အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း (၁၁၁) အချစ်ဂိမ်းဆိုသည်မှာ ဤသို့ ကစားရခြင်းဖြစ်ပေ၏
ဖေ့ချင်းယွီက ဤဖြောင့်မတ်သော ရှင်းလွီတောင်ထိပ်မှ အကြီးအကဲကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး အသံနက်ကြီးဖြင့် အနေရခက်သော တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ခေါ်လိုက်လေသည်။
“ညီလေးဝူ”
ထို့နောက် သူက လီချန်မင်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
“နင်းဖန် ဖန်တီးလိုက်တဲ့ ဒီထီးပုံစံ မှော်လက်နက်ရဲ့ မူလဇာစ်မြစ်ကို သိနိုင်လောက်လား…။”
ဂိုဏ်းချုပ်က ခေါင်းစဉ်ကို သိသာထင်ရှားစွာ ပြောင်းလဲလိုက်သည်ကို မြင်သောအခါ အကြီးအကဲဝူမှာ သူ တစ်ခုခု အမှားပြောမိလေသလား တွေးကာ လုံးဝ ရှုပ်ထွေးသွားတော့လေ၏။
လီချန်မင်ကမူ ဖေ့ချင်းယွီကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် သူက ထျန်းကုန်းတောင်ထိပ်ဆီသို့ ငုံ့ကြည့်လိုက်လေ၏။
သူ၏ စိတ်ထဲတွင် အတွေးမျိုးစုံ ရောယှက်နေသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်သွားလေသည်။ အချိန်အတော်ကြာပြီးနောက် သဲလွန်စတစ်ခုကို ရှာတွေ့သွားသကဲ့သို့ သူ၏ မျက်လုံးများက တဖြည်းဖြည်း အရောင်လက်လာကာ ပြောလိုက်လေသည်။
“ဒါက မူလဘူတခေတ်က ဒဏ္ဍာရီလာ အဆင့်မြင့် ကောင်းကင်အဆင့် မှော်လက်နက်ဖြစ်တဲ့ ရွှမ်ထင်ထီး ဖြစ်ပုံရတယ်…။”
လီချန်မင်သည် အစစ်အမှန် ရွှမ်ထင်ထီးကို တစ်ခါမျှ မမြင်ဖူးသော်ငြား၊ သူက မည်သို့ပင်ဆိုစေ ဤ တာအိုလမ်းစဉ်တွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ပြီး သက်ဆိုင်ရာ ရှေးဟောင်းကျမ်းစာများကို ကျွမ်းကျင်စွာ ဖတ်ရှုထားသော မှော်လက်နက်ဖန်တီးရေး ဆရာကြီးတစ်ဦး ဖြစ်ပေသည်။
ထို့ကြောင့် အချို့သော ရှေးဟောင်းစာအုပ်များရှိ မှတ်တမ်းများအပေါ် အခြေခံ၍ ရွှမ်ထင်ထီး၏ မူလ ဇာစ်မြစ်ကို သူ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်၏။
ပထမအချက်အနေဖြင့် ထီးပုံစံ မှော်လက်နက်များမှာ ရှားပါးလှပေသည်။ ဒုတိယအချက်အနေဖြင့် ၎င်း၏ အဆင့်က အလွန်မြင့်မားပြီး မိုးကြိုးရေကန်ထဲတွင် ကလီစာများကို သန့်စင်ရန် သီးသန့် ဖန်တီး ထားခြင်း ဖြစ်လေရာ၊ ဝိသေသလက္ခဏာ အသီးသီးက အတော်လေး သိသာထင်ရှားနေပေသည်။
လီချန်မင်၏ စကားသံအဆုံးတွင် ထိုနေရာတစ်ခုလုံး ချက်ချင်းပင် ဂနာမငြိမ် ဖြစ်သွားကြလေသည်။ အကြီးအကဲများအားလုံးမှာ အံ့အားသင့်စွာဖြင့် ဆက်တိုက် ရေရွတ်လိုက်ကြလေ၏။
“မူလဘူတခေတ်က မှော်လက်နက်တစ်ခုတဲ့လား…။”
“ပြီးတော့ အဆင့်မြင့် ကောင်းကင်အဆင့်တဲ့လား…။”
“တကယ်ကြီးလား၊ ဒါက လုံးဝယုံနိုင်စရာမရှိဘူး…။”
“နင်းဖန်က ရွှမ်ထင်ထီးရဲ့ ပုံကြမ်းတွေကို ဘယ်ကရလာတာလဲ…။”
“ဒါက မိုးကြိုးရေကန်ထဲဝင်ဖို့ အကောင်းဆုံး အထောက်အကူပြု မှော်လက်နက် ဖြစ်ရမယ် မဟုတ် လား...။”
အကြီးအကဲများအားလုံးမှာ ချီးကျူးမှုများနှင့် အံ့အားသင့်မှုများ ပြည့်နှက်နေကြ၏။ ဤကမ္ဘာကြီး တည်ရှိနေခဲ့သည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ပြီး လူသားမျိုးနွယ်၏ သမိုင်းကြောင်းကလည်း ကျယ်ပြန့် ကာ ရှည်လျားလှကြောင်း သိထားရမည်ဖြစ်ပေသည်။ ၎င်းကို မူလဘူတခေတ်၊ ကမ္ဘာဦးခေတ်နှင့် ရှေးဟောင်းခေတ်ဟူ၍ ကာလသုံးခု အကြမ်းဖျင်း ခွဲခြားနိုင်လေသည်။
ထိုက်ရီအစစ်အမှန်ဂိုဏ်းကြီး တည်ရှိလာခဲ့သည်မှာ နှစ်သန်းပေါင်း ကိုးဆယ်တိုင်ခဲ့ပြီ ဖြစ်သော်ငြား၊ ၎င်း ကို ကမ္ဘာဦးခေတ်၏ အဆုံးသတ်တွင်မှ တည်ထောင်ခဲ့ခြင်းဖြစ်၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် မူလ ဘူတခေတ်က မည်မျှ ဝေးကွာမည်ကို သိနိုင်ပေသည်။
