← Chapters

အခန်း (၂၂၉-၂၃၀)

Vol. 20 Ch. 229-230

အခန်း (၂၂၉-၂၃၀)

Vol. 20 Ch. 229-230

အပိုင်း (၂၂၉)

ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ဝေ့မြို့စားကြီး အိမ်တော်၏ အစေခံများကို မြေကြီးပေါ် လဲကျအောင် ရိုက်နှက်ရန် အမိန့်ပေးလိုက်ပြီး တိုက်ရိုက် ပြေးဝင်သွားခဲ့ခြင်း ဖြစ်သည်။

ပြေးဝင်သွားရင်း ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေ၏။ “အစ်ကို... အစ်ကို အောက်မင်... ဘယ်လိုနေသေးလဲ။ အစ်ကို လုံးဝ မသေရဘူးနော်။ ဘိုးဘိုးကြီးကို အဖြစ်ဆိုးနဲ့ ကြုံရအောင် လုံးဝ အဖြစ်မခံနိုင်ဘူးနော်။”

ထိုစကား ထွက်ပေါ်လာသည်နှင့် အထဲရှိ အောက်ထင်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားတော့သည်။ ‘အဖြစ်ဆိုး... ချီးတဲ့မှ.. မင်းအမေကိုသွားပြောလိုက်လေ။ ငါက ဘာအဖြစ်ဆိုး ကြုံရမှာလဲ။’

ဤသို့ဖြင့် ယွင်ကျုံးဟဲ့က အိမ်တော်ထဲသို့ တိုက်ရိုက် ပြေးဝင်လာခဲ့ခြင်းပင်။

ဝေ့မြို့စားကြီး အိမ်တော်မှ လူများက သူ့ကို သေလုမျောပါး ရိုက်နှက်ချင်စိတ် ရှိသော်လည်း အပြင်ဘက်တွင် လူထောင်ပေါင်းများစွာက စောင့်ကြည့်နေကြသည်။ အကယ်၍ ယနေ့ သူတို့ ဝေ့မြို့စားကြီး အိမ်တော်က အောက်ယွီကို ရိုက်နှက်ရဲလျှင် မနက်ဖြန်တွင် ဝေ့မြို့စားကြီး အိမ်တော်၏ နာမည်ပျက်သတင်းက အဝေးသို့ ပြန့်နှံ့သွားမှာဖြစ်သည်။

မည်သို့ပင်ဆိုစေ အောက်ယွီက အစ်ကိုဖြစ်သူ၏ ဒဏ်ရာကို လာကြည့်ခြင်းဖြစ်ရာ မည်သည့်အမှားမှ မရှိချေ။

မကြာမီ ယွင်ကျုံးဟဲ့သည် ကုတင်ပေါ်တွင် လဲလျောင်းနေသော အောက်မင်ကို မြင်တွေ့လိုက်ရ၏။ ‘ခင်ဗျားက တကယ် သရုပ်ဆောင် တော်တာပဲ။’

ထိုဓားက ကျောပြင်သို့ တကယ်ပဲ ထိုးစိုက်ဝင်သွားခြင်း ဖြစ်၏။ အောက်မင်၏ သိုင်းပညာက အလွန် မြင့်မားသောကြောင့် နှလုံးကို ရှောင်လွှဲနိုင်ရုံသာမက အတွင်းကလီစာ အားလုံးကို ရှောင်လွှဲနိုင်ခဲ့ပြီး အသက်အန္တရာယ် မရှိနိုင်ဘူး ဆိုသော်လည်း ဤသည်မှာ သာမန် အပေါ်ယံ ဒဏ်ရာမျိုး မဟုတ်သည်မှာ သေချာသည်။

အောက်ထင်က အချစ်ဆုံး အငယ်ဆုံးသားကို အသေရိုက်သတ်နိုင်သလို အောက်မင်ကလည်း မိမိကိုယ်ကိုယ် ပြင်းထန်သော ဓားဒဏ်ရာကို ရရှိအောင် လုပ်ဆောင်နိုင်၏။

‘ခင်ဗျားတို့ အဘိုးနဲ့ မြေးက တစ်ယောက်ထက်တစ်ယောက် ပိုပြီး ရက်စက်ကြတာပဲ။ ကျုပ်အမေ ကြောက်ရွံ့သွားတာ အံ့ဩစရာ မဟုတ်ဘူးပဲ။’

သေချာသည်မှာ အောက်မင်၏ အသက်အန္တရာယ်က လုံးဝ စိုးရိမ်စရာ မရှိချေ။ သို့ပေမည့် အသက်ငင်နေသယောင်၊ အချိန်မရွေး သေဆုံးသွားနိုင်သယောင် ပုံစံမျိုး ဖန်တီးထား၏။

ထို့အပြင် သူသည် စောစောတည်းက သတိရနေပြီဖြစ်၏။ သို့မဟုတ် တစ်ကြိမ်မှ သတိမလစ်ခဲ့ဖူးပေ။ သို့သော်ငြား သူသည် လူအများ၏ သနားကြင်နာစိတ်များ ရရှိစေရန်အတွက် သေချာပေါက် အသက်ငင်နေပြီး အချိန်မရွေး သေဆုံးသွားနိုင်သည့် ခံစားချက်မျိုးကို ဖန်တီးထားရပေမည်။

ဤသို့မှသာ တုန်လှုပ်မှုနှင့် သနားကြင်နာမှုကို ဖြစ်ပေါ်စေနိုင်မည် မဟုတ်လား။ ထို့အပြင် အောက်မင်၏ စာအုပ်သစ်က မကြာမီ ထွက်ရှိတော့မည်ဖြစ်ရာ သေချာပေါက် အခွင့်ကောင်းယူ၍ သတင်းလွှင့်ကာ မူလတည်းက အရမ်း နာမည်ကြီးနေသော စာအုပ်ကို ပို၍ နာမည်ကြီးသွားစေရန် လုပ်ဆောင်ရမှာဖြစ်သည်။

အောက်ယွီ(ယွင်ကျုံးဟဲ့)က အောက်မင်၏ ကုတင်ရှေ့သို့ တိုက်ရိုက် ပြေးသွားကာ သူ၏ လက်ကို ကိုင်ကာ ပြောလိုက်၏။ “အစ်ကို... ဘယ်လိုနေသေးလဲ။ နာနေလား။ အစ်ကို တကယ်ပဲ မသေရဘူးနော်။ လုံးဝ မသေရဘူးနော်။ အစ်ကိုသာ သေသွားရင် အဖေနဲ့အမေက ဘယ်လိုလုပ်မလဲ။ ဘိုးဘိုးကြီးက ဘယ်လိုလုပ်မလဲ။ မရီးကရော ဘယ်လိုလုပ်မလဲ။”

