှာ မနှေးကွေးချေ။
သူသည် သူ၏ တပည့်ကျောက်စိမ်းတိုကင်ကို ကျောက်စာတိုင်ပေါ်သို့ ဖိလိုက်ပြီး ဝင်္ကပါကို အသက်သွင်း ရန် ပံ့ပိုးမှုအမှတ်များ ကို အသုံးပြုလိုက်လေသည်။
မကြာမီ စမ်းရေကန်၏ အောက်ခြေတွင် အစစ်အမှန်မီးတောက် အစုအဝေးတစ်ခု လောင်ကျွမ်းလာခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဆန်းကြယ်မီးတောက် အမျိုးမျိုးအပေါ် နင်းဖန်၏ နားလည်မှုအရ ဤမီးမှာ အစစ်အမှန် နေမင်းမီးတောက် ပင် ဖြစ်သည်။
သူသည် ဆေးဖော်စပ်ခြင်း နှင့် မီးကိုးမျိုး သွေးသစ္စာနည်းစနစ် တွင် ၎င်းကို ယခင်က အသုံးပြုခဲ့ဖူးသည်။
ယခု အစစ်အမှန်မီးတောက် က ၎င်းကို ဖုတ်ကင်လိုက်သောအခါ စမ်းရေကန်ထဲရှိ အပြာရောင်အအေး ဓာတ် အစုအဝေးသည်လည်း လျင်မြန်စွာ စတင်အရည်ပျော်လာခဲ့သည်။
ရေခဲများ အရည်ပျော်သွားသကဲ့သို့ ဖောက်ထွင်းမြင်ရသော အရည်တစ်အိုင် ဖြစ်လာလေသည်။
ဤသည်ကို မြင်သောအခါ နင်းဖန်သည် အထဲသို့ ဝင်ရောက်ကာ စတင်စိမ်လိုက်၏။
တိုးဖျော့သော အေးမြမှုတစ်ခု သူ၏ ခန္ဓာကိုယ်ဆီသို့ ကူးစက်လာပြီး ရေထဲရှိ အထူးစွမ်းအင်များသည် သူ၏ အရေပြားထဲသို့ ဖြည်းညင်းစွာ စိမ့်ဝင်နေကြောင်း သူ ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
၎င်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများဆီသို့ တိုးဝင်သွားခဲ့လေသည်။
"ငါ့မှာသာ နာကျင်မှု ကင်းလွတ်ခွင့် မရှိရင် အခုလောက်ဆို နာကျင်လွန်းလို့ သတိလစ်နေလောက်ပြီ...။"
နင်းဖန်သည် သူ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော စိတ်လှုပ်ရှားမှုဖြင့် ပြောလိုက်လေသည်။
ဤ နှစ်သောင်းချီ အပြာရောင်ဟင်းလင်းပြင် သည် အန္တရာယ်မရှိပုံရသော်လည်း ၎င်း၏ ထိုးဖောက်ဝင် ရောက်မှုမှာ အလွန် ပြည့်စုံပြီး လုပ်ငန်းစဉ်မှာ သေချာပေါက် နာကျင်ရပေလိမ့်မည်။
အရေးအကြီးဆုံးမှာ ဤရေသည် နှေးကွေးစွာ စိမ့်ဝင်ခြင်းပင် ဖြစ်သည်။
ဤစိမ်သည့်အချိန်သည် ငါးနာရီထက် ပို၍ ကျော်လွန်သွားလိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
ဤသည်ကို တွေးမိသောအခါ နင်းဖန်သည် သမ်းဝေခြင်းကို မတားဆီးနိုင်ခဲ့ချေ။
စမ်းရေကန်၏ အလယ်ဗဟိုကို တစ်ချက်ကြည့်ပြီးနောက် သူသည် ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားကာ ထပ်မံ၍ ငုပ်ဆင်းသွားခဲ့လေတော့သည်။
