အခန်း (၇၉၁-၇၉၂)
Vol. 79 Ch. 791-792
အခန်း (၇၉၁) ထွက်ခွာခြင်း
“မင်းအတွက် လူသုံးယောက် အသက်ပေးခဲ့ရင်တောင် မင်းကို ငါ အသက်ရှင်ခွင့် ပေးမှာမဟုတ်ဘူး။ ဒါက မင်းအပေါ်မှာ တကယ် သစ္စာရှိတဲ့လူ ဘယ်သူလဲဆိုတာ သိရအောင် လုပ်ခဲ့တဲ့ လှည့်ကွက်လေး တစ်ခုပဲ။ သစ္စာမရှိတဲ့ ဝန်ကြီးတွေကိုတော့ ဝူသျှင်းက စိတ်မကောင်းမဖြစ်ဘဲ သတ်ပေးဖို့ ဝမ်းသာနေမှာပါ” လုံချန်းက ဆိုလိုက်သည်။
သူသည် ဝူသျှင်းဘက်သို့ အကြည့်ကို လွှဲလိုက်ပြီး မေးလိုက်သည်။ “ဟုတ်တယ်မလား”
ဝူသျှင်းက စကား ပြန်မပြောချေ။ သူသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ပထမဆုံး ဝန်ကြီး၏ ရှေ့တွင် ပေါ်လာ၏။ သူသည် လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ ဝူသျှင်း၏ လက်သီးချက်က ဝန်ကြီး၏ ဦးခေါင်းကို ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် ဝန်ကြီး၏ ဦးခေါင်းခွံ ကွဲအက်ကာ အသက်ပျောက်သွားတော့သည်။
“သူက မင်းရဲ့ ဝန်ကြီးတွေကို ကိုင်တွယ်ပေးလိမ့်မယ်။ မင်းရဲ့ နန်းတွင်းက သစ္စာဖောက်တွေ မင်းနဲ့အတူ သေသွားပြီဆိုတာကို သိပြီး စိတ်အေးအေးနဲ့ သေနိုင်ပါတယ်” လုံချန်းက မိမိ၏ ဝန်ကြီးများ အသတ်ခံနေရသည်ကို ကြည့်နေသော ဘုရင်ကြီးကို ပြောလိုက်၏။
“မင်း... ယုတ်မာတဲ့ကောင်။ ငါ့ကို လိမ်ခဲ့တာပေါ့။ ငါ သေရင်တောင် မင်းကိုပါ အတူခေါ်သွားမယ်” ဘုရင်ကြီးက ဒေါသတကြီး ဟောက်လိုက်ရင်း လက်ထဲမှ ဓားမြှောင်ဖြင့် လုံချန်းထံသို့ ပြေးဝင်လာတော့သည်။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ မင်း ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲဆိုတာ ငါ အံ့ဩမိတယ်။ ဆူနိုင်းနိုင်ငံက ပိုပြီး အင်အားတောင့်တင်းပေမဲ့ သူ့ရဲ့ ဘုရင်ကတော့ ငါ့လိုပဲ အသုံးမကျတဲ့ ခရမ်းရောင် မြူခိုးဝိညာဉ် ရှိတဲ့လူ ဖြစ်နေတယ်။ အက်ရှာနိုင်ငံက ပိုပြီး အားနည်းပေမဲ့ သူတို့ဘုရင်ကတော့ နိုင်ငံမှာ အစွမ်းအထက်ဆုံး ဖြစ်နေပြန်တယ်။ ဒီနိုင်ငံနှစ်နိုင်ငံက တကယ့်ကို ဆန့်ကျင်ဘက်တွေပဲ” လုံချန်းက ရှောင်တိမ်းရန်ပင် အလျင်မလိုသည့်အလား ခေါင်းခါရင်း ရေရွတ်နေမိသည်။
ဘုရင်ကြီးသည် လုံချန်း၏ အနားသို့ ရောက်ရှိလာချိန်တွင် ဟင်းလင်းပြင်နှင့် အချိန်ကို ဖြတ်ကျော်ကာ အရိပ်တစ်ခု လှုပ်ရှားသွားပြီး ဘုရင်ကြီး၏ လည်ပင်းကို ပိုင်းဖြတ်လိုက်၏။ ဘုရင်ကြီးသည် မျက်လုံးများ ပြူးကျလျက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ လုံချန်း၏ မြန်ဆန်လှသော လှုပ်ရှားမှုကြောင့် သူ အံ့ဩသွားခြင်းပင်။
