← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 20 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 20 Ch. 227-228

အပိုင်း (၂၂၇)

သူက ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “မင်း သေလိုက်တော့...”

ထို့နောက် လက်ထဲရှိ သစ်သားပြားဖြင့် အောက်ဖျင်၏ နောက်စေ့ကို ချိန်ရွယ်ကာ ရုတ်တရက် ရိုက်ချလိုက်တော့သည်။

“ဒုတ်...”

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။

အောက်ထင် လက်ထဲရှိ သစ်သားပြားသည် အငယ်ဆုံးသား အောက်ဖျင်၏ နောက်စေ့ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

“ခွပ်...”

ဦးခေါင်းခွံ ကွဲအက်သွားပြီး အသံပင် တစ်ချက် မထွက်နိုင်တော့ဘဲ သေဆုံးသွားတော့သည်။ မကြည့်ရက်အောင် အလွန် ပြင်းထန်လွန်းလှပြီး သွေးများက အောက်ထင်၏ မျက်နှာပေါ်သို့ပင် တိုက်ရိုက် လွင့်စင်လာခဲ့၏။

ထို့အပြင် အောက်ဖျင်သည် မျက်လုံးမမှိတ်ဘဲ သေဆုံးသွားရုံသာမက မျက်လုံးနှစ်လုံးစလုံး ပေါက်ထွက်တော့မည့်အလား ဖြစ်နေ၏။ သေဆုံးခါနီး အချိန်အထိ သူ၏ အကြည့်များတွင် ထိတ်လန့် တုန်လှုပ်မှုများ ပြည့်နှက်နေပြီး သူ ဤကဲ့သို့ ရုတ်တရက် ရိုက်သတ်ခံလိုက်ရမည်ဖြစ်ကြောင်း လုံးဝ ထင်မှတ် မထားခဲ့ချေ။

မြို့ဝန် ဝေ့ချီတွမ် အပါအဝင် တစ်ခန်းလုံး ကြောင်အသွားသကဲ့သို့ တိတ်ဆိတ်သွားပြီး အားလုံး၏ ကျောရိုးမကြီးများ စိမ့်တက်သွားတော့သည်။

အောက်ဖျင်၏ သေဆုံးမှုသည်လည်း သူ၏ ဆန္ဒပဲ ဖြစ်၏။ သို့ပေမည့် အောက်ထင် တကယ်တမ်း သူ့သားကို ကိုယ်တိုင် ရိုက်သတ်လိုက်ချိန်တွင် လူများကို ကြက်သီးထသွားစေဆဲ ဖြစ်သည်။ ဤသည်မှာ သူ၏ သားအရင်း၊ အချစ်ဆုံး အငယ်ဆုံးသား ဖြစ်ပါလျက် သတ်မည်ဆိုသည်နှင့် သတ်လိုက်သည် မဟုတ်ပါလား။

အောက်ထင်... ခင်ဗျားက တကယ် ရက်စက်ကြမ်းကြုတ်လွန်းတာပဲ။

ထို့နောက် အောက်ထင်သည် စုံစမ်းစစ်ဆေးရေး အရာရှိဟောင်း နင်ပုချီထံသို့ ခါးညွှတ်၍ အရိုအသေပေးလျက် မေးလိုက်၏။ “သခင်ကြီးနင်... ဒီရလဒ်ကို ကျေနပ်ရဲ့လား။”

သူ၏ သဘောထားက အလွန် ရိုသေလေးစားသော်လည်း အကြည့်များက အေးစက်ကာ ရက်စက်နေသည်။

စုံစမ်းစစ်ဆေးရေး အရာရှိဟောင်း နင်ပုချီမှာ မနေနိုင်ဘဲ စိတ်ထဲတွင် တစ်ချက် တုန်ယင်သွားတော့သည်။ ဤမျှ ရက်စက်သော မြင်ကွင်းမျိုးကို သူလည်း ကြုံတွေ့ခဲ့ဖူးပြီး တစ်ကြိမ်တည်း မကပေ။

သို့ပေမည့် သူ အနားယူသွားသည်မှာ နှစ် နှစ်ဆယ်နီးပါး ရှိနေပြီဖြစ်ရာ ဤသို့သော သွေးသံရဲရဲ မြင်ကွင်း၊ ဤသို့သော ရက်စက်စွာ သားကို သတ်သည့် မြင်ကွင်းက သူ၏ စိတ်နှလုံးကို ချက်ချင်း တုန်လှုပ်သွားစေဆဲ ဖြစ်သည်။

အစက သူသည် ဤကိစ္စကို ကြီးကျယ်အောင် လုပ်ပြီး အခွင့်ကောင်းယူကာ နာမည်ကြီးအောင် လုပ်ရန် တွေးတောနေခဲ့သေး၏။ သို့ပေမည့် ယခုတော့ သူ ကြောက်သွားပြီဖြစ်ပြီး တကယ် အမှုကြီးအောင် မလုပ်ရဲတော့ချေ။

အောက်ထင်သည် မိမိ၏ သားအရင်းကိုပင် ဤမျှ ရက်စက်စွာ သတ်ဖြတ်နိုင်သူဖြစ်၏။ သူ နင်ပုချီက အသက်ကြီးနေပြီ ဆိုသော်လည်း သေရမည်ကို မကြောက်ဘဲ မနေနိုင်ပေ။ သူတွင် သားများ ရှိသလို မြေးများလည်း ရှိသေးသည်။

အကယ်၍ အောက်ထင်ကဲ့သို့ ရက်စက်သောသူကို စော်ကားမိလျှင် သူ၏ သားမြေးများကို မတော်တဆမှု ဖြစ်စေရန် နည်းလမ်း တစ်ရာကျော် ရှိသည်။ ဤသည်မှာ အသံတိတ် ခြိမ်းခြောက်မှု ဖြစ်၏။ အောက်ထင်သည် သားအရင်းကိုပင် ရိုက်သတ်နိုင်ရာ မည်သည့်ကိစ္စကို မလုပ်ရဲဘဲ နေမည်နည်း။

ချက်ချင်းပဲ နင်ပုချီက မတ်တပ်ရပ်၍ ပြန်လည် အရိုအသေပေးကာ ပြောလိုက်သည်။ “အောက်သခင်ကြီးက တရားမျှတမှုကို နားလည်ပြီး ဆွေမျိုးတွေကို မျက်နှာမထောက်တဲ့အတွက် လေးစားပါတယ်။ ကျုပ် တကယ့်ကို လေးစားပါတယ်။”

