← Chapters

အခန်း (၆၄၇-၆၄၈)

Vol. 65 Ch. 647-648

အခန်း (၆၄၇-၆၄၈)

Vol. 65 Ch. 647-648

အခန်း (၆၄၇) - ခေါင်းတလားထဲမှာ အမှန်တကယ် ဘာရှိနေတာလဲ ၊ လူသောင်းချီ၏ ရွတ်ဆိုသံ ၊ နတ်ဘုရားလော ၊ အရှိန်အဝါဖြင့် ဟန်ရေးပြခြင်းလော

လီယန်ချူး၏ မျက်လုံးအစုံ၌ တာအိုအလင်းများ တဖျတ်ဖျတ်လက်သွားပြီး ထိုခေါင်းတလားကို ဝိညာဉ်မျက်စိအတတ် ဖြင့် အကဲခတ်ကြည့်လိုက်သည်။

ခေါင်းတလားအတွင်းမှ အလွန်ပါးလျသော်လည်း အလွန်တရာ သန့်စင်လှသော သက်စောင့်စွမ်းအား များ ယိုစိမ့်ထွက်ပေါ်နေသည်ကို သူတွေ့လိုက်ရ၏။

မိစ္ဆာမျိုးနွယ်များမှာ ထိုကဲ့သို့သော သက်စောင့်စွမ်းအားများကို အာရုံခံရာတွင် အလွန် ထက်မြက်ကြသည်။ ၎င်းသားရဲကြီးများ အသက်ဘေးကိုမငဲ့ဘဲ တောင်ပေါ်သို့ တက်လာကြခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သူတို့က ခေါင်းတလားထဲမှ ရတနာကို ရယူချင်နေကြတာလား။

ဤမြင်ကွင်းမှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှသည်။ သူ တောင်ထိပ်သို့ တိုက်ခိုက်တက်လှမ်းလာသည့်အခါ တောင်ထိပ်မှာ ပြောင်ရှင်းနေပြီး အဝါရောင် အစီရင်အဆောင်များ အပြည့်ကပ်ထားသည့် ခေါင်းတလားတစ်လုံးသာ ရှိနေသည် မဟုတ်ပါလား။

လီယန်ချူးသည် မြေပြင်ပေါ်သို့ ပြုတ်ကျနေသော အစီရင်အဆောင်တစ်ခုကို ကောက်ယူလိုက်သော်လည်း ၎င်းအတွင်းမှ စွမ်းအားများ ကုန်ခမ်းနေပြီဖြစ်ရာ လက်ထဲမှာပင် အငွေ့ပျံပျောက်ကွယ်သွားတော့သည်။

ဤခေါင်းတလားမှာ ကြည့်ရသည်မှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း၊ မရေမတွက်နိုင်သော သားရဲကြီးများကို ရူးသွပ်စေသည့် သန့်စင်သော သက်စောင့်စွမ်းအားများ ထွက်ပေါ်နေသည်မှာ အတွင်း၌ အစွမ်းထက်သော ရတနာတစ်ခုခု ရှိနေသည်မှာ အသေအချာပင်။

သာမန်ကျင့်ကြံသူတစ်ဦးသာ နတ်ဘုရားနယ်မြေ ကို လာရောက်ရှာဖွေရင်း ထိုကဲ့သို့အရာမျိုးနှင့် တွေ့လျှင် သေချာပေါက် ဖွင့်ကြည့်မိမည်ဖြစ်သည်။ သို့သော် လမ်းတစ်လျှောက် အားလုံးကို အမှုန့်ကြိတ်ပြီး တောင်ထိပ်သို့ တက်လာခဲ့သော လီယန်ချူးမှာမူ ခေါင်းတလားကို မြင်လျှင်မြင်ချင်း ချက်ချင်း မဖွင့်သေးပါချေ။

“ဒီအရာက ဘယ်မှလည်း ထွက်ပြေးမှာမဟုတ်ဘူး... အတူတူ ယူသွားကြတာပေါ့ ”

လီယန်ချူး၏ အသံမှာ ဟိန်းထွက်သွားပြီး လောကအနှံ့ ပဲ့တင်ထပ်သွား၏။

သူသည် ခေါင်းတလားကို တိုက်ရိုက် မကိုင်တွယ်ဘဲ လက်ကို ဖြန့်လိုက်ရာ သူ၏ စွမ်းအား များက ဧရာမ လက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခေါင်းတလားကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူသည် တောင်အောက်သို့ တိုက်ရိုက် ပျံဆင်းသွားတော့သည်။

သူ ထင်မှတ်မထားသည်မှာ ဤခေါင်းတလားမှာ ထင်သလောက် မလေးလံဘဲ ပြင်းထန်သော ကာကွယ်ရေးစွမ်းအားများလည်း ရှိမနေခြင်းပင်။ ၎င်းမှာ ထိုနေရာတွင် ငြိမ်သက်စွာ ရှိနေပြီး မည်သူမဆို လာယူနိုင်ရန် စောင့်ဆိုင်းနေသကဲ့သို့ ရှိသည်။

ထိုခံစားချက်မှာ အလွန်ပင် ထူးဆန်းလှ၏။ တစ်ဖက်ရန်သူ၏ အမာခံစခန်းကို အစွမ်းကုန် တိုက်ခိုက်ချိုးဖျက်ပြီးနောက် အလယ်ဗဟိုသို့ ရောက်သွားသည့်အခါ၊ အဝတ်အစား တစ်ထည်မျှ မပါဘဲ အိပ်ပျော်နေသည့် အလှနတ်သမီးလေးတစ်ပါးက သင့်စိတ်ကြိုက် လုပ်နိုင်ရန် စောင့်ကြိုနေသကဲ့သို့ ဖြစ်နေသည်။

