← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

77

ပြန်လည်ရောက်ရှိလာသော ချန်နန်နန်ကို ကြည့်ပြီး စုဟယ်၏ရင်မှာ တဒိန်းဒိန်း ခုန်သွားရသည်။ ချန်နန်နန်တစ်ယောက် ပိုက်ဆံပြန်အမ်းခိုင်းဖို့ ရောက်လာတာလားဟု သူမ တွေးတောနေမိသည်။ မှော်မှန်က ချန်နန်နန်ထံမှ ယွမ် (၁၀၀၀) ကျော် တောင်ယူထားသည် မဟုတ်လား။ အခု ချန်နန်နန် တည်းခိုခန်းကို ပြန်ရောက်လာပုံအရ သူမ စိတ်ပြန်မှန်သွားပြီး စာရင်းလာရှင်းတာဖြစ်နိုင်သည်ဟု စုဟယ်ခန့်မှန်းလိုက်သည်။

စုဟယ်မှ သူမကို နှုတ်ဆက်ရန် အမြန်လှမ်းလာသော်လည်း၊ ချန်နန်နန် ပို၍ စိတ်မဆိုးသွားစေရန် မှော်မှန်အကြောင်းကိုမူ တမင်ရှောင်၍ မပြောဘဲ နေလိုက်သည်။ တစ်ချိန်တည်းမှာပင် ချန်နန်နန် ဘာပဲပြောပြော သူမဘက်ကတော့ ပြုံးပြုံးလေးပဲ တုံ့ပြန်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။ ချန်နန်နန်ကတော့ ဖောက်ထွင်းမြင်ရသည့် မှန်လုံမီးဖိုချောင်ထဲတွင် ဟုန်လျန် လမုန့်လုပ်နေသည်ကို အနီးကပ်ငုံ့ကြည့်နေ၏။

ဟုန်လျန်၏ လမုန့်ပုံဖော်သည့် လက်ရာမှာ စီးဆင်းနေသော ရေအလားချောမွေ့လွန်းလှပြီး အနုပညာဖျော်ဖြေမှုတစ်ခုကို ကြည့်နေရသကဲ့သို့ပင်။ သူမ၏ လက်ချောင်းလေးများသည် မုန့်သားများကြားတွင် လိပ်ပြာလေးများ ပျံသန်းနေသကဲ့သို့ပေါ့ပါးသွက်လက်နေသည်။ သူမသည် ဦးစွာ မုန့်သားကို

အလုံးလေးဖြစ်အောင် နယ်သည်၊ ထို့နောက် အသာအယာ ပြားလိုက်ပြီး အလယ်တွင် လက်ချောင်းဖြင့် အချိုင့်လေးပြုလုပ်ကာ အနှစ်များ ထည့်လိုက်၏။ ပြီးနောက် မုန့်သားကို ပြန်ပိတ်ကာ ပုံစံခွက်ဖြင့် လှပသော ပန်းလက်ရာများ ပေါ်လာအောင်

ဖိချလိုက်သည်။

ဟုန်လျန်၏ လှုပ်ရှားမှုများမှာ မြန်ဆန်ပြီး တိကျလှသည်။ လမုန့်တိုင်းမှာ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် ပန်းလက်ရာများအထိ တစ်ခုနှင့်တစ်ခု အတိအကျ တူညီနေသည်။ လက်ရာမြောက်လှသော လမုန့်လေးများသည် မုန့်ပြင်ခုံ ပေါ်တွင် အစီအရီ ပေါ်ထွက်လာပြီး၊ မြင်ရသူတိုင်း သွားရည်ကျစေလောက်သည့် မွှေးပျံ့သော ရနံ့များ ထွက်ပေါ်‌ နေသည်။ ချန်နန်နန်သည် စုဟယ်ဘက်သို့ လှည့်ကာ မေးလိုက်၏။

"သူဌေးမ ရှင့်ရဲ့ လမုန့်လက်ဆောင်ဗူးတွေက တစ်ဗူးကို ဘယ်လောက်လဲ"

ဟင် သူမက ပိုက်ဆံပြန်အမ်းခိုင်းဖို့ လာတာ မဟုတ်ဘူးလား။ စုဟယ်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီးပြောလိုက်၏။

"ကျွန်မတို့ လမုန့်လက်ဆောင်ဗူးတွေကို လောလောဆယ် မနက်ပိုင်းမှာပဲ ရောင်းပေးတာပါ၊ မစ္စချန်လည်း တစ်ဗူးဝယ်သွားတယ် မဟုတ်လား"

ချန်နန်နန် သည် လက်ဖက်ရည်သောက်စရာ နှင့် မုန့်အမျိုးမျိုး ဝယ်သွားသည်ကို စုဟယ် မှတ်မိနေသည်။ ချန်နန်နန်သည် သူမလက်ထဲက ပလတ်စတစ်အိတ်ကို မြှောက်ပြလိုက်ပြီးပြော၏။

"ဟုတ်တယ် သူဌေးမ၊ ရှင့်ရဲ့လမုန့်တွေကို ကျွန်မ မြည်းကြည့်ပြီးပြီ၊ တကယ့်ကို အရသာရှိလွန်းတယ်"

သူမပြောနေစဉ်မှာပင် လမုန့်၏ ကြွယ်ဝသောရနံ့မှာ ပါးစပ်ထဲတွင် စွဲကျန်နေဆဲဖြစ်ပြီး အမှန်တကယ်ပင် မေ့မရနိုင်အောင် ကောင်းလှသည်။

"ဒီလိုပါ သူဌေးမလေး၊ ရှင့်ရဲ့ လမုန့်တွေကို အများကြီးမှာလို့ရမလားဆိုတာ သိချင်လို့ပါ"

ချန်နန်နန်မှာ တံတွေးတစ်ချက် မျိုချလိုက်ပြီး အဓိကအကြောင်းအရာကိုစတင်ပြောဆိုလိုက်သည်။