“မရီး...” အောက်ယွီ၏ အကြည့်များက တွမ်ယင်းယင်းထံသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။ ထို့နောက် သူသည် ကြောင်အသွားပြီး အကြည့်များက လုံးဝ မိန်းမောသွားတော့သည်။

“ဒါ... ဒါက ကျုပ်ရဲ့ မရီးလား။”

အောက်ယွီက ပြောလိုက်၏။ “ဒါက ယင်းယင်းလား။ ဘယ်လိုလုပ် ဒီလောက်တောင် လှနေရတာလဲ။ အစ်မရယ်။ ကျုပ်တို့ အရင်ဘဝက တစ်နေရာရာမှာ တွေ့ခဲ့ဖူးကြလား။ ဘာလို့များ ကျုပ်က အစ်မကို မြင်လိုက်တာနဲ့ အရင်ဘဝက မှတ်ဉာဏ်တွေတင်မကဘူး အရင် ဆယ်ဘဝလောက်က မှတ်ဉာဏ်တွေပါ အကုန် ပေါ်လာရတာလဲ။ ညဘက် အိပ်မက် မက်တဲ့အခါတိုင်း မှတ်ဉာဏ်တွေ အများကြီး ပေါ်လာခဲ့တာပါ။”

ယခု အောက်ယွီ(ယွင်ကျုံးဟဲ့)သည် မိန်းမောသွားရုံသာမက လုံးဝ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသကဲ့သို့ပင်။ ဤတွမ်ယင်းယင်းသည် သူ ဘဝဆယ်ဆက်တိုင်တိုင် အိပ်မက်မက်ခဲ့ရသော အမျိုးသမီး တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူ၏ သရုပ်ဆောင်မှုကလည်း လုံးဝ အဆင့်မြင့်လွန်းလှသည်။

ယွင်ကျုံးဟဲ့က တီးတိုးရေရွတ်လိုက်၏။ “အစ်မ ယင်းယင်း... အစ်မက အရင်က ကျုပ်ကို လက်ထပ်ရမှာ မဟုတ်လား။ နောက်ပိုင်း ကျုပ် နေမကောင်းဖြစ်ပြီး သေတော့မယ်လို့ ကြားတော့မှ အစ်ကို အောက်မင်နဲ့ စေ့စပ်လိုက်တာ မဟုတ်လား။ အခု... အခု သူက သေတော့မယ်ဆိုတော့ အစ်မ ကျုပ်နဲ့ ပြန်စေ့စပ်ပါလား။”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ခန်းလုံးရှိ လူတိုင်း၏ မျက်နှာအရောင် ပြောင်းလဲသွားတော့သည်။ ခင်ဗျား ဒီစကားကို ပြောတာက သေချင်နေတာလား။ ခင်ဗျားက အောက်မင်ကို ကျိန်စာတိုက်နေတာလား။

သို့ပေမည့် မည်သူကမှ အံ့ဩခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်း၏ မျက်လုံးထဲတွင် အောက်ယွီဆိုသည်မှာ ဤသို့သော လူရွှင်တော်ကဲ့သို့ ဝက်တစ်ကောင် ဖြစ်နေသောကြောင့်ပင်။

အောက်တန်းအကျဆုံး ပြည့်တန်ဆာရုံများကို နေ့စဉ် သွားရောက်လည်ပတ်ပြီး ဦးနှောက် လုံးဝ မမှန်သော လောကနံပါတ်တစ် အသုံးမကျသူ တစ်ယောက်အနေဖြင့် ဤသို့သော စကားမျိုးကို ပြောထွက်လာခြင်းမှာ ပုံမှန်ဖြစ်သည်။

ယနေ့ မြို့ဝန်ရုံးဘက်တွင် အောက်ထင် ရှုံးနိမ့်သွားပြီး နုလန်ဟောက်ကတော်က ထူးဆန်းသော နည်းလမ်းဖြင့် အောင်ပွဲခံသွားခဲ့၏။

သို့ပေမည့် ဤသည်မှာ အောက်ယွီ၏ လက်ရာဖြစ်ကြောင်း မည်သူကမှ သံသယမဝင်ကြပေ။ အားလုံးက နုလန်ဟောက်ကတော် လျိုကတော်၏ လုပ်ရပ်ဟုသာ ထင်မြင်နေကြသည်။

အဘယ်ကြောင့်ဆိုသော် ဤချွေးမသည် အစတည်းက သာမန်လူ မဟုတ်သောကြောင့်ဖြစ်ပြီး အောက်ယွီ ကတော့ အမြဲတမ်း လူရွှင်တော် တစ်ယောက်သာ ဖြစ်နေခဲ့၏။ ယနေ့ညတွင် ကြင်နာပြီး ကလေးဆန်သော အမြင်အချို့ကို ဖော်ပြခဲ့ခြင်းမှလွဲ၍ အခြား မည်သည့် သရုပ်ဆောင်မှုမှ မရှိခဲ့ပေ။

လျိုချုံး... မင်းမှာ ကိုယ်ချင်းစာစိတ် ရှိသေးရဲ့လား။ အမှန်တိုင်း ပြောစမ်း ဆိုသည့် စကားမျိုး၊ သို့မဟုတ် လျိုချုံး မိခင်အိုကြီး အသေခံမည်ကို တားဆီးရန် ပြေးသွားခြင်းမျိုး စသည့် အပြုအမူများမှာ ကလေးဆန်ပြီး မိုက်မဲလွန်းလှသည်။

တွမ်ယင်းယင်းသည် အလွန် လှပသူဖြစ်ရာ သူက တွမ်ယင်းယင်းကို မြင်တွေ့လိုက်ရချိန်တွင် စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားပြီး အောက်မင် သေတော့မည်ဖြစ်၍ တွမ်ယင်းယင်းက သူ အောက်ယွီကို ပြန်လည် လက်ထပ်သင့်သည်ဟု စည်းကမ်းမဲ့သော စကားများကို ပြောဆိုခြင်းမှာလည်း ပုံမှန်ပင် ဖြစ်၏။

