အခန်း (၁၆၅၇-၁၆၅၈)
Vol. 166 Ch. 1657-1658
အခန်း (၁၆၅၇) - စုံစမ်းစစ်ဆေးရမည့် လမ်းကြောင်း
ထိုလူရိပ်သည် တစ်ကိုယ်လုံးကို ဝတ်ရုံနက်ကြီးဖြင့် ခြုံလွှမ်းထားပြီး မျက်နှာတွင်လည်း ကြေးညိုရောင် တစ္ဆေမျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားသည်။
မျက်နှာဖုံးပေါ်ရှိ အမည်နာမမှာ
ဓားကိုင်သူ
ဤသည်မှာ ဖန့်ချန်အား ပထမဆုံး ခံစားချက်အနေဖြင့် ဤသူသည် ဓားရှည်ကို အသုံးပြုသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လိမ့်မည်ဟု ထင်မှတ်စေသည်။ သို့သော် မသေမျိုးများကြားတွင် ဓားရှည်ကို အဓိကလက်နက်အဖြစ် အသုံးပြုသည့် ကျွမ်းကျင်သူမှာ များများစားစားမရှိဘဲ အလွန်ပင် ရှားပါးလှသည်။
"စစ်သည်အဆင့် ရှဲ့ကျစ် ဝူရှီထျန်းဇွန်... အထက်အရာရှိကို ဂါရဝပြုပါတယ်"
ဖန့်ချန်က လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။
"အင်း..."
ဓားကိုင်သူ က အလွန်အေးစက်စွာ ခေါင်းညိတ်ပြပြီး
"ထိုင်ပါ"
သူ့အသံမှာ အက်ရှရှနိုင်ပြီး ကျား၊ မ ခွဲခြားရခက်သော လေသံမျိုး ရှိသည်။ သို့သော် ဝတ်ရုံနက်အောက်မှ ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရုံမျှဖြင့် ဤသူမှာ အမျိုးသမီးကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
ဖန့်ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဤသီးသန့်ခန်းထဲတွင် ဓားကိုင်သူ ထိုင်နေသည့် ခုံတစ်လုံးမှလွဲ၍ ဒုတိယမြောက်ခုံဟူ၍ မရှိချေ။ တစ်ဖက်လူက သူ့ကို ဘယ်နေရာမှာ ထိုင်ခိုင်းနေတာလဲ။
သူက စိတ်အာရုံကို လှုပ်ရှားလိုက်ရာ အစိမ်းရောင် နွယ်ပင်များမှာ လေဟာနယ်ထဲမှ ပေါ်ထွက်လာပြီး နွယ်ခုံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဖန့်ချန်က ထိုခုံပေါ်တွင် ဝင်ထိုင်လိုက်ပြီး ဓားကိုင်သူ စကားစလာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။
"မင်းနာမည်က ဝူရှီထျန်းဇွန်လား။ နာမည်ကတော့ အတော်လေး ဟိတ်ဟန်ကြီးတာပဲ။ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ"
ဓားကိုင်သူ က တည်ငြိမ်စွာ မေးလိုက်သည်။
"အဆင့် ၃ ပါ" ဖန့်ချန်က ဆိုသည်။
"အဆင့် ၃ နဲ့တောင် ထျန်းဇွန် (နတ်ဘုရားဘုရင်) လို့ အမည်တပ်ရဲတယ်ပေါ့လေ..."
ဓားကိုင်သူ က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ဆက်ပြောသည်။
"မင်းက အသစ်ဆိုတော့ ငါ ဒီနေရာရဲ့ စည်းကမ်းတွေကို ရှင်းပြမယ်"
"အသေးစိတ် သိပါရစေ"
"ပထမဆုံးအနေနဲ့ ဒီ ရှဲ့ကျစ်ဌာနမှာ ဌာနအသီးသီးက အထက်အရာရှိတွေကလွဲရင် အပေါ်မှာ နောက်ထပ် အရာရှိဆိုတာ မရှိတော့ဘူး။ ရှိရင်တောင် မင်းတို့ မြင်တွေ့ရမှာ မဟုတ်ဘူး။ မင်းတို့လို စစ်သည်အဆင့် ရှဲ့ကျစ်တွေရဲ့ နေ့စဉ်တာဝန်က ငါတို့ ပေးအပ်တဲ့အလုပ်တွေကို ပြီးမြောက်အောင် လုပ်ဖို့ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် သဲလွန်စရှာဖွေပြီး အတွင်းကျကျ စုံစမ်းစစ်ဆေးဖို့ပဲ"
ဓားကိုင်သူ က အေးအေးဆေးဆေးပင် ပြောကြားသည်။
"အကယ်၍ မင်းတို့ရဲ့ စုံစမ်းမှုက အသုံးဝင်တယ်လို့ ငါတို့ ယူဆရင်တော့ အခြေအနေကို ကြည့်ပြီး လိုအပ်တဲ့ အင်အားတွေကို ဖြည့်ဆည်းကူညီပေးလိမ့်မယ်"
"စုံစမ်းစစ်ဆေးရမယ့် လမ်းကြောင်းကကော..."
ဖန့်ချန်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"မိတ်ဆက်ပေးတဲ့သူက မင်းကို သေချာမပြောပြဘူးလား"
ဓားကိုင်သူ က မျက်မှောင်ကြုတ်လိုက်ပြီး
"ကြည့်ရတာ မင်းကို မိတ်ဆက်ပေးတဲ့သူကလည်း သိပ်မဟန်ဘူးပဲ၊ စကားကိုတောင် သေသေချာချာ မှာမသွားဘူး"
ဖန့်ချန် ဘာမှပြန်မပြောနိုင်ခင်မှာပင် ထိုသူက ဆက်ပြောသည်။
"ငါတို့ ရှဲ့ကျစ်ဌာန တည်ထောင်ရတဲ့ ရည်မှန်းချက်က တစ်ခုတည်းပဲ။ အဲဒါက ထိုက်ချန်းနယ်မြေအရေးကိစ္စကို စုံစမ်းစစ်ဆေးဖို့ပဲ။ ဒီရည်မှန်းချက်က အောင်မြင်မှု အချို့ရနေပြီမို့လို့ အခုတော့ နတ်ဆိုးမျိုးနွယ် နဲ့ နတ်ဘုရားမျိုးနွယ် ကိစ္စတွေအထိ အသေးစိတ် ခွဲခြားစုံစမ်းနေတာ"
တကယ်ပဲ...
