မင်းတို့ အားလုံးအတွက် မြေချဖို့ ဖုန်းရွှေကောင်းတဲ့ နေရာလေး ရွေးပေးနေတာပါ
Vol. 28 Ch. 278
“ထူးဆန်းလိုက်တ။ ရတနာတစ်သောင်းစင်မြင့် ကို ကြီးကြပ်လာတဲ့ နှစ်တွေ တစ်လျှောက်လုံးမှာ ဒီလောက် ထူးဆန်းတဲ့ လူငယ်မျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး”
ကုဆန်းပြန့် ထွက်ခွာသွားသော ယဲ့ပေရွှမ်၏ ပုံရိပ်ကို ကြည့်ကာ တီးတိုးရေရွတ်လိုက်၏။
သူ့ဘေးက တပည့်တစ်ယောက် မေးလိုက်သည်။ “အကြီးအကဲ... အဲဒီလူက အသက်ရာချီနေတဲ့ မြေခွေးအိုကြီးတွေထဲက တစ်ယောက် မဟုတ်ဘူးလား”
ကုဆန်းပြန့် ခေါင်းယမ်းလိုက်သည်။ “မဟုတ်ဘူး။ သူက မင်းထက်တောင် ငယ်သေးတယ်။ သူ ထုတ်လွှတ်နေတဲ့ အိုမင်းရင့်ရော်ပြီး လောကကြီးကို ငြီးငွေ့နေတဲ့ အရှိန်အဝါက အယောင်ဆောင်ထားတာ သက်သက်ပဲ။ ဒါပေမဲ့ အထီးကျန်ဆန်တဲ့ ခံစားချက်က သူ့ အရိုးထဲကနေ စိမ့်ထွက်လာသလို ခံစားရတယ်”
“ကျွန်တော်တို့ စုံစမ်းဖို့ လူတစ်ယောက်လောက် လွှတ်လိုက်ရမလား”
တပည့်ဖြစ်သူ မျှော်လင့်တကြီးဖြင့် မေးလိုက်သည်။
“တိတ်စမ်း”
ကုဆန်းပြန့် တင်းမာစွာ ပြောလိုက်သည်။ “ငါတို့ ရတနာတစ်သောင်းစင်မြင့်ရဲ့ စည်းမျဉ်းကို မင်း မေ့သွားပြီလား။ ဧည့်သည်ရဲ့ နောက်ခံကို ဘယ်တော့မှ မမေးခွန်းထုတ်ရဘူး”
ယဲ့ပေရွှမ် ရတနာတစ်သောင်းစင်မြင့်၏ နောက်ပေါက်မှ မထွက်ပေ။ ယင်းအစား သူ ပင်မ တံခါးပေါက်မှ ဂုဏ်ယူစွာ ထွက်ခွာသွားပြီး လူတိုင်း၏ အာရုံကို သူ့ထံသို့ ဆွဲဆောင်သွားလိုက်သည်။
ထိုအချိန်တွင် ရှောင်ချန်းတို့သည် နောက်ပေါက်မှတစ်ဆင့် တိတ်ဆိတ်စွာ ထွက်လာကြ၏။
ယဲ့ပေရွှမ် မြို့ထဲတွင် ဖြည်းညှင်းစွာ လမ်းလျှောက်နေစဉ် နတ်ဘုရားအာရုံများစွာ သူ့အပေါ် ကျရောက်လာသည်ကို ပို၍ ခံစားလာမိသည်။
ထိုခံစားချက်က ယခင်ဘဝတွင် သူ တစ်ယောက်တည်း လေလံပွဲများကို တိတ်ဆိတ်စွာ တက်ရောက်ခဲ့စဉ် နောက်ယောင်ခံ အလိုက်ခံရသည့် မှတ်ဉာဏ်များကို ပြန်လည် ယူဆောင်လာသည်။
စိတ်လှုပ်ရှားစရာ ကောင်းလှပါ၏။
“အဘိုးလေး... အဲဒီလူက ဘယ်သူလဲဆိုတာ သိလား”
ချင်ယွမ် ယဲ့ပေရွှမ်ကို သေချာကြည့်ရင်း ဘေးက ဓားသွန်းမြို့ ၏ ဒုတိယမြို့ဝန် ကို မေးလိုက်သည်။
