အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း ၈၁: မြင့်မြတ်အရှင်နယ်ပယ်ရဲ့ အောက်မှာဆိုရင်... အဲ့ဒါက အသုံးမဝင်ဘူး...
ဘိုးဘေး ထိုက်ချင်ကို အစေခံမလေးတစ်ယောက်အနေဖြင့် လက်ခံခြင်းက အနည်းငယ် အဓိပ္ပာယ်မရှိသလို ဖြစ်နေပြီး အမှန်တကယ် ထိုသို့ဖြစ်နေသော်လည်း စူးချန်ကဲက သဘောတူလိုက်သည်။
အခြေအနေက ဤအထိ ရောက်လာပြီဖြစ်ရာ ထပ်မံငြင်းဆိုနေခြင်းက အလွန်အကျွံ စိတ်ခံစားမှု ပြင်းထန်နေပုံသာ ပေါက်နေပေလိမ့်မည်။ စူးချန်ကဲ၏စကားများကို ကြားသောအခါ လော့လန်၏ လှပသော မျက်နှာပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ချက်ချင်းပင် သူမက စူးချန်ကဲ၏အနောက်သို့ ကျက်သရေရှိစွာ လျှောက်လှမ်းသွားပြီး စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော သူမ၏ အနည်းငယ် ဝေဝါးနေသော်လည်း သွယ်လျသော လက်လေးများက သူ၏ပခုံးပေါ်တွင် သဘာဝကျစွာ တင်လိုက်၏။
သူမ၏လက်ချောင်းထိပ်လေးများက သူ့ကို ထိတွေ့ချိန်တွင် အေးမြသော စိတ်ဝိညာဉ် စွမ်းအား လှိုင်းဂယက် အစအနလေးတစ်ခု ပါဝင်လာပြီး မှန်ကန်သော ဖိအားပမာဏဖြင့် နှိပ်နယ်ပေးနေလေသည်။
"သခင်..."
လော့လန်က အနီးသို့ ချဥ်းကပ်လာပြီး သူမ၏ ကြည်လင်ပြီး စမ်းရေအလားအသံက စူးချန်ကဲ၏ နားထဲတွင် မြည်ဟီးလာခဲ့သည်။ သူမက မည်သည့် အနေရခက်မှုမျှ မရှိဘဲ ထိုအမည်နာမကို အလွန်ရင်းနှီးစွာ ခေါ်ဝေါ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။
"သူ သဘောတူလိုက်တာ ကောင်းသွားတယ်..."
"အစေခံမလေးဆိုလည်း အစေခံမလေး ပေါ့... ငါ ထပ်စောင့်လို့ မရတော့ဘူး... တကယ်လို့ ငါက သခင် တစ်ယောက်ကို အသိအမှတ်မပြုဘဲ နောက်ထပ် နှစ်တစ်သောင်း ထပ်စောင့်နေမယ်ဆိုရင် ငါ မသေရင်တောင်မှ ထိုက်ချင်ဂိုဏ်းက ရှင်သန်နိုင်မှာ မဟုတ်ဘူး... ငါ ထပ်ပြီး လောင်းကြေးမထပ်နိုင်တော့ဘူး..."
"ဒါ့ပြင် သူက ဒီလိုမျိုး မွန်းစတားဆန်တဲ့ ပါရမီရှင်ဖြစ်ပြီး စူးမိသားစုဝင်တစ်ယောက်ဆိုတော့ အနာဂတ်မှာ သူက သေချာပေါက် အထွတ်အထိပ်ကို ရောက်လာမှာပဲ... သူက ငါ... လော့လန် ... သူ့ရဲ့အစေခံမလေးအဖြစ် အစေခံဖို့ ထိုက်တန်ပါတယ်..."
"အဲ့ဒီတုန်းက ငါ ပြောခဲ့တယ်...တကယ်လို့ ငါ့မှာ အသက်ရှူစရာ လေတစ်ရှိုက်စာပဲ ကျန်တော့မယ် ဆိုရင်တောင်မှ အဲ့ဒီ တိရစ္ဆာန် သေတာကို ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်ရဖို့အတွက် အရာအားလုံးကို ငါ ပေးဆပ်မယ်လို့..."
စူးချန်ကဲသည် သူမ၏ အလွန်ရင်းနှီးလွန်းသော လုပ်ရပ်များကြောင့် အစပိုင်းတွင် အနည်းငယ် နေရခက်နေခဲ့သော်လည်း အချိန်ကိုက် နှိပ်နယ်မှုက ဆက်လက်ဖြစ်ပေါ်နေသည်။ ထို့နောက် ညင်သာသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာကာ သူ၏ တင်းမာနေသော စိတ်ကို အလိုအလျောက် ပြေလျော့သွားစေပြီး သူ၏ အနည်းငယ် တွန့်ကွေးနေသော မျက်ခုံးများက တဖြည်းဖြည်း ပြေလျော့သွားခဲ့သည်။
ဤှသည်က ကျွမ်းကျင်အဆင့် ဖြစ်သလောဟု သူ တွေးလိုက်မိသည်။
ထို့နောက် လော့လန်က ဖြည်းညှင်းစွာ ပြောသည်ကို သူ ကြားလိုက်ရသည်။
"အဲ့ဒီ သူတော်စင်အဆင့် ရှေးဟောင်ဓားကို သခင်က အရင်က မြင်ဖူးပြီးသားပါ... အဲ့ဒါက ဓားသင်္ချိုင်းထဲမှာရှိတဲ့ ဓားကျောက်စာတိုင်ကိုးခုဖြစ်ပြီး ငါ့ရဲ့ဓားတာအိုအပေါ် ဘဝတစ်သက်တာ နားလည်သဘောပေါက်မှုတွေ ပါဝင်တယ်... ဒီဓားရဲ့နာမည်က ချင်းချန် ဖြစ်ပြီးတော့ ငါ့ရဲ့ အစောပိုင်းနှစ်တွေမှာ နန်မင် ဓားအပျက်အစီးနယ်မြေကနေ ငါ ရရှိခဲ့တဲ့ အကြီးမားဆုံး ကံကောင်းမှုပဲ... ငါ အရေးမပါသေးတဲ့ အချိန်တုန်းက အဲ့ဒါက အမြဲတမ်း ငါ့ရဲ့ အကြီးမားဆုံး အားထားရာ ဖြစ်ခဲ့တယ်..."
