အခန်း (၈၃-၈၄)
Vol. 9 Ch. 83-84
အခန်း ၈၃:ခင်ဗျား ဒါကို ဘယ်လိုလုပ် သိတာလဲ..
မြင့်မြတ်အရှင်ရွှမ်ကျိ၏ အဖြေက စူးချန်ကဲကို အံ့အားသင့်သွားစေခဲ့ပြီး သူ ရှားရှားပါးပါး မြင်တွေ့ရသော်လည်း ကြီးမားသောအာဏာအရှိန်အဝါ ဖြာထွက်နေသည့် ထိုက်ချင်ဂိုဏ်း၏ ပထမ တောင်ထိပ်သခင်ကို နောက်ထပ် အကြိမ်အနည်းငယ် ကြည့်မိစေခဲ့သည်။
သူ နတ်ဘုရားချဉ်းကပ်ခြင်းစေတီကို မြန်မြန်ဆန်ဆန် ရှင်းလင်းလိုက်ရုံဖြင့် အမှန်တကယ်ပင် ဤမျှလောက် ကြီးကျယ်ခန်းနားအောင် လုပ်နေခြင်းလောဟု သူ တွေးလိုက်မိသည်။
"အဟမ်း... တကယ်လို့ သူတော်စင်သားတော် မှာ အချိန်ရှိရင် ဒီအဖိုးကြီးရဲ့ ဆက်သွယ်ရေး မိတ်ဆွေတောင်းဆိုချက်ကို လက်ခံလို့ ရပါတယ်... ဂိုဏ်းထဲမှာ တစ်ခုခုလိုအပ်ရင် ဒီအဖိုးကြီးကို တိုက်ရိုက်စာပို့လို့ ရပါတယ်..." မြင့်မြတ်အရှင်ရွှမ်ကျိက ခပ်ဖွဖွချောင်းဟန့်ကာ အပြုံးနှင့် ပြောလိုက်သည်။
စူးချန်ကဲက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပြောဆိုသည်။
"ကောင်းပါပြီ... အဲ့ဒါဆို ဂိုဏ်းတူဦးလေး ရွှမ်ကျိကို ကျွန်တော် ဒုက္ခပေးရတော့မယ်..."
ချက်ချင်းပင် စူးချန်ကဲက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ထွက်ခွာသွားခဲ့သည်။
မြင့်မြတ်အရှင် ရွှမ်ကျိက ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် တွေးတောဆင်ခြင်မှုများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူ၏ပုံရိပ်က နတ်ဘုရား အလင်းတန်း အစက်အပြောက်များအဖြစ် ပြောင်းလဲသွားကာ နေရာမှ ပျောက်ကွယ်သွားပေ၏။
သူသည် ထိုက်ချင်ဂိုဏ်း၏ အစည်းအဝေးခန်းမတွင် ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
သူ မဝင်ရောက်မီကပင် ပြင်းထန်သော ဆွေးနွေးမှုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်ကို သူ ကြားနေရလေပြီ။
"ဒါက အရမ်းကို အဓိပ္ပာယ်မရှိတာပဲ... ဒီလို ဓားတာအို နားလည်သဘောပေါက်မှုမျိုးက တစ်ခါမှ မကြားဖူးတဲ့ အရာပဲ... ဝမ်ကန်း ပြောတာ မှန်တယ်... ဝမ်ကန်း ပြောတာ လုံးဝမှန်တယ်... ငါတို့ရဲ့ ထိုက်ချင်ဂိုဏ်းက မြင့်တက်လာတော့မယ်..."
ဤအချိန်၌ လီချင်းဖုန်းက ကြားဖြတ်မပြောဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
"အဲ့ဒါက သူ့ရဲ့ ဓားတာအိုပါရမီ တစ်ခုတည်း မဟုတ်ဘူး... လက်ဖက်ရည်တာအိုမှာလည်း သူက..."
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... သူတော်စင်သားတော် ရဲ့ နားလည်သဘောပေါက်မှုက ဓားတာအိုမှာတင် လွန်ကျူးတာ မဟုတ်ဘူး... စီနီယာအစ်ကိုချင်းဖုန်းက သူ့ရဲ့ လက်ဖက်ရည်တာအို ကျွမ်းကျင်မှုက ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိသွားတာကို မျက်မြင်တွေ့ခဲ့ရတယ်..."
"ဒီနားလည်သဘောပေါက်မှုက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်... သူတော်စင်သားတော်ရဲ့ စွမ်းအားကလည်း ကောင်းကင်ကို ဆန့်ကျင်နေတယ်... သူက နတ်ဘုရားချဉ်းကပ်ခြင်း စေတီကို အသက်သုံးရှိုက်စာအတွင်း ကျော်ဖြတ်ခဲ့တာ... ဒါက ရှင်းရှင်းလင်းလင်းကို အရမ်းသန်မာအားကောင်းတဲ့ တိုက်ခိုက်မှုပဲ... လျှိုယွမ် မြို့က ကောလာဟလတွေက မှန်လောက်တယ်လို့ ငါ ထင်တယ်..."
"ဒါပေမဲ့ တကယ်လို့ လျှိုယွမ် မြို့က ကောလာဟလတွေသာ မှန်တယ်ဆိုရင် သူတော်စင်သားတော်က အဆောင်လက်ဖွဲ့တာအို မှာလည်း မြင့်မားတဲ့ အောင်မြင်မှုတွေ ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား... ဒါ... ဒါ... ဒါက..."
"အခု အခြေအနေက ဒီအထိ ရောက်လာပြီဆိုတော့ မင်းတို့အားလုံးကို ငါ ဖုံးကွယ်မထားတော့ဘူး... ငါ... ယောင်ရှင်းယဲ့က အဆောင်လက်ဖွဲ့တာအိုကို ကျင့်ကြံဖို့ ဆရာစူးရဲ့ တပည့်တစ်ယောက် ဖြစ်နေခဲ့ပြီ... အသင်္ချေကောင်းကင်ဘုံနန်းတော်မှာ အဲ့ဒီနေ့က ဆရာစူးက ခြေလှမ်းတစ်လှမ်းတည်းနဲ့ အဆောင်လက်ဖွဲ့တာအိုရဲ့ အထွတ်အထိပ်ကို တက်လှမ်းသွားတာကို မြင်တွေ့ခွင့်ရလောက်အောင် ငါ ကံကောင်းခဲ့တယ်..."