"အများကြီး မှာချင်တာလား"

စုဟယ် ဒါကိုတစ်ခါမှ မစဉ်းစားဖူးပေ။ ချန်နန်နန် သူမဖုန်းကိုထုတ်ကာ ဓာတ်ပုံအယ်လ်ဘမ်ကိုဖွင့်ပြီး စုဟယ်ကို သူမလိပ်စာကတ်ကို ပြလိုက်သည်။

"သူဌေးမ၊ ကျွန်မက ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စ ဆွေးနွေးချင်တာပါ၊ ကျွန်မတို့ ကုမ္ပဏီအတွက်လမုန့်ပွဲတော်လက်ဆောင်အဖြစ် ဟဲယဲ့တည်းခိုခန်းက လမုန့်တွေကို အများကြီးဝယ်ယူချင်လို့ပါ၊ ဟဲယဲ့တည်းခိုခန်းရဲ့ မုန့်တွေက အရမ်းနာမည်ကြီးပြီး ရောင်းမထွက်မှာကို စိတ်ပူစရာမလိုဘူးဆိုတာ ကျွန်မသိပါတယ်၊ ကျွန်မတို့ကုမ္ပဏီက ဟွာနိုင်ငံရဲ့ ထိပ်တန်းဘဏ္ဍာရေးကုမ္ပဏီတစ်ခုပါ၊ ဒီလမုန့်တွေကို ကျွန်မတို့ရဲ့အဓိက ဖောက်သည်ကြီးတွေအတွက် လက်ဆောင်ပေးဖို့ ရည်ရွယ်တာပါ၊ သူဌေးမရဲ့လမုန့်တွေက တကယ်ကို အရသာရှိလွန်းလို့ ဒါဟဲယဲ့တည်းခိုခန်းရဲ့မုန့်တွေကို ယုံကျန်းမြစ်အပြင်ဘက်အထိ မိတ်ဆက်ပေးနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုလို့ ကျွန်မ ထင်ပါတယ်၊ ကျေးဇူးပြုပြီး သေချာလေး စဉ်းစားပေးပါဦး"

စုဟယ်၏ ရည်မှန်းချက်မှာ ပိုက်ဆံအများကြီး ရှာဖို့သက်သက်မဟုတ်ကြောင်း ချန်နန်နန် ရိပ်မိထားသဖြင့် ပိုက်ဆံအကြောင်းကို သူမချက်ချင်း ထုတ်မပြောသေးပေ။ အကယ်၍ ပိုက်ဆံတစ်ခုတည်းအတွက်သာဆိုလျှင် တည်းခိုခန်းပိုင်ရှင်မှာ လုပ်ငန်းကို ချဲ့ထွင်ပြီး၊ မုန့်လုပ်တဲ့ဆရာတွေ ဒါမှမဟုတ် တပည့်တွေ အများကြီးခန့်ကာ မုန့်တွေအများကြီး ထုတ်လုပ်နိုင်သည် မဟုတ်လား။

အခုဆိုလျှင် ဟဲယဲ့တည်းခိုခန်း၏မုန့်များမှာ နာမည်ရနေပြီဖြစ်သောကြောင့် အရသာအနည်းငယ် လျော့သွားလျှင်တောင် သိပ်ပြဿနာမရှိနိုင်ပေ။ ဖောက်သည်များမှာ ဝယ်ယူကြမည်သာ ဖြစ်သည်။ နာမည်ကြီးဆိုင်တော်တော်များများမှာ နာမည်ရလာသည်နှင့် လုပ်ငန်းကို အသည်းအသန်ချဲ့ထွင်တတ်ကြ၏။ သူမကို ချန်နန်နန်မှ စည်းစိမ်ဥစ္စာနဲ့ နာမည်ဂုဏ်ဒြပ်အပေါ်မမက်မောသူတစ်ယောက်အဖြစ် ထင်နေသည်ကိုသာ စုဟယ်သာသိသွားလျှင် သူမ ချက်ချင်းထကန့်ကွက်မိမှာ သေချာသည်။ သူမကမမက်မောတာ မဟုတ်ပါဘူး၊ ပိုက်ဆံကို အရမ်းရှာချင်နေတာပါ။

တည်းခိုခန်းရှိထုတ်လုပ်မှုကို မချဲ့ထွင်နိုင်ရခြင်း အကြောင်းရင်းမှာ ဟုန်လျန်သည် အလွန်ထူးခြားနေသောကြောင့် ဖြစ်သည်။ ဟုန်လျန်မှာ အခုအခါပို၍ ရွှင်မြူးတက်ကြွလာသည်ဆိုသော်ငြား သူမ၏ထူးခြားသော မူလအထောက်အထားနှင့် ကြီးပြင်းလာပုံမတူညီမှုကြောင့် သာမန်လူများနှင့် ကွာခြားချက်များစွာ ရှိနေဆဲ ဖြစ်၏။ ဒါကို လအနည်းငယ်အတွင်းမှာ ပြောင်းလဲပစ်ဖို့ မဖြစ်နိုင်ပေ။ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲက မူလအရိပ်အယောင်တွေကို ဖျောက်ဖျက်ဖို့ လွယ်ကူနေမည်ဆိုလျှင်၊ ပြည်ပမှာ ကျောင်းသွားတက်တဲ့ တရုတ်ကျောင်းသားများနှင့် အနောက်နိုင်ငံ၌ကြီးပြင်းလာသော တရုတ်နွယ်ဖွားများကြား ဘာလို့ သိသိသာသာကွဲပြားချက်များရှိနေနိုင်ပါမည်နည်း။

