အခန်း (၄၈၇-၄၈၉)
Vol. 33 Ch. 487-489
အခန်း (၄၈၇) - မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ အပြောင်းအလဲကြီး၊ (၆) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ (အပိုင်း - ၄)
အန်းချန်ရုံသည် သူ၏ ရှေ့မှောက်တွင် ဒေါသတကြီးဖြင့် ရပ်နေသော၊ စကားဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် လှပလွန်းလှသည့် လော့ချန်ယွီအား စူးစိုက်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ငည်။ ထို့နောက် အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။
“နတ်မိမယ် လော့... ငါ့ကို အဲဒီလို အကြည့်မျိုးနဲ့ မကြည့်စမ်းပါနဲ့”
“ခဏနေရင် မင်းရဲ့ စီနီယာ အစ်ကိုကြီးက မင်းကို ဒီလောကမှာ အကောင်းဆုံးသော အရသာကို ခံစားရအောင် လုပ်ပေးမှာပါ”
“ဟားဟားဟား”
“ငါက စိမ်းပြာငရဲ အင်မော်တယ် နန်းတော် က ဆိုတာ သိသိကြီးနဲ့ ငါ့ရှေ့ကို လာရဲသေးတယ်ပေါ့။ ငါ့ရဲ့ ညီမငယ်လေး... မင်းကို ငါက ဘယ်လိုလုပ်ပြီး အပြစ်တင်ရက်မှာလဲ”
အန်းချန်ရုံသည် ရူးသွပ်နေသူ တစ်ဦးအလား သူ၏ ရင်တွင်း၌ ဖိနှိပ်ထားသမျှသော ရမ္မက်များနှင့် ဒေါသများကို ပေါက်ကွဲ ထုတ်ဖော်နေသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ သူ၏ ပတ်ဝန်းကျင်ရှိ အာရုံလှည့်စားမှု ကမ္ဘာကြီးသည် ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတော့၏။ ထိုအပြောင်းအလဲက သူ၏ အသိစိတ်ကိုပါ ဝင်ရောက် စွက်ဖက်သွားခဲ့တော့၏။ သူသည် ဘာမျှ မတတ်နိုင်တော့ဘဲ အာရုံလှည့်စားမှု၏ ခြယ်လှယ်ခြင်းကို ခံလိုက်ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် လော့ချန်ယွီအား ဖမ်းဆီးပြီး ထွက်ခွာသွားခဲ့သည်ဟု ထင်မှတ်သွားရ၏။ အာရုံလှည့်စားမှု စွမ်းအားသည် အန်းချန်ရုံအား ဆက်လက်၍ ခြယ်လှယ်နေခဲ့ရာ၊ နောက်ဆုံးတွင်တော့ သူသည် လော့ချန်ယွီအား ခေါ်ဆောင်လျက် ဟေးယွီ အင်မော်တယ် မြို့တော်နှင့် မဝေးလှသော စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ စခန်းငယ် တစ်ခုဆီသို့ ရောက်ရှိသွားသည်။ ထို့နောက်၊ လော့ချန်ယွီအား ထိုနန်းတော်၏ အင်အားစုများထံသို့ အပ်နှံလိုက်သည်ဟု မြင်ယောင်သွားတော့၏။
ထိုနောက်ဆုံး အချိန်လေးတွင်မှ လော့ချန်ယွီသည် အန်းချန်ရုံကဲ့သို့ပင် ဈေးတန်းဆီသို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိသွားခဲ့သည်။
ယာဉ်ပျံ အတွင်း၌မူ အန်းချန်ရုံသည် အာရုံလှည့်စားမှု၏ လွှမ်းမိုးမှုအောက်တွင် တစ်ခါတစ်ရံ ရူးသွပ်နေသလို၊ တစ်ခါတစ်ရံ စိတ်လှုပ်ရှားနေသလိုဖြင့် အရာခပ်သိမ်းကို တီးတိုး ရေရွတ်နေခဲ့၏။
သို့သော်လည်း သူသည် လော့ချန်ယွီအပေါ် သူ ရည်ရွယ်ထားသည့် ယုတ်မာသော အကြံအစည်များကိုမူ အကောင်အထည် မဖော်နိုင်ခဲ့ချေ။ အာရုံလှည့်စားမှု ကမ္ဘာကြီးကပင် သူ့အား ထိုသို့ လုပ်ဆောင်ခွင့် မပေးခဲ့။ သူ၏ အရိုင်းစိုင်းဆုံးသော အိပ်မက်များထဲတွင်ပင် ခွင့်မပြုခဲ့ခြင်း ဖြစ်၏။
လော့ချန်ယွီအား အောင်မြင်စွာ ဖမ်းဆီးပြီးနောက် အန်းချန်ရုံသည် နောက်ထပ် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်ခဲ့ပြန်သည်။ သူသည် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ အမိန့်အရ စုယွီအား မြေကမ္ဘာ
အင်မော်တယ်နန်းတော် ၏ အင်မော်တယ် ဂိတ်မှ ထွက်လာစေရန် မျှားခေါ်ခဲ့ခြင်းပင်။
ယခင် သားရဲလှိုင်း ဖြစ်ပွားခဲ့သော ဈေးတန်းတွင် စုယွီသည် အခင်းအကျင်း အချို့ကို ခင်းကျင်းပေးခဲ့သော်လည်း သူကိုယ်တိုင် လူလုံးထွက်ပြခြင်း မရှိခဲ့ချေ။ သို့တိုင်အောင် သူသည် စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ ပစ်မှတ်ထားခြင်းကို မမျှော်လင့်ဘဲ ခံလိုက်ရသည်။
'ဪ... ဒါကြောင့်ကိုး'
အန်းချန်ရုံက သူ့အား အင်မော်တယ် ဂိတ်မှ မျှားခေါ်ရသည့် အကြောင်းရင်းကို နားလည်သွားသောအခါ စုယွီ၏ ရင်ထဲတွင် အတော်လေး ပေါ့ပါးသွား၏။ အမှန်တရားကို သူ ရှာဖွေ တွေ့ရှိသွားတော့သည်။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော်သည် သူတို့ကဲ့သို့သော ပါရမီရှင်များကို အရှင်လတ်လတ် ဖမ်းဆီးကာ၊ သူတို့အတွက် အလုပ်လုပ်ပေးမည့် နယ်ရုပ်များအဖြစ် အသုံးချလိုခြင်း ဖြစ်၏။ ဒါက စိမ်းပြာငရဲ အင်မော်တယ် နန်းတော်နှင့် မြေကမ္ဘာအင်မော်တယ်နန်းတော် ဟူသော အင်အားစုကြီး နှစ်ခုကြားမှ အားပြိုင်မှု တစ်ခုသာ ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့တော့သည်။ ပြီးတော့ သူ၊ လော့ချန်ယွီ နှင့် အခြားသော တပည့်များမှာ ဤအားပြိုင်မှုကြောင့် ပစ်မှတ်ထားခံရခြင်း ဖြစ်၏။
'ငါက ဒီစိမ်းပြာငရဲ အင်မော်တယ် နန်းတော်ကြီးလို ဧရာမ အင်အားစုကြီးကို တိုက်ရိုက် ရင်ဆိုင်ဖို့ မလိုသရွေ့တော့ ဘာမှ စိတ်ပူစရာ မလိုပါဘူးလေ'
သို့သော်လည်း အန်းချန်ရုံအား လှမ်းကြည့်လိုက်သောအခါ စုယွီ၏ မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားသည်။
သူ၏ လက်ထဲရှိ အရိပ် တံဆိပ်ပြား အချို့ကို သိမ်းဆည်းလိုက်ပြီးနောက်၊ အာရုံလှည့်စားမှု ကမ္ဘာကြီးထဲတွင် သာယာသော အိပ်မက်လှလှ မက်နေဆဲ ဖြစ်သည့် အန်းချန်ရုံအား သတ်ဖြတ်လိုသော အငြိုးအာဃာတများ ပြည့်နှက်နေသည့် အကြည့်ဖြင့် စူးစူးရဲရဲ ကြည့်လိုက်၏။
'ဖားသူငယ်က ဟင်္သာကို စားချင်နေတယ်ပေါ့။ ရုပ်လေးကြည့်တော့ လူရိုးကြီးကျနေတာပဲ... စိတ်ကတော့ တော်တော် ယုတ်မာတဲ့ ကောင်'
စုယွီ၏ ရင်ထဲတွင် ဒေါသတရားများ ဟုန်းကနဲ တောက်လောင်သွားပြီး ကျိတ်၍ ဟိန်းဟောက်လိုက်၏။
“သေချင်နေတဲ့ ကောင်”
“ဝုန်း...”
သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ရိုက်ချလိုက်သည်။ ရွှေအမြုတေ အဆင့် (၆) သို့ ရောက်ရှိနေပြီ ဖြစ်သော သူ၏ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားများသည် လက်ဝါးအောက်တွင် ဒလဟော စုရုံးလာ၏။ ကောင်းကင်ကိုပင် ထက်ပိုင်း ခွဲပစ်တော့မည့်အလား တောက်ပလှသော နတ်ဘုရား အရှိန်အဝါကြီး တစ်ခုအဖြစ် အသွင်ပြောင်းသွားတော့သည်။
၎င်းမှာ ကောင်းကင်ခွဲ နတ်ဘုရား နည်းစနစ် ပင် ဖြစ်၏။
အာရုံလှည့်စားမှု အခင်းအကျင်း၏ အနက်ရှိုင်းဆုံး နေရာတွင် နစ်မြုပ်နေသော အန်းချန်ရုံ၏ ခန္ဓာကိုယ်သည် စုယွီ၏ ကောင်းကင်ခွဲ နတ်ဘုရား နည်းစနစ်၏ ခြိမ်းခြောက်မှုကို ပင်ကိုယ် အသိစိတ်ဖြင့် တုံ့ပြန်လိုက်သည်။ သူ၏ မှော်လက်နက် နှစ်ခုမှာ နတ်ဘုရား အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာပြီး သူ၏ ပတ်လည်တွင် ကာကွယ်ရေး အလွှာကြီး တစ်ခုကို ချက်ချင်း တည်ဆောက်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ ဝတ်ဆင်ထားသော အပြင်ဘက် ဝတ်ရုံထံမှလည်း အခင်းအကျင်း အတားအဆီး တစ်ခုသည် အလိုအလျောက် ပေါက်ကွဲ ထွက်ပေါ်လာပြီး အန္တရာယ်ကို ကာကွယ်ရန် ကြိုးစားတော့သည်။
အသက်အန္တရာယ် ခြိမ်းခြောက်ခံရသော ဤအခိုက်အတန့်တွင် အန်းချန်ရုံ၏ မျက်ခွံများမှာ လျင်မြန်စွာ တုန်ခါလာပြီး အာရုံလှည့်စားမှု ကမ္ဘာထဲမှ ရုန်းထွက် နိုးထလာတော့မည့် အရိပ်အယောင်များ ပြသလာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီ၏ အသိစိတ် ပင်လယ်အတွင်းမှ မျက်စိကျိန်းမတတ် တောက်ပလှသော ရွှေရောင် အလင်းတန်းကြီး တစ်ခု ထပ်မံ ပေါက်ကွဲ ထွက်ပေါ်လာပြန်သည်။ ထိုအလင်းတန်းသည် အားကြီးသော ဝိညာဉ် စွမ်းအား အဖြစ်သို့ ပေါင်းစည်းသွားကာ ရွှေရောင် ပုစဉ်းရင်ကွဲ တစ်ကောင်အဖြစ် အသွင်ပြောင်းသွား၏။ အန်းချန်ရုံ၏ ဝိညာဉ်ဆီသို့ နောက်တစ်ကြိမ် ထိုးဖောက် ဝင်ရောက်သွားတော့၏။
“ဖတ်...”
အန်းချန်ရုံ တစ်ယောက် အာရုံလှည့်စားမှု ကမ္ဘာထဲမှ နိုးထလာရန် ဖိအားပေး ရုန်းကန်နေစဉ်မှာပင်၊ သူ၏ ဝိညာဉ်မှာ နောက်ထပ် တစ်ကြိမ် အပြင်းအထန် တိုက်ခိုက်ခံလိုက်ရပြီး ရွှေပုစဉ်းလေး၏ လက်ချက်ဖြင့် နှစ်ခြမ်း ကွဲသွားခဲ့ရသည်။
မျက်တောင် တစ်ခတ်စာ အချိန်အတွင်းမှာပင် အန်းချန်ရုံ၏ ဝိညာဉ်မှာ အလွန်တရာ အားနည်းသွားခဲ့ပြီး အာရုံလှည့်စားမှု ကမ္ဘာထဲမှ ရုန်းထွက်ရန် အင်အား လုံးဝ မရှိတော့ချေ။
“ဘန်း...”
စုယွီ၏ ကောင်းကင်ခွဲ နတ်ဘုရား နည်းစနစ်သည် မှော်လက်နက် သုံးခု၏ ကာကွယ်ရေး အလွှာများကို မျက်စိတစ်မှိတ် အတွင်းမှာပင် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် သူသည် လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ ကောင်းကင်ခွဲ နတ်ဘုရား နည်းစနစ်ဖြင့် အန်းချန်ရုံ၏ ခန္ဓာကိုယ်အား ထပ်မံ ရိုက်ချလိုက်ပြန်သည်။
“ဝုန်း...”
အန်းချန်ရုံ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် သွေးမှုန်များ အဖြစ်သို့ ပေါက်ကွဲ ထွက်သွားပြီး လေထုထဲတွင် လွင့်စင် ပျောက်ကွယ်သွားတော့သည်။
ထို့နောက် မီးတောက်မီးလျှံ တစ်ခုသည် ဟုန်းကနဲ တောက်လောင်လာပြီး၊ လေထဲတွင် လွင့်စင်နေသော အန်းချန်ရုံ၏ သွေးမှုန်များကို သွေးတစ်စက်မျှပင် မကျန်အောင် အပြီးတိုင် လောင်ကျွမ်း ဖျက်ဆီးပစ်လိုက်၏။ သို့သော်လည်း အန်းချန်ရုံ၏ ဝိညာဉ်မှာမူ တည်ရှိနေဆဲပင် ဖြစ်သည်။ စုယွီသည် လက်တစ်ချက် ဝှေ့ယမ်းကာ ဝိညာဉ် ချိပ်ပိတ်ခြင်း အတားအဆီး တစ်ခုကို ခင်းကျင်း၍ ၎င်းကို တင်းကျပ်စွာ ချုပ်နှောင်ထားလိုက်၏။
သူ၏ ရှေ့မှောက်တွင်တော့ အန်းချန်ရုံ ချန်ရစ်ခဲ့သော မှော်လက်နက် သုံးခုနှင့် သိုလှောင် လက်စွပ် တစ်ကွင်းသာ ကျန်ရစ်ခဲ့၏။ စုယွီသည် ထိုလက်စွပ်ကို ကောက်ယူလိုက်ပြီး သူ၏ နတ်ဘုရား အာရုံကို အသုံးပြု၍ အန်းချန်ရုံ၏ အမှတ်အသားကို အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် လက်စွပ် အတွင်းသို့ စူးစမ်း ကြည့်ရှုလိုက်ပြီး၊ စိမ်းပြာငရဲ အင်မော်တယ် နန်းတော်၏ တံဆိပ်ပြားကို ထုတ်ယူလိုက်၏။
ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက် စုယွီသည် ဝိညာဉ် ကျောက်တုံးများ ကဲ့သို့သော အသုံးအဆောင် အချို့မှလွဲ၍ အခြား မည်သည့် အရာကိုမျှ မယူတော့ချေ။ ထိုအထဲတွင် မှော်လက်နက် သုံးခုလည်း ပါဝင်လေရာ၊ ၎င်းတို့ကို အန်းချန်ရုံ၏ သိုလှောင် လက်စွပ် အတွင်းသို့ ပြန်ထည့်လိုက်ပြီး၊ သူ၏ လက်ထဲရှိ အရိပ် တံဆိပ်ပြားများ အနက်မှ တစ်ခုကိုပါ ထိုလက်စွပ်ထဲသို့ ထည့်သွင်း ပေါင်းစပ်လိုက်၏။
ဤအရာများ အားလုံးကို လုပ်ဆောင်ပြီးစီးသွားသော အခါမှသာ၊ စုယွီသည် ယာဉ်ပျံပေါ်ရှိ အမျိုးသမီး တပည့်လေး အပါအဝင် အခြားသော သူများဆီသို့ အာရုံ ပြောင်းလိုက်၏။ အန်းချန်ရုံ မှလွဲ၍ ကျန်ရှိနေသော သူများမှာ အာရုံလှည့်စားမှု အောက်တွင် မည်သို့မျှ ထိခိုက်နစ်နာခြင်း မရှိခဲ့သော်လည်း၊ ဤတစ်ကြိမ်တွင်မူ အန်းချန်ရုံကြောင့် သူတို့ပါ ဒုက္ခ ရောက်ခဲ့ရရှာသည်။
သူသည် ဤလူများကို သေချာ မှတ်သားထားလိုက်၏။
'ငါ့ကြောင့် ဒုက္ခရောက်သွားတာဆိုတော့... အဆင်ပြေတဲ့ အခွင့်အရေး ရရင်တော့ သူတို့ကို လျော်ကြေး ပြန်ပေးရမယ်'
“ဝီ...”