"ဒီဓားကို ရှေးဟောင်းကျန်းမုရဲ့ အစိတ်အပိုင်း တစ်ခုကနေ ပုံသွင်းထားတာဖြစ်ပြီးတော့ အရမ်းအစွမ်းထက်တဲ့ အသက်စွမ်းအားကို ပိုင်ဆိုင်ထားတယ်... အဲ့ဒါကြောင့်လည်း ဒီဓားရဲ့ ဓားစိတ်ဝိညာဉ်ဖြစ်တဲ့ ငါက ဒီလောက် အချိန်အကြာကြီး ရှင်သန်နိုင်ခဲ့တာပါ..."
"ချင်းချန်ဓားက ကာကွယ်ရေးမှာ ကောင်းမွန်ရုံသာမက ထိခိုက်မှု မဖြစ်နိုင်ဘဲ ကိုယ်ပိုင်ဝင်္ကပါကိုလည်း ဖွဲ့စည်းနိုင်တယ်... တကယ်လို့ ဓားစိတ်ဝိညာဉ်ဖြစ်တဲ့ ငါက အဲ့ဒါကို ထိန်းချုပ်မယ်ဆိုရင် ဟင်းလင်းပြင်တာအိုနယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင် အဲ့ဒါကို ချိုးဖျက်လို့ မရပါဘူး... အဲ့ဒါက သခင်ကို အသက်ကယ်နိုင်တဲ့ နောက်ထပ် ဝှက်ဖဲတစ်ခု ပေးစွမ်းနိုင်တယ်..."
"ဒါပေမဲ့ ငါက အချိန်အကြာကြီး ငုပ်လျှိုးနေခဲ့တာဆိုတော့ သခင်ကို ငါ့ရဲ့ သခင်အဖြစ် အပြည့်အဝ အသိအမှတ်မပြုနိုင်ခင် သခင်က ရက်နည်းနည်းလောက် စောင့်ရပါလိမ့်မယ်..."
ထိုစကားများကို နားထောင်ပြီးနောက် စူးချန်ကဲက အံ့အားသင့်မသွားဘဲ ခေါင်းညိတ်လိုက်၏။ လော့လန်သည် မည်သည်ကြောင့် ဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်လာသနည်း သို့မဟုတ် သူမက မည်သည်ကြောင့် အောက်ဘုံသို့ ရောက်လာသနည်းဆိုသည်နှင့် ပတ်သက်၍ သူ များစွာမမေးခဲ့ချေ။
"တကယ်လို့ သခင့်မှာ အရေးတကြီးကိစ္စတွေ မရှိဘူးဆိုရင် လာမယ့် ရက်နည်းနည်းအတွင်း ဒီနယ်မြေထဲမှာ သခင် ကျင့်ကြံလို့ ရပါတယ်... ချင်းချန်ဓားမှာ ကျန်းမုရဲ့ အနှစ်သာရ အစအနလေးတစ်ခု ရှိပြီး ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအားက မယုံနိုင်လောက်အောင် ကြွယ်ဝလို့ မြင့်မြတ်အရှင်နယ်ပယ်အောက်မှာရှိတဲ့ ကျင့်ကြံသူတွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်..."
လော့လန်က ခပ်ဖျော့ဖျော့ရယ်မောကာ ပြောလိုက်သည်။
ထို့ပြင် ဤရက်အနည်းငယ်အတွင်း သူမသည် စူးချန်ကဲနှင့် ပို၍နီးကပ်လာနိုင်ပြီး အနာဂတ်အတွက် လမ်းခင်းပေးနိုင်ပေ၏။
"မြင့်မြတ်အရှင်နယ်ပယ်ရဲ့ အောက်မှာဆိုရင်... အဲ့ဒါက အသုံးမဝင်ဘူး..."
စူးချန်ကဲက တည်ငြိမ်စွာ ငြင်းဆိုလိုက်ပြီး ကျင့်ကြံခြင်းနယ်ပယ်များအကြောင်း ပြောရလျှင် သူက တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး အချိန်အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် သူ၏စွမ်းရည်ပြသမှုဇယားကို ကြည့်လိုက်သည်။
ယခုအချိန်၌ ထိုအရာမှာ အမှန်တကယ်ကို ကြီးကျယ်ခမ်းနားနေလေပြီ။
【အမည် ...စူးချန်ကဲ】
【အသက်...နှစ်ဆယ့်သုံး】
【နယ်ပယ်...မြင့်မြတ်အရှင်နယ်ပယ် ကဏဦးအဆင့် (ရုပ်ခန္ဓာကိုယ် နတ်ဘုရားအဖြစ် ပြောင်းလဲခြင်း)】
【ကျင့်ကြံနည်းစနစ်...ထိုက်ချင်နက်နဲသိမ်မွေ့ကျင့်စဉ် (မြေကမ္ဘာအဆင့်..အထွတ်အထိပ်) ဟန်ယွီ မသေနိုင်သော ကျမ်းစာ (ဧကရာဇ်အဆင့် ... မစတင်ရသေး)】
【နတ်ဘုရားစွမ်းရည်များ ...ထိုက်ချင်ဓားနည်းစနစ် (မြေကမ္ဘာအဆင့် ...အထွတ်အထိပ်) ကောင်းကင်ကွပ်မျက် ဓားဆွဲထုတ်ခြင်းနည်းစနစ် (သူတော်စင်အဆင့်..အခြေခံအဆင့်)၊ ထိုက်ချင် ဓားကိုးလက်... အပြစ်များသော သတ်ဖြတ်ခြင်း မြေအောက်ကမ္ဘာ သတ်ဖြတ်ခြင်း... (ကောင်းကင်အဆင့်...သာမန် အောင်မြင်မှု)】
【မဟာတာအိုသုံးထောင် ... လက်ဖက်ရည်တာအို (ပြီးပြည့်စုံခြင်း) အဆောင်လက်ဖွဲ့တာအို (အထွတ်အထိပ်) ဓားတာအို (အခြေခံအဆင့်)】
【ကောင်းကင်တာအိုငါးဆယ် - သတ်ဖြတ်ခြင်း မဟာတာအို (၁%) အချိန် မဟာတာအို (၀.၃%)】
【အထူး စွမ်းရည်များ...ရှေးဟောင်း မူလဘူတနဂါး စိတ်ဝိညာဉ်ရုပ်ခန္ဓာကိုယ် ကောင်းကင်လှိုဏ်ဂူမှ ကောင်းချီးပေးခြင်း...သွေးများထဲတွင် မူလဘူတနဂါးစွမ်းအား အစအနတစ်ခု ပါဝင်သည် ဖရိုဖရဲ နတ်ဘုရားမီးတောက်.. မီးတောက်များတွင် ဖရိုဖရဲ စွမ်းအားများ ပါဝင်သည်...မဟာတာအိုများ ခန္ဓာကိုယ်ကို လောင်ကျွမ်းခြင်း... ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းပြီး ဤစကြဝဠာရှိ မှော်စာလုံး အားလုံးကို ဖိနှိပ်နိုင်သည်】
