ဒါဆို ငါက မင်းကို အမှတ်မထင် သတ်မိသွားရင်ရော အထင်လွဲတာလို့ သတ်မှတ်လို့ ရလား
Vol. 28 Ch. 279
“ဟမ့်”
အရိုးဖြူဂိုဏ်းမှ အကြီးအကဲ အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ ထိုအခွင့်အရေးယူတတ်သော သူများထံမှ အကူအညီကို အစကတည်းက မျှော်လင့်မထားခဲ့ပေ။
“ဟန်ထုတ်နေတဲ့ ငတုံးအုပ်စုပဲ။ ငါတို့ အရိုးဖြူဂိုဏ်း က လူတွေချည်းပဲ ဆိုရင်တောင်မှ မင်းတို့ကို အနိုင်ယူနိုင်တယ်”
သူ ပြောနေရင်း လက်ထဲမှ အဖြူရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူ အလံတစ်ခု ထွက်လာသည်။
စောင့်ကြည့်နေသူများထဲတွင် သတင်းအချက်အလက် စုံလင်စွာ သိသော ကျင့်ကြံသူ အချို့ ပါဝင်၏။ အရိုးဖြူ အလံကို မြင်သောအခါ ထိုသူတို့ အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။
“အဲဒါ... အဲဒါက အရိုးဖြူဂိုဏ်းရဲ့ ဒုတိယ အကြီးအကဲ မြို့စားသရဲတစ်သောင်းပဲ။ သူ တစ်ချိန်က မြို့စား အဆင့် ကျွမ်းကျင်သူ သုံးယောက်ကို သူတစ်ယောက်တည်းနဲ့ အနိုင်ယူခဲ့ဖူးတယ်”
“ဒီတစ်ကြိမ် အဖွဲ့ကို ဦးဆောင်ဖို့ အရိုးဖြူဂိုဏ်းက သူ့ကို လွှတ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူတို့က နတ်ဆိုးဘုရား အရိုးကို ရဖို့ သေချာပေါက် ဆုံးဖြတ်ထားပုံရတယ်”
“…”
“ဟီးဟီးဟီး”
မြို့စားသရဲတစ်သောင်း ကြက်သီးမွေးညင်းပင် ထအောင် ရယ်မောလာသည်။ “နှစ်တစ်ရာ ပုန်းအောင်းနေပြီးတောင် ဒီအဘိုးကြီးရဲ့ နာမည်ကို မှတ်မိနေတဲ့သူ ရှိဦးမယ်လို့ မထင်ထားဘူး။ ဟိုတစ္ဆေအိုကြီး... မင်း မျက်နှာကို ပြစမ်းပါ။ အခု မင်း ဘယ်လောက်တောင် ကြောက်လန့်နေမလဲ ဆိုတာကို သိချင်လာပြီ”
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ ရှေက လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်များသည် သူ့ နာမည်ကို ကြားသော်လည်း မကြောက်ရွံ့သွားပေ။ ယင်းအစား သူတို့ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် တောက်ပသွားသည်။
ချောင်ရို့ချန် ရယ်မောကာ ပြောလိုက်သည်။ “ဦးလေး... ဒီလောက်တောင် တောင်းဆိုနေကြပြီပဲ။ ဦးလေး မျက်နှာကို သူ့ကို ပြလိုက်သင့်တယ်။ သူ့ကို ဘယ်သူ သတ်သွားတာလဲ ဆိုတာကို မသိဘဲ သေသွားဖို့ မလိုပါဘူး”
မြို့စားရီရှန်း ရယ်မောပြီး ပြောလိုက်သည်။ “ဌာနမှူးချူ က မင်းကို ဘာလို့ ဒီလောက် သဘောကျရတာလဲ ဆိုတာ အခုမှ ငါ နားလည်တော့တယ်။ မင်းက နည်းနည်း လူလည်ကျတတ်ပေမဲ့ စကားတတ်တာပဲ”
ထို့နောက် မြို့စားသရဲတစ်သောင်းထံသို့ သူ့ အကြည့်ကို ပြောင်းကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ငါတို့ နောက်ဆုံး တွေ့ခဲ့တာ နှစ်ပေါင်း နှစ်ရာလောက် ရှိပြီမလား။ မင်းက ငါ ဘယ်သူလဲ ဆိုတာကို အရမ်းသိချင်နေမှတော့ မင်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ မင်းကို အိပ်မက်ထဲထိပါ လိုက်ပြီး ခြောက်လန့်နေတဲ့ မျက်နှာကို ကြည့်ထား”
