← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃) နဝမအဆင့် သူတော်စင်ဆေးလုံးများက ဘယ်အချိန်ကတည်းက သာမန်ဖြစ်သွား ရတာလဲ

ယွီရှိုးတောင်ထိပ်၊ နောက်ဘက်တောင်ကြော။

အဆင့်အမျိုးမျိုးရှိသော ဝင်္ကပါများကို ဤနေရာတွင် တည်ဆောက်ထားပြီး၊ ၎င်းတို့အတွင်း၌ လျှပ်စစ် အလင်းရောင်များနှင့် မိုးကြိုးအလင်းတန်းများက တောက်ပနေလေသည်။ ဤဝင်္ကပါများစွာ၏ နက်ရှိုင်း သောနေရာတွင် ကြီးမားလှသော မဟာဝင်္ကပါကြီးတစ်ခုက ထိုဧရိယာကို ဖိနှိပ်ထားပြီး၊ ၎င်း၏ အရှိန် အဝါက အားလုံးထက် အကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်ပေသည်။

ကျဆင်းလာသော မိုးကြိုးများ၏ အကြိမ်အရေအတွက်က အလွန်မြန်ဆန်ရုံသာမကဘဲ၊ လျှပ်စီးတန်း တစ်ခုစီက ရေစည်ပိုင်းတစ်ခုမျှ တုတ်ခိုင်နေပြီး မြေကြီးပေါ်သို့ သိပ်သည်းစွာ ပစ်ခတ်နေလေသည်။ သိသာထင်ရှားစွာပင် ဤသည်က ဤနေရာရှိ တစ်ခုတည်းသော ကောင်းကင်အဆင့် မိုးကြိုးရေကန် ဖြစ်ပေသည်။

နင်းဖန်နှင့် ကျန်းထန်တို့မှာ ယခုအခါ ဝင်္ကပါ၏ အပြင်ဘက်တွင် ရပ်နေကြ၏။

နင်းဖန်၏ အကြည့်က အနီးနားရှိ ကျောက်တိုင်တစ်ခုပေါ်သို့ ကျရောက်သွားပြီး သူက ရေရွတ်လိုက် လေသည်။

“ဒါက ကောင်းကင်တာအို နတ်ဘုရားမိုးကြိုးလား...။”

ထွင်းထုထားသော စာသားများမှတစ်ဆင့် ဤဝင်္ကပါ၏ မူလဇာစ်မြစ်ကို သူ သိရှိနေပြီဖြစ်ကာ တုန်လှုပ် မှုမဖြစ်ဘဲ မနေနိုင်တော့ချေ။

ကောင်းကင်တာအို နတ်ဘုရားမိုးကြိုးတွင် အဆုံးအစမဲ့သော စွမ်းအားများ ရှိလေသည်။ ထိုစဉ်က မိုးကြိုးရေကန်ကို ဖန်တီးရန်အတွက် တာအိုအရှင်ထိုက်ရီက နတ်ဘုရားမိုးကြိုး အနည်းငယ်ကို ဖမ်းယူ ရန် အမြင့်မြတ်ဆုံး နည်းလမ်းများကို အသုံးပြုခဲ့ပြီး၊ ၎င်းကို အဆတစ်သောင်းခန့် အားပျော့သွားစေပြီး နောက် ဝင်္ကပါကြီးထဲသို့ ထည့်သွင်းခဲ့လေသည်။

ထိုအချိန်မှစ၍ ၎င်းက ယွီရှိုးတောင်ထိပ်ရှိ ကောင်းကင်အဆင့် မိုးကြိုးရေကန် ဖြစ်လာခဲ့၏။ အပြန် အလှန် ဖြတ်သန်းနေသော လျှပ်စီးများကြားတွင် ၎င်းက ဤတောင်ထိပ်ပေါ်၌ နေ့ရောညပါ အနားမယူ ဘဲ နှစ်သန်းပေါင်း ကိုးဆယ်တိုင်တိုင် ပစ်ခတ်နေခဲ့လေသည်။ ၎င်း၏ စွမ်းအားက အနည်းငယ်မျှပင် လျော့ကျသွားခြင်း မရှိခဲ့ချေ။

ဂိုဏ်း၏ သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ပါရမီရှင်များက သူတို့၏ ကလီစာများကို သန့်စင်ရန် ဤမဟာဝင်္ကပါကြီးထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြလေသည်။ သို့ရာတွင် နောက်ဆုံး၌ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူများမှာ လက်တစ်ဆုပ်စာမျှသာ ရှိပေသည်။

ထိုသူအများစုမှာလည်း မိုးကြိုးရေကန်၏ အပြင်ဘက်ဆုံးအစွန်းတွင်သာ နှစ်ခြင်းခံယူခဲ့ကြခြင်း ဖြစ်၏။ အလွန်နည်းပါးသော လူများသာ အတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ခဲ့ကြလေသည်။

နင်းဖန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ဘေးရှိ ကျန်းထန်ကို ကြည့်ကာ မေးလိုက်လေသည်။

“ညီမလေး၊ အဆင်သင့်ဖြစ်ပြီလား…။”

လျှပ်စစ်အလင်းရောင်၏ အလင်းအောက်တွင် ကောင်မလေး၏ မျက်နှာက အေးစက်သော အလှတရား တစ်ခုကို ပိုင်ဆိုင်ထားပြီး ထူးခြားသော ဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်ထားကြောင်း သူ မြင်လိုက် ရလေ၏။

သူမကလည်း အသက်ပြင်းပြင်းရှူကာ သူမ၏ အခြေအနေကို ချိန်ညှိရင်း ပြတ်သားသော အကြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။

“အစ်ကိုကြီး ဝင်ရင် ကျွန်မလည်း ဝင်မယ်…။”

ဤအဆင့်ရောက်သည့်တိုင် သူမ နောက်ဆုတ်မသွားသည်ကို မြင်သောအခါ နင်းဖန်၏ မျက်လုံးများထဲ တွင် ထူထဲသော လေးစားမှုအရိပ်အယောင်တစ်ခု ချက်ချင်း ပေါ်လာလေသည်။ ဤညီမငယ်လေးမှာ အနည်းငယ် ထုံအသော်ငြား၊ တာအိုအပေါ်ထားရှိသော သူမ၏ နှလုံးသားက အမှန်တကယ်ပင် ခိုင်မာ လှပေသည်။