တောင်တစ်လုံးကဲ့သို့ လေးလံသောသွေး ဖြင့် သူသည် အောက်ခြေသို့ တည်ငြိမ်စွာ နစ်မြုပ်သွားခဲ့သည်။ တရားထိုင်ရန် တင်ပျဉ်ခွေ ထိုင်မည့်အစား သူသည် ပက်လက်လှန်ကာ စတင် အနားယူလိုက်လေသည်။
ဤလှဲလျောင်းမှုသည် ရှစ်နာရီတိတိ ကြာမြင့်ခဲ့ချေသည်။
အပြင်ဘက်တွင် ကောင်းကင်သည် လင်းထိန်သော နေ့ခင်းဘက်မှ နေဝင်ချိန်သို့ ပြောင်းလဲသွားသည်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်းရှိ လူအုပ်ကြီးမှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ သူတို့၏ မျက်နှာ များမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် အချိန်မှာ ရိုးရှင်းစွာပင် ကြာမြင့်လွန်းသောကြောင့် ဖြစ်သည်။
ကိုးနာရီမြောက်ရောက်မှသာ နင်းဖန်သည် နောက်ဆုံးတွင် ရေကန်ထဲမှ ခုန်ထွက်လာခဲ့သည်။
ရေမျက်နှာပြင် သိသိသာသာ ကျဆင်းသွားသော စမ်းရေကန်ကို ကြည့်ရင်း သူသည် အနည်းငယ် ခေါင်း ညိတ်လိုက်ပြီးနောက် နောက်ထပ် စမ်းရေကန်တစ်ခုသို့ ဆက်သွားခဲ့လေသည်။
အကြီးအကဲများ သက်ပြင်းရှည်ကြီးများ ချလိုက်နိုင်ကြလေသည်။
"အေးစက်ရေအရိုးသန့်စင်ခြင်း အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို နှစ်မြှုပ်ထားဖို့ လိုတယ်လို့ ဒီကလေးကို ဘယ်သူက သင်ပေးလိုက်တာလဲ... တစ်ကြိမ်ကို တစ်ရက်နီးပါး အချိန်ယူရတယ်၊ ဒီအဘိုးကြီးရဲ့ နှလုံးက မခံနိုင်တော့ဘူး...။"
"ဒါပေမယ့် နင်းဖန်က နှစ်သောင်းချီ အပြာရောင်ဟင်းလင်းပြင် ထဲမှာ ဒီလောက်ကြာကြာ တောင့်ခံနိုင် ဖို့အတွက် ငါတို့ စိတ်ကူးထားတာထက် ပိုထူးချွန်တာ အမှန်ပဲ...။"
"ဟုတ်တယ်... အဲဒီရေက ကြည်လင်ပြီး အန္တရာယ်မရှိပုံရပေမယ့် တကယ်တော့ အနာကျင်ရဆုံးပဲ...။"
"အခု နင်းဖန်က ထူးဆန်းသောရေ နှစ်မျိုးနဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် လုပ်ပြီးပြီဆိုတော့ သူ့ရဲ့ အရိုး အခြေခံအုတ်မြစ် က တိုးတက်သွားပြီး တည်ငြိမ်တဲ့ တာအိုစည်းချက် တစ်ထပ် ထပ်တိုးလာတဲ့ အတွက် ပိုပြီး ခိုင်မာလာပြီ...။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ခွန်အားလည်း သိသိသာသာ တိုးလာမယ် လို့ ငါ ခန့်မှန်းတယ်...။"
"သူ့မှာ အားအင်တွေ ကျန်နေသေးတာကို ငါ မြင်တယ်၊ သူ တတိယတစ်ခုအတွက် သွားနေပြီ...။"
"ဒီတစ်ကြိမ် ရွေးချယ်မှုက...၊ ကျောက်စိမ်းအသွင်ပြောင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ လား...။"
အကြီးအကဲများစွာ သက်သာရာရသွားပြီး သူတို့အချင်းချင်း ဆွေးနွေးလိုက်ကြလေသည်။
