အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အခန်း ၈၉: သူ့ကို ငါ သိမ်းပိုက်ရမယ်...
သူ စကားပြောနေစဉ် ကျောက်ဝမ်ရှန်း၏ မျက်လုံးများတွင် လေးစားအားကျမှု အရိပ်အယောင်တစ်ခု အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် မလှမ်းမကမ်းရှိ အနက်ရောင်ဝတ်ရုံဝတ် အမျိုးသမီးပေါ်သို့ သူ၏ အကြည့် ကျရောက်သွားသောအခါ သူက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
ဟွမ်ယန်ဆေးလုံး လုယူခြင်းခံရသည့်အတွက် သူ အနည်းငယ်မျှ ဒေါသထွက်မနေခဲ့ချေ။ အမှန်အားဖြင့် သူ အနည်းငယ် စိတ်ကျေနပ်နေခဲ့သည်။ လျှိုရူယန်၏ အံ့အားသင့်နေသော ပုံစံကို မြင်ရလေလေ သူ ပို၍ပျော်ရွှင်လေလေပင်။
သူ၏အမြင်အရ ဤမျှထိ လှပပြီး ပြေပြစ်သော အမျိုးသမီးတစ်ဦးမှာ မည်သည့် ဟွမ်ယန်ဆေးလုံးထက်မဆို များစွာပို၍ အဖိုးတန်ပြီး ရှားပါးလှသည်။ ထို့ပြင် ယခုအချိန်၌ သူမသည် လှောင်ချိုင့်ထဲရှိ ငှက်တစ်ကောင်အလား ဖြစ်နေပြီ ဖြစ်ရာ ပစ္စည်းရော လူကိုပါ သူ လိုချင်နေသဖြင့် သူ မည်သည်ကြောင့် ဒေါသထွက်နေမည်နည်း။
ဤအချိန်၌....
ဝမ်ချီလန်စံအိမ်မှ လူအုပ်ကြီး၏ မျက်နှာချင်းဆိုင်တွင် လွင့်မျောနေသော အနက်ရောင်ဆံပင်ရှည်များကို ရိုးရှင်းသော အနက်ရောင်ကြိုးဖြင့် အထက်သို့ စည်းနှောင်ထားသော အထီးကျန်ဆန်ပြီး ကျက်သရေရှိသည့် ပုံရိပ်တစ်ခုက တစ်ယောက်တည်း မတ်တတ်ရပ်နေခဲ့သည်။
သူမ၏မျက်နှာသည် ပန်းချီကားတစ်ချပ်အလား လှပပြီး သူမ၏အသွင်အပြင်များမှာ ဖန်ဆင်းရှင်၏ အပြည့်စုံဆုံး လက်ရာအလား အလွန်သိမ်မွေ့လှသည်။ သူမ၏ မျက်ခုံးများကြားတွင် သူမ၏အသက်အရွယ်နှင့် မလိုက်ဖက်သော ခေါင်းမာမှု အရှိန်အဝါတစ်ခု ရှိနေပြီး အထူးသဖြင့် ရွှေရောင် သန်းနေသော သူမ၏မျက်လုံးများမှာ အေးစက်သော ရေကန်တစ်ခုအလား နက်ရှိုင်းပြီး လှိုင်းဂယက် အနည်းငယ်မျှ မရှိဘဲ တည်ငြိမ်နေပေ၏။ သူမထံတွင် ကောင်းကင်လှိုဏ်ဂူနယ်ပယ် စွမ်းအားသာ ရှိသော်လည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်မှ အစွမ်းထက် ကျင့်ကြံသူအမြောက်အများ၏ ဖိနှိပ်မှုစွမ်းအားကို ရင်ဆိုင်ရချိန်တွင် သူမက မည်သည့်အကြောက်တရားမျှ မပြသခဲ့ချေ။
ဤအမျိုးသမီးမှာ တခြားသူမဟုတ်ဘဲ လျှိုရူယန်ပင်။
သို့ရာတွင် ဤအချိန်၌ သူမ၏အရှိန်အဝါသည် ထိုက်ချင်ဂိုဏ်းတွင် ရှိနေစဉ်ကနှင့် အနည်းငယ် ကွဲပြားခြားနားနေခဲ့သည်။ သူမသည် ဂိုဏ်း၏ လမင်းကဲ့သို့ဖြူဆွတ်သော အဖြူရောင်ဝတ်စုံရှည်ကို လဲလှယ်ထားပြီး ကိုယ်ကျပ်ညဝတ်စုံ ဖြင့် အစားထိုးထားသည်။
မင်အလား မည်းနက်သော ဝတ်စုံက သူမ၏ သွယ်လျသော်လည်း ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် ချပ်ကပ်နေပြီး ချောမွေ့ကာ ကျုံ့နိုင်ဆန့်နိုင်သော အကောက်အကွေ့များကို ပုံဖော်ပေးထားလေ၏။ ဤလွန်ကဲသော အမည်းရောင်က လှစ်ဟနေသော သူမ၏လည်ပင်းနှင့်မျက်နှာ အသားအရေကို ပို၍ပေါ်လွင်စေပြီး နှင်းများအလား ဖြူဖွေးကာ အေးစက်သော ကျောက်စိမ်းအလား ဖြစ်နေစေသည်။ သူမ၏ခန္ဓာကိုယ်သည် ညနေခင်း အလင်းရောင်အောက်တွင် ဖောက်ထွင်းမြင်ရလုနီးပါး တောက်ပမှုဖြင့် လင်းလက်နေခဲ့သည်။
"ဒီဧကရီကို အကြံအစည် လုပ်ရဲတဲ့ ကြက်တွေ ခွေးတွေကတော့..."
လျှိုရူယန်က သူမ၏ ဖီးနစ်မျက်လုံးများဖြင့် ဝမ်ချီလန်စံအိမ်မှ လူအုပ်ကြီးကို အေးစက်စွာ စိုက်ကြည့်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရစ်သိုင်းလွှမ်းခြုံနေပြီး ပြောဆိုသည်။ သူမ၏ နှုတ်ခမ်းများက တင်းကြပ်စွာ စေ့ထားပြီး ခိုင်မာကာ အေးစက်သော အကွေးတစ်ခုကို ဖြစ်ပေါ်စေသည်။ လှောင်ပြောင်မှု အရိပ်အယောင် အနည်းငယ်က သူမ၏နှုတ်ခမ်းထောင့်များတွင် တွယ်ကပ်နေပုံ ရလေ၏။
"အာ... ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဲ့ဒီအကြည့်က အတိအကျပဲ..."