“သူ့ နောက်ခံက ဘာလဲ ဆိုတာကို ငါလည်း မပြောတတ်ဘူး။ ဒါပေမဲ့ သူက ငါ့ကို ထူးဆန်းတဲ့ ခံစားချက် တစ်ခု ပေးနေတယ်”
ဒုတိယမြို့ဝန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထူးဆန်းနေသည့်အရာကို သူမပြောတတ်ပေ။
ချင်ယွမ် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “အဘိုးလေး... သူ့ဆီမှာ ဘာတွေများ ထူးဆန်းနေလို့လဲ”
“သူက မြေခွေးအိုကြီးတွေထဲက တစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ သူ ထုတ်လွှတ်နေတဲ့ ပျက်စီးယိုယွင်းနေတဲ့ အရှိန်အဝါက အတုအယောင် မဟုတ်ဘူး။ သူ့ အရိုးထဲကနေ စိမ့်ထွက်လာသလို ခံစားရတယ်” ဒုတိယမြို့ဝန် ပြောလိုက်သည်။
ချင်ယွမ် အလိုလို ပြန်ဖြေလိုက်သည်။ “အဘိုးလေး... သူက စိတ်ဝိညာဉ် အမျိုးအစား ရတနာ တစ်ခုခု ပိုင်ဆိုင်ထားလို့များလား “
ဒုတိယမြို့ဝန် ၏ မျက်လုံးများ ချက်ချင်း လင်းလက်သွားသည်။ “အဲဒီ ဖြစ်နိုင်ခြေကိုတော့ ဖယ်ထုတ်လို့ မရဘူး။ သူ့ နောက်ကို လိုက်သွား။ ဒါပေမဲ့ အရင် မတိုက်ခိုက်နဲ့။ သူ့ အကြောင်းကို စူးစမ်းချင်တဲ့သူ တော်တော်များများ ရှိလိမ့်မယ်”
အရိုးဖြူဂိုဏ်းနှင့် အခြား သေးငယ်သော အင်အားစုမျာသည်လည်း အလားတူ အတွေးမျိုးကို တွေးတောနေကြသည်။
အရိုးဖြူဂိုဏ်းကဲ့သို့ သူတော်စင်တစ်ပိုင်းအဆင့် ဂိုဏ်း တစ်ခုနှင့် မတူသည်မှာ အခြား သေးငယ်သော အင်အားစုများတွင် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများ မရှိကြပေ။ သို့သော် ဆူဖြိုးသည့် သိုးဝဝတစ်ကောင်နှင့် ရင်ဆိုင်ရသောအခါ သူတို့ အလွတ်ပေးရန် အစီအစဉ် မရှိပေ။
ပုံမှန်အားဖြင့် ရတနာတစ်သောင်းစင်မြင့်၏ သီးသန့် အခန်းများတွင် ထိုင်ခွင့်ရသူများသည် ထိပ်တန်းအဆင့် ဂုဏ်သရေရှိ ဧည့်သည်တော်များ ဖြစ်ကြသည်။
သို့သော် ဂုဏ်သရေရှိ ဧည့်သည်တော်တိုင်းက မြင့်မြတ်နယ်မြေ မှ လာသူများ မဟုတ်ကြပေ။
အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်သည် မြို့တံခါးနှင့် ပိုမို နီးကပ်လာသည်နှင့်အမျှ လူတိုင်း၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ဖြစ်ပေါ်လာသည်။
