အခန်း (၄၉၃-၄၉၅)
Vol. 33 Ch. 493-495
အခန်း (၄၉၃) - အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၊ အာရုံလှည့်စားမှုပင်လယ်၏ အပျက်အစီးများ (အပိုင်း - ၄)
ကျန်းမန်ယောင်မှာမူ အနည်းငယ် ပို၍ အေးစက်တည်ငြိမ်ပြီး အထီးကျန်ဆန်သော အသွင်ရှိကာ နှုတ်ဆိတ်နေသည်။
'ဟွန်း... စကားတွေ များနေလိုက်ကြတာ။ ငါကတော့ ငြိမ်ငြိမ်လေးပဲ နေတာ အကောင်းဆုံးပဲ'
စုယွီသည် ကျန်းမန်သဲ့အား အကဲခတ်လိုက်ပြီး စူးစမ်းလိုစိတ် အနည်းငယ်ဖြင့် ခပ်တိုးတိုး မေးမြန်းလိုက်၏။
“ဂျူနီယာ ညီမလေး မန်သဲ့... ငါ့ဆရာနဲ့ အကြီးအကဲ ခြောက်မြီး မြေခွေး က အရင်ကတည်းက သိခဲ့ကြတဲ့ လူဟောင်းတွေလား”
'သေချာတယ်... ဒီအဘိုးကြီးနဲ့ ဟိုအဒေါ်ကြီး ကြားမှာ ငြိစွန်းခဲ့တဲ့ ဇာတ်လမ်းဟောင်းတွေ ရှိရမယ်။ ငါတော့ အနံ့ရနေပြီ'
ကျန်းမန်သဲ့နှင့် ကျန်းမန်ယောင်တို့ ညီအစ်မ နှစ်ဦးစလုံး၏ ခြေလှမ်းများ ရုတ်တရက် တုံ့ဆိုင်းသွားပြီး သူတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားကြသည်။
“အဲ...”
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ကျန်းမန်သဲ့က နောက်ဆုံးတွင် လေသံတိုးတိုးဖြင့် ပြောပြလာ၏။
“ကျွန်မ ကြားဖူးတာတော့လေ... သေချာတော့ မသိဘူးပေါ့နော်... ဆရာမ က ငယ်ငယ်တုန်းက စီနီယာ ထျန်းယွီ ရဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံတာကို ခံခဲ့ရတယ် တဲ့... ဒါပေမဲ့ နောက်ပိုင်းကျတော့ ဘာအကြောင်းကြောင့်မှန်း မသိဘဲ စီနီယာ ထျန်းယွီ က တစ်ခဏလောက် ပျောက်သွားခဲ့တယ်... သူ ပြန်ပေါ်လာတဲ့ အချိန်ကျတော့ အင်မော်တယ် ဂိုဏ်း ကနေ အပြင်ကို သိပ်မထွက်တော့ဘူး လို့ ကြားဖူးတယ်”
'ဒါတွေက လူကြီးတွေရဲ့ ကိစ္စလေ... ငါတို့က ကြားဖူးရုံ သက်သက်ပါ... တော်ကြာ အဖမ်းခံနေရဦးမယ်'
“ဆရာမ က မန္တန်တွေ လေ့ကျင့်တဲ့ အခါတိုင်း စီနီယာကြီး ကို ပစ်မှတ်ထားပြီး လေ့ကျင့်လေ့ ရှိတယ်လေ... အဟမ်း... ဆရာမ က အာရုံလှည့်စားမှု နည်းစနစ်တွေမှာ ဆရာတစ်ဆူ ဆိုတော့ အဲဒီလို စိတ်ကူးယဉ် ပစ်မှတ်တွေ ဖန်တီးတာက ပုံမှန်ပါပဲရှင်”
စုယွီသည် ကျန်းမန်သဲ့နှင့် ကျန်းမန်ယောင်တို့အား စပ်စုချင်စိတ်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။
“ဒါဆို ဂျူနီယာ ညီမလေး တို့ နှစ်ယောက်စလုံးကလည်း အာရုံလှည့်စားမှု နည်းစနစ်တွေကိုပဲ လေ့လာနေကြတာပေါ့... အာရုံလှည့်စားမှု နည်းစနစ် နဲ့ အာရုံလှည့်စားမှု အခင်းအကျင်း ကြားက ကွာခြားချက်က ဘာများလဲ”
ဤတစ်ကြိမ်တွင်မူ အမြဲတမ်း နှုတ်ဆိတ်နေတတ်သော ကျန်းမန်ယောင်က ဝင်ရောက် ဖြေကြားလာသည်။
“သေချာပေါက် ကွာခြားတာပေါ့ အစ်ကို စု ရဲ့... အာရုံလှည့်စားမှု နည်းစနစ်တွေက လွတ်လပ်ပြီး စိတ်ကြိုက် လှုပ်ရှားလို့ ရတယ်... အာရုံလှည့်စားမှု အခင်းအကျင်းတွေ ကတော့ ကိုယ်လိုသလို ထိန်းချုပ်လို့ မရဘူးလေ... အဲဒါက တော်တော်လေး ကြီးမားတဲ့ ကွာခြားချက်ပဲ”
'ဒီလောက်လေးတောင် နားမလည်ဘူးလား... ရုပ်လေးချောသလောက် တုံးလိုက်တာ'
“အော်၊ ငါလည်း အာရုံလှည့်စားမှု အခင်းအကျင်း တွေနဲ့ အာရုံလှည့်စားမှု ကမ္ဘာ ရဲ့ စွမ်းအားတွေကို အတော်လေး နားလည် သဘောပေါက်ထားပါတယ်... ညီမလေး တို့ နှစ်ယောက်စလုံးက အာရုံလှည့်စားမှု နည်းစနစ် တွေမှာ ကျွမ်းကျင်တယ် ဆိုတော့... အားတဲ့အခါ အကြံဉာဏ်လေး ဘာလေး တောင်းရဦးမယ်”
သူတို့ အဖွဲ့သည် လမ်းမကြီး အတိုင်း လျှောက်လှမ်းလာခဲ့ကြပြီး သိပ်မကြာမီမှာပင် ကြီးမား ခမ်းနားလှသော ကုန်သွယ်ရေး အဆောက်အအုံကြီး တစ်ခု၏ အဝင်ဝသို့ ရောက်ရှိလာခဲ့ကြ၏။ ကျန်းမန်သဲ့နှင့် ကျန်းမန်ယောင်တို့ ညီအစ်မ နှစ်ဦးက ဦးဆောင်၍ အဆောက်အအုံ အတွင်းသို့ ဝင်ရောက်သွားကြသည်။
ဤ ကုန်သွယ်ရေး အဆောက်အအုံကြီးသည် အလွန်တရာ ကျယ်ဝန်းလှပါ၏။ ပထမထပ်တွင် ဆေးလုံးများ၊ ဝိညာဉ် ဆေးပင်များ၊ အဆောင်လက်ဖွဲ့များ၊ အခင်းအကျင်းများ၊ မှော်လက်နက်များနှင့် ကျင့်စဉ်များ စသည့် ပစ္စည်း အမျိုးအစား အစုံအလင်ကို သီးသန့် ဌာနများ ခွဲခြား၍ ခင်းကျင်း ပြသထားသည်။
ထို့အပြင် ဖောက်သည် အများအပြား ဝင်ထွက် သွားလာနေသော လူစည်ကားလှသည့် နေရာတစ်ခုလည်း ရှိသေး၏။ ၎င်းမှာ ရှေးဟောင်း အပျက်အစီး ရတနာ ဌာန ပင် ဖြစ်သည်။ နေရာအနှံ့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် စုယွီ၏ အကြည့်များမှာ ရှေးဟောင်း အပျက်အစီး ရတနာ ဌာန ဆီသို့ ကျရောက်သွား၏။
“ငါတို့ ဟိုဘက်ကို သွားကြည့်ရအောင်”
ကျန်းမန်သဲ့က နူးညံ့သော လေသံလေးဖြင့် ခေါင်းညိတ် သဘောတူလိုက်၏။
“ဟုတ်ကဲ့ပါ.. အစ်ကို စု”
သူတို့ အဖွဲ့သည် ရှေးဟောင်း အပျက်အစီး ရတနာ ဌာန အတွင်းသို့ ဝင်ရောက်သွားကြသည်။ ထိုနေရာရှိ ဖန်တုံးများ အတွင်းတွင် ရှေးဟောင်း အပျက်အစီးများထံမှ ရရှိခဲ့သော ရတနာ ပစ္စည်း မျိုးစုံကို ခင်းကျင်း ပြသထားသည်။
ထိုအထဲတွင် ရှေးဟောင်း မှော်လက်နက် အဆောင်လက်ဖွဲ့များ နှင့် ကျောက်စိမ်း သေတ္တာများ အတွင်း၌ ထည့်သွင်းထားသော ရှေးဟောင်း ပစ္စည်းများလည်း ပါဝင်၏။
စုယွီနှင့် အဖွဲ့သည် ပြခန်း တစ်လျှောက် လျှောက်ကြည့်ခဲ့ကြသော်လည်း ထူးထူးခြားခြား ဆွဲဆောင်မှု ရှိသော အရာကို မတွေ့ခဲ့ရချေ။ စုယွီ လှည့်ထွက်ရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ အကြည့်များသည် အမျိုးသမီး တစ်ဦး ကိုင်ဆောင်ထားသော ရွှံ့ရုပ်တုလေး တစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။
ထို ရွှံ့ရုပ်တုလေးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် စုယွီ၏ ရင်ထဲတွင် လှုပ်ခါသွားပြီး သူ၏ သူငယ်အိမ်များမှာ အနည်းငယ် ကျုံ့ဝင်သွား၏။
‘'အလို.. ဒါက... ငါ ရှာနေတဲ့ အရာကြီးပဲ'
