← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း ( ၁၀၉ ) ဂျူနီယာညီမလေးက ထုံအပေမယ့် နွားတစ်ကောင် ဒါမှမဟုတ် မြင်းတစ်ကောင်လို သစ္စာရှိတယ်

နင်းဖန်သည် အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေသောကြောင့် သူ၏ လက်ကွက် လှုပ်ရှားမှုများက အလွန်မြန်ဆန်နေခဲ့လေ၏။

သူ၏ လက်ဝါးနှစ်ဖက်ကြားရှိ မီးဆွဲဆောင်ခြင်း ဝင်္ကပါကို အစွမ်းကုန် ဖွင့်ထားပြီး ရှားပါးမီးတောက် အမျိုးမျိုးက ၎င်းအတွင်း၌ လောင်ကျွမ်းနေကြလေသည်။ ကမ္ဘာဦးဆေးမီးဖိုထဲတွင်တော့ ဆေးလုံးက တဖြည်းဖြည်း ပုံစံပေါ်လာပြီဖြစ်ချေ၏။

နှစ်နာရီခန့်အကြာတွင် လျှံကျလာသော ဆေးရနံ့များနှင့်အတူ ဆေးမီးဖိုတစ်ခုလုံး ရွှေရောင်အလင်းတန်း များ ဖြာထွက်လာခဲ့လေသည်။ ဆေးမီးဖိုထဲမှ ဆေးလုံးပေါင်း ရှစ်လုံးတိတိ ပျံထွက်လာပြီး လေထဲတွင် ဝဲပျံနေကြ၏။

ဒသမအဆင့် နတ်ဆေးလုံးတစ်လုံး မွေးဖွားလာချိန်ကဲ့သို့ ကမ္ဘာမြေကို တုန်လှုပ်စေလောက်သည့် ထူးကဲ ဖြစ်စဉ်မျိုး မဟုတ်သော်ငြား၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို နိုးကြားလာစေပြီး ဆေးသန့်စင် ရေးခန်းမတစ်ခုလုံးကို သန့်စင်သွားစေခဲ့ပေသည်။ မဟာတာအို၏ သက္ကတအသံများကလည်း နားထဲ တွင် ပဲ့တင်ထပ်သွားလေ၏။

"ဒါ... တကယ်ပဲ ရှစ်လုံးတောင်လား…။"

ထိုက်ရီ အကြွင်းအကျန်နယ်မြေထဲမှနေ၍ ဤမြင်ကွင်းကို ကြည့်နေသော ရှောင်ချာ၏ မျက်နှာတွင် အလွန်တရာ အံ့အားသင့်နေသော အရိပ်အယောင်များ ပေါ်လွင်နေသည်။

ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးဆိုသည်မှာ မိုးကြိုးရေကန်ထဲတွင် ကျင့်ကြံရာ၌ အထူး အသုံးပြုရသော ဆေးလုံးဖြစ်၏။ နဝမအဆင့် သူတော်စင်ဆေးလုံး စာရင်းဝင်ဖြစ်ပြီး ဖော်စပ်ရသည့် လုပ်ငန်းစဉ်က အလွန်ရှုပ်ထွေးလှပေသည်။ ဆေးဖော်စပ်သည့် ဆရာကြီးများပင်လျှင် ကျရှုံးနိုင်ခြေ ရှိလေသည်။

သို့ရာတွင် နင်းဖန်ကတော့ လက်တစ်လွှဲမျှဖြင့် ရှစ်လုံးတိတိ ဖော်စပ်နိုင်ခဲ့၏။ ၎င်းမှာလည်း ဆေးတစ် ဖိုတည်းမှ ထွက်လာခြင်းဖြစ်ပေသည်။ ဤလုပ်ဆောင်ချက်မျိုးကို အံ့မခန်းဟုသာ ဖော်ပြ၍ရနိုင် ပေမည်။ ရိုးရိုးလေးပြောရလျှင် တကယ့် အံ့ဖွယ်ပင်ဖြစ်ချေ၏။

ရှောင်ချာသည် ယခင်က ဒသမအဆင့် နတ်ဆေးလုံး မွေးဖွားလာသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူး သော်ငြား၊ ယခုအချိန်တွင် အလွန်တရာ လေးစားချီးကျူးမိနေဆဲဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဒသမအဆင့် နတ်ဆေးလုံး ဖော်စပ်နိုင်ခြင်းကို ကံကောင်းခြင်းတစ်ခုဟု အတင်းအကြပ် ယူဆနိုင်သေးသော်လည်း၊ ဆေးတစ်ဖိုတည်းမှ ဆေးလုံးများစွာ ထွက်လာခြင်းမှာမူ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သက်သက်သာ ဖြစ်သောကြောင့်ပင်တည်း။

"ဒါပေမယ့် ဒီဆေးလုံး (၈) လုံးဆိုတာ နည်းနည်းတော့ မများလွန်းဘူးလား…။"

သတိပြန်ဝင်လာသော ရှောင်ချာ၏ မျက်နှာထားက အနည်းငယ် ထူးဆန်းသွား၏။ လျှို့ဝှက်ချက်ပြုတ် နည်းဖြင့် ဖော်စပ်ထားသော ဤဆေးလုံး အရေအတွက်အပေါ် ကန့်သတ်ချက်မရှိသော်ငြား...၊ အများဆုံး နှစ်လုံး သို့မဟုတ် သုံးလုံးဆိုလျှင် လုံလောက်နေပြီဖြစ်ပေသည်။

အကြောင်းရင်းမှာ ကောင်းကင်အဆင့် မိုးကြိုးရေကန်၏ သဘာဝလက္ခဏာများကြောင့် ဖြစ်လေသည်။

ကောင်းကင်တာအို နတ်ဘုရားမိုးကြိုးက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း သိထားရမည် ဖြစ်၏။ မိုးကြိုးတစ်ချက်ပစ်ခြင်းကပင် ရုပ်သွင်အဆင့် ကျင့်ကြံသူတစ်ဦးကို သေဆုံးစေနိုင်လောက် အောင် အလွန်အန္တရာယ်များလှပေသည်။

မိုင်တစ်သောင်းကျယ်ဝန်းသော ကောင်းကင်တာအို မိုးကြိုးပင်လယ်ကြီးသာ ဖိကျလာပါက ကောင်းကင် အရှင်သခင်ပင်လျှင် အထိတ်တလန့် ထွက်ပြေးရပေလိမ့်မည်။

မိုးကြိုးရေကန်ထဲတွင် အတွင်းကလီစာများကို ကြံ့ခိုင်အောင် လုပ်ဆောင်သည်ဆိုသည်မှာ အမှန်တကယ်တော့ ကောင်းကင်တာအို နတ်ဘုရားမိုးကြိုး၏ သေးငယ်သော အစိတ်အပိုင်းလေးကိုသာ အသုံးပြုခြင်း ဖြစ်၏။ ဤသေးငယ်သော အစိတ်အပိုင်းလေးကိုပင် အထူးဝင်္ကပါများဖြင့် အကြိမ်ပေါင်းများစွာ အားပျော့သွားအောင် ပြုလုပ်ထားရလေသည်။

