အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း (၁၀၇) ငိုရွှဲ့နေတဲ့ မိုးမခပင်ကို ဆွဲနှုတ်လိုက်တဲ့ လင်တိုင်ယွီ လိုမျိုး
"စီနီယာအစ်ကိုလီ၊ ခင်ဗျား ပြောချင်တာ ပြောလို့ရပါတယ်၊ ဒါပေမယ့် ကျေးဇူးပြုပြီး ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို မထည့်ပါနဲ့၊ အခြားသူတွေကိုလည်း မတိုက်ခိုက်ပါနဲ့...။"
ရှောင်ချာသည် သူ၏ လက်များကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။
ဆေးဖော်စပ်ခြင်းနှင့် မှော်လက်နက်သန့်စင်သူများ၏ အတတ်ပညာသည် ကျင့်ကြံခြင်းကမ္ဘာတွင် လူတိုင်း လေးစားရသော ထိပ်တန်း အထောက်အကူပြု အသက်မွေးဝမ်းကျောင်းပညာ နှစ်ခု ဖြစ်သည်။
ထို့ကြောင့် ဤကျောင်းနှစ်ကျောင်းမှ ကျင့်ကြံသူများသည် မကြာခဏဆိုသလို သဘောထားကွဲလွဲ လေ့ရှိကြပြီး တစ်ဦးကိုတစ်ဦး အထင်သေးလေ့ရှိကြလေသည်။
တစ်ဦးစီက သူတို့ လေ့လာနေသော လမ်းကြောင်းသည် ပို၍ တန်ဖိုးရှိပြီး ပို၍ ရေပန်းစားသည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် လီချန်မင်၏ မပွင့်တပွင့် မှတ်ချက်က ရှောင်ချာကို ချက်ချင်း မကျေမနပ် ဖြစ်သွားစေခဲ့သည်။
သူက ဆက်လက်၍ တင်းမာစွာ တုံ့ပြန်လိုက်သည်။
"မဟာအကြီးအကဲ ကလည်း ထူးခြားတဲ့လူတွေက ထူးခြားတဲ့ အလုပ်တွေကို လုပ်တယ်လို့ ပြောခဲ့တယ် လေ...။"
"နင်းဖန်က ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို ဖျော်စပ်နိုင်မှတော့ သူက ကောင်းကင်အဆင့် လက်နက်တွေကိုရော ဘာလို့ မဖန်တီးနိုင်ရမှာလဲ...။"
သူ ဤစကားကို ပြောလိုက်သည်နှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ် လိုက်ကြလေသည်။
နင်းဖန်သည် အံ့သြဖွယ်ရာများကို များစွာ ဖန်တီးခဲ့ပြီးဖြစ်ရာ ယခုအခါ လူတိုင်းက သူ့အပေါ် အလွန်မြင့် မားသော ယုံကြည်မှု အဆင့်တစ်ခု ရှိနေကြပြီ ဖြစ်သည်။
သူ ဘယ်လောက်ပဲ ရယ်စရာကောင်းတဲ့ အလုပ်ကို လုပ်လုပ် အောင်မြင်နိုင်ခြေ ရှိတယ်လို့ သူတို့ ယုံကြည်ကြပေသည်။
ရှောင်ချာက ဦးဆောင်ကာ အခြား စီနီယာအစ်ကိုများနှင့် ဂျူနီယာညီလေးများက နင်းဖန်ကို ဤသို့ ကာကွယ်ပေးနေသည်ကို မြင်သောအခါ လီချန်မင်၏ အမူအရာမှာလည်း အနည်းငယ် ကြည့်ရဆိုးလာ ခဲ့သည်။
သူက ရှောင်ချာကို အရင် ရှင်းပြလိုက်သည်။
"ငါ စကားမှားသွားတာပါ၊ ဆေးဖော်စပ်ခြင်း တာအို ကို ငါ အထင်သေးတာ မဟုတ်ပါဘူး...။"
"ဂျူနီယာညီလေး မင်းမသိလောက်ပေမယ့် မိုးကြိုးကို လမ်းညွှန်ပေးတဲ့ မှော်လက်နက်ဖန်တီးခြင်း ပုံစံ ကြမ်းတွေက ရှေးဟောင်းခေတ် အဆုံးပိုင်းလောက်ကတည်းက လုံးဝ ပျောက်ကွယ်သွားခဲ့တာ...။"
"အခု ဂိုဏ်းအသီးသီးက သုံးနေတဲ့ လက်နက်တွေအားလုံးက ရှေးဟောင်းခေတ် ပြီးတဲ့နောက်ပိုင်း မှော်လက်နက်သန့်စင်သူများ က တီထွင်ထားကြတာချည်းပဲ...။"
"ထိရောက်မှု အပိုင်းမှာတော့ ရှေးခေတ်ပညာရှိတွေရဲ့ ပုံဆောင်ခဲလို ကြည်လင်တဲ့ ဉာဏ်ပညာနဲ့ သဘာဝကျကျ မယှဉ်နိုင်ဘူးပေါ့...။"
ဤအချိန်တွင် သူက လူအုပ်ကြီးကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ သူက လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်သည်။
"ဒါကြောင့် ငါ့ရဲ့ မြေကမ္ဘာအဆင့်နိမ့် သံချပ်ကာကို နင်းဖန်က အထင်သေးတဲ့ ကိစ္စကို ခဏ ဘေးဖယ် ထားလိုက်ရအောင်...။"
"သူကိုယ်တိုင် ဖန်တီးမယ်လို့ ပြောတာကိုပဲ ကြည့်ရအောင်၊ အဲဒါ ဖြစ်နိုင်မယ်လို့ မင်းတို့ ထင်လား...။"
"ဂိုဏ်းမှာ ကမ္ဘာဦး အပျက်အစီး ပျက်စီးခြင်းကင်းမဲ့သော ခန္ဓာကိုယ် မူလအစ ဆေးညွှန်း ရှိနေလို့သာ သူက ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို သန့်စင်နိုင်ခဲ့တာလေ...။"
"ဒါပေမယ့် ကောင်းကင်အဆင့် လမ်းညွှန်လက်နက်အတွက် ပုံစံကြမ်းကရော...၊ ငါတို့ဂိုဏ်းမှာ အဲဒါ လုံးဝ မရှိဘူးလေ...။"
သူ၏ စကားအဆုံးတွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့ဖြေရမည်ကို မည်သူမျှ မသိကြချေ။
မည်သို့ပင်ဆိုစေ လီချန်မင် ပြောသည်မှာ အဓိပ္ပာယ်ရှိပေသည်။
နင်းဖန်က မြေကမ္ဘာအဆင့်နိမ့် ကို အမှိုက်ဟု ပြောခဲ့ပြီး သူကိုယ်တိုင် ရတနာကြီးတစ်ခုကို ဖန်တီးမည်ဟု ဆိုခဲ့သည်။
ထိုအဆင့်သည် ၎င်းထက် သေချာပေါက် သာလွန်မည်ဖြစ်ပြီး ကောင်းကင်အဆင့် သို့ပင် ရောက်ရှိနိုင်ပေ သည်။ သို့သော် ပြဿနာမှာ ဂိုဏ်းတွင် ၎င်းအတွက် ပုံစံကြမ်းများ လုံးဝ မရှိခြင်းပင် ဖြစ်သည်။
သူက ဘယ်လိုလုပ် အဲဒါကို ဖန်တီးမှာလဲဟု သူတို့ တွေးမိကြသည်။
ထို့အပြင် အကယ်၍ ပုံစံကြမ်းများသာ ရှိမည်ဆိုပါက နင်းဖန်ကိုပင် လိုအပ်မည် မဟုတ်ချေ။
လီချန်မင်ကိုယ်တိုင်က ထိုသို့သော လက်နက်များကို အချိန်အတော်ကြာကတည်းက ဖန်တီးခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ထိုစဉ်က သူတော်စင်မိန်းမပျို သည် ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်းစနစ် ကို အသုံးပြုသောအခါ သူမသည် မြေကမ္ဘာအဆင့် မိုးကြိုးကန် သို့သာ ဝင်ရောက်ခဲ့မည် မဟုတ်ချေ။