ခေတ္တအကြာတွင် ထို အမျိုးသမီးက ရွှံ့ရုပ်တုလေးကို ပြန်ချထားလိုက်ပြီး အရောင်းဝန်ထမ်းအား ခေါင်းကို ညင်သာစွာ ခါယမ်းပြလိုက်သည်။
“ဒီအထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် တစ်ခုရဲ့ အမွေအနှစ် ပါနေတာ မှန်ပေမဲ့... မပြည့်စုံဘူး ဖြစ်နေတယ်... အလကား နေရင်း ဒုက္ခများတာပဲ အဖတ်တင်မယ်... အလယ်အလတ်တန်းစား ဝိညာဉ် ကျောက်တုံး ရှစ်ရာ ပေးရလောက်တဲ့ အထိ မတန်ပါဘူးရှင်”
ထိုသို့ ပြောပြီးနောက် ဈေးဝယ် အမျိုးသမီးမှာ အခြား နေရာများသို့ လှည့်လည် ကြည့်ရှုရန် ထွက်ခွာသွားတော့သည်။
ဆိုင်ဝန်ထမ်းက ရွှံ့ရုပ်တုလေးကို ပြန်လည် သိမ်းဆည်းရန် ပြင်လိုက်စဉ်မှာပင် စုယွီသည် လျင်မြန်စွာ ရှေ့သို့ တိုးသွားပြီး ၎င်းကို လှမ်းယူလိုက်၏။ ထို့နောက် သူ၏ နတ်ဘုရား အာရုံ ပို့လွှတ်၍ သေချာစွာ စစ်ဆေး ကြည့်ရှုလိုက်ရာ သူ၏ ရင်တွင်း၌ လှိုင်းလုံးကြီးများအလား ဝမ်းသာ ပီတိများ ဖုံးလွှမ်းသွားတော့သည်။
၎င်းမှာ အမှန်တကယ်ပင် ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ၏ အလယ်ပိုင်း မှတ်တမ်း ပင် ဖြစ်၏။
'ဟားဟားဟား... ကံကောင်းလိုက်တာ... ဒီလောက် အဖိုးတန်တဲ့ ဟာကြီးကို ရှစ်ရာတည်းနဲ့ မတန်ဘူး ဆိုပြီး ထားသွားတယ်ပေါ့လေ... ငါ့အတွက်တော့ ရွှေတွင်းကြီးပဲ'
စုယွီသည် မျက်မှောင်ကို အနည်းငယ် ကြုံ့လိုက်ပြီး ဆိုင်ဝန်ထမ်းအား ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
“ဒီပစ္စည်းက ဘယ်လောက်လဲ”
ဆိုင်ဝန်ထမ်းက ကပျာကယာ ပြန်ဖြေလိုက်သည်။
“အလယ်အလတ်တန်းစား ဝိညာဉ် ကျောက်တုံး ရှစ်ရာ ပါ သခင်လေး... ဒါက ရှေးဟောင်း အပျက်အစီး တစ်ခုကနေ ရလာတဲ့ ကျင့်စဉ် တစ်ခုပါ... တကယ်လို့များ အထက်ပိုင်း မှော်မှတ်တမ်း ကိုသာ ထပ်ရခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ ကံထူးပြီပဲလေ... လေလံပွဲမှာ တင်ရောင်းရင်တောင် အလယ်အလတ်တန်းစား ဝိညာဉ် ကျောက်တုံး ထောင်ဂဏန်း ကနေ သောင်းဂဏန်း အထိတောင် ရနိုင်တယ် ဗျ”
စုယွီသည် ခေတ္တမျှ စဉ်းစားဟန် ပြုလိုက်ပြီးနောက် အံကြိတ်ကာ ဆုံးဖြတ်လိုက်၏။
“ကောင်းပြီလေ... ငါ ယူလိုက်မယ်”
အလယ်အလတ်တန်းစား ဝိညာဉ် ကျောက်တုံးများကို လက်ခံ ရရှိသွားသောအခါ ဆိုင်ဝန်ထမ်း၏ မျက်နှာမှာ အလွန်တရာ ရွှင်လန်းသွားရသည်။ ရှေးဟောင်း အစွမ်းထက် ကျင့်စဉ် တစ်ခုကို ရရှိသွားသည့် အတွက် စုယွီအား ဝမ်းပန်းတသာ ဂုဏ်ပြု စကားများ ပြောဆိုတော့၏။
'ဟဲဟဲ... ဒီလို အသုံးမကျတဲ့ အပိုင်းအစလေး ကိုတောင် ဝယ်မယ့် အရူး ရှိသေးတာပဲ... ဒီနေ့တော့ ပွပြီဟေ့'
ထိုနေရာမှ ထွက်ခွာလာပြီးနောက် လော့ချန်ယွီသည် ခပ်ဟဟ ရယ်လိုက်ပြီး စုယွီထံသို့ စိတ်အာရုံဖြင့် သတင်းစကား ပေးပို့လိုက်၏။
“ခုနက ရွှံ့ရုပ်တုလေးက... မြေကမ္ဘာတောင်တန်း အင်မော်တယ် မြို့တော် ရဲ့ လေလံပွဲ တုန်းက နင် ဝယ်ခဲ့တဲ့ ဟာလေးနဲ့ ဆင်မနေဘူးလား... အဲဒါက နောက်ဆက်တွဲ ကျင့်စဉ် များလား”
စုယွီ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး စိတ်အာရုံဖြင့်ပင် ပြန်လည် ဖြေကြားလိုက်၏။
“အစ်မ.. အထင် မှန်တယ်... အဲဒါက တကယ်ပဲ နောက်ဆက်တွဲ ကျင့်စဉ် ပဲ”
“ပြီးတော့ ဒီ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ရဲ့ အာနိသင် က တကယ်ကို အံ့မခန်းပဲ ဟ... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် အတွက် ဝိညာဉ်အရည် တွေ အများကြီး လိုအပ်တယ် ဆိုပေမဲ့လည်း... ဒါက ရှေးဟောင်း ကောင်းကင် အင်မော်တယ် နန်းတော် က စစ်မှန်တဲ့ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် တစ်ခုပဲ”
“ကျွန်တော်တို့ ပြန်ရောက်သွားရင် ဒီအမွေအနှစ် ကို ခင်ဗျားကို သင်ပေးမယ်... ပြီးရင် ဘယ်လို ကျင့်ကြံရမလဲ ဆိုတာကိုပါ ကျွန်တော် လမ်းညွှန်ပေးမယ်”
လော့ချန်ယွီသည် ခေတ္တမျှ တွေဝေသွားပြီး စုယွီအား မသေချာ မရေရာသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
“ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ဟုတ်လား... ဘေးထွက် ဆိုးကျိုးတွေ ဘာတွေရော ရှိလား... ဥပမာ ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန် ပြောင်းသွားတာတို့... ရုပ်ဆိုး သွားတာတို့ များ ဖြစ်သွားမလား”
'ငါက ဒီလောက် လှနေတာကို... ကြွက်သားတွေ အမြှောင်းမြှောင်း ထွက်လာပြီး ရုပ်ဆိုးကြီး ဖြစ်သွားရင်တော့ ဒုက္ခပဲ'
စုယွီသည် လော့ချန်ယွီ၏ ရင်သပ်ရှုမောဖွယ် ကောင်းလှသော မျက်နှာလေးကို ခိုးကြည့်လိုက်ပြီး နောက်ပြောင်သော လေသံဖြင့် ဆိုလိုက်၏။
“ခင်ဗျား ရုပ်ဆိုး သွားတယ် ဆိုရင်တောင်မှ... ဘယ်လောက် အထိ ဆိုးသွားနိုင်မှာမို့လို့လဲ... စိတ်မပူပါနဲ့ဗျာ”
'ဒီလောက် လှတဲ့ ကောင်မလေး က ရုပ်ဆိုးသွားစရာ အကြောင်းကို မရှိပါဘူးကွာ'
ကုန်သွယ်ရေး အဆောက်အအုံ ၏ အခြားသော နေရာများကို လှည့်လည် ကြည့်ရှုပြီးနောက်တွင်တော့၊ စုယွီသည် အာရုံလှည့်စားမှု နည်းစနစ် အချို့ကို သဘောကျသွားသဖြင့် အလယ်အလတ်တန်းစား ဝိညာဉ် ကျောက်တုံး တစ်ထောင် နီးပါးခန့် အကုန်ခံကာ ဝယ်ယူလိုက်၏။
ယခင်က သူသည် အာရုံလှည့်စားမှု နည်းစနစ် များကို တစ်ကြိမ်တစ်ခါမျှ မလေ့ကျင့်ခဲ့ဖူးချေ။
သို့သော်ငြားလည်း၊
အာရုံလှည့်စားမှု နည်းစနစ် များနှင့် ပတ်သက်၍မူ၊ စုယွီမှာ အတော်လေး နားလည် သဘောပေါက်ထားပြီး ဖြစ်၏။
လရောင်ကြေးမုံ အဆောင်လက်ဖွဲ့ မှာ ဟင်းလင်းပြင် စွမ်းအား နှင့် အာရုံလှည့်စားမှု ကမ္ဘာ ၏ စွမ်းအား နှစ်ခုကို ပေါင်းစပ်ထားခြင်း ပင် ဖြစ်၏။ စုယွီ အနေဖြင့် ဟင်းလင်းပြင် စွမ်းအားကို နားလည် သဘောပေါက်ထားသည့်နှယ်၊ အာရုံလှည့်စားမှု စွမ်းအား၏ လျှို့ဝှက်ချက်များကိုလည်း အတော်လေး ရိပ်မိ နားလည်နေခဲ့ပြီ ဖြစ်၏။
