← Chapters

အခန်း (၂၃၃-၂၃၄)

Vol. 20 Ch. 233-234

အခန်း (၂၃၃-၂၃၄)

Vol. 20 Ch. 233-234

အပိုင်း (၂၃၃)

တွမ်ယင်းယင်းက ပြောလိုက်၏။ “အောက်ယွီ... ရှင် ရမ်းကားတာ လုံလောက်ပြီ။ ရှင် ထွက်သွားတော့။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အစ်မ ယင်းယင်း... အစ်မက လက်ခံရဲလား။ အကယ်၍ ကျုပ်ရဲ့ ကျောက်တုံးမှတ်တမ်းက အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကို အပိုင်းပိုင်း အစစတွေ ဖြစ်သွားအောင် ချေမှုန်းနိုင်ခဲ့ရင်၊ ကျုပ်က ဆောင်းဦးပေါက် စာမေးပွဲမှာ ထိပ်ဆုံး သုံးနေရာထဲ ဝင်ခဲ့ရင် အစ်မ ကျုပ်ကို လက်ထပ်မလား။”

တွမ်ယင်းယင်းက တိတ်ဆိတ်နေ၏။

ယွင်ကျုံးဟဲ့က ထပ်ပြောလိုက်သည်။ “အစ်မသာ သဘောမတူရင် ကျုပ်က နေ့တိုင်း ခင်ဗျားတို့ ဝေ့မြို့စားကြီး အိမ်တော်ရှေ့မှာ နေ့တိုင်း သစ်သားပြားတစ်ခုကို လာကန်ခွဲမယ်။”

တွမ်ယင်းယင်းက အေးစက်စက် မေးလိုက်၏။ “အကယ်၍ ရှင် ရှုံးရင် ကျွန်မကို လာမနှောင့်ယှက်ဘဲ နေနိုင်မလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “သေချာတာပေါ့။ ကျုပ် ရှုံးရင် အဲဒီအချိန်ကစပြီး အစ်မက ကျုပ်ရဲ့ မရီး ဖြစ်သွားပြီဆိုတော့ နည်းနည်းလေးတောင် နှောင့်ယှက်ရဲမှာ မဟုတ်တော့ဘူး။ ပြီးတော့ ကျုပ်က ဆက်ခံခွင့် အားလုံးကိုလည်း စွန့်လွှတ်မယ်။ ကျုပ်တို့အိမ်က ပိုင်ဆိုင်မှု အားလုံးက အစ်ကို အောက်မင်ဟာ ဖြစ်သွားမှာပဲ။ နုလန်ဟောက် ရာထူး အပါအဝင်ပေါ့။”

တွမ်ယင်းယင်းက ပြောလိုက်၏။ “ဒါဆိုလည်း ကောင်းပြီ။ ရှင် ပြောတဲ့အတိုင်းပဲ။ အဲဒီအချိန်ကျရင် ကျွန်မကို လာမနှောင့်ယှက်နဲ့တော့။”

ယွင်ကျုံးဟဲ့က ပြောသည်။ “ဒါဆိုရင် ကတိပြုတဲ့အနေနဲ့ ကျုပ်ရဲ့ စစ်ကြေညာစာပေါ်မှာ လက်မှတ်ထိုး။”

တွမ်ယင်းယင်းသည် စုတ်တံကို ယူကာ အံကြိတ်လျက် ယွင်ကျုံးဟဲ့၏ စစ်ကြေညာစာပေါ်တွင် သူမ၏ နာမည်ကို လက်မှတ်ရေးထိုးလိုက်သည်။

ဤလက်ရေးက အလွန် ကောင်းမွန်လှပြီး အေးစက်လှပမှုများ ပြည့်နှက်နေကာ ယွင်ကျုံးဟဲ့၏ ကြက်ခြေထောက် လက်ရေးနှင့် ရှင်းလင်းသော နှိုင်းယှဉ်ချက် ဖြစ်နေသည်။ သူမနှင့် အောက်ယွီ အတူ မတ်တပ်ရပ်နေချိန်တွင် ကြိုးကြာငှက်နှင့် ကြက်ဖကဲ့သို့ ကွာခြားနေသကဲ့သို့ပင် ဖြစ်၏။

တကယ်တော့ တွမ်ယင်းယင်းသည် သူမ၏ နာမည်ကို အလွန် လက်မှတ်ရေးထိုးချင်နေခဲ့ခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤအရူးက ဤမျှ ယုတ္တိမရှိသော လောင်းကြေးကို အိမ်ပေါက်ဝအထိ လာပို့နေမှတော့ အားစိုက်ထုတ်စရာ မလိုဘဲ အနိုင်ရနိုင်သည် မဟုတ်လား။

သို့ပေမည့် ဤနာမည်ကို လက်မှတ်ရေးထိုးလိုက်ခြင်းက တကယ်ပဲ အရှက်ရစရာ ကောင်းပြီး အရူးကို အနိုင်ကျင့်သည်ဟု လူတိုင်းက ပြောဆိုကြမှာ ဖြစ်၏။

သို့ပေမည့် အကျိုးအမြတ်က ပေးဆပ်ရမှုထက် များစွာ ပိုများနေသောကြောင့် ဤဂုဏ်သိက္ခာ ပျက်စီးသွားရခြင်းက တန်ဖိုးရှိလှသည်။

လက်မှတ်ရေးထိုးပြီးနောက် တွမ်ယင်းယင်းက ပြောလိုက်၏။ “အောက်ယွီ... ရှင် ရှုံးရင် ကျွန်မကို လုံးဝ လာမနှောင့်ယှက်တော့ဘူးဆိုတာ သေချာတယ်နော်။”

ဤကောက်ကျစ်သော မိန်းမက ယွင်ကျုံးဟဲ့ကို သစ္စာဆိုစေချင်နေခြင်း ဖြစ်သည်။ ဆက်ခံခွင့် ကိစ္စကို ပြောချင်နေသည်မှာ အသိသာကြီး ဖြစ်ပါလျက် သူမကို မနှောင့်ယှက်ရန် ဆိုသည့် စကားကို မာနကြီးစွာ ပြောနေခြင်း ဖြစ်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ကျုပ် သစ္စာဆိုတယ်။ ဒီလောင်းကြေးမှာ ကျုပ် ရှုံးရင် တွမ်ယင်းယင်းကို လုံးဝ မနှောင့်ယှက်တော့ဘူး။ နုလန်ဟောက် ရာထူး ဆက်ခံခွင့်ကိုလည်း အပြီးတိုင် စွန့်လွှတ်မယ်။ အကယ်၍ ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ကောင်းကင်က ဒဏ်ခတ်ပြီး မြေကြီးက ဖျက်ဆီးပါစေ။ အောက်မျိုးနွယ်စုရဲ့ ဘိုးဘွားတွေတောင် မြေအောက်မှာ အေးအေးချမ်းချမ်း မနေရပါစေနဲ့။”