အဆပေါင်း သန်းဆယ်ချီ၍ အားပျော့သွားစေခြင်းကို သာမန်အဆင့် မိုးကြိုးရေကန်ဟုခေါ်ပြီး၊ အဆ တစ်သန်းဆိုလျှင် နက်နဲသိမ်မွေ့အဆင့်၊ အဆတစ်သိန်းဆိုလျှင် မြေကမ္ဘာအဆင့်နှင့် အဆတစ်သောင်း ဆိုလျှင် ကောင်းကင်အဆင့်ဟူ၍ သတ်မှတ်ထားကြပေသည်။ ဤသို့ပြုလုပ်မှသာ ရုပ်ခန္ဓာကိုယ် သန့်စင် ခြင်းနယ်ပယ် ကျင့်ကြံသူများ ဝင်ရောက်နိုင်မည့် အခွင့်အရေးရှိမည်ဖြစ်၏။

ထို့အပြင် ဤနတ်ဘုရားမိုးကြိုးများကို အားပျော့သွားစေသည်ဆိုသော်ငြား၊ ၎င်းတို့၏ စွမ်းအား ဖြန့် ကျက်မှုက တူညီမှုမရှိချေ။ ဗဟိုချက်နှင့် နီးကပ်လေလေ အန္တရာယ် ပိုများလေလေဖြစ်ပေသည်။

ယေဘုယျအားဖြင့် မိုးကြိုးရေကန်ထဲသို့ ဝင်ရောက်နိုင်ခြင်းက အစပျိုးရုံသာရှိသေးပြီး၊ ဗဟိုချက်ထဲသို့ မည်သို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်မည်ဆိုသည်က အခက်အခဲပင်တည်း။

ချွင်းချက်မရှိ အတုအယောင် အထွတ်အထိပ်အခြေခံအုတ်မြစ် ရှိသော ပါရမီရှင်တစ်ဦးအတွက် ပထမ ဆုံး ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးကို သောက်သုံးခြင်းက ကောင်းကင်အဆင့် မိုးကြိုး ရေကန်သို့ ဝင်ရောက်ခွင့်ရရှိစေလေသည်။

ဒုတိယဆေးလုံး သောက်သုံးခြင်းက မီတာတစ်ရာခန့် အနက်သို့ ဝင်ရောက်ခွင့်ပြုပြီး၊ တတိယဆေး လုံးက နောက်ထပ် မီတာတစ်ရာ ဆက်သွားနိုင်စေ၏။

သို့ရာတွင် ဤနေရာ၌ မိုးကြိုးပင်လယ် ဗဟိုချက်၏ အစွန်းသို့ ရောက်ရှိနေပြီဖြစ်ချေသည်။ ရှေ့ဆက် သွားပါက အန္တရာယ်က နှစ်ဆတိုးလာမည်ဖြစ်ကာ မိုးကြိုးများက ခရမ်းရင့်ရောင်ပြောင်းသွားပြီး ပစ်ခတ်မှု အကြိမ်ရေ ပိုမြန်လာပေလိမ့်မည်။ ကောင်းကင်တာအို နတ်ဘုရားမိုးကြိုး၏ စစ်မှန်သော ကြီးမြတ်မှု အရိပ်အယောင်များ ပေါ်ထွက်လာမည်ဖြစ်၏။

ဤကောင်းကင်တာအို စွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် နဝမအဆင့် ဆေးလုံး၏ အစွမ်းသတ္တိက များစွာ ကျဆင်းသွားသောကြောင့် ဆက်လက်သောက်သုံးပါကလည်း အာနိသင် သိပ်မထူးတော့ချေ။

ယခု နင်းဖန်က ရှစ်လုံးတိတိ တပြိုင်တည်း ဖော်စပ်လိုက်ရာ ၎င်းတို့အားလုံးကို စားလိုက်လျှင်ပင် အာနိသင်က နှစ်လုံး သို့မဟုတ် သုံးလုံး စားသည်နှင့် ကွာခြားမည်မဟုတ်ပေ။

"ဒီ (၈) လုံးထဲက (၄) လုံးကို သူတော်စင်မိန်းမပျိုကျန်းကို ပေးလိုက်ရင်တောင် များနေသေးတယ်…။"

ရှောင်ချာက ခေါင်းခါရင်း မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ပေါ်လာ၏။ နင်းဖန်၏ သတိကြီးလွန်းသော အပြုအမူနှင့် ပတ်သက်၍ သူ ဘာပြောရမှန်းပင် မသိတော့ပေ။

မဟာရှားပြည်သူများအတွက် လုံလောက်သော လက်နက်အင်အား မရှိမည်ကို ကြောက်ရွံ့ခြင်း ဆို သည်မှာ သူတို့၏ ဗီဇထဲတွင် စွဲကပ်နေသည်ကို သူ မသိခဲ့ချေ။ ပိုပြီး ပြင်ဆင်ထားခြင်းက မည်သည့် အခါမျှ ဆိုးရွားသောကိစ္စတော့ မဟုတ်ပေ။

အောက်ဘက်တွင်မူ။

နင်းဖန်က ဆေးလုံးရှစ်လုံးကို ကျောက်စိမ်းသေတ္တာထဲ ထည့်လိုက်ပြီး ကျေနပ်သွားပုံရလေသည်။

"မိုးကြိုးရေကန်ထဲက အခြေအနေတွေက မရေရာသလို အလွန်လည်း အန္တရာယ်များတယ်…။"

"ငါ့ဆီမှာ အထွတ်အထိပ်အခြေခံအုတ်မြစ်၊ ကြီးမားလှတဲ့ ခွန်အား ဂျင်(၃.၃) သန်း၊ ရွှေရောင်ပါရမီ ကမ္ဘာဦး မိုးကြိုးအမြုတေနဲ့ မကြာခင်မှာ ကာကွယ်ဖို့ ဖန်တီးမယ့် ကောင်းကင်အဆင့် မှော်လက်နက် တစ်ခု ရှိနေပေမယ့်၊ မိုးကြိုးရေကန်ရဲ့ ဗဟိုချက်မှာ ကလီစာတွေကို အောင်အောင်မြင်မြင် သန့်စင်နိုင်ဖို့ အခွင့်အရေးက ရာခိုင်နှုန်းပြည့် မဟုတ်သေးဘူး….။"

"အောင်မြင်နိုင်ခြေ အများဆုံး (၉၀) ရာခိုင်နှုန်းပဲရှိပြီး မိုးကြိုးပစ်ခံရလို့ သေနိုင်ခြေ (၁၀) ရာခိုင်နှုန်း ရှိနေ တယ်။ ဒါက သေလမ်းရှာတာနဲ့ ဘာကွာလို့လဲ၊ လုံခြုံမှုမရှိဘူး…။"

