အခန်း (၁၉၅-၁၉၆)
Vol. 19 Ch. 195-196
Chapter 195
~
အခန်း ၁၉၅ : လေးပွင့်ဆိုင် အစည်းအဝေး
~
ပထမတစ်ခုမှာ ကိုးဆင့်သန့်စင်ခြင်း စကြဝဠာပန်းပဲဖို ဖြစ်သည်။
၎င်းသည် ကိုးပါးသော ကောင်းကင်မီးလျှံများ ဝန်းရံထားသည့် ဧရာမ မီးဖိုကြီးတစ်ခုကို သရုပ်ဖော်ထားသော မြေပုံ ဖြစ်သည်။ မီးဖိုအတွင်း၌ ကြယ်တာရာများကို သွန်းလောင်းထားပြီး အပြင်ဘက်တွင် နေနှင့်လတို့ လှည့်ပတ်နေကြသည်။ မီးဖို၏ အောက်ခြေတွင်မူ ခပ်သိမ်းသော အရာတို့သည် ဟင်းလင်းပြင်သို့ ပြန်လည်ရောက်ရှိ၍ မူလအစသို့ ဦးတည်သည် ဟူသော စာသားကို ထွင်းထုထားသည်။
၎င်းကို နားလည်သဘောပေါက်ပါက ကိုးပါးသော ကောင်းကင် သွန်းလောင်းခြင်း အတတ် ကို တတ်မြောက်နိုင်မည် ဖြစ်ပြီး မည်သည့် ဒြပ်ဝတ္ထုကိုမဆို မူလအစ စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။ ရန်သူ၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များကိုပင် မိမိ၏ ကျင့်စဉ်ခွန်အားများအဖြစ် ပြန်လည်သွန်းလောင်းယူနိုင်သည်။
သန့်စင်ခြင်းလမ်းစဉ်၏ နတ်ဘုရားစွမ်းအားဖြင့် ဖွဲ့စည်းထားသော ဓမ္မခန္ဓာမှာ ထိုမီးဖိုတော်ကြီး ဖြစ်သည်။ မီးဖိုတော်အတွင်းရှိ ကိုးပါးသော ကောင်းကင်မီးလျှံများက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ကျစ်လျစ်ခိုင်မာစေသဖြင့် မဖောက်ထွင်းနိုင်သော ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိစေနိုင်သည်။
အဆင့်တက်လှမ်းသည့်အခါ ကိုးပါးသော နှလုံးသားလောင်ကျွမ်းခြင်း ဘေးဒဏ် ကို ရင်ဆိုင်ရမည် ဖြစ်သည်။ အဆင့်တစ်ခုချင်းစီတွင် ကျင့်ကြံသူ၏ စွဲလမ်းမှုများကို လောင်ကျွမ်းစေပြီး နောက်ဆုံးတွင် မည်သည့် လိုအင်ဆန္ဒမျှ မရှိတော့သော သန့်စင်ခြင်း လမ်းစဉ်၏ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိမည် ဖြစ်သည်။
နောက်တစ်ခုမှာ သုံးထောင်သော ပုံရိပ်ယောင်ကမ္ဘာ ဖြစ်သည်။
၎င်းမှာ ဖြန့်လိုက်ပါက အဆုံးအစမရှိ ကျယ်ပြန့်လှသော ပုရပိုက်တစ်ခု ဖြစ်ပြီး ကမ္ဘာပေါင်း သုံးထောင်၏ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် သံသရာလည်ခြင်းတို့ကို သရုပ်ဖော်ထားသည်။ ကမ္ဘာတစ်ခုချင်းစီတွင် မတူညီသော ဘဝများကို ဖြတ်သန်းနေကြသည့် ကျင့်ကြံသူ၏ ပုံရိပ်ယောင်များ ရှိနေသည်။
၎င်း၏ ဓမ္မခန္ဓာမှာ ကမ္ဘာပေါင်း သုံးထောင်ပင် ဖြစ်သည်။ ပြိုင်ဘက်ကို မိမိဖန်တီးထားသော ကမ္ဘာတစ်ခုအတွင်းသို့ အတင်းအကျပ် ဆွဲခေါ်ကာ တိုက်ခိုက်နိုင်သည်။ အဆင့်တက်လှမ်းသည့်အခါ သုံးထောင်သော စိတ်မိစ္ဆာ ဘေးဒဏ် ကို ရင်ဆိုင်ရမည် ဖြစ်သည်။ ဘဝသံသရာ အဆက်ဆက်၌ ကျင့်ကြံသူ၏ လမ်းစဉ်စိတ်ဓာတ်ကို စမ်းသပ်မည်ဖြစ်ရာ မိမိ၏ စစ်မှန်သော စိတ်ဓာတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်သူမှသာ ကျော်လွှားနိုင်မည် ဖြစ်သည်။
ကိုးပါးသော နှလုံးသားလောင်ကျွမ်းခြင်း ဘေးဒဏ် နှင့် သုံးထောင်သော စိတ်မိစ္ဆာ ဘေးဒဏ် တို့မှာ အရှင်သခင်နယ်ပယ်သို့ တက်လှမ်းရာတွင် ရင်ဆိုင်ရမည့် အလွန်ပြင်းထန်သော ကောင်းကင်ဘေးဒဏ်များ ဖြစ်သည်။ ၎င်းတို့အနက် တစ်ခုတည်းနှင့်ပင် လူတစ်ယောက်၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ပျက်စီးစေရန် လုံလောက်လှသည်။
သို့သော် ဂူချန်သည် လမ်းစဉ်နှစ်ခုလုံးဖြင့် အရှင်သခင်နယ်ပယ်သို့ တက်လှမ်းလိုသဖြင့် ဘေးဒဏ်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ကျော်လွှားရမည် ဖြစ်သည်။
"ဒါပေမဲ့ ငါ့အတွက်တော့ ဒီလိုဘေးဒဏ်မျိုးက စိတ်ကူးလိုက်ရုံနဲ့တင် ပြီးသွားမယ့် ကိစ္စပါ.."
