← Chapters

အခန်း (၁၆၅၅-၁၆၅၆)

Vol. 166 Ch. 1655-1656

အခန်း (၁၆၅၅-၁၆၅၆)

Vol. 166 Ch. 1655-1656

အခန်း (၁၆၅၅) - တောက်ပသောနတ်ဘုရားမျက်လုံး စတုတ္ထအဆင့်

ကျွယ်မင်ကြယ်၊ တုန်းရှန့်ပြည်နယ်ရှိ ဧက ရာကျော် ကျယ်ဝန်းသော အိမ်တော်ကြီးတစ်ခု။

ဤသည်မှာ မင်းညီမင်းသား တစ်ပါး၏ အိမ်တော် ဖြစ်သည်။

ဟိုးယခင်က နတ်မိမယ်တစ်ပါး ကောင်းကင်ယံမှ ပေါ်ထွန်းလာပြီးနောက် တုန်းရှန့်ပြည်နယ်ရှိ ပုန်ကန်သူ ဘုရင်အသီးသီးမှာ တစ်ယောက်ပြီးတစ်ယောက် နှိမ်နင်းခြင်း ခံခဲ့ရသည်။ ယခုအခါ တုန်းရှန့်ပြည်နယ်သည် သာယာဝပြောသော ခေတ်ကောင်းတစ်ခုသို့ စတင် ဝင်ရောက်နေပြီ ဖြစ်သည်။

စိမ်းပြာရောင် အုတ်ကြွပ်များဖြင့် ခန့်ညားထည်ဝါစွာ ဆောက်လုပ်ထားသော အဆောက်အအုံတစ်ခု၏ ရှေ့တွင် အဖိုးတန် အဝတ်အထည်များ ဆင်မြန်းထားသည့် လူကုံထံ တစ်ရာကျော် ရပ်နေကြသည်။

လူတိုင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေပြီး အထဲသို့ ခဏခဏ လှမ်းကြည့်နေကြသည်။ သူတို့ထဲမှ ဦးဆောင်သူဖြစ်သည့် သန်မာထွားကြိုင်းသော လူကြီးတစ်ဦးမှာမူ ဟိုဟိုဒီဒီ ဂယောက်ဂယက် လမ်းလျှောက်နေတော့သည်။

"မင်းကြီး... စိတ်မပူပါနဲ့၊ မိဖုရားကြီးက ကျန်းမာရေး အထူးကောင်းမွန်တာမို့ ဒီတစ်ခေါက် သေချာပေါက် သားရတနာ မွေးဖွားပေးပါလိမ့်မယ်"

လူကုံထံတစ်ဦးက အခြေအနေကို ကြည့်ပြီး အနားသို့ တိုးကာ နှစ်သိမ့်လိုက်သည်။

ထိုလူကြီး ပြန်မပြောနိုင်ခင်မှာပင် အထဲမှ ကလေးငယ်တစ်ဦး၏ အော်ဟစ်ငိုယိုသံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ဝမ်းဆွဲသည်မတစ်ဦးမှာ ဝမ်းသာအားရ ပြေးထွက်လာပြီး သတင်းကောင်း ပါးလိုက်သည်။

"ဂုဏ်ယူပါတယ် မင်းကြီး... သမီးရတနာလေး ထွန်းကားပါတယ်ရှင်"

သမီးလေးလား

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သို့သော် ထိုလူကြီးမှာမူ ဝမ်းသာအားရဖြင့် အဆောက်အအုံထဲသို့ ပြေးဝင်သွားပြီး မကြာမီမှာပင် အနှီးဖြင့် ထုပ်ထားသော ကလေးငယ်လေးကို ပွေ့ချီ၍ ပြန်ထွက်လာကာ ပျော်ရွှင်စွာ အော်ဟစ်တော့သည်။

"ငါ့မှာ သမီးလေး ရပြီဟေ့... ဟားဟားဟား"

လူတိုင်းလည်း ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်းသာအားရ ဂုဏ်ပြုလိုက်ကြသည်။

ဖန့်ချန်သည် ထိုမြင်ကွင်းကို ကြည့်ပြီး လက်ချောင်းလေးဖြင့် အသာအယာ တောက်လိုက်ရာ ဝိညာဉ်အရှိန်အဝါ တစ်ခုမှာ တိတ်တဆိတ်ပင် ယွီလေး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။ ထို့နောက်တွင်တော့ သူသည် လှည့်ထွက်သွားခဲ့သည်။

သူ ကျင့်ကြံရာနေရာ သို့ ပြန်ရောက်ရောက်ချင်းမှာပင် ဖန့်ကျစ်ရွှယ်တို့အဖွဲ့ ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

အဖိုးကြီးရှန့်သည် လူအုပ်နောက်မှ လိုက်လာပြီး ဖန့်ချန်ကို မြင်သည်နှင့် ပြုံး၍ အသံလွှင့်ကာ ပြောလိုက်သည်။

"ဒီတစ်ခေါက် သူတို့ ရလဒ်တွေ မဆိုးဘူးဗျ"

"အစ်ကို... အစ်ကို ပြန်လာတာ အချိန်ကိုက်ပဲ။ ညီမတို့ ဒီတစ်ခေါက် အပြင်ထွက်တာ တကယ့်ကို ရင်ခုန်ဖို့ကောင်းတာ၊ အခြေအနေတွေက လုံးဝကို ပြောင်းပြန်လှန်သွားတာပဲ"

ဖန့်ကျစ်ရွှယ်၏ မျက်ဝန်းများ တောက်ပသွားပြီး အနားသို့ ပြေးလာကာ တတွတ်တွတ် ပြောနေတော့သည်။ ဖန့်ရှောင်ပန်း ကလည်း အရှုံးမပေးဘဲ တစ်ယောက်တစ်ပေါက် ပြောနေကြရာ ဘဲမလေး နှစ်ကောင် ရန်ဖြစ်နေသကဲ့သို့ပင်။

"နေဦး... အရင်မပြောကြနဲ့ဦး၊ ငါနဲ့ လိုက်ခဲ့။ မင်းတို့ကို မိတ်ဆက်ပေးစရာ လူတစ်ယောက် ရှိတယ်"

ဖန့်ချန်က မတတ်နိုင်သလို လက်ကာပြလိုက်ပြီး သူတို့ သုံးဦးကို သူ၏ ဂူကျောင်း ထဲသို့ ခေါ်ဆောင်သွားသည်။ မကြာမီမှာပင် ဖန့်ထုံကိုလည်း ခေါ်လိုက်သည်။

"အစ်ကိုကြီး... သူတို့ကများ..."