【အထူး ရုပ်ခန္ဓာကိုယ်... အမြင့်ဆုံးအဆင့် အထွတ်အထိပ်အရိုး ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း နတ်ဘုရားမျက်လုံးသူငယ်အိမ်များ】
【မှော် ရတနာများ...လမင်းဖြတ်တောက်ခြင်းဓား (မြေကမ္ဘာအဆင့်မြင့်) စိတ်ဝိညာဉ်လမင်း နတ်ဘုရား စေတီ (သူတော်စင်အဆင့်နိမ့်)】
【တခြား...ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း】
【ကျန်ရှိနေသော ကျင့်ကြံခြင်း အတွေ့အကြုံ - တစ်လ】
"တစ်လ... ဟူး... နည်းနည်းတော့ လိုသေးတယ်... နတ်ဘုရားမီးတောက်နယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ ငါက ဧကရာဇ်အဆင့် ဓားပညာတစ်ခုနဲ့ ရွေ့လျားမှု နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံဖို့ လိုသေးတယ်... အဲ့ဒါက အတွေ့အကြုံ အများကြီး လိုအပ်လိမ့်မယ်..."
စူးချန်ကဲက စိတ်ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ နှလုံးသားကို နွေးထွေးစေသော လုပ်ရပ်များကို သူ ပို၍ပြင်းထန်အောင် လုပ်ဆောင်ရန် လိုအပ်ပုံရသည်။
ဤအောက်ဘုံတွင် တာအိုတစ်သောင်းသည် မပြည့်စုံဘဲ နတ်ဘုရားစွမ်းအားများမှာ ရှားပါးလှပေ၏။ သူ့ကိုယ်သူ အားကိုး၍ မြင့်မြတ်အရှင်နယ်ပယ်မှ နတ်ဘုရားမီးတောက်နယ်ပယ်သို့ အချိန်တိုအတွင်း ချိုးဖျက်ရန်မှာ အမှန်တကယ်ပင် အလွန်ခက်ခဲလှသည်။ ထိုသို့မဟုတ်ပါက ယွမ်ယန်နယ်မြေတစ်ခုလုံးတွင် နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူများ ဤမျှထိ နည်းပါးနေမည် မဟုတ်ချေ။ ထိုအကြောင်းအရင်းကြောင့် လူတချို့သည် စိတ်ဝိညာဉ်နယ်ပယ်သို့ သွားရန်ပင် ရွေးချယ်ခဲ့ကြ၏။
သို့ရာတွင် စူးချန်ကဲအတွက်မူ ဤအရာက ပြဿနာတစ်ခု မဟုတ်ချေ။ သူ့ထံ၌ ကျင့်ကြံခြင်း အတွေ့အကြုံများ ရှိနေသရွေ့ အရာအားလုံးကို သူ စီမံခန့်ခွဲနိုင်သည်။
လော့လန်သည် စူးချန်ကဲက အသုံးမဝင်ဟု ပြောသည်ကို ကြားသောအခါ သူမ၏မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခုနှင့်အတူ တခဏမျှ အေးခဲတောင့်တင်းမသွားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ သူမသည် စူးချန်ကဲ၏ ကျင့်ကြံခြင်းကို ထွင်းဖောက်မမြင်နိုင်ခဲ့ချေ။ အကြောင်းအရင်းမှာ ထိုအရာကို မွေးရာပါ နတ်ဘုရားမှော်စာလုံးတစ်မျိုးဖြင့် ဖုံးကွယ်ထားသောကြောင့်ပင်။ ထိုအရာမှာ နတ်ဘုရား ရုပ်ခန္ဓာကိုယ်တစ်ခုဖြစ်မည်ဟု သူမ ခန့်မှန်းခဲ့လေသည်။ စူးမိသားစုအတွက် မျိုးဆက်တိုင်းတွင် နတ်ဘုရားရုပ်ခန္ဓာကိုယ်ပိုင်ရှင်တချို့ အမြဲတမ်းလိုလို ရှိနေသဖြင့် သူမ မအံ့ဩခဲ့ချေ။
သို့ရာတွင် စူးချန်ကဲ၏အသက်နှင့် အရိုး တည်ဆောက်ပုံကို သူမ အာရုံခံနိုင်ပေ၏။။ ဤအသက်အရွယ်တွင် အကယ်၍ သူသည် တာအို တစ်သောင်းမပြည့်စုံဘဲ ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရား စွမ်းအားများ ရှားပါးသော အောက်ဘုံတွင် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်ပါက သူသည် မွန်းစတားဆန်သော ပါရမီရှင်တစ်ဦး ဖြစ်နေလေပြီ။
သို့ရာတွင် စူးချန်ကဲ၏အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းနေသည်။ သူသည် မြင့်မြတ်အရှင်နယ်ပယ်၏ အောက်တွင် ရှိမနေတော့ပုံ ရလေ၏။ ဖြစ်နိုင်သည်မှာ သူသည် မြင့်မြတ်အရှင်နယ်ပယ်သို့ ရောက်ရှိနေသလောဟု သူမ တွေးတောလိုက်မိသည်။
ဤအရာကို တွေးမိသောအခါ လော့လန်၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ်ကျဥ်းမြောင်းသွားကာ သူမ၏စိတ်နှလုံးသားတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
ချက်ချင်းပင်...
