အခန်း (၄၈၄-၄၈၆))
Vol. 33 Ch. 484-486
အခန်း (၄၈၄) - မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ အပြောင်းအလဲကြီး၊ (၆) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ (အပိုင်း - ၁)
“ဝီ ...”
စုယွီသည် မိမိ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဒန်တျန် အတွင်းရှိ ကြေးနီပြားလေးမှာ တုန်ခါသွားပြီး အစွမ်းထက်လှသော အရှိန်အဝါ တစ်ခုကို ခန္ဓာကိုယ် တစ်ခုလုံးသို့ ဖြန့်ကျက်လိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ခန္ဓာကိုယ် ပတ်လည်ရှိ အံ့မခန်း ဝိညာဉ် စွမ်းအားများမှာ ပျောက်ကွယ်သွားသည့်နှယ် ရှိပြီး ရွှေအမြုတေ အဆင့် (၄) နှင့် သင့်တင့်သော နတ်ဘုရား အာရုံ အဆင့်အတန်းကိုသာ ပြသနေတော့သည်။
ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားသောအခါ စုယွီသည် သူ၏ ကျောက်တုံး ဂူစံအိမ် အတွင်းမှ နူးညံ့သော အပြုံးတစ်ခုနှင့်အတူ ထွက်ပေါ်လာခဲ့ပါ၏။
ခြံဝင်းငယ်လေး အတွင်း၌ ...
စုယွီသည် တာအိုဆရာ ထျန်းယွီ ထံမှ အဆင့်မြင့် မှော်လက်နက် ဖြစ်သော ပေါက်တူးကို လွှဲပြောင်း ရယူလိုက်ရင်း လယ်ကွင်းထဲတွင် အလုပ် စတင်လိုက်ပါသည်။
ထိုစဉ် တာအိုဆရာ ထျန်းယွီက မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ် တစ်ခုကို ပြောပြလာ၏။
“မကြာခင်ကပဲ ပင်မ တောင်ထွတ် (၁၈) ခု ထဲက တစ်ခု ဖြစ်တဲ့ မိုချိုးတောင်ထွတ် ရဲ့ တပည့် မုရုံရှန်း တစ်ယောက် ဈေးတန်းကို စောင့်ကြပ်နေတုန်း ချောင်းမြောင်း တိုက်ခိုက် ခံရပြီး သေဆုံးသွားတယ် ... မုရုံရှန်း ဆိုတာ ပြီးခဲ့တဲ့ တောင်ထွတ် (၁၈) ခု တာအို ဆွေးနွေးပွဲမှာ မိုချိုးတောင်ထွတ် ရဲ့ ထိပ်သီး လူငယ် တပည့် သုံးဦး ထဲမှာ တစ်ယောက် အပါအဝင်ပဲ ... သူက အသက် (၁၉၀) ကျော်ပဲ ရှိသေးပေမဲ့ ရွှေအမြုတေ အဆင့် (၈) ကို ရောက်နေပြီး ရွှေအမြုတေ အသွင်ပြောင်းလဲခြင်း အခြေခံကိုတောင် ရရှိနေပြီလေ”
“ဂိုဏ်းရဲ့ စုံစမ်းစစ်ဆေးမှု အရ ဆိုရင်တော့ အင်အားစု အချို့က ငါတို့ မြေကမ္ဘာအင်မော်တယ်နန်းတော် ရဲ့ အလားအလာရှိတဲ့ လူငယ် တပည့်တွေကို သီးသန့် ပစ်မှတ်ထားပြီး တိုက်ခိုက်နေကြတဲ့ ပုံပဲ”
“မင်း အနေနဲ့ အခုတလော အရေးကြီးတဲ့ ကိစ္စ မရှိရင် အပြင်မထွက်တာ အကောင်းဆုံးပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ၏ သူငယ်အိမ်မှာ အနည်းငယ် ကျုံ့ဝင်သွားသည်။ သူသည် အလုပ်လုပ်နေခြင်းကို ခေတ္တ ရပ်တန့်လိုက်ပြီး မေးမြန်းလိုက်သည်။
“ဆရာ ... ကျွန်တော်တို့ မြေကမ္ဘာအင်မော်တယ်နန်းတော် ရဲ့ ပါရမီရှင်တွေ တိုက်ခိုက် ခံရတာက အမြဲတမ်း ဖြစ်နေကျ ကိစ္စလား ခင်ဗျာ”
လယ်ကွင်း ဘေးရှိ ဝိညာဉ် သစ်ပင်၏ အရိပ်အောက်တွင် လဲလျောင်းနေသော တာအိုဆရာ ထျန်းယွီက ပေါ့ပေါ့ပါးပါးပင် ပြန်လည် ဖြေကြားလိုက်၏။
“ဒါက ပုံမှန်ပဲ မဟုတ်လား ... ငါတို့ နန်းတော် တင် မဟုတ်ဘူး ... တခြား အင်အားစုတွေမှာလည်း ဖြစ်နေတာပဲ ... မင်းက ငါ့ကို လုပ်ကြံဖို့ ကြံစည်တယ် ... ငါကလည်း မင်းကို ပြန်ပြီး ကြံစည်တယ် ... အဲဒီလိုနဲ့ပဲ တစ်ယောက်က လိုချင်တဲ့ ရလဒ် ရတဲ့အထိ သံသရာ လည်နေကြတာပဲ ... ကျင့်ကြံခြင်း လောက မှာ တကယ့် ငြိမ်းချမ်းရေး ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး”
“ငါတို့ မြေကမ္ဘာအင်မော်တယ်နန်းတော် က တာ့ချန် ကျင့်ကြံခြင်း လောက ရဲ့ ထိပ်သီး ဂိုဏ်းကြီး (၁၀) ဂိုဏ်း ထဲမှာ ပါဝင်နေပေမဲ့လည်း နာမည် ကျော်ကြားလေလေ ပဋိပက္ခတွေ များလေလေပဲ”
“ဒါ့အပြင် ငါတို့ရဲ့ နယ်မြေက အလွန် ကျယ်ဝန်းတာကြောင့် နယ်မြေ တစ်ခုလုံးကို တင်းတင်းကျပ်ကျပ် စီမံ အုပ်ချုပ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်တဲ့ ကိစ္စပဲလေ”
“ပြီးတော့ တည်ငြိမ်နေသလို ထင်ရတဲ့ ဒီ ကျင့်ကြံခြင်း လောက ရဲ့ အောက်ခြေမှာ ဘယ်လောက်တောင် ရေစီးသန်နေမလဲ ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ဘူး”
“ဒါပေမဲ့ ငါတို့ မြေကမ္ဘာအင်မော်တယ်နန်းတော် ကလည်း ဒီအခြေအနေကို ဘာမှ မသိဘဲ ထိုင်နေတာတော့ မဟုတ်ပါဘူး”
“ပြီးခဲ့တဲ့ တာအို ဆွေးနွေးပွဲ ပြီးကတည်းက အခုထိ ဆိုရင် ငါတို့ရဲ့ အပြင်စည်း တပည့် သုံးယောက် အသတ်ခံရပြီးပြီ ... ပြီးတော့ တိုက်ခိုက် ခံရလို့ ဂိုဏ်းကို သတင်းပို့ထားတဲ့ တပည့်ကလည်း (၁၀) ယောက် ကျော်နေပြီ”
“ဘာပဲဖြစ်ဖြစ် မင်း သတိထားတာ အကောင်းဆုံးပဲ”
စုယွီက ထပ်မံ မေးမြန်းလိုက်၏။
“ကျွန်တော် ဂိုဏ်းထဲမှာပဲ နေရင်တော့ ဘေးကင်းမယ် မဟုတ်လား ဆရာ”
တာအိုဆရာ ထျန်းယွီက ပြန်ဖြေသည်။
“ဖြစ်နိုင်ခြေ နည်းပါတယ် ... ငါတို့ မြေကမ္ဘာ အင်မော်တယ်နန်းတော် ထဲအထိ ဝင်ပြီး ပြဿနာ ရှာရဲတဲ့ လူတော့ မရှိသေးပါဘူး”
သိပ်မကြာမီမှာပင် ဝဝဖိုင့်ဖိုင့် ထိုက်ရွှီကြီးသည် ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ဤတစ်ကြိမ်တွင်မူ သစ်ကိုင်းများကို မကျိုးစေရန်အတွက် ကျောက်တုံးကြီး တစ်ခု ပေါ်သို့သာ ရွေးချယ် ဆင်းသက်လိုက်၏။ ၎င်းသည် စုယွီအား ကြည့်ကာ အကြိမ်အနည်းငယ် အော်မြည်ပြလိုက်၏။
စုယွီ၏ မျက်ဝန်းများ မှေးစင်းသွားတော့သည်။
'လော့ချန်ယွီ ရဲ့ စီနီယာ အစ်ကိုကြီး တာအိုဆရာ ချန်ရုံ တစ်ယောက် ဂိုဏ်းကို ပြန်ရောက်လာပြီပေါ့ ...'
