အခန်း (၂၂၃-၂၂၄)
Vol. 20 Ch. 223-224
အပိုင်း (၂၂၃)
နုလန်ဟောက် အောက်ရှင်း မြို့တော်သို့ သွားသော်လည်း နယ်စားအိမ်တော်အတွင်း၌ သိုင်းပညာရှင် ဆယ်ဂဏန်းကျော်ခန့် ကျန်ရှိနေသေးသည်။
မည်သို့ပင်ဆိုစေ သူက ဖျောက်ချီစစ်သူကြီးချုပ်ဖြစ်ရာ နန်းတွင်း စည်းမျဉ်းများအရ သူ၏ အိမ်တော်တွင် ကိုယ်ရံတော် ရာပေါင်းများစွာ မွေးမြူခွင့် ရှိ၏။
အောက်ရှင်းသည် မည်သူ့ကိုမဆို အေးစက်စွာ ဆက်ဆံတတ်သော်လည်း သူ့နောက်သို့ လိုက်ပါလာသော စစ်သည်ဟောင်းများကိုတော့ ခြွင်းချက်ထားသည်။
ထို့ကြောင့် နုလန်ဟောက် အိမ်တော်အတွင်းရှိ သက်တော်စောင့် စစ်သည်ဟောင်းများ အားလုံးသည် ဒဏ်ရာရ စစ်သည်များသာ ဖြစ်ကြ၏။
မျက်စိတစ်ဖက် ကန်းနေသူများ၊ ခြေတစ်ဖက် ကျိုးနေသူများ သို့မဟုတ် လက်တစ်ဖက် ပြတ်နေသူများ ဖြစ်ကြ၏။ အချုပ်အားဖြင့်ဆိုရလျှင် အားလုံးက ရုပ်ပျက်ဆင်းပျက်များသာ ဖြစ်ကြသည်။
ကျန်းကျိုးမြို့ရှိ အခြားသော မှူးမတ်အိမ်တော်များမှ ကိုယ်ရံတော်များ အားလုံးသည် ခန့်ညားထည်ဝါပြီး ရဲရင့်ကြသော်လည်း နုလန်ဟောက် အိမ်တော်မှ သက်တော်စောင့်များမှာ တစ်ယောက်ပြီးတစ်ယောက် ကြည့်မရအောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြသောကြောင့် နုလန်ဟောက်သည် ကျန်းကျိုးမြို့ မှူးမတ် အသိုင်းအဝိုင်း တစ်ခုလုံး၏ လှောင်ပြောင်မှုကို ခံခဲ့ရ၏။
သို့သော်ငြား ဤလူစုသည် မသန်စွမ်း ဖြစ်နေကြသော်လည်း အားလုံးက သိုင်းပညာရှင်များ ဖြစ်ကြ၏။ ထိုအထဲမှ တစ်ဝက်ခန့်သည် ကင်းထောက်တပ်မှ အနားယူလာသူများ ဖြစ်ကြသည်။ စစ်တပ်တစ်ခုအတွက် ကင်းထောက်ဆိုသည်မှာ သိုင်းပညာရှင်များထဲမှ သိုင်းပညာရှင်များ ဖြစ်သည်။
ထိုစဉ်က အောက်ယွီ ကမ္ဘာပတ်ကာ မိန်းမလိုက်စားနေချိန်တွင် နုလန်ဟောက်က သူ့ကို အချိန်ပြည့် ကာကွယ်ရန် သိုင်းပညာရှင် ဆယ်ဂဏန်းခန့်ကို စေလွှတ်ထားခဲ့၏။
ဤစစ်တပ်မှ ကင်းထောက်များသည် တောင်ပိုင်းလူရိုင်း စစ်မြေပြင်တွင် ဆယ်နှစ်ကျော်တိုင်တိုင် သတ်ဖြတ် တိုက်ခိုက်ခဲ့ကြရာ မည်သည့် စွမ်းရည်ကိုမှ မတတ်မြောက်ဘဲ မနေပေ။ သာမန် ခြေရာခံခြင်းလောက်ကတော့ ပြောနေစရာပင် မလိုချေ။
ထို့ကြောင့် ယွင်ကျုံးဟဲ့က ကြိုတင် ခန့်မှန်းတွက်ချက်ထားနိုင်သရွေ့ နောက်ဆက်တွဲ အရာအားလုံးက လွယ်ကူသွားမှာ ဖြစ်၏။
အောက်ဖျင်သည် လျိုချုံး၏ မိသားစုကို အလွန် လျှို့ဝှက်စွာ ပုန်းအောင်းထားစေခဲ့သော်လည်း နာရီအနည်းငယ်အတွင်းမှာပဲ နုလန်ဟောက်၏ ကင်းထောက်များက ချက်ချင်း ရှာဖွေတွေ့ရှိသွားခဲ့သည်။
အောက်ဖျင်အား နောက်ယောင်ခံလိုက်ရုံဖြင့် လျိုချုံး၏ မိသားစုအား ဖမ်းဆီး ဖျောက်ထားသည့် နေရာကို သေချာပေါက် တွေ့ရှိရမည် ဖြစ်သည်။
ထို့နောက် သက်တော်စောင့် ခေါင်းဆောင် အောက်ဟေးသည် သိုင်းပညာရှင် ဆယ်ယောက်ကျော်ခန့်ကို ခေါ်ဆောင်ကာ ပတ်ဝန်းကျင်တွင် ခြုံခိုပုန်းအောင်းနေပြီး အသေအချာ စောင့်ကြည့်နေသော်လည်း လှုပ်ရှားခြင်းတော့ မရှိသေးချေ။
အဘယ်ကြောင့်ဆိုသော် လူကို ဝင်ကယ်လိုက်သည်နှင့် မြက်ခင်းကို ရိုက်ကာ မြွေကို လန့်သလို ဖြစ်သွားမှာ စိုးသောကြောင့်ပင်။
ဤသို့ဆိုလျှင် မည်သည့်အချိန်တွင် လှုပ်ရှားမည်နည်း။
ယွင်ကျုံးဟဲ့နှင့် နုလန်ဟောက်ကတော်တို့ မြို့ဝန်ရုံး၌ အဖမ်းခံရချိန်ကျမှ တရားဝင် လူဝင်ကယ်မှာဖြစ်သည်။
အောက်ဖျင်သည် လျိုချုံး၏ မိသားစုကို စောင့်ကြပ်ရန် သိုင်းသမား ဆယ်ယောက်ကျော်ခန့် စေလွှတ်ထားခဲ့၏။
သို့ပေမည့် ဤလူများက နုလန်ဟောက်၏ ကိုယ်ရံတော်များကို မည်သို့ ယှဉ်နိုင်မည်နည်း။
ထို့အပြင် အောက်ဟေး ဦးဆောင်သော နုလန်ဟောက်၏ ကိုယ်ရံတော်များသည် နှစ်ရက်တိုင်တိုင် ခြုံခိုပုန်းအောင်းနေခဲ့ပြီး သေချာတိကျသော အစီအစဉ် ဆွဲထားခဲ့ကြသည်။