လုံချန်း၏ ဓားချက်မှာ မြန်လွန်းလှသဖြင့် ဆူနိုင်းဘုရင်သည် မသေဆုံးမီ သူ၏ မျက်စိရှေ့တွင် အရိပ်တစ်ခုကိုသာ မြင်လိုက်ရတော့သည်။
“မင်းရဲ့ သေဆုံးခြင်းဟာ ဒီနိုင်ငံနှစ်နိုင်ငံကြားက နှစ်ရှည်လများ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုနဲ့ ရန်ငြိုးတွေကို ရပ်တန့်စေမယ့် နောက်ဆုံး ငြိမ်းချမ်းရေး ဖြစ်လာလိမ့်မယ်။ မင်းရဲ့ သေဆုံးခြင်းက မင်းနိုင်ငံအတွက် အကျိုးရှိသွားတာမို့လို့ မင်း ဝမ်းသာသင့်ပါတယ်” လုံချန်းက ဘုရင်ကြီး၏ အလောင်းကို ငုံ့ကြည့်ရင်း ဆိုလိုက်၏။
သူသည် နောက်သို့ လှည့်ကာ ရာဇပလ္လင်ဆီသို့ လျှောက်သွား၏။ သူ ပလ္လင်ပေါ်တွင် ထိုင်လိုက်ချိန်တွင် ဝန်ကြီးများအားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။ ခန်းမအတွင်း လုံချန်း၏ လူများသာ ကျန်ရှိတော့၏။
“အားလုံး ပြီးသွားပြီ။ ဝူသျှင်း... ဆူနိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ အရာအားလုံးကို ကိုင်တွယ်ဖို့ မင်းကို တာဝန်ပေးတယ်။ လူတိုင်းကို နိုင်ငံပေါင်းစည်းရေးနဲ့ ဘုရင်သစ်အကြောင်း သွားပြီး ကြေညာလိုက်တော့။ ဗာမီလီယံ... မင်းကတော့ အက်ရှာနိုင်ငံကို သွားပြီး သတင်းကောင်း ပါးလိုက်ပါ။ နောက် နှစ်ပတ်နေရင် ငါ့ရဲ့ ဘုရင်နန်းတက်ပွဲကို ကျင်းပမယ်။ နိုင်ငံနှစ်နိုင်ငံ ပေါင်းစည်းခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ နယ်စပ်မြို့မှာပဲ ကျင်းပမယ်။ ပြင်ဆင်စရာရှိတာတွေ လုပ်ထားကြ” လုံချန်းက ဝူသျှင်းနှင့် ဗာမီလီယံကို ကြည့်ကာ ထွက်ခွာရန် အချက်ပြလိုက်၏။
“ငါ အပြင်ကို ခဏသွားဦးမယ်။ အချိန်တန်ရင် ငါ ပြန်လာခဲ့မယ်” သူက ဆက်ပြောကာ ထိုင်နေရာမှ ထလိုက်သည်။
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
ဝူသျှင်းနှင့် ဗာမီလီယံတို့သည် အခြားသူများနှင့်အတူ ထွက်ခွာသွားကြပြီး လုံချန်းကို ကာကွယ်ရန် လူအနည်းငယ်သာ ကျန်ရစ်ခဲ့၏။
“ငါ့အတွက် အစောင့်အရှောက် မလိုပါဘူး။ မင်းတို့လည်း သွားကူညီလိုက်ကြပါဦး” လုံချန်းက သူ၏ အစောင့်များကို ပြောလိုက်ပြီးနောက် ထွက်ခွာလာခဲ့သည်။
