အခန်း (၂၃၁-၂၃၂)
Vol. 20 Ch. 231-232
အပိုင်း (၂၃၁)
အလွန် တိုက်ဆိုင်စွာဖြင့် ကျန်းကျိုးမြို့ ပါဝင်သော စာမေးပွဲစစ်ဆေးရေး ဌာနသည်လည်း ဤသို့သော သတ်ကွင်းမျိုး ဖြစ်နေသည်။
အောက်ယွီဆိုသည့် စာပေဗဟုသုတ မရှိသော အသုံးမကျသူ၊ ကျောင်းပင် ကောင်းကောင်း မတက်ဖူးသော ဝက်တစ်ကောင်က ကျွမ့်ယွမ် နေရာကို ယူမည်ဟု ပြောနေသည်လား။ ဤသည်မှာ ကြီးမားလှသော ဟာသကြီးတစ်ခု မဟုတ်ဘူးလား။
ပြည်နယ်အဆင့် စာမေးပွဲမှ ကျွမ့်ယွမ် နေရာကို မဆိုထားနှင့်။ သာမန် မြို့နယ်အဆင့် စာမေးပွဲကိုတောင် အောင်မြင်အောင် ဖြေဆိုနိုင်မည် မဟုတ်ပေ။
‘မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ အောက်ယွီ... ခင်ဗျားက ရွာအဆင့် စာသင်ကျောင်း စာမေးပွဲကိုတောင် အောင်မြင်အောင် ဖြေဆိုနိုင်မှာ မဟုတ်ဘူး။’
ယခု အောက်ယွီက ကျွမ့်ယွမ် နေရာကို ယူမည်ဟု ပြောနေခြင်းမှာ မသိသူ ခွန်အားရှိဆိုသလို ခွေးက နေမင်းကို ဟောင်နေသကဲ့သို့သာ ဖြစ်သည်။
ထို့နောက် ယွင်ကျုံးဟဲ့က ခေါင်းကို ရုတ်တရက် ကုတ်လိုက်ပြီး မေးလိုက်၏။ “ဒါနဲ့... ပြည်နယ်အဆင့် စာမေးပွဲ ဖြေဖို့ ဘာစည်းမျဉ်းတွေ ရှိလဲ။ ရက်ပေါင်း တစ်ရာကျော် လိုသေးတယ်ဆိုတော့ ကျုပ် သေချာ စာကြိုးစားပြီး အထဲက လျှို့ဝှက်ချက်တွေကို သေချာ နားလည်အောင် လုပ်ရမယ်။ ဒါနဲ့ ကျုပ်မှာ ဖြေဆိုခွင့် ရှိရဲ့လား။”
‘သောက်ကျိုးနည်း... ခင်ဗျားက ပြည်နယ်အဆင့် စာမေးပွဲရဲ့ စည်းမျဉ်းတွေကိုတောင် မသိဘူး။ ကိုယ်တိုင် ဖြေဆိုခွင့် ရှိ၊ မရှိကိုတောင် မသိဘဲနဲ့ ပထမနေရာရ ကျွမ့်ယွမ် ဖြစ်အောင် ဖြေမယ်လို့ ပါးစပ်က အော်နေသေးတယ်လား။’
ယေဘုယျအားဖြင့် ပြည်နယ်အဆင့် စာမေးပွဲ ဖြေဆိုလိုလျှင် နိုင်ငံတော် ပညာရေးအဖွဲ့အဆင့် စာမေးပွဲကို အရင် ဖြေဆိုအောင်မြင်ရမှာ ဖြစ်သည်။ ရှို့ချိုင်(ဒေသန္တာရအဆင့် စာမေးပွဲအောင်သူ) အဖြစ် အောင်မြင်ပြီးမှသာ ပြည်နယ်အဆင့် စာမေးပွဲကို ဖြေဆိုခွင့် ရှိခြင်း ဖြစ်သည်။
သို့သော်ငြား အောက်ယွီတွင် ပြည်နယ်အဆင့် စာမေးပွဲ ဖြေဆိုခွင့် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူက နုလန်ဟောက်၏ သားဖြစ်သောကြောင့်ဖြစ်ပြီး နန်းတွင်းကျောင်း ကျောင်းသားလည်း ဖြစ်သောကြောင့်ပင်။
သေချာသည်မှာ ဤနန်းတွင်းကျောင်းသို့ သူ တစ်ရက်မှ မသွားဖူးပေ။ ဤနန်းတွင်းကျောင်း ကျောင်းသား ဆိုသည်မှာလည်း ဟန်ပြသာ ဖြစ်သည်။
ဤသည်မှာ နောက်ပေါက်မှ ဝင်ခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤနန်းတွင်းကျောင်း ကျောင်းသား နေရာကို ငွေပေး၍လည်း ဝယ်ယူနိုင်ပြီး ကုန်သည်များ၏ သားအမြောက်အမြားကလည်း နန်းတွင်းကျောင်း ကျောင်းသား နေရာကို ဝယ်ယူထားကြသောကြောင့် ဖြစ်၏။
သို့ပေမည့် သူ့တွင် ပြည်နယ်အဆင့် စာမေးပွဲ ဖြေဆိုခွင့် ရှိသည်ကတော့ အမှန်ပင်။
သို့သော်ငြား ငွေပေး၍ ဝယ်ယူထားသော နန်းတွင်းကျောင်း ကျောင်းသားများသည် သေချာပေါက် ကိုယ့်ကိုယ်ကိုယ် သိကြပြီး ပြည်နယ်အဆင့် စာမေးပွဲ သို့မဟုတ် ဗဟိုအဆင့် စာမေးပွဲကို သွားရောက် ဖြေဆိုကြမည် မဟုတ်ပေ။ အရှက်ကွဲရုံသာ ရှိမည် မဟုတ်ပါလား။ အမြောက်စာ သွားလုပ်နေ၍ ဘာအဓိပ္ပာယ် ရှိမည်နည်း။
ယွင်ကျုံးဟဲ့က သူ့ကိုယ်သူ လက်ညှိုးထိုးကာ မေးလိုက်၏။ “ဪ... ဒါဆို ခင်ဗျားတို့ သေချာတယ်ပေါ့။ ကျုပ်မှာ တကယ်ပဲ ပြည်နယ်အဆင့် စာမေးပွဲ ဖြေဆိုခွင့် ရှိတယ်ပေါ့။ ဒါဆို အရမ်းကောင်းသွားပြီ။ ရက်ပေါင်း တစ်ရာကျော် လိုသေးတယ်ဆိုတော့ ကျုပ် သေချာ စာကြိုးစားရင် အချိန်မီပါသေးတယ်။”
‘ချီးတဲ့မှ... ဉာဏ်ကြီးရှင် တစ်ယောက်ဆိုရင်တောင်မှ ဆယ်နှစ်ကျော်လောက် အပြင်းအထန် စာကြိုးစားပြီးမှ ကျူရန် အဖြစ် အောင်မြင်ဖို့ အခွင့်အရေး ရှိတာလေ။ ခင်ဗျားလို လူမိုက်က ရက်ပေါင်း တစ်ရာကျော်လောက် စာဖတ်ပြီး စာမေးပွဲ သွားဖြေချင်သေးတယ်လား။’
ယွင်ကျုံးဟဲ့က တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။ “အစ်မ ယင်းယင်း... ကျုပ် ဒီနေရာမှာ သစ္စာဆိုတယ်။ ရှစ်လပိုင်း ဆယ့်သုံးရက်နေ့ ဆောင်းဦးပေါက် စာမေးပွဲမှာ ကျုပ်က ထိပ်ဆုံး သုံးနေရာထဲ မဝင်ရင် အစ်မကို လက်ထပ်ဖို့ မျက်နှာမရှိတော့ဘူး။ နယ်စားရာထူးကို ဆက်ခံဖို့လည်း မျက်နှာမရှိတော့ဘူး။