ဂူချန်သည် မဟာတာအို နတ်ဘုရား မြေပုံ နှစ်ခုကို သိမ်းဆည်းလိုက်သည်။ သူ၏ စိတ်မှာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ပင် တည်ငြိမ်နေသည်။
သူ့တွင် စေတနာရမှတ် လုံလောက်စွာ ရှိနေသရွေ့ သာမန်လူများအတွက် မကျော်လွှားနိုင်သော အခက်အခဲကြီးမှာ သူ့အတွက်မူ စားသောက်ရသကဲ့သို့ပင် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်သည်။
ဂူချန်သည် ဟင်းလင်းပြင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကာ နတ်ဆေးဝါးများ ထားရှိရာ အလင်းမျက်နှာပြင်သို့ ရောက်ရှိသွားသည်။ လမ်းစဉ်နှစ်ခုအတွက် မြေပုံတော်များကို ယူခဲ့ခြင်းကြောင့် ငါးဆင့်မြောက် ကုဗတုံး နှစ်ခု ကုန်ဆုံးသွားပြီ ဖြစ်ရာ ယခု သူ့တွင် တစ်ခုသာ ကျန်တော့သည်။
သို့သော် သူ၏ စိတ်ထဲတွင် ရည်မှန်းထားသော အရာတစ်ခု ရှိနေပြီးသားပင်။
" အမြစ်မဲ့ရေ.."
၎င်းမှာ မဟာတာအိုလမ်းစဉ်၏ မူလအစကို မြှင့်တင်ပေးနိုင်ပြီး မဟာတာအို ဓမ္မခန္ဓာ ဖွဲ့စည်းမှု အောင်မြင်နိုင်ခြေကို အနည်းငယ် တိုးတက်စေသည့် အလွန်တန်ဖိုးကြီးသော ဒဏ္ဍာရီလာ နတ်ဆေးဝါးတစ်ခု ဖြစ်သည်။ ဒဏ္ဍာရီများအရ မြေမဲ့ရေသည် လူ့လောကမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ ကောင်းကင်နှင့် မြေပြင်အကြားရှိ ချီစွမ်းအားများ စုစည်းမှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အလွန်ရှားပါးသော နတ်ဘုရားနယ်မြေများ သို့မဟုတ် လျှို့ဝှက်နယ်မြေများတွင်သာ တွေ့ရှိနိုင်သည်။
လက်ရှိ ဂူချန်အတွက်မူ ဤနတ်ဆေးဝါးမှာသာ အသုံးဝင်ပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် မဟာမိတ်အဖွဲ့မှာ အမှန်တကယ်ပင် ချမ်းသာလှသည်။ ထိုနေရာတွင် မြေမဲ့ရေ စုစုပေါင်း သုံးစက် ရှိနေသည်။ ဂူချန်သည် တစ်စက်ကို ယူလိုက်ပြီး ဂရုတစိုက် သိမ်းဆည်းကာ ဘဏ္ဍာတိုက်အတွင်းမှ ချက်ချင်း ပြန်ထွက်လာခဲ့သည်။
အတွင်းရှိ ရတနာများစွာကို သူ လိုချင်တပ်မက်နေမိသော်လည်း သူ၏ ခွန်အားကို သူ ကောင်းစွာ သိသည်။ မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌများပင်လျှင် အတွင်းရှိ အစီအရင် ကို ကြောက်ရွံ့ကြပြီး စည်းကမ်းချက်များအတိုင်းသာ ဆောင်ရွက်ရသည်ဖြစ်ရာ လက်ရှိ သူ၏အဆင့်နှင့်မူ စည်းကမ်းဖောက်ရန် မသင့်ပေ။
နောင်တစ်ကြိမ်အတွက်သာ တေးထားလိုက်တော့သည် ။
ဂူချန်သည် စိတ်ကူးလိုက်သည်နှင့် ဘဏ္ဍာတိုက်၏ အပြင်ဘက် မီတာတစ်ထောင်ခန့် အကွာအဝေးသို့ ပြန်လည်ရောက်ရှိသွားသည်။
'အခုတော့ ငါ စေတနာရမှတ်ပဲ လိုတော့တယ်..'