စူးချန်ကဲသည် ထိုက်ချင်ဂိုဏ်း၏ မကြာသေးမီက အခြေအနေများအကြောင်း လော့လန် နှင့် စကားပြောပြီးနောက် သူ အလုံအလောက် နှိပ်နယ်ခံရပြီးပြီဟု ခံစားလိုက်ရသည်။ ထို့နောက် သူသည် သူမ၏လမ်းညွှန်မှုအောက်တွင် စတင်၍ လှည့်လည်ကြည့်ရှုခဲ့သော်လည်း သူ လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် တစ်ခုခုကို ရုတ်တရက် သတိရသွားခဲ့သည်။
"နေဦး..."
"ငါ တစ်ခုခုကို မေ့သွားသလိုပဲ..."
စူးချန်ကဲက မျက်မှောင်ကြုတ်လိုက်ကာ တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
'ငါက ငါ့ရဲ့ ကံကြမ္မာဂျူနီယာညီမလေးကို တာအို မျှဝေပေးဖို့ ဓားသင်္ချိုင်းထဲကို ရောက်နေတာ မဟုတ်ဘူးလား'
သူ တွေးတောလိုက်သည်။
'ဒီနေရာက ငါ့အတွက် အသုံးမဝင်ပေမဲ့ နင်ဖူယောင်အတွက်တော့ အသုံးဝင်တယ်လေ'
'သောက်ကျိုးနည်း... ငါ့ရဲ့ အဓိက တာဝန်ကနေ သွေဖည်သွားလုနီးပါး ဖြစ်သွားတယ်... ငါ့ရဲ့ ဧကရာဇ်အဆင့် ဓားပညာလေး...'
'ဒီအရာက ထိုက်ချင်ဓားကိုးလက်ထက် အများကြီး ပိုအဖိုးတန်တယ်... ဒါတွေက အဆင့်တူတောင် မဟုတ်ဘူး...'
'နင်ဖူယောင် ကျင့်ကြံဖို့အတွက် ထိုက်ချင်ရဲ့ နဝမမြောက်ဓားကို ငါ ရိုးရှင်းအောင် လုပ်ပေးခဲ့ပေမဲ့ တာဝန် ပြီးမြောက်မှုအတွက် စနစ်ရဲ့ ဆုလာဘ်ကို ငါ မကြားရသေးဘူးဆိုတော့ သူ့ကို ကျင့်ကြံခြင်းနည်းလမ်း ပေးရုံနဲ့ မလုံလောက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ...'
စူးချန်ကဲ၏မျက်လုံးများ အနည်းငယ် မှေးစင်းသွားကာ ပြတ်သားသော အမူအရာကို ပြသလိုက်၏။
"ငါ ဆက်ပြီးမကြည့်တော့ဘူး... မင်း ဒီမှာပဲ ခဏနေခဲ့ပါ... ငါ မင်းကို ရက်နည်းနည်းလောက်ကြာရင် လာရှာပါ့မယ်..."
စူးချန်ကဲက လော့လန်ကိုကြည့်ပြီး ပြောလိုက်သည်။
လော့လန်က အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း သူမက ရိုသေလေးစားစွာ ပြောဆိုသည်။
"ဟုတ်ကဲ့ပါ သခင်..."
ဤအချိန်၌...
ပြင်ပကမ္ဘာတွင် အသက်ဆယ်ရှိုက်စာ အချိန်သာ ကုန်ဆုံးသွားခဲ့သည်။
နဝမမြောက် ဓားကျောက်စာတိုင်၏ရှေ့တွင် နင်ဖူယောင်သည် စူးချန်ကဲ တိုးတက်အောင် လုပ်ထားခဲ့သော နဝမမြောက် ဓားကျောက်စာတိုင် ပေါ်ရှိ စကားလုံးများကို စိုက်ကြည့်နေပြီး သူမ၏ လှပသော မျက်ခုံးများ တင်းကြပ်စွာ တွန့်ကွေးနေသည်။ သူမသည် နားလည်သဘောပေါက်မှု၏ အတားအဆီးတစ်ခုတွင် ရှင်းလင်းစွာ ပိတ်မိနေပြီး သူမ၏အသက်ရှူသံပင်လျှင် အနည်းငယ် ရပ်တန့်နေခဲ့သည်။
ရုတ်တရက် သူမ၏ဘေးရှိ အရှိန်အဝါတွင် အနည်းငယ် အပြောင်းအလဲ ရှိသွားသည်ကို သူမက သတိထားမိသွားသည်။
"စီ... စီနီယာအစ်ကို..."
နင်ဖူယောင်က ရုတ်တရက် မော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး သူမ စကားပြောလိုက်ချိန်တွင် အလိုအလျောက် စကားထစ်သွားခဲ့သည်။ သူမက စူးချန်ကဲကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့လေ၏။ သူမ၏ ခံစားချက်အရ စူးချန်ကဲသည် ပထမဆုံး ဓားကျောက်စာတိုင်တွင် တခဏမျှသာ နေခဲ့ပြီး သူက သူမဆီကို မည်သည်ကြောင့် ရုတ်တရက် ရောက်လာရသနည်းဟု သူမ တွေးတောလိုက်မိသည်။
အခန်း ၈၂: တစ်ယောက်ယောက်က ကျွန်မရဲ့ ရင်ဘတ်ကို ထိနေသလို... ခံစားရတယ်...
စူးချန်ကဲက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
"မင်းရဲ့ နားလည်သဘောပေါက်မှုက ဘယ်လိုနေလဲ..."
"ဒီအပြစ်များသော သတ်ဖြတ်လိုခြင်း ဓားစိတ်ဆန္ဒ နည်းစနစ်က အဆင့်အရမ်းမြင့်လွန်းတယ်... အဲ့ဒီအထဲမှာ ပါဝင်တဲ့ ဓားတာအို ဥပဒေသတွေက တော်တော်လေး ရှုပ်ထွေးတယ်... စီနီယာအစ်ကိုက အများကြီး ရိုးရှင်းအောင် လုပ်ပေးထားပေမဲ့လည်း... ကျွန်မ အဲ့ဒါကို တကယ် နားမလည်သေးဘူး..."