ဒီနေရာမှာ လူထောင်ပေါင်းများစွာ ရှိတယ်။ အားလုံးပဲ ကျုပ်အတွက် သက်သေလုပ်ပေးကြပါ။ အကယ်၍ ရှစ်လပိုင်း ဆယ့်သုံးရက်နေ့ စာမေးပွဲမှာ ကျုပ်က ထိပ်ဆုံး သုံးနေရာထဲ မဝင်ရင် နယ်စားရာထူး ဆက်ခံခွင့်ကို အပြီးတိုင် စွန့်လွှတ်ပြီး အစ်မ ယင်းယင်းနဲ့ စေ့စပ်ထားတာကိုလည်း ရုပ်သိမ်းမယ်။”
ထို့နောက် ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်၏။ “အစ်မ ယင်းယင်း... ပြီးတော့ အစ်မက အစ်ကို အောက်မင် ရေးတဲ့ ကျောက်စိမ်းမြို့မှတ်တမ်း စာအုပ်ကို သဘောကျတယ်မလား။ ဒါနဲ့... ကျောက်စိမ်းမြို့ဆိုတာ ဘာလဲ။”
လူတိုင်းက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ကြ၏။ ကျောက်စိမ်းမြို့ဆိုသည်ကိုတောင် မသိဘူးလား။
ကျန်းကျိုးမြို့တွင် ကျောက်စိမ်းမြို့ဆိုသော နာမည်လှလှလေး တစ်ခု ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျန်းကျိုးမြို့မှာ ရေများပြီး လှပသော ကျောက်စိမ်းတစ်တုံး မြှုပ်နှံထားသကဲ့သို့ ဖြစ်နေသောကြောင့် ကျောက်စိမ်းမြို့ဟု ခေါ်ဆိုကြခြင်း ဖြစ်၏။
‘အောက်ယွီဆိုတဲ့ အသုံးမကျတဲ့သူက စာပေဗဟုသုတ မရှိတာ အတိုင်းအတာ တစ်ခုအထိ ရောက်နေပြီပဲ။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါနဲ့... အစ်ကို အောက်မင်ရဲ့ ဒီကျောက်စိမ်းမြို့မှတ်တမ်းက ရေးလို့ ပြီးသွားပြီလား။”
တွမ်ယင်းယင်းက ပြန်ဖြေလိုက်၏။ “နောက်ဆုံး တစ်အုပ် ကျန်သေးတယ်။ နှစ်ဆယ့်ငါးရက်နေရင် ထွက်မယ်။”
ထိုအချိန်ရောက်လျှင် ကျန်းကျိုးမြို့ တစ်မြို့လုံး လုံးဝ ပျံ့နှံ့သွားမှာဖြစ်ပြီး လုံးဝ ရူးသွပ်သွားမည်ကို စိတ်ကူးကြည့်လိုက်ရုံနှင့် သိရှိနိုင်သည်။
အဘယ်ကြောင့်ဆိုသော် ဤနောက်ဆုံး တစ်အုပ်သည် စာအုပ်တစ်အုပ်လုံး၏ အမြင့်ဆုံး အထွတ်အထိပ်၊ အမြင့်ဆုံး ဇာတ်ရှိန် ဖြစ်သောကြောင့်ပင်။
ယခင်က စုဆောင်းထားသော လေးအုပ်စာ လူကြိုက်များမှုများနှင့် လေးအုပ်စာ ဇာတ်ကွက်၊ လှည့်ကွက်များသည် ချက်ချင်း ပေါက်ကွဲထွက်လာမှာ ဖြစ်သည်။
ထိုအချိန်ရောက်လျှင် မည်သို့သော မြင်ကွင်းမျိုး ဖြစ်လာမည်နည်း။
လာမည့်လဆန်းတစ်ရက်နေ့ ယွဲ့တန်းဖျင်တွင် သေချာပေါက် ပထမနေရာကို ရရှိမှာဖြစ်၏။ ဤနောက်ဆုံး တစ်အုပ်ဖြစ်သော ကျောက်စိမ်းမြို့မှတ်တမ်းသည်လည်း ရောင်းအား စံချိန်ကို ထပ်မံ ချိုးဖျက်နိုင်မှာဖြစ်ပြီး လူများကို ကြက်သီးထသွားစေမည့် ကိန်းဂဏန်း တစ်ခု ဖြစ်လာမည်မှာ သေချာသည်။
ဤစာအုပ်သည် ခမ်းနားကြီးကျယ်သော မှူးမတ်အသိုင်းအဝိုင်း၏ တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်းကို ရေးသားထားပြီး လူ့သဘာဝကို ဖော်ထုတ်ထားကာ အာဏာ၏ အနှစ်သာရကို ဖော်ထုတ်ထားပြီး မင်းဆက် အပြောင်းအလဲများကို ဖော်ထုတ်ထားကာ သမိုင်း၏ နိယာမများကို ဖော်ထုတ်ထားသည်။ အချုပ်အားဖြင့်ဆိုရလျှင် တကယ်ကို အဆင့်မြင့်သော စာအုပ်တစ်အုပ် ဖြစ်၏။
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “နှစ်ဆယ့်ငါးရက် လိုသေးတယ်ပေါ့။ အချိန်မီသေးတယ်။ အချိန်မီသေးတယ်။ အစ်မ ယင်းယင်း... ကျုပ်က ပုံပြင်ပြောရတာ အရမ်း ဝါသနာပါတာ အစ်မ သိတယ် မလား။ ကျုပ်က နေ့တိုင်း ကျုပ်ညီမလေးကို ပုံပြင်တွေ ပြောပြနေတာ၊ နေ့တိုင်း မထပ်ဘူးလေ။”
ဤကိစ္စက တကယ်ပဲ နာမည်ကြီးသည်။ အောက်ယွီဆိုသည့် လူရွှင်တော်သည် ညီမဖြစ်သူကို ပုံပြင် ပြောပြရုံသာမက အောက်ခြေအလွှာမှ ပြည့်တန်ဆာများကိုပါ ပုံပြင်ပြောပြလေ့ ရှိ၏။
ထို့အပြင် သရဲပုံပြင် ပြောပြရတာ အကြိုက်ဆုံးဖြစ်ပြီး အလွန် ညစ်ညမ်းကာ အလွန် အောက်တန်းကျပြီး စာပေအနုပညာ အရသာ လုံးဝ မရှိချေ။
ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်သည်။ “ဒီနှစ်ဆယ့်ငါးရက် အတွင်းမှာ ကျုပ်လည်း စာအုပ်တစ်အုပ် ရေးမယ်။ ကျောက်စိမ်းမြို့မှတ်တမ်းထက် ပိုကောင်းမယ်လို့ အာမခံတယ်။ အစ်ကို အောက်မင်ရဲ့ ကျောက်စိမ်းမြို့ မှတ်တမ်း နောက်ဆုံးတစ်အုပ်ထက် ရောင်းအား ပိုကောင်းရုံသာမက ယွဲ့တန်းဖျင်ရဲ့ ပထမနေရာကိုလည်း ရယူပြမယ်။ အစ်ကို အောက်မင်ရဲ့ စာအုပ်က ကျောက်စိမ်းမြို့မှတ်တမ်း ဆိုတော့ ကျုပ်ရဲ့ စာအုပ်နာမည်က...”