ထို့ကြောင့် သူတို့၏ အတွေးများကို ရှင်းလင်းပြီး လက်ရှိအခြေအနေ၏ အမှန်တရားကို ရင်ဆိုင်ရ သောအခါ လူအုပ်ကြီးသည်လည်း တိတ်ဆိတ်သွားခဲ့ကြလေသည်။
သူတို့သည် နင်းဖန်ကို ယုံကြည်သည်မှာ မှန်ပါသည်။ သို့သော် လက်ရှိ ပတ်ဝန်းကျင်သည် ယခင်ကနှင့် မတူတော့ချေ၊ ပုံစံကြမ်းများ ပျောက်ဆုံးသွားပြီ ဖြစ်သည်။
ဤသည်က ဖြစ်နိုင်ခြေကို အခြေခံကတည်းက ဖြတ်တောက်လိုက်ခြင်းပင်။
အကောင်းဆုံး စားဖိုမှူးပင်လျှင် ထမင်းချက်ရန် ဆန်လိုအပ်သည်၊ ရင်းမြစ်မရှိသော ရေ၊ အမြစ်မရှိသော သစ်ပင်၊ မည်သူပင် လာပါစေ အားလုံး အလကားပင် ဖြစ်သည်။
လီချန်မင်၏ ရှင်းပြချက်ကို ကြားပြီးနောက် ပတ်ဝန်းကျင်ရှိ တပည့်များကလည်း တိုးတိုးလေး စတင် ဆွေးနွေးလာကြသည်။
"နင်းဖန်က သူ့ရဲ့ မှော်လက်နက်ဖန်တီးခြင်း စွမ်းရည်ကို ငါတို့ကို ပြတော့မယ်လို့ ငါထင်ခဲ့တာ...။"
"ဒါတွေ အားလုံး ပြီးသွားတော့ သူက သူတော်စင်မိန်းမပျိုရှေ့မှာ လေကြီးလေကျယ် ထပ်ပြောနေ တာပဲ...။"
"သိုလှောင်ရုံထဲကနေ ပစ္စည်း အပုံလိုက်ကြီး သယ်လာတော့ သူက တော်တော်လေး ဟုတ်နေသလိုပဲ၊ ငါတောင် ယုံမိမလို့ ဖြစ်သွားတယ်...။"
"ဒါပေမယ့် ကောင်းကင်မိုးကြိုး ကို လမ်းညွှန်တဲ့ ထိရောက်မှုကို တိုးတက်စေမယ့် လက်နက်တစ်ခုကို နင်းဖန် တကယ်ပဲ ဖန်တီးနိုင်ပါစေလို့ ငါ မျှော်လင့်မိတယ်...။ ဂိုဏ်းက သုံးနေတဲ့ မြေကမ္ဘာအဆင့်နိမ့် မိုးကြိုးအလင်းသံချပ်ကာ က တကယ်ကို အသုံးမဝင်လွန်းလို့ပါ...။"
"ဟုတ်တယ်...၊ ကောင်းကင်အဆင့် လမ်းညွှန်လက်နက်တစ်ခု တကယ်ပဲ ပေါ်လာမယ်ဆိုရင် ငါတို့မျိုး ဆက်က သုံးခွင့်မရတော့ပေမယ့် ဂိုဏ်းရဲ့ အနာဂတ် မျိုးဆက်တွေအတွက် အကျိုးရှိနိုင်တယ်...။"
"လာမယ့် တပည့်မျိုးဆက်ပေါင်း မရေမတွက်နိုင်အောင် ကောင်းချီးပေးခံရနိုင်တယ်...။"
တပည့်များစွာ စကားပြောနေစဉ်တွင် သူတို့သည် နင်းဖန်ကို နောက်ပြောင်ခြင်း သို့မဟုတ် နောင်တရစွာ ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိပ်တန်း အင်အားစုတစ်ခု၏ အစစ်အမှန်တပည့်များ အနေဖြင့် သူတို့တွင် ပိုမိုကြီးမားသော ရုပ်လုံးပေါ် အခြေခံ အသိတရား ရှိနေဆဲဖြစ်သည်။ နင်းဖန် အရှက်ကွဲသည်ကို မြင်ရခြင်းထက် နင်းဖန် အောင်မြင် သွားမည်ကို သူတို့ အမှန်တကယ် မျှော်လင့်နေကြသည်။
မည်သို့ပင်ဆိုစေ ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်းစနစ် သည် ရိုးရှင်းစွာပင် အလွန် အန္တရာယ်များလွန်းလှသည်။
ရေတွက်မရနိုင်သော နှစ်ပေါင်းများစွာအတွင်း ဂိုဏ်းရှိ ရည်မှန်းချက်ကြီးသော ပါရမီရှင် တပည့် မည်မျှ သည် ၎င်းကို ကျင့်ကြံရင်း ကံမကောင်းစွာဖြင့် ကျဆုံးသွားခဲ့ရသည်ကို မည်သူသိနိုင်မည်နည်း။
ထျန်းကုန်းတောင်ထိပ် အကြီးအကဲ အဆက်ဆက်က တီထွင်ခဲ့သော လမ်းညွှန်လက်နက်များကိုချည်း အားကိုးနေရုံဖြင့် တစ်ဦးတစ်ယောက်၏ အသက်ကို ကာကွယ်ရန် လုံးဝ မလုံလောက်ပေ။
လီချန်မင် ဖန်တီးထားသော မိုးကြိုးအလင်းသံချပ်ကာ ကို ဥပမာအနေဖြင့် ယူကြည့်နိုင်သည်။
၎င်းမှာ မြေကမ္ဘာအဆင့်နိမ့် တွင်သာ ရှိသေးသည်၊ ကောင်းကင်တာအို နတ်ဘုရားမိုးကြိုး များနှင့် ရင်ဆို င်ရသောအခါ ၎င်းက တပည့်တစ်ဦး၏ လုံခြုံရေးကို မည်သို့ ကာကွယ်ပေးနိုင်မည်နည်း။
တိုးတက်မှုမှာ အလွန် သေးငယ်လှသည်၊ ထိုရှင်သန်ရန် အခွင့်အရေးလေးအတွက် တိုက်ပွဲဝင်ရန်မှာ မည်သည့်အရာထက်မဆို တပည့်များ ကိုယ်တိုင်အပေါ်တွင်သာ မူတည်နေဆဲ ဖြစ်သည်။
ထို့ကြောင့် နင်းဖန်က ကောင်းကင်အဆင့် လမ်းညွှန်လက်နက်တစ်ခုကို တကယ်ပဲ ဖန်တီးနိုင်မည်ဆိုလျှင် ၎င်းမှာ ဂိုဏ်းအတွက် ကြီးမားသော ကံကောင်းမှုကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
ဤမျိုးဆက်မှ အစစ်အမှန်တပည့်များ၏ ကျင့်ကြံခြင်း သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် ကို လုံးဝ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ဤအကျိုးကျေးဇူးကို သူတို့ မခံစားနိုင်တော့သော်ငြားလည်း ဂိုဏ်း၏ အနာဂတ်တပည့်များကိုမူ ၎င်းက ကာကွယ်ပေးနိုင်ပေလိမ့်မည်။
နှမြောစရာပဲ...၊ နင်းဖန်သည် အမြင့်ဆုံးသော မှော်လက်နက်ဖန်တီးခြင်း စွမ်းရည်များကို အမှန်တကယ် ပိုင်ဆိုင်ထားလျှင်ပင် ပုံစံကြမ်းများ မရှိဘဲနှင့် အားလုံးမှာ အလကားပင် ဖြစ်သည်ဟု သူတို့ တွေးမိကြ လေသည်။
အောက်ဘက်၊ ထျန်းကုန်းတောင်ထိပ်တွင်။
သူ၏ ပေါ့ပေါ့ပါးပါး စကားများက မှော်လက်နက်ဖန်တီးခြင်း အကြီးအကဲ လီချန်မင်ကို ဒေါသကြောင့် သေလုနီးပါး ဖြစ်သွားစေခဲ့ကြောင်းကို နင်းဖန် သဘာဝကျကျပင် မသိခဲ့ချေ။
