အခန်း ၂၄၉-၂၅၀
Vol. 25 Ch. 249-250
အခန်း (၂၄၉) မိစ္ဆာနှိမ်နင်းရေးစေတီ
ချင်းရှောင်တောင်ခြေရှိ ရှီးမြစ်တစ်လျှောက်တွင် လီချင်းချိုး လမ်းလျှောက်ထွက်လာရာ နောက်မှ ကျန်းယွီချွန်း၊ ချိုင်ယွင်ရှန်း၊ ချူကျင်း၊ ရှောင်ဝူချင်းနှင့် စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့်တစ်ဒါဇင်ကျော်တို့ လိုက်ပါလာကြသည်။
ထိုသို့သော လူအင်အားနှင့် လာခြင်းကြောင့် လမ်းတစ်လျှောက်ရှိ တပည့်များမှာ အနားသို့မကပ်ရဲကြသလို နှုတ်ဆက်ရန်ပင် ဝန်လေးနေကြသည်။ ယနေ့ လီချင်းချိုး လာရခြင်းမှာ အကျဉ်းထောင်ဆောက်လုပ်ရန် နေရာရွေးချယ်ရန်ဖြစ်သည်။
ချင်းရှောင်ဂိုဏ်း၏ တပည့်ဦးရေ များပြားလာပြီး သမိုင်းကြောင်း ရှည်လျားလာသည်နှင့်အမျှ အချို့သောတပည့်များမှာ လမ်းမှားသို့ ရောက်ရှိသွားတတ်ကြသည်။ အချို့သော ပြစ်မှုများအတွက် ကိုယ်လက်လှုပ်ရှား အလုပ်ကြမ်းခိုင်းစေရုံဖြင့် မလုံလောက်တော့ချေ။ ချိုင်ယွင်ရှန်းက အကျဉ်းထောင်တစ်ခု ဆောက်လုပ်ရန် အကြိမ်ကြိမ် တင်ပြခဲ့ဖူးပြီး ယနေ့တွင်မူ လက်တွေ့ အကောင်အထည်ဖော်ရန် ဖြစ်လာခဲ့သည်။
ချိုင်ယွင်ရှန်းသည် တပည့်များအကြောက်ဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။ နောက်ခံ မည်မျှပင်ကောင်းစေကာမူ အမှားပြုလုပ်ပါက သူမက ဘယ်သောအခါမှ လျှော့ပေါ့ပေးလေ့မရှိပေ။ ယခင်က ယန်ကျွယ်တိန် အကန့်အသတ်ကို ကျော်လွန်သွားစဉ်က သူမတယောက်တည်းသာ တိုက်ရိုက်ပင် ရင်ဆိုင်ရဲခဲ့သည်။ သူမ၏ ကြောက်မက်ဖွယ်ကောင်းသော နာမည်မှာ ဂိုဏ်းတစ်ခုလုံးတွင် ကျော်ကြားလှသည်။
"ဒီအကျဉ်းထောင်ကို ချင်းရှောင်တောင် အနားမှာ ဆောက်တာ အကောင်းဆုံးပဲ၊ အဲဒါမှ ပြဿနာတစ်ခုခုဖြစ်ရင် နှိမ်နင်းဖို့ လွယ်ကူမှာ" ရှေ့မှ လျှောက်နေသော လီချင်းချိုးကို ကြည့်ရင်း ချိုင်ယွင်ရှန်းက အကြံပြုသည်။
ချင်းရှောင်ဂိုဏ်း မည်မျှပင် တိုးတက်လာပါစေ ချင်းရှောင်တောင်သည် အမြဲတမ်း အင်အားအကောင်းဆုံး နေရာဖြစ်နေမည်ပင်။ မသိမသာပင် ချင်းရှောင်ဂိုဏ်းအတွင်း အဆင့်အတန်းခွဲခြားမှုများ ဖြစ်ပေါ်လာပြီး ချင်းရှောင်တောင်သို့ ပြောင်းရွှေ့နေထိုင်ခွင့်ရရန်မှာ တပည့်အများစု၏ မျှော်လင့်ချက်ဖြစ်လာသည်။ ထို့ပြင် ချင်းရှောင်တောင်ပေါ်တွင် ပို၍မြင့်သောနေရာ၌ နေထိုင်ရလေ အဆင့်အတန်း ပိုမြင့်လေပင် ဖြစ်သည်။
ချူကျင်း ကဆက်ပြောသည်
"မဟုတ်ဘူး၊ တကယ်လို့ ချင်းရှောင်တောင် အနားမှာ ဆောက်လိုက်ရင် နောင်တစ်ချိန်မှာ ဒါက မငြိမ်မသက်မှုတွေရဲ့ အရင်းအမြစ် ဖြစ်သွားနိုင်တယ်။ ရန်သူက စည်းကမ်းထိန်းသိမ်းရေးခန်းမက တပည့်တွေကို လာဘ်ထိုးပြီး အတွင်းလူအဖြစ် သုံးသွားရင် ဒီထောင်က ကျုပ်တို့အတွက် ရင်ဘတ်ထဲက ဆူးတစ်ချောင်း ဖြစ်သွားလိမ့်မယ်။"
ချိုင်ယွင်ရှန်းက သူမ၏ တပည့်များမှာ လာဘ်ထိုး၍မရနိုင်ကြောင်း ပြောချင်သော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင်ပင် ရပ်တန့်သွားသည်။
ချူကျင်းက "ဒါကို ထိုက်ခွန်းတောင်တန်းရဲ့ အစွန်းနားမှာ ဆောက်တာ ပိုကောင်းလိမ့်မယ်။ အနည်းဆုံးတော့ ချင်းရှောင်တောင်နဲ့ အကွာအဝေးတစ်ခု ခြားထားရမယ်။ တစ်ယောက်ယောက် ထောင်ဖောက်ပြေးရင်တောင် ကျုပ်တို့ ပြန်ဖမ်းလို့ရတာပဲ။ ဒါကြောင့်လည်း ဓားဂိုဏ်းကို တည်ထောင်ထားတာ မဟုတ်လား... သူတို့ ထွက်ပြေးလို့ အပြစ်မဲ့သူတွေ ထိခိုက်နိုင်ပေမယ့် ချင်းရှောင်ဂိုဏ်းရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ယှဉ်ရင် အဲဒါတွေက ထည့်ပြောနေစရာ မလိုပါဘူး"
ထိုစကားမှာ ရက်စက်လွန်းလှသဖြင့် အခြားသူများ မျက်မှောင်ကြုတ်သွားကြသော်လည်း မငြင်းဆန်နိုင်ကြပေ။ အနာဂတ်တွင် မည်ကဲ့သို့သော ကျင့်ကြံသူများကို ဤထောင်ထဲတွင် ချုပ်နှောင်ထားရမည်ကို မည်သူမှ မသိနိုင်ကြချေ။
လီချင်းချိုးသည်လည်း ဤအချက်ကို စဉ်းစားနေသည်။ သူကိုယ်တိုင် ချင်းရှောင်တောင်တွင် ရှိနေသရွေ့ မည်သည့်ပြောင်းလဲမှုကိုမဆို မကြောက်သော်လည်း သူသည် ချင်းရှောင်တောင်တွင် ထာဝရ ရှိနေနိုင်မည် မဟုတ်ပေ။
ကျန်းယွီချွန်းက ချူကျင်းနှင့် သဘောထားကွဲလွဲခဲသော်လည်း ဤတစ်ကြိမ်တွင်မူ အကျဉ်းထောင်ကို တင်းကျပ်စွာ မစောင့်ကြပ်ပါက ပတ်ဝန်းကျင်ရှိ လူများကို ဒုက္ခပေးရုံသာမက ချင်းရှောင်ဂိုဏ်း၏ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေနိုင်သည်ဟု ခံစားရသည်။ ဂိုဏ်းအနေဖြင့် အကျဉ်းထောင်ကို ထိန်းချုပ်နိုင်စွမ်းရှိရမည်ဟု သူယူဆသည်။
အခြားသူများ ငြင်းခုံနေစဉ်တွင် လီချင်းချိုး ရုတ်တရက် ပြောလိုက်သည်။"ဒီအကျဉ်းထောင်ကို စေတီပုံစံမျိုး ဆောက်ရင် ဘယ်လိုနေမလဲ"
စေတီပုံစံ
အားလုံးက သူ့ကို ဝေခွဲမရသော မျက်နှာများဖြင့် ကြည့်လိုက်ကြသည်။
စေတီတစ်ဆူ ဆောက်ခြင်းမှာ အကျဉ်းထောင်ဆောက်ခြင်းထက် ပို၍ခက်ခဲသည်။ အကျဉ်းထောင်ဆိုပါက တောင်နံရံမြေပြင်အနေအထားကို အသုံးချ၍ ကုန်ကြမ်းပစ္စည်းများကို ချွေတာနိုင်သည်။
