← Chapters

အခန်း (၆၄၉-၆၅၀)

Vol. 65 Ch. 649-650

အခန်း (၆၄၉-၆၅၀)

Vol. 65 Ch. 649-650

အခန်း (၆၄၉) - မိစ္ဆာ၏နောက်ခံဇာတ်ကြောင်း ၊ခေါင်းတလားထဲမှ ဝတ်စုံဖြူဝတ် မိန်းကလေး ၊အစစ်အမှန် နတ်မိမယ် ၊ ဖေဖေ

လီယန်ချူးသည် ယင်ယန်စွမ်းအားနှစ်သွယ်ပုလင်း ကို အသုံးပြု၍ ထိုထိတ်လန့်ဖွယ် မိစ္ဆာကြီးကို သိမ်းဆည်းလိုက်ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြန်လည်ငြိမ်သက်သွားတော့သည်။

ထိုပုလင်းအတွင်း၌ ယင်နှင့်ယန် စွမ်းအားနှစ်သွယ် ကိန်းဝပ်နေပြီး တစ်စုံတစ်ယောက်ကို ပုလင်းထဲသို့ ဖမ်းယူလိုက်ပါက တစ်အောင့်အတွင်းမှာပင် အပြီးတိုင် အရည်ပျော်သွားစေမည် ဖြစ်သည်။

လီယန်ချူးသည် လက်ထဲရှိ ပုလင်းကို ကြည့်ရင်း စဉ်းစားတွေးတောနေမိ၏။

“ဒါကလည်း နောက်ထပ် စွမ်းရည်တစ်မျိုးရှိတဲ့ မိစ္ဆာဆိုးတစ်ကောင်ပဲလား ”

သူသည် ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေအတွင်း၌ မတူညီသော စွမ်းရည်များရှိသည့် မိစ္ဆာဆိုးများကို တွေ့ခဲ့ဖူးသည်။ အထူးသဖြင့် တစ်ကောင်မှာ လူတစ်ဦးနောက်သို့ လိုက်ပါသွားပြီး လူတို့၏ စိတ်နှလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ယခုတွေ့ရသော မိစ္ဆာမှာမူ ကြီးမြတ်သော ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကို သိမ်းပိုက် ထားပြီး ထူးဆန်းသော အသွင်ကူးပြောင်းမှု ဖြစ်ပေါ်နေခြင်းပင်။

အနီးကပ် ရင်ဆိုင်ခဲ့ရသဖြင့် ထိုသွေးသားများက လူတစ်ဦး၏ အသက်စွမ်းအားနှင့် သွေးသားများကို ရူးသွပ်စွာ ဝါးမျိုနိုင်သည်ကို သူခံစားခဲ့ရသည်။

အကယ်၍ သူက ထိုခေါင်းတလားဖြင့် တရစပ် မထုခဲ့လျှင်၊ သို့မဟုတ် ထိုက်ရှန်းဖူကျွင်း တံဆိပ် ဖြင့် ထိုသွေးသားမိစ္ဆာ၏ ဆုတောင်းခြင်းစွမ်းအားများနှင့် ယင်စွမ်းအားများကို မဖယ်ရှားခဲ့လျှင် ဤမျှ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

၎င်းမှာ သူထက်အစွမ်းထက်သော ယန်ဝိညာဥ်အဆင့် ပညာရှင်များပင်လျှင် ရှောင်တိမ်းရမည့် အရာမျိုး ဖြစ်သည်။

“ရှင် ဘာမှမဖြစ်ဘူးမလား”

ရှင်းဟုန်ယဲ့က အနားသို့တိုးကာ စိုးရိမ်တကြီး မေးလိုက်သည်။

လီယန်ချူးက ခေါင်းခါပြလိုက်ရင်း

“ဒီမိစ္ဆာက ဘယ်ကျင့်ကြံသူလဲတော့ မသိဘူး၊ သူ့ဆီမှာ အင်မတန် ပြင်းထန်တဲ့ ဆုတောင်းခြင်း နတ်ဘုရားစွမ်းအားတွေ ရှိနေတယ်။ ခဏနေရင် သူ့ကို အရည်ပျော်အောင်လုပ်ပြီး ဒီနေရာကနေ ထွက်ခွာဖို့ အခွင့်အရေးရှိမလား ကြည့်ရမယ် ”

“တကယ့်ကို ကြောက်စရာကြီးပဲ။ စောစောက သူ တတိယမျက်လုံး ဖွင့်လိုက်တဲ့အချိန်မှာ ကျွန်တော် ဘာမှမသိတော့ဘူး ”

ဝေဟန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောရှာသည်။

“မင်း ငါ့နောက်ကျောကို ဓားနဲ့ ခိုးထိုးသေးတယ်လေ...”

