ငါက ဈေးဝယ်ရင် ဝိညာဉ်ကျောက်တုံး ပေးလေ့မရှိဘူး
Vol. 28 Ch. 277
ညနေစောင်းလာသည်နှင့်အမျှ လေလံပွဲမှာလည်း ပြီးဆုံးရန် နီးကပ်လာ၏။
ချောင်ရို့ချန် ယဲ့ပေ့ရွှမ်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ညီလေးယဲ့... ခဏနေရင် အဲဒီလေလံပစ္စည်း နှစ်ခုကို မင်းတစ်ယောက်တည်း သွားယူလိုက်။ ပစ္စည်းသွားယူတဲ့အခါ မင်းရဲ့ခြေလှမ်းကို တမင်နှေးနှေးလျှောက်ပြီး ဘေးဘီကို ခဏခဏ ဝေ့ကြည့်ဖို့ မမေ့နဲ့ဦးနော်”
လူတိုင်းသည် ကျင့်ကြံခြင်းလောကနှင့် မစိမ်းကြသူများဖြစ်ရာ ချောင်ရို့ချန်၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားကြ၏။
ယဲ့ပေ့ရွှမ် မေးလိုက်သည်။
“အစ်ကိုကြီးချောင်... ဒီတစ်ခါရော ငါးအကြီးကြီး မိအောင် မျှားမလို့လား”
ချောင်ရို့ချန် ပုခုံးတွန့်ပြလိုက်၏။
“ငါက အရင်ကတည်းက ဈေးဝယ်ရင် ဝိညာဉ်ကျောက်တုံး ပေးလေ့မရှိဘူး။ ဒီတစ်ခါတော့ ငါ့ဆီက အတော်လေး ထွက်သွားတာဆိုတော့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့လူတွေဆီကနေ အရင်းအနှီး ပြန်နှိုက်ရမှာပေါ့။တကယ်လို့ ဘယ်သူမှ ငါတို့အပေါ် မကောင်းတဲ့စိတ် မရှိဘူးဆိုရင်တော့ ဘာမှမဖြစ်ခဲ့သလိုမျိုး သဘောထားပေးမယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကများ မဟုတ်တာ ကြံစည်လာခဲ့ရင်တော့ ငါတို့က အင်အားသုံးပြီး နှိပ်စက်တယ်လို့ လာမပြောနဲ့တော့”
ရှောင်ချန်း နဖူးကို ပွတ်ရင်း ပြောသည်။
“တာ့ချန်... အားနည်းသူကို နှိပ်စက်တယ် ဆိုတဲ့ စကားလုံးက အဲဒီနေရာမှာ သုံးတာမဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ ငါးစာကြောင့် ဒီတစ်ခါတော့ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတောင် ပါလာနိုင်တယ်”
ချောင်ရို့ချန်က ထပ်မံပုခုံးတွန့်လိုက်၏။
“ကျွန်တော်က ဝမ်တောက်ကျောင်းတော်ရဲ့ နံပါတ်တစ် လူရှုပ်လူပွေလေ။ မြင့်မြတ်နယ်မြေ တစ်ခုခုက တပည့်မဟုတ်သရွေ့တော့ အားနည်းသူကို နှိပ်စက်တယ်လို့ပဲ သတ်မှတ်လို့ရပါတယ်။”
“…”
ဟန်ပင်း တစ်ယောက်သာ သိသိသာသာ စိတ်လှုပ်ရှားနေပြီး ကျန်သည့်လူများကတော့ ဆွံ့အသွားကြ၏။ ပုံမှန်ဆိုလျှင် သူကသာ အမြဲတမ်း အလိုက်ခံရသူ ဖြစ်သည်။ ယခုမူ အခြားသူကို ပြန်လည်လိုက်ဖမ်းရန် အခွင့်အရေး ရလာပေသည်။