သူသည် နန်းတော်အပြင်ဘက်သို့ ထွက်လာပြီး သူ၏ ဝိညာဉ်လင်းယုန်ကို ခေါ်လိုက်၏။ ထို့နောက် မည်သူမျှ မသိသော အရပ်ဆီသို့ ပျံသန်းထွက်ခွာသွားတော့သည်။
လုံချန်းသည် မနားတမ်း ပျံသန်းခဲ့၏။ တစ်နေ့လျှင် နှစ်ကြိမ်ခန့် ကီလိုမီတာ နှစ်ရာအတွင်း ဟင်းလင်းပြင် နိယာမကို သုံးကာ နေရာပြောင်းခဲ့ပြီး ကျန်ရှိသော လမ်းခရီးကိုမူ ဝိညာဉ်လင်းယုန်ဖြင့် ဆက်လက် ခရီးနှင်ခဲ့ရာ နောက်ဆုံးတွင် သူ ရည်မှန်းထားသော နေရာသို့ ရောက်ရှိသွားတော့သည်။
“သတင်းကြားပြီးပြီလား။ အက်ရှာနိုင်ငံ စစ်တပ်က ဆူနိုင်းနိုင်ငံကို စတင် တိုက်ခိုက်နေပြီတဲ့။ ဘယ်သူ အနိုင်ရမယ် ထင်လဲ”
“ဆူနိုင်းနိုင်ငံပဲ နိုင်မှာပေါ့။ အက်ရှာနိုင်ငံက အရင်တစ်ခေါက်ကလည်း ရှုံးထားတာလေ၊ အခုလည်း ထပ်ရှုံးမှာပဲ။ ဆူနိုင်းနိုင်ငံကို တိုက်ဖို့ ဆုံးဖြတ်လိုက်တာက သူတို့ ရူးသွားလို့ နေမှာ။ သူတို့ဘုရင်ကတော့ စစ်တိုက်ချင်လွန်းလို့ ရူးနေပြီ ထင်တယ်”
“ငါတော့ မသေချာဘူး။ သူတို့က တိုက်ဖို့ ဆုံးဖြတ်လိုက်တာဆိုတော့ တစ်ခုခု အမာခံရှိလို့ နေမှာပေါ့။ အခွင့်အရေး မရှိဘဲနဲ့တော့ သူတို့ တိုက်မှာ မဟုတ်ဘူး”
လုံချန်းသည် မြို့ထဲသို့ လမ်းလျှောက်ဝင်လာစဉ် ပတ်ဝန်းကျင်မှ စကားသံများကို ကြားနေရ၏။ စကားဝိုင်း အတော်များများမှာ နိုင်ငံကြီးနှစ်နိုင်ငံ၏ စစ်ပွဲအကြောင်းပင် ဖြစ်သည်။ သူ အောင်နိုင်ခဲ့ပြီး နိုင်ငံပေါင်းစည်းလိုက်သည့် သတင်းမှာ ဤနိုင်ငံငယ်လေးထံသို့ မရောက်သေးပုံရပေသည်။
လုံချန်းသည် မိလျာယီကို ထားခဲ့သည့် တည်းခိုခန်းသို့ တည့်တည့်မတ်မတ် သွားလိုက်၏။ သူမ၏ အခန်းတံခါးရှေ့တွင် ရပ်ကာ တံခါးကို ခေါက်ရင်း လှမ်းခေါ်လိုက်သည်။ “အမေ”
မကြာမီမှာပင် တံခါး ပွင့်လာ၏။ မိလျာယီသည် လုံချန်းကို မြင်သည်နှင့် တင်းကြပ်စွာ ဖက်ထားလိုက်တော့သည်။
“သား ပြန်လာပြီပဲ။ အခုတော့ ဘယ်မှ ထပ်မသွားပါနဲ့တော့။ အမေတို့ ဘာမှ မလိုချင်တော့ဘူး။ ဒီမှာပဲ အမေနဲ့အတူ နေပါတော့” မိလျာယီက ပြောလိုက်ရာ သူမ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။
“အမေ ဒီမှာ အလုပ်လည်း ရနေပြီ။ ဒီမှာပဲ အခြေချနေထိုင်ကြရအောင်။ သားလည်း ကောင်းကောင်းမွန်မွန် နေနိုင်မှာပါ။ နိုင်ငံရေး ကိစ္စတွေထဲမှာ ပါဝင်မနေပါနဲ့တော့” သူမက ဆက်ပြောသည်။