ထို့နောက် အကြီးအကဲ အောက်ထင်သည် သစ်သားပြားကို ချထားလိုက်ပြီး လျိုကတော်နှင့် အောက်ယွီတို့ ရှေ့သို့ နောက်တစ်ကြိမ် ရောက်လာကာ ခါးညွှတ်၍ အရိုအသေပေးလျက် ပြောလိုက်၏။ “တတိယသားရဲ့ ဇနီး... ငါ ထပ်ပြီး တောင်းပန်ပါတယ်။ အမှားပေါင်းများစွာ အားလုံးက ငါ့ရဲ့ အမှားပါ။ သားကို ကောင်းကောင်း မသွန်သင်ခဲ့မိလို့ပါ။”

အောက်ထင်သည် အောက်ရှင်း၏ ဖခင်အရင်းဖြစ်ရာ သူသည် လျိုကတော်၏ ယောက္ခမ ဖြစ်သည်။ ယောက္ခမက လူပုံလယ်တွင် ချွေးမကို ခါးညွှတ်၍ တောင်းပန် အရိုအသေပေးခြင်းမှာ ကောင်းကင်က မိုးကြိုးပစ်ချရမည့် ကိစ္စဖြစ်သည်။

‘မင်း ဘာလိုချင်သေးတာလဲ။ ငါ အောက်ထင်ရဲ့ သဘောထားက မလုံလောက်သေးဘူးလား။ ငါ့ကိုယ်ငါ သန့်စင်ဖို့ မလုံလောက်သေးဘူးလား။’

ယွင်ကျုံးဟဲ့က အလျင်အမြန် ပြေးသွားပြီး ပြောလိုက်သည်။ “ဘိုးဘိုးကြီး... ဘိုးဘိုးကြီး... ဒီလို လုံးဝ မလုပ်ပါနဲ့။ ဦးလေး အောက်ဖျင်က ပြဿနာ ရှာခဲ့ပေမဲ့ ကျုပ်တို့ အားလုံးက မိသားစုဝင်တွေပါပဲ။ ကျုပ်အမေက အပြစ်တင်မှာ မဟုတ်ပါဘူး။ ဘိုးဘိုးကြီး ကျန်းမာရေးကို သေချာ ဂရုစိုက်ပါအုံး။”

‘ချီးတဲ့မှ…’

အောက်ထင်၏ စိတ်ထဲတွင် ဆဲရေးတိုင်းထွာလိုက်သည်။ မူလက သူ ချွေးမကို အရိုအသေပေးခြင်းမှာ သူမကို မီးပေါ်တင်၍ ကင်ရန် ရည်ရွယ်ချက်ရှိ၏။ ထို့နောက် သူက လဲကျသွားပြီး အလွန် သနားစရာကောင်းသော ပြဇာတ်ကို ကပြရန် ဖြစ်၏။

ယခုတော့ ယွင်ကျုံးဟဲ့က သူ၏ သရုပ်ဆောင်မှုကို ကြားဖြတ် ဟန့်တားလိုက်ပြီ ဖြစ်၏။ အောက်ထင်၏ အကြည့်များက အောက်ယွီကို ကြင်နာစွာ ကြည့်နေသော်လည်း အတွင်းပိုင်းတွင်မူ အဆုံးအစမဲ့သော နာကြည်းမုန်းတီးမှုများ ပြည့်နှက်နေသည်။

အကြင်နာဆုံးသော လေသံဖြင့် စိတ်ထဲမှ အပြင်းထန်ဆုံးသော သတ်ဖြတ်လိုစိတ်ကို ထုတ်ပြောလိုက်၏။ “ယွီလေး... မင်း သိပ်တော်တာပဲ။ မင်း သိပ်တော်တာပဲ။”

“ဝေါ့...”

ထို့နောက် အောက်ထင်သည် သွေးတစ်ပွက်ကို ရုတ်တရက် အန်ထုတ်လိုက်ကာ လဲကျသွားတော့သည်။ သူသည် လျှာကို ကိုက်ဖြတ်ပြီးနောက် ဤသွေးတစ်ပွက်ကို ကြာမြင့်စွာ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။

ဤပြဇာတ်ကြီးသည် ပြီးပြည့်စုံစွာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ အောက်ဖျင်သည် ကိုယ်စား အပြစ်ခံရသော သိုးသူငယ်အဖြစ် နေရာမှာတင် သနားစဖွယ် သေဆုံးသွားခဲ့ရ၏။

သို့ပေမည့် အကြီးအကဲ အောက်ထင်သည်လည်း အချိန်မီ ဆုံးရှုံးမှုကို ရပ်တန့်နိုင်ခဲ့ပြီး မိမိကိုယ်ကိုယ် အပြီးတိုင် သန့်စင်သွားစေကာ ဆွေမျိုးများကို မျက်နှာမထောက်တတ်သူဟူသော နာမည်ကောင်းကို ရရှိခဲ့ပြီး ကျန်းကျိုးမြို့၏ မှူးမတ်အသိုင်းအဝိုင်းကို ပို၍ ခြိမ်းခြောက်နိုင်ခဲ့သည်။

အိမ်သို့ ပြန်ရောက်ပြီးနောက် ယွင်ကျုံးဟဲ့၏ မိခင်သည် စကားမပြောဘဲ တိတ်ဆိတ်စွာ နေနေခဲ့၏။

လျိုချုံး၏ ဇနီးနှင့် ကလေးများ အားလုံးကို နေရာချပေးပြီးဖြစ်ကာ နောက်ဆက်တွဲအနေဖြင့် ကလေး နှစ်ယောက်ကို ကြီးပြင်းလာသည်အထိ ပြုစုပျိုးထောင်ပေးမည်ဖြစ်ပြီး သမီးဖြစ်သူ ကြီးလာလျှင် အိမ်ထောင်ချပေးကာ သားဖြစ်သူကို တတ်နိုင်သမျှ အောင်မြင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်သည်။

လျိုချုံး၏ ဇနီး အိမ်ထဲသို့ ဝင်လာပြီးနောက် နုလန်ဟောက်ကတော်ရှေ့တွင် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

လျိုကတော်က သူမကို တွဲထူလိုက်ပြီး ပြောလိုက်၏။ “နောင်ဆိုရင် မိသားစုဝင်တွေ ဖြစ်သွားပြီ။ အရင်က ကိစ္စတွေ အားလုံး ပြီးသွားပါပြီ။”

လျိုချုံး၏ ဇနီးက ငိုကြွေးလျက် ပြောသည်။ “ကတော်... ကျွန်မယောကျ်ားက တစ်ခါတလေ သခင်ကြီးအပေါ် နာကြည်းချက်တွေ ရှိခဲ့ပေမဲ့ အချိန်တော်တော်များများမှာ အရင်တုန်းက နေ့ရက်တွေကိုပဲ ပြန်တွေးပြီး ခံစားနေခဲ့တာပါ။ သူက ကိုယ်ချင်းစာစိတ် လုံးဝ မရှိတဲ့သူ မဟုတ်ပါဘူး။ ကျွန်မ... ကျွန်မ။”