ကျောက်ဝမ်ရှန်းသည် ဒေါသထွက်မနေသည့်အပြင် သူ၏မိုးကြိုးယပ်တောင်ဖြင့် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပျံ့နှံ့သွားကာ သူ၏မျက်လုံးများကို မှေးစင်းပြီး ပြောဆိုလိုက်သည်။
"မင်းရဲ့ အဲ့ဒီ မောက်မာတဲ့အကြည့်ကို ငါ တကယ်ကို သဘောကျတယ်..."
ထိုစကားကိုပြောဆိုပြီးနောက် သူက ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး လျှိုရူယန်ကို အထက်စီးဆန်မှုဖြင့်ကြည့်ကာ ပြောလိုက်သည်။
"ထိုက်ချင်ဂိုဏ်းရဲ့ နဝမတောင်ထိပ်က လျှိုရူယန်မလား... ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ဘုံကို တက်လှမ်းဖို့ အခွင့်အရေး တစ်ခု ငါ ပေးမယ်... ငါ့မှာ ငါ့ကို ပြုစုစောင့်ရှောက်ဖို့ လိမ္မာတဲ့ ဂျူနီယာညီမလေး တစ်ယောက် လိုနေတာနဲ့ အတော်ပဲ... တကယ်လို့ မင်းက လိမ်လိမ်မာမာနဲ့ အညံ့ခံပြီး ဝမ်ချီလန်စံအိမ်ကို ငါနဲ့အတူ လိုက်လာမယ်ဆိုရင် အဲ့ဒီ ဟွမ်ယန်ဆေးလုံးကို မင်းကို ဆုချမယ်... လျှို့ဝှက်နယ်မြေထဲမှာ ငါ့ရဲ့ဝမ်ချီလန်စံအိမ် က တပည့်တွေကို မင်း သတ်ခဲ့တာတွေကိုလည်း လျစ်လျူရှုပေးမယ်... ဒါတင်မကသေးဘူး ငါက မင်းကို အကောင်းဆုံး ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုလည်း ပေးနိုင်တယ်... ဘယ်လိုလဲ..."
ကျောက်ဝမ်ရှန်းက စိတ်အားထက်သန်သော အကြည့်နှင့် မျှော်လင့်နေသော အမူအရာဖြင့် ပြောဆိုလိုက်၏။
သူ၏စကားများတွင် ယုံကြည်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး မောက်မာသော အရာတစ်ခုကို ဖြည်းဖြည်းချင်း ဖျက်ဆီးကာ အကြွင်းမဲ့ အောင်နိုင်ရသည့် လုပ်ငန်းစဉ်ကို သူ အထူးနှစ်သက်သည်။
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ ဝမ်ချီလန်စံအိမ်မှ တပည့်များက ကျောက်ဝမ်ရှန်းကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏။ လူတချို့သည် အံ့အားသင့်နေကာ လူတချို့သည် မကျေမနပ်ဖြစ်နေကြသော်လည်း မည်သူမျှ ဆန့်ကျင်စကားမပြောရဲကြချေ။
လျှိုရူယန်က သူမ၏ မျက်ခွံများကို ဂရုမစိုက်စွာ ပင့်လိုက်ရုံသာဖြစ်ပြီး သူမ၏မျက်လုံးများတွင် အထင်သေးမှုနှင့် ဖုံးကွယ်မထားသော ရွံရှာမှုတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။
"နင့်လိုကောင်က ထိုက်တန်လို့လား..."
"ဟား ဟား... ငါက ဘာကို မထိုက်တန်ရမှာလဲ..." ကျောက်ဝမ်ရှန်းက ခပ်ဖျော့ဖျော့ပြုံးပြီးနောက် လှောင်ပြောင်လိုက်၏။
"ဘယ်နေရာမှာများ စူးချန်ကဲထက် ငါက ပိုပြီးမထူးချွန်တာ ရှိလို့လဲ...စွမ်းအားပိုင်းမှာ ငါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ... သူက ငါ့ကိုမြင်ရင် ကြွက်က ကြောင်ကို မြင်သလိုမျိုး ရှောင်နေရတာ... သေးငယ်တဲ့ အကြံအစည်တွေကို အသုံးပြုဖို့လောက်ပဲ သိတဲ့သူမှာ တခြား ဘာတွေ ရှိသေးလို့လဲ...ဒါ့ပြင် နောက်ခံပိုင်းမှာဆိုရင် ငါ့ရဲ့ဖခင်က ဝမ်ချီလန်စံအိမ်က ဒုတိယ ကောင်းကင်စံအိမ်ရဲ့ စံအိမ်သခင်ပဲ... လွန်ခဲ့တဲ့ သုံးနှစ်အကြာတုန်းက သူက သူ့ရဲ့ နတ်ဘုရားမီးတောက်ကို ထွန်းညှိခဲ့ပြီး ယွမ်ယန်နယ်မြေ မှာရှိတဲ့ အထွတ်အထိပ် အစွမ်းထက် ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်လာခဲ့တယ်... ငါနဲ့ ယှဉ်ဖို့ သူ့မှာ ဘာရှိလို့လဲ..."
"မင်းကို ဘေးဖယ်ထားလိုက်အုံး... တကယ်လို့ ဒီနေ့ ဒီနေရာမှာ စူးချန်ကဲ ရှိနေရင်တောင်မှ သူ့ရဲ့ ခေါင်းကို လက်နဲ့အုပ်ပြီး ထွက်ပြေးဖို့လောက်ပဲ သူ တတ်နိုင်မှာ..."
"ဒါကြောင့်..."
"တကယ်လို့ မင်းက သူ့ကို အစေခံနိုင်တယ်ဆိုရင် ငါ့ကို ဘာလို့ အစေခံလို့ မရမှာလဲ..."
"သူက နင့်ထက် အများကြီး ပိုပြီး ချစ်စရာကောင်းတယ်... အနည်းဆုံးတော့ သူက အဲ့ဒီလောက် နှာဘူးမကျဘူး..."