ယောင်ရှင်းယဲ့က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။ ထိုအရာကို ထပ်မံ၍ ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။ ဆရာစူး၏ တောက်ပမှုများ ပို၍တောက်ပလာအောင် ပြုလုပ်ရမည်ဟု သူ တွေးလိုက်သည်။
"ဟင်..."
"ဘာ..."
"စီနီယာအစ်ကိုယောင်... ခင်ဗျား ဘာပြောလိုက်တာလဲ..."
"ဒီလှည့်စားတတ်တဲ့ အဖိုးကြီး..."
"မင်းက ငါတို့ကို ဘာလို့ ကြိုမပြောတာလဲ..."
ဓားအရူးက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်၏။
ဤအချိန်၌ မြင့်မြတ်အရှင်ရွှမ်ကျိသည် နောက်ဆုံးတွင် ပင်မခန်းမအတွင်းသို့ ဝင်လာခဲ့ပြီး သူ၏အမူအရာမှာ ယခင်က မရှိဖူးသော လေးနက်မှုရှိနေကာ သူက ပြောလိုက်သည်။
"သူတော်စင်သားတော်ကို ယာယီ ဂိုဏ်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ပြုဖို့ ငါ ဆုံးဖြတ်လိုက်ပြီ... သူက ထိုက်ချင်နယ်မြေမှာရှိတဲ့ အရင်းအမြစ် အားလုံးကို ခွဲဝေပေးနိုင်တယ်... တစ်ယောက်ယောက် ကန့်ကွက်စရာ ရှိလား..."
"သဘောတူတယ်..."
"ထောက်ခံတယ်..."
"ထောက်ခံတယ်..."
"အစည်းအဝေးကို ဒီမှာပဲ ရပ်လိုက်ရအောင်... ငါက သူတော်စင်သားတော်ဆီကနေ လမ်းညွှန်ချက်တောင်းဖို့ အလုပ်များနေတယ်..."
ဓားအရူးက အက်ရှရှအသံဖြင့် ပြောလိုက်ရာ သူ၏ မျက်ခုံးများတွင် စိတ်မရှည်မှု အရိပ်အယောင်တစ်ခု ရှိနေသည်။ စူးချန်ကဲက ဤနေရာတွင် အံ့ဩစရာကောင်းသည် ထိုနေရာတွင်တော့ အဓိပ္ပာယ်မရှိဟု တခြားသူများ ပြောနေသည်ကို သူ ဂရုမစိုက်ချေ။
စူးချန်ကဲ၏ဓားတာအိုကိုသာ သူ ဂရုစိုက်သည်။
"..."
ယောင်ရှင်းယဲ့က ကြောင်အမ်းသွားခဲ့ပြီး ဓားအရူးကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
"ငါ့အလှည့်တောင် မရောက်သေးဘူးလေ... ငါ့ရဲ့နောက်ကို သွား..."
ဤအချိန်၌ လီချင်းဖုန်းမှာ တိတ်တဆိတ် ထွက်ပြေးသွားခဲ့လေပြီ။
"..."
မြင့်မြတ်အရှင်ရွှမ်ကျိသည် တိတ်ဆိတ်သွားခဲ့ပြီး သူ၏နှလုံးသားသည်လည်း မျှော်လင့်ချက်များဖြင့် လှုပ်ရှားနေခဲ့လေ၏။
သူတော်စင်သားတော်က မိုးကြိုး နည်းစနစ်များအကြောင်း တစ်ခုခုများ သိနေမည်လောဟု သူ တွေးလိုက်မိသည်။
ရှန်းဝမ်သည် ချက်ချင်းကြောင်အမ်းသွားခဲ့ပြီး ပြောဆိုသည်။
"စီနီယာအစ်ကိုရွှမ်ကျိ... ဒီအကြောင်းကို ဂိုဏ်းခေါင်းဆောင်ဆီ ငါတို့ အကြောင်းကြားသင့်တာ မဟုတ်ဘူးလား... ငါတို့ ဆွေးနွေးသင့်တာ မဟုတ်ဘူးလား..."
"အဲ့ဒီလို လုပ်ဖို့ မလိုအပ်ဘူးလို့ ငါ ထင်တယ်..."
ဟင်္သာပြဒါးနေမင်းသခင်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏မွေးရပ်မြေ လေယူလေသိမ်းက ထွက်ကျလာခဲ့သည်။ ထို့နောက် သူက တီးတိုးရေရွတ်လိုက်၏။
"တကယ်လို့ ဝမ်ကန်းရဲ့စကားတွေသာ မှန်တယ်ဆိုရင် သူတော်စင်သားတော်က ဒီအဖိုးကြီးကို ဆေးဖော်စပ်ခြင်းမှာလည်း တကယ်ကြီး လမ်းညွှန်ပေးနိုင်မှာပဲ..."
ထိုစကားနှင့်အတူ သူ၏ ပုံရိပ်ကလည်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
"..."
ရှန်းဝမ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
မည်သည့်ကိစ္စများ ဖြစ်နေသနည်း...
ထိုက်ချင်ဂိုဏ်းက စကားလုံး အနည်းငယ်ဖြင့်ပင် ဂိုဏ်းချုပ်နေရာပင် ပြောင်းသွားသလော...
ဂိုဏ်းခေါင်းဆောင်သည် သူ၏သွေးသားရင်းချာ အစ်ကိုတော်စပ်သူပင်။
သူတို့တွေ... ဒါ... ဒါ... ဒါက...
စူးချန်ကဲက နဝမတောင်ထိပ်သို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ မျက်တောင်တစ်ခတ်စာ အချနန်အတွင်းမှာပင် သူသည် ဝူယာခြံဝင်းသို့ ရောက်ရှိလာပေ၏။ နင်ဖူယောင်ကို နှစ်ပေါင်းများစွာ လူမနေခဲ့သော အခန်းတစ်ခုတွင် နေရာချပေးပြီးနောက် သူသည် ခြံဝင်းထဲသို့ အေးအေးဆေးဆေး လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။
"ဒါက ပင်ပန်းနွမ်းနယ်မှု သက်သက်ပါပဲ... စီနီယာစန်းက စိတ်ပူစရာ မလိုပါဘူး..."