“မပြောပါနဲ့တော့... မပြောပါနဲ့တော့။” နုလန်ဟောက်ကတော်၏ မျက်ရည်များ စီးကျလာခဲ့၏။ ဤတိုက်ပွဲသည် အောင်မြင်သွားပြီဟု ဆိုနိုင်သော်လည်း သားအမိ နှစ်ယောက်စလုံး အောင်ပွဲခံရန် စိတ်မပါကြချေ။

နုလန်ဟောက်ကတော် လျိုကတော်က ပြောလိုက်၏။ “ယွီလေး... ဒီတိုက်ပွဲကို နိုင်ခဲ့ပေမဲ့ အမေ့စိတ်က ပိုပြီး စိုးရိမ်နေမိတယ်။ သူတို့က အရမ်း ရက်စက်လွန်းတယ်။ အထူးသဖြင့် အောက်ထင် သူ့သားကို သတ်လိုက်တဲ့အချိန်မှာ အမေ့ကျောပြင်က ကြက်သီးတွေ အကုန် ထသွားတာပဲ။”

ယွင်ကျုံးဟဲ့က ပြန်ပြောသည်။ “အမေ... ဒီလို ကိစ္စမျိုးက နောက်ဆုတ်စရာ လမ်းမရှိဘူး။ နောက်ဆက်တွဲက သူသေကိုယ်ရှင် တိုက်ပွဲပဲ။”

နုလန်ဟောက်ကတော် လျိုကတော်က မေးလိုက်၏။ “အကယ်၍ ဒီနေ့လို ကိစ္စမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ ရန်သူက အရမ်း ရက်စက်လွန်းတော့ ကာကွယ်ဖို့တောင် ခက်ခဲတယ်။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “သူခိုးလုပ်ဖို့ ရက်တစ်ထောင် အချိန်ရနိုင်ပေမဲ့ သူခိုးကို ကာကွယ်ဖို့ ရက်တစ်ထောင် အချိန်မရနိုင်ဘူးလေ။ ပြီးတော့ ဒီတိုက်ပွဲမှာ အပေါ်ယံကြည့်ရင် ကျုပ်တို့က နည်းနည်း ပိုပြီး တက်ကြွနေသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ရန်သူက အင်အားကြီးပြီး ကျုပ်တို့က အားနည်းတယ်။

ရန်သူက အကျိုးစီးပွား အုပ်စုကြီး တစ်ခုလုံးပဲ။ ကျုပ်အဖေက အထီးကျန် အမတ်တစ်ယောက်ဖြစ်ပြီး အုပ်စုဖွဲ့ ကိုယ်ကျိုးရှာတာမျိုး မလုပ်တတ်ဘူး။”

နုလန်ဟောက်ကတော် လျိုကတော်က ပြောလိုက်၏။ “ဒါပေမဲ့ မင်းအဖေက မြို့တော်ကို သွားပြီး ဧကရာဇ်မင်းမြတ်ကို တွေ့နေပြီပဲ။ သေချာပေါက် အဖြေတစ်ခုတော့ ရှိမှာပါ။ ဧကရာဇ်မင်းမြတ်က မင်းအဖေအပေါ် အရမ်း ယုံကြည်အားထားနေတုန်းပဲလေ။”

ယွင်ကျုံးဟဲ့က ပြောသည်။ “အမေ... အဖေ့လို အထီးကျန် အမတ်မျိုးကို ဧကရာဇ်က အကြိုက်ဆုံးပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ် အဖေ ဧကရာဇ်ကို သွားတွေ့တာက ရလဒ်ထွက်လာမှာ မဟုတ်ဘူး။”

မိခင်ဖြစ်သူက မေးလိုက်၏။ “ဘာလို့လဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “တိတိကျကျ ပြောရရင် အဖေက ဧကရာဇ်မင်းမြတ်ရဲ့လူ မဟုတ်ဘူး။ ဧကရာဇ်ဟောင်းရဲ့ လူပဲ။ ဧကရာဇ်မင်းမြတ်က သူ့ကို နေရာပေးချင်ပေမဲ့ သေချာ စမ်းသပ်ပြီးမှ နေရာပေးမှာ။ မိုးကြိုးပစ်တာရော၊ မိုးရေကျတာရော အားလုံးက ဧကရာဇ်ရဲ့ ကျေးဇူးတော်ပဲဆိုတဲ့ ပြဇာတ်ကို ကပြဖို့ လိုသေးတယ်။”

မိခင်ဖြစ်သူက ပြောလိုက်၏။ “ဒါပေမဲ့ ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်မင်းမြတ်က တစ်သားတည်းပဲလေ။ ဧကရာဇ်ဟောင်းက လုံးဝ ဝင်မစွက်ဖက်တော့ဘဲ ကိစ္စအားလုံးကို ဧကရာဇ်မင်းမြတ်ဆီ လွှဲအပ်ထားပြီးပြီ မဟုတ်လား။”

ယွင်ကျုံးဟဲ့က ပြောသည်။ “အမေ... ကျုပ်ကို ယုံပါ။ ဘယ်သူကမှ အာဏာကို အပြီးတိုင် စွန့်လွှတ်မှာ မဟုတ်ဘူး။ ဧကရာဇ်ဟောင်းလည်း ခြွင်းချက် မဟုတ်ဘူး။ အဖေ့လို အထီးကျန် အမတ်မျိုး၊ ပြီးတော့ ဧကရာဇ်ဟောင်းရဲ့ အထီးကျန် အမတ်ကို ဧကရာဇ်က အသုံးပြုချင်ပေမဲ့ ဧကရာဇ်ရဲ့ ကျေးဇူးပြုဖို့ နေရာလေးတော့ ချန်ထားပေးရမယ်။

ဒါပေမဲ့ အဖေ့ကို နယ်စားကြီးအဖြစ် ခန့်အပ်လို့ကလည်း မရဘူးဆိုတော့ ဘယ်လိုလုပ်မလဲ။ လူတစ်ယောက်ကို ကျေးဇူးပြုချင်ပေမဲ့ ပြုစရာ ကျေးဇူးမရှိရင် ဘယ်လိုလုပ်မလဲ။”

