← Chapters

ဆရာ၊ စီနီယာအစ်ကို၊ အစ်မတွေရဲ့ အကူအညီကို တောင်းခံချင်ပါတယ်

Vol. 28 Ch. 271

ဆရာ၊ စီနီယာအစ်ကို၊ အစ်မတွေရဲ့ အကူအညီကို တောင်းခံချင်ပါတယ်

Vol. 28 Ch. 271

“ရှောင်မူ၊ ငါတို့ ဆရာတပည့်နှစ်ယောက် ဒီလောက်မြန်မြန် ပြန်တွေ့ကြလိမ့်မယ်လို့ မထင်ထားမိဘူး”

ချူဖုန်း တက်ကြွရွှင်လန်းသော အပြုံးဖြင့် ပြောလိုက်သည်။

ဖုန်းမူ ရိုသေစွာ ပြောလိုက်၏။

“ဆရာ့ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ တပည့် စိုးရိမ်ပူပန်မိသလို ဂုဏ်လည်းယူမိပါတယ်”

သူ ဝမ်တောက်ကျောင်းတော် သို့ ရောက်နေသည်မှာ လအနည်းငယ်သာ ရှိသေးသည်။ ယွမ်လင်ဂိုဏ်းနှင့်မတူသည်မှာ ဝမ်တောက်ကျောင်းတော်သည် အစွမ်းထက်ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေ၏။

သူ့ရှေ့တွင် ရပ်နေသော ဆရာမှာ ထိုသူများထဲတွင် အတောက်ပြောင်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

ယခင်က သူသည် ဆရာ့အစွမ်းကို ကြားရုံသာ ကြားဖူးခဲ့ခြင်းပင်။ သို့သော် ဝမ်တောက်ကျောင်းတော်သို့ ရောက်ရှိပြီး ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရပြီးနောက် သူ့ဆရာသည် အမှန်တကယ်ပင် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်သွားခဲ့သည်။

မြောင်တောင်ပေါ်ရှိ စီနီယာအစ်ကို သို့မဟုတ် အစ်မ မည်သူမဆို ပြင်ပလောကတွင် ထိပ်တန်းပါရမီရှင်များအဖြစ် သတ်မှတ်ခံရနိုင်သူများသာ။

ဖုန်းမူ စရောက်ချိန်တွင် သူတို့တစ်ဦးချင်းစီကို လိုက်လံတိုင်ပင်ကြည့်ခဲ့သော်လည်း လူတိုင်း၏ စွမ်းဆောင်ရည်များကို မြင်တွေ့ရတိုင်း သူ အံ့အားသင့်ခဲ့ရ၏။

သူ့ကိုယ်သူ ပါရမီရှင်တစ်ဦးဟူသော အရိပ်အယောင်မျှပင် မကျန်တော့ဘဲ သာမန်လူတစ်ယောက်ကဲ့သို့ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။

ချူဖုန်း ပြုံးလိုက်၏။

“အခု မင်း ဒီကို ရောက်နေပြီဆိုတော့ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပါ။ ဒါနဲ့ မင်း ကျောင်းဝင်ခွင့်ကိစ္စတွေရော အဆင်ပြေခဲ့ရဲ့လား”

ဖုန်းမူ ခေါင်းခါပြလိုက်သည်။

“တပည့် စစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေ မလုပ်ရသေးပါဘူး”

“ကောင်းပြီလေ။ ခဏနေရင် ငါ မင်းကိုခေါ်ပြီး သွားလုပ်ပေးမယ်”

ထို့နောက်မှသာ ချူဖုန်း အခြား တပည့်များဘက်သို့ စကားလမ်းကြောင်း လွှဲလိုက်သည်။

“မင်းတို့အားလုံး ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်။ ငါ ထွက်သွားတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ မင်းတို့တစ်ယောက်ချင်းစီရဲ့ ကျင့်ကြံခြင်းတွေက တော်တော်လေး တိုးတက်လာကြတာပဲ”

ပြန်လာသည့် လမ်းခရီးတွင် ချူဖုန်း တပည့်တစ်ဦးချင်းစီ၏ အဆင့်တက်လှမ်းမှု သတင်းများကို တဖြည်းဖြည်း ရရှိခဲ့၏။