ထိုခေတ်၏ ထုတ်ကုန်တစ်ခုအနေဖြင့် ရွှမ်ထင်ထီးအတွက် ဖန်တီးမှုပုံကြမ်းများမှာ ပျောက်ကွယ်သွား ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး၊ အချိန်မြစ်ရှည်ကြီးထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ အချို့ သော ရှေးဟောင်း မှော်လက်နက်ဖန်တီးရေး စာအုပ်များတွင် ပြန့်ကျဲနေသော ဆက်စပ်ဖော်ပြချက် အချို့ သာ ကျန်ရစ်တော့၏။
သို့ရာတွင် ယခုအချိန်၌ နင်းဖန်က ၎င်းကို ပြန်လည်ဖန်တီးနိုင်ခဲ့ပေသည်။ ဤရိုက်ခတ်မှုက မည်မျှ ပြင်းထန်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
တက်ရောက်လာကြသော အကြီးအကဲများစွာက တွေးမိလေလေ၊ ပို၍ ယုံကြည်ရခက်လေလေ ဖြစ်လာ ခဲ့ကြလေသည်။ အနီးအနားရှိ အစစ်အမှန်တပည့်များမှာမူ ပို၍ပင် အံ့အားသင့်ကာ ဆွံ့အသွားကြလေ၏။
အဆင့်မြင့် ကောင်းကင်အဆင့် မှော်လက်နက်တစ်ခု။ ဤကမ္ဘာပေါ်တွင် ဤအဆင့်ရှိ ရတနာတစ်ခုကို မြင်ဖူးသူ မည်မျှရှိမည်နည်း တွေးတောစရာပင်။ ဤရွှမ်ထင်ထီးတွင် ကြီးမားသော ကန့်သတ်ချက်များ ရှိပြီး မိုးကြိုးရေကန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအတွက်သာ အကျိုးသက်ရောက်မှု ရှိသော်ငြား၊ တပည့် များက ၎င်းကို လိုချင်တပ်မက်သော မျက်လုံးများဖြင့် ကြည့်နေကြခြင်းကိုတော့ မတားဆီးနိုင်ခဲ့ချေ။
တပည့်များက ဆက်တိုက် ရေရွတ်လိုက်ကြလေသည်။
“နင်းဖန်က မှော်လက်နက်ဖန်တီးခြင်းကို တကယ်သိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး…။”
“ဆေးဆရာရော မှော်လက်နက်သန့်စင်သူပါ ဖြစ်နေတာ၊ သူက တကယ်ကို နတ်ဘုရားတစ်ပါးပဲ…။”
“နင်းဖန်ဆီမှာ ဘယ်လို ကံကြမ္မာအထောက်အပံ့မျိုး ရှိနေတာလဲ၊ ဒါက ဘယ်လိုကြည့်ကြည့် ကိုယ့်ဘာ သာ သင်ယူထားတဲ့အရာနဲ့ မတူဘူး…။”
“တစ်နည်းအားဖြင့် ပြောရရင်၊ အဆင့်မြင့် ကောင်းကင်အဆင့် မှော်လက်နက်တစ်ခုက ဒသမအဆင့် နတ်ဆေးလုံးတစ်ခုနဲ့ အဆင့်အတန်း တူညီတယ်…။”
“တကယ်ပဲ၊ နင်းဖန်သာ နတ်ဘုရားလက်နက်တစ်ခုကို ဖန်တီးခဲ့မယ်ဆိုရင် ကောင်းကင်တာအို ထူးကဲ ဖြစ်စဉ်တွေက သေချာပေါက် ဒီလောက် ကပ်စေးနှဲနေမှာ မဟုတ်ဘူး၊ နောက်ထပ် ကောင်းကင်ကို ထိုးဖောက်နိုင်တဲ့ မြင်ကွင်းတစ်ခု သေချာပေါက် ဖြစ်လာမှာပဲ…။”
“ဒီရတနာနဲ့ဆိုရင် ငါတို့ဂိုဏ်းရဲ့ အနာဂတ်ပါရမီရှင်တွေ အားလုံး အကျိုးခံစားရလိမ့်မယ်၊ အဲဒီအချိန်ကျ ရင် ကောင်းကင်အဆင့် မိုးကြိုးရေကန်ထဲ ဝင်ဖို့ဆိုတာ ခက်ခဲတဲ့ တာဝန်တစ်ခု ဖြစ်တော့မှာ မဟုတ် ဘူး…။”
“ဘယ်လိုပဲဖြစ်ဖြစ် အမွေဆက်ခံသူနင်းက သမိုင်းမှာ နာမည်တွင်ကျန်ရစ်မှာဖြစ်ပြီး အတိုင်းအတာမသိ နိုင်တဲ့ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးခဲ့တယ်…။”
နင်းဖန်၏ ဂုဏ်သတင်းက တစ်ခါမှမကြုံဖူးသော အမြင့်တစ်နေရာသို့ ထပ်မံ မြင့်တက်သွားပြန်လေ သည်။ ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ အစစ်အမှန်တပည့် ခုနစ်ဆယ့်နှစ်ယောက်စလုံးမှာ အကြွင်းမဲ့ အညံ့ခံ သွားကြလေတော့၏။
ဤနေရာရှိ မြင်ကွင်းများက ဆွေးနွေးမှုလှိုင်းလုံးများကြားတွင် အပြင်ဘက်အဝိုင်းများဆီသို့ စတင်ပျံ့နှံ့ သွားလေသည်။ ရွှမ်ထင်ထီး၏ မူလဇာစ်မြစ်အကြောင်းကို ကြားသိပြီးနောက် သိန်းချီသော အပြင်စည်း တပည့်များထံမှ မည်သို့သော ဟစ်ကြွေးသံမျိုး ထွက်ပေါ်လာမည်ကို ကြိုတင်မြင်နိုင်ပေသည်။
အောက်ဘက်တွင်မူ…။ထျန်းကုန်းတောင်ထိပ်၌….။
နင်းဖန်က လက်လှမ်းလိုက်ရာ ရွှမ်ထင်ထီးနှစ်လက်က သူ၏ရှေ့သို့ အလိုအလျောက် ပျံသန်းလာလေ၏။ သူက ၎င်းတို့ထဲမှ တစ်လက်ကို ကျန်းထန်ထံသို့ တိုက်ရိုက် ပစ်ပေးလိုက်ရင်း ပြောလိုက်လေသည်။