ဘိုးဘွားတွေကို အသုံးပြု၍ သစ္စာဆိုခြင်းက တကယ်ပဲ ရက်စက်လွန်းလှသည်။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “အစ်မ ယင်းယင်း... ကျုပ်က သစ္စာဆိုပြီးသွားပြီ။ အစ်မလည်း လူအများရှေ့မှာ သစ္စာဆိုရမယ့် အလှည့် ရောက်ပြီ။”

အရမ်း အောက်တန်းကျလွန်းသည်။ အရမ်း ရိုင်းစိုင်းလွန်းလှ၏။ တွမ်ယင်းယင်းသည် ယွင်ကျုံးဟဲ့ကို လက်ထပ်မည်ဆိုသော စကားလုံးမျိုးကို မပြောချင်ပေ။

ထို့ကြောင့် သူမသည် လက်ကို မြှောက်ကာ ပြောလိုက်သည်။ “ကျွန်မ တွမ်မျိုးနွယ်စုရဲ့ ဘိုးဘွားတွေကို တိုင်တည်ပြီး သစ္စာဆိုပါတယ်။ အကယ်၍ ကတိဖောက်ဖျက်ခဲ့ရင် ကောင်းကင်က ခွင့်မလွှတ်ပါစေနဲ့၊ မြေကြီးက ခွင့်မလွှတ်ပါစေနဲ့၊ ဘိုးဘွားတွေက ခွင့်မလွှတ်ပါစေနဲ့။”

‘အောင်မြင်သွားပြီ။’

ယွင်ကျုံးဟဲ့က အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “မြို့သူမြို့သား အားလုံးပဲ သက်သေလုပ်ပေးကြပါ။ အကယ်၍ ဒီလောင်းကြေးကို ကျုပ် နိုင်ရင် အစ်မ တွမ်ယင်းယင်းက ကျုပ်ကို လက်ထပ်ရတော့မယ်။ အောက်မင်ကလည်း ဆက်ခံခွင့် အငြင်းပွားမှုကနေ အပြီးတိုင် ထွက်ခွာရတော့မယ်။”

ထိုနေရာရှိ လူထောင်ပေါင်းများစွာက သေချာပေါက် သက်သေလုပ်ပေးနိုင်သည်။

သို့ပေမည့် အားလုံးက ယွင်ကျုံးဟဲ့ကို အရူးတစ်ယောက်လို ကြည့်နေကြပြီး တွမ်ယင်းယင်းကို ကြည့်သော အကြည့်များကလည်း အနည်းငယ် ထူးဆန်းလာကြ၏။

‘ခင်ဗျားတို့က အရူးတစ်ယောက်ကို ဒီလို အနိုင်ကျင့်တာ သင့်တော်ရဲ့လား။’

ယခင်က နုလန်ဟောက်၏သား အောက်ယွီသည် ကမ္ဘာ့နံပါတ်တစ် အသုံးမကျသူ ဖြစ်သည်ဟု ကြားခဲ့ဖူးသော်လည်း ယခု ကြည့်ရသည်မှာ အသုံးမကျရုံတင်မက လုံးဝ ဦးနှောက်မရှိသူ ဖြစ်နေလေသည်။

တွမ်ယင်းယင်းက ပြောလိုက်၏။ “အောက်ယွီ... အခု ရှင် အိမ်ပြန်လို့ ရပြီလား။ ဒီနေရာမှာ ထပ်ပြီး ရမ်းကားမနေနဲ့တော့။”

“ရပြီ... ရပြီ... ရပြီ။”

ယွင်ကျုံးဟဲ့က ပြောသည်။ “အစ်မ ယင်းယင်း... ကျုပ် အခု ပြန်တော့မယ်။ အိမ်မှာ ကျုပ်ကို စောင့်နေနော်။ ကျုပ် နိုင်သွားတာနဲ့ အစ်မကို ချက်ချင်း လာလက်ထပ်မယ်။ ကျုပ်ရဲ့ စာအုပ်သစ် နာမည်ကြီးပြီး တစ်အုပ်တည်းနဲ့ နတ်ဘုရား ဖြစ်သွားမယ့် အချိန်ကို စောင့်နေလိုက်တော့။ အောက်မင်ကို ချေမှုန်းပြီး မြေကြီးပေါ် ဖိချကာ နင်းခြေပစ်မယ့် အချိန်ကို စောင့်နေလိုက်တော့။”

ထို့နောက် ယွင်ကျုံးဟဲ့သည် ပျော်ရွှင်စွာဖြင့် အိမ်ပြန်သွားခဲ့၏။

ဤလမ်းလျှောက်သည့် ဟန်ပန်က တကယ်ပဲ ဦးနှောက်မရှိသူ တစ်ယောက်နှင့် တူလွန်းလှသည်။ အနည်းဆုံးတော့ လူတိုင်း၏ မျက်လုံးထဲတွင် ဤသို့ပင် ဖြစ်နေသည်။

ထို့နောက် ယွင်ကျုံးဟဲ့သည် သူ ပြောခဲ့သည့်အတိုင်း တကယ် လုပ်ဆောင်ခဲ့ပြီး ပို၍ပင် လွန်ကဲသွားသေး၏။

သူသည် ဤစစ်ကြေညာစာကို အစောင်သောင်းချီ ပုံနှိပ်စေခဲ့ပြီး ကျန်းကျိုးမြို့၏ လမ်းမကြီးများ၊ လမ်းသွယ်များ အားလုံးတွင် ကပ်စေခဲ့သည်။

မည်သည့် လမ်းသွယ်ဖြစ်စေ လူဖြတ်သွားပါက အနည်းဆုံး သုံးစောင်တော့ သေချာပေါက် ကပ်ရမှာဖြစ်၏။

ဤသည်က နာမည်ကြီး စကားတစ်ခွန်းကို ရောင်ပြန်ဟပ်နေသည်။ မင်း မဖတ်တာကို ငါ ခွင့်ပြုတယ်။ ဒါပေမဲ့ မင်း မမြင်ရတာကိုတော့ ငါ လုံးဝ ခွင့်မပြုဘူး ဆိုသည့် စကားပင်။