"အခု ဆေးလုံးအနည်းငယ် ပိုဖော်စပ်ထားတော့၊ မိုးကြိုးရေကန်ရဲ့ အပြင်ဘက်မှာ အထွတ်အထိပ် အခြေခံအုတ်မြစ် တည်ဆောက်နိုင်အောင် ထုံအတဲ့ ညီမလေးကို (၄) လုံးပေးပြီး ငါ့အတွက် (၄) လုံးချန်ထားမယ်။ ဒါမှသာ အောင်မြင်နိုင်ခြေကို (၉၉) ရာခိုင်နှုန်းအထိ တွန်းတင်နိုင်မှာ…။"

"ဟို သေနိုင်ခြေ (၀.၁) ရာခိုင်နှုန်းအတွက်ကတော့...၊ ဖြည့်စွက်ဖို့ နည်းလမ်းမရှိရင် စွန့်စားရတော့မှာ ပေါ့…။"

သူက စိတ်ထဲတွင် အစီအစဉ်ဆွဲလိုက်ပြီး နောက်ဆုံးတွင် သူ၏ မျက်လုံးများထဲ၌ အရာအားလုံးကို စွန့်လွှတ်ရဲသည့် ရက်စက်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

သူ၏စကားကို အခြားသူများ ကြားသွားပါက အရူးဟုသာ ကျိန်ဆဲကြမည်ကို သူ မသိခဲ့ချေ။ အခြားသူ များ ရုပ်ခန္ဓာကိုယ်သန့်စင်ရန် မိုးကြိုးရေကန်ထဲသို့ ဝင်ရောက်ချိန်တွင် သေဆုံးနိုင်ခြေက အောင်မြင်နိုင် ခြေထက် များစွာ သာလွန်ကြောင်း သိထားသင့်ပေသည်။ ဂိုဏ်း၏ သူတော်စင်တစ်ဦးပင် အကျိုးအပြစ် များကို ချိန်ဆပြီးနောက် လက်လျှော့ရန် ဆုံးဖြတ်ခဲ့ပြီး မြေကမ္ဘာအဆင့် မိုးကြိုးရေကန်ထဲသို့ပင် မဝင်ရဲ ခဲ့ပေ။

ယခု နင်းဖန်က အောင်မြင်နိုင်ခြေကို (၉၉) ရာခိုင်နှုန်းအထိ တွန်းတင်ထားပြီးနောက် ယင်းကို စွန့်စား ခြင်းဟု ခေါ်ဝံ့သေး၏။ အခြားပါရမီရှင်များဆိုလျှင် အသက်ရှင်ရန်ပင် မထိုက်တန်တော့ချေ။

"အစ်ကိုကြီး…"

နင်းဖန် စဉ်းစားနေဆဲမှာပင် ရင်းနှီးသော နှုတ်ဆက်သံတစ်ခုက သူ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက် လာလေသည်။ မော့ကြည့်လိုက်ရာ အဝေးက ကောင်းကင်ယံမှ ပျံသန်းရေးလှေတစ်စင်းဖြင့် ချဉ်းကပ် လာသော ကျန်းထန်ကို မြင်လိုက်ရလေ၏။

အနီးသို့ရောက်သောအခါ ယုန်လေးတစ်ကောင်ကဲ့သို့ ခုန်ဆင်းလာပြီး ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေ သည်။

"အစ်ကိုကြီးကို သတင်းပို့ပါတယ်၊ တာဝန်ကို အောင်မြင်စွာ ပြီးဆုံးသွားပါပြီ…။"

"အိုး... စုစုပေါင်း တူရိုက်ချက် (၅၉,၄၀၀) တိတိ၊ ဘာမှ မကျန်ခဲ့ဘူးဆိုတာ သေချာရဲ့လား" ဟု နင်းဖန်က ပြုံးကာ မေးလိုက်သည်။

ညစ်ပေနေသော လက်ပြတ်အင်္ကျီနှင့် မည်းနက်သော ပြာများ ပေကျံနေသည့် ပါးပြင်များရှိသော မိန်းကလေးကို ကြည့်ရင်း သူ မရယ်ဘဲ မနေနိုင်တော့ချေ။

သူက ကျန်းထန်ထံတွင် ကမ္ဘာဦး သံလိုက်ကြယ်သံမဏိ နှစ်တုံးကို ထားရစ်ခဲ့ပြီး တစ်တုံးလျှင် တူရိုက် ချက် (၂၉,၇၀၀) စီဖြင့် စုစုပေါင်း (၆၀,၀၀၀) နီးပါး လိုအပ်လေသည်။ ဤသည်မှာ နည်းပါးသော အရေ အတွက်တော့ မဟုတ်ပေ။ ကျန်းထန်၏ အတုအယောင် အထွတ်အထိပ်အခြေခံအုတ်မြစ် လက်ရုံး ခွန်အားဖြင့်ပင် အချိန်တိုအတွင်း ပြီးမြောက်ရန် မလွယ်ကူလှချေ။

ယင်းကိုကြားသောအခါ ကောင်မလေးက ယုံကြည်မှုရှိစွာ ပြုံးလိုက်၏။ ပြာများပေကျံနေသော မျက်နှာ ပေါ်မှ သွားဖြူဖြူလေးများကို ဖော်ပြကာ "သေချာပါတယ်" ဟု ပြောလိုက်လေသည်။

"ပြီးတော့ အစ်ကိုကြီး ပြောသလိုပဲ သံရိုက်တာက ကျွန်မရဲ့ ရုပ်ခန္ဓာကိုယ်ကို တကယ်ပဲ သန်မာလာစေ တယ်။ အခု ကျွန်မရဲ့ လက်တစ်ဖက်တည်း ခွန်အားက ဂျင် (၈၁၀,၀၀၀) တောင် ရှိနေပြီ…။"

လက်တစ်ဖက်တည်း ခွန်အား ဂျင် (၈၁၀,၀၀၀) တိတိ။

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် နဝမအဆင့်သို့ ထိုးဖောက်ဝင်ရောက်ပြီးနောက် ၎င်းက နှစ်ဆဖြစ် သော ဂျင် (၁.၆၂) သန်းသို့ ရောက်ရှိသွားမည်ကို ဆိုလိုလေသည်။ ဤသည်က အထွတ်အထိပ် အခြေခံ အုတ်မြစ်၏ စံနှုန်းသို့ အမှန်တကယ် ရောက်ရှိသွားပြီဖြစ်ချေ၏။

မိုးကြိုးရေကန်ထဲသို့ မဝင်ရောက်မီကပင် ဤအဆင့်သို့ ရောက်ရှိသွားခဲ့ပေသည်။ ယင်းက ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျန်းထန်ကို နင်းဖန် လမ်းညွှန်ပေးခဲ့သော ကျင့်ကြံမှုသည် အလွန်ထိရောက် ကြောင်း ပြသနေ၏။

"ဂုဏ်ယူပါတယ် ညီမလေး၊ အကောင်းဆုံး ဆုတောင်းပေးပါတယ်…။"