ချောင်ရို့ချန် သူ့သိုလှောင်လက်စွပ်ထဲမှ အနက်ရောင် ဝတ်ရုံရှည်များကို ထုတ်လိုက်၏။
“ဟိုကောင်တွေက ငါတို့ကို မြင်တာနဲ့ ချက်ချင်း ထွက်မပြေးသွားအောင် ဒီဝတ်ရုံတွေကို အရင်ဝတ်ထားကြတာပေါ့”
“ကောင်းပြီလေ။ မင်းရဲ့ စီနီယာအစ်ကိုကြီး တစ်ယောက်အနေနဲ့ ငါလည်း ခဏလောက်တော့ လိုက်ကစားပေးပါ့မယ်။ အဲဒီလူတွေက ညီလေးယဲ့ကို ဒုက္ခမပေးလောက်တဲ့အထိ အသိတရား ရှိကြလိမ့်မယ်လို့ မျှော်လင့်ရတာပဲ”
ရှောင်ချန်း ချောင်ရို့ချန်ပေးသည့် ဝတ်ရုံကို ယူကာ သူ့ မူလအနက်ရောင် ဝတ်ရုံအား လဲလှယ်လိုက်သည်။
အားလုံး ဝတ်စုံလဲပြီးသည့်အချိန်တွင် သီးသန့်ခန်းအတွင်းမှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာ၏။
“တာ့ချန်... ဒီအဘိုးကြီးအတွက်လည်း တစ်ထည်လောက် ပေးပါဦး။”
မြို့စားရီရှန်း၏ အသံနှင့်အတူ သူ့ပုံရိပ်မှာလည်း သူတို့ရှေ့တွင် ပေါ်လာတော့၏။
‘ဘာတုန်းဟ’
ချောင်ရို့ချန်သည် ထိုင်ခုံမှ ရုတ်တရက် ခုန်ထလိုက်ပြီး ဆွံ့အလျက် ကြည့်နေမိ၏။
“ဦးလေး... နောက်တစ်ခါ ပေါ်လာရင် အနည်းဆုံးတော့ အချက်ပေးပါဦးဗျ။ လူကို လန့်သေအောင် လုပ်နေတာပဲ၊ အထူးသဖြင့် ကျွန်တော်တို့ တစ်ခုခု ကြံနေတဲ့အချိန်မျိုးမှာပေါ့”
“…”
မြို့စားရီရှန်းကလည်း ဆွံ့အသွား၏။
“ငါးမျှားတဲ့ကိစ္စကို အခုလောက်အထိ လျှို့ဝှက်ဆန်းကြယ်အောင် လုပ်တဲ့လူ မင်းတို့ပဲ မြင်ဖူးသေးတယ်။ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူတွေကိုတော့ ငါ့ကို လွှတ်ထားလိုက်။ ကျန်တာတွေကိုတော့ မင်းတို့ဘာသာမင်းတို့ ကိုင်တွယ်ကြပေါ့”
ချောင်ရို့ချန် ပြုံးစိစိဖြင့် ပြောသည်။
“ဦးလေး... တစ်ခါတည်းနဲ့ ဆယ်ယောက်လောက်ကို ပြိုင်တိုက်နိုင်မလား”
“…”
မြို့စားရီရှန်းသည် နားမလည်နိုင်သလို ကြည့်ကာ ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်၏
“ငါက သူတော်စင်တစ်ပိုင်း မဟုတ်ဘူးကွ။ အဆင့်တူ ကျင့်ကြံသူ ဆယ်ယောက်ကို ဘယ်လိုလုပ် ပြိုင်တိုက်နိုင်မှာလဲ မင်းနဲ့ မင်းရဲ့ အစ်ကိုကြီးလိုပဲ အဆင့်တူမှာ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား”
ချောင်ရို့ချန် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ဝတ်ရုံကို မြို့စားရီရှန်းထံ ကမ်းပေးရင်း ရေရွတ်လိုက်သည်။
“နှမြောစရာပဲ”