ယခုအချိန်တွင် ထိုပစ္စည်း အပုံလိုက်ကြီးကို သယ်ဆောင်ကာ သူသည် ပင်မခန်းမ၏ အနက်ရှိုင်းဆုံးနေရာ ရှိ မီးဆွဲဆောင်ခြင်း ဝင်္ကပါ စင်မြင့် သို့ ရောက်ရှိလာခဲ့သည်။
သူ၏ စိတ်ထဲရှိ ပုံစံကြမ်း ၏ လုပ်ငန်းစဉ်အတိုင်း သန့်စင်ရန်အတွက် မီးကို သူ စတင်မွှေးလိုက်သည်။
"ကမ္ဘာဦး သံလိုက်ကြယ်သံမဏိ ကို အကြိမ်သုံးကြိမ် အရည်ကျိုဖို့ မြေကမ္ဘာအမြုတေမီး ဒါမှမဟုတ် ကြယ်အစစ်အမှန်မီး ကို သုံးပါ...။"
"တစ်ကြိမ်စီမှာ အတွင်းပိုင်း အညစ်အကြေးများ နဲ့ ကြယ်တာရာ သံလိုက်စွမ်းအား တွေကို သေချာနှိုးဆွ ဖို့အတွက် အကြိမ် ကိုးထောင် ကိုးရာ ထုရမယ်...။"
"ညီညာစွာ ဖြန့်ခွဲပြီးသွားတာနဲ့ မိုးကြိုးတွေကို အားပျော့စွာ ဆွဲဆောင်နိုင်ပြီး လမ်းကြောင်းပြောင်းပေးနိုင် တဲ့ ထီးကိုင်းတစ်ခု ဖန်တီးနိုင်ပြီ...။"
သေချာစေ့စပ်သော အမူအရာဖြင့် နင်းဖန်သည် မှော်လက်နက်ဖန်တီးရေး စင်မြင့်အောက်ရှိ မီးဆွဲ ဆောင်ခြင်း ဝင်္ကပါ ပေါ်တွင် အခြေခံမီးအဖြစ် ကြယ်အမြုတေ ကမ္ဘာလောင်ကျွမ်းမီးတောက် ကို ရွေးချယ်လိုက်သည်။
ထို့နောက် သူသည် ထိုမပြုပြင်ရသေးသော ကမ္ဘာဦး သံလိုက်ကြယ်သံမဏိ အတုံးကြီးကို စင်မြင့်ပေါ် တွင် တင်လိုက်လေသည်။
သူသည် ဘေးမှ သံတူကြီးတစ်ချောင်းကို ကောက်ကိုင်ကာ အားပြင်းပြင်းဖြင့် စတင်ထုနှက်တော့သည်။
ရုတ်တရက် သံထုသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။
အချက်တစ်ရာခန့် ထုပြီးနောက် နင်းဖန်သည် သူ၏ အဝတ်အစားများက အနှောင့်အယှက်ဖြစ်နေ သည်ဟု ခံစားရသဖြင့် သူ၏ အစစ်အမှန်တပည့် တာအိုဝတ်ရုံကို ချွတ်ကာ ခါးတွင် စည်းထားလိုက် လေသည်။
သူ၏ သွယ်လျပြီး တောင့်တင်းသော အပေါ်ပိုင်းကို ဖော်ပြလိုက်သည်။ အချက်တိုင်းတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများ အနည်းငယ် တုန်ခါသွားပြီး သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သား များမှာ စည်းချက်ကျကျ လှုပ်ရှားနေခဲ့လေသည်။
သူ့ဘေးတွင် ကျန်းထန်သည် မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏ မေးစေ့ကို လက်နှစ်ဖက် ဖြင့် ထောက်ရင်း သူ့ကို မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့သည်။
"စီနီယာအစ်ကို၊ ပင်ပန်းနေပြီလား...၊ ကျွန်မ ချွေးသုတ်ပေးရမလား...။"
ခဏအကြာတွင် ကျန်းထန်သည် မျက်လုံးများဖြင့် ကြည့်နေရုံနှင့် မတင်းတိမ်နိုင်တော့ပုံရပေသည်။
သူမသည် တစ်နေရာရာမှ လက်ကိုင်ပုဝါတစ်ထည်ကို ရှာတွေ့ကာ ရေဆွတ်ပြီး ညှစ်ထုတ်လိုက်ပြီး နောက် နင်းဖန်၏ အနောက်သို့ လျှောက်သွားလိုက်လေသည်။
အရူးမလေးလို ရယ်မောရင်း သူမသည် သူ၏ ကြွက်သားများကို အပေါ်အောက် စတင်သုတ်ပေး လေတော့သည်။
"ကျွန်တော့်ကို အခွင့်အရေးယူချင်တယ်လို့သာ ပြောလိုက်ပါ၊ ချွေးသုတ်ပေးတယ်ဆိုတာက ဘာလဲ...။"
သူ၏ ခန္ဓာကိုယ်ပေါ်တွင် စည်းကမ်းမဲ့စွာ လှုပ်ရှားနေသော လက်သေးသေးလေးများကို ကြည့်ရင်း နင်းဖန်၏ နဖူးပေါ်တွင် အမည်းရောင် မျဉ်းကြောင်းများ ဖုံးလွှမ်းသွားခဲ့သည်။
သူ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ပြီဖြစ်သည်။ ဤ ဂျူနီယာညီမလေးသည် နေ့တိုင်း အရာနှစ်ခု ကိုသာ တွေးတောနေသည်။
ပထမ၊ အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးရန်။
ဒုတိယ၊ သူမ၏ စီနီယာအစ်ကို၏ ဝမ်းဗိုက်ကြွက်သားများကို ကိုင်တွယ်ရန် နည်းလမ်းရှာရန်။
ကျန်တဲ့အချိန်တွေကို ကောင်းကင်ကြီးကို ငေးကြည့်ရင်း အချိန်ဖြုန်းနေတာပဲဟု သူ တွေးမိသည်။
သူမက တကယ်ကို ပူပင်သောကကင်းတဲ့ ဘဝကို နေထိုင်နေတာပဲဟု သူ တွေးလိုက်သည်။
"ငါ့ရဲ့ (၁၀၀%) မှော်လက်နက်ဖန်တီးခြင်း အောင်မြင်မှု အာနိသင်ကို ဘယ်လို တွက်ချက်သလဲဆိုတာ ငါ သိချင်မိတယ်...၊ေ လက်နက် ဖြစ်တည်လာတဲ့ နောက်ဆုံးအဆင့်ကိုပဲ ငါ ကိုင်တွယ်ရင် အဲဒါ အကျုံးဝင် မလား...။"
သူ့ရှေ့တွင် တောက်လောင်နေသော မီးဖိုကြီးရှိပြီး သူ၏ အနောက်တွင် ဂျူနီယာညီမလေးက ပေါ်တင်ပင် အခွင့်အရေးယူနေစဉ် နင်းဖန်၏ အတွေးများမှာ ခဏတာ လွင့်မျောသွားခဲ့သည်။
သူက ရမ်းသန်းတွေးတောနေခြင်းသာ ဖြစ်သည်။
တကယ်တမ်းတွင် ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် စနစ်သည် နေရာမှာတင် အသက်ဝင်လာပြီး တုံ့ပြန်လာခလေသည်။
[ပိုင်ရှင်ထံသို့... အချိန်ကန့်သတ်ချက်အတွင်းဖြစ်ပြီး လက်နက်၏ နောက်ဆုံး ပုံဖော်ခြင်း ကို အိမ်ရှင် ကိုယ်တိုင် ကိုင်တွယ်သရွေ့ ၎င်းသည် အကျုံးဝင်မည် ဖြစ်သည်…။]
ထိုအရာက တကယ် အလုပ်ဖြစ်တာလားဟု သူ တွေးလိုက်မိသည်။ သူ၏ ခေါင်းထဲမှ သာယာသော အသံကို ကြားရသောအခါ နင်းဖန်မှာ မှင်တက်သွားပုံရသည်။
အကယ်၍ အဲဒါက တကယ်ပဲ ဆိုရင်တော့...၊ သူက ကျန်းထန်ကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် မျက်လုံးများကို မှေးကာ ပြုံးလိုက်လေသည်။
"ဂျူနီယာညီမလေး..."