ဝိညာဉ် လယ်ကွင်းကို ပြုစုနေရင်း စုယွီသည် ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို စတင် စဉ်းစားသည်။
'အရင်က လော့ချန်ယွီ လည်း တိုက်ခိုက် ခံခဲ့ရသလို တခြား တောင်ထွတ်တွေက တပည့်တွေလည်း အတိုက်ခိုက် ခံနေရတယ် ... ပြီးတော့ တပည့် သုံးယောက်တောင် ကျဆုံးသွားပြီ ... ဒါက အင်အားစု အသီးသီးက ကျင့်ကြံသူတွေရဲ့ သီးခြား လုပ်ရပ်တွေလား ... ဒါမှမဟုတ် အင်အားစု တစ်ခုခုက မြေကမ္ဘာအင်မော်တယ်နန်းတော် ရဲ့ ပါရမီရှင်တွေကို သတ်ပြီး ဂိုဏ်းကို အားနည်းအောင် စနစ်တကျ ကြံစည်နေတာလား ...'
သူ၏ ဆရာ တာအိုဆရာ ထျန်းယွီ ပြောပုံအရ ဆိုလျှင် မြေကမ္ဘာအင်မော်တယ်နန်းတော်သည် တစ်စုံတစ်ခုကို သိရှိထားပုံ ရ၏။
သို့သော် ဂိုဏ်းချုပ်ကြီးက ဤကိစ္စကို မည်သို့ ကိုင်တွယ်ရန် ဆုံးဖြတ်မည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာပင် ။
သိပ်မကြာမီမှာပင် စုယွီသည် ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး တာအိုဆရာ ချန်ရုံ ၏ အခြေအနေကိုသာ ပြန်လည် အာရုံစိုက်လိုက်၏။
အခြားသူများ တိုက်ခိုက်ခံရခြင်းမှာ သူနှင့် မဆိုင်သော်လည်း ၊ အကယ်၍ ဤ တာအိုဆရာ ချန်ရုံ တွင်သာ ပြဿနာ ရှိနေမည် ဆိုပါက စုယွီ အနေဖြင့် သူ့အား တိတ်တဆိတ် စုံစမ်း စစ်ဆေးနိုင်၏။
အကယ်၍ သူ့တွင် တကယ်ပင် ပြဿနာ ရှိနေပါက မြေကမ္ဘာအင်မော်တယ်နန်းတော် က သူ့အား လွှတ်ထားမည် မဟုတ်ပေ ။ ထိုအခါ စုယွီ ကိုယ်တိုင် ပါဝင် ပတ်သက်ရန် မလိုတော့ချေ။
ဒါက သူ့အတွက် ဘာ အန္တရာယ်မှ မရှိသော နည်းလမ်းပင် ဖြစ်၏။
....
တစ္ဆေဓားတောင်ထွတ်ဝယ်၊
လွန်ခဲ့သော ရက်အနည်းငယ်ကပင် လော့ချန်ယွီ၏ စီနီယာ အစ်ကိုကြီး အန်းချန်ရုံသည် သူ၏ ဂူစံအိမ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူသည် လက်ခံထားသော တာဝန်များထဲမှ တစ်ခုကို အောင်မြင်စွာ ပြီးဆုံးခဲ့သဖြင့် ပံ့ပိုးမှုရမှတ် (၂,၀၀၀) ခန့် ရရှိခဲ့သည်။ ၎င်းမှာ အတော်လေး များပြားသော ပမာဏပင် ဖြစ်၏။
သို့သော်လည်း အန်းချန်ရုံသည် ပြန်ရောက်လာသည့် အချိန်မှစ၍ မျက်နှာ မကောင်းလှသဖြင့် သူ၏ ဂျူနီယာ မောင်နှမများမှာ သူ့အား သတိထား၍ ဆက်ဆံနေကြရသည်။ သူတို့၏ စီနီယာကြီး ပြဿနာ တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည်လားဟု သူတို့ တွေးတောနေကြသည်။
ဂူစံအိမ် အတွင်း၌ အန်းချန်ရုံသည် ကျင့်ကြံနေခြင်းမှ နိုးထလာပြီး သက်ပြင်း တစ်ချက်ကို ပြင်းပြင်း ရှူထုတ်လိုက်သည်။ သူ၏ မျက်ဝန်း အနက်ပိုင်းတွင်မူ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ကိန်းအောင်းနေဆဲ ဖြစ်၏။
“ဟူး ...”