ထို့ကြောင့် ကျန်းကျိုးမြို့၏ လူတစ်သန်းသည် ယွင်ကျုံးဟဲ့၏ အလွန် အကျည်းတန်သော လက်ရေးဖြင့် ရေးသားထားသော စာများ၏ လွှမ်းမိုးမှုကို ခံလိုက်ရတော့သည်။

အိမ်ပြင်ထွက်လိုက်သည်နှင့် ယွင်ကျုံးဟဲ့၏ စစ်ကြေညာစာကို မြင်တွေ့ရမှာဖြစ်သည်။ လက်ဖက်ရည်ဆိုင် သွားပြီး လက်ဖက်ရည် သောက်လျှင်လည်း ဤစစ်ကြေညာစာကို မြင်ရပေလိမ့်မည်။

ဖရဲစေ့ တစ်ထုပ် ဝယ်မည်ဆိုလျှင်တောင် လမ်းဘေးဈေးသည်များ ထုပ်ပိုးပေးလိုက်သည့် စက္ကူ နောက်ကျောတွင် ယွင်ကျုံးဟဲ့၏ စစ်ကြေညာစာ ဖြစ်နေဆဲပင်။

ခက်ခက်ခဲခဲ အိမ်သာသွားမည်ဆိုလျှင်တောင် ခေါင်းမော့ကြည့်လိုက်သည်နှင့် ယွင်ကျုံးဟဲ့၏ စစ်ကြေညာစာကို တွေ့ရပေမည်။

အစက အိမ်သာသုံး သစ်သားပြားကို ယူရန် လုပ်ထားသော်လည်း အိမ်သာသုံး စက္ကူ ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် အလွန် ဇိမ်ကျသွားသည်ဟု တွေးမိလိုက်သေး၏။ သို့ပေမည့် အိမ်သာသုံး စက္ကူ နောက်ကျောတွင်လည်း ယွင်ကျုံးဟဲ့၏ စစ်ကြေညာစာ ဖြစ်နေဆဲပင်။

‘ဒါ... ဒါက တကယ့်ကို ရူးသွပ်လောက်အောင် ဗုံးကြဲတိုက်ခိုက်မှုကြီးပဲ။’

ကျန်းကျိုးမြို့ တစ်မြို့လုံးရှိ လူတစ်သန်းသည် လုံးဝ ဦးနှောက်ဆေးခံလိုက်ရပြီး တကယ့်ကို မသိသူမရှိ၊ မကြားဖူးသူ မရှိ ဖြစ်သွားတော့သည်။

လမ်းမတိုင်း၊ လမ်းသွယ်တိုင်းတွင် အောက်ယွီနှင့် အောက်မင် ညီအစ်ကို နှစ်ယောက် စစ်ဖြစ်နေပြီဆိုသည်ကို သိရှိသွားကြ၏။

သိုင်းပညာ ယှဉ်ပြိုင်ကြခြင်း မဟုတ်ဘဲ အရည်အချင်းကို ယှဉ်ပြိုင်ကြခြင်း ဖြစ်၏။ နိုင်သောသူက တွမ်ယင်းယင်းကို လက်ထပ်ခွင့်ရမည်ဖြစ်ပြီး နုလန်ဟောက် အိမ်တော်၏ ဆက်ခံခွင့်ကိုလည်း ရရှိမှာ ဖြစ်သည်။

သေချာသည်မှာ ကျန်းကျိုးမြို့ လူတစ်သန်း၏ သဘောထားကတော့ တူညီကြသည်။ အောက်ယွီ ရှုံးမှာ သေချာပေါက်ဖြစ်ပြီး ရာခိုင်နှုန်း တစ်ဘီလီယံ ရှုံးမှာဖြစ်၏။

ဦးနှောက် မကောင်းသူ မဟုတ်လျှင် ဤသို့သော လောင်းကြေးမျိုးကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

ထို့ကြောင့် အောက်ယွီသည် ယခင်က ရှိခဲ့သော ကမ္ဘာ့နံပါတ်တစ် အသုံးမကျသူ ဆိုသည့် နာမည်ပြောင်အပြင် ကမ္ဘာ့နံပါတ်တစ် ဦးနှောက်မရှိသူ ဟူသည့် နောက်ထပ် နာမည်ပြောင် တစ်ခု တိုးလာခဲ့သည်။

ဦးနှောက် မရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ အနည်းဆုံးတော့ အောက်ယွီ နာမည်ကြီးသွားခဲ့ပြီ ဖြစ်၏။

ကျောက်တုံးမှတ်တမ်း ဆိုသည့် စာအုပ်သည် မထွက်ရှိသေးသော်လည်း မရေမတွက်နိုင်သော လူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။

လူတိုင်းက ဤကမ္ဘာ့နံပါတ်တစ် ဦးနှောက်မရှိသူ ရေးသားမည့် စာအုပ်သည် မည်မျှအထိ ဆိုးရွားမည်ကို သိချင်နေကြခြင်း ဖြစ်၏။

‘စာအုပ်တစ်အုပ်က ဘယ်လောက်အထိတောင် ဆိုးရွားနိုင်သလဲ၊ ဆိုးရွားလွန်းလို့ ကောင်းကင်ကိုတောင် ထိုးဖောက်သွားနိုင်မလားဆိုတာ ကျုပ်တို့ တကယ်ပဲ ကြည့်ချင်တယ်။’

ထို့အတူ အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းကလည်း ပို၍ နာမည်ကြီးလာခဲ့သည်။

မူလက ဤစာအုပ်သည် အဆင့်မြင့် ယဉ်ကျေးမှု အသိုင်းအဝိုင်းတွင်သာ ထင်ရှားခဲ့ခြင်း ဖြစ်သော်လည်း ယခုတော့ သာမန် ပြည်သူများပင် ရင်းနှီးလာကြပြီ ဖြစ်၏။

‘မဖြစ်ဘူး။ ကျုပ်လည်း တစ်အုပ်လောက် ဝယ်ဖတ်ကြည့်အုံးမှ... ဘယ်လောက်တောင် ကောင်းနေလို့လဲ ဆိုတာ သိရအောင်။’

ထို့ကြောင့် အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်း ရှေ့လေးအုပ်သည် နောက်တစ်ကြိမ် အရောင်းသွက် လာခဲ့ပြီး မူလ စံချိန်ကို ထပ်မံ၍ ချိုးဖျက်သွားခဲ့ပြန်သည်။

ထို့အပြင် ကျန်းကျိုးမြို့ တစ်မြို့လုံးသာမက ချန်လန် ပြည်နယ် တစ်ခုလုံးကပါ သုံးလပိုင်း သုံးဆယ်ရက်နေ့ ရောက်လာမည့်အချိန်ကို အလွန် မျှော်လင့်စောင့်စားနေကြ၏။