တွမ်ယင်းယင်းသည် ယွင်ကျုံးဟဲ့၏ စကားကို ကြားသောအခါ အေးစက်သောအသံဖြင့် တားမြစ်လိုက်သည်။ “အောက်ယွီ... လျှောက်မပြောနဲ့။ ကျွန်မ နာမည်ကို မဖျက်ဆီးနဲ့။”

ယွင်ကျုံးဟဲ့က ပြန်ပြောသည်။ “တကယ်ပါ အစ်မယင်းယင်း... ကျုပ် ပြောတာတွေ အားလုံးက ရိုးသားတဲ့ စကားတွေချည်းပါပဲ။”

ထို့နောက် သူက အောက်မင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ပြောလိုက်၏။ “အစ်ကို... မြန်မြန် သတိရလာပါတော့။ အစ်ကိုက မွေးစားသား မဟုတ်လား။ အစ်ကိုက နုလန်ဟောက် ရာထူးကို ဆက်ခံချင်နေတာ မဟုတ်လား။

ဒါပေမဲ့ အစ်ကိုက သားအရင်း မဟုတ်လို့ အဖေနဲ့အမေက အစ်ကို့ကို မပေးချင်ဘူးလေ။ နယ်စားရာထူးကို ကျုပ်ကိုပဲ အတင်းပေးချင်နေကြတာ။ ဒါပေမဲ့ ကျုပ် ရိုးရိုးသားသား ပြောမယ်နော်။ ကျုပ်က ဒီနုလန်ဟောက် ဆိုတာကြီးကို နည်းနည်းလေးမှ မလုပ်ချင်ပါဘူး။”

ယွင်ကျုံးဟဲ့ ဤစကားကို ပြောလိုက်ချိန်မှာတော့ ထိုနေရာရှိ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးများလည်း ယုံကြည်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က အောက်ယွီဆိုသည့် လူရွှင်တော်သည် အောက်တန်းအကျဆုံး ပြည့်တန်ဆာရုံများကို နေ့စဉ် သွားရောက်လည်ပတ်ပြီး အပေါဆုံး မိန်းမများကိုသာ သွားရှာကာ မိန်းမတစ်သောင်းနှင့် အိပ်မည်ဟု ပါးစပ်က အမြဲ ပြောနေခဲ့သူ ဖြစ်သောကြောင့်ပင်။

ဤမျှ ကလေးဆန်ပြီး ရိုးအသောသူ တစ်ယောက်က အဘယ်ကြောင့် နယ်စားရာထူးကို ဆက်ခံချင်မည်နည်း။ နယ်စားရာထူးကို ဆက်ခံလိုသူ မည်သူမဆို ဟန်ဆောင်လျှင်တောင်မှ ကြိုးစားချင်ယောင် ဆောင်ကြရသည် မဟုတ်လား။ အောက်ယွီလို လူရွှင်တော်မျိုးကတော့ တစ်နေ့ကုန် စားသောက် ပျော်ပါးရန်သာ တွေးနေခြင်းက ပုံမှန် ဖြစ်သည်။

ယွင်ကျုံးဟဲ့က ဆက်ပြောသည်။ “အစ်ကို အောက်မင်... ဒီလို လုပ်ရင်ကော။ အစ်ကိုက အစ်မ ယင်းယင်းကို ကျုပ်ကို ပေးလိုက်။ ကျုပ်က နုလန်ဟောက် ရာထူးကို အစ်ကို့ကို ပေးလိုက်မယ်။ ဘယ်လိုလဲ။

ကျုပ်တို့ သဘောတူညီမှု တစ်ခု လုပ်ကြမယ်။ အဖေနဲ့အမေက သဘောမတူရင် ကျုပ်က နောက်တစ်ကြိမ် အိမ်ကနေ ထွက်ပြေးမယ်။ သူတို့ သဘောမတူသေးရင် ကျုပ်က ငိုမယ်၊ ပြဿနာရှာမယ်၊ ကြိုးဆွဲချမယ်။ အဖေနဲ့ အမေ သဘောတူအောင် သေချာပေါက် လုပ်ပေးမယ်။”

ဤအချိန်တွင် အောက်မင်သည် လုံးဝ သည်းမခံနိုင်တော့ဘဲ လက်တစ်ချက် တုန်ယင်သွားခဲ့သည်။ အကြီးအကဲ အောက်ထင်၏ မျက်ဝန်းများကလည်း တစ်ချက် တုန်လှုပ်သွားခဲ့၏။

ဤသဘောတူညီမှုကိုသာ ကြည့်မည်ဆိုလျှင် သေချာပေါက် တန်ဖိုးရှိသည်။ နတ်သမီးလေးကဲ့သို့ လှပသော အမျိုးသမီးတစ်ဦး ဖြစ်လျှင်တောင်မှ နုလန်ဟောက် ရာထူးကို မမီနိုင်ပေ။ အောက်ယွီလို လူမိုက်မျိုးကသာ နယ်စားရာထူးကို အလေးမထားခြင်း ဖြစ်သည်။

သို့ပေမည့် တွမ်ယင်းယင်းသည် အလွန် လှပသော အမျိုးသမီးတစ်ဦး ဖြစ်ရုံသာမက ဝေ့မြို့စားကြီး၏ သမီးအရင်းလည်း ဖြစ်သည်။ ဤသည်မှာ သာမန် ယောကျ်ားနှင့် မိန်းမ လက်ထပ်ခြင်း မဟုတ်ဘဲ မဟာမိတ်ဖွဲ့ခြင်းဖြစ်ရာ မည်သို့ ပေးလိုက်၍ ရမည်နည်း။

အောက်ယွီက အောက်ထင်၏ ရှေ့သို့ ချက်ချင်း ရောက်လာကာ သူ၏ လက်ကို ကိုင်ပြီး ပြောလိုက်သည်။ “ဘိုးဘိုးကြီး... ဘိုးဘိုးကြီးက ကျုပ်တို့ မိသားစုရဲ့ အကြီးအကဲပဲ။ ဘိုးဘိုးကြီး ကျုပ်ကို သက်သေလုပ်ပေးပါ။ အစ်ကို အောက်မင်က အစ်မ ယင်းယင်းကို ကျုပ်ကို ပေးမယ်ဆိုရင် ဒီနုလန်ဟောက်ရာထူးကို ကျုပ် မလိုချင်တော့ဘူး။ ကျုပ်က ကတိတည်တဲ့သူပါ။ အစ်မ ယင်းယင်းကို လက်ထပ်ပြီးရင် နေ့တိုင်း နတ်သားတစ်ပါးလို ဖြစ်နေမှာပဲ။ ဘာနုလန်ဟောက် လုပ်နေစရာ လိုသေးလို့လဲ။”