လက်ရှိတွင် ရှောင်ချန်းက စိတ်ဝိညာဉ်ပြည့်အင့်ခြင်း သတ္တမအဆင့်၊ ချောင်ရို့ချန်က စိတ်ဝိညာဉ်ပြည့်အင့်ခြင်း စတုတ္ထအဆင့်၊ ချင်းချင်းက စိတ်ဝိညာဉ်ပြည့်အင့်ခြင်း ဒုတိယအဆင့်၊ ဝမ်ပေါင်လဲ့က ကောင်းကင်ဇာစ်မြစ် အဋ္ဌမအဆင့်၊ ယဲ့ပေ့ရွှမ်က စစ်မှန်ကံကြမ္မာအဋ္ဌမအဆင့်၊ ရွှီချိုက်ချန် စစ်မှန်ကံကြမ္မာသတ္တမအဆင့်၊ ဟန်ပင်းက စစ်မှန်ကံကြမ္မာ စတုတ္ထအဆင့်နှင့် ချူချိုက်ယီက တာအိုတည်ဆောက်ခြင်း နဝမအဆင့်သို့ အသီးသီး ရောက်ရှိသွားကြသည်။

ရှောင်ချန်း ရိုသေစွာ ပြောသည်။

“ဒါတွေအားလုံးက ဆရာ့ရဲ့ သွန်သင်ဆုံးမမှုတွေကြောင့် ရရှိလာတဲ့ တိုးတက်မှုတွေပါ”

ချောင်ရို့ချန်ကလည်း ထပ်၍ ပြောသည်။ “ဟုတ်ပါတယ် ဆရာ။ ဆရာ့ရဲ့ လမ်းညွှန်မှုသာမရှိရင် ကျွန်တော်တို့တွေ တစ်သက်လုံး သာမန်လူတွေအဖြစ်ပဲ နေသွားရမှာပါ”

ကျန်သူများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်။

“ကဲပါ၊ မြှောက်ပင့်နေတာတွေ ရပ်လိုက်ကြပါဦး။ ငါတို့အားလုံး အတူတူမရှိဖြစ်တာ တော်တော်ကြာပြီဆိုတော့ သောက်ကြတာပေါ့။ ရှောင်ဖုန်း၊ သွားပြီး ညစာပြင်လိုက်တော့”

“ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ”

ရှောင်ဖုန်း စိတ်လှုပ်ရှားစွာ မီးဖိုချောင်ဆီသို့ ပြေးသွားတော့သည်။

ထို့နောက် ချူဖုန်းသည် တပည့်များကို ခေါ်ဆောင်ကာ သောင်းပြောင်းပညာရပ်ဌာန ဆီသို့ ဦးတည်လိုက်၏။

ညနေစောင်းတွင် သောင်းပြောင်းပညာရပ်ဌာနအတွင်း၌ ခွက်ချင်းတိုက်သံများ၊ ပျော်ရွှင်ရယ်မောသံများဖြင့် ပြည့်နှက်နေတော့သည်။

စားသောက်ပွဲ ပြီးဆုံးသွားသောအခါ အကြီးအကဲပင်း ချူဖုန်းအနီးသို့ ချဉ်းကပ်လာ၏။

“ဌာနမှူးချူ၊ ကျွန်မကိုပေးထားတဲ့ စိတ်ကူးပုံဖော်ပုံကားချပ်ကို လေ့လာဖို့အတွက် တံခါးပိတ်ကျင့်ကြံတော့မလို့။ နောက်ရက်တွေမှာ ဌာနမှူးချူနဲ့အတူ မရှိပေးနိုင်တော့ဘူး”

ချူဖုန်း ခဏမျှ ကြောင်သွားပြီးမှ ပြုံးလိုက်၏။ “ဒါက ကောင်းတဲ့အချက်ပဲ။ ဒါပေမဲ့ တံခါးပိတ်မကျင့်ကြံခင် မင်းရဲ့တပည့်တွေကို သွားမကြည့်တော့ဘူးလား”

