ဝူရွှမ်မြို့
Vol. 28 Ch. 273
ဝူရွှမ်မြို့
ရတနာတစ်သောင်းစင်မြင့်၏ ဌာနချုပ် တည်ရှိရာနေရာ ဖြစ်သည်။
ဤမြို့သည် ရတနာပစ္စည်းများတွင် ပြိုင်ဘက်ကင်းသည်ဟု ဆိုကြပြီး လောကရှိ အကောင်းတကာ့အကောင်းဆုံး ရှေးဟောင်းပစ္စည်းများအားလုံး ဤနေရာ၌ စုဝေးနေတတ်သဖြင့် ဝူရွှမ်မြို့ဟု အမည်တွင်ခြင်း ဖြစ်သည်။
ရတနာတစ်သောင်းစင်မြင့်သည် ကျင့်ကြံခြင်းဆိုင်ရာ မြင့်မြတ်နယ်မြေတစ်ခု မဟုတ်သော်လည်း ဝူရွှမ်မြို့တွင် အခြေစိုက်စောင့်ကြပ်နေသော သူတော်စင်များ ရှိနေ၏။
ဖြောင့်မတ်သော ကျင့်ကြံသူများဖြစ်စေ၊ မိစ္ဆာကျင့်ကြံသူများဖြစ်စေ၊ မျိုးနွယ်တစ်ရာမှ အဖွဲ့ဝင်များဖြစ်စေ မည်သူမျှ ဤမြို့အတွင်း၌ ပြဿနာမရှာရဲကြချေ။
နှစ်စဉ်နှစ်တိုင်း ရတနာတစ်သောင်းစင်မြင့်သည် ကြီးကျယ်ခမ်းနားသော လေလံပွဲတစ်ခုကို ကျင်းပလေ့ရှိသည်။ ဆယ်နှစ်တစ်ကြိမ် ကျင်းပသော လေလံပွဲမှာ အလွန်ကျော်ကြားလှပြီး၊ အနှစ်တစ်ရာပြည့်ပွဲတွင်မူ မြင့်မြတ်လက်နက် များပင် ထွက်ပေါ်လာတတ်၏။
ထို့ကြောင့် လေလံပွဲသို့ တက်ရောက်ရန် နှစ်စဉ်ရောက်ရှိလာသော ကျင့်ကြံသူ အရေအတွက်မှာ ရေတွက်၍မရနိုင်အောင် များပြားလှသည်။
ယခုနှစ်၏ နှစ်ပတ်လည်လေလံပွဲ ကျင်းပရန် တစ်လသာ လိုတော့ပြီး အနှစ်တစ်ရာပြည့် အခမ်းအနားနှင့်လည်း တိုက်ဆိုင်နေသည်။
ဝူရွှမ်မြို့သည် ထူးထူးခြားခြား စည်ကားသိုက်မြိုက်နေ၏။
တည်းခိုခန်းများအားလုံး လူအပြည့်ဖြစ်နေပြီး ကျင့်ကြံသူများအကြား အခန်းလုရာမှ ခိုက်ရန်ဖြစ်ပွားမှုများလည်း ခဏခဏ ပေါ်ပေါက်နေသည်။
ဤကဲ့သို့သော အချိန်မျိုးတွင် ဝူရွှမ်မြို့သည် လမ်းမများပေါ်တွင် ကင်းလှည့်ရန် အစောင့်အကြပ်များ စေလွှတ်ထားတတ်သည်။ မည်သည့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုကိုမဆို သက်ညှာမှုမရှိဘဲ အပြစ်ပေးလေ့ရှိသည်။
အကယ်၍ နှစ်ဖက်စလုံးက သဘောတူညီပါက မြို့၏ သေခြင်းရှင်ခြင်းစင်မြင့် ပေါ်တွင် အငြင်းပွားမှုကို ဖြေရှင်းနိုင်သည်။
ထိုကဲ့သို့သော စိန်ခေါ်ပွဲများအတွက် လမ်းတိုင်းတွင် ယာယီ စင်မြင့်များ တပ်ဆင်ထားပေး၏။
လေးပင်လယ်တည်းခိုခန်းသည် ဝူရွှမ်မြို့ရှိ အကြီးဆုံးတည်းခိုခန်း ဆယ်ခုအနက် တစ်ခုဖြစ်ပြီး လေလံပွဲတက်ရောက်သူများအတွက် အဓိက တည်းခိုရာနေရာလည်း ဖြစ်သည်။
တည်းခိုခန်းပိုင်ရှင်နှင့် စားပွဲထိုးများမှာ အလုပ်ရှုပ်လွန်းသဖြင့် အသက်ပင် ရှူချိန်မရကြချေ။
ထိုစဉ် ထူးထူးခြားခြား ဝတ်ဆင်ထားသော လူငယ်အုပ်စုတစ်စုသည် တည်းခိုခန်းထဲသို့ ဝင်ရောက်လာကြလေ၏။