“ညီမလေး ဖမ်းလိုက်….။”
သူ နှစ်လက် ဖန်တီးခဲ့ရခြင်း၏ အကြောင်းရင်းက အစကတည်းက သူမ၏ဝေစုကိုပါ ထည့်သွင်းထား သောကြောင့် ဖြစ်လေ၏။ မည်သို့ပင်ဆိုစေ နင်းဖန်အတွက်မူ မည်မျှပင် ဖန်တီးစေကာမူ ကွာခြားမှုမရှိ ချေ။ အောင်မြင်နိုင်ခြေက ရာခိုင်နှုန်းပြည့် ဖြစ်နေပေသည်။ ပစ္စည်းများနှင့် ပတ်သက်၍မူ သူ မည်သို့မျှ နှမြောတသဖြစ်မနေချေ။ ၎င်းတို့အားလုံးမှာ ဂိုဏ်းထံမှ အခမဲ့ရရှိထားခြင်း ဖြစ်လေသည်။
ဤအချိန်တွင် သူမ၏လက်ထဲသို့ ရွှမ်ထင်ထီးတစ်လက် ကျရောက်လာခြင်းက ကောင်မလေးကို အတိုင်း မသိ ပျော်ရွှင်သွားစေသည်မှာ သေချာလှပေသည်။ ကျန်းထန်က နင်းဖန်ထံသို့ ပျော်ရွှင်စွာ ပြေးလာကာ ခေါ်လိုက်လေသည်။
“အစ်ကိုကြီး…။”
သူမက လက်များကို နောက်ပစ်ထားကာ ခြေဖျားထောက်ပြီး ရုတ်တရက် အနီးသို့ တိုးကပ်လာခဲ့လေ သည်။ သူမ၏ မျက်လုံးများက တောက်ပနေပြီး သူ့ကို ကြည့်ကာ မေးလိုက်၏။
“အစ်ကိုကြီးကို ကျွန်မ ဘယ်လို ကျေးဇူးဆပ်ရမလဲ…။”
လှပသော မျက်နှာလေး သူ၏ မြင်ကွင်းထဲတွင် ရုတ်တရက် ကြီးမားလာသည်ကို ခံစားလိုက်ရချိန်တွင် နင်းဖန်မှာ ခဏမျှ အံ့အားသင့်သွားပြီး မေးခွန်းကို သူမထံ ပြန်ပစ်ပေးလိုက်လေသည်။
“ညီမလေးက ဘယ်လို ကျေးဇူးဆပ်ချင်လို့လဲ…။”
၎င်းကိုကြားသောအခါ ကျန်းထန်က ခေါင်းလေးစောင်းကာ အလေးအနက် စဉ်းစားနေပုံပေါ်လေသည်။ ခဏအကြာတွင် သူမက အကြံဉာဏ်ကောင်းတစ်ခု ရသွားသကဲ့သို့ လက်ညှိုးတစ်ချောင်း ထောင်ပြကာ ပြောလိုက်လေသည်။
“အစ်ကိုကြီးကို ကျွန်မ နှိပ်နယ်ပေးရင်ရော ဘယ်လိုလဲ…။”
နင်းဖန်က မျက်တောင်ခတ်လိုက်ပြီး သူမကို အထက်အောက် သံသယဖြင့် ကြည့်ကာ မေးလိုက်လေ သည်။
“နှိပ်နယ်ပေးမယ်...၊ဟုတ်လား….။”
သူ ဆက်ပြောလိုက်လေသည်။
“ညီမလေး၊ မင်း ငါ့ကို ရည်းစားစာဖွဲ့နေတာတော့ မဟုတ်ပါဘူးနော်။ ငါက တစ်ချိန်လုံး လူပျိုကြီး ဖြစ်နေ ခဲ့ပေမယ့် အချစ်ဂိမ်းတွေ အများကြီး ကစားဖူးတယ်၊ ဇာတ်လမ်းတွေက များသောအားဖြင့် နှိပ်နယ်ပေး တာကနေ စလေ့ရှိတာ…။”
လင်းယုန်တစ်ကောင်ကဲ့သို့သော ယောက်ျားတစ်ယောက်အနေဖြင့် နင်းဖန်မှာ လူပျိုကြီး ဖြစ်နိုင်သော် ငြား၊ သူ၏ ဟာ့ဒ်ဒရိုက်ဗ်ကတော့ ဘယ်တော့မှ အလွတ်မဖြစ်နိုင်ပေ။ သူ၏ အတွေ့အကြုံအရ အချစ် ဂိမ်း ဇာတ်လိုက် ဆယ်ယောက်တွင် ကိုးယောက်က နှိပ်နယ်နည်းကို သိကြလေသည်။
ဤသည်က မျက်နှာသာပေးမှု တိုးလာစေရန်အတွက် အမြင့်မားဆုံးသော စွမ်းရည်ဖြစ်ပေသည်။
ကျန်းထန်က သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း လုံးဝ နားမလည်နိုင်ဖြစ်ကာ ရေရွတ်လိုက်လေသည်။
“အချစ်...၊ အချစ်ဂိမ်းလား…။”
အစ်ကိုကြီး၏ စကားများက ခန့်မှန်းရ အလွန်ခက်ခဲလှပေသည်။ သူက သူမ နားမလည်သော အရာများ ကို ထပ်ပြောနေပြန်လေပြီ။ နင်းဖန်က ပြုံးကာ ခေါင်းခါလိုက်ပြီး ထိုအကြောင်းအရာအပေါ် ဆက်မပြော တော့ချေ။ သူက လှည့်ကာ လမ်းလျှောက်ရင်း ပြောလိုက်၏။
“ဒါဆိုလည်း နှိပ်နယ်ပေးပေါ့၊ မိုးကြိုးရေကန်က ပြန်လာရင် မင်းစကားကို ပြန်မပြင်နဲ့နော်…။”
၎င်းကိုကြားသောအခါ ကျန်းထန်က ရွှမ်ထင်ထီးကို ချက်ချင်းဖက်ကာ အနီးကပ်လိုက်ပါလာပြီး ဂုဏ်ယူ ဝင့်ကြွားသော မျက်နှာထားဖြင့် ကတိပေးလိုက်လေသည်။
“နောက်မဆုတ်ပါဘူး...၊ ကျန်းထန်က အမြဲတမ်း ကတိတည်ပါတယ်…။”
သူတို့နှစ်ဦးမှာ စကားပြောကာ ရယ်မောရင်း ပျံသန်းရေးလှေပေါ်သို့ တက်သွားကြလေသည်။
မိုးကြိုးရေကန် တည်ရှိရာနေရာမှာ ယွီရှိုးတောင်ထိပ်တွင် ဖြစ်၏။ ဤတောင်ထိပ်က ဂိုဏ်း၏ ဝင်္ကပါများ ကို ထိန်းချုပ်ခြင်းနှင့် ကာကွယ်ရေးအတွက် အဓိက တာဝန်ယူရလေသည်။