မကြာသေးမီက အန်းချန်ရုံ နှင့် သူ၏ အဖွဲ့ကို ရင်ဆိုင်စဉ်က အသုံးပြုခဲ့သော အာရုံလှည့်စားမှု မျိုးပင် ဖြစ်၏။ ထို အာရုံလှည့်စားမှုမှာ စစ်မှန်သော အာရုံလှည့်စားမှု စွမ်းအား သက်သက်သာပင်။
ထို အလွန် တိုက်ရိုက်ကျသော အာရုံလှည့်စားမှု စွမ်းအားဖြင့်၊ သူသည် အန်းချန်ရုံ နှင့် အခြားသူများကို အာရုံလှည့်စားမှု ကမ္ဘာ အတွင်းသို့ ဖိအားပေး ဆွဲသွင်းနိုင်ခဲ့ခြင်း ဖြစ်၏။
ယခုအခါ အာရုံလှည့်စားမှု နည်းစနစ် များ ရှိနေသည်ကို မြင်တွေ့လိုက်ရသောအခါ၊ စုယွီ ၏ စိတ်ထဲတွင် သူ၏ အားနည်းချက်ကို ဖြည့်ဆည်းရန် အလိုအလျောက် တွေးမိသွားသည်။ ဤ အာရုံလှည့်စားမှု နည်းစနစ် များဖြင့် ဆိုလျှင်၊ သူ၏ အာရုံလှည့်စားမှု စွမ်းအားများကို အမြင့်ဆုံး အတိုင်းအတာ အထိ အပြည့်အဝ ဖော်ထုတ်နိုင်မည်မှာ သေချာလှ၏။
ကုန်သွယ်ရေး အဆောက်အအုံကြီး အတွင်းမှ ထွက်ခွာလာပြီးနောက်၊ ကျန်းမန်သဲ့ က စုယွီ ဘက်သို့ မေးလိုက်သည်။
“အစ်ကို စု... နောက်ထပ် ဘယ်ကို ဆက်သွားချင်သေးလဲ ဟင်”
စုယွီသည် ခေတ္တလှည့်ကာမျှ စဉ်းစား တွေးတောလိုက်ပြီးနောက် မေးလိုက်၏။
“အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် မှာ သိုင်းကျမ်း မျှော်စင် များ ရှိလား”
ကျန်းမန်သဲ့ စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါ တစ်ခုသည် စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများ အပေါ်သို့ ရုတ်တရက် သက်ဆင်းလာလေရာ၊ သူတို့ အားလုံး မျက်မှောင်ကြုံ့သွားကြပြီး လမ်း၏ ဘယ်ဘက်ခြမ်းသို့ ပြိုင်တူ လှည့် ကြည့်လိုက်ကြသည်။
မလှမ်းမကမ်း နေရာမှ အင်မော်တယ် ဂိုဏ်း ဝတ်စုံ တစ်မျိုးတည်းကို ဆင်မြန်းထားသော လူတစ်စုသည် သူတို့ဆီသို့ ဦးတည် လျှောက်လှမ်းလာနေကြ၏။ ထိုလူများ၏ အကြည့်များသည် လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့ အပေါ်တွင် ဝေ့ဝဲ သွားပြီးနောက်၊ အချိန် အနည်းငယ် အကြာတွင်တော့ စုယွီ တို့ အဖွဲ့၏ အနီးသို့ ရောက်ရှိလာကြတော့သည်။
'ဟိုက်... ပြဿနာ လာရှာတဲ့ ကောင်တွေ ထင်တယ်... ငါတို့ ကောင်မလေးတွေက ချောလွန်းနေတော့လည်း ခက်သားပဲ... ကြည့်ရတာ ဒီကောင်တွေက အသေကို ရှာနေကြတာပဲ’
အခန်း (၄၉၄) - အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၊ အာရုံလှည့်စားမှုပင်လယ်၏ အပျက်အစီးများ (အပိုင်း - ၅)
ရှေ့ဆုံးမှ ဦးဆောင်လာသူသည် အနက်ရောင် တာအိုဝတ်ရုံကို ဆင်မြန်းထားသည်။ သူ၏ ဆံပင်များကို ကျောက်စိမ်း သရဖူလေးဖြင့် သပ်ရပ်စွာ စည်းနှောင်ထားကာ၊ ခါးတွင်မူ ထိပ်တန်း အဆင့် အလှဆင် ဓားပျံ တစ်လက်ကို ချိတ်ဆွဲထားသည်။ သူ၏ မျက်နှာသွင်ပြင်မှာ ကြည့်ကောင်းပြီး နာမည်ကြီး မိသားစု တစ်ခုမှ ထွက်ပေါ်လာသော သခင်လေး တစ်ယောက်နှင့် တူလှ၏။
ထိုလူသည် စုယွီ နှင့် အဖွဲ့အနီးသို့ ရောက်ရှိလာသောအခါ၊ စုယွီ နှင့် လီချင်းနျို တို့အား လုံးဝ အဖက်မလုပ်ဘဲ၊ လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့အား စူးစိုက်ကြည့်ကာ ရိသဲ့သဲ့ ပြုံးလိုက်၏။
“ဟက်... မင်းတို့ မြေကမ္ဘာအင်မော်တယ်နန်းတော် က အခုတလော တော်တော်လေး အာဏာပြချင်နေတယ် လို့ ကြားတယ်... ကိစ္စ အသေးအမွှားလေး တစ်ခု အတွက်နဲ့တောင် စစ်ပွဲကြီး တစ်ခု ဖန်တီးပြီး၊ စိမ်းပြာငရဲ အင်မော်တယ် နန်းတော် ကို အကြီးအကျယ် ထိခိုက်နစ်နာအောင် လုပ်ခဲ့တယ် ဆို”
“ငါ စဉ်းစားနေတာ... တကယ်လို့များ မင်းတို့ မြေကမ္ဘာအင်မော်တယ်နန်းတော် က ငါတို့ ယွီလုံ နန်းတော် နဲ့ ယှဉ်ပြိုင်ရမယ် ဆိုရင်ရော... အဲဒီလောက် အာဏာပြ ရဲပါဦးမလား လို့ပါ”
ယွီလုံ နန်းတော် မှ တပည့်များ ပါလား။
စုယွီ၊ လီချင်းနျို နှင့် လော့ချန်ယွီ တို့၏ မျက်မှောင်များမှာ တပြိုင်နက်တည်း ကြုံ့ဝင်သွားကြသည်။ ယခင်က တာအိုဆရာ ရှိုးယွီ ထံမှ တာ့ချန် ကျင့်ကြံခြင်း လောက ၏ ဗဟိုဒေသ နှင့် ပတ်သက်သော သတင်းအချက်အလက် များကို ရရှိခဲ့စဉ်ကတည်းက၊ စုယွီ သည် ထို ဂိုဏ်း အင်အားစု အကြောင်းကို သိရှိထားခဲ့ပြီး ဖြစ်၏။
၎င်းမှာ ခွန်းလုံ နယ်မြေ ရှိ ယွီလုံ နန်းတော် ပင် ဖြစ်၏။
တာ့ချန် ကျင့်ကြံခြင်း လောက ၏ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး (၁၀) ဂိုဏ်း အနက်မှ တစ်ခု ဖြစ်ပြီး၊ မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ တောင်ဘက်တွင် ၎င်းတို့ နှစ်ခုကြား.. အလွန် ကျယ်ဝန်းလှသော နယ်နိမိတ်ချင်း ထိစပ်နေသည်။
နယ်စပ် ဒေသများတွင် ထိုအင်အားစုကြီး နှစ်ခုမှ ကျင့်ကြံသူများ အချင်းချင်း ရန်ငြိုးထားခြင်း၊ ကတောက်ကဆများ ဖြစ်ပေါ်ခြင်း ဆိုသည်မှာ အဆန်းတကြယ် မဟုတ်တော့ချေ။
အခြေခံအားဖြင့် ဆိုရလျှင်၊ ရက်အနည်းငယ် ကြာတိုင်း ပွတ်တိုက်မှု အသေးစားလေးများ ဖြစ်ပေါ်တတ်၏။ နှစ်အနည်းငယ် ကြာတိုင်း တိုက်ပွဲကြီးများ ဖြစ်ပွားလေ့ ရှိကာ၊ ထိုကိစ္စများမှာ တစ်ကြိမ်တစ်ခါမျှ ရပ်တန့်မသွားခဲ့ချေ။
ယခု သူတို့၏ ရှေ့မှောက်ရှိ ယွီလုံ နန်းတော် မှ တပည့်များမှာလည်း ပြဿနာ လာရှာခြင်း ဖြစ်ကြောင်း အထင်းသား ပေါ်လွင်နေ၏။
'ဒီကောင်တွေတော့ အသေကို လာရှာနေကြပြီ... ငါ့ရှေ့မှာ လာပြီး ဟန်ရေးပြနေတယ်ပေါ့... စောင့်ကြည့်နေလိုက်'
မကောင်းဆိုးဝါး အငွေ့အသက်များ ပြည့်နှက်နေသော ယွီလုံ နန်းတော် မှ တပည့်များ၏ မျက်လုံး အကြည့်များကို စုယွီ အကဲခတ်ကြည့်လိုက်ရာ၊ သူတို့သည် လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့အား ရမ္မက်ဆန်သော အကြည့်များဖြင့် စူးစိုက် ကြည့်နေကြသည်ကို မြင်လိုက်ရသဖြင့်၊ သူ၏ မျက်နှာမှာ ချက်ချင်းပင် အေးစက် တင်းမာသွားပြီး သူမတို့၏ ရှေ့သို့ ဝင်ရောက် ကာကွယ်လိုက်၏။