နင်ဖူယောင်၏အသံမှာ သူမ စကားပြောနေစဉ် ပို၍တိုးညင်းလာပြီး သူမ၏ ခေါင်းက အလိုအလျောက် ငုံ့ကျသွားကာ သူမ၏ လက်ချောင်းထိပ်များက သူမ၏ အဝတ်အစားထောင့်ကို စိုးရိမ်တကြီး လိမ်ကျစ်နေသည်။ သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေ၏။
နားလည်မှုများအားလုံးကို လွယ်လက့်တကူ ရရှိနိုင်သော စူးချန်ကဲ၏ ထိုးထွင်းသိမြင်မှုကို မျက်မြင်တွေ့ခဲ့ရပြီးနောက် သူမ၏ကိုယ်ပိုင် အနည်းငယ်မျှသာရှိသော တိုးတက်မှုမှာ ပြောဆိုရန် အမှန်တကယ်ပင် ခက်ခဲလှသည်။ ထိုကြောင့် သူမသည် ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှု အနည်းငယ်မျှပင် မခံစားနိုင်ခဲ့ချေ။
သို့ရာတွင် သူမ မသိခဲ့သောအရာမှာ စူးချန်ကဲ၏ တိုးတက်အောင် လုပ်ဆောင်မှုများပြီးနောက် ဤမျှ အချိန်တိုလေးအတွင်း ကောင်းကင်အဆင့် အမြင့်မြတ်ဆုံးဓားပညာတစ်ခု၏ တံခါးခုံကို သူမ ထိတွေ့ခဲ့ပြီးလေပြီ။ ဤသည်က သူမ၏ကျင့်ကြံမှုအမြန်နှုန်းမှာ ယွမ်ယန်နယ်မြေရှိ သူမနှင့် သက်တူရွယ်တူများအားလုံးကို ကျော်လွန်သွားရန်နှင့် တခြားလူတိုင်းကို အံ့အားသင့်သွားစေရန် လုံလောက်နေခဲ့သည်။
ရှေးဟောင်းဓားဟင်းလင်းပြင်အတွင်း၌ အားချီ က ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေပြီး စကားပြောချင်သော်လည်း သူမကိုယ်သူမ ထိန်းချုပ်ထားလိုက်သည်။ နောက်ဆုံးတွင် တိတ်ဆိတ်သော သက်ပြင်းချသံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ စိတ်ရှုပ်ထွေးသော အကြည့်များက စူးချန်ကဲအပေါ်တွင် စူးစိုက်နေခဲ့သည်။
သူမ အမှန်တကယ်ကို ဘာမှမပြောနိုင်တော့ချေ။ ဤမွန်းစတားနှင့် နှိုင်းယှဉ်ပါက ဓားခန္ဓာကိုယ် မနိုးထသေးသော နင်ဖူယောင်သည် အမှန်တကယ်ကို များစွာပို၍ နောက်ကျနေဆဲပင်။
"ကိစ္စမရှိပါဘူး..."
စူးချန်ကဲ၏ နှုတ်ခမ်းများက ညင်သာသော အကွေးတစ်ခုအဖြစ် ကွေးတက်သွားပြီး သူ၏ အသံကို နှိမ့်ကာ ပြောလိုက်သည်။
"လာ... စီနီယာအစ်ကိုကိုယ်တိုင် မင်းကို သင်ပေးမယ်..."
သူ၏စကားများ မဆုံးမီမှာပင် သူသည် သူ၏ ဝတ်ရုံများကို သပ်ရပ်စွာ ပြင်ဆင်ပြီးနင်ဖူယောင်၏နံဘေးတွင် ပလ္လင်ခွေထိုင်လိုက်၏။
'မင်း မသင်ယူရသေးတာ ကောင်းတယ်'
'တကယ်လို့ မင်းသာ သင်ယူပြီးသွားရင် ငါက တာအိုကို ဘယ်လို မျှဝေပေးရတော့မှာလဲ'
နင်ဖူယောင်သည် အနည်းငယ် ကြောင်အမ်းသွားခဲ့ပြီး သူမ၏နားကိုပင် သူမ မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
စီနီယာအစ်ကိုက ရုတ်တရက်ကြီး အရမ်း ညင်သာနေပါလား...
စူးချန်ကဲသည် ဤကာလအတွင်း များစွာပြောင်းလဲသွားကြောင်း သူမ သိထားပြီးဖြစ်သည်။ သို့ရာတွင် သူမကို ဤမျှထိ ညင်သာသော လေသံဖြင့် စကားပြောသည်အား သူမ တစ်ခါမျှ မကြားဖူးခဲ့ချေ။
ရှေးဟောင်းဓားဟင်းလင်းပြင်အတွင်းရှိ အားချီ သည် ဤတစ်ကြိမ်တွင် နင်ဖူယောင်ကို ဖျောင်းဖျရန် မကြိုးစားတော့ချေ။ စူးချန်ကဲ၏ ပါရမီက သူမကို အံ့အားသင့်စေခဲ့ပြီးဖြစ်ရာ နင်ဖူယောင်ကို ငြင်းဆိုခိုင်းရန် သူမထံတွင် အကြောင်းပြချက် မရှိတော့ချေ။
သူမကိုပင် အံ့အားသင့်စေခဲ့သော ဓားတာအို ပါရမီရှင်တစ်ဦးသည် နင်ဖူယောင်ကို လမ်းညွှန်ရန် အပြည့်အဝ အရည်အချင်းပြည့်မီသည်။
နောက်တစ်စက္ကန့်တွင်..
စူးချန်ကဲက နင်ဖူယောင်၏ရင်ဘတ်ကို လက်ညှိုးတစ်ချောင်းဖြင့် ညွှန်ပြလိုက်ရာ သူ၏ လက်ချောင်းထိပ်တွင် စုစည်းထားသော အပြစ်များသော သတ်ဖြတ်လိုခြင်း ဓားစိတ်ဆန္ဒ အစအနလေးတစ်ခု ပါဝင်နေပြီးနောက် ညင်သာစွာ မေးလိုက်၏။
"မင်း ဘာခံစားရလဲ..."