‘ဒီကောင်က သေချာပေါက် မြင့်မြတ်နယ်မြေ က မဟုတ်ဘူး။ မဟုတ်ရင် ညကြီးမင်းကြီး သူ ဘာလို့ မြို့ပြင်ကို ထွက်သွားမှာလဲ’
ထိုသို့ တွေးမိကာ ယဲ့ပေရွှမ်ကို နောက်ယောင်ခံ လိုက်နေသော ကျင့်ကြံသူများ ဂနာမငြိမ် ဖြစ်လာကြသည်။
ယဲ့ပေရွှမ်မြို့တံခါးမှ ထွက်သွားသည့် အခိုက်တွင် သူ အမြန်ဆုံးနှုန်းဖြင့် လေထဲသို့ ပျံတက်သွားပြီး ပျံသန်းခြင်း အဆောင်တစ်ခုကိုပင် အသက်သွင်းလိုက်၏။
သူ့ အမြန်နှုန်းက ချက်ချင်းပင် အဆပေါင်းများစွာ မြင့်တက်သွားသည်။
‘ငါတို့ လှည့်စားခံလိုက်ရပြီ’
လူတိုင်း တူညီသော အတွေးတစ်ခုကို တွေးလိုက်မိကြသည်။
သူတို့ မြို့ပြင်သို့ ချက်ချင်း လိုက်သွားကြပြီး အနက်ရောင် ပုံရိပ်ကို အမြန်ဆုံးနှုန်းဖြင့် လိုက်လံ ဖမ်းဆီးကြတော့သည်။
ဝူရွှမ်မြို့၏ အရှေ့ဘက် ဝေါ့နျူတောင်ပေါ်တွင်
ရှောင်ချန်း၊ ချောင်ရို့ချန် နှင့် အခြားသူများသည် ထိုနေရာတွင် စောင့်ဆိုင်းနေကြသည်။
အထက်ကောင်းကင်ယံတွင် မြို့စားရီရှန်းသည် သူ့ နတ်ဘုရား အာရုံကို လီတစ်ရာ ပတ်လည်အထိ ဖြန့်ကြက်ထား၏။ အကယ်၍ ယဲ့ပေရွှမ် အချိန်မီ မရောက်နိုင်ခဲ့ပါက ထိုကောင်လေးအတွက် သူ ဝင်ပါရန် ပြင်ဆင်ထားပါသည်။
ယဲ့ပေရွှမ် လောလောဆယ်တွင် အလွန် တက်ကြွနေ၏။ သူ့ အနောက်မှ လိုက်လံ ဖမ်းဆီးနေသူများ ပိုမို နီးကပ်လာသည်ကို သူ သိလိုက်သည်။
တစ်ချိန်တည်းမှာပင် ကုန်းမြေတစ်ခုလုံးအပေါ်သို့ အမှောင်ထု လုံးဝ လွှမ်းမိုးသွားသည်။
လေပြင်းတိုက်ခတ်သံများ သူ့ နားထဲတွင် ကြားလိုက်ရ၏။
“ဟေ့လူ... ရပ်လိုက်စမ်း”
ကျယ်လောင်သော အော်ဟစ်သံတစ်သံက သူ့အနောက်မှ ထွက်ပေါ်လာသည်။ ယဲ့ပေရွှမ် မကြားသည့်အလား ရှေ့သို့ ဆက်လက် ပျံသန်းနေ၏။
“ရှောင်ယဲ့... မင်း စီနီယာအစ်ကိုတွေက ဝေါ့နျူတောင် ပေါ်မှာ မင်းကို စောင့်နေကြတယ်”
မြို့စားရီရှန်း အသံက ယဲ့ပေရွှမ်၏ နားထဲတွင် ကောင်းကင် တေးသွားတစ်ခုအလား ဝင်ရောက်လာသည်။ ရှေ့တည့်တည့်ရှိ ဝေါ့နျူ တောင်ကို မြင်သောအခါ သူသည် လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းပမာ ထိုတောင်ပေါ်သို့ အမြန်ဆုံး ဆင်းသက်လိုက်၏။
ဟူး...