ထို ယွီလုံ နန်းတော် မှ တပည့်များ၏ အရှိန်အဝါမှာ အလွန် အားကောင်းလှ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ရွှေအမြုတေ အဆင့် (၉) သို့ ရောက်ရှိနေပုံ ရပြီး၊ သူ၏ နောက်မှ လူသုံးဦး အနက် တစ်ဦးမှာ ရွှေအမြုတေ အဆင့် (၇) တွင် ရှိကာ၊ ကျန် နှစ်ဦးမှာ ရွှေအမြုတေ အလယ်အလတ် အဆင့်တွင် ရှိကြသည်။
ဘယ်လိုပဲ တွက်ကြည့်တွက်ကြည့်၊ ရွှေအမြုတေ အဆင့် (၄) တွင်သာ ရှိသေးသော စုယွီ၊ ရွှေအမြုတေ အဆင့် (၇) တွင် ရှိသော လော့ချန်ယွီ၊ ရွှေအမြုတေ အဆင့် (၇) တွင် ရှိသော လီချင်းနျို နှင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် (၃) တွင်သာ ရှိသေးသော ကျန်း ညီအစ်မ နှစ်ဦး တို့ ပါဝင်သည့် သူတို့ အဖွဲ့ထက် များစွာ အင်အား သာလွန်နေသည်မှာ အသေအချာပင် ဖြစ်၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် စုယွီ ၏ မျက်ဝန်းများမှာ အေးစက်သွားပြီး၊ သူတို့အား စူးစိုက်ကြည့်ကာ လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
“မင်းတို့ ပါးစပ်တွေက တော်တော် ကြီးတာပဲ... ဒါပေမဲ့ ငါတို့ မြေကမ္ဘာအင်မော်တယ်နန်းတော် ရဲ့ နယ်မြေထဲမှာတော့ မင်းတို့ အဲဒီလို လာပြီး ရမ်းကားရဲတာကို တစ်ခါမှ မတွေ့ဖူးဘူး”
“လမ်းဖယ်စမ်း”
ယွီလုံ နန်းတော် မှ တပည့်များ၏ မျက်နှာများမှာ တင်းမာသွားပြီး သူတို့၏ အရှိန်အဝါများ စတင် စုစည်းလာစဉ်မှာပင်၊ ရုတ်တရက် သူတို့၏ မျက်နှာ အမူအရာများမှာ အေးခဲသွားကြသည်။
အဘယ်ကြောင့်ဆိုသော် စုယွီ ၏ လက်ထဲတွင် အဆောင်လက်ဖွဲ့ အထပ်လိုက်ကြီး တစ်ခု ထွက်ပေါ်လာသောကြောင့်ပင် ဖြစ်၏။ ၎င်းတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါများ အရ၊ ထိုအရာများမှာ အစွမ်းထက်လှသော တတိယအဆင့် အဆင့်မြင့် တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့များ ဖြစ်ကြောင်း ထင်ရှားလှ၏။
'ဟက်... မင်းတို့က အင်အားများတာကို အားကိုးပြီး လာရမ်းချင်တာ မဟုတ်လား... ငါ့ဆီမှာက ပိုက်ဆံတွေ အများကြီး ရှိတယ်ကွ... ဒီအဆောင်လက်ဖွဲ့ တွေနဲ့ ပစ်ပေါက်လိုက်ရင် မင်းတို့ အကုန်လုံး အရိုးတောင် ရှာတွေ့မှာ မဟုတ်ဘူး'
ယွီလုံ နန်းတော် မှ တပည့်များမှာ ခေတ္တမျှ တွေဝေသွားပြီးနောက်၊ ဘေးသို့ အသာ ဖယ်ပေးလိုက်ကြရသည်။
စုယွီ သည် လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် အခြားသူများကို ခေါ်ဆောင်ကာ ထိုတပည့်များ၏ ဘေးမှ ဖြတ်လျှောက်သွားခဲ့၏။ ခဏအကြာတွင်တော့ သူတို့ အဖွဲ့သည် ယွီလုံ နန်းတော် မှ တပည့်များ၏ အမြင်အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ထိုလူများ၏ မျက်ဝန်းများမှာ အနည်းငယ် အုံ့မှိုင်းသွားပြီး၊ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
“အပြင်ပန်း ပစ္စည်းတွေကိုပဲ အားကိုးတတ်တဲ့ အသုံးမကျတဲ့ ကောင်တွေ”
'အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် မှာ လွတ်လွတ်လပ်လပ် တိုက်ခိုက်ခွင့် မရှိလို့သာပေါ့... မဟုတ်ရင်တော့ အဲဒီ ရွှေအမြုတေ အဆင့် (၄) လောက်ပဲ ရှိတဲ့ အမှိုက်ကောင် ကို သေချာပေါက် ပညာပေးလိုက်ဦးမယ်'
ရွှေအမြုတေ အဆင့် (၇) ရှိသော တပည့်က တီးတိုး ရေရွတ်လိုက်သည်။
“စီနီယာ အစ်ကိုကြီး... ကြည့်ရတာ မြေကမ္ဘာအင်မော်တယ်နန်းတော် က လူတွေလည်း အာရုံလှည့်စားမှု ရွှံ့ညွန်တော အပျက်အစီး ထဲကို ဝင်ကြမယ့် ပုံပဲ... အဲဒီကျရင်တော့ သူတို့နဲ့ အေးအေးဆေးဆေး ‘စကားပြော’ ဖို့ အခွင့်အရေး ရလောက်ပါတယ်”
သူ၏ ညီငယ်ထံမှ အဓိပ္ပာယ်ပါသော အပြုံးကို မြင်လိုက်ရသောအခါ ဦးဆောင်သူ၏ မျက်ဝန်းများမှာ မှေးစင်းသွား၏။
“ငါတို့ အရင် သွားကြည့်ကြတာပေါ့... ‘စကားပြော’ ဖို့ ကိစ္စကတော့ အပျက်အစီး ထဲ ရောက်မှပဲ ဆက်ပြောကြတာပေါ့ကွာ”
ယွီလုံ နန်းတော် မှ တပည့်များသည်လည်း ကုန်သွယ်ရေး အဆောက်အအုံကြီး အတွင်းသို့ ဝင်ရောက်ကာ လှည့်လည် ကြည့်ရှုကြတော့သည်။
စုယွီ သည် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် တွင် ကောင်းကင်သိုင်းကျမ်း မျှော်စင် ရှိကြောင်း ကျန်းမန်သဲ့ ထံမှ သိရှိလိုက်ရပြီးနောက်၊ သူတို့ကို ထိုနေရာသို့ ခေါ်ဆောင်သွားခဲ့၏။ သို့သော်လည်း သူ၏ အမှတ်အသား တံဆိပ်ပြား ပါမလာခဲ့သဖြင့်၊ သူ၏ ကိုယ်ပိုင် အမည်ကိုတော့ ထုတ်မပြောချေ။
သူတို့သည် ကောင်းကင်သိုင်းကျမ်း မျှော်စင် တွင် တစ်နေကုန် စာဖတ်ပြီးမှသာ အင်မော်တယ် နန်းတော် ၏ အခြေစိုက် စခန်းသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
ညအမှောင်ထုသည် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာခဲ့ပြီး တိတ်ဆိတ် ငြိမ်သက်မှုများ လွှမ်းမိုးနေ၏။
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ၏ ကောင်းကင်ယံတွင် မှေးမှိန်သော ကြယ်ရောင်လေးများသာ ခြံဝင်း အတွင်းသို့ ကျရောက်နေသည်။
စုယွီ နှင့် လော့ချန်ယွီ တို့သည် အခန်း အတွင်းသို့ ဝင်ရောက်သွားကြပြီးနောက်၊ စုယွီ သည် ယနေ့ ဝယ်ယူလာခဲ့သော ရွှံ့ရုပ်တုလေးကို ထုတ်ယူလိုက်၏။
ထို့နောက် ၎င်းအတွင်း၌ ပါဝင်သော ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ၏ အလယ်ပိုင်း မှတ်တမ်းကို ထုတ်ယူလိုက်ပြီး၊ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ၏ မှတ်တမ်းများကို ထိုအထဲသို့ ကူးပြောင်း ထည့်သွင်းလိုက်သည်။
ထိုညတွင်ပင် စုယွီ သည် သူ နားလည် သဘောပေါက်ထားသော ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ၏ ပထမ သုံးဆင့်နှင့် ပတ်သက်သော အသိအမြင် အချို့ကို လော့ချန်ယွီ ထံသို့ လက်ဆင့်ကမ်း သင်ကြားပေးခဲ့ပြီး၊ မည်သို့ ကျင့်ကြံရမည် ဆိုသည်ကိုပါ လမ်းညွှန် ပြသပေးခဲ့၏။