ဤအချိန်တွင် သူက မတိုက်တွန်းဘဲ မနေနိုင်တော့ဘဲ ပြောလိုက်လေသည်။

“ဆေးလုံးတွေကို မနှမြောဖို့ မှတ်ထားနော်၊ စားသင့်တဲ့အချိန်မှာ စားရမယ်။ ကိုယ့်လုံခြုံရေးကို သေချာ အောင် လုပ်ဖို့က ပထမဦးစားပေးပဲ…။”

စကားပြောရင်း ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးတစ်လုံးကို သူ၏ ပါးစပ်ထဲသို့ ပစ်ထည့် လိုက်လေ၏။ ၎င်းကိုကြားသောအခါ ကျန်းထန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး၊ ဟမ်းစတား ကြွက်လေးတစ်ကောင်ကဲ့သို့ သူမလည်း တစ်လုံးကို စားလိုက်လေသည်။ ထို့နောက် သူမက နင်းဖန်၏ နောက်မှ လိုက်ကာ မိုးကြိုးရေကန်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြတော့၏။

“ဗွမ်း...ဗွမ်း...ဗွမ်း...”

သူတို့နှစ်ဦး ဝင်္ကပါထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် မိုးကြိုးရေကန် တစ်ခုလုံးက ဂနာမငြိမ် ဖြစ်သွားလေသည်။ သူစိမ်းများကို ကြိုဆိုခြင်းမရှိသည့်အလား လျှပ်စီးကြောင်းအချို့က သူတို့ဆီသို့ တိုက်ရိုက် ပစ်ချလာခဲ့လေ၏။

သံသယဖြစ်စရာမလိုဘဲ သူတို့နှစ်ဦးမှာ ခေါင်းမှခြေဖျားအထိ အပြင်းအထန် ပစ်ခတ်ခံလိုက်ရလေ သည်။

ကျန်းထန်က သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသော မိုးကြိုးအလင်းတန်းကို ခံစားရင်း အလွန် အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

“ဝါး...၊ အစွန်းဆုံးက လျှပ်စီးတွေရဲ့ စွမ်းအားက မြေကမ္ဘာအဆင့် မိုးကြိုးရေကန်ရဲ့ ဗဟိုချက်ထက် တောင် ပိုအားကြီးနေတာပဲ…။”

၎င်းကိုကြားသောအခါ နင်းဖန်က နားမလည်နိုင်စွာဖြင့် ခေါင်းစောင်းကာ မေးလိုက်၏။

“ညီမလေး၊ ဒါက မင်း ရုပ်ခန္ဓာကိုယ်သန့်စင်ဖို့ မိုးကြိုးရေကန်ကို ပထမဆုံးအကြိမ် အသုံးပြုတာ မဟုတ် ဘူးလား။ မြေကမ္ဘာအဆင့် မိုးကြိုးရေကန်ရဲ့ စွမ်းအားက ဘယ်လိုလဲဆိုတာ မင်း ဘယ်လိုလုပ် သိတာ လဲ…။”

“အယ်...၊ ဟုတ်သားပဲ၊ ငါ ဘာလို့ သိနေတာလဲ…။”

ဝိညာဉ်ကို ထိုးဖောက်နိုင်သော ဤမေးခွန်းကို ကြားသောအခါ ကျန်းထန်လည်း အံ့အားသင့်သွားပြီး သူမ၏ မျက်နှာလေးမှာ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ ထို့နောက် သူမ၏ သိမ်မွေ့သော မျက်ခုံး များက တင်းကျပ်စွာ စုကျုံ့သွားပြီး၊ သူမ၏ လက်လေးဖြင့် နဖူးကို ပုတ်ကာ ပြောလိုက်၏။

“အူး...၊ ခေါင်းတွေ အရမ်းကိုက်နေပြီ...။ အစ်ကိုကြီး၊ ကျွန်မဆီမှာ မှတ်ဉာဏ်တွေ စထွက်လာပြီထင် တယ်…။”

သူမ၏ မှတ်ဉာဏ်နောက်တစ်ပိုင်း နိုးကြားလာခြင်းများလားဟု တွေးမိလေသည်။ ကျန်းထန်၏ တုံ့ပြန်မှု အမျိုးမျိုးကို စောင့်ကြည့်ရင်း၊ ဤထုံအသော ညီမငယ်လေးက လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထား ကြောင်း နင်းဖန် အမြဲတမ်း ခံစားနေရပေ၏။

“မှတ်ဉာဏ်ထွက်လာတာက ကောင်းတဲ့ကိစ္စပါ၊ ဒါပေမယ့် လောလောဆယ် ရုပ်ခန္ဓာကိုယ်သန့်စင်တာ ကိုပဲ အာရုံစိုက်ထားပါ…။” ဟု နင်းဖန်က ပြောလိုက်လေသည်။

အကယ်၍ ကျန်းထန်သာ သူမ၏ မှတ်ဉာဏ်များကို ပြန်လည်ရရှိနိုင်ပါက ဂိုဏ်းအတွင်း မည်သို့သော ပြောင်းလဲ မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သူမ သိနိုင်ကောင်းပါလေ၏။ သို့ရာတွင် လက်ရှိ၌ ခြေလှမ်းတိုင်း အန္တရာယ်များလှသော မိုးကြိုးရေကန်ထဲတွင် ရောက်ရှိနေသောကြောင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကို သာ ဦးစားပေးရဦးမည် ဖြစ်ပေသည်။

ထို့ကြောင့် နင်းဖန်က စကားပြောရင်း ကျန်းထန်၏ လက်ကိုဆွဲကာ သူ၏ ဗိုက်ကြွက်သားများပေါ်သို့ တင်ပေးလိုက်လေသည်။ မျှော်လင့်ထားသည့်အတိုင်း သူမ၏ အာရုံစိုက်မှုက ဆွဲဆောင်ခံလိုက်ရ၏။ သူမ၏ လက်လေးက စမ်းသပ်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက တောက်ပသွားလေသည်။

ရုတ်တရက် သူမ၏ ခေါင်းမကိုက်တော့ဘဲ၊ သူမ၏ ခန္ဓာကိုယ်က မပင်ပန်းတော့ဘဲ နင်းဖန်၏နောက်မှ မိုးကြိုးရေကန်၏ နက်ရှိုင်းသောနေရာဆီသို့ ခြေလှမ်းပေါင်းများစွာကို တစ်ကြိမ်တည်း လိုက်ပါသွား လေတော့၏။