ဖန့်ချန် စိတ်ထဲမှ မှတ်သားလိုက်သည်။ ရှဲ့ကျစ်ဌာနသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနေရာတွင် လူသားတို့၏ အသိဉာဏ်ကို ဖောက်ထွက်နိုင်မည့် အမှန်တရားများ ရှိနေနိုင်ပေသည်။
"အခုတလော အောက်ပိုင်းနယ်မြေ ခြောက်ခုမှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ကိစ္စကို မင်းကြားပြီးပြီလား"
ဓားကိုင်သူ က မေးသည်။
"မိစ္ဆာဘေးဒုက္ခ ကျရောက်နေတာကို ပြောတာလား"
ဖန့်ချန်က ဆိုသည်။
"ဟုတ်တယ်။ ကြည့်ရတာ မင်းရဲ့ သတင်းအချက်အလက်က တော်တော်လေး မြန်ဆန်ပုံရတယ်။ ဒါကြောင့်လည်း ဒီနေရာကို အရွေးခံရတာနေမှာပေါ့"
'ဓားကိုင်သူ' က ခေါင်းညိတ်ပြလိုက်သည်
"မင်းက အသစ်ဆိုတော့ ပထမဆုံးအနေနဲ့ ရိုးရှင်းတဲ့ တာဝန်တစ်ခု အရင်ပေးမယ်။ သိုင်းဝိညာဥ်နယ်မြေ ရဲ့ ဝိညာဥ်သုတ်သင်ခြင်းဌာန မှာ ဒီကိစ္စနဲ့ ပတ်သက်နေတဲ့ လူတစ်ယောက် ရှိတယ်။ မင်းသွားပြီး စုံစမ်းကြည့်လိုက်။
အော်... ပြီးတော့ မင်းလိုပဲ အသစ်ရောက်လာတဲ့ စစ်သည်အဆင့် ရှဲ့ကျစ်တစ်ယောက်လည်း ရှိသေးတယ်။ သူက မင်းမတိုင်ခင်လေးတင် သတင်းပို့သွားတာ။ အခု သူ တာဝန်အသေးစိတ်ကို သွားကြည့်နေပြီ၊ မင်း ဂိုဒေါင်ကိုသွားပြီး သူ့ကို သွားရှာလိုက်။
ဒီတာဝန်ကို မင်းတို့ နှစ်ယောက် အတူတူ လုပ်ဆောင်ရမယ်။ စီနီယာတစ်ယောက်အနေနဲ့ မှာချင်တာကတော့... မင်းရဲ့ တကယ့်အထောက်အထားကို ဘယ်တော့မှ မဖော်ပြမိစေနဲ့"
သူက ခေတ္တရပ်လိုက်ပြီး
"မင်း ထွက်သွားလို့ ရပြီ"
"အထက်အရာရှိ... စစ်သည်အဆင့်ရဲ့ အပေါ်မှာ ဘာအဆင့်တွေ ရှိပါသေးလဲ။ အဲဒီအဆင့်တွေက ဘာတွေ လုပ်လို့ရလဲ"
ဖန့်ချန်က မထသေးဘဲ ဆက်မေးလိုက်သည်။
"အာဏာပိုင်စိုးမှုနဲ့ တာဝန်ခွဲဝေမှုတွေနဲ့ပဲ ဆိုင်တာပါ။ မင်း နောက်ထပ် အဆင့်အနည်းငယ် မြင့်လာရင် ငါ့နေရာကို ထိုင်လို့ရပြီ။ အော်... ပြီးတော့ ငါ့ရဲ့ ကြေးညိုရောင် မျက်နှာဖုံးက မင်းနဲ့ မတူဘူး။ ငါက မင်းဘယ်သူလဲဆိုတာ မြင်နိုင်တယ်"
'ဓားကိုင်သူ' က ပြုံး၍ ဆိုသည်။
ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီး
"ကျွန်တော့်မှာ မေးစရာ မရှိတော့ပါဘူး။ ခွင့်ပြုပါဦး"
သူသည် မတ်တပ်ရပ်၍ တံခါးဝသို့ လျှောက်သွားသော်လည်း ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။
"စီနီယာအစ်မသုံး... အစ်မ ရှဲ့ကျစ်ဌာနကို ရောက်တာ ဘယ်နှစ်နှစ် ရှိပြီလဲ"
"သိပ်မကြာသေးပါဘူး... ငါ..."