လီချင်းချိုးက "နောင်တစ်ချိန်မှာ ဒီစေတီကို လူ့လောကကို ဒုက္ခပေးနေတဲ့ မိစ္ဆာတွေကို ချုပ်နှောင်ဖို့အတွက်လည်း အသုံးပြုနိုင်တယ်။ ဒါကြောင့် ဒီစေတီကို မိစ္ဆာနှိမ်နင်းရေးစေတီ လို့ အမည်ပေးမယ်။"
"ဒါဆိုရင် ကျုပ်တို့အနေနဲ့ ဝိညာဉ်ကြေးနီတွေ ဒါမှမဟုတ် ရွှေစင်သံရိုင်းတွေ ပိုပြီး လိုအပ်လာလိမ့်မယ်..." ကျန်းယွီချွန်းက တုံ့ဆိုင်းစွာ ပြောသည်။
"ရပါတယ်၊ ဖြည်းဖြည်းချင်းပဲ ဆောက်ကြတာပေါ့။ အခုလောလောဆယ်တော့ နှိမ်နင်းထားဖို့ လိုအပ်တဲ့ အစွမ်းထက် မိစ္ဆာတွေ ဒါမှမဟုတ် ကျင့်ကြံသူတွေ မရှိသေးပါဘူး။"
လီချင်းချိုးက ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်ရာ ကျန်းယွီချွန်းအတွက်လည်း ယုတ္တိရှိသွားသည်။ အမှန်ပင်၊ ချင်းရှောင်တောင်ကဲ့သို့ပင် ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်သွား၍ ရပါသည်။ ချင်းရှောင်တောင်ကို ပြုပြင်ထိန်းသိမ်းမှုမှာလည်း တစ်ခါမှ ရပ်တန့်မသွားခဲ့ပေ။
ယခုအချိန်တွင် ချင်းရှောင်ဂိုဏ်းသည် လောကီစည်းစိမ်များအတွက် စိုးရိမ်စရာ မလိုတော့ချေ။ သူတို့ဘက်က အရင်းအမြစ်တစ်ခုခု လိုအပ်သည်ဟု ဆိုသည်နှင့် အင်အားစုအသီးသီးက အပြိုင်အဆိုင် လာရောက်ပေးပို့ကြမည်ဖြစ်သည်။ ချင်းရှောင်ဂိုဏ်း အမှန်တကယ် လိုလားသည်မှာ သာမန်လူသားများ မသုံးနိုင်သော ကျင့်ကြံရေး အရင်းအမြစ်များသာ ဖြစ်သည်။ ဝိညာဉ်ကြေးနီတောင်တန်းတွင် ကြောက်မက်ဖွယ်ကောင်းသော သိုလှောင်မှုများ ရှိနေသဖြင့် ဆောက်လုပ်ရေးအတွက် အာရုံစိုက်နိုင်ပြီဖြစ်သည်။
အဖွဲ့သားများမှာ ဆက်လက်လျှောက်လှမ်းလာကြပြီး နောက်ဆုံးတွင် ဇီယန်တောင်ထွတ်၏ နောက်ကွယ်ရှိ မြေကွက်လပ်တစ်ခုတွင် မိစ္ဆာနှိမ်နင်းရေးစေတီ ဆောက်လုပ်ရန် နယ်နိမိတ် သတ်မှတ်လိုက်ကြသည်။
ထိုနေ့မှာပင် မိစ္ဆာနှိမ်နင်းရေးစေတီ သတင်း ပျံ့နှံ့သွားပြီး တပည့်များအကြား ဆွေးနွေးစရာ ဖြစ်လာခဲ့သည်။ သူတို့အားလုံး မသိမသာ ဖိအားတစ်ခုကို ခံစားလိုက်ရပြီး အကယ်၍ အမှားတစ်ခုခု ပြုလုပ်မိပါက မိစ္ဆာနှိမ်နင်းရေးစေတီအတွင်းသို့ ပစ်ချခံရမည်ကို စိုးရိမ်လာကြသည်။
နှစ်သစ်တွင် လျူကျင်းက အောင်ပွဲများ ဆက်တိုက်ရရှိနေပြီး လွန်ခဲ့သော ၄ လက ပြည်နယ် ၂ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။ ယခုအခါ သူသည် ပြည်နယ် ၅ ခုကို စိုးမိုးထားပြီဖြစ်သည်။ ဤအတောအတွင်း နှစ်ဖက်စလုံးမှ စုစုပေါင်း စစ်သည်အင်အား တစ်သန်းကျော် ပါဝင်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းမှာ ရှုပ်ထွေးသော ခေတ်ကာလ စတင်ပြီးနောက်ပိုင်း အရှားပါးဆုံး တိုက်ပွဲကြီးဖြစ်ပြီး နောက်ဆုံးတွင် လျူကျင်းကသာ အပြတ်အသတ် အောင်ပွဲရရှိခဲ့သည်။
ဤတိုက်ပွဲတွင် လီရွှီကျုံးမှာ ထူးထူးခြားခြား တောက်ပခဲ့ပြီး လျူကျင်းက သူ့ကို မြောက်ပိုင်းကို အောင်နိုင်သော စစ်သူကြီးဟူသော ဘွဲ့ကို အပ်နှင်းခဲ့သည်။
လျူကျင်း၏ လောကကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် လုပ်ဆောင်မည့် အရှိန်အဝါမှာ မည်သူမျှ တားဆီး၍မရတော့ပေ။
မေလတွင် ဟူယန်၏ ကျင့်ကြံမှုမှာ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားသည်။ ဤအဆင့်တွင် သူ့ရဲ့ ပါရမီရှင် ဂုဏ်သတင်းမှာ ဖုံးကွယ်ထား၍ မရတော့ပေ။
ဂိုဏ်းချုပ်၏ တပည့်သစ်မှာ အထီးကျန်ဓားထက်ပင် ပို၍ အစွမ်းထက်နိုင်သော ပါရမီရှင်ဖြစ်ကြောင်း တပည့်များ ပိုမိုသိရှိလာကြသည်။ ဟူယန်၏ ရုတ်တရက် တိုးတက်လာမှုသည် အမည်ခံတပည့်များနှင့် အလုပ်သမားတပည့်များအတွက် မျှော်လင့်ချက် ဖြစ်လာစေသည်။ အကြောင်းမှာ ဟူယန်သည် ဝင်ခွင့်စာမေးပွဲတွင် အမည်ခံတပည့်အဖြစ်သာ ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းက ဝင်ခွင့်စာမေးပွဲရလဒ်တစ်ခုတည်းဖြင့် အရာအားလုံးကို ဆုံးဖြတ်၍ မရကြောင်း သက်သေပြနေသည်။
ဂိုဏ်းချုပ်၏ အမြော်အမြင်ရှိမှုမှာ တစ်ကြိမ်ထပ်မံ ချီးကျူးခံရပြီး ဝိဉာဉ်ထိန်းချုပ်ရေးခန်းမသည်လည်း ပိုမိုပြည့်စုံသော စစ်ဆေးမှု စည်းမျဉ်းများကို မည်သို့သတ်မှတ်ရမည်ကို စဉ်းစားလာကြသည်။ သို့သော် ကျင့်ကြံခြင်းမှာ သိုင်းပညာနှင့် မတူပေ။ ကျင့်စဉ်များကို မသင်ကြားပေးဘဲ တစ်စုံတစ်ယောက်၏ ကျင့်ကြံရေးပါရမီကို တိုက်ရိုက်ဆုံးဖြတ်ရန်မှာ ခက်ခဲလှသည်။ သို့သော် ချင်းရှောင်ဂိုဏ်းသည် တပည့်သစ်များအတွက် အခွင့်အရေး ချန်ထားပေးသည်။ ဝင်ခွင့်စာမေးပွဲတွင် ရလဒ်မကောင်းသော်လည်း အလုပ်ကြမ်းများနှင့် ဂိုဏ်းအတွက် အကျိုးပြုမှုများမှတစ်ဆင့် ကျင့်စဉ်များကို ရယူနိုင်သည်။ ထိုအချိန်မှသာ သူတို့၏ ပါရမီ ပေါ်ထွက်လာမည်ဖြစ်ပြီး ပါရမီရှင်တစ်ဦးကို မြှုပ်နှံထားခြင်းမျိုး မရှိနိုင်ဘဲ မည်သည့်အချိန်တွင် ရှာဖွေတွေ့ရှိမည်ဆိုသည့် အချက်သာ ရှိပေသည်။
