ရှေးဟောင်း အမွေအနှစ်
Vol. 28 Ch. 275
“ငွေတစ်ပြားမှ မကုန်ဘဲ နတ်သမီးမြောင်ယွင်ကို မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“သံသယဝင်စရာ မလိုဘူး။ ရတနာတစ်သောင်းစင်မြင့်က ယောကျာ်းတွေကို တကယ် နားလည်တာပဲ”
“…”
လူအုပ်ကြီး၏ တီးတိုးစကားပြောသံများကြားတွင် ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိသော ပုံရိပ်တစ်ခု စင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ တက်လှမ်းလာသည်။
သူမ ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာကို ဇာပုဝါဖြင့် ဖုံးကွယ်ထားသည်။ အလှဆင်ထားသော မိတ်ကပ်များ မရှိသလို ဆွဲဆောင်မှုရှိအောင် တမင်တကာ ကြိုးစားထားခြင်းမျိုးလည်း မရှိပေ။
သို့သော် သူမ ပေါ်လာသည့် အခိုက်တွင် မရေမတွက်နိုင်သော အကြည့်များကို ဖမ်းစားသွားခဲ့သည်။
“မွေးရာပါ ဆွဲဆောင်မှုနဲ့ မွေးဖွားလာတာပဲ”
ထိုအမျိုးသမီးကို ကြည့်ရင်း ချောင်ရို့ချန် အလိုလို ရေရွတ်လိုက်သည်။
၎င်းကို ကြားသောအခါ စုန့်ကျောက်ယီ ခပ်ဖွဖွပြုံးလိုက်သည်။ “အစ်ကိုချန် က တကယ်ကို အကဲဖြတ်တတ်တာပဲ”
ချောင်ရို့ချန် ချက်ချင်း တိတ်ဆိတ်သွားပြီး နောက်ထပ် မှတ်ချက်များ မပေးတော့ဘဲ သူမ အလှကိုသာ တိတ်တဆိတ် ငေးမောနေလိုက်သည်။
နတ်သမီးမြောင်ယွင် သွယ်လျသော ကျောက်စိမ်းပမာ လက်များဖြင့် သေတ္တာ တစ်လုံးကို သယ်ဆောင်လာပြီး လေလံ စားပွဲပေါ်တွင် တင်လိုက်သည်။
ကုဆန်းပြန့် သေတ္တာကို ချက်ချင်း ဖွင့်လိုက်သည်။ အတွင်းမှ အလင်းရောင် တစ်ခု ဖြာထွက်လာပြီး လူတိုင်း၏ အကြည့်ကို ဆွဲဆောင်သွားသည်။ အထဲတွင် ပန်းကန်လုံးကြီး တစ်လုံးအရွယ် ပုတီးစေ့ တစ်လုံး ရှိနေသည်။
“ဒါက တောင်ပိုင်းပင်လယ်က ရေနဂါးဘုရင်ပုလဲပါ။ ကျွန်တော်တို့ ရတနာတစ်သောင်းစင်မြင့်ရဲ့ အကဲဖြတ်မှုအရ ဒီပုလဲမှာ စစ်မှန်နဂါး တစ်ကောင်ရဲ့ အနှစ်သာရ သုံးဆယ် ရာခိုင်နှုန်း ပါဝင်ပါတယ်။ ခန္ဓာကိုယ် သန့်စင်ဖို့ပဲ ဖြစ်ဖြစ်၊ ကျင့်ကြံဖို့ပဲ ဖြစ်ဖြစ် ဒါက ထိပ်တန်း ရတနာ တစ်ခုပါ။ ပြီးတော့ အနှစ်သာရကို စုပ်ယူနိုင်ရင် နဂါးမျိုးနွယ်စုရဲ့ နတ်ဘုရား စွမ်းရည် တစ်ခုကိုတောင် နားလည် သဘောပေါက်နိုင်ပါတယ် “
“လေလံကြေးက အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းနဲ့ စပါမယ်။ တစ်ခါခေါ်ရင် အနည်းဆုံး တစ်သိန်းတိုးရပါမယ်။ တာအိုမိတ်ဆွေ တို့အနေနဲ့ လေလံဆွဲဖို့ တန်ဖိုးတူညီတဲ့ ရတနာတွေကိုလည်း အသုံးပြုနိုင်ပါတယ်”
