← Chapters

သီးသန့်တည်ရှိနေတဲ့ မြို့ဟောင်းဆီက လျှို့ဝှက်နယ်မြေ

Vol. 28 Ch. 272

သီးသန့်တည်ရှိနေတဲ့ မြို့ဟောင်းဆီက လျှို့ဝှက်နယ်မြေ

Vol. 28 Ch. 272

“သီးသန့်မြို့ဟောင်း...”

ယဲ့ပေ့ရွှမ်း ထိုစကားလုံးသုံးလုံးကို တီးတိုး ရေရွတ်လိုက်သည်။ သူယခင်ဘဝတုန်း တာအိုပေါင်းစည်းခြင်း တတိယအဆင့်သို့ တက်ရန် အတော်လေး ရုန်းကန်ခဲ့ရ၏။

တောင်အောက်သို့ လှည့်လည်သွားလာစဉ် ထိုမြို့ဟောင်းတွင် လျှို့ဝှက်ရတနာတစ်ခု ရှိနေသည်ဟူသော ကောလာဟလကို တိုက်တိုက်ဆိုင်ဆိုင် ကြားခဲ့ရသည်။

နောက်ပိုင်းတွင် သူ ထိုမြို့ဟောင်းအတွင်းရှိ လျှို့ဝှက်နယ်မြေထဲသို့ ကံကောင်းထောက်မစွာ ဝင်ရောက်နိုင်ခဲ့ပြီး၊ ဟုန်မန်ကြေးမုံတု နတ်ဘုရားလက်နက်ကို ရရှိခဲ့ကာ ထိုနေရာ၌ပင် တာအိုပေါင်းစည်းခြင်း တတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့၏။

အချိန်ကာလအရဆိုလျှင် ထိုအဖြစ်အပျက်မှာ နောင်အနှစ်တစ်ရာကျော်မှ ဖြစ်ပျက်ရပေမည်။

သို့သော် ယခုအချိန်တွင်မူ ချင်ယွမ်သည် မြို့ဟောင်းသို့ဝင်ရန် လိုအပ်သည့် သော့ကို ရရှိဦးမည်မဟုတ်ချေ။

ယခင်ဘဝက ယဲ့ပေ့ရွှမ်သည် အပျက်အစည်းမြို့တွင် သေလုမျောပါးဖြစ်နေသော ချင်ယွမ်ကို တိုက်တိုက်ဆိုင်ဆိုင် ကယ်ဆယ်ခဲ့ဖူးသည်။

သူ့ထံမှပင် မြို့ဟောင်းသော့ အရင်းအမြစ်ကို သိခဲ့ရခြင်းဖြစ်၏။

ထိုသော့မှာ ချင်ယွမ် ဝူရွှမ် မြို့တွင်ကျင်းပသော ရတနာပေါင်းစုံလေလံပွဲမှ ဝယ်ယူခဲ့ခြင်းပင်။

နောက်ပိုင်းတွင် ငရဲကိုးထပ်မြင့်မြတ်နယ်မြေတစ်ခု၏ လက်အောက်ခံဂိုဏ်းတစ်ခုဖြစ်သော အရိုးဂိုဏ်းက ဓားသွန်းစံအိမ်တွင် ထိုသော့ရှိနေကြောင်း သိသွားသောအခါ စစ်တပ်ကိုစေလွှတ်၍ မြို့ကို အမြစ်ပြတ်ချေမှုန်းခဲ့သည်။

ချင်ယွမ်သည် ထိုစဉ်က ခရီးထွက်နေ၍သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်၏။ သူသည် ထိုသော့ဖြင့် မြို့ဟောင်းထဲဝင်ကာ ပြိုင်ဘက်ကင်းနတ်ဘုရားပညာရပ်ကို လေ့ကျင့်ပြီး မိသားစုအတွက် လက်တုံ့ပြန်ရန် ရည်ရွယ်ခဲ့သည်။

ကံဆိုးစွာပင် သူ အပျက်အဆီးမြို့အပြင်ဘက်၌ပင် သေဆုံးခဲ့ရသည်။ မသေဆုံးမီ သော့ကို ယဲ့ပေ့ရွှမ်ထံ အပ်နှံခဲ့ပြီး ဓားသွန်းစံအိမ်အတွက် လက်တုံ့ပြန်ပေးရန် တောင်းဆိုခဲ့သည်။