နောက်တစ်စက္ကန့်တွင် စုယွီ၏ ပတ်လည်ရှိ ဟင်းလင်းပြင်သည် လှုပ်ခတ်သွားပြီး၊ သူသည် ခြေလှမ်း တစ်လှမ်း လှမ်းလိုက်သည်နှင့် ယာဉ်ပျံပေါ်မှ လုံးဝ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
အမျိုးသမီး တပည့်လေး အပါအဝင် လူ (၅) ဦး အဖွဲ့သည် အာရုံလှည့်စားမှု ကမ္ဘာထဲမှ နိုးထလာကြသည်။ မျက်နှာများ အကြီးအကျယ် ပျက်ယွင်းနေကြပြီး၊ တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ မှော်လက်နက်များကို ကပျာကယာ ခေါ်ထုတ်ကာ ကာကွယ်ရေး အနေအထားကို ယူလိုက်ကြသည်။
သို့သော် သူမတို့ သေချာစွာ ကြည့်ရှုလိုက်သော အခါတွင်မူ၊ ယာဉ်ပျံပေါ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူမတို့၏ ဝိညာဉ်များမှာ ရွှေပုစဉ်းလေး၏ အတောင်ပံများဖြင့် တိုက်ခိုက်ခံထားရသဖြင့်၊ ခေါင်းများမှာ အက်ကွဲထွက်မတတ် ပြင်းထန်စွာ နာကျင်နေကြသည်။ ၎င်းမှာ အသက်အန္တရာယ်ကို ထိခိုက်စေလောက်သည့် ဒဏ်ရာမျိုး မဟုတ်သော်ငြားလည်း၊ အတော်လေး ပြင်းထန်သော ဒဏ်ရာတစ်ခု ဖြစ်ခဲ့သည်မှာ အသေအချာပင်။
အခန်း (၄၈၈) - မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ အပြောင်းအလဲကြီး၊ (၆) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ (အပိုင်း - ၅)
“ဘယ်သူလဲ။ ဘယ်ကောင် လာတိုက်သွားတာလဲ”
“သေစမ်း... စီနီယာ အစ်ကိုကြီး ပျောက်သွားပြီဟေ့”
“ခုနက ဖြစ်သွားတာတွေက... အာရုံလှည့်စားမှု အခင်းအကျင်း ကြီးလား”
“အဲဒီ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ နတ်ဘုရား စွမ်းအားကြီးက... သေချာပေါက် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ယောက်ဆီကပဲ ဖြစ်ရမယ်။ ဒီလောက် အဆင့်အတန်း မြင့်တဲ့ အရှင်သခင်ကြီး တစ်ယောက်က... ဘယ်လိုလုပ်ပြီး ငါတို့ကို ဒီလို အောက်တန်းကျတဲ့ နည်းလမ်းနဲ့ လာတိုက်ခိုက်ရတာလဲ”
“မြန်မြန်... ဒီနေရာကနေ မြန်မြန် ထွက်ကြမယ်။ အင်မော်တယ် ဂိုဏ်း ကို အမြန်ဆုံး ပြန်မှ ရမယ်။ စီနီယာ အစ်ကိုကြီး အဖမ်းခံရပြီ။ အဲဒီလူရဲ့ ပစ်မှတ်က စီနီယာ အစ်ကိုကြီး ပဲ။ မြန်မြန် ပြန်ပြီး ဆရာသခင် ကို သတင်းပို့ကြမယ်... ဆရာသခင် ပဲ ဆုံးဖြတ်ပါစေတော့”
လူ (၅) ယောက်စလုံးမှာ အကြောက်တရားများ လွှမ်းမိုးနေပြီး၊ အကြီးအကျယ် ပျာယာခတ်နေကြသည်။
သူတို့သည် သူတို့၏ စိတ်ဝိညာဉ်များနှင့် အသိစိတ်များကို တည်ငြိမ်အောင် အတော်ကြာအောင် ကြိုးစား အားထုတ်လိုက်ရပြီးမှသာ၊ ထိုအကြီးအကျယ် ထိတ်လန့် တုန်လှုပ်မှုကြီးထဲမှ အနည်းငယ် သက်သာရာ ရလာကြသည်။
ထို့နောက် သူတို့ (၅) ဦးသည် ယာဉ်ပျံကို ကပျာကယာ ပြန်လှည့်လိုက်ပြီး၊ မြေကမ္ဘာအင်မော်တယ်နန်းတော် ရှိရာ အရပ်ဆီသို့ ယခင်ကထက် ပိုမို ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထွက်ပြေးလာခဲ့ကြတော့သည်။
သို့သော်လည်း သူတို့ အသည်းအသန် ပြန်လည် ထွက်ပြေးလာချိန်တွင်၊ စုယွီ မှာမူ မြေကမ္ဘာအင်မော်တယ်နန်းတော် သို့ပင် ပြန်လည် ရောက်ရှိနေခဲ့တော့၏။
သူသည် အန်းချန်ရုံ ၏ ဝိညာဉ်ကို ကျောက်စိမ်းမှတ်တမ်း တစ်ခုထဲတွင် ချိပ်ပိတ်လိုက်ပြီး၊ သူ၏ သိုလှောင် လက်စွပ်နှင့်အတူ အင်မော်တယ် ဂိုဏ်း ၏ ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် အတွင်းသို့ တိတ်တဆိတ် ပစ်သွင်းလိုက်၏။ ထို့နောက်တွင်တော့ သူသည် တာ့ယွဲ့တောင်ထွတ် ဆီသို့ အေးအေးဆေးဆေးပင် ပြန်လာခဲ့တော့သည်။
စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ရွှေပုစဉ်း နည်းစနစ် ၏ စွမ်းအားများကြောင့်၊ သူ၏ လှုပ်ရှားမှုများနှင့် ခြေရာလက်ရာများကို မည်သူတစ်ဦးတစ်ယောက်ကမျှ ရိပ်မိ သိရှိနိုင်မည် မဟုတ်ကြောင်းကို သူ လုံးဝ ယုံကြည်ထားသည်။
'ဒီလောက်ဆို လုံလောက်ပါပြီလေ'
ညအမှောင်ထုသည် ကမ္ဘာမြေပေါ်သို့ သက်ဆင်းလာခဲ့တော့၏။
ခြံစည်းရိုး ကာရံထားသော ခြံဝင်းငယ်လေး အတွင်း၌ တာအိုဆရာ ထျန်းယွီ သည် တိရစ္ဆာန် အဆီဖြင့် ထွန်းညှိထားသော မီးခွက်၏ မှေးမှိန်သော အလင်းရောင် အောက်တွင်၊ ကျောက်ခုံပေါ်၌ ရှုပ်ထွေးစွာ ခင်းကျင်းထားသော ကျောက်တုံး အခင်းအကျင်း တစ်ခုကို သေချာစွာ လေ့လာနေသည်။ သို့သော် စုယွီ ရောက်ရှိလာသော အခါတွင်မူ၊ သူသည် လက်တစ်ချက် ဝှေ့ယမ်း၍ ထိုအခင်းအကျင်းကို ကွယ်ဝှက်လိုက်ပြီး စုယွီ အား မော့ကြည့်လိုက်၏။
တာအိုဆရာ ထျန်းယွီ က မေးလိုက်၏။
“မင်း ဘယ်တွေ သွားနေတာလဲ”
စုယွီက ရိုသေစွာဖြင့် ပြန်လည် ဖြေကြားလိုက်၏။
“ကျွန်တော် သိုင်းကျမ်း မျှော်စင် ကို သွားပြီး တစ်နေကုန် စာဖတ်နေတာပါ ဆရာ”