စူးချန်ကဲက ကျောက်တုံးထိုင်ခုံတစ်ခုပေါ်တွင် ဖြည်းညှင်းစွာထိုင်ရင်း ညင်သာစွာ ပြောလိုက်သည်။
စူးချန်ကဲ၏ မျက်နှာချင်းဆိုင်တွင်ရှိနေသော စန်းလင်းက ခေါင်းညိတ်လိုက်ရာ သူ၏ မျက်လုံးများတွင် တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေသည်။ စူးချန်ကဲက ဝူယာခြံဝင်းသို့ ဆင်းသက်လာချိန်ကတည်းက စန်းလင်းက နေရာတွင် စောင့်ဆိုင်းနေခဲ့ကာ ဖူယောင်၏ အခြေအနေကို သူ ခွဲခြားသိမြင်ပြီးသား ဖြစ်ပုံရသည်။
"အရင်တုန်းက ဒီအဖိုးကြီးက အမြင်ကျဉ်းပြီး နည်းနည်းစိတ်မြန်လက်မြန် ပြောမိသွားတယ်... တာအိုရောင်းရင်းက ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."
စန်းလင်းက စူးချန်ကဲကို လက်ပူးဆုပ်၍ ပြောဆိုလိုက်ပြီးနောက် စိတ်ခံစားမှုများဖြင့် သက်ပြင်းချလိုက်သည်။
"ဖူယောင်ကို လမ်းညွှန်ပေးဖို့ ဒီလို မွန်းစတားဆန်တဲ့ စီနီယာအစ်ကိုတစ်ယောက် ရှိနေတာဆိုတော့ ဒီအဖိုးကြီး စိတ်အေးသွားပါပြီ..."
ဤအရာကို ကြားသောအခါ စူးချန်ကဲက တစ်ခုခုကို နားလည်သွားပုံရပြီး တည်ငြိမ်စွာ ပြုံးလိုက်၏။
"ကိစ္စမရှိပါဘူး..."
ဓားသင်္ချိုင်း အတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စန်းလင်းက မြင်တွေ့ခဲ့ရပုံပေါ်သည်။ ဂိုဏ်းတူဦးလေး ရွှမ်ကျိ၌ ထိုသဘောထားမျိုး ရှိနေခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။
စန်းလင်းကလည်း စူးချန်ကဲက ထိုအရာကို စိတ်ထဲ မထားသည်ကို မြင်သောအခါ သက်ပြင်းချလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"တာအိုရောင်းရင်းရဲ့ ပါရမီက ယွမ်ယန်နယ်မြေ ရဲ့ သမိုင်းတလျှောက်လုံးမှာ ပြိုင်ဘက်ကင်းပါတယ်... အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို လာရတဲ့ ဒီခရီးစဉ်က ဒီအဖိုးကြီးအတွက် တကယ်ကို တန်သွားပြီ..."
"ငါ..."
နောက်ထပ် ချီးကျူးမှုများ ဆက်တိုက် ပြောပြီးနောက် စူးချန်ကဲက ချက်ချင်းကြားဖြတ်မေးမြန်းလိုက်သည်။
"ဒါနဲ့ စကားမစပ်... ဖူယောင်က နင်မိသားစု ကနေ ဘာလို့ ထွက်ပြေးလာတာလဲ..."
သူက အဖြေကို သိလျက်နှင့် မေးနေခြင်း ဖြစ်လေ၏။ စူးချန်ကဲက နင်ဖူယောင်သည် အိမ်ထောင်ပြုခြင်းကို ရှောင်ရှားရန် ထွက်ပြေးခဲ့ကြောင်း သိသော်လည်း အသေးစိတ် အချက်အလက်များကို သူ မသေချာခဲ့ချေ။ မြှောက်ပင့်မှုများကိုသာ နားထောင်နေမည့်အစား သူတို့တွင် အချိန်ရှိစဉ် အသုံးဝင်သော တစ်ခုခုကို ဆွေးနွေးခြင်းက ပိုကောင်းမည် မဟုတ်လော။
"ဒီကိစ္စက..."
စန်းလင်းက သူ၏ ဖြူဖွေးသော မျက်ခုံးများကို အနည်းငယ် တွန့်ကွေးလိုက်ပြီး တခဏမျှ တုံ့ဆိုင်းနေကာ ရိုးသားစွာ ပြောလိုက်သည်။
"ဖူယောင်က လက်ထပ်ရမှာကို ရှောင်ဖို့ ထွက်ပြေးလာခဲ့တာပါ..."
ဤကိစ္စမှာ မြောက်ပိုင်းနယ်မြေတွင် လျှို့ဝှက်ချက် တစ်ခု မဟုတ်ဘဲ ယခုအချိန်၌ နင်ဖူယောင် ၏အထောက်အထားမှာ ထိုက်ချင်ဂိုဏ်းအတွင်း၌ ဖော်ထုတ်ခံလိုက်ရပြီဖြစ်ရာ ထိုအရာကို ဖုံးကွယ်ထားရန် အကြောင်းပြချက် ပို၍ပင် နည်းပါးသွားခဲ့သည်။
သူ၏ အနည်းငယ် တွေဝေတုံ့ဆိုင်းမှုမှာ စူးချန်ကဲက ဤအရာကြောင့် နင်မိသားစု အပေါ် ရန်ငြိုးထားမည်ကို စိုးရိမ်သောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် သူက ချက်ချင်းဆိုသလိုပင် ဆက်ပြောလိုက်၏။
"ဖူယောင်က ငယ်စဉ်ကတည်းက စိတ်ထားသန့်ရှင်းပြီး လှပတယ်... သူ့ရဲ့အဖေကလည်း ဘိုးဘေးက သတ်မှတ်ထားတဲ့ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်လို့ သူက ငါတို့နင်မိသားစုမှာရှိတဲ့ လူတိုင်းရဲ့မျက်လုံးထဲက ပုလဲရတနာလေးတစ်လုံး သဘာဝကျကျ ဖြစ်လာခဲ့တယ်... ဒါပေမဲ့ သူ အသက် ဆယ်နှစ်အရွယ်မှာ သူ့ရဲ့ ပါရမီက သာမန်ပဲလို့ စမ်းသပ်တွေ့ရှိရတဲ့အချိန်မှာ နင်မိသားစုကလူတိုင်းကို မယုံနိုင်စရာ ဖြစ်စေခဲ့တယ်... သူ့ရဲ့မိဘနှစ်ပါးလုံးက ဒီလောက်ထိ မွန်းစတားဆန်တာကို... ဟူး...."