ဂိုဏ်းကာကွယ်ရေး မဟာဝင်္ကပါကြီးဖြစ်စေ၊ တောင်ထိပ်တစ်ခုစီ၏ အဆောက်အအုံများပေါ်ရှိ အသေး စား ဝင်္ကပါအမျိုးမျိုးဖြစ်စေ၊ ၎င်းတို့အားလုံးကို ယွီရှိုးတောင်ထိပ်မှ တပည့်များက တည်ဆောက်ပြီး ထိန်းချုပ်ကြသည်ဟု ဆိုနိုင်ပေသည်။ မိုးကြိုးရေကန်ဆိုသည်မှာ အခြေခံအားဖြင့် အထူးပထဝီဝင် တည်နေရာတစ်ခု မဟုတ်ဘဲ ဝင်္ကပါများ ဆက်တိုက်ရှိနေခြင်းသာ ဖြစ်လေသည်။
ထို့ကြောင့် ၎င်းကို မည်သည့်နေရာတွင်မဆို ထားရှိနိုင်ပေသည်။ သို့ရာတွင် အမြုတေတောင်ထိပ် (၁၂) ခုတွင် ၎င်းတို့၏ ကိုယ်ပိုင်တာဝန်များ အသီးသီးရှိကြပြီး မိုးကြိုးရေကန်ကို အသုံးပြုခဲသောကြောင့် ၎င်းကို တွေ့ရာနေရာတွင် ထားရှိရန် မသင့်လျော်ချေ။ နောက်ဆုံးတွင် ၎င်းကို ယွီရှိုးတောင်ထိပ်၌ပင် တည်ဆောက်ခဲ့ခြင်း ဖြစ်လေသည်။
ပျံသန်းရေးလှေကို မောင်းနှင်လာစဉ် အဝေးမှ စိမ်းလန်းစိုပြည်နေသော တောင်ထိပ်တစ်ခုကို သူတို့ မြင် လိုက်ရလေ၏။ အမြင့်ဆုံး ကမ်းပါးယံတွင် “ယွီရှိုး” ဟူသော စကားလုံးများကို ရေးထွင်းထားလေသည်။ တောင်ပေါ်ရှိ အဆောက်အအုံများကိုလည်း နဂါးနှင့် ဖီးနစ်ငှက် ပန်းပုများဖြင့် အလှဆင်ထားပြီး ဝင်ရိုးစွန်းနှစ်ခုတောင်ထိပ်မှလွဲ၍ ဒုတိယလိုက်နိုင်သည့် ထူးကဲသော ခမ်းနားမှုကို ပြသနေပေသည်။
ကျန်းထန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး စကားပြောနေစဉ် နင်းဖန်၏ ခါးကို ဖက်ထားသော သူမ၏လက်က ပိုမို တင်းကျပ်လာကာ ပြောလိုက်လေသည်။
“အစ်ကိုကြီး၊ မိုးကြိုးရေကန်က တောင်နောက်ဘက်မှာ ရှိတယ်…။”
သူမကို ကြည့်ရသည်မှာ ယွီရှိုးတောင်ထိပ်ကို မြင်ပြီးနောက် သူမ၏ စိတ်ထဲရှိ မှတ်ဉာဏ်အပိုင်းအစ များက တစ်ဖန် ပြန်လည် ရှင်းလင်းလာပုံရပေသည်။ သူမက အခြားအရာတစ်ခုကိုဝိုးတဝါး မှတ်မိနေ လေသည်။
နင်းဖန်၏ နှလုံးသားက လှုပ်ရှားသွားပြီး သံသယအရိပ်အယောင်တစ်ခု ပေါ်ထွက်လာ၏။ ကျန်းထန်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအဆင့်တွင်သာ ရှိသေးသည်။ ယုတ္တိတန်တန် စဉ်းစားကြည့်ပါက သူမ အရင်က မိုးကြိုးရေကန်ထဲသို့ မဝင်ရောက်ခဲ့ဖူးသင့်ချေ။
သို့ရာတွင် ယခု သူမက ယွီရှိုးတောင်ထိပ်နှင့် မည်သို့ ဤမျှ ရင်းနှီးနေရသနည်း တွေးမိလေသည်။ ထိုက်ရီ အစစ်အမှန်ဂိုဏ်းကြီးက အလွန်ကြီးမားကျယ်ပြန့်ကြောင်း သိထားရမည်ဖြစ်၏။ အစစ်အမှန်တပည့် များပင်လျှင် တိကျသောအကြောင်းပြချက်မရှိဘဲ အခြားတောင်ထိပ်များသို့ သွားလာလေ့မရှိကြချေ။
ကျန်းထန်က အပြင်ထွက်ရသည်ကို နှစ်သက်သော အမျိုးအစားမဟုတ်ဘဲ ကျင့်ကြံခြင်းတွင်သာ အမြဲ တမ်း အောင်းနေတတ်သူနှင့် တူပေသည်။ သူမက မိုးကြိုးရေကန်ကို စစ်ဆေးရန်အတွက် ယွီရှိုးတောင် ထိပ်သို့ သီးသန့် လာခဲ့ခြင်းများလား တွေးမိလေသည်။
အဖြေမရှာနိုင်သဖြင့် နင်းဖန်က သူ၏ သံသယများကို စိတ်ထဲတွင်သာ သိမ်းထားလိုက်လေသည်။ မည်သို့ပင်ဆိုစေ ယင်းက အရေးမပါသော ကိစ္စလေးတစ်ခုသာ ဖြစ်ပေသည်။
မကြာမီတွင် သူတို့နှစ်ဦးမှာ တောင်ထိပ်၏ နောက်ဘက်သို့ ကွေ့ပတ်သွားကြလေသည်။ သူတို့ တရားဝင် မဆင်းသက်မီကပင် မိုးကြိုးနှင့် လျှပ်စီးများပါဝင်သော မည်းမှောင်နေသည့် တိမ်တိုက်များ ဖုံးလွှမ်းနေ သည့် ကြီးမားသော ဧရိယာတစ်ခုကို အဝေးမှ မြင်လိုက်ရ၏။ ၎င်းက အမှန်တကယ်ပင် ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း မိုးကြိုးရေကန်ပင် ဖြစ်ပေသည်။
အခန်း (၁၁၂) ကျယ်ပြန့်သော သစ်တောပင်လယ်ကြီး ရောက်ရှိလာပြီး၊ ကောင်းကင်မိုးကြိုး သေမျိုး ခန္ဓာကိုယ်သန့်စင်ခြင်း စတင်ပြီ
“ဘုန်း….”
