← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

Chapter 185

~

အခန်း ၁၈၅ : မဟာမိတ်အဖွဲ့၏ ဒေါက်တိုင်လေးခုအနက် တစ်ဦးဖြစ်သူ လျောင်ချင်းဖုန်း၏ တုန်လှုပ်မှု

~

​တောင်ပိုင်းမြို့တော်၏ ဗဟိုချက်ဖြစ်သော ဗဟိုကောင်စီအဆောက်အအုံ။

​တောင်ပိုင်းမြို့တော်သာမက တစ်ခုလုံးသော တောင်ပိုင်းမဟာမိတ်အဖွဲ့၏ အရေးအပါဆုံးနေရာဖြစ်သည်နှင့်အညီ ညဉ့်နက်သန်းခေါင်ယံအချိန် ဖြစ်သော်လည်း ကောင်စီခန်းမအတွင်း၌ မီးများထိန်ထိန်လင်းနေကာ လူများမှာလည်း အဆက်မပြတ် လှုပ်ရှားသွားလာနေကြသည်။

​အဆောက်အအုံအတွင်း၌ လမ်းမပေါ်သို့ အလင်းစက်များ ကျရောက်နေသည်။ နွမ်းပါးသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် မြန်လွန်းခြင်း၊ နှေးလွန်းခြင်းမရှိသော ပုံမှန် ခြေလှမ်းများဖြင့် လမ်းလျှောက်လာနေ၏။ သူသည် လုံခြုံရေးစည်း အဆင့်ဆင့်ကို လျစ်လျူရှုကာ ကောင်စီခန်းမ၏ ဗဟိုချက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူ၏ ဂိတ်စောင့် သက်သေခံတံဆိပ်ပြားကို ကြည့်ကာ မည်သည့်လုံခြုံရေးဝန်ထမ်းကမှ တားဆီးရန် မဝံ့ရဲကြပေ။

​မဟာမိတ်အဖွဲ့တစ်ခုလုံးတွင် ဂိတ်စောင့် လေးဦးသာ ရှိသည့်အနက် သူသည် တစ်ဦးအပါအဝင် ဖြစ်သည်။ သိုင်းဘုရင်အဆင့် ရှိနေသူများထဲ၌ပင် သူ၏ခွန်အားမှာ ထူးကဲလှ၏။ သို့သော်လည်း အရေးကြီးဆုံးအချက်မှာ အဆင့်ဆင့်သော စစ်ဆေးမှုများကို ဖြတ်ကျော်လာခဲ့သည့် မဟာမိတ်အဖွဲ့အပေါ် သူ၏ ယုံကြည်ကိုးစားမှုပင် ဖြစ်သည်။

​ဂိတ်စောင့်တိုင်းသည် မဟာမိတ်အဖွဲ့၏ အကျိုးစီးပွားကို အခြားအရာအားလုံးထက် ဦးစားပေးကြသည်။ အကယ်၍ နတ်ဘုရားမီးတောက်ဂိုဏ်း က မိစ္ဆာနတ်ဘုရားများ ကောင်းချီးပေးထားသည့် မိစ္ဆာလက်နက်များကို အသုံးပြု၍ ဂိတ်စောင့်တစ်ဦးကို ဖျက်ဆီးရန် ကြိုးစားလျှင်ပင် သူတို့၏ စိတ်ဓာတ်ကို အနည်းငယ်မျှပင် တုန်လှုပ်အောင် လုပ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဂိတ်စောင့်ဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကိုသာမက မဟာမိတ်အဖွဲ့အပေါ် အစားထိုး၍မရသော သစ္စာစောင့်သိမှုကိုပါ ကိုယ်စားပြုသည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် မဟာမိတ်နယ်မြေအတွင်း မည်သည့်နေရာသို့မဆို သွားလာခွင့် ရှိပေသည်။

​ထို့ပြင် ဂိတ်စောင့်ရာထူးအပြင် လင်းယဲ့တွင် အခြားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံချက်တစ်ခုလည်း ရှိနေသေးသည်။ လင်းယဲ့သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် အနက်ရောင် ကျောက်တုံးအိမ်ငယ်တစ်ခုအတွင်းသို့ အခက်အခဲမရှိ ဝင်ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ကြင်နာတတ်ပုံရသော အဘိုးအိုတစ်ဦးသည် သူ၏ရှေ့ရှိ မြင့်မြတ်သော ဖီးနစ်ပန်းချီကား ကို အသေအချာ ကြည့်ရှုနေသည်ကို တွေ့လိုက်ရလေသည်။

​ထိုသူမှာ လျောင်ချင်းဖုန်း ဖြစ်သည်။ တောင်ပိုင်းမဟာမိတ်ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သလို လူသားမျိုးနွယ်၏ ဒေါက်တိုင်ကြီး လေးခုအနက် တစ်ခုလည်း ဖြစ်၏။

​သူသည် လက်ကိုင်တုတ်ကို အားပြုထားပြီး ဆံပင်များမှာ ဖြူဖွေးနေကာ အသားအရေမှာလည်း နှစ်ပေါင်းများစွာသက်တမ်းရှိသော သစ်ခေါက်များကဲ့သို့ တွန့်လိပ်နေသည်။ သူ၏ မျက်လုံးများမှာလည်း မှုန်ဝါးနေသည်။ သေမင်း၏ တံခါးဝသို့ ရောက်နေပြီဟု ထင်ရသော ဤအဘိုးအိုတွင် အဆင့်ရှစ် အရှင်သခင် တစ်ဦး၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည် ရှိနေသည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။