သာမန်လူဆိုလျှင် မထိန်းနိုင်ဘဲ ချက်ချင်း လက်ပစ်ပိုင်ဆိုင်မိမည်မှာ အမှန်ပင်။

သို့သော် လီယန်ချူးမှာမူ အိုဟောင်းနေသော ခွေးအိုကြီးတစ်ကောင်အလား တည်ငြိမ်လွန်းလှပေသည်။ သူသည် တိမ်စီးအတတ် ကို အသုံးပြုကာ လေညင်းအလား လျင်မြန်စွာ ပျံသန်းထွက်ခွာသွား၏။

ဂုန်း

မြေပြင်မှာ ဟက်တက်ကွဲသွားပြီး ဧရာမ လက်တံကြီးများ ထိုးထွက်လာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ လီယန်ချူးသည် ထိုလက်တံများကို ဓားဖြင့် မခုတ်တော့ဘဲ အမြင့်ဆုံးသော ကိုယ်ဟန်အတတ်ကို အသုံးပြုကာ လေထဲတွင် ရှောင်တိမ်းလိုက်သည်။

ဝုန်း ဝုန်း

မြေပြင်မှာ အဆက်မပြတ် ပေါက်ကွဲနေပြီး မရေမတွက်နိုင်သော လက်တံများ မြေကြီးထဲမှ ထိုးထွက်ကာ လီယန်ချူးကို ဝိုင်းအုံတိုက်ခိုက်ကြတော့သည်။

ထိုမြင်ကွင်းကို ကြည့်ကာ ရှင်းဟုန်ယဲ့၊ ဝေဟန်နှင့် ဖုန်းရူးတို့မှာ ရင်တုန်ပန်းတုန် ဖြစ်နေကြရသည်။

လီယန်ချူး၏ ကိုယ်ဟန်မှာ လျင်မြန်လှသော်လည်း ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလာသော လက်တံများကြားတွင် သူပင်လျှင် ရှောင်တိမ်းရန် ခဲယဉ်းလာသည်။

သို့သော် သူ၌ နတ်ဘုရားခြေလှမ်း အတတ် ရှိနေသဖြင့် အန္တရာယ်ကြားမှ လက်တံများ၏ ဝိုင်းရံမှုကို သီသီလေး ရှောင်ထွက်နိုင်ခဲ့သည်။

သို့သော် လက်တံများမှာ ပို၍ ပို၍ များလာကာ တစ်တောင်လုံးရှိ လက်တံအားလုံး ဤနေရာသို့ စုပြုံလာသကဲ့သို့ ရှိနေသည်။

ဤပုံစံမှာ လီယန်ချူးက သူ၏ မူလကိုယ်ထည်ကို ခိုးယူသွားမည်ကို ကြောက်ရွံ့သဖြင့် ထိုလက်တံများက ရူးသွပ်စွာ ခုခံနေသည့်အလားပင်။ ၎င်း... အလောတကြီး ဖြစ်နေပြီ။

လီယန်ချူးသည် စောစောက ဖာထျန်းရှန့်တီ ကို အသုံးပြုကာ ပေသုံးဆယ်မြင့်သော လူသားကြီးအဖြစ် ရှိနေဆဲဖြစ်သည်။ သူသည် လက်တစ်ဖက်ဖြင့် ရှင်းဟုန်ယဲ့တို့ သုံးဦးကို မကာ၊ အခြား စွမ်းအားလက်ဝါးကြီးတစ်ဖက်ဖြင့် အစီရင်အဆောင်များ ကပ်ထားသည့် ခေါင်းတလားကို မြှောက်ကိုင်ထားသည်။

ကောင်းကင်အနှံ့ရှိ လက်တံများမှာ တဖြည်းဖြည်းနှင့် ဧရာမ သွေးသားတုံးကြီးတစ်ခုအဖြစ် စုစည်းကာ မြေကြီးထဲမှ ထွက်ပေါ်လာပြီး လီယန်ချူးကို ထပ်မံ မလိုက်တော့ချေ။

ထိုသွေးသားတုံးကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော အသားတောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အသက်ရှူလိုက်တိုင်း ထူးဆန်းသော တုန်ခါမှုများကို ထုတ်လွှတ်ကာ လီယန်ချူးကို အဝေးမှ ရင်ဆိုင်နေတော့သည်။

“လီအစ်ကို... သတိထား ဒီခေါင်းတလားထဲမှာ ချိပ်ပိတ်ထားတာက အဲဒီ သွေးသားမိစ္ဆာရဲ့ မူလကိုယ်ထည် ဖြစ်နေမှာ စိုးရတယ် ”

ဝေဟန်က အော်ဟစ်သတိပေးလိုက်သည်။

ရှင်းဟုန်ယဲ့လည်း ထိုသို့ပင် ထင်မြင်မိသည်။

စောစောက ခေါင်းတလားအတွင်းမှ သက်စောင့်စွမ်းအားများ ယိုစိမ့်ထွက်လာပြီး သားရဲကြီးများ တောင်ပေါ်တက်ရန် ကြိုးစားခဲ့ကြသည် မဟုတ်ပါလား။

ကြည့်ရသည်မှာ ထိုသွေးသားလက်တံများမှာ တစ်စုံတစ်ယောက်က သူ၏ မူလကိုယ်ထည်ကို လာရောက်ထိပါးမည်ကို ကာကွယ်ရန် တားဆီးနေခြင်း ဖြစ်ဟန်တူသည်။