ဤအဖြေသည် အလွန် ထင်ရှားနေပြီ ဖြစ်၏။

မိခင်ဖြစ်သူက ယွင်ကျုံးဟဲ့ကို အံ့အားသင့်စွာ ကြည့်နေခဲ့၏။ အပြင်ဘက်မှ လူတိုင်းက သူမ၏ ယွီလေးကို အသုံးမကျသူဟု ပြောကြသော်လည်း သူမကတော့ မယုံကြည်ပေ။

သို့ပေမည့် ယွီလေးသည် ယခင်က ဤကိစ္စများကို စိတ်မဝင်စားခဲ့ချေ။ ယခု ဤစကားများကို ပြောထွက်လာခြင်းက မည်မျှ ဉာဏ်ကောင်းသည်ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။

ယွင်ကျုံးဟဲ့က ရှင်းမပြတော့ပေ။ အောက်ယွီအဖြစ် ဟန်ဆောင်ပြီးနောက် အရူးသဖွယ် ဆက်လက် ဟန်ဆောင်နေ၍ မဖြစ်နိုင်ပေ။

အချစ်သည် အရာအားလုံးကို ဖုံးကွယ်ပေးနိုင်သည်။ မိခင်၏ သူအပေါ်ထားရှိသော အချစ်က မည်သည့် သံသယကိုမဆို ပျောက်ကွယ်သွားစေနိုင်၏။ သားကို အလွန် အလိုလိုက်သော မည်သည့် မိခင်မဆို ယေဘုယျအားဖြင့် သားဖြစ်သူထံမှ အရာအားလုံးကို ယုံကြည်တတ်ကြသည်။

အကယ်၍ သားဖြစ်သူက ရိုးသားနေလျှင် သူမက သူမ၏သားသည် ဉာဏ်ကြီးရှင်ဖြစ်သော်လည်း ရိုးအသယောင် ဟန်ဆောင်နေခြင်းဟု သေချာပေါက် ထင်မြင်ပေလိမ့်မည်။

အကယ်၍ သားဖြစ်သူက ဆော့ကစားတတ်လျှင် သူမက သူမ၏သားသည် ဉာဏ်ကောင်းပြီး သွက်လက်သည်ဟု ထင်မြင်လိမ့်မည်။ အကယ်၍ သားဖြစ်သူက ဒေါသကြီးလျှင် သူမက သူမ၏သားသည် ပြတ်သားသူဟု ထင်မြင်မှာ ဖြစ်သည်။

အကယ်၍ သားဖြစ်သူက သတ္တိကြောင်လျှင် သူမက သူမ၏သားသည် ဉာဏ်ကောင်း၏။ ငယ်ငယ်ရွယ်ရွယ်နှင့် သည်းခံတတ်ပြီး ကြီးလာရင် သေချာပေါက် လူကြီးလူကောင်း ဖြစ်လာမည်ဟု ထင်မြင်ပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း မိခင်ဖြစ်သူသည် အပြစ်မကင်းသလို ခံစားရကာ အောက်ယွီ(ယွင်ကျုံးဟဲ့)ကို ပြေးဖက်လိုက်ပြီး ငိုသံဖြင့် ပြောလိုက်၏။ “ယွီလေး... တောင်းပန်ပါတယ်။ အဖေနဲ့အမေ အသုံးမကျလို့ သားကို ဒီလို အနိုင်ကျင့်ခံရပြီး ဒီလို အရှုပ်အထွေးတွေထဲ ပါဝင်စေရတာပါ။”

ယွင်ကျုံးဟဲ့က ပြန်ပြောသည်။ “အရင်တုန်းက အသက်မရှည်တော့ဘူးဆိုတော့ စိတ်ကြိုက် ပျော်ပါးပြီး အရေးကြီးတဲ့ ကိစ္စတွေကို ခေါင်းထဲက ထုတ်ထားလို့ ရခဲ့တယ်။ တာဝန်မဲ့လို့ ရခဲ့တယ်။ ဒါပေမဲ့ အခုတော့ အသက်ပြန်ရှင်လာပြီဆိုတော့ မသိချင်ယောင် ဆောင်နေလို့ မရတော့ဘူးလေ။”

မိခင်ဖြစ်သူက သူ၏ မျက်နှာကို ကိုင်လျက် ပြောလိုက်၏။ “အမေ့သား ယွီလေး ကြီးပြင်းလာပြီပဲ။ နှမြောစရာကောင်းတာက အပြင်က မိန်းကလေးတွေက ယွီလေး ဘယ်လောက် ထူးချွန်လဲဆိုတာ မသိကြဘူး။ တစ်ယောက်ပြီးတစ်ယောက် မျက်လုံးကန်းနေကြတာပဲ။

စိတ်ချပါ။ အမေ သားအတွက် ရုပ်လည်းလှ၊ မျိုးရိုးလည်း မြင့်မြတ်၊ စာလည်းတတ်ပြီး ကိုယ်ကျင့်တရားလည်း ကောင်းတဲ့ ဇနီးတစ်ယောက် သေချာပေါက် ရှာပေးမယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အမေ... ကျုပ် တွမ်ယင်းယင်းကိုပဲ လက်ထပ်မယ်။”

မိခင်ဖြစ်သူက အလန့်တကြား ပြောလိုက်၏။ “ယွီလေး... လုံးဝ မလုပ်နဲ့နော်။ ဒီမိန်းကလေးက လူကောင်း မဟုတ်ဘူး။ ပြီးတော့ သူနဲ့ အောက်မင်က ခိုးကြောင်ခိုးဝှက် ဆက်ဆံရေး ရှိနေပြီ။ လုံးဝ လက်မထပ်ရဘူးနော်။”

ယွင်ကျုံးဟဲ့က ရှင်းပြသည်။ “အမေ... ယောကျ်ားဆိုတာ ဘယ်နေရာကနေ လဲကျလဲ။ အဲဒီနေရာကနေ ပြန်ထရမယ်။ မူလက ကျုပ်နဲ့ ဝေ့မြို့စားကြီးရဲ့သမီး တွမ်ယင်းယင်းက စေ့စပ်ထားပြီးသားကို အောက်မင်က လုယူသွားတာလေ။ ဒါဆို ကျုပ်က မျက်နှာပြန်ရချင်ရင် ဘယ်လိုလုပ်မလဲ။ သေချာပေါက် ပြန်လုယူရမှာပေါ့။”

မိခင်ဖြစ်သူက ပြောလိုက်၏။ “ဒါပေမဲ့... ဒါပေမဲ့ သူက မိန်းမကောင်း မဟုတ်ဘူးလေ။ အိမ်ထဲ ခေါ်လာရင် ဘေးဒုက္ခတွေပဲ ရောက်လာလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြောသည်။ “အိမ်ထဲ ခေါ်လာမယ်။ ဖျက်ဆီးပစ်မယ်။ ပြီးရင် လူပုံလယ်မှာ ကွာရှင်းပြီး အိမ်ပေါ်က မောင်းချမယ်။”