​ယခုအချိန်တွင် သူသည် ပန်းချီကားရှေ့၌ လှုပ်ရှားမှုမရှိဘဲ ရပ်နေပြီး လင်းယဲ့ ရောက်လာသည်ကိုပင် သတိပြုမိပုံမရပေ။ ကျောက်စားပွဲပေါ်တွင် ပစ္စည်းများမှာ ရှုပ်ပွနေပြီး ကြမ်းပြင်ပေါ်တွင်လည်း လက်ဖက်ရည်များ ဖိတ်စင်ကာ ရေအိုင်ကြီးတစ်ခု ဖြစ်နေသည်။ သို့သော် လျောင်ချင်းဖုန်းမှာမူ တိတ်ဆိတ်နေဆဲဖြစ်ပြီး ပန်းချီကားကိုသာ စိုက်ကြည့်လျက် တစ်ခါတစ်ရံ ခေါင်းငြိမ့်နေသည်။

​လင်းယဲ့သည် ကျောက်အိမ်အတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်လာပြီး ဝင်ထိုင်လိုက်သည်။ သူ စကားပြောရန် အလျင်မလိုပေ။ လက်ဖက်ရည်ခွက်တစ်ခုကို ယူကာ လက်ဖက်ရည်ဖျော်ပြီး တစ်ငုံချင်း သောက်ရင်း စောင့်ဆိုင်းနေလိုက်သည်။

​ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်တွင် လျောင်ချင်းဖုန်းသည် နောက်ဆုံးတွင် သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ယိုင်နဲ့နဲ့ ခြေလှမ်းများဖြင့် လှည့်လာခဲ့သည်။ ထို့နောက် သူ၏ လက်ထဲမှ လက်ကိုင်တုတ်ကို မြေပြင်သို့ အသာအယာ တောက်လိုက်သည်။

​ဒေါက်... ဒေါက်

​ကြည်လင်သော အသံနှစ်ချက် ထွက်ပေါ်လာပြီးနောက် လက်ကိုင်တုတ်မှ စိမ်းစိုသော အလင်းတန်းများ ထွက်ပေါ်လာကာ ကျောက်အိမ်၏ နေရာတိုင်းသို့ ပျံ့နှံ့သွားသည်။ အလင်းရောင် လက်ခနဲ ဖြစ်သွားပြီးနောက်တွင် ရှုပ်ပွနေသော ပစ္စည်းအားလုံးမှာ ၎င်းတို့၏ မူလနေရာအတိုင်း ပြန်လည်ရောက်ရှိသွားကြသည်။

​ထိုအခါမှသာ လင်းယဲ့က ဖြည်းညှင်းစွာ စကားပြောလာသည်။

"ဆရာ... ဂူချန် တောင်ပိုင်းမြို့တော်ကို ရောက်နေပါပြီ။ ဆရာ သဘက်ခါမှ အားမယ်လို့ သူ့ကို ကျွန်တော် ပြောလိုက်တယ်၊ အဲ့ဒါ အဆင်ပြေရဲ့လား.."

​အမှန်စင်စစ် သူသည် လျောင်ချင်းဖုန်းကို ကြိုတင်မမေးမြန်းခဲ့ပေ။ အကြောင်းမှာ ဆရာသည် အမြဲတမ်း အားလပ်နေတတ်သောကြောင့် ဖြစ်သည်။ မဟာမိတ်အဖွဲ့၏ ဒေါက်တိုင်လေးခုအနက် တစ်ခုဖြစ်သည့် လျောင်ချင်းဖုန်း၏ ဟန့်တားနိုင်စွမ်းမှာ အလွန်အရေးကြီးသည်။ ထို့ပြင် သူသည် အသက် လေးရာကျော်နေပြီဖြစ်ရာ တစ်နှစ်တာ၏ အချိန်အတော်များများကို တောင်ပိုင်းမြို့တော်၌ပင် တံခါးပိတ်ကျင့်ကြံရင်း အားအင်ပြန်လည် ဖြည့်တင်းနေတတ်သည်။ တောင်ပိုင်းမဟာမိတ်အဖွဲ့၏ ကိစ္စရပ်အဝဝကိုလည်း အောက်ခြေကောင်စီဝင်များထံ လွှဲအပ်ထားသည်။ အောက်ခြေမှ ဆုံးဖြတ်၍မရသော အလွန်အရေးကြီးသည့် ကိစ္စရပ်များကိုသာ သူ့ထံ တင်ပြကြခြင်း ဖြစ်သည်။

​သို့သော် ဂူချန်ကဲ့သို့ မိစ္ဆာတစ်ကောင်ပမာ ပါရမီရှိသည့် လူငယ်တစ်ဦးနှင့် ပတ်သက်လာလျှင်မူ သူ၏ဆရာသည် မည်မျှပင် အလုပ်များနေပါစေ ချက်ချင်းပင် တွေ့ဆုံမည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် မဟာမိတ်အဖွဲ့၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းနှင့် သက်ဆိုင်နေသောကြောင့်ပင်။

​"ရတာပေါ့.."

​ထင်ထားသည့်အတိုင်းပင် လျောင်ချင်းဖုန်းသည် ဝင်ထိုင်ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ရင်း များများစားစား စဉ်းစားမနေဘဲ သဘောတူလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"မင်း အမြဲတမ်း ကြွားနေတတ်တဲ့ ဒီလို ပြိုင်ဘက်ကင်းပါရမီရှင်နဲ့ တွေ့ဖို့ ငါ မျှော်လင့်နေတာ ကြာပြီ.."

