← Chapters

သူ ငါတို့ကို တမင်သက်သက် ပစ်မှတ်ထားနေတာပဲ

Vol. 28 Ch. 276

သူ ငါတို့ကို တမင်သက်သက် ပစ်မှတ်ထားနေတာပဲ

Vol. 28 Ch. 276

“အဲဒီလူ ပြန်လာပြန်ပြီ”

“သူက ရတနာတစ်သောင်းစင်မြင့်က ငှားထားတဲ့ ဈေးမြှင့်ပေးတဲ့သူလား”

“…”

ကျင့်ကြံသူများကြားတွင် တစ်ယောက်တစ်ပေါက် တိုးတိုးတိတ်တိတ် ဝေဖန်သံများ ထွက်ပေါ်လာ၏။

တာ့ယန်မြင့်မြတ်နယ်မြေ၏ အကြီးအကဲနှစ်ဦးမှာ အသံမထွက်ဘဲ ငြိမ်သက်နေကြသည်။

ဝမ်တောက်ကျောင်းတော်မှ ထိုလူငယ်များက မည်သည့်အရာကို လိုချင်နေသနည်း။

သူတို့ လေလံရုံနှင့် တစ်စုံတစ်ရာ ကြိုတင်ညှိနှိုင်းထားသလား။ အကယ်၍ ထိုသို့သာ ဖြစ်ပါက သူတို့ အမှန်တကယ် မည်သည့်ပစ္စည်းကို လေလံဆွဲလိုသည်ကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။

တစ်ခဏ တွေဝေသွားပြီးနောက် အကြီးအကဲနှစ်ဦး ဈေးလိုက်မခေါ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့လို အဆင့်အတန်းမျိုးရှိသူများအတွက် ဝိညာဉ်ကျောက်တုံး တစ်သန်းမှာ များပြားလှသည် မဟုတ်သော်လည်း အလှည့်စားခံရသည့်လူ အဖြစ်မခံနိုင်ကြပေ။

ချင်ယွမ်လည်း ကြောင်အသွား၏။ သူ ချီလင်ဦးခေါင်းခွံကို စိတ်ဝင်စားရုံမျှဖြင့် ဈေးခေါ်ကြည့်ခြင်းသာ ဖြစ်သည်။ အခြားတစ်ဦးက ၎င်းကို လုယူရန် ကြိုးစားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အခြားသူများ ပြောဆိုသကဲ့သို့ ထိုသီးသန့်ခန်းထဲမှ ပုဂ္ဂိုလ်သည် လေလံရုံမှ ငှားရမ်းထားသူ ဖြစ်နေနိုင်၏။

ဓားသွန်းမြို့တော်၏ ဒုတိယမြို့ဝန်က ချင်ယွမ် အနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။

“ရှောင်ယွမ်... ငါတို့တကယ်လိုချင်တဲ့ ပစ္စည်းက နောက်မှလာမှာ။ မင်းသုံးလို့ရတဲ့ ဝိညာဉ်ကျောက်တုံးက တစ်သန်းခွဲပဲ ရှိတာနော်။”

ချင်ယွမ် ဝေခွဲမရဖြစ်သွားသော်လည်း သူ ဓားသွန်းမြို့တော်တွင် ရှိစဉ်က ပြုမူခဲ့သော အစီအစဉ်မကျသည့် ကိစ္စများကို ပြန်လည်တွေးမိကာ သူ့ဦးလေးက ဘာကြောင့် ယခုလို သတိပေးရသည်ကို နားလည်သွား၏။

သူ ခေါင်း ကုတ်လိုက်ရင်း ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ဦးလေးရာ။ ကျွန်တော် အဲဒီဈေးမြှင့်တဲ့ ကောင်နဲ့တော့ သွားမပြိုင်တော့ပါဘူး”

ထိုအတောအတွင်း ကုဆန်းပြန့် ဆက်လက် ပြော၏။ “တစ်သန်းနဲ့တစ်သိန်း... တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်... အတည်ပြုလိုက်ပါပြီ”