'ဓားကိုင်သူ' စကား ရပ်သွားပြီး ဖန့်ချန်ကို တိတ်ဆိတ်စွာ ကြည့်နေတော့သည်။ ခေတ္တမျှကြာသော် သူမသည် မျက်နှာပေါ်မှ ကြေးညိုရောင် မျက်နှာဖုံးကို ချွတ်လိုက်ရာ အလွန်လှပ ချောမောသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
သူမမှာ ကျွယ်မင်နန်းတော်၏ တတိယမြောက် အမာခံတပည့် ဖြစ်သူ ချန်အင်းရွှယ် ပင် ဖြစ်သည်။
"မင်း ဘယ်လို သိသွားတာလဲ" ချန်အန်းရွှယ်က တည်ငြိမ်စွာ မေးလိုက်သည်။
"အစ်မ ခုနက ကျွန်တော့်ကို မိတ်ဆက်ပေးတဲ့သူကို အကြောင်းရှာပြီး ဆူလိုက်လို့လေ"
ဖန့်ချန်ကလည်း သူ၏ မျက်နှာဖုံးကို ချွတ်လိုက်ပြီး ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။
"သိသွားတော့လည်း သိသွားတာပေါ့။ ဒါပေမဲ့ ဒီမတိုင်ခင်အထိတော့ ငါက ရှဲ့ကျစ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မင်း လုံးဝ ထင်ထားမှာ မဟုတ်ဘူး မလား"
ချန်အင်းရွှယ်က ရုတ်တရက် ပြုံး၍ ဆိုသည်။
"တကယ်ကို မထင်ထားခဲ့ပါဘူး။ ဒါနဲ့... ကောင်းကင်မသေမျိုးမျိုးနွယ်ရဲ့ ဆဋ္ဌမမြောက် ကြယ်တာရာ ကရော ရှဲ့ကျစ် တစ်ယောက်လား"
ဖန့်ချန်က မေးလိုက်သည်။
"မင်း ဘာလို့ အဲဒါကို ရုတ်တရက် မေးတာလဲ"
ချန်အင်းရွှယ်၏ မျက်လုံးများ မှေးကျဉ်းသွားသည်
"တခြားသူတွေအကြောင်းကို လျှောက်မစပ်စုနဲ့။ တကယ်လို့ သိသွားရင် မင်းအတွက် ဒုက္ခရောက်နိုင်တယ်"
"ခုနက ထာဝရနတ်ဘုရားဧကရာဇ် လို့ ခေါ်တဲ့တစ်ယောက်ကို တွေ့လိုက်လို့ပါ။ သူနဲ့ အတော်လေး တူနေလို့"
ဖန့်ချန်က ဆိုသည်။
"..."
ချန်အင်းရွှယ် ဘာမှမပြောတော့ပေ။ သို့သော် သူမ၏ တုံ့ပြန်မှုက ထို ထာဝရနတ်ဘုရားဧကရာဇ် မှာ ဆဋ္ဌမမြောက် ကြယ်တာရာ ဖြစ်ကြောင်း ဖန့်ချန်ကို ပို၍ သေချာစေခဲ့သည်။
"စီနီယာအစ်မသုံး... ခုနက အစ်မပြောတဲ့ တာဝန်ကို ကျွန်တော် တစ်ယောက်တည်း သွားလုပ်လို့ ရမလား"
ဖန့်ချန်က ဆက်မေးသည်
"ဒီနေရာမှာ ကိုယ့်အထောက်အထားကို မဖော်ပြတာ အကောင်းဆုံးဆိုတော့၊ တစ်ယောက်တည်း သွားတာက ပိုအဆင်ပြေလိမ့်မယ်။ ကျွန်တော် ဒီမျက်နှာဖုံးကို အမြဲတမ်း တပ်မထားနိုင်ဘူးလေ"
ချန်အင်းရွှယ်က ဘာမှမပြောဘဲ မျက်နှာဖုံးကို ပြန်တပ်လိုက်သည်။ ထိုအချိန်တွင် မျက်နှာဖုံး မတပ်ထားသော ဖန့်ချန်၏ မျက်စိရှေ့၌ ချန်အင်းရွှယ်၏ ပုံပန်းသဏ္ဍာန်မှာ ပြောင်းလဲသွားပြီး ခန္ဓာကိုယ် တည်ဆောက်ပုံပါ ကွဲပြားသွားတော့သည်။
သူမမှာ ကြည့်ရသည်မှာ သန်မာထွားကြိုင်းသော လူကြမ်းကြီးတစ်ဦးနှင့် တူသွားလေသည်။
"မင်းတို့ ရှဲ့ကျစ်တွေ အချင်းချင်းပဲ မျက်နှာဖုံး တပ်ထားတဲ့ပုံစံကို မြင်နိုင်တာ။ ဒီ ကြေးညိုရောင် မျက်နှာဖုံးတွေရဲ့ မူလအစက အတော်လေး ကြီးကျယ်တယ်။ မင်းတို့ အပြင်လောကကို ထွက်သွားရင် အဆင့် ၉ စွမ်းအားရှင်တွေတောင် သေသေချာချာ ဂရုမစိုက်ရင် ဒီလျှို့ဝှက်ချက်ကို ခွဲခြားနိုင်မှာ မဟုတ်ဘူး"
ချန်အင်းရွှယ်က ပြုံး၍ ပြောသည်။
ဖန့်ချန်က မျက်နှာဖုံးကို ချက်ချင်း ပြန်တပ်လိုက်သည်။ ဟုတ်ပါသည်၊ ချန်အင်းရွှယ်မှာ လူကြမ်းကြီးဘဝမှ ကြေးညိုရောင် မျက်နှာဖုံး တပ်ထားသော ပုံစံသို့ ပြန်လည် ပြောင်းလဲသွားပြန်သည်။
"စီနီယာအစ်မသုံး... တခြားသူတွေကရော ကျွန်တော့်ကို ဘယ်လိုမြင်မှာလဲ"
ဖန့်ချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါက မင်းပေးထားတဲ့ အမည်နဲ့ ဆိုင်တယ်"
ချန်အန်းရွှယ်က ဝတ်ရုံလက်စကို အသာအယာ ဝှေ့ယမ်းလိုက်ရာ၊ မသေမျိုးစွမ်းအင်များ ထွက်ပေါ်လာပြီး လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ခန့်မှန်းခြေအားဖြင့် ဒီပုံစံမျိုးပေါ့"
ထိုလူရိပ်ထဲတွင် ဆံပင်ဖြူဖွေးနေသော အဖိုးအိုတစ်ဦး ရှိနေသည်။ သူသည် ရွှေရောင်အနားသတ်များ ပါသော ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ခေါင်းတွင် ရွှေရောင်သရဖူ ဆောင်းထားကာ တစ်ကိုယ်လုံးတွင် လောကုတ္တရာ အရှိန်အဝါများ ကိန်းဝပ်နေပုံရသည်။