ကျယ်ပြန့်သော မြေပြင်ပေါ်တွင် ဟင်းလင်းပြင်နယ်မြေက တုန်ခါသွားလေတော့သည်။
သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်ထားသော ကြီးမားသည့် လူအုပ်စုတစ်စုက အလွန်မြန်ဆန်သော နှုန်း ဖြင့် ရွေ့လျားနေကြ၏။ သူတို့က အလယ်ပိုင်းကုန်းမြေ၏ အရှေ့ပိုင်းမှ မြင့်မြတ်နယ်မြေအတွင်းသို့ တောက်လျှောက် ခရီးနှင်လာစဉ် လျှပ်စစ်အလင်းရောင်များက သူတို့ပတ်လည်တွင် တောက်ပနေလေ သည်။
အကယ်၍ သတင်းအချက်အလက် ကျွမ်းကျင်သူ တစ်ဦးဦးသာ ရှိနေပါက ဤကြီးမားသော အဖွဲ့ကြီးကို ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းမှ အကြီးအကဲအဖွဲ့အဖြစ် မှတ်မိကာ အံ့အားသင့်သွားမည်မှာ သေချာ လှပေသည်။ စုစုပေါင်း လူဆယ့်ရှစ်ယောက်ဖြစ်ပြီး၊ အားလုံးက ဂိုဏ်း၏ အစစ်အမှန် အဆင့်မြင့်အဖွဲ့ဝင် များ ဖြစ်ကြလေသည်။
ထို့အပြင် ဗဟိုချက်တွင် လူတိုင်း ဝန်းရံထားသော သိသာစွာ ငယ်ရွယ်သည့် လူငယ်တစ်ယောက်လည်း ပါဝင်နေ၏။ သူက လက်များကို နောက်ပစ်ထားပြီး သူ၏ မျက်နှာထားမှာ တည်ငြိမ်နေသော်ငြား မာန ထောင်လွှားမှု အရိပ်အယောင်တစ်ခု ပါဝင်နေပေသည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျပြီး ခရမ်းရောင်စံအိမ် အဆင့်တွင်သာ ရှိသော်ငြားလည်း၊ သူအသုံး ပြုသော မိုးကြိုးတာအို ထွက်ပြေးခြင်းနည်းစနစ်က အတော်လေး ထူးကဲပြီး အကြီးအကဲများနှင့် အမီ လိုက်နိုင်ရန် စွမ်းဆောင်ပေးနိုင်လေသည်။
သေချာသည်မှာ ဤသည်က အကြီးအကဲများအနေဖြင့် တမင်တကာ အရှိန်မမြှင့်ထားသော ကြောင့် လည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ သူတို့က တိတ်တဆိတ် ရွေ့လျားနေကြပြီး အာရုံစိုက်မခံရလို ကြချေ။ သို့ရာတွင် ထိုသို့ဖြစ်စေကာမူ မဟာဂိုဏ်းတစ်ခုမှ အကြီးအကဲများ၏ ခရီးသွားနှုန်းမှာ သာမန် ခရမ်းရောင်စံအိမ်အဆင့် ကျင့်ကြံသူတစ်ဦး ယှဉ်ပြိုင်နိုင်သည့်အရာမျိုး မဟုတ်ပေ။
ဤမြင်ကွင်းက အလယ်ရှိ လူငယ်လေးတွင် ထူးကဲသော ခွန်အားများ ပိုင်ဆိုင်ထားကြောင်း ပြသရန် လုံလောက်နေလေသည်။ တကယ်တမ်းတွင်လည်း ထိုသို့ပင်ဖြစ်ပေ၏။
သူ၏အမည်မှာ ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ဟွာထျန်းကွမ် ဖြစ်လေသည်။ လွန်ခဲ့သော အနှစ်သုံးဆယ်က သူ ထွက်ပေါ်လာချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင် နာမည် ကြီးခဲ့ပေသည်။ သူသည် အလယ်ပိုင်းကုန်းမြေ၏ နာမည်ကျော် ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ပေ၏။
ဤတစ်ကြိမ်တွင် ဂိုဏ်းပြင်ပသို့ အကြီးအကဲများနှင့်အတူ သူ လိုက်ပါလာရခြင်း၏ အကြောင်းရင်းက ရိုးရှင်းလှပေသည်။ ဖန်ကျွင်း၏ အဆိုအရ မီးကိုးမျိုး သွေးသစ္စာနည်းစနစ်ကို လုပ်ဆောင်ခဲ့သော ထူးကဲ သည့် ပုဂ္ဂိုလ်ကို သူ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်ချင်သောကြောင့် ဖြစ်လေသည်။
မျှမျှတတပြောရလျှင် ဖန်ကျွင်း၏ ပြောဆိုချက်များကို ဟွာထျန်းကွမ် မယုံကြည်ခဲ့ချေ။ မည်သို့ပင်ဆိုစေ သူ၏ မျိုးဆက်တွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအနေဖြင့်၊ သူကိုယ်တိုင်ပင်လျှင် ထိုစဉ်က သွေး သစ္စာဆိုခြင်းအတွက် ထိပ်တန်းအဆင့် ရှားပါးမီးတောက် တစ်ခုကိုသာ အသုံးပြုခဲ့ရပြီး၊ မဟာစက်ဝန်း လည်ပတ်ခြင်း သုံးဆယ့်ခြောက်ကြိမ်သာ ခံနိုင်ရည်ရှိခဲ့လေသည်။ ထိုအရာကပင်လျှင် သူ၏ အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်စေခဲ့လေသည်။
ထိုကဲ့သို့သော အန္တရာယ်များကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသူပီပီ၊ လူတစ်ယောက်က ထိပ်တန်းအဆင့် ရှားပါးမီးတောက် ကိုးမျိုးဖြင့် သွေးသစ္စာဆိုခြင်းကို လုပ်ဆောင်နိုင်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ချေ။ အကယ်၍ ထိုသို့သောသူသာ တကယ်တမ်း ရှိနေခဲ့ပါက၊ သူတို့က အလွန် ကြောက်မက်ဖွယ်ကောင်း နေပေလိမ့်မည်။