မကြာမီတွင် သူတို့နှစ်ဦးမှာ မိုးကြိုးရေကန်၏ ဒုတိယစက်ဝန်းသို့ ရောက်ရှိသွားကြလေသည်။ ဤနေရာ ရှိ ကောင်းကင်မိုးကြိုးများမှာ အစွန်းပိုင်းရှိ အဖြူရောင်မှ အပြာရောင်သို့ ပြောင်းလဲသွားပြီ ဖြစ်၏။ ထို့ အပြင် ပစ်ခတ်မှုတစ်ခုစီတိုင်း၏ စွမ်းအားမှာ ယခင်ကထက် အဆများစွာ ပိုမို လေးလံလာလေသည်။

“ညီမလေး၊ တောင့်မခံနိုင်ရင် ဆေးတစ်လုံးစားလိုက်….။ “ ဟု နင်းဖန်က ပြောလိုက်လေသည်။

နင်းဖန်က နောက်ထပ် ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြန်၏။ ကျန်းထန်ကလည်း သူ၏ဘေးတွင် အတုယူကာ လိုက်လုပ်လေ သည်။

ထို့နောက် သူတို့နှစ်ဦးစလုံးက သူတို့ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို တိတ်ဆိတ်စွာ ခံစားနေကြ လေသည်။ အထူးသဖြင့် ကောင်းကင်မိုးကြိုး၏ စွမ်းအားများကို သူတို့၏ ခန္ဓာကိုယ်များအတွင်းသို့ လမ်းညွှန်ပေးပြီးနောက် သူတို့၏ ကလီစာများ နှစ်ခြင်းခံရမှုပင် ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင်။

ဂိုဏ်းအပြင်ဘက် သစ်တောပင်လယ်ကြီးအထက် ကောင်းကင်ယံတွင်။

ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းမှ လူများမှာ ဤမြင်ကွင်းကို ကြည့်ရင်း အားလုံး ဆွံ့အသွားကြလေ သည်။ အကြီးအကဲတစ်ဦးဆိုလျှင် သူ အိပ်မက်မက်နေသလားဟု သံသယဝင်ကာ သူ့ကိုယ်သူ အားပါး တရ ရိုက်လိုက်သေး၏။ အကြီးအကဲများက အချင်းချင်း ဆွေးနွေးလိုက်ကြလေသည်။

“ငါ အမြင်မမှားဘူးဆိုရင်၊ အဲဒါက ဒဏ္ဍာရီလာ နဝမအဆင့် ဆေးလုံးဖြစ်တဲ့ ကမ္ဘာဦး လေပြင်း မိုးကြိုး အမြုတေ ဆေးလုံးပဲ မဟုတ်လား…။”

“ဟုတ်တယ်၊ ပြီးတော့ အရည်အသွေးကလည်း အကောင်းဆုံးပဲ….။”

“ထိုက်ရီအစစ်အမှန်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က တကယ်ပဲ ဒီလောက်တောင် နက်ရှိုင်းနေတာလား…။ သူတို့ဆီမှာ နဝမအဆင့် သူတော်စင်ဆေးလုံးတွေက လေးလုံးတောင် ရှိနေတာလား…။”

“ဖြုန်းတီးလွန်းတယ်၊ အဲဒါက ကောင်းကင်မိုးကြိုး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် အကောင်းဆုံး ဆေးလုံးပဲ၊ ဒါတောင် သူတို့ရဲ့ တပည့်တွေကို နှစ်လုံးစီ ပေးထားတယ်။ ထိပ်တန်း မဟာဂိုဏ်းကြီးတွေက တကယ်ပဲ သူတို့ လုပ်ချင်တာကို လုပ်လို့ရတာလား…။”

“ဒေါသထွက်စရာပဲ၊ အဲဒီတုန်းက ထျန်းကွမ်ဆီမှာသာ နှစ်လုံးရှိခဲ့ရင်၊ သူ တတိယစက်ဝန်းအထိ ရောက် နိုင်လောက်တယ်…။”

အကြီးအကဲများမှာ မနာလိုမှု၊ သဝန်တိုမှုနှင့် မုန်းတီးမှုများဖြင့် ကြည့်နေကြလေသည်။

ပုံမှန်အားဖြင့် လျှို့ဝှက်ချက်ပြုတ်နည်းဖြင့်သာ ဖော်ထုတ်နိုင်သော ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးကဲ့သို့သော ဆေးလုံးတစ်လုံးကို ဝါရင့် ဆေးဆရာများမှလွဲ၍ အခြားသူများက မှတ်မိရန်ခက်ခဲ လှပေသည်။

သို့ရာတွင် တိုက်ဆိုင်စွာပင် ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းက မိုးကြိုးကျင့်ကြံခြင်းအပေါ်တွင် အခြေ ခံအုတ်မြစ် တည်ဆောက်ထားခြင်း ဖြစ်၏။ သူတို့က ဤကမ္ဘာပေါ်ရှိ မိုးကြိုးနှင့်ပတ်သက်သော မည်သည့်အရာကိုမဆို အလွန်ကောင်းမွန်စွာ နားလည်ထားကြလေသည်။

ထို့ကြောင့် နင်းဖန်နှင့် ကျန်းထန်တို့ သောက်သုံးခဲ့သော ဆေးလုံးများ၏ မူလဇာစ်မြစ်ကို ချက်ချင်း မှတ်မိသွားကြခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦး ဤမျှ ဖြုန်းတီးနေသည်ကို မြင်သောအခါ ဟွာထျန်းကွမ်ကလည်း သူ၏ လက်သီးများကို မဆုပ်ဘဲ မနေနိုင်တော့ချေ။

ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းတွင်လည်း ကောင်းကင်အဆင့် မိုးကြိုးရေကန်တစ်ခု ရှိလေသည်။ ထိုစဉ်က သူ၏ ခန္ဓာကိုယ်ကို သန့်စင်သောအခါ၊ အထွတ်အထိပ်အခြေခံအုတ်မြစ် တည်ဆောက်ရန် ထိုမိုးကြိုးရေကန်ကို အသုံးပြုခဲ့ကြလေ ၏။