အချိန် အတန်ကြာပြီးနောက် အန်းချန်ရုံသည် ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။ သူသည် ဂူစံအိမ် အတွင်းမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် သူ၏ မျက်နှာ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ကြေးဝါရောင် တံဆိပ်ပြားလေး တစ်ခုမှာ လက်ထဲတွင် ပေါ်ထွက်လာ၏။ သူသည် နတ်ဘုရား အာရုံကို ထိုတံဆိပ်ပြား အတွင်းသို့ ထိုးသွင်းလိုက်၏။
တံဆိပ်ပြားမှ သတင်းစကားကို ရရှိပြီးနောက် အန်းချန်ရုံသည် မျက်မှောင်ကြုံ့လိုက်ပြီး တီးတိုး ရေရွတ်လိုက်၏။
“တာ့ယွဲ့တောင်ထွတ် က တပည့် ... စုယွီ ဟုတ်လား”
သူသည် ဤအမည်ကို ယခင်က ကြားဖူးသလို ရှိသည်။ ထူးခြားသော ထိုက်ရွှီ သားရဲကြီး၏ ပိုင်ရှင် မဟုတ်ပါလော။
သို့သော်လည်း သူသည် ဤအမည်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာက ကြားဖူးခဲ့ခြင်းသာ ဖြစ်ပြီး ထိုလူနှင့် တစ်ခါမှ မဆုံဖူးခဲ့ချေ။
ပြီးခဲ့သော တောင်ထွတ် (၁၈) ခု တာအို ဆွေးနွေးပွဲတွင်လည်း ထိုလူ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။
ယခု စုယွီအား ဂိုဏ်းထဲမှ ထွက်လာအောင် ဆွဲဆောင်ရန် တာဝန် ရောက်ရှိမလာခဲ့လျှင် မြေကမ္ဘာအင်မော်တယ်နန်းတော် တွင် ဤကဲ့သို့သော မထင်မရှား လူတစ်ယောက် ရှိနေသည်ကို အန်းချန်ရုံပင် မှတ်မိတော့မည် မဟုတ်ပေ။
“ရွှေအမြုတေ အဆင့် (၄) ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီးတော့ တတိယအဆင့် အဆင့်မြင့် အကြီးစား သတ်ဖြတ်ခြင်း အခင်းအကျင်းကို ခင်းကျင်းနိုင်တယ် ဟုတ်လား ... တတိယအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် ပေါ့ ...” အန်းချန်ရုံသည် စုယွီ၏ အချက်အလက်များကို ကြည့်ရင်း အံ့အားသင့်စွာဖြင့် သူငယ်အိမ်များ ကျုံ့ဝင်သွား၏။
သို့သော် ပြန်လည် စဉ်းစားကြည့်သည့် အခါတွင်မူ တာ့ယွဲ့တောင်ထွတ်သည် ဂိုဏ်းအတွင်းရှိ ထိုပုဂ္ဂိုလ်၏ နေအိမ် ဖြစ်သည်ဟု ကောလာဟလများ ရှိနေသည် မဟုတ်ပါလော။
ထိုအချက်ကို အခြေခံ၍ ကြည့်မည် ဆိုပါက စုယွီ အနေဖြင့် ရွှေအမြုတေ အဆင့် (၄) တွင် တတိယအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် ဖြစ်လာခြင်းမှာ မဆန်းလှတော့ပေ။
“ဒါပေမဲ့ သူ့ကို ဂိုဏ်းထဲကနေ ထွက်လာအောင် ဘယ်လို ဆွဲဆောင်ရမလဲ ...” အန်းချန်ရုံသည် မျက်မှောင်ကြုံ့လျက် စဉ်းစားနေသည်။ ဤတာဝန်မှာ ခက်ခဲသည်လည်း မဟုတ်သလို လွယ်ကူသည်လည်း မဟုတ်ပေ ။ သူသည် စုယွီအား မသိသဖြင့် အမှားအယွင်း မရှိစေရန်နှင့် မိမိကိုယ်မိမိ ဖော်ထုတ်မိသလို မဖြစ်စေရန် အလွန် သတိထားရပေမည်။
သေချာစွာ စဉ်းစား တွေးတောပြီးနောက်တွင်တော့ သူ၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်ထွက်လာခဲ့တော့၏။
ရက်အနည်းငယ် ကြာမြင့်ပြီးနောက် ...
တာ့ယွဲ့တောင်ထွတ် ၏ အပြင်ဘက်တွင် အန်းချန်ရုံသည် တစ္ဆေဓားတောင်ထွတ် မှ တပည့် အနည်းငယ်နှင့်အတူ သူတို့၏ ဦးလေးဆရာ ဖြစ်သူ စုယွီအား တွေ့ဆုံရန် ရောက်ရှိလာခဲ့တော့သည်။
အခန်း (၄၈၅) - မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ အပြောင်းအလဲကြီး၊ (၆) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ (အပိုင်း - ၂)
ဝါးခြံစည်းရိုးလေး ကာရံထားသော ခြံဝင်းငယ်လေး အတွင်း၌ စုယွီသည် အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် မျက်မှောင်ကြုံ့ကာ ရပ်နေမိသည်။
'ဒီကောင်က ဘာကိစ္စ ငါ့ဆီ ထပ်ရောက်လာပြန်တာလဲ'
သူသည် ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက် ခြံဝင်းအတွင်းမှ ဖြည်းညင်းစွာ ထွက်လာခဲ့၏။
တာ့ယွဲ့တောင်ထွတ် ၏ အောက်ခြေတွင်မူ...
အန်းချန်ရုံ၏ အနောက်တွင် ရပ်နေကြသော တပည့် အနည်းငယ်မှာ တီးတိုး စကားပြောဆိုနေကြသည်။ အမျိုးသမီး တပည့် တစ်ဦးသည် အဝေးမှ တာ့ယွဲ့တောင်ထွတ် ကို စပ်စုချင်စိတ် အပြည့်ဖြင့် လှမ်းကြည့်ရင်း အန်းချန်ရုံအား လေသံတိုးတိုးဖြင့် မေးမြန်းလိုက်၏။
“စီနီယာ အစ်ကိုကြီး... ဦးလေးဆရာ စုယွီ ဆိုတာက ဘယ်သူလဲဟင်။ သူက ဘယ်လို ပုံစံမျိုးလဲ”
အန်းချန်ရုံက တည်ငြိမ် အေးစက်သော မျက်နှာထားဖြင့် ပြန်လည် ဖြေကြားလိုက်၏။
“ငါလည်း ဦးလေးဆရာ စု ကို တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒါပေမဲ့ သူက အဆင့်မြင့် တတိယအဆင့် အခင်းအကျင်း ပညာရှင် လို့တော့ ကြားဖူးတယ်။ ငါတို့ အခု သွားမယ့် ရှေးဟောင်း အပျက်အစီး နေရာကို စူးစမ်းဖို့အတွက် အခင်းအကျင်း ပညာရှင် တစ်ယောက် လိုအပ်နေတယ်လေ”
“အဲဒါကြောင့် ဦးလေးဆရာ စု များ ငါတို့နဲ့ အတူတူ လိုက်မလားလို့ လာဖိတ်ကြည့်တာပါ”