“ဟမ်”

မိခင်ဖြစ်သူမှာ ချက်ချင်း ကြောင်အသွားတော့သည်။ ‘ဒါ ဒါ ငါ့သားလား။ ငါ့... ငါ့သား ယွီလေးက ဒီလောက်တောင် အံ့မခန်း ဖြစ်သွားပြီလား။ ဒီလောက်တောင် တွေးခေါ်မျှော်မြင်တတ်သွားပြီလား။’

အပိုင်း (၂၂၈)

ယွင်ကျုံးဟဲ့သည် တကယ်ပဲ ဤသို့ တွေးထားခြင်းဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်ရန်လည်း ရည်ရွယ်ထားသည်။

အောက်မင်သည် သူ၏ ဆက်ခံခွင့်၊ နုလန်ဟောက် ရာထူး၊ အိမ်တော်ပိုင်ဆိုင်မှုများနှင့် စေ့စပ်ထားသူကိုပါ လုယူသွားခဲ့ပြီး သူ၏ အရာအားလုံးကို လုယူသွားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် အောက်ယွီအနေဖြင့် စေ့စပ်ထားသူ အပါအဝင် အရာအားလုံးကို သေချာပေါက် ပြန်လည် လုယူရမှာဖြစ်သည်။

လက်ထပ်ပြီးနောက် မင်္ဂလာဦးည အပြီးတွင် ပြန်လည် ကွာရှင်းကာ အိမ်ပေါ်မှ မောင်းချမည်။ ဤသို့မှသာ ရင်ထဲမှ အငြိုးကို ပြေပျောက်စေနိုင်ပေလိမ့်မည်။

‘အောက်မင်၊ တွမ်ယင်းယင်း... ခင်ဗျားတို့က ကျုပ်ကို ဒီလောက်တောင် စော်ကားထားမှတော့ ကျုပ်က ဘယ်လိုလုပ် လက်စားမချေဘဲ နေနိုင်မှာလဲ။’

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အမေ... အောက်ထင်က ကျုပ်တို့ရဲ့ ရန်သူဆိုတာ မှန်တယ်။ ဒါပေမဲ့ ကျုပ်တို့က ဒီတိုက်ပွဲကို အပြီးတိုင် နိုင်ချင်ရင် ကျုပ်တို့ရဲ့ အဓိက ပစ်မှတ်က တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက အောက်မင်ပဲ။

အောက်မင်ကို ဘက်ပေါင်းစုံကနေ အနိုင်ယူပြီး မြေကြီးပေါ် ဖိချရမယ်။ သူ ဂုဏ်ယူနေတဲ့ အရာအားလုံးမှာ သူ့ကို အပြီးတိုင် ချေမှုန်းပြီး နောက်ဆုံးမှာ နာမည်ပျက်၊ ဂုဏ်သိက္ခာ ကျဆင်းသွားအောင် လုပ်ရမယ်။ ဒါမှသာ ဆက်ခံခွင့်ကို တရားဝင် ပြန်ယူနိုင်မှာ။

ကျုပ်တို့က ဧကရာဇ်ရဲ့ အမိန့်ကို အားကိုးလို့ မရသလို တခြားလူတွေရဲ့ ကျေးဇူးပြုတာကိုလည်း အားကိုးလို့ မရဘူး။”

မိခင်ဖြစ်သူက မေးလိုက်၏။ “ဒါဆိုရင် ဘာဖြစ်လို့ သားက အဖေ့ကို မြို့တော်သွားပြီး ဧကရာဇ်မင်းမြတ်ကို သွားတွေ့ခိုင်းရတာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေသည်။ “အမေ... အဖေက ဧကရာဇ်မင်းမြတ်ကို စောစောတည်းက သွားတွေ့သင့်နေတာ။ ရင်ဖွင့်စကားပြောပြီး ဧကရာဇ်မင်းမြတ်က သူ့ကို ပြင်းပြင်းထန်ထန် ဆူပူလိုက်ရင် အကောင်းဆုံးပဲ။ ကျုပ်တို့ကိစ္စကို အကြောင်းပြပြီး ဧကရာဇ်က အဖေ့ကို ဆူပူလိုက်ရင် အားလုံးအတွက် ကောင်းတယ်။ အထူးသဖြင့် ကျုပ်တို့အတွက် ပိုကောင်းတယ်။”

မိခင်ဖြစ်သူမှာ နားမလည်နိုင် ဖြစ်သွား၏။

ယွင်ကျုံးဟဲ့က ရှင်းပြလိုက်သည်။ “ဒီတိုက်ပွဲမှာ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာက နောက်ဆုံးမှာ နိုင်သွားပြီး အရမ်း ဂုဏ်ယူစရာ ကောင်းတယ်ဆိုပေမဲ့ ပိုင်ရှင်မဲ့နယ်မြေကို လုံးဝ ဆုံးရှုံးလိုက်ရတယ်။ တာယင်အင်ပါယာက စစ်ဗျူဟာအရ အသာစီးရသွားတာက ငြင်းလို့မရတဲ့ အမှန်တရားပဲ။

ဒါကြောင့် ဒီတိုက်ပွဲက ပြောရရင် ရှုံးသွားတာပဲ။ ဧကရာဇ်က ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ။ အဖေက ဒီတိုက်ပွဲရဲ့ ဒုတိယစစ်သူကြီးချုပ်အနေနဲ့ နောက်ဆုံးတိုက်ပွဲမှာ ကြီးမားတဲ့ အကျိုးပြုမှု လုပ်ခဲ့တယ် ဆိုပေမဲ့ ဧကရာဇ်နဲ့ သွားပြီး ရင်ဖွင့်စကား မပြောဘူး၊ ဧကရာဇ်ရဲ့ ဆူပူမှုကို မခံယူဘူးဆိုရင် ရမလား။

အမတ်တစ်ယောက်အနေနဲ့ အပျော်ရွှင်ရဆုံး ကိစ္စက နေ့တိုင်း ဧကရာဇ်ရဲ့ ဆူပူမှုကို ခံရတာပဲ။ အကယ်၍ ဧကရာဇ်က တစ်ယောက်ယောက်ကို နေ့တိုင်း မဆူဘဲ နေ့တိုင်း ချီးကျူးနေမယ်ဆိုရင် အဲဒါက ဖယ်ကြဉ်ထားတာပဲ။ ကံဆိုးမယ့် အချိန်နဲ့ သိပ်မဝေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။”

