အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
71
မုန့်ဝယ်ပြီးသွားသော ဧည့်သည်အချို့သည် တံခါးငယ်လေးကို ဖြတ်ကျော်ကာ တည်းခိုခန်းရှိ ထုတ်ကုန်သစ်များကို ကြည့်ရှုရန် အတွင်းသို့ဝင်သွားကြသည်။
ချန်နန်နန်သည် စောင့်ရင်းစောင့်ရင်းနှင့်ပင် မည်သူမျှ ပြန်ထွက်မလာသည်ကို တွေ့ရသဖြင့် အတော်ပင် ထူးဆန်းနေမိသည်။ ဟဲယဲ့တည်းခိုခန်းတွင် အခြားထွက်ပေါက် တံခါးပေါက်လေး တစ်ခု ရှိနေသေးတာလား။ ချန်နန်နန်မှာ စပ်စုချင်စိတ်ဖြင့် တလှုပ်လှုပ်တရွရွ ဖြစ်နေပြီဖြစ်၏။ အတွင်းထဲတွင် ဘာတွေဖြစ်နေသလဲဆိုသည်ကို သိချင်လွန်းသဖြင့် တစ်စုံတစ်ယောက်က သူမ၏ နှလုံးသားကို ငှက်မွေးဖြင့် လာရောက်ယားယံအောင် လုပ်နေသကဲ့သို့ ခံစားနေရပြီး ဂနာမငြိမ် ဖြစ်လာသည်။
သူမသည် အရှေ့သို့ အတင်းတိုးကာ ရှေ့က တန်းစီနေသည့် ဧည့်သည်နှင့် ကပ်ရပ်လိုက်ပြီး၊ အမြန်ဝယ်ကာ ထိုစိတ်လှုပ်ရှားစရာများကို သွားကြည့်ချင်လှသဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရမည့် အကွာအဝေးကိုပင် မေ့လျော့နေတော့၏။
နောက်ဆုံးတွင် သူမအလှည့် ရောက်လာခဲ့ပြီ။ စပ်စုချင်စိတ်က ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်ရာ
ချန်နန်နန်သည် တွန့်ဆုတ်မနေတော့ဘဲ သူမလိုချင်သည့် မုန့်အမျိုးအစားအားလုံးကိုတစ်မျိုးစီ ဝယ်ယူလိုက်သည်။ ထို့နောက် တံခါးငယ်လေးကို ဖြတ်ကာ တည်းခိုခန်း၏ ရှေ့ကောင်တာ ဧရိယာသို့ ဝင်လိုက်တော့၏။ ဝါးရှေ့ကောင်တာတွင် ဧည့်သည်အတော်များများ စုဝေးနေကြသဖြင့် အတော်ပင် စည်ကားနေသည်။ ချန်နန်နန် ဘေးဘီကို ဝေ့ဝဲကြည့်နေစဉ် အတွင်းဘက်အကျဆုံးနေရာမှ တစ်စုံတစ်ဦးက လှမ်းပြောလိုက်၏။
"လူစုံပြီဆိုတော့ အားလုံးပဲ ကျွန်မနောက်ကို လိုက်ပြီး (၆) ထပ်ကို သွားရအောင်"
"အဲ့ဒါ ဘာကြီးလဲ"
"(၆) ထပ်ကြီးလား လှေကားတက်ရမှာပေါ့"
"ငါတို့ သွားဦးမှာလား "
ဧည့်သည်များသည် လက်ထဲတွင် မုန့်များကို ကိုင်ထားရင်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦး မျက်လုံးအဝိုင်းသားဖြင့် ကြည့်ရင်း တစ်စုံတစ်ယောက်က ဦးဆောင်သွားမည့်အချိန်ကို စောင့်မျှော်နေကြ၏။ သူတို့ ဆွေးနွေးလို့ပင်မပြီးသေးခင်မှာပင်၊ အရှေ့ဆုံးမှ လှမ်းခေါ်နေသည့် စုဟယ်သည် (၆) ထပ်သို့ ဦးတည်ကာ စတင်ဦးဆောင်ထွက်ခွာသွားပြီဖြစ်သည်။ လူအများလုပ်သလို လိုက်လုပ်တတ်သည့် စိတ်ဓာတ်က အစွမ်းပြလာသည်။ လူတိုင်းက မသိစိတ်ဖြင့် စုဟယ်နောက်မှ လိုက်ကာ လှေကားပေါ်သို့ တက်သွားကြပြီး၊ လှေကားထစ်ပေါ် ခြေချမိသည်နှင့် ဧည့်သည်များ၏ စိတ်ထဲတွင် "ရောက်နေမှတော့ သွားလိုက်မယ်" ဆိုသည့် အတွေးမျိုးဖြင့် (၆) ထပ်သို့ စုဟယ်နောက်မှ လိမ်လိမ်မာမာလိုက်ပါသွားကြတော့သည်။