လျှပ်စီးလက်သကဲ့သို့ အလစ်အငိုက် တိုက်ခိုက်မှာ ဖြစ်သည်။
မိနစ်အနည်းငယ် အချိန်အတွင်းမှာပဲ အောက်ဖျင် လက်အောက်ရှိ လူဆယ်ယောက်ကျော်ကို ရှင်းလင်းပစ် လိုက်ကြ၏။
တကယ်ပြောရလျှင် အောက်ဖျင်၏ လက်အောက်တွင် သိုင်းပညာရှင် အချို့ကို အမှန်တကယ် မွေးမြူထားပြီး အလွန်အမင်း အစွမ်းထက်သော သိုင်းပညာရှင်များဟု ဆိုနိုင်သည်။
သို့ပေမည့် အောက်ဖျင်က လျိုချုံး၏ မိသားစုဝင် အားလုံးသည် အသက်အရွယ်ကြီးရင့်ကာ အားနည်းသူများ ဖြစ်ပြီး ခုခံနိုင်စွမ်း လုံးဝ မရှိသောကြောင့် ဤနေရာတွင် စောင့်ကြပ်ရန် အစွမ်းထက်သော သိုင်းပညာရှင်များ လုံးဝ မလိုအပ်ဟု ထင်မြင်ထားခဲ့သည်။
သိုင်းပညာရှင်ဆိုလျှင် ပို၍ အရေးကြီးသော ကိစ္စရပ်များကို သွားရောက် လုပ်ဆောင်စေသင့်သည် မဟုတ်လား။
သို့ပေမည့် လျိုချုံး၏ မိသားစုကို စောင့်ကြပ်နေသော သိုင်းသမားများသည်လည်း အလွန် ရက်စက် ကြမ်းကြုတ်သူများ ဖြစ်ကြ၏။
လူများကို ကယ်တင်ရန်အတွက် လာရောက် တိုက်ခိုက်သည်ကို တွေ့ရှိပြီးနောက် ချက်ချင်းပဲ လျိုချုံး၏ မိသားစုဝင် အားလုံးကို သတ်ပစ်ရန် ပြင်လိုက်ကြ၏။ လူသေသွားပါက သက်သေပြစရာ မရှိတော့ပေ။
ထို့ကြောင့် နုလန်ဟောက် အိမ်တော်မှ သက်တော်စောင့် ခေါင်းဆောင် အောက်ဟေးသည် လေမှုတ်မြားကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ဤအရာသည် တောင်ပိုင်းလူရိုင်းများ၏ အသံတိတ်လက်နက်ဖြစ်ပြီး မြားထိပ်ဖျားတိုင်းတွင် အလွန် ပြင်းထန်သော အဆိပ်များ ပါရှိသည်။
တကယ်ကိုပဲ အောက်ဟေးမှာ လုပ်ငန်းအလွန် ကျွမ်းကျင်သူဖြစ်သည်။ အစမှအဆုံး သုံးမိနစ်ပဲ မကြာလိုက်ဘဲ လူဆယ်ယောက်ကျော်ကို ရှင်းလင်းလိုက်ကာ လျိုချုံး၏ မိသားစု အားလုံးကို ကယ်တင်နိုင်ခဲ့သည်။ ထို့နောက် အမြန်နှုန်းဖြင့် လျိုချုံး၏ မိသားစုကို မြို့ဝန်ရုံးသို့ ပို့ဆောင်ပေးလိုက်တော့၏။
.............
မြို့ဝန်ရုံး၏ ဧည့်ခန်းမဆောင် အတွင်း၌....
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “လျိုချုံး... ခင်ဗျားက မိဘကျေးဇူး အရမ်းသိတတ်တဲ့သူပဲ။ ခင်ဗျား အမေနဲ့ ကလေးတွေရဲ့ အသက်အတွက် ခင်ဗျားက လူဆိုးတွေ အသုံးချတာကို ကြည်ကြည်ဖြူဖြူခံပြီး အောက်မင်ကို လုပ်ကြံခဲ့တယ်။ ပြီးတော့ ကျုပ်နဲ့ အမေ့အပေါ် အပြစ်ပုံချခဲ့တယ်။
ခင်ဗျားကတော့ ခေါင်းဖြတ်ခံရပြီး အေးဆေးသွားပြီပေါ့။ ဒါပေမဲ့ ခင်ဗျား အမေနဲ့ ကလေးတွေက အသက်ရှင်နိုင်မယ်လို့ ထင်နေတာလား။ တကယ့်ကို ရိုးအလွန်းတာပဲ။ ခင်ဗျား သေသွားတာနဲ့ သူတို့က ခင်ဗျား အမေနဲ့ ကလေးတွေကို အားလုံး သတ်ပြီး နှုတ်ပိတ်ပစ်ကြမှာပဲ။
ခင်ဗျားက အရင်က ကျုပ်အမေရဲ့ သက်တော်စောင့် ဖြစ်ခဲ့ဖူးတယ်။ ကျုပ်တို့အိမ်မှာ ဆယ်နှစ်ကျော် နေခဲ့တဲ့အချိန်အတွင်း ကျုပ်တို့ မိသားစုက ခင်ဗျားအပေါ် ဆိုးရွားတာ တစ်ခုခုများ လုပ်ခဲ့ဖူးလို့လား။
ခင်ဗျားရဲ့အမေ ဖျားနေတယ်လို့ ကြားတော့ ကျုပ်အမေက ချက်ချင်းပဲ ပါသမျှ ငွေအားလုံးကို ခင်ဗျားကို ပေးခဲ့တယ်။ ပြီးတော့ ခင်ဗျား အမေကို ဆေးကုပေးဖို့ အိမ်ကိုပြန်ပြီး သမားတော်တောင် ချက်ချင်း သွားရှာပေးသေးတယ်။ ကျုပ်အမေက ဘယ်လောက်တောင် သဘောကောင်းပြီး ဘယ်လောက်တောင် စေတနာထားခဲ့သလဲ။
တချို့လူတွေကျတော့ ခင်ဗျား အမေကို ဖမ်းတယ်။ ခင်ဗျား ကလေးတွေကို ဖမ်းပြီး သူတို့ရဲ့ အသက်နဲ့ ခင်ဗျားကို ခြိမ်းခြောက်တယ်။ ကျုပ်အမေကို ထောင်ချောက်ဆင်ဖို့ ခြိမ်းခြောက်တယ်။ အဲဒီတော့ ခင်ဗျားက တကယ်ပဲ အဲဒီလို လုပ်ခဲ့တယ်။ ဘာလို့ အဲဒီလို လုပ်ရတာလဲ။