သို့ရာတွင် ထိုအတွင်း၌ သူ၏ခရီးစဉ်မှာ တယိမ်းတယိုင်ဖြစ်ခဲ့ပြီး ခြေလှမ်းတိုင်းကို အလွန်သတိထား ကာ လျှောက်လှမ်းခဲ့ရလေသည်။ နောက်ဆုံးတွင် ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ်၏ ဝိသေသလက္ခဏာများနှင့် ဂိုဏ်း၏ ဘိုးဘေးကြီး ချန်ထားခဲ့သော အဖိုးတန် အရင်းအမြစ် အမျိုးမျိုးကို အားကိုးခြင်းဖြင့် ဒုတိယစက်ဝန်းသို့ အနိုင်နိုင် ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် သူစားသုံးခဲ့သော ဆေးလုံးမှာ အဋ္ဌမအဆင့် လေပြင်း မိုးကြိုးဗဟိုချက် ဆေးလုံးမျှသာ ဖြစ်၏။

ထိုက်ရီအစစ်အမှန်ဂိုဏ်းမှ ဤတပည့်နှစ်ဦးနှင့် ယှဉ်လိုက်ပါက သူက သနားစရာကောင်းလောက်အောင် ဆင်းရဲနေပုံရလေသည်။ အထူးသဖြင့် မိုးကြိုးရေကန်ထဲရှိ သူကိုယ်တိုင်၏ ရုန်းကန်မှုများကို မှတ်မိလာ သောအခါ ပို၍ပင် ဆိုးရွားလာ၏။

ပုံရိပ်ယောင်ထဲတွင် စကားပြောကာ ရယ်မောနေကြသော သူတို့နှစ်ဦးကို ကြည့်ရင်း တရားမျှတမှု မရှိဟူသော ခံစားချက်တစ်ခုက သူ၏ နှလုံးသားထဲတွင် မထိန်းချုပ်နိုင်အောင် ပေါက်ဖွားလာတော့ သည်။

မည်သို့ပင်ဆိုစေ နင်းဖန်နှင့် ကျန်းထန်တို့ နှစ်ဦးကြားတွင် တစ်ဦးက သေမျိုးခန္ဓာကိုယ်ရှိပြီး အခြား တစ်ဦးက နေဝင်နေထွက်အသင်္ချေ မူလတာအိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလေသည်။ မည်သူမျှ မိုးကြိုး စွမ်းအင်နှင့် ဆက်စပ်မှုမရှိချေ။

သို့သော်လည်း သူတို့က နဝမအဆင့် သူတော်စင်ဆေးလုံး နှစ်လုံးကို အားကိုးခြင်းဖြင့် သူ့ကဲ့သို့ပင် ဒုတိယစက်ဝန်းသို့ ရောက်ရှိနိုင်ခဲ့ကြပေသည်။ ဤသည်ကို မြင်ပြီး မည်သူက သူတို့၏ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ကို ထိန်းသိမ်းထားနိုင်မည်နည်း။

သူသည် မိုးကြိုးသိုင်းပညာများနှင့် အသင့်တော်ဆုံးဖြစ်သော ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။

ရုတ်တရက် အကြီးအကဲတစ်ဦးက အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

“ဒီနှစ်ယောက်က တကယ်ပဲ ရှေ့ဆက်သွားနေတုန်းပဲ၊ သူတို့က တတိယစက်ဝန်းထဲ ဝင်ချင်နေကြတာ လား…။”

ပုံရိပ်ယောင်ထဲတွင် နင်းဖန်နှင့် ကျန်းထန်တို့၏ အရှိန်မှာ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများ ကို ခံစားနေရသောကြောင့် အနည်းငယ် နှေးကွေးသွားသော်ငြား၊ သူတို့က အမှန်တကယ်ပင် မရပ်တန့် ခဲ့ကြချေ။ အကြီးအကဲများက အချင်းချင်း ဆွေးနွေးလိုက်ကြလေသည်။

“ဘယ်လောက်တောင် မာနကြီးလိုက်သလဲ…။ “

“မိုးကြိုးရေကန်ရဲ့ တတိယစက်ဝန်းမှာရှိတဲ့ နတ်ဘုရားမိုးကြိုးရဲ့ စွမ်းအားက ဒုတိယစက်ဝန်းထက် အဆများစွာ ပိုအားကြီးတယ်၊ သူတို့က မိုးကြိုးပစ်ခံရပြီး သေရမှာကို တကယ်ပဲ မကြောက်ကြ တာလား…။”

“လောဘဆိုတာ ဆင်ကို မျိုချချင်နေတဲ့ မြွေတစ်ကောင်လိုပဲ။ သူတို့က ကမ္ဘာဦး လေပြင်း မိုးကြိုး အမြုတေ ဆေးလုံး နှစ်လုံးစားရုံနဲ့ တတိယစက်ဝန်းထဲ ဝင်နိုင်မယ်လို့ ထင်နေရင်တော့၊ ကောင်းကင် အဆင့် မိုးကြိုးရေကန်ကို တကယ်ပဲ အထင်သေးလွန်းနေပြီ…။”

ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းမှ လူများက အေးစက်စွာ မှတ်ချက်ချလိုက်ကြလေသည်။

နင်းဖန်နှင့် ကျန်းထန်တို့၏ လုပ်ရပ်များကိုကြည့်ကာ သူတို့အားလုံး ဆွံ့အသွားကြ၏။ ဂိုဏ်းချုပ် လေ့ချန်ကျွယ်ကလည်း တိတ်တဆိတ် ခေါင်းခါလိုက်ပြီး ထိုက်ရီအစစ်အမှန်ဂိုဏ်းမှ ဤပါရမီရှင် နှစ်ဦးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသည်ဟု တွေးလိုက်လေသည်။

သို့ရာတွင် လူတိုင်းက ကျန်းထန်နှင့် နင်းဖန်တို့ ကောင်းကင်မိုးကြိုးကို မခုခံနိုင်တော့ချေဟု ထင်နေ ချိန်တွင်ပင်။

တတိယမြောက် ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးကို သူတို့အသီးသီး၏ ပါးစပ်များထဲသို့ ပစ်ထည့်လိုက်ကြလေသည်။ တစ်ခဏချင်းမှာပင် အသံများအားလုံး ပျောက်ကွယ်သွား၏။