သိပ်မကြာမီ အချိန်အတွင်းမှာပင် တာ့ယွဲ့တောင်ထွတ် ပေါ်မှ ဆင်းသက်လာသော ကျောက်စိမ်းရောင် လှေကားထစ်များထက်တွင် လူရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုလူရိပ်သည် အပြာရောင် တာအို ဝတ်ရုံကို ဆင်မြန်းထားပြီး သူ၏ ဆံပင်များကို အဖြူရောင် ကျောက်စိမ်း ဆံထိုးလေးဖြင့် သေသပ်စွာ စည်းနှောင်ထားသည်။ ရုပ်ဆင်းသွင်ပြင်မှာ အသက် (၂၀) ဝန်းကျင်ခန့်သာ ရှိသေးသော လူငယ် တစ်ဦးနှင့် တူပြီး၊ မျက်နှာကျမှာ ပီပြင် ထင်ရှားလှ၏။ အထူးသဖြင့် သူ၏ မျက်ဝန်းများမှာ ကြယ်တာရာများ လင်းလက်နေသော ညကောင်းကင်ယံအလား နက်ရှိုင်းလှပြီး၊ စကားဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ထူးခြားသော အရှိန်အဝါ တစ်ခုကို ထုတ်လွှင့်နေခဲ့၏။
တာ့ယွဲ့တောင်ထွတ် ပေါ်မှ ဆင်းသက်လာပြီး သူတို့ဆီသို့ ဦးတည် လျှောက်လှမ်းလာသော ထိုလူငယ်အား မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် အန်းချန်ရုံ နှင့် သူ၏ အဖွဲ့မှာ မှင်သက်သွားကြသည်။ အမျိုးသမီး တပည့်လေး၏ ရင်ဘတ်ထဲတွင်တော့ ထိုလူငယ်၏ ချောမော ခန့်ညားလှသော မျက်နှာကို ကြည့်ရင်း နှလုံးခုန်သံများ မြန်ဆန်လာကာ ပါးပြင်လေးများမှာလည်း ရုတ်တရက် နီမြန်း ပူနွေးလာခဲ့ရရှာသည်။
ထိုလူငယ်သည် အန်းချန်ရုံ တို့ အဖွဲ့၏ ရှေ့တွင် ရပ်တန့်လိုက်ပြီး၊ သူ၏ အကြည့်များက အမျိုးသမီး တပည့်များအပေါ် ခေတ္တမျှ ဝေ့ဝဲသွားပြီးနောက် အန်းချန်ရုံ ထံသို့ တည့်တည့်မတ်မတ် ကျရောက်လာသည်။ သူ၏ မျက်နှာပေါ်တွင် ခပ်ဖွဖွ အပြုံးတစ်ခုကို ချိတ်ဆွဲထားရင်း မေးလိုက်၏။
“တူတော် အန်း လား”
ထိုစကားသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အန်းချန်ရုံမှာ သတိပြန်ဝင်လာပြီး ကပျာကယာ အရိုအသေ ပေးလိုက်ကာ အံ့အားသင့်စွာဖြင့် နှုတ်ခွန်းဆက်သလိုက်၏။
“တပည့် က ဦးလေးဆရာ စု ကို ဂါရဝပြုပါတယ် ခင်ဗျာ”
“ဦးလေးဆရာ စု ကို ဂါရဝပြုပါတယ် ရှင်”
အမျိုးသမီး တပည့်များမှာလည်း အိပ်မက်မှ နိုးထလာသည့်နှယ် ကမန်းကတန်း အရိုအသေ ပေးလိုက်ကြသည်။
“ရပါတယ်... လွတ်လွတ်လပ်လပ် နေကြပါ”
စုယွီက ပြုံးလျက် ပြန်လည် နှုတ်ဆက်လိုက်ပြီး သူတို့အား သက်သောင့်သက်သာ နေရန် ပြောလိုက်၏။
အန်းချန်ရုံသည် လက်ကို ပြန်ချလိုက်ပြီးနောက် စုယွီ၏ နုပျိုလှသော မျက်နှာကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း ဆိုလိုက်သည်။
“ဦးလေးဆရာ စု ရဲ့ နာမည်ကြီးကို အမြဲတမ်း ကြားနေရပေမဲ့... ဒီနေ့ လူကိုယ်တိုင် မြင်တွေ့လိုက်ရတော့ ဦးလေးဆရာ ရဲ့ နုပျိုလှတဲ့ ရုပ်ဆင်းသွင်ပြင်ကြောင့် ကျွန်တော် တကယ်ကို အံ့အားသင့်သွားရပါတယ် ခင်ဗျာ”
စုယွီက ခပ်ဟဟ အသံထုတ် ရယ်လိုက်ရင်း ပြန်လည် တုံ့ပြန်လိုက်၏။
“ငါက သစ်သား ဓာတ် အခြေခံ ဝိညာဉ် ကျင့်စဉ် တစ်ခုကို လေ့ကျင့်ထားလို့ ရုပ်က နုနေတာပါကွာ... တကယ်တမ်းကျတော့ ငါတို့ အသက်တွေက သိပ်ကွာမှာ မဟုတ်ပါဘူး”
အမျိုးသမီး တပည့်လေးများမှာ သူ့အား ခိုးကြည့်နေကြရင်း ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် တသိမ့်သိမ့် တုန်ခါသွားကြသည်။
'ဟယ်... ဘယ်လောက်တောင် ကောင်းတဲ့ ကျင့်စဉ်လဲ။ ငါလည်း လိုချင်လိုက်တာ နော်…။'
စကားလမ်းကြောင်းကို ပြောင်းလိုက်ရင်း စုယွီက အန်းချန်ရုံအား မေးလိုက်၏။
“ဒါနဲ့ တူတော် အန်း က ငါ့ဆီ ဘာကိစ္စများ ရှိလို့လဲ”
အန်းချန်ရုံက ရိုသေစွာ ခေါင်းညွှတ်လိုက်ပြီး လျှောက်ထားလိုက်သည်။
“ကျွန်တော် မကြာသေးခင်က ရှေးဟောင်း အပျက်အစီး နေရာ တစ်ခုကို သွားပြီး စူးစမ်းဖို့ စီစဉ်ထားပါတယ် ခင်ဗျာ... စုံစမ်း သိရသလောက် ဆိုရင် အဲဒီနေရာမှာ မူလဝိညာဉ် အဆင့်ကို ချိုးဖျက်ဖို့ အခွင့်အရေး ရှိနေတယ် လို့ ကြားရပါတယ်... ဒါပေမဲ့ အဲဒီမှာ ကျန်ခဲ့တဲ့ အခင်းအကျင်းတွေက အရမ်း များပြား ရှုပ်ထွေးလွန်းလို့ အထဲဝင်ဖို့က သိပ်တော့ မလွယ်လှပါဘူး”
“ပြီးတော့ ဦးလေးဆရာ စု က အဆင့်မြင့် တတိယအဆင့် အခင်းအကျင်း ပညာရှင် ကြီး တစ်ယောက် ဆိုတာကိုလည်း မကြာသေးခင်ကမှ ကျွန်တော် သိလိုက်ရတာပါ”
“အဲဒါကြောင့်... ဦးလေးဆရာ စု များ ကျွန်တော်တို့နဲ့ အတူတူ အဲဒီ အပျက်အစီး နေရာကို လိုက်ပြီး စူးစမ်းဖို့ စိတ်ဝင်စားမလား လို့ လာဖိတ်ကြည့်တာပါ”
“ရှေးဟောင်း အပျက်အစီး နေရာကို သွားပြီး စူးစမ်းမယ် ဟုတ်လား”
စုယွီသည် မျက်နှာ အမူအရာ အနည်းငယ်မျှပင် မပြောင်းလဲဘဲ သူ့အား ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်၏။
တစ်ချိန်တည်းမှာပင် စုယွီသည် သူ၏ စိတ်အာရုံ အတွင်း၌ ရွှေပုစဉ်း နည်းစနစ်ကို အသက်သွင်းလိုက်လေရာ၊ သူ၏ ဝိညာဉ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် အတောင်ပံ နှစ်ဖက်ပါသော ရွှေရောင် ပုစဉ်းရင်ကွဲ အဖြစ်သို့ အသွင်ပြောင်းသွားတော့သည်။ ရွှေပုစဉ်းလေး မျက်လုံး ပွင့်လာသည့် အခိုက်အတန့်မှာပင် တောက်ပသော ရွှေရောင် အလင်းတန်းများ ရစ်သိုင်းလာပြီး စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှသော ဝိညာဉ် စွမ်းအားများ စုဝေးလာကြသည်။