နောက်ပိုင်းရက်များတွင် အချို့သောသူများက ဟူယန်၏ ကျင့်ကြံမှုအရှိန်မှာ ဂိုဏ်းသမိုင်းတစ်လျှောက်တွင် အမြန်ဆုံးဖြစ်ပြီး ရွှီနင်း သို့မဟုတ် ကျောက်ကျိန်း တို့ပင် သူ့ကို မယှဉ်နိုင်ကြောင်း ပြောဆိုလာကြသည်။
အချို့သော ဆင်ခြင်တုံတရားရှိသူများကမူ ယခုအခါ ဂိုဏ်းမှာ ယခင်နှင့်မတူတော့ကြောင်း၊ ချင်းရှောင်တောင်ပေါ်တွင် ဝိညာဉ်ပင်များစွာ စိုက်ပျိုးထားပြီး ဝိညာဉ်ချီများလည်း ယခင်ကထက် များစွာ သာလွန်နေကြောင်း၊ ထို့ပြင် ဝိညာဉ်ချီဆေးလုံးများလည်း အမြဲမပြတ် ရရှိနေကြောင်း ထောက်ပြကြသည်။ မည်သို့ပင်ဆိုစေကာမူ ဟူယန်မှာ လုံးဝ ကျော်ကြားသွားခဲ့ပြီး မည်သူမျှ လျစ်လျူရှု၍မရသော ထိပ်တန်းပါရမီရှင် ဖြစ်လာခဲ့သည်။
သို့သော် ဟူယန်ကိုယ်တိုင်မှာမူ ဤအချက်အတွက် စိုးရိမ်ပူပန်နေသည်။ သူသည် နေ့စဉ် ကျင့်ကြံနေပြီး လူများနှင့် တတ်နိုင်သမျှ အဆက်အသွယ် မလုပ်ဘဲ နေထိုင်သည်။
တစ်နေ့တွင် တောအုပ်အတွင်း၌ လီချင်းချိုးက ယွင်ချိုင်၊ လီရှို့ကျန်း၊ လီရှို့မင်၊ ရှောင်ဝူမင်းနှင့်ဟူယန်တို့ကို ကျင့်ကြံခြင်းသင်ခန်းစာများ သင်ကြားပေးနေသည်။
ကျိယာသည်လည်း ဟူယန်နှင့်အတူ ရှိနေသည်။ ဤနှစ်ဦး၏ သံယောဇဉ်မှာ ပို၍ နက်ရှိုင်းလာသည်။ ကျင့်ကြံချိန်မှလွဲ၍ သူတို့မှာ အမြဲတမ်း ခွဲမရအောင် ရှိနေကြသည်။ ကျိယာက ဟူယန်ကို ယန်လင်း နှင့် အခြား ၄ ဦးတို့နှင့်လည်း မိတ်ဆက်ပေးထားသည်။ ယန်လင်းတို့မှာ ဓားဂိုဏ်း၏ အဓိက ကျောရိုးများ ဖြစ်လာကြသည်။ ကျိယာလောက် မတောက်ပသော်လည်း သူတို့သည်လည်း ကျင့်ကြံမှုတွင် အစွမ်းကုန် ကြိုးစားနေကြသည်။
တရားထိုင်နေသော လီရှို့မင်ကို ကြည့်ရင်း ဟူယန်မှာ စိတ်ထဲတွင် လှုပ်ရှားသွားသည်။ အားလုံးက သူ့ကို ပါရမီရှင်ဟု ပြောကြသော်လည်း သူက ဘာကြောင့် ဤ ၅ နှစ်သားလေးကို မယှဉ်နိုင်ဟု ခံစားနေရသနည်း။ လီရှို့မင်မှာလည်း ထူးခြားသော ကျင့်ကြံရေးပါရမီ ရှိနေပြီး အရည်အချင်းများကို စတင်ပြသနေပြီဖြစ်သည်။ သူ့ကို မြင်တိုင်း ဟူယန်မှာ ရှင်းပြမရအောင် ပျော်ရွှင်နေမိသည်။ သူသည် လူအများ၏ အာရုံစိုက်ခံရခြင်းကို မနှစ်သက်ပေ။ လီရှို့မင်၏ ပါရမီအရ နောက်အနည်းငယ်ကြာလျှင် သူသည် ဂိုဏ်းတစ်ခုလုံးတွင် ကျောက်ကျိန်းကဲ့သို့ ကျော်ကြားလာမည်ဖြစ်သည်။
ဟူယန်က လီရှို့မင်ကို ကြည့်နေစဉ် နောက်ဘက်မှ ယွင်ချိုင်ကလည်း သူ့ကို စိုက်ကြည့်နေသည်။ ယွင်ချိုင်သည် သူမ၏ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံးကို အသုံးပြု၍ ဟူယန်၏ ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကို လေ့လာနေပြီး ဝေခွဲမရ ဖြစ်နေသည်။ ဤချီမှာ ကျင့်ကြံမှုမှ ရရှိလာခြင်းမဟုတ်ဘဲ ထူးခြားသော ချီအမျိုးအစားဖြစ်ကြောင်း သူမ မြင်နိုင်သည်။ သို့သော် ဘာကြောင့် ဟူယန်နှင့် ဂိုဏ်းချုပ်တွင်သာ ဤချီ ရှိနေရသနည်း။
ဟူယန်မှာ ဂိုဏ်းချုပ်၏ တရားမဝင် သားဖြစ်နေမလား။ ဂိုဏ်းချုပ်က ဤဖြောင့်မတ်ခြင်းချီကို အာရုံခံမိ၍ ဟူယန်ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းလား။ လီချင်းချိုးက ကံတရားအရ ဟူယန်ကို ရွေးချယ်ခဲ့ခြင်းမှာ နာမည်ကြီး ပုံပြင်တစ်ခု ဖြစ်နေသော်လည်း ယွင်ချိုင်၏ အမြင်တွင်မူ ကံတရားထက် ပိုသည်မှာ သေချာသည်။
ဟူယန်က လီချင်းချိုး၏ သားဖြစ်နိုင်သည်ဟု တွေးမိသောအခါ ယွင်ချိုင်၏ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ သို့သော် ဟူယန်ကို မုန်းတီးမသွားပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဟူယန်နှင့် သူငယ်ချင်းဖြစ်ရန်ပင် ကြံစည်နေမိသည်။ ထိုသို့ဆိုလျှင် လီချင်းချိုး၏ မျက်နှာသာပေးမှုကို ပိုရနိုင်မည်ဖြစ်သည်။ သူမက ဂိုဏ်းချုပ်နှင့် ကလေးရသည်အထိပင် စိတ်ကူးယဉ်နေမိသည်။ ထိုသို့တွေးမိသည်နှင့် သူမ၏ ပါးပြင်များ နီရဲလာပြီး နားရွက်များမှာလည်း သွေးထွက်တော့မတတ် နီမြန်းသွားသည်။
ယွင်ချိုင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို လီချင်းချိုး မြင်သောအခါ သူမအနားသို့ လျှောက်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ....မင်းရဲ့ သွေးနဲ့ချီ လည်ပတ်မှု မကောင်းလို့လား"
ယွင်ချိုင်မှာ ထိတ်လန့်သွားပြီး ခပ်မြန်မြန် ပြန်ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ ချီလည်ပတ်ပုံ နည်းလမ်းအသစ်ကို စမ်းကြည့်နေလို့ပါ"
"ကျောက်ကျိန်းလိုမျိုး ကျင့်စဉ်အသစ်တွေ ဖန်တီးဖို့ ကြိုးစားနေစရာ မလိုပါဘူး။ ငါသင်ပေးထားတဲ့အတိုင်းသာ ကျင့်ကြံပါ၊ အနှေးနဲ့အမြန် မင်းကိုယ်ပိုင် သိမြင်မှုတွေ ရလာမှာပါ" ဟု လီချင်းချိုးက အလေးအနက် ပြောလိုက်သည်။
ပါရမီရှင်သစ် ၃ ဦး ရှိနေသော်လည်း လီချင်းချိုးမှာ ယွင်ချိုင်ကို တန်ဖိုးထားဆဲပင်။ ဥပဒေသတစ်သောင်းဝိညာဉ်မျက်လုံး နှင့် အကြိမ်တစ်ရာသန့်စင်ခြင်း ရှိနေသဖြင့် ယွင်ချိုင်မှာ ဂိုဏ်း၏ ထိပ်တန်းအဆင့်မှ ကျဆင်းသွားရန် မဖြစ်နိုင်ပေ။ သူမ ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိပြီး ဂိုဏ်းအတွက် တိုက်ပွဲဝင်ပေးမည့်အချိန်ကို လီချင်းချိုး မျှော်လင့်နေသည်။