မိုးကြိုးဂိုဏ်းမှ အကြီးအကဲများအဖွဲ့ကြီးတစ်ခုလုံး အေးခဲသွားပြီး ဂိုဏ်းချုပ် လေ့ချန်ကျွယ်ပင်လျှင် ယုံကြည်နိုင်စရာမရှိအောင် အေးစက်သော လေများကို ရှူသွင်းလိုက်မိလေသည်။

“ထပ်ရှိသေးတာလား…။”

“တကယ်ကြီး ထပ်ရှိသေးတာလား…။”

“နေပါဦး၊ မင်းတို့လူတွေက ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံး ဘယ်လောက်များတောင် ဖော်စပ်ထားကြတာလဲ…။”

“ဂုဏ်သိက္ခာကြီးမားတဲ့ နဝမအဆင့် သူတော်စင်ဆေးလုံးတွေက ဘယ်အချိန်ကစပြီး ဒီလောက် သာမန် ဖြစ်သွားရတာလဲ…။”

အခန်း (၁၁၄) မိုးကြိုးဂိုဏ်း၏ ကာကွယ်ရေးများ ပြိုကျသွားပြီး၊ မင်းတို့ဆီမှာ အဆင့်မြင့် ကောင်းကင်အဆင့် မှော်လက်နက်တွေတောင် ရှိနေသေးတယ်လား

လုံးဝ လူမဆန်သော ချမ်းသာကြွယ်ဝမှုပင်…။

နင်းဖန်နှင့် ကျန်းထန်တို့သည် ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံး သုံးလုံးစီကို သောက်သုံးခဲ့ ကြလေသည်။ ဆေးလုံးများ၏ အကူအညီဖြင့် မိုးကြိုးပင်လယ်၏ တတိယစက်ဝန်းထဲသို့ တန်းတန်း မတ်မတ် ဝင်ရောက်သွားခဲ့ကြလေ၏။

ချက်ချင်းပင် ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းမှ လူတိုင်း အံ့အားသင့်သွားကြလေသည်။

လူတစ်ယောက်ချင်းစီတိုင်းက မျက်လုံးပြူးကာ ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြ ပေသည်။ အကြီးအကဲများက အချင်းချင်း ဆွေးနွေးလိုက်ကြလေသည်။

“နဝမအဆင့် သူတော်စင်ဆေးလုံးဆိုတာ အရမ်းအဖိုးတန်တာလေ၊ သူတို့ဂိုဏ်းက နဝမအဆင့် ဆေးဆရာ ရှောင်ချာတောင် အဲဒီလောက် အများကြီး ဖော်စပ်နိုင်မှာ မဟုတ်ဘူးမလား…။”

“ကမ္ဘာကြီးပေါ်မှာ ဘာတွေဖြစ်နေတာလဲ…။”

“ထိပ်တန်းဂိုဏ်းတစ်ခုနဲ့ ငါတို့လို ပထမတန်းစား အင်အားစုတစ်ခုကြားက အခြေခံအုတ်မြစ် ကွာဟ ချက်က တကယ်ပဲ ဒီလောက်တောင် ကြီးမားနေတာလား…။”

“ဆေးလုံးသုံးလုံးက တတိယစက်ဝန်းရဲ့ နတ်ဘုရားမိုးကြိုးကို ခံနိုင်ရည်ရှိပါ့မလား…။”

“ငါ သေချာတော့မသိဘူး၊ ဒါပေမယ့် သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်တွေမှာ ဘာအထူးအကျိုးကျေးဇူးမှ မရှိဘူး၊ ငါတော့ ခက်ခဲဦးမယ်လို့ ထင်နေတုန်းပဲ”

အကြီးအကဲများမှာ ဆွေးနွေးသံများဖြင့် ဆူညံနေကြလေတော့သည်။

အချို့က ထိုက်ရီအစစ်အမှန်ဂိုဏ်းနှင့် သူတို့ကြားရှိ အခြေခံအုတ်မြစ် ကွာဟချက်ကြောင့် အံ့အားသင့် နေကြ၏။ အချို့ကမူ နဝမအဆင့် သူတော်စင်ဆေးလုံး သုံးလုံးဖြင့် သေမျိုးခန္ဓာကိုယ် ပါရမီရှင်တစ်ဦး က ကောင်းကင်အဆင့် မိုးကြိုးရေကန်၏ တတိယစက်ဝန်းထဲတွင် ခိုင်မာသော ခြေကုပ်တစ်ခု ရနိုင်မည် လားဟု သိချင်နေကြလေသည်။

ဟွာထျန်းကွမ်က အလင်းရောင်ဖန်သားပြင်ပေါ်ရှိ ပုံရိပ်ယောင်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်လေ သည်။

“ဆေးလုံး သုံးလုံး...။”

သူ၏ လက်သီးများကို အစွမ်းကုန် ဆုပ်ထားရာ မှေးမှိန်သော လျှပ်စီးကြောင်းလေးများက ၎င်းတို့ကို ရစ်ပတ်နေလေသည်။ သူ၏ နှလုံးသားထဲရှိ သဝန်တိုမှုက ဤမျှအထိ တစ်ခါမျှ မပြင်းထန်ဖူးချေ။

တစ်ဦးက သေမျိုးခန္ဓာကိုယ်ဖြစ်ပြီး အခြားတစ်ဦးက နေဝင်နေထွက်အသင်္ချေ မူလတာအိုခန္ဓာကိုယ် ဖြစ်လေသည်။ သူတို့က မည်သည့် အခွင့်အရေးဖြင့် ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံး သုံးလုံးကို သောက်သုံးခွင့် ရနေကြသနည်း။ ဤသည်မှာ လုံးဝ အလဟဿ ဖြုန်းတီးခြင်းပင်။

အကယ်၍ ထိုဆေးလုံးသုံးလုံးကို သူ၏ ကောင်းကင်ကိုးထပ် မိုးကြိုးအာဏာရှင် ခန္ဓာကိုယ်အတွက်သာ ပေးခဲ့မည်ဆိုပါက၊ နောက်ဆုံးတွင် မိုးကြိုးရေကန်ထဲ၌ သူ မည်မျှအထိ ရောက်သွားနိုင်မည်ကို စိတ်ကူး ကြည့်ရန်ပင် မဝံ့ရဲတော့ချေ။ သူက အလယ်ဗဟိုချက်သို့ပင် ရောက်ရှိရန် ကြိုးစားနိုင်ကောင်းပါလေ၏။