“နံပါတ် ၉ ကောင်းကင်သီးသန့်ခန်းမှ ဂုဏ်သရေရှိဧည့်သည်တော်ခင်ဗျ၊ ဒီရှေးဟောင်းပစ္စည်းကို ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်ခင်ဗျာ”

လေလံခန်းမတစ်ခုလုံး ခဏတာ တိတ်ဆိတ်သွား၏။

ချောင်ရို့ချန် သူ့ထိုင်ခုံတွင် အေးအေးလူလူ ထိုင်နေပြီး လက်ဖက်ရည်ကို တစ်ငုံချင်း သောက်နေသည်။ ယဲ့ပေ့ရွှမ်ကိုပင် ဘာမှလှမ်းမမေးတော့ပေ။

လေလံပွဲမှာ ဆက်လက်ကျင်းပလာရာ (၁၆) ခုမြောက် ပစ္စည်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကုဆန်းပြန့်က ကြေညာသည်။

“ဂုဏ်သရေရှိ ဧည့်သည်တော်များခင်ဗျာ၊ နောက်ထပ်ပစ္စည်းဟာလည်း ရှေးဟောင်းပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။ နတ်ဆိုးဘုရားရဲ့ အရိုးတစ်ချောင်းပါ”

သူ့စကားကြောင့် ကျင့်ကြံသူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်၏။

“ရတနာတစ်သောင်းစင်မြင့်က ရှေးဟောင်းနတ်ဆိုးဘုရားဂူကို သွားပြီး တူးလာတာလား။ အစက ချီလင်ခေါင်းခွံ၊ အခု နတ်ဆိုးဘုရားအရိုး”

“အဘိုးကြီးကု၊ မြန်မြန်ပြပါဦးဗျာ။ ကျွန်တော်တို့လည်း ကိုယ်တိုင်ကြည့်ချင်လှပြီ”

“…”

စကားသံများကြားတွင် အရပ်ရှည်ရှည် ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးခန့်က ရွှေရောင်သေတ္တာကြီးတစ်လုံးကို စင်ပေါ်သို့ ဖြည်းဖြည်းချင်း ထမ်းတင်လာကြသည်။

ရှောင်ချန်းတို့ပင် ထိုသေတ္တာကြီးဆီသို့ အာရုံရောက်သွားကြ၏။

သို့သော် ယဲ့ပေ့ရွှမ်သည် ဓားသွန်းမြို့တော်၏ လှုပ်ရှားမှုကို သိရှိနိုင်ရန် ချင်ယွမ်ကိုသာ စောင့်ကြည့်နေ၏။

ကျွိ... ကျွိ...

ရွှေရောင်သေတ္တာကြီး ပွင့်လာသည့်အခါ ငါးပေခန့် ရှည်လျားသော နတ်ဆိုးဘုရားအရိုးမှာ သေတ္တာထဲတွင် ရှိနေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ထိုအရိုးသည် ကြောက်မက်ဖွယ် စွမ်းအင်များ ဖြာထွက်နေပြီး ကြည်လင်တောက်ပနေ၏။

တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ကျင့်ကြံသူများ၏ ဝိညာဉ်များ တုန်လှုပ်သွားကြရသည်။

“အဲဒါ... အဲဒါ သူတော်စင်အဆင့် နတ်ဆိုးဘုရားအရိုးပဲ”

အံ့အားသင့်တုန်လှုပ်သံများ လူအုပ်ကြားတွင် ပျံ့နှံ့သွား၏။

သို့သော် တတိယတန်းရှိ သီးသန့်ခန်းများတွင် ထိုင်နေသော အရေးပါသည့် ပုဂ္ဂိုလ်ကြီးများမှာမူ အရင်အတိုင်းပင် တိတ်ဆိတ်နေကြဆဲပင်။