လော့ချန်ယွီ သည် ရှေးဟောင်း ဓားတာအို ပညာရပ်ကို လေ့ကျင့်ထားသူ ဖြစ်သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ သိပ်ပြီး အားနည်းလှသည်တော့ မဟုတ်ချေ။
ထို့ကြောင့် လော့ချန်ယွီ ၏ ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် လေ့ကျင့်မှု တိုးတက်နှုန်းမှာ မနှေးကွေးလှပေ။ စုယွီ ထောက်ပံ့ပေးထားသော အဆင့်မြင့် ပထမအဆင့် ဝိညာဉ်အရည် များ အမြောက်အမြား ၏ အကူအညီဖြင့်၊ သူမ၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် မှာ သိပ်မကြာမီ အချိန်အတွင်းမှာပင် အောင်မြင်စွာ စတင်နိုင်ခဲ့၏။
စုယွီ ကမူ သူ ဝယ်ယူလာခဲ့သော အာရုံလှည့်စားမှု နည်းစနစ် အချို့ကို ထုတ်ယူကာ၊ သူမ၏ ဘေးတွင် ထိုင်လျက် တိတ်ဆိတ်စွာ လေ့လာ ကျင့်ကြံနေခဲ့၏။
'ဒီအာရုံလှည့်စားမှု နည်းစနစ် တွေကိုသာ သေချာ ပိုင်နိုင်သွားရင်တော့... ငါ့ရဲ့ အာရုံလှည့်စားမှု စွမ်းအား တွေက ပိုပြီးတော့တောင် ကြောက်စရာ ကောင်းလာဦးမှာပဲ'
ထိုနောက်ပိုင်း ကာလများတွင် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် အတွင်း၌ အင်အားစု မျိုးစုံမှ လူများကို တွေ့မြင်လာရသည်။ ယွီလုံ နန်းတော် နှင့် အင်မော်တယ် တစ်သောင်း နန်းတော် အပါအဝင် အခြားသော ထိပ်သီး ဂိုဏ်း ကိုးခု မှ တပည့်များ သာမက၊ ထို အဓိက ဂိုဏ်း ကိုးခု ၏ လက်အောက်ခံ မျိုးနွယ်စုများ နှင့် ကျင့်ကြံသူ မိသားစု များမှ လူများလည်း ပါဝင်သည်။
ထိုအင်အားစုများ၏ ခွန်အားနှင့် ဩဇာအာဏာ မှာ ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး (၁၀) ဂိုဏ်း လောက် မကြီးမားသော်ငြားလည်း၊ တာ့ယွဲ့ နန်းတော် ထက် အင်အား ကြီးမားသော အင်အားစုများ အများအပြား ရှိနေ၏။
အချို့သော အင်အားစုများမှာ ထိပ်သီး ဂိုဏ်းကြီးများ ပြီးလျှင် ဒုတိယ အင်အား အကြီးဆုံးသော အဖွဲ့အစည်းများပင် ဖြစ်ကြသည်။
ထိုအဖွဲ့အစည်းများသည် ဂိုဏ်းကြီးများ အတွက်ပင် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်ပြီး၊ အလွယ်တကူ သွားရောက် ရန်စ၍ မရနိုင်သော အင်အားစုများ ဖြစ်ကြ၏။
ဤအင်အားစုများ အားလုံးသည် အချင်းချင်း သင့်မြတ်နေကြသည်တော့ မဟုတ်ချေ။ ယွီလုံ နန်းတော် နှင့် မြေကမ္ဘာအင်မော်တယ်နန်းတော် တို့ကဲ့သို့ ရန်ငြိုး ရှိနေသော အဖွဲ့အစည်းများလည်း အများအပြား ရှိနေသဖြင့်၊ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ၏ လေထုမှာ အနည်းငယ် တင်းမာနေခဲ့၏။
ကံကောင်းစွာဖြင့် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ကိုယ်တိုင်ကလည်း အားနည်းသော အင်အားစု တစ်ခု မဟုတ်ပေ။ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သော ၎င်း၏ ကြားနေ အဆင့်အတန်းနှင့် လူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နေသော စည်းမျဉ်းစည်းကမ်း များက၊ ဤအင်အားစုများကို ထိန်းချုပ်ထားနိုင်ပြီး မြို့တော် အတွင်း၌ ဆူပူ အုံကြွမှုများ မဖြစ်ပေါ်လာစေရန် တားဆီးထားနိုင်ခဲ့၏။
တစ်လခန့် ကြာမြင့်ပြီးနောက်၊
အင်အားစုများ အားလုံးသည် အချင်းချင်း သဘောတူညီချက် တစ်ခု ရရှိသွားကြသည့်အလား၊ နံနက်စောစော အချိန်လေး အတွင်းမှာပင် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် မှ တပြိုင်နက်တည်း ထွက်ခွာသွားကြသည်။ ဧရာမ ယာဉ်ပျံကြီးများ နှင့် အစွမ်းထက်လှသော ပျံသန်းနိုင်သည့် မိစ္ဆာသားရဲကြီးများ အားလုံးသည် အာရုံလှည့်စားမှု ရွှံ့ညွန်တော အပျက်အစီးများ ရှိရာ အရပ်ဆီသို့ ဦးတည် သွားရောက်ကြတော့၏။
ထိုအခိုက်အတန့်တွင် တာအိုဆရာ ထျန်းယွီ၊ စုယွီ နှင့် လော့ချန်ယွီ တို့သည် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ၏ ယာဉ်ပျံပေါ်တွင် လိုက်ပါလျက်၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ၏ တပည့် သုံးဦးနှင့်အတူ အာရုံလှည့်စားမှု ရွှံ့ညွန်တော အပျက်အစီးများ ဆီသို့ ဦးတည် ပျံသန်းနေကြသည်။
စုယွီဧ။ စိတ်တွင်း ကြုံးဝါးနေမိ၏။
'ကဲ... လာပြီဟေ့... အပျက်အစီး နေရာကို ရောက်တော့မယ်... ငါ့ရဲ့ အာရုံလှည့်စားမှု နည်းစနစ် တွေကို စမ်းသပ်ဖို့ အခွင့်အရေး ရပြီပေါ့’
အခန်း (၄၉၅) - အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၊ အာရုံလှည့်စားမှုပင်လယ်၏ အပျက်အစီးများ (အပိုင်း - ၆)
လီချင်းနျို မှာမူ သူတို့၏ အခြေစိုက် စခန်းကို စောင့်ကြပ်ရန်အတွက် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် တွင်သာ ကျန်ရစ်ခဲ့သည်။
ယာဉ်ပျံ အတွင်း၌၊
အရှင်သခင်ကြီး ခြောက်မြီး မြေခွေး သည် သူမ၏ ညို့ယူဖမ်းစားနိုင်သော မျက်ဝန်းများဖြင့် စုယွီ အား တစ်ချက် ကြည့်လိုက်ပြီးနောက်၊ မလှမ်းမကမ်းတွင် ရှိနေသော တာအိုဆရာ ထျန်းယွီ ဘက်သို့ လှည့်ကာ မေးလိုက်၏။
“ရှင် ရဲ့ တပည့်က ရွှေအမြုတေ အဆင့် (၄) ကို ရောက်နေတာ အနှစ် (၂၀) ကျော်နေပြီ မဟုတ်လား... ဘယ်လိုလုပ် အခုထိ အဲဒီ အဆင့်မှာပဲ ရပ်နေရတာလဲ”
တာအိုဆရာ ထျန်းယွီ သည် မျက်နှာ အမူအရာ အနည်းငယ်မျှပင် မပျက်ယွင်းဘဲ ခပ်ဖွဖွ ပြုံးနေသော စုယွီ အား တစ်ချက် လှမ်းကြည့်လိုက်ပြီး ဖြေလိုက်၏။
“အော်... သူက ဒီကာလ အတွင်းမှာ အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ကို လေ့ကျင့်နေလို့ အချိန် နည်းနည်း ကြန့်ကြာသွားတာ နေမှာပါ”
အရှင်သခင်ကြီး ခြောက်မြီး မြေခွေး မှာ အနည်းငယ် အံ့အားသင့်သွားပုံ ရပြီး မေးလိုက်ပြန်၏။
