← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

75

"QR code နဲ့ ငွေပေးချေရမှာလား"

ချန်နန်နန်မှာ အခြေအနေကို ချက်ချင်း သဘောမပေါက်နိုင်ဘဲ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။ မှော်မှန်၏ အသံမှာ ပို၍ပင် သာယာနာပျော်ဖွယ် ကောင်းလာတော့၏။ ၎င်းသည် မိမိ၏ ထုတ်ကုန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ မိတ်ဆက်ကြော်ငြာနေသည်။

"မှန်ပါတယ် ၊ အရှင့်ရဲ့ သစ္စာရှိလှတဲ့ ယုံကြည်သူဟာ အရှင့်ရဲ့ မေးခွန်းတွေကို ဖြေကြားပေးဖို့နဲ့ သံသယတွေကို ရှင်းလင်းပေးဖို့ ဒီမှာ ရှိနေတာပါ၊ အပိုဆောင်း စွမ်းအင်အချို့ တောင်းခံမိတာက လွန်ရာမကျဘူး မလား"

"ဒါပေမဲ့ ကျွန်မက အခန်းခ ပေးထားပြီးပြီလေ"

မှော်မှန်သည် အငြင်းမပွားဘဲ ချန်နန်နန်၏ စကားအတိုင်း လိုက်လျောညီထွေ ဆက်ပြော၏။

"မင်းသမီးလေး၊ ကျွန်တော်က အရှင့်အတွက် ကျန်းမာရေး စစ်ဆေးမှုနဲ့ စကားပြောဖော် လုပ်ပေးတဲ့ ဝန်ဆောင်မှုတွေ ပေးခဲ့ပြီးပါပြီ၊ ဒါ့အပြင် နောက်ဆုံးရ မိုးလေဝသ သတင်းတွေကို ကြေညာပေးနိုင်သလို၊ ဝတ္ထုတွေလည်း ဖတ်ပြနိုင်ပါသေးတယ်၊ အခြားသော အခမဲ့ ဝန်ဆောင်မှုတွေကိုတော့ မှန်မျက်နှာပြင်မှာ ကြည့်ရှုရွေးချယ်နိုင်ပါတယ်"

လုပ်ဆောင်ချက် စာရင်းအရှည်ကြီးတစ်ခု မှော်မှန် မျက်နှာပြင်ပေါ်တွင် ပေါ်လာရာ ချန်နန်နန်မှာ မျက်စိပင် လည်သွားတော့သည်။

"အရှင့်အနေနဲ့ အခန်းထဲက တီဗီကို ဖွင့်ပြီး တည်းခိုခန်း တီဗီမှာ လာနေတဲ့ အစီအစဉ်အမျိုးမျိုးကို အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုနိုင်ပါတယ်၊ ဒါတွေအားလုံးက အခမဲ့ပါပဲ၊ တကယ်လို့ နောက်ဆုံးထွက် ဇာတ်လမ်းတွဲတွေ ဒါမှမဟုတ် အွန်လိုင်း ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ချင်တယ်ဆိုရင်တော့ အဖွဲ့ဝင် ဝန်ဆောင်မှုကို စတင်ဖို့ လိုအပ်ပါလိမ့်မယ်"

မှော်မှန်က ပြောလိုက်သည်နှင့် အခန်းထဲရှိ တီဗီမှာ အလိုအလျောက် ပွင့်လာပြီး တီဗီအဖွဲ့ဝင်ကြေး ဖြည့်သွင်းရန် QR code စကန်ဖတ်ရမည့် မျက်နှာပြင် ပေါ်လာသည်။ တီဗီမျက်နှာပြင်ပေါ်ရှိ တစ်နှစ်လျှင် (၁၉၉) ယွမ် ဆိုသည့် အဖွဲ့ဝင်ကြေးကို ကြည့်ရင်း ချန်နန်နန်မှာ စည်းရုံးခြင်း ခံရတော့မည့်အလား ခံစားလိုက်ရ၏။ အခုခေတ် အီလက်ထရွန်နစ် ပစ္စည်းတွေ အားလုံးက ဒီလိုပဲ ဖြစ်နေပုံရသည်။ အခမဲ့ လုပ်ဆောင်ချက်တွေ များစွာ ရှိသော်လည်း၊ အတွေ့အကြုံကို အဆင့်မြှင့်တင်ချင်လျှင်မူ အဖွဲ့ဝင်ကြေးများ ပေးသွင်းရန် သို့မဟုတ် ထပ်ဆောင်း အချက်အလက်များကို ဝယ်ယူရန် လိုအပ်သည်။ ချန်နန်နန်ကိုယ်တိုင်လည်း SSSVIP အဖွဲ့ဝင်ကြေးပေါင်းများစွာကို ဖြည့်သွင်းဖူးသူ ဖြစ်သည်။ သူမသည် သူမ၏ ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်၏။

"ဒါဆို ဘယ်လောက် ဖြည့်ရမှာလဲ"

သူမသည် မသိစိတ်ဖြင့် မှော်မှန်၏ စည်းချက်ထဲသို့ ပါသွားကာ ၎င်း၏ သိမ်းသွင်းမှုကို တဖြည်းဖြည်း ခံယူလိုက်မိသည်။ မှော်မှန်၏ မျက်နှာပြင်မှာ ထပ်မံ လင်းလက်လာပြီး စာသားများ ပြည့်နှက်နေသည့် ဝန်ဆောင်မှု သဘောတူညီချက်တစ်ခုကို ပြသလိုက်၏။

"ချစ်လှစွာသော မင်းသမီးလေး၊ ကုဒ်ကို စကန်ဖတ်ပြီး ငွေပေးချေလိုက်တာနဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်တွေကို သဘောတူရာ ရောက်ပါတယ်၊ နောက်ဆုံး စာပိုဒ်ကို ကြည့်ပေးပါ၊ ကျွန်တော်တို့ဟာ အတုအယောင် ဝန်ဆောင်မှုတွေကို ပေးတာဖြစ်တဲ့အတွက် ငွေပြန်အမ်းခြင်းကို လက်မခံပါဘူး"