အဘယ်ကြောင့်ဆိုသော် ထိုနေ့တွင် အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းနှင့် အောက်ယွီ၏ ကျောက်တုံး မှတ်တမ်းတို့ ထွက်ရှိမည် ဖြစ်သောကြောင့်ပင်။

လူတိုင်းက မျှော်လင့်စောင့်စားနေကြသည်မှာ အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းက မည်မျှ ထူးချွန်မည်နည်း၊ အောက်ယွီဆိုသည့် အသုံးမကျသူ၏ ကျောက်တုံးမှတ်တမ်းကတော့ မည်မျှ ဦးနှောက် မရှိဖြစ်ပြီး မည်မျှ ဆိုးရွားမည်နည်း ဆိုသည်ကို ဖြစ်၏။

သေချာသည်မှာ ယွင်ကျုံးဟဲ့၏ ဤသို့ စစ်ကြေညာစာကို လမ်းမကြီးများ၊ လမ်းသွယ်များ အားလုံးတွင် လိုက်လံ ကပ်ထားသည့် လုပ်ရပ်သည် ဥပဒေနှင့်မညီဘဲ လုံးဝ ခွင့်မပြုထားသည့် ကိစ္စဖြစ်ကာ အစိုးရရုံးကသာ ဤသို့ လုပ်ဆောင်နိုင်သည်။

သို့ပေမည့် အလွန် ထူးဆန်းသည်မှာ ကျန်းကျိုးမြို့ မြို့ဝန်ရုံးက တားဆီးခြင်း မရှိသည့်အပြင် တိတ်တဆိတ် ခွင့်ပြုထားပြီး မြို့စောင့်များကိုပင် လျှို့ဝှက်စွာ သတိပေးထားကာ မည်သူမှ ဤစစ်ကြေညာစာများကို မခွာရန် အမိန့်ပေးထားခြင်းပင်ဖြစ်၏။

ထင်ရှားသည်မှာ ဤကိစ္စက သူတို့၏ အကျိုးစီးပွားကို အထောက်အကူ ပြုနေသည်ဟု သူတို့ ထင်မြင် နေသောကြောင့် ဖြစ်သည်။

‘အောက်ယွီက ဦးနှောက်မရှိဘဲ ဒီလို ယုတ္တိမရှိတဲ့ လောင်းကြေးကို အဆိုပြုလာမှတော့ ကျုပ်တို့ကလည်း ဝမ်းသာအားရ လက်ခံလိုက်ရုံပေါ့။ ပြီးတော့ ဒီအခွင့်အရေးကို ယူပြီး ကျန်းကျိုးမြို့က ပြည်သူ တစ်သန်းကိုပါ ဦးနှောက်ဆေးလိုက်အုံးမယ်။ ဒါက အောက်ယွီ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ ကျုပ်တို့က အနိုင်ကျင့်တာ မဟုတ်ဘူး။ နောက်ပိုင်း အောက်မင်က နုလန်ဟောက် ရာထူးကို ဆက်ခံတဲ့အခါ ဘယ်သူမှ အံ့ဩမနေကြနဲ့နော်။’

..................

ဤကာလအတွင်း အောက်ယွီသည် ကျန်းကျိုးမြို့တွင် အလွန် နာမည်ကြီးပြီး တစ်မြို့လုံးတွင် ရေပန်းစားနေခဲ့၏။

ကျင်းကျုံးယွဲ့သည်လည်း အနောက်ဘက် သဲကန္တာရတွင် အလွန် နာမည်ကြီးနေခဲ့၏။ ဤလအနည်းငယ်သည် သူမအတွက်လည်း လုံးဝ ထူးဆန်းပြီး ယုတ္တိမရှိသော အချိန်များ ဖြစ်ခဲ့သည်။

သူမက မြင်းစီးဓားပြ တစ်ယောက် လုပ်ချင်ခဲ့ရုံသက်သက်သာ ဖြစ်သည်။ လူအရေအတွက်ကလည်း နှစ်ထောင်၊ သုံးထောင်လောက်ဆိုလျှင် များနေပြီဖြစ်ပြီး တစ်ထောင် မကျော်ရင် အကောင်းဆုံးဖြစ်၏။

လေလို လျင်မြန်စွာ သွားလာလှုပ်ရှားပြီး နေ့တိုင်း အသားကို ဝဝစား၊ အရက်ကို အများကြီး သောက်ရလျှင် သူမ ကျေနပ်နေပြီဖြစ်သည်။

သို့သော်ငြား ယခု သူမ လက်အောက်မှာ လူနှစ်သောင်းလောက်တောင် ရှိနေလေ၏။ ယခင် သူမ လေခွင်းမြို့မှာ ရှိစဉ်တည်းက လေခွင်းချိုင့်ဝှမ်း တစ်ခုလုံးက စတုရန်းကီလိုမီတာ တစ်သောင်းကျော် ကျယ်ဝန်းသောကြောင့် ပိုင်နက်နယ်မြေက လုံလောက်အောင် ကြီးမားနေပြီဖြစ်၏။

ယခု သူမက အနောက်ဘက် သဲကန္တာရကို ရောက်ရှိလာပြီဖြစ်သောကြောင့် ပိုင်နက်နယ်မြေက အဆများစွာ ပိုကြီးမားသွားလေသည်။

‘နတ်ဘုရားတွေပဲ သိမယ်။ ဒီလူတွေ အားလုံးက ဘယ်ကနေ ရောက်လာတာလဲ။ ဒီပိုင်နက် နယ်မြေတွေကရော ဘယ်ကနေ ရောက်လာတာလဲ။’

သူမက တစ်ခါမှ ကိုယ့်သဘောနှင့်ကိုယ် နယ်မြေချဲ့ထွင်ဖို့ မကြိုးစားခဲ့ဖူးချေ။ တခြားသူများကသာ သူမကို တစ်ကြိမ်ပြီးတစ်ကြိမ် လာတိုက်ခိုက်ကြခြင်းပင်။

ထို့ကြောင့် သူမက တခြားသူများကို တစ်ကြိမ်ပြီးတစ်ကြိမ် ချေမှုန်းပစ်လိုက်သည်။ ရန်သူများကလည်း တစ်အုပ်စုပြီး တစ်အုပ်စု လက်နက်ချ အညံ့ခံကြ၏။

ထို့ကြောင့် သူမ၏ ပိုင်နက်နယ်မြေက ဆီးနှင်းလုံးလိမ့်သလို ပိုပိုပြီး ကြီးလာပြီး လက်အောက်ခံ စစ်သည်များ ကလည်း ပိုပိုပြီး များပြားလာခြင်း ဖြစ်သည်။

သူမက တကယ်ပဲ အသံကျယ်ကျယ်နှင့် အော်ဟစ်လိုက်ချင်နေတော့၏။ ‘ရှင်တို့ ကျွန်မကို လာမတိုက်ကြပါနဲ့တော့။ ထပ်ပြီး လာတိုက်ရင် ကျွန်မရဲ့ အင်ပါယာကြီးက အကြောင်းရင်း မရှိဘဲ ကြီးထွားလာတော့မယ်။ ကျွန်မက ရိုးရိုးရှင်းရှင်း မြင်းစီးဓားပြ တစ်ယောက်ပဲ လုပ်ချင်တာပါ။ ဘုရင်မ လုပ်ပြီး အာဏာမချဲ့ထွင်ချင်ပါဘူး။’

…………….