ချန်နန်နန်မှာလည်း ထိုသိုးအုပ်ထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။ လူတိုင်းရှေ့သို့ ရွေ့လျားသွားသည်ကိုကြည့်ကာ သူမခြေထောက်များမှာလည်း အလိုအလျောက်ပင် အပေါ်သို့လှမ်းတက်သွားတော့၏။ လှေကားတက်နေစဉ်အတွင်း အခန်းအချို့မှာ တံခါးများ ပွင့်နေသည်ကို ချန်နန်နန် သတိပြုမိလိုက်ရာ အခန်းများကို အသစ်သန့်ရှင်းရေး လုပ်ထားပုံရသည်။ အခန်း၏ ထောင့်တိုင်းမှ လတ်ဆတ်သော ရနံ့များ ထွက်ပေါ်နေသဖြင့် သေချာစွာ သန့်ရှင်းရေး လုပ်ထားကြောင်း သိသာလှ၏။
ကြမ်းပြင်မှာလည်း ဖုန်တစ်စက်မျှမရှိဘဲ မှန်တစ်ချပ်အလား ချောမွေ့နေကာ ပြတင်းပေါက်မှ ဝင်ရောက်လာသော နွေးထွေးသည့် နေရောင်ခြည်ကို ရောင်ပြန်ဟပ်နေသည်။ နံရံများမှာလည်း အစွန်းအထင်းမရှိဘဲ ဖြူစင်ဝင်းပနေကာ ဆေးသုတ်ထားပုံမှာလည်း အလွန်ပင် ညီညာလှ၏။ အခန်းထဲရှိ ပရိဘောဂများမှာလည်း တောက်ပြောင်နေအောင် ပွတ်တိုက်ထားပြီး၊ ကော်ဖီစားပွဲပေါ်တွင် ရေခွက်များနှင့် သောက်ရေသန့် နှစ်ပုလင်းကို သေသပ်စွာ စီစဉ်ထားကာ အလင်းပြန်နေကြသည်။
အထင်ရှားဆုံးအရာမှာမူ အလယ်တွင် ချထားသော ကုတင်နှစ်လုံးပင် ဖြစ်သည်။ စောင်စွပ်များမှာတွန့်ရာ လုံးဝမရှိဘဲ ပြန့်ပြူးနေကာ၊ ခေါင်းအုံးများမှာလည်း ဖောင်းကားနေပြီး မွေ့ရာများမှာလည်း အလွန်အိစက်ညက်ညောမည့်ပုံ ပေါ်သည်။ ချန်နန်နန်ဘေးမှဖြတ်သွားစဉ်တွင်နေရောင်ခြည်၏ သင်းပျံ့သော ရနံ့ကိုပင် ရရှိလိုက်သလို ခံစားရ၏။ အခန်းထဲတွင် ရှုပ်ပွနေခြင်းမျိုး လုံးဝမရှိဘဲ ပစ္စည်းတိုင်းကို စနစ်တကျ စီစဉ်ထားသည်။ တစ်ခန်းလုံးတွင် အေးချမ်းတိတ်ဆိတ်ပြီး သေသပ်လှပသော အငွေ့အသက်များ လွှမ်းခြုံနေသဖြင့် စိတ်ချမ်းမြေ့ဖွယ်ရာ ခံစားချက်ကို ပေးစွမ်းသည်။
ဟဲယဲ့တည်းခိုခန်းအပေါ် ချန်နန်နန်၏ အမြင်မှာ အမှတ်အတော်များများ တက်သွားခဲ့သည်။ နောက်နောင်တွင် ထိုအနီးအနား၌ အစည်းအဝေးများ ရှိပါက ဤတည်းခိုခန်းတွင် တည်းခိုရန် စဉ်းစားသင့်သည်ဟု သူမ တွေးမိလိုက်သည်။ သူမသည် ခြေထောက်ကို အားယူကာ အပေါ်သို့ ထပ်တက်ရင်း၊ အကယ်၍ (၆) ထပ်သို့ ရောက်လို့မှ ဒါတွေက လှည့်ကွက်သက်သက်ပဲ ဆိုရင်တော့ ဤတည်းခိုခန်းကို blacklist စာရင်း ထဲ သွင်းပစ်မည်ဟု တွေးနေမိသည်။
(၆) ထပ်သို့ ရောက်သောအခါ ချန်နန်နန်မှာ မောဟိုက်လာသည်။ လေ့ကျင့်ခန်း မလုပ်သည်မှာကြာပြီဖြစ်၍ မောနေခြင်း ဖြစ်မည်ဟု သူမထင်လိုက်၏။ သို့သော် မော့ကြည့်လိုက်သောအခါ (၆) ထပ် လူဝင်ပေါက်တွင် လူတွေအများကြီး ပိတ်နေသည်ကို တွေ့လိုက်ရသည်။
"ထုတ်ကုန်သစ်ကို စမ်းသပ်ပြီးသွားတဲ့ ဧည့်သည်တွေက ဒီဘက်ကနေ ဆင်းပေးပါ ၊ ဒီဘက်ကပါ ဒီဘက်ကပါရှင်၊ လူကြီးမင်းက စမ်းသပ်ပြီးပြီဆိုတော့ ဒီဘက်ကနေ ဆင်းပေးပါနော်"
စုဟယ်သည် စနစ်တကျဖြစ်အောင် ထွက်၍ ထိန်းသိမ်းပေးနေသည်။
"ဟာ သူဌေးမလေး၊ ကျွန်တော် နောက်တစ်ခါ ထပ်စမ်းကြည့်ချင်သေးတယ်၊ ခုနက သေချာမကြည့်လိုက်ရလို့ပါ"
"ဟုတ်ပါတယ်၊ ကျွန်မလည်း ထပ်စမ်းချင်သေးတယ်။"
စုဟယ်မှာမူ စိတ်မယိုင်ပေ။