လီယန်ချူးသည် ထိုသွေးသားမိစ္ဆာကြီးကို ကြည့်ကာ စဉ်းစားတွေးတောဟန်ဖြင့် ပြုံးလိုက်သည်။

“ဒါဆိုလည်း... ပိုင်ရှင်ဆီ ပြန်ပေးလိုက်ရတာပေါ့”

လီယန်ချူးသည် သူ၏လက်ထဲမှ အစီရင်အဆောင်များ ကပ်ထားသော ခေါင်းတလားကို လွှဲပစ်လိုက်သည်။ ထိုခေါင်းတလားမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သွေးသားမိစ္ဆာကြီး၏ ကိုယ်ပေါ်သို့ တိုက်ရိုက်ပင် အရှိန်ပြင်းစွာ သွားရောက်ထိမှန်တော့သည်။

ဝုန်း

ဧရာမ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။သွေးသားမိစ္ဆာကြီး၏ ခန္ဓာကိုယ် တစ်ဝက်နီးပါးမှာ အငွေ့ပျံပျက်စီးသွားပြီး မရေမတွက်နိုင်သော လက်တံများမှာလည်း ပြတ်တောက်ကာ ပျောက်ကွယ်သွားတော့သည်။

ထိုမြင်ကွင်းမှာ ရှင်းဟုန်ယဲ့တို့ သုံးဦးကို ဆွံ့အသွားစေသည်။ အထူးသဖြင့် စောစောက လီယန်ချူးကို သတိပေးခဲ့သော ဝေဟန်မှာ ခေါင်းထဲသို့ အအေးဓာတ်တစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

“မဟုတ်ဘူး ဒီသွေးသားမိစ္ဆာက ဒီခေါင်းတလားကို ကြောက်နေတာပဲ ”

ဝေဟန် ရုတ်တရက် သဘောပေါက်သွားသည်။

မိမိပါးစပ်ကို မိမိပင် ပြန်ပိတ်ထားချင်စိတ် ပေါက်သွားတော့သည်။ လီအစ်ကိုက တော်လို့ပေါ့... ငါပြောတာသာ နားထောင်ရင် ဒုက္ခပဲ။ နောက်ဆိုရင် ဒီလိုအချိန်မျိုးမှာ ပါးစပ်ပိတ်ထားတာ ပိုကောင်းမယ်။

ရှင်းဟုန်ယဲ့သည် လီယန်ချူးကို တစ်ချက်ကြည့်ကာ ဝေဟန်ကိုလည်း တစ်ချက် လှမ်းကြည့်လိုက်သည်။ ဝေဟန်မှာ ဓားပညာတွင် ပါရမီပါသော်လည်း ဉာဏ်ပညာပိုင်းတွင်မူ အနည်းငယ် အားနည်းသည်ဟု သူမ တွေးမိလိုက်သည်။

သွေးသားမိစ္ဆာကြီးမှာ အစီရင်အဆောင်များ ကပ်ထားသည့် ခေါင်းတလားကို ကြောက်ရွံ့နေသော်လည်း လီယန်ချူးမှာမူ ၎င်း၏ထံမှ အငြိုးအတေး အပြည့်ရှိသော အကြည့်ကို ခံစားနေရသည်။

“ဒီအရာမှာ အသိစိတ် ရှိနေတာပဲ”

လီယန်ချူး တွေးလိုက်သည်။

သွေးသားမိစ္ဆာကြီး၏ ပါးစပ်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ စကားလုံး တစ်လုံးတည်းသာ ဖြစ်သော်လည်း ဤနေရာရှိ လူလေးဦးစလုံး တစ်ခါမျှ မကြားဖူးသော ဘာသာစကား ဖြစ်သည်။ ထိုအသံမှာ အင်မတန် ခန့်ညားထည်ဝါလှပြီး နားထဲသို့ ရောက်လာသည့်အခါ စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။

အထူးသဖြင့် နားထဲတွင် လူပေါင်းသောင်းချီ၍ တရားရွတ်ဆိုနေသည့် အသံများ ထွက်ပေါ်လာ၏။

“ဒါက ဘာလို့ အမွှေးတိုင် ဆုတောင်းခြင်းစွမ်းအား နဲ့ တူနေရတာလဲ ”

လီယန်ချူး မျက်မှောင်ကြုတ်ကာ အံ့ဩသွားသည်။

အမွှေးတိုင် ဆုတောင်းခြင်းစွမ်းအား ဆိုသည်မှာ ပြည်သူပြည်သားတို့၏ ယုံကြည်ကိုးကွယ်မှုမှတစ်ဆင့် စုစည်းရရှိလာခြင်း ဖြစ်သည်။

ထို့ကြောင့် ထိုစွမ်းအား အလွန်အမင်း အစွမ်းထက်လာသည့်အခါ အသုံးပြုလိုက်တိုင်း နားထဲတွင် လူပေါင်းသောင်းချီ၏ ဆုတောင်းရွတ်ဆိုသံများ ပဲ့တင်ထပ်လာတတ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် နတ်ဘုရားတစ်ပါးအပေါ် လူပေါင်းများစွာ၏ တောင်းဆုများဖြင့် ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။

“ဒီမိစ္ဆာကြီးက အမွှေးတိုင် မီးပူဇော်ခံရတဲ့ နတ်ဘုရား တစ်ပါးပါးများလား ”

လီယန်ချူး၏ စိတ်ထဲတွင် လေးလံသွား၏။

သွေးသားမိစ္ဆာကြီးမှာ ချက်ချင်းပင် ပေရာချီမျှ ကြီးမားလာပြီး တောင်အနှံ့မှ အသားစများ စုစည်းကာ ဧရာမ သတ္တဝါကြီးတစ်ကောင် ဖြစ်လာတော့သည်။