ချန်နန်နန် မှန်ကို ကြည့်လိုက်သည်

"ဒါက ရှည်လွန်းတယ်"

၎င်းမှာ App တစ်ခုကို ဒေါင်းလုဒ်ဆွဲပြီး ဝင်ရောက်စဉ်က တွေ့ရသည့် ကိုယ်ရေးကိုယ်တာ ဝန်ဆောင်မှု သဘောတူညီချက်ထက်ပင် ပို၍ ရှည်လျားနေသည်။

"မင်းသမီးလေး၊ ကျွန်တော့်မှာ စွမ်းအင်တွေ များများရှိလေလေ၊ အရှင့်အတွက် အသေးစိတ်ကျတဲ့ အဖြေတွေကို ပေးနိုင်လေလေ ဖြစ်မှာပါ၊ အရာအားလုံးက အရှင့်ရဲ့ သဒ္ဓါတရားပေါ်မှာပဲ မူတည်ပါတယ်"

ဘုရားရေ၊ ဒီဝန်ဆောင်မှုက သတ်မှတ်စျေးနှုန်းတောင် မရှိပါလား။

"စကြဝဠာနဲ့ ဆက်သွယ်လိုက်ပါ၊ အရှင့်ရဲ့ အတွင်းစိတ်နဲ့ ဆုံတွေ့လိုက်ပါ၊ မင်းသမီးလေးအနေနဲ့ အရှင့်ရဲ့ အချစ်နဲ့ ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ အရှင့်ရဲ့ လက်ရှိ ပတ်ဝန်းကျင် ဒါမှမဟုတ် အခြေအနေက ဘယ်လိုပဲဖြစ်နေပါစေ၊ အရှင့်ကို ဘယ်အခြေအနေမှာမဆို ချစ်ပေးပြီး ထောက်ခံပေးမယ့်သူ အမြဲရှိနေမှာပါ၊ အခုဆိုရင် အရှင့်မှာ စကြဝဠာဆီက လမ်းညွှန်မှုအချို့ပဲ လိုအပ်နေတာပါ၊ မင်းသမီးလေး ကံကြမ္မာရဲ့ တီးတိုးပြောသံတွေကို မသိချင်ဘူးလား"

"ကျွန်တော်က အရှင့်အတွက် အဖြေကို ပေးပါ့မယ်"

မှော်မှန်က လှပသော အနာဂတ်တစ်ခုကို ပုံဖော်ပြလိုက်သည်။ ဘယ်သူက ကံကြမ္မာရဲ့ အဖြေတွေကို မသိချင်ဘဲ နေမလဲ ချန်နန်နန်လည်း သိချင်မိ၏။ ထိုအချိန်တွင် မှော်မှန်မှာ ချန်နန်နန်ကို နောက်ထပ် တစ်ချက် တွန်းအား‌ပေးလိုက်ပြန်၏။

"မင်းသမီးလေး၊ ကျွန်တော့်ကို အစပိုင်းမှာ စွမ်းအင် အနည်းငယ်လောက်ပဲ အရင်ပေးကြည့်ပါ၊ အရှင့်ရဲ့ အတိတ်ကို ကျွန်တော် ခြေရာခံကြည့်ပြီး စကြဝဠာရဲ့ စွမ်းအင်တွေကို ခံစားစေပါ့မယ်"

"အနည်းငယ်" ဆိုသည့် စကားကို ကြားလိုက်ရသဖြင့် ချန်နန်နန် စိတ်ယိုင်သွားသည်။ သူမသည် ကုဒ်ကို စကန်ဖတ်ကာ (၆၆) ယွမ် ပေးချေလိုက်ပြီး မှော်မှန်က ဘာတွေ ပြောမလဲဆိုသည်ကို နားထောင်ချင်နေမိသည်။

"အို ချစ်လှစွာသော မင်းသမီးလေး၊ အရှင့်ရဲ့ အချစ်တွေက ကျွန်တော့်ကို ခွန်အားတွေ ပြည့်စေပါတယ်၊ အခု အရှင့်ရဲ့ မွေးသ

က္ကရာဇ်ကို တိတိကျကျ ပြောပြပေးပါ၊ မိနစ်အထိ ပါရင် ပိုကောင်းပါတယ်"

(၆၆) ယွမ် ရရှိပြီးနောက်တွင် မှော်မှန်၏ အသံမှာ ပို၍ သိသိသာသာ ရွှင်မြူးသွားသည်။ ချန်နန်နန်က သူမ၏ မွေးနေ့ကို ပြောပြလိုက်၏။ သူမကို နံနက် (၈) နာရီတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ မွေးချိန်ကို ပြောပြပြီးနောက် သူမ တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသော်လည်း၊ သူမ ဘာမှ သေချာ မစဉ်းစားရသေးခင်မှာပင် မှော်မှန်က စတင် ပြောကြားလိုက်တော့သည်။

"ကျွန်တော့်ကို စကြဝဠာရဲ့ အလိုဆန္ဒတွေကို နားထောင်ခွင့်ပေးပါ၊ အရှင့်ရဲ့ အတိတ်ကို ကြည့်ပါရစေ"

"မင်းသမီးလေးကို နွေးထွေးပြီး ကြွယ်ဝတဲ့ မိသားစုမှာ မွေးဖွားခဲ့ပါတယ်"

မှော်မှန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ ၎င်း၏ အသံမှာ ပို၍ ပို၍ နတ်ဘုရားဆန်လာပြီး တကယ်ပင် မှော်အတတ် ရှိနေကာ စကြဝဠာ၏ အသံများကို ကြားနိုင်နေသကဲ့သို့ပင်။ ၎င်းမှာ ရုတ်တရက် အသံမြှင့်လိုက်၏။