“သူက အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ကို အောင်မြင်သွားပြီလား... ဒါဆို အခု သူ့ရဲ့ ရွှေအမြုတေ က ဘယ်နှစ်ကြိမ်မြောက် အသွင်ပြောင်းလဲခြင်း အဆင့် ကို ရောက်နေပြီလဲ”
တာအိုဆရာ ထျန်းယွီ သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။
“ငါလည်း မမေးကြည့်ရသေးပါဘူး”
အရှင်သခင်ကြီး ခြောက်မြီး မြေခွေး သည် နှုတ်ခမ်းကို တစ်ချက် စူလိုက်ပြီး သူ့အား မျက်စောင်းထိုးကာ ညည်းတွားလိုက်၏။
“တကယ် အသိဉာဏ် မရှိတဲ့ လူကြီး... ကိုယ့်တပည့် အကြောင်းတောင် ကိုယ် ဂရုမစိုက်ဘူး”
ထို့နောက် သူမသည် စုယွီ ဘက်သို့ လှည့်ကာ ရင်းနှီး ဖော်ရွေသော အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
“ယွီ လေး... မင်းက အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ကို အောင်မြင်သွားပြီ ဆို... ကျင့်ကြံနေတုန်း အခက်အခဲတွေ ဘာတွေရော ကြုံရသေးလား”
စုယွီ က ရိုသေစွာဖြင့် ပြန်လည် ဖြေကြားလိုက်၏။
“အကြီးအကဲ ရဲ့ ဂရုစိုက်မှု အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ... အမှန်တိုင်း ပြောရရင် ကျွန်တော် အတော်လေး အဆင်ပြေပါတယ်... ဆရာ က ကျွန်တော့်ကို အများကြီး သင်ပေးထားတော့... အဲဒါက ကျွန်တော့် အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်”
အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ၏ မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ်များ တောက်ပလာပြီး ထပ်မံ မေးလိုက်၏။
“ဒါဆို... အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ ကို ကျင့်ကြံပြီးတော့ မင်း ဘာတွေများ အကျိုးအမြတ် ရခဲ့လဲ”
လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့ သုံးဦးစလုံး သည်လည်း စုယွီ အား စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြသည်။
စုယွီ သည် ခပ်ဟဟ တစ်ချက် ချောင်းဆိုးလိုက်ပြီးနောက်၊ မပြောချင် ပြောချင်ဖြင့် ခေါင်းညိတ်ကာ ဖြေလိုက်၏။
“အကျိုးအမြတ် အများကြီး ရခဲ့ပါတယ် ခင်ဗျာ... အခုဆိုရင် ကျွန်တော်က (၂) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ အဆင့် ကို ရောက်နေပါပြီ”
(၂) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ လား။
ကျန်းမန်သဲ့ နှင့် အနည်းငယ် မာနကြီးသော ကျန်းမန်ယောင် တို့ ညီအစ်မ နှစ်ဦးစလုံးမှာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိကြသည်။ စုယွီ အပေါ် ထားရှိသော သူတို့၏ အကြည့်များမှာလည်း ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ ထို ညီအစ်မ နှစ်ဦးစလုံးမှာ ပါရမီရှင်များ ဖြစ်ကြသော်လည်း၊ အချိန် အတော်ကြာ ကြိုးစား အားထုတ်ခဲ့ရသည့်တိုင် ရွှေအမြုတေ အဆင့်သို့ မရောက်ရှိသေးဘဲ၊ သူတို့၏ စစ်မှန်သော အမြုတေ ကိုသာ ခိုင်မာအောင် လုပ်ဆောင်နိုင်သေးသည် မဟုတ်ပါလော။
ယခု စုယွီ သည် (၂) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ ကို ပိုင်ဆိုင်ထားရုံသာမက၊ ကောလာဟလများ အရ အလွန် ခက်ခဲလှသည် ဆိုသော ရွှေအမြုတေ ၏ တာအို နိယာမ ကိုပါ ကျွမ်းကျင်စွာ တတ်မြောက်ထားသည်ဟု ကြားလိုက်ရသောအခါ၊ စုယွီ၏ အသက်မှာ (၁၀၀) ကျော်မျှသာ ရှိသေးသည်ကို ထည့်သွင်း စဉ်းစားလိုက်မည် ဆိုပါက၊ သူ၏ အနာဂတ် တိုးတက်နိုင်စွမ်းမှာ ကြိုတင် မှန်းဆ၍ပင် မရနိုင်လောက်အောင် ကြီးမားလှ၏။
အကယ်၍များ သူသည် (၄) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ ကိုသာ ရရှိသွားခဲ့မည် ဆိုပါက...
ထိုအကြောင်းကို တွေးတောမိလိုက်သောအခါ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့ ညီအစ်မ နှစ်ဦးစလုံးမှာ စုယွီ အား ပိုမို ရိုသေ လေးစားကာ အားကျသော အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။
'ဟယ်... တကယ့် ပါရမီရှင် ကြီးပဲ... ရုပ်လေး ချောရုံတင် မကဘူး... အရည်အချင်း ကလည်း ထိပ်တန်းပဲ'
အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ၏ မျက်ဝန်းများမှာလည်း အနည်းငယ် တောက်ပသွားပြီး၊ စုယွီ အား ပိုမို ကျေနပ် အားရသော အကြည့်ဖြင့် ကြည့်ကာ ခေါင်းညိတ်လိုက်၏။
“ကောင်းတယ်... ကောင်းတယ်... ဒါပေမဲ့ (၂) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ ဆိုတာက မလုံလောက်သေးဘူးကွ... (၄) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ ကို ရအောင် ယူနိုင်ရင်တော့ အကောင်းဆုံးပဲ”
“ဒါနဲ့... ဒီတစ်ခါ ခရီးစဉ် ပြီးသွားရင်... မင်း အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော် ကို မကြာခဏ လာလည်လှည့်ပါဦး... အဲဒီအခါကျရင် မန်သဲ့ နဲ့ မန်ယောင် တို့ကို မင်းကို သေချာ ပြုစု ဂရုစိုက်ပေးဖို့ ငါ အပ်ထားလိုက်မယ်”
လော့ချန်ယွီ ၏ အကြည့်များမှာ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့ အပေါ်သို့ အလိုအလျောက် ကျရောက်သွားပြီး၊ သူမ၏ မျက်နှာပေါ်တွင် အဓိပ္ပာယ် မဲ့သော 'အပြုံး' တစ်ခု ပေါ်ထွက်လာသည်။
'အဟက်... ဒီအဒေါ်ကြီးကတော့လေ... သူ့တပည့်မ တွေကို ဈေးကွက်တင် ရောင်းနေတာလား... ငါ ရှိနေတာကိုတောင် အားမနာဘူး'
အချိန်ကာလ သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် (၁၀) ရက် ကြာမြင့်သွားခဲ့တော့၏။
သူတို့ အဖွဲ့သည် ကျယ်ဝန်းလှသော နယ်မြေ အများအပြားကို ဖြတ်သန်း ခရီးနှင်ခဲ့ကြပြီးနောက်၊ အမည်းရောင် သန်းနေသော အဆိပ်ငွေ့များ အထပ်ထပ် ဖုံးလွှမ်းနေသည့် အာရုံလှည့်စားမှု ရွှံ့ညွန်တော ပင်လယ်ကြီး အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားကြသည်။ သူတို့နှင့်အတူ အခြားသော အင်အားစုများမှ ယာဉ်ပျံများ နှင့် ပျံသန်းနိုင်သော မိစ္ဆာသားရဲကြီးများလည်း ပါဝင်သည်။