သူ၏ မျက်လုံးများက အေးစက်စွာ တောက်ပသွားပြီး၊ သူ၏ အတိတ်က ရွေးချယ်မှုအပေါ် ပထမဆုံး အကြိမ် နောင်တရမိကာ တွေးလိုက်လေသည်။

“ငါ အခက်အခဲကြီးစွာ ရှာဖွေခဲ့ရတဲ့ အရာတွေက ထိုက်ရီအစစ်အမှန်ဂိုဏ်းမှာ ဒီလောက်တောင် သာမန် ဖြစ်နေတာပဲ...။ အဲဒီတုန်းက ငါသာ အဲဒီဂိုဏ်းကို ဝင်ခဲ့ရင်...။”

ထိပ်တန်း အင်အားစုတစ်ခု၏ အခြေခံအုတ်မြစ်က ပထမတန်းစား ဂိုဏ်းတစ်ခုထက် ဤမျှလောက် အထိ သာလွန်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ဂိုဏ်းချုပ်က ဟွာထျန်းကွမ်၏ အတွေးများကို မြင်တွေ့သွားသကဲ့သို့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်လေသည်။

“ထျန်းကွမ်၊ ငါ့ရဲ့ ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်း မရှိရင် မင်းက သေမျိုးတိုင်းပြည်တစ်ခုခုက ရေတွင်းထဲက ဖားတစ်ကောင်ပဲ ဖြစ်နေဦးမယ်ဆိုတာ မမေ့နဲ့…။”

“ထပ်ပြောရရင်၊ ထိုက်ရီအစစ်အမှန်ဂိုဏ်းမှာ ဆေးလုံး နည်းနည်းပိုရှိရုံပါ၊ မင်း ရရှိထားတာက ငါတို့ ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးကြီးရဲ့ အမွေအနှစ်တစ်ခုလုံးပဲ။ ဘယ်အရာက ပိုများပြီး ဘယ်အရာက ပိုနည်းလဲဆိုတာ ငါ ထပ်ပြောဖို့ လိုသေးလား…။”

မကျေနပ်မှု အရိပ်အယောင်တစ်ခု ပါဝင်နေသော ဂိုဏ်းချုပ်၏ သတိပေးချက်ကို ကြားလိုက်ရသော အခါ။ ဟွာထျန်းကွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ချက်ချင်းပင် သတိပြန်ဝင်လာကာ သူ၏ နဖူးမှ ချွေးစေးများ စီးကျလာခဲ့လေသည်။

နောက်တစ်စက္ကန့်တွင် သူက မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ပြီး သူ၏ အမှားကို အလျင်အမြန် ဝန်ခံလိုက်လေသည်။

“ဒီတပည့်ရဲ့ တာအိုနှလုံးသားက မခိုင်မာလို့ နှလုံးသားမိစ္ဆာတစ်ခု ဖြစ်လာရတာပါ။ ဒီတပည့်က မိုးကြိုး ဂိုဏ်းကို ဝင်ရောက်ပြီးကတည်းက သေရင်တောင် မိုးကြိုးဂိုဏ်းရဲ့ သရဲတစ္ဆေ ဖြစ်ပါမယ်၊ ကျွန်တော့်မှာ ဒုတိယအတွေး မရှိပါဘူး…။ “

စကားပြောနေစဉ် သူက ဂိုဏ်းချုပ်ကို လုံးဝ မကြည့်ရဲတော့ချေ။ အခြားအကြီးအကဲများက အချင်းချင်း ကြည့်လိုက်ကြပြီး အားလုံးက ဤမြင်ကွင်းကို မမြင်လိုက်သကဲ့သို့ ဟန်ဆောင်နေလိုက်ကြ၏။

မည်သို့ပင်ဆိုစေ မိမိပန်းကန်ထဲမှ စားနေရင်း သူတစ်ပါးပန်းကန်ထဲမှ အရာကို လိုချင်နေခြင်းက အမှန် တကယ်ပင် မသင့်လျော်သော အပြုအမူ ဖြစ်ပေသည်။ ဂိုဏ်းချုပ်က သူ့ကို အဆင့်တစ်ဆင့် ၊ နှစ်ဆင့် လောက် နှိမ့်ချပစ်လိုက်သည်မှာ ထိုက်တန်လှပေသည်။

“မင်း နားလည်ရင် ပြီးတာပါပဲ၊ ထတော့….။” ဟု ဂိုဏ်းချုပ်က တည်ငြိမ်သော အသံဖြင့် ပြောလိုက် လေသည်။

ဟွာထျန်းကွမ်က စိတ်ထဲတွင် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး “ဟုတ်ကဲ့” ဟု ဖြေကြားကာ လိမ္မာရေးခြားရှိစွာ မတ်တတ်ရပ်လိုက်လေသည်။

ဤအချိန်တွင် အသံတစ်သံ ထွက်ပေါ်လာ၏။ ယင်းမှာ နတ်ဘုရားစွမ်းရည်ကို ထိန်းသိမ်းထားသော ဖန်ကျွင်း ဖြစ်လေသည်။

“ထိုက်ရီအစစ်အမှန်ဂိုဏ်းမှာ နတ်ဘုရားအဆင့် ဆေးဆရာတစ်ယောက် ရှိနေတာပဲ၊ သူတို့ဆီမှာ ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးတွေ ပိုရှိနေတာ ပုံမှန်ပါပဲ…။”

၎င်းကိုကြားသောအခါ လူတိုင်း သတိပြန်ဝင်လာကြလေသည်။

မှန်ပေသည်၊ မကြာသေးမီက ထိုက်ရီအစစ်အမှန်ဂိုဏ်းတွင် ဒသမအဆင့် နတ်ဆေးလုံးတစ်လုံး မွေးဖွား လာခဲ့၏။ ဤသည်က အရာအားလုံးကို များစွာ ပိုမို ယုတ္တိတန်သွားစေလေသည်။

ဤအချက်ကို သဘောပေါက်သွားသောအခါ သူတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အားလုံး အတော် လေး စိတ်သက်သာရာရသွားကြတော့၏။