ချီးကျူးဂုဏ်ပြုနေစဉ်မှာပင် နင်းဖန်က ဆက်မေးလိုက်သည်။

"ညီမလေးက အထွတ်အထိပ်အခြေခံအုတ်မြစ်ကို ကြိုတင်တည်ဆောက်ပြီးပြီဆိုတော့ မိုးကြိုးရေကန် ထဲ ဝင်ဖို့ စီစဉ်ထားသေးသလား….။"

"ဒါပေါ့…"

ကျန်းထန်က ချက်ချင်းပင် တွေဝေမှုမရှိဘဲ ဖြေလိုက်လေ၏။

နင်းဖန်က လေးနက်သွားကာ ပြောလိုက်လေသည်။

"ညီမလေး၊ မိုးကြိုးရေကန်က အလွန်အန္တရာယ်များပြီး သေဆုံးနိုင်တဲ့ အန္တရာယ်တောင် ရှိနိုင်တယ် ဆိုတာ သိရဲ့လား…။"

"သိပါတယ်…"

"ဒါဆို မင်း ဝင်ဦးမှာလား…။"

"ဘာလို့လဲဆိုတော့ အစ်ကိုကြီး ဝင်မှာမို့လို့လေ၊ ကျွန်မက အစ်ကိုကြီးနဲ့ အတူတူ လိုက်ချင်လို့ပါ…။"

ညစ်ပေနေသော မိန်းကလေး၏ အသံက ကြည်လင်နေပြီး သူမ၏ အပြုံးက တောက်ပနေလေသည်။

ထိုပြတ်သားသော အဖြေကို ကြားလိုက်ရချိန်တွင် နင်းဖန်၏ နှလုံးသားက တစ်ချက် ခုန်သွားခဲ့ရလေ၏။ မိုးကြိုးရေကန်ထဲ ဝင်ရသည့် ကျန်းထန်၏ အကြောင်းပြချက်က ဤမျှ ရိုးရှင်းလိမ့်မည်ဟု သူ မထင် ထားခဲ့ပေ။

အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် သူက ကျေနပ်အားရစွာ ရယ်မောလိုက် လေသည်။

"ဂျူနီယာညီမလေးက ထုံအပေမယ့် နွားတစ်ကောင်လို သစ္စာရှိတာပဲ…။"

အခန်း (၁၁၀) အကြီးအကဲလီ၊ ခင်ဗျား အဲ့ဒီပန်းသင်္ချိုင်းဓားကို စားချင်နေတုန်းပဲလား

"ဂျူနီယာညီမလေး၊ ဒီဆေးလုံးတွေကို ယူထားလိုက်…။"

ထျန်းကုန်းတောင်ထိပ်သို့ ပြန်သွားရာလမ်းတွင် နင်းဖန်က ကျန်းထန်၏ လက်ကိုဆွဲကာ ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံး လေးလုံးကို သူမ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်လေသည်။ လမ်းတစ်လျှောက်လုံး ၎င်းတို့၏ အာနိသင်များကိုလည်း သူ ရှင်းပြလာခဲ့လေ၏။

"ဒီဆေးလုံးတွေနဲ့ဆို မိုးကြိုးပင်လယ်ရဲ့ တတိယစက်ဝန်းထဲ ဝင်ဖို့ လုံလောက်ပြီ။ ဒါပေမဲ့ သူတို့က မင်းကို လုံးဝ အနိုင်မခံအရှုံးမပေး ဖြစ်သွားစေတာတော့ မဟုတ်ဘူး၊ ကျဆုံးနိုင်တဲ့ အန္တရာယ် ရှိနေတုန်း ပဲ။ အရေးကြီးတဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်နော်…။"

ဟု နင်းဖန်က လေးနက်သော အကြည့်ဖြင့် သတိပေးလိုက်လေသည်။

ကျန်းထန်က သူမလက်ထဲရှိ ဆေးလုံးများကို ကြည့်လိုက်သော်ငြား ချက်ချင်းပင် ခေါင်းခါလိုက်၏။

"ကျွန်မ မလိုချင်ဘူး၊ အစ်ကိုကြီးပဲ သိမ်းထားလိုက်ပါ…။"

စကားပြောရင်း သူမက ဆေးလုံးများကို နင်းဖန်ထံ ပြန်ပေးရန် ကြိုးစားလေသည်။ ဤသည်က နင်းဖန် ကို ခဏမျှ အံ့အားသင့်သွားစေခဲ့၏။

အန္တရာယ်များလှသော ကောင်းကင်အဆင့် မိုးကြိုးရေကန်ထဲတွင် ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးသည် အသက်ကယ်ဆေးလုံးတစ်လုံး ဖြစ်ကြောင်း သိထားရမည်ဖြစ်၏။ အရေးကြီးသော အခိုက်အတန့်တွင် ထိုကွာဟချက် အနည်းငယ်လေးက အသက်နှင့် သေခြင်းကို ဆုံးဖြတ်ပေးနိုင်ပေ သည်။ ဤဆေးလုံးဖြင့် ထိုကွာဟချက်ကို ဖြည့်ဆည်းနိုင်လေသည်။

ပြောင်းပြန်အနေဖြင့်လည်း မှန်ကန်ပေသည်။ တစ်စုံတစ်ယောက်က ဤဆေးလုံး မရှိသောကြောင့် ထိုကွာဟချက်ကို မဖြည့်ဆည်းနိုင်ခြင်း ဖြစ်နိုင်၏။ ရလဒ်အနေဖြင့် ကောင်းကင်မိုးကြိုးဖြင့် ကလီစာငါး ခု သွန်းလုပ်ခြင်းနည်းစနစ် ကျရှုံးသွားကာ ယခင် အားထုတ်မှုများအားလုံး အလဟဿဖြစ်သွားပြီး ထိုသူမှာ ကောင်းကင်မိုးကြိုး ပစ်ခတ်ခံရကာ သေဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် ကိုယ့်အသက်နှင့် ပတ်သက်နေသော ဤကဲ့သို့သော ဆေးလုံးမျိုးကို မည်သူကမျှ ငြင်းပယ် လိမ့်မည်မဟုတ်ဟု နင်းဖန် ယုံကြည်ထားခဲ့ခြင်းဖြစ်၏။

သို့ရာတွင် ကျန်းထန်၏ ပထမဆုံး တုံ့ပြန်မှုက အမှန်တကယ်ပင် နင်းဖန် သောက်ရန် ဆေးလုံး မရှိတော့ မည်ကို စိုးရိမ်ခြင်းဖြစ်ပေသည်။ ဤကောင်မလေးက ဤဆေးလုံး လေးလုံးကို သူပိုင်ဆိုင်သမျှဟု ထင်နေခြင်းဖြစ်၏။

ဆေးလုံးများကို ပြန်တွန်းပေးနေသော မိန်းကလေး၏ လက်လေးကို ကြည့်ရင်း သူ စိတ်ထဲတွင် လှိုက်ခ နဲ ခံစားသွားရလေသည်။ ဖော်ပြ၍မရသော ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲတွင် ပြည့်လျှံလာ ခဲ့လေ၏။