ယွင်ကျုံးဟဲ့က ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ပြီး ယာယီ စာအုပ်နာမည် တစ်ခု ပေးရန် ကြိုးစား၍ စဉ်းစားနေသကဲ့သို့ ဖြစ်နေသည်။ သို့ပေမည့် နာမည်ကောင်း မတွေ့သကဲ့သို့ ဖြစ်နေ၏။
“အိမ်သာမှတ်တမ်းလား။ ဒီနာမည်က မကောင်းဘူး။ အနံ့ထွက်နေတယ်။ ပြည့်တန်ဆာရုံမှတ်တမ်းလား။ ဒီနာမည်ကလည်း မကောင်းလောက်ဘူး။ သက်ဆိုင်ရာ ဌာနရဲ့ စစ်ဆေးမှုကို အောင်မြင်မှာ မဟုတ်ဘူး။ မိန်းမတစ်သောင်းနဲ့ အိပ်ခြင်းလား။ မဖြစ်ဘူး။ မဖြစ်ဘူး။ ပိုတောင် မဖြစ်သေးတယ်။ ဒါက ကျုပ်ရဲ့ ကိုယ်ပိုင် ဘဝရေးရာ ကိစ္စလေ။”
ယွင်ကျုံးဟဲ့က တွမ်ယင်းယင်းကို မကြည့်ဘဲ မနေနိုင်တော့ဘဲ မေးလိုက်သည်။ “အစ်မ ယင်းယင်း... ကျုပ်ရဲ့ စာအုပ်သစ်ကို ဘာနာမည် ပေးသင့်တယ် ထင်လဲ။”
တွမ်ယင်းယင်းက မျက်နှာလွှဲသွားခဲ့သည်။ အောက်ယွီကဲ့သို့ ဝက်တစ်ကောင်လို လူရွှင်တော်မျိုးနှင့် စကားတစ်ခွန်း ပိုပြောရသည်ကပင် ရှက်စရာကောင်းလှ၏။
ထို့နောက် ယွင်ကျုံးဟဲ့သည် ခြေရင်းတွင် ရှိနေသော အရာကို ရုတ်တရက် မြင်လိုက်ရ၏။ ကျောက်တုံးကြီး တစ်တုံး ဖြစ်သည်။
“ရပြီ။”
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ကျုပ်ရဲ့ စာအုပ်သစ် နာမည်က ကျောက်တုံးမှတ်တမ်း လို့ အမည်ပေးလိုက်မယ်။ ခမ်းနားကြီးကျယ်တဲ့ မှူးမတ်အိမ်တော်က ဝတုတ်တုတ် သခင်လေး ပေါင်ယွီရဲ့ မိန်းမတွေ ဝန်းရံနေပြီး ရှက်စရာကောင်းတဲ့ ဘဝအကြောင်းကို ရေးထားတာ။ ဒီစာအုပ်မှာ နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်။ ပေါင်ယွီနှင့် မိန်းမလှ တစ်ရာတဲ့။ လုံးဝ နာမည်ကြီးမယ်။ လုံးဝ ဆွဲဆောင်မှု ရှိမယ်။”
ထိုစကား ထွက်ပေါ်လာသည်နှင့် ထိုနေရာရှိ အမျိုးသား ပညာတတ် တော်တော်များများပင် စိတ်လှုပ်ရှား သွားကြသည်။ ဤစာအုပ်နာမည်ကို ကြားလိုက်ရုံဖြင့် အလွန် စိတ်လှုပ်ရှားစရာ ကောင်းနေပြီ မဟုတ်ပါလား။
“ကျစ်... ကျစ်... ကျစ်... ကျုပ် စိတ်ကူးတွေ ရလာပြီ။ ကျုပ်ရဲ့ စာပေအကြံဉာဏ်တွေက သေးပေါက်သလိုကို ဒလဟော ထွက်ကျလာပြီ။ ကျုပ်ရဲ့ ဒီစာအုပ်က နာမည်ကြီးတော့မယ်။ သေချာပေါက် နာမည်ကြီးတော့မှာပဲ။ ကျုပ် နာမည်ကြီးတော့မယ်။ ကျုပ် အောက်ပေါင်ယွီ နာမည်ကြီးတော့မယ်။”
လူတိုင်း အံ့အားသင့်သွားကြ၏။ “ခင်ဗျားစာအုပ်ထဲက အဓိက ဇာတ်ကောင် ဝတုတ်တုတ် သခင်လေး ပေါင်ယွီဆိုတာ ခင်ဗျား အောက်ယွီ ကိုယ်တိုင်ပဲ ဖြစ်ရမယ်။ မှန်ရဲ့လား။”
“အေးလေ။ အစက ပေါင်ယွီနှင့် မိန်းမလှ တစ်သောင်းလို့ နာမည်ပေးမလို့ လုပ်တာ။ ဒါပေမဲ့ အရမ်း ကြွားဝါလွန်းရာ ကျနေမှာစိုးလို့ မိန်းမလှ တစ်ရာလို့ ပြောင်းလိုက်တာ။”
‘သောက်ကျိုးနည်း... ဒါက အရမ်းကို ကြွားဝါလွန်းနေပြီ။ အောက်တန်းအကျဆုံး ညစ်ညမ်း ဝတ္ထုစာအုပ်တွေတောင် ဒီလောက် ချဲ့ကားပြီး အောက်တန်းကျတဲ့ စာအုပ်နာမည်မျိုး မပေးရဲကြဘူး။’
ယွင်ကျုံးဟဲ့က အော်ဟစ်လိုက်သည်။ “စစ်ကြေညာပြီ... စစ်ကြေညာပြီ။ ကျုပ်က အစ်မ ယင်းယင်းကို လက်ထပ်ချင်တယ်။ အောက်မင်ကလည်း အစ်မ ယင်းယင်းကို လက်ထပ်ချင်တယ်။ တွမ်ယင်းယင်းကို သိမ်းပိုက်နိုင်ဖို့ ကျုပ်ရဲ့ သန်းပေါင်းများစွာထဲမှာမှ တစ်ယောက် မရှိတဲ့ အရည်အချင်းကို သေချာပေါက် ပြသရမယ်။