ခင်ဗျားက မိဘကျေးဇူး သိတယ်။ ခင်ဗျား အမေနဲ့ ကလေးတွေအတွက်မို့ ကျုပ်တို့ သားအမိကို လာဒုက္ခပေးရတယ်။ ဘာကြောင့်လဲ။ လူဆိုးတွေက ခင်ဗျားကို ဒုက္ခပေးတယ်၊ ခြိမ်းခြောက်တယ်ဆိုရင် ခင်ဗျားက သူတို့ကို သွားပြီး အသေခံ မတိုက်ခိုက်ဘူး။ အဲဒီအစား ကျုပ်တို့ကို ပြန်ဒုက္ခပေးတယ်။ ခင်ဗျားရဲ့ ကျေးဇူးရှင်ကို ဒုက္ခပေးတယ်။
ခင်ဗျားရဲ့ သစ္စာတရား၊ မိဘကျေးဇူးသိတတ်မှုနဲ့ စေတနာတွေကရော၊ ခင်ဗျားရဲ့ ကိုယ်ချင်းစာစိတ်ကရော ဘယ်ရောက်သွားလဲ။ ဘာဖြစ်လို့ ဒီလောကကြီးမှာ လူကောင်းတွေက ထိခိုက်နစ်နာရပြီး လူဆိုးတွေက အောင်မြင်နေရမှာလဲ။”
ယွင်ကျုံးဟဲ့က ရိုးသားမည့် မျက်နှာအမူအဖြင့် ဆက်ပြောလိုက်၏။ “လျိုချုံး... အခု ခင်ဗျား အမေနဲ့ ကလေးတွေက ရောက်မလာသေးဘူး။ ဒါကြောင့် ခင်ဗျားကို ပြန်ကယ်တင်ဖို့ အခွင့်အရေး ရှိသေးတယ်။ ခင်ဗျား လူတိုင်းရဲ့ ရှေ့မှာ အမှန်တရားကို ထုတ်ပြောလိုက်စမ်းပါ။”
လျိုချုံးမှာ တိတ်ဆိတ်နေပြီး စကားမပြောပေ။
ယွင်ကျုံးဟဲ့က တုန်ယင်စွာ ပြောလိုက်သည်။ “လျိုချုံး... ခင်ဗျား တကယ်ပဲ ကိုယ်ချင်းစာနာစိတ် မပျောက်သေးဘူးဆိုရင် အမှန်တရားကို ထုတ်ပြောလိုက်ပါ။”
ထိုစကားကို ကြားချိန်မှာတော့ လျိုချုံး၏ မျက်နှာ တစ်ချက် ပျက်ယွင်းသွားပြီးနောက် အကြည့်လွှဲသွားခဲ့၏။
အောက်ထင်နှင့် အောက်ဖျင် သားအဖသည် အေးစက်သောအကြည့်ဖြင့် ဘေးမှ ကြည့်နေကြပြီး စိတ်ထဲတွင် လှောင်ပြောင်နေကာ ပိုမို၍ တည်ငြိမ်သွားကြသည်။
အောက်ယွီသည် သူတို့ကို လှည့်စားနေခြင်းသာဖြစ်ပေလိမ့်မည်။ ထိုသို့မဟုတ်ပါက လျိုချုံး၏ မိသားစုကို တိုက်ရိုက် ထုတ်ပေးလိုက်ရုံဖြင့် ရနိုင်သည်။ ဤပြဇာတ်ကို ကပြနေရန် လုံးဝ မလိုအပ်ချေ။
‘အောက်ယွီ... ခင်ဗျားက အခုချိန်ထိ ရိုးအပြီး မိုက်မဲနေတုန်းပဲကိုး။ ကိုယ်ချင်းစာနာစိတ် ဟုတ်လား။ ကိုယ်ချင်းစာနာစိတ် ရှိတဲ့သူတိုင်းက သေချာပေါက် ပျက်စီးရမှာပဲ။ ဘာကို ကိုယ်ချင်းစာနာစိတ် လိုအပ်လို့လဲ။’
ယွင်ကျုံးဟဲ့က ကျယ်လောင်စွာ အော်လိုက်၏။ “လျိုချုံး... ခင်ဗျား ဒါကို ဘာမိဘကျေးဇူးသိတယ်လို့ ခေါ်တာလဲ။ ခင်ဗျားလို သစ္စာမရှိ၊ တရားမျှတမှုမရှိတဲ့သူက ကိုယ့်မိသားစုအတွက် ကျေးဇူးရှင်ကိုတောင် ထောင်ချောက်ဆင်ရဲတယ်။ ခင်ဗျားက ဘာလူကောင်းလဲ။”
လျိုချုံးက ရုတ်တရက် ခေါင်းကို မော့လာပြီး ယွင်ကျုံးဟဲ့နှင့် နုလန်ဟောက်ကတော်တို့အား ကြည့်လာသော အကြည့်များတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။
ထို့နောက် သူက စကားလုံး တစ်လုံးချင်းစီ ပြောလိုက်၏။ “ကျုပ် ပြောပြီးပြီလေ။ ကတော်က ကျုပ်ကို ငွေလေးရာပေးပြီး အဲဒီအောက်မင်ကို လုပ်ကြံခိုင်းတာ။ ကျုပ်ကို ကတော်အပေါ် အပြစ်ပုံချဖို့ ဘယ်သူကမှ ဖိအားမပေးခဲ့ဘူး။”
ထိုစကား ထွက်ပေါ်လာသည်နှင့် နုလန်ဟောက်ကတော် လျိုကတော်သည် တကယ်ပဲ အံ့ဩသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် လျိုချုံး ဤစကားကို ပြောလိုက်ချိန်တွင် သူ၏ ရင်ထဲ၌ သူမအပေါ် တကယ်ပဲ နာကြည်းမှုများ ပြည့်နှက်နေသည်ကို သူမ ခံစားလိုက်ရသောကြောင့် ဖြစ်၏။
“ဘာကြောင့်လဲ။ ဘာဖြစ်လို့လဲ။ ကျွန်မက ရှင်အပေါ် ဒီလောက် ကောင်းပေးခဲ့တာကို ရှင်က ကျွန်မကို နာကြည်းတယ်တဲ့လား။”
သို့ပေမည့် ယွင်ကျုံးဟဲ့မှာမူ အနည်းငယ်မှ အံ့ဩခြင်း မရှိပေ။ ဤသည်မှာ လူ့သဘာဝပဲ ဖြစ်၏။ လူကောင်းများ၏ နာကြည်းချက်က ပို၍ ပြင်းထန်၏။ လျိုချုံးသည် နုလန်ဟောက်နှင့် နုလန်ဟောက် ကတော်တို့အပေါ် အငြိုးအတေး နက်ရှိုင်းနေခဲ့ပြီ ဖြစ်သည်။