အချိန်ကြာမြင့်စွာ တိတ်ဆိတ်စွာ ခံစားပြီးနောက် နောက်ဆုံးတွင် သူ ပြုံးလိုက်ပြီး ဆေးလုံးများကို သိမ်းထားရန် ကျန်းထန်ကို ပြောလိုက်လေသည်။ ထို့နောက် သူက အခြား ဆေးလုံးလေးလုံးကို ထုတ်ပြ လိုက်၏။

"ကြည့်စမ်း၊ ငါ့ဆီမှာ ကျန်သေးတယ်၊ ဒါကြောင့် မင်း စိတ်ချလက်ချ ယူထားလို့ရပါတယ်…။"

"ဒါဆို အစ်ကိုကြီးက ရှစ်လုံးတောင် သန့်စင်ခဲ့တာပေါ့။ တကယ်ကို အံ့ဩစရာပဲ…။"

ယင်းကိုမြင်သောအခါ ကျန်းထန်က နောက်ဆုံးတွင် စိတ်အေးသွားလေသည်။ ထို့နောက် သူမက အားပါးတရ လက်ခုပ်တီးကာ အပြည့်အဝ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးလေ၏။

"အရူးမလေး…။"

နင်းဖန်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ရာ ပျံသန်းရေးလှေပေါ်တွင် ရပ်နေရင်း သူမက တခစ်ခစ် ရယ်မောနေလေတော့သည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင်။

သူတို့နှစ်ယောက် ထျန်းကုန်းတောင်ထိပ်သို့ ပြန်ရောက်လာကြလေသည်။ နင်းဖန်၏ မှော်လက်နက်ဖန် တီးခြင်း အောင်မြင်မှု (၁၀ဝ) ရာခိုင်နှုန်းက သုံးနာရီသာ ခံသောကြောင့် သူ အချိန်မဖြုန်းရဲချေ။ ထို့ကြောင့် မှော်လက်နက်ဖန်တီးရေးစင်မြင့်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်လေ၏။

ကျန်းထန် ထုနှက်ထားသော ပစ္စည်းများကို ကြည့်ပြီး သူက နောက်တစ်ဆင့် ဖန်တီးခြင်းကို ချက်ချင်း စတင်လိုက်လေသည်။ ပုံကြမ်းပေါ်ရှိ ညွှန်ကြားချက်များအတိုင်း လင်းလက်ပူပြင်းနေသော ထီးရိုး များပေါ်သို့ ကောင်းကင်မိုးကြိုး ကျောက်စိမ်းရိုးတွင်းခြင်ဆီ အရည်များကို ဖြည်းညှင်းစွာ လောင်းချ လိုက်လေ၏။

ကျောက်စိမ်းရိုးတွင်းခြင်ဆီက သံနှင့် ထိတွေ့ရုံဖြင့် အခဲဖြစ်မသွားပေ။ လူ့ခန္ဓာကိုယ်ရှိ သွေးကြောများ ကဲ့သို့ ထီးရိုးအတွင်း၌ ဆံပင်မျှင်လောက် သေးငယ်သော ဝိညာဉ်လမ်းကြောင်း ကွန်ရက်များကို ပုံဖော် ရန် ဝိညာဉ်စွမ်းအင်ဖြင့် ရစ်ပတ်ထားရန် လိုအပ်လေသည်။

ဤအဆင့်က ခက်ခဲသောအပိုင်း၏ အစလည်း ဖြစ်၏။ ယင်းက ကောင်းကင်အဆင့် မှော်လက်နက် သန့်စင်သူများကို အခြားသူများနှင့် ကွဲပြားစေသည့် အဓိကအချက်ဖြစ်ပေသည်။

နင်းဖန်က မှော်လက်နက်ဖန်တီးခြင်းနှင့် ပတ်သက်၍ ဘာမျှမသိသော်ငြား၊ ယခုအခါတွင်မူ သူ့ထံ၌ အောင်မြင်မှု (၁၀၀) ရာခိုင်နှုန်း အထောက်အကူပြုစနစ် ရှိနေလေသည်။ ထို့ကြောင့် သူက အရာအား လုံးကို လျစ်လျူရှုကာ ရမ်းသန်းပြီး စတင်လုပ်ဆောင်လေတော့၏။

ပုံကြမ်း၏ လိုအပ်ချက်များအတိုင်း စက်ရုပ်တစ်ရုပ်လို ကူးယူကာ ကြမ်းတမ်းစွာ ပုံဖော်လိုက်လေ သည်။ ဤအဆင့်က နာရီဝက်တိတိ ကြာမြင့်ခဲ့၏။ ယခုဆိုလျှင် ရွှမ်ထင်ထီး နှစ်လက်က ပုံစံပေါ်လာပြီ ဖြစ်ပေသည်။

ထို့နောက် နင်းဖန်က ၎င်းတို့ကို မီးဝင်္ကပါထဲသို့ ပစ်ထည့်လိုက်ပြီး အနားသတ်များကို ထက်မြက်စေရန် လောက၏ ရှားပါးမီးတောက်များထဲမှ ခရမ်းရောင်မိုးကြိုးမီးတောက်ကို အသုံးပြုလိုက်လေသည်။

တစ်ခဏချင်းမှာပင် မီးနှင့် မိုးကြိုးစွမ်းအားများက ထီးများထဲသို့ စီးဝင်သွားခဲ့လေ ၏။ အပြင်းအထန် လောင်ကျွမ်းနေသော မီးတောက်များနှင့် မရပ်မနား တောက်ပနေသော လျှပ်စစ်အလင်းရောင်များ ရှိနေ လေသည်။ နင်းဖန်၏ မျက်နှာက လေးနက်နေပြီး ကြိုတင်သတ်မှတ်ထားသော ဝိညာဉ်လမ်းကြောင်း ကွန်ရက်တစ်လျှောက် မိုးကြိုးနှင့် မီးတို့ကို လမ်းညွှန်ရန် ဝင်္ကပါအပြင်ဘက်မှ ဝိညာဉ်စွမ်းအင်ကို အသုံး ပြုလိုက်လေသည်...။

"ကြမ်းတမ်းလွန်းတယ်…။"

"ပေါ့ဆလွန်းတယ်…။"

"ဒါက ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ၊ သူ့ရဲ့ နည်းစနစ်က အလုပ်သင် မှော်လက်နက်သန့်စင် သူ တစ်ယောက်ထက်တောင် ဆိုးနေသေးတယ်…။"

ထိုက်ရီ အကြွင်းအကျန်နယ်မြေထဲတွင် ကြည့်ရှုနေသော လီချန်မင်၏ မျက်ခွံများက တဆတ်ဆတ် တုန်နေပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေခဲ့လေ၏။