နောက် နှစ်ဆယ့်ငါးရက်နေရင် ကျုပ်ရဲ့ စာအုပ်သစ် ကျောက်တုံးမှတ်တမ်း (ဒါမှမဟုတ်) ပေါင်ယွီနှင့် မိန်းမလှ တစ်ရာ စာအုပ် တရားဝင် ထွက်မယ်။ အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကို အပိုင်းပိုင်း အစစ ဖြစ်သွားအောင် သေချာပေါက် ချေမှုန်းပစ်ရမယ်။ ရောင်းအား ကျော်လွန်ရုံသာမက ယွဲ့ဖျင်တန်းရဲ့ ပထမနေရာကိုလည်း သေချာပေါက် ရယူရမယ်။”
‘ချီးတဲ့မှ... ယွဲ့တန်းဖျင်ပါကွ... ယွဲ့ဖျင်တန်း မဟုတ်ဘူး။ လတိုင်းရဲ့ လဆန်းတစ်ရက်နေ့ဆိုတာ နားမလည်ဘူးလား။ ခင်ဗျားလို စာပေဗဟုသုတ မရှိတဲ့ စာမတတ်ပေမတတ်ကတော့လေ။’
ယွင်ကျုံးဟဲ့က အော်ဟစ်လိုက်ပြီး အနီရောင် စက္ကူကြီး တစ်ရွက်ကို ထုတ်ယူကာ စုတ်တံနှင့် မင်ရည်ကို အသုံးပြု၍ စစ်ကြေညာစာ တစ်စောင်ကို ရေးသားလိုက်သည်။ အောက်မင်ထံသို့ စစ်ကြေညာသော စာတစ်စောင် ဖြစ်၏။
စစ်ကြေညာစာထဲတွင် အကြမ်းတမ်းဆုံးသော စကားလုံးများကို အသုံးပြု၍ ရှင်းလင်းစွာ ရေးသားထားသည်။
“တွမ်ယင်းယင်းကို လုယူရန်အတွက် ကျုပ်က အောက်မင်ကို စစ်ကြေညာပြီး အရည်အချင်း ယှဉ်ပြိုင်မယ်။ စစ်မြေပြင် နှစ်ခု ခွဲထားတယ်။ ပထမ တိုက်ပွဲ... နှစ်ဆယ့်ငါးရက်နေရင် ကျုပ်ရဲ့ စာအုပ်သစ် ကျောက်တုံး မှတ်တမ်းက အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကို ချေမှုန်းပစ်ရမယ်။ ရောင်းအား ကျော်လွန်ရုံသာမက ယွဲ့တန်းဖျင်ရဲ့ ပထမနေရာကိုလည်း ရယူရမယ်။
ဒုတိယ တိုက်ပွဲ... ဒီနှစ် ရှစ်လပိုင်း ဆယ့်သုံးရက်နေ့ ဆောင်းဦးပေါက် နိုင်ငံတော် စာမေးပွဲမှာ ကျုပ် အောက်ယွီက ထိပ်ဆုံး သုံးနေရာထဲ ဝင်အောင် ဖြေမယ်။ ဒီတစ်ကြိမ် အရည်အချင်း ယှဉ်ပြိုင်မှုမှာ ကျုပ် နိုင်ရင် တွမ်ယင်းယင်းကို ကျုပ် လက်ထပ်မယ်။ နုလန်ဟောက် ရာထူးကိုလည်း ကျုပ် ယူမယ်။ ကျုပ် ရှုံးရင် တွမ်ယင်းယင်းနဲ့ စေ့စပ်ထားတဲ့ ကိစ္စကို ထပ်မပြောတော့ဘူး။ ပြီးတော့ နုလန်ဟောက် ရာထူး ဆက်ခံခွင့်ကိုလည်း အပြီးတိုင် စွန့်လွှတ်မယ်။”
ဤစစ်ကြေညာစာကို ရေးသားပြီးနောက် ယွင်ကျုံးဟဲ့သည် အပေါ်တွင် သူ၏ နာမည်ကြီးကို တိုက်ရိုက် လက်မှတ်ရေးထိုးလိုက်၏။
“လာကြစမ်း... ကျုပ်ရဲ့ ဒီစစ်ကြေညာစာကို အစောင် တစ်ထောင် ကူးရေးပြီး ကျန်းကျိုးမြို့ တစ်မြို့လုံးမှာ ကပ်လိုက်ကြ။ ကျုပ်ရဲ့ အံ့မခန်း အရည်အချင်းကို၊ အစ်မ တွမ်ယင်းယင်းအပေါ် ထားရှိတဲ့ ကျုပ်ရဲ့ အချစ်ကို လူသန်းပေါင်းများစွာကို သက်သေလုပ်ခိုင်းမယ်။”
အောက်ယွီ (ယွင်ကျုံးဟဲ့) လက်သီးလက်မောင်းတန်းကာ အော်ပြောလိုက်သည်။ “ကျုပ် အောက်ယွီက အရည်အချင်း အလွန် ထက်မြက်ပြီး အောက်မင်ကို အပိုင်းပိုင်း အစစလေးတွေ ဖြစ်သွားအောင် ချေမှုန်းပစ် နိုင်တယ်။ ကျုပ် အောက်ယွီကမှ တကယ့် ကျန်းကျိုးမြို့ရဲ့ နံပါတ်တစ် ပညာတတ်ဆိုတာကို ကျန်းကျိုးမြို့က လူတစ်သန်းကို သက်သေလုပ်ခိုင်းမယ်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် ဤစစ်ကြေညာစာကို ဝေ့မြို့စားကြီး အိမ်တော်၏ နံရံ အပြင်ဘက်တွင် တိုက်ရိုက် ကပ်လိုက်၏။
ထို့နောက် သူသည် တကယ်ပဲ လူများကို အစောင် တစ်ထောင် ကူးရေးခိုင်းပြီး ကျန်းကျိုးမြို့ တစ်မြို့လုံးတွင် ကပ်ခိုင်းတော့မှာဖြစ်သည်။
ဤအရည်အချင်း ယှဉ်ပြိုင်မှုကြီးကို ဆူညံပွက်လောရိုက်သွားအောင် သေချာပေါက် လှုံ့ဆော်ရမည်ဖြစ်ပြီး လူသန်းပေါင်းများစွာ၏ အာရုံစိုက်ရာ ဖြစ်လာစေရမည်။
…………………….