လက်ရှိတည်းခိုခန်းမှာ အစ်မကျန်း၊ လီရှီနဲ့ တခြားသူတွေက သူတို့အလုပ်နဲ့သူတို့ ရှိနေကြပြီး ဟုန်လျန်နဲ့ အနီးကပ် ထိတွေ့မှုမရှိကြသဖြင့်၊ ဟုန်လျန်၏ ထူးခြားချက်တွေကိုသတိမထားမိကြသေးပေ။ သို့သော်လည်း အကယ်၍ တပည့်တွေ ဒါမှမဟုတ် တခြားမုန့်ဆရာတွေကို ဟုန်လျန်နဲ့ အတူတူအလုပ်လုပ်ဖို့ စီစဉ်လိုက်လျှင်၊ နှစ်ဦးနှစ်ဖက် နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ထိတွေ့ရမည်ဖြစ်ရာ၊ ဟုန်လျန်၏ ထူးခြားသော သဘာဝကို ဖုံးကွယ်ထားရန် ခက်ခဲသွားလိမ့်မည်။

ဒါ့အပြင် ဟုန်လျန်မှာ ထူးခြားတဲ့ စွမ်းရည်တစ်ခုလည်း ရှိသေးသည်။ သူမက အစားအစာ၏ အရသာကို (၅) ရာခိုင်နှုန်း ပိုကောင်းအောင် လုပ်ပေးနိုင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မုန့်လုပ်နည်း အတူတူပင် ဖြစ်သော်လည်း၊ ဟုန်လျန်ကိုယ်တိုင်နယ်ပြီး ဖုတ်လိုက်သည့် မုန့်က တခြားသူလုပ်တာထက် ပို၍ အရသာရှိနေခြင်းဖြစ်၏။ တည်းခိုခန်းမှ ငှားလိုက်သည့် မုန့်ဆရာမှာ ဟုန်လျန်ဆီမှ နည်းစနစ်ကို

သင်ယူသွားသော်လည်း နည်းစနစ်အတိုင်း တိတိကျကျလုပ်ပါလျက်နှင့် ဟုန်လျန်လုပ်သည့် အရသာကို သူမမီကြောင်းတွေ့ရှိသွားလျှင် ကြာလာသည်နှင့်အမျှ သူတို့သံသယမှာ ကြီးထွားလာပေလိမ့်မည်။

ထို့ကြောင့် လက်ရှိတွင် ဟဲယဲ့တည်းခိုခန်း၏မုန့်များမှာ ဟုန်လျန် တစ်ဦးတည်းအပေါ်မှာပဲ အားကိုးနေရဆဲ ဖြစ်သည်။ ဟုန်လျန်၏ နာမည်ကျော်ကြားမှုမှာလည်း လျင်မြန်စွာ မတိုးတက်ရခြင်းမှာ သူမ တစ်နေ့တာ ထုတ်လုပ်နိုင်သည့် ပမာဏမှာ အလွန်ပင် ကန့်သတ်ချက် ရှိနေသောကြောင့် ဖြစ်သည်။ ချန်နန်နန်၏ ကမ်းလှမ်းချက်မှာ တကယ်ပင် ဆွဲဆောင်မှု ရှိလှသည်။ ဘဏ္ဍာရေးကုမ္ပဏီတစ်ခု၏ အဓိက ဖောက်သည်ကြီးများမှာ အဆင့်အတန်း မြင့်မားသူများသာ ဖြစ်၏။ အကယ်၍ ဟုန်လျန်လုပ်သည့် မုန့်များက သူတို့၏မျက်စိကျခြင်းကို ခံရလျှင် ၎င်းမှာ အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်လာပေလိမ့်မည်။ စုဟယ်၏ အမူအရာ ပျော့ပြောင်းသွားသည်ကို မြင်သောအခါ ချန်နန်နန်က ဆက်ပြော၏။

"ကျွန်မတို့ ကုမ္ပဏီရဲ့ အဓိက ဖောက်သည်ကြီးတွေက အဆက်အသွယ် အရမ်းများကြပါတယ်၊ အဲ့ဒီထဲမှာ အစားအသောက် အရမ်းကြိုက်တဲ့ အစားအသောက် ကျွမ်းကျင်သူတွေလည်း ပါဝင်ပါတယ်၊ တစ်ခါတုန်းက ကျွန်မတို့ ကုမ္ပဏီက လက်ဆောင်အဖြစ် ဂဏန်း တွေ ပေးခဲ့ဖူးတယ်၊ အဲ့ဒီဂဏန်းတွေက အရမ်းအရသာရှိတော့ဖောက်သည်ကြီးတစ်ယောက်က သဘောကျသွားပြီး၊ ဂဏန်းမွေးမြူတဲ့သူရဲ့ လိပ်စာကို တောင်းကာ ကန်ထဲက ဂဏန်းအားလုံးကို သိမ်းကျုံးဝယ်ယူလိုက်ဖူးတယ်၊ အခုဆို အဲ့ဒီဂဏန်းကန်က တော်တော်လေး နာမည်ကြီးနေပြီလေ"

"သူဌေးမ၊ ကျွန်မကတော့ ရှင့်ရဲ့ လမုန့်တွေက တကယ်ကောင်းတယ်လို့ ထင်ပါတယ်၊ ဒါက အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်မှာပါ"

ချန်နန်နန်မှ အလွန်ရိုးသားစွာပြောဆိုလိုက်သည်။ သူမ အမှန်အတိုင်းပြောနေခြင်း ဖြစ်သည်။ သူတို့ကုမ္ပဏီ၏ ယခုနှစ်လမုန့်ပွဲတော်လက်ဆောင်အတွက် ဘာပေးရမည်ကို မဆုံးဖြတ်ရသေးခြင်းမှာ သူတို့အပေါ် မျက်စိကျ‌နေသော အစားအသောက်ကုမ္ပဏီများ‌ကြောင့်ကြောင့်ဖြစ်သည်။ အထူးသဖြင့် ဘဏ္ဍာရေး အခက်အခဲဖြစ်နေသော အစားအသောက် ကုမ္ပဏီများမှာ သူတို့ကုမ္ပဏီကို မျက်စိဒေါက်ထောက်ကြည့်နေကြ၏။ အကယ်၍ သူတို့ထုတ်ကုန်ကသာ အဓိကဖောက်သည်ကြီးများ၏ သဘောကျမှုကိုရသွားလျှင် ထိုသူဌေးကြီးများဆီမှ ရင်းနှီးမြှုပ်နှံမှုများရနိုင်သည့် အခွင့်အရေးရှိသောကြောင့် ဖြစ်သည်။