နင်းဖန်၏ ဆေးဖော်စပ်ခြင်း စွမ်းရည်က ရှောင်ချာကို ကြည်ကြည်ဖြူဖြူ အရှုံးပေးသွားစေလောက် အောင် အံ့မခန်းဖြစ်ခဲ့လျှင်...၊

...ယခု သူပြသနေသော မှော်လက်နက်ဖန်တီးခြင်း နည်းစနစ်ကမူ အနိမ့်ဆုံး သာမန်အဆင့် မှော်လက် နက်သန့်စင်သူပင်လျှင် အထင်သေးလောက်သည့် အရာဖြစ်လေသည်။

သူသည် လုံးဝ အတွေ့အကြုံမရှိသူတစ်ယောက် ဖြစ်နေ၏။

ထီးပုံစံ မှော်လက်နက်ကို ဖန်တီးရာတွင် အလုံးစုံ လုပ်ငန်းစဉ်က ချွတ်ယွင်းချက် မရှိသော်ငြားလည်း၊ လုပ်ဆောင်မှု အပိုင်းတိုင်းက စံနှုန်းနှင့် မကိုက်ညီချေ။ သူတော်စင်မိန်းမပျိုကို ဖန်တီးမည့် ပစ္စည်းများ ထုနှက်ခိုင်းသည်ဖြစ်စေ၊ သူကိုယ်တိုင် ဝိညာဉ်လမ်းကြောင်း ကွန်ရက်ကို ရေးဆွဲသည်ဖြစ်စေ အားလုံး က အလွန်တရာ ဖြစ်ကတတ်ဆန်း နိုင်လှပေသည် ။

ထို့အပြင် ယခု နင်းဖန် ဖန်တီးနေသောအရာမှာ ဂိုဏ်းရှိ မည်သည့် မှော်လက်နက်ဖန်တီးခြင်း ပုံကြမ်း တွင်မှ မှတ်တမ်းတင်ထားခြင်း မရှိကြောင်း လီချန်မင် သေချာပေါက် သိနေ၏။ မည်သို့ပင်ဆိုစေ ထီးပုံစံ မှော်လက်နက်များက အစကတည်းက ရှားပါးလှလေသည်။ ဂိုဏ်းထဲတွင် သက်ဆိုင်ရာ ပုံကြမ်းများရှိခဲ့ လျှင် မှော်လက်နက်ဖန်တီးရေး အကြီးအကဲဖြစ်သော သူ မသိဘဲ မနေနိုင်ပေ။

ဆိုလိုသည်မှာ ဤပစ္စည်းက အတိတ်က ဂိုဏ်းမှ စီနီယာများ ဖန်တီးခဲ့သော လမ်းညွှန်ကိရိယာ မဟုတ် ပေ။ ယင်းအစား နင်းဖန် ကိုယ်တိုင် လုံးဝ ပေါင်းစပ်ဖန်တီးထားသော အရာတစ်ခု ဖြစ်နေ၏။

မှော်လက်နက်ဖန်တီးခြင်းနှင့် ပတ်သက်၍ ဘာမှမသိသူတစ်ယောက်က ဖန်တီးထားသော ကောင်းကင် မိုးကြိုး လမ်းညွှန်ကိရိယာက မည်သို့သော အာနိသင်မျိုး ရှိနိုင်မည်နည်းဟု တွေးတောစရာပင်။

'မဟုတ်သေးဘူး... အာနိသင်ကို စဉ်းစားဖို့က စောလွန်းနေသေးတယ်လေ… ။'

နင်းဖန်၏ နည်းစနစ်ဖြင့် ဤမှော်လက်နက်ကို အောင်မြင်စွာ ဖန်တီးနိုင်မည်လား ဆိုသည်ကပင် မေးခွန်း ထုတ်စရာ ဖြစ်နေခဲ့၏။ နောက်ဆုံးကျမှ ပစ္စည်းများက ခံနိုင်ရည်မရှိဘဲ ဝင်္ကပါထဲတွင် ပေါက်ကွဲ သွား မည်ကို စိုးရိမ်ရပေသည်။ ထိုအရာက ကြီးမားသည့် ဟာသကြီး ဖြစ်သွားလိမ့်မည်ဖြစ်ပေ၏။

"ဒါက တကယ်ပဲ အခြေအနေမကောင်းဘူး၊ ဒါပေမဲ့ နင်းဖန်က ရမ်းကားပြီး လုပ်မယ့်သူမျိုးတော့ မဟုတ်ပါဘူး...။"

ဖေ့ချင်းယွီကလည်း မျက်မှောင်ကြုတ်လိုက်လေသည်။ ပညာရပ်ပိုင်း မသိသူတစ်ယောက်အနေဖြင့်ပင် နင်းဖန်၏ မှော်လက်နက်ဖန်တီးမှုက လုံးဝ ရှုပ်ထွေးပွေလီနေကြောင်း သူ မြင်နိုင်ပေ၏။

အခြားသော အကြီးအကဲများစွာကလည်း အမြင်ကွဲလွဲနေကြသည်။ အချို့က နင်းဖန်တွင် သူ၏ကိုယ် ပိုင် စဉ်းစားချင့်ချိန်မှုများ ရှိလိမ့်မည်ဟု ထင်ကြ၏။ အချို့ကတော့ နင်းဖန်က ရမ်းသန်းလုပ်နေခြင်းသာ ဖြစ်သည်ဟု ထင်ကြလေသည်။

"ထူးဆန်းတယ်၊ ကောင်းကင်တာအိုက မရေရာဘူး၊ ပြီးတော့ ကံတရားရဲ့ ကြိုးမျှင်တွေက ဖုံးကွယ်နေ တယ်...။"

အကြီးအကဲကျူးကော့က လက်ချောင်းများကို တွက်ချက်ကာ အချိန်အတော်ကြာ စဉ်းစားသော်လည်း ဘာမှ မသိရသေးချေ။ နောက်ဆုံးတွင် သူက မနီးမဝေးရှိ သူတော်စင်ကို ကြည့်ကာ မေးလိုက်လေ သည်။

"ယွမ်ကျယ်၊ နင်းဖန်ရဲ့ မှော်လက်နက်ဖန်တီးမှုအပေါ် ဘယ်လိုထင်လဲ…။"

"သူ့ရဲ့ နည်းစနစ်က သိမ်မွေ့ပြီး အံ့ဩစရာကောင်းတယ်။ ကြည့်လိုက်တာနဲ့ အဆင့်မြင့် ကောင်းကင် အဆင့် မှော်လက်နက်တစ်ခု ဖြစ်လာမယ့် အလားအလာ ရှိတယ်….။"

သူတော်စင်က တစ်စက္ကန့်လေးမျှပင် တွေဝေခြင်းမရှိဘဲ ဖြေလိုက်ရာ သူ၏အဖြေက မထင်မှတ်ထား လွန်းသဖြင့် လူတိုင်းက သူ့ကို အံ့ဩတကြီး ကြည့်လိုက်ကြလေ၏။