ဗဟိုကောင်စီ အဆောက်အအုံမှ ထွက်လာပြီးနောက် ဂူချန်သည် ခေတ္တမျှ စဉ်းစားကာ လင်းယဲ့၏ နေအိမ်သို့ တိုက်ရိုက် ဦးတည်လိုက်သည်။ အဆင့်ခုနစ် ဘုရင်နယ်ပယ်တွင် တစ်ပတ်တိတိ ကြာမြင့်နေခြင်းက သူ့ကို အနည်းငယ် စိတ်မရှည် ဖြစ်စေသည်။ ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ ဖခင် ပြန်မလာမီ ရက်အနည်းငယ် လိုသေးသဖြင့် ထိုအချိန်အတွင်း အပိုဝင်ငွေ ရှာဖွေရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် စီးဆင်းနေသော ရေပြင်များနှင့် တူသည့် ထူးဆန်းသော ဟင်းလင်းပြင်တစ်ခုအတွင်း၌ မဟာမိတ်အဖွဲ့၏ အနာဂတ်နှင့် ပတ်သက်သော ဆွေးနွေးမှုတစ်ခု ပြုလုပ်နေကြသည်။
"မှတ်တမ်းတွေအရ ဂူချန်ဟာ ငယ်စဉ်ကတည်းက မကောင်းမှုတွေ ပြုလုပ်လာခဲ့တာ။ သူ့လက်ထဲမှာ လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ရသလို မိသားစုများစွာလည်း ပျက်စီးခဲ့ရတယ်။ ဒီလိုလူမျိုးကို တကယ်ပဲ ယုံကြည်လို့ ရပါ့မလား"
အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့် ရှိသော ကလေးငယ်တစ်ဦးက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ ထိုကလေးငယ်၏ မျက်နှာမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပပြီး မျက်လုံးများမှာလည်း ဆောင်းဦးရေပြင်ကဲ့သို့ ကြည်လင်နေသည်။ သူ၏အမည်မှာ ကျန့်ရှင်ရှုး ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ လက်ရှိဥက္ကဋ္ဌ ဖြစ်သည်။ သူ၏ကျင့်စဉ်မှာ ရိုးရှင်းခြင်းနယ်ပယ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
လျောင်ချင်းဖုန်းက တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"သူ့ကို ယုံကြည်လို့ ရ၊ မရ ဆိုတာထက် သူပြောတဲ့ စကားတွေက မှန်ကန်နေတာရယ်၊ သူ့ရဲ့ ဝိညာဉ်ဟာ မိစ္ဆာနတ်ဘုရားတွေရဲ့ မှိုင်းတိုက်ခြင်း မခံရတာရယ်ကတော့ အမှန်တရားပဲလော။ ကျုပ်အမြင်အရ စမ်းကြည့်ဖို့ ထိုက်တန်ပါတယ်.."
သာမန်မျက်နှာထား ရှိသော်လည်း ကိုယ်လုံးကိုယ်ပေါက် အလွန်လှပသော အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးက ကြားဖြတ် ပြောလိုက်သည်။
"နတ်ဘုရားမီးတောက်ဂိုဏ်းဟာ မဟာမိတ်အဖွဲ့အတွက် အကြီးမားဆုံး ရန်သူပါပဲ။ အဲ့ဒီဂိုဏ်းကို အမြစ်ပြတ် မချေမှုန်းနိုင်သရွေ့ ကျွန်မတို့အနေနဲ့ ထူးဆန်းတဲ့ သားရဲတွေကို နှိမ်နင်းတဲ့နေရာမှာ အပြည့်အဝ အာရုံမစိုက်နိုင်ပါဘူး။ ဒီနေ့လို အခွင့်အရေးကောင်းကို လွယ်လွယ်နဲ့ လက်မလွှတ်သင့်ဘူးလို့ ထင်ပါတယ်"
"ဥက္ကဋ္ဌကျန့် ပြောသလို သာမန်လူ သောင်းဂဏန်းလောက် သေဆုံးရတာက ဘာများ အရေးကြီးလို့လဲ။ သူတို့အနေနဲ့ မဟာမိတ်အဖွဲ့အတွက် အသက်ပေးလိုက်ရတာကို သူတို့ရဲ့ ဂုဏ်ယူစရာလို့တောင် သတ်မှတ်လို့ ရပါတယ်"
"မှန်တယ်"
လျောင်ချင်းဖုန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။
"ဒါ့အပြင် ဒီကောင်လေးရဲ့ ပါရမီက ကျုပ် တစ်သက်လုံး မြင်ဖူးသမျှထဲမှာ အမြင့်မားဆုံးပဲ။ သူဟာ နောင်တစ်ချိန်မှာ ဧကရာဇ်မင်းတစ်ပါး ဖြစ်လာနိုင်မယ့် အလားအလာ ရှိတယ်"
"ဧကရာဇ် ဖြစ်လာနိုင်မယ့် အလားအလာက ဘာအသုံးကျမှာလဲ"
ကျန့်ရှင်ရှုးက သရော်လိုက်ပြီး သူ၏ ပန်းရောင် လက်ကလေးများဖြင့် ခေါင်းကို ထောက်ကာ အေးစက်စွာ ပြောလိုက်သည်။
"ကောင်းကင်ပိတ်လှောင်မျှော်စင်ရဲ့ အောက်မှာ ဘယ်သူက ဧကရာဇ် ဖြစ်နိုင်မှာလဲ"