"စီနီယာအစ်ကို၊ ကျွန်မ ညှစ်နေတယ်လေ...။"
သူ့နောက်တွင် လက်သရမ်းနေသော ကောင်မလေးသည် သူ၏ အသံကို ကြားသောအခါ ချက်ချင်းပင် ရှေ့သို့ ခုန်ထွက်လာပြီး လက်မြှောက်သည့် ဟန်ပန်ကို လုပ်ပြလိုက်သည်။
ထို့နောက် သူမ၏ တောက်ပပြီး ကြီးမြတ်သော စီနီယာအစ်ကိုက သူမအား ကြီးလေးသော တာဝန်တစ် ခုကို အပ်နှင်းမည့် အမူအရာဖြင့် ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်ကို သူမ မြင်တွေ့လိုက်ရသည်။
"ဂျူနီယာညီမလေး၊ ငါ ပင်ပန်းနေပြီလားလို့ မင်း စိုးရိမ်နေတာ မဟုတ်ဘူးလား...။ အင်း၊ မင်းကို ပေးစရာ ခက်ခဲတဲ့ တာဝန်တစ်ခု ငါ့မှာ ရှိနေတယ်...။"
"ဘာ... ဘာတာဝန်လဲ...။"
ကျန်းထန်မှာ မှင်တက်သွားပြီး မကောင်းသော ကြိုတင်ခံစားမှုတစ်ခု ရုတ်တရက် ရသွားခဲ့သည်။
သေချာသည်ကတော့ နောက်တစ်စက္ကန့်တွင် နင်းဖန် ပြောလိုက်သည်ကို သူမ ကြားလိုက်ရသည်။
"ဒီ ကမ္ဘာဦး သံလိုက်ကြယ်သံမဏိ အတုံးတွေကို နှစ်ပုံခွဲပြီး တစ်ပုံစီကို အချက် နှစ်သောင်းကိုးထောင် ခုနစ်ရာ ထုလိုက်...၊ မင်း ပြီးသွားရင် ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် က ဆေးခန်းမ မှာ ငါ့ကို လာရှာ...။"
သူ စကားပြောနေစဉ်မှာပင် သံတူကြီးသည် သူမ၏ ဖြူဖွေးသော လက်သေးသေးလေးထဲသို့ မသိမသာ ထည့်သွင်းခံလိုက်ရပြီ ဖြစ်သည်။
ကောင်မလေးမှာ ဉာဏ်ရည်နှေးကွေးနေဆဲ အခြေအနေတွင် ရှိနေပုံရသည်။ သူမ သတိပြန်ဝင်လာချိန် တွင် သူမသည် မှော်လက်နက်ဖန်တီးရေး စင်မြင့်ရှေ့တွင် တောက်ပနေသော သံတူနီရဲရဲကြီး တစ်ချောင်း ကို ကိုင်ကာ ရပ်နေခဲ့ပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် နင်းဖန်သည် အဝတ်အစားများ ဝတ်ဆင်ပြီးသွားကာ ပျံသန်းနေသော လှေငယ် ပေါ်သို့ တက်ရန် ပြင်နေပြီ ဖြစ်လေသည်။
ဤသည်ကို မြင်သောအခါ ကျန်းထန်၏ နှာခေါင်းလေး တွန့်သွားပြီး သူမက အလျင်အမြန် အော်ဟစ် လိုက်လေသည်။
"ဒါပေမယ့် စီနီယာအစ်ကို...၊ ကျွန်မ မှော်လက်နက် တွေ ဘယ်လို ဖန်တီးရမလဲဆိုတာ မသိဘူးလေ...။"
"ကိစ္စမရှိဘူး...၊ မင်းရဲ့ ခွန်အား အားလုံးကို သုံးပြီး ထုလိုက်ရုံပဲ...။ ဒီကိစ္စက မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာ ကိုယ် သန့်စင်ခြင်းအတွက် အများကြီး အကျိုးရှိတယ်...။ မင်း အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီး နိုင်မလား ဆိုတာက ဒီ အချက် နှစ်သောင်းကိုးထောင် ခုနစ်ရာ ကို မင်း ဘယ်လောက် အလေးအနက်ထား ပြီး လုပ်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်...။ မှတ်ထား၊ ပျင်းမနေနဲ့နော်...။"
နင်းဖန်က သူမကို လက်ပြနှုတ်ဆက်လိုက်ပြီး လေးနက်သော သတိပေးစကား ပြောကြားပြီးနောက် သူသည် ပျံသန်းနေသော လှေငယ်ကို မောင်းနှင်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားခဲ့လေ သည်။
အငိုက်မိသွားသော ကောင်မလေးကို ချန်ရစ်ခဲ့ပြီး သူမသည် သံတူနှင့် မှော်လက်နက်ဖန်တီးရေး စင်မြင့်ကို ငေးကြည့်ကာ ရပ်နေခဲ့သည်။
ကျန်းထန်... စိတ်ခိုင်ခိုင်ထားစမ်းပါ၊ ဒါက စီနီယာအစ်ကို မင်းကို ပေးထားတဲ့ တာဝန်ပဲ... မင်း အဲဒါကို လှလှပပ ပြီးမြောက်အောင် လုပ်ရမယ်ဟု စက္ကန့်အနည်းငယ် ကြာပြီးနောက် ဦးနှောက် ပြန်လည်အလုပ် လုပ်လာသော ကျန်းထန်သည် သူမကိုယ်သူမ အားပေးလိုက်လေသည်။
ရဲရင့်သော ကျန်းထန်၊ အခက်အခဲများကို မကြောက်ဘူးဟု သူမ တွေးလိုက်သည်။
သူမသည် သံတူကို မြှောက်ကာ မှော်လက်နက်ဖန်တီးရေး စင်မြင့်ပေါ်ရှိ ပစ္စည်းများ ဆီသို့ အားပြင်းပြင်း ဖြင့် ထုချလိုက်လေတော့သည်။
ခဏအကြာတွင် ဒေါင်၊ ဒေါင် ဟူသော သံမြည်သံများ နောက်တစ်ဖန် အဆက်မပြတ် ထွက်ပေါ်လာခဲ့ လေသည်။
"ဂျူနီယာညီမလေးက တကယ်တော့ တော်တော်လေး စွမ်းဆောင်နိုင်တာပဲ...။ "
ကျန်းထန် မသိခဲ့သည့်အရာမှာ ထျန်းကုန်းတောင်ထိပ် အထက် တိမ်တိုက်များအတွင်း၌ နင်းဖန်သည် ပျံသန်းနေသော လှေငယ်ပေါ်တွင် ရပ်ကာ သူမကို တိတ်တဆိတ် ကြည့်နေခဲ့ခြင်းပင် ဖြစ်သည်။
သူ၏ နှလုံးသားထဲတွင် အတော်လေး ထူးဆန်းသော ခံစားချက်တစ်ခုကို သူ ခံစားနေရသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းထန်၏ အသွင်အပြင်မှာ ဖြူဖွေးသန့်စင်ပြီး သူမသည် နတ်သမီးဝတ်စုံ ကို ဝတ်ဆင်ထားကာ ထျန်းကုန်းတောင်ထိပ် ကဲ့သို့သော မှောင်မိုက်ပြီး ညစ်ပတ်သော နေရာနှင့် မွေးရာပါ လိုက်ဖက်မှု မရှိသောကြောင့် ဖြစ်သည်။
ယခု သံထုရန် တူတစ်ချောင်းကို ကိုင်ဆောင်ထားခြင်းက ဤထူးဆန်းသော သဟဇာတမဖြစ်မှု ခံစား ချက်ကို ပိုမို တိုးပွားစေရုံသာ ရှိသည်။
၎င်းက တော်တော်လေး မြင်ကွင်းပိုင်းဆိုင်ရာ သက်ရောက်မှု ရှိလှသည်၊ ငိုရွှဲ့နေတဲ့ မိုးမခပင်ကို ဆွဲနှုတ် လိုက်တဲ့ လင်တိုင်ယွီ လိုမျိုးပင် ဖြစ်လေသည်။
သို့သော် အချက်တစ်ချက်တွင်တော့ နင်းဖန် သူမကို မလိမ်ညာခဲ့ပေ။
ထိုအရာမှာ ထျန်းကုန်းတောင်ထိပ် တွင် သံထုခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အမှန်တကယ် သန့်စင်ပေးနိုင်သည် ဟူသောအချက်ပင် ဖြစ်သည်။
တူကို အကြိမ်ထောင်ပေါင်းများစွာ လွှဲယမ်းခြင်းသည်လည်း မသိမသာ ကျင့်ကြံခြင်း ပုံစံတစ်မျိုးပင် ဖြစ်ပေသည်။
အချိန်အတော်ကြာ ထပ်မံစောင့်ကြည့်ပြီး ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် နင်းဖန်သည် ကြည့်ရှုခြင်းကို ရပ်တန့်ကာ ပျံသန်းနေသော လှေငယ်ကို ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် ဆီသို့ တိုက်ရိုက် ဦးတည်မောင်းနှင်သွားခဲ့တော့သည်။
ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါးခု သွန်းလုပ်ခြင်းနည်းစနစ် က ဤမျှ အန္တရာယ်များနေမှတော့ သူက ဘယ်လိုလုပ် နည်းလမ်းတစ်ခုတည်းကိုပဲ ပြင်ဆင်ထားလို့ ရမှာလဲဟု သူ တွေးမိသည်။
ကာကွယ်ရန်အတွက် ရှေးဟောင်း ဝိညာဉ်ရတနာ တစ်ခု လိုအပ်ရုံသာမက ဆေးလုံးများ ကိုလည်း ပိုမို ဖျော်စပ်ရန် လိုအပ်သေးသည်ဟု သူ တွေးလိုက်သည်။
မည်သို့ပင်ဆိုစေ သူ့တွင် ဆေးလုံးထဲသို့ အကြိမ်တစ်ရာ သန့်စင်ခြင်း ပါရမီ ရှိနေသည်၊ မီးဖိုကို နောက် ထပ် အကြိမ်အနည်းငယ်လောက် ထပ်ခွဲပစ်ရုံပါပဲဟု သူ ဆုံးဖြတ်လိုက်လေသည်။
အခန်း (၁၀၈) ဖုံးကွယ်ထားတဲ့ ဆေးညွှန်းကို ဖွင့်လိုက်တာနဲ့ မီးဖိုတစ်ခုတည်းမှာ ဆေးလုံးတွေ အများ ကြီး ရလာလိမ့်မယ်
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။
နင်းဖန်က သံတူကို ကျန်းထန်ထံ ကမ်းပေးလိုက်ပြီး သံထုရန် လေးလေးနက်နက် ညွှန်ကြားလိုက်သည်ကို သူတို့ မြင်သောအခါ တပည့်များအားလုံး မှင်တက်သွားကြသည်။
"သူ... သူက သူတော်စင်မိန်းမပျို အရှင်သူမြတ်ကို သံထုရာမှာ ကူညီခိုင်းနေတာလား...။"
"ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး။ နင်းဖန်ရဲ့ ဦးနှောက်က ဘယ်လိုတောင် အလုပ်လုပ်တာလဲ... ။"
"အဲဒါ ငါတို့ဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုလေ...။ သူမက ဘာလို့ ဒီလို ကြမ်းတမ်းတဲ့ အလုပ်ကို လုပ်ရ မှာလဲ...။"
"သူ့ရှေ့က ဂျူနီယာညီမလေးက တကယ်တော့ သူတော်စင်မိန်းမပျို ဆိုတာကို နင်းဖန် လုံးဝ မသိ တာများလား...။"
"သိတာ၊ မသိတာက အရေးမကြီးဘူးလေ၊ ဘယ် ပုံမှန်လူကမှ အမျိုးသမီး တပည့်တစ်ယောက်ကို သံထုခိုင်းမှာ မဟုတ်ဘူး မလား...။"
"အတိအကျပဲ...၊ ကျင့်ကြံခြင်းကမ္ဘာမှာ အမျိုးသမီး မှော်လက်နက်သန့်စင်သူ တစ်ယောက်ကို မင်းတို့ မြင်ဖူးလို့လား...။"
"လူယုတ်မာ နင်း...၊ မင်းက လူဆိုးပဲ...။ အလှအပကို ဒီလောက်တောင် ဂရုမစိုက်တာ၊ သူတော်စင်မိန်း မပျိုက သူမ ပြန်လည်ကျင့်ကြံပြီးတဲ့နောက်မှာ မင်းကို ဘယ်လိုများ သဘောကျသွားလဲဆိုတာ ငါ တကယ် မသိတော့ဘူး...။"
"စီနီယာအစ်ကိုတွေနဲ့ ဂျူနီယာညီလေးတို့၊ နင်းဖန်ရဲ့ လုပ်ရပ်က...၊ တကယ်တော့ ကြည့်ရတာ တော် တော်လေး လန်းဆန်းသွားသလို ငါ ဘာလို့ ခံစားနေရတာလဲ...။"
"ငါလည်းပဲ...၊ မှော်လက်နက်သန့်စင်သူ လို ကာယလုပ်အားတွေကို အမျိုးသားတပည့်တွေကပဲ လုပ်ရမယ်၊ အမျိုးသမီးတပည့်တွေကတော့ ထိုင်ပြီး အကျိုးခံစားခွင့်ကို ရယူရမယ်လို့ ဘယ်သူက ပြောလဲ...။"
"အခု သူတော်စင်မိန်းမပျို ကိုယ်တိုင်က စံပြအနေနဲ့ တူကို ကိုင်ပြီး ထုနေမှတော့ ဂိုဏ်းထဲက အမျိုးသမီး တပည့်တွေလည်း သူတို့ရဲ့ အဆင့်အတန်းကို လျှော့ချကြမှာ သေချာတယ်...။ ထျန်းကုန်းတောင်ထိပ် က သူ့ရဲ့ နှစ်သောင်းချီကြာတဲ့ 'ဘုန်းတော်ကြီး' အခြေအနေကနေ ပြောင်းလဲသွားပြီး အခုကစပြီး ယင်နဲ့ယန် သဟဇာတဖြစ်မှု ကို ရရှိသွားနိုင်တယ်...။"
"..."
သိန်းနှင့်ချီသော တပည့်များအားလုံးသည် နင်းဖန်၏ ရယ်စရာကောင်းသော လုပ်ရပ်ကြောင့် တုန်လှုပ် သွားကြလေသည်။
သူတို့ သတိပြန်ဝင်လာပြီးနောက် အမျိုးမျိုးသော ဆွေးနွေးမှုများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
အချို့က နင်းဖန်၏ လုပ်ရပ်များသည် ရိုးရှင်းစွာပင် လွန်ကဲလွန်းသည်ဟု ခံစားခဲ့ရပြီး ဂုဏ်သိက္ခာရှိသော သူတော်စင်မိန်းမပျိုကို မှော်လက်နက်များ ဖန်တီးရန်နှင့် သူ၏အတွက် သံထုရန် လှည့်စားခဲ့သည်ဟု ထင်ကြသည်။
အခြားသူများကမူ သူတော်စင်မိန်းမပျိုသည် မိမိကိုယ်ကို နှိမ့်ချကာ သံထုခြင်းမှာ ကောင်းမွန်သော အရာဖြစ်သည်ဟု ယုံကြည်ကြပြီး ၎င်းက ဦးဆောင်စံနမူနာတစ်ခု ဖြစ်စေသည်ဟု ဆိုကြသည်။
မည်သို့ပင်ဆိုစေ မှော်လက်နက်သန့်စင်သူ အသက်မွေးဝမ်းကျောင်းပညာတွင် ကျင့်ကြံခြင်းကမ္ဘာ၌ အမျိုးသမီးများ လုံးဝနီးပါး မရှိချေ။
အမျိုးသမီး ကျင့်ကြံသူ များစွာသည် အရံ အသက်မွေးဝမ်းကျောင်းပညာကို ရွေးချယ်သည့်အခါ ၎င်းကို မသိစိတ်ကပင် ဖယ်ထုတ်လိုက်ကြသည်။
သို့သော် ဤစည်းကမ်းကို မည်သူက သတ်မှတ်ခဲ့ပါသနည်း။
ညစ်ပတ်ပြီး ပင်ပန်းသောအလုပ်များကို အမျိုးသား ကျင့်ကြံသူများ ကသာ ဘာကြောင့် လုပ်ရမည်နည်း။
ထျန်းကုန်းတောင်ထိပ် တွင် နှစ်သောင်းချီတိုင်အောင် ကြမ်းတမ်းသော ယောကျ်ားများသာ ရှိခဲ့သည်။
ထိုနေရာတွင် မွေးမြူထားသော ဝိညာဉ်သားရဲ များပင်လျှင် အားလုံး အထီးများ ဖြစ်ကြပေသည်။
ထိုက်ရီအစစ်အမှန်ဂိုဏ်း တွင် အမျိုးသားနှင့် အမျိုးသမီးတပည့် ဤမျှ မညီမျှသော ဖြန့်ဝေမှုရှိသည့် အခြား မည်သည့်တောင်ထိပ်မျှ မရှိချေ။
ထို့ကြောင့် ဤတစ်ကြိမ် သူတော်စင်မိန်းမပျို သံထုခြင်းမှာ ကြီးမားသော အဓိပ္ပာယ်ရှိသည်၊ ၎င်းက အမျိုးသမီးတပည့်များကို ဤအသက်မွေးဝမ်းကျောင်းပညာကို ပြန်လည်ဆန်းစစ်လာစေနိုင်ပေသည်။
သူတို့အားလုံး လိုက်လုပ်ကြမည်ဟု မဆိုလိုသော်လည်း လူအများစုသည် အရံ အသက်မွေးဝမ်းကျောင်း ပညာကို ရွေးချယ်သည့်အခါ မှော်လက်နက်သန့်စင်သူ အတတ်ပညာကို လျစ်လျူရှုတော့မည် မဟုတ် ချေ။
၎င်းသည် ထျန်းကုန်းတောင်ထိပ် ၏ 'ယောကျ်ားတွေ အများကြီးရှိပြီး မိန်းမ မရှိတဲ့' အခြေအနေကို လုံးဝ ပြောင်းပြန်လှန်ပစ်နိုင်ပြီး ယင်နဲ့ယန် သဟဇာတဖြစ်မှု ကို ရရှိစေနိုင်ပေသည်။