လီယန်ချူးက ပြန်ပြောလိုက်၏။

“ဗျာ” ဝေဟန် အံ့အားသင့်ကာ အော်လိုက်မိသည်။

သူကိုယ်တိုင် မိစ္ဆာ၏ စိတ်ညှို့မှုကို ခံခဲ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။

လီယန်ချူးသည် ဖုန်းရူးကို ကြည့်လိုက်သည့်အခါ သူမ၏ မျက်နှာမှာ ဖြူလျော့နေပြီး အလွန်အမင်း ထိတ်လန့်နေသဖြင့် စကားပင် မပြောနိုင်သည်ကို တွေ့လိုက်ရသည်။

“ဖုန်းအမျိုးသမီး... ဘာဖြစ်လို့လဲ”

ဖုန်းရူးမှာ တုန်လှုပ်နေပြီး စကားမထွက်နိုင်ဘဲ လက်ညှိုးတထိုးထိုးဖြင့် ပြနေသည်။

လီယန်ချူးသည် သူမ ညွှန်ပြရာသို့ လှည့်ကြည့်လိုက်သည့်အခါ အစီရင်အဆောင်များ အပြည့်ကပ်ထားသည့် ခေါင်းတလားမှာ ပွင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ခေါင်းတလားပေါ်တွင် အသက် ၁၅-၁၆ နှစ်ခန့်ရှိသော မိန်းကလေးတစ်ဦး ထိုင်နေသည်။

သူမ၏ မျက်လုံးများမှာ တောက်ပကာ သွားများမှာလည်း ဖြူစင်နေပြီး အလွန်ပင် လှပသူလေး ဖြစ်သည်။ သူမက သူတို့ကို စူးစူးစမ်းစမ်း ကြည့်နေသည်။

လီယန်ချူး၏ မျက်လုံးများ၌ တာအိုအလင်းများ လက်သွားပြီး ထိုဝတ်စုံဖြူဝတ် မိန်းကလေးကို အကဲခတ်လိုက်သည်။

ဝိညာဉ်မျက်စိအတတ်

သူ ထင်မှတ်မထားသည်မှာ ထိုမိန်းကလေး၏ နောက်ကျောဘက်၌ ပေရာချီမျှ မြင့်မားလှသော၊ မြင့်မြတ်ပြီး အေးစက်လှပသော နတ်မိမယ်တစ်ပါး၏ ပုံရိပ်ကြီး ရှိနေခြင်းပင်။

သူမသည် လက်ထဲတွင် ပန်းခြင်းတစ်ခြင်းကို ကိုင်ဆောင်ထားပြီး တစ်ကိုယ်လုံးတွင် တောက်ပသော နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံနေကာ၊ ထူထပ်လှသော ဆုတောင်းခြင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ပိုးဖဲကြိုးစများက ရစ်ပတ်နေသည်။

ထိုနတ်မိမယ်ပုံရိပ်က လီယန်ချူး၏ အကြည့်ကို သတိပြုမိသွားပြီး ငုံ့ကြည့်လိုက်သည့်အခါ လီယန်ချူးသည် မျက်လုံးထဲ၌ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

သူ၏ ဝိညာဉ်မျက်စိအတတ်မှာ အတင်းအကျပ် ပိတ်ပင်ခြင်းခံလိုက်ရပြီး မျက်ဝန်းထဲမှ မျက်ရည်များပင် ထွက်ကျလာတော့သည်။

“ရှင်တို့က ဘယ်သူတွေလဲ”

ဝတ်စုံဖြူဝတ် မိန်းကလေးက စူးစမ်းစွာ မေးလိုက်သည်။

“ကျွန်တော်တို့က ဒီကမ္ဘာထဲကို မှားယွင်းရောက်ရှိလာပြီး လူတစ်ယောက်ကို ရှာနေတာပါ။ မင်းကရော ဘယ်သူလဲ ဘာလို့ ဒီခေါင်းတလားထဲမှာ ချိပ်ပိတ်ခံထားရတာလဲ”

လီယန်ချူးက ပြန်မေးလိုက်သည်။

“ကျွန်မလည်း မသိဘူး။ နိုးလာတော့ ဒီနေရာကို ရောက်နေတာပဲ။ ပထမဆုံး မြင်ရတာလည်း ရှင်တို့ကိုပဲ”

မိန်းကလေးက အေးအေးဆေးဆေးပင် ပြန်ဖြေသည်။

လီယန်ချူးသည် အရှိန်အဝါကြည့်အတတ် ဖြင့် ထပ်မံကြည့်လိုက်သည့်အခါ မိန်းကလေးနောက်က နတ်မိမယ်ပုံရိပ် ပျောက်ကွယ်သွားပြီး၊ သူမ၏ ကိုယ်ပေါ်တွင် ကောင်းကင်သို့ ထိုးတက်နေသော အလင်းတိုင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

ဒါက ကံကြမ္မာအလင်းတိုင် ပဲ ဤမိန်းကလေး၏ ကံကြမ္မာမှာ သူတစ်သက်တွင် တွေ့ဖူးသမျှ အားအကောင်းဆုံးပင် ဖြစ်သည်။

ထို့ပြင် သူမမှာ အလောင်းကောင် မဟုတ်ဘဲ သူမ၏ကိုယ်ပေါ်တွင် အလောင်းနံ့ သို့မဟုတ် မိစ္ဆာနံ့ လုံးဝမရှိပါချေ။

ထိုအစား မြင့်မြတ်သော အငွေ့အသက်များနှင့် ဆုတောင်းခြင်းစွမ်းအားများသာ ရှိနေသည်။ ၎င်းမှာ ကိုးကွယ်ခံ နတ်ဘုရားတစ်ပါးနှင့်ပင် တူလှပေသည်။