ယဲ့ပေ့ရွှမ်သည် သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်သည်နှင့် ပထမဆုံးလုပ်ဆောင်ခဲ့သည်မှာ အရိုးဂိုဏ်းကို တစ်ယောက်တည်း သွားရောက်အမြစ်ဖြတ်ခဲ့ခြင်းပင်။

ထိုအဖြစ်အပျက်ကြောင့် ဝမ်တောက်ကျောင်းတော်နှင့် ငရဲကိုးထပ်မြင့်မြတ်နယ်မြေတို့အကြား စစ်ပွဲကြီးဖြစ်လုနီးပါးပင် တင်းမာခဲ့ရသည်။

ယခုဘဝတွင် ချင်ယွမ်လက်ထဲသို့ ထိုသော့မရောက်မီ သူ အရင်ဦးအောင် သိမ်းပိုက်ရန် ရည်ရွယ်ထား၏။ ထိုသို့ဆိုလျှင် ဓားသွန်းမြို့လည်း ပျက်စီးရမည်မဟုတ်တော့ပေ။

ချင်ယွမ်လည်း အေးအေးချမ်းချမ်း နေထိုင်သွားနိုင်ပေလိမ့်မည်။ ထို့ပြင် အခွင့်သာလျှင် ယဲ့ပေ့ရွှမ်ကပင် သူ့ကို တပည့်အဖြစ် လက်ခံလိုက်ဦးပေမည်။

သူမှတ်မိသလောက်ဆိုလျှင် ချင်ယွမ်သေဆုံးချိန်၌ ကျင့်ကြံဆင့်မှာ စစ်မှန်ကံကြမ္မာတတိယအဆင့်သာ ရှိသေးသည်။ ယခုအချိန်တွင်မူ သူသည် ငယ်ရွယ်သော တာအိုတည်‌ဆောက်ခြင်း ကျင့်ကြံသူလေးသာ ဖြစ်နေဦးမည်။

ဤသို့ဖြင့် သူ ချင်ယွမ်၏ ကံကြမ္မာကို ကယ်တင်ပေးနိုင်မည်ဖြစ်သည်။

“မင်းပြောတာက ဟွမ်ရှန်းသဲကန္တာရအောက်မှာ မြုပ်နေတဲ့ သီးသန့်တည်ရှိနေတဲ့ မြို့ဟောင်းကို ပြောတာလား”

ရှေးဟောင်းကျမ်းစာအမျိုးမျိုးကို နှံ့စပ်အောင်ဖတ်ထားသော ချူဖုန်းက ချက်ချင်းပင် တုံ့ပြန်လိုက်၏။

ယဲ့ပေ့ရွှမ်က ရိုသေစွာ ပြောလိုက်သည်။

“ဆရာက တကယ်ပဲ ဗဟုသုတတွေမှာ နှံ့စပ်လွန်းပါတယ်။ အဲ့ဒါ ကျွန်တော်ပြောနေတဲ့ သဲကန္တာရထဲက အထွတ်အမြတ်နေရာပါပဲ”

ဘေးနားမှ ချောင်ရို့ချန်ကလည်း ပြောသည်။ “ကျွန်တော့်ဘိုးဘေး ပြောဖူးတာတော့ ကြားဖူးတယ်၊ အဲ့ဒီမြို့ဟောင်းက နောက်ဆုံးအကြိမ် ပေါ်လာခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းကလေ။ ဒီတစ်ခါမှာ တွေ့ရမယ်လို့ မင်းက ဘယ်လိုများ သေချာနေတာလဲ ဂျူနီယာညီလေးယဲ့”

ချူဖုန်းက သူ့ပုခုံးကို ပုတ်လိုက်သည်။ “မင်းရဲ့ဂျူနီယာညီလေးကို သံသယဝင်နေဖို့ မလိုပါဘူး။ သူ့နာမည်က ယဲ့ပေ့ရွှမ် ဖြစ်နေတာနဲ့တင် လုံလောက်နေပါပြီ။ ငါသိသလောက်တော့ အဲ့ဒီမြို့ဟောင်းကို ရှေးဟောင်းဧကရာဇ်ရဲ့ တပည့်တစ်ယောက်က တည်ထောင်ခဲ့တာ။ အင်အားတွေ ကွယ်ပျောက်သွားပြီဆိုပေမဲ့ အဲ့ဒီထဲမှာ လေ့ကျင့်နိုင်မယ်ဆိုရင် မင်းတို့အတွက် အကျိုးကျေးဇူးအများကြီး ရမှာပါ”