​"သူ့ရဲ့ အချက်အလက်တွေကို ငါ ကြည့်ဖူးတယ်။ သိုင်းစာမေးပွဲ မတိုင်ခင် တစ်လအလိုမှာ သူက ဒုတိယအဆင့် သိုင်းသမားပဲ ရှိသေးတာ။ ဒါပေမဲ့ တစ်လကျော်အတွင်းမှာတင် သူက ဗာဂျရာအဆင့် ရဲ့ အထွတ်အထိပ်ကို ရောက်သွားတယ်.."

​"... ကြည့်ရတာ မွေးရာပါပါရမီက အရာအားလုံးကို ဆုံးဖြတ်တာ မဟုတ်ဘူးပဲ။ နောက်မှ ဖြစ်ပေါ်လာတဲ့ နိုးထမှုကလည်း အထူးအရေးကြီးတယ်။ နောင်မှာ မဟာမိတ်အဖွဲ့အနေနဲ့ ဒီလမ်းကြောင်းအတိုင်း စမ်းသပ်ကြည့်သင့်တယ်..."

​စကားပြောရင်းနှင့် လျောင်ချင်းဖုန်းမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထိုပါရမီရှင်အပေါ် ချီးကျူးမှုများ ပြည့်နှက်နေသည်။ ဂူချန်၏ အချက်အလက်များကို သူ အလွယ်တကူ ရှာဖွေနိုင်သည်ဖြစ်ရာ လူချင်းမတွေ့ရသေးမီမှာပင် ဂူချန်၏ နောက်ခံအကြောင်းအရာအချို့ကို သူ နားလည်ထားပြီး ဖြစ်သည်။

​သို့သော် စကားပြောနေစဉ်အတွင်း သူ၏ရှေ့မှ လင်းယဲ့၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်သည်ကို သူ သတိထားမိလိုက်၏။ အသေအချာ ကြည့်လိုက်သောအခါ လင်းယဲ့၏ မျက်နှာတွင် လေးနက်မှုများပင် ပေါ်ပေါက်နေသည်။

​လျောင်ချင်းဖုန်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ဂူချန်တစ်ယောက် တစ်ခုခု ဖြစ်သွားပြီလားဟု တွေးလိုက်မိသည်။ ကျန်းမြို့တွင် မကြာသေးမီက ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်။ နတ်ဘုရားမီးတောက်ဂိုဏ်းက လူအမြောက်အမြားကို သတ်ဖြတ်ခဲ့သည်သာမက သားရဲလှိုင်း၏ တိုက်ခိုက်မှုကိုလည်း ခံခဲ့ရသည်။ ဂူချန်ဆိုသည့် ကလေးမှာ စတုတ္ထအဆင့် ( ဗာဂျရာ )သိုင်းသမားတစ်ဦးမျှသာ ရှိသေးသည်။ သူ့ကို ကာကွယ်ပေးရန် နိဗ္ဗာနအဆင့် သို့မဟုတ် နတ်ဘုရား တက်လှမ်းခြင်းအဆင့်ကျွမ်းကျင်သူများ ရှိနေလျှင်ပင် ရာနှုန်းပြည့် လုံခြုံမှုရှိရန် ခက်ခဲလှပေမည်။ ယခု ဂူချန် တောင်ပိုင်းမြို့တော်သို့ ရောက်လာသည်မှာ အမှန်ပင် ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ် အစိတ်ပိုင်းအားလုံး စုံစုံလင်လင် ပါလာခြင်း ရှိမရှိမှာ မသေချာပေ။ လင်းယဲ့၏ အမူအရာကို ကြည့်ရလျှင် ဂူချန်မှာ...

​လင်းယဲ့၏ မှောင်မှိုင်နေသော မျက်နှာနှင့် တိတ်ဆိတ်မှုကို ကြည့်ကာ လျောင်ချင်းဖုန်းသည် သူ၏ လက်ကိုင်တုတ်ကို မြှောက်လိုက်ပြီး ဖြည်းညှင်းစွာ နှစ်သိမ့်လိုက်သည်။

"အကယ်၍ ဂူချန်မှာ လက်တစ်ဖက် ဒါမှမဟုတ် ခြေတစ်ဖက် ကျန်ရစ်ခဲ့တယ်ဆိုရင်တောင် ငါ့ဆီမှာ ကုသပေးနိုင်တဲ့ မြင့်မြတ်တဲ့ဆေးတွေ ရှိပါတယ်..."

​"ဆရာ... စိတ်မပူပါနဲ့၊ ဂူချန် ဘာမှမဖြစ်ပါဘူး.."

​သူ၏ဆရာ နားလည်မှု လွဲနေသည်ကို သိလိုက်ရသဖြင့် လင်းယဲ့သည် လျင်မြန်စွာ ခေါင်းယမ်းလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

"မှတ်တမ်းထဲက အချက်အလက်တွေက ဟောင်းသွားပါပြီ။ ဂူချန်က ဗာဂျရာအဆင့် သိုင်းသမား မဟုတ်တော့ဘူး.."

​ထိုစကားကို ကြားသောအခါ လျောင်ချင်းဖုန်း၏ မျက်ခုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။ သူသည် လက်ကိုင်တုတ်၏ အပေါ်ပိုင်းကို ပွတ်သပ်ရင်း ဝေခွဲမရစွာ မေးလိုက်သည်။

"ဒီလောက် မြန်မြန် အဆင့်တက်သွားတာလား၊ အဲ့ဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား.."