မြို့စားရီရှန်းသည် စော်ကားခံလိုက်ရသလို ခံစားရကာ ဒေါသတကြီး ပြောလိုက်၏။
“ဒီကလေးကတော့... မင်းက အတော်လေး အတောင်စုံနေပြီပေါ့ ဟုတ်လား”
ချောင်ရို့ချန် ခေါင်းခါပြလိုက်၏။
“မဟုတ်ပါဘူး။ ကျွန်တော် တကယ်ပဲ တစ်ယောက်ယောက်ကို ထိုးချင်နေလို့ပါ”
“ဟမ့်”
မြို့စားရီရှန်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဝတ်ရုံကို ယူ၍ ပုခုံးပေါ်သို့ ခြုံလိုက်၏။
ခဏအကြာတွင် နောက်ဆုံး မြင့်မြတ်ပစ္စည်း ကို လေလံတင်ပြီးနောက် ပွဲမှာ ပြီးဆုံးသွားခဲ့သည်။
ကုဆန်းပြန့် ပြုံးလျက် ကြေညာသည်။
“လေးစားအပ်ပါသော ဧည့်သည်တော်များခင်ဗျာ၊ လေလံပွဲကို ဒီမှာတင် အဆုံးသတ်လိုက်ပါပြီ။ ပစ္စည်းရရှိသူများအနေနဲ့ နောက်ဖေးခန်းကို သွားရောက်ပြီး ငွေပေးချေမှုနဲ့ ပစ္စည်းလွှဲပြောင်းမှုကို ပြုလုပ်နိုင်ပါပြီ”
ဧည့်သည်များ၏ မျက်နှာအမူအရာမှာ အမျိုးမျိုး ဖြစ်နေကြ၏။ လူပေါင်း ထောင်ချီတက်ရောက်ခဲ့သော်လည်း လူအနည်းငယ်သာ လေလံအောင်ခဲ့ကြသည်။
ထို့အပြင် ချောင်ရို့ချန်ကဲ့သို့ တစ်ဦးတည်းနှင့် ပစ္စည်းနှစ်မျိုးလုံးကို သိမ်းပိုက်သွားသူမျိုးလည်း ရှိနေပြန်၏။
တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်ပြီးနောက် ချောင်ရို့ချန်နှင့် ရှောင်ချန်းတို့ စားပွဲပေါ်သို့ သိုလှောင်လက်စွပ် တစ်ခုစီ တင်လိုက်ကြ၏။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီးတို့” ယဲ့ပေ့ရွှမ် ပြောလိုက်သည်။
ချောင်ရို့ချန် ပြုံးလိုက်သည်။
“ပစ္စည်းရတာနဲ့ မြို့ထဲကနေ ချက်ချင်းထွက်ပြီး အရှေ့ဘက်ကို အမြန်ဆုံး ပြေးတော့။ ငါတို့ အပြင်မှာ ဆုံမယ်”
“နားလည်ပါပြီ”
ယဲ့ပေ့ရွှမ် ပြန်ဖြေကာ သူ့ဝတ်ရုံကို လဲလှယ်လိုက်၏။ ထို့အပြင် သူ နတ်ဘုရားအာရုံကို တားဆီးနိုင်သည့် ကြေးနီမျက်နှာဖုံးကိုလည်း တမင်တကာ တပ်ဆင်လိုက်သည်။
သိုလှောင်လက်စွပ် နှစ်ခုကို လက်ထဲတွင် ကိုင်ဆောင်လျက် သူ သီးသန့်ခန်း၏ အဓိကတံခါးမှ ဗြောင်ကျကျပင် ထွက်ခွာလာခဲ့၏။
သူ အပြင်သို့ ခြေချလိုက်သည့် ခဏမှာပင် ကိုယ်ရောင်ကိုယ်ဝါမှာ လုံးဝ ပြောင်းလဲသွားတော့သည်။ ပုံမှန်အားဖြင့် အခြားသူများ၏ မျက်စိထဲတွင် သာမန်ကာလျှံကာဟု ထင်ရသော်လည်း ယခုအခါတွင်မူ ယဲ့ပေ့ရွှမ်သည် လောကထဲသို့ အသစ်တဖန် ပေါ်ထွက်လာသည့် ပြိုင်ဘက်ကင်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးအလား ထင်မှတ်ရ၏။