ယဲ့ပေ့ရွှမ်သည် ဆရာဖြစ်သူက သူ့အပေါ် ဤမျှအကြွင်းမဲ့ ယုံကြည်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ကြည်ညိုလေးစားမှုအပြည့်ဖြင့် ချူဖုန်းကို ကြည့်လိုက်သည်။

အခြားတပည့်များကလည်း ချူဖုန်း စကားကို အနည်းငယ်မျှ သံသယမရှိကြချေ။

ရှောင်ချန်းက ပထမဆုံး ရှေ့သို့တိုးလာသည်။ “စွန့်စားခန်းရှိတယ်ဆိုမှတော့ တပည့်ကြီးတစ်ယောက်အနေနဲ့ ကျွန်တော်လည်း နောက်ကျမခံနိုင်ဘူးပေါ့”

ချောင်ရို့ချန် ရယ်မောလိုက်၏။ “ကျွန်တော့်ကိုလည်း ထည့်လိုက်ဦး”

ချင်းချင်း၏ မျက်နှာတွင် ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင်အချို့ ရှိနေသည်။ သူမ အပြင်ထွက်လေ့ကျင့်ရမှာကို ကြောက်နေ၍ မဟုတ်ပေ။ တာ့ယန်မြင့်မြတ်နယ်မြေမှ လူများ၏ ပစ်မှတ်ထားခြင်းခံရပြီး စီနီယာအစ်ကိုများကို အန္တရာယ်တွင်းထဲ ဆွဲခေါ်မိမည်ကို စိုးရိမ်နေခြင်းပင်။

ချူဖုန်းသည် သူမ အတွေးကို အထာပေါက်သွားပြီး ပြုံးလိုက်သည်။ “သွားချင်ရင် သွားလိုက်ပါ။ ဒီတစ်ခါတော့ မင်းတို့အားလုံးအတွက် ထူးခြားတဲ့အရာတစ်ခု ငါပြင်ပေးမယ်။ သူတော်စင်တွေ ကိုယ်တိုင်ဝင်မပါသရွေ့ ဘယ်သူမှ မင်းတို့ကို ဖိနှိပ်နိုင်မှာမဟုတ်ဘူး။ သူတော်စင်တစ်ယောက် ပေါ်လာရင်တောင် မင်းတို့ခုနစ်ယောက် ပေါင်းလိုက်ရင် သူ့ကို ခုခံထားနိုင်ပြီး ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်လိမ့်မယ်”

သူ ထိုသို့ပြောလိုက်သည်နှင့် တပည့်များအားလုံးမှာ အံ့အားသင့်ကာ မယုံနိုင်စရာ ဖြစ်သွားကြသည်။

ချောင်ရို့ချန် လွှတ်ခနဲ မေးမိသွားသည်။

“ဆရာ... ဆရာက သူတော်စင် ဖြစ်သွားပြီလား”

ချူဖုန်းက ပြုံးလျက် ခေါင်းခါပြသည်။ “မဟုတ်ဘူး။ ဒါပေမဲ့ ငါက သူတော်စင်အဆင့်ကို အချိန်မရွေး ဝင်နိုင်တယ်၊ ဝင်ဖို့ ဆန္ဒမရှိသေးတာပဲ”

ဝမ်တောက်ကျောင်းတော် တွင် မွေးဖွားကြီးပြင်းခဲ့သော ချောင်ရို့ချန်သည် ချူဖုန်းဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားခဲ့၏။

သူတို့အားလုံးကို ထားခဲ့ပြီး ကောလာဟလထဲက သူတော်စင်နယ်ပယ်သို့ သွားရောက်ကျင့်ကြံရန် စိတ်မပါသောကြောင့်သာ သူတော်စင်အဆင့်သို့ မတက်လှမ်းသေးခြင်းဖြစ်မည်ဟု သူထင်သွားသည်။

သူသည် ချက်ချင်းပင် ဒူးထောက်လိုက်တော့၏။

“ဆရာ့ရဲ့ ကျေးဇူးတွေက ပြန်ဆပ်လို့တောင် ကုန်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ကြိုးကြိုးစားစား ကျင့်ကြံပြီး ဆရာ့မျက်နှာကို ဘယ်တော့မှ မပျက်စေရပါဘူး”

ချူဖုန်းက သူ့ကို အမြန်ပင် ပြန်ထူပေးလိုက်သည်။

“ဘာတွေလုပ်နေတာလဲ ငါက ငါ့ရဲ့ အကန့်အသတ်ကို စိန်ခေါ်ချင်လို့ပါဆို”

ချောင်ရို့ချန် “...”