သူ စကားပြောဆိုနေစဉ် စန်းလင်းက သက်ပြင်းရှည်ကြီး မချဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ဤအရာကို ကြားသောအခါ စူးချန်ကဲက ရုတ်တရက် ကြားဖြတ်ပြောလိုက်၏။
"အဲ့ဒါဆို သူ့ရဲ့မိဘတွေက နောက်ပိုင်းမှာ မတော်တဆမှု တစ်ခုနဲ့ သေဆုံးသွားတာလား... ပြီးတော့ ပါရမီ ညံ့ဖျင်းနေပြီဖြစ်တဲ့ ဖူယောင် က မျိုးနွယ်စုထဲမှာ အသုံးမကျတဲ့သူ ဒါမှမဟုတ် သူ့ရဲ့မိဘတွေကို သေဆုံးစေခဲ့တဲ့ ကံဆိုးတဲ့ ကြယ် တစ်လုံးအဖြစ် အခေါ်ခံရပြီး အတင်းအဖျင်း စကားမျိုးစုံကို ခံစားခဲ့ရတယ် မလား... ဒါပေမဲ့ ကံကောင်းတာက သူ့ကို တကယ်ဂရုစိုက်တဲ့ ဆွေမျိုးတွေဖြစ်တဲ့ ခင်ဗျားနဲ့ နင်ဟောင်တို့ ရှိနေလို့ ယေဘုယျအနေနဲ့ သူက ကောင်းမွန်တဲ့ ဘဝတစ်ခုမှာ နေထိုင်ခဲ့ရတယ်မလား..."
"..."
စန်းလင်းသည် ကြောင်အမ်းသွားခဲ့သော်လည်း စူးချန်ကဲ၏စကားများ အဆုံးမသတ်သေးချေ။
"ပြီးတော့ တစ်ချိန်က မြောက်ပိုင်းနယ်မြေ ရဲ့ အရှင်သခင်တွေ ဖြစ်ခဲ့တဲ့ နင်မိသားစုက ကျွန်တော် မသိတဲ့ အကြောင်းပြချက် တစ်ခုခုကြောင့် စတင်ကျဆင်းလာပြီး....အပြင်ပန်းမှာတော့ အစွမ်းထက်ပေမဲ့ အတွင်းမှာတော့ အားနည်းလာလိမ့်မယ်... အဲ့ဒီအချိန်မျိုးမှာ အစွမ်းထက်တဲ့ အင်အားစုတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီးတော့ တိုက်ဆိုင်စွာနဲ့ နင်ဖူယောင်ကို စိတ်ဝင်စားသွားပြီး သူနဲ့ လက်ထပ်ဖို့ စီစဉ်ချင်ခဲ့တယ် မလား... အကျဉ်းချုပ်ပြောရရင် နင်မိသားစုရဲ့ ဘိုးဘေးက ဒဏ်ရာရထားရမယ်... နင်မိသားစုက ကျဆင်းနေရမယ်... အန္တရာယ်တွေက နေရာတိုင်းမှာ ပုန်းကွယ်နေပြီးတော့ နင်ဖူယောင်နဲ့ လက်ထပ်ချင်တဲ့ မိသားစုမှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတယ်မလား..."
စန်းလင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား စူးချန်ကဲကို ကြည့်ကာ အလိုအလျောက် စကားထစ်သွားခဲ့သည်။
"မင်း... မင်း... မင်း... မင်းက ဒါတွေကို ဘယ်လိုလုပ်ပြီး သိနေတာလဲ..."
ဤအချိန်၌ သူ၏ နှလုံးသားထဲရှိ အံ့အားသင့်မှုမှာ စူးချန်ကဲ၏ ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို မျက်မြင်တွေ့ခဲ့ရစဉ်က သူ ခံစားခဲ့ရသော သက်ရောက်မှုထက် မနည်းလှချေ။
သူ ဤမျှလောက် အံ့အားသင့်သွားသည်မှာ မထူးဆန်းချေ။ နင်မိသားစု၏ လက်ရှိအပေါ်ယံအင်အားမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သော်လည်း အကယ်၍ တစ်စုံတစ်ယောက်ကသာ အမှန်တကယ် စုံစမ်းစစ်ဆေးပါက သဲလွန်စတချို့ကို ရှာတွေ့နိုင်သည်။ တခြားကိစ္စများကို ဖူယောင်က သူ့ကို ပြောပြခဲ့ခြင်း ဖြစ်နိုင်သည်ဟုလည်း မှတ်ယူနိုင်သည်။ သို့ရာတွင် အကြီးမားဆုံး ပြဿနာမှာ နင်မိသားစု၏ ဘိုးဘေး အပြင်းအထန် ဒဏ်ရာရနေခြင်းကို သူ တစ်ဦးတည်းသာ သိရှိထားခြင်းပင်။
ဤအကြောင်းကို ဒုတိယမြောက် လူတစ်ယောက် သိရှိရန်မှာ လုံးဝမဖြစ်နိုင်ချေ။
ထိုသို့မဟုတ်ပါက နင်မိသားစု၏ အမိန့်အောက်ရှိ ဂဏမငြိမ်ဖြစ်နေသော ထိုလူများက သူတို့၏ လှုပ်ရှားမှုကို စတင်လုပ်ဆောင်နေပြီး ဖြစ်ပေလိမ့်မည်။ သူတို့အားလုံးသည် ဘိုးဘေး၏ ကျန်ရစ်နေဆဲဖြစ်သော ဂုဏ်သတင်းကြောင့် နောက်ဆုတ်နေကြခြင်း မဟုတ်လော။
အခန်း ၈၄: နွေးထွေးတဲ့ စီနီယာအစ်ကို က လူတိုင်းကို နွေးထွေးပေးဖို့ လိုတယ်...