"တစ်ယောက်ကို တစ်ကြိမ်ပဲ အခွင့်အရေးရှိပါတယ်ရှင်၊ အားလုံးပဲ ဒီဘက်ကို ကြွပေးပါနော်၊ ဆက်ပြီး စမ်းသပ်ချင်တဲ့သူတွေကတော့ ကျွန်မတို့ တည်းခိုခန်းရဲ့ ကုတင်နှစ်လုံးတွဲ အခန်း ကို ကြိုတင်မှာယူနိုင်ပါတယ်၊ ကုတင်နှစ်လုံးတွဲ အခန်းတိုင်းမှာ ဒီထုတ်ကုန်သစ် ပါဝင်မှာ ဖြစ်ပါတယ်"
မပြန်ချင်သေးသော ဧည့်သည်များကို စုဟယ်က အားနာခြင်းမရှိဘဲ အောက်ထပ်သို့ ပို့ဆောင်လိုက်ရာ (၆) ထပ် အစည်းအဝေးခန်းမ အပြင်ဘက်ရှိ နေရာလွတ်မှာ ရုတ်တရက် ကျယ်ဝန်းသွားတော့သည်။ ချန်နန်နန်သည် လတ်ဆတ်သော လေကို ရှူရှိုက်လိုက်ရင်း ဟဲယဲ့တည်းခိုခန်း၏ ထုတ်ကုန်သစ်ကို အထင်အရှား မြင်လိုက်ရ၏။
၎င်းမှာ တစ်ကိုယ်လုံးစာမှန်ကြီးတစ်ချပ် ဖြစ်သည်။
ထိုမှန်ကြီးသည် အစည်းအဝေးခန်းမ အဝင်ဝတွင် တိတ်ဆိတ်စွာ ရှိနေပြီး၊ ၎င်း၏ မျက်နှာပြင်မှာ ဖုန်တစ်စက်မျှမရှိဘဲ စင်ကြယ်နေကာ နေရောင်ခြည်ကို ကြည်လင်စွာ ရောင်ပြန်ဟပ်နေသည်။ ထိုမှန်ကြီးမှတစ်ဆင့် ချန်နန်နန်သည် မှန်အရှေ့တည့်တည့်တွင် ရပ်နေသော ဧည့်သည်၏ ဆံပင်တစ်ပင်ချင်းစီကို မြင်နေရသည်။ အိုး ထိုဧည့်သည်က ထိပ်ပြောင်နေသဖြင့် ဆံပင်တော့မရှိပါချေ။ သူ့အမူအရာတိုင်းကို အထင်အရှား မြင်နေရ၏။
မှန်၏ ရောင်ပြန်ဟပ်မှုမှာ အလွန်ကောင်းမွန်လှပြီး ဝေဝါးခြင်း သို့မဟုတ် ပုံပျက်ခြင်းမျိုး လုံးဝမရှိဘဲ လူတစ်ယောက်၏ အစစ်အမှန်ရုပ်သွင်ကို အပြည့်အဝ ဖော်ပြပေးနေသည်။ မှန်ကြီး၏ ဒီဇိုင်းမှာ ရိုးရှင်းသော်လည်း ခန့်ညားလှကာ၊ ချောမွေ့ပြေပြစ်သော လိုင်းများက ခေတ်မီဆန်းသစ်သည့် ခံစားချက်ကို ပေးစွမ်းသည်။
ချန်နန်နန်သည် မျက်မှောင်ကြုတ်လိုက်မိသည်၊ သူမအလိမ်ခံလိုက်ရပြီဟု တွေးမိသွားသည်။ ဒါက သာမန်မှန်တစ်ချပ်ပဲ မဟုတ်ဘူးလား ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ မှန်ကတော့ မှန်ပါပဲ။ ချန်နန်နန်၏ အိမ်တွင်လည်း ကျောက်များဖြင့်စီခြယ်ထားသော တစ်ကိုယ်လုံးစာ မှန်ကြီး ရှိပြီးသားဖြစ်ကာ၊ သူမသည် ၎င်းကို အလှဆင်ရန်နှင့် အဝတ်အစား ဝတ်ဆင်ရာတွင် ကြည့်ရန်အတွက်သာ အသုံးပြုလေ့ရှိသည်။ သူမသည် နှုတ်ခမ်းဆူကာ ထွက်ခွာတော့မည်အပြုတွင်၊ တစ်ခုခု မူမမှန်သည်ကို ရုတ်တရက် သတိပြုမိလိုက်၏။ သူမသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သော်လည်း မှန်ထဲတွင် ပေါ်နေသော ပုံရိပ်မှာ အနည်းငယ်မျှ ပြောင်းလဲသွားခြင်းမရှိဘဲ ရှေ့တွင်ရပ်နေသော ထိပ်ပြောင်သည့် ဧည့်သည်ကိုသာ ပြသနေဆဲ ဖြစ်သည်။
ချန်နန်နန်က ထောင့်ဖြတ်အကြည့်ကြောင့်ဖြစ်မည်ဟုထင်ကာ ဘယ်ညာ ရွှေ့ကြည့်လိုက်သည်။ သူမသည် အရှေ့သို့တိုးကာ ဒုတိယမြောက်နေရာသို့ပင် ရောက်ရှိသွားသော်လည်း မှန်ထဲတွင် သူမ၏ရောင်ပြန်ပုံရိပ်မှာ ပေါ်မလာဘဲ ပထမဆုံးလူဖြစ်သည့် ထိပ်ပြောင်ဧည့်သည်၏ လှုပ်ရှားမှုများကိုသာ ပြသနေသည်။ မှန်ထဲတွင် အခန်း၏ မြင်ကွင်းကို အထင်အရှား ရောင်ပြန်ဟပ်နေသော်လည်း ထူးဆန်းသည်မှာ မှန်ထဲရှိ အခြားလူအားလုံးမှာ ဖောက်ထွင်းမြင်ရသည့်အလား ပျောက်ကွယ်နေခြင်းပင်။ ချန်နန်နန်၏ အမွေးများမှာ ချက်ချင်းပင် ထောင်ထသွားတော့သည်။ မှန်ထဲတွင် မိမိကိုယ်ကိုယ် မမြင်ရသဖြင့် ချန်နန်နန်သည် နေရောင်ခြည်မှာပင် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရပြီး နောက်ဆုတ်မည်အပြုတွင် စုဟယ် ပြောလိုက်သော စကားကို ကြားလိုက်ရ၏။