၎င်းသည် တောင်ထိပ်ပေါ်တွင် ကန့်လန့်ဖြတ် တည်ရှိနေပြီး အလွန်အမင်း မင်္ဂလာမရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

၎င်း၏ အရှိန်အဝါမှာ အလွန် အစွမ်းထက်လှပြီး တစ်ဖြည်းဖြည်း ပိုမို မြင့်တက်လာနေသည်။ လီယန်ချူးသည် ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ဤဖိအားမှာ သွေးသားမိစ္ဆာကြီးဆီမှ လာခြင်းမဟုတ်ဘဲ ၎င်း၏ကိုယ်ပေါ်ရှိ အင်အားကြီးမားလှသော ဆုတောင်းခြင်းစွမ်းအားများကြောင့် ဖြစ်သည်။

စောစောက ထိုအသံ ထွက်ပေါ်လာပြီးနောက်တွင် ထိုစွမ်းအားကြီးမှာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့သည်။

လီယန်ချူး ရင်ဆိုင်နေရသည်မှာ ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင် မဟုတ်ဘဲ ကောင်းကင်မှ နတ်ဘုရားတစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းနေသည်။

သို့သော် လီယန်ချူးမှာ သိုင်းပညာနှင့် တာအိုပညာ နှစ်မျိုးစလုံးကို ကျင့်ကြံထားသူဖြစ်ရာ စိတ်ဓာတ်မှာ သံမဏိအလား မာကျောလှသည်။

ထို့ပြင် သူ၏ ဝိညာဉ်အတွင်း၌လည်း နတ်မင်းကြီးများ၏ အမွေအနှစ် အမွေအနှစ် ရှိနေသဖြင့် ဤကြီးမားသော ဖိအားကို အလျင်အမြန်ပင် ပြန်လည် တွန်းလှန်နိုင်ခဲ့သည်။

သို့သော် သွေးသားမိစ္ဆာကြီးမှာမူ အလွန် ကြီးမားလှပြီး ကိုယ်ထည်မှာလည်း ပို၍ ပို၍ ကြီးထွားနေဆဲ ဖြစ်သည်။

“ဘုရားရေ ဒီအရာက ဘယ်လောက်တောင် ကြီးတာလဲ တောင်တစ်ဝက်လောက်က ဒီကောင်ကြီး ဖြစ်နေတာ မဟုတ်ပါဘူးနော် ”

ဝေဟန် မျက်နှာဖြူလျော့ကာ အော်ဟစ်လိုက်မိသည်။

နောက်ဆုံးတွင် သွေးသားမိစ္ဆာကြီးမှာ ကြီးထွားမှု ရပ်တန့်သွားပြီး ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းမှာ တိမ်တိုက်များကြားထဲတွင် ဖုံးကွယ်နေရာ၊ ကြည့်ရသူကို အလွန်အမင်း ဖိအားပေးနေတော့သည်။

၎င်း၏ ပါးစပ်မှ နောက်ထပ် အသံတစ်ခု ထပ်မံထွက်ပေါ်လာပြီး လီယန်ချူးကို ဒူးထောက်ခိုင်းရန် ကြိုးစားလိုက်သည်။

ထိုသွေးသားမိစ္ဆာကြီးမှာ ယခုအခါတွင် လူကို ကြောက်ရွံ့စေသည့် မြင့်မြတ်သော အငွေ့အသက်များကိုပင် ထုတ်လွှတ်နေပြီ ဖြစ်သည်။ လီယန်ချူးမှာမူ မည်သည့် ခံစားချက်မျှ မပြဘဲ အေးစက်စွာ ရယ်မောလိုက်သည်။

“ဟန်ရေးပြနေတာလား”

သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ တင်းမာသွားပြီး သွေးချီစွမ်းအားများ ဝုန်းဒိုင်းကြဲလာတော့သည်။ ပြင်းထန်လှသော စွမ်းအားတစ်ခုဖြင့် အစီရင်အဆောင်များ ကပ်ထားသည့် ခေါင်းတလားကို နောက်တစ်ကြိမ် ထပ်မံ လွှဲပစ်လိုက်ပြန်သည်။

ဒီခေါင်းတလားထဲမှာ ဘာရှိရှိ ဂရုမစိုက်ဘူး ဒီမိစ္ဆာကောင်ကို ထိမှန်နိုင်တယ်ဆိုမှတော့ အရင်ဆုံး ပစ်ပေါက်ပြီး အမှုန့်ကြိတ်ထားတာက ပိုကောင်းမယ်။

ဝုန်း

နတ်ဘုရားတစ်ပါးအလား မြင့်မြတ်လှသော အရှိန်အဝါရှိသည့် သွေးသားမိစ္ဆာကြီးမှာ အစီရင်အဆောင်များ ကပ်ထားသည့် ခေါင်းတလားဖြင့် အရိုက်ခံလိုက်ရသည့်အခါ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

သွေးသားများ ကောင်းကင်အနှံ့ လွင့်စင်သွားပြီး ခေါင်းတလားပေါ်မှ အစီရင်အဆောင် အများစုမှာလည်း ၎င်းတို့၏ အစွမ်းများ ပျောက်ကွယ်ကုန်ကြတော့သည်။

အခန်း (၆၄၈) - ယင်စွမ်းအားနှင့် ဆုတောင်းခြင်းစွမ်းအားများကို နှိမ်နင်းခြင်း ၊ မျက်လုံးသုံးလုံးနှင့် အဘိုးအို ၊ ဝါးမျိုခံရခြင်း ၊ ယင်ယန်စွမ်းအားနှစ်သွယ်ပုလင်း

