အခန်း (၁၉၁-၁၉၂)
Vol. 19 Ch. 191-192
Chapter 191
~
အခန်း ၁၉၁ : ကောင်းကင်ကို ဆန့်ကျင်သော နတ်ဘုရားလက်နက်၏ ဂုဏ်သတ္တိများနှင့် လျောင်ချင်းဖုန်းနှင့် တွေ့ဆုံခြင်း
~
သို့သော်လည်း...
သူ ကိရိယာတစ်ခု၏ ခံစားချက်ကို ဂရုစိုက်နေမည် မဟုတ်ပေ ။
ဂူချန်သည် အန်ဂျလာကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး သူမ၏ မကျေမနပ်အကြည့်များကို လျစ်လျူရှုကာ နတ်ဘုရားလမ်းစဉ် နန်းတော်မှ ရရှိထားသော လှည့်စားခြင်းတာအိုလမ်းစဉ် အမွေအနှစ်အတွင်းရှိ လှည့်စားမှုအတတ်များကို ဆက်လက်ရှာဖွေနေသည်။ မကြာမီမှာပင် သူအလိုရှိသော လှည့်စားမှုအတတ်ကို ရှာဖွေတွေ့ရှိသွားသည်။
"ရင်းနှီးသူအဖြစ် ဆုံစည်းခြင်း.."
ဤအတတ်သည် ပုံသဏ္ဌာန်နှင့် ရုပ်သွင်အမျိုးမျိုးသို့ ပြောင်းလဲနိုင်ပြီး အခြားသော လှည့်စားမှုအတတ်များနှင့် နှိုင်းယှဉ်ပါက အားနည်းချက် လုံးဝမရှိသလောက်ပင် ဖြစ်သည့်အပြင် ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံငါးပါးကိုပင် လွှမ်းမိုးနိုင်သည်။ အကယ်၍ လုံးဝမရှိဖူးသော လုပ်ကြံဖန်တီးထားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလျှင်ပင် အခြားသူများအား ထိုသူနှင့် ကြာမြင့်စွာကပင် သိကျွမ်းရင်းနှီးခဲ့သည်ဟု ခံစားရစေနိုင်သည်။
ရှေးယခင်က အဆင့်ခြောက် နတ်ဘုရားတက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ဤ ရင်းနှီးသူအဖြစ် ဆုံစည်းခြင်း လှည့်စားမှုအတတ်ကို အသုံးပြု၍ အဆင့်ရှစ် အရှင်သခင်နှစ်ဦးအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် သတ်ဖြတ်မိစေရန် လှည့်ဖြားနိုင်ခဲ့ဖူး၏။
ယုတ္တိဗေဒအရ ဆိုရလျှင် အဆင့်ရှစ် အရှင်သခင်နယ်ပယ်သို့ စတင်ဝင်ရောက်ကာစ ဖြစ်သော ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ ဖခင် ဂူဝူချန်းသည်လည်း ဤလှည့်စားမှုကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ဂူဝူချန်း၏ တိုက်ပွဲမှတ်တမ်းများကို ကြည့်လျှင် သူသည် သာမန်အဆင့်ရှစ် ကျွမ်းကျင်သူတစ်ဦးနှင့် မတူသည်ကို တွေ့ရသည်။ အကယ်၍ ဤမျှအထိ ပြင်ဆင်ထားပါလျက်နှင့် ဖော်ထုတ်ခံရဦးမည်ဆိုလျှင် ဂူချန်အနေဖြင့် ဤကမ္ဘာပေါ်ရှိ သူရဲကောင်းများကို အံ့သြချီးကျူးရုံမှတစ်ပါး အခြားမရှိတော့ပေ။
"စနစ်.. အစွန်းရှစ်ပါး နတ်မိစ္ဆာလှံပုဆိန်မှာပါဝင်တဲ့ နိုးထပြီးသား မိစ္ဆာတံဆိပ် နတ်ဘုရားစွမ်းရည် ခြောက်ခုကို ပြပေးပါ.."
ဂူချန် ခေါင်းကို ခါယမ်းလိုက်ပြီး စနစ်မျက်နှာပြင်၏ နောက်ဆုံးကဏ္ဍသို့ အကြည့်ကို ရွှေ့လိုက်သည်။
[ဒင်..]
[ပထမဆုံးသော မိစ္ဆာတံဆိပ် နတ်ဘုရားစွမ်းရည် ခြောက်ခုကို ဖော်ပြပေးနေပါသည်...]
[အမဲလိုက်ခြင်း - သွေးလမင်း မိစ္ဆာမျက်လုံး (ကံကြမ္မာ၏ အဆုံးအဖြတ်)]
[နတ်ဘုရားအာဏာ - ကိုးပါးသော ကောင်းကင် မိုးကြိုးဒဏ် (စစ်မှန်သော ထိခိုက်မှု)]
[ဝေဟင်ခွင်းခြင်း - ကြယ်တာရာ ပျက်သုဉ်းခြင်း (ကြယ်များကို ဆင့်ခေါ်ခြင်း)]
[ဝိညာဉ်နှိမ်နင်းခြင်း - မြစ်ဝါမြစ်၏ ငိုချင်း (ဝိညာဉ်များကို ပြန်လည်ဝင်စားစေခြင်း)]
[သွေးသောက်ခြင်း - သောင်ထျဲ့၏ စားသောက်ပွဲ (အသက်စွမ်းအားကို လုယူခြင်း)]
[ကောင်းကင်ဘေးဒဏ် - ကမ္ဘာဖျက် ကြာနီမီးတောက် (ကံကြမ္မာမီးဖြင့် ကောင်းကင်ယံကို လောင်ကျွမ်းစေခြင်း)]
[သတိပေးချက် - နတ်ဘုရားစွမ်းရည် တစ်ခုချင်းစီကို အသုံးပြုရန်အတွက် စစ်မှန်သော အားအင်နှင့် ကောင်းကင်နှင့်မြေပြင်စွမ်းအား အမြောက်အမြား လိုအပ်ပါသည်။ သတိပြု၍ အသုံးပြုပါရန်။]
[ကိုးပါးသော အထွတ်အထိပ် မိစ္ဆာတံဆိပ် တုံ့ပြန်မှု ယန္တရား]
[တံဆိပ်သုံးခု နိုးထခြင်း - အစွန်းရှစ်ဖက် တိုက်ပွဲစိတ်ဆန္ဒ အခြေခံပုံစံကို ရရှိစေပြီး သတ်ဖြတ်မှုများက ဂုဏ်သတ္တိအားလုံးကို တိုးတက်စေပါသည် (လက်ရှိတွင် အသုံးပြုနိုင်သည်)]
[တံဆိပ်ခြောက်ခု ပေါ်ထွက်ခြင်း - နတ်မိစ္ဆာ စစ်မှန်သောခန္ဓာကို ရရှိစေပြီး အခြေခံ မဟာလမ်းစဉ် နိယာမ ကိုးမျိုးမှ ကင်းလွတ်ခွင့် ရရှိစေပါသည် (လက်ရှိတွင် အသုံးပြုနိုင်သည်)]
[တံဆိပ်ကိုးခု ပြည့်စုံခြင်း - အစွန်းရှစ်ဖက် ဟင်းလင်းပြင်သို့ ပြန်လည်ရောက်ရှိခြင်း ကို ဖြစ်ပေါ်စေပါသည် (လက်ရှိတွင် အသုံးမပြုနိုင်သေးပါ)]
[အသေးစိတ်ကို ကြည့်ရှုရန် နှိပ်ပါ]
"ဒါ..ဒါ.. မိုက်လိုက်တာ.."