ထိုသို့ ပြောရင်း စုယွီသည် တာအိုဆရာ ထျန်းယွီ ကွယ်ဝှက်လိုက်သော ကျောက်ခုံပေါ်ရှိ နေရာကို လှမ်းကြည့်လိုက်ပြီး မေးလိုက်၏။
“ဆရာ... အဲဒီ အခင်းအကျင်း ကို အခုထိ အပြည့်အဝ နားလည်အောင် မလုပ်နိုင်သေးဘူးလား ခင်ဗျာ”
တာအိုဆရာ ထျန်းယွီ သည် ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး ဆိုလိုက်၏။
“ဘယ်လွယ်မလဲ ကွ... ဒီအခင်းအကျင်း က သာမန် အခင်းအကျင်း မဟုတ်ဘူး... ရှေးဟောင်း ကောင်းကင် အင်မော်တယ် နန်းတော် ရဲ့ အရေးကြီးတဲ့ လျှို့ဝှက် ဂူစံအိမ် တစ်ခုကနေ ရလာတာ”
“ငါ့ရဲ့ အဆင့်မြင့် စတုတ္ထအဆင့် အခင်းအကျင်း တာအို ပညာရပ်နဲ့တောင်... ဒီအခင်းအကျင်း ရဲ့ တစ်စိတ်တစ်ပိုင်း လောက်ကိုပဲ ကူးယူနိုင်ခဲ့တာ”
“ဒါတောင်မှ... အဲဒီ တစ်စိတ်တစ်ပိုင်း လေးကနေ ငါ ခံစားနေရတဲ့ လျှို့ဝှက် ဆန်းကြယ်မှု တွေက တချို့သော အဆင့်နိမ့် ပဉ္စမအဆင့် အခင်းအကျင်း တွေထက်တောင် သာလွန်နေသေးတယ်”
စုယွီသည် သူကိုယ်တိုင် လေ့လာချင်ကြောင်း၊ သို့မဟုတ် တာအိုဆရာ ထျန်းယွီ ထက်ပင် ပိုမို မြန်ဆန်စွာ နားလည် သဘောပေါက်အောင် လုပ်နိုင်ကြောင်း စသည်ဖြင့် မာနထောင်လွှားစွာ ဝင်ရောက် ပြောဆိုခြင်း မပြုခဲ့ချေ။
ထမင်းစားလျှင် တစ်လုတ်ချင်း စားရသည့်နှယ်၊ လမ်းလျှောက်လျှင်လည်း တစ်လှမ်းချင်း လျှောက်ရမည် မဟုတ်ပါလော။
သူသည် ယခုမှ အဆင့်မြင့် တတိယအဆင့် အခင်းအကျင်း ပညာရှင် အဖြစ်သို့ ရောက်ရှိထားကာ၊ တတိယအဆင့် အခင်းအကျင်း ဆယ်ခုကျော်ခန့်ကိုသာ ကျွမ်းကျင်စွာ တတ်မြောက်ထားသေးပြီး၊ အဆင့်မြင့် တတိယအဆင့် အခင်းအကျင်း များကို အပြည့်အဝ နားလည်နိုင်ရန်ပင် များစွာ လိုအပ်နေသေးသည် မဟုတ်ပါလော။
ထိုမျှလောက် အဆင့်မြင့်မားသော အခင်းအကျင်း များကို ယခုအချိန်တွင် သွားရောက် လေ့လာနေရန် လုံးဝ မလိုအပ်သေးချေ။
ခြံဝင်းငယ်လေး အတွင်း၌ သူ၏ ဆရာ တာအိုဆရာ ထျန်းယွီ နှင့်အတူ ခေတ္တမျှ နေထိုင်ကာ စကားစမြည် ပြောဆိုပြီးနောက်၊ အဘိုးအို၏ စိတ်အခြေအနေ ကောင်းမွန်သွားသော အခါမှသာ စုယွီသည် ဂူစံအိမ် သို့ ပြန်ရန် ထွက်ခွာလာခဲ့၏။
ဂူစံအိမ် သို့ ပြန်လည် ရောက်ရှိလာသောအခါ စုယွီသည် ဂူစံအိမ်၏ ဗဟိုရှိ ဝိညာဉ် ကျောက်စိမ်း ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ စိတ်အာရုံ အတွင်း၌ ရွှေပုစဉ်း နည်းစနစ် ကို လည်ပတ်စေလိုက်သည်နှင့် တစ်ပြိုင်နက်၊ စုယွီ၏ အသိစိတ်မှာ ချက်ချင်းပင် တည်ငြိမ် အေးချမ်းသွားတော့သည်။ ယနေ့ ဖြစ်ပျက်ခဲ့သော အန်းချန်ရုံ ၏ ကိစ္စများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး၊ ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် တွင် ဘာတွေ ဆက်ဖြစ်နေမည် ဆိုသည်ကိုလည်း သူ စိတ်မဝင်စားတော့ချေ။
'ငါ လုပ်ရမယ့် အလုပ်တော့ ငါ လုပ်ပြီးပြီပဲ။ နောက်ထပ် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာက ငါ ထိန်းချုပ်လို့ ရတဲ့ ကိစ္စမှ မဟုတ်တော့တာ။'
'ဂူစံအိမ် ထဲမှာ အေးအေးဆေးဆေး နေပြီး ကျင့်ကြံနေတာကပဲ အကောင်းဆုံးပါလေ။'
သူသည် ကျွမ်းကျင်မှု မျက်နှာပြင် ကို တစ်ချက်စစ်ဆေးလိုက်၏။
တတိယအဆင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ၏ ကျွမ်းကျင်မှုမှာ ၇၆.၁၈ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီပင်။
တတိယအဆင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ၏ တာအို အရစ်အကြောင်း ပေါင်း (၇,၅၀၀) နီးပါးခန့်ကို သူ၏ ခန္ဓာကိုယ် အတွင်း၌ အောင်မြင်စွာ တံဆိပ်ခတ်နှိပ် ပြီးစီးခဲ့တော့၏။
သူသည် ရွှေအမြုတေ အဆင့် (၈) နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ကိုယ်ခန္ဓာ တစ်ခုကို ပိုင်ဆိုင်နိုင်ရန် သိပ်မလိုတော့ချေ။
'ပထမဆုံး အနေနဲ့ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ကို ပြီးပြည့်စုံအောင် လုပ်ရမယ်'
စုယွီက သူ့ဘာသာသူ တွေးတောလိုက်၏။
'နောက်ဆက်တွဲ ကျင့်စဉ် တွေ အတွက်ကတော့... ကံတရား အတိုင်းပဲပေါ့လေ။ တကယ်လို့ ရှာတွေ့နိုင်မယ် ဆိုရင်လည်း အချိန်တန်ရင် ထွက်လာမှာပါ။ ဘာမှ ပူပန်နေစရာ မလိုပါဘူး။'
'တကယ်လို့ ရှာမတွေ့ခဲ့ရင်လည်း... ငါ့ရဲ့ မိကျောင်းမိစ္ဆာ သိုင်းကွက် (၁၀၈) ကွက် ကိုပဲ ဆက်ကျင့်တာပေါ့... ဘာမှ မှားသွားတာမှ မဟုတ်တာ။'
ခေတ္တမျှ စဉ်းစား တွေးတောပြီးနောက် စုယွီသည် အဆင့်မြင့် တတိယအဆင့် ဝိညာဉ်အရည် တစ်စက်ကို သောက်သုံးလိုက်ပြီး၊ တတိယအဆင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် ၏ တာအို အရစ်အကြောင်း များကို ခန္ဓာကိုယ် အတွင်း၌ ဆက်လက် ဖွဲ့တည်နိုင်ရန် အာရုံစိုက် လိုက်တော့သည်။
...