ဤမြင်ကွင်းတွင် အောက်ယွီ(ယွင်ကျုံးဟဲ့)သည် အပြည့်စုံဆုံး၊ သဘာဝအကျဆုံး မိန်းမနောက်လိုက် ယောကျ်ားတစ်ယောက်အဖြစ် အပြည့်အဝ သရုပ်ဆောင်နေ၏။

“ရူးနေတာလား။ အဓိပ္ပာယ် မရှိတာ။”

အကြီးအကဲ အောက်ထင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဒါ လူပြောတဲ့ စကားလား။ ယင်းယင်းက မင်းရဲ့ မရီးလေ။ မင်း ဒီလို စကားမျိုး ပြောတာ ကောင်းကင်က မိုးကြိုးပစ်လိမ့်မယ်။”

“ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် ဂရုမစိုက်ဘူး။”

အောက်ယွီ၏ အရူးရောဂါ ထလာခဲ့၏။ “ကျုပ်က အစ်မ ယင်းယင်းကိုပဲ လက်ထပ်မယ်။ ကျုပ် အစ်မ ယင်းယင်းကိုပဲ လက်ထပ်မယ်။”

ဝေ့မြို့စားကြီးက ဒေါသတကြီး အမိန့်ပေးလိုက်သည်။ “လာကြစမ်း... သူ့ကို အပြင်ကို ပစ်ထုတ်လိုက်။”

ခဏအကြာတွင် အောက်ယွီသည် ဝေ့မြို့စားကြီး အိမ်တော်မှ တိုက်ရိုက် ပစ်ထုတ်ခြင်း ခံလိုက်ရ၏။

သို့ပေမည့် အောက်ယွီက မြေကြီးပေါ် လူးလှိမ့်ကာ မပြန်တော့ချေ။ “အစ်မ ယင်းယင်း... ထွက်ခဲ့ပါ။ ထွက်ခဲ့ပါ။ အစ်မ ယင်းယင်း... ကျုပ် အစ်မကို ချစ်တယ်။ အစ်မ ယင်းယင်း... ကျုပ် အစ်မကို လက်ထပ်မယ်။

အစ်ကို အောက်မင်... အစ်မ ယင်းယင်းက မူလတည်းက ကျုပ်နဲ့ စေ့စပ်ထားတာလေ။ အစ်မကို ကျုပ်ဆီ ပြန်ပေးပါ။ ပြန်ပေးပါ။ အစ်မ ယင်းယင်း... ကျုပ် အစ်မကို သတိရတယ်။ အစ်မကို လွမ်းလွန်းလို့ အိပ်လို့တောင် မရဘူး။ မဟုတ်ဘူး။ ယင်းယင်း... ကျုပ် အစ်မကို လွမ်းတယ်။ ကျုပ် အစ်မကို လွမ်းတယ်ဗျာ။”

ဝေ့မြို့စားကြီး အိမ်တော် အပြင်ဘက်တွင် ယွင်ကျုံးဟဲ့သည် အဆက်မပြတ် အော်ဟစ်နေသည်။

ဘေးမှ ကြည့်နေကြသော လူအုပ်ကြီးသည် ပြန်ရန် ပြင်နေကြပြီ ဖြစ်သော်လည်း အောက်ယွီဆိုသည့် ဤလူရွှင်တော်က ပြဇာတ်ကောင်း တစ်ပုဒ်ကို ထပ်မံ ကပြနေပြန်သောကြောင့် သေချာပေါက် မပြန်တော့ဘဲ ဆက်လက် ကြည့်ရှုနေကြ၏။

“အစ်မ ယင်းယင်း... ထွက်ခဲ့ပါ။ ထွက်ခဲ့ပါ။ အစ်မ ယင်းယင်း... ကျုပ် အစ်မကို ချစ်တယ်။ အစ်မကို ချစ်တာ ကြွက်က ဆန်ကို ချစ်သလိုမျိုးပဲ။ အစ်မ ယင်းယင်း... အစ်မက ကျုပ် ဘယ်လောက် ချစ်လဲလို့ မေးတယ်။ လမင်းကြီးက ကျုပ်ရဲ့ နှလုံးသားကို ကိုယ်စားပြုပါတယ်။”

ယွင်ကျုံးဟဲ့က အော်ဟစ်ရုံသာမက သီချင်းပါ ဆိုနေသည်။

သူသည် အလွန် ရယ်စရာကောင်းသော ရင်ဖွင့်မှုကို လုပ်ဆောင်နေပြီး ကြည့်နေသူများ၏ ဦးရေပြားများကို ထုံကျင်သွားစေသော်လည်း အလွန် စိတ်လှုပ်ရှားစရာ ကောင်းပြီး အံ့မခန်း ဖြစ်နေသည်ဟုလည်း ခံစားရစေ၏။

သို့ပေမည့် ဤသည်မှာ အောက်ယွီ၏ ဇာတ်ကောင်စရိုက်နှင့် ကိုက်ညီနေသည် မဟုတ်လား။ ကမ္ဘာ့နံပါတ်တစ် အသုံးမကျသူ၊ ဝတုတ်ပြီး မိုက်မဲသူ၊ စာပေဗဟုသုတ မရှိသူက ဤသို့ ဖြစ်သင့်သည် မဟုတ်ပါလား။

“အစ်မ ယင်းယင်း... ကျုပ် အစ်မကို ချစ်တယ်။ အစ်ကို အောက်မင်... အစ်မကို ကျုပ်ဆီ ပြန်ပေးပါ။ ပြန်ပေးပါ။” ယွင်ကျုံးဟဲ့၏ ဤသို့ အော်ဟစ်ပြောဆိုမှုက နှစ်နာရီတိတိ ကြာမြင့်သွားပြီး ကောင်းကင်ကြီးပင် လင်းထိန်လာတော့သည်။

.............................