မိန်းကလေးသည် သူမထိုင်နေသော ခေါင်းတလားကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“ဘာလို့ ဒီအပေါ်က အရာတွေက မြင်ဖူးသလိုလို ရှိနေရတာလဲ”

သူမက စဉ်းစားတွေးတောရင်း ပြောလိုက်၏။

လီယန်ချူး သိလိုက်သည်မှာ သူမ ပြောနေသည်မှာ ခေါင်းတလားပေါ်ရှိ အစီရင်အဆောင်များကို ဆိုလိုခြင်းပင်။ ၎င်းတို့မှာ မဟာရှနိုင်ငံရှိ ကျင့်ကြံသူတို့၏ စစ်မှန်သော မိစ္ဆာနှိမ်နင်းရေး အစီရင်များ ဖြစ်သည်။

မိန်းကလေးသည် ထိုအစီရင်များကို ကောက်ယူကြည့်ရှုနေပြီး သူမ၏ မျက်နှာတွင် စူးစမ်းလိုစိတ်များ ပြည့်နေသည်။

သူမသည် အမှန်တကယ်ပင် အပြစ်ကင်းစင်ကာ လှပသော မိန်းကလေးတစ်ဦးသာ ဖြစ်နေ၏။ ကျင့်ကြံသူတို့၏ မိစ္ဆာနှိမ်နင်းရေး အစီရင်များမှာလည်း သူမအပေါ်တွင် မည်သည့် တုံ့ပြန်မှုမျှ မရှိပါချေ။ မိန်းကလေးက ပြန်ချလိုက်သည့်အခါ ထိုအစီရင်များမှာ မိစ္ဆာနှင့် တိုက်ခိုက်ခဲ့စဉ်က စွမ်းအားများ ကုန်ဆုံးသွားပြီဖြစ်သဖြင့် အမှုန့်ဖြစ်ကာ ပျက်စီးသွားတော့သည်။

“ငါတို့ကို ဒီနေရာကနေ ထွက်သွားနိုင်အောင် မင်း ကူညီနိုင်မလား”

လီယန်ချူးက စိတ်ကူးရသဖြင့် ရုတ်တရက် မေးလိုက်သည်။

စောစောက သူမနောက်က မြင့်မားလှသော နတ်မိမယ်ပုံရိပ်ကြီးမှာ သူ့ကို အလွန် အမှတ်ရစေခဲ့သည်။ ၎င်း၏ အရှိန်အဝါမှာ အဆင့်တစ် မြို့စောင့်နတ်ဘုရား ဖြစ်သည့် ကျားချွမ်းဖန်း၏ မူလခန္ဓာကိုယ်ထက်ပင် ပိုမို အစွမ်းထက်နေသည်။

“မသိဘူး” မိန်းကလေးက ခေါင်းခါပြသည်။

ရှင်းဟုန်ယဲ့တို့ သုံးဦးမှာမူ ရန်သူအလား သတိအပြည့်ဖြင့် ကြည့်နေကြဆဲပင်။ သို့သော် ဝတ်စုံဖြူဝတ် မိန်းကလေးသည် လီယန်ချူးကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

“ရှင့်ဆီက ထွက်တဲ့ အနံ့က အရမ်းကောင်းတာပဲ။ စောစောက ကျွန်မ ခံစားမိသလိုပဲ ”

လီယန်ချူး၏ ပါးစပ်မှာ အနည်းငယ် တွန့်သွားသည်။

သေချာပေါက် ခံစားမိမှာပေါ့... ငါ မင်းရဲ့ ခေါင်းတလားကြီးကို ကိုင်ပြီး ဟိုမိစ္ဆာကို ဝုန်းဒိုင်းကြဲ ထုခဲ့တာလေ။

“ဒါပေမဲ့ ဘာလို့ ကျွန်မ ဘာမှမမှတ်မိရတာလဲ”

မိန်းကလေးက စိတ်ရှုပ်ထွေးစွာ ပြောရှာသည်။

ဝေဟန်က လီယန်ချူး၏ နောက်ကျောကို လှမ်းကြည့်ရင်း စဉ်းစားနေမိသည်။ လီအစ်ကိုက သူ့ခေါင်းတလားကို လက်နက်လို သုံးပြီး ထုလိုက်လို့ ဒီမိန်းကလေးများ ဉာဏ်နည်းသွားတာလား။

လီယန်ချူးသည် ဝတ်စုံဖြူဝတ် မိန်းကလေးကို အကဲခတ်နေပြီး ဇွတ်အတင်း အနားသို့ မတိုးသေးပေ။

“မင်း သေချာ ပြန်စဉ်းစားကြည့်ဦး။ ဘယ်သူက မင်းကို ဒီခေါင်းတလားထဲမှာ ချိပ်ပိတ်ခဲ့တာလဲ မင်းက အမှန်တကယ် ဘယ်သူလဲ ”

မိန်းကလေးက ခေါင်းကို စောင်းကာ သေသေချာချာ စဉ်းစားနေပြန်သည်။

“မမှတ်မိတော့ဘူး...”