သူ့ အသံက တိုးညင်းသော်လည်း စကားလုံးတိုင်းက သိသာရှင်းလင်းလှ၏။ ထိုအသံက လူအုပ်ကြားထဲ ပျံ့နှံ့သွားပြီး မြူခိုးများ အနောက်တွင် ဖုံးကွယ်ထားသော မျက်နှာနှင့် ပတ်သက်၍ စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်သည်။
မြို့စားသရဲတစ်သောင်း၏ အပြုံးသည် မျက်နှာဖုံး အောက်တွင် အေးခဲသွား၏။ အကြောင်းအရင်း တစ်ခုခုကြောင့် ထိုလေသံမှာ မယုံနိုင်လောက်အောင် ရင်းနှီးနေပြီး သူ့အိပ်မက်ဆိုးများထဲမှ အသံနှင့် ထပ်တူကျနေသည်။ ထိုအသံမှာ ဆယ်စုနှစ်များစွာ သူ့ကို လိုက်လံ ဖမ်းဆီးခဲ့သော အသံပင် ဖြစ်ပါတော့၏။
ထိုလူ မျက်နှာကို ဖုံးကွယ်ထားသော မြူခိုးများကို သူ လှမ်းကြည့်လိုက်သည်။ လေပြင်း တစ်ချက် တိုက်ခတ်သွားပြီး မြူခိုးများ လွင့်စင်သွား၏။
လုံးဝကို သာမန် မျက်နှာ တစ်ခု ဖြစ်သည်။ မာန်မာနတရားများ မပါရှိဘဲ အိုမင်းရင့်ရော်နေသော မျက်နှာတစ်ခုသာ။
သို့သော် ထိုမျက်နှာ တစ်ခုတည်းကပင် မြို့စားသရဲတစ်သောင်း အတွက် ကြောက်မက်ဖွယ်ကောင်းသော မှတ်ဉာဏ်များကို လှုံ့ဆော်ပေးလိုက်၏။
“မင်း... မင်းက ဝမ်တောက်ကျောင်းတော်က မြို့စားရီရှန်းပဲ”
“မင်း ငါ့ကို မှတ်မိနေမှတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်က မဖြေရှင်းရသေးတဲ့ တိုက်ပွဲကို အဆုံးသတ်လိုက်ကြရအောင်”
သူငယ်ချင်းဟောင်း တစ်ယောက်နှင့် စကားစမြည် ပြောနေသည့်အလား မြို့စား ရီရှန်းလေသံမှာ တည်ငြိမ်လှသည်။
သို့သော် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ကြောင်အသွား၏။ အရိုးဖြူဂိုဏ်းမှ ဖြစ်စေ အခြား စောင့်ကြည့်နေသော အင်အားစုများမှ ဖြစ်စေ အတူတူပင် ဖြစ်သည်။
ဝမ်တောက်ကျောင်းတော်ဟူသော စကားလုံးများကို ကြားလိုက်ရသည့် အခိုက်တွင် လူတိုင်းက တူညီသော အတွေးတစ်ခုကို တွေးလိုက်မိကြသည်။
‘ပြီးပြီ။ လုံးဝ ပြီးသွားပြီ’
အထူးသဖြင့် ဓားသွန်းမြို့ ဖြစ်သည်။ သူတို့ အစောပိုင်းတုန်းက လှုပ်ရှားမှု တစ်ခု ပြုလုပ်ရန် စီစဉ်ထားခဲ့ကြသည်။
ချင်ယွမ် ဝတ်ရုံခြုံထားသော ပုံရိပ်ကို ကြည့်လိုက်၏။ သူ့ မျက်လုံးထဲမှ ဒေါသတရားများက ကြောက်ရွံ့မှု အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်နေတော့သည်။
“အဘိုးလေး... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ရဲတင်းသော ဆုံးဖြတ်ချက်တစ်ခုက သူတို့အပေါ် ကြီးမားသော ဘေးအန္တရာယ်ကို ကျရောက်စေလိမ့်မည်ဟု ဓားသွန်းမြို့ ဒုတိယမြို့ဝန်ပင် မမျှော်လင့်ထားခဲ့ပေ။
“ငါတို့ စောင့်မယ်။ ဝမ်တောက်ကျောင်းတော်က ကျင့်ကြံသူတွေ ငါတို့ မျက်နှာတွေကို မြင်ပြီးသွားပြီ”
ထွက်ပြေးရန် ရည်ရွယ်ထားသော အနီးနားရှိ ကျင့်ကြံသူများသည် သူတို့ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