ဖန့်ထုံ၏ အာရုံမှာ ထိုသုံးဦးထံသို့ ချက်ချင်း ရောက်သွားသည်။

"ဒါက မင်းရဲ့ ဒုတိယအစ်မ" ဖန့်ချန်က ဖန့်ကျစ်ရွှယ်ကို ညွှန်ပြလိုက်သည်။

"ဒုတိယအစ်မ" ဖန့်ထုံက အလျင်အမြန် လက်အုပ်ချီ ဂါရဝပြုသည်။

"နောက်ထပ် မောင်လေး တစ်ယောက်လား" ဖန့်ကျစ်ရွှယ်မှာ အံ့သြသွားပြီး အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။

"ရှောင်ထျန်း... မင်း သူနဲ့ အချိန်တွေ တိုက်ကြည့်ဦး၊ ဘယ်သူက ပိုကြီးလဲဆိုတာ"

ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။

ဖန့်ရှောင်ထျန်းက ဖန့်ထုံနှင့် အချိန်များ တိုက်ကြည့်ပြီးနောက် ဖန့်ထုံက ပိုကြီးကြောင်း သိလိုက်ရသည်။

"ဒါဆို မင်းက ခေတ္တအားဖြင့် အဆင့် ၃ ပေါ့" ဖန့်ချန်က ဆိုသည်။

"တတိယအစ်ကိုကြီးကို ဂါရဝပြုပါတယ်"

ဖန့်ရှောင်ထျန်း မောင်နှမနှစ်ယောက်က ပြုံးရွှင်စွာ လက်အုပ်ချီ ဂါရဝပြုကြသည်။

"အားနာစရာကြီးဗျာ၊ တတိယအစ်ကိုမှာ မင်းတို့ကို ပေးစရာ လက်ဆောင်လည်း ဘာမှမရှိဘူး ဟားဟား"

ဖန့်ထုံက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းနောက်စေ့ကို ပွတ်နေမိသည်။

"အစ်ကို... အဖေနဲ့အမေက အပြင်မှာ ဘယ်နှစ်ယောက်တောင် ကျန်ခဲ့သေးတာလဲ"

ဖန့်ကျစ်ရွှယ်က ဖန့်ချန်၏ အင်္ကျီလက်စကို တိတ်တဆိတ် ဆွဲကာ အသံလွှင့် မေးလိုက်သည်။

"အဲဒါတော့ အဖေနဲ့အမေကိုပဲ မေးကြည့်တော့။ ဒါပေမဲ့ သူတို့ကိုယ်တိုင်လည်း မှတ်မိချင်မှ မှတ်မိတော့မှာ။ ကံတရားအတိုင်းပဲပေါ့၊ ငါနဲ့ ဆုံရင်တော့ မျိုးရိုးပြန်ဆက်ဖို့ ခေါ်လာခဲ့မယ်၊ မဆုံရင်လည်း နောက်မှ တွေ့ဖို့ အခွင့်အရေး ရှိမှာပါ"

ဖန့်ချန်က ပြုံး၍ ခေါင်းခါယမ်းလိုက်သည်။

"ဒါလည်း ဟုတ်တာပဲ"

ဖန့်ကျစ်ရွှယ်က တိတ်တဆိတ် ခေါင်းညိတ်ပြီးနောက် ဖန့်ထုံကို တစ်ချက် ကြည့်လိုက်သည်။

"တတိယမောင်လေး... မင်းရဲ့ ကျင့်ကြံခြင်းက မနိမ့်ဘူးပဲ။ ဒါပေမဲ့ ဒီလောက်နဲ့တော့ မလုံလောက်သေးဘူး။ အစ်မတို့ ခဏနေရင် အပြင်ကို ထပ်ထွက်ဖို့ ရှိတယ်၊ အတူလိုက်မလား"

ဖန့်ထုံက မျှော်လင့်ချက်အပြည့်ဖြင့် ဖန့်ချန်ကို လှမ်းကြည့်လိုက်ရာ ဖန့်ချန်က ခပ်ဖွဖွ ခေါင်းညိတ်ပြသဖြင့် ချက်ချင်းပင်

"လိုက်မယ်၊ ကျွန်တော် အစ်မတို့နဲ့ အတူလိုက်မယ်"

"ကောင်းပြီ... ညီအစ်ကို မောင်နှမတွေ စည်းလုံးရင် ဘာမဆို ဖြစ်နိုင်တယ်။ ငါတို့ မောင်နှမတွေ ကျွယ်မင်နန်းတော်မှာ နာမည်တစ်လုံး ရအောင် လုပ်ရမယ်။ ရည်မှန်းချက်ကတော့ ခေတ္တအားဖြင့် အမာခံတပည့် ဖြစ်လာဖို့ပဲ"

ဖန့်ကျစ်ရွှယ်က လက်သီးကို တင်းတင်းဆုပ်ကာ ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။ ထိုသုံးဦးမှာလည်း လေးနက်သော အမူအရာဖြင့် ခေါင်းကို အပြင်းအထန် ညိတ်လိုက်ကြသည်။