ဂူချန်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။
သူ၏ ခမ်းနားလှသော စနစ်မျက်နှာပြင်ကို ကျင့်သားရနေပြီ ဖြစ်သော်လည်း ဤနတ်ဘုရားလက်နက်၏ မိစ္ဆာတံဆိပ် နတ်ဘုရားစွမ်းရည်များကို မြင်လိုက်ရသည့်အခါ သူ၏စိတ်မှာ တုန်လှုပ်သွားရသည်။ ဤဂုဏ်သတ္တိများကို ကြည့်ရုံဖြင့် ထိုနတ်ဘုရားစွမ်းရည်များ၏ အစွမ်းထက်ပုံကို မြင်ယောင်ကြည့်နိုင်သည်။ မိစ္ဆာတံဆိပ်များ၏ တုံ့ပြန်မှုကြောင့် ရရှိလာသော စွမ်းရည်များလည်း ပါရှိနေသေးသည်။ အရေးကြီးဆုံးအချက်မှာ ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်သော စွမ်းရည်များကို နိုးထရန်အတွက် အပိုဆောင်း စေတနာရမှတ်များ မလိုအပ်ခြင်းပင် ဖြစ်သည်။
ဤစနစ်သည် အလွန်ပင် ရိုးသားဖြောင့်မတ်လှသည်။ သူ၏ ယခင်ဘဝက ဝတ္ထုများထဲတွင် အိမ်ရှင်များကို နည်းမျိုးစုံဖြင့် ဒုက္ခပေးတတ်သော စနစ်များနှင့် လုံးဝကွာခြားလှသည်။ အမှန်အတိုင်း ပြောရလျှင် ဤစနစ်သာ မရှိပါက သူ၏ လက်ရှိ အောင်မြင်မှုများကို ရရှိရန်အတွက် အနည်းဆုံး နှစ်ပေါင်း တစ်ရာခန့် အချိန်ယူရပေလိမ့်မည်။ထိုသည်မှာလည်း ကံတရား၊ ဇွဲလုံ့လ၊ အစီအစဉ်နှင့် အခြားသော အချက်များစွာ ပြည့်စုံမှသာ ဖြစ်နိုင်သည်။ သို့သော် ယခုမူ ဂူချန်သည် ရက်ပေါင်း ဆယ်ဂဏန်းမျှဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ စနစ်၏ အကြံအစည်တစ်ခု ဖြစ်နေလျှင်ပင် သူ ဝမ်းမြောက်စွာ လက်ခံမိသည်။
သူသည် အခြားအတွေးများကို ဖယ်ထုတ်လိုက်ပြီး အမဲလိုက်ခြင်း - သွေးလမင်း မိစ္ဆာမျက်လုံး ၏ အသေးစိတ် အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။
[နတ်ဘုရားစွမ်းရည် - အမဲလိုက်ခြင်း - သွေးလမင်း မိစ္ဆာမျက်လုံး]
[အမြဲတမ်းစွမ်းရည် - ပစ်မှတ်ကို တိုက်ခိုက်သည့်အခါ ၎င်း၏အတွင်း၌ သွေးလမင်း အမှတ်အသား ကို ထည့်သွင်းပေးပြီး ၎င်း၏ တည်နေရာကို စဉ်ဆက်မပြတ် သိရှိနေစေသည့်အပြင် ကာကွယ်ရေးစွမ်းအားကိုလည်း လျော့နည်းစေပါသည်]
[အသုံးပြုရသောစွမ်းရည် - ထိုအမှတ်အသားကို အသုံးပြု၍ ဝိညာဉ်လိုက်လံ တိုက်ခိုက်ခြင်း ကို ပြုလုပ်နိုင်သည်။ ၎င်းသည် ဟင်းလင်းပြင် အတားအဆီးများကို ကျော်ဖြတ်၍ ပစ်မှတ်၏ နှလုံးသားကို တိုက်ရိုက် ထိုးဖောက်နိုင်သည်။ ၎င်းသည် ကံကြမ္မာ၏ အဆုံးအဖြတ် ဖြစ်သဖြင့် ရှောင်တိမ်း၍ မရနိုင်ပါ]
ကံကြမ္မာ၏ အဆုံးအဖြတ်။ ဤဂုဏ်သတ္တိတစ်ခုတည်းနှင့်ပင် ဤနတ်ဘုရားစွမ်းရည်၏ အစွမ်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နတ်ဘုရားလက်နက်ဆိုသည်မှာ ဤသို့ပင် ဖြစ်ရမည်။
"မဟာမိတ်အဖွဲ့ရဲ့ နတ်ဘုရားလက်နက်ဖြစ်တဲ့ ကောင်းကင်ပိတ်လှောင်မျှော်စင်က ဘာလို့ မိုင်ပေါင်းသန်းချီတဲ့ ကမ္ဘာကြီးကို ထိန်းချုပ်ထားနိုင်ပြီး နှစ်ပေါင်း ထောင်ချီကြာတဲ့အထိ ဘယ်သူ့ကိုမှ ဧကရာဇ်မဖြစ်အောင် တားဆီးထားနိုင်တာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး.."