အောက်ရှင်းသည် တကယ့်ကို အထီးကျန် အမတ်တစ်ဦး ဖြစ်သည်ဟု မပြောဘဲ မနေနိုင်ပေ။

အခြားသော အထီးကျန် အမတ်များသည် အနည်းဆုံးတော့ ဧကရာဇ်ကို ဖက်တွယ်ထားတတ်ကြ၏။ သို့ပေမည့် အောက်ရှင်းဆိုသည့် အထီးကျန် အမတ်သည် ဧကရာဇ်ကိုပင် ဖက်တွယ်မထားပေ။ အခြား အမတ်များနှင့် ဝေးကွာရုံသာမက မင်းသားများနှင့်လည်း ဝေးကွာကာ ဧကရာဇ်နှင့်ပင် မရင်းနှီးချေ။

သူ၏ စိတ်ထဲတွင် အတွေးတစ်ချက်သာ ရှိသည်။ သူ စစ်တိုက်ကောင်းသရွေ့ တာဝန်ကျေပြီ ဆိုသည့် အတွေးပင် ဖြစ်၏။

သို့ပေမည့် ဧကရာဇ်ဘက်တွင်တော့ ဤသို့ မတွေးပေ။ “အောက်ရှင်း... ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ လူဟောင်းဖြစ်ပြီး ကျုပ်အပေါ် ဒီလောက် အေးစက်နေတာက ကျုပ်ဆိုတဲ့ ဧကရာဇ်ရဲ့ အာဏာကို အထင်သေးနေတာပဲ။ ခင်ဗျားရဲ့ စိတ်ထဲမှာ ဧကရာဇ်ဟောင်း တစ်ပါးတည်း ရှိနေတာလား။”

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ဤတစ်ကြိမ် အောက်ရှင်း မြို့တော်သို့သွားရန် ကြိုးပမ်းအားထုတ်ခဲ့သော်လည်း အောက်မင်၏ ကိစ္စအတွက်တော့ မျှော်လင့်ချက် မထားခဲ့ပေ။

ကိုယ်တိုင် တိုက်ခိုက်ရယူမှသာ မိမိ၏ ပိုင်ဆိုင်မှု ဖြစ်လာမည် မဟုတ်ပါလား။

မိခင်ဖြစ်သူက ပြောလိုက်၏။ “ယွီလေး... သား ပြောတာတွေ အားလုံးကို အမေ နားလည်ပါတယ်။ ဒါပေမဲ့ ရန်သူရဲ့ အင်အားက အရမ်း ကြီးလွန်းတယ်။ မင်းအဖေကလည်း ဖြောင့်လွန်းတယ်။ အမေကလည်း ဘာပဲဖြစ်ဖြစ် မိန်းမသား တစ်ယောက်ဆိုတော့ သား တစ်ယောက်တည်းနဲ့ သူတို့ တစ်အုပ်စုလုံးကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။”

လူအုပ်စု တစ်ခု မဟုတ်ပေ။ အင်အားကြီးမားသော အကျိုးစီးပွား အုပ်စုကြီး တစ်ခု ဖြစ်၏။ ဒုတိယ မင်းသားကို ခေါင်းဆောင်အဖြစ်ထားပြီး ထီးနန်းဆက်ခံခွင့် လုယူရန် ပစ်မှတ်ထားသော အင်အားကြီး အကျိုးစီးပွား အုပ်စုကြီးဖြစ်ကာ အရပ်ဖက်အရာရှိများကို ခေါင်းဆောင်အဖြစ် ထားရှိသော အကျိုးစီးပွား အုပ်စုကြီး ဖြစ်သည်။

ထို့အပြင် ယနေ့ သူတို့၏ အဆိပ်ပြင်းသော အကြံအစည် မအောင်မြင်ခဲ့သောကြောင့် နောက်ဆက်တွဲ အနေဖြင့် ပို၍ ရက်စက်သော နည်းလမ်းများကို သေချာပေါက် စဉ်းစားကြပေလိမ့်မည်။

ရန်သူကို ခန့်မှန်းရာတွင် ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းရမည်ဖြစ်ရာ ရန်သူကို အဆိုးရွားဆုံး၊ အရက်စက်ဆုံးဟု သေချာပေါက် တွေးထားရမည်။ ဤသို့မှသာ တိုက်ပွဲတွင် အနစ်နာခံရလိမ့်မည် မဟုတ်ပေ။

ယွင်ကျုံးဟဲ့ တစ်ယောက်တည်းဖြင့် အကျိုးစီးပွား အုပ်စုကြီး တစ်ခုကို အနိုင်ယူနိုင်ပါမည်လား။ အနည်းဆုံးတော့ ဤတိုက်ပွဲတွင် ဖြစ်နိုင်သည်။

သူသည် လူတစ်ယောက်ကို ရွေးချယ်ပြီး အပြင်းအထန် ထိုးနှက်လိုက်ရုံဖြင့် လုံလောက်သည်။ တစ်ဖက်မှ အပြင်းအထန် ထိုးနှက်ရင်း တစ်ဖက်မှ မိမိကိုယ်ကိုယ် ပြသရမှာ ဖြစ်၏။

သူ အပြင်းအထန် ထိုးနှက်ရမည့်သူမှာ အောက်မင် ဖြစ်သည်။ သူ့ကို ခြေဖဝါးအောက်တွင် နင်းထားမှသာလျှင် သူ အောက်ယွီသည် တောက်ပနိုင်မှာဖြစ်ပြီး လူတိုင်းကို သိရှိသွားစေနိုင်ပေလိမ့်မည်။

‘ဪ... အမှန်တော့ ဒီအောက်ယွီကမှ တကယ့် နုလန်ဟောက် အိမ်တော်ရဲ့ ဆက်ခံသူ၊ လက်ရှိရော အနာဂတ်မှာပါ ဆုံးဖြတ်ချက်ချနိုင်တဲ့သူ ဖြစ်နေတာကိုး။’

စစ်ပွဲ၏ အောင်မြင်မှု မရှိလျှင် အရာအားလုံးက စိတ်ကူးယဉ်မျှသာ ဖြစ်ပြီး အနည်းဆုံးတော့ ခဏတာအတွက် ဖြစ်၏။

“အမေ အရင် အိပ်နှင့်။ ကျုပ် အပြင် ခဏ သွားလိုက်အုံးမယ်။” ယွင်ကျုံးဟဲ့က ပြောလိုက်သည်။

မိခင်ဖြစ်သူက အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်ကာ မေးလိုက်၏။ “အခု သန်းခေါင်ယံကြီးကို ဘယ်သွားမလို့လဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ဝေ့မြို့စားကြီး အိမ်တော်ကို သွားမလို့လေ။”