"တတိယမောင်လေး... ဒီမှာ တခြား သူငယ်ချင်းကောင်းတွေလည်း အများကြီး ရှိသေးတယ်။ သူတို့က ပြီးခဲ့တဲ့တစ်ခေါက် အစ်မတို့နဲ့ အတူသွားခဲ့ကြတာ၊ မင်းနဲ့ မိတ်ဆက်ပေးမယ်"

ဖန့်ကျစ်ရွှယ်က ပြောပြီးနောက် ဖန့်ချန်ကို နှုတ်ဆက်ကာ ကျန်းထျန်းအိုက်တို့အဖွဲ့ကို ရှာရန် ဖန့်ထုံကို ခေါ်ထုတ်သွားတော့သည်။

သူတို့ ထွက်သွားသည်ကို ကြည့်ပြီး ဖန့်ချန်သည် တားမြစ်အစီရင်တစ်ခုကို အသာအယာ ချလိုက်ကာ နတ်ဘုရားလောက မှ ရရှိခဲ့သော နတ်ဘုရားရင်းမြစ်ကျောက်ကို ထုတ်ယူလိုက်သည်။

သူသည် ထိုကျောက်ကို ဖြည်းဖြည်းချင်း လှီးဖြတ်လိုက်ရာ အတွင်းမှ ကျောက်မျက်လုံး နှစ်လုံးကို ရရှိခဲ့သည်။

"မှန်လေး.. ဒါက နှစ်ကာလမျက်လုံး လား"

ဖန့်ချန်က ပြုံး၍ မေးလိုက်သည်။

မှန်လေး ၏ ထုံးစံအတိုင်း ဤမေးခွန်းမှာ အခမဲ့ ဖြစ်သည်။

"အစ်ကို... ဒါက အဆင့် ၈ တောက်ပသောလောကမသေမျိုး ရဲ့ နှစ်ကာလမျက်လုံးပဲ။ မင်း ဒီတစ်ခေါက်တော့ တကယ့်ကို အမြတ်ကြီး ထွက်သွားပြီဟေ့"

မှန်လေးက မနေနိုင်ဘဲ ပြောလိုက်သည်။

နောက်တစ်စက္ကန့်တွင် ဓားငယ်လေး သည် ဖန့်ချန်၏ ခွင့်ပြုချက်ကိုပင် မစောင့်တော့ဘဲ လူယောင်ဖန်တီးကာ ပေါ်လာပြီး နှစ်ကာလမျက်လုံး တစ်လုံးကို ကောက်ယူ၍ စပ်စုသော မျက်လုံးများဖြင့် ကြည့်နေတော့သည်။

သူမက ရုတ်တရက်

"ဖန့်ချန်... ငါ ဒါကို မြည်းကြည့်လို့ ရမလား"

"ဒါက ဝိညာဉ်ရတနာ မဟုတ်ဘူး၊ လျှောက်မစားနဲ့။ ငါ သုံးစရာ ရှိသေးတယ်"

ဖန့်ချန်က မတတ်နိုင်သလို ပြောလိုက်သည်။

ဓားငယ်လေးသည် နှမြောတသဟန်ဖြင့် နှစ်ကာလမျက်လုံးကို ဖန့်ချန်အား ပြန်ပေးလိုက်သည်။

"ဒါဆိုရင်တော့ ငါ အပြင်မှာ သွားလည်ဦးမယ်၊ အထဲမှာ ပိတ်မိနေတာ ရူးတော့မှာပဲ"

"နေဦး... အပြင်သွားမလို့လား။ သွားရင်းနဲ့ ငါ့အတွက် အကြွေးလေး တစ်ခု သွားဆပ်ပေးစမ်းပါဦး"

ဖန့်ချန်က စိတ်ကူးရသွားပြီး ဓားငယ်လေးထံသို့ မသေမျိုးကျောက်တုံး ၅၈၀၀ ကို ပေးလိုက်သည်။ အစက ဂုဏ်ထူးမှတ်နဲ့ ကြွေးဆပ်ရန် ပြောထားသော်လည်း သူ၏ ယခုလက်ရှိ ဂုဏ်ထူးမှတ် များမှာ ဤမျှလောက်များသော မသေမျိုးကျောက်တုံးများနှင့် လဲလှယ်ရန် အလှမ်းဝေးလွန်းနေသေးသည်။

ရွှီခွန်၏ မသေမျိုးကျောက်တုံး ၂၀၀ ကြွေးမှာမူ သူ သေဆုံးသွားပြီဖြစ်၍ လူသေလျှင် ကြွေးကျေသည်ဟူသော သဘောဖြင့် ဆပ်ရန် မလိုတော့ပေ။

ဓားငယ်လေးကို သေချာမှာကြားပြီး ထွက်ခွာသွားစေပြီးနောက် ဖန့်ချန်သည် တောက်ပသောနတ်ဘုရားမျက်လုံး စတုတ္ထအဆင့်အတွက် လျှို့ဝှက်ဆေးရည်ကို စတင် ဖော်စပ်တော့သည်။

ကျန်ရှိသော ဆေးဖက်ဝင်ပစ္စည်းများကို သူ ပြင်ဆင်ထားပြီးသားဖြစ်၍ အဓိကဖြစ်သော နှစ်ကာလမျက်လုံး ကို ဆေးထဲသို့ ထည့်ရန်သာ စောင့်နေခြင်း ဖြစ်သည်။

တစ်နာရီ ကြာပြီးနောက်...