ဂူချန်သည် အလွန်အံ့အားသင့်သွားရသည်။ သူ၏ ခန့်မှန်းချက်အရ ကောင်းကင်ပိတ်လှောင်မျှော်စင်သည် အဆင့်အားလုံး ပြည့်စုံနေပြီဖြစ်ရာ သူ၏ အစွန်းရှစ်ဖက် နတ်မိစ္ဆာ လှံပုဆိန်ထက်ပင် ပို၍ ထူးခြားဆန်းပြားနေပေလိမ့်မည်။ ထိုသို့ဆိုလျှင် နောင်တစ်ချိန်တွင် သူ ဧကရာဇ် ဖြစ်လိုပါက ပြည့်စုံသော နတ်ဘုရားလက်နက်တစ်ခုနှင့် ရင်ဆိုင်ရမည် ဖြစ်ရာ ၎င်းမှာ အနည်းငယ် အခက်တွေ့နိုင်သည့် ကိစ္စပင် ဖြစ်သည်။
"ထားလိုက်ပါတော့။ ငါက အခုမှ အရှင်သခင်နယ်ပယ်ကိုတောင် မရောက်သေးဘူး။ ကောင်းကင်ပိတ်လှောင်မျှော်စင်နဲ့ ထိတွေ့ဖို့ အရည်အချင်း မပြည့်သေးပါဘူး။ အခုလောလောဆယ် တောင်ပိုင်းမဟာမိတ် ဥက္ကဋ္ဌ လျောင်ချင်းဖုန်းနဲ့ ငါ့ရဲ့ အဖေတို့ရဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ အရင်စဉ်းစားရမယ်.."
ဂူချန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်အနည်းငယ် ရှုပ်ထွေးသွားသဖြင့် သူ၏လက်ကို အန်ဂျလာ၏ ဦးခေါင်းပေါ်သို့ တင်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် လှုံ့ဆော်မှုကို ရရှိသွားပြီး ငွေရောင်အမွှေးအမျှင်များမှာ နီမြန်းလာကာ ခြေလက်များ တုန်ရီလျက် ညည်းတွားသံများ ထွက်ပေါ်လာတော့သည်။
[အိမ်ရှင်သည် အန်ဂျလာအား သူမ၏ အထိမခံနိုင်သော ဝေဒနာဗိုင်းရပ်စ်ကို ပြင်းထန်စွာ တိုက်ဖျက်ရန် ကူညီပေးခြင်းကြောင့် စေတနာရမှတ် + ၁၅၀]
စက်ရုပ်ဆန်သော အမျိုးသမီး အသံကို ကြားလိုက်ရသည့်အခါ ဂူချန်၏ စိတ်အခြေအနေမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီး နတ်ဘုရားစွမ်းရည်များကို ဆက်လက်ဖတ်ရှုနေမိသည်။
ဂူချန် တောင်ပိုင်းမြို့တော်သို့ ရောက်ရှိပြီး တတိယမြောက်နေ့။
မဟာမိတ်အဖွဲ့ ဌာနချုပ်ရှိ ဗဟိုကောင်စီ အဆောက်အအုံ။
လင်းယဲ့၏ ဦးဆောင်မှုဖြင့် သူတို့သည် မည်သည့်အတားအဆီးမျှ မရှိဘဲ ရှေ့ဆက်လာခဲ့ကြသည်။ မကြာမီမှာပင် ဂူချန်သည် လူသားမဟာမိတ်အဖွဲ့ တစ်ခုလုံး၏ ထိပ်တန်းကျွမ်းကျင်သူ လေးဦးအနက် တစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။
လျောင်ချင်းဖုန်း...
သူသည် မျှခြေလမ်းစဉ်ကို မဟာဆရာကြီးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိအောင် ကျင့်ကြံထားသော ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူနှင့် ပတ်သက်သော ဒဏ္ဍာရီများမှာ မဟာမိတ်အဖွဲ့ တစ်ခုလုံးတွင် ပျံ့နှံ့လျက် ရှိသည်။ သူသည် မျှခြေလမ်းစဉ်အပေါ် နက်နက်ရှိုင်းရှိုင်း နားလည်မှုနှင့် ကိုယ်ပိုင်ပါရမီတို့ကြောင့် သိုင်းလမ်းစဉ်သို့ စတင်ဝင်ရောက်ကတည်းက တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိဟု ဆိုကြသည်။ အပြင်ပန်းတွင် သူသည် အိုမင်းမစွမ်းပုံ ပေါက်နေသော်လည်း သူ၏အတွင်း၌ မည်မျှအထိ အစွမ်းထက်သော ခွန်အားများ ကျန်ရှိနေသေးသည်ကိုမူ သူကိုယ်တိုင်သာ သိပေလိမ့်မည်။
"ဥက္ကဋ္ဌလျောင်.."
ဂူချန်သည် ရပ်တန့်လိုက်ပြီး ဦးစွာ နှုတ်ဆက်လိုက်သည်။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် လျောင်ချင်းဖုန်းသည် သူ၏ စီနီယာဟု ခေါ်ဆိုရန် ထိုက်တန်သူ ဖြစ်သည်။
ကျောက်တုံးအိမ်အတွင်းရှိ နံရံဆေးရေးပန်းချီတစ်ခုကို ကြည့်နေသော လျောင်ချင်းဖုန်းသည် ယခုတစ်ကြိမ်တွင်မူ ရပ်တန့်မနေတော့ဘဲ နှုတ်ဆက်သံကို ကြားသည်နှင့် ချက်ချင်းပင် လှည့်ကြည့်လိုက်သည်။ သုံးစက္ကန့်မျှ စူးစိုက်ကြည့်ပြီးနောက် သူသည် ကြင်နာတတ်သော အပြုံးဖြင့် လက်ယပ်ခေါ်လိုက်သည်။
"လာပါ.. ထိုင်ပြီး စကားပြောကြတာပေါ့.."