လျှိုရူယန်က သူမ၏စိတ်နှလုံးသားထဲတွင် လှောင်ပြောင်လိုက်ပြီး ကျောက်ဝမ်ရှန်းနှင့် ထပ်မံ၍ စကားပြောဆိုရန် ပျင်းရိနေခဲ့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူမ၏မျက်လုံးများ နက်ရှိုင်းသောနေရာတွင် ကာလကြာရှည်စွာ အိပ်မောကျနေခဲ့သော နတ်ဘုရားဖီးနစ်တစ်ကောင်က ရုတ်တရက် တောက်ပသော မျက်လုံးများကို ဖွင့်လိုက်သည့်အလား ဖြစ်သွားခဲ့လေ၏။
ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပုံပျက်သွားစေပြီး မယှဥ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မြင့်မားမှုတစ်ခုက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ မည်သူမျှ မမြင်နိုင်သော မသေနိုင်သော နတ်ဘုရားဖီးနစ် ပုံရိပ်ယောင်တစ်ခုက သူမ၏နောက်တွင် ဖြည်းညှင်းစွာ စုစည်းလာပြီး ရှေးဦးခေတ်များအလား ရှေးဟောင်းဆန်ပြီး မြင့်မြတ်သော အရှိန်အဝါတစ်ခု ဖြာထွက်နေခဲ့သည်။
ဤအချိန်အတွင်း ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ်အတွက် ပြီးပြည့်စုံစွာ ကိုက်ညီသော သူမ၏ထူးခြားသည့် ရုပ်ခန္ဓာကိုယ်ကြောင့် ဤနည်းစနစ်ကို သူမက အတော်အသင့် ကျင့်ကြံနိုင်ခဲ့သည်။ သူမသည် ဤနည်းစနစ်အပေါ် ကျွမ်းကျင်မှုနှင့် များစွာကင်းကွာနေသေးသော်လည်း ထိုစွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းနေဆဲပင်။
နောက်တစ်စက္ကန့်တွင်...
သူမ၏အရှိန်အဝါကလည်း ထိုအရာနှင့်အညီ မြင့်တက်လာပြီး ကောင်းကင်လှိုဏ်ဂူနယ်ပယ် ၏စွမ်းအားထက် သိမ်မွေ့စွာ ကျော်လွန်သွားကာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကဏဦးအဆင့် စွမ်းအားအထိ ရောက်ရှိသွားခဲ့လေ၏။
ဤသည်မှာ ယခင်ဘဝက သူမ ကျွမ်းကျင်ခဲ့သော လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပြီး သူမ၏ စွမ်းအားကို ယာယီမြင့်တက်လာစေနိုင်သည်။ ထိုအရာကို အသုံးပြုပြီးနောက် သူမသည် အားနည်းသော ကာလတိုတစ်ခုထဲသို့ ဝင်ရောက်သွားပေမည်။ ထိုက်ချင်ဂိုဏ်းတွင် သတ္တမတောင်ထိပ်မှ တပည့်များနှင့် တိုက်ခိုက်စဉ်က ဤနည်းလမ်းကို သူမ အသုံးပြုခဲ့ဖူးသော်လည်း ယခုကဲ့သို့ အဆင်အခြင်မဲ့စွာ အသုံးပြုခဲ့ခြင်း မရှိခဲ့ဖူးချေ။
ကျီ...
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လျှိုရူယန်၏ လက်ထဲရှိ ဓားရှည်က ရုတ်တရက် ဖီးနစ်ငိုကြွေးသံတစ်သံကို ထုတ်လွှတ်လိုက်သည်။
သူမသည် အရာအားလုံးကို ပြာကျသွားစေနိုင်သော တောက်ပသည့် မီးတောက်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ရှေ့ရှိ ဝမ်ချီလန်စံအိမ်မှ လူအုပ်ကြီးဆီသို့ အမှန်တကယ်ပင် လက်ဦးမှုယူပြီး ခုတ်ပိုင်းလိုက်၏။
ထိုဓားစိတ်ဆန္ဒမှာ ကြေကွဲဖွယ်ကောင်းပြီး နောက်မဆုတ်တမ်းဖြစ်ကာ နှစ်ဖက်လုံးကို ထိခိုက်စေမည့် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။
ဝမ်ချီလန်စံအိမ်မှ လူအုပ်ကြီးသည် သူမ၏စွမ်းအား ရုတ်တရက် မြင့်တက်လာမှုကြောင့် တခဏကြာမျှ ကြောင်အမ်းသွားခဲ့ကြသည်။
တိုက်ခိုက်မှုကို အဓိကခံရသော စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် တတိယအဆင့် တပည့်တစ်ဦးမှာ နတ်ဘုရားစွမ်းရည်တစ်ခုကို အလျင်အမြန် ထုတ်လွှတ်လိုက်၏။ သူသည် ထိုတိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားသည့်အနေဖြင့် ကြယ်များဖြင့် ပြည့်နှက်နေသော စစ်တုရင်ခုံတစ်ခုကို ပုံဖော်လိုက်သည်။
ဝုန်း...
ကြီးမားသော မြည်ဟီးသံကြီးတစ်သံက လျှို့ဝှက်နယ်မြေကို တုန်ခါသွားစေပြီး မြေပြင်ကို တုန်ခါသွားစေခဲ့သည်။ ပြင်းထန်သော တုန်ခါမှုလှိုင်းများက လူစုကွဲသွားစေပြီး ကျယ်ပြန့်သော ဧရိယာတစ်ခုအတွင်းရှိ ရှေးဟောင်းသစ်ပင်များကို အမြစ်မှစ၍ ပြတ်တောက်သွားစေခဲ့ပေ၏။
ထိုတပည့်သည် အမှန်တကယ်ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရပြီး သူ၏ ရှေ့ရှိ ပုံရိပ်ယောင်စစ်တုရင်ခုံပေါ်တွင် အက်ကွဲကြောင်းများ ပျံ့နှံ့သွားခဲ့သည်။ သူက မျက်လုံးများ ပြူးကျယ်နေပြီး လျှိုရူယန်ကို မယုံကြည်နိုင်စွာကြည့်ကာ ပြောဆိုလိုက်သည်။
"ဒါ... ဒါက ကောင်းကင်လှိုဏ်ဂူနယ်ပယ် ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်နိုင်တဲ့ စွမ်းအားလား..."
ကျောက်ဝမ်ရှန်း၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့ပြီး သူ၏မျက်လုံးများတွင် အံ့အားသင့်မှုနှင့် ပို၍ပြင်းထန်လာသော လောဘများ ရောနှောနေခဲ့သည်။
"ဒါက ထိုက်ချင်ဂိုဏ်းရဲ့ ကျင့်ကြံနည်းစနစ် မဟုတ်ဘူး..."