အခြား တစ်နေရာတွင်၊
ပင်မ တောင်ထွတ်ရှိ ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် ၌။
ဟင်းလင်းပြင် လှိုင်းများ လှုပ်ခတ်သွားမှုနှင့်အတူ ကျောက်စိမ်းမှတ်တမ်း တစ်ခုနှင့် သိုလှောင် လက်စွပ် တစ်ကွင်းသည် ခန်းမဆောင်၏ ကြမ်းပြင်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် မှ တပည့် နှစ်ဦးသည် ထိုနေရာမှ ဖြတ်လျှောက်လာခဲ့ပြီး သူတို့၏ အကြည့်များမှာ ထိုပစ္စည်း နှစ်ခုပေါ်သို့ ကျရောက်သွား၏။ ထိုလူနှစ်ဦးမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။
“ဒါတွေက ဘယ်သူ့ ပစ္စည်းတွေလဲ။ ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်နေတာလဲ”
လူတစ်ဦးသည် ကျောက်စိမ်းမှတ်တမ်း နှင့် သိုလှောင် လက်စွပ် ကို ကောက်ယူလိုက်၏။
နောက်တစ်စက္ကန့်တွင်မူ၊
ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် မှ တပည့်သည် ရုတ်တရက် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“ထူးဆန်းလိုက်တာ... ဒီ သိုလှောင် လက်စွပ် မှာ နတ်ဘုရား အာရုံ အမှတ်အသား လည်း မရှိဘူး... ပိုင်ရှင်မဲ့ ဖြစ်နေတာလား”
အခြားသော ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် မှ တပည့်သည် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ မျက်ဝန်းများမှာ ရုတ်တရက် ထက်ရှသွား၏။
ကျောက်စိမ်းမှတ်တမ်း နှင့် သိုလှောင် လက်စွပ် ကို ကောက်ယူခဲ့သူသည်လည်း သူ၏ အာမေဍိတ် အသံ ထွက်ပေါ်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည့်နှယ် ဖြစ်ကာ၊ သူ၏ အဖော်ဖြစ်သူအား လှည့်ကြည့်လိုက်ပြီး အနည်းငယ် တုန်လှုပ်စွာဖြင့် ဆိုလိုက်၏။
သူ၏ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး...
“ဒါတွေကို ငါတို့ ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် ဆီ တမင်တကာ ပို့လိုက်တာများလား”
အခြားသော ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် မှ တပည့်သည် ကျောက်စိမ်းမှတ်တမ်း နှင့် သိုလှောင် လက်စွပ် ကို စူးစိုက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“ရှင်းနေတာပဲ... ဒါ အဲဒီလို ဖြစ်ဖို့ များတယ်”
ပစ္စည်းများကို ကောက်ယူခဲ့သော တပည့်သည် မျက်မှောင်ကြုံ့လိုက်ပြီး သူ၏ အဖော်အား ပြောလိုက်၏။
“မင်း ငါ့ကို သက်သေ လုပ်ပေး... ငါ ဒီ သိုလှောင် လက်စွပ် ထဲက ပစ္စည်းတွေကို ထုတ်ကြည့်လိုက်မယ်”
အဖော်ဖြစ်သူက ခေါင်းညိတ်ပြလိုက်၏။
သူ၏ စောင့်ကြည့်မှု အောက်တွင်ပင် ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် မှ တပည့်သည် သိုလှောင် လက်စွပ် အတွင်းမှ ပစ္စည်းများ အားလုံးကို ထုတ်ယူလိုက်သည်။
အရင်းအမြစ် အချို့နှင့် အခြားသော သာမန် အသုံးအဆောင် ပစ္စည်းများ။
သို့သော်၊ …
သူတို့၏ အကြည့်များမှာ တံဆိပ်ပြား နှစ်ခုနှင့် ပုံရိပ်ဖော် အဆောင်လက်ဖွဲ့ တစ်ခုပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။
တံဆိပ်ပြား နှစ်ခုအနက် တစ်ခုမှာ သူတို့ မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ ပင်မ တောင်ထွတ် (၁၈) ခု အနက်မှ တစ်ခု ဖြစ်သော တစ္ဆေဓားတောင်ထွတ် မှ တပည့် တစ်ဦး၏ အမှတ်အသား တံဆိပ်ပြား ဖြစ်ကြောင်း အထင်းသား ပေါ်လွင်နေ၏။
အခြားသော တံဆိပ်ပြားကမူ ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် မှ တပည့် နှစ်ဦး၏ မျက်လုံးအိမ်များကို ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင်သွားစေခဲ့တော့သည်။
စိမ်းပြာငရဲ အင်မော်တယ် နန်းတော် ၏ အမှတ်အသား တံဆိပ်ပြား ပါလား။
ပြစ်ဒဏ်ပေးခြင်း ခန်းမဆောင် မှ တပည့်များ အားလုံးသည် စိမ်းပြာငရဲ အင်မော်တယ် နန်းတော် နှင့် ပတ်သက်သော သတင်း အချက်အလက်များကို ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်ကြသည်။
ထိုအင်အားစု၏ လက်အောက်ရှိ တပည့်များ၏ အဆင့်အတန်းကို ကောင်းကင်၊ မြေကမ္ဘာ နှင့် လူသား ဟူ၍ အဆင့် သုံးဆင့် ခွဲခြားထား၏။
အခန်း (၄၈၉) - မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ အပြောင်းအလဲကြီး၊ (၆) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ (အပိုင်း - ၆)
၎င်းတို့ကို ကောင်းကင်အဆင့် တပည့်၊ မြေကမ္ဘာအဆင့် တပည့် နှင့် လူသားအဆင့် တပည့် ဟူ၍ ခွဲခြား ခေါ်ဆိုကြ၏။
ယခု သူတို့၏ ရှေ့မှောက်ရှိ စိမ်းပြာငရဲအင်မော်တယ်နန်းတော် ၏ အမှတ်အသား တံဆိပ်ပြားသည် ထိုသူ၏ လူသားအဆင့် တပည့် ဆိုသည့် အဆင့်အတန်းကို အခိုင်အမာ သက်သေပြနေသည်။
တစ္ဆေဓားတောင်ထွတ် မှ တပည့်၏ တံဆိပ်ပြားကို ထပ်မံ စစ်ဆေးကြည့်လိုက်သောအခါ ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် မှ တပည့် နှစ်ဦး၏ မျက်နှာအမူအရာများမှာ ထပ်မံ၍ ပျက်ယွင်းသွားကြပြန်သည်။ လူတစ်ဦးမှာ ထိတ်လန့်တကြားဖြင့် မနေနိုင်တော့ဘဲ အော်ဟစ်လိုက်၏။
“ဒါ... ဒါ တစ္ဆေဓားတောင်ထွတ် က တပည့်ကြီး အန်းချန်ရုံ... တာအိုဆရာ ချန်ရုံ ရဲ့ ဟာပဲ”
“သူ... သူက စိမ်းပြာငရဲအင်မော်တယ်နန်းတော် ထဲကို တကယ်ကြီး ဝင်သွားခဲ့တာလား”
အခြားတစ်ယောက်သည် ပုံရိပ်ဖော် အဆောင်လက်ဖွဲ့နှင့် ကျန်ရှိနေသော ကျောက်စိမ်းမှတ်တမ်းကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး လေးနက်သော လေသံဖြင့် ဆိုလိုက်သည်။