သူ့ခြေလှမ်းမှာ အလောမကြီးသော်လည်း အလှမ်းတိုင်းမှာ ခိုင်မာပြတ်သားလှ၏။ ကြေးနီမျက်နှာဖုံးအောက်ရှိ သူ့မျက်ဝန်းများမှာ လောကကြီးအပေါ် ရိုးအီနေသည့် အငွေ့အသက်များ ယှက်သန်းလျက် ပြိုင်ဘက်ကင်းသော ယုံကြည်မှုများ ဖြာထွက်နေသည်။
ဤကဲ့သို့သော ထည်ဝါမှုသည် ချောင်ရို့ချန်၏ အစောပိုင်းက ဈေးကြီးပေးကာ လေလံဆွဲခဲ့မှုနှင့် ပေါင်းစပ်လိုက်သောအခါ လူတိုင်း၏ အကြည့်မှာ ယဲ့ပေ့ရွှမ်ဆီသို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။
တာယန် မြင့်မြတ်နယ်မြေ၏ သီးသန့်ခန်းအတွင်း၌
အကြီးအကဲနှစ်ဦးသည် စိမ်းသက်နေသော ထိုပုံရိပ်ကို နားမလည်နိုင်သည့် အမူအရာများဖြင့် လေ့လာနေကြ၏။
အကြီးအကဲ စီခုန်း တိုးတိုးလေး ရေရွတ်သည်။
“ဒီကောင်လေးက ဘယ်သူလဲ ငါ ဘာလို့ သူ့အကြောင်း တစ်ခါမှ မကြားဖူးတာလဲ”
“သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ကိုယ်ရောင်ကိုယ်ဝါကို ကြည့်ရတာ ရှောင်ချန်းရော ချောင်ရို့ချန်ရော မဟုတ်တာတော့ သေချာတယ်”
အကြီးအကဲ အိုးရန် ဇဝေဇဝါဖြစ်နေ၏။
“ဒီလူတွေ ဘာတွေ ထပ်ကြံစည်နေကြပြန်ပြီလဲ”
အကြီးအကဲ စီခုန်း မေးသည်။
“သူတို့ ငါးမျှားနေတာများလား”
“ကိုယ့်ကိုယ်ကိုယ် ပိုယုံကြည်စမ်းပါ။ ဝမ်တောက်ကျောင်းတော် အုပ်စုကတော့ အဆင်သင့် ပြင်လာပုံရတယ်။ ဒါပေမဲ့ ဒီတစ်ခါ သူတို့ ဘယ်အဖွဲ့ကို ပစ်မှတ်ထားနေတာလဲ”
အကြီးအကဲ အိုးရန်၏ မျက်နှာမှာ အတွေးများဖြင့် လေးနက်သွား၏။
ချူဖုန်း၏ အုပ်စုနှင့် တာ့ယန် မြင့်မြတ်နယ်မြေတို့ ထိပ်တိုက်တွေ့ခဲ့စဉ်ကတည်းက တာ့ယန် မြင့်မြတ်နယ်မြေသည် ဝမ်တောက်ကျောင်းတော်၏ မျိုးရိုးစဉ်ဆက်ကို စုံစမ်းစစ်ဆေးခဲ့သည်။
သူတို့ ချူဖုန်း၏ တပည့်သုံးဦးအကြောင်းကို အသေအချာ လေ့လာထားကြ၏။ ချူဖုန်းကိုယ်တိုင်မှာ သူတော်စင်အဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ ဖြစ်ကြောင်း အထူးတလည် ပြောရန်ပင် မလိုပေ။
သူ့အကြီးဆုံးတပည့် ရှောင်ချန်းမှာ ပြိုင်ဘက်ကင်းလမ်းစဉ်ကို လျှောက်လှမ်းသူ ဖြစ်ပြီး လှည့်ကွက်များကို စက်ဆုပ်ရွံရှာသူ ဖြစ်သည်။