ထိတ်လန့်ဖွယ်ရာ အရှိန်အဝါရှိသော ထိုသွေးသားမိစ္ဆာကြီးသည် မရေမတွက်နိုင်သော လက်တံများကို ဖြန့်ကျက်ပြီး ဒေါသတကြီးဖြင့် လီယန်ချူးထံသို့ ပြေးဝင်တိုက်ခိုက်တော့သည်။

အေးစက်စက် ယင်စွမ်းအား တစ်ခုသည် လီယန်ချူးနှင့် အခြားသူများအပေါ်သို့ ချက်ချင်း ဖုံးလွှမ်းသွား၏။ ၎င်းသည် အစီရင်အဆောင်များ အပြည့်ကပ်ထားသည့် ခေါင်းတလားဖြင့် အပြင်းအထန် တိုက်ခိုက်ခံခဲ့ရသော်လည်း၊ ချက်ချင်းပင် အငြိုးတကြီးဖြင့် ပြန်လည်ခုခံလာခြင်း ဖြစ်သည်။

၎င်း၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။

ရုတ်တရက်

သွေးသားမိစ္ဆာကြီး၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ ဧရာမ လက်တံကြီးများသည်လည်း လေထဲတွင် တောင့်ခဲသွားတော့သည်။ ကောင်းကင်ယံထက်၌ ရှေးဟောင်းပြီး ခန့်ညားထည်ဝါလှသော တံဆိပ်တုံးကြီးတစ်ခု ပေါ်ထွက်လာပြီး၊ လွန်လေပြီးသော ကာလများဆီမှ ရှေးကျလှသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။

ထိုက်ရှန်းဖူကျွင်း တံဆိပ်

ထိုတံဆိပ်တုံးကြီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိုသွေးသားမိစ္ဆာကြီး၏ ကိုယ်ပေါ်ရှိ ပြင်းထန်လှသော အမွှေးတိုင် ဆုတောင်းခြင်းစွမ်းအားများနှင့် အေးစက်လှသော ယင်စွမ်းအားများကို ချက်ချင်း နှိမ်နင်းလိုက်တော့သည်။

လီယန်ချူးသည် တံဆိပ်တုံးကြီးကို လှုံ့ဆော်လိုက်ရာ နက်နဲသော အလင်းတန်းတစ်ခုက ထိုမိစ္ဆာကြီးကို လွှမ်းခြုံသွားသည်။

ဝုန်းဒိုင်းကြဲနေသော ဆုတောင်းခြင်းစွမ်းအားများမှာ တစ်ခဏအတွင်း ငြိမ်သက်သွားတော့သည်။ ထိုက်ရှန်းဖူကျွင်း တံဆိပ်တုံးကြီးသည် ထိုဆုတောင်းခြင်းစွမ်းအားများနှင့် မိစ္ဆာကြီး၏ ကိုယ်ပေါ်ရှိ ယင်စွမ်းအား များကို ရူးသွပ်စွာ စုပ်ယူဝါးမျိုတော့သည်။

ဘုန်း ဘုန်း ဘုန်း

သွေးသားမိစ္ဆာကြီးမှာ ရူးသွပ်စွာ ရုန်းကန်နေပြီး ဧရာမ လက်တံကြီးများဖြင့် တရစပ် ရိုက်ခတ်နေသော်လည်း၊ တံဆိပ်တုံးကြီးမှ ထွက်ပေါ်လာသော နက်နဲလှသည့် စွမ်းအားများက အားလုံးကို ခုခံတားဆီးထားသည်။

ထိုမျှမက၊ ဆုတောင်းခြင်းစွမ်းအားများနှင့် ယင်စွမ်းအားများ လျင်မြန်စွာ ဆုံးရှုံးသွားသည်နှင့်အမျှ ကြောက်မက်ဖွယ် မိစ္ဆာကြီး၏ အရွယ်အစားမှာ တဖြည်းဖြည်း သေးငယ်လာတော့သည်။

၎င်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း တောင့်တင်းလာပြီး လက်တံများကို လွှဲယမ်းနေသည့် လှုပ်ရှားမှုများမှာလည်း တစ်စထက်တစ်စ နှေးကွေးလာသည်။

ဝုန်း

လက်တံတစ်ခု ပေါက်ကွဲပျက်စီးသွားသည်။

ဆက်တိုက်ဆိုသလိုပင် ဝုန်း ဝုန်း ဝုန်း

နောက်ထပ် ကြီးမားလှသော လက်တံများစွာလည်း ပေါက်ကွဲထွက်ကုန်သည်။

ထိုသွေးသားမိစ္ဆာကြီးမှာ အလွန်အစွမ်းထက်သော ချိပ်ပိတ်မှုတစ်ခုဖြင့် အကျဉ်းချခံထားရသကဲ့သို့ ရှိနေပြီး၊ ထိုစွမ်းအားကြီးကို မခံနိုင်တော့ဘဲ ကိုယ့်ဖာသာကိုယ် ပြိုကွဲပျက်စီးနေခြင်း ဖြစ်သည်။

၎င်း၏ ပါးစပ်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသော်လည်း၊ ထိုနက်နဲသော စွမ်းအားမှာ ပျံ့နှံ့မသွားခင်မှာပင် တံဆိပ်တုံးကြီး၏ နှိမ်နင်းမှုကို ခံလိုက်ရသည်။

ဒိုင်း

ကြီးမားသော ပေါက်ကွဲသံကြီးနှင့်အတူ သွေးသားများ ကောင်းကင်အနှံ့ လွင့်စင်သွားသည်။ အစီရင်အဆောင်များ ကပ်ထားသော ခေါင်းတလားကြောင့် အပြင်းအထန် ဒဏ်ရာရထားပြီး အားနည်းနေသော မိစ္ဆာကြီး၏ အရွယ်အစားမှာ ထပ်မံ ကျုံ့ဝင်သွားပြန်သည်။