ကုဆန်းပြန့် စကားပြောပြီးသည်နှင့် ဧည့်သည်များ တစ်ယောက်ပြီး တစ်ယောက် စတင် လေလံ ဆွဲကြတော့သည်။
“တစ်သန်း တစ်သိန်း”
“တစ်သန်း နှစ်သိန်း”
“ … “
ဈေးနှုန်းက နှစ်သန်းဆီသို့ လျင်မြန်စွာ ထိုးတက်သွားသည်။
သို့သော် လေလံဆွဲမှု အများစုမှာ ရှေ့တန်းများတွင် ထိုင်နေသော ကျင့်ကြံသူများထံမှ လာခြင်း ဖြစ်သည်။ သီးသန့် အခန်းများထဲရှိ သူများကတော့ တိတ်ဆိတ်နေကြသည်။
ဈေးနှုန်း နှစ်သန်းသို့ ရောက်သောအခါ ချောင်ရို့ချန် ရုတ်တရက် အော်ဟစ်လိုက်သည်။
“နှစ်သန်း ခြောက်သိန်း”
ထိုဂဏန်းကို ပြောလိုက်သည့် အခိုက်အတန့်တွင် ခန်းမကြီးမှာ ခဏတာ တိတ်ဆိတ်သွားသည်။
ကျင့်ကြံသူများသည် ချောင်ရို့ချန်တို့ ထိုင်နေသော သီးသန့် အခန်းဆီသို့ ကြည့်လာကြသည်။
ဒုတိယစီနီယာအစ်ကိုမှ ယခုလို မြင့်မားသည့် ဈေးနှုန်းကို ခေါ်လိမ့်မည်ဟု ယဲ့ပေရွှမ် မမျှော်လင့်ထားခဲ့ပေ။ “စီနီယာအစ်ကို... နည်းနည်း များလွန်းမနေဘူးလား”
ချောင်ရို့ချန် ရယ်မောလိုက်သည်။ “ငါက နှစ်သန်းခွဲ လေလံဆွဲမလို့ စီစဉ်ထားတာ၊ ဒါပေမဲ့ နှစ်ဆယ့်ငါး ဆိုတာက ကံမကောင်းတဲ့ ဂဏန်းဖြစ်နေလို့ နောက်ထပ် တစ်သိန်း ထပ်ပေါင်းလိုက်တာ”
မလှမ်းမကမ်းရှိ တာ့ယန်မြင့်မြတ်နယ်မြေ ၏ သီးသန့် အခန်းထဲတွင် အကြီးအကဲစီခုန်းနှင့် အိုးယန်တို့ နှစ်ဦးစလုံး ဇဝေဇဝါ ဖြစ်သွားသည်။
ဝမ်တောက်ကျောင်းတော်မှ တပည့်များ စောစီးစွာ လေလံဆွဲလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
အကြီးအကဲစီခုန်း ပြောလိုက်သည်။ “အကြီးအကဲအိုးယန်... ငါတို့ လိုက်ပြီး လေလံဆွဲသင့်လား”
အကြီးအကဲအိုးယန် ခေါင်းယမ်းလိုက်သည်။ “ဒါက သာမန်ဘုရင်အဆင့် ရေနဂါးပုလဲ တစ်ခု သက်သက်ပဲ။ ဝမ်တောက်ကျောင်းတော်က ဘာလို့ လိုချင်နေတာလဲ ဆိုတာ နားမလည်ဘူး။ ရိုးရိုးသားသား ပြောရရင် ဒါက ထိုက်ရွှီလျှို့ဝှက်နယ်မြေ ထဲမှာ တွေ့ခဲ့ရတဲ့ ပစ္စည်းတွေလောက်တောင် မကောင်းဘူး”
အကြီးအကဲစီခုန်း ပြောသည်။ “ဒါက ချောင်ရို့ချန် ရဲ့ ခန္ဓာကိုယ် ကျင့်ကြံခြင်း အတွက် လိုအပ်တဲ့ အရာတစ်ခုခု ဖြစ်နိုင်တယ်”
“အဲဒါ ဖြစ်နိုင်တယ်။ လောလောဆယ်တော့ စောင့်ကြည့်ကြသေးတာပေါ့”
အကြီးအကဲအိုးယန် ပြန်ဖြေလိုက်ပြီး အလျင်စလို လေလံမဆွဲရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ပစ်မှတ်များက တခြားနေရာတွင် ရှိနေသည်။