အထူးလက်ထောက် တစ်ယောက်အနေဖြင့် ချန်နန်နန်မှာ ထိုကာလအတွင်း ကုမ္ပဏီများစွာမှ နမူနာပစ္စည်းများကို လက်ခံရရှိထားသလို ကုမ္ပဏီအောက်ထပ်၌လာစောင့်ပြီး သူမကို ထမင်းကျွေးကာ လက်ဆောင်ရွေးချယ်တဲ့အခါ သူတို့ကုမ္ပဏီဘက်ကနေ စကားကောင်းလေး ပြောပေးဖို့ တောင်းဆိုကြသူတွေလည်း အများကြီးရှိသည်။

"လမုန့်က အရေအတွက်ဘယ်လောက်လောက် လိုမှာလဲ"

စုဟယ် မေးလိုက်သည်။ စျေးကွက်အသစ်ကို ဖွင့်လှစ်ဖို့နဲ့ ဟုန်လျန်ရဲ့ နာမည်ကို မြှင့်တင်ပေးဖို့ အခွင့်အရေးကို သူမလက်လွှတ်မခံချင်ပေ။

"အနည်းဆုံး ဗူး (၁၀၀၀) ပါ၊ ပြီးတော့ လက်ဆောင်ဗူး အကြီးစားတွေ ဖြစ်ရပါမယ်၊ ဖြစ်နိုင်မယ်ဆိုရင် လမုန့်အပြင် ဒီတည်းခိုခန်းရဲ့ နာမည်ကြီး မုန့်အချို့ကိုပါ ဗူးထဲမှာ ထည့်ချင်ပါတယ်၊လက်ဆောင်ဗူးတွေကိုလည်း အထူးမှာယူလုပ်ဖို့ လိုပါလိမ့်မယ်"

ချန်နန်နန်သည် အလုပ်နှင့်ပတ်သက်လျှင် အလွန်အလေးအနက်ထားသူ ဖြစ်သည်။ ဟဲယဲ့တည်းခိုခန်းရှိ မုန့်များမှာ အရသာရှိသည်ကိုသိသော်လည်း သူမသည် တင်းကျပ်သော စံနှုန်းများကို ထားရှိမည်သာဖြစ်၏။ ဒါက စီးပွားရေးပဲ မဟုတ်လား။ စုဟယ် ခေါင်းညိတ်လိုက်သည်။

"မစ္စချန် ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ အဆက်အသွယ်ကတ် လဲထားကြရအောင်၊ ကျွန်မ ခဏနေမှ အကြောင်းပြန်ပေးလို့ ရမလားရှင့်"

ချန်နန်နန် ခေါင်းညိတ်သည်။

"ရပါတယ် ဒါနဲ့ သူဌေးမလေး၊ ရှင့်ရဲ့ (၆ ) ထပ်မှာ အစည်းအဝေးခန်း

ကောင်းကောင်းတစ်ခု တွေ့ခဲ့တယ်၊ အဲ့ဒါက အပြင်လူတွေကို ငှားပေးတာလား"

စုဟယ် အံ့သြသွားပြီး အမှန်အတိုင်း ပြန်ပြောလိုက်သည်။

"မနက်ပိုင်းဆိုရင်တော့ ရပါတယ်၊ မစ္စချန်က အစည်းအဝေးခန်းငှားချင်လို့လား"

"ကျွန်မတို့ ကုမ္ပဏီက အစည်းအဝေးတွေနဲ့ ဟောပြောပွဲတွေ ခဏခဏလုပ်လေ့ရှိပါတယ်၊ အခွင့်အရေးရှိရင်ပူးပေါင်းဆောင်ရွက်နိုင်မလားလို့ပါ"

ပုံမှန်အစည်းအဝေးများအပြင် ဘဏ္ဍာရေးကုမ္ပဏီများမှ သူတို့ထုတ်ကုန်များကို ကြော်ငြာဖို့နှင့်ရင်းနှီးမြှုပ်နှံသူများ ရှာဖို့အတွက် ဘဏ္ဍာရေးဆိုင်ရာ ဟောပြောပွဲတွေနဲ့ ဆွေးနွေးပွဲကြီးတွေကို ပြုလုပ်လေ့ရှိကြသည်။

စုဟယ်မှာ တကယ်ပင်အံ့အားသ‌င့်သွားရသည်။ သူမမှာဒီနယ်ပယ်ရှိ လူမဟုတ်သော်လည်း ချန်နန်နန်အလုပ်လုပ်သည့် ဘဏ္ဍာရေးကုမ္ပဏီမှာ အမှန်တကယ် နာမည်ကြီးလှသည်ကိုရိပ်မိလိုက်၏။ သူမ၏တည်းခိုခန်းလေးမှာ ဘာကြောင့်များ ချန်နန်နန်၏မျက်စိကျခြင်းကိုခံလိုက်ရသည်ကို သူမ အနည်းငယ်စိုးရိမ်တကြီး တွေးတောနေမိ၏။

"ဒါဆိုရင်တော့ တကယ်ပဲကျေးဇူးတင်မိမှာပါ မစ္စချန်၊ ကျွန်မ နည်းနည်းသိချင်လို့ပါ၊ ဒီလို အခွင့်အရေးမျိုးက တော်တော်ရှားပါတယ်၊ ဘာလို့ ကျွန်မတို့လို မထင်မရှား တည်းခိုခန်းလေးကို ရွေးချယ်ရတာလဲ"