ပြင်းထန်သော အပုပ်နံ့များ ထွက်ပေါ်နေသည့် လျှို့ဝှက်ဆေးရည်မှာ ဖော်စပ်ပြီးစီးသွားပြီ ဖြစ်သည်။ ဆေး၏ ပုံစံမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသလို၊ အနံ့မှာလည်း ဖော်ပြရန် ခက်ခဲလှသည်။

အရေးကြီးသည်မှာ ထိုကျောက်မျက်လုံး နှစ်လုံးမှာ လုံးဝ အရည်ပျော်မည့် ပုံစံမရှိခြင်းပင်။ ၎င်းတို့ကို ဒီအတိုင်း မျိုချရမည်လား။

ဖန့်ချန် ခေတ္တမျှ စဉ်းစားပြီးနောက် ပန်းကန်လုံးကို မော့၍ တစ်ကျိုက်တည်း သောက်ချလိုက်သည်။ ထို့နောက်တွင်တော့ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို အသေးစိတ် စောင့်ကြည့်နေမိသည်။

ဆေးရည်မှာ ဝမ်းဗိုက်အတွင်းသို့ ရောက်စတွင် ခန္ဓာကိုယ်မှာ အနည်းငယ် နွေးထွေးလာသည်။ မကြာမီမှာပင် ဆေးအာနိသင် စတင်ပြလာပြီး နွေးထွေးသော အရှိန်အဝါများမှာ ဖန့်ချန်၏ မျက်ဝန်းအစုံအတွင်းသို့ စီးဝင်လာတော့သည်။

မီးခိုးဖြူရောင် မျက်ဝန်းအစုံ၏ အလယ်တွင် ရုတ်တရက် အပေါက်ကျဉ်းလေးတစ်ခု ပေါ်လာသည်။ ဤအပေါက်လေးမှာ မြွေများ၏ ဒေါင်လိုက်မျက်စိ နှင့် အတော်လေး တူလှသည်။

၎င်း ပေါ်လာပြီးနောက်တွင် ဖန့်ချန်သည် သူ၏ ရှေ့မှ ကမ္ဘာလောကကြီးမှာ ဖြူဖျော့သော လိုင်းများသာ မဟုတ်တော့ဘဲ ငါးရောင်ခြယ် အရောင်အသွေးများဖြင့် စတင် ပြောင်းလဲလာသည်ကို တွေ့လိုက်ရသည်။

ကျင့်ကြံရာ အခန်း၏ အထက်ကောင်းကင်ယံတွင် ကြီးမားသော ဝိညာဉ်စွမ်းအင် တိမ်တိုက်ကြီးတစ်ခု ပေါ်လာသည်။ ဤသည်မှာ အရပ်မျက်နှာအသီးသီးမှ စီးဝင်လာသော ဝိညာဉ်စွမ်းအင်များ စုစည်းနေခြင်း ဖြစ်သည်။

ထို့နောက်တွင်တော့ ထိုကြီးမားလှသော ဝိညာဉ်စွမ်းအင်များသည် အခန်းအတွင်းသို့ တိုက်ရိုက် စီးဝင်လာပြီး ဖန့်ချန်၏ မျက်ဝန်းအစုံထဲသို့ တိုးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လူငယ်စာဆို ပုံစံရှိသော ဖန့်ယိန့်ကွမ်း မှာ ရုတ်တရက် ပေါ်လာပြီး ဖန့်ချန်၏ နောက်ကွယ်တွင် မတ်တပ်ရပ်နေသည်။ သူသည် ခေါင်းကို မော့ထားပြီး မျက်ဝန်းအစုံတွင် ဖန့်ချန်ကဲ့သို့ပင် ဒေါင်လိုက်မျက်စိများ ပေါ်နေသည်။

သူ၏ ဒေါင်လိုက်မျက်စိများထဲတွင် ငါးရောင်ခြယ် တောက်ပနေသော မဟာကမ္ဘာ တစ်ခုပြီးတစ်ခုကို မြင်တွေ့နေရသကဲ့သို့ပင်။

ဖန့်ယိန့်ကွမ်း၏ အရှိန်အဝါမှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် မြင့်တက်လာနေသည်။ မကြာမီမှာပင် သူသည် လက်ရှိ ကျင့်ကြံခြင်း အဆင့်ကို ကျော်ဖြတ်သွားတော့သည်။ ဤသို့ မြင့်တက်လာမှုမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ရက်အနည်းငယ် ကြာသွားသည်လား၊ သို့မဟုတ် တစ်လခန့် ကြာသွားသည်လား မသိပေ။

ဝိညာဉ်စွမ်းအင်များ စီးဝင်လာမှု ရပ်တန့်သွားသောအခါ ဖန့်ချန်မှာ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏နောက်မှ ဖန့်ယိန့်ကွမ်းကို လှည့်ကြည့်လိုက်သည်။

အစောပိုင်းက သူသည် အလွန်ပြင်းထန်လှသော ကျင့်ကြံခြင်း တုံ့ပြန်မှု များကို အဆင့်ဆင့် ရရှိခဲ့သည်။ မူလက အဆင့် ၃ သို့ ရောက်သည်မှာ မကြာသေးသော သူသည် ယခုအခါ အဆင့် ၃ ပြည့်စုံခြင်း အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဖန့်ယိန့်ကွမ်း၏ အခုလက်ရှိ အရှိန်အဝါမှာမူ ဖန့်ထျန်းဇွန် ထက် မနိမ့်တော့ဘဲ အဆင့် ၄ မသေမျိုးအဆင့်သို့ အပြည့်အဝ ရောက်ရှိသွားပြီ ဖြစ်သည်။

"တောက်ပသောနတ်ဘုရားမျက်လုံး စတုတ္ထအဆင့်က ငါ့ရဲ့ ကိုယ်ပွား ကို မြှင့်တင်ပေးရာမှာ အစွမ်း အင်မတန် ကြီးမားတာပဲ"

ဖန့်ချန်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် စိတ်ကူးလိုက်ရာ ဖန့်ယိန့်ကွမ်းမှာ အရှိန်အဝါအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။

တောက်ပသောနတ်ဘုရားမျက်လုံး စတုတ္ထအဆင့်က သူ့ထံသို့ မည်ကဲ့သို့သော ထူးခြားဆန်းကြယ်သည့် ပြောင်းလဲမှုများ ယူဆောင်လာပေးသည်ကို သူ စမ်းသပ်ကြည့်ချင်နေပြီ ဖြစ်သည်။

အခန်း (၁၆၅၆) - ပျက်သုဉ်းသွားသော မျိုးဆက်များ၏ အင်အားကို စုပ်ယူခြင်း

ယခင်က တောက်ပသောနတ်ဘုရားမျက်လုံး စတုတ္ထအဆင့်ကို ဖွင့်လှစ်နေစဉ်အတွင်း...