ခဏတာ ရပ်တန့်ပြီးနောက် အရှေ့ဘက်ရှိ ကျင့်ကြံသူများက ဆက်၍ လေလံဆွဲကြသည်။
“နှစ်သန်း ခုနစ်သိန်း”
“နှစ်သန်း ရှစ်သိန်း”
ချောင်ရို့ချန် “သုံးသန်း”
သူပြောလိုက်သည့် အခိုက် ရှေ့တန်းတွင် ထိုင်နေသော အကြီးအကဲတစ်ဦးသည် သိသာစွာ စိတ်အနှောင့်အယှက် ဖြစ်သွားတော့၏။ သူ ထိုပုလဲကို သူ့ အဖိုးတန် မြေးလေး ၏ ခန္ဓာကိုယ် ကျင့်ကြံခြင်းအတွက် ဝယ်ယူရန် ရည်ရွယ်ထားပြီး သုံးသန်း အောက်ဖြင့် ရရှိရန် မျှော်လင့်ထားပါ၏။ ဝမ်တောက်ကျောင်းတော်မှ လူတစ်ယောက် ဝင်ပါလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သူ အံကြိတ်လိုက်သည်။ “သုံးသန်း တစ်သိန်း”
ထိုလေလံကြေးကို ကြားသောအခါ ချောင်ရို့ချန် ချက်ချင်း တိတ်ဆိတ်သွားသည်။ ထိုလူ၏ အသံထဲမှ ပြတ်သားမှုကို သူ အာရုံခံနိုင်ပါသည်။ ဆက်ပြီး လေလံဆွဲခြင်းက အရှုံးပေါ်စေမည် ဖြစ်သည်။
ထိုအချိန်တွင် ကုဆန်းပြန့် ချောင်ရို့ချန် ထိုင်နေသော အခန်းဆီသို့ မျှော်လင့်တကြီး လှမ်းကြည့်လိုက်သည်။ စင်မြင့် ၏ အတွင်းပိုင်း အကဲဖြတ်မှုအရ ရေနဂါးဘုရင် ပုလဲ၏ မျှော်မှန်း ဈေးနှုန်းကို အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး သုံးသန်း သတ်မှတ်ထားသည်။
ယခု လေလံကြေးက ၎င်းထက် ကျော်လွန်သွားပြီ ဖြစ်ရာ သူ့ ကော်မရှင်ခ ကလည်း တိုးလာမည် ဖြစ်သည်။ ထိုဂုဏ်သရေရှိ ဧည့်သည်တော် ထပ်မံ လေလံဆွဲပါဟု သူ မျှော်လင့်လိုက်မိသည်။
ကံမကောင်းစွာ ထိုဧည့်သည်က သူ့ကို စိတ်ပျက်စေခဲ့သည်။
“သုံးသန်း တစ်သိန်း၊ တစ်ကြိမ်”
“နှစ်ကြိမ်... သုံးကြိမ်.... ရောင်းလိုက်ပါပြီ”
ထို့နောက် နောက်ထပ် လေလံ ပစ္စည်း အတော်များများ ရောက်လာပြီး ချောင်ရို့ချန်မှ အကြိမ်တိုင်းတွင် လေလံကြေး အနည်းငယ် ခေါ်ဆိုလေ့ရှိသည်။
သူတို့ မသိလိုက်မီမှာပင် အဋ္ဌမမြောက် ပစ္စည်းသို့ ရောက်ရှိလာပါ၏။
ဤတစ်ကြိမ်တွင် နတ်သမီးမြောင်ယွင် ရွှေချထားသော သေတ္တာတစ်လုံးကို ပိုက်ကာ စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
သေတ္တာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အက္ခရာများကို ထွင်းထုထားသည်။
ကုဆန်းပြန့် မိတ်ဆက်ပေးလိုက်သည်။