ယခု ထွက်ပြေးခြင်းက သူတို့ အပြစ်ကို ဖော်ပြရုံသာ ရှိလိမ့်မည်။ အကယ်၍ ဝမ်တောက်ကျောင်းတော်သည် နောက်ပိုင်းမှ စာရင်းရှင်းရန် ဆုံးဖြတ်ပါက ဒုက္ခရောက်မည့်သူများမှာ သူတို့အပြင် ဂိုဏ်းများပါ ပါလာနိုင်သည်။
အဝေးတစ်နေရာတွင် ရှောင်ချန်းတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေကြသော တာ့ယန် မြင့်မြတ်နယ်မြေမှ အကြီးအကဲနှစ်ဦး သူတို့ မလှုပ်ရှားခဲ့သည့်အတွက် စိတ်သက်သာရာရသွားသည်။
မြင့်မြတ်နယ်မြေမှ အကြီးအကဲများ ဖြစ်သည့်အတွက် သူတို့ မြို့စားရီရှန်းကို မှတ်မိကြသည်။ အားလုံးက နီဗားနားရှင်သန်ခြင်းအဆင့် မြို့စားအဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း မြို့စားရီရှန်း ကတော့ ကွာခြားသည်။
သူသည် ဝမ်တောက်ကျောင်းတော်၏ လက်ရှိ သူတော်စင်သားတော် တာအိုကာကွယ်သူ အစောင့်အရှောက် ဖြစ်သည်။ ထိုအဆင့် တာအိုကာကွယ်သူများသည် အမြဲတမ်း အထွတ်အထိပ်အဆင့် မြင့်မြတ်လက်နက် တစ်ခုကို သယ်ဆောင်ထားလေ့ရှိသည်။ ထိုလက်နက်များက သူတော်စင်တစ်ပိုင်း၏ အားကုန်တိုက်ခိုက်မှု သုံးကြိမ်ကို ခံနိုင်ရည်ရှိကြ၏။
ထိုအခိုက်အတန့်တွင် မြို့စားရီရှန်း နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေရသော မြို့စားသရဲတစ်သောင်းသည် ပို၍ ထိတ်လန့်သွားတော့၏။
သူ အလိုလို နောက်သို့ ခြေလှမ်းတစ်ဝက် ဆုတ်လိုက်ပြီး ပြောသည်။ “တာအိုမိတ်ဆွေ ရီရှန်း... ဒါတွေ အားလုံးက အထင်လွဲမှု တစ်ခုလို့ ပြောရင် ယုံမလား “
မြို့စားရီရှန်း ပြုံးလိုက်သည်။ “ဒါက သေချာပေါက် အထင်လွဲတာပဲ။ ဒါဆို ငါက မင်းကို အမှတ်မထင် သတ်မိသွားရင်ရော အထင်လွဲတာလို့ သတ်မှတ်လို့ ရလား “
“မင်း... မင်းက ငါ့ကို တကယ်ပဲ လမ်းဆုံးတဲ့အထိ တွန်းပို့တော့မှာလား။ ငါတို့ အရိုးဖြူ ဂိုဏ်းက တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲ နှစ်ယောက် ဒီမှာ ရှိတယ်။ မင်းတို့ တပည့်တွေမှာ အဲဒီ အဆင့်ရှိတဲ့သူ ဘယ်သူမှ မရှိဘူး။ မင်း ငါ့ကို ဖိနှိပ်ထားရင်တောင် သူတို့ အသက်ရှင် ကျန်ရစ်မယ်ဆိုတာ သေချာလား”
မြို့စားသရဲတစ်သောင်းမှာ အလွယ်တကူ အညံ့ခံရန် ဆန္ဒမရှိကြောင်း ရှင်းလင်းနေပြီး ယင်းအစား မျိုးဆက်သစ်များ၏ အသက်ကို အသုံးပြု၍ သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားနေသည်။
“ငါက နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတွေကိုပဲ ဂရုစိုက်တယ်။ တကယ််လို့ မင်းတို့ အရိုးဖြူဂိုဏ်းက သူတွေ ငါတို့ တပည့်တွေကို သတ်နိုင်ရင် သူတို့ အားနည်းနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
မြို့စားရီရှန်း လုံးဝ မတုန်မလှုပ်ဘဲ မြို့စားသရဲတစ်သောင်းကို သေချာ ကြည့်လိုက်၏။ ရှောင်ချန်း နှင့် အခြားသူများကို တိုက်ခိုက်ရန် အခွင့်အရေး မပေးချေ။
အံကို တင်းတင်းကြိတ်ကာ မြို့စားသရဲတစ်သောင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်းက ငါ့ကို အတင်းအကျပ် လုပ်ခိုင်းတာပဲ။ တပည့်တို့၊ သတ်ကြ။ နတ်ဆိုးဘုရားအရိုးကို ရတဲ့သူ ဘယ်သူမဆို အရိုးဖြူ ဂိုဏ်း ရဲ့ အမွေဆက်ခံသူ အဖြစ် သတ်မှတ်ခံရမယ်”