“သွားကြစို့... ဒီကိစ္စက အကြီးအကဲတွေ ကိုယ်တိုင် ဖြေရှင်းရမယ့် ကိစ္စပဲ... မဟုတ်သေးဘူး... ခန်းမဆောင်သခင် ကိုယ်တိုင် ဖြေရှင်းမှ ရလိမ့်မယ်”
ခဏအကြာတွင်တော့ ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် တစ်ခုလုံး အကြီးအကျယ် တုန်လှုပ်သွားခဲ့တော့၏။
ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် ၏ ခန်းမဆောင်သခင်မှာ တံခါးပိတ်ကျင့်ကြံနေရာမှ အကြီးအကဲ သုံးဦး၏ ဖိတ်ခေါ်မှုကြောင့် အလောတကြီး ထွက်ပေါ်လာခဲ့ရသည်။
သူသည် အန်းချန်ရုံ ချန်ရစ်ခဲ့သော စိမ်းပြာငရဲအင်မော်တယ်နန်းတော် ၏ တံဆိပ်ပြားနှင့် ပုံရိပ်ဖော် အဆောင်လက်ဖွဲ့ကို မြင်တွေ့လိုက်ရသောအခါ၊ ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် ရှိ အကြီးအကဲများ၏ ရှေ့မှောက်တွင်ပင် ချိပ်ပိတ်ခံထားရသော အန်းချန်ရုံ ၏ ဝိညာဉ်ထဲမှ သတင်းအချက်အလက်များကို ထုတ်ယူလိုက်တော့သည်။
အန်းချန်ရုံ သည် သေရမည်ကို ကြောက်ရွံ့သဖြင့် စိမ်းပြာငရဲအင်မော်တယ်နန်းတော် ထံသို့ လက်နက်ချ အညံ့ခံခဲ့သည်ဆိုသော အချက်မှာ ချက်ချင်းပင် အတည်ပြုနိုင်ခဲ့၏။
ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် ၏ ခန်းမဆောင်သခင်သည် ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်၏။
“မြေကမ္ဘာအင်မော်တယ်နန်းတော် ကို သစ္စာဖောက်ရဲတယ်ပေါ့... သေချင်နေတဲ့ကောင်ပဲ”
သို့သော်လည်း ခန်းမဆောင်သခင်သည် တစ္ဆေဓားတောင်ထွတ် ၏ တောင်ထွတ်သခင် ဖြစ်သော အရှင်သခင်ကြီး ယွီရော့ ထံသို့ မသွားဘဲ၊ မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ နန်းတော်သခင်ကြီး ထံသို့သာ တိုက်ရိုက် သွားရောက်လိုက်သည်။
တစ္ဆေဓားတောင်ထွတ် မှ တပည့်မ (၅) ဦးသည် အင်မော်တယ်ဂိုဏ်း သို့ အထိတ်တလန့် ပြန်လည် ရောက်ရှိလာသောအခါ၊ ပြစ်ဒဏ်ပေးခြင်းခန်းမဆောင်ဖြင့် ချက်ချင်း ဖမ်းဆီး ခံလိုက်ကြရ၏။ သူမတို့သည် ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် ၏ နှလုံးသားသန့်စင်ခြင်း တာအိုလမ်းစဉ် ကို ဖြတ်သန်းရခြင်း အပါအဝင် စစ်ဆေးမေးမြန်းမှု မျိုးစုံကို ဖြတ်သန်းခဲ့ရပြီးနောက်မှသာ ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။
ရက်အနည်းငယ်မျှ တိုတောင်းသော အချိန်ကာလလေး အတွင်းမှာပင်၊ မြေကမ္ဘာအင်မော်တယ်နန်းတော် အတွင်းရှိ အင်မော်တယ်ဂိုဏ်း ၏ တပည့်များ အားလုံးသာမက၊ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီးများ ဖြစ်ကြသော အကြီးအကဲများနှင့် တောင်ထွတ်သခင် များအားလုံးပင်လျှင် ဤကဲ့သို့သော စစ်ဆေးမှု လုပ်ငန်းစဉ်များကို ဖြတ်သန်းခဲ့ကြရ၏။
အစကတည်းက စုယွီ တွေးထားခဲ့သည်မှာ အန်းချန်ရုံ အား ဖော်ထုတ်လိုက်ခြင်းဖြင့် မြေကမ္ဘာအင်မော်တယ်နန်းတော် အနေဖြင့် အများဆုံး သတိထားရုံသာ ရှိလိမ့်မည်ဟူ၍ပင်။ သို့သော်လည်း သူ လုံးဝ မမျှော်လင့်ထားခဲ့သည့် အရာမှာ မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ ကြီးမားလှသော တုံ့ပြန်မှု အတိုင်းအတာပင် ဖြစ်သည်။
ရက်အနည်းငယ် အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ တောင်ထွတ်သခင်များ၊ အကြီးအကဲများနှင့် အတွင်းစည်း တပည့်များ အားလုံးကို ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် က စစ်ဆေးခဲ့ရာ၊ သတင်းများ ဟိုးလေးတကျော် မဖြစ်မီ အချိန်လေး အတွင်းမှာပင် အင်မော်တယ်ဂိုဏ်း ကို သစ္စာဖောက်၍ စိမ်းပြာငရဲအင်မော်တယ်နန်းတော် ထံသို့ ဝင်ရောက်သွားသူ အယောက် (၃၀) နီးပါးခန့်ကို ဖော်ထုတ်နိုင်ခဲ့၏။
ထို့အပြင် အခြားသော အင်မော်တယ်ဂိုဏ်း အင်အားစုများမှ လျှို့ဝှက် စေလွှတ်ထားသော သူလျှို ဆယ်ယောက်ကျော်ခန့်ကိုလည်း ထပ်မံ တွေ့ရှိခဲ့ရသည်။
အဆိုးဆုံးမှာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်သော အကြီးအကဲ တစ်ဦးပင်လျှင် စိမ်းပြာငရဲအင်မော်တယ်နန်းတော် ၏ နယ်ရုပ် တစ်ခု အဖြစ် အဖမ်းခံခဲ့ရခြင်းပင် ဖြစ်၏။
ရက်အနည်းငယ်မျှ တိုတောင်းသော အချိန်လေး အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်နန်းတော် တစ်ခုလုံးကို အသေအချာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ စုယွီ ကိုယ်တိုင်ပင်လျှင် ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် ၏ နှလုံးသားသန့်စင်ခြင်း တာအိုလမ်းစဉ် ကို ဖြတ်သန်းခဲ့ရသည်။
နှလုံးသားသန့်စင်ခြင်း တာအိုလမ်းစဉ် ဆိုသည်မှာ နှလုံးသားကို မေးခွန်းထုတ်သော တာအိုလမ်းစဉ် ပင် ဖြစ်၏။ ၎င်းမှာ ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် ၏ အခြေခံ အုတ်မြစ်များထဲမှ တစ်ခု ဖြစ်ပြီး ပဉ္စမအဆင့် အာရုံလှည့်စားမှု အခင်းအကျင်း ကို ဗဟိုပြု၍ တည်ဆောက်ထားခြင်း ဖြစ်၏။
ကံကောင်းစွာဖြင့် ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် ၏ မေးခွန်းထုတ်မှုမှာ သူသည် မြေကမ္ဘာအင်မော်တယ်နန်းတော် ကို သစ္စာဖောက်ခဲ့ခြင်း ရှိမရှိနှင့် အခြားသော အင်အားစုများအတွက် နယ်ရုပ် အဖြစ် အလုပ်လုပ်ပေးခဲ့ခြင်း ရှိမရှိသာ ဖြစ်၏။ စုယွီ ၏ နှလုံးသားမှာ မည်သည့် အပြစ်မှ ကင်းစင်နေသဖြင့်၊ သူသည် နှလုံးသားသန့်စင်ခြင်း တာအိုလမ်းစဉ် ကို အလွယ်တကူပင် ဖြတ်သန်းနိုင်ခဲ့၏။