"ကျွန်တော့်ရဲ့ သနားစရာကောင်းတဲ့ မင်းသမီးလေး၊ အရှင့်အသက် (၆) နှစ်ကနေ (၇) နှစ် အရွယ်မှာ အရင်းနှီးဆုံး ဆွေမျိုးတစ်ယောက် ကွယ်လွန်ခဲ့တယ် မဟုတ်လား၊ ဒါက အရှင့်အတွက် အတော်လေး ပြင်းထန်ခဲ့ပုံရတယ်"

ချန်နန်နန်၏ မျက်လုံးများ မသိစိတ်ဖြင့် ပြူးကျယ်သွားသည်။ မှော်မှန်က ဘယ်လို သိနေတာလဲ သူမ ဘာမှ မပြောခဲ့ရသေးပါဘူး။

"ဟုတ်တယ်၊ ကျွန်မရဲ့ အဖိုး ကွယ်လွန်ခဲ့တာ၊ ကျွန်မ ငယ်ငယ်တုန်းက မိဘတွေက အရမ်းအလုပ်များတော့ အဖိုးပဲ ကျွန်မကို ပြုစုပျိုးထောင်ခဲ့တာ"

ချန်နန်နန်သည် မှော်မှန်အပေါ် ပိုမို နက်နက်ရှိုင်းရှိုင်း ယုံကြည်သွားတော့သည်။

"မင်းသမီးလေးရဲ့ အရွယ်ရောက်စ ကာလမှာတော့ အရှင့်မိဘတွေရဲ့ ငွေဝင်ကံက အထူးကောင်းမွန်ခဲ့ပြီး၊ မိသားစု စည်းစိမ်ဥစ္စာတွေကလည်း လျင်မြန်စွာ တိုးတက်လာကာ ပိုင်ဆိုင်မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုမို ကြွယ်ဝလာခဲ့ပါတယ်"

ငွေဝင်ကံ မှော်မှန်က "ကံတရား" အကြောင်းကိုပါ သိနေတာလား။ မှော်မှန်သည် ချန်နန်နန် တက္ကသိုလ်တက်သည့် အချိန်အထိ ဆက်တိုက် ပြောကြားသွားသည်။ ချန်နန်နန်မှာ စိတ်ဝင်တစား နားထောင်နေရင်း ဆက်လက် သိချင်နေမိသော်လည်း၊ မှော်မှန်က ရုတ်တရက် ရပ်တန့်သွားသည်။

"ဒါပဲလား"

ချန်နန်နန်မှာ မျှော်လင့်တကြီး ကြည့်လိုက်၏။ မှန်မျက်နှာပြင်မှာ လင်းခနဲ ဖြစ်သွားပြီး QR code တစ်ခု ထပ်မံ ပေါ်လာပြန်သည်။ မှော်မှန်က အနည်းငယ် နစ်နာသလို လေသံဖြင့် ပြောလိုက်၏။

"မင်းသမီးလေး၊ ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ စွမ်းအင်တွေက မလုံလောက်တော့ပုံရတယ်"

ယောကျ်ားတစ်ယောက်က ချွဲနွဲ့ပြတာထက် ပိုပြီး တွန်းလှန်ရခက်တာ ဘာမှ မရှိပေ။ ယောကျ်ားအသံနှင့် မှန်တစ်ချပ်က ချွဲနွဲ့ပြခြင်းမှာလည်း၊ အထူးသဖြင့် ဤမျှ သာယာသောအသံနှင့်ဆိုလျှင် ဆွဲဆောင်အားက အတော်လေး ပြင်းထန်လှသည်။ ယခုတစ်ကြိမ်တွင်မူ ချန်နန်နန်သည် (၁၀၀) ယွမ်ကို အမြန်ပင် စကန်ဖတ်ကာ ပေးချေလိုက်တော့၏။ ထို့နောက်တွင် မှော်မှန်က ချန်နန်နန်၏ စရိုက်လက္ခဏာကို စတင် ခွဲခြမ်းစိတ်ဖြာပေးသည်။ လူသားတွေဟာ မိမိကိုယ်မိမိ အမြဲတမ်း သိချင်စိတ် ပြင်းပြတတ်ကြပြီး၊ အခုခေတ် ရေပန်းစားနေတဲ့ စရိုက်လက္ခဏာ ခွဲခြမ်းစိတ်ဖြာမှုတွေဟာလည်း ဒီအချက်ကိုပဲ အသုံးချကြခြင်း ဖြစ်သည်။ စရိုက်လက္ခဏာ ခွဲခြမ်းစိတ်ဖြာမှုက လူတွေကို သူတို့ရဲ့ အပြုအမူတွေအတွက် ဆင်ခြေရှာနိုင်စေသည်။

"ဒါကြောင့်ကိုး၊ ဒါကြောင့်လည်း ကျွန်မက ဒီလို ရွေးချယ်မှုတွေ အမြဲလုပ်မိနေတာပဲ၊ ကျွန်မက တကယ်ပဲ လွတ်လပ်မှုကို မြတ်နိုးပြီး အရှုံးမပေးတတ်တဲ့ သူတစ်ယောက်လား"

မှော်မှန်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် ချန်နန်နန်မှာ အတော်လေး ယုတ္တိရှိသည်ဟု ထင်မြင်မိသည်။ အရာအားလုံးက သူမ အပြစ်မဟုတ်ဘဲ၊ ပတ်ဝန်းကျင်က သူမ၏ စရိုက်ကို ပုံဖော်ခဲ့ခြင်းဖြစ်ကာ စရိုက်က ရွေးချယ်မှုတွေအပေါ် လွှမ်းမိုးခဲ့ခြင်း ဖြစ်၏။ အရာအားလုံးကို အခြားအရာတွေပေါ် အပြစ်ပုံချလိုက်ပြီး သူမကိုယ်တိုင်မှာ အပြစ်မရှိဟု ခံစားလိုက်ရသောအခါ၊ ချန်နန်နန် စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွားသည်။