အပိုင်း (၂၃၄)

ကျန်းကျိုးမြို့ အတွင်း၌…

ယွင်ကျုံးဟဲ့၏အိမ်တွင် နေ့စဉ် လူများ ပြည့်ကျပ်နေပြီး တံခါးပေါက်တွင် ဈေးတစ်ခုလို စည်ကားနေသည်။

ကျန်းကျိုးမြို့ တစ်မြို့လုံးရှိ စာအုပ်ဆိုင်ပိုင်ရှင် အားလုံး ရောက်လာကြပြီး ယွင်ကျုံးဟဲ့၏ ကျောက်တုံး မှတ်တမ်းကို သူတို့ထံ အပ်နှံ၍ ပုံနှိပ်ထုတ်ဝေရန် တောင်းဆိုကြခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ကျောက်တုံးမှတ်တမ်းသည် မည်မျှပင် ဆိုးရွားအောင် ရေးထားပါစေ သေချာပေါက် ရောင်းကောင်းမည်ကို လူတိုင်း သိထားကြသောကြောင့်ပင်။

အောက်ယွီဆိုသည့် ကမ္ဘာ့နံပါတ်တစ် အသုံးမကျသူ ရေးသားထားသော စာအုပ်သည် မည်မျှအထိ ဆိုးရွားမည်ကို သိချင်၍ ဝယ်ဖတ်ချင်နေသူ မည်မျှရှိမှန်း မသိရပေ။ ပိုဆိုးလေ ပိုရောင်းကောင်းလေ ဆိုသည့် ထူးဆန်းသော အခြေအနေမျိုးပင် ဖြစ်ပေါ်လာနိုင်၏။

အဘယ်ကြောင့်ဆိုသော် လူတိုင်းတွင် သူတစ်ပါး အရှက်ကွဲသည်ကို ကြည့်ချင်သော စိတ်ပညာ ရှိသောကြောင့် ဖြစ်သည်။

စာအုပ်ဆိုင်ပိုင်ရှင်များက အလုအယက် တောင်းဆိုနေကြ၏။

“သခင်လေး အောက်ယွီ... ခင်ဗျားရဲ့ စာအုပ်ကို ကျုပ်တို့ဆီ ယုံယုံကြည်ကြည် အပ်လိုက်ပါ။ အုပ်ရေ နှစ်သောင်း ရောင်းရမယ်လို့ ကျုပ် အာမခံပါတယ်။”

“သခင်လေး အောက်ယွီ... ခင်ဗျားရဲ့ စာအုပ်က ဘယ်လောက်ပဲဆိုးဆိုး ရေးထားတာက စာလုံးတွေသာ ဖြစ်နေရင် ကျုပ်က အများကြီး ရောင်းရအောင် လုပ်ပေးနိုင်ပါတယ်။”

“သခင်လေး အောက်ယွီ... ခင်ဗျား ရေးထားတာက စာလုံးတွေ မဟုတ်ဘဲ ဂါထာမန္တန်တွေ ဖြစ်နေရင်တောင် အုပ်ရေ သုံးသောင်းကျော် ရောင်းရအောင် ကျုပ် လုပ်ပေးနိုင်ပါတယ်။”

“သခင်လေး အောက်ယွီ... ခင်ဗျား တကယ်လို့ မရေးချင်ဘူးဆိုရင် နာမည်လေး တပ်ပေးရုံနဲ့ ရပါတယ်။ ကျုပ်တို့က ခင်ဗျားအတွက် အစားရေးပေးမယ့်သူ ရှာပေးနိုင်ပါတယ်။ သေချာတာကတော့ ကျုပ်တို့ ရှာပေးတဲ့သူက ခင်ဗျား ရေးသလို ဆိုးဆိုးရွားရွားတော့ မရေးနိုင်ပါဘူး။ ဒါပေမဲ့ လုံလောက်အောင် ဆိုးရွားပြီး လုံလောက်အောင် ထူးဆန်းမယ်လို့တော့ အာမခံပါတယ်။”

ယွင်ကျုံးဟဲ့သည် ဤစကားကို ကြားသောအခါ မပျော်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မောင်းထုတ်... မောင်းထုတ်လိုက်။”

“သခင်လေး အောက်ယွီ... ကျုပ်က ခင်ဗျားအတွက် အဆင့်အတန်း အရမ်းမြင့်တဲ့ အစားရေးပေးမယ့်သူကို ရှာပေးနိုင်ပါတယ်။ တစ်မြို့လုံးကို အံ့ဩသွားစေရမယ်လို့ အာမခံပါတယ်။” အခြား စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်က ပြောလိုက်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို အဲဒီအဆင့်အတန်းက အောက်မင်ရဲ့ ကျောက်စိမ်းမြို့မှတ်တမ်းကို ကျော်လွန်နိုင်မလား။”

ထိုစာအုပ်ဆိုင်ပိုင်ရှင်က အံ့အားသင့်သွားပြီး ပြောလိုက်၏။ “ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အများဆုံး ကျောက်စိမ်းမြို့မှတ်တမ်းရဲ့ အဆင့်အတန်း တစ်ဝက်လောက် ရှိရင်တောင် အရမ်း တော်နေပြီ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ကျုပ်က တစ်မြို့လုံးကို ဘယ်လိုလုပ် အံ့ဩသွားစေနိုင်မှာလဲ။”

ထိုစာအုပ်ဆိုင်ပိုင်ရှင်က ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ အခြေခံအဆင့်က နိမ့်နေလို့လေ။ လူတိုင်းက ခင်ဗျားအပေါ် ထားတဲ့ မျှော်လင့်ချက်က အရမ်း နိမ့်နေတယ်။ နည်းနည်းလေး ဖတ်လို့ကောင်းတဲ့ လက်ရာလေး ထွက်လာရင်ကိုပဲ တစ်မြို့လုံးကို အံ့ဩသွားစေနိုင်ပါပြီ။”