ထိုနှစ်က သူသည် မိဘကျေးဇူးဆပ်ရန်အတွက် မွေးရပ်မြေသို့ ပြန်သွားပြီး မိခင်အိုကြီးကို ပြုစု စောင့်ရှောက်ရန် အစကတော့ စိတ်အားထက်သန် နေခဲ့သေးသည်။ သို့ပေမည့် နောက်ပိုင်းတွင် ဘဝ၏ ကြမ်းတမ်းမှုများကြောင့် အခြေအနေက အလွန် ဆိုးရွားလာခဲ့၏။
ထို့နောက် သူ၏ မိခင်အိုကြီး အပြင်းအထန် ဖျားနာလာသောအခါ သူသည် ပိုင်ဆိုင်သမျှ အကုန်အသုံးပြု၍ ကုသသော်လည်း မပျောက်ကင်းခဲ့ပေ။ သူ၏ စိတ်ထဲတွင်တော့ အကယ်၍ ထိုစဉ်က သူသာ နုလန်ဟောက် အိမ်တော်မှ ထွက်မသွားခဲ့လျှင် ဤမျှအထိ ဆိုးရွားမည် မဟုတ်ကြောင်း ရှင်းလင်းစွာ သိနေခဲ့သည်။
နုလန်ဟောက်က သူ့အတွက် အာဏာရှိသော ရာထူးတစ်ခု မစီစဉ်ပေးခဲ့ခြင်း၊ သူ့အတွက် ကိုယ်ကျိုး မရှာပေးခဲ့ခြင်းတို့ကိုလည်း သူက နာကြည်းနေခဲ့သည်။ အကယ်၍ သူ့ကို ပြည်သူ့စစ် တပ်စုမှူးအဖြစ် မဟုတ်ဘဲ မြို့ပိုင်အဖြစ် စီစဉ်ပေးခဲ့မည်ဆိုလျှင် သူသည် ယနေ့ ဤမျှအထိ ဆိုးရွားသော အခြေအနေသို့ ရောက်လာမည် မဟုတ်ပေ။
သူ၏ ယနေ့ ခံစားနေရသည့် ဆိုးရွားသော အခြေအနေမှာ သူကိုယ်တိုင်၏ ရွေးချယ်မှုသာ ဖြစ်ခဲ့သော်လည်း အရည်အချင်းမရှိသူများအတွက် ကောင်းကင်ကို အပြစ်တင်ကာ အခြားသူများကို အပြစ်တင်ခြင်းမှာ သဘာဝ ဖြစ်၏။
ထို့ကြောင့် သူက နုလန်ဟောက်ကတော်ကို ထောင်ချောက်ဆင်ကာ အပြစ်ပုံချခြင်းမှာ တစ်ဖက်တွင် ဖိအားပေးခံရခြင်း ဖြစ်သော်လည်း ရင်တွင်းနက်ရှိုင်းသော နေရာတွင် နတ်ဆိုးတစ်ကောင် ရှိနေပြီး ဤသို့ လုပ်ချင်နေခြင်း မဟုတ်ဘူးလား။
မြို့ဝန် ဝေ့ချီတွမ်က အေးစက်သောအသံဖြင့် မေးလိုက်သည်။ “လျိုကတော်... အောက်ယွီ... မင်းတို့ ဘာပြောစရာ ရှိသေးလဲ။”
အောက်ဖျင်က ကြမ်းကြုတ်စွာ ပြောလိုက်၏။ “ဉာဏ်ကုန်သွားပြီလား။ ဒါဆိုရင် ကျုပ် လူစရိုက်တော့မယ်။ လာကြစမ်း။ အောက်ယွီကိုပါ မြေကြီးပေါ် အတူတူ ဖိချပြီး အတူတူ ရိုက်စမ်း။ အတူတူ ရိုက်စမ်း။ ဒီနေ့ ကျုပ် အောက်ဖျင်က ဆွေမျိုးတွေကို မျက်နှာမထောက်ဘဲ ပြည်သူတွေအတွက် အန္တရာယ်ကင်းအောင် လုပ်ပေးမယ်။”
“နေအုံး။” ထိုအချိန်တွင် အဘိုးအို တစ်ဦးက ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။
မြို့ဝန် ဝေ့ချီတွမ်သည် ရောက်လာသူကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး စိတ်ထဲတွင် ရွံရှာသွားသော်လည်း မတ်တပ်ရပ်၍ ကြိုဆိုလိုက်ရ၏။
“သခင်ကြီးနင်... ဘယ်လိုလုပ် ရောက်လာတာလဲ။” မြို့ဝန်ကြီးသည် မတ်တပ်ရပ်၍ ကြိုဆိုရုံသာမက ကိုယ်တိုင် သွားရောက် တွဲကူပေးလိုက်ရသည်။
အောက်ထင်တို့ လူစုကလည်း မတ်တပ်ရပ်ကာ အရိုအသေ ပေးလိုက်ကြ၏။
ဤသခင်ကြီးနင်က မည်သူနည်း။ တောင်ပိုင်းကျိုးအင်ပါယာ၏ စုံစမ်းစစ်ဆေးရေးရုံးမှ အရာရှိဟောင်း နင်ပုချီ ဖြစ်သည်။ ယခုနှစ်တွင် အသက်ရှစ်ဆယ်ကျော်ပြီဖြစ်ပြီး အနားယူသွားသည်မှာ နှစ် နှစ်ဆယ် ရှိပြီ ဖြစ်သည်။
ဤသူသည် တစ်သက်လုံး စုံစမ်းစစ်ဆေးရေး အရာရှိ လုပ်ခဲ့ပြီး တကယ့်ကို အဂတိကင်းစင်သူဟု ဆိုနိုင်ကာ နာမည်ဂုဏ်သတင်းနှင့် လုပ်သက်မှလွဲ၍ ဘာမှ မရှိသူ ဖြစ်၏။
ထို့အပြင် ဘယ်သွားသွား လူတွေ၏ ရွံရှာမှုကို ခံရသည်။ အဘယ်ကြောင့်ဆိုသော် သူများကိစ္စ ဝင်ပါရသည်ကို အလွန် နှစ်သက်သောကြောင့် ဖြစ်သည်။
သို့ပေမည့် သူ၏ လုပ်သက်ကလည်း ရင့်ကျက်၊ အသက်ကလည်း ကြီးကာ စုံစမ်းစစ်ဆေးရေး အရာရှိလည်း လုပ်ခဲ့ဖူးပြီး ဒေါသကလည်း ကြီးကာ ခေါင်းမာလွန်းလှ၏။
ဤအချိန်တွင် သူသည် ဟောင်းနွမ်းနေသည့် ချည်ထည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တွင်လည်း သက်ကြီးရွယ်အိုများတွင်သာ ရှိတတ်သော အနံ့အသက်များ ရှိနေသောကြောင့် မြို့ဝန် ဝေ့ချီတွမ်မှာ အသက်ရှူအောင့်ထားရသည်။