"အဲ့ဒါက အမြဲတမ်း ဖြစ်နေကျပုံစံပဲ မဟုတ်ဘူးလား..."
စူးချန်ကဲက ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်ကာ နင်ဖူယောင်အား သူမ၏ ဓားအရိုးကို တူးထုတ်ပြီး သူမ၏ ကြီးမားသော ကံကြမ္မာကို သိမ်းပိုက်သွားသည့် ဝမ်းကွဲ သို့မဟုတ် ယောက်မ တစ်ယောက်ကို မပေးလိုက်ခြင်းက အနည်းငယ် လိုအပ်နေသေးသည်ဟုပင် သူ ခံစားလိုက်ရသည်။
ချက်ချင်းပင် စူးချန်ကဲက အံ့အားသင့်နေဆဲဖြစ်သော စန်းလင်းကို ကြည့်ကာ နောက်တစ်ကြိမ် မေးလိုက်သည်။
"ပြောပါအုံး... ဖူယောင်က ဘယ်အင်အားစုနဲ့ လက်ထပ်စာချုပ် လုပ်ခဲ့တာလဲ... မြောက်ပိုင်းနယ်မြေအတွင်းမှာ နင်မိသားစုကို လွှမ်းမိုးနိုင်တဲ့ တည်ရှိမှုမျိုး မရှိသင့်ဘူးမဟုတ်လား..."
ယုတ္တိတန်စွာပြောရလျှင် နင်မိသားစု၏ အကျပ်အတည်းကို ဖြေရှင်းနိုင်သူမှာ ဇာတ်ကွက်နှင့် ကိုက်ညီစေရန် ပို၍အစွမ်းထက်ရပေမည်။ ထိုသို့မဟုတ်ပါက အဓိက ဇာတ်ကောင်သည် နောက်ပိုင်းတွင် လူတိုင်း၏ မျက်နှာကို ပါးဖြတ်ရိုက်ရန် အစွမ်းထက်သော တုံ့ပြန်မှုကို မည်သို့ ပြုလုပ်နိုင်မည်နည်း။
စန်းလင်းက သူ၏ လှိုင်းထန်နေသော စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ပြီး အသက်ပြင်းပြင်း ရှူကာ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
"အဲ့ဒါက မြောက်ပိုင်းနယ်မြေရဲ့ အင်အားစု မဟုတ်ပါဘူး... အဲ့ဒီလက်ထပ်စာချုပ်က ယွမ်ယန်နယ်မြေမှာရှိတဲ့ စိတ်ဝိညာဉ်နယ်မြေရဲ့ထျန်းဟန်မျိုးနွယ်စုကနေ လာတာပါ..."
ဤအကြောင်းကို ပြောဆိုချိန်တွင် သူ၏ အမူအရာမှာ ပို၍တည်ကြည်လေးနက်လာပြီး တိုးညှင်းသောအသံဖြင့် တောင်းပန်လိုက်၏။
"တာအိုရောင်းရင်းစူး... ငါ့ရဲ့ဘိုးဘေး နဲ့ ပတ်သက်တဲ့ ကိစ္စက အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ပါ... တာအိုရောင်းရင်းစူးက အဲ့ဒါကို ဘယ်တော့မှ မဖော်ထုတ်ဘူးလို့ ငါ မျှော်လင့်ပါတယ်..."
အကယ်၍ သူ၏ရှေ့ရှိ လူမှာ စူးချန်ကဲမဟုတ်ဘဲ ဤလျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့သော တခြား မည်သူမဆို ဖြစ်ပါက ဤလျှို့ဝှက်ချက်ကို လုံးဝ မြှုပ်နှံပစ်ရန် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို စန်းလင်း ခုခံနိုင်ခဲ့မည် မဟုတ်သည်မှာ သေချာပေါက်ပင်။
"မပူပါနဲ့... ငါ့ကို ကြည့်ရတာ စကားများမယ့်ပုံ ပေါက်နေလို့လား..."
စူးချန်ကဲက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏မျက်လုံးများကို မှေးစင်းလိုက်ရာ တွေးတောနေသော အမူအရာတစ်ခု ထွက်ပေါ်လာပြီး ရေရွတ်လိုက်သည်။
"ထျန်းဟန်မျိုးနွယ်စု ... စိတ်ဝိညာဉ်နယ်မြေ ..."
နောက်တစ်စက္ကန့်တွင် သူ နောက်ဆုံး၌ သတိရသွားခဲ့သည်။
"အို... အဲ့ဒါက တံခါးစောင့်တစ်ယောက်ပဲ..."