ယွင်ချိုင်က ခေါင်းငြိမ့်ပြလိုက်ပြီး လီချင်းချိုး အမြန်ထွက်သွားစေရန်သာ ဆုတောင်းနေမိသည်။ လီချင်းချိုးက အနည်းငယ် ထပ်မံမှာကြားပြီးနောက် ထွက်သွားခဲ့သည်။ ယွင်ချိုင်လည်း သက်ပြင်းချလိုက်ပြီး မျက်လုံးမှိတ်ကာ အာရုံကို ပြန်လည်စုစည်းလိုက်သည်။
ညနေစောင်းအထိ ကျင့်ကြံပြီးနောက် လီချင်းချိုးက သူတို့ကို ပြန်ခွင့်ပေးလိုက်သည်။ ထို့နောက် လီချင်းချိုးက လင်းရှောင်ခြံဝင်းသို့ တစ်ဦးတည်း လျှောက်လာခဲ့သည်။ ယနေ့နံနက်က လီစစ်ကျင်သည် ချန်ဟွေ့လန် ဖော်စပ်ထားသော ဝိညာဉ်ချီဆေးလုံးအသစ်ကို ပေးပို့ထားသည်။ထို့ကြောင့် ကိုယ်ပိုင်လှိုဏ်ဂူသို့ ပြန်၍ ထိုဆေးလုံး၏ အာနိသင်ကို စမ်းသပ်ရန် စိတ်ကူးထားသည်။
လင်းရှောင်ခြံဝင်းအောက်ရှိ လှေကားထစ်များသို့ ရောက်သောအခါ ရှောင်ဝူချင်း သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။ ယွမ်ချီ ကျုံးထျန်းမသေမျိုးမြို့တော်သို့ ထွက်သွားကတည်းက ရှောင်ဝူချင်းမှာ ယွမ်ချီ၏ တာဝန်များကို လွှဲပြောင်းယူထားပြီး လီချင်းချိုးအတွက် သတင်းစကားများ ပေးပို့ပေးရသူဖြစ်လာသည်။
လီချင်းချိုး လာသည်ကို မြင်သည်နှင့် ရှောင်ဝူချင်းက ရှေ့သို့ လျင်မြန်စွာ လာရောက်အလေးပြုပြီး တိုးတိုးလေး ပြောလိုက်သည်
"ဂိုဏ်းချုပ်၊ ထျန်းရှန်းဝိညာဉ်ရေကန်မှာ တစ်ခုခု ဖြစ်ပျက်ခဲ့ပါတယ်"
လီချင်းချိုးက မျက်မှောင်ကြုတ်လိုက်၏။ "ဘာဖြစ်တာလဲ"
ထျန်းရှန်းဝိညာဉ်ရေကန်သည် လောလောဆယ်တွင် ကျင့်ကြံရေး ကောင်းချီးမြေအဖြစ်သာ သုံးနေသော်လည်း အရင်းအမြစ်များစွာ ကြွယ်ဝသည်။ ချင်းရှောင်ဂိုဏ်းအနေဖြင့် နောင်တွင် ထိုနေရာ၌ သတ္တုတွင်းများ တူးဖော်ရမည်ဖြစ်သဖြင့် လီချင်းချိုးက ထိုနေရာကို အလွန်တန်ဖိုးထားသည်။ သူသည် ထိုနေရာတွင် တပည့် ရာနှင့်ချီ၍ ထားရှိထားပြီး တစ်ဝက်မှာ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် ရှိသော အမြုတေတပည့်များ ဖြစ်ကြသည်။
ထိုသို့သော အခြေအနေမျိုးတွင် ထျန်းရှန်းဝိညာဉ်ရေကန်၌ ဘာဖြစ်နိုင်သနည်း။
"မိစ္ဆာတစ်ကောင်က ထျန်းရှန်းဝိညာဉ်ရေကန်ကို တိုက်ခိုက်ခဲ့ပါတယ်။ တပည့် ၁၅ ဦး သေဆုံးပြီး ၁၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်..." ရှောင်ဝူချင်းက ပြောလိုက်ရာ သူ့မျက်နှာထား အလွန်ပင် ပျက်ယွင်းနေသည်။ ၎င်းမှာ အလွန်ကြီးမားသော အကျအဆုံးပင် ဖြစ်သည်။
"လင်းရှောင်ခေါင်းလောင်းကို တီးခိုင်းလိုက်"
လီချင်းချိုးက လေးနက်သော အသံဖြင့် ပြောလိုက်ပြီး လှေကားထစ်များပေါ်သို့ အမြန်တက်သွားသည်။ ရှောင်ဝူချင်းလည်း ချက်ချင်းပင် ခေါင်းလောင်းသွားတီးလေသည်။
ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်များ အားလုံး စုံလင်သွားသောအခါ လီချင်းချိုးက ရှောင်ဝူချင်းကို အခြေအနေများကို အစီရင်ခံခိုင်းလိုက်သည်။ ၎င်းကို ကြားသောအခါ အားလုံးမှာ ထိတ်လန့်သွားကြသည်။
သူတို့ ဆွေးနွေးမှု မစတင်မီ လီချင်းချိုးက စကားပြောလိုက်သည်
"ငါကိုယ်တိုင် ထျန်းရှန်းဝိညာဉ်ရေကန်ကို သွားဖို့ စီစဉ်ထားတယ်။ အဲဒီအချိန်အတွင်းမှာ ရှန်ယွဲ့ နဲ့ ကျောက်ကျိန်းတို့ တရားထိုင်တာတွေ မလုပ်ကြနဲ့ဦး။ ဂိုဏ်းကို စောင့်ကြည့်ပြီး ငါပြန်လာတာကို စောင့်နေကြ"
ကျန်းကျောက်ရှား နှင့် ရွှီနင်းတို့ ထွက်ခွာသွားပြီးနောက် ရှန်ယွဲ့နှင့် ကျောက်ကျိန်းတို့မှာ ဂိုဏ်း၏ အဓိကမဏ္ဍိုင်များ ဖြစ်လာကြသည်။ ဤကိစ္စကို သူတို့ကိုသာ အပ်နှံရမည်ဖြစ်သည်။ ၎င်းကို ကြားသောအခါ ရှန်ယွဲ့က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြပြီး ကျောက်ကျိန်းကလည်း မငြင်းဆန်ပေ။ နှစ်ဦးစလုံးမှာ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်တွင် ရှိနေကြသဖြင့် ယုံကြည်မှု အပြည့်ရှိနေကြသည်။ ကျောက်ကျိန်းဆိုလျှင် နဝမအဆင့်သို့ ရောက်ရန်ပင် မဝေးတော့ချေ။
*****
အခန်း (၂၅၀) မိစ္ဆာကြီးလော့ နှင့် တစ္ဆေမင်းဆက်….
လီချင်းချိုးက ချင်းရှောင်ဂိုဏ်းမှနေ၍ ယွီစီရင်စုရှိ ထျန်းရှန်းဝိညာဉ်ရေကန်သို့ တစ်နာရီတည်းဖြင့် တစ်ယောက်တည်း ခရီးနှင်လာခဲ့သည်။
အမှောင်ထု ဖုံးလွှမ်းနေသော ညအချိန်တွင် ထျန်းရှန်းဝိညာဉ်ရေကန် က မှေးမှိန်သော အလင်းရောင်ဖြင့် တောက်ပနေသည်။ ရေကန်၏ တစ်ဖက်တစ်ချက်တွင် မဏ္ဍပ်များ အစီအရီ တည်ရှိနေပြီး ချင်းရှောင်ဂိုဏ်း မှ တပည့်များ အားလုံးက အပြင်ဘက်တွင် တရားထိုင်နေကြသဖြင့် လေးနက်သော လေထု တစ်ခုကို ဖန်တီးပေးနေသလိုပင်။
လီချင်းချိုး ကောင်းကင်ယံမှ ဆင်းသက်လာတော့ တပည့်များက လှည့်ကြည့်လိုက်ကြသည်။ လီချင်းချိုး ဖြစ်ကြောင်း မြင်သောအခါ သူတို့ အားလုံး အံ့သြ ဝမ်းသာသွားကြသည်။
"ဂိုဏ်းချုပ် ရောက်လာပြီ..."