"ဒါကတော့ ကျွန်မတို့ရဲ့စမတ်မှန်အသစ် ဖြစ်ပါတယ်၊ သူက လူတိုင်းရဲ့ အဝတ်အစား ဝတ်ဆင်မှု၊ ကိုယ်ဟန်အနေအထား၊ ကျန်းမာရေး စစ်ဆေးမှုနဲ့ တခြားအရာတွေကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်"
ချန်နန်နန် ရပ်တန့်သွားသည်။ သူမ ပြန်ကြည့်လိုက်သောအခါ အခြားသူအားလုံးမှာ စိတ်လှုပ်ရှားစွာဖြင့် မှန်ကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။ သူမတစ်ယောက်တည်းသာ အလွန်အကျွံ တုံ့ပြန်မိနေခြင်း ဖြစ်သည်။ သူမခြေချောင်းလေးများမှာ အရှက်သည်းလွန်းသဖြင့် ကြမ်းပြင်ကို ကုတ်မိနေတော့သည်၊ အလွန်အရှက်ရစရာ ကောင်းလှ၏။ သူမသည် အကန့်အသတ်မဲ့ သဘာဝလွန် ဝတ္ထုတွေကို အများကြီးဖတ်မိသဖြင့် စိတ်ကူးတွေယောင်မှားပြီး အတွေးတွေ ချော်ထွက်သွားခြင်း ဖြစ်ရမည်။ ထိပ်ပြောင်ဧည့်သည်က တွန့်ဆုတ်မနေဘဲ အော်လိုက်သည်။
"ကျန်းမာရေး စစ်ဆေးမယ် "
မှန်ထဲမှ ဆွဲဆောင်မှုရှိသော အမျိုးသား အသံတစ်ခု ထွက်ပေါ်လာသည်။
"အရှင်မင်းကြီး၊ အရှင်မင်းကြီးကို အလုပ်အကျွေးပြုခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ၊ စကန်ဖတ်နေပါပြီ စကန်ဖတ်ခြင်း ပြီးဆုံးပါပြီ၊ ကျေးဇူးပြုပြီး အရှင့်ရဲ့လျှာကို ထုတ်ပြပေးပါဦး "
ထိပ်ပြောင်ဧည့်သည်က ညွှန်ကြားချက်အတိုင်း လျှာကို ထုတ်ပြလိုက်သည်။ သူ့နောက်က တန်းစီနေသော ဧည့်သည်များမှာ တီးတိုး ပြောဆိုနေကြ၏။
"ဒီမှန်က တကယ်စိတ်ဝင်စားစရာပဲ၊ လူတွေကို အရှင်မင်းကြီးလို့တောင် ခေါ်သေးတယ် "
"ဟေ့ ဒါက ဘာဆန်းတာမှတ်လို့လဲ၊ အဲ့ဒါက သတ်မှတ်ထားလို့ ရတာပဲလေ၊ ငါ့အိမ်က စပီကာဆိုရင် ငါ့ကိုသခင်လို့တောင် ခေါ်တာ "
အခြားဧည့်သည်တစ်ဦးကမူ သူအများကြီး သိထားသည့်အလား ပြောလိုက်သည်။
"ငါ့သမီးလည်း မှန်တစ်ချပ်ဝယ်ထားတယ် စမတ်မှန်ပဲ၊ မိုးလေဝသသတင်းတွေ ကြေညာပေးတယ်၊ သီချင်းဖွင့်ပေးတယ်၊ ပြီးတော့ မင်းရဲ့ လေ့ကျင့်ခန်း လှုပ်ရှားမှုတွေက မှန်၊ မမှန်တောင် ကြည့်ပေးနိုင်တာ"
"အို အခုခေတ် နည်းပညာက တကယ်တိုးတက်နေတာပဲ၊ မင်းရဲ့သမီးမှန်က ကျန်းမာရေးရော စစ်ဆေးပေးနိုင်လား "
မျက်မှန်နှင့် ဧည့်သည်မှ ကြားဖြတ်ပြောလိုက်သည်။
"ဖုန်းတွေကလည်း ကျန်းမာရေး စစ်ဆေးပေးနိုင်တာပဲလေ၊ ဟန်ကျိုး ကျန်းမာရေးဝန်ဆောင်မှုကို ဖုန်းထဲမှာ ဖွင့်လိုက်၊ အဲ့ဒါ အစိုးရက ထုတ်ထားတာထင်တယ်၊ မင်းရဲ့ လျှာနဲ့ မျက်လုံးပုံတွေကို တင်လိုက်ရင် AI က ရောဂါရှာပေးနိုင်တာပဲ "
"အဲ့ဒါကရော တိကျရဲ့လား "
"မသိဘူးလေ၊ ငါ့ကိုတော့ ခန္ဓာကိုယ် အေးစက်နေတယ်၊ ယန်ဓာတ် ချို့တဲ့နေတယ်ဆိုလားပဲ ငါလည်း သိပ်နားမလည်ပါဘူး "