ထိုစကားကို ကြားလိုက်ရသည့်အခါ ဟင်းလင်းပြင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားရသည်။ ၎င်းမှာ အမှန်တရားပင် ဖြစ်သည်။ သူတို့ကဲ့သို့ အဆင့်သို့ ရောက်ရှိနေသူတိုင်းမှာ ဧကရာဇ် ဖြစ်လိုကြသော်လည်း သူတို့ မဖြစ်နိုင်ကြပေ။ ပို၍ မှန်ကန်စွာ ပြောရလျှင် သူတို့ မဝံ့ရဲကြခြင်း ဖြစ်သည်။
ကောင်းကင်ပိတ်လှောင်မျှော်စင်၏ အင်အားမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။ ထိုမျှော်စင်၏ တားမြစ်ချက်ကို ချိုးဖျက်ရန်အတွက် စကြဝဠာ စွမ်းအင်များကို ပိုင်ဆိုင်ထားသော စူပါအစီအရင်ကြီး ကို ရင်ဆိုင်ရမည် ဖြစ်သည့်အပြင် သက်ရှိအားလုံး၏ ကံကြမ္မာကိုလည်း လုယူရမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်လိုက်ပါက ကျင့်ကြံခြင်း ပါရမီမရှိသော သာမန်လူများမှာ ကျင့်ကြံခြင်း လမ်းစဉ်နှင့် ထာဝရ ကင်းကွာသွားပေလိမ့်မည်။ ထိုအချက်တစ်ခုတည်းနှင့်ပင် ကမ္ဘာတစ်ခုလုံးက သူတို့ကို ရန်သူအဖြစ် သတ်မှတ်ကြပေလိမ့်မည်။
ရှေးဦးဧကရာဇ်က ပြုပြင်ခြင်း မပြုမီက ဤမျှော်စင်ကို ကောင်းကင်စောင့်ကြည့်မျှော်စင် ဟု ခေါ်ဆိုခဲ့ကြပြီး ကမ္ဘာကြီး၏ ကံကြမ္မာကို ထိန်းချုပ်ထားကာ အရာရာကို ကံကြမ္မာ၏ စီမံမှုအတိုင်းသာ ဖြစ်ပေါ်စေခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက ဖြစ်ပွားခဲ့သော ထူးဆန်းသည့် သားရဲများ ကျူးကျော်မှုမှာလည်း ကံကြမ္မာ၏ စီမံမှုတစ်ခုသာ ဖြစ်သည်။ ၎င်းမှာ လူသားများကို မျိုးတုံးစေပြီး ပိုမိုမြင့်မားသော သက်ရှိများဖြစ်သည့် ကြယ်တာရာ သားရဲများဖြင့် အစားထိုးရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက လူသားများ မျိုးတုံးမည့် ဘေးမှ လွတ်မြောက်ရန်အတွက် ရှေးဦးဧကရာဇ်သည် အခြားသော ထိပ်တန်း ဧကရာဇ်များနှင့် ပူးပေါင်းကာ ကောင်းကင်စောင့်ကြည့်မျှော်စင်ကို ကောင်းကင်ပိတ်လှောင်မျှော်စင် အဖြစ် ပြောင်းလဲ သွန်းလောင်းခဲ့သည်။ ၎င်းသည် ကောင်းကင်နှင့် မြေပြင်၏ အလိုဆန္ဒကို ပိတ်ဆို့ထားပြီး လူသားတိုင်းကို ကျင့်ကြံနိုင်မည့် မျှော်လင့်ချက်နှင့် ကံကြမ္မာကို ပြန်လည်ပေးအပ်ခဲ့သည်။
သို့သော် ပေးဆပ်လိုက်ရသော တန်ဖိုးမှာ မည်သူမျှ ဧကရာဇ် မဖြစ်နိုင်တော့ခြင်းပင် ဖြစ်သည်။ အရှင်သခင်နယ်ပယ်ထက် မြင့်မားသော ကျွမ်းကျင်သူတစ်ဦးသည် ကောင်းကင်ပိတ်လှောင်မျှော်စင်၏ လွှမ်းမိုးမှုအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူ၏ကျင့်စဉ်မှာ ချက်ချင်း ကျဆင်းသွားမည် ဖြစ်ပြီး အသက်အန္တရာယ်ပင် ရှိနိုင်သည်။
သို့သော် ဤသို့ ပြုလုပ်ခြင်းက ကြယ်တာရာ သားရဲများ၏ ကျူးကျော်မှုကို ဟန့်တားပေးနိုင်ခဲ့ပြီး ဧကရာဇ်နယ်ပယ်အောက်ရှိ သားရဲများသာ မဟာမိတ်အဖွဲ့အတွင်းသို့ ကျူးကျော်နိုင်တော့သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဧကရာဇ် ဖြစ်လာလျှင်ပင် မဟာမိတ်အဖွဲ့၏ အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ဧကရာဇ်အဆင့်ရှိ ထူးဆန်းသည့် သားရဲ ရာပေါင်းများစွာကို ရင်ဆိုင်နိုင်ပါမည်လော။ အကယ်၍ ကောင်းကင်ပိတ်လှောင်မျှော်စင်၏ တားမြစ်ချက် ပျောက်ကွယ်သွားပါက မဟာမိတ်အဖွဲ့မှာ ခဏချင်းပင် ပျောက်ကွယ်သွားပေလိမ့်မည်။
မဟာမိတ်အဖွဲ့ရှိ အရှင်သခင်အားလုံး ဧကရာဇ် ဖြစ်လာလျှင်ပင် ထိုသားရဲများ၏ ဆယ်ပုံတစ်ပုံမျှပင် ရှိလိမ့်မည် မဟုတ်ပေ။ ထိုအခြေအနေကို မည်သူမျှ မတွေ့လိုကြ။
အခြေအနေမှာ အနည်းငယ် တင်းမာလာသဖြင့် လျောင်ချင်းဖုန်းက ချောင်းဟန့်ကာ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ဒီစစ်ဆင်ရေးက မဟာမိတ်အဖွဲ့အတွက် အလွန်အရေးကြီးပါတယ်။ ဥက္ကဋ္ဌဝူအနေနဲ့ မိစ္ဆာမီးတောက်ဂိုဏ်းကို တိုက်ခိုက်မယ့် အစီအစဉ်ရဲ့ အောင်မြင်နိုင်ခြေကို တွက်ချက်ပေးနိုင်မလား"