နင်းဖန် တတိယမြောက် စမ်းရေကန်သို့ ရောက်ရှိလာသည်ကို သူတို့ မြင်သောအခါ စိတ်လှုပ်ရှားမှုကို မတားဆီးနိုင်ခဲ့ကြတော့ချေ။
ကောင်းကင်နှင့် မြေကြီး ထူးဆန်းသောရေ နှစ်မျိုးဖြင့် အရိုးများကို သန့်စင်ခြင်းသည်ပင် မကြုံစဖူးသော လုပ်ရပ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
သို့သော် နင်းဖန်က တတိယခြေလှမ်းကို လှမ်းခဲ့ပြီဖြစ်ပေသည်။
သူ၏ စိတ်ဆန္ဒမှာ ရိုးရှင်းစွာပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာလှလေသည်။
ဤတစ်ကြိမ်တွင် ကောင်းကင်နှင့် မြေကြီး ထူးဆန်းသောရေများ ထဲမှ ကျောက်စိမ်းအသွင်ပြောင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ ဖြစ်သည်။ ဤရေထဲတွင် စိမ်သောအခါ အရိုးများသည် ခေတ္တမျှ ကျောက်စိမ်းကဲ့ သို့ အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ၎င်းတို့၏ ကျိုးပဲ့လွယ်မှုမှာ အလွန် တိုးလာမည်ဖြစ်သည်။
သို့သော် အကယ်၍ တစ်ဦးတစ်ယောက်က ၎င်းကို တောင့်ခံနိုင်ပါက အရိုးများသည် ကျောက်စိမ်းကဲ့သို့ နွေးထွေးသော အသွင်အပြင်နှင့် ဝိညာဉ်စွမ်းအင် ဆွဲဆောင်မှု ကို ထာဝရ ရရှိသွားမည် ဖြစ်လေသည်။
ထိုစဉ်က သူတော်စင်မိန်းမပျို သည် အေးစက်ရေအရိုးသန့်စင်ခြင်း ကို လုပ်ဆောင်စဉ် ဤရေကို အသုံး ပြုခဲ့လေသည်။
သူမ၏ ခိုင်မာသော ယုံကြည်ချက်ဖြင့် သူမသည် ၎င်းအတွင်း သုံးနာရီခွဲကြာအောင် ရုန်းကန်တောင့်ခံနိုင် ခဲ့ပေသည်။
အကျိုးသက်ရောက်မှုမှာ ထင်ရှားလှပေသည်။
သူတော်စင်မိန်းမပျို၏ နောက်ပိုင်း ဝိညာဉ်စွမ်းအင်ကို အားစိုက်ထုတ်စရာမလိုဘဲ ထိန်းချုပ်နိုင်စွမ်းမှာ ဤအရိုးသန့်စင်ခြင်းနှင့် ခွဲခြား၍မရဟု ဆိုနိုင်ပေသည်။
ယခုအချိန်တွင် နင်းဖန်သည် တုံ့ဆိုင်းမနေသေးဘဲ ရေထဲသို့ တိုက်ရိုက် ဆင်းသွားခဲ့လေသည်။
ကျောက်စိမ်းအသွင်ပြောင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ သည် အခြားသော ထူးဆန်းသောရေများနှင့် မတူညီ သော အသွင်အပြင် ရှိသည်။ ရေမှာ အနည်းငယ် စေးကပ်နေပြီး အအေးဓာတ်မှာ တစ်လှိုင်းပြီးတစ်လှိုင်း အဆုံးမရှိ တိုက်ခိုက်လာခဲ့သည်။
အကယ်၍ နင်းဖန်သာ နာကျင်မှုမှ ကင်းလွတ်ခွင့် ရရန် မြစ်ချောင်းအားလုံး ပင်လယ်သို့ စီးဝင်ခြင်း ပါရမီ မရှိပါက ဤအအေးလှိုင်းများသည် နှိုင်းယှဉ်၍မရအောင် ကြီးမားသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်ပေ လိမ့်မည်။