သူတို့နှင့် ထိပ်တန်းအင်အားစုတစ်ခုကြားရှိ အခြေခံအုတ်မြစ် ကွာဟချက်က ကြီးမားလွန်းနေခြင်း မဟုတ်ဘဲ၊ ထိုက်ရီအစစ်အမှန်ဂိုဏ်းက ဤမျိုးဆက်တွင် နတ်ဘုရားအဆင့် ဆေးဆရာတစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ထိုကဲ့သို့သော လူမျိုး ရှိနေသဖြင့်၊ သူတို့၏ ကောင်းကင်ကိုးထပ် မိုးကြိုးဂိုဏ်းသည်သာမက... ၊ အခြားသော ထိပ်တန်း အင်အားစုများပင်လျှင် အဆင့်မြင့် ဆေးလုံးများနှင့် ပတ်သက်လာပါက နှိုင်းယှဉ်၍မရနိုင်ချေ။

“ကြည့်ပါဦး၊ နတ်ဘုရားမိုးကြိုးရဲ့ စွမ်းအားက တတိယစက်ဝန်းရဲ့ အစစ်အမှန် စံနှုန်းအထိ တိုးလာပြီ…။” ဟု ရုတ်တရက် အခြား အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ပုံရိပ်ယောင်ထဲတွင် နင်းဖန်နှင့် ကျန်းထန်တို့မှာ တတိယစက်ဝန်း၏ နေရာသို့ လုံးဝ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး မိုးကြိုးပင်လယ်မှာ သိသိသာသာ အကြမ်းဖက်လာလေသည်။ အရောင်မှာ ခရမ်းရောင်သန်း လာရုံသာမကဘဲ၊ ၎င်း၏ ကြောက်မက်ဖွယ်အဆင့်မှာ အထွတ်အထိပ်အခြေခံအုတ်မြစ် မရှိသော မည်သည့် ပါရမီရှင်ကိုမဆို တစ်ခဏအတွင်း အလွယ်တကူ အငွေ့ပျံသွားစေရန် လုံလောက်နေပေ သည်။

နင်းဖန်က သူ၏ အားကောင်းသော သွေးနှင့် ချီကို အားကိုးကာ လောလောဆယ်တွင် တည်ငြိမ်နေလေ သည်။

သို့ရာတွင် ကျန်းထန်မှာ သိသိသာသာပင် သူမ၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ သူမက မည်သို့ပင်ဆိုစေ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအဆင့်သို့ မကျင့်ကြံရသေးသလို အစစ်အမှန် အထွတ် အထိပ်အခြေခံအုတ်မြစ်ကိုလည်း မပိုင်ဆိုင်ထားချေ။

သူမက နတ်ဘုရားမိုးကြိုးကို ခံနိုင်ရည်ရှိနေခြင်းမှာ ထိုကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံး သုံးလုံး၏ စွမ်းအားကြောင့် လုံးဝ ဖြစ်ပေသည်။ သို့ရာတွင် ယခုအချိန်၌ အာနိသင်က သိသိသာသာ ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။

ဤအချိန်တွင် သူမက စတုတ္ထမြောက် ဆေးလုံးကို သောက်သုံးခဲ့လျှင်တောင်မှ၊ ၎င်းက ပေးစွမ်းနိုင် သော အကူအညီမှာ မပြောပလောက်တော့ချေ။ အကြီးအကဲများက အချင်းချင်း ဆွေးနွေးလိုက်ကြ လေသည်။

“ဒီကောင်မလေးက သူမရဲ့ ကန့်သတ်ချက်ကို ရောက်သွားပြီ…။”

“တကယ်ပဲ၊ သူမသာ သူမရဲ့ လမ်းစဉ်အတိုင်း ဆက်သွားနေမယ်ဆိုရင် ကမ္ဘာဦး လေပြင်း မိုးကြိုးအမြု တေ ဆေးလုံးတွေကတောင် သူမကို ကယ်တင်နိုင်မှာ မဟုတ်ဘူး…။”

“သူမ နောက်မဆုတ်ရင်၊ အသက်ရှူကြိမ် ငါးကြိမ်အတွင်း သေချာပေါက် သေဆုံးရလိမ့်မယ်…။”

“ထိုက်ရီအစစ်အမှန်ဂိုဏ်းရဲ့ အထက်လူကြီးတွေက တကယ်ပဲ ပျောက်ကွယ်သွားတာလား၊ ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာတောင် သူမကို သတိပေးဖို့ စကားမပြောကြသေးဘူး…။ “

ထိုနေရာရှိ မိုးကြိုးဂိုဏ်းမှ အကြီးအကဲများမှာ သူတို့၏ ဘဝတစ်သက်တာလုံး မိုးကြိုးများနှင့် အလုပ် လုပ်ခဲ့ကြသူများ ဖြစ်ပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျန်းထန်၏ အခြေအနေကို သူတို့ မြင်နိုင် ကြ၏။ သူမက အသက်ရှူကြိမ် ငါးကြိမ်အတွင်း တတိယစက်ဝန်း၏ နတ်ဘုရားမိုးကြိုးအောက်တွင် သေဆုံးသွားမည်ဟု သူတို့ ပို၍ပင် သေချာနေကြလေသည်။

အသက်ရှူကြိမ် ငါးကြိမ်ဆိုသော အချိန်က မည်မျှ တိုတောင်းသနည်း။ စကားပြောနေစဉ်မှာပင် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်၏။ သို့ရာတွင် ပုံရိပ်ယောင်ထဲရှိ ကျန်းထန်မှာ နောက်လှည့်မည့် ရည်ရွယ်ချက်ကို မပြသသေးချေ။

မိုးကြိုးဂိုဏ်းမှ လူတိုင်းက ဤအမျိုးသမီးတပည့်၏ သေဆုံးမည့် မြင်ကွင်းကို ကြိုတင်မြင်ထားပြီး ဖြစ်သည့်အလား ခေါင်းကို ဆက်တိုက် ခါယမ်းနေကြတော့၏။

သို့ရာတွင် ဤအချိန်၌….၊

နင်းဖန်က တစ်ခုခုပြောလိုက်ပုံရပြီး၊ ထို့နောက် ကျန်းထန်က သူမ၏ လက်ဖဝါးကို လှန်လိုက်လေသည်။ ထီးပုံစံ မှော်လက်နက်တစ်ခုက သူမ၏ ရင်ခွင်ထဲမှ ပျံထွက်လာပြီး၊ စဉ်ဆက်မပြတ် လည်ပတ်ကာ မြင့်တက်လာလေသည်။ နောက်ဆုံးတွင် သူမ၏ ဦးခေါင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ပိုပိုကြီး မားလာတော့၏။