ယဲ့ပေရွှမ် တောင်ထွတ် တစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
သူ့ဂိုဏ်းတူအစ်ကိုများကို မတွေ့မီမှာပင် ပုံရိပ်များက သူ့ ပတ်လည်သို့ ဆင်းသက်လာကြသည်။
“ကောင်လေး... မင်း ဘာလို့ ဆက်မပြေးတော့တာလဲ”
ရက်စက်တော့မည့် အသံတစ်သံက ယဲ့ပေရွှမ် နားထဲတွင် ကန့်လန့်ကြီး ဝင်လာသည်။ အသံလာရာသို့ ကြည့်လိုက်သည့်အခါ မီးခိုးဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရိုး မျက်နှာဖုံးတပ်ကာ အရိုးဖြူတောင်ဝှေးကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခု သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ယဲ့ပေရွှမ် အနီးနားရှိ လူများကို ရေတွက်ကြည့်လိုက်သည်။ အားလုံးသည် အရိုးဖြူဂိုဏ်းမှ ကျင့်ကြံသူများ ဖြစ်ကြပြီး နီဗားနားရှင်သန်ခြင်းအဆင့် အကြီးအကဲ တစ်ဦးမှ ဦးဆောင်ထား၏။
သူ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ “ငါ ပြေးနေတာကို မင်း ဘယ်မျက်လုံးက မြင်လို့လဲ။ ငါက မင်းတို့လို ကောင်တွေ မြေချဖို့အတွက် ဖုန်းရွှေကောင်းတဲ့ နေရာလေး ရွေးပေးနေရုံ သက်သက်ပါ”
ထိုစကားများကို ကြားသောအခါ အရိုးဖြူဂိုဏ်းမှ ကျင့်ကြံသူများ ဒေါသထွက်သွားကြသည်။
“ဘယ်လောက်တောင် မာနကြီးတဲ့ ကောင်စုတ်လေးလဲ။ ဒီလောက် ရိုင်းစိုင်းရအောင် မင်း ကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ”
အရိုးဖြူဂိုဏ်း၏ အကြီးအကဲ ပြောရင်းဆိုရင်း ယဲ့ပေရွှမ်ကို ဖမ်းဆုပ်ရန် ဧရာမလက်ကြီး တစ်ဖက်ကို ရုတ်တရက် ဆန့်တန်းလိုက်သည်။
သို့သော် သူ့လက်က ယဲ့ပေရွှမ် အနီးသို့ ရောက်သွားချိန်မှာ ကောင်းကင်ယံမှ ဆင်းသက်လာသော ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို ခံစားလိုက်ရ၏။ သူ လန့်ဖြန့်သွားကာ လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်ရသည်။
ဘုန်း...