အကြီးအကဲကျူးကော့က ပို၍ပင် အံ့အားသင့်သွားပြီး ကြောင်တောင်တောင်ဖြင့် မေးလိုက်လေသည်။

"မင်း တကယ်ပဲ အဲဒီလို ထင်တာလား…။"

"ဦးလေးကျူးကော့၊ ကျွန်တော့်ကို စမ်းသပ်တာ ရပ်လိုက်ပါတော့။ နောက်ထပ် အကြိမ်တစ်သောင်း မေးရင်တောင် ကျွန်တော့်အဖြေက အတူတူပဲ ဖြစ်နေမှာပါ…။"

သူတော်စင်က ခေါင်းပင်မမော့ဘဲ ပြောလိုက်လေသည်။

သူက နောက်နေခြင်းလားဟု တွေးစရာပင်။

သူက မှော်လက်နက်ဖန်တီးခြင်းကို နားမလည်သော်လည်း နင်းဖန်ကို နားမလည်ဘဲ နေမည်လားဟု တွေးမိ၏။ ဤလူငယ်လေး တစ်ကြိမ်တစ်ခါမျှ အမှားမလုပ်ဖူးကြောင်းကို သူ တွေးမိ၏။ ဤကမ္ဘာကြီး ၏ ဇာတ်လိုက်ဖြစ်ခြင်းက မည်သည့်အရာကို ဆိုလိုကြောင်း သူတို့ နားမလည်ကြဟု တွေးတောမိလေ သည်။

လီချန်မင်အပေါ်ထားရှိသော သူတော်စင်၏ အကြည့်က သနားကြင်နာမှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ အမြင်တွင်တော့ ဦးလေးလီမှာ မျက်နှာဖြတ်ရိုက်ခံရရန် ဖန်တီးခံထားရသူဖြစ်ပေသည်။ ပြီးတော့ သူ ရှုံးနိမ့်ရခြင်းအကြောင်းရင်းက မှော်လက်နက်ဖန်တီးခြင်းကို ကောင်းကောင်းကြီး နားလည်လွန်းနေ သောကြောင့် ဖြစ်ပေ၏။

နင်းဖန်၏ ကြမ်းတမ်းသော နည်းစနစ်က မည်သို့မျှ မအောင်မြင်နိုင်ဟု သူ အခိုင်အမာ ယုံကြည်နေသည့် အတိုင်းအတာအထိပင်။

သို့ရာတွင် ဇာတ်လိုက်တစ်ယောက်က အခြားသူများအား သူ၏လုပ်ရပ်များအတွက် ဘာကြောင့် ရှင်းပြ ရန် လိုအပ်မည်နည်း။ လက်တွေ့ဘဝဆိုတာ မကြာခဏဆိုသလို အလွန်အမင်း မယုံနိုင်စရာ ကောင်းလှ ပေသည်။ သေမျိုးခန္ဓာကိုယ်ဖြင့် ကျမ်းစာဆောင်၏ နဝမထပ်သို့ သူ မည်သို့ တက်ရောက်နိုင်ခဲ့သနည်း ဆိုသည်နှင့် အတူတူပင်ဖြစ်၏။ မဖြစ်မလာခင်တုန်းက မည်သူက ယုံကြည်ခဲ့နေပါသနည်း။

"ထုံအတဲ့ အကြီးအကဲတစ်သိုက်၊ ငါ့လောက်တောင် အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ကြဘူး… ။"

သူတော်စင် ကျူးယွမ်ကျယ်က သာလွန်မှုအပြည့်ရှိသော နှလုံးသားဖြင့် တွေးလိုက်၏။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဤနေရာတွင် နင်းဖန်ကို အယုံကြည်ရဆုံးသူ ဖြစ်လာခဲ့ကြောင်းကို သူ သတိမထားမိချေ။

အပြင်ဘက် အဝိုင်းများတွင်မူ...

အပြင်စည်းတပည့်များကလည်း ဆွေးနွေးနေကြလေသည်။

"စီနီယာ အစ်ကိုတို့၊ နင်းဖန်ရဲ့ မှော်လက်နက်ဖန်တီးမှုက အောင်မြင်နိုင်မယ်လို့ ထင်လား…။"

"ခက်တယ်၊ အတွင်းစည်းက စီနီယာအစ်ကိုတွေ ပြောတာကြားတာတော့၊ ထျန်းကုန်းတောင်ထိပ်က အကြီးအကဲလီကိုယ်တိုင် ဝန်ခံထားတာတဲ့။ ခန္ဓာကိုယ်သန့်စင်ဖို့ ကောင်းကင်မိုးကြိုးကို လမ်းညွှန်ပေး နိုင်တဲ့ မှော်လက်နက်တွေက ပျောက်ကွယ်သွားတာ ကြာပြီဖြစ်ပြီး၊ အခု ဂိုဏ်းမှာ ဘယ်ပုံကြမ်းမှ မရှိ တော့ဘူးတဲ့…။"

"ညီလေး၊ မင်းသတင်းက ဘယ်တုန်းကလဲ။ ခေတ်နောက်ကျနေပြီ၊ နောက်ဆုံးသတင်းက အကြီးအကဲ လီက ဒေါသတကြီးနဲ့ နင်းဖန်ကို ရမ်းသန်းဖန်တီးနေတယ်လို့ ပြစ်တင်ဝေဖန်နေခဲ့တာ…။"

"ဘာ၊ အကြီးအကဲလီတောင် ဒေါသထွက်နေတာလား….။"

"ဒါဆို... နင်းဖန်ရဲ့ ဖန်တီးမှုနည်းစနစ်က တကယ်ကို ဆိုးရွားလွန်းပုံပဲ…။"

"စဉ်းစားကြည့်လေ၊ လူတစ်ယောက်တည်းက ဆေးဖော်စပ်တာရော၊ မှော်လက်နက်ဖန်တီးတာရော နှစ်ခုလုံးကို ဘယ်လိုလုပ် တတ်နိုင်မှာတဲ့လဲ…။"

"..."

အပြင်စည်းတွင် မှော်လက်နက်ဖန်တီးခြင်းကို နားလည်သော တပည့် သိပ်မရှိချေ။ ထို့ကြောင့် အစပိုင်း တွင် နင်းဖန်၏ ဖန်တီးမှုက ကောင်းသလား၊ ဆိုးသလား မည်သူမျှ မသိကြပေ။ နောက်ပိုင်းတွင် အတွင်း စည်းတပည့်များက အတွင်းပိုင်း၌ ဖြစ်ပျက်နေသည်များကို အသက်ဝင်စွာ ဖြန့်ဝေလိုက်သည့် အချိန်ကျ မှသာ။

နင်းဖန်၏ မှော်လက်နက်ဖန်တီးမှုက ကြည့်ကောင်းသော်လည်း ကျွမ်းကျင်သူများ၏ အမြင်တွင်မူ အမှားများ ပြည့်နှက်နေပြီး နည်းစနစ်က အောက်တန်းကျကြောင်း လူတိုင်း နားလည်သွားကြတော့၏။ ထို့ကြောင့် အချိန်အတန်ကြာသည်အထိ တပည့်များအနေဖြင့် နင်းဖန်အတွက် မျှော်လင့်ချက်ထားရန် ခက်ခဲနေခဲ့ပေသည်...