ဤတစ်ကြိမ်တွင် နင်းဖန်သည် လေးနာရီသာ စိမ်ခဲ့လေသည်။
သူသည် စမ်းရေကန်အတွင်းရှိ စွမ်းအင်အများစုကို စုပ်ယူပြီးပြီဖြစ်၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ ထပ်မံပြောင်းလဲသွားသည်ကို သူ ရှင်းလင်းစွာ ခံစားနိုင်ပေသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ ရွေ့လျားသောအခါ ၎င်းသည် ပို၍ပင် ဆွဲဆောင်မှု ရှိလာ ခဲ့သည်။
ဤချက်ချင်းရရှိသော အပြုသဘောဆောင်သည့် တုံ့ပြန်မှုက နင်းဖန်ကို ပိုပို၍ စိတ်အားထက်သန် လာစေခဲ့သည်ပင်။
ထို့ကြောင့် သူသည် တစ်ခဏမျှပင် မရပ်တန့်ဘဲ နောက်ထပ် စမ်းရေကန်တစ်ခုဆီသို့ ချက်ချင်း ပြေးသွား ခဲ့လိုက်သည်။
ရက်အတော်ကြာပြီးနောက် နင်းဖန်သည် ကောင်းကင်နှင့် မြေကြီး ထူးဆန်းသောရေ ဆယ့်နှစ်မျိုးတိတိ တွင် စိမ်ခဲ့ပေသည်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ သည်မှာ ကြာပြီဖြစ်၏။
လူတိုင်းသည် အစပိုင်း စိုးရိမ်မှုမှ စိတ်လှုပ်ရှားမှုသို့၊ ထို့နောက် ယခု သူတို့၏ ထုံကျင်နေမှုဆီသို့ ပြောင်းလဲသွားခဲ့ကြသည်။
နင်းဖန်က ထိုကြောက်မက်ဖွယ်ကောင်းသော ပုံမှန်မဟုတ်သည့် ထူးဆန်းသောရေ စမ်းရေကန်များထဲသို့ အကြိမ်ကြိမ် ဝင်ထွက်နေသည်ကို ကြည့်ရင်း သူတို့၏ စိတ်များ ဗလာဖြစ်နေခဲ့ကြသည်။
သူတို့သည် ဘာပြောရမှန်းမသိအောင် လုံးဝ စကားလုံးများ ပျောက်ဆုံးသွားခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းမှာ ရိုးရှင်းစွာပင် ရယ်စရာကောင်းလွန်းသောကြောင့် ဖြစ်သည်။
နင်းဖန်သည် မည်သို့ပင်ဖြစ်စေ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့် အစပိုင်းတွင် သူ စမ်းရေကန် သုံးခုတွင် ပြဿနာမရှိဘဲ စိမ်ခဲ့ခြင်း၏ သက်ရောက်မှုမှာ ရှိခဲ့သော်လည်း အများဆုံးအနေဖြင့် ၎င်းသည် မီးကိုးမျိုး သွေးသစ္စာနည်းစနစ် နှင့် တန်းတူသာ ရှိခဲ့သည်။
သို့သော် နောက်ပိုင်းတွင် နင်းဖန်သည် နှလုံးသားမဲ့သော ရေစိမ်သည့် စက်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲ သွားပုံရလေသည်။
သူသည် သူ၏ အမူအရာ သို့မဟုတ် နှလုံးခုန်နှုန်း မပြောင်းလဲဘဲ စမ်းရေကန်များကို အဆက်မပြတ် ပြောင်းလဲနေခဲ့ရာ တစ်ချိန်တွင် လူတိုင်း၏ ဦးရေပြားများကို ထုံကျင်သွားစေခဲ့သည်။
အချို့က နင်းဖန်သည် မွေးရာပါ နာကျင်မှုကို ခံစားနိုင်စွမ်းမရှိဘဲ မွေးဖွားလာသလားဟုပင် စတင် သံသယဝင်လာခဲ့ကြလေသည်။