မှန်ပေါ်တွင် QR code ထပ်မံ ပေါ်လာသောအခါ ချန်နန်နန် မတွန့်ဆုတ်တော့ပေ။ ယခုတစ်ကြိမ်တွင် သူမ ဘယ်လို ရွေးချယ်ရမလဲဆိုတာ သိချင်သဖြင့် (၁၀၀၀) ယွမ်အထိ ရိုက်ထည့်လိုက်သည်။

"ကျွန်တော့်ရဲ့ လှပပြီး သဒ္ဓါတရား ထက်သန်လှတဲ့ မင်းသမီးလေး၊ အရှင့်အနေနဲ့ အရှေ့ဘက်ကိုသာ တည့်တည့် သွားလိုက်မယ်ဆိုရင် အရှင့်ရဲ့ အခက်အခဲတွေက ချက်ချင်း ပြေလည်သွားပါလိမ့်မယ်"

မှော်မှန်၏ အသံထဲတွင် ထိန်းမနိုင်သိမ်းမရ ရယ်မောသံအချို့ ပါဝင်နေသည်။

"ပြီးတော့ရော"

ချန်နန်နန်မှာ စိတ်လှုပ်ရှားစွာ မေးလိုက်၏။ သူမသည် ယခုအချိန်တွင် မှော်မှန်ကို အလုံးစုံ ယုံကြည်နေမိပြီ ဖြစ်သည်။ မှော်မှန်က ပြန်မဖြေတော့ပေ။ ချန်နန်နန် အတန်ကြာ စောင့်ကြည့်နေမိသည်။

"ဒါပဲလား"

သူမ မယုံနိုင်အောင် ဖြစ်သွားရသည်။ အခန်းခထက် ပိုများလှတဲ့ (၁၀၀၀) ယွမ်ကိုမှ မှော်မှန်က ဒီစကားတစ်ခွန်းတည်းပဲ ပေးတာလား။ မှော်မှန်မှာ နောက်ထပ် သတင်းအချက်အလက်တွေ ထပ်မပေးတော့ဘဲ ပြန်ပြောလိုက်၏။

"အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး အရှေ့ဘက်ကိုသာ တည့်တည့်လျှောက်လှမ်းပါ၊ အရာအားလုံးမှာ သူ့ရလဒ်နဲ့သူ ရှိပါလိမ့်မယ်"

ချန်နန်နန်သည် (၁၀၀၀) ယွမ် အနှုတ်ခံလိုက်ရသည့် မှတ်တမ်းကို ကြည့်လိုက်ပြီး၊ မှော်မှန်က အစပိုင်းတွင် သူမကို ပြသခဲ့သော ငွေဖြတ်တောက်မှု သဘောတူညီချက်ကို သတိရသွားသည်။ သူမ ပါးစပ်လေး ဟသွားသော်လည်း ပြန်ပိတ်လိုက်မိ၏။ ပိုက်ဆံက အနှုတ်ခံလိုက်ရပြီပဲလေ။ သူမ ဘာတတ်နိုင်ဦးမှာလဲ။

စုဟယ်သည် နာရီပိုင်းအခန်းကို သန့်ရှင်းရေးလုပ်ရန် အပေါ်ထပ်သို့ တက်လာစဉ် သူမ၏ မိုဘိုင်းဘဏ်လုပ်ငန်းမှ အကြောင်းကြားချက် အသံတစ်ခုကို ကြားလိုက်ရသည်။ သူမ၏ အကောင့်ထဲသို့ ရုတ်တရက် ရောက်လာသော (၁၁၆) ယွမ်ကို ကြည့်ရင်း သူမ ခေါင်းကိုက်သွား၏။

"မှော်မှန်၊ နင်က ဂိမ်းစတိုးက ထုတ်တဲ့ ပစ္စည်းမဟုတ်လား၊ ငါက နင့်ကို ဝယ်ထားပြီးသားပဲကို၊ ဘာလို့ ဧည့်သည်တွေဆီက ပိုက်ဆံတွေကို စည်းမရှိကမ်းမရှိ လျှောက်တောင်းနေရတာလဲ၊ နောက်မှ ဧည့်သည်က လာတိုင်ရင်တော့ နင်ဘာသာနင် ဖြေရှင်းတော့"

မှော်မှန်က ဧည့်သည်ဆီက ရသမျှ ပိုက်ဆံတိုင်းအတွက် သူမက (၁၀) ရာခိုင်နှုန်း ကော်မရှင် ရမည်ဖြစ်သော်လည်း၊ စုဟယ်မှာမူ သူမလက်ထဲရှိ ပိုက်ဆံများမှာ ပူလောင်နေသလို ခံစားနေရသည်။ မှော်မှန်မှာ စုဟယ်အခန်းထဲ ဝင်လာသည်ကိုမြင်သောအခါ၊ အသံကို ပျင်းရိပျင်းတွဲဖြစ်သွားပြီး ဟန်မဆောင်တော့ဘဲ အေးစက်စက် ပြောလိုက်၏။

"စိတ်မပူပါနဲ့၊ ငါက အရာအားလုံးကိုသိတဲ့ အစွမ်းထက်မှော်မှန်ပဲ၊ ဧည့်သည်တွေက ပိုတိုးလာဖို့ပဲရှိတယ်"

စုဟယ် တစ်ခုခုထပ်ပြောမည်အပြုတွင် မှော်မှန်က အနည်းငယ် စိတ်မရှည်သလို ဖြစ်သွားသည်။

"နင် နင့်အလုပ်နင်သွားလုပ်စမ်းပါ၊ ငါ ပိုက်ဆံရှာနေတာကို လာမနှောင့်ယှက်နဲ့၊ နင်တို့ လူ့လောကက စကားနဲ့ ပြောရရင်တော့ ငါ့ကို စနစ်က ထုတ်ပေးထားတဲ့ စမတ်တီဗီ တစ်လုံးလို့ပဲ သဘောထားလိုက်၊ ငါက နင့်ကို အခမဲ့ အစီအစဉ်တွေ ပေးထားတယ်၊ ငါ့ရဲ့ အခပေး ကဏ္ဍတွေကိုတော့ နင် လာမစွက်ဖက်နဲ့"