သို့ပေမည့် မတတ်နိုင်ပေ။ သက်ကြီးရွယ်အိုကို ရိုသေရမည် မဟုတ်ပါလား။ ဤနင်ပုချီသည် အသက်ကြီးရုံသာမက နိုင်ငံတော် စာမေးပွဲတွင်လည်း စီနီယာကြီး တစ်ဦး ဖြစ်၏။
“လာကြစမ်း။ သခင်ကြီးနင်အတွက် ခုံတစ်လုံး ယူလာခဲ့။ နူးညံ့တာလေး ဖြစ်ပါစေ။” မြို့ဝန်က ပြောလိုက်သည်။
အပိုင်း (၂၂၄)
ခဏအကြာတွင် ခုံတစ်လုံး ရောက်လာပြီး စုံစမ်းစစ်ဆေးရေး အရာရှိဟောင်း နင်ပုချီက တုန်တုန်ယင်ယင်ဖြင့် ထိုင်ချလိုက်၏။
“အသက်ကြီးလာတော့လည်း လူတွေရဲ့ ရွံရှာတာ ခံရတော့တာပဲ။ ဒီလောက်ကြီးတဲ့ အမှုကြီး ဖြစ်တာတောင် ဘယ်သူကမှ ကျုပ်ကို မပြောကြဘူး။”
နင်ပုချီက တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ဆယ်ဂဏန်းလောက်က ကျုပ် နန်းတွင်းမှာ ရှိနေတုန်းက ဘယ်လို အမှုကြီးမျိုးမဆို မြင်ဖူးတယ်။ ဌာနသုံးခုပေါင်းပြီး အမှုစစ်တဲ့ အချိန်မျိုးကျမှသာ ကျုပ်လို စုံစမ်းစစ်ဆေးရေး အရာရှိကြီးက ပါဝင်ရတာ။”
နင်ပုချီက ဤသို့ပဲ ဖြစ်သည်။ တစ်နေရာသို့ ရောက်တိုင်း အခြားသူများက သူ့ကို အလေးမထားဟု အပြစ်တင်တတ်သည်။ ထို့နောက် မိမိ၏ ခမ်းနားသော သမိုင်းကြောင်းကို ပြောပြကာ ထိုစဉ်က သူ မည်မျှအထိ အစွမ်းထက်ခဲ့ကြောင်း ပြောဆိုတတ်၏။
“ခင်ဗျားတို့ ဆက်လုပ်ကြပါ။ ကျုပ်က မျက်နှာပြောင်တိုက်ပြီး ဘေးကနေ နားထောင်နေမယ်။ ခင်ဗျားတို့က ကျုပ်ကို အရေးမပါတဲ့ သူတစ်ယောက်လို့ သဘောထားလိုက်ရုံပါပဲ။” နင်ပုချီက ထပ်ပြောသည်။
မြို့ဝန် ဝေ့ချီတွမ်က ပြန်ပြောလိုက်၏။ “ဘယ်လိုလုပ် ဒီလိုလုပ်ရဲရမှာလဲ။ သခင်ကြီးနင် ရှိနေတာက ပိုတောင် ကောင်းသေးတယ်။”
နင်ပုချီက ထပ်၍ စကားများနေသည်။ “အေးလေ။ အသက်ကြီးလာတော့လည်း လူတွေရဲ့ ရွံရှာတာ ခံရတာပေါ့။ အရာရှိစီးတဲ့ ဝေါယာဉ်လည်း မရှိတော့ဘူး။ ယွီလုံတောင်က စမ်းရေကိုလည်း ဘယ်သူမှ လာမပို့ကြတော့ဘူး။ ဒါပေမဲ့ ကျုပ်ကလည်း ဒီပစ္စည်းတွေကို မနှစ်သက်ပါဘူး။ ခင်ဗျားတို့ လာပို့ရင်တောင် ကျုပ်က ရိုက်ထုတ်လိုက်အုံးမှာ။”
ဤသည်မှာ လက်တွေ့ဘဝ ဖြစ်၏။ ‘ခင်ဗျားက ကျုပ်ကို မပို့ရင် ကျုပ်က ခင်ဗျားကို အငြိုးထားမယ်။ ခင်ဗျား လာပို့ရင်တောင် ကျုပ်က မာနကြီးတဲ့ ပုံစံဖမ်းပြီး မောင်းထုတ်အုံးမှာပဲ။’
မြို့ဝန် ဝေ့ချီတွမ်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပြောလိုက်သည်။ “ဒီအမှုက သက်သေခိုင်လုံတယ်။ ပြီးတော့ လျိုချုံးက လူပုံအလယ်မှာ အောက်မင်ကို လုပ်ကြံတာ အရမ်းကို ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ပဲ။ ဒါကြောင့်မို့ ဆောင်းဦးရာသီ ရောက်တဲ့အထိ စောင့်နေစရာ မလိုတော့ဘူး။ ချက်ချင်း ခေါင်းဖြတ် ကွပ်မျက်မယ်။
နုလန်ဟောက်ကတော် လျိုကတော်က အရည်အချင်းရှိသူကို မနာလိုဖြစ်ပြီး ငွေပေး လူသတ်ခိုင်းတယ်။ လက်ထိပ်ခတ်ပြီး သုံးရက်ကြာ လမ်းလျှောက်ခိုင်းမယ်။ ပြီးတော့ မိုင်သုံးထောင် အဝေးကို နယ်နှင်ဒဏ် ပေးမယ်။”
ထို့နောက် မြို့ဝန် ဝေ့ချီတွမ်က ရုတ်တရက် တူကိုရိုက်ကာ အမှုတွဲကို အဆုံးသတ်ရန် ပြင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် နင်ပုချီ ရောက်လာ၍ ပြောင်းလဲနိုင်ခြေတချို့ ရှိလာသောကြောင့်ပင်။
“အရှင်... အပြင်ဘက်မှာ လူတစ်စု ရောက်နေတယ်။ နုလန်ဟောက် အိမ်တော်က သက်တော်စောင့်တွေလို့ ပြောတယ်။ သူတို့က သိုင်းသမား ဆယ်ဂဏန်းလောက်ကို ဖမ်းခေါ်လာတယ်။ လျိုချုံးရဲ့ မိသားစုကို ဖမ်းဆီးတဲ့ လူဆိုးတွေလို့ ပြောတယ်။ လျိုချုံးရဲ့ မိသားစုလည်း အတူတူ ပါလာတယ်။” အပြင်ဘက်မှ စာရေးက အလျင်စလို ဝင်လာကာ သတင်းပို့လိုက်သည်။
မြို့ဝန် ဝေ့ချီတွမ်က အေးစက်စက် အသံဖြင့် ပြောလိုက်၏။ “ဒီအမှုကို အမိန့်ချပြီးသွားပြီ... ရှုပ်ထွေးအောင် လုပ်စရာ မလိုဘူး။”
“ဒုန်း...”