နောက်တစ်စက္ကန့်တွင်မူ ရွှေပုစဉ်းလေးသည် သူ၏ ရှေ့မှောက်တွင် ရပ်နေသော အန်းချန်ရုံအား စူးစိုက် ကြည့်ရှုလိုက်တော့၏။
အန်းချန်ရုံသည် ဤအရာများကို လုံးဝ ရိပ်မိခြင်း မရှိဘဲ ဆက်လက်၍ ရိုသေစွာ ပြောဆိုနေဆဲ ဖြစ်သည်။
“ဟုတ်ပါတယ် ဦးလေးဆရာ စု... ဦးလေးဆရာ နဲ့ ဂျူနီယာ ညီမလေး လော့ တို့က နေရာ တစ်ခုတည်းကနေ လာပြီး ဂိုဏ်းကို အတူတူ ဝင်လာကြတာလို့ ကျွန်တော် ကြားဖူးပါတယ် ခင်ဗျာ... ဂျူနီယာ ညီမလေး လော့ ရဲ့ စီနီယာ အစ်ကိုကြီး တစ်ယောက် အနေနဲ့ ကျွန်တော်က ဦးလေးဆရာ နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်”
“အဲဒါကြောင့် ဒီလို အခွင့်အရေး ကောင်း မျိုးကို ရှာဖွေတဲ့ နေရာမှာ ဦးလေးဆရာ ကို မဖြစ်မနေ လာဖိတ်ရတာပါ ခင်ဗျာ”
ထိုအချိန်တွင် ရွှေပုစဉ်းလေး၏ မျက်ဝန်းများထဲမှ နတ်ဘုရား အလင်းတန်း တစ်ခုသည် ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ ထွက်ပေါ်လာ၏။ အရာခပ်သိမ်းကို ထိုးထွင်း မြင်နိုင်သော နတ်ဘုရား မျက်လုံး တစ်လုံးအလား အန်းချန်ရုံ၏ လျှို့ဝှက်ချက် အားလုံးကို အကဲခတ် ကြည့်ရှုနေတော့သည်။
သူ၏ ဒန်တျန် အတွင်း၌ သိမ်းဆည်းထားသော မှော်လက်နက်များ ပင်လျှင် ရွှေပုစဉ်းလေး၏ အမြင်အာရုံ အောက်တွင် အထင်းသား ပေါ်လွင်နေခဲ့တော့၏။
သို့သော် အန်းချန်ရုံ၏ ဒန်တျန် အတွင်း၌ မည်သည့် ထူးခြားချက်မျှ မရှိဘဲ၊ ထိပ်တန်း အဆင့် မှော်လက်နက် နှစ်ခုကိုသာ စုယွီ မြင်တွေ့ခဲ့ရသည်။
ထို့နောက် ရွှေပုစဉ်းလေးသည် အန်းချန်ရုံ၏ လက်ချောင်းပေါ်ရှိ သိုလှောင် လက်စွပ်ဆီသို့ အာရုံ ပြောင်းလိုက်၏။ မျက်တောင် တစ်ခတ်စာ အချိန်အတွင်းမှာပင် လက်စွပ် အတွင်းရှိ အရာအားလုံးကို ဖောက်ထွင်း မြင်လိုက်ရတော့သည်။
ထိုအခိုက်အတန့်မှာပင် ရွှေပုစဉ်းလေး၏ အာရုံသည် ကြေးဝါရောင် တံဆိပ်ပြား တစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။
စုယွီ၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားရသည်။
'ဒီတံဆိပ်ပြားက... စိမ်းပြာငရဲ အင်မော်တယ် နန်းတော် ရဲ့ တံဆိပ်ပြား မဟုတ်လား။'
သေချာစွာ ထပ်မံ ကြည့်ရှုလိုက်သော အခါ ထိုတံဆိပ်ပြားပေါ်တွင် ထွင်းထုထားသော နန်းတော်ပုံမှာ ဆန်းမူ နယ်မြေတွင် သူ သတ်ဖြတ်ခဲ့သော တာအိုဆရာ ဖူကျန်း ၏ အလောင်းမှ ရရှိခဲ့သည့် တံဆိပ်ပြားနှင့် အနည်းငယ် ကွဲပြားနေသည်ကို တွေ့လိုက်ရ၏။
တာအိုဆရာ ဖူကျန်း ၏ တံဆိပ်ပြားနှင့် နှိုင်းယှဉ်လိုက်မည် ဆိုပါက အန်းချန်ရုံ၏ လက်စွပ် အတွင်းရှိ တံဆိပ်ပြားမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ပိုမို၍ လျှို့ဝှက် ဆန်းကြယ်ပြီး၊ အင်မော်တယ် အငွေ့အသက် အချို့ပင် ပါဝင်နေသည်ကို ခံစားရ၏။
'ဒါဆို... အရင်တုန်းက လော့ချန်ယွီ ကို ချောင်းမြောင်း တိုက်ခိုက်ခဲ့တာ စိမ်းပြာငရဲ အင်မော်တယ် နန်းတော် က လူတွေပေါ့။'
'ပြီးတော့ အခု... သူတို့က ငါ့ကိုပါ ပစ်မှတ်ထားလာတာလား။'
အပြင်ပန်းတွင် စကားပြောဆိုနေရင်းမှပင် စုယွီသည် သူ၏ စိတ်အာရုံ အတွင်းရှိ နတ်ဘုရား အမြင်ကို ပြန်လည် ရုပ်သိမ်းလိုက်၏။ ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် အန်းချန်ရုံအား ခေါင်းခါပြလိုက်ရင်း ဆိုလိုက်၏။
“တောင်းပန်ပါတယ် တူတော် အန်း ရယ်... ငါ့ဆရာ က အခင်းအကျင်း အသစ် တစ်ခုကို လေ့လာဖို့ ငါ့ကို တာဝန် ပေးထားလို့ပါ... အဲဒီ အခင်းအကျင်း ကို အပြည့်အဝ နားလည် သဘောပေါက်မသွားမချင်း ငါ အပြင်ထွက်လို့ ရမယ် မထင်ဘူးကွ... တခြား အခင်းအကျင်း ပညာရှင် တစ်ယောက်ယောက်ကိုပဲ ရှာကြည့်ပါလား”
အချိန် အတော်ကြာအောင် အပြန်အလှန် ပြောဆို ငြင်းဆန်ပြီးနောက်တွင်တော့ စုယွီသည် အန်းချန်ရုံအား အောင်မြင်စွာ ပြန်လည် လွှတ်ပေးလိုက်နိုင်သည်။
သို့သော် အန်းချန်ရုံနှင့် အဖွဲ့ ထွက်ခွာသွားပြီး စုယွီ တာ့ယွဲ့တောင်ထွတ် ပေါ်သို့ ပြန်တက်ရန် လှည့်ထွက်လိုက်သော အခါတွင်မူ သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင် တစ်ချက် ရှပ်ပြေးသွားတော့သည်။
ဤတစ်ကြိမ်တွင် အန်းချန်ရုံသည် တစ္ဆေဓားတောင်ထွတ် မှ တပည့် အနည်းငယ်ကိုပါ ခေါ်ဆောင်လာခဲ့သဖြင့်၊ အန်းချန်ရုံ ၏ ရည်ရွယ်ချက်များကို စုယွီ သံသယ ရှိနေခဲ့လျှင်ပင် မျက်လုံးပေါင်းများစွာ စောင့်ကြည့်နေသည့် အလယ်တွင် သူ မည်သို့မျှ မလှုပ်နိုင်ခဲ့ချေ။
ထို့ကြောင့် အခြေအနေကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။
သူကိုယ်တိုင်ကတော့ အင်မော်တယ် နန်းတော် အတွင်း၌ ဆယ်စုနှစ်ပေါင်းများစွာ၊ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာ အထိ ဆက်လက် နေထိုင်နိုင်သော်လည်း၊ အန်းချန်ရုံ တစ်ယောက် ထိုကဲ့သို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ မထင်ပေ။