အတိုချုပ်ပြောရလျှင် ခဏတာမျှ ထင်မြင်ချက်များ ကွဲလွဲနေခဲ့သည်။
ထို့ပြင် ဗဟိုနှင့် ပိုမို နီးကပ်သော စက်ဝိုင်းများတွင်၊ အတွင်းစည်း အထက်တန်းလွှာများနှင့် အစစ်အမှန် တပည့်များသည် နောက်ထပ် ကိစ္စတစ်ခုကို စဉ်းစားနေကြလေသည်။
နင်းဖန်က မြေကမ္ဘာအဆင့်နိမ့် ကို ကျော်လွန်သော ရတနာကြီးတစ်ခုကို သူ ဖန်တီးချင်သည်ဟု ပြောခဲ့ သည်။
ပြီးတော့ ဒါက သူ ဖန်တီးနေတဲ့ ပုံစံလားဟု သူတို့ တွေးမိကြသည်။
သူက အဲဒီမှာတောင် မရှိဘူးလေဟု သူတို့ တွေးမိကြသည်။
ပစ္စည်းများကို သူ့ကိုယ်စား သူတော်စင်မိန်းမပျိုအား တိုက်ရိုက် ထုခိုင်းနေခြင်းပင်။
နေပါဦး... ဒါက ဟုတ်ရဲ့လားဟု သူတို့ တွေးမိကြသည်။
ကောင်းကင်အဆင့် ဝိညာဉ်ရတနာ သို့မဟုတ် နတ်ဘုရားလက်နက် ကို ဖန်တီးစဉ် မှော်လက်နက်သန့်စင် သူ ကိုယ်တိုင် မရှိဘဲ ဖန်တီးနိုင်သည်ဟု တစ်ခါမှ မကြားဖူးကြောင်း သူတို့ တွေးမိကြသည်။
ဒါက အောင်မြင်စွာ ဖန်တီးနိုင်မယ်ဆိုတာ သေချာရဲ့လားဟု သူတို့ အံ့အားသင့်နေကြသည်။
အတွင်းစည်းနှင့် အစစ်အမှန်တပည့်များမှာ ဘာပြောရမှန်းမသိအောင် အံ့အားသင့်နေခဲ့ကြသည်။
နင်းဖန်၏ ယခင် ပြောဆိုချက်များသည် လုံးဝ အဓိပ္ပာယ်မရှိကြောင်း ယခုအခါ သူတို့ လုံးဝ သေချာသွား ခဲ့ပြီ ဖြစ်လေသည်။
အကြီးအကဲများ၏ တုံ့ပြန်မှုများမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
တစ်ဖက်တွင် နင်းဖန်သည် ကောင်းကင်မိုးကြိုးကို လမ်းညွှန်ရန် ကောင်းကင်အဆင့် လက်နက်တစ်ခုကို အမှန်တကယ် ဖန်တီးနိုင်လိမ့်မည်ဟု သူတို့ တကယ် ယုံကြည်ချင်ခဲ့ကြသည်။
သို့သော် လက်ရှိ အခြေအနေမှာ လွန်ကဲလွန်းနေသည်။ သူတို့ကိုယ်သူတို့ ယုံကြည်အောင် လုပ်ရန် မဖြစ်နိုင်ပေ။
ပုံစံကြမ်းများ ပျောက်ဆုံးသွားခြင်းဟူသော အရေးကြီးသည့် ပြဿနာကို ခဏတာ ဘေးဖယ်ထား လိုက် လျှင် နင်းဖန်က အစားထိုးမည့်သူကို ရှာဖွေသည့် လုပ်ရပ်တစ်ခုတည်းကပင် လူများကို ဇဝေဇဝါ ဖြစ်စေ ရန် လုံလောက်နေပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့သည် နင်းဖန်ကို ကောင်းကောင်း မသိကောင်း မသိနိုင်သော်လည်း သူတော်စင် မိန်းမပျိုကို သူတို့ မသိဘဲ နေနိုင်ပါမည်လား။
သူတော်စင်မိန်းမပျိုသည် ဂိုဏ်းသို့ အသက်ဆယ့်သုံးနှစ်အရွယ်တွင် ဝင်ရောက်ခဲ့သည်၊ ကလေးဘဝမှ အရွယ်ရောက်သည်အထိ သူမသည် ကျင့်ကြံရန် သူတော်စင်မိန်းမပျိုနန်းတော် တွင်သာ နေထိုင်တတ် သည်။
ဆေးဖော်စပ်ခြင်း သို့မဟုတ် မှော်လက်နက်သန့်စင်သူ အတတ်ပညာကဲ့သို့သော ဘေးထွက်လမ်း ကြောင်းများနှင့် သူမ လုံးဝ အဆက်အသွယ် မရှိခဲ့ဖူးချေ။
သံထုခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
သူမ၏ ကိုယ်ဟန်အနေအထားဖြစ်စေ၊ နည်းစနစ်ဖြစ်စေ၊ ၎င်းကို အလုံးစုံ ရှုပ်ပွနေသည်ဟုသာ ဖော်ပြ နိုင်ပေသည်။
ထျန်းကုန်းတောင်ထိပ် တွင် တွေ့ရသော မည်သည့် အလုပ်သင် တပည့်မဆို သူမထက် ပိုကောင်းအောင် လုပ်နိုင်ပေ၏။
သို့တိုင် မှော်လက်နက်သန့်စင်သူ အတတ်ပညာနှင့် ပတ်သက်၍ သုည အဆက်အသွယ်ရှိသော ထိုသို့ သော အတွေ့အကြုံမရှိသေးသူ တစ်ဦးကို နင်းဖန်က ပစ္စည်းများကို ဖန်တီးရန် သူမထံ လွှဲအပ်ရသည်မှာ စိတ်အေးလက်အေး ရှိနေသည်လား။
သူ ကစားနေတာလားဟု သူတို့ တွေးမိကြသည်။
"ဂိုဏ်းချုပ် စီနီယာအစ်ကို...၊ စီနီယာအစ်ကိုတွေနဲ့ ဂျူနီယာညီလေးတို့...။"
"မင်းတို့အားလုံး မြင်လိုက်တယ် မဟုတ်လား...။ နင်းဖန်က လုံးဝကို လျှောက်လုပ်နေတာ...။"
"အကယ်၍ သူက ကောင်းကင်အဆင့် ဝိညာဉ်ရတနာ ကို ဒီလိုမျိုး အောင်မြင်အောင် ဖန်တီးနိုင်ရင် နေရာမှာတင် ငါ...။"
လီချန်မင်သည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ဒေါသတကြီး မျက်နှာဖြင့် ပြောလိုက်လေသည်။
ပြီးတော့ သူ၏ စကားများ လေးနက်မှုမရှိမည်ကို စိုးရိမ်သကဲ့သို့ တစ်ဝက်လောက်တွင် သူ၏ အကြည့် များက ဟိုဟိုဒီဒီ ရှာဖွေလိုက်ပြီး နောက်ဆုံးတွင် ယွီရူရွှမ်း၏ လက်မောင်းထဲရှိ ဓားပေါ်တွင် ရပ်တန့် သွားခဲ့လေသည်။
"စီနီယာအစ်မယွီ ရဲ့ ပန်းသင်္ချိုင်းဓား ကို နေရာမှာတင် ငါ စားပစ်မယ်...။"
ဤသည်ကို ကြားသောအခါ အကြီးအကဲများအားလုံးက သူ့ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြလေသည်။
အကြီးဆုံး စီနီယာအစ်မ ယွီရူရွှမ်း၏ ပန်းသင်္ချိုင်းဓား သည် ကောင်းကင်အလယ်အလတ်အဆင့် နတ်ဘုရားလက်နက် တစ်ခုဖြစ်ပြီး သူမ၏ အဆီအနှစ်သွေးဖြင့် နှစ်တစ်ထောင်ကြာအောင် ပြုစုပျိုး ထောင်ထားခဲ့သည်၊ ၎င်းသည် ကောင်းကင်အရှင်သခင် အဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့ပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့သည်။
ဤဓားကို မျိုချခြင်း၊ ၎င်းသည် သူ၏ ပါးစပ်ထဲသို့ မဝင်မီမှာပင် အစွမ်းထက်သော ဓားချီ များက သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ကို လေထဲတွင် ဆုတ်ဖြဲပစ်လောက်ပေသည်။
ရွှီယိုဝေက လက်မကို တိုက်ရိုက် ထောင်ပြလိုက်ပြီး ချီးကျူးလိုက်သည်။
"စကြဝဠာကြီးက ကျယ်ပြောပြီး သူရဲကောင်းတွေက ပုန်းကွယ်နေတယ်၊ အခု မင်းရဲ့ စွမ်းဆောင်နိုင် ရည်ကို မြင်ရတော့ ဘယ်လိုလူက ရင်ဘတ်ကိုထုပြီး သက်ပြင်းမချဘဲ နေနိုင်မှာလဲ...။"
လီချန်မင်က စိတ်တိုတိုဖြင့် ပြောလိုက်၏။
"လူလို ပြောစမ်းပါ...။"
ရွှီယိုဝေ- "ညီအစ်ကို၊ မင်းက တကယ်ကို အထင်ကြီးစရာပဲ...။"
လူတိုင်း "..."