မြေပြင်ပေါ်တွင် ဧရာမ တွင်းကြီး တစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ အရိုးဖြူဂိုဏ်းဝင်များ အလိုလို နောက်သို့ ခြေလှမ်း ဆုတ်သွားကြသည်။ ထိုအကြီးအကဲမှာ ချွေးအေးများ စီးကျသွားသည်။ ကံကောင်းသည်မှာ ထိုစွမ်းအားက သူ့ကို တိုက်ရိုက် ပစ်မှတ်ထားခဲ့ခြင်း မဟုတ်ပေ။
အရိပ်ထဲတွင် ပုန်းအောင်းနေကြသော ကျင့်ကြံသူများသည်လည်း ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကြောင့် လန့်ဖြန့်သွားကြပြီး သူတို့ နှလုံးသားထဲရှိ လောဘစိတ်ကို ဖိနှိပ်ထားလိုက်ကြသည်။
“အဲဒီမှာ ဘယ်သူလဲ”
အရိုးဖြူဂိုဏ်း၏ အကြီးအကဲ ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
အရိပ်တစ်ခုသည် အပေါ်မှ ပျံသန်း၍ လူတိုင်းကို ငုံ့ကြည့်နေ၏။
ထိုသူက မြို့စားရီရှန်းပင်။ သူ မျက်နှာဖုံး မတပ်ထားသော်လည်း သူ့မျက်နှာကို မြူခိုးများဖြင့် ဖုံးထားသဖြင့်ပုံစံအမှန်ကို မမြင်နိုင်ပေ။
မြို့စားရီရှန်း ပြုံးပြီး ပြောလိုက်သည်။ “မင်းတို့ ကောင်တွေ ငါ ဘယ်သူလဲ ဆိုတာကို သိဖို့ မထိုက်တန်ဘူး။ ကျန်တဲ့လူတွေ ဒီအဘိုးကြီး မင်းတို့ကို တစ်ယောက်ချင်းစီ ဆွဲမထုတ်ချင်ဘူး။ အခုပဲ ထွက်လာခဲ့ကြ”
သူ ပြောပြီးသည်နှင့် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများအပါအဝင် ပုံရိပ် တစ်ရာကျော် ပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်လာကြသည်။
အရိုးဖြူဂိုဏ်း၏ အကြီးအကဲသည် ထိုအခြေနေကို မျှော်လင့်ထားသည့်အတွက် အေးစက်စွာ ပြောလိုက်သည်။ “တာအိုမိတ်ဆွေ... မင်းက တော်တော်လေး ယုံကြည်မှု ရှိနေပုံရတယ်။ မင်း တစ်ယောက်တည်းနဲ့ ဒီက ငါတို့ အားလုံးကို ဖိနှိပ်နိုင်မယ်လို့များ ထင်နေတာလား “
“ငါ တစ်ယောက်တည်း လို့ ဘယ်သူ ပြောလဲ”
မြို့စားရီရှန်း တမင်တကာ ခဏတာ ရပ်တန့်လိုက်ပြီးနောက် အမှောင်ထုထဲသို့ ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ အကောင်တွေက ရှောင်ယဲ့ ကို ကျင့်ကြံသူ တစ်ရာနဲ့ တစ်ယောက်တည်း ရင်ဆိုင်ခိုင်းဖို့ စီစဉ်ထားတာတော့ မဟုတ်ပါဘူးနော်”
“ဟဲဟဲ... ဦးလေး ကလည်း နောက်နေပြန်ပြီ။ ဦးလေး မလှုပ်ရှားတာ ကြာပြီမို့လို့ အစွမ်းပြဖို့ အခွင့်အရေး ပေးမယ်လို့ တွေးလိုက်တာပါ”
ထိုအသံနှင့်အတူ အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ကောင်းကင်ယံတွင် ပေါ်လာသည်။ ထို့နောက် အလားတူ ဝတ်ဆင်ထားသော ပုံရိပ် ဒါဇင်ခန့် ထွက်ပေါ်လာကြသည်။
သူတို့တစ်ယောက်ချင်းစီမှ လုံးဝ မတူညီသော အရှိန်အဝါကို ထုတ်လွှတ်နေကြသော်လည်း မျက်လုံးများထဲရှိ နောက်ပြောင်လိုသော အရောင်အဝါကတော့ လုံးဝ တူညီနေသည်။
လူများသည် မသိမမြင်ရသော အရာများကို ကြောက်ရွံ့တတ်ကြသည်။ ယခု မျက်မြင်ကိုယ်တွေ့ ကြုံရသောအခါ အကျိုးအမြတ်ကို ခွဲဝေယူရန် စီစဉ်ထားကြသော ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်သွားကြ၏။ ဤလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်များကို ထိပ်တိုက် ရင်ဆိုင်ရန် အရိုးဖြူဂိုဏ်းဝင်များကိုသာ ထားရစ်ခဲ့ကြတော့သည်။