ဖန့်ချန်သည် ယခင်က လူတစ်ယောက်က ဘာကြောင့် သူ့ကိုယ်သူ 'ပေါ့ပါးသွက်လက်သော စာဆို' ဟု ခေါ်သည်ကို ယခုမှ နားလည်သွားတော့သည်။
"ဒီပုံစံကို ပြောင်းလို့ရလား" ဖန့်ချန်က မတတ်နိုင်သလို မေးလိုက်သည်။
"ပြောင်းလို့ မရဘူး"
ချန်အင်းရွှယ်က ရယ်မောရင်း ခေါင်းခါပြသည်
"ဒါတွေ အကုန်လုံးက အစ်မကြီး (ရှဲ့အာမန်) မင်းကို သေသေချာချာ မရှင်းပြခဲ့လို့ပဲ။ ပြန်ရောက်ရင် သူ့ကို သွားဆူလိုက်"
"ကျွန်တော်တော့ မဆူရဲပါဘူး၊ အစ်မပဲ သွားဆူပါ"
ဖန့်ချန်က ခေါင်းခါယမ်းလိုက်သည်။
"ကဲပါ... မြန်မြန် ဂိုဒေါင်ကိုသွားပြီး ဟို ငှက်စာဆို ကို သွားရှာတော့"
ချန်အင်းရွှယ်က လက်ကာပြလိုက်သည်
"ဒီတာဝန်ကို အရင်ဆုံး လက်တွေ့ လေ့ကျင့်တဲ့အနေနဲ့ သွားလုပ်လိုက်ဦး"
"စီနီယာအစ်မသုံး... ခုနက တစ်ယောက်က အပြင်မှာ ကြေးညိုရောင် တံခါးကို ဖွင့်တာ တွေ့လိုက်တယ်။ အဲဒါက မူလနေရာကို ပြန်သွားတာလား၊ ဒါမှမဟုတ် တခြားနေရာကိုလား"
ဖန့်ချန်က မေးလိုက်သည်။
အကယ်၍ မူလနေရာကို ပြန်သွားခြင်းသာ ဖြစ်ပါက သူကတော့ ဝမ်ချွမ်းမြစ်ကို သုံးပြီး ခရီးသွားနိုင်သော်လည်း၊ အခြားသော ရှဲ့ကျစ်များမှာ ခရီးသွားရန် အချိန်များစွာ ကုန်ဆုံးရမည် မဟုတ်ပါလား။
"ဒါက ငါစောစောက ပြောတဲ့ အာဏာပိုင်စိုးမှုနဲ့ ဆိုင်တယ်။ မင်းရဲ့ ကြေးညိုရောင် မျက်နှာဖုံးက အောက်ပိုင်းနယ်မြေ ခြောက်ခုကို လွတ်လပ်စွာ သွားလာနိုင်တယ်။ တည်နေရာကို သိနေဖို့ပဲ လိုတယ်။
ငါ့ရဲ့ မျက်နှာဖုံးကတော့ အထက်နယ်မြေ သုံးခုမှာ လွတ်လပ်စွာ သွားလာနိုင်တယ်။ ဥပမာ ငါ အခု ထိုက်ချန်းနယ်မြေကို သွားချင်တယ်ဆိုရင်၊ အပြင်ထွက်ပြီး တံခါးဖွင့်၊ လမ်းလျှောက်ဝင်လိုက်ရုံနဲ့ ရောက်သွားပြီ"
ချန်အန်းရွှယ်က ပြုံး၍ ရှင်းပြသည်။
ဖန့်ချန် စိတ်ထဲတွင် အတော်လေး အံ့အားသင့်သွားသည်။ ဤသည်မှာ ဝမ်ချွမ်းမြစ်ထက်ပင် ပို၍ လွယ်ကူနေသည် မဟုတ်ပါလား။
အထက်နယ်မြေ သုံးခုကြားတွင်ပင် လွတ်လပ်စွာ သွားလာရန် အလွန်ခက်ခဲကြောင်း ဝမ်အိုကြီး ပြောခဲ့သည်ကို သူ မှတ်မိနေသေးသည်။
"ဒါကြောင့်လည်း ရှဲ့ကျစ်ဌာနက ဒီကိစ္စတွေကို စုံစမ်းနိုင်တာပေါ့။ ဒီလို လွယ်ကူတဲ့ အားသာချက်သာ မရှိရင် ဒီဌာနကို တည်ထောင်နေစရာ မလိုတော့ဘူး။ ဒါပေမဲ့ ဒီတံခါးကို ရုံးကိစ္စအတွက်ပဲ သုံးလို့ရမယ်။ မင်း တာဝန်စာချွန်လွှာကို ယူသွားမှသာ အဲဒါကို အသုံးပြုနိုင်မှာပါ"
ချန်အန်းရွှယ်က ပြုံး၍ ဆိုလေတော့သည်။
အခန်း (၁၆၅၈) - ဖေးရှန်းဂြိုဟ် နှင့် တန့်ရွှီ
ဖန့်ချန်သည် ချန်အင်းရွှယ်ထံမှ ထွက်ခွာလာပြီးနောက် လမ်းကလေးများကို ဘယ်ကွေ့ညာဝိုက် လျှောက်လှမ်းလာခဲ့ရာ ခေတ္တမျှအကြာတွင် အဆောက်အအုံတစ်ခုရှေ့သို့ ရောက်ရှိလာသည်။ တံခါးအထက်ရှိ ဆိုင်းဘုတ်တွင် ဂိုဒေါင် ဟူသော စာလုံးနှစ်လုံးကို ရေးထွင်းထားသည်။
ဂိုဒေါင်အတွင်း၌ ကြေးညိုရောင် ရုပ်သေးရုပ်များ ကင်းလှည့်စောင့်ကြပ်နေကြသည်။ ဖန့်ချန်က ငှက်စာဆို ကို ရှာဖွေနေကြောင်း ပြောပြလိုက်ရာ ရုပ်သေးရုပ်က သူ့အား ပဉ္စမမြောက် စင်တန်းဆီသို့ ခေါ်ဆောင်သွားသည်။
ထိုနေရာတွင် ကြေးညိုရောင် တစ္ဆေမျက်နှာဖုံးစွပ်ထားသူတစ်ဦးသည် လက်ထဲရှိ တာဝန်စာချွန်လွှာတစ်ခုကို အသေးစိတ် ဖတ်ရှုနေသည်ကို တွေ့လိုက်ရသည်။
"ငှက်စာဆို... ကျွန်တော်က ဝူရှီထျန်းဇွန်ပါ"
ဖန့်ချန်က ရှေ့သို့တိုးကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ငှက်စာဆိုက ဖန့်ချန်ကို တစ်ချက်ဝေ့ကြည့်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်နေသော လေသံဖြင့် ဆိုသည်။
"ကျွန်တော်က ငှက်စာဆိုပါ... ဒါပေမဲ့..."