သို့ပေမည့် ထိုအချိန်မှာပဲ အပြင်ဘက်မှ ဗုံသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မြို့ဝန် ဝေ့ချီတွမ်က ဒေါသတကြီး မေးလိုက်၏။ “ဘယ်သူ ဗုံတီးနေတာလဲ။”
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”
ခဏအကြာတွင် အရာရှိတစ်ဦးက လာရောက် သတင်းပို့သည်။ “အရှင်... ဗုံတီးပြီး တရားမျှတမှု တောင်းဆိုနေသူက အသက်ခုနစ်ဆယ်ကျော်အရွယ် အဘွားအို တစ်ဦးပါ။ သူက သူ့ကိုယ်သူ လျိုချုံးရဲ့ မိခင်လို့ ပြောပါတယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် အောက်ထင်နှင့် အောက်ဖျင်တို့၏ မျက်နှာများမှာ ပျက်ယွင်းသွားတော့သည်။
မြို့ဝန် ဝေ့ချီတွမ်၏ မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုများ တစ်ချက် ဖြတ်ပြေးသွား၏။
အသက်ခြောက်ဆယ်အထက် လူတစ်ယောက်က ဗုံတီးပြီး တရားမျှတမှု တောင်းဆိုလာပါက တာဝန်ကျ အရာရှိအနေဖြင့် သေချာပေါက် အမှုစစ်ဆေးရမှာဖြစ်ပြီး အိပ်နေသည်ဖြစ်စေ၊ ထမင်းစားနေသည်ဖြစ်စေ ချက်ချင်း ခုံရုံးဖွင့်ကာ အမှုစစ်ဆေးရမှာဖြစ်သည်။
တောင်ပိုင်းကျိုးအင်ပါယာသည် မိဘကျေးဇူးသိတတ်မှုကို အခြေခံ၍ နိုင်ငံကို အုပ်ချုပ်ရာ သက်ကြီးရွယ်အို များကို ရိုသေရမှာဖြစ်၏။
ထို့အပြင် ယခု ဗုံတီးနေသူသည် အသက်ခုနစ်ဆယ်အရွယ် ရှိနေပြီ ဖြစ်သည်။ လူအများရှေ့တွင် မြို့ဝန် ဝေ့ချီတွမ်သည် ပြဇာတ်ကို ပြီးပြည့်စုံအောင် ကပြရပေလိမ့်မည်။
အပြင်ဘက်တွင် ကျောင်းသား ရာပေါင်းများစွာ ရှိနေသလို ဧည့်ခန်းမဆောင်ထဲတွင်လည်း လူတွေ ရွံရှာသော နင်ပုချီ တစ်ယောက် ထိုင်နေသေးသည် မဟုတ်လား။
ဝေ့ချီကွမ်က အမိန့်ပေးလိုက်၏။ “လာကြစမ်း။ အပြင်က အဘွားအိုကို ခေါ်လာခဲ့။”
ခဏအကြာတွင် လျိုချုံး၏ မိခင်၊ ဇနီးနှင့် ကလေးနှစ်ယောက်စလုံး ဝင်ရောက်လာကြသည်။
လျိုချုံး၏ ဇနီးက မြေကြီးပေါ်တွင် ဒူးထောက်လိုက်၏။ လျိုချုံး၏ မိခင်အိုကြီးမှာ အသက်ခုနစ်ဆယ်ကျော်ပြီ ဖြစ်သောကြောင့် ဒူးထောက်စရာ မလိုတော့ပေ။
ဤအချိန်တွင် အောက်ဖျင်၏ မျက်နှာက အလွန် ကြည့်ရဆိုးနေပြီ ဖြစ်သည်။ အောက်ယွီ ပြောသည်မှာ အမှန်ဖြစ်နေပြီး ဤမိသားစုက တကယ်ပဲ ကယ်တင်ခံလိုက်ရမည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
သို့ပေမည့် ဘာဖြစ်သနည်း။ ဤလူစု ဖမ်းဆီးခံရချိန်တွင် အားလုံးက မျက်လုံးအစည်းခံထားရသောကြောင့် အောက်ဖျင်၏ ရုပ်ရည်ကို လုံးဝ မြင်တွေ့ခဲ့ရခြင်း မရှိပေ။
ဤမိသားစုကို သူက အလွန် လျှို့ဝှက်စွာ ဖွက်ထားခဲ့သည်မှာ ထင်ရှားပြီး လွန်ခဲ့သော ရက်အနည်းငယ် တည်းက ဖွက်ထားခဲ့ခြင်းဖြစ်ရာ အောက်ယွီက မည်ကဲ့သို့ ရှာတွေ့သွားခဲ့သနည်း။
မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်၏။ “အဘွား... ဗုံတီးပြီး တရားမျှတမှု တောင်းဆိုတာ ဘယ်သူ့ကို တရားစွဲချင်လို့လဲ။”
လျိုချုံး၏ မိခင်အိုကြီးက ပြန်ဖြေသည်။ “အဘွားရဲ့သား လျိုချုံးကို တရားစွဲချင်တာပါ။ သစ္စာမရှိ၊ မိဘကျေးဇူး မသိတတ်ဘဲ ပုန်ကန်တဲ့ ပြစ်မှုပါပဲ။”
ထိုစကား ထွက်ပေါ်လာသည်နှင့် အောက်ထင်နှင့် မြို့ဝန် ဝေ့ချီတွမ်တို့၏ မျက်နှာများ ထပ်မံ ပျက်ယွင်း သွားကြတော့၏။
လျိုချုံး၏ မိခင်အိုကြီးက အောက်ဖျင်အား လူပြန်ပေးဆွဲမှုဖြင့် တရားမစွဲဘဲ ကိုယ့်သားကိုသာ သစ္စာမရှိ၊ မိဘကျေးဇူးမသိတတ်မှုဖြင့် တိုက်ရိုက် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
ဤသည်က အလွန် တရားမျှတလွန်းလှသည်။ တောင်ပိုင်းကျိုးအင်ပါယာသည် မိဘကျေးဇူးသိတတ်မှုကို အခြေခံ၍ တိုင်းပြည်ကို အုပ်ချုပ်ရာ ဤအမှုကို မဆုံးဖြတ်ဘဲ နေ၍မရပေ။
ထို့အပြင် သက်သေလည်း မလိုအပ်တော့ချေ။ နောက်ပိုင်းတွင် အခြေအနေက ပြောင်းလဲသွားနိုင်သည်။