အန်းချန်ရုံ တစ်ယောက်တည်း အပြင်ထွက်မည့် အချိန် ဆိုတာ သေချာပေါက် ရောက်လာမှာပဲ မဟုတ်ပါလော။
ဤကဲ့သို့ပင် လဝက်ခန့် ကုန်လွန်သွားခဲ့တော့၏။
အန်းချန်ရုံသည် သူနှင့်အတူ လိုက်ပါရန် တတိယအဆင့် အခင်းအကျင်း ပညာရှင် တစ်ဦးကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့၏။ သူသည် တစ္ဆေဓားတောင်ထွတ် မှ တပည့် အနည်းငယ်နှင့်အတူ အင်မော်တယ် ဂိုဏ်းမှ ထွက်ခွာသွားခဲ့တော့သည်။
သို့သော် သူတို့ လုံးဝ မသိလိုက်သည့် အရာမှာ... သူတို့ ထွက်ခွာသွားပြီး သိပ်မကြာမီ အချိန်လေး အတွင်းမှာပင် လူရိပ်တစ်ခုသည် အင်မော်တယ် ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာပြီး သူတို့၏ အနောက်သို့ နောက်ယောင်ခံ လိုက်ပါလာခဲ့ခြင်းပင် ဖြစ်၏။
အခန်း (၄၈၆) - မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ အပြောင်းအလဲကြီး၊ (၆) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ (အပိုင်း - ၃)
အခြားတစ်နေရာတွင်၊
အန်းချန်ရုံ နှင့် သူ၏ အဖွဲ့ဝင် (၆) ဦးတို့သည် မြေကမ္ဘာတောင်တန်း အင်မော်တယ် မြို့တော်ဆီသို့ ဦးတည်မသွားဘဲ၊ ယာဉ်ပျံကို မြောက်ဘက် အရပ်ဆီသို့သာ မောင်းနှင်သွားကြသည်။ ရက်အနည်းငယ်ကြာမျှ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းပြီးနောက်တွင်တော့ ယာဉ်ပျံသည် မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ အင်မော်တယ် ဂိတ်မှ တဖြည်းဖြည်း ဝေးကွာသွားခဲ့တော့၏။
အန်းချန်ရုံ ပြောခဲ့သော ရှေးဟောင်း အပျက်အစီးများကို စူးစမ်းရှာဖွေမည် ဆိုသည်မှာ လိမ်ညာလှည့်စားခြင်း မဟုတ်ပေ။ ၎င်းမှာ သေးငယ်သော ဂူစံအိမ် အပျက်အစီးလေး တစ်ခုမျှသာ ဖြစ်သော်လည်း၊ သူ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ရှာဖွေ တွေ့ရှိထားခဲ့သော နေရာတစ်ခု ဖြစ်သည်။
သူသည် ဤနေရာကို ငါးစာအဖြစ် အသုံးပြုကာ ထိုလူအား အင်မော်တယ် ဂိတ်မှ ထွက်လာစေရန် မျှားခေါ်ချင်ခဲ့ခြင်း ဖြစ်၏။ ကံမကောင်းစွာဖြင့် သူ၏ အစီအစဉ်မှာ နောက်ဆုံးတွင်တော့ သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်။
သို့သော်လည်း အန်းချန်ရုံ သည် တည်ငြိမ်နေဆဲပင် ဖြစ်၏။
'အေးဆေးပါ... ရှေ့ဆက်ပြီး အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ဒီကောင် ဂိုဏ်းထဲကနေ တစ်သက်လုံး ထွက်မလာဘဲ နေနိုင်မလား ကြည့်ကြသေးတာပေါ့။'
သူနှင့်အတူ လိုက်ပါလာသူများထဲတွင် တစ္ဆေဓားတောင်ထွတ် မှ တပည့် (၄) ဦး အပြင်၊ တောင်ထွတ် (၁၈) ခု မှ ဂိုဏ်းတူ တပည့် ဖြစ်သူ တတိယအဆင့် အဆင့်နိမ့် အခင်းအကျင်း ပညာရှင် တစ်ဦးလည်း ပါဝင်သည်။ ၎င်းမှာ အန်းချန်ရုံ နှင့် အချိန် အတော်ကြာ ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သော အခင်းအကျင်း ပညာရှင် တစ်ဦးပင် ဖြစ်၏။
သို့သော် ဤလူ (၅) ဦးစလုံး၏ ကျင့်ကြံခြင်း အဆင့်များမှာ သိပ်မမြင့်မားလှဘဲ၊ အားလုံးမှာ ရွှေအမြုတေ အစောပိုင်းနှင့် အလယ်အလတ် အဆင့်များတွင်သာ ရှိနေကြ၏။
တောရိုင်း လွင်ပြင်ကျယ်ကြီး၏ အထက် ကောင်းကင်ယံတွင် သူတို့၏ ယာဉ်ပျံသည် လျှပ်စီးတန်း တစ်ခုအလား အရှိန်အဟုန်ပြင်းစွာ ပျံသန်းနေသည်။
ရှေ့ဘက် မိုင်အနည်းငယ် အကွာရှိ တိမ်တိုက် တစ်ခု အတွင်း၌ စုယွီ သည် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ ယာဉ်ပျံ ရောက်ရှိလာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။ မျက်တောင် တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် ယာဉ်ပျံကြီးသည် ရောက်ရှိလာခဲ့တော့သည်။
ထိုအခိုက်အတန့်မှာပင် ရွှေအမြုတေ အဆင့်ထက် ကျော်လွန်နေသော ကြောက်မက်ဖွယ် နတ်ဘုရား စွမ်းအားကြီး တစ်ခုသည် စုယွီထံမှ ရုန်းကြွလာခဲ့၏။
“ဝီ...”
ရှေ့ရှိ ဟင်းလင်းပြင်ကြီးသည် ပြင်းထန်စွာ လှိုင်းထသွားပြီးနောက်၊ စုယွီ ကို ဗဟိုပြု၍ တစ်မိုင် ပတ်လည် အတွင်းရှိ ဟင်းလင်းပြင် တစ်ခုလုံးမှာ ရုတ်တရက် အေးခဲ ရပ်တန့်သွားတော့သည်။ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာသော ယာဉ်ပျံကြီးမှာလည်း ဘာမျှ မတတ်နိုင်တော့ဘဲ၊ လေထုထဲတွင် ဆွဲချိတ်ထားသော ပန်းချီကား တစ်ချပ်အလား တုပ်တုပ်မျှ မလှုပ်နိုင်အောင် ပိတ်မိသွားခဲ့ရရှာသည်။
တစ်ချိန်တည်းမှာပင် ယာဉ်ပျံပေါ်ရှိ အန်းချန်ရုံ နှင့် အခြားသူများ၏ မျက်နှာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြသည်။ သူတို့၏ စိတ်ကူးယဉ်မှု ထက်ပင် များစွာ ကျော်လွန်နေသော ကြောက်မက်ဖွယ် နတ်ဘုရား စွမ်းအားကြီး တစ်ခုသည် သူတို့အပေါ် သက်ဆင်းလာပြီး၊ ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကြီးကို ခံစားလိုက်ကြရ၏။
အန်းချန်ရုံ သည် တုန်ယင်စွာဖြင့် ရေရွတ်လိုက်၏။
“သေစမ်း... အခြေအနေ မဟန်တော့ဘူး!”