မိခင်ဖြစ်သူက မေးလိုက်၏။ “အဲဒီကိုသွားပြီး ဘာလုပ်မလို့လဲ။”

ဝေ့မြို့စားကြီး အိမ်တော်သည် ယွင်ကျုံးဟဲ့အတွက် လုံးဝ ရန်သူ့စခန်းကြီးဖြစ်ပြီး နှိုင်းယှဉ်၍ မရနိုင်လောက်အောင် အင်အားကြီးမားသော ရန်သူ့စခန်းကြီး ဖြစ်သည်။

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သေချာပေါက် အောက်မင်နဲ့ စာရင်းသွားရှင်းဖို့ပေါ့။ တွမ်ယင်းယင်းကို လက်ထပ်နိုင်မယ့် နည်းလမ်းရှာပြီး အရင် ဖျက်ဆီးမယ်။ ပြီးမှ ကွာရှင်းပစ်မယ်။”

မိခင်ဖြစ်သူက မေးလိုက်သည်။ “သား... တစ်ယောက်တည်းလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဟုတ်တယ်။ ကျုပ် တစ်ယောက်တည်းပဲ။ ကျုပ် တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ချမယ်။ အယောက် တစ်ရာကို ချမယ်။”

မိခင်ဖြစ်သူက ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။

ယွင်ကျုံးဟဲ့က သူမကို ကြင်နာစွာဖြင့် ပခုံးကိုဖိကာ ထိုင်စေပြီး ပြောလိုက်၏။ “အမေ... အရင် အနားယူလိုက်ပါ။ ကျုပ်ရဲ့ သရုပ်ဆောင်မှုကိုသာ စောင့်ကြည့်နေ။ အခုအချိန် ကျုပ်က တိုက်ခိုက်ပြီး သူတို့က ကာကွယ်ရတော့မှာ။ သေချာတာကတော့ လုံးဝ ကာကွယ်နိုင်မှာ မဟုတ်ဘူး။”

မနက် လေးနာရီ အချိန်...

အောက်ဟေး ခေါ်ဆောင်လာသော သိုင်းပညာရှင် ဆယ်ဂဏန်းခန့်၏ ကာကွယ်မှုအောက်တွင် ယွင်ကျုံးဟဲ့ သည် ဝေ့မြို့စားကြီး အိမ်တော်သို့ ထွက်ခွာသွားခဲ့သည်။

မကြာခင်မှာပဲ ဝေ့မြို့စားကြီး အိမ်တော်ဆိုသည့် ဤဧရာမ အဆောက်အအုံစုကြီး အပြင်ဘက်သို့ ရောက်လာ၏။

ယွင်ကျုံးဟဲ့က သူ၏ မျက်နှာကို ပုတ်ကာ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။ “တိုက်ပွဲဝင်ဖို့ အသင့်ပြင်... တိုက်ပွဲဝင်ဖို့ အသင့်ပြင်... ကြွားဝါရမယ်။ မင်းက တစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ချရမယ်။ အောက်ယွီ... မင်းရဲ့ ဇာတ်ကောင်စရိုက်ကို မှတ်ထား... မင်းရဲ့ ဇာတ်ကောင်စရိုက်ကို သေသေချာချာ မှတ်ထား။ သေချာပေါက် နိုင်ရမယ်။ တက်ကြွစွာ တိုက်ခိုက်ရမယ်။ ခံစစ် သက်သက် မဖြစ်စေရဘူး။”

ဤအချိန်တွင် ဝေ့မြို့စားကြီး အိမ်တော်အတွင်း၌ တစ်ညလုံး မအိပ်ရသေးချေ။

အောက်မင်၊ အောက်ထင်၊ ဝေ့မြို့စားကြီး တွမ်ပိ၊ မြို့ဝန် ဝေ့ချီတွမ်၊ ဝေ့မြို့စားကြီး ကတော်၊ တွမ်ယင်းယင်း၊ အိမ်ရှေ့စံ တွမ်ယွီ၊ အောက်မျိုးနွယ်စုမှ နယ်စားငယ်သုံးဦး စသည်ဖြင့် လူအားလုံး ရှိနေကြသည်။

သူတို့သည် ယနေ့ တိုက်ပွဲအတွက် ပြန်လည် သုံးသပ်နေကြခြင်း ဖြစ်သည်။ လေထုက အလွန် လေးလံနေပြီး တင်းမာနေကာ သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ပါဝင်နေသည်။

နောက်ဆုံးတွင် ကောက်ချက်တစ်ခု ရရှိသွားခဲ့၏။ ယနေ့ နုလန်ဟောက်ကတော်ကို မရိုက်သတ်နိုင်ခဲ့သလို အောက်ဖျင် တစ်ယောက် သေဆုံးသွားခဲ့ရသည် ဆိုသော်ငြား အခြေအနေကြီးက မပြောင်းလဲသေးပေ။

အောက်မင်၏ ဂုဏ်သတင်းသည် နည်းနည်းလေးမှ ထိခိုက်နစ်နာသွားခြင်း မရှိဘဲ သူသည် နစ်နာသူ ဖြစ်နေဆဲဖြစ်ကာ ကိုယ်ကျင့်တရား မြင့်မားသော ကြီးမြတ်သည့် လူကြီးလူကောင်း တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

သူ လုပ်ကြံခံရသည်မှာ အမှန်ဖြစ်ပြီး အသက်အန္တရာယ် ကြုံတွေ့နေရချိန်တွင် ကလေးကို ကာကွယ်ရန် ကျောပြင်ဖြင့် ဓားကို ကာကွယ်ခဲ့သည်မှာလည်း အမှန်တရား ဖြစ်၏။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အောက်ယွီသည် မိုက်မဲသော ဝက်တစ်ကောင်သာဖြစ်ပြီး အောက်မင်နှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့၊ ကျီးကန်းနှင့် ဖီးနစ်ငှက်ကဲ့သို့ လုံးဝ ကွာခြားလွန်းလှသည်။

ယနေ့ တိုက်ပွဲတွင် နုလန်ဟောက်ကတော် လျိုကတော်ကို မသတ်နိုင်ခဲ့သလို အောက်ယွီဆိုသည့် ဝက်ကိုလည်း မရိုက်သတ်နိုင်ခဲ့ချေ။ ထို့ကြောင့် နောက်တစ်ကြိမ် တိုက်ခိုက်မှုအတွက် အလောတကြီး ပြင်ဆင်ရပေမည်။

အောက်ရှင်း ကျန်းကျိုးမြို့တွင် မရှိခိုက် အတိုတောင်းဆုံး အချိန်အတွင်း လျိုကတော်နှင့် အောက်ယွီတို့ကို သေချာပေါက် ဖြေရှင်းရမှာဖြစ်ပြီး အောက်မင်ကို နယ်စားဘွဲ့ဆက်ခံခွင့် အပြီးတိုင် ရရှိစေရမှာဖြစ်၏။