သူမ ထိုသို့ပြောပြီးနောက် ရုတ်တရက် တိတ်ဆိတ်သွား၏။ ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ရုတ်တရက် ပြန်သတိရသွားပုံရသည်။ လီယန်ချူးနှင့် ရှင်းဟုန်ယဲ့တို့ သုံးဦးစလုံး တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်ရိပ်ပြလိုက်ကြသည်။ ဤမိန်းကလေးမှာ အမှန်တကယ် မည်သူဖြစ်ကြောင်း ခန့်မှန်းရခက်လွန်းလှသည်။

အထူးသဖြင့် သူမ၏ စကားပြောပုံမှာ အနည်းငယ် ထူးဆန်းနေသည်။ ကြားရသည်မှာ နားဝင်ချိုလှသော်လည်း တစ်မျိုးကြီး ဖြစ်နေသကဲ့သို့ပင်။

“ကျွန်မ မှတ်မိပြီ။ ကျွန်မရဲ့ ဖေဖေ က ကျွန်မကို ခေါင်းတလားထဲ ထည့်ထားခဲ့တာ ထင်တယ် ”

မိန်းကလေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသည့်အခါ လီယန်ချူးမှာ ကြောင်အသွားတော့သည်။

ချန်နိုင်ငံ တွင် များသောအားဖြင့် ဖခင် သို့မဟုတ် အဖေ ဟုသာ ခေါ်ကြပြီး၊ ဖေဖေ ဟု ခေါ်ဆိုသံကို သူ မကြားရသည်မှာ ကြာလှပြီဖြစ်သည်။

သို့သော် ထိုကမ္ဘာရှိ အချို့ဒေသများတွင် ခေါ်ဆိုပုံချင်း မတူညီတတ်သည်မှာလည်း ဖြစ်နိုင်ပေသည်။ သူသည် ထိုလှပသော မိန်းကလေးကို ကြည့်ရင်း စောစောက ပန်းခြင်းကို ကိုင်ထားသည့် နတ်မိမယ်ကြီးကို ပြန်မြင်ယောင်လာမိသည်။

ကြည့်လိုက်ရရုံဖြင့်ပင် သူ့ကို မျက်ရည်ကျစေနိုင်သည့် ထိုအရှင်မှာ သာမန်ကျင့်ကြံသူ မဟုတ်ဘဲ စစ်မှန်သော နတ်မိမယ်တစ်ပါးပင် ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် မေးစရာရှိသည်မှာ... အကယ်၍ ဤမိန်းကလေးက နတ်မိမယ်တစ်ပါး ဖြစ်နေလျှင်၊ သူမ၏ ဖခင်မှာ မည်သူဖြစ်မည်နည်း။

လီယန်ချူး၏ အတွေးများမှာ ရှုပ်ထွေးသွားရသည်။

ထိုစဉ် မိန်းကလေးမှာ လီယန်ချူးတို့ဆီသို့ လျှောက်လာ၏။ သူမ၏ကိုယ်မှ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်မလာသော်လည်း ကြီးမားသော ဖိအားတစ်ခုကို ပေးစွမ်းနေသည်။ ထိုဖိအားမှာ စွမ်းအားကြောင့်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်သည်။

ခေါင်းတလားထဲတွင် ချိပ်ပိတ်ခံထားရသော လျှို့ဝှက်ဆန်းကြယ်သည့် မိန်းကလေးတစ်ဦးက မိမိတို့ဆီသို့ တဖြည်းဖြည်း လျှောက်လာသည်ကို တွေ့ရလျှင် မည်သူမဆို စိတ်ဖိစီးမှု ခံစားရမည်မှာ အမှန်ပင်။

မိန်းကလေးသည် လီယန်ချူး၏ မျက်နှာကို သေသေချာချာ စိုက်ကြည့်နေပြီး ခဏအကြာတွင် အံ့ဩတကြီး အော်လိုက်သည်။

“ရှင်က မြင်ဖူးသလိုလိုပဲ... အာ ကျွန်မ မှတ်မိပြီ။ ရှင့်ကို ကျွန်မ သိတယ် ”

လီယန်ချူး ကြောင်သွားသည်။ ခေါင်းတလားထဲက မိန်းကလေးက သူ့ကို သိနေတာလား။

သို့သော် နောက်ထပ် ထွက်ပေါ်လာသည့် မိန်းကလေး၏ စကားကြောင့် လီယန်ချူး၏ ပါးစပ်မှာ တွန့်လိမ်သွားတော့သည်။

“ဖေဖေ... ရှင်က ကျွန်မရဲ့ ဖေဖေပဲ”

မိန်းကလေး၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားကာ လီယန်ချူးဆီသို့ ပျော်ရွှင်စွာ ပြေးဝင်လာတော့သည်။

“........” လီယန်ချူး

အခန်း (၆၅၀) - ဆွေမျိုးတော်စပ်ခြင်း ၊ အစွမ်းထက်သော နှင်တံတစ်ချောင်း ၊ နွားမိစ္ဆာ အသွင်ပေါ်လာခြင်း ၊ လျှို့ဝှက်တောင်တန်းမှ ထွက်ခွာနိုင်မည့်နည်းလမ်း