ထျန်းဟန်မျိုးနွယ်စုသည် လူသား ဧကရာဇ် ခန်းမ၏ အောက်ရှိ သတ္တမအဆင့် အင်အားစု တစ်ခုပင်။ ထိုအရာ၏အထက်တွင် အဆင့် ခြောက်ခုရှိသဖြင့် သတ္တမအဆင့်မှာ အနိမ့်ဆုံး ဖြစ်လေ၏။ သေချာသည်မှာ ထိုအရာကို တရားဝင် လူသားမျိုးနွယ်စု အဖွဲ့အစည်းတစ်ခုအဖြစ်လည်း မှတ်ယူနိုင်သည်။
ထိုအဖွဲ့အစည်းသည် စိတ်ဝိညာဉ်နယ်မြေနှင့် ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများကြားရှိ ဆုံမှတ်ကို စောင့်ကြပ်ရန် အမြဲတစေ တာဝန်ရှိသည်။ စိတ်ဝိညာဉ်နယ်မြေနှင့် ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများ ကြားတွင် အတားအဆီးတစ်ခု ရှိနေသည်။ ထိုကြောင့် စိတ်ဝိညာဉ်နယ်မြေသို့ ရောက်ရှိလိုသော သာမန်ကျင့်ကြံသူများသည် ထျန်းဟန်မျိုးနွယ်စုမှ ခွင့်ပြုချက် ရရှိရပေမည်။ ထို့ပြင် စိတ်ဝိညာဉ်နယ်မြေသို့ ဝင်ရောက်ရန်အတွက် အရည်အချင်းပြည့်မီစေရန် သူတို့၏ကျင့်ကြံခြင်းမှာ အနည်းဆုံးအနေဖြင့် နတ်ဘုရားမီးတောက်နယ်ပယ်တွင် ရှိနေရပေမည်။
ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းတစ်ခုမှာ နတ်ဘုရားမျိုးနွယ်စု စိတ်ဝိညာဉ်နယ်မြေထဲသို့ စိမ့်ဝင်လာခြင်းမှ ကာကွယ်ရန်ပင်။ မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားမျိုးနွယ်စုမှ မျိုးနွယ်စု တစ်ခုသည် အိပ်မက်ဆိုးနည်းစနစ်များကို အထူးပြုပြီး ကျင့်ကြံသူများ၏ အိပ်မက်များထဲသို့ စိမ့်ဝင်ကာ စိတ်ဝိညာဉ်နယ်မြေထဲသို့ တိတ်တဆိတ် ဝင်ရောက်ပြီး သက်ရှိများကို စတင်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့ဖူးလေ၏။
ဒုတိယအကြောင်းအရင်းမှာ ကျင့်ကြံသူတစ်ဦးသည် နတ်ဘုရားမီးတောက်နယ်ပယ်၏ အောက်တွင် ရှိနေပါက စိတ်ဝိညာဉ်နယ်ပယ်သို့ သွားရောက်ရန် မကြိုးစားသင့်ခြင်းကြောင့်ပင်။ အသေးအမွှား အလုပ်များအတွက်ပင် မည်သူကမျှ ထိုအဆင့်ကျင့်ကြံသူမျိုးကို ငှားရမ်းမည် မဟုတ်ပေ။
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ဟင်းလင်းပြင်တာအိုနယ်ပယ်အထက်ရှိ ကျင့်ကြံသူများကို အောက်ဘုံသို့ ဆင်းသက်ခြင်းမှ တားမြစ်ကြောင်း ဧကရာဇ် ချုံယွီက အမိန့်ထုတ်ပြန်ခဲ့ချိန်မှစ၍ စိတ်ဝိညာဉ်နယ်မြေမှကျင့်ကြံသူများ အောက်ဘုံသို့ ဆင်းသက်ခြင်းကို ကြီးကြပ်ရန်လည်း တာဝန်ရှိလာခဲ့သည်။
ဤသည်မှာ ကောင်းကင်ဘုံနှင့်အသင်္ချေနယ်မြေများအတွက် ကာကွယ်မှုတစ်ခု ဖြစ်သည်မှာ သေချာပေါက်ပင်။ ကျင့်ကြံသူတစ်ဦးသည် ဟင်းလင်းပြင်တာအိုနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် သူတို့သည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို မှောက်လှန်ပစ်နိုင်ပြီး အားနည်းသော သတ္တဝါများအတွက် ကပ်ဘေးတစ်ခု ဖြစ်စေနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားမျိုးနွယ်စုနှင့် စစ်တုရင်ကစားခဲ့သော ဤနှစ်များအတွင်း အောက်ဘုံသို့ တိတ်တဆိတ် ဝင်ရောက်ကာ သူတို့၏သက်တမ်းကို ရှည်စေရန် အသက်အနှစ်သာရများကို စုပ်ယူခဲ့သော အဖိုးကြီး အများအပြားလည်း ရှိခဲ့လေ၏။
ထျန်းဟန်မျိုးနွယ်စု၏ အထက်တွင်ရှိသော လူသားဧကရာဇ်ခန်းမမှာ မဆိုးလှသော်လည်း စူးမိသားစုနှင့်နှိုင်းယှဉ်ပါက ကွာဟချက်မှာ ကြီးမားနေဆဲပင်။
အကြောင်းအရင်းမှာ လူသားဧကရာဇ်ခန်းမ တွင် မည်သူက လူသားဧကရာဇ် ဖြစ်လာမည်ဆိုသည်ကို အခြေခံအားဖြင့် စူးမိသားစုက ဆုံးဖြတ်သောကြောင့်ပင်။
စူးချန်ကဲသည် လေ့ကျင့်ရေးအတွက် အောက်ဘုံသို့ ဆင်းသက်ရန် အပြစ်ပေးခံရချိန်တွင် သူသည် ထျန်းဟန်မျိုးနွယ်စုမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်း ဖြစ်လေသည်။ သူ့ကို မြင်သောအခါ စံအိမ် သခင်၏သားဖြစ်သူ အနည်းငယ် တုန်ရီသွားခဲ့သည်ကို သူ ဝိုးတဝါး မှတ်မိနေသေးသည်။
"ရှူး... တာအိုရောင်းရင်းစူး... စကားကို ဆင်ခြင်ပြောပါ..."
စန်းလင်းက ချက်ချင်းအသက်ရှူမမှားဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ပြီး စူးချန်ကဲ၏ ပါးစပ်ကို ပိတ်ထားချင်လုနီးပါး ဖြစ်သွားခဲ့သည်။
တံခါးစောင့် တစ်ယောက်လောဟု စန်းလင်းက တွေးတောလိုက်သည်။
ထိုအရာသည် စိတ်ဝိညာဉ်နယ်မြေမှ အင်အားစု တစ်ခုပင်။
စူးချန်ကဲ ပြောသကဲ့သို့ အမှန်တကယ်ကို တံခါးစောင့်တစ်ယောက် ဖြစ်နေလျှင်ပင် ထိုအဖွဲ့အစည်း၏ ခွန်အားမှာ ယွမ်ယန်နယ်မြေနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် သာလွန်နေသည်။ ဤအရာကို သူ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရလေ၏။
စန်းလင်း၏ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေရသည့်အလား တုံ့ပြန်မှုကို မြင်သောအခါ စူးချန်ကဲက တည်ငြိမ်စွာ မေးလိုက်သည်။
"ခင်ဗျားက ဒီလောက်တောင် ကြောက်နေတာကို ဖူယောင်ကို လက်ထပ်ပွဲကနေ ထွက်ပြေးဖို့ ဘာလို့ ကူညီပေးရဲတာလဲ... တကယ်လို့ ထျန်းဟန်မျိုးနွယ်စုက ခင်ဗျားကို တာဝန်ယူခိုင်းရင် ခင်ဗျား ကိုင်တွယ်ဖြေရှင်းနိုင်ပါ့မလား..."