‘သူက အခုထိ အဲဒီလိုပဲ တွေးနေတုန်းပဲ။ အမေတွေဆိုတာ တကယ့်ကို ဂရုစိုက်တတ်တဲ့ သူတွေပဲ။ စိတ်မကောင်းစရာက သူ့ရဲ့ သားအစစ်က သေသွားပြီလေ။ သူ့အတွက် ငါ တစ်ခုခု လုပ်ပေးနိုင်ရင် ကောင်းမှာပဲ။ ငါ့ကြောင့် ဆုံးရှုံးသွားရတဲ့ သူ့ရဲ့သားအတွက် ဒီနိုင်ငံနှစ်နိုင်ငံက လက်ဆောင်တစ်ခုအနေနဲ့ လောက်ငလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်’ လုံချန်းက သူမ၏ စကားကို ကြားသောအခါ တွေးနေမိ၏။
“နင့်ကြောင့် ဆုံးရှုံးရတာ ဟုတ်လို့လား။ နင် သူ့ရဲ့သားကို သတ်ခဲ့တာမှ မဟုတ်တာ။ နင် ဘာမှ မလုပ်ခဲ့ပါဘူး” ရွှင်းက လုံချန်း၏ စကားကို ပြန်လည် ချေပလိုက်သည်။
‘တိုက်ရိုက်တော့ မဟုတ်ပေမဲ့... ဒီစမ်းသပ်မှုမှာ သူ့ရဲ့ သားအဖြစ် ပါဝင်ဖို့ ငါ တံခါးကို ရွေးချယ်လိုက်ကတည်းက သူ့သားရဲ့ သေဒဏ်ကို ငါ ကိုယ်တိုင် ရေးလိုက်သလို ဖြစ်သွားတာပဲ။ ဘာပဲဖြစ်ဖြစ် သူ့အတွက် ငါ့နည်းငါ့ဟန်နဲ့ ငါ လုပ်ပေးနိုင်တာတွေ လုပ်ပေးခဲ့ပါပြီ’ လုံချန်းက ရွှင်းကို ပြန်ပြောလိုက်၏။
“အမေ... စိတ်မပူပါနဲ့။ အရာအားလုံး အဆင်ပြေသွားပါပြီ။ အမေ့ကို ပြန်ခေါ်ဖို့ သား ရောက်လာတာပါ။ အမေ ရှိသင့်ရှိထိုက်တဲ့ နေရာကို ပြန်သွားရမယ့် အချိန်ရောက်ပြီ” လုံချန်းက မိလျာယီကို ကလေးတစ်ယောက်လို ချော့မြှူရင်း ပြောလိုက်သည်။ “သွားကြစို့... ထွက်ခွာဖို့ အချိန်တန်ပြီ။ အမေ လိုအပ်တဲ့ ပစ္စည်းတွေ ယူလိုက်ပါ။ သား အပြင်မှာ စောင့်နေမယ်”
မိလျာယီက လုံချန်းကို လွှတ်ပေးပြီး ကြည့်လိုက်၏။ “တကယ်လား။ အရာအားလုံး ပြီးသွားပြီလား” သူမက မေးလိုက်သည်။
“ဟုတ်တယ်... ဘယ်သူမှ အမေ့ကို ထပ်ပြီး ဒုက္ခမပေးနိုင်တော့ဘူး။ လမ်းကျမှ ကျွန်တော် အသေးစိတ် ပြောပြမယ်” လုံချန်းက ပြန်ဖြေကာ သူမကို ပစ္စည်းများ သိမ်းဆည်းရန် အခန်းထဲသို့ လွှတ်လိုက်၏။
မိလျာယီက ခေါင်းညိတ်ကာ အခန်းထဲသို့ ဝင်သွားပြီး မိနစ်အနည်းငယ် အကြာတွင် ပြန်ထွက်လာ၏။
“အမေ အဆင်သင့် ဖြစ်ပြီ”
လုံချန်းသည် သူမ၏ လက်ကို ကိုင်ကာ တည်းခိုခန်းထဲမှ ထွက်လာခဲ့တော့သည်။
တည်းခိုခန်း အပြင်ဘက်သို့ ရောက်သောအခါ လုံချန်းသည် ဝိညာဉ်လင်းယုန်ကို ခေါ်ရန် သူ၏ ဝိညာဉ်ခေါ်ဆောင်ခြင်း ပလွေအား ထုတ်လိုက်၏။
“ဟားဟား... ဟုတ်တယ်။ ဘယ်သူ ထင်ထားမှာလဲ။ နိုင်ငံကြီးနှစ်နိုင်ငံက ပေါင်းစည်းသွားပြီတဲ့။ အက်ရှာနိုင်ငံရဲ့ ဘုရင်သစ်က အဲဒါကို ဖြစ်အောင် လုပ်ခဲ့တာလို့ ကြားတယ်။ သူက အသက် ၂၀ တောင် မပြည့်သေးဘူးတဲ့။ ငါနဲ့ ငါ့အဖေက ဒီသတင်းကို ဒီနေ့မှ သိရတာ။ ဒီညပဲ သူ့ရဲ့ ဘုရင်နန်းတက်ပွဲကို တက်ဖို့ ငါတို့ သွားကြတော့မယ်”