စုဟယ် သိချင်စိတ်ဖြင့် မေးလိုက်သည်။ ချန်နန်နန် မျက်ခုံးလေးတစ်ဖက်ပင့်ကာ ပြုံးပြလိုက်၏။

"ရှင့်ရဲ့ တည်းခိုခန်းထဲက မှန်က တကယ်ပဲ အသုံးဝင်တယ်၊ သူက ကျွန်မအတွက် ကြီးမားတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့လို့ပါ၊ ဒါကို ကျွန်မဘက်က ကျေးဇူးဆပ်တာလို့ပဲ သဘောထားလိုက်ပါ"

စုဟယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ချန်နန်နန်က ပိုက်ဆံပြန်အမ်းခိုင်းဖို့လာတာမဟုတ်ရုံတင်မကဘဲ ကျေးဇူးတင်စကား လာပြောတာပါလား။ မှော်မှန်က သူမကို ဘယ်လို ဂါထာတွေနဲ့များ မန်းမှုတ်လိုက်တာပါလိမ့်။

78

ညစာစားနေစဉ်အတောအတွင်း စုဟယ်သည် ချန်နန်နန်ပေးအပ်ခဲ့သည့် အော်ဒါအကြီးစားအကြောင်းကို ကတ်ဇာတ်ကောင်များအား ပြောပြလိုက်သည်။ စိတ်မရှည်လှသော ရှောင်ရှီးသည် ပထမဆုံး စတင်မေးမြန်းလိုက်၏။

"ဒါဆို ဒီအော်ဒါကိုသာ လက်ခံလိုက်ရင် ဟုန်လျန်က ပိုပြီး နာမည်ကြီးလာနိုင်တယ်ဆိုတဲ့ သဘောလား"

စုဟယ်မှ ခေါင်းညိတ်ပြလိုက်သည်။ ချန်နန်နန်၏ ဘဏ္ဍာရေးကုမ္ပဏီမှာ အတော်အတန် နာမည်ကြီးပြီး၊ ၎င်း၏ အဓိကဖောက်သည်ကြီးများမှာလည်း ကုမ္ပဏီနှင့် ကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများ ရှိကြသူများ ဖြစ်ပေလိမ့်မည်။ အကယ်၍ ဟုန်လျန်၏ လမုန့်များသာ ထိုဖောက်သည်ကြီးများ၏ သဘောကျမှုကို ရရှိခဲ့မည်ဆိုလျှင် ဟုန်လျန်၏ မုန့်လက်ရာများမှာ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိသွားရန် အလွန်ပင် ဖြစ်နိုင်ချေရှိ၏။ စုဟယ် ခေါင်းညိတ်သည်ကို မြင်သောအခါ ရှောင်ရှီက ချက်ချင်းပင် တိုက်တွန်းလေတော့သည်။

"အမြန်သဘောတူလိုက်၊ အမြန်သဘောတူလိုက်"

တစ်ချိန်တည်းမှာပင် ၎င်း၏စိတ်ထဲ၌ စုဟယ်ကို ပို၍ပင် လေးစားသွားမိသည်။ ၎င်းကိုယ်တိုင် ကြယ်နှစ်ပွင့်အဆင့်သို့ ရောက်ရှိသွားသောအခါ စုဟယ်ကို ဖောက်သည်ကြီးများ ရှာပေးရန်နှင့် နာမည်ကြီးအောင် အကြီးအကျယ် ကြော်ငြာပေးရန်၊ ဖြစ်နိုင်လျှင် ထို Hot Search ဆိုသည့်အရာထဲအထိ ပါအောင် လုပ်ပေးဖို့အတွက် အသေအချာ တောင်းဆိုမည်ဟု ဆုံးဖြတ်လိုက်၏။

"ဒါက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ"

ဝေဖုန်းယီလည်း သဘောထားတူညီခဲ့သည်။ သူနေထိုင်ခဲ့သည့် ထန်မင်းဆက်အလယ်ပိုင်းမှာ ခေတ်သစ်လူ့အဖွဲ့အစည်းထက် ပို၍ မှောင်မိုက်ခဲ့သည်ဖြစ်ရာ အဆက်အသွယ်နှင့် ကွန်ရက်များ၏ အရေးပါမှုကို သူက ပို၍ပင် နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ သူ၏အစ်ကိုဖြစ်သူမှာ မှားယွင်းသော အုပ်စုဘက်မှ ရပ်တည်မိခြင်းနှင့် နိုင်ငံရေးအမြင် မတူညီခြင်းတို့ကြောင့် ရာထူးများ အဆင့်ဆင့် လျှော့ချခြင်း ခံခဲ့ရဖူးသလို၊ လျိုကုန်းမှာလည်း ထိုနည်းတူပင် ဖြစ်၏။ သူတို့မှာ နန်းတွင်း၌ အားကိုးရမည့်သူမရှိသလို လာဘ်ထိုးရန် ပိုက်ဆံလည်း မရှိကြပေ၊ ထို့ကြောင့် ရာထူးလျှော့ချခံရပြီးနောက် အရေးပါသော ရာထူးနေရာများကို ပြန်လည်ရရှိရန်မှာ အလွန်ပင် ခဲယဉ်းလှသည်။

သို့သော်လည်း အင်အားကြီးသော ကျောထောက်နောက်ခံနှင့် အဆက်အသွယ် ရှိသူများမှာမူ၊ အရာရှိလောက၌ အမှားများစွာ ကျူးလွန်ပြီး မိုင်ပေါင်းထောင်ချီ ဝေးကွာသောနေရာသို့ ရာထူးလျှော့ချခံရပါစေဦး၊ မကြာမီမှာပင် ရာထူးပြန်လည်ရရှိတတ်ကြပြီး ဧကရာဇ်၏ မျက်နှာသာပေးခြင်းကိုပင် ခံရတတ်သေးသည်။ ဤသည်မှာ အဆက်အသွယ် များ၏ အရေးပါမှုပင် ဖြစ်သည်။