နင်ဖူယောင်၏ပါးပြင်များ ချက်ချင်းနီရဲသွားခဲ့သည်။ ဤသည်မှာ သူမ၏တားမြစ်ခန္ဓာကိုယ်အစိတ်အပိုင်းအနီးတွင် ဆန့်ကျင်ဘက် လိင်တစ်ဦး၏ထိတွေ့ခြင်းကို ပထမဆုံးအကြိမ် ခံရခြင်း ပင်။ သူမ၏ စိတ်ထဲတွင် တခဏကြာမျှ ဗလာကျင်းသွားပြီး သူမ အလိုအလျောက် စကားထစ်သွားခဲ့သည်။
"ကျွန်မ... ကျွန်မ ခံစားရတယ်... တစ်ယောက်ယောက်က ကျွန်မရဲ့ ရင်ဘတ်ကို ထိနေသလို..."
သူမ၏အသံမှာ ပို၍ပို၍တိုးညှင်းလာပြီး တီးတိုးရေရွတ်သံတစ်ခုအဖြစ်သို့ ရောက်ရှိသွားသည်။
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ရှေးဟောင်းဓားဟင်းလင်းပြင် အတွင်းရှိ အားချီ၏နှုတ်ခမ်းများ မတွန့်ကွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။ စူးချန်ကဲ စုစည်းထားသော အပြစ်များသော သတ်ဖြတ်လိုခြင်း ဓားစိတ်ဆန္ဒမှာ မယုံနိုင်လောက်အောင် သန့်စင်ကြောင်း သူမ ခံစားနိုင်ပြီး သူ၏ နည်းလမ်းကို သူမ နားလည်ထားသည်။ နင်ဖူယောင် အား ပြီးပြည့်စုံသော နဝမမြောက်ဓားကို ကြိုတင်သိမြင်စေလိုခြင်းဖြစ်ပြီး ထိုအရာက သူမ၏ နားလည်သဘောပေါက်မှုအတွက် အမှန်တကယ်ပင် ကြီးမားသော အကူအညီ ဖြစ်လာပေလိမ့်မည်။
စူးချန်ကဲ၏ မျက်ခွံများ တွန့်ကွေးသွားခဲ့ပြီး တခဏမျှ ဆွံ့အသွားကာ ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။
"မင်းရဲ့ခန္ဓာကိုယ်အကြောင်း ဘယ်သူက မေးလို့လဲ... ဒီဓားစိတ်ဆန္ဒရဲ့ အရှိန်အဝါကို မင်း ခံစားရလားလို့ ငါ မေးနေတာလေ..."
နင်ဖူယောင်၏မျက်နှာ ပို၍ပင် နီရဲလာခဲ့သည်။ စူးချန်ကဲ၏ မျက်လုံးများကို တည့်တည့် ကြည့်ရန်ပင် သူမ မဝံ့ရဲတော့ဘဲ ခေါင်းငုံ့ကာ တီးတိုးရေရွတ်လိုက်သည်။
"တောင်းပန်ပါတယ် စီနီယာအစ်ကို... ကျွန်မ နားလည်မှု လွဲသွားလို့ပါ..."
ချက်ချင်းပင် သူမက သူမ၏စိတ်ကို လွန်ကဲသော လေးနက်မှုဖြင့် အာရုံစိုက်လိုက်ပြီးနောက် ထိုအပြစ်များသော သတ်ဖြတ်လိုခြင်း ဓားစိတ်ဆန္ဒ အစအနကို စတင်ခံစားလိုက်တော့သည်။
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင်...
နင်ဖူယောင်၏ နတ်ဘုရားစိတ်အာရုံက သွေးရောင်စကြဝဠာတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်းသွားသော ဧရာမဓားကြီးတစ်လက် ရုတ်တရက် ထွက်ပေါ်လာသည်ကို သူမ မြင်တွေ့လိုက်ရသည်။ ထိုဓား၏ဓားသွားများတွင် ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်အလင်းတန်းများ စီးဆင်းနေပြီး အရာအားလုံးကို ဖျက်ဆီးပစ်မည့် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒတစ်ခုကို သယ်ဆောင်ကာ ကျရောက်လာခဲ့သည်။ ထိုအရာ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မြေကြီးများ ပေါက်ကွဲကာ တောင်များနှင့် မြစ်များ ပြိုကျပြီး မရေမတွက်နိုင်သော သက်ရှိများမှာ ဓားချီအောက်တွင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားလေ၏။
"သတ်..."
အထွတ်အထိပ်သို့ စုစည်းထားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက သူမ၏အသိစိတ်ပင်လယ် ထဲတွင် ပြင်းထန်သော လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။
သူမ၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားပြီး သူမ၏ သွယ်လျသော ကျောပြင်က လေးတစ်လက်အလား ချက်ချင်းတင်းမာသွားခဲ့သော်လည်း ဤမြင်ကွင်းကို စိုက်ကြည့်နေစဉ် သူမ၏မျက်လုံးသူငယ်အိမ်များတွင် ခေါင်းမာသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပေ၏။
အချိန်မည်မျှထိ အတန်ကြကုန်ဆုံးသွားပြီးနောက် နင်ဖူယောင်၏ မျက်လုံးများတွင် နားလည်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာခဲ့လေသည်။ သူမသည် အမှန်တရား၏ အစအနလေးတစ်ခုကို ဆုပ်ကိုင်မိသွားသည့်အလား ဖြစ်နေပြီး တီးတိုးရေရွတ်လိုက်သည်။
"ဒါက ပြီးပြည့်စုံတဲ့ နဝမမြောက်ဓားလား..."
သို့ရာတွင် ဤအချိန်အခိုက်အတန့်လေးမှာပင်..