"ဂိုဏ်းချုပ်..."
"ဂိုဏ်းချုပ်က ဒီလောက် မြန်မြန် ရောက်လာတာလား..."
"ကောင်းလိုက်တာ... ဒါဆိုရင် အဲဒီ မိစ္ဆာဝိညာဉ်က ဂိုဏ်းချုပ်ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး..."
တပည့်များ လွန်စွာ စိတ်လှုပ်ရှားသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ရပ်လိုက်ကြသည်။
ထျန်းရှန်းဝိညာဉ်ရေကန်ကို တာဝန်ယူထားသော ဟွမ်ရှန်းက လီချင်းချိုး၏ ရှေ့သို့ တိုးလာပြီး ဦးညွှတ် နှုတ်ဆက်လိုက်သည်။
လီချင်းချိုးက သူ့ကို ဖြတ်လျှောက်သွားပြီး အဝေးရှိ အဖြူရောင် အဝတ်စများ ဖုံးအုပ်ထားသော နေရာဆီသို့ ဦးတည်သွားခဲ့သည်။ထိုအဝတ်စများ အောက်တွင် မမြှုပ်နှံရသေးသော အလောင်းများ ရှိနေသည်။ ဟွမ်ရှန်းက ဂိုဏ်းထံမှ ညွှန်ကြားချက်များကို စောင့်ဆိုင်းချင်နေခဲ့ခြင်းဖြစ်သည်။
ဂိုဏ်းချုပ်က တစ္ဆေလမ်းစဉ် မှော်ပညာရပ်များတွင် ကျွမ်းကျင်ကြောင်း သူ သိထားသဖြင့် အခြား အစီအစဉ်များ ရှိနေနိုင်သည်ဟု တွေးမိသောကြောင့်ပင်။
လီချင်းချိုးက သေဆုံးသွားသော တပည့်များ အနီးသို့ ရောက်သောအခါ သူတို့၏ မျက်နှာများကို ရှင်းလင်းစွာ မြင်ရရန် အဝတ်စများကို တစ်ခုချင်းစီ လှန်ကြည့်လိုက်သည်။
လီချင်းချိုး၏ မျက်နှာထား လွန်စွာ မည်းမှောင်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤသေဆုံးသွားသူများမှာ အခွံလွတ်များသာ ဖြစ်နေပြီး ဤတပည့်များကို တစ္ဆေကျင့်ကြံသူများ အဖြစ် ပြောင်းလဲပေးရန်ပင် အခွင့်အရေး မရတော့ကြောင်း တွေ့ရှိလိုက်ရသောကြောင့်ပင်။
အခြား တပည့်များက အနီးနားတွင် စုရုံးလာကြပြီး မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြကာ သူတို့၏ မျက်နှာများတွင် ဒေါသနှင့် နာကြည်းချက်များ ပေါ်လွင်နေ
လီချင်းချိုး မရောက်လာမီက သူတို့စိတ်ထဲတွင် ကြောက်ရွံ့ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ သူ ရောက်လာပြီးနောက်တွင် လူတိုင်းက မကြောက်ရွံ့ကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်က ပြဿနာ အားလုံးကို ဖြေရှင်းပေးနိုင်မည်ဟု သူတို့ ယုံကြည်ထားသောကြောင့်ပင်။
နောက်ဆုံး အလောင်းကို စစ်ဆေးပြီးနောက် လီချင်းချိုးက မတ်တတ်ရပ်၍ နောက်မှ လိုက်ပါလာသော ဟွမ်ရှန်းကို လှည့်ကြည့်ကာ
"ငါ့ကို ပြောပြပါ... ဘယ်အသေးစိတ် အချက်အလက်ကိုမှ မချန်လှပ်ထားခဲ့နဲ့..."
ထိုအခါ ဟွမ်ရှန်းက ဖြစ်ခဲ့သမျှကို ချက်ချင်း စတင် ပြောပြတော့သည်။
လွန်ခဲ့သော ညနှစ်ညက မြေခွေးနှင့် တူသော အမည်းရောင် မိစ္ဆာဝိညာဉ် တစ်ကောင် ရုတ်တရက် တိုက်ခိုက်လာခဲ့၏။ အစပိုင်းတွင် ၎င်းကို မိစ္ဆာသားရဲ တစ်ကောင်ဟု ထင်မှတ်ခဲ့ကြသော်လည်း ၎င်းတွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိကြောင်း တွေ့ရှိလိုက်ရသောအခါမှသာ တစ္ဆေ တစ်ကောင် ဖြစ်ကြောင်း သူတို့ သဘောပေါက်သွားကြသည်။
ဤမိစ္ဆာဝိညာဉ်က အလွန် မြန်ဆန်ပြီး တပည့်များကို ပူးကပ်နိုင်သဖြင့် သူတို့အတွက် ကာကွယ်ရန် မဖြစ်နိုင်ပေ။ သေဆုံးသွားသော တပည့်များ အားလုံးမှာ အခြား တပည့်များကို ပူးကပ်ထားသော မိစ္ဆာဝိညာဉ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်ပြီး ထိုအချက်က တပည့်များကို လွန်စွာ စိတ်ဓာတ်ကျစေသည့် အကြောင်းရင်းလည်း ဖြစ်သည်။
သူတို့၏ မှော်ပညာရပ်များက ဤမိစ္ဆာဝိညာဉ် အပေါ်တွင် အသုံးမဝင်ခဲ့ချေ။ အကယ်၍ မိစ္ဆာဝိညာဉ်သာ သူ့သဘောနှင့်သူ ထွက်မသွားခဲ့ပါက ထိခိုက်သေဆုံးမှုများက ဤထက်ပင် ပိုများပြားနိုင်ပေသည်။
ဟွမ်ရှန်း၏ ပြောဆိုချက်ကို နားထောင်ပြီးနောက် လီချင်းချိုး မျက်မှောင်ကြုတ်လိုက်သည်။
အကယ်၍ ထိုသို့ဆိုလျှင် ဟွမ်ရှန်းက အခြားသော တပည့်များနှင့် ကွာခြားနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ဂိုဏ်းချုပ်... သူက ကျွန်တော်တို့ကို တမင်သက်သက် လွှတ်ပေးခဲ့တာ မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်... သူက အဝေးကနေ မှော်ပညာရပ် တစ်ခုခုကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်... အဲဒါက စွမ်းအင်တွေ အများကြီး ကုန်ခမ်းသွားစေလို့ ဒီနေ့အထိ သူ အားမွေးနေတုန်းပဲ ဖြစ်မယ်..."
အနီးအနားမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသဖြင့် လီချင်းချိုးက ခေါင်းလှည့်ကြည့်လိုက်ရာ လူအုပ်ထဲမှ ထွက်လာသော ကူးချန်ဖိန်ကို တွေ့လိုက်ရသည်။
ကူးချန်ဖိန် က စည်းကမ်းထိန်းသိမ်းရေးခန်းမမှ တပည့် တစ်ဦးဖြစ်ပြီး ပထမအကြိမ် ဓမ္မတိုက်ပွဲ ညီလာခံ တွင် ထိပ်ဆုံး ဆယ်ယောက် စာရင်းဝင်ခဲ့သူ တစ်ဦး ဖြစ်ကာ ယခုအခါ မူလအားဖြည့်နယ်ပယ်၏ သတ္တမအလွှာ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့ကို ဤနေရာသို့ စေလွှတ်ခဲ့ခြင်းက ထျန်းရှန်းဝိညာဉ်ရေကန်ကို လီချင်းချိုး မည်မျှ တန်ဖိုးထားကြောင်း သက်သေပြရန် လုံလောက်လှသည်။ ကြီးမားသော အင်အားကို ဖြန့်ကြက်ထားခဲ့သဖြင့် ဤမျှ ဆုံးရှုံးမှုများကို ခံစားခဲ့ရခြင်း ဖြစ်ပြီး ထိုအဖြစ်က လီချင်းချိုးကို ဤမျှ ဒေါသထွက်စေသည့် အကြောင်းရင်းလည်း ဖြစ်ပေသည်။
ကူးချန်ဖိန်၏ စကားများက အမှန်တကယ် ဖြစ်နိုင်ခြေ ရှိသည်ဟု လီချင်းချိုး တွေးလိုက်မိသည်။
လီချင်းချိုးက …
"လူတိုင်း လူစုခွဲလိုက်ကြ... ကိုယ့်အလုပ် ကိုယ် ဆက်လုပ်ပြီး ဒဏ်ရာတွေ သက်သာအောင် ကုသကြပါ... ငါ ဒီမှာ မရှိဘူးလို့ သဘောထားလိုက်... အဲဒီ မိစ္ဆာဝိညာဉ်ပေါ်လာတဲ့ အထိ နောက်ထပ် ရက်အနည်းငယ်လောက် ငါ ဒီမှာ ဆက်နေမယ်..."