လျိုချုံး၏ မိခင်အိုကြီးက တစ်ခန်းလုံးကို အကဲခတ်ကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် စုံစမ်းစစ်ဆေးရေး အရာရှိဟောင်း နင်ပုချီ၏ မျက်နှာပေါ်သို့ အကြည့်ရောက်သွားကာ ရှေ့တက်၍ အရိုအသေပေးလျက် ပြောလိုက်၏။
“အရှင်... အဘွားက မိုက်မဲပြီး ဒီမှာရှိတဲ့ အရှင်တွေက ဘာရာထူးတွေလဲဆိုတာ နားမလည်ပါဘူး။ ဒါပေမဲ့ ရှင့်ကို ကြည့်ရတာ အဂတိကင်းတဲ့ အရာရှိ တစ်ယောက်၊ အရာရှိကောင်း တစ်ယောက်နဲ့ တူလို့ အဘွားအတွက် တရားမျှတမှုကို ရှာပေးပါလို့ တောင်းဆိုချင်ပါတယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် နင်ပုချီမှာ ပျော်ရွှင်လွန်းသောကြောင့် ကောင်းကင်သို့ပဲ ပျံတက်တော့မလို ဖြစ်သွားခဲ့ပြီး သူ၏ အကြိုက်ဆုံးနေရာကို တိုက်ရိုက် ထိသကဲ့သို့ ဖြစ်သွားခဲ့သည်။
သူသည် လူများ၏ ရွံရှာမှုနှင့် မေ့လျော့ခြင်းကို ခံရသည်မှာ ကြာမြင့်နေပြီဖြစ်ရာ အလွန် အထီးကျန် နေခဲ့ရသည်။
ချက်ချင်းပဲ သူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ညီမကြီး... ဘာမတရားမှုတွေ ခံစားနေရလဲဆိုတာ အကုန်ပြောပါ။ ကျုပ်က စုံစမ်းစစ်ဆေးရေး အရာရှိဟောင်း နင်ပုချီပဲ။ ရာထူးကနေ အနားယူတာ ကြာပြီ ဆိုပေမဲ့ စာချွန်လွှာ တင်ခွင့်တော့ ရှိသေးတယ်။
ဒီနေ့ ဘယ်သူကများ ညီမကြီးကို မတရား လုပ်ရဲသလဲ။ ကျုပ်က ဧကရာဇ်မင်းမြတ်ဆီ စာချွန်လွှာ တင်ပေးမယ်။ ဧကရာဇ်ဆီတင်လို့ အလုပ်မဖြစ်ဘူးဆိုရင် ဧကရာဇ်ဟောင်းဆီ တင်ပေးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညီမကြီးကို တရားမျှတမှု ရစေရမယ်။”
လျိုချုံး၏ မိခင်အိုကြီးက ပြန်ပြောသည်။ “ဒါဆို အဘွားက သခင်ကြီးနင်ကို အရင် ကျေးဇူးတင်ပါတယ်။”
ထို့နောက် လျိုချုံး၏ မိခင်အိုကြီးက လျိုချုံးကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်၏။ “အဘွားရဲ့သား လျိုချုံးရဲ့ ပထမ ပြစ်မှုက သခင်အပေါ် သစ္စာမရှိတာပဲ။ အဲဒီနှစ်က သူ နုလန်ဟောက် အိမ်တော်ကနေ ထွက်ပြီး မွေးရပ်မြေ ပြန်လာတော့ ပြည်သူ့စစ် တပ်စုမှူး ဖြစ်လာတယ်။
အပြင်မှာ မပြောပေမဲ့ အိမ်မှာတော့ နုလန်ဟောက်က ဒီလောက်ရာထူးကြီးတာတောင် သူ့အတွက် ရာထူးကောင်းကောင်း မစီစဉ်ပေးဘူး။ ပြည်သူ့စစ် တပ်စုမှူးလောက်ပဲ ပေးတယ်ဆိုပြီး အမြဲ ငြီးတွားနေခဲ့တယ်။
မင်း လိပ်ပြာ မလုံဘူးလား။ နုလန်ဟောက်သာ မရှိရင် မင်း သိုင်းသင်နိုင်ပါ့မလား။ မိန်းမယူနိုင်ပါ့မလား။ မင်းက နယ်က တောင်သူလယ်သမား တစ်ယောက်လောက်တောင် မတန်ဘူး။ မြေရှင်ဆီမှာ ကျွန်သွားခံရမှာ။ ပြည်သူ့စစ် တပ်စုမှူးဆိုတာလည်း အရာရှိပဲ။ ကိုယ့်အရည်အချင်း မရှိဘဲနဲ့ ရာထူးငယ်တယ်လို့ ညည်းနေသေးတယ်။ မင်းသာ အရည်အချင်းရှိရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် ရာထူးတက်နေတာ ကြာပြီပေါ့။
နုလန်ဟောက်က ကိုယ်ကျိုးမရှာဘူး။ အုပ်စုမဖွဲ့ဘူး။ မင်းအတွက် ရာထူးကြီးတစ်ခုရဖို့ နောက်ပေါက်ကနေ မလုပ်ပေးချင်တာက အမှားလား။ ဒါ အမှားလား။
အဘွားရဲ့သား လျိုချုံးရဲ့ ဒုတိယ ပြစ်မှုက မိဘကျေးဇူးသိတယ်လို့ နာမည်ခံပြီး တကယ်တမ်းကျတော့ နာမည်ကောင်း ယူချင်တာပဲ။ ဒီဆယ်နှစ်ကျော်အတွင်း နုလန်ဟောက်ကတော်က အဘွားကို မမေ့ပါဘူး။ စာတွေ ပို့တယ်၊ လက်ဆောင်တွေ ပို့တယ်။ ပွဲတော်ရက်တွေဆိုရင်လည်း ပစ္စည်းတွေ ပို့ပေးတယ်။
အဘွားလည်း လှုပ်နိုင်ရှားနိုင်တုန်း ကတော်အတွက်၊ သခင်လေးအတွက်၊ သခင်မလေးအတွက် ချည်ဖိနပ်လေးတွေ ချုပ်ပြီး အဘွားရဲ့သား လျိုချုံးကို နုလန်ဟောက်ကတော်ဆီ သွားပို့ခိုင်းခဲ့တယ်။ နောက်နှစ်ကျတော့ ကတော့်စာထဲမှာ ဒီဖိနပ်တွေအကြောင်း မပါလာတော့ အဘွားလည်း ကတော်က မကြိုက်လို့နေမှာပဲလို့ ထင်ပြီး နောက်ထပ် ဖိနပ်တွေ မချုပ်ပေးဖြစ်တော့ဘူး။