"ခင်ဗျားနဲ့ အတူတူပဲ၊ သိုင်းဝိညာဥ်နယ်မြေကို သွားရမယ့် တာဝန်ကို လက်ခံထားတဲ့သူပါ"
ဖန့်ချန်က ရှေ့သို့တိုးကာ စာချွန်လွှာကို လှမ်းကြည့်လိုက်ရာ ရင်းနှီးနေသော အမည်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ သိုင်းဝိညာဥ်နယ်မြေမှ ဝိညာဥ်သုတ်သင်ခြင်းဌာန၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ ယခင်က ရှင်းကျုံး ဆီမှ ဤဘွဲ့အမည်ကို မေးမြန်းသိရှိထားသော်လည်း ယခုအချိန်အထိ လိုက်လံရှာဖွေရန် မအားသေးခြင်း ဖြစ်သည်။
ရှဲ့ကျစ်ဌာနတွင် ဤသူ၏ အချက်အလက်များ ရှိနေခြင်းမှာ ရှဲ့ကျစ်ဌာန၏ သတင်းစုဆောင်းမှု စွမ်းရည်မှာ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသည်။
"ကျွန်တော်နဲ့ အတူတူ ဒါက... ကျွန်တော်ကတော့ ဒီတာဝန်ကို တစ်ယောက်တည်းပဲ အဆုံးသတ်ချင်တာပါ။ မိတ်ဆွေက တခြားတာဝန်တစ်ခုခု ပြောင်းယူရင် မကောင်းဘူးလား"
ငှက်စာဆိုက တွေဝေစွာ ဆိုသည်။
"စစ်ပြင်ဆင်ရေးခန်းမက ဓားကိုင်သူ က ကျွန်တော့်ကို လွှတ်လိုက်တာပါ။ ဒီတာဝန်က ကျွန်တော့်အတွက် လက်တွေ့လေ့ကျင့်ဖို့ အကောင်းဆုံးပဲလို့ သူကပြောတယ်။ အကယ်၍ သဘောမတူရင် ငှက်စာဆိုကပဲ သူ့ကို သွားပြောပေးမလား"
ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။
"ဓားကိုင်သူ သူကိုယ်တိုင် မင်းအတွက် တာဝန်ချပေးတာလား။ မင်းတို့က အပြင်လောကမှာလည်း သိကြတာလား"
ငှက်စာဆို၏ လေသံမှာ သိသိသာသာ လေးနက်သွားသည်။
ဖန့်ချန်က ပြန်မဖြေဘဲ နှုတ်ဆိတ်နေသည်ကို မြင်သောအခါ ငှက်စာဆိုမှာ မတတ်သာတော့ဘဲ သက်ပြင်းချကာ ခေါင်းညိတ်လိုက်ပြီး စာချွန်လွှာကို ဖန့်ချန်လက်ထဲ ကမ်းပေးလိုက်သည်။
"ကြည့်လိုက်ဦး... တခြားပြဿနာမရှိရင် အခုပဲ ထွက်ကြစို့။ ငါတို့ရဲ့ ပစ်မှတ်က သိုင်းဝိညာဥ်နယ်မြေ ဖေးရှန်းဂြိုဟ် က ဝိညာဥ်သုတ်သင်ခြင်းဌာန အကြီးအကဲ ဟွမ်တန်တောက် ပဲ။ သူက အဆင့် ၄ မသေမျိုးဖြစ်လို့ ရင်ဆိုင်ရခက်တယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ"
ဖန့်ချန်က စာချွန်လွှာပါ အကြောင်းအရာများကို ဖတ်ရှုရင်း အမှတ်မထင် ပြန်ဖြေလိုက်သည်။
"ကျွန်တော်လည်း အဆင့် ၃ မသေမျိုးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ တာဝန်က စောင့်ကြည့်ဖို့ပဲလေ။ သုံးနှစ်အတွင်းမှာ ဘယ်သူတွေက ဟွမ်တန်တောက်နဲ့ အနီးကပ် ဆက်ဆံသလဲဆိုတာကို စောင့်ကြည့်ပြီး အဲဒီလူစာရင်းကို အထက်ကို တင်ပြရုံပဲ။ ငါတို့ ကိုယ်တိုင် တိုက်ခိုက်နေစရာ မလိုပါဘူး"
"ရှဲ့ကျစ်ဌာနက အဓိက အချက်အလက်တချို့ကို ရထားပုံရတယ်။ အဲဒါကြောင့် သုံးနှစ်အတွင်းမှာ အရေးကြီးတဲ့သူတစ်ယောက်က ဟွမ်တန်တောက်နဲ့ လာတွေ့လိမ့်မယ်လို့ တွေးထားတာနေမှာ။ အဲဒီအရေးကြီးတဲ့သူက ထိုက်ချန်းနယ်မြေနဲ့ အောက်ပိုင်းနယ်မြေ ခြောက်ခုမှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ ကိစ္စတွေနဲ့ သေချာပေါက် ပတ်သက်နေလိမ့်မယ်"
ငှက်စာဆိုက စဉ်းစားဆင်ခြင်ရင်း ဆိုသည်။
သူက ခေတ္တရပ်ကာ ဖန့်ချန်ကို လှည့်ကြည့်လိုက်သည်။
"ဝူရှီထျန်းဇွန်... မင်းကော ဘယ်လိုထင်လဲ"
"ခင်ဗျားပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ အခုပဲ တိုက်ရိုက် ထွက်ကြစို့လေ"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