သူသည် အိမ်နီးနားချင်း အဖိုးအိုတစ်ဦးနှင့် တူလှပြီး မဟာမိတ်အဖွဲ့၏ မဏ္ဍိုင်လေးခုအနက် တစ်ဦးဖြစ်သည့် အရှိန်အဝါမျိုး လုံးဝမတွေ့ရပေ။ သို့သော် ထိုသို့ဆိုတိုင်း သူ့ကို အိမ်နီးနားချင်း အဖိုးအိုတစ်ဦးကဲ့သို့ တကယ့်လက်တွေ့တွင် ဆက်ဆံ၍ မရနိုင်ပေ။ ဂူချန်သည် အသာခေါင်းညိတ်ပြလိုက်ပြီး ကျောက်တုံးအိမ်အတွင်းသို့ ဝင်ရောက်ကာ ကျောက်တုံးထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ လင်းယဲ့သည်လည်း သူ၏နောက်မှ လိုက်ပါလာပြီး အိမ်တံခါးဝနှင့် နီးသောနေရာတွင် ထိုင်လိုက်သည်။
သူတို့ ထိုင်ပြီးသည်နှင့် လျောင်ချင်းဖုန်းက ပြုံးလျက် ချီးကျူးလိုက်သည်။
"ဗိုလ်ချုပ်ကြီးဂူရဲ့ သားဖြစ်တဲ့အတိုင်း တပည့်က ဆရာ့ထက် ထူးချွန်တာပဲ။ မင်းရဲ့ နောင်တစ်ချိန် အောင်မြင်မှုတွေက မင်းအဖေထက်တောင် သာလွန်နိုင်တယ်.."
"ကံကောင်းလို့ပါ.."
ဂူချန်က ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
လင်းယဲ့နှင့် လျောင်ချင်းဖုန်းတို့ နှစ်ဦးလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဆွံ့အသွားကြသည်။ ကံကောင်းရုံနှင့် တစ်လအတွင်း အဓိကနယ်ပယ် ငါးခု၊ ခြောက်ခုကို ဖြတ်ကျော်ပြီး အဆင့်တစ် သိုင်းသမားမှ အဆင့်ခုနစ် သိုင်းဘုရင်အထိ ရောက်နိုင်ပါမည်လော။ အကယ်၍ သိုင်းသမားတစ်ဦး၏ ကျင့်စဉ်လမ်းစဉ်သည် ကိုယ်ပိုင်ပါရမီနှင့် ကြိုးစားမှုအပေါ်တွင်သာ မူတည်နေခြင်း မဟုတ်ပါက သူတို့သည် ဂူချန်အား တစ်စုံတစ်ရာသော လှည့်စားမှုများ ပြုလုပ်ထားခြင်း ရှိ၊ မရှိ အသေအချာ စစ်ဆေးမိကြပေလိမ့်မည်။
လျောင်ချင်းဖုန်းသည် ဟန်ဆောင်ပြုံးလိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ဂူလေး။ မင်းရဲ့ လက်ရှိကျင့်စဉ်အဆင့်က အဆင့်ခုနစ် သိုင်းဘုရင်ကို ရောက်နေပြီလို့ ငါကြားတယ်။ ပြီးတော့ နတ်ဘုရားလမ်းစဉ် နန်းတော်မှာတာအိုလမ်းစဥ် နှစ်ခုကိုလည်း ရှာတွေ့ထားတယ်ဆို.."
"မင်းမှာ တစ်စုံတစ်ရာ အခက်အခဲရှိတာ ဒါမှမဟုတ် လိုအပ်တာရှိရင် မဟာမိတ်အဖွဲ့က မင်းကို အစွမ်းကုန် ကူညီပေးပါမယ်။ နတ်ဘုရားလမ်းစဉ်တွေအတွက်ဆိုရင်လည်း မဟာဆရာကြီးအဆင့်အောက် လိုအပ်တဲ့ ကျင့်ကြံခြင်း အထောက်အကူပြု ပစ္စည်းတွေ မဟာမိတ်အဖွဲ့မှာ အများကြီး ရှိပါတယ်.."
ဤသို့ ဖြစ်လာမည်မှန်း ကြိုသိပါက စနစ်တွင် အမှတ်များ မထည့်သွင်းမီ သူတို့ဆီမှ ပစ္စည်းများကို လှည့်ပတ်တောင်းယူခဲ့မိမည်ဟု ဂူချန်သည် စိတ်ထဲမှ နှမြောတသစွာ သက်ပြင်းချလိုက်မိသည်။ သို့သော် သူ၏ မျက်နှာတွင်မူ မည်သည့်အရိပ်အယောင်မျှ မပြဘဲ ငြင်းပယ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌလျောင်။ ဒါပေမဲ့ ကျွန်တော့်အတွက် ဒီလို အဆင့်နိမ့်ပစ္စည်းတွေ ကို လက်ရှိအချိန်မှာ မလိုအပ်သေးပါဘူး။ အဲ့ဒီအစား ကျွန်တော် ပိုပြီးလိုအပ်တာက အသုံးပြုလို့ရမယ့် မဟာတာအိုရဲ့ နတ်ဘုရားမြေပုံ တစ်ခုပါပဲ.."
"အဆင့်နိမ့်ပစ္စည်းတွေ ဟုတ်လား.."
လျောင်ချင်းဖုန်း၏ ကြင်နာသော အပြုံးမှာ အနည်းငယ် တောင့်တင်းသွားသည်။ မဟာဆရာကြီးအဆင့်အထိ ကျင့်ကြံနိုင်သော ပစ္စည်းများကို မည်သည့်အချိန်ကစ၍ အဆင့်နိမ့်ပစ္စည်းများ ဟု သတ်မှတ်လိုက်ကြပါသနည်း။
' မင်းရဲ့ လက်ရှိ လမ်းစဉ်အဆင့်က မဟာဆရာကြီးအဆင့်ရဲ့ အထွတ်အအိပ်ကို ရောက်နေလို့လား..'