ယွင်ကျုံးဟဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မောင်းထုတ်... မောင်းထုတ်လိုက်။”

‘အရမ်း လွန်လွန်းတယ်။ အမှန်တရားတွေကို လျှောက်ပြောနေတာပဲ။’

ဤတိုက်ပွဲကို ရင်ဆိုင်ရာတွင် ကျန်းကျိုးမြို့ တစ်မြို့လုံးကို မဆိုထားနှင့်။ မိခင်နှင့် ညီမဖြစ်သူတို့ပင် လုံးဝ ယုံကြည်မှု မရှိကြချေ။

မိခင် လျိုကတော်နှင့် ညီမ အောက်နင်နင်တို့သည် အောက်ယွီမှာ တကယ်တမ်း၌ မအသလို ပုံပြင် ပြောရသည်ကိုလည်း အလွန် နှစ်သက်ကြောင်း သိထားကြသည်။

သို့သော်ငြား သူပြောသော ပုံပြင်များသည် ယေဘုယျအားဖြင့် ထူးဆန်းသော သရဲပုံပြင်များသာဖြစ်ပြီး အစ်ကိုဖြစ်သူက စာအုပ် တစ်ကြိမ်မှ မရေးဖူးပေ။ စာပေအနုပညာ အဆင့်အတန်းကို ပြောရမည်ဆိုလျှင် အောက်မင်ကို လုံးဝ မမီနိုင်သည်မှာ သေချာလှ၏။

ထို့အပြင် အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းကို မိခင်နှင့် ညီမတို့ ဖတ်ဖူးကြပြီး အဆင့်အတန်းက အလွန် မြင့်မားကာ အနိုင်ယူရန် လုံးဝ မဖြစ်နိုင်ပေ။ သို့ပေမည့် ယခု အရာအားလုံးက လွန်သွားပြီဖြစ်ပြီး ဤလောင်းကြေးက အတည်ဖြစ်သွားပြီ ဖြစ်သည်။

တစ်ညတွင် မိခင်ဖြစ်သူသည် ယွင်ကျုံးဟဲ့ကို ဆွဲခေါ်ကာ တီးတိုးစကားများ ပြောခဲ့သည်။ သူမက အရင်ဆုံး သားဖြစ်သူ၏ ရဲရင့်မှုကို ချီးကျူးလိုက်ပြီးနောက် အယူအဆအချို့ကို သွတ်သွင်းပေးခဲ့၏။

ဥပမာ - အနိုင်အရှုံးအတွက် လိုအပ်လာပါက အထူးနည်းလမ်းအချို့ကိုလည်း အသုံးပြုနိုင်ကြောင်း၊ အရမ်း ခေါင်းမာနေစရာ မလိုကြောင်း စသဖြင့်ပင်။

နောက်ဆုံးတွင် သူမက ယွင်ကျုံးဟဲ့ကို ငွေစက္ကူ အထပ်လိုက်ကြီး ထည့်ပေးလိုက်သည်။

“သားရယ်… အခု အရမ်းကို ဆင်းရဲနွမ်းပါးနေတဲ့ ဉာဏ်ကြီးရှင်တွေ တကယ် ရှိပါတယ်။ တချို့ဆို ကျင်ရှီ တောင် ဖြစ်ဖူးတယ်။ ဒါပေမဲ့ ကြီးမားတဲ့ အမှုကြီးတွေ ကျူးလွန်မိလို့ ရာထူးတွေ အားလုံး ရုပ်သိမ်းခံရပြီး အခု အရမ်းကို ဆင်းရဲနွမ်းပါးနေကြတာ။ သားက သူတို့ကို သွားပြီး လူစားရေးခိုင်းလိုက်ပါလား။

ဥပမာ - ဒီ ရှန်ယီရှီ ဆိုရင် တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ။ သူက ထန်ဟွာ (နန်းတွင်းအဆင့် တတိယရသူ) နေရာတောင် ရဖူးတာ။ ဒါပေမဲ့ မရေးသင့်တာတွေ ရေးမိပြီး ဧကရာဇ်ဟောင်းရဲ့ အမျက်တော်ရှလို့ ရာထူးတွေ အားလုံး ရုပ်သိမ်းခံရပြီး အခု အရမ်းကို ဆင်းရဲနွမ်းပါးနေတယ်။ သား သူ့ဆီသွားပြီး လူစားရေးခိုင်းလိုက်ရင် အနည်းဆုံးတော့ ယှဉ်ပြိုင်နိုင်စွမ်း ရှိအုံးမှာပါ။”

ယွင်ကျုံးဟဲ့က ပြုံးကာ ငြင်းပယ်လိုက်သည်။ ထို့နောက် သူသည် ရူးသွပ်စွာဖြင့် စာရေးသည့် ဘဝကို စတင်လိုက်တော့၏။

ပထမလ ခြောက်ရက်နေ့တွင် သူသည် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့သည်။

နံပါတ်ဆယ့်ခြောက် ဒါဗင်ချီသည် နောက်တစ်ကြိမ် ဝင်ပူးလာပြီးနောက် X စိတ်ကျန်းမာရေးဆေးရုံ အတွင်းရှိ စူပါ ကွန်ပျူတာဆီသို့ သွားကာ ခန်းဆောင်နီအိမ်မက် စာအုပ်ကို ရှာဖွေကာ အလွတ်ကျက်မှတ်လိုက်သည်။

ထို့နောက် မိမိကိုယ်ကိုယ် အတင်းအဓမ္မ နိုးထစေပြီး ရူးသွပ်စွာ စာရေးတော့သည်။ စုတ်တံ အသုံးပြုရသည်က နှေးလွန်းသောကြောင့် ငန်းတောင်ကလောင်ကို အသုံးပြု၍ ရေးသား၏။

တစ်ရက်လျှင် ဆယ့်ငါးနာရီ စာရေးပြီး အစက တစ်ရက်လျှင် စာလုံးရေ နှစ်သောင်းသာ ရှိသော်လည်း နောက်ဆုံးတွင် စာလုံးရေ သုံးသောင်းအထိ တိုးမြှင့်ရေးသားလိုက်၏။ ရှစ်ရက်တည်းနှင့် သူသည် ခန်းဆောင်နီအိမ်မက် ပထမတွဲ၏ စာလုံးရေ နှစ်သိန်းကို ရေးသားနိုင်ခဲ့သည်။