ကျန့်ရှင်ရှုးကလည်း ယခင်ဆွေးနွေးမှုကို ရပ်တန့်လိုက်ပြီး သူ၏ဘယ်ဘက်တွင် ထိုင်နေသော ခန့်ညားသည့် အလယ်အလတ်အရွယ် အမျိုးသားကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် မိတ်ဆွေဝူယုံကိုပဲ အကူအညီ တောင်းရတော့မယ်"
ဝူယုံက ဘာမှမပြောဘဲ သူ၏ဘယ်ဘက်လက်ကို မြှောက်ကာ ရှေးဟောင်း စက်လက်ပတ်နာရီတစ်ခုကို ထုတ်ပြလိုက်ပြီး ၎င်းပေါ်မှ ဖန်သားပြင်ကို ခပ်ဖွဖွ နှိပ်လိုက်သည်။ ထိုအချိန်တွင် သူ၏နောက်၌ ဧရာမ နာရီကြီးတစ်လုံး ပေါ်ထွက်လာသည်။ နာရီလက်တံများမှာ အလွန်လျင်မြန်စွာ လည်ပတ်နေကြပြီး အကြိမ်ပေါင်းများစွာ လည်ပတ်ပြီးနောက် ၁၂ နာရီ တိတိတွင် ရပ်တန့်သွားသည်။
လျောင်ချင်းဖုန်းက အလျင်အမြန် မေးလိုက်သည်။
"ရလဒ်က ဘယ်လိုလဲ"
ဝူယုံက သူ၏ အရှိန်အဝါကို ပြန်လည်သိမ်းဆည်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"နတ်ဘုရားက ပေးသနားတဲ့ အခွင့်အရေးပဲ.."
Chapter 196
~
အခန်း ၁၉၆ : ကျုပ် နည်းနည်း အလောတကြီး ဖြစ်နေလို့
~
တောင်မြို့တော် မှ မိုင်တစ်ထောင်အကွာရှိ နဂါးကျားမြို့တော် ။
ဤမြို့သည် တောင်ပိုင်းမဟာမိတ်အဖွဲ့ လက်အောက်ရှိ ဒုတိယအကြီးဆုံး ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ၎င်း၏ ကျော်ကြားမှုမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့ကျော်ကြားလှသည်။ ဤမြို့ကို နဂါးကျားမြို့တော်ဟု ခေါ်ဆိုရခြင်းမှာ နဂါးကျားတောင်ခြေတွင် တည်ရှိသောကြောင့်ပင် ဖြစ်သည်။
နဂါးကျားတောင်သည် တောင်စဉ်တောင်တန်းများ ထပ်နေပြီး မြူခိုးများ ဝေဆာနေသော နေရာတစ်ခု ဖြစ်သည်။ ထိုတောင်ထိပ်တွင် တောင်ပိုင်းမဟာမိတ်အဖွဲ့ တစ်ခုလုံးတွင် ကျော်ကြားလှသော နတ်ဘုရားဆရာသခင် နန်းဆောင်အမည်ရှိ သိုင်းပညာ အထွတ်အမြတ်နယ်မြေ တည်ရှိသည်။
ပါရမီရှင် သိုင်းပညာရှင်များစွာမှာ ထိုနေရာကို အလွန်ပင် တောင့်တကြပြီး နေ့စဉ်နှင့်အမျှ ဆရာတင်ရန် လာရောက်ကြသူများဖြင့် စည်ကားနေတတ်သည်။ သို့သော် ယခုအချိန်တွင်မူ နဂါးကျားတောင်ခြေကို စောင့်ကြည့်ရေးကောင်စီ ဝတ်စုံဝတ် သိုင်းပညာရှင်များက ဝိုင်းရံထားပြီး လမ်းကြောင်းများကို ပိတ်ဆို့ထားကြသည်။
ထိုပိတ်ဆို့ထားသော နေရာနှင့် မနီးမဝေးတွင် နဂါးကျားမြို့တော် ကြီးကြပ်ရေးကောင်စီ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ အခြေအနေကို စောင့်ကြည့်နေကြသည်။
"အဘိုးကြီးလျူ"
လင်းရန်သည် သွားလာလှုပ်ရှားနေသော သိုင်းပညာရှင်များကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"အထက်လူကြီးတွေက ကျွန်တော်တို့ကို ကူညီဖို့ ကျွမ်းကျင်သူတစ်ယောက် လွှတ်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား။ အခုထိ ဘာလို့ ရောက်မလာသေးတာလဲ။ နောက်ထပ် ရက်အနည်းငယ်ကြာရင် နဂါးကျားတောင်ပေါ်က နတ်ဘုရားဆရာအိုကြီး ကျင့်စဉ်ကနေ ထွက်လာတော့မယ်။ ကျွန်တော့်ရဲ့ သိုင်းဘုရင်အဆင့် ခွန်အားတစ်ခုတည်းနဲ့ သူ့ကို တားနိုင်မှာ မဟုတ်ဘူး"
အဘိုးကြီးလျူကလည်း အကူအညီမဲ့သော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။ မကြာသေးမီက ကျန်းနန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ကိစ္စကြီးကြောင့် သိုင်းဘုရင်များစွာ သေဆုံးခဲ့ရသဖြင့် မဟာမိတ်အဖွဲ့၏ အင်အားမှာ ပြတ်လပ်နေသည်။ ယခုကဲ့သို့ တစ်စုံတစ်ယောက် လွှတ်ပေးသည်ကိုပင် ကျေးဇူးတင်ရမည့် အခြေအနေ ဖြစ်သည်။
"ဟူး..."