သူတော်စင်အဆင့် နတ်ဆိုးဘုရားအရိုးမှာ ရှားပါးလှသည် မှန်သော်လည်း သူတို့ကဲ့သို့ အဆင့်အတန်းရှိသူများကို အထင်ကြီးစေရန် မစွမ်းသာသေးပေ။

ကုဆန်းပြန့် တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြသည်။

“အားလုံးပဲခင်ဗျာ... ရတနာတစ်သောင်းစင်မြင့်ရဲ့ စစ်ဆေးချက်အရ ဒီနတ်ဆိုးဘုရားအရိုးဟာ သူတော်စင်အဆင့် နတ်ဆိုးဘုရားရင်သွေးငယ်တစ်ဦးရဲ့ အကြွင်းအကျန် ဖြစ်ပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်နဲ့ နတ်ဆိုးဘုရားအငွေ့အသက်တွေ ကိန်းအောင်းနေတော့ နှစ်ပေါင်းများစွာကြာနေပေမဲ့ အတွင်းမှာရှိတဲ့ နတ်ဆိုးဘုရားအဆီအနှစ်တွေက မလျော့သေးပါဘူး။ ဒီအရိုးကို အသုံးပြုပြီး မြင့်မြတ်လက်နက် တစ်ခု သွန်းလုပ်နိုင်ပါတယ်ခင်ဗျာ”

သူ့စကားအဆုံးတွင် ခန်းမကြီးထဲ၌ တစ်ကျော့ပြန် ဆူညံသွားပြန်၏။

“အဘိုးကြီးကု၊ စျေးနှုန်းကို မြန်မြန်ပြောပါတော့”

“ဒီအရိုးကို ငါတို့ အရိုးဖြူဂိုဏ်းက မျက်စိကျထားတာ၊ ဘယ်သူမှ လာမပြိုင်နဲ့နော်”

“…”

ကုဆန်းပြန့်သည် လူများ စိတ်လှုပ်ရှားနေသည်ကို သဘောကျနေပုံရပြီး နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု သန်းနေ၏။

“ဒီနတ်ဆိုးဘုရားအရိုးရဲ့ အခြေခံဈေးနှုန်းက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်သန်း ဖြစ်ပါတယ်။ တစ်ကြိမ်ဈေးခေါ်ရင် အနည်းဆုံး တစ်သန်းစီ တိုးပေးရမယ်ခင်ဗျ။ အခု လေလံစတင်နိုင်ပါပြီ”

သူ့စကားအဆုံးတွင် လေလံခေါ်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

“၁၁ သန်း”

“၁၅ သန်း”

“…”

ချောင်ရို့ချန် ယဲ့ပေ့ရွှမ်ဘက်သို့ လှည့်ကာ မေးသည်။

“ပေ့ရွှမ်၊ မင်း ဒါကို စိတ်ဝင်စားလား”

ယဲ့ပေ့ရွှမ် ပြန်ဖြေသည်။

“မလောပါနဲ့ဦး။ အခုလောလောဆယ် စောင့်ကြည့်ကြရအောင်”

“ပြဿနာမရှိဘူး”

ချောင်ရို့ချန်သည် နတ်ဆိုးဘုရားအရိုးအပေါ် ထူးထူးခြားခြား စိတ်အားထက်သန်မှု မရှိပေ။

၎င်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးသွားသည့် နတ်ဆိုးဘုရားရင်သွေးငယ်တစ်ဦး၏ အစိတ်အပိုင်းသာ။ တစ်ချိန်က သူတော်စင်အဆင့် ဖြစ်ခဲ့လျှင်ပင် ဤမျှကြာမြင့်လာချိန်တွင် နတ်ဆိုးဘုရားအဆီအနှစ် မည်မျှကျန်ရှိနေဦးမည်ကို ခန့်မှန်းရန် ခက်ခဲလှ၏။

“သန်း (၂၀)”

ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသည်ကို မြင်သောအခါ ချင်ယွမ်သည်လည်း ဈေးစတင်ခေါ်ယူတော့သည်။