လီယန်ချူးသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ စွမ်းအားများ က လက်ဝါးကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ထိုအစီရင်အဆောင်များ ကပ်ထားသည့် ခေါင်းတလားကို ဖမ်းဆုပ်လိုက်သည်။ ယခုအခါတွင် ခေါင်းတလားပေါ်မှ အစီရင်အဆောင် အများစုမှာ ပြုတ်ကျကုန်ပြီ ဖြစ်သည်။

လီယန်ချူးသည် ခေါင်းတလားကို ကိုင်ဆွဲကာ သွေးသားမိစ္ဆာကြီးဆီသို့ ထပ်မံ၍ အားကုန် လွှဲပစ်လိုက်ပြန်သည်။

ဝုန်း

ကြီးမားသော အသံကြီးနှင့်အတူ မိစ္ဆာကြီး၏ သက်စောင့်အားမာန်များမှာ တစ်စထက်တစ်စ ကုန်ခမ်းသွားတော့သည်။ ဆုတောင်းခြင်းစွမ်းအားများနှင့် အေးစက်လှသော ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်သွားပြီး ထိုက်ရှန်းဖူကျွင်း တံဆိပ်တုံးကြီး၏ အပြီးတိုင် စုပ်ယူခြင်းကို ခံလိုက်ရသည့်နောက်တွင်

ထိုသွေးသားမိစ္ဆာကြီးသည် တဖြည်းဖြည်းနှင့် လူသားပုံစံတစ်ခုအဖြစ် စုစည်းသွားတော့သည်။ မရေမရာ မြင်နေရသည်မှာ အဘိုးအိုတစ်ဦး၏ ပုံစံဖြစ်ပြီး၊ နဖူးအလယ်တည့်တည့်တွင် မျက်လုံးတစ်လုံး ပါရှိနေသည်။

“ဒါက ဒီသွေးသားမိစ္ဆာရဲ့ ဖြစ်တည်မှုအမှန်များလား”

လီယန်ချူး ခဏမျှ ကြောင်အသွားသည်။

ထိုက်ရှန်းဖူကျွင်း တံဆိပ်တုံး၏ အဆင့်အတန်း မှာ အလွန် မြင့်မားလှသဖြင့် ထိုကဲ့သို့သော ငရဲပြည်မှ အရာများ သို့မဟုတ် ဆုတောင်းခြင်း နတ်ဘုရားစွမ်းအားများကို အလွယ်တကူ နှိမ်နင်းနိုင်သည်။

ယခုအခါ လီယန်ချူးသည် ထိုသွေးသားမိစ္ဆာမှ ပြောင်းလဲသွားသော အဘိုးအိုမှာ အမှန်တကယ် မည်သူဖြစ်ကြောင်း စိတ်ဝင်စားသွားမိသည်။ ထိုအဘိုးအိုသည် မျက်လုံးနှစ်ဖက်စလုံးကို မှိတ်ထားပြီး၊ နဖူးပေါ်မှ မျက်လုံးမှာလည်း ပိတ်နေဆဲ ဖြစ်သည်။

လီယန်ချူးသည် အနားသို့ တိုးသွားကာ ဓားကို မြှောက်ပြီး ခုတ်ချလိုက်၏။

ရှု

ကျန့်ကျောင်းဓားသည် အဘိုးအို၏ ဦးခေါင်းကို အလွယ်တကူပင် ပိုင်းဖြတ်သွားသော်လည်း၊ ရင်ဘတ်နေရာသို့ ရောက်သည့်အခါ တန့်သွားတော့သည်။ ဖြတ်တောက်ခံရသော မျက်နှာပြင်မှ ကြည့်လိုက်လျှင် ဤအဘိုးအို၏ ကိုယ်ထဲ၌ အရိုးများ မရှိသလို၊ ကလီစာများလည်း မရှိပါချေ။ အတွင်း၌ သွေးသားများဖြင့်သာ ပြည့်နှက်နေဆဲ ဖြစ်သည်။

၎င်းမှာ လူသားအရေခွံတစ်ခုထဲသို့ သွေးသားများကို အတင်းအကျပ် ဖြည့်သွင်းထားသကဲ့သို့ပင်။

သို့မဟုတ်လျှင်လည်း... ထိုသွေးသားမိစ္ဆာက အတွင်းပိုင်းရှိ အရာအားလုံးကို ဖောက်စားပြီး ထုတ်ယူထားခြင်းလည်း ဖြစ်နိုင်သည်။

ထိုစဉ် အဘိုးအိုသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လာသည်။ သူ၏ မျက်လုံးများမှာ မီးခိုးဖြူရောင်ဖြစ်ပြီး သူငယ်အိမ် မရှိပါချေ။

လီယန်ချူး ယခင်က တွေ့ဖူးသည့် မိစ္ဆာဆိုးများနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။ လီယန်ချူးသည် ပြင်းထန်လှသော သွေးချီစွမ်းအားများကို ကျန့်ကျောင်းဓားအတွင်းသို့ ထည့်သွင်းလိုက်ရာ

ဝုန်း ဝုန်း ဝုန်း

ဓားပေါ်မှ နက်နဲသော တုန်ခါမှုများ ပေါက်ကွဲထွက်လာသည်။ သို့သော် ထိုအဘိုးအို၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲမသွားဘဲ၊ အရိုးမရှိသကဲ့သို့ပင် အဆက်မပြတ် တွန့်လိမ်သွားတော့သည်။ အမှန်တကယ်လည်း သူ၏ကိုယ်ထဲတွင် အရိုးများ မရှိသည်မှာ ထင်ရှားလှပေသည်။