ဖန့်ချန်အတွက်မှာ ထင်ယောင်ထင်မှားဖြစ်သည်လားမသိ၊ သူ၏မျက်စိရှေ့တွင် ငါးရောင်ခြယ် အရောင်အသွေးများဖြင့် စုံလင်လှပသော ကမ္ဘာကြီးများ တစ်ခုပြီးတစ်ခု ပေါ်လာသကဲ့သို့ ခံစားခဲ့ရသည်။

သူ စိတ်ကူးလိုက်သည်နှင့် ဒေါင်လိုက်မျက်စိ လေးမှာ တစ်ဖန်ပြန်လည် ပေါ်ထွက်လာသည်။

ချက်ချင်းဆိုသလိုပင် ဖန့်ချန်သည် ထူးဆန်းလှသော ဟာလာဟင်းလင်း ဟင်းလင်းပြင်တစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်တွင် ကောင်းကင်ယံအကာအရံ တစ်ခုပြီးတစ်ခု ဝန်းရံလျက်ရှိသည်။

ထိုအကာအရံများအတွင်းရှိ မြင်ကွင်းများမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

၎င်းတို့ထဲမှ အကာအရံတစ်ခုက ဖန့်ချန်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ အခြားသော အကာအရံများရှိ မြင်ကွင်းများသည် ထူးဆန်းသော ပန်းချီကားချပ်များသဖွယ် ဖြစ်နေသော်လည်း၊ ထိုအကာအရံအတွင်းရှိ မြင်ကွင်းမှာမူ ဖန့်ချန်အတွက် ရင်းနှီးသလိုလို၊ စိမ်းသက်သလိုလို ဖြစ်နေသည်။

ယခုအခါ ထိုအကာအရံထဲတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ လူနှစ်ဦး၏ တိုက်ပွဲဖြစ်ပြီး ဘေးပတ်ဝန်းကျင်တွင် ကြည့်ရှုနေသူပေါင်းမှာ သန်းနှင့်ချီ၍ ရှိနေသည်။

ထိုလူနှစ်ဦး၏ တိုက်ပွဲဝင်ဟန်မှာ အလွန်ရှင်းလင်းပြတ်သားပြီး ရိုးရှင်းလှသည်။ လက်သီးချင်း ထိတွေ့တိုက်ခိုက်ကြခြင်းသာ ဖြစ်၏။ သို့သော် လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အင်အား များ ပေါက်ကွဲထွက်လာသည်။

ဟုတ်ပါသည်၊ ၎င်းမှာ ဗလာစွမ်းအင် ပင် ဖြစ်သည်။

ဖန့်ချန်သည် ထိုမြင်ကွင်းကို မြင်တွေ့နိုင်ရုံသာမက ထိုစွမ်းအား၏ အရှိန်အဝါကိုပါ ခံစားသိရှိနိုင်စွမ်း ရှိသည်။ သူသည် ရှူကျင်းထော် နှင့် အတူတူနေထိုင်ဖူးသဖြင့် ထိုစွမ်းအားအကြောင်းကို ကောင်းစွာ သိရှိထားသည်။

ခဏမျှ ကြည့်ရှုပြီးနောက်တွင် အလွန်အမင်း မောပန်းနွမ်းနယ်သော ခံစားချက်တစ်ခု ပေါ်ပေါက်လာပြီးနောက် ဖန့်ချန်မှာ ထိုထူးခြားသော ဟင်းလင်းပြင်ထဲမှ အလိုအလျောက် ပြန်လည်ထွက်ခွာလာခဲ့ကာ ပတ်ဝန်းကျင်မြင်ကွင်းမှာ မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။

"ဒဏ္ဍာရီတွေအရ တောက်ပသောလောကမသေမျိုးတွေဟာ ပျက်သုဉ်းသွားတဲ့ မျိုးဆက်တွေဆီက စွမ်းအားကို စုပ်ယူနိုင်တယ်လို့ ဆိုကြတယ်။ အဲဒီတော့ ခုနက ငါမြင်ခဲ့တဲ့ အကာအရံတွေထဲက မြင်ကွင်းတွေဟာ ပျက်သုဉ်းသွားခဲ့တဲ့ မျိုးဆက် တစ်ခုပြီးတစ်ခုပေါ့လေ..."

ဖန့်ချန်၏ မျက်ဝန်းများထဲတွင် စဉ်းစားဆင်ခြင်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ဆက်လက်ကြည့်ရှုချင်သော်လည်း ခဏလေးအတွင်းမှာပင် သူ၏ ဝိညာဉ်စွမ်းအား မှာ အလွန်ပင် ပင်ပန်းနွမ်းနယ်သွားခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှသည်။

"ငါက တောက်ပသောလောကမသေမျိုး လမ်းစဉ်ကို ကျင့်ကြံထားသူ မဟုတ်လို့ တောက်ပသောနတ်ဘုရားမျက်လုံးကို သုံးတဲ့အခါမှာ ခန္ဓာကိုယ်က အပိုဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ကုန်တာလား..."