မဟုတ်ပေ။ ကူးရေးနိုင်ခဲ့ခြင်း ဖြစ်၏။

နောက်ထပ် ဆယ့်ခြောက်ရက် အချိန်ကျန်သေးပြီး ဤစာအုပ်ကို သစ်သားပြားပေါ်တွင် ထွင်းထုကာ ပုံနှိပ်ထုတ်ဝေရန် လိုအပ်သည်။

အချိန်က ကပ်နေပြီး တာဝန်က ကြီးမားလှသည်။ လူအင်အား၊ ငွေကြေးအင်အား အမြောက်အမြား လိုအပ်ပြီး အထူးသဖြင့် ပန်းပုဆရာ အမြောက်အမြား လိုအပ်၏။

ဤအချိန်တွင် ရွှေ့ပြောင်းနိုင်သော စာလုံးပုံနှိပ်စက်များ အသုံးမပြုတော့ဘဲ ရိုးရိုးသားသား သစ်သားပြားပေါ်တွင် ထွင်းထုလိုက်ခြင်းက ပိုကောင်းသည်။

အနည်းဆုံး ပန်းပုဆရာ ရာပေါင်းများစွာ လိုအပ်ပြီး လူတစ်ယောက်လျှင် တစ်မျက်နှာစာ တာဝန်ယူရမှာ ဖြစ်၏။

ဤသည်မှာ စာအုပ်တိုက်ငယ်လေး တစ်ခုက လုပ်ဆောင်နိုင်မည့် ကိစ္စ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ယွင်ကျုံးဟဲ့သည် ကျန်းကျိုးမြို့၏ အကြီးဆုံး ထျန်းယီ စာအုပ်တိုက်ကို ပစ်မှတ်ထားလိုက်သည်။

ဤထျန်းယီ စာအုပ်တိုက်က အလွန် အစွမ်းထက်သည်လား။ ဟုတ်ပေသည်။ အလွန် အစွမ်းထက်၏။

ချန်လန်ပြည်နယ် တစ်ခုလုံးသာမက ပတ်ဝန်းကျင်ရှိ ပြည်နယ် အနည်းငယ်တွင်ပါ ဖတ်စာအုပ်များ အားလုံးကို သူတို့က ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်သည်။

အခြေခံ ဖတ်စာအုပ်များမှစ၍ ကျင်ရှီများသာ အသုံးပြုသော ကျမ်းစာများအထိ အားလုံးက ထျန်းယီ စာအုပ်တိုက်မှ ထွက်ရှိခြင်း ဖြစ်၏။

နှစ်စဉ် စာအုပ်ပေါင်း သန်းချီ ရောင်းချရသောကြောင့် အစွမ်းမထက်ဘဲ နေမည်လား။

ထို့အပြင် ထျန်းယီ စာအုပ်တိုက်၏ အဆင့်အတန်းကလည်း အလွန်မြင့်မားပြီး မည်သည့်အခါမှ ဝတ္ထု စာအုပ်များကို ပုံနှိပ်လေ့ မရှိပေ။

သူတို့ ပုံနှိပ်သော စာအုပ်များ အားလုံးသည် ခေတ်အဆက်ဆက် ဂန္ထဝင် ကျမ်းစာများ၊ သူတော်စင်များ၏ စာအုပ်များသာ ဖြစ်ကြသည်။

ထို့အပြင် ဤထျန်းယီ စာအုပ်တိုက်၏ တာဝန်ခံများ အားလုံးသည် အနားယူသွားသော အရာရှိကြီးများသာ ဖြစ်ကြပြီး ဝန်ကြီးဌာန ခြောက်ခုမှ အကြီးအကဲများ မဟုတ်လျှင် အစိုးရအဖွဲ့မှ အဓိက အရာရှိများ ဖြစ်ကြ၏။

အကယ်၍ သင်က ဒုဝန်ကြီး ရာထူးမှ အနားယူလာသူဖြစ်လျှင် ထျန်းယီ စာအုပ်တိုက်၏ ကျောင်းအုပ်ကြီး ဖြစ်လာရန် မျက်နှာပင် မရှိချေ။

အဘယ်ကြောင့် ကျောင်းအုပ်ကြီး ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စာအုပ်တိုက် တစ်ခုတည်း မဟုတ်ဘဲ စာသင်ကျောင်း တစ်ခုလည်း ဖြစ်သောကြောင့် ဖြစ်၏။

ယခုလက်ရှိ ထျန်းယီ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီးမှာ အိမ်ရှေ့စံ၏ ဆရာဟောင်း၊ ပညာရေး ဝန်ကြီးဟောင်း ကျူ့လန်ထျန်း ပင်ဖြစ်သည်။

သူသည် ယခုနှစ်တွင် အသက် ခုနစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်ပြီး အရာအားလုံးကို စောစောတည်းက နားလည် သဘောပေါက်ထားပြီ ဖြစ်၏။ သူသည်လည်း ပညာတတ် အုပ်စုတွင် ပါဝင်သော်လည်း အမတ်ချုပ်ကြီးလင် နှင့်တော့ သေခန်းပြတ် ရန်သူ ဖြစ်သည်။

ထိုနှစ်က သူ့ကို ပညာရေးဝန်ကြီး ရာထူးမှ ဖယ်ရှားခဲ့သူမှာ အမတ်ချုပ်ကြီးလင် ပင်ဖြစ်၏။

အောက်မင်၏ ကျောထောက်နောက်ခံ အကြီးစား၊ သူ၏ ဆရာမှာလည်း အစိုးရအဖွဲ့တွင် နံပါတ်သုံး နေရာရှိ အမတ်ချုပ်ကြီးလင် ဖြစ်သည်။

ထို့အပြင် ဤကျူ့လန်ထျန်း သည် တကယ့် ကဗျာဆရာကြီး၊ စာပေပညာရှင်ကြီး ဖြစ်ပြီး အဆင့်အတန်းမှာ တာရှအင်ပါယာမှ လီထိုက်အာ ကို မမီသော်လည်း ဆရာကြီးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထိုသို့မဟုတ်ပါက ထျန်းယီ စာသင်ကျောင်း၏ ကျောင်းအုပ်ကြီး နေရာကို သူက ရယူနိုင်မည် မဟုတ်ပေ။

ဤအချိန်တွင် ဤအိမ်ရှေ့စံ၏ ဆရာဟောင်း ကျူ့လန်ထျန်း သည် မီးရောင်အောက်တွင် စာဖတ်နေသည်။