၎င်းမှာ လူများအတွက် မှန်ကန်သကဲ့သို့ ပစ္စည်းများအတွက်လည်း ထိုနည်းတူပင်။ အထက်ကလူက ဝါသနာပါလျှင် အောက်ကလူမှာ အလိုအလျောက် လိုက်လုပ်ကြစမြဲပင်။ ချီဘုရင်က ခရမ်းရောင်ဝတ်စုံကို ကြိုက်လျှင် တစ်နိုင်ငံလုံး၌ အခြားအရောင် ရှိတော့မည်မဟုတ်၊ ချူဘုရင်က သေးသွယ်သောခါးများကိုကြိုက်လျှင် နန်းတွင်းရှိလူများစွာ ငတ်ပြတ်ပြီး သေဆုံးသွားကြလိမ့်မည်။ ဧကရာဇ်များကို ထားဦးတော့၊ အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များက တစ်စုံတစ်ရာကို နှစ်သက်မြတ်နိုးပြီဆိုလျှင် ၎င်းမှာ ချန်အန်း တစ်မြို့လုံး၌ လျင်မြန်စွာ ရေပန်းစားလာမည်သာ ဖြစ်၏။

ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းပြီး အစိုးရက သန့်ရှင်းစင်ကြယ်သည် ဆိုသော်လည်း၊ ငွေကြေးနှင့် အာဏာ၏ အလေးချိန်မှာမူ ပြောင်းလဲခြင်း မရှိသေးပေ။ အကယ်၍ ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသူများက ဟုန်လျန်လုပ်သည့် မုန့်များကို နှစ်သက်သည်ဟု လူသိရှင်ကြား ပြောဆိုလိုက်မည်ဆိုလျှင် ၎င်းမှာ သေချာပေါက် ရေပန်းစားမှုတစ်ခုကို စတင်ပေးလိမ့်မည်။ အတိတ်ကာလမှာ သွားလာရေး နှေးကွေးလွန်းသဖြင့် အဆင့်မြင့်အရာရှိကြီးများ၏ အကြိုက်မှာ ချန်အန်းပတ်ဝန်းကျင်၌သာ ပျံ့နှံ့ခဲ့သော်လည်း၊ ယခုအခါတွင်မူ ဝေဖုန်းယီကိုယ်တိုင် အင်တာနက်ကို မြင်တွေ့ထားပြီးဖြစ်သည်။ သာမန်လူတစ်ယောက်ဖြစ်သည့် သူ့မှာတောင် ဖော်လိုဝါ ငါးသောင်းကျော် ရှိနေသည်မဟုတ်ပါလား။ ထိုဖောက်သည်ကြီးများမှာမူ သူ့ထက် ပို၍ ဩဇာညောင်းကြမည်မှာ အသေအချာပင်။

"ဒါပေမဲ့ အရာအားလုံးက ဟုန်လျန်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်"

တည်ငြိမ်သော စရိုက်ရှိသူ ဝေဖုန်းယီမှ ပြောလိုက်သည်။ သူသည် ထိုအခွင့်အရေးမှာ အမှန်တကယ် ကောင်းမွန်သည်ဟု ထင်သော်လည်း၊ အကယ်၍ ဟုန်လျန်က ငြင်းပယ်ခဲ့လျှင်ပင် သူမ၏ ရိုးသားကြိုးစားသော သဘာဝအရ နာမည်ကြီးလာရန်မှာ ခဲယဉ်းလိမ့်မည် မဟုတ်ဟု တွေးမိသည်။

"ဟုန်လျန် နင်ကော ဘယ်လိုထင်လဲ"

စုဟယ်ကလည်း ဟုန်လျန်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ ချန်နန်နန် ကမ်းလှမ်းသော အခွင့်အရေးမှာ ကောင်းသည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အခွင့်အရေးနှင့် စွန့်စားမှုမှာ အမြဲတမ်း ဒွန်တွဲနေတတ်သည်။ အကယ်၍ ဖောက်သည်ကြီးတစ်ယောက်က အခြားသူများနှင့်မတူဘဲ ဟုန်လျန်၏ မုန့်များကို မကြိုက်ဘဲ လူသိရှင်ကြား ဝေဖန်လိုက်လျှင်ကော ဟုန်လျန်၏ နာမည်ကျော်ကြားရန် ကြိုးပမ်းမှုမှာ သေချာပေါက် အဟန့်အတားအချို့နှင့် ကြုံတွေ့ရပေလိမ့်မည်။ ထို့အပြင် သူတို့သည် လမုန့် ဗူးပေါင်း (၁၀၀၀) ကို ပြုလုပ်ရမည်ဖြစ်သည်။ အချိန်က နည်းပါးပြီး တာဝန်က ကြီးလေးလှ၏။ တွေးကြည့်ရုံနှင့်