ဧည့်သည်များမှာ အခပေးဝန်ဆောင်မှုများ ဝယ်ယူပြီးနောက် စုဟယ်မှ(၁၀) ရာခိုင်နှုန်း ရရှိကာ၊ ကျန်ရှိသော (၉၀) ရာခိုင်နှုန်းကို ဂိမ်းစတိုးနှင့် မှော်မှန်မှခွဲဝေယူကြသည်။ စုဟယ်သည် ဤဝန်ဆောင်မှုအတွက် တာဝန်မရှိသလို၊ မှော်မှန်၏အလုပ်ကိုလည်း သူမ တကယ်ပင် ဝင်ရောက် စွက်ဖက်၍မရပေ။

"မှော်မှန်ကလည်း ပိုက်ဆံ အဲ့ဒီလောက်တောင် လိုချင်နေတာလား"

"ပိုက်ဆံဆိုတာ စွမ်းအင်ပဲဟာ၊ နင်ရော ပိုက်ဆံ မလိုချင်ဘူးလား"

မှော်မှန်မှာ စုဟယ်ရှေ့တွင် ဟန်တောင် မဆောင်တော့ပေ။ စုဟယ်မှာ ဆို့နင့်သွားပြီး သူမ အိတ်ကပ်ထဲရှိ (၁၁၆) ယွမ်ကိုကိုင်ကြည့်ရင်း ဘာမှ ပြန်မပြောနိုင်တော့ချေ။

"ဪ ဒါနဲ့၊ အင်တာနက်ကို အဆင့်မြှင့်ဖို့ မမေ့နဲ့ဦး၊ အရမ်းနှေးလွန်းလို့ ငါ့အလုပ်ကို ထိခိုက်တယ်"

မှော်မှန်မှ အထင်သေးသလိုလေသံဖြင့် ပြောလိုက်သည်။

76

ချန်နန်နန်သည် သူမ၏ဖုန်းထဲမှ အရှေ့ဘက်တည့်တည့်ကို ညွှန်ပြနေသော အိမ်မြှောင်အတိုင်း ရှေ့သို့ လှမ်းလာခဲ့သည်။ သူမ လက်ထဲတွင် ကိုင်ထားသော မုန့်ထုပ်က အနည်းငယ် လေးလံနေပြီး ၎င်းက သူမကို လက်တွေ့ကမ္ဘာထဲတွင် ရှိနေကြောင်း အာရုံခံစားမှုကို ပို၍ ပေးစွမ်းနေ၏။

"ငါတော့ တကယ်ပဲ ရူးသွားပြီ ထင်တယ်"

အပြင်ဘက်က အအေးဒဏ်နှင့် ထိတွေ့လိုက်ရမှ ချန်နန်နန်၏ ဦးနှောက်မှာ ကြည်လင်သွားသလို ခံစားလိုက်ရသည်။ စောစောက စမတ်မှန်နှင့် ပြောခဲ့သမျှ စကားများကို ပြန်စဉ်းစားကြည့်ရာ သူမကိုယ်သူမ ခုနက ပြုစားခံလိုက်ရသလိုမျိုး ဖြစ်သွားခဲ့သည်ဟု ခံစားလိုက်ရသည်။ အခု ပြန်တွေးကြည့်တော့ ထိုစမတ်မှန်၏ စကားလုံးများမှာ ဗေဒင်ဆရာတစ်ယောက်၏ စကားများအတိုင်းပင်။ မွေးသက္ကရာဇ်ကို မေးသည်၊ ပြီးနောက် ငယ်ဘဝ

အတွေ့အကြုံများကို ပြောပြသည်၊

နောက်ဆုံးတွင်မူ ကံကြမ္မာဟောပေးရန်အတွက် ပိုက်ဆံတောင်းဆိုခြင်းဖြင့် ၎င်း၏ တကယ့်ရည်ရွယ်ချက်ကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ချန်နန်နန် ရုတ်တရက် နားလည်သွားသည်။ သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းမလေး ရည်းစားနှင့် လမ်းခွဲစဉ်ကလည်း ဤသို့ပင် ဖြစ်ခဲ့ဖူး၏။ သူမ၏ သူငယ်ချင်းသည် ရည်းစားဟောင်းနှင့် ပြန်အဆင်ပြေရန်အတွက် တတ်နိုင်သမျှ နည်းလမ်းမှန်သမျှကို အသည်းအသန် ကြိုးစားခဲ့ဖူးသည်။ တာရော့ ဆရာကို ရှာပြီး ဖဲချပ်ဆွဲခိုင်းသည်၊ နှင်းဆီသလင်းကျောက် တွေ ဝယ်သည်၊ ဘုရားကျောင်းကန်တွေ သွားပြီး နတ်ဗြဟ္မာတွေကို ဆုတောင်းသည်၊ နောက်ဆုံး မျက်မမြင် ဗေဒင်ဆရာကိုတောင်ရှာပြီး ဟောခိုင်းခဲ့သေး၏။

သူမ၏ သူငယ်ချင်း အမြင်မှန်ပြန်ရပြီး အတိတ်ကို မေ့နိုင်သွားသည့် အချိန်တွင်မူ ထိုယောကျ်ားအကြောင်းကိုမတွေးတော့သော်လည်းလောကီအကြားအမြင်ပညာရပ်များကိုမူ စွဲလမ်းမှု မဖြတ်နိုင်တော့ပေ။ သူမသည် လက်ကောက် အမြောက်အမြား

ဝတ်ဆင်ထားပြီး သူမ ယုံကြည်သော ဗေဒင်ဆရာများကိုလည်း သူငယ်ချင်းများထံ အတင်းအကျပ် အကြံပေးတတ်သည်။ မကြာသေးမီကပင် ဆရာတစ်ယောက်က သူမ၏ ငွေဝင်ကံ မကောင်းသဖြင့် ပိုက်ဆံဆုံးရှုံးလိမ့်မည်ဟု ဟောလိုက်ရာ၊ သူမမှာ ကြောက်လန့်တကြားဖြင့်