ဆံပင်အနက်ရောင်နှင့် ဝတုတ်တုတ် လူတစ်ယောက်သည် သူ၏ နောက်မှ လိုက်လာသော လူများကို စကားပြောရင်း တည်းခိုခန်းရှိရာသို့ လမ်းလျှောက်လာနေလေသည်။
အခန်း (၇၉၂) သံသယဝင်နေသော ဝူသျှင်း
“ဟေ့... ကောင်လေး။ တံခါးဝမှာ ပိတ်မနေနဲ့၊ ဘေးကို ဖယ်စမ်း” တံခါးဝမှာ ရပ်နေတဲ့ လုံချန်းကို မြင်တော့ ဟိုလူဝကြီးက လှမ်းပြောလိုက်တယ်။ “မင်းလို ဆင်းရဲသားတွေက မင်းမျိုးမင်းနွယ်တွေရဲ့ လမ်းကို ပိတ်မထားသင့်ဘူး”
လုံချန်းက ထိုလူဝကြီးကို ကြည့်ပြီး ပြုံးလိုက်မိ၏။ သူသည် ဘဝတစ်လျှောက်မှာ ဤကဲ့သို့ မောက်မာသော မင်းမျိုးမင်းနွယ်ဆိုသူများကို အကြိမ်ကြိမ် တွေ့ခဲ့ဖူးသဖြင့် ထူးဆန်းသည်ဟု မခံစားရတော့ချေ။
“ခင်ဗျားက နိုင်ငံကြီးနှစ်နိုင်ငံရဲ့ ဘုရင်သစ် နန်းတက်ပွဲကို သွားမလို့လား” လုံချန်းက ဆံပင်အနက်ရောင်နှင့် လူကို မေးလိုက်သည်။
“ဟုတ်တယ်... အဲဒါ ဘာဖြစ်လဲ။ မင်းကိုပါ ခေါ်သွားဖို့ တောင်းပန်ချင်လို့လား။ ဖယ်စမ်းပါ၊ မင်းလို အမှိုက်ကောင်မျိုးက နိုင်ငံကြီးနှစ်နိုင်ငံကို ခဏလေးအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ နန်းတက်ပွဲကို တက်ဖို့ မထိုက်တန်ဘူး” လူဝကြီးက မျက်စောင်ထိုးရင်း ဆို၏။
သူသည် လုံချန်းကို ဂရုမစိုက်ဘဲ တည်းခိုခန်းထဲသို့ ဝင်သွားတော့သည်။
“အဲဒီလို ရိုင်းပျတဲ့ကောင်ကို သတ်ပစ်ချင်စိတ် မပေါက်ဘူးလား” ရွှင်းက လုံချန်းအနားမှာ ပေါ်လာပြီး မေးလိုက်သည်။
“ငါက အဲဒီလောက် စိတ်မတိုတတ်ပါဘူး။ ပြီးတော့ သူ့ကို အသက်ရှင်လျက် ထားလိုက်တာက ပိုပြီး ပျော်စရာကောင်းမယ်လို့ ထင်တယ်။ သူက မောက်မာတာပဲ ရှိတာ၊ ရန်ငြိုးတော့ မရှိပါဘူး။ ငါ့ကို ဖယ်ခိုင်းဖို့ သူ့လူတွေကိုလည်း မခိုင်းခဲ့ဘူးလေ။ ငါ မဖယ်ပေးတာတောင်မှ စကားပဲ ကြီးနေတာ၊ ဘာမှ ဒုက္ခမပေးသွားဘူးလေ” လုံချန်းက ရွှင်းကို ခေါင်းခါရင်း ပြန်ပြောလိုက်၏။
ထို့နောက် သူသည် ဝိညာဉ်ခေါ်ဆောင်ခြင်း ပလွေကို မှုတ်လိုက်သည်။
မိနစ်အနည်းငယ် အကြာတွင် ဝိညာဉ်လင်းယုန်တစ်ကောင် လုံချန်းရှေ့သို့ ဆင်းသက်လာ၏။ လုံချန်းသည် လင်းယုန်ပေါ်သို့ တက်လိုက်ပြီး မိလျာယီကိုလည်း ကူညီပေးလိုက်သည်။ ဝိညာဉ်လင်းယုန်သည် နိုင်ငံနှစ်နိုင်ငံရှိရာဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