လျောင်ချင်းဖုန်းသည် ချောင်းနှစ်ချက်ဟန့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မဟာတာအိုရဲ့ နတ်ဘုရားမြေပုံ ဆိုတာ အရမ်းတန်ဖိုးကြီးပေမဲ့ မဟာမိတ်အဖွဲ့ရဲ့ ဘဏ္ဍာတိုက်ထဲမှာတော့ ရှိပါသေးတယ်။ စကားပြောလို့ ပြီးရင် လင်းယဲ့ကို တစ်ခုသွားယူပေးခိုင်းလိုက်ပါ့မယ်။ ဒါပေမဲ့ ဂူလေး...ငါ တစ်ခုလောက် မေးပါရစေ။ မင်းက လမ်းစဉ်နှစ်ခုလုံးကို ကျင့်ကြံပြီး ဘုရင်တစ်ပါး ဖြစ်လာတာဆိုတော့ မင်းရဲ့ လက်ရှိ လမ်းစဉ်နယ်ပယ်က ဘယ်အဆင့်မှာ ရှိနေတာလဲ.."
' မဟာဆရာကြီးအဆင့်အောက်က ပစ္စည်းတွေကို အထင်သေးနိုင်ဖို့ဆိုရင် အနည်းဆုံး လမ်းစဉ်တစ်ခုကတော့ မဟာဆရာကြီးအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေရမှာ မလား..'
"နည်းနည်းပါးပါးပါပဲ.."
ဂူချန်က နှိမ့်ချဟန်ဖြင့် ပြုံးလိုက်သည်။
လျောင်ချင်းဖုန်းသည် ရုတ်တရက် တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်စိတ် ပေါ်လာ၏။ သူ၏ နှစ်ပေါင်း လေးရာ သက်တမ်းအတွင်း သူ၏ရှေ့မှောက်တွင် ဤမျှအထိ ဟိတ်ဟန်ထုတ်သူကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ သို့သော် တစ်ဖက်လူ၏ ပါရမီကို ထောက်ထားကာ သူ၏ ဒေါသကို ထိန်းချုပ်ပြီး ဆက်မေးလိုက်သည်။
"အတိအကျ ဆိုရင် ဘယ်အဆင့်လဲ.."
"မဟာဆရာကြီး အထွတ်အထိပ်.."
" တာအိုလမ်းစဥ် နှစ်ခုလုံးမှာ.."
ဂူချန်သည် အမှန်အတိုင်း ပြောလိုက်သည်။ ပါရမီ မြင့်မားလေလေ တန်ဖိုး တက်လေလေပင်။ သူတို့တွင် တစ်စုံတစ်ရာ သံသယရှိလျှင်ပင် သို့မဟုတ် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း သိသွားလျှင်ပင် သူ၏ ပါရမီကြောင့် အလေးအနက် စဉ်းစားကြပေလိမ့်မည်။
ဂူချန်၏ အဖြေကို ကြားလိုက်ရသည့်အခါ လျောင်ချင်းဖုန်းနှင့် လင်းယဲ့တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ဦးလုံး၏ မျက်လုံးများတွင် ထိတ်လန့်မှုများကို မြင်တွေ့နေရသည်။ သူတို့သည် ဂူချန်၏ စကားကို မယုံကြည်ဘဲ မနေနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အရာမျိုးကို ကြည့်လိုက်ရုံဖြင့် သိနိုင်သဖြင့် လိမ်ညာနေရန် မလိုအပ်သောကြောင့် ဖြစ်သည်။
'ဟူး။ ဒါကြောင့်လည်း သူက အဲ့ဒီပစ္စည်းတွေကို အထင်သေးနေတာကိုး။ ငါ သူ့ကို အထင်သေးခဲ့မိတာပဲ..'
လျောင်ချင်းဖုန်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
' မျိုးဆက်သစ်တွေက တကယ်ကို မျိုးဆက်ဟောင်းတွေကို ကျော်တက်သွားကြပြီပဲ။ ဒီလို ပါရမီရှင်မျိုးကို ငါ့ရဲ့ တောင်ပိုင်းမဟာမိတ်ထဲကို မဖြစ်မနေ သွတ်သွင်းရမယ်..'
သို့သော် ထိုသို့မပြုလုပ်မီ ဂူချန်သည် သူတို့ဘက်တော်သား ဖြစ်ကြောင်း အရင်ဆုံး အတည်ပြုရမည် ဖြစ်သည်။ လျောင်ချင်းဖုန်းသည် စိတ်ကို ဆုံးဖြတ်လိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။
"ဂူလေး။ မင်းရဲ့ ပါရမီက ငါမြင်ဖူးသမျှ ပါရမီရှင်တွေထဲမှာ အထူးခြားဆုံးနဲ့ အမြင့်မားဆုံးပဲ။ အကယ်၍ မင်းသာ နောင်တစ်ချိန်မှာ မဟာမိတ်အဖွဲ့အတွက် အကျိုးပြုနိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ရှိသမျှ မိစ္ဆာတွေအားလုံးကို ရှင်းလင်းပစ်နိုင်ပြီး မဟာမိတ်အဖွဲ့ရဲ့ အလင်းရောင်ကို အရပ်မျက်နှာအနှံ့ ထွန်းလင်းစေနိုင်မှာ သေချာတယ်။ ဒါပေမဲ့ ငါ သိချင်တာက မင်းနဲ့ နတ်ဘုရားမီးတောက်ဂိုဏ်းနဲ့ ဘယ်လို ပတ်သက်မှုမျိုး ရှိနေတာလဲ.."