စကားပြောပြီးနောက် အားလုံးက ထိပ်ပြောင်ဧည့်သည်ထံသို့ အာရုံပြန်ရောက်သွားကြသည်။ ထိုအခါ မှန်ကြီးမှ ရလဒ်များကို ကြေညာလိုက်သည်။
"ကိုယ်တွင်း၌ သလိပ်၊ စိုထိုင်းဆများခြင်း နှင့် သွေးပိတ်ဆို့ခြင်း ရှိနေသည်၊ ကျောက်ကပ်အား ချို့တဲ့နေသည်၊ အပူအဆိပ်များ စုပုံနေသည်၊ အသည်း အတွင်း၌ လှုပ်ရှားနေသည်"
မျက်မှန်နှင့် ဧည့်သည်မှာ စိတ်လှုပ်ရှားသွားသည်
"ငါပြောသားပဲ အရင် ငါ့ဖုန်းကလည်း ငါ့ကို အားနည်းနေတယ်လို့ ပြောဖူးတယ်၊ တရုတ်တိုင်းရင်းဆေးကတော့ ဒါတွေပဲ ပြောနေတာပါပဲ၊ အလုပ်လုပ်နေတဲ့သူတွေထဲမှာ ဘယ်သူက အားပြည့်နေလို့လဲ "
ခန္ဓာကိုယ် အခြေအနေ အရှည်ကြီးကို အစီရင်ခံပြီးနောက်၊ မှန်ကြီး ချက်ချင်းပင် ဆက်လက်ပြောကြားသည်။
"ဦးခေါင်းခွံအတွင်း ခွဲစိတ်မှုအပြီး အပြောင်းအလဲများကို တွေ့ရှိရသည်၊ ဦးနှောက်ရှေ့ပိုင်း နှစ်ဖက်စလုံးတွင် ပုံမှန်မဟုတ်သော အချက်ပြမှုများနှင့် Flair အချက်ပြမှုမြင့်မားနေသည်ကို မြင်တွေ့ရသည်၊ ဦးနှောက်အတွင်းရှိ အကျိတ် ဖြစ်နိုင်ခြေရှိနေသည်၊ ဆေးခန်းတွင် စနစ်တကျ ပြန်လည် စစ်ဆေးရန် အကြံပြုပါသည် "
ဧည့်သည်များအားလုံးမှာ ထိတ်လန့်တကြားဖြင့် အသက်ရှူပင်မှားသွားကြတော့သည်။
72
ထိပ်ပြောင်အမျိုးသားသည် နေရောင်အောက်တွင် ရပ်နေပြီး သူ၏ဦးခေါင်းမှာ ဆံပင်တစ်ပင်မျှမရှိဘဲ လုံးဝန်းနေကာ အထူးတလည် ပြောင်လက်တောက်ပနေသည်။ သူသည် ရိုးသားဖြူစင်သော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး၊ သူ၏ မျက်လုံးများမှာ တောက်ပကာ ခိုင်မာပြတ်သားနေပြီး အတွင်းစိတ်ဓာတ် ကြံ့ခိုင်မှုကို ဖော်ပြနေ၏။
"အို ဒါမျိုးအထိတောင် သိနိုင်တာလား"
အခြားဧည့်သည်များ၏ စိုးရိမ်ပူပန်ပြီး စပ်စုချင်နေသော အကြည့်များကို မြင်သောအခါ ထိုထိပ်ပြောင်နှင့် လူမှာ သူ့လက်ဝါးဖြင့် ပြောင်နေသောခေါင်းကို ပွတ်သပ်လိုက်သည်။
"လွန်ခဲ့တဲ့တစ်နှစ်က ကျွန်တော်ခွဲစိတ်မှု လုပ်ခဲ့ရတာပါ၊ ဦးနှောက်အကျိတ်ပြန်မဖြစ်အောင် ရေရှည်စောင့်ကြည့်ဖို့ လိုတယ်လို့ ဆရာဝန်ကပြောထားတယ်၊ မကြာခင်ကပဲ ဆေးရုံသွားပြီး ဆရာဝန်က အခြေအနေမဟန်တဲ့ ကြီးထွားမှုကာလ ထဲ ရောက်နေတယ်လို့ပြောတယ်ဗျ"
တန်းစီနေသော ဧည့်သည်များမှာ အာရုံစိုက်ပြီး ကြည့်နေကြကာ တစ်ပြိုင်နက်တည်း မေးခွန်းများဝိုင်းမေးကြတော့သည်။
"ဒါဆို ဒီမှန်က တကယ်ပဲ အဲ့ဒီလိုမျိုးတွေ စစ်ဆေးနိုင်တာလား"
"ခုနက လူအုပ်ကြီး ဘာလို့မပြန်ချင်ကြတာလဲ မပြောနဲ့တော့၊ ခုနက မှန်က ကျန်းမာရေး အကြံပေးချက်တွေ၊ ဥပမာ အစားအစာ ချက်နည်းတွေပါ ပြောပြသွားသေးတယ် မဟုတ်လား၊ ကျွန်တော် သေချာမကြားလိုက်လို့"
မျက်မှန်နှင့်ဧည့်သည်ကမူ မယုံကြည်နိုင်ဖြစ်နေသည်။
"ဒါက တိုက်ဆိုင်မှုပဲ ဖြစ်ရမယ်၊ ကြည့်ပါဦး၊ ဒီအစ်ကိုကြီးရဲ့ခေါင်းမှာ ခွဲစိတ်ထားတဲ့ဒဏ်ရာရှိနေတာပဲ၊ မှန်က ခန့်မှန်းကြည့်တာ နေမှာပါ၊ ပြီးတော့ ခုနက မှန်ကိုယ်တိုင်လည်း ပြောသွားသားပဲ၊ လူကိုယ်တိုင် ဆရာဝန်နဲ့ပြသစစ်ဆေးဖို့ အကြံပြုတယ်ဆိုတာလေ၊ သူကိုယ်တိုင်လည်း သူ့ရဲ့ဆုံးဖြတ်ချက်က မတိကျဘူးဆိုတာ သိနေလို့ပေါ့"