ထိုအုပ်စုထဲမှ ငွေရောင်ဝတ်ရုံကို ခြုံထားပြီး ဘေးတွင် ကြောက်မက်ဖွယ် ကျားတစ်ကောင် ပါလာသော အရပ်ရှည်ရှည် လူငယ်ကျင့်ကြံသူက မေးလိုက်သည်။
“ဆိုင်ရှင်... ခင်ဗျားတို့ဆီမှာ သီးသန့်ခြံဝန်း ကျန်သေးလား”
ခြံဝန်းဟူသော စကားကို ကြားလိုက်ရုံနှင့် တည်းခိုခန်းပိုင်ရှင်၏ မျက်လုံးများ တောက်ပသွား၏။ ထိုခြံဝန်းများမှာ အမြင့်ဆုံးအဆင့်ရှိ အခန်းများထက်ပင် ဆယ်ဆမျှ ပို၍ ဈေးကြီးသောကြောင့်ပင်။
“ဟုတ်ကဲ့... နောက်ဆုံး တစ်ခုတော့ ကျန်ပါသေးတယ်။ တစ်ရက်ကို အဆင်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင် ကျသင့်မှာပါ”
ချောင်ရို့ချန်သည် ထိုဈေးနှုန်းကို ကြားသော်လည်း မျက်တောင်တစ်ချက်ပင် မခတ်ချေ။ သူက သိုလှောင်အိတ်တစ်အိတ်ကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်၏။
“ငါတို့ တစ်လစာ ယူမယ်”
အိတ်မှာ ခုံပေါ်သို့ ကျရောက်သွားချိန်မှာပင် တံခါးအပြင်ဘက်မှ စူးရှသော မိန်းမပျိုတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
“နေဦး”
ချောင်ရို့ချန် ထိုအသံကို လျစ်လျူရှုကာ တည်ငြိမ်စွာ ပြောသည်။
“ဆိုင်ရှင်... ဘာလို့ ဒီအတိုင်း ရပ်နေတာလဲ ကျုပ်တို့ကို ခြံဝန်းဆီ အမြန်ခေါ်သွားတော့”
တည်းခိုခန်းပိုင်ရှင်သည်လည်း မနှောင့်နှေးရဲတော့ချေ။ ထိုလူ၏ ဘေးရှိ ကျားကြီးမှာ ကောင်းကင်ဇာစ်မြစ်အဆင့် သို့ ရောက်ရှိနေပြီဖြစ်ရာ သူ ကိုင်တွယ်နိုင်သည့် အဆင့်ထက် များစွာ ကျော်လွန်နေခဲ့၏။
“ဟုတ်ကဲ့... အခုပဲ ဧည့်သည်တော်တို့အတွက် စာရင်းသွင်းပေးပါ့မယ်”
သူက စာရင်းသွင်းရန် စုတ်တံကို လှမ်းကိုင်လိုက်စဉ်မှာပင် ရုတ်တရက် ဓားဆန္ဒတစ်ခုက အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့၏။
“ဆိုင်ရှင်... ငါ နင့်ကို စောင့်ပါဦးလို့ ပြောထားတယ်လေ။ မကြားဘူးလား”
ချောင်ရို့ချန်မှာ ထိုဓားစိတ်ဆန္ဒကို သိသော်လည်း ဘာတုံ့ပြန်မှုမျှ မပြချေ။ သူ့အမူအရာမှာလည်း မပြောင်းလဲသလို၊ ကာကွယ်ရန်ပင် ကြိုးစားခြင်း မရှိပေ။
ထိုအစား အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ယဲ့ပေ့ရွှမ်က လက်လှမ်း၍ ပြေးဝင်လာသော ဓားကို ဖမ်းယူလိုက်၏။
တံခါးဝမှ ဝင်လာသော အမျိုးသမီးကျင့်ကြံသူအုပ်စုကို ကြည့်ကာ သူ အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့က ဒါကို သေရှင်စင်မြင့်ပေါ်မှာ ဖြေရှင်းချင်တာလား”
ထိုစကားကြောင့် အသစ်ရောက်လာသော အမျိုးသမီးကျင့်ကြံသူများ၏ မျက်နှာတွင် အမူအရာများ သိသိသာသာ ပြောင်းလဲသွား၏။
ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည်။
“ဟွန့်... နင့်ကို ငါက ကြောက်နေမယ် ထင်လို့လား။ နင့်အတွက် ပိုကောင်းတာကို လိုချင်ရင် အဲ့ဒီခြံဝန်းကို လိမ်လိမ်မာမာနဲ့ လွှဲပေးလိုက်စမ်း။ မဟုတ်ရင်တော့ နှလုံးသားမဲ့နန်းတော်ရဲ့ စွမ်းအားက ဘယ်လောက်ကြီးလဲဆိုတာ ပြပေးရလိမ့်မယ်”
နှလုံးသားမဲ့နန်းတော် ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် တည်းခိုခန်းအတွင်းရှိ ဘေးလူများမှာလည်း သူတို့လုပ်လက်စများကို ရပ်တန့်လိုက်ကြ၏။
မြင့်မြတ်နယ်မြေမှ တပည့်တစ်ဦး လှုပ်ရှားသည်ကို မြင်ရခဲသည်မဟုတ်ပါလား။
တည်းခိုခန်းပိုင်ရှင်ပင်လျှင် စုတ်တံရေးလက်စ တန့်သွားသည်။ ဝူရွှမ်မြို့သည် အဖွဲ့အစည်းအားလုံးကို တန်းတူဆက်ဆံသည်ဆိုသော်လည်း မြင့်မြတ်နယ်မြေသည် မြင့်မြတ်နယ်မြေသာ။ သေးငယ်သော လေးပင်လယ်တည်းခိုခန်းအနေဖြင့် သူတို့ကို မခုခံရဲချေ။
အကြောင်းမှာ သူတို့၏ နောက်ခံမှာ သူတော်စင်တစ်ပိုင်းအဆင့် မျှသာ ရှိသောကြောင့်ဖြစ်၏။
ယဲ့ပေ့ရွှမ် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို ကြည့်ကာ ခပ်နောက်နောက်လေသံဖြင့် ပြောသည်။ “မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး”
ထိုစကားမှာ ခြောက်သွေ့သော မီးစာပေါ်သို့ မီးစတစ်ခု ပစ်ချလိုက်သကဲ့သို့ပင်။
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ချက်ချင်းပင် အမျက်ချောင်းချောင်း ထွက်သွားပြီး စစ်မှန်ကံကြမ္မာ ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦး၏ ဖိအားကို ထုတ်ဖော်ရင်း အော်ဟစ်လိုက်သည်။
“နင်က သေချင်နေပြီပဲ”
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများသည် တိုက်ပွဲကြားတွင် ညပ်မသွားစေရန် မသိစိတ်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြ၏။
အချို့ကလည်း တိုးတိုးလေး ပြောဆိုနေကြသည်။
“နှလုံးသားမဲ့နန်းတော်က ပါရမီရှင်ဆိုတဲ့အတိုင်းပဲ။ အသက်သုံးဆယ်ကျော်ရုံပဲ ရှိသေးတယ်၊ စစ်မှန်ကံကြမ္မာအဆင့် ကျွမ်းကျင်သူ ဖြစ်နေပြီ”
ယဲ့ပေ့ရွှမ်၏ နောက်တွင် ရပ်နေသော ဟန်ပင်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“စီနီယာယဲ့ ပြောတာ မှန်တယ်။ မင်းက သူ့ကို ရင်ဆိုင်ဖို့ မထိုက်တန်ဘူး။ တိုက်ချင်တယ်ဆိုရင် ငါ မင်းရဲ့ ပြိုင်ဘက် လုပ်ပေးမယ်”
“နင် ငါ့ကို စော်ကားရဲတယ်ပေါ့”