Chapter 192
~
အခန်း ၁၉၂ : ကျုပ် ဂူချန် ဆောင်ရွက်သမျှ အရာအားလုံးမှာ မဟာမိတ်အဖွဲ့အတွက်သာ ဖြစ်သည်
~
ယခုတစ်ကြိမ်တွင်မူ လျောင်ချင်းဖုန်း၏ လေသံမှာ အထူးပင် တည်ကြည်လေးနက်နေသည်။
အရှင်သခင်တစ်ဦး၏ အရှိန်အဝါကို အနည်းငယ်မျှပင် အပြင်သို့ ယိုစိမ့်ထွက်ပေါ်စေခြင်း မရှိဘဲ အပြင်ပန်းတွင် သာမန်အဖိုးအိုတစ်ဦးကဲ့သို့သာ မြင်တွေ့နေရသော်လည်း သူ၏အတွင်းမှ ထွက်ပေါ်နေသော ဖိအားမှာမူ အချိန်တိုင်း သိသာထင်ရှားနေသည်။ ဘေးတွင် ရပ်နေသော လင်းယဲ့ပင်လျှင် မသိစိတ်မှ ကိုယ်ကို တင်းထားမိသည်။
အကယ်၍ ဂူချန်သည် နတ်ဘုရားမီးတောက်ဂိုဏ်း၏ အမာခံယုံကြည်သူတစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ခံရပါက လင်းယဲ့သည် ထွက်ပေါက်ကို ချက်ချင်းပိတ်ဆို့ကာ သူ၏ လွတ်လမ်းကို ဖြတ်တောက်ပစ်ပေလိမ့်မည်။ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော ပါရမီကို မဟာမိတ်အဖွဲ့အတွက် အသုံးမချနိုင်ပါက ဖျက်ဆီးပစ်ရန်သာ ရှိတော့သည်။
သို့သော် လင်းယဲ့၏ စိတ်ထဲတွင်မူ ဤသို့သော အခြေအနေမျိုး မဖြစ်လာပါစေရန် အမှန်တကယ်ပင် ဆုတောင်းနေမိသည်။ ဂူချန်၏ စရိုက်ပိုင်းတွင် အားနည်းချက်များ ရှိနေစေဦးတော့ သူ၏ပါရမီမှာမူ မဟာမိတ်အဖွဲ့၏ နှစ်ပေါင်းထောင်ချီ သမိုင်းတစ်လျှောက်တွင် ရှာဖွေရခက်လှသော အရာမျိုး ဖြစ်သည်။ ဤကဲ့သို့သော ပါရမီရှင်တစ်ဦးကို ဆုံးရှုံးလိုက်ရမည်ဆိုပါက အလွန်ပင် နှမြောတသစရာ ကောင်းလှပေလိမ့်မည်။
ထိုပုဂ္ဂိုလ်နှစ်ဦး၏ အကြည့်များမှာ ဝတ်စုံနက်ဝတ် လူငယ်လေးထံတွင်သာ စူးစိုက်နေကြပြီး သူတို့၏ စိတ်ထဲတွင်လည်း မျှော်လင့်ချက်အချို့ ရှိနေကြသည်။
ဤစကားကို ကြားလိုက်ရသည့်အခါ ဂူချန်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင် လုံးဝမတွေ့ရပေ။ သူသည် အလွန်ပင် တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ကျွန်တော်နဲ့ နတ်ဘုရားမီးတောက်ဂိုဏ်းကြားမှာ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုတွေ ရှိနေတာကတော့ အမှန်ပါပဲ။ ကျွန်တော်က လက်ရှိအချိန်မှာ သူတို့ရဲ့ သူတော်စင်လောင်းလျာ တစ်ယောက်တောင် ဖြစ်နေပါပြီ"
"ဒါပေမဲ့ ကျွန်တော်က နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ မှိုင်းတိုက်မှုကို ခံထားရတာ မဟုတ်ပါဘူး။ အခြားသော ရည်ရွယ်ချက်တွေ ရှိလို့ ကျွန်တော့်အစီအစဉ်နဲ့ ကျွန်တော် ဝင်ရောက်ခဲ့တာပါ.."
"ဥက္ကဋ္ဌလျောင်အနေနဲ့ ကျွန်တော့်ရဲ့ မှတ်တမ်းတွေကို စစ်ဆေးထားပြီးသား ဖြစ်မှာပါ။ လွန်ခဲ့တဲ့ နှစ်တွေက ကျွန်တော့်ရဲ့ အမေဖြစ်သူဟာ မိစ္ဆာဂိုဏ်းတစ်ခုရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတာကိုလည်း သိမှာပါ။ ကျွန်တော် နတ်ဘုရားမီးတောက်ဂိုဏ်းထဲကို ဝင်ခဲ့တာက အဲ့ဒီဖြစ်ရပ်ရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ ကျွန်တော့်အမေအတွက် လက်စားချေဖို့ပါပဲ.."
ဤနေရာသို့ မလာမီကတည်းက ဂူချန်သည် တုံ့ပြန်မည့် နည်းလမ်းမျိုးစုံကို အသေအချာ စဉ်းစားထားခဲ့ပြီးသား ဖြစ်သည်။ နတ်ဘုရားမီးတောက်ဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စကို ဖုံးကွယ်ထား၍ ရနိုင်မည်မဟုတ်သည်ကို သူ သိသည်။ သို့သော် ၎င်းအတွက် ဖြေရှင်းချက်မှာ ရှိနေပြီးသားပင်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ မိခင်သေဆုံးမှုမှာ မိစ္ဆာဂိုဏ်းတစ်ခုနှင့် ဆက်စပ်နေသဖြင့် ၎င်းကို သူ အခွင့်ကောင်းယူလိုက်ခြင်း ဖြစ်သည်။
လျောင်ချင်းဖုန်းနှင့် လင်းယဲ့တို့သည် ပထမဆုံး စကားစုကို ကြားလိုက်ရချိန်တွင် သွေးများ ဆူပွက်သွားကာ ထိုလူငယ်ကို အလျင်အမြန် ဖမ်းဆီးရန် ပြင်ဆင်လိုက်ကြသော်လည်း ဒုတိယစကားစု ထွက်ပေါ်လာချိန်တွင်မူ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်လိုက်ကြသည်။
လျောင်ချင်းဖုန်း၏ မျက်လုံးများက လှုပ်ရှားသွားပြီး သက်ပြင်းတစ်ချက်ချလျက် ပြောလိုက်သည်။
"မင်းရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲရှိရှိ နတ်ဘုရားမီးတောက်ဂိုဏ်းနဲ့တော့ မပတ်သက်ခဲ့သင့်ဘူး.."