“ဟိုမင်းသား ပြောသွားတာက နိုင်ငံတွေ ပေါင်းစည်းသွားပြီဆိုပဲ။ ဘုရင်သစ်က ဘယ်သူလဲ။ အက်ရှာနိုင်ငံကလို့ သူ ပြောသွားတယ်။ နန်းတွင်းဆရာကြီးကတော့ သေပြီဆိုတော့ သူ မဖြစ်နိုင်ဘူး။ ဒါဆို ဗာမီလီယံလား။ မဟုတ်ပါဘူး... ဟိုလူပြောတော့ အသက် ၂၀ တောင် မပြည့်သေးဘူးဆို။ အက်ရှာနိုင်ငံရဲ့ မင်းသားကြီးလား။ သူပဲ ဖြစ်ရမယ်။ အမေ သူနဲ့ စကားပြောဖူးတယ်၊ သူက တကယ်ကို ကြင်နာပြီး ထက်မြက်တဲ့လူ။ ဒီလောက် ငယ်ငယ်လေးနဲ့ ဒီလို အောင်မြင်မှုတွေ ရတာ အံ့ဩစရာပဲ” မိလျာယီက သူမဘာသာ မေးခွန်းထုတ်လိုက်၊ အဖြေထုတ်လိုက် လုပ်နေသည်ကို လုံချန်းက ကြည့်ပြီး ရယ်ချင်စိတ်အား အောင့်ထားလိုက်ရသည်။
သူမ အထင်များက လုံးဝမှားနေကြောင်း သူ မပြောခဲ့ချေ။ တကယ့် ဘုရင်အစစ်က သူမ ဘေးနားတွင် ထိုင်နေသည်ကိုလည်း ရှင်းမပြခဲ့ပေ။
“နိုင်ငံနှစ်နိုင်ငံ ပေါင်းစည်းပြီးရင် အမေ ဘယ်မှာ နေချင်လဲ။ အက်ရှာမှာလား၊ ဒါမှမဟုတ် ဆူနိုင်းမှာလား” လုံချန်းက မိလျာယီကို မေးလိုက်၏။ နိုင်ငံသစ်၏ မြို့တော်ကို မည်သည့်နေရာတွင် အခြေစိုက်ရမှန်း သူ သိချင်နေခြင်းပင်။
“အက်ရှာက အမေတို့ အိမ်ပဲလေ၊ အဲဒီမှာပဲ နေချင်တာပေါ့။ ဒါပေမဲ့ အဲဒီကလူတွေက အမေတို့အပေါ် ရန်ငြိုးရှိကြတယ်။ အဲဒီမှာနေရင် သား ဒုက္ခရောက်လိမ့်မယ်။ ဆူနိုင်းမှာပဲ နေကြရအောင်။ သားက အခု ဝိညာဉ်စစ်သည်တစ်ယောက် ဖြစ်နေပြီဆိုတော့ စစ်တပ်ထဲ ဝင်လိုက်ရင် ပြည်သူတွေရဲ့ လေးစားမှုကို ပြန်ရနိုင်မယ်။ သားအဖေရဲ့ နာမည်ပေါ်က အမည်းစက်ကိုလည်း ဆေးကြောနိုင်မှာပါ” မိလျာယီက ပြောလိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်အချို့ ဖြတ်ပြေးသွား၏။
“အက်ရှာမှာ အမေတို့ကို မုန်းတဲ့လူ မရှိတော့ပါဘူး။ အဲဒီမှာပဲ နေကြတာပေါ့” လုံချန်းက ကြင်နာစွာ ပြုံးရင်း ပြောလိုက်သည်။
သူသည် မိလျာယီနှင့်အတူ ခရီးနှင်ခဲ့ပြီး လမ်းခရီးတွင် သူမ စားသောက်ရန်အတွက်သာ ခဏနားခဲ့၏။ မကြာမီမှာပင် နန်းတက်ပွဲ ကျင်းပမည့် နယ်စပ်မြို့သို့ ရောက်ရှိသွားတော့သည်။
နန်းတက်ပွဲ ကျင်းပရန် နှစ်ရက်သာ လိုတော့၏။ နိုင်ငံနှစ်နိုင်ငံလုံးမှ စစ်တပ်များမှာ ထိုနေရာသို့ ရောက်ရှိနေကြပြီး ပြင်ဆင်မှုများ လုပ်ဆောင်နေကြပြီ ဖြစ်သည်။ ဧည့်သည်များ တည်းခိုရန် အဆောက်အဦးများကိုလည်း တစ်ပတ်အတွင်းမှာပင် အပြီးသတ် တည်ဆောက်ထားခဲ့ကြသည်။