အပိုင်း (၂၃၀)

ဝေ့မြို့စားကြီး အိမ်တော် အပြင်ဘက်ရှိ လူအုပ်ကြီးက လူစုကွဲမသွားသည့်အပြင် ပို၍ပင် များပြားလာ၏။

ဝေ့မြို့စားကြီးအိမ်တော် အတွင်း၌ ဝေ့မြို့စားကြီး၊ တွမ်ယင်းယင်း၊ ဝေ့မြို့စားကြီး၏ အမေနှင့် ဝေ့မြို့စားကြီး ကတော်တို့၏ မျက်နှာများမှာ အလွန် ကြည့်ရဆိုးနေကြသည်။

အဘယ်ကြောင့်ဆိုသော် တွမ်ယင်းယင်းနှင့် နုလန်ဟောက် အိမ်တော်တို့၏ မဟာမိတ်ဖွဲ့ခြင်းကို အစတည်းက တိတိကျကျ မပြောဘဲ ထားခဲ့ခြင်း ဖြစ်၏။

မှူးမတ်များက ရှင်းလင်းစွာ သိကြသော်လည်း သာမန် ပြည်သူများကတော့ မသိကြပေ။ တွမ်ယင်းယင်းကို အစက အောက်ယွီနှင့် စေ့စပ်ထားမှန်း သူတို့ မသိကြဘဲ အောက်မင်နှင့် စေ့စပ်ထားသည်ဟုသာ အမြဲ ထင်နေခဲ့ကြခြင်းပင်။

ယခု ယွင်ကျုံးဟဲ့က အော်ဟစ်လိုက်သောအခါ လူတိုင်း သိသွားကြတော့သည်။ တွမ်ယင်းယင်းသည် အောက်ယွီနှင့် စေ့စပ်ထားဖူးကြောင်း လူတိုင်း သိသွားကြတော့သည်။

ထိုအရူးကို သွားတားပြီး ပါးစပ်ကို ပိတ်ကာ မောင်းထုတ်ပစ်ရမည်လား။ မဖြစ်နိုင်ပေ။ သူတို့က အောက်ယွီကို နောက်ကွယ်မှ လုပ်ကြံနိုင်သော်လည်း လူအများရှေ့တွင် အသုံးမကျသူ တစ်ယောက်ကို ပွင့်ပွင့်လင်းလင်း သွားရောက် အနိုင်ကျင့်၍ မရနိုင်ပေ။

“အစ်မ ယင်းယင်း... ထွက်ခဲ့ပါ။ ထွက်ခဲ့ပါ။ ကျုပ် အသံတောင် ဝင်နေပြီ။” ယွင်ကျုံးဟဲ့သည် မောပန်းလွန်းသောကြောင့် ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်နေရပြီး စက္ကူထူထူဖြင့် အသံချဲ့စက်ပုံစံ ခေါက်ကာ အော်ဟစ်နေသည်။

ဝေ့မြို့စားကြီးအိမ်တော် အပြင်ဘက်တွင် လူများ ပြည့်ကျပ်နေကာ ဘာဆက်ဖြစ်မည်နည်း ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။

ဤအချိန်တွင် ဝေ့မြို့စားကြီး အိမ်တော်၏ တံခါးကြီး ပွင့်လာပြီး အလွန် လှပကာ နှင်းကဲ့သို့ ဖြူဖွေးသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ အေးစက်လှပသော တွမ်ယင်းယင်း ထွက်လာခြင်းပင်။

“အောက်ယွီ... ရှင် ဘယ်အချိန်အထိ ရမ်းကားနေအုံးမှာလဲ။” တွမ်ယင်းယင်းက အေးစက်သောအသံဖြင့် မေးလိုက်သည်။

ယွင်ကျုံးဟဲ့ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး တွမ်ယင်းယင်းရှေ့သို့ ရောက်လာကာ ရှက်သွေးဖြာလျက် ပြောလိုက်၏။ “အစ်မ ယင်းယင်း... အစ်မ နောက်ဆုံးတော့ ထွက်လာပြီပေါ့။ ကျုပ် အစ်မကို တကယ် အရမ်းချစ်တယ်။ ကျုပ်တို့လည်း စေ့စပ်ထားဖူးတာပဲ။ အစ်မက အစ်ကို အောက်မင်ကို လက်မထပ်ဘဲ နေလို့ မရဘူးလား။ ကျုပ်ကို လက်ထပ်ပါလား။ အစ်မက အစတည်းက ကျုပ်ကို လက်ထပ်ရမှာလေ။”

တွမ်ယင်းယင်းက အေးစက်စွာ ပြောလိုက်သည်။ “ကျွန်မနဲ့ အစ်ကို အောက်မင်က စေ့စပ်ထားပြီးပြီ။ ရှင် ဆက်ပြီး မရမ်းကားပါနဲ့တော့။”

ယွင်ကျုံးဟဲ့က ပြန်ပြောသည်။ “ဒါပေမဲ့ အစ်မက ကျုပ်နဲ့လည်း စေ့စပ်ထားဖူးတာပဲ။”

တွမ်ယင်းယင်းက ဆက်ပြော၏။ “ကျွန်မနဲ့ အစ်ကို အောက်မင်က အချစ်ချင်း တူညီကြတယ်။ ရှင်က ဖြစ်နိုင်ခြေ မရှိတာတွေကို မစဉ်းစားပါနဲ့။”

ယွင်ကျုံးဟဲ့က သနားစဖွယ် ပြောလိုက်သည်။ “အစ်မက သူ ရုပ်ချောတာကို ကြိုက်တာမလား။ ကျုပ်က ဝပြီး သူလောက် မချောလို့ ကျုပ်ကို အထင်သေးတာမလား။ အစ်မ ယင်းယင်း... အစ်မကလည်း ဒီလောက်တောင် အပေါ်ယံဆန်တဲ့ အမျိုးသမီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ အစ်မကလည်း အပြင်ပန်း ရုပ်ရည်ကိုပဲ ကြိုက်တာကိုး။ ကျုပ်ရဲ့ အတွင်းစိတ် အလှကို အစ်မ မတွေ့မိဘူးလား။”

တွမ်ယင်းယင်းက ပြန်ပြော၏။ “အပြင်ပန်း ရုပ်ရည်ဆိုတာ နှစ်တစ်ရာကြာရင် ပြာဖြစ်သွားမှာပဲ။ ပြောနေစရာတောင် မလိုဘူး။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အစ်မက အောက်မင်ရဲ့ ဘာကို ကြိုက်တာလဲ။”

တွမ်ယင်းယင်းက ဖြေလိုက်၏။ “ကျွန်မက အစ်ကို အောက်မင်ရဲ့ အရည်အချင်း၊ သူ့ရဲ့ ကိုယ်ကျင့်တရား၊ သူ့ရဲ့ ရည်မှန်းချက်၊ သူ့ရဲ့ ကြင်နာတတ်မှု၊ သူ့ရဲ့ ဖြူစင်မြင့်မြတ်မှုကို ချစ်မြတ်နိုးတာ။”