ယာဉ်ပျံ သည် အာရုံလှည့်စားမှု ရွှံ့ညွန်တော အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်မှာပင်၊ လောကကြီး တစ်ခုလုံးမှာ ရုတ်တရက် မှောင်မိုက်သွားတော့၏။ ယာဉ်ပျံ၏ အပြင်ဘက်ရှိ မြင်ကွင်းမှာ လုံးဝနီးပါး ပျောက်ကွယ်သွားပြီး၊ ထူထပ်လှသော အဆိပ်ငွေ့ကြီးများက လောက တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထို့အပြင် ဤနေရာ တစ်ဝိုက်တွင် ပျံ့လွင့်နေသော ထူးခြား ကြမ်းတမ်းသည့် မကောင်းဆိုးဝါး အငွေ့အသက် များလည်း ပါဝင်နေသည်။
ကံကောင်းစွာဖြင့် ယာဉ်ပျံ၏ ကာကွယ်ရေး အခင်းအကျင်း နှင့် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ၏ အာရုံလှည့်စားမှု စွမ်းအားများကို ဖယ်ရှားပေးနိုင်စွမ်း တို့ကြောင့် ယာဉ်ပျံ အတွင်းရှိ လူများအပေါ် မည်သို့မျှ မသက်ရောက်ခဲ့ချေ။
အာရုံလှည့်စားမှု ရွှံ့ညွန်တော ၏ အနက်ရှိုင်းဆုံး နေရာများသို့ ချဉ်းကပ်လာသည်နှင့်အမျှ၊ ရွှံ့ညွန်တော အတွင်းရှိ မိစ္ဆာသားရဲများ က အင်အားစု အသီးသီးမှ ကျင့်ကြံသူများကို ရံဖန်ရံခါ ဝင်ရောက် တိုက်ခိုက်နေကြသည်ကို သူတို့ အာရုံခံ သိရှိနိုင်၏။
သို့သော်လည်း ထို အာရုံလှည့်စားမှု မိစ္ဆာသားရဲများမှာ သိပ်ပြီး အစွမ်းမထက်လှသဖြင့်၊ သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု တစ်ခုတော့ မဖြစ်ခဲ့ချေ။
အာရုံလှည့်စားမှု ရွှံ့ညွန်တော အတွင်း၌ နေထိုင်ကြသော မိစ္ဆာ မျိုးနွယ်စု မှ အာရုံလှည့်စားမှု မိစ္ဆာသားရဲ အချို့ ရှိနေသော်လည်း၊ အင်အားစု အသီးသီးက ရွှံ့ညွန်တော ၏ အနက်ပိုင်းသို့ ထိုးဖောက် ဝင်ရောက်လာချိန်တွင်မူ မည်သည့် မိစ္ဆာသားရဲ ကမျှ ကိုယ်ထင်မပြ မရဲကြချေ။
(၅) ရက် ကြာမြင့်ပြီးနောက်၊ ကျွန်း တစ်ကျွန်း အလား ရေပြင်ထက်သို့ ငေါထွက်နေသော ကုန်းမြေ တစ်ခုသည် သူတို့ အားလုံး၏ ရှေ့မှောက်တွင် ထွက်ပေါ်လာတော့သည်။
အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ၏ ယာဉ်ပျံ သည် အခြားသော အင်အားစုများ၏ ယာဉ်ပျံများနှင့် အတူ၊ ထို ရွှံ့ညွန်တော အတွင်းရှိ ငေါထွက်နေသော ကုန်းမြေ ပေါ်သို့ ဆင်းသက်လာခဲ့၏။
သူတို့ အားလုံး သတ်မှတ်ထားသော နယ်နိမိတ်မျဉ်း တစ်ခုကို ဖြတ်ကျော်လိုက်သည့် အခိုက်အတန့်မှာပင်၊ သူတို့ ရှေ့မှောက်ရှိ မြင်ကွင်းမှာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ ယခင်က မှောင်မိုက်နေခဲ့သော အာရုံလှည့်စားမှု ရွှံ့ညွန်တော ၏ ပတ်ဝန်းကျင်မှာ ရုတ်တရက် လင်းထိန်သွား၏။
လယွဲ့ မဟာမိတ် အဖွဲ့ ၏ လျှို့ဝှက် နယ်မြေ ထက်ပင် မနိမ့်ကျသော သဘာဝ ဝိညာဉ် စွမ်းအင် လှိုင်းလုံးကြီး တစ်ခုသည် သူတို့၏ မျက်နှာပေါ်သို့ ဖြတ်သန်း တိုက်ခိုက်သွား၏။
သူတို့ အားလုံး၏ မျက်စိရှေ့တွင် တောင်တန်းကြီး တစ်ခု ထွက်ပေါ်လာပြီး၊ ထို တောင်တန်းများ ကြားတွင်မူ တစ်ချိန်က ကြီးကျယ် ခမ်းနားခဲ့သော ကောင်းကင် အင်မော်တယ် နန်းတော် နှင့် ဂူစံအိမ်ကြီးများ ၏ အကြွင်းအကျန် အပျက်အစီး များကို ရေးတေးတေး မြင်တွေ့နေရသည်။
အရှင်သခင်ကြီး ခြောက်မြီး မြေခွေး သည် ရှေ့ရှိ အပျက်အစီး များကို ကြည့်လိုက်ပြီး၊ အခြားသော အင်အားစုများမှ ကျင့်ကြံသူများနှင့် ခပ်ခွာခွာ နေကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“ဒီ ကောင်းကင် အင်မော်တယ် နန်းတော် က ကျန်ရစ်ခဲ့တဲ့ အပျက်အစီး နေရာကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကတည်းက ရှာတွေ့ခဲ့တာ... ဒီနေရာမှာ ကျန်နေခဲ့တဲ့ အခင်းအကျင်း တွေရဲ့ စွမ်းအားက သိပ်ပြီး မတည်ငြိမ်ဘူး... လအနည်းငယ် ကြာတိုင်း တစ်ခါ စွမ်းအားတွေ အားနည်းသွားတတ်တယ်... အဲဒီလို အားနည်းသွားတဲ့ အချိန်မှာ မမျှော်လင့်ဘဲ ရှာတွေ့သွားခဲ့တာပဲ”
“အခုက ဒီအပျက်အစီး နေရာ ထဲက အာရုံလှည့်စားမှု အခင်းအကျင်း ရဲ့ စွမ်းအားတွေ အားနည်းနေတဲ့ အချိန်ပဲ... ဒါပေမဲ့ အဲဒီ အချိန်က တစ်လ ဒါမှမဟုတ် နှစ်လ လောက်ပဲ ကြာနိုင်တယ်... အခင်းအကျင်း ရဲ့ စွမ်းအားတွေ ပြန်ပြီး အားကောင်းလာပြီ ဆိုရင်တော့... ကျုပ်တောင် ဒီနေရာမှာ ဆက်မနေရဲဘူး”
ခေတ္တမျှ စောင့်ကြည့် လေ့လာပြီးနောက် တာအိုဆရာ ထျန်းယွီ က လေသံတိုးတိုးဖြင့် တိုက်တွန်းလိုက်ငည်။
“သွားကြစို့... အရင်ဆုံး သွားကြည့်ကြတာပေါ့”
စုယွီ နှင့် လော့ချန်ယွီ တို့မှာမူ ပေါ့ပေါ့ပါးပါးပင် ရှိနေကြသည်။ သူတို့ နှစ်ဦးသည် ယခုတစ်ကြိမ် အပျက်အစီး နေရာသို့ လာရောက်ခဲ့ခြင်းမှာ တာအိုဆရာ ထျန်းယွီ ၏ နောက်သို့ လိုက်ပါကာ အတွေ့အကြုံ ရယူရန် သက်သက်သာ ဖြစ်ပြီး၊ အခြားသော ရည်ရွယ်ချက်များ မရှိကြချေ။
တာအိုဆရာ ထျန်းယွီ နှင့် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး တို့တွင် အခြားသော အကြံအစည်များ ရှိမရှိ ဆိုသည်ကိုမူ သူတို့ နှစ်ဦးစလုံး ရေရေရာရာ မသိရှိကြချေ။
မည်သို့ပင် ဖြစ်စေ၊ အန္တရာယ်မှာ အလွန်အမင်း ကြီးမားမည် မဟုတ်ဟု သူတို့ ယုံကြည်ထားကြ၏။ တာအိုဆရာ ထျန်းယွီ ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်မှာ မမြင့်မားသော်ငြားလည်း၊ သူ၏ အခြေခံ အုတ်မြစ်များမှာ တည်ရှိနေဆဲ ဖြစ်သည် မဟုတ်ပါလော။ အဆင့်မြင့် စတုတ္ထအဆင့် ဆေးဆရာ၊ အခင်းအကျင်း ပညာရှင်၊ မှော်လက်နက် သွန်းလုပ်သူ နှင့် သားရဲ ထိန်းချုပ်သူ တစ်ဦး ဖြစ်သော သူ့အား... သာမန် မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဝိညာဉ်ခွဲဖြာ အဆင့် တိုက်ကွက်မျိုး မပါဝင်ဘဲ လွယ်လွယ်ကူကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