“မင်း လူမှားနေပြီ”

လီယန်ချူးသည် လက်ကိုမြှောက်ကာ မိန်းကလေး၏ လှုပ်ရှားမှုကို တားဆီးလိုက်သည်။

ဝတ်စုံဖြူဝတ် မိန်းကလေးမှာ ကြောင်အသွားပြီး ရပ်တန့်သွား၏။

သူမ၏ မျက်နှာလေးတွင် ဝမ်းနည်းရိပ်များ ယှက်သန်းလာကာ

“ဘာဖြစ်လို့လဲ ဖေဖေ သမီးကို မလိုချင်တော့ဘူးလား”

စကားအဆုံးမှာပင် ပါးပြင်ပေါ်သို့ မျက်ရည်နှစ်စက် ဝဲခိုကျလာပြီး၊ ထို့နောက်တွင်တော့ ကြိုးပြတ်သွားသည့် ပုလဲကုံးအလား မျက်ရည်များမှာ တဖြဖြ ကျဆင်းလာတော့သည်။

လီယန်ချူးမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရ၏။

“မငိုပါနဲ့ဦး၊ ငါက မင်းရဲ့ ဖေဖေ အစစ်မဟုတ်ပါဘူး။ မင်း ခုမှနိုးလာတာဆိုတော့ မှတ်ဉာဏ်တွေ မှားယွင်းနေတာ ဖြစ်မှာပါ ”

ဝတ်စုံဖြူဝတ် မိန်းကလေးမှာ နားမထောင်ဘဲ တရှုံ့ရှုံ့နှင့်သာ ဆက်လက် ငိုကြွေးနေလေသည်။

“သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး၊ ငါက ဘယ်လိုလုပ် မင်းရဲ့ ဖေဖေ ဖြစ်နိုင်မှာလဲ ”

လီယန်ချူးက စိတ်မသက်မသာဖြင့် ပြုံးကာ ပြောလိုက်သည်။

မိန်းကလေးမှာ ရှိုက်ကြီးတငင် ငိုကြွေးနေရင်း ဖုန်းရူး၏ ခေါင်းပေါ်ရှိ ရွှေဆံထိုးကို သတိထားမိသွားကာ

“ဒီဆံထိုးကိုလည်း သမီးမှတ်မိတယ်။ ဒါက ဖေဖေက မေမေငယ် ကို လက်ဆောင်ပေးထားတာပဲလေ။ ဒါတောင် ဖေဖေ မဟုတ်ဘူးလို့ ငြင်းနေသေးတာလား ”

မိန်းကလေးက ဖုန်းရူး၏ ဦးခေါင်းထက်မှ ရွှေဆံထိုးကို လက်ညှိုးထိုးပြလိုက်သည်။

လီယန်ချူးရော ဖုန်းရူးပါ ကြောင်အသွားကြ၏။

ဖုန်းရူး၏ မျက်နှာလေးမှာမူ မသိမသာ နီမြန်းသွားရသည်။

'မေမေငယ်' ဆိုသည်မှာ မယားငယ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သူမသည် လီယန်ချူး၏ မယားငယ် ဖြစ်သည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား။

“မင်း ဒီဆံထိုးကို သိတာလား”

လီယန်ချူးမှာ ထိုမိန်းကလေး၏ စကားကြောင့် ပို၍ပင် စိတ်ရှုပ်ထွေးသွားရသည်။

မိန်းကလေးက ခေါင်းညိတ်ပြကာ လက်ကို အနည်းငယ် မြှောက်လိုက်ရာ ထိုဆံထိုးမှာ သူမ၏ လက်ထဲသို့ အလိုအလျောက် ပျံဝင်လာတော့သည်။

“သမီးရဲ့ စိတ်ထဲမှာ ဒီပုံရိပ် ရှိနေတယ်။ ဖေဖေက ဒီဆံထိုးကို မေမေငယ်ကို ပေးခဲ့တာ၊ မေမေကတောင် သဘောမတူခဲ့ဘူး”

မိန်းကလေးက သေသေချာချာ ပြန်စဉ်းစားကာ အလေးအနက် ပြောလိုက်သည်။

လီယန်ချူး၏ ပါးစပ်မှာ တွန့်လိမ်သွားရသည်။

ဒါက ဘယ်လို မိသားစုရေးရာ ဇာတ်လမ်းကြီးလဲ။

သူသည် စိတ်ကူးရသွားကာ မိန်းကလေးကို ကြည့်ပြီး

“ဒီဆံထိုး ရှိရင် ငါတို့ကို ဒီနေရာကနေ ထွက်သွားနိုင်အောင် မင်း ကူညီနိုင်မလား”

အမှန်စင်စစ် ဤဆံထိုးကပင် ဖုန်းရူးကို ဤလျှို့ဝှက်တောင်တန်းဆီသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ပြန်ထွက်မည့် လျှို့ဝှက်ချက်မှာလည်း ထိုဆံထိုး၌ ရှိနေနိုင်သည် မဟုတ်ပါလား။