တစ်စုံတစ်ယောက်မှ ပြန်လည်ချေပလိုက်သည်။
"မှန်က လူမှမဟုတ်တာ၊ ဘယ်လိုလုပ် ဒီလောက်ထိ တော်နိုင်မှာလဲ၊ မှန်က တကယ်ပဲ စစ်ဆေးတွေ့ရှိသွားလို့ဖြစ်မှာပါ"
"ဟုတ်တယ်၊ ကျွန်တော့်အမြင်တော့ ဒါက ခန့်မှန်းတာပဲ ဖြစ်ဖြစ် အတော်လေးကို အံ့သြစရာကောင်းပါတယ်၊ ကျွန်တော်ဆို ခန့်မှန်းလို့တောင်ရမှာမဟုတ်ဘူး"
"အတိအကျပဲ၊ ပြီးတော့ လုပ်ရမှာက မှန်ရှေ့မှာ မတ်တပ်ရပ်ပြီး လျှာထုတ်ပြရုံပဲလေ၊ တကယ်ကို အဆင်ပြေတာ၊ ဒီစစ်ဆေးမှုကို ကြိုတင်သတိပေးချက်အနေနဲ့ သုံးလို့ရတယ်"
မျက်မှန်နှင့် ဧည့်သည်မှာ ခြေလှမ်းနှစ်လှမ်းရှေ့တိုးလိုက်ပြီး ချန်နန်နန်၏ အရှေ့သို့ အတင်းတိုးကာ ရပ်လိုက်သည်။ ထို့နောက် စိန်ခေါ်သည့် လေသံဖြင့် ပြောလိုက်၏။
"ကျွန်တော်လည်း ကျန်းမာရေး စစ်ဆေးချင်တယ်"
သူသည် စမတ်မှန်၏ အားကိုးမရကြောင်းကို ကိုယ်တိုင်သက်သေပြချင်နေခြင်း ဖြစ်သည်။ မျက်မှန်နှင့် ဧည့်သည်က သူမကိုကျော်တက်ပြီး မှန်ရှေ့ တည့်တည့်သွားရပ်သည်ကို ချန်နန်နန် စိတ်ထဲမထားပါချေ။ သူမကိုယ်တိုင်လည်း စောစောကမှန်ကို ကြည့်ရင်း စိတ်ဝင်တစားဖြစ်နေသဖြင့် ရှေ့ဆုံးရောက်အောင် တန်းစီရာတွင် ကျော်တက်ခဲ့မိသည် မဟုတ်ပါလား။
စမတ်မှန်၏ အသံမှာ နက်ရှိုင်းပြီး အားမာန်ပါလှကာ ထူးခြားသော စည်းချက်နှင့် လေသံအတက်အကျ ရှိနေသည်။ အသံတစ်သံချင်းစီမှာ ဂီတနုတ်သံများကဲ့သို့ ကြည်လင်ပြတ်သားပြီး အားကောင်းလှသဖြင့် လူတို့ကို မသိစိတ်ဖြင့် ဆွဲဆောင်နေတော့၏။
"အရှင်မင်းကြီး၊ အရှင့်ရဲ့ လျှာပေါ်က အဖြူဖတ်တွေဟာ ဝါဖျော့ဖျော့အရောင်ရှိနေပြီး ဘေးအနားသတ်တွေကတော့ ဖြူပြီး ပါးလွှာနေပါတယ်၊ ဒါဟာ အရှင့်ရဲ့ ခန္ဓာကိုယ်တွင်း အရေးပါတဲ့ စွမ်းအင်ချို့တဲ့နေတာ ဖြစ်ပါတယ်၊ နေ့စဉ်ဘဝမှာ အလွန်အမင်းပင်ပန်းနွမ်းနယ်နေပြီး ညဉ့်နက်တဲ့အထိ အချိန်အကြာကြီးမအိပ်ဘဲ နေတတ်တာကြောင့် ခန္ဓာကိုယ်ထဲက အရေးပါတဲ့ စွမ်းအင်တွေ အတော်များများ ဆုံးရှုံးသွားခဲ့ပါပြီ၊ အရှင့်ရဲ့အစာအိမ်နဲ့ အူလမ်းကြောင်းဟာ အတော်လေး အားနည်းနေပါတယ်၊ အစာအိမ်အနာရှိနေတယ်လို့ ရောဂါရှာဖွေတွေ့ရှိရပါတယ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ထိန်းသိမ်းဖို့နဲ့ ဆေးရုံမှာ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ဖို့ အကြံပြုအပ်ပါတယ်"
မျက်မှန်နှင့်ဧည့်သည်သည် သူ့မျက်ခုံးကို ယုံကြည်မှုရှိစွာ ပင့်လိုက်ရင်းပြောလိုက်သည်။
"တွေ့လား ကျွန်တော် ပြောသားပဲ၊ ဒီမှန်က ဒေတာအချက်အလက်တွေကို သုံးပြီး ခွဲခြမ်းစိတ်ဖြာတာပဲ မတိကျပါဘူး၊ ဒါကျွန်တော့်ဖုန်းက စစ်ဆေးပေးတဲ့ ရလဒ်နဲ့ အတူတူပဲလေ"
"သူက မင်းမှာအစာအိမ်အနာရှိနေတယ်လို့လည်း ပြောသွားတယ်မဟုတ်လား "
မျက်မှန်နှင့် ဧည့်သည်မှာ နှုတ်ခမ်းမဲ့လိုက်၏။