လင်းရန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
တီ တီ...
ထိုအချိန်တွင် အဘိုးကြီးလျူ၏ ဂြိုဟ်တုဖုန်းမှာ တုန်ခါသွားပြီး သတင်းစကားတစ်ခု ရောက်ရှိလာသည်။ သူသည် ၎င်းကို အသေအချာ ဖတ်ကြည့်ပြီးနောက် အံ့အားသင့်စွာဖြင့် လင်းရန်ကို လှမ်းအော်ပြောလိုက်သည်။
"ဥက္ကဋ္ဌ... ရောက်လာပြီဗျ။ သူတို့ ရောက်လာပြီ။ အထက်ကပြောတာတော့ ဒီနေ့အတွင်းမှာ ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက် ရောက်လာလိမ့်မယ်တဲ့"
"ဒါဆိုရင်တော့ တော်သေးတာပေါ့"
ထိုသတင်းကို ကြားလိုက်ရသည့်အခါမှ လင်းရန်၏ မျက်နှာတွင် ဝမ်းသာရိပ်အချို့ ပေါ်ထွက်လာသည်။
နဂါးကျားတောင်တွင် လက်ရှိ နတ်ဘုရားဆရာသခင်နှင့် ဆရာအိုကြီး နှစ်ဦးလုံးမှာ အဆင့်ခုနစ် ဘုရင်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူသည် တစ်ဦးကို ရင်ဆိုင်နိုင်သော်လည်း နှစ်ဦးကိုမူ လုံးဝ မယှဉ်နိုင်ပေ။ ယခုအခါ နောက်ထပ် ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ရောက်လာမည်ဆိုပါက နှစ်ယောက်တစ်ယောက် တိုက်ခိုက်နိုင်မည် ဖြစ်သဖြင့် အောင်မြင်နိုင်ခြေမှာ အလွန်ပင် မြင့်မားသွားပြီ ဖြစ်သည်။
ဝုန်း
ရုတ်တရက် ကောင်းကင်ယံမှ နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ လင်းရန်နှင့် အဘိုးကြီးလျူတို့သည် ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ကောင်းကင်မှ သက်ဆင်းလာသည်။
သူတို့၏ မျက်စိရှေ့တွင် ငွေရောင်နှင့် ပန်းရောင် ရောယှက်နေသော အလင်းတန်းတစ်ခု မြေပြင်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာပြီး မီတာတစ်ရာခန့် မြင့်သော သားရဲကြီးတစ်ကောင် ပေါ်ထွက်လာသည်။ ပြင်းထန်သော လေပြင်းများကြောင့် ဖုန်မှုန့်များ ထွက်ပေါ်လာကာ မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားရသည်။
မည်သူမျှ သတိမပြုမိခင်မှာပင် ဝတ်စုံနက်ဝတ် လူငယ်လေးတစ်ဦးသည် သားရဲကြီး၏ ခေါင်းပေါ်မှ ခုန်ဆင်းလာကာ လူအုပ်ရှေ့တွင် ရပ်တန့်လိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
"ဘယ်သူက လင်းရန်လဲ"
ထိုလူငယ်သည် စောင့်ကြည့်ရေးကောင်စီ ဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိသလို မည်သည့် အမှတ်အသားမျှလည်း မရှိပေ။ သို့သော် သူတို့ စောင့်နေသောသူမှာ ဤလူငယ်ပင် ဖြစ်ကြောင်း လင်းရန်တို့ သေချာပေါက် သိလိုက်ရသည်။ ထိုလူငယ်၏ အရှိန်အဝါမှာ ဓားသွားကို ကျောပြင်တွင် တင်ထားရသကဲ့သို့ အလွန်ပင် ထက်ရှလှသည်။
သူ၏ ဘေးရှိ ခန့်ညားထည်ဝါလှသော ဝံပုလွေဘုရင်ကို ကြည့်လိုက်ရုံဖြင့်ပင် သူတို့မှာ ထိတ်လန့်သွားရသည်။
'မဟာမိတ် ဌာနချုပ်က လူတွေက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။ သူတို့ရဲ့ အစီးအနင်း သားရဲကတောင် ဘုရင်နယ်ပယ်အဆင့် ရှိနေတာလား..'
လင်းရန်နှင့် အဘိုးကြီးလျူတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ရင်ထဲမှ ထိတ်လန့်မှုကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ လေသံကို နှိမ့်လျက် ပြောလိုက်သည်။
"ကျွန်တော်က နဂါးကျားမြို့တော် စောင့်ကြည့်ရေးကောင်စီ ဥက္ကဋ္ဌ လင်းရန်ပါ"
"လူကြီးမင်းက ဘယ်သူများပါလဲ..."