ဝေဟန်ကတော့ စိတ်ထဲမှ သက်ပြင်းချမိသည်။ ဤမိန်းကလေးမှာ ကြည့်ရသည်မှာ ဉာဏ်ရည် သိပ်မစုံလင်သည့် ပုံစံမျိုး ဖြစ်သည်။ သူမကို အားကိုးပြီး ထွက်သွားဖို့ ဆိုသည်မှာ မဖြစ်နိုင်လောက်ပေ။

လီအစ်ကိုက ထက်မြက်ပေမဲ့ အခုတော့ ငါ့လောက် အမြင်မကျယ်တော့ဘူးပဲ။

“ရတာပေါ့ ”

မိန်းကလေးက ခေါင်းညိတ်ပြသည်။

“........” ဝေဟန် ဆွံ့အသွားသည်

“ဒါဆိုရင် ကောင်းပြီ၊ အမြန်လုပ်ပါဦး၊ ငါတို့ကို ဒီကနေ ပို့ပေးပါတော့”

လီယန်ချူးက အလျင်အမြန် ပြောလိုက်သည်။

မိန်းကလေးမှာ ကြောင်အသွားပြီး ဝမ်းနည်းတကြီး ပြောပြန်သည်။

“ဖေဖေက သမီးကို ထားခဲ့တော့မှာလား”

ငါက မင်းဖေဖေ မဟုတ်ပါဘူးဆို... လီယန်ချူးက ပြုံးကာ ချော့မော့လိုက်သည်။

“ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ မင်း ငါ့ကို အရင်ပို့ပေးလိုက်ပါ၊ နောက်ကျရင် ငါ မင်းဆီကို ပြန်လာကြည့်ပါ့မယ် ”

မည်သို့ပင်ဆိုစေ ဤမိန်းကလေးမှာ လောလောဆယ်တွင် ဉာဏ်ရည် သိပ်မစုံလောက်သေးသဖြင့် လိမ်ညာကာ ပြောဆိုလိုက်ခြင်းပင်။

“ဖေဖေ လိမ်နေတာ။ ဖေဖေကိုယ်တိုင်တောင် ဘယ်လိုထွက်ရမလဲ မသိတာ၊ ဘယ်လိုဝင်ရမလဲဆိုတာလည်း သိမှာမဟုတ်ဘူး။ နောက်ဆို သမီးဆီကို ပြန်လာမှာ မဟုတ်တော့ပါဘူး"

မိန်းကလေးက လီယန်ချူး၏ လိမ်ညာမှုကို အချက်ကျကျပင် ထောက်ပြလိုက်သည်။

လီယန်ချူးမှာ အေးစိမ့်သော လေတစ်ချက်ကို ရှူသွင်းလိုက်မိသည်။ ဒီကောင်မလေးရဲ့ ဉာဏ်ရည်က ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး တိုးတက်သွားရတာလဲ။

“ဒါဆိုရင် မင်းက ငါနဲ့အတူ လိုက်ခဲ့မလား”

လီယန်ချူးက စဉ်းစားပြီးမှ မေးလိုက်သည်။

မိန်းကလေး၏ မျက်ဝန်းများမှာ တောက်ပသွားသော်လည်း ပြန်လည် သက်ပြင်းချလိုက်ပြန်သည်။

“မရဘူး။ သမီးရဲ့ စိတ်ထဲမှာ အသံတစ်ခုက ပြောနေတယ်၊ လောလောဆယ် သမီး ဒီနေရာကနေ ထွက်သွားလို့ မရသေးဘူးတဲ့ ”

ထိုအချိန်တွင်ပင် ခန္ဓာကိုယ် ထွားကျိုင်းကာ ကြွက်သားများ အဖုအထစ် ထနေသည့် နွားခေါင်းနှင့် လူတစ်ဦး သည် သံတုတ်ကြီးတစ်ချောင်းကို ကိုင်ဆောင်ကာ တောင်ထိပ်ပေါ်သို့ အသံတိတ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။

သူ၏ခြေထောက်အောက်တွင် တိမ်မည်းများ ရစ်သိုင်းနေပြီး အေးစက်လှသော မိစ္ဆာလေများ တိုက်ခတ်နေသည်။

သူသည် ဝတ်စုံဖြူဝတ် မိန်းကလေးကို မြင်သည်နှင့် လောဘရိပ်များ ပေါ်ထွက်လာကာ ဧရာမ လက်ကြီးကို ဆန့်ထုတ်၍ မိန်းကလေးကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။ မိန်းကလေးသည် ထိုစွမ်းအားကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွား၏။

သူမ၏ လက်ထဲတွင် ရွှေရောင်တဖိတ်ဖိတ် တောက်နေသော ရှစ်ပေ၊ ကိုးပေခန့် ရှည်လျားသည့် နှင်တံ တစ်ချောင်း ပေါ်ထွက်လာသည်။

ဖြောင်း

နှင်တံတစ်ချက်မှာ ထိုနွားခေါင်းနှင့် လူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ဤသတ္တဝါမှာ ဒဏ္ဍာရီလာ ငရဲပြည်မှ နွားခေါင်း မြင်းမျက်နှာ ထဲက နွားခေါင်းနှင့် အလွန်တူလှပြီး အရှိန်အဝါမှာလည်း အလွန်ပင် အစွမ်းထက်လှသည်။ သူသည် စောစောက သွေးသားမိစ္ဆာ၏ လက်တံများကြားမှပင် အသက်ရှင် လွတ်မြောက်လာခဲ့သဖြင့် သာမန်မဟုတ်သော တန်ခိုးရှင်တစ်ဦး ဖြစ်မည်မှာ သေချာသည်။