လျိုကတော်နှင့် အောက်ယွီတို့အပေါ် နောက်တစ်ကြိမ် တိုက်ခိုက်မှုသည် သေချာပေါက် ပို၍ ရက်စက်ရမှာဖြစ်ပြီး တစ်ချက်တည်းနှင့် သေချာပေါက် သတ်ဖြတ်နိုင်ရန် ကြိုးစားရမည်။ ထိုသို့မဟုတ်ပါက ယနေ့ အောက်ဖျင်သည် အလကား သေသွားရုံသာ ဖြစ်ပေမည်။

လူအနည်းငယ်က အဆိပ်ပြင်းသော အကြံအစည် တစ်ခုပြီးတစ်ခု ပံ့ပိုးပေးနေကြ၏။

သို့ပေမည့် ထိုအချိန်မှာပဲ အိမ်တော်ထိန်းက အပြင်ဘက်မှ အလျင်စလို သတင်းပို့လိုက်သည်။ “အရှင်... အောက်ယွီ ရောက်လာပါတယ်။”

“မတွေ့ဘူး။ မောင်းထုတ်လိုက်။” ဝေ့မြို့စားကြီးက အေးစက်သောအသံဖြင့် ပြောလိုက်၏။

အိမ်တော်ထိန်းက တုန်ယင်နေသည့် အသံဖြင့် ဆက်ပြောလိုက်သည်။ “သူက အတင်း ဝင်လာတာ... သူ အတင်း ဝင်ချလာပါပြီ။”

ထိုစကား ထွက်ပေါ်လာသည်နှင့် လူတိုင်း အံ့အားသင့်သွားကြတော့၏။

‘အောက်ယွီ... ခင်ဗျားလို ကမ္ဘာ့နံပါတ်တစ် အသုံးမကျတဲ့သူ၊ ခင်ဗျားလို ဝက်က လုံးဝ ရူးသွားပြီလား။ ကျုပ်တို့က ခင်ဗျားနဲ့ ခင်ဗျားအမေကို ဘယ်လို ဖျက်ဆီးပစ်ရမလဲလို့ စီစဉ်နေတဲ့အချိန်မှာ ခင်ဗျားက ကိုယ့်ဘာသာကိုယ် အိမ်ပေါက်ဝအထိ ပြေးလာတယ်လား။ ဒီနေရာက ဝေ့မြို့စားကြီး အိမ်တော်လေ။ ခင်ဗျားက အတင်း ဝင်လာရဲတယ်လား။’

မှန်ပေ၏။ ယွင်ကျုံးဟဲ့သည် တကယ်ပဲ အတင်း ဝင်လာခဲ့ခြင်း ဖြစ်သည်။

သူက အောက်ဟေးကို အမိန့်ပေးကာ ဝေ့မြို့စားကြီး အိမ်တော်ကို စောင့်နေသော အစေခံများကို မြေကြီးပေါ် လဲကျအောင် ရိုက်နှက်ခိုင်းပြီးနောက် တိုက်ရိုက် ဝင်လာခဲ့ခြင်း ဖြစ်၏။

ဝေ့မြို့စားကြီးသည် ဒေါသထွက်လွန်းသောကြောင့် ရယ်မောလိုက်ပြီး ကြမ်းတမ်းသောအသံဖြင့် ပြောလိုက်သည်။ “ကျုပ် ဒီဝက်က ဘာလုပ်ချင်တာလဲဆိုတာ ကြည့်ချင်သေးတယ်။ သေလမ်းရှာနေတာလား။ လာကြစမ်း။ သူ့ကို ဖမ်းခေါ်လာခဲ့။”

ယွင်ကျုံးဟဲ့က အဆက်မပြတ် အော်ဟစ်ကာ ဝင်လာ၏။ “ကျုပ်အစ်ကိုကို ကြည့်ချင်တယ်။ ကျုပ်အစ်ကိုကို ကြည့်ချင်တယ်။ ဘယ်သူက ကျုပ်ကို တားရဲသလဲ။ အစ်ကို အောက်မင်... ကျုပ်က အောက်ယွီလေ။ အစ်ကို ဘာဖြစ်သွားတာလဲ။ ကျုပ်ကို မခြောက်ပါနဲ့ဗျာ။

အစ်ကို မွေးစားခံရပြီးနောက်ပိုင်း အဖေနဲ့အမေဆီမှာ ကျုပ်တို့ ညီအစ်ကို နှစ်ယောက်တည်း ရှိတော့တာလေ။ အစ်ကို လုပ်ကြံခံရတာကို ကျုပ်က ဘယ်လိုလုပ် လာမကြည့်ဘဲ နေနိုင်မှာလဲ။ ဘယ်သူက တားရဲသလဲ။ ဘယ်သူက တားရဲသလဲ။”

ဤအချိန်တွင် သန်းခေါင်ယံ အချိန်ဖြစ်သော်လည်း ဝေ့မြို့စားကြီးအိမ်တော် အပြင်ဘက်တွင်မူ လူများ ပြည့်ကျပ်နေပြီး ကျောင်းသား ရာပေါင်းများစွာနှင့် အလုပ်အကိုင် မရှိသူ ထောင်ပေါင်းများစွာ ရှိနေကြသည်။

ထို့အပြင် စောစောက မြို့ဝန်ရုံးဘက်မှ ကူးလာသူများလည်း အများအပြား ရှိနေသည်။ အဘယ်ကြောင့် ဆိုသော် ယခု အောက်မင်၏ အသက်အန္တရာယ်က စိုးရိမ်ရသေးပြီး သူ၏ ဒဏ်ရာ အခြေအနေကို လူအများ သိရှိစေရန် သတင်းပို့သည့် တာဝန် ရှိနေသောကြောင့်ပင်။

အောက်ယွီက အောက်မင်ကို လာကြည့်သည်ကို ဝေ့မြို့စားကြီး အိမ်တော်မှ အစေခံများက တားဆီးရဲ သည်လား။ ညီဖြစ်သူ တစ်ယောက်အနေဖြင့် အစ်ကိုဖြစ်သူကို လာကြည့်သည်မှာ အမှားလား။ ညီဖြစ်သူ တစ်ယောက်အနေဖြင့် အစ်ကို၏ အသက်အန္တရာယ်ကို စိုးရိမ်သည်မှာ အမှားလား။

“ခင်ဗျားတို့ တားဆီးရဲတယ်လား။ သေချင်နေတာလား။”

All Chapters