ထိုစကားကို ကြားသောအခါ တပည့်များ လွန်စွာ ဝမ်းသာသွားကြပြီး လီချင်းချိုးကို ဦးညွှတ် နှုတ်ဆက်ကာ လူစုခွဲ သွားကြသည်။
အခြားသူများ လူစုခွဲသွားပြီးနောက် လီချင်းချိုးက ဟွမ်ရှန်း ကို ကြည့်၍ …
"ဒီကိစ္စက မင်းရဲ့ စွမ်းရည်ထက် ကျော်လွန်နေတာတော့ မှန်ပါတယ်... ဒါပေမဲ့ မင်းက ထျန်းရှန်းဝိညာဉ်ရေကန် ကို တာဝန်ယူထားရသူ ဖြစ်ပြီး ဒီလို ကြီးမားတဲ့ ပြဿနာကြီး ဖြစ်အောင် လုပ်ခဲ့တယ်ဆိုတော့ မင်း ရှင်းပြဖို့တော့ လိုလိမ့်မယ်..."
ထိုအခါ ဟွမ်ရှန်းက အသံနက်ကြီးဖြင့်….
"ဂိုဏ်းချုပ်.... ကျေးဇူးပြုပြီး ကျွန်တော့်ကို အပြစ်ပေးပါ... အပြစ်အားလုံးကို ကျွန်တော် ခံယူဖို့ ဆန္ဒရှိပါတယ်..."
သူက ရှက်ရွံ့နေပြီး တာဝန် ပျက်ကွက်ခဲ့ကြောင်း သဘောပေါက်ပေသည်။
သေဆုံးသွားသော သူများတွင် မိသားစုများ၊ သူငယ်ချင်းများ၊ ဇနီးများနှင့် သားသမီးများ ရှိကြသည်။ သူတို့၏ သေဆုံးမှုက သင်္ဂြိုဟ်ရန် ကိစ္စ တစ်ခုတည်း သက်သက် မဟုတ်ပေ။
ငါတို့က မိစ္ဆာဝိညာဉ် တစ်ကောင်နဲ့ ကြုံတွေ့ခဲ့ရပြီး ဘာမှ မလုပ်နိုင်ခဲ့ဘူး ဆိုတာမျိုး သူတို့ရဲ့ မိသားစုတွေကို သွားပြောလို့ မရဘူးလေ….
လီချင်းချိုးက…
"ငါ ပြန်ရောက်မှ ဒီကိစ္စကို ဖြေရှင်းမယ်..."
ဟွမ်ရှန်းကို သူ တကယ် အပြစ်မပေးချင်သော်လည်း ရှင်းပြချက် တစ်ခုတော့ ပေးရမည်သာ။
ထို့နောက် လီချင်းချိုးက လှည့်ထွက်သွားပြီး ထျန်းရှန်းတောင်တန်း တစ်ဝိုက်တွင် လှည့်လည် သွားလာရန် ရည်ရွယ်လိုက်သည်။
နွေရာသီ၏ အလယ်ဗဟိုတွင်ပင် ထျန်းရှန်းတောင်တန်းများက ရေခဲများနှင့် နှင်းများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း ကံကောင်းထောက်မစွာဖြင့် နှင်းမြူများ မရှိချေ။
သူ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လီချင်းချိုးက လင်းချွမ်နှင့် နန်ကုန်းအာတို့ကို ပတ်ဝန်းကျင်အား စူးစမ်းရှာဖွေရန် စေလွှတ်ထားပြီး ဖြစ်သည်။ မိစ္ဆာဝိညာဉ်ကို ရှာဖွေပြီး ချင်းရှောင်ဂိုဏ်းသို့ မပြန်မီ ၎င်းကို ဖျက်ဆီးပစ်ရန် သူ စိတ်ပိုင်းဖြတ်ထားသည်။
...
လီချင်းချိုးက ထျန်းရှန်းဝိညာဉ်ရေကန် တွင် နှစ်ရက် အပြည့် နေထိုင်ခဲ့သော်လည်း မိစ္ဆာဝိညာဉ်ကို မမြင်တွေ့ခဲ့ရသလို လင်းချွမ်နှင့် နန်ကုန်းအာတို့ကလည်း မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ကြချေ။
သို့သော် ဆုံးဖြတ်ချက် ယိမ်းယိုင်မသွားဘဲ ဆက်နေရန် ပြင်ဆင်ထားသည်။
နောက်ထပ် ညတစ်ည ရောက်လာပြန်သည်။
ညကောင်းကင်ယံက တိမ်များနှင့် မြူများ ဖုံးလွှမ်းနေသော်လည်း ထျန်းရှန်းဝိညာဉ်ရေကန်၏ တောက်ပနေသော အလင်းရောင်များက ထိုဧရိယာကို မှောင်မိုက် မနေစေရန် တားဆီးပေးထားသည်။
လီချင်းချိုးက ရေကန်ဘေးတွင် အခြား တပည့်များကဲ့သို့ပင် တင်ပျဉ်ခွေ ထိုင်၍ ကျင့်ကြံနေသည်။
ရုတ်တရက်….
မကောင်းဆိုးဝါး အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်သောကြောင့်မျက်လုံးကို ဖွင့်၍ ဦးတည်ချက် တစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအရာက တစ္ဆေဘုရင် ကျိမင်လောက် မအစွမ်းထက်သော်လည်း သိပ်ပြီး မကွာခြားလှဘဲ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။
ဝိညာဉ်အသိအာရုံကို ချက်ချင်း အသက်သွင်းလိုက်တော့ အမြင်အာရုံ ပိုမို ရှင်းလင်းလာသည်။ မိုးကုပ်စက်ဝိုင်းဆီမှ တစ္ဆေချီ တစ်ခု တိုက်ခတ်လာနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဒါက ပြည့်စုံတဲ့ ဝိညာဉ် တစ်ခုတောင် မဟုတ်ဘူးပဲ။
၎င်းက အတွေ့အကြုံရှာဖွေရေးခန်းမမှ တပည့်များကို ပူးကပ်ထားစဉ်က တစ္ဆေဘုရင် ကျိမင်၏ အခြေအနေနှင့် အလွန် ဆင်တူနေသည်။
ကူးချန်ဖိန် ပြောသည်က မှန်ကန်ပုံ ရသည်။ ဤမိစ္ဆာဝိညာဉ်က မှော်ပညာရပ် တစ်ခုခုကို အသုံးပြုထားခြင်း ဖြစ်ပေသည်။
တစ္ဆေဘုရင် ကျိမင်နှင့် မတူဘဲ ဤမိစ္ဆာဝိညာဉ်၏ ခွဲထွက်ဝိညာဉ်က လူများကို ပူးကပ်နိုင်ရုံသာမက အခြားသူများကို ဆက်လက် ပူးကပ်နိုင်ပြီး ဝိညာဉ်များကိုလည်း ဝါးမျိုနိုင်စွမ်း ရှိသည်။
လီချင်းချိုးက လှုပ်ရှားရန် မပြင်မီ မိစ္ဆာဝိညာဉ် အနီးသို့ ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
တပည့်များတွင် ဝိညာဉ်အသိအာရုံ မရှိသဖြင့် ခွဲထွက်ဝိညာဉ် ချဉ်းကပ်လာနေသည်ကို မသိရှိခဲ့ကြချေ။
ပိုမို နီးကပ်လာသောအခါ ၎င်းက အမှန်တကယ်ပင် မြေခွေး ပုံသဏ္ဌာန် ဖြစ်ပြီး ၎င်း၏ အရွယ်အစားက ဆင်တစ်ကောင်ကဲ့သို့ ကြီးမားကြောင်း လီချင်းချိုး မြင်တွေ့လိုက်ရသည်။
ထိုအရာ ပိုမို နီးကပ်လာသောအခါမှသာ တပည့်များက ၎င်း၏ တည်ရှိမှုကို နောက်ဆုံး၌ သတိပြုမိသွားကြသည်။
"အဲဒီ မိစ္ဆာဝိညာဉ် ထပ်ရောက်လာပြန်ပြီ..."