ဓားသွန်းမြို့တော်၏ ယနေလေလံပွဲအတွက် အဓိကရည်မှန်းချက်မှာ ဤနတ်ဆိုးဘုရားအရိုးပင်။

အကယ်၍ ဓားသွန်းမြို့တော်က ၎င်းကို ရရှိသွားပြီး မြင့်မြတ်ဓား တစ်လက်အဖြစ် သွန်းလုပ်နိုင်ပါက သူတို့ ဘိုးဘေးမှာ ဤအခွင့်အရေးကို အသုံးချကာ သူတော်စင်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ပေမည်။

တစ်နည်းအားဖြင့် ဆိုရသော် ဤလေလံပွဲမှာ သူတို့အတွက် အကြီးမားဆုံး လောင်းကြေးတစ်ခုပင်။

“(၂၁)သန်း”

“ (၂၂) သန်း”

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည်လည်း ချင်ယွမ်၏ ဈေးခေါ်သံကြောင့် နောက်ဆုတ်မသွားကြပေ။

“(၂၅) သန်း”

ချင်ယွမ် ဈေးကို ရုတ်တရက် မြှင့်လိုက်၏။

“သန်း (၃၀)”

အရိုးဖြူဂိုဏ်း၏ ထိုင်ခုံနေရာမှ အရိုးဖြူမျက်နှာဖုံး စွပ်ထားသော အစွမ်းထက် ကျင့်ကြံသူတစ်ဦး တိုက်ရိုက်တိုးမြှင့်ခေါ်လိုက်သည်။

ထိုဈေးနှုန်းကြောင့်ပင် အချို့အဖွဲ့အစည်းများသည် နတ်ဆိုးဘုရားအရိုးကို ဆက်လက်ယှဉ်ပြိုင်ရန် တွန့်ဆုတ်သွားကြ၏။

“(၃၅) သန်း”

ချင်ယွမ် အကျယ်ကြီး အော်လိုက်သည်။

ဓားသွန်းမြို့တော်၏ ဒုတိယမြို့ဝန်က လက်ခုနစ်ချောင်း ထောင်ပြ၏။ အဓိပ္ပာယ်မှာ ဈေးနှုန်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်း (၇၀) အထိ မြှင့်တင်နိုင်သည်ဟူ၍ပင်။

“သန်း (၄၀)”

အရိုးဖြူဂိုဏ်းမှ ကျင့်ကြံသူက တည်ငြိမ်သော လေသံဖြင့် ထပ်မံခေါ်ယူပြန်သည်။

ယဲ့ပေ့ရွှမ် လေလံဆွဲနေသူ နှစ်ဦးကို မျက်မှောင်ကြုတ်၍ ကြည့်နေ၏။ သူ့ဦးနှောက်ထဲတွင် အတွေးတစ်ခု ဝင်လာသည်မှာ

‘နတ်ဆိုးဘုရားအရိုးထဲမှာ သော့က ဝှက်ထားတာလား’

“ဒုတိယအစ်ကိုကြီး... ဈေးခေါ်ဖို့ အချိန်တန်ပြီ”

ချောင်ရို့ချန် ပြုံးလိုက်၏။

“ဒါဆိုရင် ငါ့လက်ရာကို ကြည့်ထားလိုက်တော့။ သန်း (၅၀)”

ဤဈေးနှုန်းမှာ သူ့အလိုလိုဆိုလျှင် သိပ်မအံ့ဩဖွယ် မရှိသော်လည်း ရင်းနှီးနေသော အသံကြောင့် လူတိုင်း၏ သံသယများမှာ ပြန်လည်နိုးထလာ၏။

နှောင့်ယှက်သူ ပြန်လာပြန်ပေသည်။

ဓားသွန်းမြို့တော်ရော၊ အရိုးဖြူဂိုဏ်းမှ ကျင့်ကြံသူများပါ ဝမ်တောက်ကျောင်းတော်၏ သီးသန့်ခန်းဘက်သို့ သံသယမျက်လုံးများဖြင့် တပြိုင်နက် လှည့်ကြည့်လိုက်ကြသည်။