အကြီးအကဲပင်း ခေါင်းခါလိုက်သည်။

“အခုတစ်ခေါက် တံခါးပိတ်ကျင့်ကြံဖို့အတွက် ကောင်းကင်စိတ်ဝိညာဉ်ဌာန ကို ပြန်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ မပြန်ခင် တပည့်တွေကို အရင်ဝင်ကြည့်ပါဦးမယ်”

“အင်း၊ ကောင်းပြီလေ”

ချူဖုန်း သူမကို တားဆီးရန် မကြိုးစားခဲ့သော်လည်း အကြီးအကဲပင်း၏ မျက်ဝန်းထဲမှ ဖြတ်ပြေးသွားသော စိတ်ပျက်မှုအရိပ်အယောင်ကို သူ သတိထားမိလိုက်၏။

“ဒါဆို ပင်းယန်ကို သွားခွင့်ပြုပါဦး”

အကြီးအကဲပင်းက လှည့်ထွက်သွားပြီး တံခါးခုံကို အကျော်တွင် သူမ၏ ခါးထက်၌ သန်မာသော လက်တစ်ဖက်က ရစ်ပတ်လာသည်ကို ခံစားလိုက်ရသည်။

ထိုလက်သည် မှော်ဆန်သည့် အစွမ်းတစ်ခု ရှိနေသကဲ့သို့ သူမ၏ တစ်ကိုယ်လုံးကို ထိန်းမနိုင်သိမ်းမရ တုန်ရင်သွားစေ၏။

ချူဖုန်းက အကြီးအကဲပင်း၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

“အစ်မယန့်က တံခါးပိတ်ကျင့်ကြံတော့မှာဆိုတော့... ကျွန်တော့်ကို တစ်ညလောက်တောင် အဖော်မပြုပေးချင်ဘူးလား”

ထိုစကားကို ကြားလိုက်ရသည့်အခါ ပင်းယန့်၏ နားရွက်များ ရဲတက်သွားသည်။

“ရှင်... ရှင် ကျွန်မကို ဒီလိုမျိုး ဘယ်လိုလုပ် အနိုင်ကျင့်နိုင်ရတာလဲ”

ချူဖုန်းက တဟားဟား ရယ်မော၏။

“ဒါဆို အစ်မယန့်က ကိုယ့်ကို ဘယ်လိုမျိုး အနိုင်ကျင့်စေချင်လို့လဲ”

“ရှင်... ရှင်ကတော့...”

ပင်းယန့်မှာ စကားပင် ဆက်မပြောနိုင်တော့ဘဲ သူမ ခန္ဓာကိုယ်လေးမှာ ပျော့ခွေသွားကာ ချူဖုန်း၏ ရင်ခွင်ထဲသို့ မှီတွယ်သွားတော့သည်။

ချူဖုန်း ပင်းယန့်ကို ပွေ့ချီလိုက်ရာ သူမကလည်း စိတ်အားထက်သန်စွာ သူ့လည်ပင်းကို ဖက်တွယ်ထားလိုက်၏။

“ဖုန်း... နောက်ဆို ကျွန်မကို အစ်မတွေ ညီမတွေနဲ့ မခေါ်ဘဲ နေလို့ရမလား”

“ဒါဆို ဘယ်လိုခေါ်ရမလဲ”

ရုတ်တရက် ချူဖုန်း သူမကို စနောက်ချင်စိတ် ပေါ်လာပြီးနောက် အပြုံးလေးဖြင့် မေးလိုက်သည်။

“ယန်အာလို့ပဲ ခေါ်ပါ”

ထိုသို့ပြောပြီးနောက် ပင်းယန် သူ့အကြည့်ကို မရင်ဆိုင်ရဲတော့ပေ။

အတိတ်က သူတို့ကြားတွင် မသိမသာ နောက်ပြောင်မှုများ ရှိခဲ့သော်လည်း နောက်ဆုံးစည်းကို မည်သည့်အခါမှ မကျော်ခဲ့ကြချေ။