“နောက်ထပ် လေလံတင်မဲ့ ပစ္စည်းက ရှေးဟောင်း အမွေအနှစ် တစ်ခုပါ။ ဒါပေမဲ့ ဒီအမွေအနှစ်က တော်တော်လေး ထူးဆန်းတယ်။ ဒါကြောင့် ကျွန်တော်တို့ ရတနာတစ်သောင်းစင်မြင့်က ရှေးဟောင်း အက္ခရာတွေကို သုံးပြီး ရွှေချထားတဲ့ ရတနာ သေတ္တာထဲမှာ ချိတ်ပိတ်ထားတာပါ။ ဒါကို မဖွင့်ခင် လူတိုင်းကို သတိပေးချင်ပါတယ်။ ဒီအမွေအနှစ်က ပြင်းထန်တဲ့ ရန်မူတဲ့ စွမ်းအင်တွေကို သယ်ဆောင်ထားပါတယ်။ ကျေးဇူးပြုပြီး ကြိုတင် ပြင်ဆင်ထားကြပါ”
သူ စကားပြောပြီးသည်နှင့် လေလံ စင်မြင့် ပတ်လည်တွင် ကာကွယ်ရေး အစီအရင် တစ်ခု ထွက်ပေါ်လာသည်။
တက်ရောက်လာသော ဧည့်သည်များကလည်း သူတို့၏ ကာကွယ်ရေး ရတနာများကို ထုတ်ယူလိုက်ကြပြီး ရွှေချထားသော သေတ္တာကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေကြသည်။
ကလစ် ဆိုသော အသံနှင့်အတူ သေတ္တာ ပွင့်သွားပြီး ရှေးကျကာ ဖိနှိပ်နိုင်သော သဘာဝရှိသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာသည်။
အရာဝတ္ထုများက လှည့်စားနိုင်၏။ သို့သော် မကောင်းသည့် ဓာတ်သဘာဝ စွမ်းအင်ကတော့ မလှည့်စားနိုင်ပေ။
လူတိုင်း၏ မျက်လုံးများက သေတ္တာပေါ်သို့ ရောက်သွားကြသည်။ အထဲတွင် ကြက်သီးမွေးညင်း ထစေသော အရှိန်အဝါများ ဖြာထွက်နေသည့် ပြီးပြည့်စုံသော ချီလင် ဦးခေါင်းခွံ တစ်ခု ရှိနေသည်။
ချီလင် ၏ ပါးစပ်ထဲတွင် အရွယ်ရောက်ပြီးသား ယောကျာ်း တစ်ယောက်၏ လက်သီးဆုပ် အရွယ်အစားခန့်ရှိသော ကျောက်ပုတီးစေ့ တစ်လုံး ရှိနေသည်။
နောက်တစ်ခဏတွင် ပရိသတ်ဆီမှ အံ့အားသင့်စွာ အော်ဟစ်သံ လှိုင်းလုံးတစ်ခု ပေါက်ကွဲထွက်လာသည်။
“ချီလင်အရိုးပဲ။ ဒါက သူတော်စင်တစ်ပိုင်းအဆင့် ချီလင် ဦးခေါင်းခွံ တစ်ခုပဲ။ ကျောရိုး တစ်ခု မဟုတ်ဘဲ ဦးခေါင်းခွံ ဖြစ်နေတာ နှမြောစရာပဲ”
“တကယ်လို့ ကျောရိုး ဖြစ်နေရင် ဒီမှာ လေလံတင်ဖို့ အကြောင်းမရှိဘူး။ ချီလင်ကျောရိုးထဲမှာ နတ်ဘုရား သားရဲ အရိုး တစ်ခု ရှိတယ်လို့ ပြောကြတယ်။ အဲဒါနဲ့ဆိုရင် နတ်ဘုရား လက်နက် တစ်ခုကို သွန်းလုပ်နိုင်တယ်။ အလွန်ဆုံးမှ ဒီဦးခေါင်းခွံက မြင့်မြတ်လက်နက်တစ်ဝက်အဆင့်တစ်ခု လုပ်ဖို့ အသုံးပြုနိုင်လောက်တယ်”
“…”
ကုဆန်းပြန့် ပြုံးပြီး ပြောလိုက်သည်။ “တာအိုမိတ်ဆွေ တို့မှာ ထက်မြက်တဲ့ မျက်လုံးတွေ ရှိကြတာပဲ။ တစ်ချက် ကြည့်လိုက်တာနဲ့ ချီလင်အရိုးကို မှတ်မိသွားကြတယ်။ ကျွန်တော်တို့ ရတနာတစ်သောင်းစင်မြင့်ကလည်း ဒါကို အကဲဖြတ်ထားပြီးပါပြီ။ ဦးခေါင်းခွံထဲက ကျောက်ပုတီးစေ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအား တစ်ခု ပါဝင်တယ်။ သူ့တန်ဖိုးက ဦးခေါင်းခွံ ထက် မလျော့ပါဘူး။ လေလံကြေးက တစ်သန်းက စပါမယ်။ တစ်ခါတိုးရင် အနည်းဆုံး အဆင့်နိမ့် စိတ်ဝိညာဉ် ကျောက်တုံး တစ်သိန်း တိုးရပါမယ်”