ဖန့်ချန် တိတ်တဆိတ် တွေးတောနေမိသည်။ ယခုအနေအထားအရ တောက်ပသောနတ်ဘုရားမျက်လုံးသည် တောက်ပသောလောကမသေမျိုးများ၏ နတ်ဘုရားစွမ်းအား ဖြစ်သင့်သည်။ ၎င်းသည် ကောင်းကင်မသေမျိုးလမ်းစဉ်မှ ကောင်းကင်မသေမျိုး သက်ဆင်းခြင်း နှင့် အနည်းငယ် ဆင်တူသည်။

ထူးခြားသည်မှာ သူသည် တောက်ပသောနတ်ဘုရားမျက်လုံး၏ ကျင့်စဉ်ကို ရရှိခဲ့သော်လည်း တောက်ပသောလောကမသေမျိုး လမ်းစဉ်ကို မလိုက်ဘဲ ဓားမသေမျိုး လမ်းစဉ်ကိုသာ လျှောက်လှမ်းနေခြင်း ဖြစ်သည်။

"ကွယ်ပျောက်သွားတဲ့ မျိုးဆက်တွေကို မြင်နိုင်တာကတော့ သမိုင်းမသေမျိုး တွေနဲ့ နည်းနည်းဆင်တူတယ်။ ဒါပေမဲ့ သမိုင်းမသေမျိုးတွေကတော့ သမိုင်းမသေမျိုးမှတ်တမ်း နဲ့ အဲဒီမျိုးဆက်တွေရဲ့ သမိုင်းကြောင်း၊ ထွန်းကားမှုနဲ့ ပျက်စီးမှုတွေကို မှတ်တမ်းတင်ကြတာပဲ"

တောက်ပသောနတ်ဘုရားမျက်လုံး စတုတ္ထအဆင့်သည် ပျက်သုဉ်းသွားသော မျိုးဆက်များ၏ အင်အားကို အမှန်တကယ် စုပ်ယူနိုင်ခြင်း ရှိမရှိ အတည်ပြုရန်အတွက် ဖန့်ချန်သည် အဖန်ဖန်အထပ်ထပ် စဉ်းစားစမ်းသပ်နေခဲ့သည်။

သူ၏ ဝိညာဉ်စွမ်းအားများ အနည်းငယ် ပြန်လည်ပြည့်ဖြိုးလာပြီး မမောပန်းတော့သည့် အချိန်တွင် သူ၏ စိတ်ကူးနှင့်အတူ ဟင်းလင်းပြင်၌ အပေါက်ငယ်လေးတစ်ခု ပွင့်သွားသည်ကို မြင်လိုက်ရသည်။

ဗလာစွမ်းအား တစ်မျှင်မှာ ဖြည်းဖြည်းချင်း စီးထွက်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။ ဖန့်ချန်သည် ထိုစွမ်းအားကို မြင်သည်နှင့် ချက်ချင်းပင် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ထိုလက်သီးချက်မှာ အမှန်တကယ်ပင် သာမန်မဟုတ်သော စွမ်းအား များကို ပေါက်ကွဲထွက်ပေါ်စေခဲ့သည်။

"အဲဒီအကာအရံတွေထဲမှာ သိုင်းပညာထွန်းကားခဲ့တဲ့ မျိုးဆက်တွေတင် မကဘူး..."

ဖန့်ချန်၏ ဦးနှောက်ထဲတွင် ပြန်လည်တွေးတောနေမိသည်။ အတော်ကြာပြီးနောက်တွင်တော့ ဖန့်ချန်မှာ ခါးသက်သက် ပြုံးလိုက်မိသည်။ အခြားသော ပျက်သုဉ်းသွားသည့် မျိုးဆက်များမှာ တစ်ခုထက်တစ်ခု ပို၍ ညံ့ဖျင်းပုံရပြီး၊ ထိုမျိုးဆက်များ၏ အင်အားကို ခေတ္တချေးယူသုံးစွဲလျှင်ပင် မည်သည့် အကျိုးကျေးဇူးမှ ရှိလိမ့်မည် မဟုတ်ပေ။

ဗလာစွမ်းအား တစ်ခုသာလျှင် မသေမျိုးစွမ်းအင်ထက် မနိမ့်ကျသော အင်အားမျိုး ဖြစ်နိုင်ချေ ရှိသည်။ သို့သော် ၎င်းသည် မသေမျိုးစွမ်းအင်ကဲ့သို့ အသက်ရှည်စေသည့် အကျိုးအာနိသင်တော့ မရှိပုံရပေ။

"ထားလိုက်ပါတော့... နောက်တစ်ခါကျမှ ဟိုထဲကို သေချာဝင်ကြည့်ရမယ်။ ခုနက အကာအရံတွေကလည်း အများကြီးဆိုတော့ အကုန်လုံး မကြည့်လိုက်ရဘူး"

ဖန့်ချန်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် သူသည် ကြေးညိုရောင် တစ္ဆေမျက်နှာဖုံး ကို ထုတ်ယူ၍ ဝတ်ဆင်လိုက်သည်။ ကြေးညိုရောင် မျက်နှာဖုံးက သူ၏ မျက်နှာအရေပြားနှင့် တသားတည်း ကပ်သွားသည့်အခါ ထူးဆန်းသော အေးမြသည့် ခံစားချက်တစ်ခုမှာ အရေပြားမှတစ်ဆင့် ဦးနှောက်အတွင်းသို့ စီးဝင်သွားသည်။

ထင်ယောင်ထင်မှား ဖြစ်သည်လားမသိ၊ တစ်ခဏအတွင်းမှာပင် သူ၏ရှေ့တွင် ကြီးမားသော ကြေးညိုရောင် တံခါးကြီးတစ်ချပ် ပေါ်လာသကဲ့သို့ မြင်လိုက်ရသည်။ ဖန့်ချန်သည် ရှဲ့အာမန် ၏ စကားကို သတိရကာ ရှေ့သို့ တိုး၍ အသာအယာ တွန်းလိုက်ရာ ကြေးညိုရောင် တံခါးကြီးမှာ ချက်ချင်းပင် ပွင့်သွားတော့သည်။