သူသည် ကြေးညိုရောင် မျက်နှာဖုံးတွင် ပါရှိသော ထိုတံခါးမှာ ချန်အင်းရွှယ် ပြောသကဲ့သို့ပင် အမှန်တကယ် ဆန်းကြယ်ခြင်း ရှိမရှိကို စမ်းသပ်ရန် စိတ်အားထက်သန်နေပြီ ဖြစ်သည်။ ထိုတာဝန်စာချွန်လွှာကို သုံးပြီး တံခါးဖွင့်လိုက်ရုံနဲ့ သိုင်းဝိညာဥ်နယ်မြေ ဖေးရှန်းဂြိုဟ်ကို တန်းရောက်သွားမှာလား။
အကယ်၍ အမှန်တကယ်သာ ဖြစ်ခဲ့လျှင် ထိုကြေးညိုရောင် မျက်နှာဖုံးများ၏ မူလအစမှာ အလွန်ပင် စဉ်းစားစရာ ဖြစ်လာပေလိမ့်မည်။
အနည်းဆုံးတော့ ဝိညာဉ်ရတနာမှတ်တမ်း ထဲက ထိပ်ဆုံး အဆင့် ၁၀ အတွင်းရှိ ရတနာတစ်ခုခုနှင့် ဆက်နွယ်နေနိုင်ပေသည်။
သူတို့နှစ်ဦးသည် စာချွန်လွှာကို ယူဆောင်၍ ဂိုဒေါင်မှ ထွက်ခွာရန် ပြင်ဆင်စဉ် ကြေးညိုရောင် ရုပ်သေးရုပ်က သူတို့ကို တားဆီးလိုက်သည်။ ၎င်းသည် သူတို့နှစ်ဦးရှေ့တွင်ပင် မသေမျိုးအတတ်ဖြင့် မူရင်းနှင့် တူညီသော စာချွန်လွှာမိတ္တူတစ်ခုကို ဖန်တီးလိုက်ပြီး အံဆွဲတစ်ခုအတွင်းသို့ ထည့်လိုက်သည်။
"မိတ်ဆွေတို့... ဒါက ဂိုဒေါင်ရဲ့ စည်းကမ်းပါ။ အထောက်အထားအဖြစ် သိမ်းဆည်းထားတာပါ"
ရုပ်သေးရုပ်က အေးဆေးစွာ ရှင်းပြပြီးနောက် အခြားသော ရှဲ့ကျစ်ကျင့်ကြံသူများကို သွားရောက် ဧည့်ခံတော့သည်။
ဖန့်ချန်နှင့် ငှက်စာဆိုတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘာမှမပြောဘဲ ရှဲ့ကျစ်ဌာနမှ ထွက်လာခဲ့ကြသည်။ အပြင်သို့ ရောက်သောအခါ ငှက်စာဆိုမှာ အနည်းငယ် တွေဝေနေပုံရသည်။
"မင်း တံခါးဖွင့်မှာလား၊ ဒါမှမဟုတ် ငါဖွင့်ရမလား"
ငှက်စာဆိုက မေးလိုက်သည်။
ဖန့်ချန် စိတ်ထဲတွင် ရယ်ချင်သွားသည်။ တစ်ဖက်လူက တံခါးဖွင့်တာ မအောင်မြင်ဘဲ အရှက်ကွဲမှာကို ကြောက်နေတာလား။
"ကျွန်တော်ပဲ ဖွင့်လိုက်ပါ့မယ်"
ဖန့်ချန်သည် တာဝန်စာချွန်လွှာကို ကိုင်ဆောင်ကာ ဘာမှအများကြီး မစဉ်းစားဘဲ စိတ်ကို လှုပ်ရှားလိုက်ရာ သူ၏မျက်စိရှေ့တွင် ကြီးမားသော ကြေးညိုရောင် တံခါးကြီးတစ်ချပ် ဖြည်းဖြည်းချင်း ပေါ်လာသည်။ ထို့နောက် လက်ထဲရှိ စာချွန်လွှာမှာ စိမ်းပြာရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တံခါးမကြီးအတွင်းသို့ စီးဝင်သွားသည်။
သူသည် တံခါးကို တွန်းဖွင့်လိုက်ရာ တစ်ဖက်တွင် ဝေဝါးနေသော စိမ်းပြာရောင် အလင်းတန်းများကိုသာ မြင်ရပြီး မြင်ကွင်းကို ရှင်းလင်းစွာ မမြင်ရသေးပေ။ သူ လှမ်းဝင်လိုက်သည်နှင့် ငှက်စာဆိုကလည်း နောက်မှ အပြေးအလွှား လိုက်ပါလာတော့သည်။
သိုင်းဝိညာဥ်နယ်မြေ၊ ဖေးရှန်းဂြိုဟ်
ဟင်းလင်းပြင်ထဲတွင် အလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားပြီး တံခါးကြီးတစ်ချပ် ရုတ်တရက် ပေါ်လာသည်။ တံခါးပွင့်သွားသည်နှင့် လူရိပ်နှစ်ခုမှာ ရှေ့နောက် ဆင့်လျက် ထွက်ပေါ်လာကြသည်။
ဖန့်ချန်က ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်ရာ ဤနေရာတွင် တောင်တန်းကြီးများမှာ ဆက်တိုက်သွယ်တန်းနေပြီး ဝိညာဉ်စွမ်းအင်များမှာ အလွန်ပင် သိပ်သည်းလှသည်။ တောင်ကြားများထဲတွင် ဝိညာဉ်စွမ်းအင်များမှာ မြူခိုးများအသွင်ဖြင့် လွင့်မျောနေကြသည်။
"ဒီနေရာက ဖေးရှန်းဂြိုဟ်ဆိုတာ ဘယ်လို အတည်ပြုမလဲ"
ဖန့်ချန်က ငှက်စာဆိုကို တစ်ချက် ကြည့်လိုက်သည်။
သို့သော် ငှက်စာဆိုက အလွန်သေချာသော လေသံဖြင့် ဆိုသည်။