လင်းရန်သည် ထိုလူငယ်ကို ကြည့်ကာ အံ့အားသင့်နေမိသည်။ ဤမျှ ငယ်ရွယ်သော သိုင်းဘုရင်တစ်ဦးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤကဲ့သို့သော ပါရမီရှင်အကြောင်းကို ဘာကြောင့် တစ်ခါမှ မကြားဖူးခဲ့ပါသနည်း။
"ဂူချန်"
ထိုလူငယ်သည် သူတို့နှစ်ဦးကို ကျော်ဖြတ်ကာ မြူခိုးများ ဖုံးလွှမ်းနေသော နဂါးကျားတောင်ကို ကြည့်လျက် အေးအေးလူလူပင် မေးလိုက်သည်။
"ဒီမစ်ရှင်ရဲ့ ပစ်မှတ်က ဒီတောင်ပေါ်မှာ မလား"
"မှန်ပါတယ်"
လင်းရန်က အလျင်အမြန်ပင် ရှေ့သို့ တိုးကာ ပြန်ဖြေလိုက်သည်။
"ဒီတစ်ခါ ပစ်မှတ်က နဂါးကျားတောင်ပေါ်က နတ်ဘုရားဆရာသခင် နန်းဆောင်ပါပဲ။ ကျွန်တော်တို့ စောင့်ကြည့်ရေးကောင်စီက တောင်တစ်ခုလုံးကို ပိတ်ဆို့ထားပါတယ်။ အခုထိတော့ အထဲက တပည့်တစ်ယောက်မှ ထွက်မလာသေးဘူး။ ဒါပေမဲ့ သူတို့ သိနေပုံရတယ်၊ ဘာလှုပ်ရှားမှုမှ မရှိတာက ထောင်ချောက်တစ်ခုခု ရှိနေနိုင်ပါတယ်။ အဲ့ဒီမှာ နတ်ဘုရားဆရာသခင် နှစ်ယောက်ရှိပြီး သူတို့က..."
"တော်ပြီ တော်ပြီ"
လင်းရန် စကားမဆုံးခင်မှာပင် ထိုလူငယ်က စိတ်မရှည်သော အမူအရာဖြင့် ကြားဖြတ် ပြောလိုက်သည်။
"ကျုပ် နည်းနည်း အလောတကြီး ဖြစ်နေလို့။ ဒီမစ်ရှင်မှာ ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာကိုပဲ တိုတိုတုတ်တုတ် ပြောပါ။ စကားတွေ အများကြီး မပြောနဲ့"
လင်းရန်မှာ လူအများရှေ့တွင် အရှက်ရသွားသော်လည်း တစ်ဖက်လူ၏ ခွန်အားမှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်ကို သိသဖြင့် ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည်။
"နဂါးကျားတောင်က နတ်ဘုရားဆရာသခင် နန်းဆောင်ဟာ မိစ္ဆာဂိုဏ်းဝင်တွေ မဟုတ်ပေမဲ့ လူသားတွေကို အရှင်လတ်လတ် အသုံးချပြီး နတ်ဆေးဝါးတွေ သွန်းလောင်းကြပါတယ်။ ဒါဟာ မဟာမိတ်အဖွဲ့ရဲ့ အကြီးမားဆုံး တားမြစ်ချက်ကို ချိုးဖောက်တာပါပဲ။ ဒီမစ်ရှင်ရဲ့ ရည်ရွယ်ချက်က သူတို့ကို ဖမ်းဆီးဖို့ ဖြစ်ပေမဲ့ သူတို့ဟာ မိစ္ဆာလမ်းစဉ်ကို လိုက်စားသူတွေ ဖြစ်တဲ့အတွက် ဖမ်းဆီးစဉ်အတွင်း သေဆုံးသွားရင်တောင် အပြစ်မရှိပါဘူး"
နတ်ဘုရားဆရာသခင် နန်းဆောင်တွင် တပည့်ပေါင်း တစ်ထောင်ကျော် ရှိသည်။ သူတို့အားလုံးမှာ လူသားများကို အသုံးချ၍ ဖော်စပ်ထားသော ဆေးဝါးများကို သုံးစွဲကာ ကျင့်ကြံကြသူများ ဖြစ်သည်။ လူပေါင်း မည်မျှအထိ အသတ်ခံခဲ့ရမည်ကို ခန့်မှန်းကြည့်နိုင်သည်။ သူတို့မှာ သေထိုက်သူများပင် ဖြစ်သည်။
"အင်း"
ဂူချန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ နဂါးကျားတောင်ဆီသို့ လှမ်းတက်သွားသည်။
'သတ်လို့ရတယ်ဆိုရင် အကုန်သတ်ပစ်ရင်လည်း ရတာပဲ မဟုတ်လား။ ငါ လိုချင်တဲ့အတိုင်းပဲ..'
လင်းရန်သည် ထိုသို့ မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားပြီး ဂူချန်၏ ရှေ့သို့ ပြေးတက်ကာ တားဆီးလိုက်သည်။
"လူကြီးမင်းဂူ... နဂါးကျားတောင်ပေါ်မှာ သိုင်းဘုရင် နှစ်ယောက်အပြင် တပည့်ပေါင်း တစ်ထောင်ကျော် ရှိပါတယ်။ ပြီးတော့ အဆင့်မြင့် တောင်ကာကွယ်ရေး အစီအရင်လည်း ရှိနေတာမို့လို့ ဒီအတိုင်း ဇွတ်မဝင်သင့်ပါဘူး"
"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်"
အဘိုးကြီးလျူကလည်း ရှေ့သို့ တိုးလာကာ အလေးအနက် ပြောလိုက်သည်။
"ကျွန်တော်တို့ဘက်က အားလုံး ပြင်ဆင်ထားပြီးပါပြီ။ အထက်ကနေ တာအိုလက်နက် တစ်ခုတောင် ငှားထားပါတယ်။ ကျွန်တော်တို့ လုပ်ရမှာက..."