‘ဒါဆို ငါက အလကား ဒူးထောက်လိုက်ရတာလား’

ရှောင်ချန်း “...”

ချင်းချင်းမှာမူ ထိုစကားကြောင့် စိတ်အနှောင့်အယှက်မဖြစ်ဘဲ နှုတ်ခမ်းဟကာ ပြောလိုက်သည်။

“ဒါဆိုရင် ကျွန်မလည်း မောင်လေးယဲ့နဲ့အတူ သွားပါ့မယ်”

ဝမ်ပေါင်လဲ့ ရင်ဘတ်ကို ပုတ်လိုက်သည်။ “လူခုနစ်ယောက် လိုတယ်ဆိုရင် ကျွန်တော်လည်း လူဖြည့်တဲ့အနေနဲ့ ပါပေးမှာပေါ့”

ရွှီချိုက်ချန်ကလည်း တွန့်ဆုတ်မနေပေ။ “ကျွန်တော့်ကိုလည်း ထည့်ပါ”

ဟန်ပင်းက ရယ်မောလိုက်၏။ “စီနီယာယဲ့အနေနဲ့ ကျွန်တော့်ရဲ့ ထွက်ပြေးတဲ့ပညာကိုပဲ စိတ်မရှိဘူးဆိုရင်တော့ ကျွန်တော်လည်း လိုက်ချင်ပါတယ်”

ယဲ့ပေ့ရွှမ်း ပြောလိုက်သည်။

“ညီ‌လေးဟန် ပါလာရင်တော့ ငါတို့ ဘယ်သူမှ ဆုတ်လမ်းအတွက် စိတ်ပူနေစရာ မလိုတော့ဘူးပေါ့ ဟားဟား”

ကျန်သောသူများအားလုံးလည်း ဝိုင်း၍ ရယ်မောကြသည်။ ထိုအခိုက်အတန့်တွင် တစ်အိမ်လုံးမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့၏။

ချူချိုက်ယီက တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်မ တောင်အောက်မဆင်းဖြစ်တာ ကြာပြီ။ စီနီယာအစ်ကိုတွေနဲ့ အစ်မတွေ စိတ်မရှိဘူးဆိုရင် ကျွန်မလည်း လိုက်ကြည့်ချင်ပါတယ်”

အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ပြန်ပြောလိုက်ကြသည်။

“ရတာပေါ့... သေချာပေါက် ရတာပေါ့”

သူ့တပည့်များ စည်းလုံးနေသည်ကို မြင်ရသောအခါ ချူဖုန်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။

“ကောင်းတယ်။ နောက်ဆုံးတော့ မင်းတို့တွေအချင်းချင်း သဟဇာတဖြစ်ပြီး ချစ်ခင်နေကြတာကို ငါ မြင်ရပြီ။ မင်းတို့ရဲ့ ဓားကျောက်စိမ်းတွေကို ပေးခဲ့ကြ၊ နောက် ခုနစ်ရက်ကြာရင် ငါ့ဆီက ပြန်လာယူကြ”

“ဟုတ်ကဲ့”

ရှောင်ချန်းတို့ တညီတညွတ်တည်း ပြန်ဖြေလိုက်၏။

ဖုန်းမူ၊ ချန်ကျင်းကျင်းနှင့် ပိုင်ချန်းတို့မှာမူ ဤကိစ္စတွင် ပါဝင်ရန် အစီအစဉ်မရှိကြချေ။ သူတို့သည် ချူဖုန်း၏ တပည့်ဖြစ်လာသည်မှာ မကြာသေးသဖြင့် ဆရာ့အနားတွင် ကျင့်ကြံရင်း အချိန်ပိုကုန်ဆုံးလိုကြသည်။

ခုနစ်ရက် ကြာပြီးနောက်၊

အားလုံးသည် မျှော်လင့်ချက်အပြည့်ဖြင့် ချူဖုန်း၏ အိမ်ရှေ့သို့ ရောက်လာကြသည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချူဖုန်းသည် နူးညံ့သောအပြုံးဖြင့် ရှေ့သို့ လှမ်းလာ၏။

“ဆရာ့ကို ဂါရဝပြုပါတယ်”

“နေ... နေ... အဲဒါတွေ လုပ်မနေနဲ့”