ပင် စုဟယ်၏ ဦးရေပြားများ စိမ့်တက်သွားရသည်။

လူတိုင်းက သူမကို ကြည့်နေကြသည်ကို မြင်သောအခါ ဟုန်လျန်၏ မျက်နှာလေးမှာ နွေးခနဲ ဖြစ်သွားရသည်။ အတိတ်ကာလ၌ သူမသည် အစေခံတစ်ဦးဖြစ်ခဲ့ရာ အရာအားလုံးတွင် သူမ၏သခင်ကိုသာ အစဉ်အမြဲ ဦးစားပေးခဲ့ရပြီး သခင်၏အမိန့်ကို နာခံရန်သာ လိုအပ်ခဲ့၏။ စုဟယ်က ဟုန်လျန်ကို သူမအား သခင်မလေး ဟု ခေါ်ခွင့်မပြုဘဲ သူတို့မှာ တန်းတူညီမျှသည်ဟု အမြဲပြောလေ့ရှိသော်လည်း၊ ဟုန်လျန်၏ နှလုံးသားထဲတွင်မူ စုဟယ်ကို နာခံရန် အသင့်ရှိနေခဲ့သည်။ ဆိုင်သို့ ရောက်ရှိလာပြီးနောက် စုဟယ်သည် သူမအား အမြဲတမ်း အားပေးခဲ့သည်၊ ဗဟုသုတသစ်များကို သင်ယူစေခဲ့သည်၊ ဆိုင်ကို ကိုယ်တိုင်ဖွင့်ခွင့်ပေးခဲ့သည်၊ ယခုဆိုလျှင် ဆုံးဖြတ်ချက်ကိုပင် သူမဘာသာ ချမှတ်ခွင့်ပေးနေပြီ ဖြစ်သည်။ ဒါပေမဲ့ သူမ တကယ်ပဲ လုပ်နိုင်ပါ့မလား ဟုန်လျန် အနည်းငယ် ဝေခွဲမရ ဖြစ်နေမိ၏။ သူမသည် စုဟယ်၏ အမူအရာကို ကြည့်လိုက်သော်လည်း သူမ မြင်တွေ့ရသည်မှာ ယုံကြည်မှုတစ်ခုတည်းသာ ဖြစ်သည်။

သူမ ခဏတာ မှင်တက်သွားပြီးနောက် အဆုံးမဲ့သတ္တိများ မှာ သူမ၏နှလုံးသားထဲတွင်ရုတ်တရက် ပေါ်ပေါက်လာသည်။ သူမသည် ယခင်က သာမန်အစေခံတစ်ဦး ဖြစ်ခဲ့ဖူးပြီး ယခုအခါတွင်လည်း သာမန်ဇာတ်ကောင်ကတ်တစ်ခုသာ ဖြစ်သော်လည်း၊ သာမန်လူများတွင်လည်း ထူးခြားသူဖြစ်လာရန် အိမ်မက်များ ရှိတတ်ကြသည် မဟုတ်လား။ သူမ ကြိုးစားကြည့်ချင်သည်၊ သူမကိုယ်သူမလည်း သက်သေပြချင်မိသည်။ သူမ စောစောရောက်ရှိလာခဲ့ခြင်းကြောင့် ပါသော်လည်း၊ သာမန်ဇာတ်ကောင်ကတ်တစ်ခုအနေဖြင့် သူမသည် ပထမဆုံး ကြယ်နှစ်ပွင့်အဆင့်သို့ မြှင့်တင်ခံရသူ ဖြစ်၏။ ယခုအခါတွင်လည်း သူမသည် ကြယ်သုံးပွင့်အဆင့်သို့ ပထမဆုံး မြှင့်တင်ခံရသည့် ကတ်ဖြစ်လာချင်သည်။ ဤသည်မှာ သူမ၏ သေးငယ်သော ရည်မှန်းချက်လေးပင် ဖြစ်၏။

"ကျွန်မ ကြိုးစားကြည့်ချင်ပါတယ်၊ ကျွန်မတို့ တည်းခိုခန်းရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေရပါဘူး"

ဟုန်လျန်၏ မျက်ဝန်းများမှာ အရောင်တောက်လျက် ရှိနေသည်။ စုဟယ် ခေါင်းညိတ်ပြလိုက်၏။

"လုပ်လိုက်ပါ၊ ငါ နင့်ကို အဟန့်အတား မဖြစ်စေရဘူး၊ ငါ အခုပဲ ထုပ်ပိုးမှုကုမ္ပဏီကို ဆက်သွယ်ပြီး ငါတို့ရဲ့ လမုန့်ထုပ်ပိုးဘူးတွေကို အဆင့်မြှင့်တင်လိုက်မယ်၊ နင်လည်း လမုန့်တွေမှာ ဘာတွေထပ်ပြီး တိုးတက်အောင် လုပ်လို့ရမလဲဆိုတာ ကြည့်လိုက်ဦး၊ ချန်နန်နန် ပြောတာတော့ လမုန့်အပြင် လက်ဆောင်ဘူးထဲမှာ တည်းခိုခန်းရဲ့ နာမည်ကြီး မုန့်အချို့ကိုလည်း ထည့်ချင်တယ်တဲ့"

ပထမခြေလှမ်းကို လှမ်းလိုက်ပြီးနောက် ဟုန်လျန်မှာ ပို၍ပင် သတ္တိရှိလာခဲ့သည်။

"ကျွန်မ တခြားမုန့်တွေကိုလည်း ပုံစံပြောင်းပြီး လမုန့်ပုံစံတွေဖြစ်အောင် လုပ်လိုက်ပါ့မယ်"

"နင်ပဲ ဆုံးဖြတ်လိုက်ပါ၊ လမုန့်အရေအတွက်က တော်တော်များမှာဆိုတော့ အကူအညီလိုရင် ငါ့ကိုပြောနော်"

ဒါက ပရောဂျက်အကြီးစားဖြစ်ရာ လူတိုင်း စုပေါင်းလုပ်ဆောင်ကြရန် သေချာပေါက် လိုအပ်လိမ့်မည်။ ဟုန်လျန် ငြင်းဆိုခြင်းမပြုခဲ့ပါ။

"သူဌေးမ၊ ကျွန်မကို ကုန်ကြမ်းတွေ ပြင်ဆင်ပေးဖို့နဲ့ အဲ့ဒါတွေကို သန့်ရှင်းပေးဖို့ ကူညီပေးစေချင်ပါတယ်၊ မုန့်သားနယ်တာ၊ အရသာစပ်တာနဲ့ ဖုတ်တာတွေကိုတော့ ကျွန်မကိုယ်တိုင်ပဲ လုပ်ပါ့မယ်၊ အနှစ်ထည့်တာ၊ ပုံစံခွက်ထဲက ထုတ်တာနဲ့ ထုပ်ပိုးတာတွေအတွက်တော့ လူလိုပါလိမ့်မယ်"