"ဒီနေရာက တကယ်ကို ဖေးရှန်းဂြိုဟ်ပါပဲ"
သူက ခေတ္တရပ်ပြီး ဖန့်ချန်၏ အကြည့်မှာ ထူးဆန်းနေသည်ကို ခံစားမိသဖြင့် ထပ်လောင်းပြောလိုက်သည်။
"ငါ အောက်ပိုင်းနယ်မြေ ခြောက်ခုကို လှည့်လည်သွားလာတုန်းက ဒီနေရာကို ရောက်ဖူးတယ်"
"ဒါဆိုရင်တော့ ဟုတ်ပြီ။ ဒီမျက်နှာဖုံးက တကယ့်ကို ထူးခြားတာပဲ။ မျက်တောင်တစ်ခတ်အတွင်းမှာတင် ငါတို့ အထက်နယ်မြေ သုံးခုကနေ အောက်ပိုင်းနယ်မြေ ခြောက်ခုကို ရောက်လာနိုင်တယ်"
ဖန့်ချန်က အံ့သြတကြီး ရေရွတ်လိုက်မိသည်။
သူ၏ ဦးနှောက်ထဲတွင် ဝိညာဉ်ရတနာ အမျိုးမျိုးကို စတင်နှိုင်းယှဉ်ကြည့်သော်လည်း မည်သည့် သဲလွန်စမျှ မရရှိခဲ့ပေ။ သို့သော် သူ၏ တွက်ချက်မှုအရ ဤကြေးညိုရောင် မျက်နှာဖုံးများသည် ဝိညာဉ်ရတနာ မှတ်တမ်းထဲမှ အစွမ်းထက်သော ရတနာတစ်ခုခု၏ အထူးစွမ်းအားကို ခွဲဝေရရှိထားခြင်း ဖြစ်နိုင်ချေ များသည်။
"အရင်က ငါ ဝိညာဉ်ရတနာမှတ်တမ်းကို သိပ်ပြီး ဂရုမစိုက်ခဲ့ဘူး။ အဲဒါတွေက အပြင်ပန်း အင်အားတွေပဲ၊ ဘယ်လောက် အစွမ်းထက်ပါစေ ကိုယ့်ရဲ့ ကျင့်ကြံခြင်း အဆင့်ကို မမီနိုင်ဘူးလို့ပဲ ထင်ခဲ့တာ။ အခုကြည့်ရတာ ငါ ဒီရတနာတွေကို လျှော့တွက်ခဲ့မိတာပဲ"
"အထူးသဖြင့် ထိပ်ဆုံး ၁၀ ခုအတွင်းက ရတနာတွေဆိုရင်တော့... အဲဒီရဲ့ စွမ်းအားက အဆင့် ၉ မသေမျိုးတွေတောင် ရှောင်ရှားရမယ့် အနေအထားမျိုး ဖြစ်နေလောက်ပြီ"
ဖန့်ချန် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်မိသည်။
နောက်ပိုင်း ရက်သတ္တပတ် နှစ်ပတ်ခန့်အကြာတွင်...
သူတို့နှစ်ဦးသည် ဖေးရှန်းဂြိုဟ်ရှိ တန့်ရွှီ ဟု ခေါ်သော ကျင့်ကြံသူများ စုဝေးရာ နေရာသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနေရာမှာ ဖေးရှန်းဂြိုဟ်ပေါ်တွင် အတော်လေး နာမည်ကျော်ကြားပြီး အရပ်မျက်နှာ အသီးသီးမှ ကျင့်ကြံသူများ စုဝေးရာ နေရာဖြစ်သည်။
၎င်းသည် မြို့တစ်မြို့နှင့်လည်း တူသလို၊ ဈေးတန်းကြီး တစ်ခုနှင့်လည်း ဆင်တူကာ မရှိတာ မရှိရအောင် စည်ကားလှသည်။
ဖန့်ချန်နှင့် ငှက်စာဆိုတို့သည် အထပ်ပေါင်း တစ်ရာမြင့်သော တည်းခိုခန်းတစ်ခုတွင် တည်းခိုလိုက်ကြသည်။ သူတို့ တည်းခိုသည့် အခန်းမှာ အထပ် ၆၀ တွင် ရှိပြီး၊ ထိုအမြင့်မှကြည့်လျှင် ဟွမ်တန်တောက်၏ အိမ်တော်ကြီးကို အပေါ်စီးမှ ကောင်းစွာ မြင်တွေ့နိုင်မည် ဖြစ်သည်။
ဟွမ်တန်တောက်၏ အချက်အလက်များကို ရှဲ့ကျစ်ဌာနက အသေးစိတ် စုံစမ်းထားပြီး ဖြစ်သည်။ သူသည် ဖေးရှန်းဂြိုဟ် ဝိညာဥ်သုတ်သင်ခြင်းဌာန၏ အကြီးအကဲ ဖြစ်ပြီး အဆင့် ၄ မသေမျိုး ဖြစ်သည်။
ထိုကဲ့သို့ အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးမှာ မသေမျိုးများ နေထိုင်ရာ အရပ်တွင် မနေဘဲ၊ ကျင့်ကြံသူများထဲတွင် အားအကောင်းဆုံးမှ တာအိုပေါင်းစပ်ခြင်း အဆင့်သာ ရှိပြီး၊ ဘေးဒုက္ခဖြတ်ကျော်ခြင်း အဆင့်တောင် တွေ့ရခဲသည့် တန့်ရွှီ တွင် လာရောက် နေထိုင်နေခြင်း ဖြစ်သည်။
ထို့အပြင် သူ၏ နေထိုင်မှုမှာလည်း အလွန်ပင် ဆင်းရဲနွမ်းပါးလှသည်။ ဝိညာဥ်သုတ်သင်ခြင်းဌာနမှ အထောက်အထားကို ဖုံးကွယ်ရန်အတွက် အစွမ်းကုန် ကြိုးစားထားခြင်းဟု ဆိုနိုင်သည်။