စူးချန်ကဲ၏အမြင်အရ ထျန်းဟန်မျိုးနွယ်စုမှာ သာမန် အသေးအမွှားလေး တစ်ခုသာ ဖြစ်သော်လည်း ထိုအရာက နင်မိသားစု အပေါ် ကြီးမားသော ဖိအားတစ်ခု အမှန်တကယ် သက်ရောက်စေခဲ့သည်။ အထွတ်အထိပ်တွင် ရှိနေသော နင်မိသားစုပင်လျှင် ထိုမျိုးနွယ်စုကို ရန်စရဲမည် မဟုတ်ချေ။
ဤအရာကို ကြားသောအခါ စန်းလင်းက တခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောဆိုသည်။
"ဒီလက်ထပ်စာချုပ်ကို ဖူယောင်ရဲ့ ဒုတိယဦးလေးကိုယ်တိုင် တောင်းဆိုခဲ့တာ ဖြစ်ပေမဲ့ ငါ အဲ့ဒီအကြောင်းကို သေချာ တွေးထားပြီးသားပါ... တကယ်လို့ ထျန်းဟန်မျိုးနွယ်စုက လာမေးရင် ငါ သူတို့ကို ရှင်းပြပေးပါ့မယ်..."
ထို့ပြင် ဤတစ်ကြိမ်တွင် နင်ဖူယောင်၏ ဓားတာအိုပါရမီကို မြင်တွေ့ရပြီးနောက် သူမ၏ ဒုတိယဦးလေးကို အရင်ဖျောင်းဖျရန် သူမကို မြောက်ပိုင်းနယ်မြေသို့ ပြန်ခေါ်သွားပြီးနောက် ထျန်းဟန်မျိုးနွယ်စုသို့ သူကိုယ်တိုင်သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ထျန်းဟန်မျိုးနွယ်စုက သူ့ကို တာဝန်ယူခိုင်းလျှင်ပင် နင်ဖူယောင်အတွက် ဤလက်ထပ်စာချုပ်ကို သူ ဖျက်သိမ်းပေးရပေမည်။
သူထံ၌ ယုံကြည်မှုရှိနေရသည့် အကြောင်းအရင်းမှာ ထျန်းဟန်မျိုးနွယ်စုသည် နင်မိသားစု နှင့် လက်ထပ်ရန် အထူးတလည် စိတ်အားထက်သန်ခြင်း မရှိသဖြင့် ထိုစာချုပ်ကို ဖျက်သိမ်းရန် သူတို့ ငြင်းဆန်မည် မဟုတ်သောကြောင့်ပင်။ သို့ရာတွင် ထိုအရာမှာ သူတို့၏နာမည်ဂုဏ်သတင်းနှင့် သက်ဆိုင်နေသဖြင့် တာဝန်ယူရန် တစ်စုံတစ်ယောက်က သဘာဝကျကျ ရှေ့ထွက်ရပေမည်။
တစ်ချိန်တည်းမှာပင်...
အခန်းထဲရှိ ကုတင်ပေါ်တွင် လှဲလျောင်းနေသော နင်ဖူယောင်သည် သူမ၏ မျက်လုံးများကို အားနည်းစွာ ဖွင့်လိုက်သော်လည်း မည်သည့် လှုပ်ရှားမှုမျှ မလုပ်ခဲ့ချေ။ အပြင်ဘက်ရှိ လူနှစ်ဦးကြားမှ ဖုံးကွယ်မထားသော စကားပြောဆိုမှုများကို သူမ ရှင်းလင်းစွာ ကြားနေရလေ၏။
ထိုအချိန်က သူမ မြောက်ပိုင်းနယ်မြေ မှ ထွက်ပြေးခဲ့ချိန်တွင် သူမကို လျှို့ဝှက်စွာ ကူညီပေးခဲ့သူမှာ ဦးလေးလင်းဖြစ်ကြောင်း သူမ သတိမထားမိခဲ့ချေ။ အစောင့်များက သူမကို သတိမထားမိခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။
ဦးလေးလင်းက သူ့ကိုယ်သူ စတေးရန် အစောကြီးကတည်းက ပြင်ဆင်ထားခဲ့မည်ဟုလည်း သူမ မျှော်လင့်မထားခဲ့ချေ။
"သခင်မ... ဝမ်းနည်းမနေပါနဲ့... အဲ့ဒါက ထျန်းဟန်မျိုးနွယ်စုလေးပါပဲ... သခင်မ ပိုပြီးအစွမ်းထက်လာတာနဲ့ အဲ့ဒါကို ဓားတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လို့ ရပါတယ်..."
အားချီ၏ နှစ်သိမ့်ပေးသော အသံက သူမ၏ စိတ်ထဲတွင် မြည်ဟီးလာခဲ့သည်။
"ပိုပြီးအစွမ်းထက်လာဖို့လား..."
နင်ဖူယောင်က ခါးသီးစွာ ပြုံးလိုက်၏။ အကယ်၍ သူမ ပိုအစွမ်းထက်လာလျှင်ပင် ဦးလေးလင်းအတွက် လက်စားချေပေးခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။
ဤအချိန်၌ အိမ်အပြင်ဘက်မှ အသံများ ပြန်လည်၍ ထွက်ပေါ်လာခဲ့သည်။
စန်းလင်း၏ စကားများကို ကြားပြီးနောက် စူးချန်ကဲက သူ၏အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားပြီး ပြောလိုက်သည်။
"ကောင်းပါပြီ... ဒီလက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပါ... အဲ့ဒီ ထျန်းဟန်မျိုးနွယ်စုဆိုတဲ့ သာမန်တံခါးစောင့်တွေက ကျွန်တော်ရဲ့ဂျူနီယာညီမလေး နဲ့ မထိုက်တန်ဘူး... အကြီးအကဲ စန်း... ထျန်းဟန်မျိုးနွယ်စုအတွက် ခင်ဗျား စိတ်ပူစရာ မလိုပါဘူး... တကယ်လို့ သူတို့က တကယ်ပဲ ခင်ဗျားကို တာဝန်ယူခိုင်းတယ်ဆိုရင် သူတို့ရဲ့ လူတွေကို ကျွန်တော်ဆီ လာရှာခိုင်းလိုက်ပါ... ကျွန်တော်ကိုယ်တိုင် သူတို့ကို ရှင်းပြပေးပါ့မယ်..."