ဖော်ပြ၍မရနိုင်သော လေးလံထိုင်းမှိုင်းမှု ခံစားချက်တစ်ခုက သူမကို ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။
ဓားသင်္ချိုင်းကမ္ဘာတွင် နေရာအနှံ့အပြားရှိ ရှေးဟောင်းဓားစွမ်းအားများ ပါဝင်နေပြီး နင်ဖူယောင်၏နယ်ပယ်မှာ မလုံလောက်တော့ချေ။ နဝမမြောက် ဓား၏ ဤကဲ့သို့ မြင့်မားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် နားလည်သဘောပေါက်မှုနှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ထူးကဲသောပါရမီဖြင့်ပင် နောက်ဆုံးတွင် သူမ တောင့်မခံနိုင်တော့ချေ။
နောက်တစ်စက္ကန့်တွင်...
နင်ဖူယောင်သည် သူမ၏အမြင်အာရုံများ ရုတ်တရက် မည်းမှောင်သွားသည်ကိုသာ ခံစားလိုက်ရပြီး သူမ၏နားထဲတွင် တဝီဝီ မြည်သံတစ်ခုကို ကြားလိုက်ရသည်။ သူမ၏နံဘေးပတ်လည်ရှိ စိတ်ဝိညာဉ်စွမ်းအားများ ချက်ချင်း ကုန်ခမ်းသွားသည့်အလား ဖြစ်သွားခဲ့သည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးမှာ ပျော့ခွေသွားပြီး နောက်သို့လဲကျသွားခဲ့သည်။ သူမ၏ အသိစိတ်များ အမှောင်ထုထဲသို့ မကျဆင်းမီ သူမ ဝေဝါးစွာ ခံစားလိုက်ရသည့် နောက်ဆုံးအရာမှာ သာယာမိန်းမောဖွယ် ရနံ့တစ်ခု ရုတ်တရက် နီးကပ်လာခြင်းပင်။
ဒါက စီနီယာအစ်ကိုရဲ့ကိုယ်သင်းနံ့များလား...
ဤသို့တွေးတောပြီးနောက် သူမ လုံးဝသတိလစ်သွားခဲ့သည်။
"ဖူယောင်..."
စူးချန်ကဲက အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ နင်ဖူယောင်၏ခန္ဓာကိုယ် ယိမ်းယိုင်သွားသည့် အခိုက်အတန့်တွင် တစ်ခုခု မှားယွင်းနေကြောင်း သူ အာရုံခံမိသည်။ သူမ လဲကျသွားသည်ကို မြင်သောအခါ သူက လက်တစ်ဖက်ဖြင့် သူမကို ပွေ့ဖက်လိုက်ပြီး သူမ၏ပေါ့ပါးပြီး နူးညံ့သော ခန္ဓာကိုယ်လေးကို သူ၏ရင်ခွင်ထဲတွင် တည်ငြိမ်စွာ ဖမ်းထားလိုက်၏။
သူမ၏ခန္ဓာကိုယ်လေးက သူ၏ ရင်ခွင်ထဲတွင် နူးညံ့ပြီး နွေးထွေးနေသည်ဟု ခံစားလိုက်ရသည်။ ကောင်မလေး၏ လှပသော မျက်ခုံးများက တင်းကြပ်စွာ တွန့်ကွေးနေပြီး သူမ၏ မျက်လုံးများ မှိတ်ထားကာ သူမ၏ ရှည်လျားသော မျက်တောင်များက လိပ်ပြာ တောင်ပံများအလား တဖျပ်ဖျပ် လှုပ်ရှားနေသည်။ သူမ၏ အေးစက်ပြီး လှပသော အသွင်အပြင်များတွင် ဖြူရော်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
"သူက သူ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုယ်ကို အလွန်အကျွံ အသုံးပြုမိပြီး အကန့်အသတ်ကို ရောက်သွားတာပဲ..."
စူးချန်ကဲက အကြောင်းအရင်းကို ချက်ချင်း သိရှိသွားခဲ့သည်။ ဤသည်က ကြီးကြီးမားမား ပြဿနာ မရှိချေ။
"ဒါက မဟုတ်သေးဘူး... ဓားသင်္ချိုင်းရဲ့ ဖိအားကို တားဆီးဖို့ ငါ့ရဲ့ အရှိန်အဝါတစွန်းတစကို ငါ ချန်ထားခဲ့တာ မဟုတ်ဘူးလား... ငါ ဓားသင်္ချိုင်း ကမ္ဘာထဲ ဝင်သွားလို့ အဲ့ဒါက ပျောက်သွားတာများလား..."
"ငါ အဲ့ဒါကို လျစ်လျူရှုမိသွားတယ်... ဒီကောင်မလေးက အဲ့ဒါကို သူ့ဘာသာ ခံစားခဲ့ပြီး ငါ့ကိုတောင် မခေါ်ခဲ့ဘူး..."
"ဒီနေ့ တာအိုကို မျှဝေပေးလို့ မရတော့ဘူး ထင်တယ်..."
ရှေးဟောင်းဓားဟင်းလင်းပြင်အတွင်း၌ အားချီသည် အလွန်တည်ငြိမ်နေလေ၏။ နင်ဖူယောင်၏ အခြေအနေကို သူမ အာရုံခံနိုင်သော်လည်း သူမ၏သခင်မက စူးချန်ကဲ၏ ရင်ခွင်ထဲတွင် ရောက်နေသည်ကို မြင်သောအခါ သူမ၏စိတ်ခံစားချက်မှာ တော်တော်လေး ရှုပ်ထွေးနေပြီး ဖော်ပြရန် ခက်ခဲနေခဲ့သည်။
နောက်တစ်စက္ကန့်တွင်...
စူးချန်ကဲက နင်ဖူယောင်ကို ချီမလိုက်ပြီး သူမ အမြဲတမ်း ကျောတွင် လွယ်ထားလေ့ရှိသော အနက်ရောင်ရှေးဟောင်းဓားကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။
ဒါက အင်မော်တယ် ဓားစိတ်ဝိညာဉ်လား...
ဒီအကူအညီက သိပ်ပြီးအစွမ်းမထက်ဘူး...