"ဆေးရုံမှာ အစာအိမ်မှန်ပြောင်းကြည့်လိုက်ရင် သိမှာပါ၊ မင်းမှာ ဘာရောဂါမှ မရှိရင်တောင် စစ်ဆေးချက် အစီရင်ခံစာထဲမှာ အပေါ်ယံအစာအိမ်ရောင်ခြင်း ဒါမှမဟုတ် အစာအိမ် တိုက်စားခံရခြင်းလို့ ရေးမှာပါပဲ"
မျက်မှန်နှင့်လူသည် အရှည်ကြီးရှင်းပြတော့သည်။
"တကယ်တော့ ဒီမှန်က ဟန်ကျိုး ကျန်းမာရေးဝန်ဆောင်မှု မိုဘိုင်းအက်ပ်နဲ့ အတူတူပါပဲ၊ AI ကတော့ ပါဝင်ပတ်သက်နေမှာ သေချာတယ်၊ ဆေးရုံအတော်များများနဲ့ ချိတ်ဆက်ပြီး အချက်အလက်တွေ ရယူထားတာလည်း ဖြစ်နိုင်ပါတယ်၊ မင်း စစ်ဆေးလိုက်တဲ့အခါမှာ ဒီမှန်က အချက်အလက်တွေကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာပြီး၊ မင်းရဲ့လျှာနဲ့ ခန္ဓာကိုယ် ဒေတာတွေကို နှိုင်းယှဉ်ပြီး ဘာမှအန္တရာယ်မရှိတဲ့ အကြံပေးချက်တွေ ပေးတာပါ၊ ဝတဲ့သူတွေကိုကျ သွေးတိုးတယ်၊ ဆီးချိုတက်တယ်လို့ ပြောမယ်၊ ပိန်တဲ့သူတွေကိုကျ အားနည်း တယ်လို့ ပြောမယ်၊ ဒါက တကယ်တော့ ပျော်စရာကစားစရာ သက်သက်ပါပဲ"
သူသည် နောက်ဥပမာတစ်ခုကို ပေးလိုက်သေးသည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း ထိပ်တန်း တရုတ်တိုင်းရင်းဆေးရုံတစ်ခုက တီထွင်ခဲ့တဲ့ အလိုအလျောက် သွေးခုန်နှုန်းတိုင်းစက်ဆိုတာ ရှိခဲ့သေးတယ် မဟုတ်လား၊ တချို့လူတွေက အဲ့ဒါနဲ့ စစ်ဆေးကြည့်တော့ ကင်ဆာရှိတယ်လို့ အပြောခံရလို့ ဆေးရုံကို အပြေးအလွှား သွားစစ်ကြတာ ဘာမှမရှိဘူးလေ၊ နောက်တော့ သူတို့က အဲ့ဒီဆေးရုံကို တရားစွဲတော့ ဆေးရုံက ထွက်ရှင်းတာက ဒီစက်ကပေးတဲ့ အကြံပြုချက်တွေဟာ မှီငြမ်းဖို့အတွက်ပဲ ဖြစ်ပါတယ်တဲ့"
ထိုစမတ်မှန်သည် ဒေတာခေတ်ကြီးထဲမှ ကစားစရာတစ်ခုထက် မပိုကြောင်း မျက်မှန်နှင့်လူက အခိုင်အမာယုံကြည်နေသည်။
"ကျွန်မ စမ်းကြည့်မယ်"
အနည်းငယ် ဝဖြိုးသော အဒေါ်တစ်ဦး ရှေ့သို့ တိုးလာသည်။ သူမသည်လည်း စမတ်မှန်၏ စွမ်းဆောင်ရည်ကို စစ်ဆေးကြည့်ချင်နေသည်။ စမတ်မှန်က ရလဒ်ကို အလျင်အမြန် ထုတ်ပေးလိုက်၏။ မျက်မှန်နှင့်လူသည် နားထောင်ပြီး တဟားဟားရယ်မောလိုက်သည်။
"ဟားဟား၊ ကျွန်တော် ပြောသားပဲ၊ အဒေါ်က သွေးတိုး ဆီးချို သွေးတွင်းအဆီရှိတဲ့သူပဲ"
ထိုအဒေါ် မှာ သူမဗိုက်ကို ပွတ်သပ်ရင်း စိတ်ဝင်စားမှု တစ်ဝက်ခန့်လျော့နည်းသွားသည်။
"တကယ်လား အင်းလေ"
သူမကိုယ်လုံးမှာ အနည်းငယ်ဝပြီး မျက်နှာတွင်လည်း အသက်အရွယ်အရိပ်ယောင်များပေါ်နေသဖြင့် သူမတွင် ဆီးချိုသွေးတိုးရှိနေသည်ဟု ခန့်မှန်းရသည်မှာ အမှန်ပင်လွယ်ကူလှသည်။ သူမ စမ်းသပ်ပြီးနောက် ထိုအဒေါ် သည် ဘေးတွင်ရပ်နေကာ ထိပ်ပြောင်နှင့် ဧည့်သည်နှင့်အတူ မျက်မှန်နှင့်လူက များပြာသောအချက်အလက်အကြောင်း ရှင်းပြနေသည်ကို နားထောင်နေကြ၏။ ဘယ်သူမှ ကျော်တက်ခြင်း မရှိတော့သည်ကို မြင်သောအခါ ချန်နန်နန် ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ မှန်က သူမကို ဘာရောဂါလို့ ရောဂါရှာဖွေမလဲဆိုသည်ကို သူမသိချင်နေသည်။ သူမကို သားအိမ်အေးတယ်လို့တော့ မပြောလောက်ပါဘူးနော်။