ဒါပေမဲ့ တစ်နေ့ကျတော့ ထင်းတင်းကုပ်အောက်မှာ အဘွားက နုလန်ဟောက်ကတော်၊ သခင်လေး၊ သခင်မလေးတို့အတွက် ချုပ်ပေးထားတဲ့ ဖိနပ်ဆယ်ရံကျော်ကို မြှုပ်ထားတာ တွေ့ရတယ်။ အမှန်တော့ ဒီလျိုချုံးက နုလန်ဟောက် အိမ်တော်ကို စိတ်ထဲကနေ အပြစ်တင်ပြီး ဖိနပ်တွေကို မြေမြှုပ်ပစ်လိုက်တာပဲ။ သွားမပို့ခဲ့ဘူး။ အဘွားကတော့ လျှိုကတော်က မကြိုက်လို့ဆိုပြီး စိတ်ထဲမှာ အထင်လွဲခဲ့ရသေးတယ်။
အဘွားရဲ့သား လျိုချုံးရဲ့ တတိယ ပြစ်မှုက လူကောင်းကို အနိုင်ကျင့်ပြီး လူဆိုးကို ကြောက်တာပဲ။ အဘွားနဲ့ မြေးတွေ လူပြန်ပေးဆွဲခံရတော့ လူဆိုးတွေက အဘွားတို့ရဲ့ အသက်နဲ့ အဘွားရဲ့သား လျိုချုံးကို လူသတ်ဖို့၊ သူ့ရဲ့ သခင်ဟောင်းအပေါ် အပြစ်ပုံချဖို့ ခြိမ်းခြောက်ခဲ့တယ်။ နောက်ဆုံးတော့ သူ တကယ် လုပ်ခဲ့တယ်။
မင်းက အပေါ်ယံမှာတော့ မိဘကျေးဇူးသိတတ်ပြီး အမေကို ကယ်ဖို့ လူသတ်တယ်ပေါ့။ ဒါပေမဲ့ ငါ ဒီလို အသက်ရှင်နေရတာထက် သေတာကမှ ကောင်းအုံးမယ်။ မင်းက ငါ့ကို သစ္စာမရှိ၊ တရားမျှတမှုမရှိတဲ့ သူအဖြစ် သတ်မှတ်လိုက်တာပဲ။ ငါ သေသွားရင်တောင် လျိုမိသားစု သင်္ချိုင်းထဲကို ဝင်ဖို့ ဘယ်လို မျက်နှာရှိတော့မလဲ။
အရှင်တို့... အဘွားရဲ့သား လျိုချုံးလို သစ္စာမရှိ၊ မိဘကျေးဇူးမသိတတ်တဲ့ ပုန်ကန်သူကို ပြင်းပြင်းထန်ထန် အရေးယူပေးကြပါ။”
မြို့ဝန် ဝေ့ချီတွမ်မှာ ချက်ချင်း ကျောရိုးမကြီး စိမ့်တက်သွားတော့သည်။ မိခင်က သားကို တရားစွဲခြင်းသည် သေချာပေါက် တရားဝင်သည်။
ဤလျိုချုံး၏ မိခင်အိုကြီးက တရားမျှတမှုကို ကိုင်စွဲထားရာ လုံးဝ ငြင်းဆို၍ မရနိုင်ပေ။ ထို့အပြင် နောက်ဆုံးတွင် သူမ လူပြန်ပေးဆွဲခံရပြီး လူဆိုးများက သူမ၏ သားကို လူသတ်ရန်နှင့် နုလန်ဟောက် ကတော်အပေါ် အပြစ်ပုံချရန် ခြိမ်းခြောက်ခဲ့သည့် ကိစ္စကိုလည်း သူမက လုံးဝ အကျဉ်းချုံး၍သာ ပြောသွားခဲ့၏။
ဤအမှု၏ အဓိက သော့ချက်မှာ သက်သေမဟုတ်ဘဲ လူတွေ၏ စိတ်နှင့် ထင်မြင်ယူဆချက်များသာ ဖြစ်၏။ တောင်ပိုင်းကျိုးအင်ပါယာသည် မည်သို့ပင်ဖြစ်စေ လူ့စိတ်ကို ထိန်းချုပ်ကာ အုပ်ချုပ်သော နိုင်ငံဖြစ်၏။
အချိန်အတော်ကြာပြီးနောက် မြို့ဝန် ဝေ့ချီတွမ်က တုန်ယင်သည့် အသံဖြင့် မေးလိုက်သည်။ “အဘွား... အဘွားသား လျိုချုံးကို တရားစွဲတဲ့ ဒီပြစ်မှုတွေအတွက်... သက်... သက်သေ ရှိလား။”
“သက်သေ...။”
လျိုချုံး၏ မိခင်အိုကြီးက အေးစက်စွာ ရယ်မောလိုက်ပြီး တုန်ယင်စွာ ပြောလိုက်၏။ “သက်သေ... သက်သေ ဟုတ်လား။ အဘွား ပေးမယ်။”
ထို့နောက် သူမသည် ယိုင်နဲ့နဲ့ဖြင့် ရှေ့သို့ တက်လာခဲ့သည်။
ယွင်ကျုံးဟဲ့သည် ရုတ်တရက် မတ်တပ်ရပ်ကာ လျိုချုံး၏ မိခင်အိုကြီးထံသို့ ပြေးသွားလိုက်၏။ “အဘွား... မလုပ်နဲ့... မလုပ်နဲ့။”
သို့ပေမည့် နောက်ကျသွားခဲ့ပြီ ဖြစ်၏။ လျိုချုံး၏ အသက်ခုနစ်ဆယ်ကျော် မိခင်အိုကြီးသည် တိုင်ကို ရုတ်တရက် ခေါင်းဖြင့် ပြေးဆောင့်လိုက်ပြီဖြစ်ရာ ချက်ချင်းဆိုသလို ဦးခေါင်းခွံ ကွဲအက်သွားပြီး သွေးများ စီးကျလာတော့သည်။
မသေဆုံးမီ သူမသည် မြို့ဝန် ဝေ့ချီတွမ်ကို ကြည့်ကာ မေးလိုက်၏။ “ဒီသက်သေဆိုရင် လုံလောက်ပြီလား။”
တစ်ခန်းလုံး လုံးဝ အံ့အားသင့်သွားကြပြီး လူအချို့ပင် ရုတ်တရက် မတ်တပ်ရပ်မိသွားကြသည်။
ယွင်ကျုံးဟဲ့သည် လျိုချုံး၏ မိခင်အိုကြီးကို ပွေ့ချီကာ သူမ၏ နှာခေါင်းဝကို လက်ဖြင့်တေ့ကာ အသက်ရှူခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်လိုက်၏။
“သခင်လေး... အဘွားသားက မိုက်မဲတယ်။ အဘွား မြေးတွေကို ကယ်ပါ။ အဘွား မြေးတွေကို ကယ်ပါ။” လျိုချုံး၏ မိခင်အိုကြီးက နောက်ဆုံး စကားတစ်ခွန်းကို အားတင်းကာ ပြောပြီးနောက် သေဆုံးသွား တော့သည်။
“ကောင်းပြီ... ကောင်းပြီ... ကောင်းပါပြီ။”
ယွင်ကျုံးဟဲ့က အသည်းအသန် ခေါင်းညိတ်ပြလိုက်၏။ “ကျုပ် မှတ်ထားပါ့မယ်။ ကျုပ် မှတ်ထားပါ့မယ်။”
........................