ထို့နောက်တွင်တော့ စုယွီ သည် ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် က သစ္စာဖောက်များ၏ မှတ်ဉာဏ်များထဲမှ မြေကမ္ဘာအင်မော်တယ်နန်းတော် အတွင်းရှိ စိမ်းပြာငရဲအင်မော်တယ်နန်းတော် ၏ ပုန်းအောင်းရာ နေရာများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ထုတ်ယူနိုင်ခဲ့ကြောင်း သိရှိလိုက်ရသည်။
အထူးသဖြင့် ထို မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး အကြီးအကဲမှာ စိမ်းပြာငရဲအင်မော်တယ်နန်းတော် ၏ အခြေစိုက်စခန်းကြီး တည်ရှိရာ နေရာကိုပါ သိရှိနေခဲ့၏။
ထိုနေ့တွင်ပင် မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ ပင်မ တောင်ထွတ် (၁၈) ခု မှ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များသည် တစ်ဦးပြီး တစ်ဦး အင်မော်တယ်ဂိုဏ်း မှ တိတ်တဆိတ် ထွက်ခွာသွားကြပြီး၊ စိမ်းပြာငရဲအင်မော်တယ်နန်းတော် ၏ အခြေစိုက်စခန်းများကို တိုက်ရိုက် သွားရောက် တိုက်ခိုက်ကြတော့သည်။ ဝိညာဉ်ခွဲဖြာ အဆင့် ရှိ အစွမ်းထက် ကျင့်ကြံသူ တစ်ဦးက လူများကို ဦးဆောင်ကာ စိမ်းပြာငရဲအင်မော်တယ်နန်းတော် ၏ အခြေစိုက်စခန်းကြီး ရှိရာသို့ ချီတက်သွားခဲ့၏။
ထိုတိုက်ပွဲကြီး ပြီးဆုံးသွားသောအခါ မြေကမ္ဘာအင်မော်တယ်နန်းတော် သည် စိမ်းပြာငရဲအင်မော်တယ်နန်းတော် မှ ဖုံးကွယ်ထားသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး (၅) ပါးနှင့် မူလဝိညာဉ် အဆင့်အောက် ကျင့်ကြံသူ ပေါင်း တစ်သောင်း နီးပါးခန့်ကို သတ်ဖြတ်နိုင်ခဲ့၏။
မြေကမ္ဘာအင်မော်တယ်နန်းတော် အတွင်းရှိ စိမ်းပြာငရဲအင်မော်တယ်နန်းတော် ၏ လွှမ်းမိုးမှု အင်အားများမှာ လုံးဝနီးပါး သုတ်သင် ရှင်းလင်းခံလိုက်ရတော့သည်။
နှစ်ဝက်ခန့် ကြာမြင့်ပြီးနောက်၊
မြေကမ္ဘာအင်မော်တယ်နန်းတော် သည် ဤတိုက်ပွဲတွင် ရရှိခဲ့သော အောင်မြင်မှုများကို လူသိရှင်ကြား ကြေညာခဲ့ပြီး၊ စိမ်းပြာငရဲအင်မော်တယ်နန်းတော် ထံသို့ စိန်ခေါ်စာ တစ်စောင် ပေးပို့ခဲ့၏။
ထိုစိန်ခေါ်စာတွင် နောက်ထပ် ရန်စမှု တစ်စုံတစ်ရာ ရှိလာပါက သေရာပါ တိုက်ပွဲ တစ်ခုကို ဆင်နွှဲရမည်ဟု ဖော်ပြထားသည်။
ထိုသတင်းများ ပေါက်ကြား သွားသောအခါ တာ့ချန် ကျင့်ကြံခြင်း လောက တစ်ခုလုံးမှာ အကြီးအကျယ် ဂယက်ထသွားတော့သည်။
'စိမ်းပြာငရဲအင်မော်တယ်နန်းတော် က မြေကမ္ဘာအင်မော်တယ်နန်းတော် ရဲ့ ခေါင်းဖြတ်တာ ခံလိုက်ရတယ်တဲ့လား... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး (၅) ပါးတောင် အသတ်ခံလိုက်ရတယ်ပေါ့... သူတို့ နယ်မြေထဲက အခြေစိုက်စခန်းတွေ အကုန်လုံးကိုလည်း မြေကမ္ဘာအင်မော်တယ်နန်းတော် က အပြတ်ရှင်းပစ်လိုက်တယ် ဟုတ်လား'
မြေကမ္ဘာအင်မော်တယ်နန်းတော် နှင့် စိမ်းပြာငရဲအင်မော်တယ်နန်းတော် တို့ကြားရှိ ပဋိပက္ခမှာ ပြင်ပ လောကတွင် အကြီးအကျယ် လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့၏။
သို့သော်လည်း မြေကမ္ဘာအင်မော်တယ်နန်းတော် ၏ အင်မော်တယ်ဂိုဏ်း အတွင်း၌မူ စုယွီ ၏ ဘဝမှာ ပုံမှန် အတိုင်းသာ ပြန်လည် ဖြစ်တည်နေခဲ့ပါသည်။ နေ့စဉ်နေ့တိုင်း ဓာတ်ကြီးငါးပါး ကျင့်စဉ်၊ ကောင်းကင် အင်မော်တယ် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်၊ ရွှေပုစဉ်း နည်းစနစ် နှင့် အထက်ဘုံ သန့်စင်သော မူလ တာအို နိယာမ တို့ကို ပုံမှန်အတိုင်း လေ့ကျင့်နေခဲ့၏။
*
ဤကဲ့သို့ပင် နောက်ထပ် (၂) နှစ်တာ ကာလ ကုန်လွန်သွားခဲ့ပြန်သည်။
ကျောက်တုံး ဂူစံအိမ် အတွင်း၌။
“ဝီ…”
စုယွီ ၏ အရှိန်အဝါ သိမ်မွေ့စွာ ပြောင်းလဲသွားမှုနှင့်အတူ၊ ဂူစံအိမ် အတွင်းရှိ ကြွယ်ဝလှသော သဘာဝ ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် စုရုံးလာပြီး သူ့ခန္ဓာကိုယ် အတွင်းသို့ ဒလဟော စီးဝင်သွား၏။ ၎င်းတို့မှာ ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားများ အဖြစ် လျင်မြန်စွာ သန့်စင်သွားပြီး၊ ဒန်တျန် အတွင်းရှိ ရွှေအမြုတေ ထဲသို့ ပေါင်းစပ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် ဒန်တျန် အတွင်းရှိ ရွှေအမြုတေ ပေါ်၌ (၆) ခုမြောက် တာအို အရစ်အကြောင်းမှာ တိတ်တဆိတ် ခိုင်မာသွားလေပြီ။ ကြီးမြတ်လှသော ဓာတ်ကြီးငါးပါး တာအို စွမ်းအားများကို သယ်ဆောင်လျက် စုယွီ ၏ ရွှေအမြုတေ ပေါ်တွင် နက်ရှိုင်းစွာ တံဆိပ်ခတ်နှိပ်သွားတော့သည်။
ဝင်းလက်တောက်ပသော ရွှေရောင် အလင်းတန်းများမှာ ဒန်တျန် တစ်ခုလုံးသို့ ဖြာထွက်သွားသည်။ စုယွီ ၏ ကျင့်ကြံခြင်း အဆင့်မှာ ရွှေအမြုတေ အဆင့် (၆) တွင်သာ ရှိနေသေးသော်လည်း၊ သူ၏ အရှိန်အဝါမှာမူ လုံးဝ အသွင်ပြောင်းလဲသွားခဲ့တော့၏။
(၆) ကြိမ်မြောက် အသွင်ပြောင်းထားသော ရွှေအမြုတေ နှင့် ရွှေအမြုတေ အဆင့် (၆) ပါလား။
(၅) ကြိမ်မြောက် အသွင်ပြောင်းထားသော ရွှေအမြုတေ အဆင့် (၆) နှင့်ဆိုလျှင် အဆင့်အတန်းချင်း လုံးဝကို ကွာခြားလှသည်။
အသွင်ပြောင်းလဲမှု တစ်ကြိမ် တိုးတက်သွားခြင်း ဆိုသည်မှာ ကျင့်ကြံခြင်း နယ်ပယ် တစ်ခု၏ အသေးစား ပိတ်ဆို့မှု တစ်ခုကို ချိုးဖျက်လိုက်ရခြင်း နှင့်ပင် တူညီလှ၏။