ဝေဖုန်းယီမှာ ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးလိုက်သည်။

"ကျွန်တော် နေ့ဘက်မှာ အားပါတယ်၊ ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်ရဲ့ ချက်ပြုတ်တဲ့ အရည်အချင်းက သိပ်မကောင်းဘူး၊ ကုန်ကြမ်းတွေကို သန့်ရှင်းရေးလုပ်တဲ့ တာဝန်ကိုပဲ ယူလိုက်ရင် ဘယ်လိုလဲ"

"ကောင်းပြီလေ၊ ဒါဆို ကျွန်မက အဆာတွေကို ခွဲပေးမယ်"

စုဟယ်သည် ဟုန်လျန် အဆာသွတ်နေသည်ကို တွေ့ဖူးသည်။ ဟုန်လျန်၏ လက်များမှာ အလွန်ပင် သွက်လက်လှပြီး ချိန်တွယ်စရာမလိုဘဲ အတိအကျ (၂၀) ဂရမ်ရှိသော မုန့်သားလုံးလေးကို ဖဲ့ယူနိုင်သည်မှာ အလွန်ပင် တိကျလှ၏။ သူမသည် ဟုန်လျန်ကို မမီနိုင်သည်မှာ သဘာဝပင်ဖြစ်သော်လည်း၊ ဟုန်လျန်အတွက် အနှစ်များနှင့် မုန့်သားများကို အီလက်ထရွန်နစ်ချိန်ခွင်ဖြင့် ချိန်တွယ်ပြီး ခွဲပေးခြင်းဖြင့် ကူညီပေးနိုင်သည်။

"ငါရော၊ ငါရော ဘာလုပ်ရမလဲ"

ရှောင်ရှီးမှာလည်း အရှုံးမပေးဘဲ ဝင်မေးသည်။ ဟုန်လျန်နှင့် စုဟယ်တို့ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ရှောင်ရှီး၏ ခြေသည်းများနှင့် နှုတ်သီးကို ကြည့်လိုက်ကြသည်။ ရှောင်ရှီးကို ထုပ်ပိုးတဲ့အလုပ် ပေးလုပ်လို့ မဖြစ်နိုင်ဘူး မဟုတ်လား။

"ရှောင်ရှီး၊ နင်က တည်းခိုခန်းကို တာဝန်ယူရမယ်၊ ငါတို့အားလုံး မှန်လုံမီးဖိုချောင်ထဲမှာ ကူညီနေကြမှာဆိုတော့ နင်က တည်းခိုခန်းကို ပိုပြီး ဂရုစိုက်ပေးဖို့ လိုတယ်"

စုဟယ် သေချာစဉ်းစားပြီးနောက် ရှောင်ရှီးကို မီးဖိုချောင်ထဲသို့ ပေးမဝင်တော့ရန် ဆုံးဖြတ်လိုက်သည်။ လူတိုင်းမှာ ကိုယ်ပိုင်ကျွမ်းကျင်မှု ရှိကြသည် မဟုတ်လား။

"ဟွန်း ဟွန်း စိတ်ချလိုက်ပါ၊ ငါ တည်းခိုခန်းကို သေချာစောင့်ရှောက်ပေးပါ့မယ်"

၎င်းမှာလည်း တာဝန်တစ်ခုရရှိပြီး ဖယ်ထုတ်မခံရကြောင်း သိလိုက်ရသောအခါ ရှောင်ရှီးမှာ မီးဖိုချောင်ထဲတွင် ကူညီရန် ဇွတ်မတောင်းဆိုတော့ပေ။ ယနေ့ လမုန့်ဗူးများကို မေကျဲနှင့် တုန်းကျင့်တို့ ခေါက်ပေးခဲ့သည်ကို စုဟယ် သတိရသွားပြီး ဆက်ပြောလိုက်သည်။

"လမုန့်တွေ အဆ

င်သင့်ဖြစ်ပြီဆိုရင် ထုပ်ပိုးဖို့အတွက် အဒေါ်မေကျဲ နဲ့ အဒေါ်တုန်းကျင့်ကို ကူညီခိုင်းလို့ ရတာပဲ"

စုဟယ် ဆက်လက် စီစဉ်လိုက်သည်။

"မီးဖိုချောင်ထဲမှာ ကူညီပေးဖို့ နောက်ထပ် အကူတစ်ယောက် ငါရှာပေးမယ်"

မစ္စဟုန်လျန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"လျိုရှန်း လား"

သူမသည် လျိုရှန်းကို မြင်ဖူးသလို လျိုရှန်းလုပ်သည့် ပေါက်စီနှင့် မုန့်လုံးများကိုလည်း မြည်းစမ်းဖူးသည်။ လျိုရှန်းမှာ အမှန်တကယ် လက်ရာကောင်းသူဖြစ်ပြီး ဟဲယဲ့တည်းခိုခန်းတွင် ဒုတိယအကောင်းဆုံး မုန့်ဆရာဟုပင် ဆိုနိုင်သည်။ စုဟယ် ခေါင်းခါလိုက်၏။ သူမ ပြောလိုက်သည်။

"နောက်ထပ် ဇာတ်ကောင်ကတ်တစ်ခုကို ခေါ်ယူပြီး အကူအညီတောင်းမလို့"

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှောင်ရှီးမှာ စုဟယ်၏ ရင်ခွင်ထဲသို့ ချက်ချင်းခုန်ဝင်လာပြီး ပြောလေတော့သည်။

"ငါ့အစ်ကိုကို ခေါ်ပေး၊ ငါ့အစ်ကိုကိုပဲ ခေါ်ပေး"

All Chapters