တပည့် တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ သူ့ အသံထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ညကောင်းကင်ယံတွင် လွန်စွာ ကျယ်လောင်နေသဖြင့် အခြားသူများ အားလုံးကို လန့်ဖြတ်သွားစေသည်။
မကြာမီမှာပင် တပည့်များ တည်ငြိမ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတစ်ကြိမ်တွင် ဂိုဏ်းချုပ်က ဤမိစ္ဆာဝိညာဉ်ကို တိုက်ခိုက်ရန် သူတို့နှင့်အတူ ရှိနေသောကြောင့်ပင်။
ကူးချန်ဖိန်က ဓားကို တိတ်တဆိတ် ဆွဲထုတ်၍ ရှေ့သို့ လျှောက်သွားလိုက်သည်။
မိစ္ဆာဝိညာဉ်က တပည့်များ အနီးသို့ ရောက်ရှိလုနီးပါး အချိန်တွင် လီချင်းချိုးက လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး မိစ္ဆာဝိညာဉ်၏ ရှေ့တွင် လေထဲမှ ရုတ်တရက် ပေါ်လာတော့သည်။
မိစ္ဆာဝိညာဉ်က ရှောင်တိမ်းခြင်း မရှိဘဲ လီချင်းချိုးကို ဆက်လက် ခုန်အုပ်လေသည်။
လီချင်းချိုးက ဓားကို ဆွဲထုတ်၍ ခုတ်ပိုင်းလိုက်ရာ မိစ္ဆာဝိညာဉ်ကို ချက်ချင်း အပိုင်းပိုင်း အစစ ဖြစ်သွားစေသည်။
ထူထပ်သော တစ္ဆေချီများက အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲသွားပြီးနောက် လီချင်းချိုး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းရန် ကြိုးပမ်းသည့် အနေဖြင့် ပြန်လည် စုစည်းလာကြသော်လည်း တစ္ဆေချီများက လီချင်းချိုး အနီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် နောက်တစ်ကြိမ် ဖျက်ဆီးခံလိုက်ရပြန်သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
စူးရှသော အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာပြီး အသံထဲတွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
လီချင်းချိုးက လက်ကို မြှောက်၍ ဝိညာဉ်သန့်စင်အလံကို ထုတ်ယူလိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပတ်ဝန်းကျင်ရှိ တစ္ဆေချီများ အားလုံးကို အလံ အတွင်းသို့ စုစည်းလိုက်လေသည်။
မိစ္ဆာဝိညာဉ် ဖန်တီးခဲ့သော မုန်တိုင်းက ဆက်လက် တိုက်ခတ်နေဆဲပင်။
လီချင်းချိုး၏ ဝတ်ရုံများက ပြင်းထန်စွာ လွင့်ဝဲနေပြီး သူ့နောက်ရှိ တပည့်များက ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝ မမြင်နိုင်ကြချေ။ လီချင်းချိုးက ရှေ့သို့ ပြေးထွက်သွားပြီး မိစ္ဆာဝိညာဉ်ကို ဖျက်ဆီးပစ်လိုက်ကာ တစ္ဆေချီများ အားလုံးကို စုဆောင်းရန် အမည်းရောင် အလံတစ်ခုကို အသုံးပြုလိုက်သည်ကိုသာ သူတို့ မြင်တွေ့လိုက်ရသည်။
ကူးချန်ဖိန် မျက်မှောင်ကြုတ်လိုက်မိသည်။ဂိုဏ်းချုပ်၏ ပတ်ဝန်းကျင်တွင် အဖြူရောင် စွမ်းအင်အလွှာ တစ်ခု ပေါ်လာပြီး လျှပ်တစ်ပြက် လင်းလက်သွားကာ မိစ္ဆာဝိညာဉ်ကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်ကို သူ ဝေဝါးဝါး မြင်တွေ့လိုက်ရသည်။
ယခင်က သေဆုံးသွားခဲ့သော တပည့်များမှာ တစ္ဆေချီများ၏ ရစ်ပတ်မှုကို ခံရသည်နှင့် မလွတ်မြောက်နိုင်တော့ဘဲ ကူးချန်ဖိန်လို အစွမ်းထက်သူ တစ်ဦးပင်လျှင် သူ့ကို ရှောင်ရှားရန်သာ တတ်နိုင်ခဲ့ကြောင်း သတိပြုသင့်သည်။
သူက ဂိုဏ်းချုပ်၏ နည်းလမ်းများကို သိချင်စိတ် ဖြစ်မိရုံသာ ဖြစ်ပြီး အံ့အားသင့်သွားခြင်း မရှိပေ။ ဂိုဏ်းချုပ် မည်မျှ အစွမ်းထက်နေစေကာမူ သူက ၎င်းကို သဘာဝကျသည်ဟုသာ မှတ်ယူထားသည်။
"ငါလည်း တစ္ဆေပစ္စည်းတစ်ခု ပြင်ဆင်ထားဖို့ လိုနေပြီ ထင်တယ်..."
ကူးချန်ဖိန် စိတ်ထဲမှ တွေးလိုက်မိသည်။ ယခင်ညက ဂိုဏ်းတူ ညီအစ်ကိုများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို ကြည့်နေရင်း မည်သည့်အရာကိုမျှ မလုပ်နိုင်ခဲ့သဖြင့် သူ့ကို ရှက်ရွံ့စေခဲ့သည်။ ဤခံစားချက်က သူ့ကို ပြုစုပျိုးထောင်ပေးပြီး အရင်းအမြစ်များ ခွဲဝေပေးခဲ့သော ဂိုဏ်းကို နစ်နာစေခဲ့သည်ဟု ခံစားရစေသည်။
လီချင်းချိုးက နေရာ၌ပင် ထိုင်ချလိုက်ပြီး ဝိညာဉ်သန့်စင်အလံကို ပေါင်ပေါ်တွင် တင်ကာ မိစ္ဆာဝိညာဉ်၏ ခွဲထွက်ဝိညာဉ် အပေါ်သို့ ဝိညာဉ်ချုပ်မန္တန်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
"ဘယ်သူမှ အနားမလာကြနဲ့..."
တပည့်များက လီချင်းချိုးကို အနှောင့်အယှက် ပေးမည် စိုးသဖြင့် ဟွမ်ရှန်းက ချက်ချင်း အော်ဟစ် သတိပေးလိုက်သည်။
တစ်ချိန်တည်းမှာပင်….
မိုင်ရာနှင့်ချီ ကွာဝေးသော ထျန်းရှန်းတောင်တန်း၏ တောင်ခြေရှိ တောအုပ် တစ်ခုထဲတွင် မြေခွေးနက် တစ်ကောင်က သစ်ပင် တစ်ပင်အောက်တွင် လဲလျောင်းနေပြီး ယုန်တစ်ကောင် အရွယ်အစားခန့်သာ ရှိပုံ ရသည်။
၎င်းက ရုတ်တရက် မျက်လုံးများကို ဖွင့်၍ ကိုယ်ကို မတ်လိုက်ကာ တောအုပ်၏ အလွန်ရှိ ကောင်းကင်ယံ နံရံကြီး တစ်ခုနှင့် တူသော ထျန်းရှန်းတောင်တန်းကို လှမ်းကြည့်လိုက်၏။ ၎င်း၏ မျက်လုံးများတွင် အံ့အားသင့်မှုနှင့် သံသယများ ပေါ်လွင်နေသည်။
"သူတို့က ငါ့ရဲ့ မှော်ပညာရပ်ကို တကယ်ပဲ ချိုးဖျက်နိုင်ခဲ့တယ်ပေါ့... ချင်းရှောင်ဂိုဏ်းက တကယ့်ကို ထူးခြားပြောင်မြောက်တာပဲ... လောကကြီးမှာ တစ်ခုတည်းသော ကျင့်ကြံရေးဂိုဏ်းလို့ ခေါ်ဆိုရတာနဲ့ တကယ်ကို ထိုက်တန်ပါတယ်..."
မြေခွေးနက်က တီးတိုး ရေရွတ်လိုက်ပြီးနောက် ချက်ချင်း လှည့်၍ ထွက်ပြေးကာ တောအုပ်၏ နက်ရှိုင်းသော နေရာများထဲသို့ ပျောက်ကွယ်သွားတော့သည်။
...