ဆိုလိုသည်မှာ ဤအကြောင်းပြချက် တစ်ခုတည်းဖြင့် ဂူချန်အား သံသယမှ ကင်းစင်စေရန် မလုံလောက်သေးကြောင်းပင် ဖြစ်သည်။ နတ်ဘုရားမီးတောက်ဂိုဏ်းဆိုသည်မှာ တစ်ချိန်က မဟာမိတ်အဖွဲ့ကို ပြိုလဲလုနီးပါး ဖြစ်စေခဲ့သော အဖွဲ့အစည်းဖြစ်ပြီး မဟာမိတ်အဖွဲ့၏ အဓိကရန်သူလည်း ဖြစ်သည်။ သိုင်းမျိုးရိုးမိသားစုတိုင်းနှင့် မဟာမိတ်အဖွဲ့ဝင်တိုင်းက ထိုဂိုဏ်းကို အလွန်ပင် မုန်းတီးကြသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းနှင့် အနည်းငယ်မျှ ပတ်သက်ရုံနှင့်ပင် ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရမည် ဖြစ်သည်။ သူတော်စင်လောင်းလျာ ဖြစ်လာသည့် ကိစ္စဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။
လျောင်ချင်းဖုန်းသည် အချက်အလက်များစွာကို စဉ်းစားနေမိသည်။ မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မိမိဘာသာ ထုတ်ဖော်ပြောကြားလိုက်ခြင်းက သူသည် နတ်ဘုရားမီးတောက်ဂိုဏ်း၏ အမာခံယုံကြည်သူ မဟုတ်ဟု လုံးဝအာမခံချက် မပေးနိုင်ပေ။ နတ်ဘုရားမီးတောက်ဂိုဏ်းဝင်များသည် အလွန်ကောက်ကျစ်လှသလို ရုပ်ဖျက်အတတ်များတွင်လည်း ကျွမ်းကျင်ကြသူများ ဖြစ်သည်။ သူ၏ စကားသက်သက်ဖြင့် သူ၏ စိတ်ရင်းမှန်ကို ဆုံးဖြတ်၍ မရနိုင်ပေ။
"ဥက္ကဋ္ဌလျောင်.."
ထိုအချိန်တွင် ဂူချန်၏ မျက်နှာထားမှာ တည်ကြည်သွားပြီး လေသံမှာလည်း အလွန်ပင် ရိုးသားပုံ ပေါက်နေသည်။
"ဒီလိုလုပ်တာက ကျွန်တော့်အတွက်တင် မဟုတ်ပါဘူး။ မဟာမိတ်အဖွဲ့အတွက်လည်း ပါပါတယ်.."
"မင်း ဘာကို ဆိုလိုတာလဲ.."
လျောင်ချင်းဖုန်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ ထိုအချိန်တွင် သူ၏အတွင်း၌ ကောင်းကင်နှင့်မြေပြင်စွမ်းအားများကို လှုပ်ရှားစေကာ မဟာကာကွယ်ရေး အစီအရင်ကို စတင်ရန် ပြင်ဆင်လိုက်သည်။
အကယ်၍ ဂူချန်သာ တစ်စုံတစ်ရာ မှားယွင်းသော အရိပ်အယောင်ပြပါက သူသည် ထိုအစီအရင်ကို အသုံးပြု၍ ဂူချန်အား ဖမ်းဆီးချုပ်နှောင်ပေလိမ့်မည်။ အဆင့်ခုနစ် သိုင်းဘုရင်တစ်ဦး မဆိုထားနှင့် အဆင့်ရှစ် အရှင်သခင်တစ်ဦး ရောက်လာလျှင်ပင် ဤနေရာမှ လွယ်လွယ်ကူကူ ထွက်သွားနိုင်မည် မဟုတ်ပေ။
"ဥက္ကဋ္ဌလျောင်အနေနဲ့ နတ်ဘုရားမီးတောက်ဂိုဏ်းကို နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့တာဆိုတော့ အဲ့ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ဟာ မရေမတွက်နိုင်တဲ့ ဂိုဏ်းဝင်တွေ မဟုတ်ဘဲ ခေတ်အဆက်ဆက်က သူတော်စင်တွေနဲ့ အစောင့်အရှောက်ကြီး ငါးဦးဖြစ်တယ်ဆိုတာ သိမှာပါ.."
ဂူချန်က ခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
"နတ်ဘုရားမီးတောက်ဂိုဏ်းကို လုံးဝအမြစ်ပြတ်အောင် ချေမှုန်းဖို့ဆိုရင် အဲ့ဒီအစောင့်အရှောက်ကြီး ငါးဦးကို အရင်ဆုံး ရှင်းလင်းရလိမ့်မယ် .."
"ဒါပေမဲ့ သာမန်ဂိုဏ်းဝင်တွေအနေနဲ့ အစောင့်အရှောက်တစ်ဦးနဲ့ တွေ့ဆုံဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူတော်စင် ဒါမှမဟုတ် နတ်ဘုရားတမန်တော် ဖြစ်လာမှသာ သူတို့နဲ့ တွေ့ဆုံနိုင်မယ့် အခွင့်အရေး ရမှာပါ.."
"နတ်ဘုရားတမန်တော် ဖြစ်ဖို့က လုပ်သက်နဲ့ အဆင့်ဆင့် တက်ရတာ ဖြစ်တဲ့အတွက် အစောင့်အရှောက်ကြီး ငါးဦးရဲ့ တည်နေရာကို သိနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ လက်ရှိခေတ်ရဲ့ နတ်ဘုရားမီးတောက်ဂိုဏ်း သူတော်စင် ဖြစ်လာဖို့ပါပဲ.."
လျောင်ချင်းဖုန်း၏ လက်လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူ၏ မျက်နှာတွင် အံ့အားသင့်သော အမူအရာ ပေါ်ထွက်လာသည်။
"မင်းက နတ်ဘုရားမီးတောက်ဂိုဏ်းရဲ့ အစောင့်အရှောက်ကြီး ငါးဦးရဲ့ တည်နေရာကို သိရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ငါးစာအဖြစ် အသုံးချချင်တာလား.."
နတ်ဘုရားမီးတောက်ဂိုဏ်း၏ အစောင့်အရှောက်ကြီး ငါးဦးဆိုသည်မှာ သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြဘဲ နှစ်ပေါင်း ထောင်ချီ အသက်ရှင်နေကြသော ရှေးဟောင်းမိစ္ဆာအိုကြီးများ ဖြစ်ကြသည်။ ဂူချန်အနေဖြင့် အဆင့်ခုနစ် ခွန်အားမျှဖြင့် ထိုငါးဦးကို တစ်ဦးတည်း ရင်ဆိုင်ရဲသည်မှာ သာမန်လူတစ်ယောက်တွင် ရှိနိုင်သော သတ္တိမျိုး မဟုတ်ပေ။
"ဟုတ်တယ်.."