​"သူ နိဗ္ဗာနနယ်ပယ်ကို ရောက်သွားပြီလား.."

​ ဗာဂျရာအဆင့်ကို ရောက်သွားသည်ဟူသော သတင်းမှာ မကြာသေးမီကမှ ရောက်ရှိခဲ့ခြင်း ဖြစ်သော်လည်း ယခု ပနိဗ္ဗာနအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ အနည်းငယ် အဓိပ္ပာယ်မရှိသလို ဖြစ်နေသည်။ သို့သော် သူက ပါရမီရှင်တစ်ဦး ဖြစ်သည် မဟုတ်ပါလော။ အနည်းငယ် ထူးခြားနေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ ဒါကို သူ၏ တပည့်က မည်သည့်အတွက်ကြောင့် စိုးရိမ်နေရပါသနည်း။

​လျောင်ချင်းဖုန်း ပြုံးလိုက်ပြီး စကားအနည်းငယ် ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် လင်းယဲ့သည် သူ၏ ခေါင်းကို မော့လိုက်ပြီး အံကျိတ်၍ ပြောလိုက်သည်။

​"ဆရာ... ဂူချန်က စိတ်ဝိညာဥ်ပင်လယ်ကို ဖွင့်နိုင်ခဲ့ပြီ၊ ပြီးတော့ သူက လမ်းစဉ်တစ်ခုကို မဟာဆရာကြီးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး ကောင်းကင်နဲ့မြေပြင်စွမ်းအားကို ထိန်းချုပ်နိုင်တဲ့ သိုင်းဘုရင်အဆင့် ထဲကို ဝင်ရောက်သွားပါပြီ.."

​"ဒါ့အပြင် သူက အလယ်အလတ်အဆင့် ကိုတောင် ရောက်နေပါပြီ.."

​"ဘာ..."

လျောင်ချင်းဖုန်း၏ မျက်နှာပေါ်မှ ကြင်နာသော အပြုံးမှာ တောင့်တင်းသွားသည်။ သူသည် သူ၏တပည့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ပြီး တစ်ဖက်လူ နောက်ပြောင်နေခြင်း ရှိမရှိကို စစ်ဆေးလိုက်သည်။ သို့သော် လင်းယဲ့၏ မျက်နှာမှာ အလွန်ပင် တည်ကြည်လေးနက်နေပြီး လိမ်ညာနေပုံ မရပေ။

​"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."

​လျောင်ချင်းဖုန်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ရာ သူ၏ ကိုင်းညွတ်နေသော ကျောပြင်မှာ ချက်ချင်းပင် ဆန့်တန်းသွားသည်။ သူ၏ တွန့်လိပ်နေသော မျက်နှာမှာ ပိုမိုတွန့်လိပ်သွားပြီး သူ၏ အသံမှာပင် အနည်းငယ် ပြောင်းလဲသွားသည်။

​သူ၏တပည့်သည် သူ့ကို လိမ်မည်မဟုတ်ကြောင်း သူ သိသော်လည်း ဤအရာမှာ စိတ်ကူးယဉ်ရန်ပင် ခက်ခဲလှသည်။ ဂူချန်၏ အချက်အလက်များကို သူ ကြိုတင်စစ်ဆေးထားပြီးသားဖြစ်ရာ ထိုသူမှာ အသက် တစ်ဆယ့်ရှစ်နှစ် ပြည့်ကာစ လူငယ်လေးတစ်ဦးသာ ဖြစ်သည်။

​အသက် တစ်ဆယ့်ရှစ်နှစ်နှင့် သိုင်းဘုရင် တစ်ယောက် ဖြစ်လာခြင်း။

​၎င်းမှာ လုံးဝကို အဓိပ္ပာယ်မရှိလောက်အောင်ပင်။ လျောင်ချင်းဖုန်းသည် စိတ်ထဲမှ တွေးလိုက်မိသည်၊ ဤစကားလုံးများမှာ ရိုးရှင်းသော်လည်း ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါ ဘာကြောင့် နားလည်ရ ခက်နေရသနည်း။

​လင်းယဲ့သည် သေချာကြောင်း ထပ်မံခေါင်းငြိမ့်ပြလိုက်သည်။

"ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ၊ လုံးဝ အလိမ်အညာ မဟုတ်ပါဘူး.."

​ထိုစကားကို ကြားသောအခါ လျောင်ချင်းဖုန်းသည် အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် သူ၏ လက်ကိုင်တုတ်ကိုပင် ဘေးသို့ ပစ်ချလိုက်တော့သည်။ အဆင့်ရှစ်သို့ ရောက်ရန် အနှစ် လေးရာကျော် ကျင့်ကြံခဲ့ရသူတစ်ဦးအနေဖြင့် ဤအချက်သည် မည်မျှအထိ လေးနက်ကြောင်း သူ ကောင်းစွာ နားလည်သည်။ သိုင်းပညာအကြောင်း ဘာမှမသိသော ပြင်ပလူများပင်လျှင် ဤသတင်းကို ကြားပါက တုန်လှုပ်သွားကြပေလိမ့်မည်။