ဤစကားများကို ပြောလိုက်သည်နှင့် တပြိုင်နက်...
စန်းလင်း အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။ သူက စူးချန်ကဲကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး ပေါ့ပေါ့ပါးပါး လေသံကို နားထောင်ရင်း တခဏမျှ ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခုကိုပင် သူ ခံစားလိုက်ရသည်။
ထျန်းဟန်မျိုးနွယ်စုက စူးချန်ကဲ၏ ရှေ့တွင် ပုရွက်ဆိတ် တစ်ကောင်အလား ဖြစ်နေသလောဟု သူ တွေးလိုက်မိသည်။
"အဟမ်း... အဟမ်း... အဟမ်း... ငါ ဘာတွေ တွေးနေတာလဲ..."
စန်းလင်းက ချက်ချင်း လှောင်ပြောင်လိုက်၏။ စူးချန်ကဲ၏ပါရမီက ကောင်းကင်ကိုဆန့်ကျင် နေသည်မှာ မှန်သော်လည်း သူသည် ယခုအချိန်တွင် အားနည်းနေဆဲပင်။ အကယ်၍ သူသာ ကောလာဟလများအတိုင်း အမှန်တကယ် ဖြစ်နေလျှင်ပင် ထျန်းဟန်မျိုးနွယ်စုကဲ့သို့ သာလွန်ထူးကဲသည့် အင်အားစုတစ်ခုကို သူ ခုခံနိုင်မည်မဟုတ်ချေ။
ထို့နောက် စန်းလင်းက စူးချန်ကဲကို ကြည့်ကာ ကျေးဇူးတင်စွာ ပြောလိုက်သည်။
"အဲ့ဒါဆိုလည်း တာအိုရောင်းရင်းကို ငါ ကျေးဇူးတင်ပါတယ်..."
စူးချန်ကဲ၏စကားများကို လူငယ်များ၏ စိတ်အားထက်သန်မှုအဖြစ်သာ သူ မှတ်ယူခဲ့သော်လည်း သူ၏ကျေးဇူးတင်မှုမှာ စစ်မှန်သည်။ စူးချန်ကဲ၏ပါရမီဖြင့် သူသည် နောက်ဆုံးတွင် ယွမ်ယန်နယ်မြေတွင် ပြိုင်ဘက်ကင်းလာပေလိမ့်မည်။ နင်ဖူယောင်အတွက် စူးချန်ကဲ ဤသို့လုပ်ပေးခြင်းကလည်း သူ့ကို များစွာ စိတ်သက်သာရာ ရစေခဲ့သည်။
"ခင်ဗျား တကယ် ကျေးဇူးတင်ရင် ပိုကောင်းမယ်..."
စူးချန်ကဲက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘာမှ ထပ်မပြောတော့ချေ။ ထိုအချိန်မှာပင် စနစ်၏အသံက သူ၏ စိတ်ထဲတွင် ရုတ်တရက် မြည်ဟီးလာပေ၏။
【ဒင်... လက်ခံသူရဲ့ ဩဇာလွှမ်းမိုးတဲ့ စကားတွေက ဂျူနီယာညီမလေး နင်ဖူယောင်ရဲ့ နှလုံးသားကို နွေးထွေးစေပါတယ်... ဆုလာဘ် - တစ်လစာ ကျင့်ကြံခြင်း】
"အို... ဒီကောင်မလေးက နိုးနေပြီပဲ..."
"တတိယ ဂျူနီယာညီမလေးကို တွေ့ပြီးပြီဆိုတော့ ဒုတိယဂျူနီယာညီမလေးကို သွားတွေ့ဖို့ အချိန်တန်ပြီ... နွေးထွေးတဲ့ စီနီယာအစ်ကိုက လူတိုင်းကို နွေးထွေးပေးဖို့ လိုတယ်..."
စူးချန်ကဲက သူ၏ နှလုံးသားထဲတွင် ဆုံးဖြတ်လိုက်ပြီး ဒုတိယ ဂျူနီယာညီမလေးကို သေချာစွာ နွေးထွေးမပေးရသေးကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုသို့ မည်သို့ ခွင့်ပြုနိုင်မည်နည်းဟု သူ တွေးတောလိုက်၏။
တစ်ချိန်တည်းမှာပင် အခန်းထဲ၌...
နင်ဖူယောင်သည် သူမ၏ ငွေရောင် သွားများကို ကိုက်ထားပြီး သူမ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေကာ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
ဝူး ဝူး ဝူး...
စီနီယာအစ်ကိုက ငါ့အပေါ် တကယ်ကို အရမ်းကောင်းတာပဲ...
ယခင်က သူ၏အစားအစာထဲတွင် ပါဝင်ပစ္စည်း အပိုများ ထည့်ခဲ့မိသောကြောင့် သူမ တကယ်ကို သေသင့်သည်ဟု တွေးကာ အပြစ်မကင်းသလို ခံစားလိုက်ရသည်။
"အင်း... သခင်မရဲ့ စီနီယာအစ်ကို ပြောတာ မှန်တယ်... အဲ့ဒီ ထျန်းဟန်မျိုးနွယ်စု က တကယ်ကို သခင်မနဲ့ မထိုက်တန်ဘူး..."
အားချီ က အလွန်သဘောတူစွာဖြင့် ပြောလိုက့်ပြီး စူးချန်ကဲကို သူမ ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများတွင် လေးစားအားကျမှု အရိပ်အယောင်တစ်ခု ပါဝင်နေသည်။