ရွှေအမြုတေ ၏ အသွင်ပြောင်းလဲမှု ပြီးစီးသွားသောအခါ စုယွီ သည် မျက်လုံးများကို ဖွင့်လိုက်ပြီး သက်ပြင်း တစ်ချက်ကို ဖွဖွလေး ရှူထုတ်လိုက်၏။ သူ၏ မျက်ဝန်းများမှာ တောက်ပသွားပြီး၊ ပတ်ဝန်းကျင်ရှိ လောကကြီးမှာ အေးခဲသွားသည့်နှယ် ရှိသည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင် နယ်မြေ တစ်ခုအလား ထင်ရှားလှသော အင်မော်တယ် အငွေ့အသက် များဖြင့် လွှမ်းခြုံထားခြင်း ခံလိုက်ရ၏ယ
ထိုအခိုက်အတန့်တွင် စုယွီ ၏ အကြည့်အောက်၌၊ ပတ်ဝန်းကျင်ရှိ လောကကြီးသည် မှေးမှိန်သော ဓာတ်ကြီးငါးပါး တာအို စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့တော့သည်။
ထိုစွမ်းအားများသည် စုယွီ၏ ပတ်လည်တွင် စုရုံးလာကြပြီး၊ သူ့အတွက် သီးသန့်ဖြစ်သော အင်မော်တယ် တာအို နယ်ပယ် တစ်ခုကို တည်ဆောက်နေသည့်အလား ထင်မှတ်ရသည်။
သို့သော်လည်း ဤစွမ်းအားများမှာ အနည်းငယ် ကျဲပါးနေသေးပြီး သာမန်သာ ရှိနေသေးကာ၊ အပြည့်အဝ မဖွဲ့တည်နိုင်သေးပေ။
'ငါ့ရဲ့ ခန္ဓာကိုယ် ထဲက ရွှေအမြုတေ သာ (၉) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ အဖြစ် ပြောင်းလဲသွားတဲ့ အချိန်ကျရင်... ဒီအသွင်ပြောင်းလဲမှု ရဲ့ အံ့ဖွယ်တွေကို ငါ တကယ့်ကို ခံစားကြည့်ခွင့် ရလာမလား မသိဘူး... (၉) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ ဆိုတာ ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလိုက်မလဲ'
လွန်ခဲ့သော နှစ်ဝက်ခန့်က၊
စုယွီ သည် တာအိုဆရာမ ချင်းချွမ် အား နှုတ်ဆက်ခဲ့၏။ သူမသည် မြေကမ္ဘာအင်မော်တယ်နန်းတော် မှ ထွက်ခွာသွားပြီး အခြားသော အင်မော်တယ် မြို့တော် တစ်ခုကို သွားရောက် စောင့်ကြပ်ခဲ့သည်။ သူမသည် ဘေးကင်းစေရန် အတွက် ဈေးတန်း သို့မဟုတ် အရင်းအမြစ် နေရာကို မရွေးချယ်ဘဲ၊ အင်မော်တယ် မြို့တော် တစ်ခုကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း လမ်းခွဲ နှုတ်ဆက်ချိန်တွင် စုယွီ သည် သူမအား တတိယအဆင့် အဆင့်မြင့် အဆောင်လက်ဖွဲ့ အချို့ကို ပေးအပ်ခဲ့သေးသည်။
စုယွီ ၏ ရွှေအမြုတေ မှာ (၆) ကြိမ်မြောက် အသွင်ပြောင်း ရွှေအမြုတေ အဖြစ် ပြောင်းလဲသွားပြီးနောက် တစ်လ ကျော်ခန့် အကြာတွင်၊ လော့ချန်ယွီ သည် အင်မော်တယ် နန်းတော် သို့ ရုတ်တရက် ပြန်လည် ရောက်ရှိလာခဲ့ပြီး၊ အရှင်သခင်ကြီး ယွီရော့ နှင့်အတူ စတင် ကျင့်ကြံနေခဲ့၏။
ထိုညတွင် လော့ချန်ယွီ သည် တာ့ယွဲ့တောင်ထွတ် ရှိ စုယွီ ၏ ဂူစံအိမ် သို့ ရောက်ရှိလာခဲ့၏။ သူတို့ နှစ်ဦးသည် အရသာရှိသော အစားအစာများကို မြည်းစမ်းကြပြီး၊ စုယွီ က စီမံခန့်ခွဲရေး ခန်းမဆောင် မှ လဲလှယ်ထားသော တတိယအဆင့် အကောင်းစား ဝိုင်အရက်များကို သောက်သုံးကြသည်။
ဝိညာဉ် ဝိုင်အရက် ခွက်အတော်များများ သောက်သုံးပြီးနောက်၊ အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် စုယွီ ပင်လျှင် အနည်းငယ် မူးယစ် ရီဝေလာသည်ကို ခံစားလိုက်ရသည်။
သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လော့ချန်ယွီ ၏ လှပသော မျက်နှာလေးမှာလည်း နီမြန်းနေပြီး၊ သူမ၏ မျက်ဝန်းများမှာ အနည်းငယ် ရီဝေနေတော့၏။ သူမသည် ဝိညာဉ် ဝိုင်အရက်ကို နောက်ထပ် တစ်ငုံ ထပ်သောက်လိုက်ပြီး၊ ပူနွေးပြီး ရီဝေနေသော သက်ပြင်းလေး တစ်ချက်ကို ရှူထုတ်လိုက်သည်။
စားသောက် ရယ်မောပြီးနောက် စုယွီ သည် လော့ချန်ယွီ အား ပြန်လည် ပို့ဆောင်ရန် ပြင်ဆင်လိုက်၏။ ရုတ်တရက် လော့ချန်ယွီ က သူ့အား ကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်၏။
“အန်းချန်ရုံ... ဘယ်လို သေသွားတာလဲ”
စုယွီ မှာ ချက်ချင်း အမူးပြေသွားပြီး ခပ်ဟဟ ရယ်ကာ
“အဟား၊ ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် က ကြေညာထားတယ် မဟုတ်လား... လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်က သူ့ကို အရှင်လတ်လတ် ဖမ်းဆီးသွားပြီး၊ သူ မြေကမ္ဘာအင်မော်တယ်နန်းတော် ကို သစ္စာဖောက်တဲ့ အကြောင်းတွေကို အာရုံလှည့်စားမှု ကတစ်ဆင့် မှတ်တမ်းတင်ခဲ့တာလေ... ပြီးတော့မှ... သူ့ရဲ့ ဝိညာဉ် နဲ့ သိုလှောင် လက်စွပ်ကို ချိပ်ပိတ်ပြီး ပြစ်ဒဏ်ပေးခြင်းခန်းမဆောင် ဆီ ပို့လိုက်တာပေါ့”
“အော်... အဲဒီလို ဖြစ်သွားတာကိုး”
လော့ချန်ယွီ က သူ့အား စိုက်ကြည့်ရင်း ခပ်ဖွဖွ .. ရယ်လိုက်၏။
နှင်းတောထဲတွင် ပွင့်လန်းနေသော ဆီးနှင်းပန်းလေး တစ်ပွင့်အလား ရင်သပ်ရှုမောဖွယ် ကောင်းလှသော ဆွဲဆောင်မှု တစ်ခုသည် သူမထံမှ ဖြာထွက်နေသည်။ ဝိညာဉ် ဝိုင်အရက်ကို သောက်သုံးထားသဖြင့် သူမ၏ မျက်နှာလေးမှာ နီမြန်းနေပြီး မျက်ဝန်းများမှာလည်း အနည်းငယ် ရီဝေနေတော့၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင်၊ စုယွီ သည် သူမ၏ မျက်နှာပေါ်ရှိ ညှို့ယူ ဖမ်းစားနိုင်သော ဆွဲဆောင်မှုမျိုးကို ပထမဆုံး အကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်းပါပင်။
လော့ချန်ယွီ တွင်လည်း သူမ၏ ကိုယ်ပိုင် မာန ရှိလေသည်။ သူမသည် ယွင်ကျန်း ဂိုဏ်းမှ စတင်ကာ ယခု ရောက်ရှိနေသော နေရာအထိ သူမကိုယ် သူမ အားကိုး၍ လျှောက်လှမ်းလာခဲ့ခြင်း ဖြစ်၏။
ယခင်ကဆိုလျှင် သူမသည် ဤကဲ့သို့ မိန်းမဆန်သော အမူအရာမျိုးကို တစ်ကြိမ်တစ်ခါမျှ မပြသဖူးချေ။