ယွီရူရွှမ်းက နူးညံ့စွာ ပြုံးလိုက်ပြီး သူမ၏ ဓားကို ပိုမို တင်းကျပ်စွာ ကိုင်ကာ ညင်သာစွာ ပြောလိုက်သည်။
"ဂျူနီယာမောင်လေး၊ ရှင် ဒီလို ကြီးလေးတဲ့ ကတိမျိုး မပေးတာ ပိုကောင်းမယ်...၊ နင်းဖန်က သာမန်လူ မဟုတ်ဘူး၊ ဒါက သူ့ရဲ့ ဝိညာဉ်ရတနာ ကို ဖန်တီးတဲ့နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်တယ်လေ...။"
"မဖြစ်နိုင်တာ...။"
လီချန်မင်က သူ၏ လက်ကို ခိုင်မာစွာ ဝှေ့ယမ်းလိုက်ပြီး သူ၏ အမူအရာမှာ လေးနက်နေ၏။
"အဆင့်မြင့် လက်နက်တွေကို ဖန်တီးတာက ပစ္စည်းတွေကို ထုတာကနေ စရတယ်... နည်းစနစ်၊ အကြိမ် အရေအတွက်၊ အပူချိန်... အားလုံးကို အလေးအနက်ထားပြီး ကိုင်တွယ်ရမယ်၊ အဆင့်တစ်ဆင့် မှားသွား ရင် အရင်က ကြိုးစားအားထုတ်မှုတွေ အားလုံး အလကားဖြစ်သွားလိမ့်မယ်...။"
"အကယ်၍ သူကိုယ်တိုင် လုပ်ခဲ့မယ်ဆိုရင် ငါ နည်းနည်း တုံ့ဆိုင်းနေဦးမယ်...။"
"ဒါပေမယ့် အခုက လုံးဝကို သူတော်စင်မိန်းမပျိုဆီ အပ်ထားတာလေ၊ သူတော်စင်မိန်းမပျို သံထု တတ်သလား ဆိုတာ ငါ မသိဘူးလား...။"
"ဒီလို ပေါ့ပေါ့ဆဆ သဘောထားမျိုးနဲ့ဆိုရင် အဝါရောင်အဆင့် လက်နက်တစ်ခုကိုတောင် ပြီးမြောက် အောင် လုပ်ဖို့ ခက်ခဲလိမ့်မယ်...။"
လီချန်မင် ဤမျှ ခိုင်မာနေသည်ကို မြင်သောအခါ ယွီရူရွှမ်းက ဘာမှ ထပ်မပြောတော့ချေ။
အခြား အကြီးအကဲများကလည်း သူပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး ၎င်းကို မငြင်းဆို နိုင်ကြပေ။
နင်းဖန်က အတိအကျ ဘာလုပ်ဖို့ ကြိုးစားနေတာလဲဟု သူတို့ အံ့အားသင့်စွာ တွေးတောနေကြသည်။
ထို အချက်နှစ်သောင်းကျော်ကို သူတော်စင်မိန်းမပျို တစ်ယောက်တည်း ပြီးအောင် လုပ်ခိုင်းတာကို သူ တကယ်ပဲ စိတ်ချလက်ချ နေနိုင်တာလားဟု သူတို့ တွေးမိကြသည်။
သူတို့ ဘယ်လိုပဲ စဉ်းစားစဉ်းစား သူတို့ စဉ်းစားလို့ မရခဲ့ချေ။ သူတို့က အောက်ဘက်ကိုသာ ကြည့်နိုင် တော့သည်။
ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် ၏ ဆေးခန်းမ ရင်ပြင်ကို မြင်တွေ့လိုက်ရ၏။
နင်းဖန်သည် ဆေးဖော်စပ်သည့် အခန်း အသီးသီးမှ ဆေးဖို များကို ရွှေ့ယူကာ ရင်ပြင်တွင် တန်းစီထား လိုက်လေသည်။
ထို့နောက် သူသည် ပထမအဆင့် ဆေးလုံးများ အတွက် အနိမ့်ဆုံးအဆင့် ပစ္စည်းများကို ထည့်သွင်းကာ တစ်ခုစီကို ကိုယ်တိုင် မီးညှိလိုက်သည်။
နောက်ဆုံးတွင် သူသည် တစ်ချက်မျှပင် မကြည့်တော့ဘဲ ရင်ပြင်၏ အစွန်းသို့ ပြေးသွားကာ နားကို ပိတ်ထားလိုက်၏။
ခဏအကြာတွင် ရင်ပြင်ပေါ်ရှိ ဆေးဖို ဒါဇင်ပေါင်းများစွာသည် တစ်ပြိုင်နက် ပေါက်ကွဲသွားတော့သည်။
လျှို့ဝှက်နယ်မြေ အတွင်းရှိ လူတိုင်းမှာ မှင်တက်သွားကြသည်။
နေပါဦး... ထပ်ပြီးတော့လားဟု လူတိုင်း တွေးမိကြသည်။
ပြီးခဲ့တဲ့တစ်ခေါက်က ဆေးဖို (၉၈) လုံး ပေါက်ကွဲခဲ့တာ မလုံလောက်လို့ ဒီတစ်ခေါက်ကျတော့ အသုတ် လိုက် လုပ်နေတာလားဟု သူတို့ တွေးမိခဲ့ကြလေသည်။
ရှောင်ချာ မှာ ပို၍ပင် လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
နင်းဖန်က ဆေးခန်းမ သို့ လာပြီး ဆေးဖို များ ပေါက်ကွဲအောင် ဆော့ကစားရန်အတွက် မှော်လက်နက် သန့်စင်သူ အလုပ်ကို သူတော်စင်မိန်းမပျိုထံ လွှဲအပ်ခဲ့ရသည့် အကြောင်းရင်းကို သူ လုံးဝ နားမလည် နိုင်ခဲ့ချေ။
သူက ဘာတွေ လုပ်နေတာလဲဟု ရှောင်ချာ တွေးမိသည်။
ရှောင်ချာ ဇဝေဇဝါဖြစ်နေစဉ် အောက်ဘက်တွင် ဆေးဖို အချို့ကို ပေါက်ကွဲစေခဲ့သော နင်းဖန်သည် ဆေး ပစ္စည်း အပုံလိုက်နှင့်အတူ ခန်းမအတွင်းရှိ ကမ္ဘာဦး ဖရိုဖရဲ ဆေးမီးဖို ထံသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် သူ၏ ဆေးဖော်စပ်ခြင်း စွမ်းရည်ကို စတင်ပြသလေတော့၏။
ရေစီးဆင်းသကဲ့သို့ ချောမွေ့ပြီး အမြဲတမ်းလိုလို သေချာစေ့စပ်နေသည်။
"နှစ်သောင်းချီ မိုးကြိုးပစ်ခတ်ခြင်း သစ်သားအဆီအနှစ်၊ ကောင်းကင်ကိုးထပ် အသက်ရှူခြင်း မြေမှုန့်၊ ကလီစာငါးခု သတ္တဒြပ်စင်ငါးပါး ကျောက်စိမ်းအဆီအနှစ်...။ ဒါတွေက အဋ္ဌမအဆင့် ကောင်းကင် ဆေးလုံး၊ လေပြင်း မိုးကြိုးဗဟိုချက် ဆေးလုံး အတွက် ပစ္စည်းတွေပဲ၊ ပြီးတော့ ဆေးညွှန်း ထက် အများ ကြီး ပိုတဲ့ ပမာဏတွေပဲ...။ သူက မီးဖိုတစ်ခုတည်းမှာ ဆေးလုံးတွေ အများကြီး သန့်စင်ဖို့ ရည်ရွယ်ထား တာလား...။"