ယနေ့ည ဖြစ်ရပ်များသည် သူမဘက်မှ စမ်းသပ်ကြည့်ခြင်းသာ။

ချူဖုန်း အေးစက်စက် အလှနတ်ဘုရားမလေး၏ ငြင်းဆန်သလိုလို၊ လက်ခံသလိုလိုနှင့် ရှုပ်ထွေးနေသော ပုံစံလေးကို အထူးပင် သဘောကျနေတော့၏။

သူသည် သူမ နားအနီးသို့ ကပ်ကာ ပြောသည်။

“ယန်အာ... မင်း က်ိုယ့်ကို ဇနီးလေးဆိုပြီး ခေါ်ခိုင်းလိမ့်မယ်လို့ ထင်နေတာ”

ပင်းယန်၏ မျက်နှာမှာ သွေးထွက်မတတ် နီမြန်းသွား၏။

“ကျွန်မတို့ မင်္ဂလာမဆောင်ရသေးဘူးလေ... ပြီးတော့ ကျွန်မက သူတော်စင်တစ်ပိုင်းအဆင့်ကို မရောက်မချင်း မင်္ဂလာမဆောင်ချင်သေးဘူး”

ချူဖုန်းက ရယ်မောလိုက်သည်။

“ကိုယ် မင်းကို ကတိပေးထားပြီးသားပဲ။ ဒါပေမဲ့ ဒီညတော့ အတိုးလေး နည်းနည်း အရင်ယူချင်တယ်”

“အတိုး”

ပင်းယန်က သူမ လှပသော မျက်ဝန်းလေးများကို ဝိုင်းစက်လျက် နားမလည်နိုင်သလို ကြည့်နေစဉ်မှာပင် ချူဖုန်း ခေါင်းငုံ့ကာ သူမကို နမ်းရှိုက်လိုက်ပါ၏။

ထို့နောက် တံခါးပိတ်သံတစ်ခု ထွက်ပေါ်လာသည်။

ထိုညသည် စကားသံများမပါဘဲ ကုန်ဆုံးသွားခဲ့သည်။

သူတို့နှစ်ဦးသည် နယ်ကျွံခြင်းမရှိဘဲ တစ်ညတာကို အတူတူ ကုန်လွန်ခဲ့သည်။

နောက်တစ်နေ့ မနက်တွင် အကြီးအကဲပင်းသည် သူခိုးတစ်ယောက်ကဲ့သို့ ချူဖုန်း၏ အခန်းထဲမှ အသာလေး ထွက်လာခဲ့၏။ မည်သူမှ သတိမထားမိကြောင်း သေချာသွားသောအခါမှ သက်ပြင်းချနိုင်တော့ပြီး ကောင်းကင်စိတ်ဝိညာဉ်ဌာနသို့ ပျံသန်းထွက်ခွာသွားတော့သည်။

ချူဖုန်းကတော့ ထုံးစံအတိုင်း နောက်ကျမှ နိုးလာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူ အထူးတလည် ကောင်းကောင်းမွန်မွန် အိပ်ပျော်သွား၏။ အိပ်ရာခင်းပေါ်မှ ကျန်ရစ်နေဆဲဖြစ်သော မွှေးရနံ့ကို ရှူရှိုက်ရင်း သူ ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။

ကိုယ်လက်သန့်စင်ပြီးနောက် ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။ ရှေ့ဝင်းထဲ ရောက်သည်နှင့် တပည့်များအားလုံး စုရုံးနေကြသည်ကို တွေ့လိုက်ရ၏။

“ဆရာ့ကို ဂါရဝပြုပါတယ်”

ရှောင်ချန်း ဦးဆောင်၍ နှုတ်ဆက်ကြသည်။

ချူဖုန်း တည်ငြိမ်စွာ ပြောပါသည်။

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

“ကျေးဇူးတင်ပါတယ် ဆရာ”

ချူဖုန်း ဘေးဘက်ရှိ ထိုင်ခုံတွင် ထိုင်လိုက်၏။

“ထိုင်ကြ။ ငါ မင်းတို့ တစ်ယောက်ချင်းစီရဲ့ ကျင့်ကြံခြင်းကို ထုံးစံအတိုင်း လမ်းညွှန်ပေးမယ်”