ဟွာထျန်းကွမ်က သူ၏စိတ်ထဲတွင် ရေရွတ်လိုက်လေသည်။
‘ဒီခေတ်ရဲ့ ပါရမီရှင်တွေထဲမှာ ငါ့ရဲ့ ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ်ကသာ အမြင့် မြတ်ဆုံးပဲ။ နေဝင်နေထွက်အသင်္ချေ မူလတာအိုခန္ဓာကိုယ်၊ ကမ္ဘာဦးအာဏာရှင် ခန္ဓာကိုယ်၊ မူလအစ ကမ္ဘာဦးခန္ဓာကိုယ်နဲ့ မဟာနေမင်း သူတော်စင်ခန္ဓာကိုယ်တွေလို တခြားအရာတွေက စိုးရိမ်စရာ မလိုပါ ဘူး…။’
‘ငါက တာအိုအတွက် ဖန်တီးခံထားရသူ၊ ဒီကမ္ဘာပေါ်က ပါရမီရှင်တွေရဲ့ အထွတ်အထိပ်ပဲ။ မီးကိုးမျိုး သွေးသစ္စာဆိုတာတို့၊ ရေဆယ့်နှစ်မျိုး အရိုးသန့်စင်တာတို့ဆိုတဲ့ စကားတွေကို ငါ လုံးဝ မယုံဘူး…။’
ဟွာထျန်းကွမ်က လက်များကို နောက်ပစ်ထားလိုက်ရာ သူ၏ မူလတည်ငြိမ်နေသော မျက်နှာထားရှိ မာနထောင်လွှားမှုက ပို၍ သိသာထင်ရှားလာလေသည်။ သူက စိစစ်လေ့လာသော အကြည့်ဖြင့် ထိုက်ရီ အစစ်အမှန်ဂိုဏ်းဆီသို့ ပြတ်သားစွာ လျှောက်လှမ်းသွားခဲ့လေ၏။
အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက်။
ကျယ်ပြန့်သော သစ်တောပင်လယ်ကြီး၏ အပြင်ဘက်တွင် ဟင်းလင်းပြင်နယ်မြေက တုန်ခါသွားပြီး လူအုပ်စုတစ်စု ပေါ်လာခဲ့လေသည်။
ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းချုပ်က မှောက်ထားသော ဇလုံကြီးတစ်ခုနှင့် တူသည့် အရှေ့ဘက်ရှိ ဧရာမ အလင်းတန်းအတားအဆီးကြီးကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်လေသည်။
“သူတို့က မဟာဝင်္ကပါကြီးကို ဒီအချိန်ထိ တကယ်ပဲ ဖွင့်ထားတာလား…။”
ဝင်္ကပါတစ်ခု လည်ပတ်မှုအတွက် ဝိညာဉ်ကျောက်တုံးများကို စားသုံးရန် လိုအပ်ကြောင်း သိထားရမည် ဖြစ်၏။ ထို့ကြောင့် အဓိက အင်အားစုများသည် အကျပ်အတည်းတစ်ခု သို့မဟုတ် အထူးအခြေအနေ တစ်ခုနှင့် မရင်ဆိုင်ရပါက ဂိုဏ်းကာကွယ်ရေး မဟာဝင်္ကပါကြီးကို အချိန်ကြာမြင့်စွာ ဖွင့်ထားမည် မဟုတ်ချေ။
ထိုက်ရီအစစ်အမှန်ဂိုဏ်းက အစွမ်းထက်သော်ငြား ၎င်း၏ ဝိညာဉ်ကျောက်တုံး အရင်းအမြစ်များက အကန့်အသတ်မရှိ ပြည့်ဝနေခြင်း မဟုတ်ပေ။ ဝင်ငွေမည်သို့တိုးစေရန်နှင့် အသုံးစရိတ်ကို မည်သို့လျှော့ ချရမည်ကို နားလည်ခြင်းက အလွန်အရေးကြီးလေသည်။
ထို့ကြောင့် ဤမြင်ကွင်းက ဖန်ကျွင်း ပြောခဲ့သည်များကို အခြေခံအားဖြင့် အတည်ပြုပေးနေပေသည်။ ထိုက်ရီအစစ်အမှန်ဂိုဏ်းမှာ မမျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုကို အမှန်တကယ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်၏။ သို့မဟုတ်ပါက အကြောင်းပြချက်မရှိဘဲ ဂိုဏ်းကာကွယ်ရေး မဟာဝင်္ကပါကြီးကို အဘယ် ကြောင့် အဆက်မပြတ် ဖွင့်ထားမည်နည်း တွေးတောစရာပင်။
ပတ်ဝန်းကျင်ရှိ ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းမှ အကြီးအကဲများက သစ်တောသို့ ရောက်သည်နှင့် တစ်ပြိုင်နက် စတင်တိုက်တွန်းကြတော့၏။
“ညီလေးဖန်၊ မင်းရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေကို ဖျက်ဆီးနိုင်တဲ့ ရွှေရောင်သူငယ်အိမ်တွေကို ငါတို့ အားကိုးနေရပြီ…။ “
“တကယ်ပါပဲ၊ အဲဒီ ထူးကဲတဲ့ပုဂ္ဂိုလ်ဆိုတာ ဘယ်လိုပုံစံလဲဆိုတာ ကြည့်ဖို့ ငါတို့ စိတ်အားထက်သန်နေ ကြပြီ…။ “
“ရုပ်ခန္ဓာကိုယ်သန့်စင်ဖို့ သူ မိုးကြိုးရေကန်ထဲ ဝင်သွားတဲ့ စိတ်လှုပ်ရှားစရာ မြင်ကွင်းကိုတောင် ငါတို့ အမီဖမ်းနိုင်ကောင်းပါရဲ့”
ဖန်ကျွင်းက မနှောင့်နှေးရဲဘဲ အလျင်အမြန် သဘောတူလိုက်လေသည်။ ထို့နောက် သူက သူ၏ သူငယ် အိမ်နည်းစနစ်ကို အသုံးပြုလိုက်ရာ၊ သူ၏ မျက်လုံးများက ရုတ်တရက် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဂိုဏ်းအတွင်းသို့ လှမ်းကြည့်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ညာလက်က လက်ကွက်တစ်ခုကို ဖန်တီးလိုက်ပြီး ဆက်တိုက် တုန်ခါနေ၏။ ခဏအကြာတွင် အဆုံးမဲ့ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လေထဲတွင် ပုံရိပ်တစ်ခုကို ထင်ဟပ် လာစေခဲ့ လေသည်။