အပိုင်း (၂၃၂)
လူတိုင်းက နံရံပေါ်ရှိ ဤစစ်ကြေညာစာကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်ကြ၏။
အောက်ယွီ၏ ဤလက်ရေးက အရမ်း ဆိုးလွန်းလှသည်။ အသက်ရှစ်နှစ်အရွယ် ကလေး တစ်ယောက်လောက်တောင် မကောင်းဘဲ ယက်ကန်ယက်ကန် ဖြစ်နေကာ အကျည်းတန်လွန်းလှသည်။
ချက်ချင်းပဲ လူတစ်ယောက်က မေးလိုက်၏။ “သခင်လေး အောက်ယွီ... ခင်ဗျားရဲ့ ကျောက်တုံးမှတ်တမ်းက စာလုံးရေ ဘယ်လောက် ရေးပြီးပြီလဲ။”
အောက်ယွီက ပြန်ဖြေလိုက်သည်။ “တစ်လုံးမှ မရေးရသေးဘူး။ ဒါပေမဲ့ ဘာလောစရာ ရှိလို့လဲ။ လဝက်ကျော် လိုသေးတာပဲ။ နောက်ထပ် ကျုပ်က ဆယ်ရက်အတွင်း စာလုံးရေ နှစ်သိန်း ရေးမယ်။ နှစ်ထောင်ချီအတွင်း မကြုံစဖူးတဲ့ ဂန္ထဝင် လက်ရာကြီး ဖြစ်ရမယ်လို့ အာမခံတယ်။
ခင်ဗျားတို့ရဲ့ အတွင်းခံဘောင်းဘီတွေတောင် ကျွတ်ကျသွားလောက်အောင် တုန်လှုပ်သွားစေရမယ်လို့ အာမခံတယ်။ ကျုပ်က စာတစ်လုံးမှ မရေးရသေးပေမဲ့ ကျုပ် နာမည်ကြီးတော့မယ်လို့ ခံစားနေရတယ်။ ကျုပ်က တောင်ပိုင်းကျိုးအင်ပါယာရဲ့ အထူးချွန်ဆုံး စာဆိုတော်ကြီး ဖြစ်လာတော့မယ်။
အစ်မ ယင်းယင်း... ကျုပ်ရဲ့ ကျောက်တုံးမှတ်တမ်းကို စောင့်နေလိုက်တော့။ မကြာခင် ရေးတော့မယ်။ အောက်မင်ထက် အဆတစ်ရာ ပိုကောင်းအောင် ရေးပြမယ်လို့ အာမခံတယ်။ အစ်မကို အူတွေအသည်းတွေ ပြတ်ထွက်မတတ် ခံစားသွားရစေမယ်လို့ အာမခံတယ်။
အားလုံးပဲ စောင့်ကြည့်နေကြပါ။ ကျုပ်ရဲ့ ဒီ ပေါင်ယွီနှင့် မိန်းမလှတစ်ရာ စာအုပ်က အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကို အပြတ်အသတ် အနိုင်ယူမယ်။ သေချာပေါက် ချေမှုန်းပစ်ပြီး မြေကြီးပေါ် ဖိချကာ အကြိမ်တစ်ရာ၊ အကြိမ်တစ်ရာတောင် နင်းခြေပစ်မယ်။”
ယွင်ကျုံးဟဲ့ ကူးရေးမည့်စာအုပ်မှာ မည်သည့်စာအုပ် ဖြစ်မည်နည်း။
တရုတ်သမိုင်းတွင် နံပါတ်တစ် နာမည်ကျော်ကြားသော ခန်းဆောင်နီအိမ်မက် စာအုပ် ဖြစ်သည်။ ဤစာအုပ်၏ အနုပညာ အောင်မြင်မှုကတော့ ပြောနေစရာပင် မလိုတော့ချေ။
နှစ်ပေါင်းထောင်ချီအတွင်း ဝတ္ထုတစ်အုပ်အနေဖြင့်သာ ပြောရမည်ဆိုလျှင် မည်သူမှ ဤစာအုပ်ကို မယှဉ်နိုင်ပေ။
ဤစာအုပ်ကို စာမျက်နှာ အနည်းငယ်မျှ လှန်ကြည့်လိုက်သည်နှင့် မျက်နှာဆီသို့ တိုးဝင်လာသော စာသားများ၏ အငွေ့အသက်က စာဖတ်သူကို လွှမ်းမိုးသွားစေနိုင်ခြင်း ဖြစ်၏။
ကြိုက်သည် မကြိုက်သည်ကိုတော့ သီးသန့် ပြောရမှာ ဖြစ်သည်။
တကယ်တမ်းတော့ နာမည်ကျော် စာအုပ်ကြီးလေးအုပ်ထဲတွင် သိုင်းခေတ်မှတ်တမ်း နှင့် အနောက်ဘက်သို့ ခရီးသွားခြင်းက ပို၍ လူကြိုက်များသည်။ အဘယ်ကြောင့်ဆိုသော် ပိုမို ရိုးရှင်းလွယ်ကူပြီး ပိုမို စိတ်ဝင်စားစရာ ကောင်းသောကြောင့် ဖြစ်၏။
(သိုင်းခေတ်မှတ်တမ်း - ခေတ်သစ်စာရေးဆရာကြီး ကျင်းယုံက ၁၉၆၉ နဲ့ ၁၉၇၂ ကြားမှာမှ ရေးသားခဲ့သည့် သိုင်းဝတ္ထု)
သို့ပေမည့် အနုပညာ အောင်မြင်မှုကို ပြောရမည်ဆိုလျှင် ခန်းဆောင်နီအိမ်မက်က တကယ်ပဲ အဆင့်သုံးဆင့်လောက် ပိုမြင့်နေသည်။
သင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုစာအုပ်က ကောင်းလွန်းနေသည်မှာ အမှန်ဖြစ်သည်။ ၎င်း၏ အစွမ်းထက်မှုကြောင့်ပင် ဤစာအုပ် ပေါ်ထွက်လာပြီးနောက်ပိုင်း လေ့လာသူ အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှပြီး ဟုန်ရွှယ် ဆိုသည့် လေ့လာမှု ပညာရပ်တစ်ခုပင် ထွက်ပေါ်လာခဲ့သည်။ စာအုပ်တစ်အုပ်ကနေ ပညာရပ်တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်၏။
(ဟုန်ရွှယ် - တရုတ်ဂန္ထဝင်ဝတ္ထုကြီးဖြစ်သော ခန်းဆောင်နီအိပ်မက်ကို အထူးပြုလေ့လာသည့် ပညာရပ်)
တချို့ကတော့ အထင်သေးကောင်း အထင်သေးနိုင်သည်။ လူတစ်စုက စာပေအသိုင်းအဝိုင်းထဲမှာ ကိုယ့်ဘာသာကိုယ် ကစားနေပြီး ငွေနည်းနည်း လိမ်ယူနေတာပဲ မဟုတ်လားဟု တွေးကောင်း တွေးနိုင်သည်။
ရိုးရိုးသားသား ပြောရလျှင် ထိုသို့သော အခြေအနေမျိုး ရှိသည်မှာ အမှန်ပင်။