“သိပ်ပြီး စိတ်ကူးယဉ်ဆန်လွန်းတယ်။ နားမလည်ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “တိတိကျကျလေး ပြောပြပါ။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို အောက်မင်မှာ ရှိသမျှ အကုန်လုံး ကျုပ်မှာလည်း ရှိတယ်။ ကျုပ်က သူ့ထက်တောင် ပိုကောင်းသေးတယ်။ တကယ်ပါ။ မယုံရင် ကျုပ် ပြမယ်လေ။”

တွမ်ယင်းယင်းက ပြောလိုက်၏။ “အစ်ကို အောက်မင် ရေးတဲ့စာအုပ်က ပြည်နယ်တော်တော်များများမှာ နာမည်ကြီးပြီး မရေမတွက်နိုင်တဲ့ လူတွေက သူ့စာအုပ်ကို မျှော်လင့်စောင့်စားနေကြတာ အိပ်မက်ထဲတောင် ထည့်မက်ရတဲ့ အဆင့်ကို ရောက်နေကြတယ်။

သူ့ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းက အတွေးအခေါ် နက်ရှိုင်းပြီး စာအုပ်သစ်ထွက်တိုင်း ကျန်းကျိုးမြို့မှာ စက္ကူဈေးတွေ တက်သွားရတယ်။ လမ်းတွေပေါ်မှာ လူတွေ ကြက်ပျံမကျ စည်ကားပြီး အလုအယက် ဝယ်ကြတယ်။ မင်းသားကအစ သာမန်ပြည်သူတွေအဆုံး ဘယ်လောက်များတဲ့ လူတွေက သူ့စာအုပ်ကြောင့် စိတ်နှလုံး ကြည်နူးသွားရလဲ မသိဘူး။ အားလုံးက အစ်ကို အောက်မင်ရဲ့ စာအုပ်အတွက် ရူးသွပ်နေကြတာ။”

ဤသည်မှာ အမှန်ပင် ဖြစ်သည်။ အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်း စာအုပ်သည် တကယ်ပဲ မိုင်ပေါင်း ထောင်ချီအထိ နာမည်ကြီးပြီး မရေမတွက်နိုင်သော လူများက ရူးသွပ်စွာ စောင့်စားဖတ်ရှုနေကြခြင်း ဖြစ်သည်။

စာအုပ်သစ် ထွက်ရှိတိုင်း ချက်ချင်းပဲ အရူးအမူး အားပေးမှုကို ရရှိပြီး ကျန်းကျိုးမြို့၏ မှူးမတ်နှင့် ပညာတတ် ထက်ဝက်ကျော်က သူ၏ စာဖတ်ပရိသတ်များ ဖြစ်ကြ၏။

ထို့အပြင် ကျန်းကျိုးမြို့တွင် ယွဲ့တန်းဖျင် ဆိုသည့် အဖွဲ့အစည်း တစ်ခု ရှိသေး၏။ ဤအဖွဲ့အစည်းသည် အလွန် ခမ်းနားကြီးကျယ်ပြီး အဖွဲ့ဝင်များ အားလုံးသည် အသက်ငါးဆယ်အထက် နာမည်ကြီး ပညာတတ်များသာ ဖြစ်ကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က အင်ပါယာတွင် နာမည်ကြီးသော ပညာတတ် တစ်ဦး မဟုတ်လျှင် ဤအဖွဲ့အစည်းသို့ ဝင်ရောက်ရန် လုံးဝ အရည်အချင်း မမီပေ။

ထို့အပြင် ဤအဖွဲ့အစည်းသည် အရည်အသွေးကိုသာ အဓိကထားပြီး လူဦးရေ အများဆုံး အချိန်တွင် ဆယ့်သုံးယောက်သာ ရှိခဲ့ဖူး၏။

ဒုတိယအဆင့် ကျင်ရှီ တစ်ယောက်ဆိုလျှင်တောင်မှ ဤအဖွဲ့အစည်းသို့ ဝင်ရောက်ရန် အခွင့်အရေး မရှိချေ။

ယွဲ့တန်းဖျင် အဖွဲ့အစည်းသည် လစဉ် လဆန်းတစ်ရက်နေ့တိုင်း ယခင်လက အကောင်းဆုံး ကဗျာများ၊ စာပေများနှင့် ဝတ္ထုစာအုပ်များ စသည်တို့ကို ရွေးချယ်ကာ အဆင့်သတ်မှတ်ပေးလေ့ ရှိ၏။

အကယ်၍ ပထမနေရာ ရွေးချယ်ခံရပါက တကယ်ကိုပဲ နာမည်ကျော်ကြားသွားပြီး တန်ဖိုးလည်း အဆပေါင်းများစွာ တက်သွားမှာဖြစ်သည်။

အောက်မင်သည် ပထမနေရာကို ငါးကြိမ်တိုင်တိုင် ရရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကျန်းကျိုးမြို့၏ နံပါတ်တစ် လူငယ်ပညာတတ်ဆိုသော နာမည်မှာ ဤနေရာမှ ဆင်းသက်လာခြင်း ဖြစ်၏။

ကျောက်စိမ်းမြို့မှတ်တမ်း ထွက်ရှိတိုင်း ချက်ချင်းပဲ ယွဲ့တန်းဖျင်၏ ပထမနေရာကို ရရှိလေ့ရှိ၏။ ယခု ကျောက်စိမ်းမြို့မှတ်တမ်းသည် စာအုပ် လေးအုပ် ထွက်ရှိပြီးဖြစ်ကာ နောက်ဆုံး ပဉ္စမမြောက် တစ်အုပ်သာ ကျန်ရှိတော့သည်။

အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်း ထွက်ရှိမည်ဟု ကြားတိုင်း အခြားသော ပညာတတ်များ အားလုံးသည် ကဗျာဖြစ်စေ၊ စာပေဖြစ်စေ နောက်ဆုတ်၍သာ ထုတ်ဝေကြလေ့ရှိပြီး အမြောက်စာ မဖြစ်စေရန် ရှောင်ရှားကြ၏။

အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းသည် ပထမနေရာကို သေချာပေါက် ရရှိမည်ဖြစ်သောကြောင့်ပင်။