မဟုတ်လျှင် သူက ဘာကြောင့် ကောင်းကင်နှင့် မြေကြီး ထူးဆန်းသောရေ ထဲတွင် အဆက်မပြတ် စိမ်နိုင် ပြီး ထိုလုပ်ငန်းစဉ်အတွင်း သူ၏ မျက်နှာပေါ်တွင် နာကျင်မှု အရိပ်အယောင်လေးပင် မပြသရသနည်းဟု တွေးမိနေခဲ့ကြပေသည်။
အကယ်၍ အမှန်တကယ်သာ ဆိုပါက ဤနင်းဖန်သည် အရမ်းကံကောင်းလွန်းပေသည်။ အခြားသူများ အိပ်မက်မက်ရသော ဤပါရမီမျိုးကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်းပင် ဖြစ်လေသည်။
သို့သော် သူ၏ ယခင်က မဟာတာအို အပေါ် တစ်စိုက်မတ်မတ် ရှိပြီး နာကျင်မှုကို မကြောက်ရွံ့ကြောင်း လေးနက်သော စကားများမှာ ယခုအခါ အနည်းငယ် ရယ်စရာကောင်းနေပုံရပြီး ၎င်းမှာ သူတော်စင် မိန်းမပျိုကို လှည့်စားရန် နောက်ထပ် လှည့်ကွက်တစ်ခု လုံးလုံးလျားလျား ဖြစ်နေသည်ဟု ခံစားကြရ သည်။
ဤသည်ကို တွေးမိသောအခါ တပည့်များစွာမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားခြင်းကို မတားဆီး နိုင်ခဲ့ကြချေ။ သူတို့သည် နင်းဖန်၏ လှည့်စားမှုကို ထပ်မံခံလိုက်ရသည်ဟု ခံစားခဲ့ကြရလေသည်။
အလယ်စက်ဝိုင်းတွင် အကြီးအကဲများက ထိုမျှလောက် မတွေးကြပေ။
ရွှီယိုဝေ က ရေတွက်နေပြီး သူတို့ကို မိသားစု ရတနာများကဲ့သို့ ရွတ်ဆိုပြနေသည်။
"နင်းဖန်က အခုထိ ရွှမ်မင် အစစ်အမှန်ရေ၊ နှစ်သောင်းချီ အပြာရောင်ဟင်းလင်းပြင်၊ ကျောက်စိမ်းအသွင် ပြောင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ၊ ဝူရှန်း အားပျော့ရေ၊ အရိုးစား ငရဲစမ်းရေ၊ ရေခဲဝိညာဉ် အသက်ရှည်အ ရည် ၊ အမြင့်မြတ်ဆုံး ယင်လမင်း အဆီအနှစ် နှင်းရည်၊ နှင်းကြယ် ကောင်းကင်မြစ်၊ အေးခဲ ဆီးနှင်းရေ စေး၊ အပြာရောင်ကျဆင်းခြင်း အေးစက်ရေကန်၊ ထာဝရရေခဲ မြစ်အဆီအနှစ်၊ နဲ့ ငရဲကိုးထပ်စမ်းရေ တို့ ကို သုံးပြီးသွားပြီ...။ အရိုးသန့်စင်ဖို့အတွက် ကောင်းကင်နှင့် မြေကြီး ထူးဆန်းသောရေ စုစုပေါင်း ဆယ့်နှစ်မျိုးပဲ...။"
"သူ့ရဲ့ အရိုးတွေက မတူညီတဲ့ လက္ခဏာ ဆယ့်နှစ်မျိုးကို ပေါင်းစပ်ထားပြီးပြီ...။"
"ဒီကမ္ဘာပေါ်က တစ်ယောက်ယောက်က သေးငယ်တဲ့ အေးစက်ရေအရိုးသန့်စင်ခြင်း နည်းစနစ် ကို ဒီလို ဆန်းသစ်တဲ့ အမြင့်အထိ ယူဆောင်သွားနိုင်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး...။"
သူ စကားပြောနေစဉ် ရွှီယိုဝေမှာ အလွန် စိတ်လှုပ်ရှားနေခဲ့လေသည်။
အေးစက်ရေအရိုးသန့်စင်ခြင်း ကို လုပ်ဆောင်သော သာမန်လူများသည် ထူးဆန်းသောရေ တစ်မျိုး တည်းကိုသာ အသုံးပြုကြပြီး ၎င်းက အရိုးများတွင် လက္ခဏာ တစ်ခု ထပ်ပေါင်းထည့်ပေးလေသည်။