သို့သော် ယခုတွင်တော့ ထိုမိန်းကလေး၏ နှင်တံတစ်ချက် အောက်၌ နာကျင်စွာ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားရတော့သည်။ ဝတ်စုံဖြူဝတ် မိန်းကလေး၏ မျက်နှာမှာ အေးစက်သွားပြီး အနည်းငယ် စိတ်ဆိုးသွားပုံရသည်။

နောက်ထပ် နှင်တံတစ်ချက် ထပ်မံ ပစ်ပေါက်လိုက်ပြန်သည်။

ဖြောင်း

ထိုနွားခေါင်းလူမှာ နာကျင်လွန်းသဖြင့် မြေပြင်ပေါ်၌ လူးလှိမ့်နေရပြီး လက်ထဲမှ သံတုတ်ကြီးမှာလည်း မြေပေါ်သို့ ကျကာ အသံကြီး မြည်ဟီးသွားတော့သည်။ သူ၏ကိုယ်ပေါ်မှ မိစ္ဆာလေများမှာလည်း ပျက်ပြယ်ကုန်သည်။

လီယန်ချူး၏ အမြင်တွင်တော့ ထိုသတ္တဝါမှာ ကိုယ်ပေါ်မှ အစွမ်းပြ buff များ အားလုံး အရိုက်ခံလိုက်ရသကဲ့သို့ပင်။ မိန်းကလေးမှာ ကျေနပ်ပုံမရသေးဘဲ နောက်ထပ် တစ်ချက် ထပ်မံ ရိုက်လိုက်ပြန်သည်။

ဖြောင်း

နှင်တံတစ်ချက် ထပ်အရိုက်ခံရသည့်နောက်တွင် ထိုနွားခေါင်းလူမှာ နွားဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်၌ ဒူးထောက်၍ မျက်ရည်များဖြင့် အသနားခံနေတော့သည်။

“ငါ ဖေဖေနဲ့ စကားပြောနေတာလေ၊ နင်က လာနှောင့်ယှက်နေသေးရင် နောက်တစ်ခါ နှင်တံနဲ့ ထပ်ရိုက်ပစ်မှာနော်”

မိန်းကလေးက ငေါက်လိုက်သည်။

ထိုနွားဝါကြီးမှာ တရစပ် ဦးတိုက်နေပြီး မျက်နှာပေါ်မှ မျက်ရည်များမှာလည်း မရပ်မနား ကျဆင်းနေရှာသည်။

မိန်းကလေးက လီယန်ချူးဘက်သို့ လှည့်ကြည့်ကာ

“ဖေဖေ... တကယ်ပဲ ထွက်သွားတော့မှာလား”

လီယန်ချူး၏ ပါးစပ်မှာ အနည်းငယ် တွန့်သွားသည်။

ဤကဲ့သို့သော ဇာတ်ကွက်မျိုး ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ အကယ်၍ ခေါင်းတလားထဲမှ ထွက်လာသည်မှာ သူခန့်မှန်းထားသကဲ့သို့ မိစ္ဆာဆိုးတစ်ကောင် ဖြစ်နေလျှင်ပင် သူ အနည်းငယ်မျှ ကြောက်ရွံ့မည် မဟုတ်ပါ။

သို့သော် အခုတော့ ချစ်စရာကောင်းပြီး လှပလှသည့် မိန်းကလေးတစ်ဦးက သူ့ကို 'ဖေဖေ' ဟု တတွတ်တွတ် ခေါ်နေသဖြင့် သူ အမှန်တကယ်ပင် လက်မခံနိုင်ဖြစ်နေရသည်။

သူ ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်

“ငါ မင်းဖေဖေ မဟုတ်တာတော့ အမှန်ပဲ၊ မင်း မှားမနေပါနဲ့။ ငါတို့ကို ဒီကနေ ထွက်သွားနိုင်အောင် လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့ ”

လီယန်ချူး စဉ်းစားလိုက်သည်မှာ အကယ်၍ ဤမိန်းကလေးက ဆက်လက်၍ အတင်းအကျပ် လုပ်နေဦးမည်ဆိုလျှင် သူသည် ရှင်းဟုန်ယဲ့တို့ သုံးဦးကို ခေါ်ကာ အမြန်ဆုံး ထွက်ခွာသွားရန် ဖြစ်သည်။

ထိုမိန်းကလေး၏ စွမ်းအားမှာ ကြောက်စရာ ကောင်းလှသည်။ နှင်တံတစ်ချက်တည်းဖြင့် ထိုနွားခေါင်းလူကို ပြန်လည် မခုခံနိုင်အောင် ရိုက်နှက်နိုင်ရုံသာမက သူ၏ မူလအသွင် (နွားဝါကြီး) ပေါ်လာသည်အထိ ပြုလုပ်နိုင်ခြင်းမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