ဤသည်ကား မန္တန်ရွတ်ဆိုသူ မြင်သောအရာများကို တစ်ပြိုင်တည်း ထပ်တူကျစေကာ ပုံဖော်ပေးနိုင် သည့် ရေပြင်မှလမင်း ကြေးမုံမှပန်း နတ်ဘုရားစွမ်းရည်ပင် ဖြစ်ပေသည်။
တစ်နည်းအားဖြင့်ဆိုရသော် ယခုအချိန်တွင် ပုံရိပ်ယောင်၌ ပြသနေသမျှ အရာအားလုံးက ဖန်ကျွင်း၏ ထင်ယောင်ထင်မှားဖြစ်မှုများကို ဖျက်ဆီးနိုင်သော ရွှေရောင်သူငယ်အိမ်များက မြင်တွေ့နေရသည့် အရာ များပင် ဖြစ်လေသည်။ ၎င်းအပေါ်တွင် ပုံရိပ်က ပြင်းထန်စွာ တုန်ခါသွားပြီး တောင်ထိပ်အမျိုးမျိုး ကြားတွင် လျင်မြန်စွာ ပြောင်းလဲနေ၏။
သိသာထင်ရှားစွာပင် ဖန်ကျွင်းက နင်းဖန်၏ ပုံရိပ်ကို ရှာဖွေနေခြင်း ဖြစ်ပေသည်။ အချိန်အတော်ကြာပြီး နောက် နောက်ဆုံးတွင် ယွီရှိုးတောင်ထိပ်ပေါ်သို့ အာရုံစိုက်မိသွားလေသည်။ အကြီးအကဲများက ဆက် တိုက်ဆိုသလို ရေရွတ်လိုက်ကြလေသည်။
“ဟိုမှာ ဟိုမှာ…။”
“ညီလေးဖန် ပြောသလိုပဲ၊ အဲဒါက ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ပဲ…။”
“ကြီးမြတ်တဲ့ ထိုက်ရီအစစ်အမှန်ဂိုဏ်းကြီးမှာ တစ်နေ့ တပည့်နှစ်ယောက်ပဲ ကျန်ရစ်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး…။”
“ဒီနှစ်ယောက်က တာအိုလက်တွဲဖော် စုံတွဲလားလို့ တွေးစရာပဲ၊ ဘာလို့ သူတို့က ပျံသန်းရေးလှေပေါ်မှာ ဖက်နေကြတုန်းလဲဆိုတာတော့ မသိဘူး…။”
“ရှုး...၊ ဒီနှစ်ယောက်မှာ အရမ်းအားကောင်းတဲ့ ချီနဲ့ သွေးတွေ ရှိနေတာပဲ…။”
“အထူးသဖြင့် အဲဒီ ယောကျ်ားလေးတပည့်ပဲ၊ သူ့ရဲ့ အသက်မူလအစကို ကြည့်ရတာ၊ သူက အထွတ် အထိပ်အခြေခံအုတ်မြစ်ကို တည်ဆောက်ပြီးသွားပြီပဲ…။”
“ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအဆင့်တောင် မရောက်သေးဘဲနဲ့ အထွတ်အထိပ်အခြေခံအုတ်မြစ် ရှိနေတယ်...၊ သူ ဘယ်လိုလုပ်ခဲ့တာလဲ…။”
“အဲဒီတုန်းက ဘိုးဘေးကြီး ချန်ထားခဲ့တဲ့ အရင်းအမြစ်တွေ အများကြီးကို စားသုံးပြီးမှ၊ ထျန်းကွမ်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအဆင့်ရောက်မှ အထွတ်အထိပ်အခြေခံအုတ်မြစ်ကို ရရှိခဲ့တာလေ…။”
မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းမှ အကြီး အကဲများမှာ သူတို့၏ ဆွေးနွေးမှုများကို မရပ်တန့်နိုင်တော့ချေ။ ထိုနေရာရှိ လူတိုင်းက အဝေးမှ အရိုး များကို စောင့်ကြည့်နိုင်စွမ်းရှိသော အစွမ်းထက်သည့် ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။
နင်းဖန်၏ အခြေခံအုတ်မြစ်က နက်နဲကြောင်း သူတို့ ချက်ချင်း မြင်လိုက်ရ၏။ သူတို့၏ စိတ်ထဲတွင် ၎င်းက သူတို့ဂိုဏ်း၏ ဂုဏ်ယူစရာနှင့် အနာဂတ်ခေါင်းဆောင်ဖြစ်သော ဟွာထျန်းကွမ်ထက်ပင် များစွာ သာလွန်နေပေသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်လိုက်ကြပြီး အနည်းငယ် နေရခက်သလို ခံစားလိုက်ရလေသည်။
အထွတ်အထိပ်အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ရန် မည်မျှခက်ခဲကြောင်း သိထားရမည်ဖြစ်၏။ ထိပ်တန်းဂိုဏ်းများနှင့် အင်အားစုများ၏ တိုက်ရိုက်မျိုးဆက်များ၊ ကိုယ်ပိုင်တပည့်များစွာမှာ ၎င်းကို မရ ရှိနိုင်ခဲ့ကြချေ။ သို့ရာတွင် မြင့်မြတ်နယ်မြေတွင် နေထိုင်ရန် အရည်အချင်းမပြည့်မီသော ပထမတန်းစား အင်အားစုတစ်ခုဖြစ်သည့် သူတို့၏ ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းက တစ်ဦးကို တိတ်တဆိတ် ပျိုးထောင် နိုင်ခဲ့ပေသည်။
ဤသည်မှာ အလွန် ဂုဏ်ယူစရာကောင်းလှပေသည်။ ထို့အပြင် ထိုစဉ်က ဟွာထျန်းကွမ်က အထွတ် အထိပ်အခြေခံအုတ်မြစ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့်ပင် အကြီးအကဲများကို မျှော်လင့်ချက်ပေးခဲ့ပြီး သူတို့၏ ရည်မှန်းချက်များကို နိုးကြားလာစေခဲ့ခြင်း ဖြစ်လေသည်။