​ဤတိုးတက်မှုအရှိန်အရဆိုလျှင် နောက်ထပ် အနှစ်နှစ်ဆယ်၊ မဟုတ်ဘူး၊ ဆယ်နှစ်အတွင်း။ ဆယ်နှစ်အတွင်းမှာတင် ဂူချန်သည် မဟာတာအိုဓမ္မခန္ဓာကိုယ် ကို တည်ဆောက်နိုင်ပြီး မဟာမိတ်အဖွဲ့အတွင်းရှိ လက်ချိုးရေတွက်၍ရသော အဆင့်ရှစ် အရှင်သခင်များအနက် တစ်ဦး ဖြစ်လာပေလိမ့်မည်။

​ထို့ပြင် သူ၏ အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသော စွမ်းဆောင်ရည်ကို ကြည့်ခြင်းအားဖြင့် နောင်တွင် မည်သည့် သားရဲအရှင်သခင်မျှ မဟာမိတ်နယ်မြေအတွင်းသို့ ခြေချနိုင်တော့မည် မဟုတ်ပေ။ နောင် အနှစ်ငါးရာတိုင်တိုင် ဂူချန်သာ အသက်ရှင်နေသရွေ့ မဟာမိတ်အဖွဲ့မှာ စည်ပင်ဝပြောနေမည်မှာ သေချာပါသည်။

​ဤသို့တွေးတောရင်း လျောင်ချင်းဖုန်းသည် စားပွဲကို ရိုက်ကာ ဆုံးဖြတ်လိုက်သည်။

"မြန်မြန်... အခုချက်ချင်း ဂူချန်ကို ငါ တွေ့ချင်တယ်.."

Chapter 186

~

အခန်း ၁၈၆ : လင်းယဲ့၏ စိုးရိမ်ပူပန်မှုများ

~

​"ခဏလေး နေဦးဆရာ.."

​လျောင်ချင်းဖုန်းက သူ၏လက်ကိုင်တုတ်ကိုကောက်ကိုင်ကာ ကျောက်အိမ်အတွင်းမှ အလျင်အမြန်ပြေးထွက်ရန် ပြင်လိုက်စဉ်မှာပင် လင်းယဲ့က အားကိုးရာမဲ့သော မျက်နှာထားဖြင့် လက်ကာပြကာ တားဆီးလိုက်သည်။

​"ဆရာ စိတ်စောနေတာ ကျွန်တော်နားလည်ပါတယ်၊ ဒါပေမဲ့ မလောပါနဲ့ဦး။ တပည့် စကားပြောလို့မပြီးသေးပါဘူး.."

​"ဂူချန်ထက် ပိုအရေးကြီးတာ ဘာရှိဦးမှာလဲ.."

လျောင်ချင်းဖုန်းက သူ၏မျက်နှာတွင် စိုးရိမ်စိတ်များ အထင်အရှားဖြင့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

​တောင်ပိုင်းမဟာမိတ်အဖွဲ့အတွင်း ဤမျှပြိုက်ဘက်ကင်းလှသော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာခြင်းမှာ တကယ့်ကို ကံကောင်းခြင်းကြီးတစ်ရပ်ပင် ဖြစ်သည်။ ထိုသူသာ အပြည့်အဝ နိုးထလာခဲ့လျှင် တောင်ပိုင်းမဟာမိတ်အဖွဲ့၏ အရှိန်အဝါမှာလည်း မြင့်တက်လာမည်ဖြစ်ပြီး မဟာမိတ်လေးဖွဲ့အကြားတွင် ဦးဆောင်သူနေရာသို့ ရောက်ရှိလာပေလိမ့်မည်။

​အကယ်၍ အခြားမဟာမိတ်သုံးဖွဲ့မှ အဖွဲ့ဝင်များသာ သိသွားပြီး သူ့ကို လုယူသွားကြလျှင် ဤသည်က သူတို့အတွက် အလကားသက်သက် အကျိုးအမြတ်ပေးလိုက်ရသလို ဖြစ်မသွားမည်ပင်။ ဤသို့ဆိုလျှင် သူ မည်သို့စိတ်မစောဘဲ နေနိုင်ပါမည်နည်း။

​နောင်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပင် သားရဲ များကို မဟာမိတ်နယ်မြေအတွင်းမှ လုံးဝမောင်းထုတ်နိုင်ကောင်း မောင်းထုတ်နိုင်ပေလိမ့်မည်။ ယခုကဲ့သို့ မဟာမိတ်အဖွဲ့အတွင်းရှိ မြို့များမှာ သီးခြားစီ ရပ်တည်နေရသကဲ့သို့ ဖြစ်နေမည့်အစား ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ လက်ရှိတွင် တောရိုင်းနယ်မြေများအတွင်း၌ အဆင့်မြင့်သားရဲများ မရှိတော့သော်လည်း အဆင့်နိမ့်သားရဲများမှာမူ ရေတွက်၍မရအောင်ရှိနေပြီး ရှင်းလင်းပစ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

​မဟုတ်လျှင် မဟာမိတ်အဖွဲ့အနေဖြင့် ဤမျှလောက်များပြားသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် များကို အချိန်ကုန်ခံ၊ ငွေကုန်ခံ တည်ဆောက်နေမည်မဟုတ်ဘဲ ရထားလမ်းများကိုသာ တည်ဆောက်ပေလိမ့်မည်။ အမှန်စင်စစ် မိုင်တစ်သောင်းကျော် ခရီးအကွာအဝေးအတွက် တည်နေရာရွှေ့ပြောင်းခြင်းစနစ်ကို အသုံးပြုခမှာ ဗာဂျရာအဆင့် သိုင်းသမားတစ်ဦး၏ တစ်နှစ်စာ ကျင့်ကြံမှုကုန်ကျစရိတ်ထက်ပင် ပို၍များပြားလှသည်။

​"ဒါက ဂူချန်နဲ့ ပတ်သက်တဲ့ကိစ္စပါပဲ.."