အရိုးဖြူ ဂိုဏ်း ဝင်များ ကောင်းကောင်း သိထားကြသည်။ ယခုမှ နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်တော့ပေ။
တာအိုပေါင်းစည်းခြင်းအဆင့်အကြီးအကဲ နှစ်ဦး ရှောင်ချန်းတ်ို့ဆီ တန်းတန်းမတ်မတ် ပြေးဝင်လာကြသည်။
“ အပြောကတော့ ရွှေမန်းပဲ”
ချောင်ရို့ချန် အော်ဟစ်လိုက်ပြီး သူတို့ထဲမှ တစ်ယောက်ဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။
ရှောင်ချန်း ဘာမှမပြောဘဲ သူ့ ဓားကို ဆွဲထုတ်ကာ ရှေ့သို့ တက်သွား၏။
မြို့စားရီရှန်း သူ့ကို မတားဆီးကြောင်း မြင်သောအခါ မြို့စားသရဲတစ်သောင်း လက်ထဲရှိ အရိုးဖြူ အလံကို ဝှေ့ယမ်းကာ ကောင်းကင်ယံသို့ ခုန်တက်သွားသည်။
ကျန်ရှိနေသော အရိုးဖြူဂိုဏ်း တပည့်များသည် ချင်းချင်းတို့ကို တိုက်ခိုက်လာကြ၏။
တိုက်ပွဲက ချက်ချင်းပင် ပေါက်ကွဲထွက်လာသည်။
တိုက်ပွဲကြားတွင် မြေစာပင် ဖြစ်သွားမည်ကို ကြောက်ရွံ့သဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ အားလုံး အလျင်အမြန် နောက်ဆုတ်သွားကြ၏။
မျက်စိတစ်မှိတ်အတွင်း ဝေါ့နျူတောင်သည် ဓားအလင်းတန်းများ၊ ဓားအရောင်အဝါများ၊ တေးဂီတ လှိုင်းလုံးများနှင့် သရဲတစ္ဆေများ၏ ညည်းတွားသံများဖြင့် ဖုံးလွှမ်းသွားသည်။
တိုက်ပွဲ ရိုက်ခတ်မှုလှိုင်းလုံးများက ပတ်ဝန်းကျင်ကို လုံးဝပျက်စီးသွားစေသည်။
နာရီဝက် ကြာပြီးနောက်...
ဓားအလင်းတန်းတစ်ခု ကောင်းကင်ယံကို ဖြတ်သန်း စုတ်ဖြဲသွားသည်။ ထိုစဉ် အရိုးဖြူဂိုဏ်း တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲ တစ်ယောက် ကျဆုံးသွားတော့၏။
“သေစမ်း”
ကောင်းကင်ယံမှ ဒေါသတကြီးအော်ဟစ်သံ တစ်ခု ထွက်ပေါ်လာပြီး နောက်ထပ်တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲတစ်ဦး လက်ဗလာဖြင့် ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။ သူ့ဝိညာဉ်က လက်သီး တစ်ချက်တည်းဖြင့် ဖုန်မှုန့်ဖြစ်သွားတော့၏။
တာအိုပေါင်းစည်းခြင်းအဆင့် အကြီးအကဲ နှစ်ယောက်စလုံး အသတ်ခံလိုက်ရသဖြင့် ကျန်ရှိနေသော အရိုးဖြူ ဂိုဏ်းဝင်များမှာ အုပ်စုကွဲသွားပြီး ချင်းချင်းတို့၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
ပတ်ဝန်းကျင်က စောင့်ကြည့်နေသူများမှာ ရုပ်တုများအလား မှင်တက် အေးခဲသွားကြသည်။
အချိန်အတော်ကြာပြီးနောက်မှသာ တစ်ယောက်သည် တီးတိုးရေရွတ်လိုက်၏။ “ဒါက... ဝမ်တောက်ကျောင်းတော်က ပြိုင်ဘက်ကင်းတွေရဲ့ စွမ်းအားလား။ သူတို့ရဲ့ နာမည်ဂုဏ်သတင်းက တကယ်ကို ထိုက်တန်တာပဲ။ သူတို့ထဲက ဘယ်သူက တိုက်ခိုက်သွားတာလဲ ဆိုတာ သိချင်လိုက်တာ”
၎င်းကို ကြားသောအခါ ချောင်ရို့ချန် စကားပြောသူထံသို့ ခေါင်းလှည့်ကာ ပြုံးလျက် မေးလိုက်သည်။ “မင်း တကယ် သိချင်လို့လား”