မိန်းကလေးမှာ သက်ပြင်းချလိုက်ပြီး ဆက်လက်၍ အတင်းအကျပ် မလုပ်တော့ပါ။

“ကောင်းပါပြီ၊ သမီးဆီကို ပြန်လာကြည့်ဖို့ မမေ့နဲ့ဦးနော် ”

လီယန်ချူး ခေါင်းညိတ်ပြကာ အလေးအနက် ပြောလိုက်သည်။

“နောက်တစ်ခါ သေချာပေါက် လာခဲ့ပါ့မယ် ”

မိန်းကလေး၏ မျက်နှာလေးတွင် ဝမ်းသာရိပ်များ ပေါ်လာကာ ခေါင်းညိတ်ပြသည်။ သူမသည် လက်ထဲမှ ရွှေဆံကျင်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပလှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လီယန်ချူးတို့ လေးဦးကို လွှမ်းခြုံသွားတော့သည်။

ရှု

နောက်တစ်ခဏတွင် လီယန်ချူးတို့ လေးဦးစလုံး ပျောက်ကွယ်သွားပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော တောင်တန်းကြီးအတွင်းမှ အပြီးတိုင် ထွက်ခွာသွားကြတော့သည်။

ဝတ်စုံဖြူဝတ် မိန်းကလေးသည် လီယန်ချူး ထွက်ခွာသွားရာ နောက်ကျောကို ကြည့်ရင်း မခွဲနိုင်မခွာရက် ဖြစ်နေရှာသည်။

ထို့နောက် မြေပေါ်တွင် ဒူးထောက်နေသည့် နွားဝါကြီးဘက်သို့ လှည့်ကြည့်ကာ

“နင် ပြောကြည့်စမ်း... ဖေဖေ နောက်တစ်ခါ ဘယ်တော့ ပြန်လာမှာလဲ ”

နွားဝါကြီးမှာ တုန်တုန်ယင်ယင်နှင့် ဘာပြန်ပြောရမှန်း မသိဖြစ်နေရှာသည်။

စကားတစ်လုံး မှားသွားသည်နှင့် ထိုမိန်းကလေး၏ နှင်တံဖြင့် အသေရိုက်ခံရမည်ကို သူ အလွန် ကြောက်ရွံ့နေသည်။ ဝိညာဉ်ကို တိုက်ရိုက်ထိမှန်သည့် ထိုနာကျင်မှုမှာ အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှပေသည်။

လီယန်ချူးတို့ လေးဦး ပြန်လည် မျက်လုံးဖွင့်လိုက်သည့်အခါ ခြောက်သွေ့နေသော ဟေးရှန်း တောင်အတွင်းသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

၎င်းမှာ သူတို့ အစောပိုင်းက ထွက်ခွာခဲ့သော ကျဉ်းမြောင်းသည့် တောင်လမ်းလေးပင် ဖြစ်သည်။

“ဒီအတိုင်းပဲ ထွက်လာနိုင်တာလား”

ဝေဟန်မှာ မယုံနိုင်သလို ပြောလိုက်မိသည်။ ဒါက တကယ့်ကို ကစားစရာ တစ်ခုလိုပင် လွယ်ကူလွန်းနေသည်။

“စောစောက ဝတ်စုံဖြူဝတ် မိန်းကလေးက အမှန်တကယ် ဘယ်သူလို့ ထင်ကြလဲ”

ရှင်းဟုန်ယဲ့က ရုတ်တရက် မေးလိုက်သည်။

အားလုံး တိတ်ဆိတ်သွားကြ၏။ ခေါင်းတလားထဲမှာ ချိပ်ပိတ်ခံထားရပြီး အတိတ်တွေကို မေ့လျော့နေသော်လည်း ရွှေဆံကျင်ကို အသုံးပြုကာ အာကာသ အက်ကြောင်းကို ဖွင့်ပေးနိုင်သည့် ထိုမိန်းကလေး၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းပကားမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

“ခေါင်းတလားထဲမှာ ချိပ်ပိတ်ခံထားရပြီး ကျင့်ကြံသူတွေရဲ့ မိစ္ဆာနှိမ်နင်းရေး အစီရင်တွေ အပြည့်ကပ်ခံထားရတယ်ဆိုတော့... သူက လူကောင်းတော့ မဖြစ်နိုင်ဘူးထင်တယ် ”

ဝေဟန်က စဉ်းစားပြီးမှ ပြောလိုက်သည်။

“အဲဒီခေါင်းတလားက သူမကို ချိပ်ပိတ်ဖို့ မဟုတ်ဘူးထင်တယ်”

လီယန်ချူးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဗျာ” ဝေဟန် လီယန်ချူးကို ကြည့်လိုက်၏။

“ငါ ထင်တာ မမှားဘူးဆိုရင် ခေါင်းတလားပေါ်က အစီရင်တွေက သူမကို ပိတ်လှောင်ဖို့ မဟုတ်ဘူး၊ ခေါင်းတလား အပြင်ဘက်က မိစ္ဆာတွေက သူမကို ဝါးမျိုလို့ မရအောင် ကာကွယ်ပေးထားတာပဲ ဖြစ်ရမယ်”

လီယန်ချူးက ပြောလိုက်သည်။

All Chapters