ဒေါက် ဟူသော အသံ ထွက်ပေါ်လာသည်။
ပြောရင်းဆိုရင်း ကုဆန်းပြန့်က သစ်သား တူဖြင့် စားပွဲကို ရိုက်လိုက်သည်။
သို့သော် တုံ့ပြန်မှုက တိတ်ဆိတ်နေခြင်းပင်။ ဤနေရာရှိ ကျင့်ကြံသူများသည် အတွေ့အကြုံရင့် ဝါရင့်များ ဖြစ်ကြသည်။ ရှေးဟောင်း အမွေအနှစ်များတွင် ကြီးကျယ်သော နာမည် တစ်ခု ရှိသော်လည်း ကြီးမားသော အန္တရာယ်ကိုလည်း သယ်ဆောင်ထားကြသည်။
စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း အကုန်အကျခံပြီးမှ အရာအားလုံး ဆုံးရှုံးသွားခြင်းမျိုး အရင်က ဖြစ်ဖူးသည်။
ထို့ကြောင့် ကုဆန်းပြန့် မည်သို့ပင် အမွှမ်းတင် ပြောဆိုနေပါစေ ရှေးဟောင်း အမွေအနှစ်များအတွက် လေလံဆွဲရာတွင် လူတိုင်းက သတိထားနေကြသည်။
သီးသန့်အခန်းထဲတွင် ရှောင်ချန်းတို့သည် ယဲ့ပေရွှမ်ကို ကြည့်လိုက်ကြ၏။
သို့သော် ယဲ့ပေရွှမ်က သူ့ နတ်ဘုရားအာရုံဖြင့် ချင်ယွမ် ကို စောင့်ကြည့်နေသည်။
“တစ်သန်း”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချင်ယွမ်အရင်ဆုံး စကားပြောလာသည်။
ကုဆန်းပြန့် ၏ မျက်လုံးများ လင်းလက်သွားသည်။ တန်ဖိုးရှိသော အရာတစ်ခုခုကို သွန်းလုပ်ရန် ကုန်ကျစရိတ် အလွန်များပြားသောကြောင့် ချီလင်အရိုးသည် ရတနာတစ်သောင်းစင်မြင့် အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ယခု တစ်စုံတစ်ယောက်က လေလံဆွဲရန် ဆန္ဒရှိနေပြီ ဖြစ်သဖြင့် သူ စိတ်ထဲတွင် ဝမ်းသာသွားပြီး ချက်ချင်း ပြောလိုက်သည်။ “ဒီလူကြီးမင်းက တစ်သန်း လေလံဆွဲထားပါတယ်။ တခြား ကမ်းလှမ်းချင်တဲ့သူများ ရှိသေးလား ဆိုတာ သိပါရစေ”
အခန်းထဲရှိ လူများက စဉ်းစားခန်း ဝင်သွားကြသည်။ ကုဆန်းပြန့် ခဏတာ ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။ “တစ်သန်း၊ နှစ်ကြိမ်”
အစောပိုင်းက လေလံဆွဲနေခဲ့သော သီးသန့် အခန်းဆီသို့ သူ အလိုလို လှမ်းကြည့်လိုက်သည်။ မည်သည့် လှုပ်ရှားမှုမျှ မတွေ့ရသဖြင့် သူ ဆက်လက် ကြေညာလိုက်သည်။ “တစ်သန်း၊ သုံး..”
ထိုစကားလုံးများ သူ့ ပါးစပ်မှ ထွက်သွားသည်နှင့် ရင်းနှီးနေသော အသံတစ်သံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။
“တစ်သန်း တစ်သိန်း”