အားချီ၏အမူအရာ ချက်ချင်းဆိုသလိုပင် အလွန်အမင်း တည်ကြည်လေးနက်သွားပြီး သူမ၏ ဦးရေပြား ထုံကျင်သွားသော ခံစားချက်တစ်ခု ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့သည်။ ဤှအချိန်အခိုက်အတန့်တွင် တစ်ဖက်လူက သူမ ရှိနေကြောင်းကို သိသည်ဟု သူမ အမှန်တကယ် ခံစားလိုက်ရသည်။
ထိုအရာက သူမကို ဖြစ်ပေါ်စေခဲ့သော ထိတ်လန့်မှုမှာ စူးချန်ကဲ ပြသခဲ့သော ပါရမီထက် များစွာပို၍ သာလွန်နေပေ၏။
"သူ့ရဲ့ အဲ့ဒီအကြည့်က ဘာအဓိပ္ပာယ်လဲ..."
"ငါ့ရဲ့ စိတ်ကူးယဉ်မှုများလား..."
ဓားသင်္ချိုင်းဝင်ပေါက်၏အပြင်ဘက်တွင်...
မြင့်မြတ်အရှင်ရွှမ်ကျိ တစ်ဦးတည်းသာ နေရာတွင် စောင့်ဆိုင်းနေခဲ့သည်။ ယောင်ရှင်းယဲ့ က ခါးသီးစွာ တောင်းပန်ခဲ့သော်လည်း အတူတကွနေရန် သူ သဘောမတူခဲ့ချေ။ ယောင်ရှင်းယဲ့က မြင့်မြတ်အရှင်ရွှမ်ကျိသည် အမြဲတစေ တင်းကျပ်ပြီး စည်းကမ်းကို လိုက်နာတတ်သူဖြစ်ပြီး စူးချန်ကဲ၏လျှို့ဝှက်ချက်များကို များစွာမဖော်ထုတ်ချင်၍ ဖြစ်နိုင်သည်ဟု တွေးတောခဲ့သည်။
ယောင်ရှင်းယဲ့သည် များစွာတွေးတောပြီး နောက်ဆုံးတွင် လက်လျှော့လိုက်၏။
မြင့်မြတ်အရှင်ရွှမ်ကျိသည် တည်ကြည်လေးနက်သော အမူအရာဖြင့် မတုန်မလှုပ် ရပ်နေပြီး သူက တစ်ခုခုကို စဉ်းစားနေပုံရသည်။
"ဘာလို့ သူတော်စင်သားတော်ကို ဂိုဏ်းခေါင်းဆောင် အဖြစ် မသတ်မှတ်ရမှာလဲ... ဘာပဲဖြစ်ဖြစ် အဲ့ဒီအဖိုးကြီးက ဘာအလုပ်မှ သေချာ မလုပ်ပါဘူး... သူ ရှိရှိ မရှိရှိ အတူတူပဲ..."
"ဒီနှစ် နဝမတောင်ထိပ်အတွက် အရင်းအမြစ် ခွဲဝေမှုက ဘယ်လောက်လဲ..."
"အဲ့ဒါကို ဆယ်ဆ မြှောက်လိုက်ရင် အရမ်းမများလောက်ပါဘူး..."
ရုတ်တရက် သူ၏ရှေ့ရှိ ဟင်းလင်းပြင်တွင် သိမ်မွေ့သော လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
မြင့်မြတ်အရှင်ရွှမ်ကျိက ချက်ချင်းရှေ့တိုးလာပြီးနောက် သူ၏မျက်စိရှေ့တွင် စူးချန်ကဲ၏ပုံရိပ်က လေဟာနယ်ထဲမှ ထွက်ပေါ်လာပေ၏။
"သူတော်စင်သားတော်ကို နှုတ်ဆက်ပါတယ်..."
မြင့်မြတ်အရှင်ရွှမ်ကျိက နတ်ဘုရားချဉ်းကပ်ခြင်း စေတီ တွင် သူ ပြုလုပ်ခဲ့သည်ထက်ပင် ပို၍ ရိုသေလေးစားစွာ လက်ပူးဆုပ်လိုက်သည်။ စူးချန်ကဲက နင်ဖူယောင်ကို ပွေ့ချီထားသည်အား သူ မြင်သောအခါ သူ၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားခဲ့သည်။ သို့ရာတွင် သူမ၏အခြေအနေ တည်ငြိမ်နေကြောင်း သဘောပေါက်ပြီးနောက် သူ ချက်ချင်းစိတ်သက်သာရာ ရသွားခဲ့ပေ၏။
"အင်း..."
စူးချန်ကဲက ခေါင်းညိတ်လိုက်ပြီး နင်ဖူယောင် ကို အနားယူရန်အတွက် နဝမတောင်ထိပ်သို့ အရင်ခေါ်သွားရန် ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ဓားသင်္ချိုင်း၏ စည်းမျဉ်းများက တစ်ကြိမ်သာ ဝင်ရောက်ခွင့်ပြုပုံရကြောင်း သူ ရုတ်တရက် သတိရသွားသဖြင့် သူက မေးလိုက်သည်။
"ဒါနဲ့ ဂိုဏ်းတူဦးလေး ရွှမ်ကျိ... ကျွန်တော် နောက်မှ ဓားသင်္ချိုင်းထဲကို ထပ်ဝင်ချင်တယ်... အဆင်ပြေလား..."
"ပြဿနာ မရှိပါဘူး... လုံးဝ ပြဿနာ မရှိပါဘူး..."
မြင့်မြတ်အရှင် ရွှမ်ကျိက ချက်ချင်းဆိုသလိုပင် တက်ကြွရွှင်လန်းစွာ ပြောလိုက်သည်။
"သူတော်စင်သားတော်... မင်း ဆန္ဒရှိတဲ့ အချိန်တိုင်း ဝင်လို့ ရပါတယ်... ငါ မင်းကို နောက်မှ တံဆိပ်ပြားတစ်ခု ယူပေးမယ်... အဲ့ဒါကို သော့ တစ်ခုလို အသုံးပြုလိုက်ပါ... ဒီဓားသင်္ချိုင်းက အခုကစပြီး သူတော်စင်သားတော်ရဲ့ ကိုယ်ပိုင် ဥယျာဉ် ဖြစ်သွားပြီ..."