ချင်ယွမ်မှာ တွန့်ဆုတ်မနေပေ။

“သန်း (၆၀)”

“(၆၅)သန်း”

အရိုးဖြူဂိုဏ်းသည်လည်း နောက်မဆုတ်ပေ။

ချင်ယွမ် ဆက်ခေါ်သည်။

“သန်း (၇၀)”

ချောင်ရို့ချန်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

“(၇၅) သန်း”

ထိုဈေးနှုန်းကို ကြားလိုက်ရသည့်အခါ ဓားသွန်းမြို့တော်ရော အရိုးဖြူဂိုဏ်းပါ တိတ်ဆိတ်သွားကြ၏။ ဈေးနှုန်းသည် သူတို့ မျှော်မှန်းထားသည့် ကန့်သတ်ချက်ကို ကျော်လွန်သွားသည်။

အရိုးဖြူဂိုဏ်းမှ ကျင့်ကြံသူအချို့ ဆက်လက်ယှဉ်ပြိုင်သင့်၊ မသင့် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

ချင်ယွမ် လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသတကြီး ရေရွတ်၏။

“အဲဒီ ဈေးမြှင့်တဲ့ကောင်ကတော့ လွန်လွန်းပြီ။ သူ ငါတို့ ဓားသွန်းမြို့တော်ကို တမင်သက်သက် ပစ်မှတ်ထားနေတာပဲလို့ ခံစားရတယ်”

ဒုတိယမြို့ဝန် ခေါင်းခါလိုက်သည်။

“သူက လေလံရုံကလူ မဟုတ်လောက်ဘူး။ အင်အားကြီးတဲ့ အဖွဲ့အစည်းတစ်ခုခုက သခင်လေးတစ်ယောက် ဖြစ်ဖို့များတယ်။ ငါတို့ ဒီအရိုးကို မရတော့ဘူးထင်တယ်။”

ချင်ယွမ်က မေးသည်။

“ဒါဆို ကျွန်တော်တို့ လက်လျှော့လိုက်တော့မှာလား”

“မလောနဲ့ဦး။ အရိုးဖြူဂိုဏ်း ဘာလုပ်မလဲ အရင်ကြည့်ရအောင်”

ဒုတိယမြို့ဝန် အရိုးဖြူဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်၏၊ သို့သော် နောက်ဆုံးစကားတစ်ခွန်းကိုမူ သူ ထုတ်မပြောလိုက်ပေ။အကယ်၍ ဈေးမလိုက်နိုင်ပါက လက်လျှော့ရုံသာ ရှိတော့၏။

“(၇၆)သန်း... တန်ဖိုးတူ ရတနာတွေနဲ့ အစားထိုးပေးမယ်”

အရိုးဖြူဂိုဏ်း ကျင့်ကြံသူ အံကြိတ်၍ ပြောလိုက်သည်။

“သန်း (၈၀)”

ချောင်ရို့ချန်၏ လေသံမှာ ပေါ့ပေါ့ပါးပါးပင် ဖြစ်၏။ ဤမျှများပြားသည့် ဝိညာဉ်ကျောက်တုံးများမှာ သူ့အတွက် ကိန်းဂဏန်းမျှသာ ဖြစ်သည်။

၎င်းကို ကြားလိုက်ရသည့်အခါ အရိုးဖြူဂိုဏ်းနှင့် ဓားသွန်းမြို့တော် ကျင့်ကြံသူများမှာ လုံးဝ နှုတ်ဆိတ်သွားကြတော့၏။

ထိုအခြေအနေကို မြင်သောအခါ ကုဆန်းပြန့် ဆက်လက်၍ ပြောလာသည်။

“သန်း (၈၀) ဖြစ်ပါတယ် ထပ်မံဈေးခေါ်မဲ့သူ ရှိပါသေးလား”

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ထပ်မံကြေညာသည်။

“သန်း (၈၀) တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်... အတည်ပြုလိုက်ပါပြီ”

All Chapters