တံခါးအတွင်းဘက်တွင် မြင်ကွင်းများကို ဝေဝါးစေသည့် စိမ်းပြာရောင် အလင်းတန်းများ ပြည့်နှက်နေသည်။ ဖန့်ချန်သည် ထိုအလင်းတန်းများထဲသို့ လှမ်းဝင်လိုက်ပြီးနောက်တွင်မှ မြင်ကွင်းမှာ ပြတ်သားလာတော့သည်။

သူ၏ ရှေ့တွင် ဟောင်းနွမ်းနေသော အိမ်တော်ဟောင်းကြီးတစ်ခုနှင့် တူသည့် အဆောက်အအုံတစ်ခု တည်ရှိနေသည်။ သို့သော် ၎င်းမှာ ဟောင်းနွမ်းနေသည့် အိမ်တော်ထက် ပို၍ ခန့်ညားထည်ဝါသည်။ တံခါးမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် သတ္တုရောင် တလက်လက် တောက်ပနေသည့် ထူးဆန်းသော သတ္တဝါကြီး နှစ်ကောင်မှာ ဝပ်နေကြသည်။

"ရှဲ့ကျစ်"

ဖန့်ချန်သည် တစ်ခုခုကို တွေးမိသွားပြီး တံခါးမကြီးဆီသို့ လျှောက်သွားလိုက်သည်။ တံခါးဝသို့ မရောက်ခင်မှာပင် ရှဲ့ကျစ် တစ်ကောင်မှာ ရုတ်တရက် ထရပ်လိုက်ပြီး လူစကား ပြောလိုက်သည်။

"အမည်..."

"..." ဖန့်ချန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဝူရှီထျန်းဇွန်"

"စာရင်းသွင်းပြီးပြီ။ ဝူရှီထျန်းဇွန်၊ စစ်သည်အဆင့် ရှဲ့ကျစ်"

ရှဲ့ကျစ်က ပြောပြီးသည်နှင့် နံရံထောင့်သို့ ပြန်၍ ဝပ်နေလိုက်သည်။

စစ်သည်အဆင့် ရှဲ့ကျစ် ဒီမှာ အဆင့်တွေ ခွဲထားတာလား။

ဖန့်ချန် စဉ်းစားနေမိသည်။ ကြည့်ရတာ ဒီ ရှဲ့ကျစ်ဌာန တည်ထောင်ခဲ့တာက သူထင်ထားတာထက် အများကြီး ပိုကြာခဲ့ပုံရသည်။ သူသည် တံခါးအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့ရာ၊ သူကဲ့သို့ပင် ကြေးညိုရောင် တစ္ဆေမျက်နှာဖုံးများ ဝတ်ဆင်ထားသည့် ရှဲ့ကျစ် အချို့ကို တွေ့လိုက်ရသည်။

ထိုမျက်နှာဖုံးစွပ်ထားသူများမှာ ဖန့်ချန်ကို တစ်ချက်မျှ လှည့်မကြည့်ကြသလို၊ စကားရပ်ပြောမည့် ပုံလည်း မရှိပေ။ ဖန့်ချန်သည် အခြေအနေကို ကြည့်ပြီး ချက်ချင်းပင် လက်အုပ်ချီကာ လှမ်းမေးလိုက်သည်။

"မိတ်ဆွေတို့... ကျွန်တော်က အခုမှ စာရင်းသွင်းဖို့ ရောက်လာတာပါ။ အထက်အရာရှိက ဘယ်နေရာမှာ ရှိသလဲဆိုတာ သိပါရစေ"

"ဝူရှီထျန်းဇွန်"

ထိုလူများမှာ ခြေလှမ်း ခေတ္တရပ်သွားပြီး ဖန့်ချန်၏ ကြေးညိုရောင် မျက်နှာဖုံးကို တစ်ချက် ကြည့်လိုက်ကြသည်။ ဖန့်ချန်သည်လည်း သူတို့၏ မျက်နှာဖုံးများပေါ်တွင် အမည်များ ရှိနေသည်ကို သတိထားမိလိုက်သည်။

တစ်ယောက်က ပေါ့ပါးသွက်လက်သော စာဆို

နောက်တစ်ယောက်က အသက်နုတ်ဓားတစ်စင်း

ကျန်တစ်ယောက်ကတော့ လင်ချန်

"မင်းရဲ့ အမည်ကတော့ တကယ့်ကို ခန့်ညားတာပဲ။ မဟုတ်မှလွဲရော... မင်းက အဆင့် ၈ ရှေးဟောင်းမသေမျိုး များလား"

ပေါ့ပါးသွက်လက်သော စာဆို ၏ လေသံမှာ သံသယများ ပါဝင်နေသည်။

'အသက်နုတ်ဓားတစ်စင်း' က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

"တကယ်လို့ အဆင့် ၈ ရှေးဟောင်းမသေမျိုးသာ ဆိုရင်၊ ဘယ်သူဖြစ်ဖြစ် လာခေါ်ကြမှာပဲ။ ငါတို့ကို လမ်းမေးနေမှာ မဟုတ်ဘူး"

လင်ချန်ကတော့ ဘာမှမပြောဘဲ ဖန့်ချန်ကိုပင် လှည့်မကြည့်ပေ။ သူသည် ထိုနှစ်ဦးကိုသာ ရပ်စောင့်နေသည်။

'ပေါ့ပါးသွက်လက်သော စာဆို' က မလှမ်းမကမ်းရှိ လူအဝင်အထွက် များနေသော အဆောက်အအုံတစ်ခုကို ညွှန်ပြလိုက်သည်။