ငှက်စာဆိုသည် ပြတင်းပေါက်နားတွင် ရပ်နေရင်း၊ သူ၏ အကြည့်ကို တစ်ဖက်လူက သတိထားမိမည် စိုးသဖြင့် အကြည့်လွှဲကာ တန့်ရွှီ၏ ရှုခင်းများကို ကြည့်ရှုနေသလိုမျိုး ဟန်ဆောင်၍ အကဲခတ်နေသည်။ ဖန့်ချန်ကတော့ ခုံပေါ်တွင် ထိုင်နေပြီး မျက်စိကို မှိတ်ထားသည်။
သို့သော် သူ၏ ဝိညာဉ်အသိစိတ် မှာမူ ဟွမ်တန်တောက်၏ အိမ်တော်အထက်သို့ ရောက်ရှိနေပြီး သူ့ကို အနီးကပ် စောင့်ကြည့်နေပြီ ဖြစ်သည်။
ဤဟွမ်တန်တောက်မှာ ဟွမ်မျိုးရိုးဖြစ်ပြီး ဝိညာဥ်သုတ်သင်ခြင်းဌာန၏ အကြီးအကဲ ဖြစ်သော်လည်း သူ၏ ဝတ်စားဆင်ယင်မှုမှာ အလွန်ပင် ရိုးရှင်းလှသည်။ သူဝတ်ထားသော ဝတ်ရုံမှာ အရည်အသွေး မမြင့်မားဘဲ ရွှမ်အဆင့်ရှိသော ဝိညာဉ်ရတနာမျှသာ ဖြစ်သဖြင့် တန့်ရွှီအတွင်းရှိ လူများကြားတွင် လုံးဝ ထင်ပေါ်ခြင်း မရှိပေ။
သူသည် ယဉ်ကျေးသိမ်မွေ့သော မုတ်ဆိတ်ရှည်များ ရှိပြီး၊ လမ်းတစ်လျှောက်ရှိ ဆိုင်ပိုင်ရှင်များကိုလည်း တစ်ဦးပြီးတစ်ဦး နှုတ်ဆက်လာသည်မှာ အလွန်ပင် ရင်းနှီးနေပုံရသည်။
"ရှဲ့ကျစ်ဌာနက ဘယ်လို သတင်းအချက်အလက်မျိုးကို ရထားလို့ ရှဲ့ကျစ် နှစ်ယောက်ကိုတောင် ဒီ ဟွမ်တန်တောက်နောက်ကို လွှတ်ပြီး စောင့်ကြည့်ခိုင်းရတာလဲ။ မိစ္ဆာမျိုးနွယ်တွေက ဖေးရှန်းဂြိုဟ်မှာ နောက်ထပ် မိစ္ဆာဘေးဒုက္ခတစ်ခု ထပ်လုပ်ဖို့ ကြံစည်နေတာလား၊ အဲဒါကို ရှဲ့ကျစ်ဌာနက ကြိုသိနေတာလား..."
ဖန့်ချန် စဉ်းစားနေမိသည်။
ထို့နောက် ဟွမ်တန်တောက်သည် ခဏမျှ လှည့်လည်ကြည့်ရှုပြီးနောက် အိမ်တော်သို့ ပြန်လာခဲ့သည်။ ကြီးမားလှသော အိမ်တော်ကြီးအတွင်း၌ သူမှလွဲ၍ ကျန်သူများမှာ အစေခံများနှင့် အလုပ်သမားများသာ ဖြစ်ပြီး စုစုပေါင်း ၁၃ ဦး ရှိသည်။
ထိုအစေခံများ၏ ကျင့်ကြံခြင်းမှာလည်း မမြင့်မားလှသဖြင့် သူတို့မှာ ဝိညာဥ်သုတ်သင်ခြင်းဌာနမှ ကျင့်ကြံသူများ မဟုတ်ဘဲ၊ ဤတန့်ရွှီအတွင်းမှ ငှားရမ်းထားသူများသာ ဖြစ်ပုံရသည်။
"ဟေ့ကောင် သူတောင်းစား... မင်းရဲ့ ညစ်ပတ်နေတဲ့ လက်နဲ့ ငါအသစ်ဝယ်ထားတဲ့ ဖိနပ်ကို ထိရဲတယ်ပေါ့လေ သေချင်နေတာလား"
"လာ... မြေကြီးပေါ်မှာ ဒူးထောက်ပြီး မင်းပါးစပ်ကို မင်း ပြန်ရိုက်စမ်း။ ပြီးရင် ခွေးလိုလည်း ဟောင်ပြစမ်းဦး၊ အဲဒါဆိုရင် မင်းကို စားစရာ တစ်ခုခု ပေးမယ်။ ဘယ်လို သတ္တဝါမျိုးလဲ မသိဘူး... တန့်ရွှီက ဘယ်တုန်းက ဒီလို သာမန်လူတွေကို ပေးဝင်လိုက်တာလဲ"
ဖန့်ချန်က မလှမ်းမကမ်းသို့ လှမ်းကြည့်လိုက်ရာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အချို့မှာ အဖိုးကြီး သူတောင်းစားတစ်ဦးကို ဝိုင်းဝန်း လှောင်ပြောင်နေကြသည်ကို တွေ့လိုက်ရသည်။
အဖိုးကြီး သူတောင်းစားမှာ အခုအခါ ရူးကြောင်ကြောင် ပြုံးနေရင်း သူ့ပါးကိုသူ ပြန်ရိုက်နေပြီး ပါးစပ်မှလည်း "ဝေါင်... ဝေါင်..." ဟု ခွေးဟောင်သံများကို လိုက်လုပ်နေရရှာသည်။
ဖန့်ချန်က ထိုသူကို သေသေချာချာ စိုက်ကြည့်လိုက်ပြီးနောက် တစ်ခဏမျှ မှင်တက်သွားသည်။
အဖိုးကြီး သူတောင်းစား၏ ခါးတွင် ချိတ်ထားသော အရက်ဘူးမှာ ယခင်က ဓားသင်္ချိုင်းလှေကား တွင် လီကျင်းနျန် ကို တွေ့ခဲ့စဉ်က သူချိတ်ထားသော အရက်ဘူးနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။
သူ သေသေချာချာ ထပ်မံ အကဲခတ်ကြည့်လိုက်သောအခါ... ထိုသူသည် အိုမင်းရင့်ရော်သွားသော လီကျင်းနျန် မှတစ်ပါး အခြားသူ မဟုတ်သည်ကို တွေ့လိုက်ရလေတော့သည်။