တစ်နာရီအကြာတွင်။

ထျန်းကုန်းတောင်ထိပ်၏ အထွတ်အထိပ်တွင်၊ (၁၀၀) ရာခိုင်နှုန်း အောင်မြင်မှု အာနိသင် မကုန်ဆုံးမီ နောက်ဆုံး ဆယ်စက္ကန့်အလို။

ဝင်္ကပါအတွင်းမှ မိုးကြိုးပစ်သံ တစ်ချက် ထွက်ပေါ်လာသည်နှင့်အတူ နင်းဖန်က ရွှမ်ထင်ထီး နှစ်လက် ကို အချိန်မီ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေသည်။ ဝင်္ကပါ ပျောက်ကွယ်သွားသည်နှင့် ထီးရိုးများပေါ်ရှိ တာအိုပုံစံများက လုံးဝ ခဲယဉ်းသွားလေ၏။

ကောင်းကင်ယံမှ ပန်းရောင်အလင်းတန်းတစ်ခု ဆင်းသက်လာပြီး ရွှမ်ထင်ထီး နှစ်လက်အပေါ်သို့ တောက်ပစွာ ကျဆင်းလာလေသည်။ ထီးများပတ်လည်တွင် တာအိုစည်းချက်များ အငွေ့ပျံနေပြီး၊ ဟင်းလင်းပြင်ထဲတွင် ကြာပန်းများ ပွင့်လန်းလာကာ အသေးစား ထူးကဲဖြစ်စဉ်တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာလေ၏။

နတ်ဆေးလုံးတစ်လုံးကဲ့သို့ပင် နတ်ဘုရားလက်နက်တစ်ခု မွေးဖွားလာခြင်းက ကောင်းကင်နှင့် မြေကြီး ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ပေသည်။

သို့ရာတွင် ရွှမ်ထင်ထီးက တိုက်ခိုက်မှုအပေါ် အဓိကထားသော လက်နက်တစ်ခု မဟုတ်သလို၊ ကောင်းကင် ကို အာခံနိုင်သော အာနိသင်ရှိသည့် မှော်လက်နက်တစ်ခုလည်း မဟုတ်ချေ။

၎င်းက အဆင့်မြင့် ကောင်းကင်အဆင့်ဖြစ်သော်လည်း မိုးကြိုးရေကန်ထဲတွင် ရုပ်ခန္ဓာကိုယ်သန့်စင်ရန် အတွက်သာ အသုံးပြုနိုင်လေသည်။

ဤကြီးမားသော ကန့်သတ်ချက်က ၎င်း၏ အဆင့်နှင့် ကိုက်ညီသော ဆက်ဆံမှုကို မရရှိစေရန် တားဆီး ထားချေ၏။ ထို့ကြောင့် ထူးကဲဖြစ်စဉ်၏ တုန်ခါမှုများက မကြီးမားဘဲ အနည်းငယ်မျှသာ ဖြစ်လေ သည်။

သို့ရာတွင် ဤသည်ကပင် လုံလောက်အောင် တုန်လှုပ်စရာကောင်းနေပြီဖြစ်၏။ အဘယ်ကြောင့်ဆို သော် ဤသည်က နင်းဖန် အမှန်တကယ်ပင် ကောင်းကင်အဆင့် မှော်လက်နက်တစ်ခုကို ဖန်တီးနိုင်ခဲ့ ကြောင်း သက်သေပြချက် ဖြစ်နေသောကြောင့်ပင်တည်း။

ရုတ်တရက် ထိုက်ရီ အကြွင်းအကျန်နယ်မြေ တစ်ခုလုံး တစ်ဖန် တိတ်ဆိတ်သွားပြန်လေသည်။ စိတ်ပျက်မှုများ ပြည့်နှက်နေခဲ့သော လီချန်မင်သည် ချက်ချင်း အေးခဲသွားပြီး သစ်သားကြက် တစ်ကောင်ကဲ့သို့ အောက်သို့ စိုက်ကြည့်နေခဲ့ ၏။ သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေတော့သည်။

"တကယ်ကြီး အောင်မြင်သွားတာပဲ…။"

အခြားအကြီးအကဲများက အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ အသက်ရှူသံများက တဖြည်းဖြည်း လေးလံလာလေသည်။ ကမ္ဘာဦးခေတ်အကုန်ကတည်းက ပျောက်ကွယ်သွားခဲ့သော ကောင်းကင်မိုးကြိုး လမ်းညွှန်ကိရိယာကို နင်းဖန်က အမှန်တကယ် ပေါင်းစပ်ဖန်တီးနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ ကြချေ။

ရုတ်တရက် နားကွဲမတတ် ဆူညံသံကြီး ပေါ်ထွက်လာ၏။ လူတိုင်းက စိတ်လှုပ်ရှားနေကြလေသည်၊ သို့မဟုတ် တက်ကြွနေကြသည်၊ သို့မဟုတ် လီချန်မင်ကဲ့သို့ ကြောင်အမ်းအမ်း ဖြစ်နေကြလေသည်။

ဤမျှ များပြားရောနှောနေသော ခံစားချက်များကြားတွင် ရှင်းလွီတောင်ထိပ်မှ အကြီးအကဲဝူ တစ်ဦး တည်းကသာ ရှေ့သို့ ထွက်လာပြီး ဝိညာဉ်ကို ထိုးဖောက်နိုင်လောက်သော မေးခွန်းတစ်ခုကို ပွင့်ပွင့် လင်းလင်း မေးလိုက်လေသည်။

"အကြီးအကဲလီ၊ ခင်ဗျား စီနီယာအစ်မကြီးရဲ့ ပန်းသင်္ချိုင်းဓားကို စားချင်နေတုန်းပဲလား…။"

ထိုစကားကို ကြားလိုက်ရချိန်တွင် ဆူညံနေခဲ့သော နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့လေ၏။ လူတိုင်းက သူ့ကို မယုံနိုင်စွာ ကြည့်လိုက်ကြလေသည်။

လီချန်မင်၏ ပါးပြင်များက တဆတ်ဆတ် တုန်နေပြီး သူ၏ အကြည့်က အကြီးအကဲဝူနှင့် ယွီရူရွှမ်း၏ လက်ထဲရှိ ပန်းသင်္ချိုင်းဓားကြားတွင် အပြန်ပြန်အလှန်လှန် ကူးလူးနေသည်။ သူ၏ စကားပြောမထွက် သော မျက်နှာထားက နောက်ဆုတ်၍မရတော့ဘူး ဆိုသည့် စကားလုံးများကို မျက်နှာပေါ်တွင် အထင်း သား ရေးချထားသကဲ့သို့ ဖြစ်နေတော့လေသည်။

All Chapters