သူက ထိတ်လန့်တကြား တွေးတောလိုက်သည်။
"ဒီလို နတ်ဘုရားစွမ်းအားမျိုးကို ပိုင်ဆိုင်ထားဖို့... ဒီအမျိုးသမီးရဲ့ဇစ်မြစ်က ဘာလဲ... ပြီးတော့ သူ့မှာ ဘယ်လို ကောင်းကင်ကြီးကို တုန်လှုပ်စေတဲ့ ကံကောင်းတဲ့ အခွင့်အရေးမျိုး ရှိနေတာလဲ..."
"သူ့ကို ငါ သိမ်းပိုက်ရမယ်..."
တစ်ချိန်တည်းမှာပင်...
ထိုဓားချက်တစ်ချက်ကို ထုတ်လွှတ်ပြီးနောက် လျှိုရူယန်သည် တိုက်ပွဲတွင် အချိန်ဆွဲမနေခဲ့ချေ။ ထိုအစား သူမက သက်တံရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်သို့လှည့်၍ ထွက်ပြေးသွားခဲ့သည်။ အမှန်အားဖြင့် သူမ၏ဟန်ဆောင်ထားသော အသည်းအသန် ရုန်းကန်မှုမှာ ပြိုင်ဘက်များကို အာရုံလွှဲရန်ပင်။ ထို့နောက် သူမသည် ယခင်ဘဝမှ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးရပေမည်။
"ဟီး ဟီး... ထွက်ပြေးဖို့ ကြိုးစားနေတာလား..." ကျောက်ဝမ်ရှန်းက ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး သူ၏လောဘကိုဖိနှိပ်ကာ သူ၏ မိုးကြိုးယပ်တောင်ဖြင့် အေးအေးဆေးဆေး ယပ်ခတ်နေပြီး သူ၏အမူအရာမှာ တည်ငြိမ်နေဆဲပင်။
တစ်ချိန်တည်းမှာပင်...
ဝုန်း...
အရပ်မျက်နှာအဘက်ဘက်မှ ဝမ်ချီလန်စံအိမ်၏ဝတ်စုံများကို ဝတ်ဆင်ထားသော ပုံရိပ်များစွာက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အရေအတွက်အားဖြင့် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့်ရှိနေသည်။ သူတို့သည် လျှိုရူယန်ကို ချက်ချင်းဝိုင်းရံလိုက်သဖြင့် သူမ ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။ ထိုလူများအနက် ခေါင်းဆောင်ဖြစ်သော ဆံနီအကြီးအကဲထံမှ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏အရှိန်အဝါ ဖြာထွက်နေခဲ့သည်။
ဤမြင်ကွင်းကို မြင်သောအခါ လျှိုရူယန်၏ နှလုံးသားမှာ ချက်ချင်းဆိုသလိုပင် ကျောက်တုံးတစ်တုံး ချိတ်ဆွဲခံရသည့်အလား လေးလံသွားခဲ့ပြီး သူမ၏မျက်ခုံးများ တင်းကြပ်စွာ တွန့်ကွေးသွားလေ၏။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဝမ်ချီလန်စံအိမ်က ဒီလောက်ထိ လူအများကြီးကို ဘယ်လိုလုပ်ပြီး ခေါ်လာတာလဲ... ဒီဧကရီက ဒီနေရာမှာပဲ ရှုံးနိမ့်သွားတော့မှာလား...
မဟုတ်ဘူး...
လုံးဝ မဖြစ်နိုင်ဘူး...
"ဒီအဖိုးကြီး နောက်ကျသွားတဲ့အတွက် သခင်လေးက ခွင့်လွှတ်ပေးပါ..."
ဆံနီအကြီးအကဲက ကျောက်ဝမ်ရှန်း ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်ပြီး သူ၏နောက်ရှိ ပုံရိပ်များအားလုံးက ဝပ်တွားကာ ပြောဆိုလိုက်ကြသည်။
"ခေါင်းဆောင်တပည့်ကျောက်ကို နှုတ်ဆက်ပါတယ်..."
ကျောက်ဝမ်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး လျှိုရူယန်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားကာ ရယ်မောလိုက်သည်။
"ဒီလို ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး မလား... ငါက စည်းမျဉ်းစည်းကမ်းရှိတဲ့ လူတစ်ယောက်ပါ... လေ့ကျင့်ရေးအတွက် အပြင်ထွက်တဲ့အချိန်တိုင်း ငါ့မှာ အကာအကွယ်ပေးမယ့်သူတွေ အမြဲတမ်း ရှိတယ်... မင်း မအံ့ဩပါနဲ့... ဟွမ်ထျန်းမြို့က ထိုက်ချင်နယ်မြေထဲမှာ ရှိနေသေးပေမဲ့ အဲ့ဒါက ငါတို့ဝမ်ချီလန်စံအိမ်ရဲ့ စိမ့်ဝင်မှုကို ခံထားရတာ ကြာပြီ... တကယ်လို့ ငါ လိုချင်တယ်ဆိုရင် နာရီဝက်အတွင်းမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံသူသုံးရာလောက်ကို ငါ စုဆောင်းနိုင်တယ်လို့တောင် ပြောနိုင်ပါတယ်... မင်း လွတ်မြောက်နိုင်သေးတယ်လို့ ထင်နေတုန်းပဲလား..."
"မရုန်းကန်ပါနဲ့တော့... မင်းကို ဘေးဖယ်ထားလိုက်အုံး... တကယ်လို့ ဒီနေ့ ဒီနေရာမှာ စူးချန်ကဲ သေဆုံးသွားခဲ့ရင်တောင်မှ ထိုက်ချင်ဂိုဏ်းက အဲ့ဒါကို လက်ခံရုံပဲ တတ်နိုင်လိမ့်မယ်..."
ကျောက်ဝမ်ရှန်းက ယုံကြည်မှု အပြည့်ဖြင့် ရယ်မောလိုက်၏။ နှစ်ပေါင်းများစွာ ငုပ်လျှိုးနေခဲ့သော ထိုက်ချင်ဂိုဏ်းသည် တပည့် တစ်ဦးတည်းအတွက် ဝမ်ချီလန်စံအိမ်နှင့် စစ်ခင်းလိမ့်မည်ဟု သူ မယုံကြည်ခဲ့ချေ။ အကယ်၍ သူတို့ ထိုသို့လုပ်ခဲ့လျှင်ပင် ထိုအရာမှာ စူးချန်ကဲအတွက် ဖြစ်မည်မဟုတ်ချေ။
ဆံနီအကြီးအကဲသည် တိတ်ဆိတ်နေပြီး ကျောက်ဝမ်ရှန်း၏နောက်တွင် တိတ်တဆိတ် မတ်တတ်ရပ်နေခဲ့သည်။ တည်ငြိမ်နေသော လျှိုရူယန်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်လုံးများတွင် ထူးဆန်းသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း သူ ဘာမှထပ်မပြောခဲ့ချေ။
"အမ်..."