အဘိုးအို၏ ခန္ဓာကိုယ်မှာ ထူးဆန်းစွာ တွန့်လိမ်လှုပ်ရှားသွားပြီး ကျန့်ကျောင်းဓားမှ တုန်ခါမှုစွမ်းအားများကို ခုခံလိုက်သည်။ သူသည် လီယန်ချူးကို ပြန်လည် တိုက်ခိုက်ခြင်း မပြုဘဲ၊ သူ၏ကိုယ်ခန္ဓာဖြင့် ကျန့်ကျောင်းဓားကို ညှပ်ထားလိုက်ရုံသာ ပြုလုပ်သည်။

လီယန်ချူး မျက်မှောင်ကြုတ်လိုက်ကာ လက်သီးဖြင့် အားကုန် ထိုးချလိုက်၏။ သူ၏ နောက်ကျောဘက်တွင်လည်း မြင့်မားထွားကျိုင်းလှသော သိုင်းဝိညာဉ်ပြင်ပပုံရိပ် တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်မှာ လီယန်ချူး၏ လှုပ်ရှားမှုအတိုင်း လိုက်ပါလုပ်ဆောင်ပြီး သွေးချီစွမ်းအားများ ဝုန်းဒိုင်းကြဲ ပေါက်ကွဲထွက်သွားသည်။

သို့သော် ထိုအဘိုးအိုမှာ ပျက်စီးမသွားဘဲ၊ လီယန်ချူး၏ လက်သီးမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားတော့သည်။

လီယန်ချူးသည် သူ၏ အရေပြားထဲသို့ သေးငယ်သော အရာများစွာ တိုးဝင်ရန် ကြိုးစားနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော စွမ်းအားများနှင့် သွေးချီစွမ်းအားများမှာ မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်ခံလိုက်ရသည်။

ထိုသေးငယ်သော အရာများမှာ လီယန်ချူး၏ ခန္ဓာကိုယ်နှင့် တွေ့လိုက်ရသည့်အခါ အလွန်အမင်း စိတ်လှုပ်ရှား နေကြသကဲ့သို့ ရှိသည်။ လီယန်ချူး မျက်မှောင်ကြုတ်သွား၏။ ဒီကောင်က ငါ့ကိုပါ အခွင့်ကောင်းယူပြီး ဖောက်စားချင်နေတာလား။

“ဟူး”

သူသည် ပါးစပ်မှ မှုတ်ထုတ်လိုက်ရာ နတ်ဘုရားမီးများ ပေါက်ကွဲထွက်သွားတော့သည်။ ဤ ယန်မီး တစ်ချက်သည် တစ်လောကလုံးကို နီရဲသွားစေ၏။ သူသည်လည်း ထိုကြောက်မက်ဖွယ် သွေးသားများဖြင့် ဖွဲ့စည်းထားသော အဘိုးအို၏ ကိုယ်ထဲမှ အခွင့်ကောင်းယူကာ ရုန်းထွက်လိုက်သည်။

သူ ငုံ့ကြည့်လိုက်သည့်အခါ သူ၏ လက်မောင်းပေါ်တွင် သွေးသားအချို့ တွယ်ကပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူသည် ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်လှသော သွေးချီစွမ်းအားများကို ဟိန်းထွက်စေလိုက်ရာ၊ ထိုသွေးသားများမှာ သန့်စင်လှသော သွေးချီစွမ်းအားများကြောင့် လွင့်စင်သွားပြီး ပြာအဖြစ် လောင်ကျွမ်းသွားတော့သည်။

ထိုစဉ်

အတွင်းပိုင်း၌ ဘာမှမရှိဘဲ လူသားအရေခွံသာ ကျန်တော့သည့် ထိုအဘိုးအိုသည် နဖူးပေါ်မှ တတိယမြောက် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ကြည့်လိုက်ရရုံမျှဖြင့်

တောင်ထိပ်ပေါ်ရှိ ရှင်းဟုန်ယဲ့တို့ သုံးဦးစလုံးမှာ ချက်ချင်းပင် သတိလွတ်သွားကြတော့သည်။

လီယန်ချူးသည်လည်း ဦးနှောက်ထဲတွင် ပြင်းထန်သော မူးဝေမှုကို ခံစားလိုက်ရပြီး စိတ်အာရုံများ ဝေဝါးသွား၏။

ကံကောင်းထောက်မစွာဖြင့် သူ၏ ဝိညာဉ်အတွင်းမှ မီးနတ်ဘုရားဂါထာတော် နှင့် ခရမ်းရွှေရောင် စွမ်းအားများက ပေါက်ကွဲထွက်လာပြီး ထိုထူးဆန်းလှသော ဝိညာဉ်တိုက်ခိုက်မှုကို ခုခံပေးလိုက်သည်။

ရှု

အဘိုးအို၏ ထိုမျက်လုံးမှ နတ်ဘုရားအလင်းတန်းတစ်ခု ပစ်ထွက်လာပြီး၊ လီယန်ချူး၏ ဝိညာဉ်အတွင်းမှ စွမ်းအားများနှင့် ထိပ်တိုက်ရင်ဆိုင်တော့သည်။

လီယန်ချူးသည် ကုသိုလ်အမှတ် တစ်သိန်းတန် စိတ်ကြည်လင်ကျောက်စိမ်းပြား ကို လှုံ့ဆော်ကာ ခုခံလိုက်၏။