ပြောပြောဆိုဆိုဖြင့် ချူဖုန်းက သူ့အင်္ကျီကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းအလင်းတန်း ရှစ်ခုသည် တပည့်ရှစ်ယောက်ထံသို့ ပျံသန်းသွားသည်။

သူတို့ ဓားကျောက်စိမ်းများကို ဖမ်းယူလိုက်သောအခါ၊ တစ်ခုချင်းစီတွင် သူတို့ဆရာက ဓားကွက်တစ်ခု ထုတ်ဖော်နေသည့် ပုံရိပ်ကို ထွင်းထုထားသည်ကို တွေ့လိုက်ရ၏။

ထို့အပြင် ကျောက်စိမ်းတစ်ခုစီ၌ မတူညီသော ဓားသိုင်းပညာရပ်များကို ဖော်ပြထား၏။

ချူဖုန်းက ဖြည်းဖြည်းချင်း ပြောသည်။ “ဒီဓားကျောက်စိမ်းတွေကို တစ်ခုချင်းလည်း သုံးလို့ရသလို၊ မင်းတို့ခုနစ်ယောက် ပေါင်းပြီးတော့ ‘ကြယ်ခုနစ်ပွင့် ဓားအစီအရင် အဖြစ်လည်း သုံးလို့ရတယ်။ ဒီအစီအရင်က ငါကိုယ်တိုင် ခုနစ်ယောက်ပေါင်းပြီး တိုက်ခိုက်သလိုမျိုး အစွမ်းထက်တယ်”

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံးက မသိစိတ်ဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်မိကြ၏။

ဆရာက အဘယ့်ကြောင့် ဓားကျောက်စိမ်းများသည် သူတော်စင်ကိုပင် ခုခံနိုင်သည်ဟု ပြောခဲ့သနည်းကို အခုမှ နားလည်သွားကြတော့သည်။

အားလုံးက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် ဆရာ”

ချူဖုန်း လက်ကာပြလိုက်သည်။ “စကားတွေ အများကြီး ပြောဖို့ မလိုတော့ပါဘူး။ ငါ အမြဲပြောသလိုပဲ... အသက်ရှင်လျက် ပြန်လာခဲ့ကြ။ သွားလို့ရပြီ။ စီနီယာ ရီရှန်း၊ ခဏလောက် နေခဲ့ပေးပါဦး”

“နားလည်ပါပြီ”

အဖွဲ့သားများက ပြန်ထူးပြီး ခြံဝင်းထဲမှ စတင်ထွက်ခွာသွားကြသည်။

မြို့စားရီရှန်း၏ ပုံရိပ်သည် ချူဖုန်း ဘေးတွင် ပေါ်လာသည်။ သူ ပြုံးလိုက်သည်။

“ဌာနမှူးချူက ဒီအဖိုးကြီးကို ဘာခိုင်းစရာ ရှိလို့လဲ”

ချူဖုန်းက သူ့အင်္ကျီလက်ကို အသာဝေ့ယမ်းလိုက်ရာ လက်မဝက်ခန့်ရှိသော ကျောက်စိမ်းဓားတစ်စင်းက ရီရှန်း လက်ထဲသို့ ရောက်သွားသည်။

“တာ့ယန်မြင့်မြတ်နယ်မြေက လူတွေနဲ့ ပြဿနာတက်ရင် ဒီဓားကိုပဲ ပြလိုက်ပါ။ သူတို့ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိလိမ့်မယ်”

မြို့စားရီရှန်းက ရယ်မောလိုက်သည်။ “ဌာနမှူးချူ မစိုးရိမ်ပါနဲ့။ အဲ့ဒီ မျက်ကန်းငရူးတွေ နောင်တမရစေဖို့ ကျုပ်ကောင်းကောင်း သတိပေးလိုက်ပါ့မယ်။ ဘာပဲဖြစ်ဖြစ် သူတို့က ဌာနမှူးချူရဲ့ အာရုံစိုက်မှုကို မခံချင်ကြတာ သေချာပါတယ်။ သွားခွင့်ပြုပါဦး”

“ကောင်းပါပြီ”

ချူဖုန်း ပြောလိုက်သည်နှင့် မြို့စားရီရှန်းသည် ခြံဝင်းထဲမှ ပျောက်ကွယ်သွားတော့၏။

ချူဖုန်း ခြံဝင်းတံခါးဘက်သို့ လှမ်းကြည့်လိုက်ရာ၊ သူ့တပည့်များ၏ အရိပ်အယောင်များမှာ မိုးကုပ်စက်ဝိုင်းအလွန်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

All Chapters