ဤခေတ်တွင် နတ်ဘုရားဖြတ်သန်းခြင်း မဟာတာအိုအတွက် သူတို့ ယှဉ်ပြိုင်ချင်ခဲ့ကြ၏။
သို့ရာတွင် ထိုက်ရီအစစ်အမှန်ဂိုဏ်းက ဤကဲ့သို့သော မိစ္ဆာတစ်ကောင်ကို မွေးထုတ်ပေးလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း တွေးတောစရာပင်။ ဤအချိန်တွင် ဟွာထျန်းကွမ်ကလည်း မျက်မှောင် ကြုတ်သွား၏။
သူ၏ မာနထောင်လွှားမှုက ကျန်ရှိနေသေးသော်ငြား၊ လေးနက်မှု အာရုံတစ်ခုက ပို၍ ထင်ရှားလာပေ သည်။ ဟွာထျန်းကွမ်၏ မျက်လုံးများ တောက်ပသွားချိန်တွင် သူ၏ နှလုံးသားထဲ၌ ပြင်းထန်သော အကျပ်အတည်း ခံစားချက်တစ်ခု ပေါ်ထွက်လာကာ တွေးမိလိုက်လေသည်။
‘သေမျိုးခန္ဓာကိုယ်၊ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဋ္ဌမအဆင့်၊ အထွတ်အထိပ်အခြေခံအုတ်မြစ်...၊ သူက မီးကိုးမျိုး သွေးသစ္စာဆိုခြင်းကို တကယ်ပဲ အသုံးပြုခဲ့တာများလား မသိဘူး…။’
မည်သို့ပင်ဆိုစေ အထွတ်အထိပ်အခြေခံအုတ်မြစ်အတွက် စံနှုန်းမှာ လက်တစ်ဖက်တည်း ခွန်အား ဂျင် (၁.၆) သန်း ဖြစ်ပေသည်။ နင်းဖန်ဟု အမည်ရသော ထိုထိုက်ရီအစစ်အမှန်ဂိုဏ်း တပည့်မှာ ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း အဋ္ဌမအဆင့်တွင် ဤစံနှုန်းသို့ ရောက်ရှိနိုင်လေသည်။
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအဆင့်သို့ ရောက်ရှိပြီး တစ်ဖန် နှစ်ဆတိုးလာပါက ဂျင် (၃.၂) သန်းအထိ ထိုးတက်သွားမည် မဟုတ်ပါလော တွေးမိလိုက်၏။
ဤသည်က သူကိုယ်တိုင်၏ ခွန်အားထက် နှစ်ဆနီးပါး ဖြစ်နေပေသည်။ ဤအခြေအနေတွင် ဟွာထျန်းကွမ်အနေဖြင့် အကျပ်အတည်း ခံစားချက်ကို မည်သို့မျှ မခံစားဘဲ မနေနိုင်တော့ချေ။
ချက်ချင်းပင် ထိုလူကို အဓိက လျှို့ဝှက်အန္တရာယ်ကြီး တစ်ခုအဖြစ် သူ သတ်မှတ်လိုက်လေတော့သည်။ ဟွာထျန်းကွမ်က တွေးလိုက်ရာ သူ၏ အတွင်းပိုင်း သတိပေးခေါင်းလောင်းများက ကျယ်လောင်စွာ မြည်ဟည်းနေတော့၏။
“မဟာတာအိုအတွက် ရုန်းကန်မှုက သွေးထွက်သံယိုများပြီး ရက်စက်တယ်၊ စစ်သူကြီးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ ခြောက်သွေ့နေတဲ့ အရိုးတစ်သောင်းအပေါ်မှာ တည်ဆောက်ထားတာပဲ။ ဒီကြီးမား တဲ့ လျှို့ဝှက်အန္တရာယ်ကြီးကို ဖယ်ရှားပစ်ဖို့ အခွင့်အရေးတစ်ခု ငါ ရှာရမယ်…။”
သို့ရာတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းမှ အခြား အကြီးအကဲများမှာ ဟွာထျန်းကွမ်လောက် ပြတ်သားမှုမရှိကြချေ။ သူတို့အားလုံးမှာ စိတ်ထဲတွင် တွေဝေနေကြလေသည်။
မည်သို့ပင်ဆိုစေ ဤသူက ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်ပြီး ထိုက်ရီအစစ်အမှန်ဂိုဏ်း၏ လက်ရှိအခြေအနေကလည်း မရေရာသေးပေ။ ဤပျောက်ဆုံးမှုက မည်သည့်အရာနှင့် ပတ်သက်နေ သည်ကို မည်သူမျှ မသိကြချေ။ အကယ်၍ ယင်းက ဟန်ပြတစ်ခုမျှသာ ဖြစ်နေပါက၊ ထိုက်ရီအစစ်အမှန် ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်တစ်ဦးအပေါ် မည်သူက လက်ပါရဲမည်နည်း တွေးတောစရာပင်။
ဤကိစ္စ ပေါ်ပေါက်သွားသည်နှင့် တစ်ပြိုင်နက်၊ ၎င်းက တိုက်ကြီးကို နှစ်သန်းပေါင်း တစ်ရာနီးပါး လွှမ်းမိုး ထားခဲ့သော အင်အားစုတစ်ခုအပေါ် စစ်ကြေညာခြင်းနှင့် တူညီသွားပေလိမ့်မည်။ သူတို့၏ ကောင်းကင် ကိုးထပ် မိုးကြိုးဂိုဏ်းတွင် စတေးရန် အသက်မည်မျှ ရှိနေပါသနည်း တွေးမိကြလေသည်။ ထို့ကြောင့် အဆင့်မြင့်အဖွဲ့ဝင်များစွာမှာ ဆုံးဖြတ်ချက်မချနိုင် ဖြစ်သွားကြလေတော့၏။
ဤအချိန်တွင် ဖန်ကျွင်းက စကားစလိုက်ပြီး အော်ပြောလိုက်လေသည်။
“ကြည့်ကြပါဦး၊ သူတို့ မိုးကြိုးရေကန်ထဲ ဝင်သွားကြပြီ…။”
လူတိုင်းက အလျင်အမြန်ပင် အာရုံစိုက် ကြည့်ရှုလိုက်ကြ၏။ မြင်ကွင်းထဲတွင် ယောကျ်ားလေးတစ်ဦး နှင့် မိန်းကလေးတစ်ဦးဖြစ်သော တပည့်နှစ်ဦးမှာ ခမ်းနားထည်ဝါလှသည့် ကောင်းကင်အဆင့် မိုးကြိုး ရေကန်ဆီသို့ ဦးတည်သွားနေကြလေပြီဖြစ်၏။