သို့ပေမည့် ခန်းဆောင်နီအိမ်မက်သည် တကယ်ပဲ လေ့လာသင့်သော စာအုပ် ဖြစ်သည်။ အတွင်းမှ အသေးစိတ် အချက်အလက်များ၊ ဇာတ်ကွက်ချိတ်ဆက်မှုများက တကယ်ကို ထူးခြားပြောင်မြောက်လွန်းလှသည်။
ဖော်ထုတ်ပြသထားသည်များ အများအပြား ရှိသလို ဖုံးကွယ်ထားသည်များလည်း ရှိသေး၏။ ခန်းဆောင်နီ အိမ်မက်ကို လေ့လာခဲ့သော နာမည်ကြီး ပညာရှင်များ မည်မျှများများ ရှိသနည်း။
ချိုက်ယွမ်ဖေ၊ ကျိုးရူချန်၊ လျိုရှင်းဝူ၊ ကျန်းအိုက်လင် စသည်ဖြင့် ရေတွက်၍ပင် မကုန်နိုင်ပေ။
(ချိုက်ယွမ်ဖေ - ခေတ်သစ်တရုတ်နိုင်ငံ၏ ပညာရေးဖခင်ကြီးဟု တင်စားခံရသူဖြစ်ပြီး ပီကင်းတက္ကသိုလ်၏ အဓိပတိတစ်ဦး၊
ကျိုးရူချန် - ခေတ်သစ် ဟုန်ရွှယ် (နီဗေဒ) လောက၏ ဖခင်ကြီး၊ တစ်ဘဝလုံးကို ဤဝတ္ထုလေ့လာရေး အတွက် ပေးဆပ်ခဲ့သူ၊
လျိုရှင်းဝူ - ခေတ်သစ်တရုတ်စာရေးဆရာတစ်ဦးဖြစ်ပြီး CCTV ၏ Lecture Room အစီအစဉ်ကနေ ခန်းဆောင်နီအိပ်မက်အကြောင်း ဟောပြောရာမှ အရမ်းနာမည်ကြီးလာသူ၊
ကျန်းအိုက်လင် - ၂၀ ရာစု၏ အကျော်ကြားဆုံး တရုတ်အမျိုးသမီးစာရေးဆရာမကြီး)
ပို၍ အစွမ်းထက်သော ဝမ်ကော်ဝေ့၊ ကျိုးရူချန်၊ ဟူရှီ တို့လည်း ရှိသေး၏။ ထို့အပြင် ပို၍ ပို၍ အစွမ်းထက်သော ဥက္ကဋ္ဌမော် တောင် ရှိသေးသည်။
(ဝမ်ကော်ဝေ့ - ချင်းမင်းဆက်နှောင်းပိုင်းနဲ့ သမ္မတနိုင်ငံခေတ်ဦးမှာ အကျော်ကြားဆုံး ပညာရှင်ကြီးတစ်ဦး၊
ကျိုးရူချန် - ခေတ်သစ်နီဗေဒ၏့ အကြီးကျယ်ဆုံးသော သုတေသီ၊
ဟူရှီ - တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုသစ်လှုပ်ရှားမှု၏ အဓိက ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ခေတ်သစ်နီဗေဒကို တည်ထောင်သူ၊
ဥက္ကဋ္ဌမော် - တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကြီး မော်စီတုန်း)
သေချာသည်မှာ တရုတ်သမိုင်းတွင် အခြားသော အလွန် ထူးချွန်သည့် နာမည်ကျော် စာအုပ်များလည်း ရှိသေးပြီး အချို့သော အပိုင်းများတွင် ခန်းဆောင်နီအိမ်မက်နီးပါး ထူးချွန်သည်မှာ ကျင်းဖျင်မေ ဖြစ်၏။
(ကျင်းဖျင်မေ - မင်မင်းဆက်ခေတ်မှာ ရေးသားခဲ့ခြင်းဖြစ်ပြီး ချမ်းသာကြွယ်ဝပြီး ကာမဂုဏ်လိုက်စားတဲ့ ကုန်သည် ရှီးမန်ချင်းနှင့် သူ၏ မယားအများအပြားကြားက အရှုပ်အထွေး၊ နန်းတွင်းအရာရှိများနှင့် ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှု၊ လူ့လောက၏ လောဘ၊ ဒေါသ၊ မောဟများကို အကျည်းတန်စွာ ရေးသားထားသည့် စာအုပ်)
သို့ပေမည့် ဘက်စုံ အနုပညာ အောင်မြင်မှုကို ပြောရမည်ဆိုလျှင် ခန်းဆောင်နီအိမ်မက်က တစ်ဖက်လူကို ဘက်စုံကနေ အပြတ်အသတ် အနိုင်ယူနိုင်စွမ်းရှိဆဲ ဖြစ်သည်။
ထို့ကြောင့် ယွင်ကျုံးဟဲ့က ကျောက်တုံးမှတ်တမ်း စာအုပ်အဖြစ် ကူးရေးလိုက်ချိန်တွင် အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမှုန်းနိုင်မည်လား။ ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။
ယွင်ကျုံးဟဲ့သည် ကျောက်စိမ်းမြို့မှတ်တမ်း စာအုပ်ကို တစ်ကြိမ်မှ မဖတ်ဖူးသော်လည်း အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်း သည် ခန်းဆောင်နီအိမ်မက်၏ အနုပညာ အောင်မြင်မှု တစ်ဝက်ခန့် ရှိနေလျှင်ပင် အမြင့်ဆုံး ဖြစ်နေပြီဟု ရာခိုင်နှုန်း တစ်ရာ သေချာပေါက် ပြောရဲသည်။
အောက်မင်တွင် အရည်အချင်းရှိသည်ကတော့ အမှန်ဖြစ်ပြီး သူ၏ ကျောက်စိမ်းမြို့မှတ်တမ်း သည်လည်း စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်မှာ ထင်ရှားသည်။ သို့မဟုတ်ပါက ကျန်းကျိုးမြို့ ယွဲ့တန်းဖျင်၏ ပထမနေရာကို ရရှိမည် မဟုတ်ပေ။
အဆင့်အတန်းအရ ပြောရမည်ဆိုလျှင် သူ၏စာအုပ်သည် ပြည်နယ်အဆင့် အကောင်းဆုံး လက်ရာ ဖြစ်သင့်သည်။ ထိုသို့ဆိုလျှင် ခန်းဆောင်နီအိမ်မက်နှင့် မည်မျှ ကွာခြားသနည်း။