လက်ခြေတွေအေးတာက သားအိမ်အေးလို့၊ အလွယ်တကူ ပင်ပန်းတာက သားအိမ်အေးလို့၊ အိပ်မပျော်တာက သားအိမ်အေးလို့။ သားအိမ်အေးခြင်း ဆိုသည်မှာ ညဉ့်နက်သည်အထိ နေခြင်း သို့မဟုတ် ဖုန်းအလွန်အကျွံ သုံးခြင်းကဲ့သို့ပင် အရာအားလုံးအတွက် သုံးလေ့ရှိသော အကြောင်းပြချက်တစ်ခု ဖြစ်သည်။ အကယ်၍ မှန်က သူမအတွက် ထုတ်ပေးတဲ့ ရလဒ်က သားအိမ်အေးခြင်း သာ ဖြစ်နေမယ်ဆိုရင်တော့ ဒီစမတ်မှန်ဟာ တကယ်ပဲ အပျော်တမ်း သက်သက်သာ ဖြစ်ပါလိမ့်မည်။ ထိပ်ပြောင်နှင့် ဧည့်သည်ကို ဦးနှောက်အကျိတ်ရှိတယ်လို့ ပြောတာကလည်း ကံကောင်းလို့ မှန်သွားတာပဲ ဖြစ်ရမည်။ ချန်နန်နန် မှန်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။
"ကျန်းမာရေး စစ်ဆေးမယ်"
စမတ်မှန်၏ အသံမှာ နွေးထွေးသော စောင်တစ်ထည်ဖြင့် လုံခြုံစွာ ပတ်ထားသကဲ့သို့ နူးညံ့ပြီး ဆွဲဆောင်မှု ရှိလှသည်။ ချန်နန်နန်၏ အတွေးများ လွင့်ပျံ့သွား၏။ ဤအသံကို မည်သည့် အသံသရုပ်ဆောင်က အသံသွင်းထားသလဲဟု သူမ တွေးမိသည်။ အကယ်၍ ဤစမတ်မှန်တွင် အခြေခံအရည်အချင်းလောက်ပဲ ရှိရင်တောင်မှ၊ ၎င်းစကားပြောတာကို နားထောင်ဖို့အတွက် တစ်ချပ်လောက် ဝယ်ထားရင် အတော်ကောင်းမှာပဲ။
"အို၊ ကျွန်တော့်ရဲ့ ချစ်လှစွာသော အရှင်မင်းကြီး"
မှန်၏ ရင်းနှီးလှသော ခေါ်ဝေါ်ပုံနှင့် နတ်သုဒ္ဓါတေးသံအလား သာယာလှပသော အသံမှာ လူကို မိန်းမောသွားစေသည်။ ချန်နန်နန်မျက်နှာ နီမြန်းသွားသည်။ ဒီမှန်က သူမကို ဘာလို့ ဒီလောက် ရင်းရင်းနှီးနှီး ခေါ်နေရတာလဲ အနည်းငယ်တော့ ရှက်စရာကောင်းလှ၏။
"အရှင့်ရဲ့လျှာပေါ်က အဖြူဖတ်တွေဟာ ထူထဲနေပါတယ်၊ ကျွန်ုပ်တို့ရဲ့ တိုင်းပြည်မှာ အမွေခံသစ်တစ်ဦး ထွန်းကားတော့မှာ ဖြစ်ပါတယ်၊ အရှင်မင်းကြီးမှာ ကိုယ်ဝန်ရှိနေပါပြီ"
ချန်နန်နန်မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်လေးအနည်းငယ်ဟသွားပြီး မယုံကြည်နိုင် ဖြစ်နေတော့သည်။ သူမမျက်နှာပေါ်တွင် ဖော်ပြရခက်သော အမူအရာတစ်ခု ပေါ်လာသည်။ ၎င်းမှာ ထိတ်လန့်ခြင်း၊ သံသယဖြစ်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ရောယှက်နေသော်လည်း ဝမ်းသာသည့် အရိပ်အယောင်မူကား လုံးဝမရှိပါချေ။ သူမဦးရေပြားများ တင်းကျပ်ပြီး ကျဉ်တက်သွားသလို ခံစားလိုက်ရကာ သူမချက်ချင်းပင်ငြင်းဆိုလိုက်၏။
"ဒါက မဖြစ်နိုင်တာပဲ မဟုတ်လား"
ဝတုတ်တုတ်အဒေါ်မှာ အလွန်အံ့သြသွားသဖြင့် နဖူးတွင် အရေးအကြောင်းများပင် ပေါ်လာသည်။ ဒါက သာမန် ရောဂါအသေးအဖွဲ မဟုတ်ပေ။ ထိုအဒေါ် မှာ ရုတ်တရက် တက်ကြွသွားကာ မေးလိုက်၏။
"သမီးလေး ပြောပါဦး၊ ဒီစစ်ဆေးချက် ရလဒ်က တိကျရဲ့လား "
ချန်နန်နန် သူမနှုတ်ခမ်းထောင့်ကိုကိုက်ထားမိပြီး ခဏအကြာတွင် နှုတ်ခမ်းများခြောက်သွေ့လာတော့သည်။
"ကျွန်မ ကျွန်မ"
ဝတုတ်တုတ်အဒေါ်မှာ အသက်ရှူအောင့်ပြီး စောင့်နေကာ အတော်ကြာမှ ချန်နန်နန်၏အလွန်တရာတိုးညှင်းသောအသံကို ကြားလိုက်ရသည်။
"ဒါက တိကျမယ်လို့ ကျွန်မ မထင်ဘူး"