“ဒါ ကျွန်တော့်သားပါ” ဝူသျှင်းက သူ၏ သားဖြစ်သူကို ဗာမီလီယံနှင့် မိတ်ဆက်ပေးလိုက်၏။
“တွေ့ရတာ ဝမ်းသာပါတယ် ကောင်လေး။ မင်းက ပညာရှိတစ်ယောက် ဖြစ်လာမယ်လို့ ကြားတယ်။ စစ်ပွဲတွေ မရှိတော့ဘူးဆိုရင် ပညာရှိတွေက အရေးပါလာမှာပဲ။ ကြိုးစားပါဦး... မင်းက အနာဂတ်အတွက် တကယ့်ကို အရေးကြီးတဲ့လူ ဖြစ်လာမှာပါ” ဗာမီလီယံက ဝူသျှင်း၏ သားကို ခေါင်းပုတ်ရင်း ချီးကျူးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး ဗာမီလီယံ” လူငယ်လေးက ကျေးဇူးတင်စကား ဆို၏။
“ဘာဆရာကြီးလဲ... အဲဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး ကောင်လေးရဲ့။ မင်းအဖေနဲ့ ငါနဲ့က အတူတူ အလုပ်လုပ်ရမှာပဲလေ။ ဦးလေးလို့ပဲ ခေါ်ပါ” ဗာမီလီယံက ရယ်မောရင်း ပြန်ပြောလိုက်သည်။
“ဟင်... အရှင်မင်းကြီး ရောက်လာပြီ။ ငါတို့နိုင်ငံရဲ့ မယ်တော်ကြီးလည်း အတူ ပါလာတာပဲ” ဗာမီလီယံက လုံချန်းကို ကြည့်ရင်း ရေရွတ်လိုက်၏။
ဝူသျှင်းသည် လုံချန်းဘက်သို့ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့စိတ်ထဲတွင် အချို့သော ကိစ္စရပ်များ အတွက် တကယ့်ကို ဇဝေဇဝါ ဖြစ်နေရခြင်းပင်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းမှာ ဘုရင်သစ်သည် စင်စစ် နတ်ဆိုး သားဖြစ်သည့် လုံချန်း ဖြစ်နေမှန်း သူ သိလိုက်ရသည်။ ထိုအရာများက သူ့ကို ပိုပြီး ထွေးပြားသွားစေသည်။ အကယ်၍ သူသာ လုံချန်းဆိုလျှင် နန်းတွင်းဆရာကြီးကို တိုက်ခိုက်ခိုင်းပြီး ဤစစ်ပွဲကြီးဖြစ်အောင် စတင်လှုံ့ဆော်ခဲ့သော လူငယ်က မည်သူနည်း။ နေရာပြောင်းနိုင်သော လူက မည်သူနည်း။
စုံစမ်းကြည့်တော့ ဘုရင်သစ်က နေရာပြောင်းခြင်း မသုံးနိုင်ဘဲ ပုံရိပ်ယောင် ဝိညာဉ်သာ ရှိကြောင်း တွေ့ရသည်။ မျက်နှာကလည်း မတူပေ။ ထိုအရာ အားလုံးကို ဖန်တီးခဲ့သော လူနှင့် လုံချန်းက တစ်ယောက်တည်း မဖြစ်နိုင်ကြောင်း ဝူသျှင်း တွေးနေမိပေမည့် သံသယကတော့ ရှိနေဆဲ ဖြစ်သည်။
လုံချန်း၏ ဝိညာဉ်လင်းယုန်သည် ဗာမီလီယံနှင့် ဝူသျှင်းတို့၏ ရှေ့တွင် ဆင်းသက်လိုက်၏။ လုံချန်းသည် မိလျာယီနှင့်အတူ ဆင်းလာခဲ့သည်။
မိလျာယီသည် ဗာမီလီယံနှင့် ဝူသျှင်းကြားတွင် ရပ်နေသော လူငယ်လေးကို ကြည့်လိုက်၏။ သူသည် ဝူသျှင်း၏ သားဖြစ်မှန်း မသိသဖြင့် ထိုလူငယ်လေးကိုသာ ဘုရင်သစ်ဟု ထင်မှတ်လိုက်သည်။