သူ၏ ဘဝနေထိုင်မှုမှာ အလွန် ရိုးရှင်းပြီး ဟန်ဆောင်နေခြင်း မဟုတ်ပေ။

သူ လူငယ်ဘဝကလည်း ခမ်းနားကြီးကျယ်မှုများကို လိုက်စားခဲ့ဖူးသော်လည်း အသက်ကြီးလာသောအခါ လိုချင်တပ်မက်မှု အများအပြားက ပျောက်ကွယ်သွားပြီး တကယ့်ကို ရိုးရှင်းသော ဘဝသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

သူ၏ တစ်သက်တာတွင် အကြိုက်ဆုံးမှာ စာဖတ်ခြင်းဖြစ်ပြီး မဖတ်ဖူးသော စာအုပ်ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။

ဤတစ်သက်တွင် သူ စာအုပ် မည်မျှ ဖတ်ခဲ့သနည်း။ ရေတွက်၍ပင် မရနိုင်ပေ။

ထို့ကြောင့် သူ၏ အနုပညာ ခံစားတတ်မှု အဆင့်အတန်းက အလွန် မြင့်မားပြီး သို့မဟုတ် ကျန်းကျိုးမြို့တွင် ထိပ်တန်း အဆင့်အတန်းဟု ဆိုနိုင်သည်။

လူငယ်ဘဝက သူသည် ကဗျာများ မကြာခဏ စပ်ဆိုလေ့ရှိပြီး စာအုပ်များ မကြာခဏ ရေးသားလေ့ ရှိ၏။ သို့ပေမည့် အသက်ကြီးလာသောအခါ ကဗျာ မစပ်တော့ဘဲ စာအုပ်လည်း မရေးတော့ချေ။

သူ၏ အဆိုအရ ကောင်းမွန်စွာ မရေးနိုင်တော့လျှင် ပျင်းရိစွာဖြင့် အရှက်မကွဲခံတော့ခြင်းက ပိုကောင်းသည်ဟု ဆိုသည်။

လူငယ်များ အတင်းအဓမ္မ ဝမ်းနည်းပြခြင်းက လက်ခံနိုင်စရာ ရှိသော်လည်း အသက်ကြီးလာမှ ဆောင်းပါး တစ်ပုဒ်ဖြစ်ရန် အတင်း ညှစ်ထုတ်နေခြင်းကတော့ အလွန် မသင့်တော်လှပေ။

အောက်ယွီနှင့် အောက်မင်တို့၏ လောင်းကြေး၊ ထို့အပြင် သူတို့ နှစ်ယောက်၏ ကျောက်တုံးမှတ်တမ်းနှင့် ကျောက်စိမ်းမြို့မှတ်တမ်း တို့အကြောင်းကို ဤကျောင်းအုပ်ကြီး ကျူ့လန်ထျန်း သေချာပေါက် သိထားသည်။

သို့ပေမည့် သူက လုံးဝ ဂရုမစိုက်သလို အလေးလည်း မထားချေ။

“သခင်ကြီး... နုလန်ဟောက်ရဲ့ သား အောက်ယွီ လာတွေ့ပါတယ်။” အစေခံတစ်ယောက်က သတင်းပို့လိုက်သည်။

ကျောင်းအုပ်ကြီး ကျူ့လန်ထျန်းက ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။ “သူက ဘာလုပ်ချင်လို့လဲ။”

အစေခံက ပြန်ဖြေသည်။ “သူ ပြောတာက ထျန်းယီ စာအုပ်တိုက်ကို သူ့အတွက် စာအုပ်ပုံနှိပ်ပေးဖို့ အကူအညီ တောင်းချင်လို့ပါတဲ့။ သူ့ရဲ့ အဲဒီ ကျောက်တုံးမှတ်တမ်း ဆိုတဲ့ စာအုပ်ကိုပါ။”

‘အိပ်မက်မက်နေလိုက်။ ကျုပ်တို့ ထျန်းယီ စာအုပ်တိုက်က ဘယ်တုန်းကမှ ဝတ္ထုစာအုပ်တွေ မထုတ်ဝေဘူး။ ကျုပ်တို့က သူတော်စင်တွေရဲ့ စာအုပ်တွေ၊ ခေတ်အဆက်ဆက် ဂန္ထဝင် ကျမ်းစာတွေကိုပဲ ထုတ်ဝေတာ။

အောက်ယွီ… ခင်ဗျားက ကျုပ်တို့ ထျန်းယီ စာအုပ်တိုက်ကို ဘာလို့ ထင်နေတာလဲ။ ပြည့်တန်ဆာရုံလား။ ပိုက်ဆံရှိရင် ရပြီလို့ ထင်နေတာလား။’

အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းကို ကျောင်းအုပ်ကြီး ကျူ့လန်ထျန်း ဖတ်ဖူးပြီး အလွန်လည်း နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် တကယ်ပဲ ကောင်းမွန်စွာ ရေးသားထားသောကြောင့် ဖြစ်၏။

အောက်ယွီဆိုသည့် လူအပေါ်တွင်တော့ ကျူ့လန်ထျန်း သည် အလွန်အမင်း မနှစ်သက်ပေ။ သူ၏ မိန်းမတစ်သောင်းနှင့် အိပ်မည်ဆိုသော ကြီးမားသည့် အကြံအစည်ကြောင့် မဟုတ်သလို၊ လောကနံပါတ်တစ် အသုံးမကျသူ ဆိုသည့် နာမည်ပြောင်ကြောင့်လည်း မဟုတ်ပေ။

သူ၏ နာမည်ကြီးအောင် လုပ်ဆောင်သော နည်းလမ်းများကို မနှစ်သက်ခြင်း ဖြစ်၏။ အရမ်း အဆင့်နိမ့်ပြီး အရမ်း ချဲ့ကားလွန်းလှသည်။

အောက်ယွီ ဆိုသည့် လူအကြောင်းကိုလည်း သူ ကြားဖူးထားပြီး သူ၏ နာမည်ကြီးအောင် လုပ်ဆောင်သော နည်းလမ်းများကို ထပ်မံ မြင်တွေ့လိုက်ရသောအခါ ဤအောက်ယွီတွင် မည်သည့် အရည်အချင်းမှ မရှိကြောင်းနှင့် ကောင်းမွန်သော အရာများကို ရေးသားနိုင်မည် မဟုတ်ကြောင်း၊ အောက်မင်၏ ကျောက်စိမ်းမြို့မှတ်တမ်းကို ပို၍ပင် ယှဉ်နိုင်မည့်သူ မဟုတ်ကြောင်း ကောက်ချက်ချ လိုက်တော့သည်။

…………………………

All Chapters