ထိုဆရာကိုပင် သူမ၏ အိမ်သို့ ဖုန်းရွှေ လာကြည့်ပေးရန် အမြန် ဖိတ်ခေါ်ခဲ့ရ၏။ သူမ၏ သူငယ်ချင်းမှာ ဆရာ့အတွက် ပိုက်ဆံအမြောက်အမြား ထပ်မံ အကုန်အကျ ခံလိုက်ရသည်။ ၎င်းမှာ တကယ်ပင် ပိုက်ဆံဆုံးရှုံးခြင်း ပင်ဖြစ်တော့သည်။

ချန်နန်နန်ကိုယ်တိုင်လည်း အွန်လိုင်းတွင် "မွေးသက္ကရာဇ်ဖြင့် အိုင်ချင်း ဗေဒင်ဟောခြင်း" ဆိုသည့် ကြော်ငြာများကို လက်ခံရရှိဖူးသည်။ ထိုကြော်ငြာများသည် အခမဲ့

ဟောပေးမည်ဆိုသည့် အချက်ကို အသုံးချကာ ဆွဲဆောင်လေ့ရှိသော်လည်း၊ကိုယ်ရေးအချက်အလက်များကို ရိုက်ထည့်ပြီးသည်နှင့် ငွေပေးချေရန် စျေးနှုန်းစာရင်းက ရုတ်တရက် ပေါ်လာတတ်သည်။

ချန်နန်နန်၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးဆိုလျှင် သူမ၏ အထက်လူကြီးက ဆူပူကြိမ်းမောင်းခြင်း ခံရချိန်တွင် ထိုသို့သော ဗေဒင်ဆရာထံ မေးမြန်းခဲ့ဖူးသည်။ ကံဇာတာ နိမ့်ပါးနေချိန် ဖြစ်ကြောင်းကြားလိုက်ရပြီးနောက် ကွန်ပျူတာက တွက်ချက်ပေးသည့် ရလဒ်များမှာ အတော်လေး တိကျသည်ဟုပင် ဆိုခဲ့သေး၏။ ကြည့်ရသည်မှာ ဤစမတ်မှန်သည်လည်း ဒေတာအချက်အလက်များကို အခြေခံထားသည့် ဗေဒင်ဟောခြင်း တစ်မျိုးသာ ဖြစ်ပုံရသည်။

လောကီအကြားအမြင် နယ်ပယ်ထဲမှ ပိုက်ဆံများမှာ တကယ်ကို ရှာရလွယ်ကူလှသည်။ ချန်နန်နန် ပိုတွေးမိလေလေ၊ သူမကိုယ်သူမ ရူးသွပ်သွားခဲ့ပြီဟု ပိုခံစားရလေလေပင်။ သူမ အချိန်ကို ကြည့်ရန် ပြင်လိုက်စဉ်မှာပင် ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသည်။

"နန်နန်"

သူမ ခေါင်းကို အမြန်လှည့်ကြည့်လိုက်ရာ ကျောက်ကျွင်းလန်၏ Maybach ကားကို တွေ့လိုက်ရသည်။ ကားမှန် တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး ကျောက်ကျွင်းလန်၏မျက်နှာ ပေါ်ထွက်လာသလို သူ့ဘေးတွင် ထိုင်နေသော မိန်းကလေးငယ်တစ်ဦးကိုလည်း မြင်လိုက်ရ၏။ သူမ ဘာမှမပြောရသေးခင်မှာပင် ကျောက်ကျွင်းလန်သည် ကားကို လမ်းပလက်ဖောင်းဘေးတွင် ရပ်လိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။

"နန်နန်၊ မင်း ဘာလို့ ဒီရောက်နေတာလဲ၊ အိမ်မှာရှိနေတာမဟုတ်ဘူးလား၊ ထမင်းရော စားပြီးပြီလား၊ အဖေနဲ့အမေရော ဘယ်မှာလဲ "

ချန်နန်နန်ကိုင်ထားသောအိတ်ကို သူမြင်သွားပြီးနောက် ထပ်ပြောလိုက်သည်။

"မင်းလည်း ဒီဆိုင်ကမုန့်တွေ ဝယ်ထားတာလား"

ချန်နန်နန်၏မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး ပါးစပ်ထောင့်များမှာလည်း မသိစိတ်ဖြင့် အောက်သို့တွန့်ကျသွားသည်။ သူပြောလိုက်တဲ့ "လည်း" ဆိုတာက ဘာကိုဆိုလိုတာလဲ။ ကျောက်ကျွင်းလန်သည် အွန်လိုင်းတွင် ရေပန်းစားနေသော ဆိုင်များကို စိတ်ဝင်စားတတ်သူမဟုတ်ပေ။ သူသည် အလုပ်နှင့်သာ အမြဲတမ်း အလွန်အမင်း အလုပ်ရှုပ်နေသူ ဖြစ်သည်။ သူမသိထားသလောက်ဆိုလျှင် ဟဲယဲ့တည်းခိုခန်းရှိမုန့်များမှာ နံနက်ပိုင်းတွင် အလွန်ပင် နာမည်ကြီးလှပြီး သူမကဲ့သို့ စောစောစီးစီး လာတန်းစီမှ ရနိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ကျောက်ကျွင်းလန်က ဘယ်ချိန်မှာ လာတန်းစီခဲ့သနည်း။ ကျောက်ကျွင်းလန်၏ မေးခွန်းများကို ကျော်ဖြတ်ကာ ချန်နန်နန် ပြန်လည်ချေပလိုက်၏။

"ရှင်လည်း ဒီဆိုင်ကမုန့်တွေ စားဖူးတာလား၊ ဘယ်တုန်းက ဝယ်ထားတာလဲ၊ ဘာလို့ ကျွန်မကိုကျတော့ မကျွေးတာလဲ "