တပည့်များက တစ်ဦးပြီးတစ်ဦး ရှေ့သို့တိုးကာ မေးခွန်းများမေးကြပြီး ချူဖုန်းက စိတ်ရှည်လက်ရှည် ဖြေကြားလမ်းညွှန်ပေးသည်။

မသိလိုက်မသိဘာသာပင် ညနေစောင်းသို့ ရောက်လာလေ၏။

တပည့်တိုင်း ထိုသင်ခန်းစာမှ အများကြီး သင်ယူရရှိခဲ့ကြပြီး အကြီးအကဲပင်းသည်လည်း ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ပြန်ရောက်လာခဲ့သည်။

နောက်ရက်များတွင် ချူဖုန်း၏ ဘဝသည် အလွန်ပင် ပြည့်စုံနေခဲ့၏။ တပည့်များကို လမ်းညွှန်ပေးခြင်းအပြင် ကလေးမလေး နှစ်ယောက်နှင့်လည်း အချိန်ဖြုန်းပေးသည်။

ပိုင်ချန်းက ချူဖုန်းထံမှ သင်ခန်းစာများ မတောင်းဆိုသဖြင့် ချူဖုန်းကလည်း သူမကို ချန်းကျင်းကျင်းနှင့် ပျော်ပျော်ပါးပါး ကစားရန်သာ ခွင့်ပြုထားလိုက်သည်။ သူမ ကျင့်ကြံရန် အသင့်ဖြစ်သည့်အချိန်ကျမှသာ သူ သင်ပေးလိမ့်မည်။

ထိုညနေခင်းတွင်၊

လမ်းညွှန်မှုများ ပြီးဆုံးသွားပြီးနောက် ယဲ့ပေ့ရွှမ် ပထမဆုံး ရှေ့သို့ထွက်ကာ ဦးညွှတ်လိုက်သည်။

“ဆရာ... တပည့် ခဏလောက် အပြင်ထွက်ပြီး ခရီးလှည့်လည်ချင်ပါတယ်။ ဆရာ့ဆီက ခွင့်ပြုချက်လေး တောင်းပါတယ်”

“သွားချင်ရင် သွားလေ။ ငါက မင်းတို့ရဲ့ လုပ်ရပ်တွေကို ဘယ်တုန်းကမှ ကန့်သတ်မထားပါဘူး”

ချူဖုန်း နွေးထွေးသော အပြုံးဖြင့် ပြန်ပြောသည်။

ယဲ့ပေ့ရွှမ်က ဆက်ပြောသည်။

“အမှန်အတိုင်း ပြောရရင် တပည့် သွားမဲ့နေရာက တော်တော်လေး အန္တရာယ်များပါတယ်။ ဒါကြောင့် စီနီယာအစ်ကို၊ အစ်မတချို့ကို တပည့်ကို ကူညီဖို့အတွက် ခွင့်ပြုပေးစေချင်ပါတယ်”

‘အို့’

ချူဖုန်း စိတ်ဝင်စားသွားသည်။

“မင်းက ဘယ်တုန်းက ဒီလောက်အေးအေးဆေးဆေး ဖြစ်သွားတာလဲ။ ဒါ မင်းရဲ့ ပုံစံမဟုတ်ဘူးပဲ။ စီနီယာအစ်ကို၊ အစ်မတွေဆီက အကူအညီလိုရင် သူတို့ကို တိုက်ရိုက်ပြောလိုက်ပါ၊ ငါ့ကို ခွင့်တောင်းနေဖို့ မလိုပါဘူး”

ထိုစကားကို ကြားသောအခါ ရှောင်ချန်းက ယဲ့ပေ့ရွှမ်ဘက်သို့ လှည့်ကာ ပြောသည်။

“ညီလေး ပေ့ရွှမ်... မင်း တကယ်ပဲ ဘယ်နေရာမှာ သွားပြီး ကျင့်ကြံမလို့လဲ၊ ပြီးတော့ အကူအညီ ဘယ်နှစ်ယောက်လောက် လိုမှာလဲ”

ကျန်ရှိနေသူအားလုံးကလည်း စူးစမ်းလိုသော အကြည့်များဖြင့် ယဲ့ပေ့ရွှမ်ကို ကြည့်လိုက်ကြလေ၏။

All Chapters