ပြောပြောဆိုဆိုဖြင့် အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ဟန်ပင်းထံသို့ ဓားဖြင့် အပြင်းအထန် လွှဲယမ်းကာ ခုတ်ချလိုက်သည်။
ထိုအခိုက်အတန့်တွင် သွယ်လျသော ကျောက်စိမ်းပမာ လက်တစ်ဖက်က ထိုအမျိုးသမီး၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။
ဘေးနားမှ အေးစက်ပြီး ခံစားချက်ကင်းမဲ့သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဟုန်ယဲ့... တော်တော့”
ယန်ဟုန်ယဲ့သည် ထိုအသံကို ကြားသော် လှည့်ကြည့်လိုက်ရာ၊ ဘေးနားရှိ မျက်နှာဖုံးစွပ်ထားသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးကို တွေ့လိုက်ရပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။
“စီနီယာအစ်မ... သူတို့က ကျွန်မတို့ကို စော်ကားနေတာလေ။ အစ်မက ဘယ်လိုလုပ် ဒီအတိုင်း ငြိမ်ခံနေနိုင်ရတာလဲ”
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက အေးစက်စွာ ပြောသည်။
“တိတ်စမ်း။ နောက်ကို ဆုတ်လိုက်”
မကျေမနပ်ဖြစ်နေသော်လည်း ယန်ဟုန်ယဲ့သည် စိတ်ကောက်သောအမူအရာဖြင့် နောက်သို့ ဆုတ်ပေးလိုက်၏။
အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ရှေ့သို့ လှမ်းလာပြီး ချောင်ရို့ချန်၊ ရှောင်ချန်းနှင့် ချင်းချင်းတို့ကို အနည်းငယ် ဂါရဝပြုလိုက်၏။
“တာအိုရောင်ရင်းရှောင်၊ တာအိုရောင်ရင်းချောင်၊ တာအိုရောင်ရင်းချင်း ကျွန်မရဲ့ ဂျူနီယာညီမက စည်းကမ်းမရှိ ဖြစ်သွားပါတယ်။ သူ့ စော်ကားမိတာတွေကို ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်”
ချောင်ရို့ချန်က ရယ်မောလိုက်သည်။ “နှလုံးသားမဲ့နန်းတော်ရဲ့ ကျောက်စိမ်းနှလုံးသား နတ်မိမယ်က ကျွန်တော်တို့ကို မှတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
နတ်မိမယ် ကျောက်စိမ်းနှလုံးသား၏ လေသံမှာ အေးစက်ပြီး သီးခြားဆန်နေမြဲ ဖြစ်သည်။
“ပြိုင်ဘက်ကင်းဓားသမား ၊ ပြိုင်ဘက်ကင်းလက်သီးအရှင်နဲ့ ဝတ်ရုံဖြူကုချင်းနတ်ဆိုး၊ ရှင့်တို့ရဲ့ နာမည်တွေက ကျွန်မမှတ်ဉာဏ်ထဲမှာ လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပါ။ ရှင့်တို့သုံးယောက်ကို ဒီနေ့ ဒီနေရာမှာ ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
တည်းခိုခန်းအတွင်းရှိ လူအုပ်ကြီးမှာ အသက်ရှူပင် မှားသွားကြ၏။
ဝတ်ရုံဖြူဝတ်ကုချင်းနတ်ဆိုးဟူသော အမည်မှာ လူအများစုအတွက် စိမ်းနေနိုင်သော်လည်း၊ ပြိုင်ဘက်ကင်းဓားသမား နှင့် ပြိုင်ဘက်ကင်းလက်သီးအရှင်တို့မှာ ဝမ်တောက်ကျောင်းတော်၏ ကြယ်နှစ်ပွင့်အဖြစ် တစ်လောကလုံး ကျော်ကြားပြီး ပြိုင်ဘက်ကင်းသော လူငယ်ထိပ်သီးများ ဖြစ်ကြသည်။