မည်ကဲ့သို့ ရွေးချယ်ရမည်ကိုမူ ကိုယ်ပိုင် ရုပ်ခန္ဓာ သို့မဟုတ် ကျင့်ကြံနေသော ကျင့်ကြံခြင်းနည်းစနစ် အပေါ် အခြေခံ၍ ဆုံးဖြတ်မည် ဖြစ်သည်။
ဥပမာအားဖြင့် သူတော်စင်၏ ထိုက်ယင် မြင့်မြတ်ခန္ဓာကိုယ် ဖြင့် သူသည် ထိုက်ယင် လက္ခဏာအပေါ် အားကိုးပြီး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အတွက် အမြင့်မြတ်ဆုံး ယင်လမင်း အဆီအနှစ် နှင်းရည် ကို အသုံးပြုခဲ့ကာ အားသာချက်တိုင်း ရှိသည်ဟု ဆိုနိုင်ပေသည်။
ထို့အပြင် အမြင့်မြတ်ဆုံး ယင်လမင်း အဆီအနှစ် နှင်းရည် သည် သတ်မှတ်ထားသော အချိန်များတွင် လအဆီအနှစ်ကို လက်ခံရယူခြင်းဖြင့် သန့်စင်ခြင်း ဖြစ်ပေသည်။
အရိုးသန့်စင်စဉ်အတွင်း ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများတွင် နားလည်ရခက်သော လပုံစံများ စွဲထင်သွား မည် ဖြစ်ပေသည်။
ဤပုံစံများဖြင့် အနာဂတ်တွင် ထိုက်ယင်၊ ဒီရေများနှင့် စသည်တို့နှင့် သက်ဆိုင်သော နတ်ဘုရား စွမ်းရည်များ နိုးထလာရန် အခွင့်အရေး တစ်ခု ရှိပေသည်။
ဤသည်မှာ မိမိကိုယ်တိုင် ဖန်တီးသော နတ်ဘုရားစွမ်းရည်များ၏ လမ်းကြောင်းဖြစ်ပြီး ၎င်းတို့၏ စွမ်းအားမှာ ကျမ်းစာဆောင် ရှိ ထိုနတ်ဘုရားစွမ်းရည်များနှင့် နည်းစနစ်များထက် များစွာ သာလွန်ပေ သည်။
နောက်ထပ် ဥပမာတစ်ခုမှာ သူတော်စင်မိန်းမပျို၏ နေဝင်နေထွက်အင်္သချေ မူလတာအိုခန္ဓာကိုယ် ဖြစ်ပြီး မနက်ခင်း အရောင်အဝါ၏ မဟာတာအို နှင့် သဘာဝအတိုင်း ပဲ့တင်ထပ်နေခဲ့လေသည်။
ထို့ကြောင့် သူတော်စင်မိန်းမပျိုသည် ကျောက်စိမ်းအရိုးများကို ဖန်တီးရန် ကျောက်စိမ်းအသွင်ပြောင်း ဝိညာဉ်ရိုးတွင်းခြင်ဆီ ကို ရွေးချယ်ခဲ့ပြီး ဝိညာဉ်စွမ်းအင် ဆွဲဆောင်မှု လမ်းကြောင်းပေါ်တွင် ပိုမို ရှေ့ဆက် ရန် ကြိုးစားခဲ့သည်။
သို့သော် နင်းဖန်မှာမူ ထိုသို့မဟုတ်ချေ။
အခြားသူများက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အတွက် မည်သည့် ထူးဆန်းသောရေ အမျိုးအစား ကို အသုံးပြုရမည်ကို တုံ့ဆိုင်းနေကြဆဲ အချိန်တွင် သူက လုံးဝ မရွေးချယ်ခဲ့ချေ၊ သူက အားလုံးကို ယူခဲ့ ပေသည်။
သူသည် ဝင်ရိုးစွန်းနှစ်ခုတောင်ထိပ် တစ်ခုလုံးရှိ စမ်းရေကန်တိုင်းတွင် စိမ်ခဲ့သည်။
ဒါက ဟုတ်ရဲ့လားဟု တွေးမိကြပြီး ထိုအချင်းအရာကို မြင်သူတိုင်းက ရယ်စရာကောင်းလွန်းတယ်ဟု ပြောဆိုရမည့်အခြေအနေဖြစ်နေခဲ့သည်ပင်။