ကျောက်ဝမ်ရှန်းက အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပြသလိုက်ပြီး စုပ်သပ်ကာ ပြောလိုက်သည်။
"ကျွတ် ကျွတ် ကျွတ်... ဒီအခြေအနေ ရောက်နေတာတောင် မင်းက မင်းရဲ့ကံကြမ္မာကို လက်မခံသေးဘူးလား... ဒီတည်ငြိမ်မှုက ငါတောင် အားကျရတဲ့ အရာပဲ...တကယ်လို့ အခြေအနေကို ငါ မသိဘူးဆိုရင် မင်းမှာ စစ်ကူတွေ ရှိနေတယ်လို့ ငါ ထင်မိမှာပဲ..."
အခန်း ၉၀: သူက တကယ်ကြီး ငါ့ကို ကယ်ဖို့ လူတွေ လွှတ်လိုက်တာလား..
လျှိုရူယန်က သူမ၏ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ အကဲခတ်နေသည်။ သူမသည် မျှော်လင့်ချက်မဲ့သော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း သူမ၏ စိတ်ခံစားချက်ပြောင်းလဲမှုများမှာ အလွန်နည်းပါးလှသည်။ စက္ကန့်တိုင်းတွင် အခြေအနေကို ချိုးဖျက်ရန် နည်းလမ်းတစ်ခုကို သူမ စဉ်းစားနေခဲ့လေသည်။ သူမ၏ နတ်ဘုရား ရုပ်ခန္ဓာကိုယ်ကို အဆင်အခြင်မဲ့ စတေးရမည် ဆိုလျှင်ပင် သူမ ရှင်သန်ရပေမည်။
"စစ်ကူတွေလား..."
လျှိုရူယန်က ဤစကားလုံးကို ကြားသောအခါ ဂရုမစိုက်စွာ ပြုံးလိုက်သည်။ သူမ၏ကမ္ဘာတွင် အရပ်မျက်နှာအဘက်ဘက်မှ ရန်သူများကို တိုက်ခိုက်နေသော သူမ တစ်ယောက်တည်းသာ ရှိနေသည်။ သူမသည် မည်သူ့အပေါ်တွင်မျှ မျှော်လင့်ချက် မထားခဲ့ဖူးချေ။ အကြောင်းအရင်းမှာ အစမှအဆုံးထိ သူမကိုယ်သူမသာ အားကိုးနိုင်ကြောင်း သူမ နားလည်ထားသောကြောင့်ပင်။
"တခြားနည်းလမ်း မရှိတော့ဘူး... ငါ့ရဲ့အသက်နဲ့ လောင်းကြေးထပ်ရုံပဲ ရှိတော့တယ်..."
ပြတ်သားမှု အရိပ်အယောင်တစ်ခုက လျှိုရူယန် ၏မျက်လုံးများတွင် ဖြတ်ပြေးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မီတာတစ်ရာအကွာရှိ အရိပ်ကျနေသော ကျောက်တုံးပုံတစ်ခု၏ နောက်တွင်....
ရိုးရှင်းသော အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက အသက်အောင့်ကာ သူ၏အာရုံစိုက်မှုကို စုစည်းထားခဲ့သည်။ သူ၏အကြည့်က လင်းယုန်ငှက် တစ်ကောင်အလား စူးရှနေပြီး တိုက်ပွဲမြေပြင်ပေါ်သို့ အခိုင်အမာ ကျရောက်နေပေ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်ချီကို အမြင့်ဆုံး အထွတ်အထိပ်သို့ တိတ်တဆိတ် လှည့်ပတ်ထားခဲ့သည်။ သူသည် ဤနေရာတွင် အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့ပြီး သူ့ဆရာ၏ အကူအညီဖြင့် မည်သူကမျှ သူ့ကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိချေ။
"ဆရာ... ဝင်္ကပါဖွဲ့စည်းတာက အဆင်သင့်ဖြစ်ပြီလား..."
ယဲ့ရွှမ်က သူ့ကိုယ်သူ ထပ်ပြီးထိန်းမထားနိုင်တော့သည့်အလား သူ၏လက်သီးများကို တင်းကြပ်စွာဆုပ်ကာ သူ၏စိတ်ထဲမှ စိုးရိမ်တကြီး တိုက်တွန်းလိုက်သည်။
"ဘာလို့ လောနေတာလဲ... အရေးကြီးတဲ့ အချိန်မျိုးမှာ မင်း ပေါ်မလာဖူးတာမျိုး ရှိလို့လား... မလန့်ပါနဲ့... ဝမ်ချီလန်စံအိမ်ရဲ့ ခေါင်းဆောင် တပည့်က သူ့ကို မသတ်ချင်ဘူးဆိုတာကို မင်း မမြင်ဘူးလား... သူက လောလောဆယ် အန္တရာယ် မရှိပါဘူး..."
"ငါ ခင်းကျင်းထားတဲ့ ဝင်္ကပါ ပြီးသွားတာနဲ့ သူတို့နဲ့ ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်မှာရှိတဲ့ အဲ့ဒီ အကြီးအကဲကို အချိန်ခဏကြာအောင် ထောင်ချောက်ဆင်နိုင်လိမ့်မယ်... ဒါပေမဲ့ ငါ မင်းကို သတိပေးစရာ တစ်ခုရှိတယ်... ဝမ်ချီလန်စံအိမ်က ဒုတိယကောင်းကင်စံအိမ်ရဲ့ ခေါင်းဆောင်တပည့် ကို မင်း တစ်ယောက်တည်း ရင်ဆိုင်ရလိမ့်မယ်...တကယ်လို့ မင်း ရှုံးသွားရင် မင်းရဲ့ အသက်နဲ့ ပေးဆပ်ရလိမ့်မယ်..."