ဤသည်မှာ အလွန် တင်းကျပ်ပြီး အဆင့်မြင့်သော ဝေဖန်အကဲဖြတ်မှုဖြစ်ပြီး ပထမနေရာကို ရရှိရန် အလွယ်ကူဆုံးမှာ နိုင်ငံရေးဆောင်းပါးများဖြစ်၏။ ထို့နောက် ကဗျာများ ဖြစ်ပြီး နောက်ဆုံးမှသာ ဝတ္ထုစာအုပ်များ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဝတ္ထုစာအုပ်များ၏ အဆင့်အတန်းမှာ မမြင့်မားသေးသောကြောင့်ပင်။ သို့သော်ငြား အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်း စာအုပ်က အကြိမ်တိုင်း ယွဲ့တန်းဖျင်၏ ပထမနေရာကို ရရှိနိုင်ခြင်းက မည်မျှ ကောင်းကြောင်း သိသာစေ၏။

တကယ်တမ်း ပရိသတ် စုဆောင်းမှုနှင့် ပရိသတ်အပေါ် သက်ရောက်မှု အပိုင်းတွင် ပြောရမည်ဆိုလျှင် ဝတ္ထု စာအုပ်များက ပို၍ ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ပိုမို များပြားပြီး ပိုမို ထိရောက်မှု ရှိသောကြောင့် ဖြစ်သည်။

သို့ပေမည့် အဆင့်မြင့်သော ပုဂ္ဂိုလ်များ၏ အမြင်က ကြေး (ဂျီး)များပြီး ကြက်ဥထဲမှ အရိုးရှာရသည်ကို နှစ်သက်ကြသည်။ ထို့အပြင် ဝတ္ထုစာအုပ်များက များပြားလွန်းသောကြောင့် အားနည်းချက်များ ရှိရန် ပို၍ လွယ်ကူ၏။

ဤသို့သော အခြေအနေမျိုးတွင် အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းက ယွဲ့တန်းဖျင်၏ ပထမနေရာကို ရရှိနိုင်သေးခြင်းက မည်မျှ ကောင်းကြောင်း သိသာနေသည်။

ထို့ကြောင့် ကျောက်စိမ်းမြို့မှတ်တမ်း ထွက်ရှိတိုင်း လော့ယန်မြို့တွင် စက္ကူဈေး တက်သွားသည်မှာ တကယ်ပဲ ဖြစ်ပေါ်လေ့ရှိသည့် ကိစ္စဖြစ်၏။

အောက်မင်သည် ကျန်းကျိုးမြို့၏ နံပါတ်တစ် ပညာတတ် ဖြစ်လာရခြင်း၏ အကြောင်းရင်း တစ်ဝက်မှာ ယခင်အကြိမ်က ကျွမ့်ယွမ် (ပထမရသူ) အဖြစ် ဖြေဆိုအောင်မြင်ခဲ့ခြင်းကြောင့် ဖြစ်ပြီး နောက်တစ်ဝက်မှာမူ သူ၏ ကျောက်စိမ်းမြို့မှတ်တမ်းကြောင့် ဖြစ်သည်။

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ “ရှင်းရှင်း ပြောရရင် ခင်ဗျားတို့က အောက်မင်ကို အစွမ်းထက်တယ်၊ အရည်အချင်းရှိတယ်လို့ ထင်နေတာက သူက ချန်လန်ပြည်နယ်မှာ ပထမနေရာရခဲ့ပြီး ကျွမ့်ယွမ် ဖြစ်ခဲ့လို့ မဟုတ်လား။ ပြီးတော့ ကျောက်စိမ်းမြို့မှတ်တမ်း စာအုပ်အနည်းငယ် ရေးပြီး အုပ်ရေ နှစ်သိန်းကျော် ရောင်းရလို့၊ ယွဲ့တန်းဖျင်မှာ ပထမနေရာ ရခဲ့လို့ မဟုတ်လား။”

ဤမျှဆိုလျှင် လုံလောက်အောင် အစွမ်းမထက်သေးဘူးလား။ ချန်လန် ပြည်နယ်တွင် အရည်အချင်းရှိသူများ အမြောက်အမြား ပေါ်ထွက်လေ့ရှိပြီး နန်းတွင်း စာမေးပွဲ၏ သတ်ကွင်းတစ်ခု ဖြစ်သည်။

ဤနေရာတွင် ကျူရန် (ပြည်နယ်အဆင့် စာမေးပွဲအောင်သူ) အဖြစ် အောင်မြင်ရန်မှာ ကျင်ရှီ (နန်းတွင်းအဆင့် စာမေးပွဲအောင်သူ) အဖြစ် အောင်မြင်ရန်ထက်ပင် ခက်ခဲသေး၏။

အောက်မင်သည် ပထမနေရာရ ကျွမ့်ယွမ် ဖြစ်ခဲ့ရာ လုံးဝ တော်လွန်းလှသည်။ သူ၏ ကျောက်စိမ်းမြို့ မှတ်တမ်း စာအုပ်ကတော့ ပို၍ပင် ကောင်းသေးသည်။

လေးအုပ်ပေါင်း အုပ်ရေ နှစ်သိန်းခုနစ်သောင်း ရောင်းချခဲ့ရပြီး ကျန်းကျိုးမြို့၏ ဝတ္ထုစာအုပ် ရောင်းအား စံချိန်ကို လုံးဝ ချိုးဖျက်နိုင်ခဲ့သည်။ ထို့အပြင် ဤစံချိန်မှာ လွန်ခဲ့သော နှစ်တစ်ရာအတွင်းက စံချိန် ဖြစ်၏။

ရောင်းအား ကောင်းရုံသာမက ပို၍ အရေးကြီးသည်မှာ ယွဲ့တန်းဖျင်၏ ပထမနေရာကို ရရှိခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ စာတတ်ပေတတ်များနှင့် ပညာတတ် အမျိုးသမီးများ၏ အရူးအမူး အားပေးမှုကို ရရှိရုံသာမက အဆင့်မြင့် ပုဂ္ဂိုလ်များ၏ မျက်နှာသာပေးမှုကိုပါ ရရှိခဲ့ခြင်းကို ကိုယ်စားပြုသည်။

ထို့ကြောင့် သူ၏ ဤစာအုပ်၏ ရည်ရွယ်ချက်က သေချာပေါက် နက်ရှိုင်းရမှာဖြစ်၏။

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အောက်မင် လုပ်နိုင်တဲ့ ကိစ္စတွေကို ကျုပ်လည်း လုပ်နိုင်တာပဲလေ။ နောက်တစ်ကြိမ် ဆောင်းဦးပေါက် စာမေးပွဲက ဘယ်အချိန်လဲ။”