ဒုတိယတပည့် ချောင်ရို့ချန်မှာမူ လမ်းမှားရောက်နေသည့် လူလေလူလွင့်ဘဝမှ ပြုပြင်ပြောင်းလဲလာသူတို့၏ စံပြပုဂ္ဂိုလ် ဖြစ်၏။ သူ့ကျော်ကြားမှုမှာ တစ်လောကလုံးသို့ ပျံ့နှံ့သွားခဲ့စဉ်က မြင့်မြတ်နယ်မြေ အားလုံးမှ ဘိုးဘေးများသည် သူတို့၏ အသုံးမကျသော အမွေခံများကို စုစည်းကာ ပါရမီများ ထုတ်ပြရန် တိုက်တွန်းခဲ့ကြသေးသည်။
ကံမကောင်းစွာ ထိုဘိုးဘေးများအားလုံး စိတ်ပျက်ခဲ့ကြရ၏။ သူတို့၏ အသုံးမကျသော သားသမီးများမှာ အနာဂတ် ထိပ်သီးများ ဖြစ်လာနိုင်သည့် အလားအလာ လုံးဝမရှိဘဲ မျှော်လင့်ချက်မဲ့နေကြဆဲပင်။
တတိယတပည့်မလေးမှာမူ တာ့ယန် မြင့်မြတ်နယ်မြေ၏ နှိမ်နင်းရန် အဓိက ပစ်မှတ်ဖြစ်သော်လည်း ကံမကောင်းစွာ ထိုမိန်းကလေးမှာ အမြဲတမ်း သီးသန့်သာ နေထိုင်ပြီး အပြင်သို့ ထွက်လေ့မရှိပေ။
အကယ်၍ ချူဖုန်းသာ ဤနေရာတွင် ရှိနေခဲ့ပါက တာ့ယန် မြင့်မြတ်နယ်မြေ၏ အကြီးအကဲနှစ်ဦးကို လက်မထောင်ပြကာ ချီးကျူးမိပေလိမ့်မည်။
“ရှေးလူကြီးတွေ ပြောတာ မမှားဘူး။ မင်းအကြောင်းကို အသိဆုံးက မင်းရဲ့ ရန်သူပဲ”
အကြီးအကဲနှစ်ဦး အတွေးနက်နေစဉ်မှာပင် ယဲ့ပေ့ရွှမ်သည် ရန်လိုသော အကြည့်အချို့ကို အာရုံခံမိလိုက်၏။
ထိုအကြည့်များထဲတွင် ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော အကြည့်တစ်ခုလည်း ပါဝင်နေသည်။
သို့သော် ယဲ့ပေ့ရွှမ် ၎င်းကို ထူးထူးခြားခြား အာရုံမစိုက်ပေ။ သူသည် ဂရုမစိုက်သည့် အမူအရာဖြင့် လူအုပ်ကြားကို ဖြတ်ကျော်ကာ မကြာမီမှာပင် လေလံရုံ၏ နောက်ဖေးခန်းသို့ ရောက်ရှိသွားတော့သည်။
ကုဆန်းပြန့်သည် သူ့ရှေ့မှ ထူးထူးဆန်းဆန်း ဝတ်ဆင်ထားသော ကျင့်ကြံသူကို ကြည့်ကာ ပြုံးရွှင်စွာ ပစ္စည်းလွှဲပြောင်းမှုကို အဆုံးသတ်လိုက်ပြီး ယဲ့ပေ့ရွှမ်ထံသို့ အပြာရောင် တိုကင်ပြားတစ်ခု ကမ်းပေးလိုက်၏။
“ဂုဏ်သရေရှိ ဧည့်သည်တော်ခင်ဗျာ၊ ဒါကတော့ ကျွန်တော်တို့ ရတနာတစ်သောင်းစင်မြင့်ရဲ့ အဆင့်မြင့်တိုကင်ပြားပါ။ ဒီတိုကင်ပြားကို ကိုင်ဆောင်ထားသရွေ့တော့”
“အရှည်ကြီး ရှင်းပြမနေပါနဲ့တော့။ အဲဒါ ဘာအတွက် သုံးလဲဆိုတာ ကျွန်တော် သိပါတယ်။ ခရမ်းရောင်နဲ့ ရွှေရောင် တိုကင်တွေရဲ့ အောက်မှာရှိတော့ (၂၀) ရာခိုင်နှုန်း လျှော့ဈေးရတာ မဟုတ်လား”
ယဲ့ပေ့ရွှမ် စကားဆုံးသည်နှင့် ကျောခိုင်းထွက်ခွာသွားရာ ကုဆန်းပြန့်မှာ အံ့အားသင့်သော မျက်နှာဖြင့် ကျန်ရစ်ခဲ့တော့၏။