​"ကျွန်တော်တို့ ဂူချန်ကို သွားမတွေ့ခင်မှာ ဆရာ့ကို အချက်အလက်အချို့ သတိပေးဖို့ လိုအပ်နေပါတယ်.."

​လင်းယဲ့သည် တည်နေရာရွှေ့ပြောင်းခြင်းစနစ်တံခါးတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်စဉ်းစားမိသည့်အခါ သူ၏မျက်မှောင်မှာ ပိုမိုကြုတ်သွားတော့သည်။ သူ၏အမြင်အရ အင်အားကြီးသူတစ်ဦးအနေဖြင့် သတ်ဖြတ်လိုစိတ် ရှိရန် လိုအပ်သည်မှာ မှန်သော်လည်း ရင်ထဲတွင် ကြင်နာမှုရှိရန်မှာလည်း မရှိမဖြစ်လိုအပ်သည်။

​အကယ်၍ သူသည် နောင်တစ်ချိန်တွင် မဟာမိတ်အဖွဲ့၏ ဒေါက်တိုင်တစ်ခု ဖြစ်လာမည်ဆိုပါက မိစ္ဆာဂိုဏ်းသားများကို ရင်ဆိုင်ရာတွင် စိတ်ပျော့နေ၍ မဖြစ်သည်မှာ သေချာသည်။ သို့ရာတွင် အပြစ်မဲ့သူများကို ခွဲခြားမှုမရှိဘဲ သတ်ဖြတ်ရန် အကြောင်းပြချက် မဟုတ်ပေ။

​ဂူချန်၏ ကျင့်စဉ်အဆင့်မှာ အလွန်လျင်မြန်စွာ တိုးတက်နေသဖြင့် သူသည် အရာရာကို အထင်အမြင်သေးကာ အားနည်းသူများ၏ အသက်ကို တန်ဖိုးမထားသော စိတ်ဓာတ်မျိုး ဝင်နေခြင်းလားဟု လင်းယဲ့ သံသယဝင်မိသည်။ ထို့အပြင် သူတို့တွေ့ဆုံစဉ်က ဂူချန်၏ ဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် ထိုလူငယ်လေးတွင် ရိုသေကြောက်ရွံ့မှု အနည်းငယ်မျှပင် မရှိသည်မှာ ထင်ရှားလှ၏။

​အကယ်၍ သူသည် သာမန်ပါရမီရှင်တစ်ဦးသာ ဖြစ်ခဲ့လျှင်မူ ပြဿနာမရှိပေ။ မကောင်းသောစိတ်ထားရှိလျှင်ပင် အချိန်မရွေး နှိမ်နင်းနိုင်သည်။ သို့သော် ကံဆိုးစွာပင် သူသည် မဟာမိတ်အဖွဲ့ စတင်တည်ထောင်ချိန်မှစ၍ ထိပ်တန်းပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်နေသည့်အပြင် နောက်ကွယ်တွင်လည်း အဆင့်ရှစ် အရှင်သခင်တစ်ဦး၏ ထောက်ခံမှုကို ရရှိထားသူဖြစ်သည်။ ထိုသို့သောသူမျိုးမှာ မဟာမိတ်အဖွဲ့အတွက် ကောင်းချီးလား သို့မဟုတ် ကျိန်စာလားဆိုသည်ကို လင်းယဲ့ကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ပေ။

​"အင်း.."

လျောင်ချင်းဖုန်းသည်လည်း သူ၏တပည့်တွင် တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံမိလိုက်သဖြင့် တည်ငြိမ်စွာပင် နားထောင်လိုက်သည်။

​"ဆရာ... ဒီနေ့ ကျွန်တော် ဂူချန်ကို သွားကြိုတုန်းက တစ်ခုခု ဖြစ်ခဲ့တယ်.."

လင်းယဲ့က လေးနက်စွာဖြင့် ဂူချန်သည် လူများကိုသတ်ရန် သားရဲများကို မည်သို့ခိုင်းစေခဲ့ကြောင်း ချက်ချင်းပြန်ပြောပြလိုက်သည်။

​အကျိုးအမြတ်အတွက် သာမန်လူများကို သတ်ဖြတ်ခြင်းမှာ နားလည်ပေးနိုင်သော်လည်း အချိန်ကုန်သက်သာစေရန်အတွက် လူသားများကို သတ်ဖြတ်ရန် သားရဲဘုရင်တစ်ကောင်ကို ခိုင်းစေခြင်းမှာမူ အနည်းငယ်...