ဤအရာကို ကြားသောအခါ ယဲ့ရွှမ်က တိုက်ပွဲမြေပြင်ကို ကြည့်ရင်း ပြတ်သားသော အရိပ်အယောင်တစ်ခုကို ပြသကာ ရေရွတ်လိုက်သည်။
"ကျွန်တော် ရှုံးမှာ မဟုတ်ဘူး..."
ငါ ရောက်လာတော့မယ်...ရူယန်... ခဏလောက် ထပ်ပြီးတောင့်ခံထား...
သို့ရာတွင် နောက်တစ်စက္ကန့်တွင်....
"နေအုံး... အခြေအနေ ပြောင်းသွားပြီ... ပြေး..."
ဤရုတ်တရက် အော်ဟစ်သံကြောင့် ယဲ့ရွှမ် ၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့လေသည်။ သူက သူ၏စိတ်ထဲတွင် အလျင်စလို မေးလိုက်၏။
"ဆရာ... ဘာဖြစ်လို့လဲ..."
"ပြေး... မင်း အရမ်းနှေးသွားရင် နောက်ကျသွားလိမ့်မယ်... အရှိန်အဝါတွေ အများကြီး ဒီကိုလာနေတယ်... သူတို့က အရမ်း မြန်တယ်... လူတွေ ဒီလောက်ထိ အများကြီး ဘယ်လိုလုပ်ပြီး ရောက်လာနိုင်တာလဲ..."
"ပြီးသွားပြီ..."
"ပြေးစရာ မလိုတော့ဘူး... ငါတို့ ဝိုင်းရံခံလိုက်ရပြီ..."
ယဲ့ရွှမ် တခဏကြာမျှ ကြောင်အမ်းသွားခဲ့သည်။ သူက လစ်ဟာနေသော ကောင်းကင်ယံကို ကြည့်လိုက်ပြီး သူ မေးတော့မည့် အချိန်လေးမှာပင် သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။ လူစုလူဝေးများက ထိုနေရာတွင် ထွက်ပေါ်လာပြီး ပိုင်တွမ့်တောင်တန်း ၏ ဦးတည်ချက်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရူးသွပ်စွာ ပြေးလာနေကြသည်။
တစ်ချိန်တည်းမှာပင် ကျောက်ဝမ်ရှန်း၏နောက်ရှိ ဆံနီအကြီးအကဲကလည်း တစ်ခုခုကို အာရုံခံမိသွားလေ၏။ သူက ခေါင်းမော့ကြည့်လိုက်ကာ သူ၏မျက်လုံးများ ရုတ်တရက် အနည်းငယ် ပို၍ ကြည်လင်လာခဲ့သည်။
နောက်တစ်စက္ကန့်တွင်...
ဝုန်း...
ပြင်းထန်သော စွမ်းအားတစ်ရပ်က ချက်ချင်း ကျဆင်းလာခဲ့သည်။ သွေးနှင့်မကောင်းဆိုးဝါးချီတို့ ရောနှောနေသော ကြမ်းတမ်းသည့် ဖိအားတစ်ခုက ထိတွေ့နိုင်သော လေပြင်းမုန်တိုင်းတစ်ခုအလား တိုက်ပွဲမြေပြင်တစ်ခုလုံးကို တိုက်ခတ်သွားခဲ့လေ၏။
လူတစ်ရာခန့်က သရဲတစ္ဆေများအလား ထွက်ပေါ်လာခဲ့သည်။ သူတို့သည် ခမ်းနားစွာ ဝတ်ဆင်ထားသော်လည်း အင်အားစုတစ်ခုတည်းမှ လာသူများ မဟုတ်ကြချေ။ သူတို့တစ်ဦးချင်းစီ၏ မျက်လုံးများက အလွန်ရက်စက်ကြမ်းတမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော စိတ်ဝိညာဉ်ဖိအားက သူတို့ ၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေခဲ့သည်။ သူတို့အနက် အားအနည်းဆုံးသူမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံခြင်း ရှိပြီး အစွမ်းထက်ဆုံးသူများထဲတွင် ဝင်္ကပါဖွဲ့စည်းခြင်းနယ်ပယ်မှ ဆယ်နှင့်ချီသော လူများ ပါဝင်သည်။
ထိုလူစု၏ခေါင်းဆောင်မှာ တခြားသူ မဟုတ်ဘဲ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ရှိပြီး မျက်နှာထား တင်းမာနေသော လီဖိုကျွင်းပင်။
"ဒီလူတွေက ဘယ်သူတွေလဲ..."
ကျောက်ဝမ်ရှန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားခဲ့သည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့က ဝမ်ချီလန်စံအိမ်မှ လူများအားလုံးကို ဝိုင်းရံလိုက်ကြသည်။ ဆံနီအကြီးအကဲသည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေရသည့်အလား ကျောက်ဝမ်ရှန်းကို ကာကွယ်ရန် ရှေ့တိုးလာခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"ငါက ဝမ်ချီလန်စံအိမ်ရဲ့ ဒုတိယကောင်းကင်စံအိမ်က အကြီးအကဲ ချွီပါ... တာအိုရောင်းရင်းတို့က ဘယ်သူတွေလဲဆိုတာ မေးလို့ ရမလား..."
သို့ရာတွင် လီဖိုကျွင်းက သူ့ကို လုံးဝလျစ်လျူရှုလိုက်လေသည်။ လျှိုရူယန် အထိအခိုက် မရှိကြောင်း မြင်တွေ့ပြီးနောက် သူက ချက်ချင်း သက်ပြင်းချလိုက်သည်။ ထို့နောက် ဝှစ်ခနဲ အသံနှင့်အတူ သူသည် လျှိုရူယန်၏ရှေ့သို့ အပြေးအလွှား သွားကာ ဒူးတစ်ဖက်ထောက်ပြီး ရိုသေလေးစားစွာ ပြောဆိုသည်။
"သခင်လေးစူးရဲ့အမိန့်အရ သခင်မလေးရဲ့ ငယ်သားက ရောက်လာတာ နောက်ကျသွားတယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
သူ၏နောက်ရှိ ကျင့်ကြံသူ လူအုပ်ကြီးထဲတွင် ချင်းချိုးလျှို့ဝှက်နယ်မြေ သို့ ရောက်ဖူးသော အကြီးအကဲများအားလုံး၏အမူအရာများ အလွန်အမင်း ပြောင်းလဲသွားခဲ့ကြသည်။
မွန်းစတားအိုကြီး လီဖိုကျွင်း... မင်းက ကပ်ဖားရမယ့်လူကို ဘယ်လို ရှာရမလဲဆိုတာ မင်း တကယ်ကြီး သိနေတာပဲ...