တွမ်ယင်းယင်းက ဖြေလိုက်၏။ “ရှစ်လပိုင်း ဆယ့်သုံးရက်နေ့။”

ယွင်ကျုံးဟဲ့က လက်ချိုးရေတွက်လိုက်ပြီး မေးလိုက်၏။ “ဒါဆို ဘယ်လောက် လိုသေးလဲ။”

သောက်ကျိုးနည်း... ခင်ဗျားက အခြေခံ သင်္ချာတွက်ချက်မှုကိုတောင် မလုပ်တတ်ဘဲနဲ့ အောက်မင်နဲ့ ယှဉ်ပြိုင်ချင်သေးတယ်လား။

တွမ်ယင်းယင်းက ခေါင်းခါယမ်းကာ ပြောလိုက်၏။ “ငါးလတောင် မပြည့်တော့ဘူး။ တစ်ရာ့သုံးဆယ့်ငါးရက်ပဲ လိုတော့တယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဪ... ကျေးဇူးပဲနော်။ ရက်ပေါင်း တစ်ရာ့သုံးဆယ့်ငါးရက် လိုသေးတယ်။ ကျုပ် အခုကစပြီး စာကြိုးစားမယ်။ ရှစ်လပိုင်း ဆယ့်သုံးရက်နေ့ကျရင် ကျုပ်လည်း ဆောင်းဦးပေါက် နိုင်ငံတော် စာမေးပွဲကို သွားဖြေမယ်။ အောက်မင်က ပထမနေရာရ ကျွမ့်ယွမ် ဖြစ်ခဲ့တာမဟုတ်လား။ ကျုပ်လည်း ပထမနေရာရ ကျွမ့်ယွမ် ဖြစ်အောင် ဖြေမယ်။”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ခန်းလုံးရှိ လူထောင်ပေါင်းများစွာမှာ ရုတ်တရက် ဝိုင်းရယ်မော ကြတော့သည်။ လူတိုင်းသည် ယခင်က မကြားဖူးသေးသော ဟာသကြီးကို ကြားလိုက်ရသကဲ့သို့ ဖြစ်သွားကြ၏။

“ဟား ဟား ဟား ဟား ဟား ဟား...”

‘အောက်ယွီ ခင်ဗျားက လောကနံပါတ်တစ် အသုံးမကျသူ၊ ဝတုတ်ပြီး မိုက်မဲသူ၊ စာပေဗဟုသုတ မရှိသူ၊ နေ့တိုင်း အောက်တန်းအကျဆုံး ပြည့်တန်ဆာတွေကို သွားရှာဖို့ပဲ သိတဲ့သူလေ။ ခင်ဗျားလို အသုံးမကျတဲ့သူက စာလုံး ဘယ်နှလုံးများ ဖတ်တတ်လို့လဲ။ ခင်ဗျားက ဆောင်းဦးပေါက် စာမေးပွဲကို သွားဖြေချင်သေးတယ် ဟုတ်လား။’

ဆောင်းဦးပေါက် စာမေးပွဲဆိုသည်မှာ ပြည်နယ်အဆင့် စာမေးပွဲ ဖြစ်သည်။

ပြည်နယ်အဆင့် စာမေးပွဲဆိုသည်နှင့် အဆင့်နိမ့်သည်၊ မြို့နယ်အဆင့်လောက်သာ ရှိမည်ဟု မထင်လိုက်နှင့်။ ထိုသို့မဟုတ်ပေ။ ပြည်နယ်အဆင့် စာမေးပွဲသည် အလွန် အဆင့်မြင့်သော နိုင်ငံတော် စာမေးပွဲ တစ်ခု ဖြစ်နေပြီ ဖြစ်၏။

နိုင်ငံတော် စာမေးပွဲများ၏ ယေဘုယျ အစီအစဉ်မှာ မြို့နယ်အဆင့် စာမေးပွဲ၊ ခရိုင်အဆင့် စာမေးပွဲ၊ နိုင်ငံတော် ပညာရေးအဖွဲ့အဆင့် စာမေးပွဲ၊ ပြည်နယ်အဆင့် စာမေးပွဲ၊ ဗဟိုအဆင့် စာမေးပွဲနှင့် နန်းတွင်းအဆင့် စာမေးပွဲတို့ ဖြစ်ကြသည်။

နန်းတွင်းအဆင့် စာမေးပွဲသည် ပြယုဂ်သဘော သက်ရောက်မှု ပိုများပြီး တကယ့် နိုင်ငံတော် စာမေးပွဲ၏ အထွတ်အထိပ်မှာ ဗဟိုအဆင့် စာမေးပွဲ ဖြစ်၏။

ပြည်နယ်အဆင့် စာမေးပွဲမှာမူ နိုင်ငံတော် စာမေးပွဲ၏ ဒုတိယ အထွတ်အထိပ် ဖြစ်ပြီး ပြည်နယ်အဆင့် စာမေးပွဲကို ဖြေဆိုအောင်မြင်၍ ကျူရန် ဖြစ်သွားသည်နှင့် ငါးကြင်းက နဂါးတံခါးကို ကျော်ဖြတ်နိုင်သွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။

ထို့အပြင် အချို့သော အထူးအခြေအနေများတွင် ပြည်နယ်အဆင့် စာမေးပွဲကို ဖြေဆိုအောင်မြင်ရန်မှာ ဗဟိုအဆင့် စာမေးပွဲကို ဖြေဆိုအောင်မြင်၍ ကျင်ရှီ ဖြစ်ရန်ထက်ပင် ခက်ခဲသေး၏။

ဥပမာအားဖြင့် မင်မင်းဆက်၏ တောင်ပိုင်းတိုက်ရိုက်အုပ်ချုပ်ခွင့်ရနယ်မြေ စာမေးပွဲစစ်ဆေးရေး ဌာနကဲ့သို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရည်အချင်းရှိသူများ အလွန် များပြားလွန်းသောကြောင့် တကယ့်ကို သတ်ကွင်းကြီးတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် အချို့သော အချိန်များတွင် ထိုနေရာ၌ ပြည်နယ်အဆင့် စာမေးပွဲဖြေဆို၍ ကျူရန် ဖြစ်ရန်မှာ ကျင်ရှီ ဖြစ်ရန်ထက်ပင် ခက်ခဲပြီး လူများကို ရူးသွပ်သွားစေလောက်အောင်ပင် ဖြစ်၏။

All Chapters