​ထို့အပြင် လင်းယဲ့သည် ဤနေရာသို့ မလာခင်က ဂူချန်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရှာဖွေကြည့်ခဲ့ရာ ထူးဆန်းမှုများကို တွေ့ရှိခဲ့ရသည်။

​ဥပမာအားဖြင့် ချင်းဟေအခြေစိုက်မြို့ရှိ ဂူမိသားစုစံအိမ်အတွင်း၌ လျူလုံတက္ကသိုလ် မှ အထူးတန်းနည်းပြတစ်ဦး ပျောက်ဆုံးသွားခဲ့သလို၊ ဂူမိသားစုနေအိမ်တွင်လည်း ဒါရိုက်တာနှင့် ဆရာ၊ ဆရာမ စုစုပေါင်း ရှစ်ဦး ပျောက်ဆုံးသွားခဲ့သည်။ ဤဖြစ်ရပ်များအတွင်း မိစ္ဆာဂိုဏ်းနှင့် ဆက်နွှယ်မှုအချို့ ရှိနေပုံရသည်။

​ထို့ပြင် လျူလုံတက္ကသိုလ်နှင့် ဂူမိသားစုတို့ ရန်ဘက်ဖြစ်ပြီး မကြာမီမှာပင် လျူလုံတက္ကသိုလ်သည် မိစ္ဆာမီးတောက်ဂိုဏ်း၏ လက်ကျန်အဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ကျောင်းသားနှင့် ဆရာ၊ ဆရာမ သောင်းနှင့်ချီ၍ပင် သေဆုံးခဲ့ရသည်။

​သူ့တွင် တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲပေးနိုင်သော ခွန်အားရှိသော်လည်း ကြီးကြပ်ရေးကောင်စီနှင့် စစ်တပ်မှ စစ်သည်ထောင်ပေါင်းများစွာ အနစ်နာခံနေရသည်ကို သူက ဘေးမှရပ်ကြည့်နေခဲ့ပြီး မြို့ရိုးများ ဖောက်ထွင်းခံရသည့် အခါမှသာ စတင်လှုပ်ရှားခဲ့သည်။ ၎င်းနောက်တွင် တစ်မြို့လုံးကို သတ်ဖြတ်ခဲ့သည့် တရားခံဖြစ်သော သားရဲဘုရင်ကိုလည်း သူ၏လက်အောက်ခံအဖြစ် သိမ်းသွင်းခဲ့သေးသည်။

​ဤကိစ္စများကို တစ်ခုချင်းစီကြည့်လျှင် ကြီးမားသောပြဿနာ မဟုတ်နိုင်သော်လည်း ပေါင်းစပ်ကြည့်လိုက်သည့်အခါတွင်မူ ရှေ့နောက်မညီသော အချက်အလက်များစွာ ရှိနေသည်။

​ဤဖြစ်ရပ်အမျိုးမျိုးကို လျောင်ချင်းဖုန်းအား ပြောပြလိုက်သည့်အခါ သူ၏မျက်မှောင်မှာ ပို၍ကြုတ်လာပြီး သူ၏အမူအရာမှာလည်း ပိုမိုလေးလံလာသည်။ လင်းယဲ့ စကားပြောပြီးသွားသည့်အခါတွင်မူ လျောင်ချင်းဖုန်းသည် ယခင်ကကဲ့သို့ စိတ်စောနေခြင်းမရှိတော့ပေ။ ထိုအစား သူသည် ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်ကာ လေးနက်သောအကြည့်ဖြင့် ပြောလိုက်သည်။

​"မင်းပြောချင်တာက ဒီဂူချန်ဟာ နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်တယ်ဆိုတာလား.."

​အကယ်၍ သူသည် နတ်ဘုရားမီးတောက်ဂိုဏ်း၏ အဖွဲ့ဝင် အမှန်တကယ်ဖြစ်နေခဲ့လျှင်မူ သူတို့အနေဖြင့် အသေအချာ စဉ်းစားရပေလိမ့်မည်။ သူသည် အယူသည်းပြီး စိတ်ပိုင်းဆိုင်ရာ ပြုပြင်မရတော့သော အစွန်းရောက် တစ်ဦးဖြစ်နေလျှင်မူ သူ့ကို ကယ်တင်၍ရတော့မည်မဟုတ်ဘဲ ဖယ်ရှားပစ်ရန်သာ ရှိတော့သည်။ အကယ်၍ သူသည် နတ်ဘုရားမီးတောက်ဂိုဏ်း၏ ကျွမ်းကျင်သူတစ်ဦး၏ ကျင့်စဉ်ဖြင့် လှည့်ဖြားခံထားရခြင်း သို့မဟုတ် ထိန်းချုပ်ခံထားရခြင်းသာ ဖြစ်လျှင်မူ သူ့အတွက် မျှော်လင့်ချက် ရှိပါသေးသည်။

​"ဖြစ်နိုင်ချေရှိပေမဲ့ အဲ့ဒီလောက်တော့ မများပါဘူး.."

​လင်းယဲ့က ခေါင်းယမ်းလိုက်ပြီး ဆက်ပြောသည်။

"ကျန်းနန်ပြည်နယ် ကြီးကြပ်ရေးကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌ ဆုန့်ကျန်း ဟာ ဂူချန်ကို အကြိမ်ကြိမ် စစ်ဆေးခဲ့ဖူးပေမဲ့ ထူးခြားတာ ဘာမှမတွေ့ခဲ့ပါဘူး။ သူသာ အဖွဲ့ဝင်ဖြစ်နေခဲ့ရင်တောင် အစွန်းရောက်တစ်ယောက်တော့ ဖြစ်မှာမဟုတ်ပါဘူး.."

​"ဒါပေမဲ့ သူ့ရဲ့စရိုက်က အရမ်းကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီးတော့ သတ်ဖြတ်လိုစိတ်ကလည်း အရမ်းပြင်းထန်နေတယ်..."

​"ဒါ့အပြင် ဒီလောက်အထိ အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ပါရမီရှင်မျိုးကို ကျွန်တော်တို့အနေနဲ့ အမြန်ဆုံး လမ်းမှန်ပေါ်ကို ပို့ပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် မဟာမိတ်အဖွဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေက မှန်းဆလို့တောင် ရမှာမဟုတ်ပါဘူး.."