ဒီစကား တစ်ခွန်းတည်းနဲ့ မင်းက စူးချန်ကဲရဲ့ လူ ဖြစ်သွားပြီလား...
အရှုံးမပေးချင်ကြသဖြင့် သူတို့အားလုံး ဒူးတစ်ဖက် ထောက်လိုက်ကြပြီး လီဖိုကျွင်းကဲ့သို့ပင် လျှိုရူယန်အား တညီတညွတ်တည်း ဦးညွှတ်ကာ ရိုသေလေးစားစွာ ပြောဆိုလိုက်ကြသည်။
"သခင်လေးစူးရဲ့အမိန့်အရ သခင်မလေးရဲ့ လက်အောက်ငယ်သားတွေ ရောက်လာတာ နောက်ကျသွားပါတယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ..."
"..."
လျှိုရူယန် ကြောင်အမ်းသွားခဲ့သည်။ ဤလူများ၏ရည်ရွယ်ချက်များကို သူမ မခွဲခြားနိုင်သဖြင့် ရှုပ်ထွေးမှုများအတွင်းဤ တိတ်တဆိတ် ထွက်ပြေးချင်ခဲ့သည်။ သို့ရာတွက် လီဖိုကျွင်း က အော်ဟစ်ပြီး ဒူးထောက်ကာ ဦးဆောင်လိုက်ခြင်းက သူမကို ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားစေခဲ့သည်။
သခင်လေးစူး... ဘယ် သခင်လေးစူးလဲ...
ဝမ်ချီလန်စံအိမ်မှ လူများကလည်း စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် နားထောင်နေကြ၏။ သို့ရာတွင် ယခုရောက်ရှိလာသူများမှာ မိတ်ဆွေများ မဟုတ်ဘဲ ရန်သူများဖြစ်ကြောင်း သူတို့ သိနိုင်နေပြီဖြစ်ရာ လူတိုင်းက တည်ကြည်လေးနက်သော အမူအရာကို ပြသနေကြသည်။
"သခင်လေးစူး... ဘယ်သခင်လေးစူးလဲ..."
ကျောက်ဝမ်ရှန်းက ချက်ချင်း မေးမြန်းလိုက်သည်။ သူ အပြင်းအထန် စဉ်းစားခဲ့သော်လည်း စူးအမည်ရှိသော အရေးပါသူတစ်ဦးဦးကို မည်သို့စော်ကားခဲ့မိကြောင်း သူ မမှတ်မိနိုင်ချေ။
သူ၏နံဘေးရှိ အကြီးအကဲချွီက အသံပေးပို့မှုမှတစ်ဆင့် လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"သခင်လေး... အကူအညီ မြန်မြန် ခေါ်ပါ..."
"ဘယ် သခင်လေးစူးလဲလို့ မေးတာလား..."
လီဖိုကျွင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ကျောက်ဝမ်ရှန်းကို ကြည့်ကာ အေးစက်စွာ ပြောဆိုသည်။
"သဘာဝကျကျပဲ အဲ့ဒါက ထိုက်ချင်ဂိုဏ်းက သခင်လေးစူးချန်ကဲပဲပေါ့... တခြားဘယ်သူ ဖြစ်နိုင်အုံးမှာလဲ... မင်းလိုအမှိုက်က သခင်လေးစူးရဲ့ ဂျူနီယာညီမလေးကို အနိုင်ကျင့်ရဲတယလား..."
"သူတို့ကို ဝိုင်းထားလိုက်စမ်း..."
နောက်တစ်စက္ကန့်တွင်...
လူရာပေါင်းများစွာက ဝမ်ချီလန်စံအိမ်မှ လူများကို ဝိုင်းရံလိုက်ကြသည်။ အခြေအနေသည် ချက်ချင်းဆိုသလိုပင် ပြောင်းပြန်ဖြစ်သွားခဲ့လေ၏။
"စူး... စူးချန်ကဲ..."
ကျောက်ဝမ်ရှန်းက မယုံကြည်နိုင်စွာ ရေရွတ်လိုက်လေသည်။ ဤမျှထိ လူအမြောက်အများကို အညံ့ခံခိုင်းနိုင်လောက်အောင် စူးချန်ကဲထံတွင် မည်သည်ကြောင့် ကြီးမားသော ဩဇာလွှမ်းမိုးမှုမျိုး ရှိနေသနည်း။ ဤကိစ္စကို သူ မယုံကြည်နိုင်ခဲ့ချေ။
သူနှင့် ထပ်တူထပ်မျှ အံ့အားသင့်သွားသူမှာ လျှိုရူယန်ပင်။ စူးချန်ကဲ၏ နာမည်ကို သူမ ကြားလိုက်ရသောအခါ သူမ ချက်ချင်းကြက်သေသေသွားခဲ့သည်။
"သူပဲ..."
"သူက တကယ်ပဲ ငါ့ကို ကယ်ဖို့ လူတွေ လွှတ်လိုက်တာလား..."
"ငါ ဒီမှာ ရှိနေတာကို သူ ဘယ်လိုလုပ်ပြီး သိတေတာလဲ... သူက ငါ့ကို ကယ်ဖို့ ဘာလို့ လူတွေ လွှတ်ချင်ရတာလဲ..."
"သူက အမြဲတမ်း သိနေခဲ့ပြီးတော့ ငါ့ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေခဲ့တာများလား..."
အချိန်တခဏအတွင်းတွင် သံသယမျိုးစုံက သူမ၏စိတ်နှလုံးသားထဲတွင် လှိုင်းထန်လာခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် သူမအပေါ် လျစ်လျှူရှုထားခဲ့သော စီနီယာအစ်ကိုက သူမကို ဤမျှထိ ဂရုစိုက်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ခဲ့ချေ။
"တာအိုရောင်းရင်းတို့... မင်းတို့က အဲ့ဒီစူးချန်ကဲရဲ့အမိန့်တွေကို ဘာလို့ နာခံနေလဲဆိုတာကို ဒီအဖိုးကြီး မသိပေမဲ့ မင်းတို့ အားလုံးကို ငါ သတိပေးရမယ့် အရာတစ်ခု ရှိတယ် ...ငါတို့က ဝမ်ချီလန်စံအိမ်ကနေ လာတာဖြစ်ပြီးတော့ ငါ့ရဲ့ဘေးကလူက ဒုတိယကောင်းကင်စံအိမ်က စံအိမ်သခင်ရဲ့ တစ်ဦးတည်းသော သားပဲ... ဒါ့ပြင် တကယ်လို့ တိုက်ပွဲသာ တကယ် ဖြစ်လာရင် လူတွေ သေလိမ့်မယ်..."