ကျောက်ကျွင်းလန် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"ကိုယ်ဝယ်တာ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ အတွင်းရေးမှူးက ဝယ်လာပေးတာ၊ ဒီမုန့်က အဲ့ဒီလောက်တောင် နာမည်ကြီးလို့လား "

"ဟုတ်တယ် အရမ်းနာမည်ကြီးတယ်၊ ကျွန်မ မနက် (၈) နာရီမှာ ဆိုင်ကို ရောက်အောင်သွားမှ ဝယ်လို့ရတာ၊ ကားထဲက မိန်းကလေးက ရှင့်ရဲ့ အတွင်းရေးမှူးလား၊ ကျွန်မ အရင်ကမမြင်ဖူးပါဘူး"

ချန်နန်နန်၏ အမူအရာမှာ အေးစက်စက်ပင်။ ကားထဲရှိ မိန်းကလေးငယ်မှာ အမြန်ပင် ကားပေါ်မှ ဆင်းလာပြီး ချန်နန်နန်ကို နှုတ်ဆက်သော်လည်း ချန်နန်နန်မှာမူ သူမကိုမကြည့်ဘဲ ကျောက်ကျွင်းလန်၏မျက်လုံးများကိုသာ စိုက်ကြည့်နေဆဲဖြစ်သည်။

ကျောက်ကျွင်းလန်ကမူ မည်သည့်အရာမှ မှားယွင်းနေသည်ဟု မထင်မိပေ။ အလုပ်ဆိုသည်မှာ အခက်အခဲပေါင်းစုံနှင့် ပြည့်နှက်နေပြီးအတွင်းရေးမှူး အသစ်ပြောင်းခြင်းကဲ့သို့သော ကိစ္စသေးသေးလေးများကို မိသားစုထံ အစီရင်ခံနေစရာမလိုဟု သူယူဆထား၏။

"ဟုတ်တယ်၊ သူက ကိုယ့်ရဲ့ အတွင်းရေးမှူးအသစ် ကျင့်ကျင့်ပဲ၊ သူ ဒီမှာ အလုပ်ဝင်တာ နှစ်လလောက် ရှိပြီ"

"အတွင်းရေးမှူးအသစ်နဲ့ ရှင်ကိုယ်တိုင် ကားမောင်းလာတယ်ဆိုတော့ ဘယ်လိုဖြစ်တာလဲ၊ အတွင်းရေးမှူးဝမ်ရော ဘယ်ရောက်သွားလဲ "

ချန်နန်နန်၏အမူအရာမှာ ခန့်မှန်းရ ခက်လှသည်။

"အတွင်းရေးမှူးဝမ်ကိုတော့ စီမံကိန်းအသစ်တစ်ခုမှာ တာဝန်ပေးလိုက်ပြီ၊ ဒီမနက် အလုပ်ကိစ္စတချို့ ပြီးသွားတော့ ကျင့်ကျင့်က လမ်းဟောင်းမှာ

ဆိုင်ကောင်းကောင်း တစ်ဆိုင်ရှိတယ်လို့ ပြောတာနဲ့ လာခဲ့တာ၊ လမ်းဟောင်းက လမ်းတွေကကျဉ်းလွန်းတော့ ကျင့်ကျင့်က ကားမမောင်းရဲတာနဲ့ ကိုယ်ပဲ မောင်းလာလိုက်တာ"

လေပြင်းတစ်ချက် တိုက်ခတ်သွားရာ အတွင်းရေးမှူးကျင့်ကျင့်၏ စကတ်တိုလေးမှာ လွင့်တက်သွားသဖြင့် သူမသည် အနေရခက်စွာဖြင့် စကတ်ကို အောက်သို့ ဆွဲချလိုက်သည်။ ချန်နန်နန် ရုတ်တရက် ပြုံးလိုက်၏။

"ကောင်းပြီလေ၊ ရှင်တို့နှစ်ယောက် အရင်ပြန်ကြတော့၊ ကျွန်မကတော့ နည်းနည်းလောက် ထပ်လမ်းလျှောက်ဦးမယ်"

ကျောက်ကျွင်းလန်မှာလည်း ဟန်ဆောင်ပန်ဆောင် အားနာပြမနေဘဲ ကားပေါ်သို့ တိုက်ရိုက်ပြန်တက်သွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့ဇနီးပင်ဖြစ်၏။ ထို့ပြင် ကုမ္ပဏီပြန်မည့်လမ်းသည်လည်း ချန်နန်နန်အိမ်ပြန်မည့် လမ်းဘက်မှာမဟုတ်ပေ။

ကျောက်ကျွင်းလန် လှမ်းပြောလိုက်သည်။

"ဒါဆို ကိုယ် သွားတော့မယ်နော်၊ ဒီညတော့ အိမ်ကိုစောစောပြန်လာခဲ့ပါ့မယ်"

ချန်နန်နန်သည် ထွက်ခွာသွားသော ကားလေးကို ကြည့်နေပြီးနောက် သူမဖုန်းထဲရှိ သံလိုက်အိမ်မြှောင်ကို ပြန်ငုံ့ကြည့်လိုက်သည်။ ချန်နန်နန်၏ လက်များမှာ အနည်းငယ် တုန်ယင်နေသဖြင့် သံလိုက်အိမ်မြှောင်လက်တံမှာလည်း တုန်ခါနေသော်လည်း အရှေ့ဘက်ကိုမူ ခိုင်ခိုင်မာမာ ညွှန်ပြနေဆဲဖြစ်၏။