ဂူချန်က တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏အဖွဲ့ဝင်ကိုလည်း ဆိုင်းမနေဘဲ သစ္စာဖောက်လိုက်သည်။
"ကျွန်တော်က ချီ လို့ ခေါ်တဲ့ နတ်ဘုရားတမန်တော် တစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ဟန် ဆောင်ပြီး သူတော်စင်လောင်းလျာအဖြစ် ထောက်ခံခိုင်းထားတာပါ။ ကျွန်တော့်ရဲ့ ခွန်အားနဲ့ဆိုရင် သူတော်စင်ဖြစ်ဖို့က သေချာသလောက် ရှိပါတယ်။ အဲ့ဒီအချိန်ကျရင် အစောင့်အရှောက်ကြီး ငါးဦးလုံးကို တစ်ပြိုင်နက်တည်း ဖမ်းဆီးသတ်ဖြတ်ပြီး နတ်ဘုရားမီးတောက်ဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းနိုင်မှာပါ"
ဤနေရာသို့ ရောက်လာချိန်တွင် ဂူချန်၏ မျက်နှာတွင် နောင်တရသော အရိပ်အယောင်အချို့ ပေါ်ထွက်လာသည်။
"ဒီကာလအတွင်းမှာ သူ့ရဲ့ ယုံကြည်မှုကို ရရှိဖို့အတွက် လူသားဆန်မှု ကင်းမဲ့ပြီး ကျွန်တော့်ရဲ့ စိတ်ရင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကိစ္စအချို့ကို အတင်းအကျပ် ဆောင်ရွက်ခဲ့ရပါတယ်"
"ဒါပေမဲ့ အခုပေးဆပ်မှုတွေ အားလုံးက နောင်တစ်ချိန်မှာ ရရှိလာမယ့် ပိုမိုကြီးမားတဲ့ အောင်မြင်မှုအတွက် ဖြစ်ပါတယ်"
"အဲ့ဒီ နတ်ဘုရားတမန်တော်က လက်ရှိမှာ ဝူချန်း စံအိမ်ထဲမှာ ပုန်းအောင်းနေပါတယ်။ အကယ်၍ ဥက္ကဋ္ဌလျောင်နဲ့ အကြီးအကဲလင်းတို့က ကျွန်တော့်စကားကို မယုံကြည်ဘူးဆိုရင် သွားရောက် စစ်ဆေးကြည့်နိုင်ပါတယ်"
ဂူချန်သည် အလွန်ပင် တရားမျှတသော ပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ပြုမူနေပြီး နတ်ဘုရားမီးတောက်ဂိုဏ်းနှင့် လုံးဝ ပြတ်စဲထားသူတစ်ဦးအသွင် ဆောင်နေသဖြင့် လင်းယဲ့ပင်လျှင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
'ဒီကောင်က ငါသိတဲ့ ဂူချန် အစစ်အမှန်မှ ဟုတ်ပါလေစ..'
သို့သော် ဤမျှအထိ ကြားလိုက်ရသည့်အခါ လျောင်ချင်းဖုန်းနှင့် လင်းယဲ့တို့မှာ အတော်အတန် ယုံကြည်သွားကြပြီ ဖြစ်သည်။ နတ်ဘုရားမီးတောက်ဂိုဏ်းကို နှိမ်နင်းရန် ခက်ခဲနေခြင်းမှာ အစောင့်အရှောက်ကြီး ငါးဦး၏ တည်နေရာကို လုံးဝ အတည်မပြုနိုင်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူတို့၏ တည်နေရာကို သိရှိရမည်ဆိုပါက မည်မျှပင် အင်အားကြီးမားစေဦးတော့ မဟာမိတ်အဖွဲ့၏ နှစ်ပေါင်းထောင်ချီ စုဆောင်းထားသော အင်အားကို ယှဉ်နိုင်မည်မဟုတ်ပေ။
ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် လျောင်ချင်းဖုန်းက မတ်တတ်ရပ်လိုက်ပြီး သူ၏မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။
"ဂူလေး။ တကယ်လို့ မင်းပြောသလိုသာ တကယ်ဖြစ်လာမယ်ဆိုရင် နတ်ဘုရားမီးတောက်ဂိုဏ်းကို နှိမ်နင်းပြီးတဲ့အခါမှာ မင်းရဲ့ အသက်အရွယ်ကို ထည့်မတွက်ဘဲ မဟာမိတ်အဖွဲ့ရဲ့ ကောင်စီဝင်တစ်ဦးဖြစ်ဖို့ ငါကိုယ်တိုင် ထောက်ခံပေးပါ့မယ်"
"မဟာမိတ်အဖွဲ့ကလည်း မင်းကို အစွမ်းကုန် ပျိုးထောင်ပေးမှာဖြစ်သလို မင်း အရှင်သခင်နယ်ပယ်ကို ရောက်တဲ့အခါမှာလည်း နောက်မျိုးဆက်ရဲ့ ဥက္ကဋ္ဌအဖြစ် ထောက်ခံပေးမှာပါ။ ဒါပေမဲ့ အခု မင်းနဲ့ ပူးပေါင်းနေတဲ့ နတ်ဘုရားတမန်တော်ကို ငါတို့ သွားတွေ့မယ်ဆိုရင် မင်းရဲ့ လျှို့ဝှက်ချက်က ပေါက်ကြားသွားနိုင်မလား"
"မဖြစ်နိုင်ပါဘူး"
ဂူချန်သည်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော် သူ့ရဲ့ ယုံကြည်မှုကို အပြည့်အဝ ရရှိထားပါတယ်။ သူတော်စင် ရွေးချယ်မယ့် နေရာနဲ့ သတ်မှတ်ချက်တွေကိုလည်း ကျွန်တော် အကုန်သိထားပါတယ်။ သူ ရှိနေတာ ဒါမှမဟုတ် မရှိတော့တာက သိပ်ပြီး အရေးမကြီးပါဘူး"
လျောင်ချင်းဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး အစီအရင်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
"ဒါဆိုရင် ငါတို့ သွားပြီး ကြည့်ကြတာပေါ့"