ပြည်နယ်အဆင့် အကောင်းဆုံး လက်ရာ၊ နိုင်ငံတော်အဆင့် အကောင်းဆုံး လက်ရာ၊ ကမ္ဘာ့အဆင့် အကောင်းဆုံး လက်ရာ၊ အနှစ်ငါးဆယ်မှ တစ်ကြိမ် ပေါ်ထွက်လာနိုင်သော၊ နှစ်တစ်ရာမှ တစ်ကြိမ် ပေါ်ထွက်လာနိုင်သော ဂန္ထဝင် လက်ရာ၊ နှစ်တစ်ထောင်မှ တစ်ကြိမ် ပေါ်ထွက်လာနိုင်သော ဂန္ထဝင် လက်ရာများ ရှိသည်။
ခန်းဆောင်နီအိမ်မက်သည် ထိုအမြင့်ဆုံး နေရာတွင် ရှိနေခြင်း ဖြစ်၏။ ထိုနှစ်ခုကို တစ်နေရာတည်းတွင် ထား၍ နှိုင်းယှဉ်ခြင်းက မတရားလှပေ။
တကယ်ကိုပဲ အပိုင်းပိုင်း အစစလေးတွေ ဖြစ်သွားအောင် ချေမှုန်းပစ်ပြီး အကြိမ်တစ်ရာ၊ အကြိမ် တစ်ထောင်တောင် နင်းခြေပစ်နိုင်သည်။
သေချာသည်မှာ သာမန်လူများက ဤသိသာထင်ရှားသော ကွာဟမှုကို ဖတ်၍ သိနိုင်မည် မဟုတ်ဘဲ အနုပညာ ခံစားတတ်မှု အဆင့်အတန်း လိုအပ်သည်။
ဤသည်မှာ ကော်ဖီ စသောက်ဖူးသူ တစ်ယောက်ကို လတ်လတ်ဆတ်ဆတ် ကြိတ်ထားသော တစ်ပေါင်ကို ယွမ်တစ်ထောင်တန် ကော်ဖီစေ့ဖြင့် ဖျော်ထားသည့် ကော်ဖီတစ်ခွက် တိုက်ပြီး အခြားတစ်ဖက်တွင် အသင့်ဖျော် ကော်ဖီတစ်ခွက် တိုက်ကာ မည်သည့်ကော်ဖီက ပိုကောင်းသနည်းဟု မေးလိုက်သည်နှင့် တူသည်။ ရာခိုင်နှုန်း ခုနစ်ဆယ်ခန့်က အသင့်ဖျော် ကော်ဖီက ပိုကောင်းသည်ဟု ဖြေကြမှာ ဖြစ်၏။
သေချာသည်မှာ အကယ်၍ သင်က လက်နှင့်ဖျော်ထားသော ဂေးရှားကော်ဖီ တစ်ခွက်ကို တိုက်လိုက်လျှင် ကော်ဖီ တစ်ခါမှ မသောက်ဖူးသည့်သူတောင် ဤကော်ဖီက တကယ်ကောင်းသည်ဆိုသည်ကို သိနိုင်ပေ လိမ့်မည်။
(ဂေးရှားကော်ဖီ - ကမ္ဘာ့အဖိုးတန်ဆုံး၊ ဈေးအကြီးဆုံးနှင့် အရည်အသွေးအကောင်းဆုံးဟု သတ်မှတ်ခံရသည့် Specialty Coffee မျိုးစိတ်တစ်ခု)
ခန်းဆောင်နီအိမ်မက်သည် ထိုသို့သော ချက်ချင်းချေမှုန်းနိုင်သည့် အဆင့်မျိုး ဖြစ်သည်။ ရှို့ချိုင် အဆင့်နှင့် အထက် ပညာတတ်များဆိုလျှင် ခန်းဆောင်နီအိမ်မက်နှင့် ကျောက်စိမ်းမြို့မှတ်တမ်း တို့၏ ကြီးမားသော ကွာဟမှုကို သေချာပေါက် မြင်တွေ့နိုင်မှာဖြစ်၏။
ရှို့ချိုင်များကို အထင်မသေးလိုက်ပါနှင့်။ မင်မင်းဆက်နှင့် ချင်းမင်းဆက် ခေတ်များတွင် စာမေးပွဲ တစ်ကြိမ်ဖြေတိုင်း တစ်နိုင်ငံလုံးတွင် လူတစ်သောင်း၊ နှစ်သောင်းခန့်သာ ရွေးချယ်ခံရခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ယွင်ကျုံးဟဲ့က ခန်းဆောင်နီအိမ်မက်ကို အလွတ်ကျက်နိုင်မည်လား။ သေချာပေါက် မရနိုင်ပေ။ ထိုအရာကို မည်သူက အလွတ်ကျက်နိုင်မည်နည်း။ သို့ပေမည့် ဒါဗင်ချီကတော့ အလွတ်ကျက်နိုင်သည်။ သို့သော်ငြား သူက ယခု ယွင်ကျုံးဟဲ့၏ ခန္ဓာကိုယ်ထဲတွင် ရှိမနေချေ။
သို့ပေမည့် X စိတ်ကျန်းမာရေးဆေးရုံ အတွင်း၌ ကွန်ပျူတာ အမြောက်အမြားရှိပြီး စူပါ ကွန်ပျူတာ တစ်လုံးလည်း ရှိကာ အတွင်းရှိ အချက်အလက် ပမာဏမှာ နက္ခတ္တဗေဒ ကိန်းဂဏန်းများကဲ့သို့ ဖြစ်သည်။ ခန်းဆောင်နီအိမ်မက်ကို မဆိုထားနှင့်။ အိန္ဒိယ၏ ကာမသျှတ္တရကျမ်းပင် ရှိသေး၏။
ယွင်ကျုံးဟဲ့ ရေးသားထားသော ဤစစ်ကြေညာစာကို မြင်တွေ့လိုက်ရချိန်တွင် တွမ်ယင်းယင်းသည် တကယ်ပဲ စိတ်လှုပ်ရှားသွားခဲ့သည်။
သူမက အောက်မင်ကိုယ်စား ချက်ချင်း သဘောတူလိုက်ချင်စိတ်များ ပေါက်သွားခဲ့၏။ ဤလောကတွင် ဤမျှ တန်ဖိုးရှိသော ကိစ္စမျိုး မည်သည့်နေရာတွင် ရှိနိုင်မည်နည်း။
အရူးတစ်ယောက်က အိမ်ပေါက်ဝအထိလာပြီး သမိုင်းတစ်လျှောက် မတရားဆုံးသော လောင်းကြေးကို ပေးလာသည် မဟုတ်လား။
အောက်ယွီဆိုသည့် ဤအသုံးမကျသူက ကျောက်စိမ်းမြို့မှတ်တမ်းထက် ပိုကောင်းသော ဝတ္ထုစာအုပ်ကို ရေးချင်သေးသည်လား။
ဆောင်းဦးပေါက် နိုင်ငံတော် စာမေးပွဲမှာ ထိပ်ဆုံး သုံးနေရာထဲ ဝင်ချင်သေးသည်လား။ ဤသည်က နေ့ခင်းကြောင်တောင် အိပ်မက်မက်နေသည် မဟုတ်တော့ဘဲ လုံးဝ ရူးသွပ်နေခြင်း ဖြစ်သည်။
သို့ပေမည့် သူမက တကယ်ပဲ သဘောတူ၍ မရနိုင်ပေ။ အလွန် အရှက်ရစရာ ကောင်းလွန်းလှပြီး အရူးကို အနိုင်ကျင့်နေသည်ဟု အခြားသူများက ထင်မြင်သွားကြပေလိမ့်မည်။
ထိုနေရာရှိ ပွဲကြည့်ပရိသတ် ထောင်ပေါင်းများစွာကလည်း ယုတ္တိမရှိဟု ထင်မြင်နေကြသည်။