အရှေ့ဘက်လား၊ ဒါစမတ်မှန်က သူမကို ပေးခဲ့တဲ့ အကြံဉာဏ်မဟုတ်လား။

ချန်နန်နန် ရုတ်တရက် အရာအားလုံးမှာ စိတ်ပျက်စရာ ကောင်းလှသည်ဟု ခံစားလိုက်ရသည်။ ကျောက်ကျွင်းလန်နှင့် အတွင်းရေးမှူးအသစ် ကျင့်ကျင့်တို့ကြားမှာ တစ်ခုခုရှိနေလိမ့်မည်ဟု သူမ မထင်ပေ။ ကျောက်ကျွင်းလန်မှ အရာအားလုံးကို ရှင်းရှင်းလင်းလင်းပြောပြနေပုံမှာ ထိုဘက်ကို သူလုံးဝစိတ်မဝင်စားကြောင်း ထင်ရှားနေသည်။ အတွင်းရေးမှူးကျင့်ကျင့်ကလည်း သူမခံစားချက်အားလုံးကို မျက်နှာထက်တွင် ဖော်ပြနေသူဖြစ်ပြီး၊ ကျောက်ကျွင်းလန်ကမူ သူမကို အလုပ်ချိန်ကြားထဲရှိ အပန်းဖြေစရာတစ်ခုခုအဖြစ်သာ မြင်နေပုံရ၏။

ချန်နန်နန် စိတ်ပျက်မိသည်မှာ အမြဲတမ်း သူမတစ်ယောက်တည်းသာ ပူပန်နေရခြင်းကြောင့်ဖြစ်သည်။ သူမသည် ယောက္ခမများ၏ ခံစားချက်ကို ထည့်တွက်ရပြီး၊ ကလေးယူရန် တိုက်တွန်းမှုများကို တစ်ယောက်တည်း ရင်ဆိုင်နေရ၏။ အခြားမြို့သို့

အလုပ်ပြောင်းရလျှင် ခင်ပွန်းနှင့် ဇနီးကြား သံယောဇဉ်ကိစ္စများကိုလည်း သူမ ထည့်တွက်ရပြန်သည်။ အလုပ်နှင့် မိသားစုကြားရှိ မျှခြေကိုလည်း သူမကသာ စဉ်းစားပေးရသည်။ ဒါပေမဲ့ ဘာလို့ အမြဲတမ်းသူမတစ်ယောက်တည်းကပဲ စဉ်းစားနေရတာလဲ။ ဘာလို့

ကျောက်ကျွင်းလန်ကကျတော့ ဒီလောက် လွတ်လပ်ပေါ့ပါးနေရတာလဲ။ အလုပ်ချိန်ကြားထဲ သူ့အားလပ်ချိန်လေးကိုခိုးယူပြီး လမ်းဟောင်းမှာ အတွင်းရေးမှူးနဲ့ အတူတူထမင်းလာစားနိုင်သလို၊ သူမထက်တောင် အရင်ဦးအောင်အရသာရှိတဲ့ မုန့်တွေကို မြည်းစမ်းခွင့် ရနေသေး၏။

ချန်နန်နန်သည် လမ်းဘေးမှလှေကားထစ်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး မုန့်ထုပ်ကိုဖြေလိုက်သည်။ တကယ်ကို အရသာရှိတဲ့ မုန့်တွေပဲကို ဘာလို့ သူမက အခုမှမြည်းကြည့်နေရတာလဲ။မုန့်တစ်ဝက်လောက်ကို တစ်ယောက်တည်း စားပြီးနောက်တွင်မူ ချန်နန်နန်စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူမ ဖုန်းကိုထုတ်ပြီး ဖုန်းခေါ်လိုက်၏။

"ဒါရိုက်တာကျန်း ကျွန်မ နန်နန်ပါ၊ ပြီးခဲ့တဲ့အခေါက်က ကျွန်မကို ပင်လယ်ကွေ့ဧရိယာဆီ အလုပ်ပြောင်းဖို့ကိစ္စပြောခဲ့တုန်းက စဉ်းစားကြည့်ပါဦးမယ်လို့ ကျွန်မပြောခဲ့တယ် မဟုတ်လား၊ ဟိုလေ ကျွန်မမှာကိုယ်ဝန်ရှိနေပြီ"

ဖုန်းထဲရှိအသံမှာ ဝေဝါးသွားသည်။

"ဒါဆို မင်းကငြင်းတော့မှာပေါ့"

"မဟုတ်ပါဘူး မဟုတ်ပါဘူး၊ ကျွန်မ ငြင်းမလို့ မဟုတ်ပါဘူး၊ ဒီအခွင့်အရေးကို လက်လွှတ်မခံချင်ပါဘူး၊ ဒါပေမဲ့ ကျွန်မမှာ ကိုယ်ဝန်ရှိနေရင်ရော ပြည်ပရုံးခွဲကို တာဝန်ပေးလို့ ရနိုင်သေးလားလို့ သိချင်လို့ပါ"

"အို နန်နန်၊ မင်းက အခု တကယ်ကို တက်ကြွနေတာပဲ၊ ဒါမျိုးက ခပ်ရှားရှားပါလား၊ အရင်ကဆို မင်းရဲ့အခြေအနေကိုကြည့်ပြီး မင်းက မိသားစုကိုပဲ ဦးစားပေးချင်တယ်လို့ ငါ ထင်နေတာ၊ ဒါပေမဲ့ မင်းမှာကိုယ်ဝန်ရှိနေတယ်ဆိုရင်တော့ ပြည်ပတာဝန်ကာလကို အနည်းဆုံး တစ်နှစ်လောက်ထပ်တိုးရလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် မင်းရဲ့ စွမ်းအင်က ကန့်သတ်ချက်ရှိတာကိုး"

"ပြဿနာမရှိပါဘူး ဒါရိုက်တာကျန်း"

"ကောင်းပြီလေ၊ ဒါဆို အလုပ်ပြန်တက်တဲ့အခါ အသေးစိတ် ထပ်ဆွေးနွေးကြတာပေါ့"

"နောက်ထပ် တစ်ခုရှိပါသေးတယ် ဒါရိုက်တာကျန်း၊ မကြာခင်ဆို လမုန့်ပွဲတော် ရောက်တော့မယ်မဟုတ်လား၊ ဒါရိုက်တာ့အတွက် လမုန့်ပွဲတော်အတွက် လက်ဆောင်အဖြစ်ပေးဖို့ လမုန့် တစ်မျိုးကို အကြံပေးချင်လို့ပါ"

All Chapters