ရုတ်တရက်

ရှု ရှု ရှု

သူ၏ နောက်ကျောဘက်မှ ပြင်းထန်လှသော လေတိုးသံများ ထွက်ပေါ်လာသည်။ ဝေဟန်၏ မျက်လုံးများမှာ မီးခိုးဖြူရောင် ပြောင်းလဲနေပြီး၊ လီယန်ချူးကို ဓားဖြင့် အားကုန် ထိုးလိုက်တော့သည်။

သစ်သားဓားမှာ လီယန်ချူး၏ နောက်ကျောဘက်ရှိ အကာအကွယ် စွမ်းအားလွှာကို လာမှန်၏။

ခြင်္သေ့မင်းသား၏ မိစ္ဆာလက်နက်မှ သွေးဆာအငွေ့အသက်များကို သန့်စင်ပြီးနောက်တွင် လီယန်ချူး၏ အကာအကွယ် စွမ်းအားလွှာမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အလွန်ပင် မာကျောလှသည်။

ထိုသစ်သားဓားကို တားဆီးထားနိုင်ရုံသာမက ဝေဟန်ကိုလည်း အဝေးသို့ လွင့်စင်သွားစေ၏။ သို့သော် ရှင်းဟုန်ယဲ့နှင့် ဖုန်းရူးတို့မှာလည်း လီယန်ချူးဆီသို့ အသိလွတ်စွာ ပြေးဝင်လာကြပြန်သည်။

“အမြန်”

လီယန်ချူးသည် စိတ်ကြည်လင်ကျောက်စိမ်းပြား ကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ၊ ခန့်ညားပြီး အေးမြလှသော အရှိန်အဝါတစ်ခု သူ၏ ကိုယ်ပေါ်မှ ပျံ့နှံ့သွားပြီး ဖောက်ထွင်းမြင်ရသော လှိုင်းလုံးတစ်ခုအလား ထိုလူသုံးဦးကို လွှမ်းခြုံသွားတော့သည်။

သူတို့၏ မျက်လုံးများထဲမှ မီးခိုးဖြူရောင်များ ပျောက်ကွယ်သွားပြီး သတိပြန်လည်လာကြသည်။

လီယန်ချူးသည် ထိုက်ရှန်းဖူကျွင်း တံဆိပ်တုံးကြီးကို ထပ်မံ လှုံ့ဆော်လိုက်ရာ၊ နက်နဲသော စွမ်းအားတစ်ခုက နဖူး၌ မျက်လုံးသုံးလုံးရှိသည့် ထိုအဘိုးအိုကို လွှမ်းခြုံသွားပြန်သည်။

အဘိုးအို၏ ကိုယ်ပေါ်မှ အလင်းတန်းများမှာ ချက်ချင်းပင် နှိမ်နင်းခြင်း ခံလိုက်ရပြီး ပြန်လည်ကျုံ့ဝင်သွားတော့သည်။ ထိုက်ရှန်းဖူကျွင်း တံဆိပ်၏ အစွမ်းမှာ အမှန်တကယ်ပင် ထူးခြားဆန်းပြားလှပေသည်။

လီယန်ချူးသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကျန့်ကျောင်းဓားဖြင့် ထိုအဘိုးအို၏ နဖူးပေါ်မှ မျက်လုံးကို အားကုန် ထိုးစိုက်လိုက်သည်။

ဖောက်

ထိုမျက်လုံးမှာ ကျန့်ကျောင်းဓား၏ တိုက်ခိုက်မှုကြောင့် အပြီးတိုင် ပျက်စီးသွားတော့သည်။ သို့သော် အဘိုးအိုသည် ရုတ်တရက် ရွှံ့စေးတုံးကြီး ပေါက်ကွဲသွားသကဲ့သို့ သွေးသားတုံးများအဖြစ် ပြောင်းလဲကာ လီယန်ချူးကို လွှမ်းအုပ်ပစ်လိုက်သည်။ လီယန်ချူး တစ်ကိုယ်လုံးမှာ သွေးသားများကြားထဲတွင် နစ်မြုပ်သွားတော့သည်။

ရှု ရှု ရှု

သူ၏ အကာအကွယ် စွမ်းအားလွှာမှာ ထိုသွေးသားများ၏ ဝါးမျိုခြင်းကို တဖြည်းဖြည်း ခံနေရသည်။

ရှင်းဟုန်ယဲ့နှင့် ဝေဟန်တို့မှာ ရင်လေးသွားကြ၏။ အကယ်၍ လီယန်ချူးသာ ဝါးမျိုခံရပြီး ထိန်းချုပ်ခံလိုက်ရလျှင် ထိုလောကအတွက် ကြီးမားသော ဘေးဒုက္ခကြီး ဖြစ်လာပေလိမ့်မည်။

ရုတ်တရက်

သူတို့အားလုံး မျက်လုံးများ ပြူးသွားကြသည်။ မယုံနိုင်စရာပင် ထိုကြောက်မက်ဖွယ် သွေးသားတုံးကြီးမှာ တစ်စုံတစ်ခု၏ အတင်းအကျပ် စုပ်ယူခြင်းကို ခံလိုက်ရသည်။ အရာအားလုံး ပျောက်ကွယ်သွားသည့်အခါ လီယန်ချူး၏ ပုံရိပ် ပြန်ပေါ်လာသည်။

သူ၏ လက်ထဲတွင် နှစ်ပေခန့် မြင့်သော ရှေးဟောင်း ပုလင်းတစ်လုံး ရှိနေသည်။

၎င်းမှာ ယင်ယန်စွမ်းအားနှစ်သွယ်ပုလင်း ပင် ဖြစ်သည်။

All Chapters