သို့သော် နောက်တစ်စက္ကန့်တွင်မူ ဟင်းလင်းပြင် တစ်ခုလုံး အေးခဲသွားခဲ့တော့၏။ အန်းချန်ရုံ အပါအဝင် သူတို့ အားလုံးသည် ဤ ဟင်းလင်းပြင် စွမ်းအားကြီး၏ ချိပ်ပိတ်မှုကို ခံလိုက်ရပြီး၊ ထွက်ပြေး လွတ်မြောက်ရန် အခွင့်အရေး လုံးဝ မရှိတော့ချေ။
ထိုမျှနှင့် မပြီးသေးပေ။
အန်းချန်ရုံ နှင့် အဖွဲ့ ချိပ်ပိတ်ခံလိုက်ရသည့် အချိန်မှာပင်၊ အတောင်ပံ နှစ်ဖက်ပါသော ရွှေရောင် ပုစဉ်းရင်ကွဲလေး တစ်ကောင်သည် ကောင်းကင်ယံမှ ဆင်းသက်လာခဲ့၏။ အန်းချန်ရုံ တို့ကိုပင် တုန်လှုပ်သွားစေနိုင်သော နတ်ဘုရား စွမ်းအားနှင့် ထက်မြက်မှုတို့ဖြင့်၊ ၎င်းသည် သူတို့၏ အသိစိတ် ပင်လယ်အတွင်းသို့ ဖောက်ထွင်း ဝင်ရောက်ကာ သူတို့၏ ဝိညာဉ်များကို စတင် တိုက်ခိုက်တော့သည်။
“ဖတ်...”
မျက်စိတစ်မှိတ် အတွင်းမှာပင် အန်းချန်ရုံ နှင့် အဖွဲ့မှာ သူတို့၏ အတွေးများကိုပင် စုစည်းနိုင်စွမ်း မရှိတော့ချေ။ ရွှေပုစဉ်းလေး၏ အတောင်ပံများသည် သူတို့၏ ဝိညာဉ်များကို အစိပ်စိပ်အမွှာမွှာ ခုတ်ပိုင်းပစ်လိုက်တော့၏။
“အား...!!!”
အန်းချန်ရုံ နှင့် အဖွဲ့၏ ဝိညာဉ်များမှာ နာကျင်စွာ အော်ဟစ်လိုက်ကြပြီး၊ သူတို့၏ သက်စောင့်စွမ်းအင်များမှာ ဒလဟော ကျဆင်းသွားကာ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် အပြင်းအထန် ဒဏ်ရာ ရရှိသွားကြသည်။
အပြင်ဘက် လောကတွင်မူ၊
အန်းချန်ရုံ နှင့် အဖွဲ့၏ ဝိညာဉ်များကို အပြင်းအထန် ဒဏ်ရာ ရရှိသွားစေသည့် အခိုက်အတန့်မှာပင်၊ စုယွီ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွား၏။ အာရုံလှည့်စားခြင်း စွမ်းအား တစ်ခုသည် ယာဉ်ပျံပေါ်သို့ သက်ဆင်းလာပြီး၊ ရွှေအမြုတေ အဆင့်ထက် ကျော်လွန်နေသော နတ်ဘုရား ဝိညာဉ် စွမ်းအားဖြင့်၊ အပြင်းအထန် ဒဏ်ရာ ရရှိထားသော အန်းချန်ရုံ နှင့် အဖွဲ့၏ ဝိညာဉ်များကို အာရုံလှည့်စားမှု ကမ္ဘာ အတွင်းသို့ ဖိအားပေး ဆွဲသွင်းပစ်လိုက်တော့သည်။
ထိုလူများ အထဲတွင် ရွှေအမြုတေ အဆင့် (၉) သို့ ရောက်ရှိနေသဖြင့် အနည်းငယ် ကိုင်တွယ်ရ ခက်ခဲသော အန်းချန်ရုံ မှလွဲ၍၊ ကျန်ရှိနေသော သူများမှာ လုံးဝ ခုခံနိုင်စွမ်း မရှိကြချေ။ အာရုံလှည့်စားမှု ကမ္ဘာ သက်ဆင်းလာသည်နှင့် တစ်ပြိုင်နက်၊ အမျိုးသမီး တပည့်များမှာ ယာဉ်ပျံပေါ်တွင် မေ့လဲကျသွားကြသည်။
ထို့နောက် အလှည့်ကျသူမှာ အန်းချန်ရုံ ပင် ဖြစ်၏။ သူသည် အသက်တစ်ခါ ရှူစာ အချိန်မျှပင် တောင့်ခံနိုင်စွမ်း မရှိခဲ့ချေ။ အပြင်းအထန် ဒဏ်ရာ ရရှိထားသော သူ၏ ဝိညာဉ်သည် နောက်ဆုံးတွင်တော့ အာရုံလှည့်စားမှု ကမ္ဘာ အတွင်းသို့ ကျရောက်သွားခဲ့ပြီး၊ မျက်လုံးများ ပြူးကျယ်လျက် မေ့လဲကျသွားတော့သည်။
“ဝီ...”
သူတို့ ရှေ့ရှိ ဟင်းလင်းပြင်တွင် လှိုင်းများ ထသွားပြီးနောက်၊ သူစိမ်း တစ်ယောက်၏ ပုံရိပ်သည် သူတို့ ရှေ့မှောက်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
...
ထိုအချိန်တွင်၊
အာရုံလှည့်စားမှု ကမ္ဘာ အတွင်း၌ လော့ချန်ယွီ နှင့် အန်းချန်ရုံ တို့သည် မျက်နှာချင်းဆိုင် ကြည့်နေကြသည်။ အန်းချန်ရုံ သည် လော့ချန်ယွီ စောင့်ကြပ်နေသော ဈေးတန်း အပြင်ဘက်တွင် ချောင်းမြောင်း တိုက်ခိုက်ခဲ့သည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်ဟု ထင်မှတ်နေခဲ့သော်လည်း၊ လော့ချန်ယွီ မှာ သူ၏ ရှေ့မှောက်တွင် မတ်မတ် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရသည်။
'ဘာတွေ ဖြစ်ကုန်တာလဲ။ ငါက သူ့ကို ချောင်းမြောင်း တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူက ငါ့ရှေ့ ရောက်နေတာလဲ။'
အန်းချန်ရုံ အသွင်ယူထားသော အဘိုးအို တာအိုဆရာ မှာ မျက်နှာ အမူအရာ လုံးဝ မပြောင်းလဲဘဲ၊ မျက်မှောင်ကြုံ့ကာ လော့ချန်ယွီ ကို စိုက်ကြည့်ရင်း မေးလိုက်၏။
“မိန်းကလေး... မင်းက ဘာလို့ ငါ့ရှေ့မှာ လာရပ်နေရတာလဲ”
လော့ချန်ယွီ သည် သူမ၏ အေးစက်သော မျက်ဝန်းများဖြင့် အန်းချန်ရုံ ကို စူးစိုက်ကြည့်ကာ ပြန်လည် မေးခွန်းထုတ်လိုက်၏။
“စီနီယာ အစ်ကိုကြီး... အစ်ကိုကြီး က ကျွန်မကို ချောင်းမြောင်း တိုက်ခိုက်ဖို့ ကြိုးစားနေတာလား”
အဘိုးအို တာအိုဆရာ မှာ တည်ငြိမ်နေဆဲပင် ဖြစ်၏။ သူသည် မျက်မှောင်ကြုံ့လျက် လော့ချန်ယွီ ကို စိုက်ကြည့်ကာ ဆိုလိုက်၏။
“မိန်းကလေး... မင်း ဘာတွေ ပြောနေတာလဲ။ ဘယ်သူက စီနီယာ အစ်ကိုကြီး လဲ။ ဘာ ချောင်းမြောင်း တိုက်ခိုက်တာလဲ။ မင်း ရူးနေတာလား... ငါ့လမ်းကနေ ဖယ်စမ်း... မဟုတ်ရင်တော့...”