သူမသည် ဘုရင်သစ်အား ဦးညွှတ်ရန် ပြင်လိုက်သော်လည်း သူမ မပြုလုပ်မီမှာပင် ထိုသုံးယောက်စလုံးက သူမရှိရာဘက်သို့ ဦးညွှတ်လိုက်ကြသည်အား မြင်လိုက်ရ၏။
“အရှင်မင်းကြီး” သူတို့ အားလုံးက လုံချန်းကို နှုတ်ဆက်လိုက်ကြသည်။
လုံချန်းက ပြုံးရင်း မိလျာယီဘက်သို့ လှည့်ကြည့်လိုက်၏။ သူမ၏ အံ့ဩမှင်တက်နေသော မျက်နှာကို သူ မြင်ချင်နေခဲ့ခြင်း ဖြစ်ပြီး သူမကလည်း သူ့ကို စိတ်မပျက်စေခဲ့ချေ။
“ဩော်... ဟုတ်သားပဲ။ ပြောဖို့ မေ့သွားတယ်။ နိုင်ငံတွေကို ပေါင်းစည်းခဲ့တဲ့ ဘုရင်သစ်က သားကိုယ်တိုင်ပါပဲ၊ အမေကတော့ အခု မယ်တော်ကြီး ဖြစ်သွားပြီပေါ့။ သားပြောရင် အမေ ယုံမှာမဟုတ်ဘူးလို့ ထင်လို့ အခုလို ကိုယ်တိုင် မြင်ရအောင် ခေါ်လာတာပါ” သူက ရယ်မောရင်း ရှင်းပြလိုက်၏။
“နောက်နှစ်ရက်နေရင် သားရဲ့ နန်းတက်ပွဲ ကျင်းပမယ်။ အမေကိုယ်တိုင် သားကို သရဖူ ဆောင်းပေးရမှာပါ။ အမေ့ဆီကနေ အရာအားလုံးကို လုယူသွားခဲ့တဲ့ ဒီနိုင်ငံဟာ အခုတော့ အမေ့ပိုင်နက် ဖြစ်သွားပါပြီ။ အမေ... ကျွန်တော်နဲ့ ဒီနိုင်ငံတော်ကြီးတစ်ခုလုံးကို အမေ အုပ်ချုပ်ရမှာပါ။ အမေ ဘယ်တော့မှ ထပ်ပြီး ဝမ်းနည်းနေစရာ၊ စိုးရိမ်နေစရာ မလိုတော့ဘူး။ ဒီနိုင်ငံနှစ်နိုင်ငံလုံးမှာ ပျော်ရွှင်မှုတွေပဲ ရှိတော့မှာပါ” သူက ဆိုကာ သူမ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်၏။
“ဗာမီလီယံ... အမေ့ကို တည်းခိုရမယ့် အခန်းဆီ ခေါ်သွားပေးပါဦး။ ငါ ဝူသျှင်းနဲ့ စကားပြောစရာ ရှိလို့”
ဗာမီလီယံသည် ဝူသျှင်းနှင့် လုံချန်းကို တစ်လှည့်စီ ကြည့်လိုက်ပြီးမှ ခေါင်းညိတ်လိုက်၏။ ဝူသျှင်းသည် ပြီးခဲ့သော ရက်အနည်းငယ်ကတည်းက ထူးထူးခြားခြား ဖြစ်နေသည်ကို သူ သတိထားမိသည်။ ထို့ကြောင့် သူ ဝင်မစွက်ဖက်တော့ဘဲ မိလျာယီကို ခေါ်ဆောင်သွားတော့သည်။
“သွားကစားတော့။ အရှင်မင်းကြီးနဲ့ စကားပြောပြီးရင် အဖေ ပြန်လာခဲ့မယ်” ဝူသျှင်းက သူ၏ သားကို ခေါင်းပုတ်ကာ ပြောလိုက်ပြီး လုံချန်းနှင့်အတူ ထွက်လာခဲ့၏။
“မင်း ငါ့ကို တစ်မျိုးကြီး ကြည့်နေတာ ငါ သတိထားမိတယ်။ တစ်ခုခု ဖြစ်လို့လား” လုံချန်းက ဝူသျှင်းကို မေးလိုက်သည်။
“ဒါတွေအားလုံးကို မင်းပဲ ကြံစည်ခဲ့တာလား။ နန်းတွင်းဆရာကြီးကို တိုက်ခိုက်ဖို့ ငါတို့ကို ခိုင်းခဲ့တာ မင်းပဲလား” ဝူသျှင်းက တည့်တည့်ပင် မေးလိုက်လေတော့သည်။