အကြီးအကဲချွီက အက်ရှသော အသံဖြင့် ပြောဆိုလိုက်ကာ သူ၏အမူအရာသည် အနည်းငယ်မျှ ထိတ်လန့်မနေဘဲ သူ၏လေသံတွင် ခြိမ်းခြောက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။
ဤကဲ့သို့နောက်လိုက်များကို အမိန့်ပေးရန်အတွက် စူးချန်ကဲသည် မည်ကဲ့သို့ နည်းလမ်းကို အသုံးပြုခဲ့သည်အား သူ မသိခဲ့ချေ။ သို့ရာတွင် ဤကဲ့သို့ စုပေါင်းစပ်ပေါင်း လူစုလူဝေးက သူ့ကို ကရုဏာထားရန် တောင်းပန်လောက်အောင် မလုံလောက်ပေ။
သို့ရာတွင် ဤအချိန်၌ ဟင်းလင်းပြင်တွင် ရယ်မောသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
"လူတွေ သေလိမ့်မယ်..."
"ဒါက ရဲတင်းတဲ့ အဆိုပြုမှုပဲ... ဝမ်ချီလန်စံအိမ် က အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေကို ပေါင်းစည်းလိုက်ပြီလား..."
ဟင်းလင်းပြင်တွင် ရုတ်တရက် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ဖုန်းဝူယင်သည် လှောင်ပြောင်သံနှင့်အတူ ထွက်လာခဲ့လေသည်။
ကျိုင်းကောင်များအလား ထူထပ်သော ပုံရိပ်များက သူ၏နောက်တွင် ထွက်ပေါ်လာပြီး လူသုံးထောင်အထိ ပါဝင်သော ပို၍ကြီးမားသည့် ဝိုင်းရံမှုတစ်ခုကို လျှင်မြန်စွာ ဖွဲ့စည်းလိုက်ကြသည်။ သူတို့အားလုံးသည် အနက်ရောင် မျက်နှာဖုံးများကို ဝတ်ဆင်ထားသဖြင့် သူတို့၏ မျက်နှာများကို ခွဲခြားမရနိုင်ချေ။ ထိုလူများအနက် အားအနည်းဆုံးသူများပင်လျှင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်၏ အရှိန်အဝါကို ထုတ်လွှတ်ထားပေ၏။
အချိန်သည် အလျင်လိုနေသဖြင့် ဟင်းလင်းပြင် ကူးပြောင်းရေး အဆောင်လက်ဖွဲ့ကို သူ မလွှဲမရှောင်သာ အသုံးပြုခဲ့ရသော်လည်း အနည်းငယ်မျှ နှမြောခြင်း မရှိခဲ့ချေ။ ဤအချိန်၌ ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်သွားခဲ့သည်။
အကြီးအကဲချွီနှင့် ကျောက်ဝမ်ရှန်းတို့ နှစ်ဦးလုံးထံတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
လီဖိုကျွင်းက သူ၏မျက်လုံးကို မှေးကာ ဤအချိန်၌ သူ့ကို ကြည့်နေသော ဖုန်းဝူယင် ကို အကဲခတ်လိုက်သည်။
"တစ္ဆေအိုကြီး... ဒါက ဘာအဓိပ္ပာယ်လဲ... ခင်ဗျားရဲ့ ယွမ်ယန် ကုန်သည်ကြီးများအသင်း က ဒီလို အလုပ်မျိုးကို ဘယ်တုန်းက စလုပ်တာလဲ..."
လီဖိုကျွင်းက အသံပေးပို့ကာ မေးလိုက်သည်။
"အဲ့ဒါက ဘာအဓိပ္ပာယ်မှ မရှိပါဘူး... အကဲဖြတ်နိုင်စွမ်း ကောင်းတဲ့သူက မင်း တစ်ယောက်တည်းလို့ မင်း ထင်နေတာလား... သခင်လေးစူးရဲ့ ကိစ္စက ငါ့ရဲ့ ကိုယ်ပိုင် စီးပွားရေးပဲ..."
ဖုန်းဝူယင်က အသံပေးပို့မှုမှတစ်ဆင့် ချက်ချင်း ပြန်ပြောလိုက်သည်။
ချက်ချင်းပင် ဖုန်းဝူယင်က လျှိုရူယန်၏ရှေ့သို့တိုးလာပြီး သူ၏လက်ကို အနည်းငယ် မြှောက်ကာ ပြောလိုက်၏။
"လန့်သွားစေတဲ့အတွက် တောင်းပန်ပါတယ်... သခင်မလေး လျှို..."
"ရှင်ကလည်း..."
လျှိုရူယန်က ဖုန်းဝူယင်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်ကာ မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ဟုတ်ကဲ့... သခင်လေးစူးရဲ့အမိန့်အရ သခင်မလေးကို ကာကွယ်ဖို့ ငါ ရောက်လာတာပါ..."
ဖုန်းဝူယင်က ခေါင်းညိတ်လိုက်ပြီးနောက် လေးနက်သော အမူအရာဖြင့် ပြောဆိုသည်။
"သခင်မလေး... စိတ်ချပါ... ငါ ဒီမှာ ရှိနေသရွေ့ ဝမ်ချီလန်စံအိမ်က ဒီနေ့ စံအိမ်သခင်ကိုယ်တိုင် ရောက်လာရင်တောင်မှ မင်းရဲ့ ဆံချည်တစ်မျှင်ကို ထိနိုင်မှာ မဟုတ်ဘူး..."
ဤှစကားကို ကြားသောအခါ လျှိုရူယန် လုံးလုံးလျားလျား ကြောင်အမ်းသွားခဲ့သည်။
ဒါက တကယ့်ကို သူ့ရဲ့လက်ချက်ပဲ...
ဘာလို့... သူက ဘာလို့ ငါ့ကို ရုတ်တရက်ကြီး ဒီလောက်တောင် တန်ဖိုးထားရတာလဲ...
ဒီလောက်ထိ အစွမ်းထက်တဲ့ လူတွေ အများကြီးကို သူက အမိန့်ပေးနိုင်တာလား...
Book 9 end.