ယန်ဟုန်ယဲ့မှာမူ ကျောက်ရုပ်ကဲ့သို့ အေးခဲသွားတော့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများရှေ့တွင် သူမက အစွမ်းပြနေခဲ့မိသည်ကို အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
ဤတစ်ကြိမ်တွင်မူ သူမ ပြဿနာအကြီးအကျယ် ရှာမိသွားပြီ ဖြစ်သည်။
ချောင်ယို့ချန် ရယ်မောလိုက်၏။
“ငါတို့က ဘယ်သူတွေလဲဆိုတာ သိပြီးပြီဆိုတော့... နောက်ထပ် ဘာလုပ်ရမလဲဆိုတာလည်း မင်းသိလောက်မှာပါ”
နတ်မိမယ် ကျောက်စိမ်းနှလုံးသားက ပြန်ပြောသည်။
“ဟုန်ယဲ့... မြန်မြန် ရှေ့တိုးပြီး တောင်းပန်လိုက်စမ်း”
ယန်ဟုန်ယဲ့မှာ ကြောက်လန့်တုန်ရီနေဆဲ ဖြစ်သော်လည်း စီနီယာအစ်မ၏ စကားကို ကြားမှ သတိပြန်ဝင်လာခဲ့၏။ သူမသည် တုန်တုန်ချိချိဖြင့် ရှေ့သို့ အနည်းငယ် တိုးလာလိုက်၏။
“စီနီယာအစ်ကိုနဲ့စီနီယာအစ်မတို့... ကျွန်မ မှားသွားပါတယ်”
“ထားလိုက်တော့။ ငါတို့အားလုံးက မြင့်မြတ်နယ်မြေက လူတွေဖြစ်နေလို့ ဒီတစ်ခါတော့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါ ငါ့မျက်စိရှေ့မှာ ပြဿနာထပ်မရှာနဲ့။ ငါ့ရဲ့ ပြင်းထန်တာအို နတ်ဘုရားလက်သီး က ဘယ်သူ့မျက်နှာမှ ထောက်ထားမှာ မဟုတ်ဘူး”
ချောင်ရို့ချန် အေးစက်စွာ ပြောလိုက်သည်။
“ဟု..ဟုတ်ကဲ့”
ယန်ဟုန်ယဲ့ တုန်ရီသောအသံဖြင့် နှစ်ကြိမ်တိုင်တိုင် ပြန်ထူးပြီးနောက် အမြန်ပင် နောက်သို့ ဆုတ်သွား၏။
နတ်မိမယ် ကျောက်စိမ်းနှလုံးသားသည်လည်း သူမ၏ ဂျူနီယာများနှင့်အတူ လှည့်ထွက်သွားတော့သည်။
လေးပင်လယ်တည်းခိုခန်းတွင် ဆက်နေရန် အစီအစဉ်မရှိတော့သည်မှာ သိသာလှ၏။
တည်းခိုခန်းပိုင်ရှင်မှာလည်း အနည်းငယ်မျှ မနှောင့်နှေးရဲဘဲ ချောင်ရို့ချန်းတို့ အုပ်စုအတွက် ခြံဝန်းကို ချက်ချင်းပင် စီစဉ်ပေးလိုက်သည်။
ကျောက်စိမ်းသော့ကို ရရှိပြီးနောက်၊ ရှောင်ချန်းသည် လူအများ၏ အကြည့်များအောက်တွင် အဖွဲ့သားများကို ဦးဆောင်၍ ခြံဝန်းဆီသို့ ထွက်ခွာသွားတော့၏။
ဘေးမှ လူအုပ်ကြီးမှာမူ ထိုလူ တစ်ဒါဇင်ခန့် ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိကြပြီး အတော်ကြာအောင် အံ့အားသင့်နေကြဆဲပင်။
ရှောင်ချန်းတို့အုပ်စု လေးပင်လယ်တည်းခိုခန်းတွင် တည်းခိုလိုက်သည့် အခိုက်မှာပင်၊ အနှစ်တစ်ရာပြည့် လေလံပွဲအတွက် သူတို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းမှာ ဝူရွှမ်မြို့တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့သည်။