လီချင်းချိုးက မိစ္ဆာဝိညာဉ်၏ ခွဲထွက်ဝိညာဉ် မှတ်ဉာဏ်များကို စူးစမ်း လေ့လာလိုက်ရာ ဤမိစ္ဆာဝိညာဉ်က အမှန်တကယ်ပင် တစ္ဆေဘုရင်တောင်ကြားမှ ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
သူ၏ နာမည်က ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ ပင် ဖြစ်သည်။ မှတ်ဉာဏ်များထဲတွင် သူက မိစ္ဆာဝိညာဉ် ဆယ့်ငါးကောင်နှင့်အတူ တစ္ဆေဘုရင်တောင်ကြားမှ ထွက်ပြေးလာခဲ့သည်။ ဤမိစ္ဆာဝိညာဉ်များ၏ ခေါင်းဆောင်မှာ မိစ္ဆာကြီးလော့ဟု အမည်ရပြီး သူ့ စွမ်းအားက အခြား မိစ္ဆာဝိညာဉ်များထက် သာလွန်သဖြင့်မိစ္ဆာဝိညာဉ်များ အားလုံးက မိစ္ဆာကြီးလော့ကို နာခံကြရသည်။
တစ္ဆေဘုရင် ကျိမင် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိပြီးနောက် မိစ္ဆာကြီးလော့နှင့် အခြား မိစ္ဆာများလည်း ထွက်ပြေးရန် အစီအစဉ် ဆွဲခဲ့ကြသည်။ ကံမကောင်းစွာဖြင့် တစ္ဆေဘုရင် ကျိမင်လို တစ္ဆေဘုရင်တောင်ကြားမှ ထွက်ပြေးပြီးနောက်တွင်ပင် သူတို့ အားလုံး ကျိန်စာ၏ ပြန်လည် တိုက်ခိုက်မှုကို ခံခဲ့ရပြီး မိစ္ဆာကြီးလော့ မှာ အဆိုးရွားဆုံး ဒဏ်ရာရရှိခဲ့သည်။
သူတို့ ဒဏ်ရာများကို ကုသနေစဉ် ရွှမ်ကျီဂိုဏ်းမှ တစ္ဆေအကြီးအကဲ၏ ရှာဖွေတွေ့ရှိခြင်းကို ခံခဲ့ရပြီး သူတို့ကို အသက်ရှင်နေသော လူများကို ပူဇော်သက္ကာ အဖြစ် ဆက်သခဲ့သည်။
တစ္ဆေအကြီးအကဲ ပျောက်ကွယ်သွားပြီးနောက် လူ့လောကကို စုံစမ်းရန် မိစ္ဆာတစ်ကောင်ကို သူတို့ စေလွှတ်ခဲ့သည်။ ဤမိစ္ဆာမှာ ဝိညာဉ်နှုတ်မဟူရာမိစ္ဆာပင် ဖြစ်သည်။
ထိုအချိန်က ဝိညာဉ်နှုတ်မဟူရာမိစ္ဆာမှာ လွန်စွာ အားနည်းနေပြီး လောကကြီးကို အလွန် ကြောက်ရွံ့နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ အသက်ရှင်စဉ်က တာအိုဘုန်းကြီး တစ်ပါး၏ လိုက်လံ ဖမ်းဆီးမှုကြောင့် တစ္ဆေဘုရင်တောင်ကြားသို့ ရောက်ရှိသွားခဲ့ရသောကြောင့်ပင်။
မြောက်ပိုင်းလူရိုင်းများထံတွင် ကျင့်ကြံသူ မရှိကြောင်း သိရှိသွားပြီးနောက် ဝိညာဉ်နှုတ်မဟူရာမိစ္ဆာက ထိန်းချုပ်မှု ကင်းမဲ့လာပြီး မိစ္ဆာကြီးလော့ကို ပြန်ရှာရန် အသွားတွင် အသက်ရှင်နေသူများ၏ ဝိညာဉ်များကို ဝါးမျိုခဲ့သည်။
နောက်ပိုင်းတွင် ဤမိစ္ဆာဝိညာဉ် ဆယ့်ခြောက်ကောင်က တောင်ပေါ်မှ ထွက်လာကြပြီး မြောက်ပိုင်းနန်းတွင်းတွင် ဖရိုဖရဲ ဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။
ဤမိစ္ဆာဝိညာဉ်များတွင် အတည်တကျ နေထိုင်စရာ မရှိဘဲ နေရာအနှံ့ လှည့်လည် သွားလာနေကြသည်။ သူတို့၏ ကိုယ်ပိုင် စွမ်းအားများကို ပြန်လည် ထူထောင်သည့်အပြင် မိစ္ဆာကြီးလော့ကို တစ္ဆေစစ်တပ် တစ်ခု တည်ဆောက်ရန်လည်း ကူညီပေးနေကြသည်။
မိစ္ဆာကြီးလော့က အသက်ရှင်နေသူများကို ဖုတ်ကောင်များ အဖြစ် ပြောင်းလဲရန် ကျိန်စာ စွမ်းအားကို အသုံးပြုနေသည်။ ဖုတ်ကောင်များက နာကျင်မှုကို မခံစားရဘဲ လွန်စွာ အစွမ်းထက်သော ကိုယ်ပိုင် ကုသနိုင်စွမ်းများ ရှိကာ ပြတ်တောက်သွားသော ခြေလက်များကို ပြန်လည် ပေါက်ပွားစေနိုင်သည်။ သူတို့၏ သွေးများက လွန်စွာ အဆိပ်ပြင်းလာပြီး နေရောင်ခြည်ကိုလည်း ကြောက်ရွံ့လာကြကာ အသိစိတ် ဆုံးရှုံးသွားပြီး သတ်ဖြတ်ရန်နှင့် စားသောက်ရန်သာ သိသော သတ္တဝါဆိုးများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ၏ မှတ်ဉာဏ်များထဲတွင် ဖုတ်ကောင်များက အံ့မခန်း မြန်ဆန်ကြပြီး သူတို့ အသက်ရှင်စဉ်က ပို၍ အစွမ်းထက်လေလေ ဖုတ်ကောင်များ အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ပို၍ ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်သည်။
မိစ္ဆာကြီးလော့၏ ရည်မှန်းချက်မှာ ကိုးပြည်ထောင်နယ်မြေပင် ဖြစ်ပြီး ထိုနေရာတွင် တစ္ဆေမင်းဆက် တစ်ခု တည်ထောင်ရန် ရည်ရွယ်ထားပေသည်။
ဤမိစ္ဆာကြီးလော့က နက်ရှိုင်းသော အမုန်းတရားများကို ထမ်းပိုးထားပုံရပြီး တစ္ဆေဘုရင်တောင်ကြား၏အမှောင်ထုထဲတွင် နှစ်ထောင်ပေါင်းများစွာ တိုင်အောင် နစ်မွန်းနေခဲ့သည့်တိုင် သူက လက်မလျှော့သေးချေ။
မိစ္ဆာကြီးလော့၏ ရန်သူများမှာ ကျင့်ကြံရေး အင်အားစုများ ဖြစ်နိုင်ခြေ များကြောင်း လီချင်းချိုး ခန့်မှန်းမိ၏။ မဟုတ်လျှင် မိစ္ဆာကြီးလော့က တစ္ဆေမင်းဆက် တစ်ခု တည်ထောင်ရန် လိုအပ်မည် မဟုတ်ပေ။
ဝိညာဉ်နှုတ်မဟူရာမိစ္ဆာ၏ ခွဲထွက်ဝိညာဉ် မှတ်ဉာဏ်များက မကျယ်ပြန့်လှဘဲ အပိုင်းပိုင်း အစစ ဖြစ်နေပုံ ရသော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အခြား မိစ္ဆာဝိညာဉ်များ၏ ရည်ရွယ်ချက်များကို လီချင်းချိုး နားလည်ရန် လုံလောက်နေပေသည်။
လီချင်းချိုးက အရေးကြီးသော သတင်းအချက်အလက် တစ်ခုကိုလည်း ရရှိခဲ့သည်။
မိစ္ဆာကြီးလော့၏ ဒဏ်ရာများက အဆိုးရွားဆုံး ဖြစ်ပြီး မိစ္ဆာ စွမ်းအားများကို ဆက်လက် အသုံးပြုနေသဖြင့် သူ့ ပတ်ဝန်းကျင်ရှိ မိုင်ဒါဇင်နှင့်ချီသော ဧရိယာ အတွင်းရှိ ပန်းများနှင့် အပင်များ အားလုံး ညှိုးနွမ်း သေဆုံးသွားကြသည်။