ရှောင်ချာသည် ဆေးဖို အတွင်းရှိ မြင်ကွင်းကို ကြည့်နေစဉ် သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာပြီး သူ၏ နှလုံးသားမှာ ကြီးမားသော တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သတ္တမအဆင့် အထက် ဆေးလုံးများအတွက် မီးဖိုတစ်ခုတည်းတွင် အများ အပြား သန့်စင်ခြင်းမှာ အလွန် ခက်ခဲသောကြောင့် ဖြစ်၏။
ပထမအချက်အနေဖြင့် အဆင့်မြင့် ဆေးပစ္စည်းများမှာ ရှားပါးလှသဖြင့် ဆေးလုံး အများအပြားအတွက် လုံလောက်စွာ စုဆောင်းရန် ခက်ခဲပေသည်။
ဒုတိယအချက်မှာ သန့်စင်ခြင်း အခက်အခဲမှာ နှစ်ဆတိုးလာပြီး အပူချိန်ကို ထိန်းချုပ်ရန် ပိုမို ခက်ခဲ လာခြင်းပင်။
သူ၊ ရှောင်ချာ ပင်လျှင် လက်ရှိတွင် အချို့သော သီးသန့် သတ္တမအဆင့် ဆေးလုံးများအတွက် မီးဖို တစ်ခုတည်းတွင် ဆေးလုံး နှစ်လုံးသာ ဖျော်စပ်နိုင်၏။
သို့သော် ယခု နင်းဖန် လုပ်နေသည်မှာ ဆေးလုံး နှစ်လုံးထက် များစွာ ပိုနေသည်ပင်။
ဒါက အနည်းဆုံး လေပြင်း မိုးကြိုးဗဟိုချက် ဆေးလုံး လေးလုံး ဒါမှမဟုတ် အဲဒီထက်မကဘူး...။
ဤဆေးလုံး၏ အာနိသင်မှာ ကျင့်ကြံသူများကို မိုးကြိုးကန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကာလအတွင်း ကောင်းကင်တာအို နတ်ဘုရားမိုးကြိုး ၏ စွမ်းအားကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်စေရန် ကူညီပေးခြင်း ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးကာ အတွင်းကလီစာများအပေါ် ပိုမို အာရုံစိုက် စေခြင်း ဖြစ်သည်။
"ဟင်... နင်းဖန်က ဘာလို့ ကမ္ဘာဦးချီ မူလအစ ခြေရာခံလေးတစ်ခု ထည့်လိုက်တာလဲ...။ ဒါက... ၊နေရာမှာတင် ဆေးညွှန်း ကို တိုးတက်အောင် လုပ်နေတာလား...။ "
ရုတ်တရက် စောင့်ကြည့်နေသော ရှောင်ချာ မှာ ထပ်မံ၍ မှင်တက်သွားပြန်သည်။
အဘယ်ကြောင့်ဆိုသော် နင်းဖန်သည် ကမ္ဘာဦးချီ မူလအစ တစ်မျှင်ကို ယူကာ ဆေးဖို ထဲသို့ ထည့်လိုက် သည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်၏။
ဤအရာက လေပြင်း မိုးကြိုးဗဟိုချက် ဆေးလုံး မှာ မပါဝင်တဲ့ ပစ္စည်းတစ်ခုဖြစ်ကြောင်း သူ သတိ ထားမိ လိုက်လေသည်။
ရှောင်ချာ၏ စိတ်များ အလျင်အမြန် အလုပ်လုပ်သွားပြီး သူ ရုတ်တရက် တစ်ခုခုကို သတိရသွားကာ သူ၏ ပေါင်ကို ရိုက်လိုက်လေသည်။
"ငါ အခု မှတ်မိပြီ...၊ ဒါက တိုးတက်အောင်လုပ်တာ မဟုတ်ဘူး၊ လေပြင်း မိုးကြိုးဗဟိုချက် ဆေးလုံး အတွက် ဖုံးကွယ်ထားတဲ့ ဆေးညွှန်း ပဲ...။ မီးဖိုတစ်ခုတည်းမှာ ဆေးလုံးတွေ အများကြီး ဖျော်စပ်တဲ့အခါ သဟဇာတဖြစ်အောင် ကမ္ဘာဦးချီ မူလအစ ခြေရာခံလေးတစ်ခု ထည့်လိုက်ရင် အဲဒါကို နဝမအဆင့် ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံး အဖြစ် အဆင့်မြှင့်တင်နိုင်တယ်...။"
"ဒီဆေးလုံးက မိုးကြိုးကန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း လုပ်နေတုန်း ဆေးတစ်လုံးပဲ သောက်လို့ရတယ် ဆိုတဲ့ မူလ ကန့်သတ်ချက်ကို ချိုးဖျက်ပေးတယ်၊ ပြီးတော့ သူ့ရဲ့ အာနိသင်တွေကလည်း ဘက်စုံ တိုးတက်လာတယ်...။"
ဤသည်ကို တွေးမိသောအခါ ရှောင်ချာ၏ အသက်ရှူသံများမှာ လေးလံလာခဲ့၏။
ထိုစဉ်က သူတော်စင်မိန်းမပျိုအတွက် သူ ဖျော်စပ်ပေးခဲ့သော ဆေးလုံးမှာ သာမန် အဋ္ဌမအဆင့် လေပြင်း မိုးကြိုးဗဟိုချက် ဆေးလုံး သာဖြစ်ပြီး မိုးကြိုးကန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း လုပ်နေစဉ် တစ်ကြိမ်သာ သောက်သုံးနိုင်ပေသည်။
အဆင့်မြှင့်တင်ထားသော ဗားရှင်းအဖြစ် လုပ်ဆောင်သည့် ဖုံးကွယ်ထားသော ဆေးညွှန်း နှင့် ပတ်သက်၍မူ...၊
...သူက တမင်သက်သက် မေ့သွားခဲ့ခြင်း မဟုတ်ပေ။
သို့သော် သူ၏ စွမ်းရည်မှာ ရိုးရှင်းစွာပင် မလုံလောက်သောကြောင့် ဖြစ်သည်၊ သူသည် အဋ္ဌမအဆင့် ကောင်းကင်ဆေးလုံး များကို မီးဖိုတစ်ခုတည်းတွင် အများအပြား သန့်စင်နိုင်ခြင်း မရှိခဲ့ချေ။
သို့သော်လည်း နင်းဖန်က ယခုအခါ ဤအရာကို လွယ်လွယ်ကူကူပဲ ပြီးမြောက်အောင် လုပ်လိုက်ပြီ ဖြစ်ချေသည်။