“ဝုန်း... “

နတ်ဘုရားမိုးကြိုးများအားလုံး ကျဆင်းလာပြီး၊ လျင်မြန်စွာ လည်ပတ်နေသော ထီးမျက်နှာပြင်ကို ပစ်ခတ်လိုက်သော်ငြား၊ ၎င်းက မည်သည့် ပျက်စီးမှုကိုမျှ မဖြစ်စေခဲ့ချေ။ လမ်းလွှဲခံလိုက်ရသော မိုးကြိုးစွမ်းအားများက ထီးကိုယ်ထည်တစ်လျှောက် စီးဆင်းသွားပြီး နောက်ဆုံးတွင် လက်ကိုင်မှ တစ်ဆင့် သိမ်မွေ့သော လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ အောက်ဘက်ရှိ ကျန်းထန်ထံသို့ ဝင်ရောက်သွားလေသည်။

သူမက ဤလျှပ်စီးကြောင်းကို သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကလီစာငါးခုကို သန့်စင်ရန် ချက်ချင်း လမ်းညွှန်လိုက်၏။ သူမ၏ နှလုံး၊ အသည်း၊ ဘေလုံး၊ အဆုတ်နှင့် ကျောက်ကပ်တို့မှာ ကောင်းကင် တာအို၏ မိုးကြိုးအလင်းတန်းဖြင့် နှစ်ခြင်းခံလိုက်ရလေသည်။ သူမ၏ သည်းခြေအိတ်၊ အစာအိမ်၊ အူမကြီးနှင့် အူသိမ်၊ ဆီးအိမ်နှင့် ခန္ဓာကိုယ်အတွင်းရှိ အပူထုတ်လွှတ်ပေးသော အင်္ဂါသုံးခုတို့မှာလည်း အားကောင်းလာခဲ့လေ၏။

သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးနှင့် ချီများလည်း လှုပ်ရှားလာပြီး၊ သူမ၏ ရုပ်ခန္ဓာကိုယ် ခွန်အားက အနည်းငယ် တိုးလာလေသည်။

လျှပ်စီးများအောက်တွင် ကျန်းထန်၏ မျက်လုံးများက တင်းကျပ်စွာ မှိတ်ထားပြီး သူမ၏ သိမ်မွေ့လှပ သော မျက်နှာက အနည်းငယ် မော့နေလေသည်။ လျှပ်စီးများကို အမိန့်ပေးနေသော နတ်ဘုရားမ တစ်ပါးနှင့် တူနေပေသည်။

သစ်တောပင်လယ်ကြီးအထက်တွင် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်လေသည်။ လူတိုင်း လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက်မှသာ အသံများ တစ်ခု ပြီးတစ်ခု ထွက်ပေါ်လာတော့သည်။ အကြီးအကဲများက အချင်းချင်း ဆွေးနွေးလိုက်ကြလေသည်။

“ဒါ... ဘာတွေဖြစ်နေတာလဲ…။”

“သူတို့ဆီမှာ မှော်လက်နက်တွေတောင် ရှိနေသေးတာလား…။”

“ပြီးတော့ အဆင့်မြင့် ကောင်းကင်အဆင့်မှာ ရှိနေတာပဲ။ ပုံစံကို ကြည့်ရတာ ဂိုဏ်းမှတ်တမ်းတွေမှာ ဖော်ပြထားတဲ့ မိုးကြိုးရေကန်အတွက် သီးသန့် မှော်လက်နက်ဖြစ်တဲ့ ရွှမ်ထင်ထီးနဲ့ မတူဘူးလား…။”

“ရှုး... တကယ်ပဲ အဲဒီလို ဖြစ်နေပုံရတယ်…။”

“ဒါပေမယ့် ဒီထီးရဲ့ ပုံကြမ်းက ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား၊ ထိုက်ရီအစစ်အမှန်ဂိုဏ်းက ဒါကို ဘယ်လိုများ ဖန်တီးခဲ့တာလဲ…။”

“ပထမက ကမ္ဘာဦး လေပြင်း မိုးကြိုးအမြုတေ ဆေးလုံးတွေ၊ အခုက ရွှမ်ထင်ထီး..။ ထိုက်ရီအစစ်အမှန် ဂိုဏ်းက တခြားသူတွေကို အသက်ရှင်ဖို့ အခွင့်အရေးတောင် ပေးဦးမှာလား…။”

“စီနီယာနဲ့ ဂျူနီယာအစ်ကိုတို့၊ ကျွန်တော် သိပ်နေလို့မကောင်းတော့ဘူး...။”

ရွှမ်ထင်ထီးက တဖြည်းဖြည်း ပွင့်လာသည်နှင့်အမျှ မိုးကြိုးဂိုဏ်းမှ လူတိုင်း လုံးဝ ဆွံ့အသွားကြ လေ သည်။ သူတို့၏ ရှေ့မှောက်တွင် မြင်တွေ့နေရသမျှ အရာအားလုံးက ထင်ယောင်ထင်မှားတစ်ခုသာ ဖြစ်ပါစေဟု သူတို့ အလွန်အမင်း ဆန္ဒရှိနေကြ၏။

သို့ရာတွင် လက်တွေ့တရားက သူတို့၏ မျက်စိရှေ့တွင် အလွန် ပီပြင်စွာ ထင်ဟပ်နေလေသည်။ မိုးကြိုး တာအိုကို အထူးပြုသော ဂိုဏ်းတစ်ခုပင် လက်လှမ်းမမီနိုင်သည့် နတ်ဘုရားအဆင့် ရတနာအမျိုးမျိုး က...၊ ထိုက်ရီအစစ်အမှန်ဂိုဏ်းတွင် လက်ကားဝယ်ထားသကဲ့သို့ ပေါ်လာနေပေသည်ပင်။

နဝမအဆင့် သူတော်စင်ဆေးလုံးများမှသည် ကောင်းကင်အဆင့် မှော်လက်နက်များအထိ၊ သူတို့၏ နည်းလမ်းများရှိ လွန်ကဲသော ဖြုန်းတီးမှုက လူတစ်ယောက်ကို စိတ်ပျက်အားငယ်စေရန် လုံလောက် နေပေတော့သည်။

All Chapters