‘အောက်ယွီရဲ့ နာမည်ကို ဘယ်သူက မသိဘဲ နေမှာလဲ။ ကမ္ဘာ့နံပါတ်တစ် အသုံးမကျသူလေ။ တကယ်လို့ ခင်ဗျားရေးတဲ့စာအုပ်က အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းထက် ပိုကောင်းနေရင်၊ တကယ်လို့ ခင်ဗျားက ဆောင်းဦးပေါက် စာမေးပွဲမှာ ထိပ်ဆုံး သုံးနေရာထဲ ဝင်သွားရင် ကျုပ်က လက်နှစ်ဖက်နဲ့ ဇောက်ထိုးရပ်ပြီး မြို့တစ်ပတ် အဝတ်ဗလာနဲ့ ပြေးပြမယ်။’
ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ “အစ်မ ယင်းယင်း... အစ်မ မရဲဘူးလား။”
‘မရဲတာ မဟုတ်ဘူး။ မလုပ်နိုင်တာ။ ဒီလိုလုပ်ရင် အရူးတစ်ယောက်ကို အနိုင်ကျင့်ပြီး နိုင်သွားတာက ဂုဏ်ယူစရာ မကောင်းဘူးလို့ အခြားသူတွေက ထင်သွားမှာစိုးလို့။ ပြီးတော့ ရိုးရိုးသားသား ပြောရရင် ရှင် အောက်ယွီက ကျွန်မနဲ့ လောင်းကြေးထပ်ဖို့အထိ မတန်သေးဘူး။
ကျွန်မနဲ့ အောက်မင်က ဘယ်လို အဆင့်အတန်းရှိတဲ့သူတွေလဲ။ ကျန်းကျိုးမြို့ရဲ့ ပိရမစ်ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ရွှေမင်းသားနဲ့ ရွှေမင်းသမီးတွေလေ။ ရှင် အောက်ယွီက ဘယ်လို အဆင့်အတန်းရှိတဲ့သူလဲ။ ရှင်က ခြေဖျားထောက်ပြီး ကြိုးစားရင်တောင် ကျွန်မတို့ရဲ့ ခြေဖဝါးကို မမီနိုင်ဘူး။’
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်မ ယင်းယင်း... အစ်မက တကယ်ပဲ ကျုပ်ကို ကြောက်သွားတာပဲ။ အောက်မင်လည်း တကယ်ပဲ ကျုပ်ကို ကြောက်သွားတာပဲ။ ခင်ဗျားတို့က ကျုပ်ကို ရှုံးမှာ ကြောက်နေကြတာ။ ကျုပ်က တကယ်ပဲ အရည်အချင်းတွေ လျှံကျနေတာကိုး။ အစ်ကို အောက်မင်နဲ့ အစ်မ တွမ်ယင်းယင်းတောင် ကျုပ်နဲ့ မယှဉ်ရဲတော့ဘူးပဲ။ ဟား ဟား ဟား။”
လူတိုင်းက ယွင်ကျုံးဟဲ့ကို အရူးတစ်ယောက်လို ကြည့်နေကြ၏။
ယွင်ကျုံးဟဲ့က အေးစက်စွာ ရယ်မောလျက် ပြောလိုက်သည်။ “မယှဉ်ရဲမှတော့ နောက်ဆိုရင် အောက်မင်ကလည်း ကျန်းကျိုးမြို့ရဲ့ နံပါတ်တစ် ပညာတတ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နာမည်မတပ်နဲ့တော့။ လာကြစမ်း... သစ်သားပြားတစ်ခု ယူခဲ့။”
ချက်ချင်းပဲ နုလန်ဟောက် အိမ်တော်မှ သက်တော်စောင့် နှစ်ယောက်က ပါးလွှာသော သစ်သားပြား တစ်ခုကို သယ်ဆောင်လာခဲ့သည်။ ထိုအပေါ်တွင် ယက်ကန်ယက်ကန် ဖြစ်နေသော စာလုံးကြီးများဖြင့် ကျန်းကျိုးမြို့၏ နံပါတ်တစ် ပညာတတ်ဟု ရေးသားထား၏။
“အောက်မင်... ခင်ဗျားက ကျုပ်နဲ့ မယှဉ်ရဲမှတော့ နောက်ဆိုရင် ခင်ဗျားကိုယ်ခင်ဗျား ကျန်းကျိုးမြို့ရဲ့ နံပါတ်တစ် ပညာတတ်လို့ ထပ်မပြောနဲ့တော့။” ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
ထို့နောက် သူက ဘရုစ်လီ၏ ထူးဆန်းသော အော်သံမျိုးကို ထုတ်လွှတ်လိုက်ပြီး ခြေထောက်ဖြင့် ရုတ်တရက် ကန်ချလိုက်၏။
“ဂျွတ်... ဂျွတ်...”
ထိုကျန်းကျိုးမြို့၏ နံပါတ်တစ် ပညာတတ်ဟု ရေးသားထားသော သစ်သားပြားသည် ချက်ချင်းပဲ အပိုင်းပိုင်း အစစ ကွဲအက်သွား တော့သည်။
ဤမြင်ကွင်းက တကယ်ပဲ ရင်းနှီးလွန်းလှသည်။ ချန်ကျန်က အာရှလူမမာ ဆိုင်းဘုတ်ကို ကန်ချိုးလိုက် သလိုမျိုးပင်။
(ရုပ်ရှင်ထဲက နာမည်ကြီး ဇာတ်ဝင်ခန်းတစ်ခုမှာ ဂျပန်လူမျိုးတွေက တရုတ်သိုင်းကျောင်းကို အာရှလူမမာလို့ ရေးထားတဲ့ ဆိုင်းဘုတ်ကြီး လာပေးပြီး စော်ကားကြပါတယ်။ အဲဒီအခါ ချန်ကျန်က ဂျပန်ဒိုဂျို (သိုင်းသင်တန်းကျောင်း) ကို သွားပြီး သူတို့ကို အနိုင်တိုက်ခိုက်ခဲ့ပါတယ်။ ပြီးတော့ အဲဒီဆိုင်းဘုတ်ကို ခြေထောက်နဲ့ ကန်ချိုးပြီး တရုတ်လူမျိုးတွေဟာ အာရှလူမမာ မဟုတ်ဘူးလို့ ကြွေးကြော်ခဲ့ပါတယ်။)
သို့ပေမည့် ယွင်ကျုံးဟဲ့၏ အားနည်းသော ခြေထောက်စွမ်းအားဖြင့် ကန်ချိုးရန် မဖြစ်နိုင်သည်မှာ သေချာသည်။ သူ ကန်လိုက်သည့် အခိုက်အတန့်တွင် သက်တော်စောင့် နှစ်ယောက်က အားကုန်သုံး၍ ညှစ်ခွဲလိုက်ခြင်းသာ ဖြစ်သည်။
............................