"ဟိုဘက်က စစ်ပြင်ဆင်ရေးခန်းမ ပဲ။ အသစ်လာတဲ့သူတွေ အကုန်လုံး အဲဒီမှာ သွားစာရင်းသွင်းရတယ်"

ပြောပြီးသည်နှင့် ထိုသုံးဦးမှာ ဖန့်ချန်ကို ဂရုမစိုက်တော့ဘဲ တံခါးအပြင်ဘက်သို့ ထွက်သွားကြသည်။ ဖန့်ချန်သည် 'ပေါ့ပါးသွက်လက်သော စာဆို' က ကြေးညိုရောင် တံခါးတစ်ချပ်ကို ဖွင့်လိုက်ပြီး၊ သူတို့ သုံးဦးစလုံး အတွင်းသို့ ဝင်ကာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။

"စီနီယာအစ်မကြီး က တစ်ယောက်တည်း သွားလာတာ အကောင်းဆုံးပဲလို့ ပြောခဲ့ပေမဲ့၊ ဒီသုံးယောက်ကတော့ အပြင်လောကမှာလည်း ရင်းနှီးတဲ့သူတွေ ဖြစ်ပုံရတယ်"

ဖန့်ချန်သည် အကြည့်ကို လွှဲလိုက်ပြီး၊ ခုနက ညွှန်ပြခဲ့သည့် အဆောက်အအုံဆီသို့ လျှောက်သွားလိုက်သည်။ လမ်းတွင် ကြေးညိုရောင် မျက်နှာဖုံးစွပ်ထားသူ အတော်များများကို တွေ့ခဲ့ရသည်။ ခဏလေးအတွင်းမှာပင် သူ မြင်ခဲ့ရသည့် မျက်နှာဖုံးစွပ်များမှာ တစ်ရာထက်မနည်းတော့ပေ။

"ကြည့်ရတာ စီနီယာအစ်မကြီးက အမှန်အတိုင်း အကုန်မပြောခဲ့ဘူးပဲ။ ကျွယ်မင်နန်းတော်ထဲက အမာခံတပည့် အတော်များများက ရှဲ့ကျစ်တွေ ဖြစ်နေလောက်တယ်"

ဖန့်ချန်က စိတ်ထဲတွင် တွက်ချက်နေမိသည်။

အကယ်၍ ဤနေရာရှိ ရှဲ့ကျစ်ကျင့်ကြံသူများသည် အထက်နယ်မြေသုံးခု ရှိ အဆင့်မြင့် အင်အားစုများမှ လာကြသည်ဆိုလျှင်၊ အင်အားစုတစ်ခုစီတွင် အနည်းဆုံး နေရာဆယ်ခုစီ ရှိနေလိမ့်မည်။

လမ်းတွင် ဖြတ်သွားသော မျက်နှာဖုံးစွပ် အတော်များများက ဖန့်ချန်ကို မြင်လျှင် အကြည့်များ ခဏတာ ရပ်တန့်သွားတတ်ကြပြီး၊ ဖန့်ချန်ကလည်း သူတို့၏ အမည်များကို မှတ်သားထားလိုက်သည်။

အချို့သော အမည်များမှာ အလွန်ပင် ထူးဆန်းလှပြီး၊ သူ၏ ဝူရှီထျန်းဇွန် ထက်ပင် ခန့်ညားထည်ဝါနေသေးသည်။

ဥပမာအားဖြင့် 'ထာဝရနတ်ဘုရားဧကရာဇ်' ဆိုသော အမည်မျိုးပင်။ ထိုသူမှာ အရပ်အလွန် ပုပြီး တစ်မီတာခွဲခန့်သာ ရှိလိမ့်မည်။ ဝတ်ရုံပွကြီးကို ဝတ်ထားသဖြင့် ယောက်ျားလား မိန်းမလား ခွဲခြား၍ မရပေ။

"ဟင်... တစ်မီတာခွဲ..."

ဖန့်ချန်၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် တစ်စုံတစ်ခုကို တွေးတောမိသွားပြီး ထိုသူကို ခေတ္တမျှ စူးစိုက်ကြည့်နေမိသည်။

မကြာမီမှာပင် သူသည် စစ်ပြင်ဆင်ရေးခန်းမ သို့ ရောက်ရှိလာခဲ့သည်။ ကြေးညိုရောင် ရုပ်သေးရုပ် တစ်ရုပ် လျှောက်လာပြီး ဖန့်ချန်အား ဘာကိစ္စရှိသလဲဟု မေးမြန်းသည်။

ဖန့်ချန်က အသစ်လာရောက် သတင်းပို့သူဖြစ်ကြောင်း ပြောလိုက်သောအခါ၊ ကြေးညိုရောင် ရုပ်သေးရုပ်မှာ သူ့အား ခန်းမအတွင်းရှိ သီးသန့်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။

"ဒီရုပ်သေးရုပ်ကို တည်ဆောက်ထားတဲ့ ပုံစံကလည်း အတော်လေး ထူးခြားတာပဲ။ သာမန် ဝိညာဉ်ရတနာတွေနဲ့ မတူဘူး။ ခွန်အားကလည်း အဆင့် ၁ မသေမျိုး လောက် ရှိပုံရတယ်"

ဖန့်ချန်က စိတ်ထဲတွင် မှတ်သားထားပြီးနောက်၊ ထိုအတွေးကို ဖိနှိပ်ကာ အခန်းအတွင်းကို ဝေ့ကြည့်လိုက်သည်။

အခန်းအလယ်တွင် ကြီးမားသော စားပွဲတစ်လုံးရှိပြီး၊ စားပွဲနောက်ကွယ်တွင် ထိုင်နေသော လူရိပ်တစ်ခုမှာ ဖန့်ချန်ကို အသံတိတ် စူးစမ်းကြည့်ရှုနေလေတော့သည်။

All Chapters