လော့ချန်ယွီ က အေးစက်စက် အသံထုတ် ရယ်လိုက်၏။
“ဟက်... စီနီယာ အစ်ကိုကြီး... ဆက်ပြီး ဟန်ဆောင် ဖုံးကွယ်နေစရာ မလိုတော့ပါဘူး။ အစ်ကိုကြီး ရဲ့ လက်စွပ်ထဲမှာ ရှိနေတဲ့ စိမ်းပြာငရဲ အင်မော်တယ် နန်းတော် ရဲ့ တံဆိပ်ပြား ကရော ဘယ်လို ရှင်းပြမလဲ”
လော့ချန်ယွီ ၏ စကားကို ကြားလိုက်ရသောအခါ အန်းချန်ရုံ ၏ ရင်ထဲတွင် ဒိန်းကနဲ ဖြစ်သွားသော်လည်း၊ သူသည် လော့ချန်ယွီ ကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။
“မင်း ဘာတွေ လာပြောနေတာလဲ။ စိမ်းပြာငရဲ အင်မော်တယ် နန်းတော် ရဲ့ တံဆိပ်ပြား ဆိုတာ ဘာကြီးလဲ”
“ဖယ်စမ်း... ရွှေအမြုတေ အဆင့် (၇) လောက်လေး ရှိတဲ့ ကောင်မလေး က... ငါ မင်းကို ဘာမှ မလုပ်ရဲဘူးလို့ ထင်နေတာလား။ သေချင်နေတာလား!”
လော့ချန်ယွီ သည် ခပ်ဖွဖွ ပြုံးလိုက်ပြီး၊ သူမ၏ မျက်ဝန်းများမှာ ပိုမို၍ အေးစက်လာခဲ့၏။
“တကယ်လို့များ... အစ်ကိုကြီး က မြေကမ္ဘာအင်မော်တယ်နန်းတော် ကို သစ္စာဖောက်ပြီး၊ စိမ်းပြာငရဲ အင်မော်တယ် နန်းတော် အတွက် အလုပ်လုပ်ပေးနေတယ်... ဂိုဏ်းတူ ညီအစ်ကို မောင်နှမတွေကိုတောင် သတ်ဖြတ်ဖို့ ကြိုးစားနေတယ် ဆိုတာကို ဆရာသခင် သာ သိသွားခဲ့ရင်... ဆရာသခင် က အစ်ကိုကြီး ကို ဘယ်လို အပြစ်ပေးမယ်လို့ ထင်လဲ”
အန်းချန်ရုံ သည် ဒေါသတကြီးဖြင့် ပေါက်ကွဲသွားတော့သည်။
“ရိုင်းစိုင်းလိုက်တာ! အဆင့်နိမ့် အစေခံမလေး တစ်ယောက်က... ငါ့ရှေ့မှာ လာပြီး ရူးကြောင်ကြောင် စကားတွေ ပြောရဲတယ်ပေါ့... ကြည့်ရတာ မင်းကို အသက်ရှင်ရက် ထားလို့ မရတော့ဘူး !”
“ဝုန်း...”
အန်းချန်ရုံ သည် ဒေါသတကြီးဖြင့် စတင် တိုက်ခိုက်တော့သည်။
ထိုအာရုံလှည့်စားမှု ကမ္ဘာ အတွင်း၌ပင်၊ အန်းချန်ရုံ နှင့် လော့ချန်ယွီ တို့၏ ပြင်းထန်လှသော တိုက်ပွဲကြီး စတင်ခဲ့တော့၏။
သို့သော်လည်း၊ ထိုအရာများမှာ အန်းချန်ရုံ ၏ အသိစိတ် အတွင်း၌သာ ဖြစ်ပျက်နေခြင်း ဖြစ်၏။
ယာဉ်ပျံ အတွင်း၌မူ အန်းချန်ရုံ ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော စုယွီ သည် သူ့အား အေးစက်စက် အကြည့်များဖြင့်သာ ကြည့်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် အန်းချန်ရုံ ၏ အရှိန်အဝါများမှာ ကသောင်းကနင်း ဖြစ်နေပြီး၊ သူသည် အာရုံလှည့်စားမှု ကမ္ဘာ အတွင်းသို့ အကြီးအကျယ် နစ်မြုပ်နေခဲ့တော့၏။ သူသည် တကယ့် မှော်ပညာ တိုက်ပွဲကြီး တစ်ခုကို ဆင်နွှဲနေရသည်ဟု အခိုင်အမာ ယုံကြည်နေပုံ ရ၏။
ထို ကြောက်မက်ဖွယ်ကောင်းသော အာရုံလှည့်စားခြင်း စွမ်းအားကြီးသည် အန်းချန်ရုံ ၏ အသိစိတ်ကို အာရုံလှည့်စားမှု ကမ္ဘာ အတွင်းသို့ ဖိအားပေး ဆွဲသွင်းထားပြီး၊ သူသည် မည်သို့မျှ ရုန်းထွက်နိုင်စွမ်း မရှိတော့ချေ။
ထို့အပြင်၊ အာရုံလှည့်စားမှု စွမ်းအားသည် အန်းချန်ရုံ အား သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ဖော်ထုတ်ပြသလာစေရန် အဆက်မပြတ် သွေးဆောင် ဖြားယောင်းနေပြီး၊ သူ၏ အသိစိတ်ကို အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့တော့၏။
အာရုံလှည့်စားမှု ကမ္ဘာ အတွင်း၌၊
ဒေါသများဖြင့် ပြည့်နှက်နေသော အန်းချန်ရုံ သည် လှုပ်ရှားလိုက်၏။ ဤတစ်ကြိမ်တွင်တော့ အားလုံးမှာ ချောမွေ့နေခဲ့၏။
ဘာတွေ ဖြစ်ပျက်နေသလဲ၊ လော့ချန်ယွီ က ဘယ်လို လုပ်ပြီး သူ့ရှေ့ကို ရောက်လာသလဲ၊ ပြီးတော့ သူ့ရဲ့ လျှို့ဝှက်ချက် အချို့ကိုတောင် ဘယ်လို သိနေသလဲ ဆိုတာကို သူ နားမလည်နိုင်ခဲ့ပေ။
သို့သော်၊ ဒါက အရေးမကြီးပါ။ အရေးကြီးတာက ဒီတစ်ကြိမ် သူ တိုက်ခိုက်လိုက်သော အခါမှာတော့ တိုက်ကွက် အနည်းငယ်မျှနှင့်ပင် လော့ချန်ယွီ အား အရှင်လတ်လတ် ဖမ်းဆီးနိုင်ခဲ့ပြီး၊ သူမ၏ ကျင့်ကြံခြင်း စွမ်းအားများကို ချိပ်ပိတ်ကာ သူ၏ ရှေ့မှောက်တွင် ပစ်ချထားနိုင်ခဲ့ခြင်းပင်။