​လင်းယဲ့၏ အမြင်အရ ရေသောက်သလောက် လွယ်ကူစွာ အဆင့်တက်နေသော ဂူချန်ကဲ့သို့ ပါရမီရှင်မျိုးသည် သိုင်းဘုရင်အဆင့် အထွတ်အထိပ်သို့ ရောက်ရန် အချိန်အများကြီး လိုတော့မည်မဟုတ်ပေ။ ခဏကြာလျှင် သူသည် အဆင့်ရှစ် အရှင်သခင်တစ်ဦးပင် ဖြစ်လာနိုင်သည်။ ထိုအချိန်အထိ သူ့ကို လမ်းမှန်ပေါ်သို့ မပို့ဆောင်နိုင်ခဲ့လျှင် သူသည် မဟာမိတ်အဖွဲ့အပေါ် ပေးစွမ်းနိုင်သော ဆိုးကျိုးများမှာ အလွန်ပင် ကြီးမားလှပေလိမ့်မည်။

​"ငါနားလည်ပြီ.."

လျောင်ချင်းဖုန်း၏ ကြင်နာသော အပြုံးများ လုံးဝကွယ်ပျောက်သွားပြီး လေးနက်သောအမူအရာဖြင့် အစားထိုးဝင်ရောက်လာသည်။

​အသေအချာ စဉ်းစားပြီးနောက် သူက နောက်ဆုံးတွင် စကားပြောလာသည်။

"ငါသူနဲ့ တွေ့တဲ့အခါမှာ သူ့ကို နောက်တစ်ကြိမ် ထပ်ပြီး စစ်ဆေးကြည့်ပါ့မယ်။ အကယ်၍ ဒါဟာ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ စရိုက်နဲ့ အသက်ကို တန်ဖိုးမထားတာမျိုးပဲ ဆိုရင်တော့ သူပိုင်ဆိုင်တဲ့ ပါရမီနဲ့ယှဉ်ရင် အဲ့ဒါတွေက သေးငယ်တဲ့ကိစ္စတွေပါ။ ငါကတော့ တောင်ပိုင်းမဟာမိတ်အဖွဲ့ကို ကိုယ်စားပြုပြီး သူ့ကို အမြင့်ဆုံးအဆင့်အထိ ကူညီထောက်ပံ့ပေးသွားမှာပါ.."

​"သူ့အဖေကလည်း မကြာခင် ပြန်လာတော့မှာပဲ။ မဟာမိတ်အဖွဲ့ရဲ့ အဆင့်မြင့်ဗိုလ်ချုပ်ကြီး သုံးဦးထဲက တစ်ဦးအနေနဲ့ သူက ဂူချန်ကို လိုအပ်သလို အကြံပေးနိုင်မှာပါ.."

​"အကယ်၍ သူ နတ်ဘုရားမီးတောက်ဂိုဏ်းထဲကို ဝင်သွားခဲ့တယ် ဆိုရင်တောင် သူ့ကို နောင်တရစေပြီး လမ်းမှန်ပေါ်ကို ပြန်ခေါ်လို့ရပါတယ်။ တကယ့်ကို နောက်ဆုံးအခြေအနေ ရောက်သွားမှသာ သူ့ကို မိစ္ဆာတစ်ယောက်အဖြစ် နှိမ်နင်းရမှာပါ.."

​ဤသို့ပြောရင်း လျောင်ချင်းဖုန်းသည် တစ်စုံတစ်ခုကို စဉ်းစားမိပုံရပြီး သူ၏အမူအရာမှာ ပြန်လည်ပြေလျော့သွားကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။

​"ဒါပေမဲ့ ဂူမိသားစုရဲ့ နောက်ခံအခြေအနေအရ ဂူချန်ဟာ နတ်ဘုရားမီးတောက်ဂိုဏ်းထဲကို ဝင်လို့ရမယ့် အကျိုးကျေးဇူးက အလွန်နည်းပါးတယ်လို့ ငါယုံကြည်ပါတယ်။ သူက သူ့ရဲ့အနာဂတ်ကို ကိုယ်တိုင်ဖျက်ဆီးမယ့်သူ မဟုတ်ပါဘူး.."

​ထိုစကားကို ကြားသောအခါ လင်းယဲ့သည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။ အမှန်စင်စစ် ဂူချန်သည် အစအဆုံး နတ်ဘုရားမီးတောက်ဂိုဏ်းနှင့် ခွဲခြားမရအောင် ပတ်သက်နေပုံရသော်လည်း သူ ထိုဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ခြေမှာ သုညနီးပါးသာ ရှိသည်ဟု သူကိုယ်တိုင်လည်း ယုံကြည်သည်။ ကြီးမား​သော နောက်ခံအင်အားနှင့် ထူးကဲသော ပါရမီရှိသည့် ပါရမီရှင်တစ်ဦးတွင် တောက်ပသော အနာဂတ်ရှိနေသည်ဖြစ်ရာ နတ်ဘုရားမီးတောက်ဂိုဏ်းထဲသို့ ဝင်ရောက်ရန် အကြောင်းပြချက် မရှိပေ။

​လင်းယဲ့သည် သက်ပြင်းအသာအယာချလိုက်ပြီး..

"အရာရာတိုင်းဟာ ကောင်းမွန်တဲ့ဘက်ကို ဦးတည်ပြီးတော့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်တွေအားလုံး မှားပါစေလို့ပဲ ဆုတောင်းရမှာပါ.."

All Chapters