"တော်စမ်း"
ဂူချန်က လက်ဝေ့ယမ်းလိုက်ရာ သူ၏ လက်အင်္ကျီအတွင်းမှ စွမ်းအင်စီးကြောင်း နှစ်ခု ထွက်ပေါ်လာပြီး ထိုသူနှစ်ဦး၏ ပါးစပ်ကို ချက်ချင်း ပိတ်ဆို့လိုက်သည်။ ထို့နောက် သူသည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားပြီး လေထဲတွင် တည်ငြိမ်လှသော စကားတစ်ခွန်းသာ ကျန်ရစ်ခဲ့သည်။
"မင်းတို့လူတွေကို ခေါ်ပြီး အလောင်းကောက်ဖို့ တောင်ပေါ်ကို အခုပဲ လိုက်လာခဲ့တော့.."
သူ၏ လေသံမှာ အေးစက်လှသော်လည်း အလွန်ပင် အာဏာပါလှသဖြင့် လင်းရန်နှင့် အဘိုးကြီးလျူတို့မှာ မသိစိတ်မှ ယုံကြည်သွားကြသည်။
'သူက ဘယ်သူများပါလိမ့်။ နာမည်ကျော် သိုင်းဘုရင် နှစ်ယောက်နှင့် တပည့်ပေါင်း တစ်ထောင်ကျော်ကို ရင်ဆိုင်ရမှာကို ဘာကြောင့် ဒီလောက်တောင် ယုံကြည်ချက် ရှိနေရတာလဲ..'
သို့သော်လည်း လင်းရန်သည် ထိုလူငယ်ကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
"အားလုံး နားထောင်ကြ။ အခုချက်ချင်း နတ်ဘုရားဆရာသခင် နန်းဆောင်ဆီကို ချီတက်မယ်"
ထိုအချိန်တွင် နဂါးကျားတောင်ထိပ်ရှိ နတ်ဘုရားဆရာသခင် နန်းဆောင်၏ အနက်ရှိုင်းဆုံးနေရာ။
နတ်ဘုရားဆရာအိုကြီး နေထိုင်ရာ နေရာမှာ လောကီလောကနှင့် ကင်းကွာနေသော နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ပင် မြူခိုးများ ဝေဆာနေသည်။
ကျွီ...
တံခါးပွင့်သွားပြီး အိုမင်းသော်လည်း တည်ကြည်ခန့်ညားသော အရှိန်အဝါရှိသည့် အဖိုးအိုတစ်ဦး ထွက်ပေါ်လာသည်။ သူသည် ကိုယ်လက်လှုပ်ရှားလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဆယ်နှစ်ကျော်ကြာ ကြိုးစားကျင့်ကြံပြီးနောက် နောက်ဆုံးတွင် သူသည် အဆင့်ခုနစ်၏ အဆင့်ခွဲ ၇ သို့ တက်လှမ်းနိုင်ခဲ့ပြီး သိုင်းဘုရင် အဆင့်မြင့်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများနှင့် စွမ်းအင်များမှာ ဆူပွက်နေပြီး ပတ်ဝန်းကျင်ရှိ လေထုမှာပင် အဖြူရောင် မြူခိုးများ ထွက်ပေါ်နေသည်။ သူကမူ သူ၏ ကျင့်စဉ်တိုးတက်မှုကြောင့် ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အပူရှိန်ဟု ထင်မှတ်နေမိသည်။
ဆရာအိုကြီးသည် သူ၏ စိတ်အာရုံကို ဖြန့်ကျက်ကာ နန်းဆောင်အတွင်းရှိ အခြေအနေကို စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွားရသည်။ နန်းဆောင်တစ်ခုလုံးမှာ အခိုးအငွေ့များဖြင့် ပြည့်နှက်နေပြီး တပည့်များစွာ၏ အော်ဟစ်သံများ ထွက်ပေါ်နေသည်။ အချို့မှာ ပြင်းထန်သော အပူရှိန်ကြောင့် အရေပြားများ လောင်ကျွမ်းကာ အသားများပင် ကင်ပြီးသား ဖြစ်နေကြသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ဆရာအိုကြီးသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ယံ၌ မီတာတစ်ထောင်ခန့် ကျယ်ဝန်းသော အနီရောင် လက်ဝါးကြီးတစ်ခု ပေါ်ထွက်နေသည်ကို တွေ့လိုက်ရသည်။ ထိုလက်ဝါးကြီးမှာ ဟင်းလင်းပြင်ကိုပင် အရည်ပျော်စေနိုင်လောက်သော နတ်ဘုရားအလင်းများ ထွက်ပေါ်နေပြီး နတ်ဘုရားဆရာသခင် နန်းဆောင်ဆီသို့ အရှိန်အဟုန်ဖြင့် ဖိနှိပ် သက်ဆင်းလာနေတော့သည်။