တာအိုဆရာ ထျန်းယွီ ၏ ဦးဆောင်မှု အောက်တွင်၊ စုယွီ နှင့် အခြားသူများသည် တောင်ထွတ် တစ်ခုဆီသို့ ဦးတည် သွားရောက်ကြသည်။ အခြားသော အင်အားစုများမှ လူများမှာလည်း လူစုခွဲကာ အပျက်အစီး နေရာ အနှံ့သို့ စူးစမ်း ရှာဖွေရန် ထွက်ခွာသွားကြတော့၏။
ရှေ့သို့ ဆက်လက် သွားနေစဉ်၊ စုယွီ သည် ရှေ့ရှိ အပျက်အစီး များကို ကြည့်ကာ တာအိုဆရာ ထျန်းယွီ အား လေသံတိုးတိုးဖြင့် မေးလိုက်၏။
“ဆရာ... ဒီနေရာမှာ ကျွန်တော်တို့ မျှော်လင့်ထားသလို တန်ဖိုးကြီး ရတနာ တစ်ခုခုများ ရှိနိုင်မလား ဟင်”
တာအိုဆရာ ထျန်းယွီ စကားမပြန်ရသေးမီ၊ အရှင်သခင်ကြီး ခြောက်မြီး မြေခွေး က ဝင်ရောက် ပြောဆိုလိုက်၏။
“ဒီအပျက်အစီး နေရာကနေ ရှေးဟောင်း သိုင်းကျမ်း တွေ အများကြီး ထွက်ပေါ်လာတယ်လို့ ကောလာဟလတွေ ထွက်နေတယ်... မှတ်တမ်းတွေ အရ ဆိုရင်တော့... ရှေးဟောင်းခေတ် တုန်းက ‘ကောင်းကင် ရွှင်ချဉ် ဝိညာဉ် အရည်’ လို့ ခေါ်တဲ့ ရတနာ တစ်ခု ရှိခဲ့ဖူးတယ် တဲ့”
သူမသည် တာအိုဆရာ ထျန်းယွီ ကို တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြောလာသည်။
“ဒီ ကောင်းကင် ရွှင်ချဉ် ဝိညာဉ် အရည် က ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲ ပေးနိုင်ပြီး ဝိညာဉ်ကိုလည်း ပြန်လည် ကုစားပေးနိုင်တယ် လို့ ဆိုတယ်... တကယ်လို့ ငါတို့သာ အဲဒီ အရည် နည်းနည်းပါးပါး ရခဲ့မယ် ဆိုရင်... မင်း ဆရာ ရဲ့ ကျင့်ကြံခြင်း အဆင့်ကို နည်းနည်းလောက် ပြန်ပြီး ကုစားပေးနိုင်လိမ့်မယ်”
'ဪ... ဒါကြောင့်ကိုး... ဒီအဒေါ်ကြီးက ဆရာ့ကို တော်တော် ဂရုစိုက်တာပဲ... ကြည့်ရတာ သူတို့ နှစ်ယောက် ကြားက ပတ်သက်မှုက သာမန် မဟုတ်ဘူး'
တာအိုဆရာ ထျန်းယွီ သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။
“ငါတို့က ဒီတစ်ခါ ဂိုဏ်း က တာဝန် တစ်ခုကို ယူလာခဲ့တာလေ... ဒီနေရာမှာ ကောင်းကင် အင်မော်တယ် နန်းတော် က ကျန်ရစ်ခဲ့တဲ့ ပဉ္စမအဆင့် ရတနာ ဖြစ်တဲ့ ‘အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး’ ဆိုတာ ရှိနိုင်တယ် တဲ့”
“တကယ်လို့ ငါတို့သာ အဲဒီ အာရုံလှည့်စားမှု နှလုံးသား ကျောက်တုံး ကို ရခဲ့မယ် ဆိုရင်... ဂိုဏ်းထဲက နှလုံးသား စစ်ဆေးရေး ခန်းမဆောင် ရဲ့ နှလုံးသား သန့်စင်ခြင်း တာအို လမ်းစဉ် စွမ်းအား တွေက ပိုပြီး အားကောင်းလာမှာ... အဲဒါက ဂိုဏ်း ရဲ့ အခြေခံ အုတ်မြစ် တွေကို ပိုပြီး ခိုင်မာအောင် အများကြီး အထောက်အကူ ပြုလိမ့်မယ်”
တာအိုဆရာ ထျန်းယွီ သည် စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက်၊ စုယွီ ကို ကြည့်ကာ ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ဒီကိစ္စတွေက မင်းနဲ့ ဘာမှ မဆိုင်ပါဘူး... ဒီတစ်ခါ မင်း လုပ်ရမှာက ဒီနေရာမှာ ကျန်ခဲ့တဲ့ ရှေးဟောင်း အခင်းအကျင်း တွေရဲ့ ချိပ်ပိတ် အတားအဆီး တွေကို သေချာ ဂရုတစိုက် လေ့လာပြီး နားလည်အောင် ကြိုးစားဖို့ပဲ”
“ဒီ ရှေးဟောင်း အခင်းအကျင်း တွေရဲ့ အကြွင်းအကျန် တွေကမှ... ငါတို့လို အခင်းအကျင်း ပညာရှင် တွေ အတွက် ရှေးဟောင်း အပျက်အစီး တွေ ကနေ ဆင်းသက်လာတဲ့ တကယ့် ရတနာ စစ်စစ် တွေပဲကွ”
စကားပြောဆိုနေကြရင်းဖြင့်ပင်၊ သူတို့သည် အပျက်အစီး တောင်တန်းကြီး၏ အရှေ့ဘက်သို့ ရောက်ရှိလာခဲ့ကြတော့၏။
တာအိုဆရာ ထျန်းယွီ ၏ လမ်းညွှန်မှု အောက်တွင်၊ သူတို့သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် လောကကြီး ပြောင်းလဲသွားပြီး၊ အာရုံလှည့်စားမှု အခင်းအကျင်း တစ်ခု အတွင်းသို့ ကျရောက်သွားကြတော့သည်။
ဤ အာရုံလှည့်စားမှု အခင်းအကျင်း မှာ သာမန် မဟုတ်ဘဲ၊ စတုတ္ထအဆင့် နှင့် နီးပါးခန့် အထိ အစွမ်းထက်ပုံ ရ၏။
သို့သော်ငြားလည်း၊ သူတို့ အာရုံလှည့်စားမှု အခင်းအကျင်း အတွင်းသို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် တာအိုဆရာ ထျန်းယွီ ၏ အသံသည် သူတို့ အားလုံး၏ နားထဲသို့ ဝင်ရောက်လာသည်။
တာအိုဆရာ ထျန်းယွီ၏ လမ်းညွှန်မှုများကို လိုက်နာကာ၊ သူတို့သည် ထို အာရုံလှည့်စားမှု အခင်းအကျင်း ထဲမှ အလွယ်တကူပင် ပြန်လည် ထွက်ပေါ်လာနိုင်ခဲ့ကြ၏။
ထို့နောက် .. ရပ်တန့်လိုက်ကြပြီး၊ တာအိုဆရာ ထျန်းယွီ နှင့် စုယွီ တို့သည် နောက်သို့ ပြန်လှည့်ကာ ကျန်ရှိနေသော အခင်းအကျင်း ၏ လျှို့ဝှက်ချက်များကို စတင် လေ့လာပြီး ရှင်းပြနေကြတော့သည်။
အပျက်အစီး နေရာ အတွင်း၌ ရှိနိုင်သော ရတနာများ နှင့် ပတ်သက်၍မူ၊ တာအိုဆရာ ထျန်းယွီ သည် အလောတကြီး သွားမရှာခဲ့ချေ။
မည်သို့ပင် ဖြစ်စေ၊ အပျက်အစီး နေရာသည် ထိုနေရာတွင်ပင် ရှိနေပြီး၊ ဤမျှ ကျယ်ဝန်းလှသော နေရာကြီး တစ်ခုလုံးကို အချိန်တို အတွင်း ရှာဖွေနိုင်မည် မဟုတ်ပါလော။ ထို့အပြင် အင်အားစု အသီးသီး မှ လူများလည်း ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်၏။
သူတို့ကိုယ်တိုင် မျက်စိစုံမှိတ် ရှာဖွေနေမည့် အစား၊ အခြေအနေကို စောင့်ကြည့်နေခြင်းက ပို၍ အဓိပ္ပာယ် ရှိလိမ့်မည်။ အကယ်၍ ထိုကဲ့သို့သော ရတနာများသာ ထွက်ပေါ်လာခဲ့ပါက၊ သေချာပေါက် ပွက်လောရိုက် သွားမည်မှာ အသေအချာပင်။
'အေးဆေးပေါ့... ဘာမှ အလောတကြီး လုပ်စရာ မလိုပါဘူး... သူတို့ဘာသာ ရှာပါစေ... ငါတို့က အသင့် အချောင် ဝင်နှိုက်ရုံပဲ'
သို့သော် သူတို့ အားလုံး လုံးဝ မသိလိုက်သည့် အရာမှာ... အင်အားစု အသီးသီး မှ ကျင့်ကြံသူများ ဤ အပျက်အစီး နေရာ အတွင်းသို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင်၊ အပျက်အစီး နေရာ ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် မျက်လုံး တစ်စုံသည် နောက်ထပ် တစ်ကြိမ် ပွင့်လာ၏။
အပျက်အစီး နေရာ အတွင်းရှိ လူများ အားလုံးကို ဖျတ်ခနဲ ကြည့်လိုက်ကာ၊ တိတ်ဆိတ်စွာ စောင့်ကြည့် နေလေသည်။